← Chapters

သေမျိုးဘဝနှစ်တစ်ရာခရီးစဥ်အစ

Vol. 1 Ch. 2

သေမျိုးဘဝနှစ်တစ်ရာခရီးစဥ်အစ

Vol. 1 Ch. 2

ကြီးမားပြီး တိတ်ဆိတ်နေသည့် တောနက်ကြီးကို ကြည့်ရင်း ယန်ချန်တစ်ယောက် စိတ်ဓာတ်ကျနေခဲ့သည်။ လွန်ခဲ့သည့် ၅နှစ်တာကာလတလျှောက် သူကစနစ်ရဲ့စီမံမှုဖြင့် သက်တောင့်သက်သာ ဘဝတခုတွင် နေခဲ့ရသော်လည်း ထိုအရာက အလွန်တရာ နက်ရှိုင်းတဲ့ တောနက်ကြီးတခု၏ အလယ်၌ ရှိနေကြောင်းကိုမူ မသိခဲ့ချေ။

*ဒါကြောင့်လည်း ၅နှစ်အတွင်း ငါ့ဆီကို ဘယ်သူမှ ရောက်မလာခဲ့တာ နေမယ်*

ယန်ချန် တွေးနေမိသည်။ သို့သော်လည်း ပျောက်ကွယ်သွားသည့် ခြံဝန်းကျယ်ကြီးက သက်သေဖြစ်နေသောကြောင့် သူ့တွင် ရွေးချယ်စရာ ရှိမနေတော့ပေ။

စနစ်ရဲ့ ဗဟုသုတဆိုင်ရာ စာအုပ်များ၌ မိစ္ဆာသားရဲများ တောနက်ထဲ ရှင်သန်နေကြောင်း သူဖတ်ဖူးခဲ့သည်။ ထိုအရာကသာ အမှန်တကယ်ဆိုလျှင် ယန်ချန်ရဲ့ ခရီးစဥ်အစက စတင်ခက်ခဲတော့မည် မဟုတ်လော..။

မိစ္ဆာသားရဲတဲ့လား..။

ပထမဦးစွာ စနစ်၏ သိုလှောင်ရာကို ဖုံးကွယ်ရန် အဝတ်အထည်အချို့ လေးမြှားနဲ့ ဓားတလက် ပြီးတော့ အသေးစား လူသုံးပစ္စည်းအနည်းငယ်တို့အား ထုတ်ပိုး၍ ရှေ့၌ စလွယ်ခုတ် သိုင်းလွယ်ပြီး လေးနဲ့မြှားကိုတော့ ကျောဘက်တွင် ပိုးလိုက်သည်။ ဓားရှည်အား ခါးထက် ချိတ်ဆွဲပြီးချိန် ခရီးစဥ်က စတင်ခဲ့လေပြီ။

ကျင့်ကြံရေးလောက၌ သိုလှောင်လက်စွပ်များ ရှိသည်ဟု ယန်ချန်ဖတ်ဖူးသည်။ ထိုအရာများက ပေအနည်းငယ် ကျယ်ဝန်းသည့် လေဟာနယ်ဖြစ်ပြီး လက်စွပ်တကွင်းက မည်မျှ ပေးချေရမှန်း ယန်ချန်မသိချေ။ သူ့အတွက် စနစ်၏ ခြံဝန်းတခုလုံး ထည့်သိမ်းနိုင်တဲ့ လေဟာနယ်က ပို၍အရေးပါပြီး ထိုအရာနဲ့ပက်သက်၍ လူသိလို့ မဖြစ်ပေ။

ရံဖန်ရံခါ သားရဲအော်သံအချို့ ထွက်ပေါ်နေသည်မှလွဲ၍ အချိန်အများစု၌ တိတ်ဆိတ်နေသည့် တောနက်၏ ပတ်ပတ်လည်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ဟူးးး

ခါးမှ ဓားရှည်ကို လက်ဖြင့်အသာပုတ်လိုက်သည်။ စနစ်၏ သင်ကြားမှုကြောင့် လက်နက်များ ဆေးဝါးများသာမက လိုအပ်သည့် အခြားအတတ်ပညာအားလုံး သင်ယူခဲ့ရသည်က လက်တွေ့ သေမျိုးဘဝ၌ အမှန်တကယ် အသုံးဝင်မည်လား သူမသိတော့။

