အခန်း (၇)
Vol. 1 Ch. 7
ယန်ချန်က ရှုယင်တို့ခြံနဲ့ကပ်လျက်ရှိ ယာစောင့်တဲသာသာ အိမ်လေးရှိရာသွားလိုက်သည်။ တစ်ညတာနားဖို့ကတော့ သူ့အတွက်အဆင်ပြေသည်။ နောက်တနေ့ရောက်မှ စီစဥ်စရာရှိတာ စီစဥ်ရပေမည်။
အိမ်လေးက တကိုယ်စာသေးငယ်ပြီး ခြေဆန့်ရုံသာရှိသော်လည်း ရှုယင်၏အိမ်ထက် တောင့်တင်းပါသေးသည်။ ထို့အပြင် အနည်းငယ်ပင်ပန်းသလို ခံစားရတာကော ဗိုက်ပြည့်နေတာကြောင့် လေးလံတာတွေကြောင့် ပါလာသည့်အထုပ်ပိုးနဲ့ လက်နက်များကိုချ၍ သန့်ရှင်းတဲ့ ကုတင်လေးပေါ်ပစ်လှဲချကာ အနားယူလိုက်တော့သည်။
ထိုသို့နှင့် နေရောင်ခြည်က ယန်ချန်ရဲ့မျက်နှာပေါ်ကို အိမ်အကာပေါက်မှတဆင့် ကျလာသည်။ မနေ့ညက ပင်ပန်း၍ထင် အိပ်ပျော်သွားသည်မှာ အိပ်မက်ပင်မမက်တော့။ အတိကျဆို ဒီလောကထဲ ကူးပြောင်းပြီးနောက် သူအိပ်မက်မမက်တာ အတော်ကြာပါပြီ။
ယန်ချန်လည်း တက်တက်ကြွကြွပဲ အိပ်ရာထကာ ခြံဝန်းအနောက်ကိုသွား၍ ကိုယ်လက်သန့်စင်သည်။ တခုကောင်းသည်က ခြံဝန်းများကလူမနေတော့ပေမယ့် ရေအိုးကြီးများကတော့ သယ်၍မရနိုင်သောကြောင့်ထင် ကျန်နေသေးသည်။
ကိုယ်လက်သန့်ရှင်းပြီးနောက် အထုတ်ထဲမှ အရွက်အချို့ထုတ်ယူကာ ယနေ့တောထဲ ပြန်ဝင်ရမည်ဖြစ်၍ လေးမြှားနဲ့ ဓားကိုပါ တဆက်တည်း ယူလိုက်သည်။
ယန်ချန် ဒီဘက်ခြံဝန်းကို ကူးလာချိန်မှာတော့ ခြံဝန်းကို သန့်ရှင်းရေးလုပ်နေသည့် ရှုယင်ကိုတွေ့လိုက်ရပြီး ယင်ယင်လေးကတော့ အိမ်ပေါက်ဝ၌ စောင့်ကြောင့်ထိုင်ကာ မိခင်ဖြစ်သူအလုပ်များနေသည်ကို ငေးနေသည်။
ယန်ချန်က သူမတို့သားအမိကို သေချာကြည့်လိုက်သည်။ မနေ့က ယုန်သားစွတ်ပြုပ်ထဲပါဝင်သည့် ဆေးပင်များကြောင့်ထင် သူမတို့သားအမိသွင်ပြင်က စိုပြေလာသည်။ ပါးလေးများက ပန်းရောင်သမ်းနေပြီး လှုပ်ရှားမှုများကလည်း တက်ကြွနေသည်။
“သြော် ရှင်နိုးလာပြီပဲ”
ယန်ချန်ကိုတွေ့တာနဲ့ ရှုယင်က ပေါ့ပေါ့ပါးပါးပင် နှုတ်ဆက်လာသည်။ ယန်ချန်ကလည်း ခေါင်းညိတ်လိုက်ပြီး လက်ထဲမှ အရွက်များနဲ့ သူအခြောက်လှမ်းထားသည့် အသားများကိုယူကာ အိမ်ထဲဝင်သွားတော့သည်။
ထိုအရာကို တွေ့လိုက်သည့်ရှုယင်က
“ကျွန်မ မနက်စာ အရွက်ပြုတ်ပြင်ထားတယ် ရှင်ဘာမှထပ်မလုပ်နဲ့တော့ အစ်ကိုယန်”
ယန်ချန်က ဆတ်ခနဲရပ်ကာ ပြန်ပြောသည်။
“မဟုတ်တာ မင်းတို့သားအမိက အားနည်းနေတုန်းပဲ မဟုတ်လား ငါ့မှာရိက္ခာပေါတယ် အသားနည်းနည်းထပ်စားကြပေါ့”
“အသား..ဟုတ်လား”
ကလေးမလေးက ဝင်းလက်တောက်ပနေတဲ့ မျက်ဝန်းအစုံဖြင့် ယန်ချန်ကို ကြည့်လာသည်။ ယန်ချန်လည်း သူမ၏ဦးခေါင်းလေးကို အသာပုတ်ပြီး အိမ်ထဲဝင်လိုက်သည်။
“ဒါပေါ့ ဒီမနက်စာကို ဦးဦးက ဝက်သားနဲ့မုန်ညှင်းချက်ပေးမယ်”
“ဟေး..”
