← Chapters

ခမ်းနားစည်ကားတဲ့ ကျင်းစီရင်စုကြီး

Vol. 1 Ch. 10

ခမ်းနားစည်ကားတဲ့ ကျင်းစီရင်စုကြီး

Vol. 1 Ch. 10

ရွာဆယ်ဂဏန်းနီးပါး ဖြတ်ကျော်ပြီးချိန်မှာတော့ သားရဲကပ်ဘေးကြီးရဲ့ ဘေးထွက်ဆိုးကျိုးကြီးကော ယန်ချန်လက်ခံလိုက်ရတော့သည်။

ထိုကပ်ဘေးကြီးက လူပေါင်းသောင်းချီ သေဆုံးကြရပြီး အနည်းငယ်ပြေလည်တဲ့ မိသားစုများက ကျင်းစီရင်စုဆီပြောင်းရွှေ့ကြရတော့သည်။ ရွာငယ်လေးများ၌ ဆက်လက်အခြေချရန်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ ထိုအတွက်လည်း ယန်ချန်တစ်ယောက် ရွာငယ်လေးများကို ဖြတ်သန်းသွားချိန် အလွန်နည်းပါးသည့် လူများကိုသာ တွေ့ရခြင်းဖြစ်သည်။ ရွာများက တခုနဲ့တခုညဆက်စပ်မနေသော်လည်း သိသာထင်ရှားတဲ့ လူသွားလမ်းကြောင်းကြောင့် တရွာနဲ့တရွာ နီးသည်ဟု ထင်ရစေသည်။

ဥပမာ ယန်ချန်လက်ရှိနေသည့်ရွာနှင့် အနီးဆုံးရွာကိုရောက်ရန် မိုင်ဝက်ခန့်လမ်းလျှောက်ရမည်ဖြစ်သော်လည်း မြေသားလမ်းမတခုက သွယ်တန်းထားသည်။ ထိုသို့ပင် အခြားရွာများကိုလည်း ချိတ်ဆက်ထားသည်။ ထိုအရာက သားရဲကပ်ဘေးမတိုင်ခင် ရွာအချင်းချင်း ဆက်စပ်မှုကိုပြသနေပြီး ရွာငယ်များကဲ့သို့ ဘုရင့်အာဏာ မသက်ရောက်တဲ့ ဒေသများ၌ စည်ကားခြင်းက လက်ရှိလောက၏ လူဦးရေကို ပြသနေသည်။ သန်းတထောင်လား ထိုထက်ပင်ပိုနိုင်သည်ဟု ယန်ချန်ထင်သည်။

ရှုယင်ရဲ့စကားအရ ကျင်းစီရင်စုကဲ့သို့ စီရင်စုကြီးများ ဆယ်စုကျော်ပေါင်းပြီး ခရိုင်တခုဖြစ်ကာ ခရိုင်လေးခုပေါင်း၍ ပြည်နယ်တခုဖြစ်လာသည်။ ထို့အပြင် မြို့ကြီးများစွာရှိနေသေးပြီး မင်းမျိုးနွယ်အခြေစိုက် အဓိကမြို့ကြီးများကိုတော့ ရှုယင်လည်း မသိချေ။

ရွာများ၏ အဓိကလုပ်ငန်းများက စိုက်ခင်းဖြစ်သည်။ မုဆိုးလုပ်ငန်း ငါးဖန်းလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြပြီး ဒေသထွက်အသီးနှံများ စားသောက်ကုန်များရောင်းချ၍ အသက်ဆက်ကြရသည်။ သို့သော်လည်း ခေတ်ပျက်ကြီးက လူသားတွေကို ကမောက်ကမ ဖြစ်စေသည်။

ရွာအချို့ဖြတ်သန်းပြီး ၃နာရီကျော်ကြာပြီးချိန်မှာတော့ ကျင်းစီရင်စုအစပ်သို့ရောက်လာတော့သည်။ ထိုစီရင်စု၌ လူဦးရေသိန်းချီနေထိုင်သည်ဟု ရှုယင်ပြောပြခဲ့သည်မှာ ဖြစ်နိုင်သည်။ စီရင်စုအစပ်နေရာမှာတင် ပြာပန်းခတ်နေသည့် လူတွေကိုတွေ့နေရပြီး ထိုအထဲမှ လက်နက်များ လွယ်ပိုးထားသည့် ကျင့်ကြံသူများကို ဟိုတစဒီတစ တွေ့နေရသည်။ သေမျိုးများကြား ကျင့်ကြံသူဆိုသည်မှာ ဘုရင်တပါးနှယ်ဖြစ်သည်။ သာမန်ချီသန့်စင်ခြင်း အဆင့်များက အစိုးရတပ်များ၌ ဝင်ရောက်အမှုထမ်းပြီး ရာထူးကောင်းများ ရနိုင်ကာ ချီစုဆောင်းခြင်းနဲ့အထက်ဆိုလျှင် ဂိုဏ်းများသို့ဝင်ရောက်နိုင်သည်။