အန္တရာယ်များတဲ့ တောနက်ထဲမှ ထွက်လိုလျင် မိမိကိုယ်ကို ကာကွယ်ရန် လက်နက်တစ်ခု လိုအပ်သည်က လုံးဝသေချာသည်။ အနည်းဆုံး ဓားတစ်လက်ရှိရမည်။ သန်မာတဲ့ ခန္ဓာကိုယ်နဲ့ တိုက်ခိုက်နိုင်စွမ်းလည်း လိုအပ်ပေသည်။ ယန်ချန်ကား မကျင့်ကြံနိုင်တဲ့ သေမျိုးဖြစ်သော်လည်း ဘဝတူ သေမျိုးများကိုတော့ အလွယ်တကူ ကိုင်တွယ်နိုင်တဲ့ အနေထားတခု ရှိပေသည်။ ဥပမာ တိုက်ခိုက်ရေးပညာရပ်များ၌ အမြင့်ဆုံးထိ တတ်ကျွမ်းထားခြင်း..။

အခြေခံ ဓားရေး မြှားပစ်နဲ့ အနီးကပ် တိုက်ကွက်များ ကျွမ်းကျင်သောကြောင့် သူ့လိုသေမျိုးရန်သူများကိုတော့ ယန်ချန်က ကြောက်ရွံခြင်းလုံးဝမရှိချေ။ ဆူမိုနပန်း နည်းပညာများ အိုင်ကီဒိုကဲ့သို့ နည်းပညာရပ်များသာမက အနီးကပ်တိုက်ခိုက်ရေး၌ အမှန်တကယ်အသုံးဝင်သည့် ဘောက်ဆင် နည်းပညာရပ်များ အရာအားလုံး၌ သူကစနစ်ရဲ့ အကဲဖြတ်မှုအရ နတ်ဘုရားအဆင့် ဖြစ်သည်။ ကမ္ဘာမြေ၌ဆိုပါက ပြိုင်ဘက်မရှိ တိုက်ခိုက်ရေး ပညာရှင်ဟုတောင် ဆိုနိုင်သေးသည်။

*ဒါပေမယ့် ငါက လေပေါ်ပျံချင်တာလေကွာ*

သေမျိုးများ၏ နည်းပညာများကို ယန်ချန်အသုံးဝင်မည်ဟု မထင်ထားပေ။ အနည်းဆုံး ကာကွယ်ရန်တော့ လိုအပ်မည်ဟုသာ တွက်ဆထားသည်။

ယန်ချန်တစ်ယောက် တောနက်ထဲမှ တရွေ့ရွေ့ စတင်ထွက်ခွာလာသည်။ မဟာမင်တိုင်းပြည်ကြီးက အလွန်ကျယ်ပြန့်တဲ့ ကုန်းမြေပြင်ကို ပိုင်ဆိုင်ထားပြီး ခရိုင်လေးခု စီရင်စု နှစ်ဆယ်နဲ့ ကျေးရွာပေါင်း ထောင်ချီ ရှိသည့်အပြင် တောနက်ကြီးများကလည်း ရှိနေသေးသည်။ အကြမ်းဖျဥ်းအားဖြင့် မဟာမင်တိုင်းပြည်၏ အကျယ်ဝန်းက ယခင်တရုတ်ပြည်ထက် အနည်းဆုံး တစ်ဆခွဲ ပိုကျယ်မည်ဟု ယန်ချန်ထင်သည်။

စနစ်၏ စာအုပ်စင်ပေါ်က မဟာမင်တိုင်းပြည်၏ အချက်အလက်များ လေ့လာခဲ့ရပြီး လက်ရှိ သူရောက်နေသည့် တောနက်ကတော့ ကျန်းခရိုင် ကျန်းစီရင်စု အတွင်းရှိ ကျေးရွာအချို့နဲ့ နီးကပ်သည်။ မည်သည့်ရွာဖြစ်မှန်းတော့ မြေပုံ၌ မဖော်ပြထားပေ။ အနည်းဆုံး တောနက်နဲ့ အနီးဆုံး ကျေးရွာကိုရောက်ရန် လဝက်ခန့် ခရီးသွားရန်လိုသည်။

တောနက်ထဲ ရောက်နေသည့်အတွက် သတိမပြတ်ထားနေရသည်။ ကျင့်ကြံသူများနည်းတူ မိစ္ဆာသားရဲများက ကြမ်းတမ်းသွေးဆာပြီး ရက်စက်တတ်သည်ဟု သူဖတ်ဖူးသည်။ ထိုသားရဲများက လူသားစားရသည်ကို နှစ်သက်ကြသည်။ ထို့ကြောင့် မိစ္ဆာသားရဲများနဲ့ တွေ့ကြုံပါက ခုခံနိုင်ရန် လေး မြှားနဲ့ ဓားရှည်ကို အမြဲသတိမပြတ် ထိကိုင်ရင်း ခရီးဆက်နေရသည်။

