အခန်း (၁၃)
Vol. 2 Ch. 13
တာဝန်ခံရှောင်က ကုန်သွယ်ရေးခန်းမ တထပ်စီရှိ ကုန်ပစ္စည်းများကို စိတ်ရှည်လက်ရှည် လိုက်လံပြသရင်း တဖက်တွင်လည်း ယန်ချန်ရဲ့ တည်ငြိမ်တဲ့ အနေထားအပြုအမူတို့ကို သဘောကျနေခဲ့သည်။
အနှီလူငယ်က အသက်အရွယ်နဲ့မလိုက် တည်ငြိမ်လွန်းပြီး ကျင့်ကြံသူတယောက်ရဲ့ အရှိန်အဝါကို မပိုင်ဆိုင်ထားသော်လည်း သာမန်လူများအနားကပ်ဖို့ နှစ်ခါပြန်စဥ်းစားစေမည့် ဟန်ပန်ရှိလေသည်။
“ဒီအထပ်ကတော့ ဆေးဝါနဲ့ပက်သက်တာတွေ ထားတဲ့အထပ်ပါ သခင်လေးစိတ်ကြိုက်လေ့လာပါ”
ယန်ချန်လည်း ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး စင်ပေါ်၌ အစီအရီတင်ထားသည့် ဆေးပင်များ ဆေးမြစ်များ ဆေးလုံးများမှာ မျက်စိပဒေသ ရှိသော်လည်း အရည်အသွေးကတော့ အလွန်နိမ့်ကျသည်ဟု ထင်သည်။
ထိုချိန်မှာပဲ ဧည့်ကြိုအမျိုးသမီးငယ်လေး ပြန်ရောက်လာပြီး သူမနဲ့အတူ ကျန်းအိမ်တော်ကိုသတင်းသွားပို့သည့်သူလည်း အတူပါလာလေသည်။ တာဝန်ခံရှောင်က ပစ္စည်းများသိမ်းထားသည့် သိုလှောင်လက်စွပ်ကို ယန်ချန့်ထံ တလေးတစားကမ်းပေးရင်း ဆိုသည်။
“သခင်လေး အိမ်တော်ကိုသတင်းပို့ပြီးပါပြီ သခင်လေးအဆင်ပြေမယ်ဆိုရင် ကျန်းသခင်မလေးကို ကုသပေးဖို့ ကျုပ်နဲ့အတူလိုက်ခဲ့ပေးပါ”
ယန်ချန်က ခေါင်းညိတ်ပြလိုက်ပြီး လက်စွပ်ကိုအသာယူကြည့်သည်။ ဒါ သိုလှောင်လက်စွပ်လား။ စနစ်မှ ကျင့်ကြံရေးလောကရှိ ပစ္စည်းများနဲ့ပက်သက်၍ သင်ပြပေးဖူးသော်လည်း ယန်ချန်တွင် သိုလှောင်လက်စွပ်မရှိပဲ စနစ်ရဲ့သိုလှောင်ခန်းကိုသာ တိုက်ရိုက် သုံးနေရခြင်းဖြစ်သည်။ ယန်ချန် လက်စွပ်ကိုကြည့်နေတာမြင်တော့ တာဝန်ခံရှောင်က ပြောသည်။
“သခင်လေး ဒီလက်စွပ်ပေါ် သွေးတစက်ချလိုက်ရင် ရပါပြီ”
“ကောင်းပြီ”
လက်ချောင်းထိပ်ကို ကိုက်ဖောက်ကာ သွေးတစက်ချလိုက်သည်။ စက္ကန့်ပိုင်းအကြာမှာပဲ လက်စွပ်နဲ့ချိတ်ဆက်မိသွားခဲ့ပြီး အထဲမှာတော့ ၅မီတာပတ်လည်အကျယ် ရှိနေသည်။ ထိုအထဲမှာတော့ ယန်ချန်မှာယူထားသည့် အရာများအပြင် ရောင်းရတဲ့ငွေစများကိုပါ တပါတည်း ထည့်သွင်းပေးထားလေသည်။ ယန်ချန်က ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကောင်းကင်ကို တချက်ကြည့်သည်။ နေ့လည် ၂နာရီဝန်းကျင်ရှိနေပြီဖြစ်၍ ကျန်းအိမ်တော်ကိုသွားလိုပါက ချက်ချင်းသွားမှသာ အပြန်မမှောင်ခင် ရွာပြန်ရောက်လိမ့်မည်ဟု တွေးမိလိုက်သည်။
