ဆေးပညာရှင်များလား..
Vol. 2 Ch. 11
တာဝန်ခံရှောင်က ဆေးပင်များအားလုံးကိုစုစည်း၍ သင့်တော်သည့် စျေးနှုန်းတခုပေးချေရန် ဆုံးဖြတ်လိုက်သည်။ သူ့အမြင်တွင်တော့ ယန်ချန်ရဲ့ ဆေးပင်များက အဆင့်မြင့်အရည်သွေးကို ပိုင်ဆိုင်ထားပြီး ဆေးပင်များကလည်း စျေးကွက်ထဲ ဝယ်လိုအားကောင်းတဲ့ အရာများဖြစ်နေလေသည်။
ထို့အပြင်ယန်ချန်ရဲ့ ပုံစံအရ ဆေးပညာကို တတ်ကျွမ်းလိမ့်မည်ဟု တာဝန်ခံရှောင်က တွေးထားမိလေသည်။ ထို့ကြောင့် ယန်ချန်နဲ့သာ ဆက်ဆံရေး အဆင်ပြေပါက နောင်တွင်လည်း ကျန်းကုန်သွယ်ရေးအနေဖြင့် တန်ဖိုးကြီး အဆင့်မြင့်ဆေးပင်များကို ယန်ချန်ဆီမှ ဝယ်ယူနိုင်လိမ့်မည်ဟု ယုံကြည်သည်။
“သခင်လေးရဲ့ ဆေးပင်တွေအားလုံးကို ငွေစ၃၀၀၀ နဲ့ စျေးဖြတ်ပေးပါမယ် အဆင်ပြေရဲ့လား”
တာဝန်ခံရှောင်က မေးလာသည်။
“ ငွေစ ၃၀၀၀ လား”
ထိုပမာဏက လူလတ်တန်းစားမိသားစု၏ တနှစ်စာဝင်ငွေထက် ပိုတဲ့ပမာဏဖြစ်ပြီး ထိုပမာဏနဲ့ဆိုလျှင် ယန်ချန်အတွက် လိုအပ်သည့် အရာများဝယ်ရန် လုံလောက်ပါသည်။ စျေးနှုန်းမသင့်တော်မှာကိုတော့ ယန်ချန်မစိုးရိမ်ချေ။ သူ့သိစိတ်အရ ကျန်းကုန်သွယ်ရေးအနေဖြင့် အနိုင်ကျင့်ခေါင်းပုံဖြတ်မည်ဟု မထင်။
“အဆင်ပြေပါတယ် တလက်စ တခြားအရာတွေရောင်းပြီး ငွေအကုန်ပေါင်းပေးလို့ရမလား”
ယန်ချန်ရဲ့သဘောတူညီမှုကို ရသည်နှင့် တာဝန်ခံရှောင်တစ်ယောက် ဝမ်းသာသွားသည်။ ဒီဆေးပင်များက ကျန်းကုန်သွယ်ရေးတခုလုံး၌ပင် ရှားပါးနေသည်မဟုတ်လား။
“စိတ်ချပါ သားရဲကောင်နဲ့ တောဝက်စွယ်အတွက်က ၂၃၀ ဆေးပင်တွေအတွက်က ၃၀၀၀ စုစုပေါင်း ငွေစ ၃၂၃၀ ကို ၃၂၅၀ နဲ့ စျေးဖြတ်ပေးလိုက်ပါ့မယ်”
ယန်ချန်က ခေါင်းညိတ်ပြလိုက်သည်။ တာဝန်ခံရှောင်က ဘေး၌မတ်တပ်ရပ်စောင့်နေသည့် အမျိုးသမီးငယ်အား ပစ္စည်းများ သေချာထုတ်သိမ်းရန် မှာသည်။
“တလက်စ ဒီကသခင်လေး လိုချင်တဲ့ ပစ္စည်းတွေကော ရှိမလား ကျုပ်တို့ကုန်သွယ်ရေးမှာ အတော်များများရနိုင်ပါတယ်”
တာဝန်ခံရှောင်ရဲ့အမေးကို ယန်ချန်က ခေါင်းညိတ်ပြကာ ပြန်ဖြေသည်။
“အမှန်ပဲ ကျတော်ပစ္စည်းအချို့လိုချင်တယ် စာရင်းကို အခုတခါတည်းပေးလိုက်မယ်”
