ဆေးရည်တခွက်နဲ့ ရွှေအမြူတဆင်သို့ရောက်သွားခြင်း
Vol. 2 Ch. 14
တာဝန်ခံရှောင်ရဲ့ ဦးဆောင်မှုဖြင့် အိမ်တော်အပြင်ဘက်ရောက်ချိန်မှာတော့ နေလုံးကဝင်လုနီးပါးဖြစ်နေပြီး ပတ်ဝန်းကျင်တခုလုံးကလည်း မှောင်စပြုနေလေပြီ။
“သခင်လေး လှည်းပေါ်တက်ပါ”
တာဝန်ခံရှောင်က လှည်းသမားတဦးနဲ့အတူ ယန်ချန်နေထိုင်ရာ ရွာငယ်လေးသို့ထွက်ခွာလာသည်။ လမ်း၌
“သခင်လေးရဲ့ဆေးပညာက ထိပ်တန်းအဆင့်ပဲ စီရင်စုလိုနေရာမှာမနေပဲ ဘာလို့တောစပ်က ရွာငယ်လေးမှာနေရတာလဲ”
တာဝန်ခံရှောင်က သိလိုဟန်ဖြင့် မေးလာသည်။
“ကျင်းစီရင်စုကြီးက တကယ်စည်ကားပါတယ် ဒါပေမယ့် ကျတော်က တိတ်ဆိတ်တဲ့နေရာကို ပိုသဘောကျတယ်”
ငါက ကျင့်ကြံသူတွေကြား ရှုပ်ရှုပ်ထွေးထွေးမနေချင်လို့ကွ။ ငါ့အသက်လေး နှစ်တရာပြည့်တဲ့အထိ မနည်းရှင်သန်ရမှာ။
“သခင်လေးကြောင့် ကျန်းသခင်မလေး လာမယ့်လကုန်မှာကျင်းပမယ့် အတွင်းစည်းစစ်ဆေးမှုကို ဖြတ်ကျော်နိုင်တော့မယ်ထင်တယ် ဒါက ကျတော်တို့အိမ်တော်အတွက် အပြောင်းအလဲ ကြီးတခုပါပဲ”
တာဝန်ခံရှောင်က စိတ်ကျေနပ်စွာဖြင့် ပြောလာသည်။ အိမ်တော်ရဲ့သခင်မလေးသာ အတွင်းစည်းတပည့်ဖြစ်သွားပါက တေးသံသာဂိုဏ်းရဲ့ ထောက်ပံ့မှုကိုရမည်ဖြစ်ပြီး ကျင်းစီရင်စုရှိ ပြိုင်ဘက်ဖန်းအိမ်တော်ကို ရင်ဆိုင်ရာ၌ အားသာချက်များ ရှိစေသည်။
“အတွင်းစည်းတပည့်တဲ့လား ဒါနဲ့ တခုလောက်မေးမလို့ ခင်ဗျားဖြေလို့မရလည်း ရပါတယ်”
“မေးပါ သခင်လေး ကျတော်ဖြေလို့ရသမျှ ဖြေပေးပါ့မယ်”
ယန်ချန်က တာဝန်ခံရှောင်ကို တချက်ကြည့်ကာ မေးလိုက်သည်။
“ကျန်းအိမ်တော်မှာ ကျင့်ကြံသူဘယ်နှစ်ယောက်ရှိလဲ ကျန်းသခင်မလေး တယောက်တည်းလား”
ယန်ချန့်ရဲ့အမေးကိုကြားတော့ တာဝန်ခံရှောင်တယောက် တခဏငြိမ်သက်သွားသည်။ သူ့ပုံစံက ဖြေရန်သင့်မသင့် စဥ်းစားနေပုံရသည်။
“ခဗျားမဖြေချင်လည်း ထားလိုက်ပါ”
ယန်ချန်ကအတင်းမတိုက်တွန်း။ သူကလည်း ကျင့်ကြံသူတွေနဲ့ လိုတာထက်ပို ပက်သက်ချင်သူမဟုတ်ပေ။ အချိန်အတော်ကြာ တွန့်ဆုတ်ပြီးနောက် ဆုံးဖြတ်ချက်ချဟန်ဖြင့် တာဝန်ခံရှောင်က ပြောလာသည်။