ဒီလိုနဲ့ ပထမနေ့ရဲ့ နေ့တဝက်တာကိုရောက်လာသည်။ ယန်ချန်က ပေအနည်းငယ်သာ ကျယ်သည့် ချောင်းငယ်လေးဘေးရှိ မြေပြန့်တခုပေါ်တွင် အနားယူရန် ပြင်ဆင်သည်။ ပထမဦးစွာ အသင့်စားခေါက်ဆွဲထုတ် အသားနဲ့အရွက်အချို့ ထုတ်ယူပြီး ခေတ်သစ်ကမ္ဘာတွင် အသုံးများသည့် ဂတ်စ်မီးဖို ဂတ်စ်ဘူးများကိုထုတ်ယူသည်။ ထိုအရာများက ဒီလောက၌ လုံးဝ မရှိသည့်အရာများဖြစ်ပြီး စနစ်ကြောင့်သာ ယန်ချန်သုံးရခြင်းဖြစ်သည်။ သူချည်းသာဆိုလျှင် မီးမွှေးခြင်းတခုတည်းနဲ့ပင် တနေကုန်နိုင်သည်ဟု ခံစားမိသည်။

သားရဲများ သတိပြုမိခြင်းမှ ရှောင်ကျဥ်ရန် လိုအပ်သော်လည်း မူလတည်းက အစားသောက်မက်သူအဖို့ ဖြစ်ခါမှဖြစ်ရော ချက်ပြုတ်ခြင်းကိုတော့ မလုပ်ပဲ မနေနိုင်ချေ။ ချောင်းထဲမှ ကြည်လင်သည့်ရေအနည်းငယ်ကို ခပ်ယူလိုက်ပြီး အိုးထဲထည့်ကာ ဆူပွက်သည်အထိ ကြိုချက်သည်။ ပြီးနောက် အသင့်စား ခေါက်ဆွဲထုပ်ငယ်ကို ဖောက်ထည့်ပြီး ကိုယ်တိုင်စိုက် အရွက်အနည်းငယ်ကို ရေဖြင့် ဆေးကြောကာ လှီးဖြတ်ပြီးနောက် ဆူပွက်နေတဲ့ အိုးထဲ ထည့်သည်။ နောက်ဆုံးထည့်ရမည်က အသားပင် ထိုအတွက်လည်း စနစ်က ထောက်ပံ့ထားသည့်အတွက် အမဲလိုက်နေစရာ မလိုတော့ပေ။

မိနစ်အနည်းငယ်အကြာမှာတော့ နေ့လည်စာအတွက် အသင့်ဖြစ်သွားခဲ့ပြီး ဆာလောင်နေသည့် ဝမ်းဗိုက်က ဆန္ဒပြလာတော့သည်။

ရှလွတ် ရှလွတ်

ခေတ်ပေါ်အစားအစာဆိုပေမယ့် အရသာက နှစ်သက်စရာကောင်းသည်။ ပြီးတော့ ဗိုက်ဆာနေသည်မို့ ခေါက်ဆွဲတပန်းကန်က ယန်ချန်အတွက် နတျသုဒ်ဒါပငျ။ မိနစ်အတော်ကြာတဲ့အထိ ပတ်ဝန်းကျင်ကို မေ့လျော့လုနီးပါး စားသောက်ပြီးနောက် အိုးခွက်များကိုဆေးကြောကာ ပြန်လည်သိမ်းဆည်းလိုက်သည်။ တနပ်စာက အဆင်ပြေသွားချေပြီ။

အချိန်အချို့ကြာအောင် အနားယူပြီးနောက် ဆက်လက်ခရီးထွက်ရပြန်သည်။ ချောင်းငယ်က သေးငယ်ပြီး ပတ်ဝန်းကျင်ကလည်း အန္တရာယ်မကင်းဟု ယန်ချန်ခံစားမိနေသောကြောင့် ဒီနေရာ၌ စခန်းချရန် မသင့်တော်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။

လေးနဲ့မြှားကို ဆုပ်ကိုင်ထားရင်း ခရီးဆက်နေခဲ့သည်။ အလင်းရောင်က တောနက်ကြီးထဲ တိုးမပေါက်သည့်ပမာ မှိနိဖျော့နေပြီး ထိုအရာကြောင့် ညနေစောင်းအချိန်ကာလသည်ပင် မှောင်စပျိုးအချိန်နဲ့ တူညီနေသည်။ ယန်ချန်တယောက် တောနက်ထဲ သွားလာရင်း စားသောက်၍ရသည့် မှိုများ အသီးနှံများကို ခူးဆွတ်နေခဲ့သည်။

စနစ်၏သင်ကြားပေးမှုကြောင့် မည်သည့်အပင်က စား၍ရသည်မရသည်ကို ကောင်းမွန်စွာ သိနေခဲ့ပြီး ဆေးပင်များကိုလည်း ခွဲခြားနိုင်ပါသည်။