ထိုသို့ပြောပြီးနောက် စာရွက်နဲ့စုတ်တံ တောင်းယူကာ ရှုယင်တို့အိမ်အတွက်လိုအပ်မည်ထင်ရတဲ့ ရိက္ခာများ အဝတ်အထည်များ သာမက အပင်မျိုးစေ့များကို ရေးချကာ ပေးလိုက်သည်။ တာဝန်ခံရှောင်က စာရင့းကိုတချက်ကြည့်ကာ အမျိုးသမီးငယ်ထံ ပေးလိုက်ရင် ယန်ချန်လိုအပ်သည့်စာရင်းအတိုင်း မမှားယွင်းစေရန် အလေးအနက် မှာတော့သည်။
“အချိန်ခဏတော့စောင့်ပေးပါ သခင်လေး ပစ္စည်းတွေက အတော်များများရှိပါတယ်”
“ကိစ္စမရှိပါဘူး ကျတော်စောင့်နိုင်ပါတယ်”
အမျိုးသမီးငယ် အခန်းထဲမှ ထွက်သွားချိန်မှာတော့ တာဝန်ခံရှောင်က စကားအချို့ပြောရင်း ကျင်းစီရင်စုရှိ ကျန်းကုန်သွယ်ရေးအကြောင်း ဆေးပင်များအကြောင်း စကားစပ်ဖြစ်ကြသည်။
“ဒါနဲ့ တခုလောက်မေးလို့ရမလား”
“မေးပါ တာဝန်ခံကြီး”
တာဝန်ခံရှောင်က ခဏမျှ တွန့်ဆုတ်သွားပြီးနောက် မေးလာသည်။
“သခင်လေးက ဆေးပညာတတ်ကျွမ်းသလား”
ဆေးပညာလား။ သေချာပေါက် ကျွမ်းကျင်အဆင့်ဟု သက်မှတ်နိုင်သည်။ သို့သော်လည်း ယန်ချန်ကတော့ ထိုသို့ပြန်မဖြေပဲ နှိမ့်ချစွာ ပြန်ဖြေသည်။
“အနည်းအကျဥ်းတော့ သိထားပါတယ် တာဝန်ခံကြီးက ဘာများအကူညီတောင်းချင်လို့လဲ”
ယန်ချန်ရဲ့အမေးကိုကြားတော့ တာဝန်ခံရှောင်က သတိအနေထားဖြင့် ခါးကိုမတ်မတ်ထားလိုက်သည်။ ပြီးနောက် အခန်းတွင်း အနည်းငယ် ဝေ့ဝဲ ကြည့်ပြီးနောက် တီးတိုးပြောလာသည်။
“ဒီလိုပါသခင်လေး ကျုပ်တို့ကျန်းကုန်သွယ်ရေးလုပ်ငန်းက ကျန်းသခင်မလေး အဆိပ်တမျိုး မိနေတာပါ စီရင်စုနဲ့ အနီးနားက မြို့ကြီးတွေမှာရှိတဲ့ ဘယ်သမားတော်မှ မကုနိုင်ပါဘူး အဲ့ဒါ”
ယန်ချန် တစ်ယောက် ငြိမ်ကျသွားသည်။ အဆိပ်လား…။ အများအားဖြင့် အဆိပ်များကို သဘာဝအဆိပ်နှင့် ဆေးပညာရှင် အဆိပ်ပညာရှင်များ ဖန်တီးထားသည့် လူလုပ်အဆိပ်ဟူ၍ ခွဲခြားထားသည်။ ယန်ချန်အတွက်ကတော့ စနစ်ထံမှ သင်ကြားမှုက နတ်ဘုရားအဆင့်ဖြစ်၍ အဆိပ်များကို ကုသရန်စိုးရိမ်စရာမရှိချေ။
ယန်ချန်တစ်ယောက် တွေးနေသည်ကို ကြည့်ကာ တာဝန်ခံရှောင်က ဆက်ပြောလာပြန်သည်။
