စီရင်စုသို့
Vol. 1 Ch. 9
နောက်တနေ့မနက်မှာတော့ ယန်ချန်တစ်ယောက် ရှုယင်တို့ခြံဘက် ကူးလာပြီးနောက် မျိုးစေ့များကြဲရန် စတင်တော့သည်။ အဓိကအားဖြင့် မနေ့က မြေဆွထားသည့် နေရာများ၌ မျိုးကြဲခြင်းဖြစ်ပြီး ထိုအရာများလုပ်နေချိန် နေပင်မထွက်သေးချေ။
ရှုယင်ကား နိုးနေပြီး မနက်စာပြင်ဆင်နေသည်။ ယန်ချန်ရောက်လာသည်ကို မြင်လျှင် ပြုံး၍နှုတ်ဆက်သည်။
“စီရင်စုသွားမယ်မဟုတ်လား မနက်စာစားသွားလိုက်ပါ”
“ကောင်းပြီအစ်မရှု”
ယန်ချန်လည်း နေအနည်းငယ်ထွက်စပြုနေချိန်၌ မျိုးကြဲ၍ ပြီးစီးသွားပြီး ချောင်းငယ်သို့သွား၍ ရေချိုးသည်။ ပြီးနောက် ရှုယင်ပြင်ဆင်ထားသည့် မနက်စာကိုစားတော့သည်။
“အစ်မရှု သီးသန့်မှာလိုတာရှိသေးလား”
ယန်ချန်ရဲ့အမေးကို အစ်မရှုက အတန်ကြာစဥ်းစားပြီးနောက် ပြန်ဖြေသည်။
“ဆေးအချို့တော့လိုမယ် တခုခုဆို အဆင်ပြေတာပေါ့ ကျွန်မက ဆေးပညာနားမလည်ဘူးရယ်”
“ကျတော်နားလည်ပါတယ် အဲ့ကိစ္စအတွက်ဆို အစ်မရှု ဘာမှစိတ်မပူနဲ့”
ယန်ချန်ရဲ့စကားကြောင့် ရှုယင်မှင်သက်သွားသည်။ ဒီအသက်နှစ်ဆယ်အရွယ် လူငယ်လေးက ဆေးပညာကိုပါ နားလည်နေသည်တဲ့လား။ ခရိုင်ကြီးများတွင်ဆို ဆေးပညာတတ်ကျွမ်းနားလည်ထားသူများက အတော်လေးအရေးပါသည်။ ကျင့်ကြံသူများက အချင်းချင်းရက်စက်သော်လည်း ဆေးပညာရှင်များကိုတော့ လေးစားကာချွင်းချက်ထားကြသည်။
“ရှင်က ကျင့်ကြံသူပဲလား”
ရှုယင်ရဲ့အမေးကိုကြားတော့ ယန်ချန်က စိတ်ဓာတ်ကျစွာခေါင်းယမ်းပြသည်။ ငါလည်း ကျင့်ကြံသူဖြစ်ချင်တာပေါ့ သောက်ချေးစနစ်က ဟူးး. ထားလိုက်ပါ။
“မဟုတ်ပါဘူး ကျတော့်ဆရာက ဆေးပညာအချို့ သင်ပေးထားတာပါ သာမန်ဖျားနာတာလောက်ကတော့ ကျတော်ကုနိုင်ပါတယ်”
“အင်း.. ကျင့်ကြံသူတွေက အသက်ရှည်ရှည်နေကြရတယ် ဆိုပေမယ့် လူတိုင်းကျင့်ကြံနိုင်တာတော့ မဟုတ်ပါဘူးလေ”
ရှုယင်တစ်ယောက် တွေးတွေးဆဆ ဆိုသည်။ တဖက်တွင် စကားဝိုင်းကို စိတ်ဝင်တစားနားထောင်နေသည့် ယင်ယင်က
“ဦးဦးယန် သမီးအတွက် သကြားတုတ်ထိုးနော်”
ယန်ချန်ရဲ့ အသာပြုံးပြီးနောက် ပြန်ဖြေသည်။
“စိတ်ချပါ ဦးဦး သေချာပေါက်ဝယ်ခဲ့မယ် ဟုတ်ပြီလား သြော်ဒါနဲ့ ကျင်းစီရင်စုအကြောင်း ပြောပါဦး”
ယန်ချန်က တလက်စတည်း ရှုယင်ကိုပါ သူသိလိုသည်အား မေးလိုက်သည်။ ရှုယင်က
