← Chapters

မုဆိုးမ သားအမိ

Vol. 1 Ch. 5

မုဆိုးမ သားအမိ

Vol. 1 Ch. 5

ယန်ချန်အိမ်ထဲရောက်ပြီး မကြာမီ အိမ်အပြင်ဘက်မှ ခြေသံတခုထွက်ပေါ်လာသည်။ ခြေသံက အနည်းငယ် ဖျော့တော့နေပြီး ရံဖန်ရံခါ မကြားရလုနီးပါး ဖြစ်သည်။

ယန်ချန်လည်း အိမ်ရှင်များ ပြန်လာခြင်းဖြစ်မည်ဟု တွေးကာ အိမ်ရှင်နဲ့ဆုံပါက မည်ကဲ့သို့အကူညီတောင်းရမည်ကို စတင်တွေးတောမိသည်။ ဒီလောကကြီးရဲ့ အရိုင်းဆန်မှုကြောင့် တဖက်လူက သူ့ကိုယုံကြည်ရန်ခက်မည်ဟုလည်းညတဆက်တည်း တွေးမိပြီး အဆင်မပြေပါက နောက်တရွာထပ်ရှာမည်ဟု စဥ်းစားထားသည်။

ဒီနေရာက တောစပ်နဲ့နီးပြီး တောကောင်အန္တရာယ်ရှိနိုင်သော်လည်း ယန်ချန်ကမကြောက်ပေ။ သူမျှော်လင့်တာက မြေကွယ်ကျယ်ကျယ် ခြံဝန်းတခုသာဖြစ်ပြီး တကိုယ်ရေစားသောက်ရန် သီးပင်စားပင်များ စိုက်ပျိုးခြင်း မွေးမြူခြင်းများ ပြုလုပ်နိုင်ပါက မြို့တက်ရန်မလိုချေ။

ကျွီ…

လှုပ်လီလှုပ်လဲ့ တံခါးမကြီးသာ ဖြေးလေးစွာ ပွင့်ဟသွားပြီး လူတစ်ယောက်ဝင်လာတော့သည်။

ဟမ်…

လူတစ်ယောက်.. အတိကျဆို အသက်နှစ်ဆယ်အရွယ် ပိန်ပါးဖျော့တော့နေသည့် အမျိုးသမီးငယ်လေးတစ်ဦး.။ သူမကျောဘက်မှာတော့ တစုံတရာကို လွယ်ပိုးထားပြီး ညာဘက်လက်က သစ်ခုတ်ဓားတစ်လက်ကို ကိုင်ဆွဲထားသေးသည်။

ကျောဘက်ရှိအရာကိုကြည့်လိုက်တော့ အိပ်ပျော်နေပုံရသည့် ကလေးငယ်လေးဖြစ်နေပြီး။ ပါးလျသည့် ဆံပင်နက်နက်များကို သေချာထုံးဖွဲ့ထားပေးသည်ကို ကြည့်ရသည်မှာ မိန်းကလေးဖြစ်တန်သည်။

“ရှင် ရှင်ဘယ်သူလဲ”

“ရှင် ဘယ်လိုဖြစ်ပြီး ကျွန်မအိမ်ထဲ ရောက်နေတာလဲ”

ရှုယင်တစ်ယောက် အိမ်ထဲဝင်ဝင်ချင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရချိန်မှာ လိပ်ပြာလွင့်မတက် ကြောက်လန့်သွားတော့သည်။ ထိုသူက မည်သူနည်း။ ဖန်းဟိုင်လွှတ်လိုက်သည့် လူများလား။

လက်ထဲမှဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး တစိမ်းအမျိုးသားကို တင်းမာတဲ့လေသံနဲ့ မေးလိုက်သည်။ သို့သော်လည်း အားနည်းဖျော့တော့နေတဲ့ သူမလေသံက အလွန်တိုးညှင်းနေသောကြောင့် တဖက်လူကို အဟန့်တခုဖြစ်စေမည်ဟု သူမ မထင်တော့ပေ။