“အဆိပ်ရဲ့ လက္ခဏာက ထူးခြားပါတယ် သူက အရေပြားပေါ်မှာ မီးလောင်ဖုလို အဖုအပိမ့်တွေ ထွက်လာပြီး တကိုယ်လုံးယားယံနေတာပါ ကုတ်လိုက်ရင်လည်း ပြည်လိုအရည်တွေ ထွက်ပြီး လေတိုက်ရင်တောင် အနာက စပ်ဖျဥ်းဖျဥ်းခံစားရတယ်လို့ သိထားပါတယ်”
ယန်ချန်က အတန်ကြာ ဆက်စဥ်းစားနေသည်။ တာဝန်ခံရှောင်ပြောသည့် လက္ခဏာအတိုင်းဆိုပါက မီးအဆိပ်သင့်နေခြင်းဖြစ်ပြီး အများအားဖြင့် ထိုအဆိပ်က ယင်ဓာတ်များသည့် အမျိုးသမီးထံ၌ ပို၍ အကျိုးအာနိသင်များပေသည်။ စနစ်ရဲ့ ဆေးပညာသင်ကြားမှုထဲမှာတော့ မီးအဆိပ်သင့်မှုကို ကုသရန် နည်းလမ်းများစွာ ဖော်ပြထားပြီး မည်သည့်နည်းလမ်းကို သုံးမည်ဆိုတာကတော့ လူနာ၏ အဆိပ်သင့်လက္ခဏာကို စစ်ဆေးရန်လိုမည်။
“အင်း… လက္ခဏာကို အကြမ်းဖျဥ်းဆုံးဖြတ်ရရင်တော့ မီးအဆိပ်သင့်တာပဲ သေချာအောင် လူနာကိုစစ်ဆေးဖို့လိုမယ်”
ယန်ချန့်စကားဆုံးတော့ တာဝန်ခံရှောင်ရဲ့ မျက်လုံးအစုံက တောက်ပသွားသည်။ လူနာ၏ လက္ခဏာအနည်းငယ်ကို သိရုံဖြင့် ရောဂါခွဲပြနိုင်သည်ဆိုလျင် ထိုသူကို ဆေးပညာရှင်ဟု သက်မှတ်နိုင်သည်။
“သခင်လေး ကုသပေးနိုင်မလား ဆေးကုသစရိတ်ကိုတော့ သခင်လေးမနစ်နာစေရပါဘူး”
တာဝန်ခံရှောင်က အားတက်သရော မေးလာသည်။ ယန်ချန်လည်း ကုသပေးရန်သင့်မသင့် တွေးနေမိသည်။ တဖက်သူက ကျန်းသခင်မလေးဆိုလျှင် သေချာပေါက် ကျင့်ကြံသူဖြစ်ပေမည်။ သူရဲ့အဆိပ်ကုသနည်းလမ်းက ကျင့်ကြံသူအပေါ် ထိရောက်မှုရှိမရှိ မသေချာ။ သို့သော်လည်း တဖက်မှာတော့ ကုသနိုင်ခဲ့ပါက ကျန်းမိသားစု၏ ရင်းနျီးမှုကို ရနိုင်မည်ဖြစ်ကာ ကျင့်ကြံသူမိတ်ဆွေလည်း ရလာမည်ဖြစ်၍ အကျိုးမြတ်က ကြီးမားလေသည်။
“ကျတော် တချက်စစ်ဆေးကြည့်ပါမယ် ကုသလို့ရမရ ကျတော်အာမ မခံနိုင်ဘူးနော်”
ကြိုတင်၍ ကာပြောထားရသည်။ မဟုတ်လျှင် တဖက်သူက မိမိအပေါ် အပြစ်မြင်လာနိုင်သည်။
“ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး သခင်လေးရဲ့ ဆေးပညာအမြင်အရ ဒီအဆိပ်ရောဂါကို သခင်လေး ကုသနိုင်လိမ့်မယ်လို့ ကျုပ်ယုံပါတယ် သခင်လေးလက်ခံမယ်ဆိုရင် အိမ်တော်ကို အကြောင်းကြားလိုက်ပါဦးမယ်”
တာဝန်ခံရှောင်ရဲ့ပုံစံက ဆယ်ကျော်သက်လူငယ်လို တက်ကြွနေပြီး ယန်ချန့်ဆီမှ သဘောတူညီမှုရသည်နှင့် ချက်ချင်းပင် အိမ်တော်ကိုအကြောင်းကြားတော့သည်။