ယန်ချန်နဲ့အတူ ဒုတာဝန်ခံရှောင် လိုက်ပါလာပြီး မိနစ်အနည်းငယ်ကြာ သွားပြီးနောက်မှာတော့ ကျယ်ဝန်းတဲ့အိမ်တော်ကြီးတခုဆီ ရောက်လာတော့သည်။ တာဝန်ခံရှောင်မှ သတင်းကြိုပို့ထားတဲ့အတွက် အစောင့်များက စစ်ဆေးမှုမလုပ်တော့ပဲ တိုက်ရိုက်ဝင်စေသည်။ ယန်ချန် ခန်းမထဲရောက်တော့ သက်လတ်ပိုင်းအရွယ် သက့ကြီးပိုင်းအရွယ် အမျိုးသား အမျိုးသမီးတစုကို တွေ့လိုက်ရပြီး ယန်ချန်ရဲ့ကိုတွေ့သည်နှင့် ထိုလူစုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသည့် အမျိုးသားကြီးက နှုတ်ဆက်လာသည်။
“ဒီသခင်လေးက တာဝန်ခံရှောင်ပြောတဲ့ ဆေးဆရာများလား ကျတော်က ကျန်းအိမ်တော်ခေါင်းဆောင် ကျန်းထန်ပါ”
တဆက်တည်း သူ့အနားရှိ အခြားသူများကိုလည်း မိတ်ဆက်ပေးလေသည်။ ယန်ချန်က အသိမှတ်ပြုဟန် ခေါင်းညိတ်ပြလိုက်ပြီး လိုရင်းကိုသာ တန်းပြောလိုက်သည်။
“ကျန်းသခင်မလေး အဆိပ်မိထားတယ်ဆိုလို့ လာစစ်ဆေးကြည့်တာပါ ကျတော့်မှာအချိန်သိပ်မရလို့ အခုပဲစစ်ဆေးမှုစလိုက်လို့ရမလား”
ယန်ချန့်ရဲ့အမေးကိုကျန်းထန်က ချက်ချင်းတုန့်ပြန်သည်။
“ရပါတယ် ရပါတယ် သမီးလေးက အနောက်ဘက် အဆောင်မှာပါ ကြွပါသခင်လေး”
“ကောင်းပြီ”
ကျန်းထန်က ယန်ချန်ကို ဦးဆောင်ရင်း အိမ်တော်အနောက်ဘက်သို့ ခေါ်ဆောင်သွားသည်။ ထိုစဥ် အခြားသူများကတော့ ငယ်ရွယ်လွန်းတဲ့ ယန်ချန်ကိုကြည့်ရင်း အနှီဆေးဆရာလေးက အမှန်တကယ်ကုသနိုင်ပါ့မလား စိုးရိမ်နေကာ မယုံသင်္ကာ ဖြစ်နေကြသည်။
မကြာမီ အိမ်တော်ရဲ့အနောက်ဘက်ရှိ သီးသန့်အခန်းတခုရေဗ့ရောက်သွားသည်။
“ဒီအခန်းပါသခင်လေး အထဲမှာသမီးလေးရှိပါတယ်”
ယန်ချန်က ဦးခေါင်းညိတ်ပြကာ အခန်းထဲဝင်လိုက်သည်။ အခန်းတခုလုံး ဆေးနံ့များ ထုံမွှမ်းနေပြီး အခန်းအလယ်မှာတော့ ကြီးမားသည့် ကုတင်တလုံးရှိကာ ကုတင်ပေါ်၌ အသားရေဖြူဖျော့ကာ ပိန်လှီနေတဲ့ ကောင်မလေးတဦးလဲလျောင်းနေလေသည်။
