ခြံဝန်းအားပြင်ဆင်ခြင်း
Vol. 1 Ch. 8
ယန်ချန်ပြန်ရောက်တော့ ခြံဝန်းအရှေ့ပိုင်းက အတော်အသင့် သန့်ရှင်းနေပါပြီ။ ယန်ချန်လည်း ပါလာတဲ့ တောကောင်နဲ့ အသီးအရွက်တွေကို ရှုယင်ဆီပေးလိုက်ပြီး နေ့လည်စာအတွက် ချက်ပြုတ်စေသည်။
သူက ခြံဝန်းပတ်ပတ်လည်ကို စစ်ဆေးကာ အကာအရံများ စတင်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ခြံဝန်းတခုအတွက် အလိုအပ်ဆုံးက ခြံစည်းရိုးနဲ့ တံခါးမကြီးဖြစ်ပြီး ထိုအရာက အိမ်ရဲ့လုံခြုံမှုကို တိုးမြင့်စေသည်။
ပထမဆုံး ခြံဝန်းထဲရှိ မြေသားများကိုညီအောင်ပြုပြင်သည်။ ပြီးနောက် မလိုအပ်သည့် အပင်အချို့ခုတ်ပစ်လိုက်ပြီးနောက် စနစ်မှသူရထားသည့် မုန်ညှင်း ကန်စွန်းနဲ့ အခြားမျိုးစေ့များ စိုက်ပျိုးရန် မြေသားများတူးဆွတော့သည်။
ခြံအနေက်ဘက်ကိုတော့ စင်နဲ့အတူဆောက်ရသည့် ဘူးပင်များစိုက်ထားရန် သူတွေးထားသည်။ နာရီအနည်းငယ်ကြာ အလုပ်လုပ်ပြီးချိန်မှာတော့ ရှုယင်က နေ့လည်စာ ပြင်ဆင်ပြီးလေပြီ။
တဖက်တွင်ယင်ယင်လေးက ပထမအချိန်များတွင် အနည်းငယ်တွန့်ဆုတ်၍ သူ့အနားမကပ်သေးသော်လည်း သုံးယောက်သား နေ့လည်စာ စားပြီးချိန်မှာတော့ သူနဲ့ယင်ယင်ကြား ပိုရင်းနီးလာကာ သူမလေးက ခြံလုပ်ငန်းကိုဝင်ရောက်ကူညီရန် ကြိုးစားတော့သည်။
“ခြံဘေးက မြေကွက်မှာသီးပင်အချို့စိုက်ရမယ် ခြံစည်းရိုးအတွက်တော့ ကျတော်ဝါးအချို့သုံးမလားလို့”
ယန်ချန်က ရှုယင်ကိုအသေးစိတ်ရှင်းပြနေသည်။ ခြံဝန်းကိုကနဦးရှင်းပြီးပါက ပြိုကျလုနီးပါးဖြစ်နေသည့် အိမ်ကိုပြန်ပြင်ရမည်။ ထိုအရာအတွက်ကတော့ သူ့အနေဖြင့် ကျင်းစီရင်စုဆီ သွားရန်လိုအပ်ပေမည်။
“ကျွန်မတို့ ခြံအနောက်မှာ ရေတွင်းတခုတူးကြမလား ကျွန်မအရင်ခက်နေကြ ချောင်းက ခြံဝန်းနဲ့ဆို နည်းနည်းလှမ်းနေသေးတယ်”
ရှုယင်ရဲ့စကားကို ယန်ချန်က ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“ဒါပေါ့ ရေတွင်းကြီးကြီးတခု လိုတယ် ဒါမှစိုက်ခင်းကို ရေပေးလို့ရမှာလေ”
လူကြီးနှစ်ဦး တိုင်ပင်လိုက် အလုပ်လုပ်လိုက် ဗျာများနေစဥ် ယင်ယင်လေးက ခြံဝန်းထဲပြေးလွှားဆော့ကစားနေလေသည်။
နေ့တပိုင်းကုန်ဆုံးပြီး နေဝင်သွားချိန်မှာတော့ ခြံဝန်းက သုံးပုံတပုံ ရှင်းလင်းသွားပြီး ရှုချင်စဖွယ်ဖြစ်သွားတော့သည်။
“ရှင်ခဏနားလိုက်ပါဦး ကျွန်မညစာပြင်လိုက်ဦးမယ်”
သူမလေသံကိုကြည့်လျှင် ယန်ချန့်အပေါ် သတိထားမှု မရှိတော့ပဲ အတော်လေး ရင်းနှီးလာသည်။ ယန်ချန်လည်း ထိုအရာကိုသတိပြုမိသောကြောင့် စိတ်ထဲအနည်းငယ် ပေါ့ပါးသွားသည်။ သူမတို့သားအမိက ဒီလောကထဲရောက်ပြီးနောက် ပထမဆုံးသူဆက်ဆံရတဲ့ လူသားနှစ်ဦးဖြစ်ပြီး သူမတို့သားအမိကို တတ်နိုင်သမျှ ကူညီချင်ပေသည်။