“ကျင်းစီရင်စုမှာ ဖန်းမိသားစု ကျန်းမိသားစု နဲ့ မင်းမျိုးအနွယ် မိသားစုတစုဆိုပြီး အင်အားစုသုံးစုရှိတယ် သူတို့က ကျင်းစီရင်စုတခုလုံးရဲ့ စီးပွားရေးကိုထိန်းချုပ်ထားကြတာလေ”
ယန်ချန်ထင်တဲ့အတိုင်းပင် မိသားစုကြီးများ ဂိုဏ်းကြီးများရှိနေသည်။
“ကျင့်ကြံရေးဂိုဏ်းတွေကော ရှိသေးလား”
“မရှိဘူး ဒါပေမယ့်စီရင်စုကနေ မိုင်၂၀၀ အဝေးမှာရှိတဲ့ ကျင်းခရိုင်ကြီးမှာတော့ ဂိုဏ်းတွေရှိတယ်လို့ ကျွန်မကြားဖူးတယ် ကျင့်ကြံသူတွေပေါ့ သူတို့က ဖန်း ကျန်းနဲ့ တော်ဝင်မိသားစုတွေကို ထောက်ပံ့ကြတာလေ အရင်ကျွန်မရှိတုန်းက ဖန်းမိသားစုကို ထောက်ခံပေးထားတဲ့ဂိုဏ်းက နေမဝင်မီးတောက်ဂိုဏ်းတဲ့ အလယ်အလတ်အဆင့်လို့ကြားတယ်”
သူမက ဖန်းမိသားစုအကြောင်းပြောနေချိန် မျက်နှာက ညှိုးငယ်နေသည်။ ဖန်းတချန် သေဆုံးပြီးနောက် ဖန်းမိသားစုအတွင်း သူမဘဝက ခက်ခဲလောက်ပေမည်။ အထူးသဖြင့် မိန်းမများကိုတပ်မက်စိတ် ပြင်းပြသည့် ဖန်းဟိုင်လို ခယ်အိုရှိနေသည်က ပိုဆိုးသည်။
“ဒါဆို မိသားစု၃ခု မှာကျင့်ကြံသူမရှိဘူးပေါ့”
“မရှိလောက်ဘူး ရှိရင်လည်း ထိပ်ပိုင်းမိသားစုဝင်တွေပဲ ဖြစ်လိမ့်မယ် ကျွန်မရှိနေတုန်းက ကြားမိသေးတယ် ကျန်းမိသားစုသခင်မလေး ကျင့်ကြံနိုင်ပြီဆိုလားပဲ”
“သြော်.”
လူရာချီရှိသည့် မိသားစုကြီးထဲမှာတောင် ကျင့်ကြံနိုင်သူက လက်ဆယ်ချောင်းမပြည့်ပေ။ ထိုသို့တိုလျှင် စီရင်စုလမ်းမပေါ်၌ ကျင့်ကြံသူများနှင့် ဆုံနိုင်ချေက အလွန်နည်းနေလေပြီ မဟုတ်လော။
“ဒါနဲ့ အစ်မရှုရဲ့ ခယ်အိုက ကျင့်ကြံနိုင်လား”
“ဟင့်အင်း ဒါပေမယ့် သူကသာမန်ထက်တော့ အများကြီးသန်မာတယ် ပြီးတော့ အရမ်းယုတ်မာပြီး အညိုးကြီးတယ် ရှင်သူနဲ့မဆုံရင် အကောင်းဆုံးပဲ”
သူမက ထိတ်လန့်တကြားသတိပေးလာသည်။ လက်ရှိ၌ ဖန်းဟိုင်က သူမနေရာကိုမသိသေးသော်လည်း တချိန်ချိန်သိလာနိုင်သည်။ ထိုသို့ဆိုလျှင် ယန်ချန်နဲ့ ထိတ်တိုက်ဆုံနိုင်သည် ဟုသူမထင်သည်။ နောက်ဆုံးအဆင်မပြေရင်တော့ သူမတို့သားအမိ နောက်ထပ်တနေရာ ထပ်ပြောင်းရမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုကောင်ကဲ့သို့ လူ့မိစ္ဆာလက်ထဲ ကျရောက်သည်ထက် သေတာကမှ ပိုကောင်းပေမည်။
မနက်စာစားပြီးနောက် ယန်ချန်လည်း ရှုယင်တို့သားအမိကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ရှုယင်ရဲ့ လမ်းညွှန်မှုကြောင့် စီရင်စုသို့သွားရသည့် ခရီးက အခက်ခဲမရှိချေ။