သူမကိုယ်ပေါ်တွင်လည်း သိသာထင်ရှားသည့် ယားနာကဲ့သို့အနာများ ဖြစ်နေပြီး ထိုအနာများမှ အနံ့ဆိုးများပါ ထွက်နေလေသည်။ ယန်ချန်က အနံ့ဆိုးများကို ဂရုမပြုဟန်ဖြင့် အဆိုပါကောင်မလေးနား ကပ်ကာ လက်ကောက်ဝတ်ကို စမ်းကြည့်သည်။ ပြီးနောက် အနာအချို့ကို စစ်ဆေးသည်။
“သံသယဖြစ်တဲ့အတိုင်း မီးအဆိပ်သင့်နေတာပဲ ပမာဏအရမ်းများတယ် နောက်ထပ် နှစ်ဝက်လောက်ဆို ခဗျားတို့သူ့ကို သေချာပေါက်လက်လွှတ်ရတော့မှာ”
ယန်ချန့်စကားကြားတော့ အနောက်မှလိုက်ပါလာသည့် ကျန်းထန်တယောက် အပြင်းအထန်တုန်လှုပ်သွားသည်။ မီးအဆိပ်ပမာဏ များများမိထားသည်တဲ့လား။ ဘယ်သူကများ တန်ဖိုးကြီးတဲ့ မီးအဆိပ်ပမာဏများများ သုံးနိုင်သနည်း။ ဖန်းအိမ်တော်လား ဖြစ်နိုင်ချေရှိသော်လည်း ယတိပြတ်စွပ်စွဲ၍ မရသေး။ ကျန်းထန်လည်း တုန်လှုပ်နေမှုကို တည်ငြိမ်အောင်ထိန်း၍ ပြန်မေးသည်။
“သခင်လေးကုသပေးနိုင်မလား”
ကျန်းထန်ရဲ့အသံက သိသာစွာတုန်ယင်နေပြီး ထိုလေသံထဲ၌ မျှော်လင့်ခြင်း အားကိုးခြင်းနဲ့ မိဘတို့၏ ချစ်ခြင်းမေတ္တာများကို အလွယ်တကူ ခံစားနိုင်ပေသည်။ အရင်ဆုံးယန်ချန်က ကိုယ့်ကိုမိတ်ဆက်ကာ အဆိပ်ကုသမည့်နည်းလမ်းအချို့ ပြောပြလေသည်။
“ကျတော့်အမည်က ယန်ချန်ပါ ဆေးပညာနည်းနည်း သိထားသင်ထားပါတယ် လက်ရှိလူနာလက္ခဏာအရ မီးအဆိပ်ကို ကျတော်ကုသပေးနိုင်ပါတယ် ဒါပေမယ့် ပမာဏအရမ်းများလွန်းတော့ တခါတည်းပျောက်ကင်းမလား ရက်ရှည်ကုသရမလားဆိုတာကတော့ ကုသပြိးမှ သိရလိမ့်မယ်သခင်ကြီးကျန်း”
ယန်ချန့်စကားဆုံးတော့ ကျန်းထန်က စိတ်ချသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ပြီးနောက်
“ကုသလို့ရရင်ပဲ ကျေနပ်ပါပြီ လိုအပ်မယ့် ဆေးဝါးတွေကို ပြောပေးပါ ကျန်းအိမ်တော်က တခုတလေတောင် မကျန်ရစ်စေရပါဘူး”
ထိုစကားကြားတော့ ယန်ချန်လည်း မီးအဆိပ်ကိုကုသတဲ့ နည်းလမ်းများထဲမှ အရိုးရှင်းဆုံးဖြစ်သည့် မီးတောက်မြက်ကို အဓိကသုံး၍ အဆိပ်ကိုအဆိပ်ဖြင့် ကုသတဲ့နည်းလမ်းကို ရွေးချယ်လိုက်သည်။ ပြီးနောက် စာရွက်နဲ့စုတ်တံတောင်းယူ၍ ပါဝင်ပစ္စည်းများ ရေးပေးလိုက်လေသည်။