ကလေးမလေးကော ရှုယင်ပါ ယန်ချန်ကို သတိလျှော့လိုက်ပုံရသည်။ သေချာသည်က သူမတကိုယ်တည်း ရုန်းကန်ခဲ့ရသည့်အတွက် အနည်းငယ် အနားရချိန်ကို ကျေနပ်နေပုံပင်။
ရှုယင်က လုပ်လက်စများကိုချကာ အိမ်ထဲဝင်လာရင်းမေးသည်။
“ကျွန်မ ကူညီပါရစေ”
“ရတယ် ရတယ် မင်းတို့သားအမိ ကိုယ်လက်သန့်စင်ပြီးသာ စောင့်နေ”
ယန်ချန်က လက်ယမ်းပြလိုက်ပြီး မနက်စာချက်ပြုတ်ရန် နောက်ဖေးချောင်လေးထဲ နောက်တဖန်ထပ်ဝင်ရပြန်သည်။ မနက်စာက အလွန်ရိုးရှင်းသည်။ ပြောင်းဆန်ပင်မပါပေ။
“မင်းဆီမှာ ဆန်မရှိဘူးလား”
ယန်ချန်က ဝက်သားခြောက်တဖက်ကို ယင်ယင်လေးဆီ ခပ်ပေးရင်းမေးသည်။ ရှယင်လည်း ထိုစကားကြားတော့ ဦးခေါင်းကိုငုံ့ချလိုက်သည်။ ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
“ကျွန်မ ကျွန်မ ဆန်မပြောနဲ့ ပြောင်းဆန်ကြမ်းကိုတောင် မမြင်တာကြာပါပြီ”
သူမတို့သားအမိဘဝက ထိုမျှတောင် ဖြစ်နေသည်လား။ ဒါက အလွန်ကြမ်းတမ်းတဲ့ဘဝဟု သက်မှတ်ရမည်။
“ဆန်တပြည်ကို ငွေဘယ်လောက်ရှိလဲ”
ယန်ချန်တစ်ယောက် သက်ပြင်းချကာမေးကြည့်သည်။ ထမင်းမပါပဲ ဟင်းချည်းသက်သက်စားရန်က အဆင်မပြေ။ သူ့တွင်လည်း ငွေကမရှိ သို့သော်လည်း သူဖမ်းဆီရမိသည့် တောကောင်အစွယ်များ ဆေးပင်များရောင်းလျှင်တော့ ငွေအနည်းငယ်ရနိုင်လောက်သည်။
“အရင်ကတော့ ဆန်တပေါင်ကို ကြေးပြား၃၀ အခုသားရဲကပ်ဘေးပြီးတော့ ကြေးပြား၅၀ လောက်ဖြစ်နေပြီထင်တယ် ဆန်ကောင်းတွေကိုတော့ ကျွန်မတို့လိုရွာသားတွေ ဝယ်ခွင့်မရှိဘူး မင်းမျိုးမင်းနွယ်နဲ့ အထက်တန်းစားလူတွေပဲ စားခွင့်ရှိကြတယ်”
ကြေးပြား ၅၀ ဒီလောကငွေကြေးစနစ်က ကြေးပြား ၁၀၀၀ ငွေတစ်စ ငွေစ၁၀၀၀ကို ရွှေတစ ဟုသက်မှတ်ထားသည်။ ထို့ကြောင့်ဆန်စျေးက ကြီးသည်ဟုသက်မှတ်မရပေ။ သူမသိသည်က ဆင်းရဲသားမိသားစုတခုလုံးရဲ့ ဝင်ငွေပင် တလကို ငွေတစ်စ မရှိချေ။
“အင်း ကျတော်ဒီမနက်ပိုင်း တောထဲခဏသွားဦးမယ် တောကောင်အချို့ဖမ်းပြီး အိမ်အတွက်ကော ဆန်ဝယ်ဖို့ကောပေါ့ ခြံဝန်းနဲ့အိမ်ကိုတော့ ကျတော်ပြန်လာတဲ့အချိန်ကျ အဆင်ပြေအောင်ပြင်ပေးပါ့မယ်”