“ကျတော်က ခရီးသွားပါ ခုနကမှ ဒီရွာထဲရောက်တာ အိမ်တစ်လုံးတွေ့လို့ ဝင်ရင်း အနားယူဖို့တွေးမိလို့ပါ”

ယန်ချန်က ထိတ်လန့်နေသည့် အမျိုးသမီးငယ်ကို ဆက်ပြောပြန်သည်။

“ကျတော့်မှာ မကောင်းတဲ့ အကြံအစည်မရှိပါဘူး ကျေးဇူးပြုပြီး ယုံပေးပါခင်ဗျာ ခင်ဗျားအဆင်မပြေရင် ကျတော်ထွက်သွားပါ့မယ်”

အမျိုးသမီးက သတိလျှော့ချဟန်မရှိပဲ ပို၍တင်းမာလာသည်။

“ရှင့်အမည်ဘယ်လိုခေါ်လဲ ဘယ်ကလာတာလဲ ဘယ်ကိုဆက်သွားမှာလဲ”

“ယန်ချန်ပါ တောထဲက ထွက်လာတာပါ ရွာတခုခုမှာ အခြေချဖို့ စိတ်ကူးရှိပါတယ် ခင်ဗျားအဆင်ပြေမယ်ဆိုရင် အနီးအနားကရွာတခုခု ညွှန်ပြပေးစေချင်ပါတယ်”

“အနီးအနားကရွာ.. ဟုတ်လား”

အမျိုးသမီးက အနည်းငယ်တွေဝေသွားပြီး ဆန့်တန်းထားသည့် လက်ကိုအောက်ချလိုက်သည်။ ပြီးနောက်

“အရင်ကတော့ ဒီအနီးအနားမှာ ရွာတွေအများကြီးရှိခဲ့တယ် ဒါပေမယ့် လွန်ခဲ့တဲ့ ၆လလောက်က သားရဲတွေ ဖောက်ပြန်ပြီး ရွာတွေဝင်လာလို့ ရွာသားတွေအကုန် ကြောက်လန့်တကြား ထွက်ပြေးသွားကြတော့ အခုဘယ်သူမှ မရှိကြတော့ဘူး”

“တစ်ယောက်မှ မရှိတော့တာလား”

ယန်ချန် ဆွံ့အသွားသည်။ ထိုသို့သာဆိုလျှင် ဒီအမျိုးသမီးငယ်လေးကကော..

ယန်ချန့်အတွေးကို သတိပြုမိပုံရသည့် အမျိုးသမီးငယ်က..

“ဟုတ်တယ် အတော်များများ ပင်မရွာကြီးဆီ ထွက်ပြေးသွားကြတာ ကျွန်မတို့သားအမိကတော့ ထွက်သွားဖို့အဆင်မပြေလို့ ကျန်နေခဲ့တာပါ ကျွန်မတို့လို ကျန်နေတဲ့ ရွာသားအချို့ရှိပေမယ့် အတော်နည်းပါတယ်”

အမျိုးသမီးက ပြန်ဖြေရင်း သူမလက်ထဲမှ အဝတ်ဖြင့်ထုပ်ထားသည့် အထုပ်ကို ချလိုက်သည်။ ပြီးနောက် ကျောမှလွယ်ထားသည့် ခလေးကို ဖြုတ်ရန် ဓားကို အောက်ချခါနီး ယန်ချန့်ကို သတိရသွား၍ထင် ဆတ်ခနဲတုန်သွားသေးသည်။

ယန်ချန်က အတတ်နိုင်ဆုံးပြုံးပြလိုက်ပြီး သူမကိုမထိတ်လန့်စေရန် ကြိုးစားရတော့သည်။

“အနီးနားကရွာသားတွေ သွားတဲ့ပင်မရွာကြီးက ဒီကနေဆို ဘယ်လောက်ဝေးလဲ”

“နေ့တဝက်ခရီးပဲ”

