← Chapters

လက်စွမ်းပြ ချက်ပြုတ်ခြင်း

Vol. 1 Ch. 6

လက်စွမ်းပြ ချက်ပြုတ်ခြင်း

Vol. 1 Ch. 6

ယန်ချန်က တောကောင်များကို လက်နှစ်ဖက်ဖြင့် အသာဆွဲရင်း သေးငယ်တဲ့ မီးဖိုချောင်ထဲ လှမ်းဝင်လိုက်သည်။ ထိုစဥ် ပင်ပန်းနွမ်းနယ်နေပုံရသည့် ရှုယင်က ခြေသံကြောင့် ရုတ်တရက်အနောက်လှည့်ကြည့်တော့ ယန်ချန်ကိုတွေ့လိုက်ရပြီး အံ့သြသင့်သွားတော့သည်။

“ဘာကိစ္စရှိလို့လဲ”

သူမအမေးကိုယန်ချန်က လက်ထဲမှ တောကောင်များကို မြှောက်ပြရင်း ပြန်ဖြေသည်။

“ဒါက ကျတော်တောထဲ ရက်အတော်ကြာနေတုန်းက ဖမ်းမိခဲ့တာတွေပါ အတော်များများတော့ မရှိတော့ဘူး ဒီလက်ကျန်တွေက တနေ့တာ လောက်မယ်ထင်တယ်”

ယန်ချန်ရဲ့စကားအဆုံးမှာ သူမက ခေါင်းအသာညိတ်ပြလာသည်။ ပြီးနောက် တောကောင်ငယ်တွေကို ခုတ်ထစ်ဆေးကြောရန် ယန်ချန့်ဆီ လက်လှမ်းလိုက်သည်။ သူမက အိမ်ရှင်ဖြစ်နေသည်က တစ်ကြောင်း မီးဖိုခန်းဝင်ခြင်းဆိုသည်က အမျိုးသမီးများ၏ တာဝန်ဖြစ်သည်ဟု တွက်ဆထား၍ ဖြစ်သည်။

ယန်ချန်က ကမန်းကတန်း လက်ဝေ့ယမ်းပြ ပြီးနောက်..

“မဟုတ်တာ ခဗျားပုံစံ ကြည့်ရတာ အတော်ပင်ပန်းပြီး အားနည်းနေပုံပဲ ကျတော်ချက်ပြုတ်လို့ရပါတယ် ခဏသွားနားလိုက်ပါ”

“မ..မဟုတ်တာရှင်”

သူမက ယန်ချန့်စကားကို လက်မခံလိုဟန်ရှိသည်။ သို့သော်လည်း ယန်ချန်က သူလက်ရာကိုပြ၍ ရင်းနှီးမှုအချို့ ရယူမည်ဟုတွေးထားသောကြောင့် တောကောင်များကို လက်လွှဲမပေးတော့ပဲ မီးဖိုခန်း၏ နောက်ဖေးပေါက်မှကျဥ်းကျဥ်းလေးမှတဆင့် ခြံဝန်းအနောက်သို့ ထွက်သွားလိုက်သည်။

မီးဖိုခန်းက သေးငယ်သောကြောင့် ခုတ်ထစ် ဆေးကြောတာကို လုပ်ရန်အဆင်မပြေပေ။ ထို့အပြင် အိမ်တခုလုံးကလည်း လေအနည်းငယ်တိုက်ရုံမျှဖြင့် ပြိုလဲသွားမည့်ဟန်ရှိနေသည်။

ရှုယင်က သူမကိုအသာကျော်ပြီး ထွက်သွားသည့် သူ့ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူမလည်း ဝန်ခံရရင် အလွန်ပင်ပန်းနေလေပြီ။ နှစ်ရက်တာမျှ တောတွင်းသွားလာရတာက သူမကဲ့သို့ အမျိုးသမီးအဖို့ ငရဲခန်းတမျှ ဖြစ်ချေသည်။

ထို့ကြောင့် တဖက်သူက လိုလိုလားလား ချက်ပြုတ်ချင်မှတော့ လက်ခံလိုက်မည်ဟု တွေးကာ သမီးဖြစ်သူအနား ပြန်သွားရင်း အိပ်ရာလေးဘေး၌ နံရံကိုမှီ၍ ထိုင်နားနေတော့သည်။

