ကုသခြင်း
Vol. 2 Ch. 12
“အဆိပ်ရဲ့လက္ခဏာအရ မီးအဆိပ်သင့်တာဆိုပေမယ့် သခင်မလေးရဲ့ ယင်ဓာတ်ကြောင့် အဆိပ်ကို အပြတ်ပျောက်ကင်းအောင် ကုသဖို့ကခက်လိမ့်မယ် ကျုပ်လိုဆေးပညာအိုကြီး မကုသပေးနိုင်တာ မျက်နှာပျက်ရပါတယ်”
ထိုသို့ပြောလိုက်သူက ကျန်းအိမ်တော်ရဲ့ အဓိကဆေးဆရာ ကျန်းရှောင်ဖြစ်ပြီး ထိုသူက ကျန်းမိသားစုတခုလုံးရဲ့ ကျန်းမာရေး ဆေးလုံးများကို ဖော်စပ်ကုသပေးရသူဖြစ်သည်။
“မဟုတ်တာရှင် အကြီးကဲလည်း တက်တက်ကြွကြွ ပူးပေါင်းပေးခဲ့တာပဲ သမီးလေးခံစားနေရတဲ့ အဆိပ်ဒဏ်ကိုက ပြင်းလွန်းနေတာပါ”
အိမ်တော်ခေါင်းဆောင်ရဲ ဇနီးဖြစ်သူက ဝင်ရောက်ပြောဆိုသည်။
“ပြိုင်ပွဲနီးကာမှ ဒီလိုဖြစ်ရတယ်လို့ ဒီကိစ္စက သေချာပေါက်မရိုးရှင်းဘူး ကျုပ်သေချာစုံစမ်းရမယ် တခုခုသိရလို့ကတော့ ဟမ့်”
အကြီးကဲ၁၏ ကြိမ်းဝါးမှုကို ကျန်တဲ့သူများကလည်း လက်ခံဟန်ဖြင့် ငြိမ်သက်နေကြသည်။ ကျန်းသခင်မလေးဆိုသူကား မည်သူနည်း။ ကျင့်ကြံသူရှားပါးတဲ့ ကျန်းအိမ်တော်တခုလုံး၌ ပထမဆုံးကျင့်ကြံသူ အရည်သွေးပါလာခဲ့ပြီး ပါရမီအရလည်း ကျန်းသခင်မလေးက ဖန်းမိသားစုသခင်လေး ဖန်းစုန့်ထက် မနိမ့်ချေ။
ထို့ကြောင့်လည်း ကျင်းစီရင်စု၌ အိမ်တော်နှစ်ခု အားပြိုင်မှုက သူမသာကိုယ်မသာ ဖြစ်နေခဲ့ရပြီး ကျန်သခင်မလေးအဆိပ်သင့်ရခြင်း နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အတွင်းစည်းတပည့်ဖြစ်မလာပါက တဖက်ဖန်းမိသားစု သခင်လေး ဖန်းစုန့်ကိုမီ၍ ဖန်းအိမ်တော်က သေချာပေါက် ဖိနှိပ်တော့မည်ဖြစ်သည်။ ဖန်းစုန့်က ဓားတစ်ထောင်ဂိုဏ်း၌ အတွင်းစည်းတပည့် ဖြစ်ရန် လက်တကမ်းအလိုရောက်နေပြီး ကျင့်ကြံမှုအရလည်း ချီစုဆောင်းခြင်း အထွဋ်အထိပ်ဖြစ်ကာ ရွှေအမြူတေကိုသာ ထိုးဖောက်နိုင်ပါက ပင်မတပည့်အဆင့်ကို ရောက်သွားတော့မည်။
ထိုသို့ကြီးမားတဲ့အားသာချက်ကိုသုံး၍ ဓားတစ်ထောင်ဂိုဏ်း နောက်ခံဖြင့် ဖိအားပေးလာပါက အပြင်စည်းတပည့်သာဖြစ်သေးသည့် ကျန်းသခင်မလေးကို တေးသံသာဂိုဏ်းက ထောက်ပံ့ပေးရန်မဖြစ်နိုင်ချေ။ မည်သည့်ဂိုဏ်းကမှ အပြင်စည်းတပည့်တဦးအတွက်နဲ့ ဂိုဏ်းအချင်းချင်း စစ်ပွဲစတင်လေ့မရှိခဲ့။