“အိမ်တော်ထဲမှာ ကျင့်ကြံသူက သခင်မလေးတယောက်တည်းတော့ မဟုတ်ပါဘူး အိမ်တော်ရဲ့ဘိုးဘေးနဲ့ ပထမသခင်လေးတို့ကလည်း ကျင့်ကြံသူတွေပါပဲ ပထမသခင်လေးက သခင်မလေးကိုကုသဖို့ မြို့ကြီးဆီထွက်သွားလို့ သခင်လေး မတွေ့လိုက်ရတာပါ”
“ဒါဆို အိမ်တော်ရဲ့ဘိုးဘေးကအခုဘယ်မှာလဲ”
ယန်ချန့်စကားဆုံးတော့ တာဝန်ခံရှောင်က သက်ပြင်းချပြီး
“ဘိုးဘေးက ပြီးခဲ့တဲ့ကပ်ဘေးကိုရင်ဆိုင်ရင်း ပြင်းပြင်းထန်ထန် ထိခိုက်သွားလို့ အိမ်တော်ထဲမှာ အနားယူနေပါတယ် အဲ့သတင်းက အိမ်တော်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပါ ဖန်းအိမ်တော်သာ သိသွားရင် ကျတော်တို့ကျန်းအိမ်တော်ကို ဖိနှိပ်ပါလိမ့်မယ်”
ယန်ချန်လည်း အိမ်တော်များကြား မတိုးသာမဆုတ်သာ အခြေနေများကို နားလည်သွားသည်။ အင်အားစုများက အများအမြင် ပေါင်းစည်းထားဟန်ရှိသော်လည်း အချင်းချင်းကြား ဝံပုလွေများ သားကောင်များချောင်းသကဲ့သို့ ချောင်းမြောင်းနေကြပီး အခါသင့်ပါက ဝင်ရောက်တိုက်ခိုက်ရန် မျှော်လင့်နေကြသည်။ ထိုအရာက ကျင့်ကြံရေးလောက၏ စည်းမျဥ်းများဖြစ်သည်။
“ကျတော်နားလည်ပြီ စိတ်ချပါ ဒီစကားကို ဒီမှာတင်ဖျောက်လိုက်ပါမယ်”
ယန်ချန်ဆီကစကားကိုကြားတော့ တာဝန်ခံရှောင်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဘိုးဘေးနဲ့ဆက်စပ်တဲ့သတင်းက ထိပ်တန်းသတင်းဖြစ်ပြီး ယခုလိုထုတ်ပြောခြင်းဖြင့် အိမ်တော်ကိုမထိခိုက်စေလိုပေ။
၃နာရီနီးပါး လမ်းလျှောက်ရသည့်ခရီးက လှည်းဖြင့်သွားလာရခြင်းကြောင့် တနာရီကျော်ကျော်သာကုန်ဆုံးကာ နောက်ဆုံး၌ ယန်ချန်နေထိုင်ရာ ရွာငယ်လေးသို့ ရောက်လာတော့သည်။
“အိမ်ထဲဝင်ပါဦး တာဝန်ခံကြီး”
ယန်ချန်က လှည်းပေါ်ကဆင်းဆင်းချင်း ဖိတ်ခေါ်သည်။
“မဝင်တော့ပါဘူးသခင်လေး သခင်ကြီးဆီတင်ပြဖို့ အမြန်ပြန်ပါတော့မယ် နောက်ရက်တွေမှာ သခင်မလေးသက်သာရင် သခင်ကြီးတို့ဇနီးမောင်နှံ လာရောက်လည်ပတ်ပါလိမ့်မယ်”
“ကောင်းပြီ အဲ့ဒါဆိုလည်း မတားတော့ပါဘူး ပြန်ပါ”