ယန်ချန်ကလည်း အလွန်မြန်သည်။ ယုန်နှစ်ကောင်ကို မိနစ်ပိုင်းအတွင်း ခုတ်ထစ်ကာ နောက်ဖေး ရေအိုးထဲမှရေဖြင့် သေချာဆေးကြောလိုက်သည်။ ပြီးနောက် အသားတုံးများကို တောထဲမှသူအသင့်ခူးထားသည့် ဆေးရွက်များဖြင့် ရော၍ ယုန်သားစွပ်ပြုတ်ဟင်းတခွက် ဖန်တီးလိုက်သည်။ ထမင်းအတွက်ကတော့ ထိုအမျိုးသမီးထံ၌ ဆန် ဒါမှမဟုတ် ပြောင်းဆန်းကြမ်းတောင် မရှိတဲ့အတွက် ဒီညနေစာကတော့ ယုန်သားစွပ်ပြုတ်သာ ဖြစ်ရတော့မည်။

မီးဖိုထဲရှိ တခုတည်းသောမီးဖိုချောင်သုံး သံဒယ်အိုးကြီးထဲမှ မွှေးပျံ့ရနံ့များထွက်လာသည်။ ထင်းမီးကြောင့် စွပ်ပြုတ်အိုးက စောလျင်စွာ ကျက်လုနီးပါး ဖြစ်သွားချေပြီ။ ယန်ချန်လည်း စွပ်ပြုတ်အိုးဘေးနားထိုင်ရင်း လက်ရှိလူကင်းနေတဲ့ရွာ၌ မည်သို့နေထိုင်ရမည်ကို စတင်တွေးနေမိသည်။

“အိုး..မွှေး..မွှေးလိုက်တာ”

ပင်ပန်း၍ အိပ်ပျော်နေသည့် ကလေးမလေးက နှာခေါင်းတရှုံ့ရှုံ့ဖြင့် နိုးလာသည်။ သူမအသံကိုကြားမှ အနားယူနေသည့် ရှုယင်လည်း ဆတ်ခနဲ ဖြတ်သွားကာ အသိဝင်လာသည်။ ဟုတ်သားပဲ ဟိုလူမီးဖိုချောင်ဝင်နေတာ မဟုတ်လား။

“မေမေ.. သမီးအတွက် ဘာတွေချက်ထားတာလဲ အရမ်းမွှေးတာပဲ”

“အဲ.. အဲဒါက”

သမီးဖြစ်သူရဲ့အမေးကို ဖြေရန်သူမ အခက်တွေ့နေသည်။ သူမကိုယ်တိုင်လည်း ယန်ချန်မည်ကဲ့သို့ချက်ပြုတ်နေမှန်း မသိပေ။

ထိုအချိန် ယန်ချန်က မီးဖိုခန်းမှထွက်လာပြီး အိမ်ထဲရှိ အနည်းငယ်သန့်ရှင်းတဲ့ အဝတ်စတခုကို ကြမ်းပေါ်၌ ခင်းလိုက်သည်။ ပြီးနောက် လိုအပ်သည့် ပန်းကန်များကို ချလိုက်ပြီးနောက် ယုန်သားစွတ်ပြုတ်အိုးကြီးအား သယ်လာတော့သည်။

ယန်ချန်ကိုမြင်လိုက်ရချိန် မူလက အနံ့ကြောင့် တက်ကြွနေသည့် ကလေးမလေးက ဆတ်ခနဲတုန်ယင်သွားကာ မိခင်ဖြစ်သူ၏ နောက်ကျောဘက် ပုန်းကွယ်တော့သည်။ သူမပုံစံက လူစိမ်းများကို ကြောက်လန့်နေပုံပင်။

“ဘာမှမဖြစ်ဘူးသမီးလေး ဒါက မေမေတို့ရဲ့ မိတ်ဆွေပါ ဦးဦးက ဒီညစာကိုချက်ပေးတာလေ”

ယန်ချန်က မျက်လုံးဝိုင်းဝိုင်း မျက်ဆံနက်နက်နဲ့ အတော်လေး ချစ်စဖွယ်ကောင်းတဲ့ ကလေးမလေးကို မထိတ်လန့်သွားစေရန် ကြိုးစားပြုံးပြရသည်။ လေသံကိုလည်း အနူးညံ့ဆုံး ဖြစ်စေသည်။

“ဦးဦးအမည်က ယန်ချန်ပါ ဦးလေးယန်လို့ ခေါ်လို့ရတယ်နော် မကြောက်ပါနဲ့သမီးလေး ဒါတွေက သမီးလေးတို့စားဖို့ ဦးလေးချက်ပေးတာပါ”

ကလေးမလေးက အမေဖြစ်သူ၏ နောက်ကျောဘက်မှ ဦးခေါင်းလေးကို အသာထုတ်၍ ချောင်းကြည့်သည်။ ပြီးနောက် မိခင်ဖြစ်သူထံ ကြည့်ပြန်သည်။ သဘောက သူမတကယ်စားခွင့်ရှိမရှိ သိလိုဟန်ပင်။