ယန်ချန်တယောက် ချောင်းသို့သွားကာ ရေချိုးပြီးပြန်ရောက်ချိန်မှာတော့ ညစာကအသင့်ဖြစ်နေလေပြီ။ ရှုယင်က ယန်ချန်ရဲ့ပန်းကန်ထဲ အသားခြောက်အဖတ်ကြီးတဖက် ခပ်ထည့်ပြီးနောက် စကားစသည်။
“အိမ်ကိုပြန်ပြင်ဖို့က တချို့ပစ္စည်းတွေအတွက် ကျင်းစီရင်စုဆီ ရှင်သွားမှရမယ် အဆင်ပြေရဲ့လား”
သူမမေးလိုသည်က ရှင့်မှာငွေရှိရဲ့လား ဟူ၍ ဖြစ်သည်။
“အင်း.. အဆင်ပြေပါတယ် ကျတော့်မှာရောင်းစရာအချို့ ရှိထားတယ် ငွေစနည်းနည်းရလောက်တယ်”
ရှုယင်က ခေါင်းညိတ်ပြီးနောက် အစားကိုဆက်စားနေသည်။ ယန်ချန်ရှိနေသည့် တရက်နဲ့နေ့တဝက်က သးမတို့သားအမိအတွက် အတော်လေးချောင်လည်သည့် အချိန်များဖြစ်ကာ အသားအရသာကိုမေ့လုနီးပါးဖြစ်နေသည်အား ပြန်သတိရစေသည်။ သူမနောက်ဆုံးအသားစားခဲ့သည်က လွန်ခဲ့တနှစ်ကျော်ကလား မသေချာတော့။
“မနက်ဖန်ကျတော်တစ်ယောက်တည်း သွားလိုက်မယ် နေ့တဝက်ခရီးဆိုပေမယ့် မနက်ဖန်မိုးမချုပ်ခင်တော့ ပြန်ရောက်မှာပါ အစ်မရှုက ဒီနေ့ပါလာတဲ့ တောကောင်အသားတွေကို နေလှန်းပေးပါဦး စိုက်ခင်းကိုတော့ ကျတော်မသွားခင် မျိုးကြဲသွားပေးမယ် နေ့လည်တဖြတ်မှာ ရေနည်းနည်းလောင်းပေးပေါ့”
ယန်ချန်က ရှည်လျားစွာပြောလိုက်သည်။ သူ့အတွက်စီရင်စု သွားခြင်းက တနေကုန်မည်ဖြစ်ပြီး မနက်ခင်းမသွားခင် မျိုးကြဲသွားရဦးမည်။
“ခဏနေ ကျတော်အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ပြင်ပေးခဲ့မယ်”
ယန်ချန်က နောက်ဆုံးညစာကို လက်စသပ်ပြီးနောက် ညစာဝိုင်းမှထွက်လာသည်။ ပြီးနောက် တံခါးမနဲ့ ပြတင်းပေါက်များကို ပြန်လည်ပြုပြင်တော့သည်။
“ဦးဦးယန်က မနက်ဖန်ရွာကြီးကိုသွားမှာလား”
ကလေးမလေးအသံက ယန်ချန်ရဲ့ နောက်ကျောဘက်မှ ပေါ်လာသည်။ ယန်ချန်လည်း အသာလှည့်ကြည့်ပြီးနောက်
“ဟုတ်တယ်ယင်ယင် ဦးဦးမနက်ဖန်အိမ်အတွက် လိုတာတွေသွားဝယ်မလို့လေ သမီးဘာမှာချင်လို့လဲ”
ယန်ချန်ရဲ့မေးခွန်းကိုကြားတော့ စကားတတ်လွန်းတဲ့ ကလေးမလေး အချိန်အနည်းငယ်ကြာ တွေးနေသေးသည်။ ပြီးနောက်
“ဟို.. သကြားတုတ်ထိုးလေး ဝယ်ခဲ့ပေးလို့ရမလား”
“သကြားတုတ်ထိုး”
ထိုအရာက ဇီးသီးကိုသကြားရည်ဖြင့်သုတ်ကာ တုတ်ထိုးထားသည့် စားစရာတမျိုးဖြစ်ပြီး ကလေးများအသည်းစွဲ ဖြစ်သည်။
“ကောင်းပါပြီဗျာ ဦးဦးဝယ်ခဲ့ပေးမယ်နော်”
ယန်ချန့်ဆီကစကားကြားတော့ ကလေးမလေးပျော်သွားပုံရသည်။ ချက်ချင်းပင် ခုန်ပေါက်ပြေးလွှားကာ ထွက်သွားတော့သည်။
ထိုစဥ် ရှုယင်က ယန်ချန်ရှိရာရောက်လာသည်။
“ရှင်လည်းနားတော့လေ မနက်စောစောထရမယ်မဟုတ်လား မနက်စာကိုကျွန်မပြင်ထားလိုက်မယ်”