ခန်းမတခုလုံး အတွေးကိုယ်စီဖြင့် လေးနက်နေစဥ်မှာပဲ သတင်းပို့သူရောက်ရှိလာသည်။
“အိမ်တော်ခေါင်းဆောင် ဝင်ခွင့်ပြုပါ အထူးသတင်းပို့စရာရှိပါတယ်”
အိမ်တော်အပြင်ဘက်မှအသံကြောင့် အိမ်တော်ခေါင်းဆောင်ဖြစ်သူ ကျန်းထန်လည်း သတိပြန်ဝင်လာသည်။ အထူးသတင်းတဲ့လား ငါ့သမီးထက်ဘယ်ဟာကများ အရေးကြီးလို့လဲ။
အိမ်တော်ခေါင်းဆောင်က ခွင့်ပြုရန် တွေဝေနေစဥ် သူ့ဇနီးက ကြားဖြတ်ကာပြောလိုက်သည်။
“ဝင်ခဲ့”
လက်ရှိမှာတော့ သမီးဖြစ်သူကို ကုသရန်အလျင်လိုနေပြီး ဖြစ်နိုင်သမျှ ရနိုင်သမျှ သတင်းများ နည်းလမ်းများကို ကြိုးစားရမည်ဖြစ်သည်။
သတင်းပို့သူက ခန်းမထဲဝင်ရောက်လာပြီး အိမ်တော်ခေါင်းဆောင်ဖြစ်သည့် ကျန်းထန်ထံ တိုက်ရိုက်သတင်းပေးပို့လိုက်သည်။
“ကုန်သွယ်ရေးဒုတာဝန်ခံရှောင်က သခင်မလေးကို ကုသပေးဖို့ ဆေးဆရာတဦးပင့်ဖိတ်လာမယ့်အကြောင်း ကြိုအကြောင်းခိုင်းထားတာပါ”
“ဘာ…”
“သခင်မလေးကို ကုဖို့ဟုတ်လား”
“ဘယ်သူလဲ…ဘယ်ဆေးဆရာလဲ”
“သူက ဘယ်မြို့ကလဲ”
ခန်းမတခုလုံး ပွက်လောရိုက်သွားတော့သည်။ ကျန်းထန်က လက်ပြကာ ပွက်လောရိုက်မှုကို တားဆီးလိုက်သည်။ ပြီးနောက် သတင်းပို့သူကို သေချာအောင်ပြန်မေးတော့သည်။
“မင်း သေချာလား”
“ သေချာပါတယ် သခင်ကြီး ဒီမနက်ကပဲ ကုန်သွယ်ရေးကို ဆေးပညာရှင်တဦး ဆေးပင်တွေလာရောက် ရောင်းချရင်း သခင်မလေးရောဂါကို ကုသလို့ရမရ တာဝန်ခံကမေးမြန်းခဲ့ပါတယ်”
သတင်းပေးပို့သူက ခဏတိတ်သွားပြန်သည်။
“မင်း..တခါတည်းဆက်ပြောလို့ မရဘူးလားကွ”
ကျန်းထန်စိတ်မရှည်တော့ ဒီသတင်းက သူတို့အတွက် အလွန်အရေးကြီးသည်မဟုတ်လား။
“ပြော..ပြောပါ့မယ် သခင်ကြီး ဖောက်သည်ဖြစ်တဲ့ ဆေးပညာရှင်က သခင်မလေးရဲ့ ရောဂါလက္ခဏာကိုကြားတော့ အဆိပ်အကြောင်း ခွဲခြမ်းစိတ်ဖြာပြပြီး ရောဂါလက္ခဏာကို သေချာသိရဖို့ လူနာကို တိုက်ရိုက်စစ်ဆေးပြီးရင် ကုသနိုင်ချေ ရာနှုန်းမြင့်တယ်လို့ ပြောပါတယ်”