“ရပါတယ် အိမ်ကနေလို့ရပါသေးတယ်”
သူမစကားကို ယန်ချန်က ငြင်းပယ်လိုက်သည်။
“မဟုတ်တာ မင်းတို့သားအမိနှစ်ယောက်အတွက် ဘယ်လုံခြုံပါ့မလဲ သားရဲကပ်ဘေးကြောင့် တောစပ်ရွာတွေကို လူမလာပေမယ့် နောက်မကျခင် ဖြတ်သွားဖြတ်လာရှိလာလိမ့်မယ် အိမ်နဲ့ခြံဝင်းမလုံရင် အန္တရာယ်များတယ်”
“အင်း..ဒါလည်းဟုတ်ပါတယ်”
ယန်ချန်က ဦးခေါင်းကိုငုံ့ချပြီး မနက်စာစားနေသည့် ယင်ယင်လေးကို တချက်ကြည့်သည်။ ပြီးနောက်..
“ဦးဦးက နေ့လည်ကျရင် ယင်ယင်လေးအတွက် အရသာရှိတာလေးတွေ ယူခဲ့မယ်လေနော်”
အစာကိုသာ သဲကြီးမဲကြီးစားနေသည့် ကလေးမလေးက ခေါင်းပြန်မော့လာသည်။
“ဟုတ်ကဲ့ ဦးဦး”
ယန်ချန်လည်း ထိုအသံကိုကြားတော့ အသာပြုံးလိုက်ပြီး မနက်စာကိုလက်စသပ်လိုက်သည်။ ပန်းကန်များဆေးရန်ကိုတော့ ရှုယင်က အတင်းလုယူကာသူ့ကို မဆေးခိုင်းတော့။ ထို့ကြောင့် သူလည်း လေးမြှားနဲ့ လက်စွဲတော်သူကိုယ်တိုင် ထုလုပ်ထားသည့် ဓားကိုယူကာ ခြံဝန်းထဲမှထွက်လာတော့သည်။
တည်တည်ငြိမ်ငြိမ်ပင် ထွက်ခွာသွားသည့် ယန်ချန့်နောက်ကျောကိုငေးရင်း ရှုယင်တစ်ယောက် သက်ပြင်းရှည်ကြီးတခု ချလိုက်မိသည်။ ဖန်းတချန်ရှိတုန်းကဆိုလျှင် သူမဘဝ အတော်လေးသက်သာခဲ့ပြီး စားရမဲ့သောက်ရမဲ့ ဘဝမရောက်ခဲ့ပေ။ ဖန်းမိသားစုက ကျင်းစီရင်စုမှာတော့ အလယ်အလတ်မိသားစု တစုမဟုတ်လော။
သို့သော်လည်း ဘဝကံတရားက သက်တောင့်သက်သာဘဝမှ ကြမ်းတမ်းတဲ့ မုဆိုးမဘဝကိုပေးစွမ်းလိုက်ပြီး အစပိုင်းကာလ ဖန်းဟိုင်ရဲ့ နှောင့်ယှက်မှုများကြောင့် သူမကိုယ်သူမပင် သတ်သေလုနီးပါးဖြစ်ခဲ့သည်။ ယင်ယင်သာမရှိရင် သူမဒီလောကထဲမှ နောင်တမရှိ ထွက်ခွာသွားပြီမဟုတ်လော။
မဆီမဆိုင် အမျိုးသားတဦးက သူမတို့သားအမိကို စောင့်ရှောင်နေခြင်းက အများအမြင် မသင့်တယ်သော်လည်း သူမကထိုအရာကို မတွေးချင်။ သူမအတွက်မဟုတ်ပဲ ယင်ယင်လေးကို ဂရုစိုက်နိုင်လျှင် သူမကျေနပ်သည်။ သူမကတော့ သူမရဲ့ ရောဂါကြောင့် သက်တမ်းတိုးနိုင်ပါသည်။
အဟွတ်..အဟွတ်..