ဟုတ်ပါသည်။ ရှုယင်လက်လှမ်းမီသမျှသာ သူသိခဲ့ခြင်းဖြစ်ပြီး သူ့အနေနဲ့ကတော့ ကျင့်ကြံသူများကို မဆွဲ​ဆောင်မိရန်သာ အရေးကြီးသည်။ ယန်ချန်ရဲ့ခြေလှမ်းများက စီရင်စုထဲသို့ ခပ်သွက်သွက်ပင် လှမ်းဝင်သွားတော့သည်။

ကြီးမားသည့် တံတိုင်းကြီးတခုကနေဖြတ်သန်းပြီးနောက် အထဲရောက်ချိန်မှာတော့ စည်ကားတဲ့စျေးလမ်းနှင့် လမ်းဘေးဆိုင်ခင်းများက ယန်ချန်ရဲ့ ယခင်ဘဝ ပွဲစျေးတန်းကိုပင် အမှတ်ရသွားစေသည်။ ကံကောင်းသည်က တံတိုင်းအဝင်တုန်းက ဝင်ကြေးမကောက်ခံပဲ သာမန်စစ်ဆေးခြင်းသာပြု၍ ငွေတစမှမပါသည့် ယန်ချန်တစ်ယောက် အဆင်ပြေသွားခဲ့ရသည်။

ပတ်ဝန်းကျင်ကို ဟိုဒီကြည့်ရင်း အဓိကလမ်းမကြီးတလျှောက် လေ့လာကြည့်သည်။ ပစ္စည်းများရောင်းချရန် ကုန်သွယ်ရေးတခုခုကိုတော့ သူရှာရန်လိုအပ်သည်။ အနီးရှိ လူတဦးကိုမေးကြည့်တော့ စီရင်စုအလယ်နားရှိ ကျန်းကုန်သွယ်ရေးက စျေးမျန်ကြောင်း သမာသမတ်ရှိကြောင်း ညွှန်ပြလာသည်။ ထိုကြောင့် ယန်ချန်လည်း ကျန်းကုန်သွယ်ရေးထံ ဦးတည်ရတော့သည်။

အတော်ကြာသွားပြီးနောက် မြင့်မားတဲ့၃ထပ်အ​ဆေက်အုံကြီးတစ်ခုရှေ့ ယန်ချန်ရောက်သွားသည်။ အဆောက်အုံရှေ့၌ ကျန်းကုန်သွယ်ရေးလုပ်ငန်း ဟု ဆိုင်းဘုဒ်ကြီးကို ခမ်းနားစွာတပ်ဆင်ထားပြီး လူအဝင်ထွက်များကလည်း များပြားလှသည်။

“မင်္ဂလာပါ သခင်လေး ဘာများရောင်းဝယ်လိုပါသလဲရှင့်”

ကုန်သွယ်ရေးခန်းမထဲ ဝင်ဝင်ချင်းပင် တာဝန်ခံအမျိုးသမီးငယ်လေးတဦး လာရောက်ကြိုဆိုသည်။ သူမက ဒူးအနည်းငယ်သာဖုံးသည့် စကပ်အတို အပေါ်၌ ချပ်လျပ်သည့် ကိုယ်ကြပ်ဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် သွယ်လျသည့် ခန္ဓာကိုယ်အလှကို မြင်သာစေသည်။

အင်း… အလှတရားကိုပြပြီး စီးပွားရေးလုပ်တဲ့နည်းလမ်းက ဒီလောကမှာလည်း ရှိတာပါပဲလား။

“သားရဲအချို့ရောင်းချင်လို့ပါ မင်းတို့ဆီမှာ ဝယ်လား”

ယန်ချန်ရဲ့အမေးကို အမျိုးသမီးငယ်ကပြုံး၍ ပြန်ဖြေသည်။

“ဝယ်ယူပါတယ်ရှင် သာမန်သားရဲကတစျေး မိစ္ဆာသွေးနိုးထပြီး သားရဲကတစျေးပါရှင့် ကျွန်မနောက်လိုက်ခဲ့ပေးပါ”

သူမက လက်ဟန်ပြ၍ဖိတ်ခေါ်သည်။ ယန်ချန်လည်း အပိုအစပ်စုသည့် သူမသဘောထားကို ကျေနပ်သွားပြီး အသာပြုံးကာ အနောက်မှလိုက်ပါသွားသည်။ မိနစ်အနည်းငယ်ကြာတော့ အခန်းတခုဆီရောက်သွားပြီး အခန်းထဲမှာတော့ ကြီးမားတဲ့စားပွဲတခု ထိုင်ထုံအနည်းငယ်နှင့် အခန်းပတ်ပတ်လည်ကတော့ အလုံပိတ်ဖြစ်သည်။

