အခန်း (၁)
Vol. 1 Ch. 1
ဟူး.
လေးဖင့်တဲ့ သက်ပြင်းချသံနဲ့အတူ ယန်ချန်တစ်ယောက် လက်ထဲမှ စုတ်တံကို စားပွဲပေါ် အသာတင်လိုက်သည်။
*နောက်ဆုံးတော့ စနစ်ရဲ့နောက်ဆုံးသင်ခန်းစာ ဖြစ်တဲ့ လက်ရေးလှမှာ နတ်ဘုရားအဆင့်ထိ ငါရောက်သွားခဲ့ပြီ*
ယန်ချန်ကမည်သူနည်း။
အသက် ၁၅နှစ်အရွယ် ကမ္ဘာမြေမှ အထက်တန်းကျောင်းသားတစ်ဦး။ ကျောင်းတွင်းအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရင်း အမောဖောက်ကာ လက်ရှိလောကသို့ ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ မူလယန်ချန်သည် အေးဆေးတည်ငြိမ်ပြီး အနုပညာဝါသနာပါသူ စာဖတ်ခြင်းကိုနှစ်သက်ပြီး စိတ်သဘောထား သိမ့်မွေ့နူးညံ့သောကြောင့် လူချစ်လူခင်ပေါများသူလည်း ဖြစ်သည်။
ကူးပြောင်းခါစတုန်းကဆိုလျှင် ရှန်းရှစာပေများနဲ့ မစိမ်းတဲ့သူ့အတွက် ကြီးကျယ်မြင့်မြတ်တဲ့ စနစ်တခုနဲ့အတူ မိုးမြေတခွင် ကျော်ကြားသူအဖြစ်ကို ရောက်လိုသော်လည်း လက်တွေ့ကတော့ လက်တွေ့သာဖြစ်သည်။ စနစ်မပါလို့လား..။ လုံးဝ မဟုတ်ပါ။ ယန်ချန်ကို ကူညီမည့်စနစ်တခု ပါရှိတာကတော့ သေချာပါသည်။ ထိုသို့ဆိုလျှင်.။
အမှန်တရားက ခါးသော်လည်း ပြောပြရမည်။ ကူးပြောင်းသည်မှစ၍ ၅နှစ်တိတိ ကြာမြင့်ခဲ့သော်လည်း စနစ်မှ ဤလောကတွင် အမှန်တကယ် ရှင်သန်နိုင်မည့် မည်သည့်ပညာရပ်ကိုမှ သင်ကြားပေးခဲ့ခြင်း မရှိချေ။ အချိန်၅နှစ်ယူ၍ စနစ်သင်ကြားပေးခဲ့သည့် အရာများက လက်ရေးလှ ပန်းချီ စစ်တုရင် အချက်အပြုတ် စိုက်ပျိုးရေး ဆောက်လုပ်ရေး ဂီတနဲ့ အခြေခံ တိုက်ခိုက်ရေးနည်းလမ်းများဖြစ်သည့် Aikido Boxing Jujitsu ကဲ့သို့ မြေကမ္ဘာမှ အနီးကပ် တိုက်ခိုက်ရေးနည်းလမ်းများဖြစ်ပြီး ထိုအရာများအားလုံးကို ယန်ချန်က ၅နှစ်တိတိ သင်ကြားခဲ့ရခြင်းက မည်သို့သော ဟာသနည်း သူ့တွင် ရွေးချယ်စရာမရှိပေ။