“ပါဝင်ပစ္စည်းတွေက ရှာရလွယ်ပါတယ် တခုစီရဲ့ပမာဏကိုသာ မလွယ်ချော်စေနဲ့”
ယန်ချန်ဆီမှ စာရွက်ကိုယူကာ အိမ်တော်အစောင့်တဦးအား ခေါ်၍ ပါဝင်ပစ္စည်းများအား ယူစေသည်။ ပါဝင်ကစ္စည်းများထဲမှ မီးတောက်မြက်သာ ရှားပါး၍ ကျန်အရာများက လွယ်ကုသောကြောင့် မိနစ်အနည်းငယ်အကြာမှာပဲ ပစ္စည်းများစုံလင်သွားသောကြောင့် ယန်ချန်လည်း ဆေးစတင်ဖော်စပ်တော့သည်။
ယန်ချန်ဆေးဖော်စပ်နေချိန်မှာပဲ အိမ်တော်ရှိအကြီးအကဲများ အိမ်တော်ခေါင်းဆေင်ဇနီးတို့ အခန်းထဲဝင်ရောက်လာကြပြီး ယန်ချန်ဆေးဖော်စပ်နေသည်ကို အနှောင့်ယှက်မဖြစ်စေရန် တိတ်ဆိတ်စွာ စောင့်စားနေကြလေသည်။
နာရီဝက်နီးပါးကြာပြီးချိန်မှာတော့ ယန်ချန်ဆေးဖော်စပ်ခြင်းက ပြီးဆုံးသွားလေပြီ။ ဆေးရည်အရောင်က စိမ်းပြပြ ဖြစ်နေပြီး သင်းပျံ့တဲ့ဆေးနံ့ကိုရ၍ထင် အိပ်ရာပေါ်လဲလျောင်းနေသည့် ကောင်မလေး၏ မျက်ခွံများ လှုပ်ရှားလာသည်။ ထိုအခါမှ ယန်ချန်လည်း ကောင်မလေးကိုသတိထားကြည့်မိတော့ ဖြူနုသည့်အသားရေ ပိန်ပါးသည့်ကိုယ်ဟန်နဲ့အတူ အနှီကောင်မလေးက ၁၆နှစ်ဝန်းကျင်ပဲရှိလောက်ပေမည်။ ၁၆နှစ်နဲ့ကျင့်ကြံသူဖြစ်နေတယ်တဲ့လား..။ အားကျလိုက်တာကွာ…။
ယန်ချန်တယောက် ကိုယ့်ကိုကိုယ်ကျိန်ဆဲမိသွားသည်။ ကူးပြောင်းလာသူတိုင်း၏လက်စွဲ စနစ်တခုရှိသော်လည်း သူကတော့ ကျင့်ကြံသူဖြစ်မလာခဲ့ပေ။
“ဆေးရည်ကို ပါးစပ်ထဲဝင်အောင်တိုက်ပေးပါ တခွက်နဲ့သိသာပါလိမ့်မယ်”
ယန်ချန့်စကားကို အခန်းထဲရှိ အကြီးအကဲများက မယုံကြည်ကြ။ မီးအဆိပ်ကိုဆေးတခွက်တည်းနဲ့ ကုနိုင်မယ်တဲ့လား။ အမည်ကြီးဆေးဆရာများကပင် လက်ရှောင်ထားတဲ့ မီးအဆိပ်လေ..။
ကျန်းထန်ရဲ့ဇနီးက ဆေးခွက်ကိုတရိုတသေလှမ်းယူပြီး ကောင်မလေး၏ပါးစပ်ထဲ ညင်သာစွာ တိုက်ကျွေးလေသည်။ မိနစ်အနည်းကြာ တိုက်ကျွေးပြီးချိန်မှာတော့ ဖြူဖျော့နေသည့်အသားရေက စတင်နီမြန်းလာပြီး အနာများမှစိမ့်ထွက်နေသည့် ပြည်ပုပ်ရည်များက ချောက်ကပ်သွားလေသည်။ ထိုအရာကိုမြင်တော့ ယန်ချန်လည်း ဆေးအာနိသင်ထိရောက်မှန်း သိလိုက်ပြီး စိတ်အေးသွားရတော့သည်။