“ကျွန်မတို့က ဖောက်သည်ရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်ပါတယ်ရှင်”

ဒါက ရောင်းချသူရဲ့ ပိုင်ဆိုင်မှုကို အခြားသူများ အလွယ်တကူမမြင်တွေ့စေရန် ကာကွယ်ခြင်းဖြစ်မည်ဟု ယန်ချန်တွေးလိုက်သည်။

“ကောင်းပြီ”

“ဒါဆို သခင်လေး ရောင်းချလိုတဲ့အရာတွေ ပြပေးပါဦး”

သူမက ယန်ချန်ရဲ့မျက်နှာချင်းဆိုင်ခုံ၌ အသာဝင်ထိုင်ကာ မေးသည်။ ယန်ချန်လည်း အထုတ်ထဲမှ သူဖမ်းဆီးခဲ့သည့် သားကောင်များ ထုတ်ယူကာ သူအထူးတထည်သိမ်းဆည်းထားခဲ့သည့် တောဝက်အစွယ်ကြီးနှစ်ချောင်းကိုလည်း ထုတ်ယူလိုက်သည်။ ပြီးနောက် ဆေးဖက်ဝင်အပင်များပါမကျန် သူမမြင်စေရန် စားပွဲပေါ်တင်ပေးလိုက်သည်။

“ဒါက ဖွတ်သားရဲ သာမန်အဆင့် ဒါက တောဝံပုလွေ သာမန်အဆင့် ဒါက.. တောဝက်အစွယ်လား..”

သူမက ထူးထူးခြားခြား ထင်းထွက်နေသည့် တောဝက်အစွယ်ကြီးများကို ကောက်ယူကာ စစ်ဆေးကြည့်သည်။

“မိစ္ဆာသွေးနိုးထပြီးသား တောဝက်လား မဖြစ်နိုင်ဘူး”

သူမက ယန်ချန်ကိုတချက်မော့ကြည့်သည်။ မိစ္ဆာသွေးနိုးထပြီးသား သားရဲများက ကြမ်းတမ်းပြီ ကျင့်ကြံသူမဟုတ်လျှင် ဖမ်းဆီးလို့မရနိုင်ချေ။ သူမရှေ့ရှိလူငယ်လေးက ကျင့်ကြံသူဖြစ်နေသည်လား။

သူမဆီမှ မိစ္ဆာသွေးနိုးထပြီးသား တောဝက် ဟူသည့်စကားကိုကြားတော့ ယန်ချန် ထိတ်ခနဲ ဖြစ်သွားပြီး ချက်ချင်းပဲ တည်ငြိမ်ဟန်ဆောင်လိုက်တော့သည်။ သူက တောဝက်နှစ်ကောင်ကြား အမြတ်ထုတ်လာခဲ့သည်မဟုတ်လား ထိုအကြောင်းကို မလိုအပ်လျင် ထုတ်မပြောချင်ပေ။

သူမက ယန်ချန်ကိုသေချာစိုက်ကြည့်ပြီး

“ဒီ တောဝက်အစွယ်ကို ငွေစ ၂၀၀ ကျန်တဲ့သားရဲတွေကိုတော့ ငွေ၅စနဲ့ ဖြတ်ပေးလိုက်မယ် သခင်လေးအဆင်ပြေလား”

“တန်ဖိုးက အဲ့လောက်တောင်ကွာတာလား”

“အမှန်ပဲသခင်လေး ေတာဝက်စွယ်က အဆင့်နိမ့်လက်နက်တွေ လုပ်ရာမှာအသုံးဝင်တယ် ဒါတောင် သခင်လေးက တောဝက်တကောင်လုံးမပါလာတာ နစ်နာသွားတယ် မဟုတ်ရင် ဒီထက်ပိုရဦးမှာ”

ယန်ချန်လည်း ထိုအရာကိုကြားတော့ သက်ပြင်းချလိုက်မိသည်။ သူတတ်နိုင်တာမရှိပေ။ အစွယ်နှစ်ချောင်းဖြုတ်ယူခဲ့တာကပင် ကံကောင်းနေလေပြီ။

“ဒီဆေးပင်တွေကို စျေးဖြတ်ပေးပါဦး”

