← Chapters

တောဝက်ကို တိုက်ခိုက်ခြင်း

Vol. 1 Ch. 3

တောဝက်ကို တိုက်ခိုက်ခြင်း

Vol. 1 Ch. 3

ယန်ချန်က တောဝက်နှစ်ကောင်တိုက်ပွဲကို ဆက်ကြည့်နေသည်။ နောက်ထပ်မိနစ်အနည်းငယ်အကြာ တောဝက်အိုကြီး အဆုံးသတ်ခါနီးရောက်လျှင် အောင်ပွဲကြောင့် သတိလက်လွတ်ဖြစ်နေသည့် တောဝက်ငယ်ကို ပစ်ခတ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ သူ့အတွက် အိုမင်းသည့် တောဝက်ကြီးက အစွယ်မှလွဲ၍ အခြားအသုံးမဝင်ပေ။ သူ့အသားကလည်း မာကြောနေပြီ မဟုတ်လော။

အူး..

ထိုစဥ် တောဝက်ငယ်ရဲ့ ပြင်းထန်တဲ့ တိုက်ချက်ကြောင့် တောဝက်အိုက ပေအနည်းငယ် လွင့်စင်သွားပြီး ပြန်ထမလာနိုင်တော့ပေ။ သူ့ရဲ့ နောက်ဆုံးတောင့်ခံမှုက ကုန်ဆုံးသွားဟန်တူသည်။ ထိုအရာကိုတွေ့သည့် တောဝက်ပျိုက ဦးခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ အော်လိုက်သည်။ သေချာသည်က ဒါက ဗိုလ်လုပွဲတခုပင်။

ခွန်အားကသာ အရာရာဖြစ်တဲ့ တောတွင်းလောက၏ ပြယုဂ်ဖြစ်သည်။ တောဝက်ငယ်၏ ဟန်ပန်က အရာအားလုံး ဆောင်ယူနိုင်သည့် ဂုဏ်မောက်မှုမျိုး ရှိနေပြီး ယန်ချန်က ထိုအပြုမှုကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ အိုမင်းနေသည့် တောဝက်ကြီးကို နိုင်တာက ဘာများဂုဏ်ယူစရာရှိလို့လဲ..။

ဟွန့်.။

လက်ထဲမှလေးကို တိတ်တဆိတ် ဆွဲလိုက်သည်။ မီတာ ၂၀၀ မပြည့်တပြည့် အကွာအဝေးက မြှားသမားအတွက် လုံလောက်သည်ဟု မဆိုသာသော်လည်း စနစ်ရဲ့ လေးနဲ့မြှားကတော့ တတ်နိုင်သည်။ အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။ လက်ထဲမှ မြှားတံကို ငြိမ်နေအောင် ထိန်းကိုင်ထားပြီး လေးကြိုးကိုလည်း ကိုင်းညွတ်သည်အထိ ဆွဲတင်လိုက်ပြန်သည်။

ထိုအချိန် တောဝက်ငယ်က အဆုံးသတ် တိုက်ကွက်သုံးရန် အနောက်သို့ ပေအနည်းငယ်ဆုတ်ခွါပြီး အရှိန်ယူနေသည်ကို တွေ့ရသည်။ တောဝက်အိုကတော့ တဝက်သာပွင့်နိုင်တော့သည့် မျက်လုံးအစုံဖြင့် နောက်ဆုံးကံတရားကို လက်သင့်ခံသည့် အမူရာနှင့်သာ တောဝက်ငယ်ကို ကြည့်နေနိုင်တော့သည်။

ယန်ချန်က လေးကိုဆွဲတင်ထားသော်လည်း အလျင်စလိုမပစ်ပေ။ ထိုနုပျိုပြီး ကြမ်းတမ်းသည့် တောဝက်ကိုတချက်တည်းဖြင့် အဆုံးမသတ်နိုင်ပါက အန္တရာယ်က သူ့ဘက်လှည့်လာနိုင်သည်။ ထို့ကြောင့် ချက်ကောင်းကိုထိမှန်ရန် ပစ်ချက်ကောင်းကောင်း လိုသေးသည်။

ပတ်ဝန်းကျင်က တောဝက်နှစ်ကောင် တိုက်ခိုက်မှုပြီးဆုံးပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။ တောဝက်ငယ်၏ ပေအနည်းငယ် အနောက်ဆုတ်ပြီး အရှိန်ယူဟန်ကို တွေ့မြင်ရပြီး ထိုတချက်က တောဝက်အိုကို သေချာပေါက်အဆုံးသတ်နိုင်ပါသည်။

တချက်သာလိုပါသည်။ ထိုအရာက တောဝက်ငယ်အတွက်သာမက ယန်ချန်အတွက်လည်း ထို့အတူပင်ဖြစ်သည်။

ဂီး….