ကျန်းမိသားစု အိမ်တော်ဝင်း…
ကျန်းမိသားစုအိမ်တော်ရဲ့ အဓိကခန်းမကျယ်ထဲမှာတော့ အိမ်တော်ခေါင်းဆောင် အကြီးအကဲများနဲ့ အရေးပါတဲ့လူအချို့ စုဝေးကာ ဆွေးနွေးနေကြသည်။ သူတို့အပူတပြင်း ဆွေးနွေးနေကြသည့်အရာကတော့ ကျန်းသခင်မလေးတဖြစ်လဲ အိမ်တော်ခေါင်းဆောင်၏ ရင်နှစ်သည်းခြာ သမီးဖြစ်သူရဲ့ အဆိပ်ကို ကုသပေးရန်ဖြစ်သည်။
“အကြီးကဲ၃ တုံဟွမ်စီရင်စုက ဆေးဆရာကိုပင့်ဖိတ်လို့ရခဲ့လား”
အိမ်တော်ခေါင်းဆောင်ရဲ့အမေးကိုကြားတော့ အကြီးကဲ၃ ဆိုသူက ခေါင်းယမ်းပြသည်။
“မရခဲ့ဘူး မီးအဆိပ်ကို ကုသတဲ့နည်းလမ်းက ရှားပါးပြီးခက်ခဲလို့ သူ့အနေနဲ့ ကုသနိုင်မယ်လို့ အာမမခံဘူးပြောတယ် နောက်ပြီး ပိုဆိုးတာက ကုသစရိတ်ကို ကျုပ်တို့မတတ်နိုင်တာပဲ”
ခန်းမကျယ်ကြီးက တိတ်ဆိတ်သွားပြန်သည်။ အချိန်ခဏကြာတော့ အခြားအကြီးကဲတဦးက
“ကျင်းခရိုင်က ဆေးဆရာတွေကို ဖိတ်မယ်ဆိုရင်ကော”
ထိုအကြီးကဲ၏စကားကို အိမ်တော်ခေါင်းဆောင်က တိုက်ရိုက်ပင် ပယ်ချလိုက်သည်။
“မဖြစ်နိုင်ဘူး စီရင်စုတွေမှာရှိတဲ့ ဆေးဆရာတွေတောင်းဆိုတာကိုတောင် ကျုပ်တို့မတတ်နိုင်တာ ခရိုင်အဆင့် ဆေးဆရာဆိုရင်တော့ ပိုဆိုးတော့မှာပေါ့ ကျုပ်စိုးရိမ်တာက သမီးလေးရဲ့ အတွင်းစည်းတပည့် ဆက်ဆံရေးကာလကို လွဲချော်မယ့်ကိစ္စပဲ အဲ့ကိစ္စက ကျုပ်တို့အိမ်တော်တခုလုံးအတွက် အရေးကြီးတယ်”
အိမ်တော်ခေါင်းဆောင်ရဲ့စကားကို အခြားသူများက အားတက်သရော ထောက်ခံကြသည်။
“ဟုတ်တယ် အတွင်းစည်းအကဲဖြတ်ကာလက အရေးကြီးတယ် သခင်မလေးပါဝင်မှဖြစ်မယ်”
“သခင်မလေးသာ အတွင်းစည်းတပည့်ဖြစ်ရင် တေးသံသာဂိုဏ်းရဲ့ ထောက်ပံ့မှုကို ကျုပ်တို့ရနိုင်ပြီ ဒါဆို ဖန်းမိသားစုနဲ့ ယှဥ်ပြိုင်ရမှာ အားသာချက်တွေ ရှိလာလိမ့်မယ်”
အိမ်တော်ခေါင်းဆောင်၏ဇနီးဖြစ်သူက စိုးရိမ်သောကများနေသည့် လေသံဖြင့်ဝင်ပြောလာသည်။
“ဒါဆို ကျွန်မတို့ သမီးလေးကို ဒီတိုင်းထားလိုက်ရမှာလား အကဲဖြတ်ကာလက လဝက်ပဲလိုတော့တယ် ကျွန်မကတော့ အကဲ ဖြတ်ကာလမီမမီထက် သမီးလေးရဲ့ ရောဂါကို ကုသပေးချင်တာပါ”
ဟူး
ခန်းမကျယ်ကြီးတခုလုံး နောက်တကြိမ် ငြိမ်ကျသွားပြန်သည်။