ရှုယင်လည်း သမီးဖြစ်သူ၏ အကြည့်ထဲမှ ဆာလောင်နေဟန်ကို သတိပြုမိ၍ သက်ပြင်းချကာ ကိုယ်လက်ဆေးကြောရန် ခေါ်ဆောင်သွားတော့သည်။

“လာ လာသမီးလေး မေမေတို့ သန့်ရှင်းရေးအရင်လုပ်ကြရအောင်”

ထိုနေ့ညစာကို အတူစားရင်း ယန်ချန်တို့ကြား ရင်းနီးမှုက ပိုလာကာ အတော်လေး အဆင်ပြေလာကြသည်။ ယင်ယင်လေးကလည်း အစကလောက် ယန်ချန်ကိုမကြောက်​တော့ပဲ ယန်ချန်ရဲ့မေးခွန်းအချို့ကို ပြန်ဖြေလာသည်။

ရှုယင်က ပင်မရွာရှိ ဖန်းမိသာရဲ့ချွေးမဖြစ်ပြီး ယောက်ကျားဖြစ်သူ ဖန်းတချန်က ရိုးသားကြိုးစားတဲ့ လူငယ်လေးဖြစ်ကာ သူမတို့ အိမ်ထောင်ကျကာစ ကာလများက အတော်လေးအဆင်ပြေကြောင်း သို့သော်လည်း မိသားစုများ၏ အစဥ်အလာတိုင်း မိသားစုခေါင်းဆောင်နေရာအတွက် သူမယောက်ျား၏ညီဖြစ်သူ ဖန်းဟိုင်က အကောက်ကြံသောကြောင့် ယောက်ကျားဖြစ်သူဆုံးပါးသွားကာ နောက်ဆက်တွဲ သူမကိုလည်းဖန်းဟိုင်က အဆက်မပြတ်နှောင့်ယှက်နေထဲ့သည်။

ထို့ကြောင့် ပင်မရွာမှထွက်ပြေးလာကာ တောစပ်ရှိရွာငယ်တခု၌ ဇာတ်မြုပ်နေသော်လည်း လွန်ခဲ့တဲ့နှစ်ဝက် သားရဲကပ်ဘေးကြောင့် သူမတို့သားအမိ ဒုက္ခများခဲ့ရသည်ဟု ပြောပြလာသည်။

(ပင်မရွာကို နောက်အပိုင်းများ၌ စီရင်စုဟု ပြောင်းလဲရေးသားပါမည်)

ညစာစားပြီးချိန်မှာတော့ ယန်ချန်က သူမတို့သားအမိ အနားယူရန် အိမ်အိုကို အနည်းငယ်ပြင်ဆင်ပေးခဲ့သေးသည်။ အသစ်ပြန်​ဆေက်ချင်ရင်တော့ သူ့အနေဖြင့် နောက်ထပ်တဖန် တောထဲသွားကာ လိုအပ်သည့် သစ်များခုတ်ရပေဦးမည်။

“ဒီခြံနဲ့ကပ်လျပ်မှာ အိမ်တလုံးရှိတယ် သူကတော့ တယောက်တည်းနေဖို့ အဆင်ပြေမှာပါ”

သူမပုံစံက ယန်ချန်နဲ့အတူ တအိမ်တည်းနေရန် အဆင်မပြေပုံပင်။ ဒါကလည်း အဓိပ္ပါယ်ရှိလေသည်။ ဒီလောကမှာလည်း ထိုကဲ့သို့ ရှေးရိူးစွဲကိစ္စများ ရှိနေသေးသည်။

“ကောင်းပြီ ကျတော်ဒီနေ့ည တဖက်ခြံမှာ နားလိုက်မယ် မနက်ကျ တောထဲသွားပြီး မင်းတို့သားအမိအိမ်ကို ပြန်ပြင်ကြတာပေါ့”

“ရှင် အိမ်ဆောက်တတ်လို့လား”

သူမက အနည်းငယ် မယုံဟန်ဖြင့်မေးသည်။ ယန်ချန်လည်း ဦးခေါင်းကိုခါယမ်းကာ ထိုမျှလောက်က လွယ်လွန်းသည်ဟု ပြောလိုဟန်ဖြင့် ပြုံးပြလိုက်သည်။

“အဆင်ပြေပါတယ် ကျတော့်ကိုခွင့်ပြုပါဦး”

ယင်ယင်လေးက စကားပြောနေသည့် ယန်ချန်တို့ကို ချောင်းကြည့်နေသည်။ ထိုအရာကိုသတိထားမိတဲ့ ယန်ချန်က အိမ်ဘက်လှည့်ကာ လက်ဝေ့ယမ်းပြလိုက်သည်။ သေးငယ်တဲ့ ဦးခေါင်းလေးတလုံး လျှစ်ကနဲအိမ်ထဲ ပြန်ဝင်သွားတော့သည်။

All Chapters