ယန်ချန်တယောက် ပြတင်းပေါက်မှတဆင့် ခြံဝန်းထဲရှိ သီးပင်များနဲ့ အိမ်မွေးတိရိစ္ဆာများကို အချိန်အနည်းငယ်ကြာ ကြည့်နေမိသည်။ ထိုအရာများက သူကိုယ်တိုင် စနစ်ထံမှ သင်ယူရင်း လက်တွေ့ဆောင်ရွက်ခဲ့ရသည့် လုပ်ဆေင်ချက်များဖြစ်ပြီး လွန်ခဲ့သည့် ၅နှစ် တာကာလပတ်လုံး ယန်ချန်တယောက် ဤခြံဝန်းကျယ်ထဲမှ မထွက်ခွာခဲ့ရပေ။ သူ့နေ့စဥ်ဘဝက ရိုးရှင်းသည်။ စနစ်ရဲ့သင်ကြားပေးမှုကို တရက် ၈နာရီ လက်ခံရပြီး ပြန်လည်လေ့ကျင့်ချိန်အဖြစ် ၄နာရီ အသုံးပြုရသည်။ ကျန် ၁၂ နာရီကိုမူ ယန်ချန်စိတ်တိုင်းကျ သုံးနိုင်သော်လည်း ဧကရာချီ ကျယ်ဝန်းသည့် ခြံကြီးထဲကတော့ ထွက်ခွာခွင့်မရခဲ့ပေ။
ဒီလောကကြီးက ခွန်အားသာအရာရာဖြစ်သည့် ကျင့်ကြံရေးလောက မဟုတ်လော။ မိုးပေါ်ပျံနိုင်တဲ့ သူရဲကောင်းများ မြေလျှိုးနိုင်တဲ့ ဆိုးရွားတဲ့မိစ္ဆာကြီးများ ပါရမီရှင်အများပြားရှိတဲ့ ဂိုဏ်းကြီးများ အဆင့်မြင့်လက်နက်များနဲ့ ဆေးဝါးများ ထိုအရာအားလုံးက ယန်ချန်နဲ့ သက်ဆိုင်ခြင်း မရှိပေ။
အဘယ့်ကြောင့်ဆိုသော် ယန်ချန်က ကျင့်ကြံ၍မရသည့် သာမန်လူတဦးဖြစ်နေခြင်း ဖြစ်သည်။ထိုအတွက် စနစ်မှ သာမန်သေမျိုးများအတွက် ရှင်သန်ရန်လိုအပ်သည့် အတတ်ပညာများကိုသာ သင်ကြားပေးခဲ့ခြင်း ဖြစ်ဟန်တူသည်။
*ငါငါလည်း ကျင့်ကြံသူကြီး ဖြစ်ချင်တယ်လေကွာ..*
ယန်ချန်ရဲ့ အတွေးများက ဟိုဒီကူးခတ်နေချိန်မှာပင် စနစ်ဆီမှ စကားသံတခု ထွက်ပေါ်လာသည်။
၅နှစ်တာ အထူးသင်ကြားခြင်းကာလ ပြီးဆုံးပါပြီ နှုတ်ဆက်ပါတယ် စနစ်ရှင်
ဟမ် စနစ်ကငါ့ကို နှုတ်ဆက်နေတာလား။
ယန်ချန်လည်း အထိတ်တလန့်ဖြစ်သွားရင်း စနစ်ကို ပြန်မေးလိုက်သည်။
နှုတ်ဆက်တယ် ဟုတ်လား ဘာလို့လဲ
စနစ်မှ သင်ကြားခြင်းကာလ ပြီးဆုံးပြီမို့ စနစ်ရှင်နဲ့အတူ ရှိမနေနိုင်တော့ပါ
စနစ်ရဲ့အသံက ယခုချိန်၌ ပို၍ပြင်းထန်နေသည်ဟု ယန်ချန်ခံစားနေရသည်။ ဒီသောက်စနစ်က ငါ့ကိုသေမျိုးပညာတွေချည်း ၅နှစ်ကြာသင်ပေးသွားပြီး အခုကျ နှုတ်ဆက်ပါတယ်ဆိုတော့ ငါက ဒီပညာတွေနဲ့ ဘယ်လိုအသက်ဆက်ရမတုန်း အကျိုးနည်းကွာ။
ဟေ့ မင်းမသွားလို့မရဘူးလား
နှုတ်ဆက်ပါတယ် စနစ်ရှင်
ယန်ချန်ရဲ့အတွေးထဲရှိ စနစ်ရဲ့အသံက ပို၍ တိတ်ဆိတ်စပြုလာသည်။
မဟုတ်သေးဘူး စနစ်ထွက်သွားရင် ဒီခြံတွေနဲ့ ဒီအရာတွေအားလုံး သူသိမ်းသွားမယ်မဟုတ်လား အဲ့ဒါဆိုငါက လမ်းပေါ်ရောက်ပြီပေါ့ နေပါဦးစနစ် စနစ်ရေ..