ကျယ်လောင်တဲ့ အော်မြည်သံနဲ့အတူ တောဝက်ငယ်က စတင်လှုပ်ရှားလာသည်။

အချိန်ကျပြီ…။

တောဝက်နှစ်ကောင်အကြား ပေအနည်းငယ် အကွာအဝေးက ယန်ချန်အတွက် ရမည့်အချိန်ဖြစ်ပြီး သတိကြီးသည့် တောဝက်ကို အဆုံးသတ်ရမည့် အချိန်လည်း ဖြစ်သည်။ တောဝက်ငယ်က ​တောဝက်အိုထံ ပြေးဝင်သွားသည်။

ဆယ့်ငါးပေ ဆယ်ပေ ကိုးပေ ခုနှစ်ပေ ငါးပေ

သုံးပေ… ..တစ်ပေ…။

ရွှီး.. ဖောက်…

တောဝက်အိုနဲ့ သုံးပေအကွာရောက်ချိန် ပစ်လွှတ်လိုက်တဲ့မြှားက တစ်ပေအကွာ ရောက်ချိန်မှာတော့ တောဝက်ငယ်သို့ ရောက်ရှိသွားတော့သည်။ လေကိုထိုးဖောက်သွားသည့် မြှားတံက တည့်မတ်စွာ ပြေးဝင်သွားပြီး မာကြောသည့် တောဝက်ငယ်၏ နဖူးပြင်မှတဆင့် ခန္ဓာကိုယ်ထဲ မြှားချောင်း တဝက်ခန့် ထိုးဖောက်သွားတော့သည်။

ဘာလဲ မလဲကျသွားဘူးလား ဒါဆိုနောက်တချက်..။

မြှားက တောဝက်ငယ်ကို အရှိန်တခုထိ တုန့်ဆိုင်းသွားစေသော်လည်း ရပ်တန့်မသွားသေး။ ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်ကို မြင်လျှင် နောက်တချက်ထပ်ပစ်ရမည်ကို ယန်ချန်သိလိုက်သည်။ လာစမ်း… အဆုံးသတ်ပစ်ချက် ဘင်ဂို…။

ဒုတိယမြှားက တောဝက်ငယ်၏ ဦးခေါင်းအောက်နားကို ဖောက်ဝင်သွားသည်။ သေချာသည်က တောဝက်ငယ်၏ အဆုံးသတ်ဖြစ်ပြီး တောဝက်အိုအတွက်တော့ ကံတရားဖြစ်သည်။

တောဝက်ငယ်က ၎င်းရဲ့ရန်သူကို တွေ့စအချိန်မှာပဲ ဒုတိယမြှားက သူ့ရဲ့အသက်ကို ယူဆောင်သွားမည်ဟု မထင်ထားခဲ့ချေ။

ငါက မိစ္ဆာသွေးမျိုးဆက် နိုးထနေပြီလေ..။ သေမျိုးတယောက်ရဲ့ မြှားက ငါ့ကိုသေစေတယ်တဲ့လား။ အဓိပ္ပါယ်မရှိလိုက်တာ။ ထိုအရာက နောက်ဆုံးအချိန် သူတွေးနေသည့် အတွေးများသာဖြစ်ပြီး ယန်ချန်ကိုတော့ မတုန့်ပြန်နိုင်တော့ပေ။

ဘင်ဂို….။

ယန်ချန်တယောက် တအိအိလဲကျသွားသည့် တောဝက်ငယ်ကိုကြည့်ပြီး ပျော်ရွှင်သွားသည်။ အမဲလိုက်အတွေ့ကြုံမရှိတဲ့ ယန်ချန်ရဲ့ ပထမဆုံးမှတ်တမ်းက တောဝက်တကောင်ဖြစ်နေသည် မဟုတ်လား။ ဂုဏ်ယူစရာ ကောင်းသည်ဟု သူခံစားလိုက်ရသည်။ ငါက တကယ့်မုဆိုးကောင်းပဲ..။

တောဝက်အိုက မထင်မှတ်ထားတဲ့ အခြေနေကို နားမလည်နိုင်စွာနဲ့ ငေးကြည့်နေပြီး သူ့အနားသို့ ယန်ချန်တိုးကပ်လာတဲ့အထိ သတိမပြုမိသေးပေ။ မိစ္ဆာသားရဲနီးပါး အစွမ်းထက်သည့် ရန်သူက အဆုံးသတ်သွားသည်မဟုတ်လော။ သူကကော…။

တောဝက်အိုအနား ယန်ချန်ရောက်သွားပြီးနောက် ဒဏ်ရာများကြောင့် နောက်ဆုံးအသက်ကို ရှူနေရသည့် တောဝက်အိုအား ကြည့်လိုက်သည်။

“မင်းကိုတော့ ငါမလိုအပ်ဘူး မင်းရဲ့သေခြင်းရှင်ခြင်းက မင်းကံဖြစ်သွားပြီ”