သတင်းပေးပို့သူရဲ့စကားဆုံးတော့ ခန်းမတခုလုံး သက်ပြင်းချသံများ စိတ်ကျေနပ်မှုများဖြင့် ပြည့်သွားတော့သည်။
“ကောင်းတယ် ကောင်းတယ် အဲ့ဆေးပညာရှင်သာ ကုသပေးနိုင်မယ်ဆိုရင် ကျန်းမိသားစု စည်းစိမ်တခုလုံးကုန်ပါစေ ငါအကုန်ခံနိုင်တယ်”
ကျန်းထန်ရဲ့ အားတက်သရောစကားကို တခြားသူများကလည်း ဝင်ရောက်ထောက်ခံ ပြောဆိုကြသည်။
“သွား… အဲ့ဆေးပညာရှင်ကို အမြန်ဖိတ်ခဲ့လို့ တာဝန်ခံရှောင်ကိုပြောလိုက် လိုအပ်မယ်ထင်တာတွေအကုန် အိမ်တော်က ပြင်ဆင်ထားပေးမယ်”
အိမ်တော်ခေါင်းဆောင် ကျန်းထန်ရဲ့စကားဆုံးတော့ သတင်းပို့သူက ဦးညွတ်နှုတ်ဆက်ကာ ခန်းမထဲမှ ပြန်ထွက်ခွာသွားတော့သည်။ ထိုအချိန် ကုန်သွယ်ရေးခန်းမထဲမှာတော့ ယန်ချန်က သူမှာယူထားသည့် ပစ္စည်းများကိုစောင့်ရင်း တာဝန်ခံရှောင်ဦးဆောင်မှုဖြင့် ကုန်သွယ်ရေးခန်းမကို လှည့်ပတ်ကြည့်ရှုနေလေသည်။
“ဒီအထပ်က လက်နက်အရောင်းတွေပါ အဆင့်နိမ့်လက်နက်ကစ အဆင့်မြင့်လက်နက်ထိရှိပြီး ဝိဉာဥ်လက်နက်အနည်းငယ်ကိုလည်း ရောင်းချထားပါတယ် အဲ့ထက်မြင့်တာတော့ ကျုပ်တို့ဆီမှာ မရှိပါဘူး”
ယန်ချန်က တာဝန်ခံရှောင်ရဲ့စကားကို တိတ်တဆိတ်နားထောင်နေပြီး လက်နက်များကို တခုပြီးတခု စစ်ဆေးနေလေသည်။
ဟမ့်.. အဆင့်မြင့်လက်နက်တွေကလည်း အကြမ်းထည်ဆန်လိုက်တာ ဒါတွေက လက်နက်ထုလုပ်ရင်း မအောင်မြင်လို့ စွန့်ပစ်ထားတဲ့ လက်နက်တွေလောက်တောင် မကောင်းဘူး။
ယန်ချန်တယောက် စိတ်ပျက်နေသည်။ စနစ်ရဲ့အကဲဖြတ်မှုမှာ နတ်ဘုရားအဆင့်ရထားတဲ့ သူ့ရဲ့လက်နက်ပြုလုပ်တဲ့ အရည်ချင်းက မေးခွန်းထုတ်စရာမလိုချေ။
ယန်ချန်က ဓား လှံ ဒူးလေးနဲ့ လက်နက်မျိုးစုံကို တခုပြီးတခုစစ်ဆေးကြည်ရင်း ဦးခေါင်းကလည်း အဆတ်မပြတ်ခါယမ်းနေတော့သည်။ ထိုအမူရာကိုမြင်လျင် တာဝန်ခံရှောင်လည်း နားမလည်ဟန်ဖြစ်နေရသည်။ ဒီသခင်လေးက ဝိဉာဥ်လက်နက်တွေကိုတောင် သဘောမကျဖြစ်နေတာလား။ အဲ့ဒါက ဝိဉာဥ်လက်နက်လေ ကျင်းခရိုင်လိုနေရာမျိုးမှာတောင် အရေတွက်က ဆယ်ဂဏန်းမပြည့်ဘူး။ သူမသိတာက ယန်ချန်ရဲ့အရည်အချင်းဖြစ်သည်။