အဆုံး၌ အလွန်တရာပင်ပန်းနေသည့်သူမက ယန်ချန်အန္တရာယ်ပေးမပေး မတွက်ချက်တော့ပဲ ဓားကို ချကာ ခလေးငယ်ကိုတော့ မြေပြင်ပေါ်အဝတ်စများဖြင့် ခင်းထားသည့် နေရာပေါ်၌ အသာတင်လိုက်တော့သည်။

“ဒါ ခင်ဗျားသမီးလား”

“ဟုတ်တယ်”

ယန်ချန်က အိပ်ရာပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် လဲလျောင်းနေသည့် ကလေးမကို သေချာကြည့်မိသည်။ ကလေးမလေးက ၄နှစ်အရွယ်သာရှိပြီး ရွယ်တူကလေးများထက် ပိုအားနည်းပုံရသည်။ ဒါက အာဟာရလိုအပ်ချက်ကြောင့် ဖြစ်နိုင်ပြီး မိခင်ဖြစ်သူပုံစံကလည်း ထို့အတူပင်။

“ဒါနဲ့ ရှင်အခုဘာဆက်လုပ်မလဲ”

တဖက်လူ၏ အသွင်ပြင်က တည်ငြိမ်ပြီး အေးဆေးတဲ့သွင်ပြင်ကြောင့် ရှုယင်လည်း စိတ်အေးစပြုလာကာ မေးခွန်းအချို့ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမအထင်တော့ တဖက်သူက အန္တရာယ်ပေးမည့်ဟန့် မရှိချေ။

“ကျတော့်မူလစိတ်ကူးကတော့ ဒီရွာထဲမှာနေပြီး အခြေချမလားပေါ့”

“ ဒီရွာမှာ အခြေချဖို့ ဟုတ်လား ဘာလို့ ပင်မရွာကြီး ဒါမှမဟုတ် မြို့တခုခုကို ဆက်မသွားလဲ”

သူမအမေးကို ထိုအမျိုးသားက ပြုံး၍

“ကျတော်က လူတွေကြားထဲနေရတာအသားမကျဘူး”

ကျင့်ကြံသူတွေကြားမနေလိုချင်ဆိုလျှင် ပိုမှန်ပေမည်။

“ဒါဆို ရှင် ဒီလူမနေတဲ့ရွာထဲက ခြံဝန်းတခုခုရွေးပေါ့”

နောက်ဆုံးတော့ ရှုယင်တစ်ယောက် ပင်ပန်းနွမ်းနယ်နေ၍ အကြောင်းအရာကို ဖြတ်တောက်လိုက်တော့သည်။ သူမတို့သားအမိကို အန္တရာယ်ပေးလာလျှင်လား ထိုအရာက သူမကံပင်။

ပစ္စည်းများနေရာချပြီးနောက် အိမ်ထဲရှိ သေးငယ်တဲ့ မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ တဖက်သူကို တခြားခြံဝန်း၌ နေရန်ပြောပြီးပြီ ဖြစ်၍ သူမတို့တအိမ်ထဲ နေစရာမလိုတော့။ လူ့စိတ်က ယုံရခက်သည်မဟုတ်လား။

ယန်ချန်က ထွက်ခွာသွားသည့် လှုပ်လဲ့လဲ့ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ တောတွင်းသွား၍ စားစရာရှာခဲ့သော်လည်း အထွေအထူး ရခဲ့ဟန်မပေါ်ပေ။ အရွက်အနည်းငယ်ကိုသာ ခူးဆွတ်လာခဲ့ပြီး ယနေ့အတွက်လည်း သူမတို့သားအမိ ထိုအရာကို စားသောက်မည့်ဟန်ရှိသည်။ ယန်ချန့်ရဲ့အကြည့်က အိပ်ရာပေါ်ရှိ ကလေးမ​လေးထံ ရောက်သွားသည်။ ပြီးနောက် သူသယ်လာသည့် အထုပ်ထဲမှ သားကောင်ငယ်များကို ထုတ်ယူကာ သူမကိုပေးရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆူံးတော့ သူဒီရွာ၌ နေတော့မည်ဖြစ်၍ သူမနဲ့ရင်းနီးမှုယူထားသည်က မမှားလောက်ချေ။

All Chapters