ထိုသို့ပြောပြီးနောက် လဲကျနေသည့် တောဝက်ငယ်အနားသွားလိုက်သည်။ ပြီးနောက် ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို ထမ်းလိုက်ပြီး အခြားတောကောင်များ ဒီနေရာသို့မရောက်ခင် ထွက်သွားရန်ပြင်သည်။ ယန်ချန်တစ်ယောက် ထိုနေရာမှ ထွက်ခွာရန်ခြေလှမ်းပြင်ရင်း မြေပေါ်လဲကျ ကျန်ရစ်နေသည့် တောဝက်အိုကြီးအား တချက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။ အနှီတောဝက်အိုကြီးက ဒီဒဏ်ရာများကြောင့် သွေးလွန်ကာ သေနိုင်ချေများသည်။

စနစ်၏ သင်ကြားပေးမှုတွင် ရောဂါကုသတဲ့ နည်းလမ်းများ ပါဝင်သော်လည်း ထိုအရာက တောဝက်အိုကို ကုသနိုင်သည်တော့မဟုတ်။ ဒဏ်ရာသက်သာစေတဲ့ ဆေးလုံးများက အမှန်တကယ် ထိရောက်မည်လား သူမသိပေ။ ထားလိုက်တော့ ဆေးလုံးနည်းနည်းပေးလိုက်မယ် ကျန်တာသူ့ကံပဲ။

ယန်ချန်က ဆေးလုံးတလုံးထုတ်ယူ၍ တောဝက်အိုကြီးအနား ပစ်ပေးလိုက်သည်။ ပြီးနောက်

“ဟေ့ တောဝက်အိုကြီး ဒီဆေးကြောင့် မင်းမသေရင် ငါ့အပေါ် ကျေးဇူးကြွေးတင်သွားပြီလို့ သက်မှတ်လိုက်တော့ မဟုတ်ရင်တော့”

တောဝက်အိုက ယန်ချန်ရဲ့စကားကို နားလာ်ဟန်ဖြင့် တိတ်တဆိတ် ကြည့်နေခဲ့သည်။ အဆုံးမှာတော့ ယန်ချန်တစ်ယောက် တောဝက်ငယ်ကို သယ်ဆောင်ထွက်ခွာသွားချိန်မှာတော့ တောဝက်အိုက သူ့ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာများက နာကျင်မှုကို လျစ်လျူရှုရင်း မြေပေါ်ရှိနေသည့် စိမ်းဖန့်ဖန့်အရောင် ဆေးလုံးတလုံးနား တိုးကပ်သွားလိုက်သည်။ ဆေးနံ့က ပေအနည်းငယ်အကွာကပင် တောဝက်အိုကို ဖိတ်ခေါ်နေပြီး ပင်ကိုယ်သိစိတ်အရ ထိုဆေးလုံးက သူ့ဒဏ်ရာများကို သက်စာစေလိမ့်မည်ဟု တောဝက်အိုကြီးက ထင်နေသည်။

တရွေ့ရွေ့နဲ့ အချိန်တခုအကြာမှာပဲ ဆေးလုံးအနားရောက်သွားခဲ့ပြီး ဆေးလုံးကို အတုန့်ဆိုင်းမရှိ မျိုချလိုက်သည်။

ဟမ်….

ဆေးလုံးမှ ဆေးစွမ်းအင်များက မြစ်လက်တက်လေးများသဖွယ် တောဝက်အိုကြီးရဲ့ ကိုယ်တွင်းအင်္ဂါများထိ စီးဝင်နေပြီး ပြင်းထန်တဲ့ ဒဏ်ရာများက စတင်သက်သာလာသည်။ ထို့အပြင် သူ့သွေးမျိုးဆက်ကလည်း လှုပ်ရှားလာပြီး မိနစ်အနည်းငယ်အကြာမှာပဲ ပြည့်ဝပြီး အစွမ်းထက်သည့် မိစ္ဆာသွေးမျိုးဆက်ကို နိုးထသွားစေတော့သည်။ ဒါ…ဒါက..။

အချိန်တခုကြာအောင် မှင်သက်ပြီးနောက် တောဝက်အိုကြီးက ယန်ချန်ထွက်ခွာရာဘက် စူးစိုက်ကြည့်နေခဲ့သည်။ ယန်ချန့်နောက် လိုက်ပါရန်တော့ အစီစဥ်မရှိသေးချေ။ သူ့၌ လုပ်စရာကိစ္စများ ရှိနေသေးပြီး မကြာသေးမီက လှုပ်လှုပ်ရှားရှားဖြစ်နေသည့် သားရဲကိစ္စများ ကိုင်တွယ်ရပေဦးမည်။

“လူသား.. ဒီကျေးဇူးကြွေးကို ငါမှတ်ထားလိုက်ပြီ”

တောဝက်အိုက တိတ်တဆိတ်ရေရွတ်လိုက်ပြီး ထိုနေရာမှ ယန်ချန်ရဲ့ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ တိုးဝင်သွားလိုက်တော့သည်။

All Chapters