ယန်ချန်က ဆေးပင်များကိုစစ်ဆေးစေသည်။ သူ့ဆေးပညာအသိအရ အသုံးမဝင်သည့် ဆေးပင်ဟူ၍ မပါနိုင်ချေ။ အမျိုးသမီးက ဆေးပင်များကို စစ်ဆေးရင်း မှင်သက်နေသည်။

“ကြာပန်းစွယ် ဂျင်းဆင်းနု မီးတောက်မြက် ငွေမှုန်ပန်းပွင့် အကုန်အဆင့်မြင့်တွေချည်းပဲ သက်တမ်းကလည်းမနည်းဘူး အိုး သူဘယ်လိုများ ရှာခဲ့ပါလိမ့်”

သူမက ဆေးပင်များကိုစစ်ဆေးရင်း လက်ရှိပစ္စည်းများ၏ တန်ဖိုးကိုဖြတ်ရန် ခက်ခဲမည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့်

“သခင်လေး ခဏလောက်စောင့်ပေးနိုင်မလား ဒီဆေးပင်တွေက တန်ဖိုးကြီးလွန်းနေတယ် ကျွန်မအထက်က လူကြီးကို ဖိတ်ခေါ်လိုက်ပါဦးမယ်”

ယန်ချန်အံ့အားသွားသည်။ သူခူးလာသည့် ဆေးပင်များက အလွယ်တကူတွေ့နိုင်သည့် ဆေးပင်များမဟုတ်လား။ ဘယ်လိုလုပ်အဆင့်မြင့် ဖြစ်သွားရတာလဲ သူမသိတော့။ သို့သော်လည်း ထိုအရာကိုထုတ်ပြောလောက်သည်အထိ သူမရူးသေးချေ။

“သွားပါ ကျတော်စောင့်နေပါမယ်”

သူမလည်း ယန်ချန်ကိုဦးညွတ်ပြီး ထွက်ခွာသွားကာ မိနစ်အနည်းငယ်အကြာမှာတော့ အသက်၅၀ အရွယ်လူကြီးတဦးနဲ့အတူ ပြန်ရောက်လာသည်။

“မင်္ဂလာပါသခင်လေး ကျတော်က ကျန်းကုန်သွယ်ရေးရဲ့ ဒုတိယတာဝန်ခံရှောင်ပါ”

“မင်္ဂလာပါ..”

ယန်ချန်လည်း ပြန်လည်နှုတ်ဆက်ပြီးနောက် ဆေးပင်များကို စစ်ဆေးစေသည်။ တာဝန်ခံရှောင်က ဆေးပင်များကိုစေ့စေ့စပ်စပ် စစ်ဆေးရင်း တဖက်မှာလည်း တုန်လှုပ်နေသည်။

“ ငွေမှုန်ပန်းပွင့် သက်တမ်းနှစ်၅၀၀ ဒါက အဆင့်နိမ့်ဆေးပင်ဆိုပေမယ့် သက်တမ်းတိုးလာလေ အာနိသင်တိုးလာလေဖြစ်ပြီး အဆင့်လည်းမြင့်လာတတ်တယ် ပြီးတော့ ဒီမီးတောက်မြက် သူက အဆိပ်တွေကို ကုသရာမှာအသုံးဝင်တယ် သူလည်း သက်တမ်းတိုးလေ အဆင့်တိုးလာလေပဲ အခုသခင်လေးယူလာတဲ့ ဆေးပင်တွေက အနိမ့်ဆုံးတောင် သက်တမ်း ၅၀၀ ရှိနေတယ် သခင်လေးဘက်က စျေးပြောကြည့်ပါ”

တာဝန်ခံရှောင်က စတင်ကမ်းလှမ်းလာသည်။ ကုန်သွယ်ရေးဘက်က စျေးဖြတ်နိုင်သော်လည်း ဒီလိုဖောက်သည်ကြီး စိတ်မပျက်စေရန် ကြိုးစားဖို့လည်း လိုသေးသည်မဟုတ်လား။ ယန်ချန်က အနည်းငယ်တွေးဆဟန်ဖြင့် အချိန်အတော်ကြာ ငြိမ်သက်ပြီးမှ ပြန်ဖြေသည်။

“ စျေးကိုခင်ဗျားတို့ပဲ ဖြတ်လိုက်ပါ ကျန်းကုန်သွယ်ရေးရဲ့ ဂုဏ်သိက္ခာကိုယုံပါတယ်”

ထိုအရာက ကျန်းမိသားစုနဲ့ပက်သက်ပြီး ရှုယင်ဆီမှ သိထားရသလောက် ထိုမိသားစုက သမာသမတ်ရှိတယ်ဟု ကျော်ကြားခြင်းကြောင့် ဖြစ်သည်။ အမှန်တိုင်းဝန်ခံရလျင်တော့ သူကစျေးနှုန်းများကို မသိချေ။

All Chapters