သူမရဲ့လေသံက စတွေ့ကာစလို ဖျော့တော့မနေပဲ တက်ကြွပြီး အားအင်အချို့ပါဝင်နေမှန်းသိသာသည်။
“ဒီပြတင်းပေါင်တခု လက်စသပ်ပြီးရင် ပြီးပါပြီ ကျတော်နေတဲ့အိမ်လေးကညသိပ်ပြင်စရာမလိုဘူးလေ ဒီတော့အစ်မရှုတို့သားအမိတွက် အိမ်ကိုတော့ သေချာပြင်ပေးပါ့မယ်”
သူ့အတွေးက စီရင်စု၌ ရောင်းချစရာအချို့ရောင်းပြီး အိမ်အတွက်လိုအပ်တာများ ထပ်ဝယ်ပြီးမှ အိမ်ကြီးအားပြင်ရန်ဖြစ်သည်။ သူမတို့သားအမိနဲ့ တအိမ်ထဲနေရန်ကတော့ မဖြစ်နိုင်ပေ။ သူမခွင့်ပြုမည်ဟု သူမထင်။
“ဟုတ်ပါပြီ ဒါဆို ကျွန်မသမီးကို ကိုယ်လက်သန့်စင်ပေးလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သူမပြန်ထွက်သွားသည်။ ယန်ချန်လည်း လုပ်လက်စအလုပ်ကို နောက်ထပ်မိနစ်အနည်းငယ်အကြာ၌ လက်စသတ်ပြီးချိန်မှာတော့ ရှုယင်တို့သားအမိက တခုတည်းသော အိပ်ရာပေါ်၌ လဲလျောင်းကာရှိနေသည်။
“ကျတော်ပြန်တော့မယ် အစ်မရှု”
အိပ်ရာပေါ်ရှိ သွယ်လျတဲ့ ခန္ဓာကိုယ်လေး ဆတ်ခနဲ ဖြတ်သွားသော်လည်း နှုတ်ဆက်သံတော့ ထွက်လာသေးသည်။
“ဟုတ်ကဲ့ ကောင်းကောင်းအနားယူပါ”
ယန်ချန် အိမ်ထဲကထွက်ပြီး အပြင်ရောက်တော့ ပတ်ဝန်းကျင်က အတော်လေး မှောင်နေချေပြီ။ ကောင်းကင်၌ မည်သည့်ကြယ်မှမရှိပဲ မိုးအုံ့နေသည်ဟု သူထင်နေသည်။ မိုးတော့မရွာနိုင်ပေ။ မိုးတွင်းမှမဟုတ်ပဲ။
သူနေတဲ့ အိမ်လေးဆီရောက်တော့ ဆီီမီးကိုထွန်းကာ သူသိမ်းထားသည့် တောကောင်အစွယ်များ အရိုးများ ဆေးပင်များကို သေချာထုတ်ပိုးသည်။ မနက်မှဆိုလျှင် ပြာယာခတ်နေရပေလိမ့်မည်။ ခန့်မှန်း ည၉နာရီဝန်းကျင်ချိန်မှာတော့ ယန်ချန်တစ်ယောက် သေးငယ်တဲ့ ကုတင်လေးပေါ်လှဲချကာ အနားယူလိုက်တော့သည်။
ဒီလောကထဲရောက်တာ ၅နှစ်ပြည့်ခဲ့ပြီ။ ကျင့်ကြံနိုင်ရန်အတွက် စနစ်မှပေးတဲ့တာဝန်ကို သူအောင်မြင်ပါ့မလား မသေချာပေ။ စီရင်စုကြီးမှာတော့ ကျင့်ကြံသူများရှိနိုင်ပြီး ထိုသူများကိုမဆွဲဆောင်မိစေရန် သူကြိုးစားရဦးမည်။
ဟင်း…
တဆင့်ချင်းပေါ့..။ ငါသာမြို့တခုခုမှာအခြေချမယ်ဆိုရင် အန္တရာယ်က ဒီထက်ပိုစောစောတွေ့နိုင်ချေများတယ်။ တောစပ်မှာနေပြီး တောကောင်ရိုင်းတွေဝင်တာလောက်ကတော့ ငါ့အတွက် အသေးအမွှားပါ။
ယန်ချန်က ကျင့်ကြံသူမဟုတ်သော်လည်း တိုက်ခိုက်ရေးများကိုတော့ နည်းအစုံ၌ နတ်ဘုရားအဆင့်ဖြစ်နေလေပြီ။ ထို့ကြောင့် ကျင့်ကြံသူမဟုတ်သရွေ့ မည်သည့်အရာကိုမှ သူမကြောက်ပေ။
အတွေးများက ဟိုဒီကူးလားခေါက်တုန်ဖြစ်ပြီးမကြာခင် ယန်ချန်အိပ်ပျော်သွားတော့သည်။ လျှပ်စစ်မီးမရှိ ဖုန်းမရှိ ခေတ်ပေါ်နည်းပညာ တခုမှမရှိသည့် ဤလောက၌ သူအသားကျနေလေပြီ။