စနစ်၏သင်ကြားပေးမှုက ကျင့်ကြံသူတယောက်ကို ကုသရန် အသုံးဝင်ခဲ့လေပြီ။ နောင်တွင် ကျင့်ကြံသူမိတ်ဆွေများ ရှာဖွေရာ၌ ဆေးပညာကိုအသုံးချနိုင်တော့မည်ဟု တွေးကာ ကျိတ်၍ ဝမ်းသာနေသည်။
“ဆေးအာနိသင်အပြည့်အဝ ထိရောက်ဖို့နောက်နှစ်နာရီလောက် စောင့်ပေးပါ တခွက်နဲ့အရှင်းမသက်သာရင် ဒီဆေးနည်းအတိုင်း နောက်ရက်တွေမှာ တရက်ကိုတခွက်တိုက်ပေးရင် လဝက်နဲ့သက်သာပါလိမ့်မယ်”
ယန်ချန်က ဆေးဖော်စပ်နည်းကို အလွယ်ပင်ရေးပေးလိုက်သည်။ ထိုဖော်စပ်နည်းက စနစ်သင်ကြားမှုထဲမှာဆိုလျှင် အောက်ခြေအဆင့်သာရှိပြီး ယန်ချန့်အတွက်အရေးမပါပေ။
ယန်ချန့်ဆေးရည်ကြောင့် အခြေနေကောင်းမွန်လာသည်ကိုမြင်လျင် အိမ်တော်ရှိလူများလည်း ဝမ်းသာသွားကြပြီး ကျန်းထန်က တာဝန်ခံရှောင်ကို ကျေနပ်အားရတဲ့အကြည့်ဖြင့် ကြည့်ကာခေါင်းညိတ်ပြသည်။ ပြီးနောက် ယန်ချန်ကမ်းပေးလာသည့် ဆေးညွှန်းကိုရိုရိုသေသေ လှမ်းယူလေသည်။
“သခင်လေးယန် အိမ်တော်မှာတညတလေ အနားယူပါလား ကျတော်တို့ပြုစုပါရစေ”
ကျန်းထန်က ယန်ချန့်ကို ညစာကျွေးမွေးပြုစုရန် တောင်းဆိုလာသည်။
“ကျတော်ဆက်မနေတော့ပါဘူး ပြန်ဖို့ကအရမ်းနောက်ကျနေပြီ”
ယန်ချန်က တောင်းဆိုမှုကိုတိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။ သူသာ ဒီညမပြန်ပါက ရှုယင်တို့သားအမိ စိတ်ပူနေလောက်မည်ဖြစ်သည်။
“ဒါဆိုလည်း သခင်လေးနေတဲ့နေရာထိ လိုက်ပို့ပေးပါရစေ”
ကျန်းထန်ကထိုသို့ပြောရင်း တဖက်လှည့်ကာ ဇနီးဖြစ်သူအား ငွေစအချို့ယူငင်စေသည်။
“နောက်ပြီး ကုသစရိတ်အတွက် ကျန်းအိမ်တော်က ထိုက်ထိုက်တန်တန်ပေးပါရစေ သခင်လေး မငြင်းပယ်ပါနဲ့”
ယန်ချန်က ကျန်းထန်ဇနီးယူဆောင်လာသည့် သေတ္တာငယ်လေးကို ကြည့်လိုက်သည်။ အထဲ၌ ငွေစ ၅၀၀၀ နီးပါးရှိလောက်မည်ဟု ခန့်မှန်းမိကာ ထိတ်ခနဲ ဖြစ်သွားရသည်။
ကျန်းအိမ်တော်က ကုသစရိတ်ကို ဒီလောက်တောင်ပေးတာလား။ အတော်ချမ်းသာတာပဲ။
“ပမါဏများလွန်းတယ် ကျတော်လက်မခံဘူး ကုသစရိတ်ကို ငွေစ ၁၀၀ပဲ ပေးပါ”