အနည်းဆုံးတော့ စနစ်က အသုံးဝင်မှု ရှိပါတယ်လေ။

ယန်ချန်လည်း ခရီးဆက်ရင်း တနေရာအရောက်မှာတော့ တောဝက်အော်သံ တခု သဲ့သဲ့ကြားလိုက်ရသည်။ တောဝက်များက တကောင်တည်းနေတတ်သော်လည်း အန္တရာယ်များသည့် အကောင်များဖြစ်သည်။ ကြီးမားသည့်အစွယ်များသာမက မာကြောသည့် အရေပြားကိုပိုင်ဆိုင်ထားသောကြောင့် သာမန်လက်နက်များနဲ့ တိုက်ခိုက်၍ မရနိုင်ပေ။

တောဝက်သံပဲ။ သိပ်မဝေးလောက်ဘူး။

လေးကိုဆုပ်ကိုင်ပြီး အသံကြားရာသို့ တဖြေးဖြေး တိုးကပ်သွားသည်။ ဒါက ယန်ချန်ရဲ့ ပထမဆုံး အမဲလိုက်ခြင်းဖြစ်ပြီး ကံကောင်းမည်လား ဆိုးမည်လားကတော့ မသေချာချေ။

ဒုန်း..ဝုန်း..

မီတာရာဂဏန်းမျှ သွားပြီးနောက် အသံများက ပို၍ ပြတ်သားလာသည်။ ယန်ချန်လည်း ပတ်ဝန်းကျင်ကို စစ်ဆေးရန် ကြီးမားသည့် သစ်ပင်ကြီးတခုပေါ်သို့ တက်လိုက်သည်။ အမြင့်မှကြည့်ရခြင်းဖြစ်၍ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကို ထင်ထင်ရှားရှားမြင်လာနိုင်ပြီး အရပ်လေးဘက်ကို သတိထား၍ ဝေ့ဝဲ ကြည့်လိုက်သည်။

တွေ့ပြီ.။

ယန်ချန်ရဲ့ အနောက်တောင်ဘက် မီတာ ၃၀၀ အကွာ ချုံနွယ်များ ဝန်းရံထားသည့် မြေကွက်လပ်တခု၌ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။

*တောဝက်နှစ်ကောင် အချင်းချင်း တိုက်ခိုက်နေတာလား*

တစ်ကောင်တည်းကျက်စားတတ်သည့် တောဝက်များကို တနေရာတည်း နှစ်ကောင် တွေ့ရသည်က ထူးဆန်ပြီး ယန်ချန်မြင်ရသလောက် ထိုသို့တိုက်ခိုက်နေခြင်းက ပို၍ ထူးခြားသည်။

ဒါက သားရဲများ အချင်းချင်း ဗိုလ်လုခြင်း ဖြစ်နိုင်သည်။ ထိုအလေ့ကျင့်များက တောဝက်များတွင် ရှိနေသည်လား။ အများအားဖြင့် သားရဲများက အပိုင်နေရာခွဲခြားထားပြီး ကျူးကျော်လာသူတွေ့ပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိသည်။ ယခုလည်း ထိုသို့ဖြစ်လောက်သည်။ ယန်ချန်က နောက်ထပ်မီတာအနည်းငယ် ဆက်တိုးကြည့်ရန် ဆုံးဖြတ်ပြီး အခြားသစ်ပင်ပေါ်သို့ ပြောင်း၍ တက်လိုက်သည်။

တောဝက်နှစ်ကောင်ကတော့ လူသားတစ်ဦး တိုးကပ်လာသည်ကို သတိမပြုမိပဲ အချင်းချင်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်နေသည်။ ပထမတကောင်က အနည်းငယ်အိုမင်းပုံရပြီး ၈လက်မခန့်ရှည်လျားတဲ့ အစွယ်နှစ်ချောင်း၌ သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဦးခေါင်းအနီးတဝိုက်တွင်လည်း ဒဏ်ရာများပြည့်နေသည်။ တဖက်ရှိ တောဝက်ကတော့ အသက်အရွယ်အရ နုပျိုဟန်ရှိပြီး သူ့ရဲ့အစွယ်များက တိုတောင်းသော်လည်း သွေးစအနည်းငယ်သာရှိသည်။ ထို့အပြင် ဒဏ်ရာများက အိုမင်းဟန်ရှိသည့် တောဝက်လောက်မများပေ။

ဒါက လူငယ်နဲ့လူကြီး တိုက်ခိုက်နေတာနဲ့တူညီသည်။ အချိန်ကြာလာလေ အိုမင်းသည့် တောဝက်က စတင်လေးကန်လာပြီး လှုပ်ရှားမှုများကို သူ့ရဲ့ ပြင်းထန်တဲ့ ဒေါသတရားကသာ မထောက်ပံ့သာလျင် မြေပေါ် ဆန့်တငင်ငင် ဖြစ်နေလောက်သည်ဟု ယန်ချန်ထင်သည်။ တဖက်တောဝက်ငယ်ကတော့ တက်ကြွနေဆဲပင်။

All Chapters