နေ. နေပါဦးဟ ဘယ်လိုလုပ်ရင် ကျင့်ကြံသူ ဖြစ်မလဲ နည်းလမ်းပြောခဲ့ဦးဟ
ယန်ချန်အလျင်လိုနေသည်။ စနစ်ရဲ့ပညာရပ်များက ကျင့်ကြံသူများကြား ရှင်သန်ရတော့မည့် ယန်ချန်အတွက်တော့ လုံးဝအသုံးမဝင်ချေ။ ယန်ချန်အတွက် ဒီခြံဝန်းကြီးနဲ့ သီးပင်များ တိရစ္ဆာန်များကို သိပ်မမက်လှ။ သူလိုချင်သည်က ကျင့်ကြံနိုင်တဲ့ ပညာရပ်တခုခုဖြစ်ပြီး ထိုမှသာ သူရှင်သန်နိုင်မည်မဟုတ်လော။
စနစ်မှ အချိန်တခုကြာ တိတ်ဆိတ်နေသည်။ ပတ်ဝန်းကျင်ကလည်း စနစ်နည်းတူ တိတ်ဆိတ်နေသော်လည်း စနစ်မရှိပဲ ဖြတ်သန်းရမည်ဟု တွေးနေသည့် ယန်ချန်ကတော့ ကျိတ်၍ ကမ္ဘာပျက်နေသည်။
အနှစ်တစ်ရာ..
မိနစ်အနည်းငယ်ကြာတော့ စနစ်မှအသံ ထွက်ပေါ်လာသည်။
ဘာလဲ အနှစ်တရာ
ယန်ချန်ရဲ့အမေးကိုစနစ်က
သေမျိုးတွေကြားထဲ အနှစ်တရာရှင်သန်ရမယ် ပြီးရင် စနစ်ရှင်လိုချင်တဲ့ ကျင့်ကြံသူဘဝကို ရမယ်
သေမျိုးတွေကြား အနှစ်တစ်ရာ ဟုတ်လား။ အခုငါက နတ်ဘုရားဖြစ်နေလို့လား သေမျိုးပဲလေကွာ..။ လာနောက်နေတာလားဟ။ စနစ်ရဲ့ အနှစ်တစ်ရာ ဆိုခြင်းကို အလိုမကျသော်လည်း တဖက်တွင် သူက အနှစ်တစ်ရာ သက်တမ်းကောရှိလေမလား မသေချာ။
ငါ့သက်တမ်းက အနှစ်တစ်ရာမရှိရင်ကော
စိတ်မပူပါနဲ့ ဆိုးရွားတဲ့ကိစ္စကြီးငယ် မဖြစ်ရင် စနစ်ရှင်က အနှစ်တထောင်ထိ နေနိုင်မှာပါ
ဆိုးရွားတဲ့ ကိစ္စကြီးငယ် ထိုအရာက ဘာကို ဆိုလိုသနည်း။ အနှစ်တထောင် သက်တမ်းပေးခဲ့သော်လည်း သေနိုင်သေးသည် မဟုတ်လား။ ငါီးကွာ။
ကောင်းပြီ စနစ်ရှင် သဘောတူခြင်းမတူခြင်းက စနစ်ရှင်ရဲ့ ရွေးချယ်မှုပဲ နှုတ်ဆက်ပါတယ် စကားမစပ် ဒီခြံဝန်းနဲ့အရာအားလုံး စနစ်ရှင်ကို လက်ဆောင်ပေးခဲ့မယ်ဆိုပေမယ့် စနစ်ရှင်ကတော့ ဆက်နေခွင့်မရှိတော့ပါဘူး
ငါနားလည်ပြီ။ ယန်ချန်တစ်ယောက် အဆုံးတွင်တော့ စနစ်ရဲ့ သေမျိုးဘဝအနှစ်တစ်ရာ စည်းမျဥ်းကို လက်ခံလိုက်ရတော့သည်။ ကံကောင်းသည်က သူအားထုတ်ထားခဲ့သည့် ခြံဝန်းထဲမှ အရာများကို စနစ်မှပေးခဲ့ခြင်းဖြစ်ပြီး ထိုအရာကြီးတခုလုံး စနစ်ရဲ့ လေဟာနယ်ထဲ ထည့်သွင်းနိုင်ပြီး သွားလေရာ ယူဆောင်သွားနိုင်သည်ဟု စနစ်မှ ပြောပြခဲ့သည်။ ဒီလောက်ဆို လုံလောက်ပါပြီ။
စနစ်ရဲ့ အဆုံးသတ်နှုတ်ဆက်စကားပြီးဆုံး သွားချိန်မှာတော့ ယန်ချန်လည်း သေမျိုးဘဝ အနှစ်တစ်ရာ ခရီးစဥ်ကို စတင်ခဲ့ရတော့သည်။
ထိုအရာက ထူးခြားသည့် ဆရာကြီးတစ်ဦး သေမျိုးတွေကြား ပေါ်ထွန်းလာပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံရေးလောက တခုလုံး ဖိတ်ဖိတ်တုန်ဖြစ်သွစေသည့် ဒဏ္ဍာရီ မှတ်တမ်းတစ်ခုရဲ့ အစ ဖြစ်ချေတော့သည်။