မက်လောက်စရာပမာဏ တခုမြင်ရသော်လည်း ယန်ချန်က ယတိပြတ် ငြင်းဆိုလိုက်သည်။ စနစ်၏သင်ကြားပေးမှု၌ ဆေးပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့်အခါ များပြားတဲ့ လက်ဆောင် ကုသငွေများ လက်မခံရဟု တားမြစ်ထားလေသည်။
ငါ..ရင်တွေနာနေပြီနော်…။
စနစ်ထွက်ခွာသွားသော်လည်း စနစ်၏ဆုံးဖြတ်ချက်က သမာသမတ်ကျကျ နေတတ်တဲ့ ယန်ချန်လက်ခံနိုင်လောက်သည်မို့ ကျန်းအိမ်တော်၏ များပြားတဲ့ငွေစများကို ယူရန််စိတ်မလုံတော့ချေ။
“မဟုတ်တာပဲ သခင်လေးယန်က ကျမတို့သမီးကို ကုသပေးတာတခုတည်းဆိုပေမယ့် ဒီကုသမှုက ကျမတို့အိမ်တော်တခုလုံးကို ကယ်တင်ပေးရာလည်း ကျပါတယ် ဒီငွေပမာဏကို ကျေးဇူးပြုပြီး လက်ခံပေးပါ”
အိမ်တော်ခေါင်းဆောင်ရဲ့ဇနီးက ဝင်ရောက်ပြောဆိုသော်လည်း ယန်ချန်ကတော့ သူ့မူကိုအပျက်မခံ ဆက်၍သာငြင်းပယ်လိုက်သည်။
“ကျတော့်ခံယူချက်အတိုင်းပဲ လက်ခံပါမယ် မဟုတ်ရင် ကျတော်ငွေတစမျ မယူတော့ဘူး”
ပြတ်သားလွန်းတဲ့ ယန်ချန့်ကိုကြည့်၍ လူများက အလွန်လေးစားသွားကြတော့သည်။ အနှီလူငယ်လေးက အသက်ရွယ်နဲ့မလိုက် တည်ငြိမ်ကာ အလိုလောဘ၏ ထိန်းချုပ်မှုကို မခံရတဲ့အထိ စိတ်ဓာတ်မာကြောပေသည်။ ငွေစ ၅၀၀၀ ဆိုသည်ကား လူချမ်းသာမိသားစုများပင် အလွယ်တကူထုတ်ယူနိုင်သည့် ပမာဏမဟုတ်။ ကျင်းစိရင်စု၌ဆိုလျှင် ထိုပမာဏကို ကျန်း နဲ့ ဖန်း အိမ်တော်များကသာ တတ်နိုင်ပေမည်။
ကျန်းထန်လည်း အတင်းမတိုက်တော့ပဲ ယန်ချန်တောင်းဆိုသည့် ပမာဏအတိုင်း ထုတ်ပေးလေသည်။
“ဒါက ကုသစရိတ်ပါသခင်လေးယန် အပြန်လိုက်ပို့တာကိုတော့ မငြင်းပါနဲ့တော့”
ထိုအရာကိုတော့ ယန်ချန်မငြင်းပယ်တော့ချေ။ အိမ်တော်က အပြန်ကို လှည်းတခုခုစီစဥ်ပေးမည်ဆိုပါက သူ့အနေဖြင့် ကျေကျေနပ်နပ် လက်ခံပေမည်။
“တာဝန်ခံကြီး သခင်လေးယန်ကို ပို့ဆောင်ပေးဖို့ ဒုက္ခပေးရတော့မယ်”
“ကျတော်လုပ်ဆောင်လိုက်ပါ့မယ် သခင်ကြီး”
တာဝန်ခံရှောင်က ကျန်းထန်ကိုဦးညွတ်ပြီးနောက် ယန်ချန့်ကိုခေါ်ဆောင်၍ အိမ်တော်ထဲမှ ထွက်ခွာသွားတော့သည်။ အခန်းထဲမှာတော့ ကျန်းထန်တို့ ဇနီးမောင်နှံနဲ့အတူ အကြီးကဲအချို့ ကျန်ရစ်လေသည်။