တာဝန်ခံရှောင်က ယန်ချန့်ကိုနှုတ်ဆက်ပြီးနောက် အလျင်မြန် ပြန်ထွက်ခွာသွားသည်။ ယန်ချန်လည်း မီးရောင်ဖျဖျ ထွန်းထားသည့် ခြံဝန်းထဲရှိ အိမ်လေးထဲ လျှောက်ဝင်ကာ အိမ်တံခါးအား ခေါက်လိုက်သည်။
“ဘယ်သူလဲ”
အထဲမှာ သတိထားနေသည့်လေသံဖြင့် ရှုယင်ရဲ့ မေးလာသည်။
“ကျတော်ပါအစ်မရှု”
ခဏကြာတော့ တံခါးပွင့်လာပြီး စိုးရိမ်သောကများနေတဲ့ မျက်နှာဖြင့် ရှုယင်ပေါ်လာသည်။
“ကျမက ရှင်ပြန်မလာတော့ဘူးလို့တောင် ထင်နေတာ”
တံခါးကိုတဝက်ဟကာ ယန်ချန့်ကိုအထဲဝင်စေသည်။ ယန်ချန်လည်း အထဲဝင်သွားပြီးနောက် နေရာတခုရှာကာ ထိုင်ရင်း လက်စွပ်ထဲမှ ရိက္ခာများ အိမ်သူံးပစ္စည်းများ အဝတ်အထည်များ ထုတ်ယူတော့သည်။ ယန်ချန်ပြန်လာသည်ကို သတိပြုမိသည့် ယင်ယင်လေးကလည်း စပ်စုလိုသည့်အမူရာဖြင့် ယန်ချန့်နားတိုးကပ်လာသည်။
“ဦးဦး သကြားတုတ်ထိုးကော ပါလာလားဟင်”
ယန်ချန်က ကလေးမလေး၏ ဦးခေါင်းအားအသာပွတ်ကာ သကြားတုတ်ထိုးနှစ်ချောင်း ထုတ်ပေးလိုက်သည်။ ကလေးမလေးလည်း သကြားတုတ်ထိုးနှစ်ချောင်းကို ဆွဲယူကာ ယန်ချန့်အနားမှာထွက်သွားပြီး အိမ်ထောင့်တနေရာ၌ ထိုင်ချကာ သကြားတုတ်ထိုးအား အားပါးတရ စစားတော့သည်။
“သိုလှောင်လက်စွက်လား”
ရှုယင်က မေးသည်။
“အမှန်ပဲ အစ်မရှုက သိုလှောင်လက်စွပ်ကို သိတယ်တဲ့လား”
ယန်ချန့်ရဲ့အမေးကို ရှုယင်က
“ကျမသိထားပါတယ် အရင်ဖန်းအိမ်တော်မှာနေတုန်းက ကျမယောက်ျားရဲ့အစ်ကိုမှာ အဲ့လိုလက်စွပ်တကွင်းရှိတယ်လေ အိမ်တော်တခုလုံးမှာတော့ အိမ်တော်ခေါင်းဆောင်နဲ့ ပထမသခင်လေးတို့ပဲ ဝတ်ခွင့်ရှိတယ်”
“ပထမ သခင်လေးဆိုတာ ဖန်းဟိုင်ကိုပြောတာလား”
ရှုယင်ရဲ့ယခင်ပြောပြချက်အရ ဖန်းတချန် ဖန်းဟိုင်တို့အကြောင်း သိထားသော်လည်း ပထမသခင်လေးဆိုသည့် စကားလုံးကြောင့် ဖန်းညီအစ်ကိုက နှစ်ယောက်မက ရှိလောက်ပေမည်။
“ပထမသခင်လေးက ဖန်းစုန့်ပါ သူက ကျင့်ကြံဖို့ပါရမီပါတယ်လေ ကျမရှိစဥ်တုန်းကတော့ ဓားတစ်ထောင်ဂိုဏ်းရဲ့ အပြင်စည်းတပည့်ဆိုလားပဲ အခုဆို အတွင်းစည်းရောက်လောက်ပြီ ကျမယောက်ကျားက ဒုတိယသားဆိုပေမယ့် အိမ်တော်ကတော့ ပထမသခင်လေးဖြစ်တဲ့ ဖန်းစုန့်ကိုပဲ အလေးထားတယ်”