ရုတ်တရက် ချောင်းဆိုးလာပြီးနောက် သူမလက်တွေကို ငုံ့ကြည့်တော့ သွေးများပင်ပါလာသည်။ ဒါက လွန်ခဲ့တဲ့သားရဲကပ်ဘေးမတိုင်ခင် ဆောင်းကာလတုန်းက သူမရခဲ့သည့် ရောဂါပင်။
“မေမေ.. သမီးဝပြီ ခြံဝန်းထဲမှာ ခဏဆော့မယ်နော်”
အတွေးများနေသည့် သူမကို ယင်ယင်က လှုပ်နိုးလိုက်သည်။ ချကချင်းပဲ သွေးများကို သူမကိုယ်နဲ့သုတ်လိုက်ပြီး ယင်ယင်လေး ဆော့ကစားရန် ခွင့်ပြုလိုက်သည်။
“သွားသွားသမီးလေး ခြံဝန်းအပြင်တော့ မထွက်နဲ့နော်”
“ဟုတ်..”
ယင်ယင်လေးက အသံဆုံးသည်နှင့် ပြေးထွက်သွားလေပြီ။
ထိုချိန် တောစပ်တနေရာမှာတော့ ယန်ချန်တစ်ယောက် စတော်ဘယ်ရီသီးများ ငှက်ပျောသီးများကို အားတက်သရော ခူးဆွတ်နေသည်။ ဒီလောကကြီးရှိသီးပင်များက ယခင်လောကထက် ပိုသန်မာပြီး အသီးများကလည်း ပို၍ကြီးမားကာ အရသာလည်းပိုကောင်းသည်။
စေတာ်ဘယ်ရီသီးများဆိုလျှင် လူကြီးလက်သီးဆုပ်မျှရှိပြီး တကိုက်ကိုက်ရုံမျှဖြင့် ချိုမြသည့်အရသာကို ပေးစွမ်းနိုင်သည်။
ငါ ဒီအသီးတွေကိုစားပြီး အစေ့တွေကို ခြံဝန်းထဲစိုက်ကြည့်ရမယ်..။
နေ့တဝက်မျှအားစိုက်ထုတ်ပြီးချိန်မှာတော့ အသီးများ ဆေးပင်များနှင့် တောကောင်ငယ်တစ်ကောင်ရလာသည်။ ဆေးပင်များက အခြေခံဆေးပင်များဖြစ်သော်လည်း သာမန်သေမျိုးများအတွက် အလွန်အသုံးဝင်သည်။ ဥပမာ သွေးတိတ်စေသည့် မြရတနာမြက်ဖြစ်သည်။ ထိုမြက်ကို ပွတ်ချေကာ ဒဏ်ရာကိုအုံပေးလျှင် စက္ကန့်ပိုင်းအတွင်း သွေးတိတ်စေသည်။
ထို့အပြင် တခြားဆေးပင်များဖြစ်သည့် နှစ်တစ်ရာဝါးရွက်က လက်ဖက်ရည်ကြမ်းအဖြစ်သောက်သုံးလျှင် စိတ်ကြည်လင်စေပြီး အိပ်ရေးပျက်ခြင်းနဲ့ ကိုယ်လက်နွမ်းနယ်ခြင်းကို သက်သာစေသည်။
ယန်ချန်လည်း ရနိုင်သမျှ ဆေးဝါးများကိုခူးကာ နေ့တဝက်ကျိုးချိန်မှာတော့ ခြံဝန်းရှိရာပြန်ရောက်လာတော့သည်။