ဒါက ဖြစ်နိုင်သည်။ ကျင့်ကြံသူတယောက်ရဲ့ တန်ဖိုးက သေမျိုးများမယှဥ်သာချေ။
“ဒါဆို ဖန်းဟိုင်က သူ့အစ်ကိုဖြစ်တဲ့ အစ်မရှုရဲ့ယောကျားကိုဘာလို့ လုပ်ကြံတာလဲ”
“ပြဿနာက ရှင်းပါတယ် ပထမသခင်လေးက ကျင့်ကြံသူဖြစ်တော့ အိမ်တော်ရဲ့စီးပွားရေးကိိုစိတ်မဝင်စားတော့ဘူး အိမ်တော်ကလည်း အရင်းအမြစ်ထောက်ပံ့ပေးတာကို ဆက်လုပ်ပေးပေမယ့် စီးပွားရေးနဲ့ပက်သက်ပြီး အမြင်ရှိတဲ့ ဖန်းတချန်ကိုပဲ ဆက်လုပ်စေတယ် ဖန်းဟိုင်ကတော့ အကျင့်ပျက်လူယုတ်မာကောင်ပါ သူက အလောင်းအစားနဲ့မိန်းမလိုက်စားလွန်းပြီး အိမ်တော်က လစဥ်ထောက်ပံ့မှုကနေ မလောက်ငှတော့ စီးပွားရေးကိုတာဝန်ယူထားတဲ့ ကျမယောကျားကို တိုက်ခိုက်တော့တာပဲ ဒါမှအိမ်တော်စီးပွားရေးကို သူလက်လွှဲယူပြီး လုပ်ချင်ရာလုပ်လို့ရမှာလေ”
ယန်ချန်တယောက် မျက်မှောင်ကြုတ်လိုက်သည်။ စီရင်စု၏ သေးငယ်တဲ့ အိမ်တော်ရဲ့စီးပွားရေးတခုက ညီအစ်ကိုရင်းကို ထိုမျှထိဖြစ်စေသည်လား။ ယန်ချန်နားမလည်တော့။
“ထားပါ လောဆယ် ကျတော်ဝယ်လာတဲ့ ရိက္ခာတွေကို သိမ်းလိုက်ပါ အိမ်အတွက် လိုအပ်တဲ့ပရိဘောကတွေကို နောက်ရက်တွေ ဖြည်းဖြည်းချင်း ကျတော်လုပ်ပေးမယ် အဝတ်အစားအသစ်တွေလည်း ဝယ်လာတယ် အစ်မတို့သားအမိနဲ့ တော်မတော် ကျတော်မမှန်းတတ်ဘူး အဆင်ပြေသွားမှာပါ”
တဖက်အိမ်ထောင့်၌ သကြားတုတ်ထိုးစားနေသည့် ယင်ယင်က အဝတ်အစားအသစ်ဟုကြားတော့ ခုန်ပေါက်၍ ပြေးလာသည်။
“ဦးဦး အဝတ်အစားအသစ်တွေလား သမီးအတွက်လား”
“ဟုတ်တာပေါ့ ယင်ယင်လေးအတွက် အဝတ်အစားအသစ်တွေ အများကြီးဝယ်လာတယ်”
“ခစ်ခစ်ခစ်.. အဝတ်အစားအသစ်တွေ ဝတ်ရတော့မယ်”
ယင်ယင်က ချစ်စဖွယ်ကောင်းစွာ ခုန်ပေါက်နေပြီး သူမအမေ့လက်ထဲက အဝတ်အစားအသစ်များအား လောဘကြီးစွာဖြင့် ငေးကြည့်နေသည်။
“ဒီညတော့ သမီးဝတ်လို့မရတော့ဘူး မနက်ဖန်ရေချိုးပြီးမှ ဝတ်ခွင့်ရှိမယ် အစမ်းပဲဝတ်ရမှာနော်”
ရှုယင်က စည်းနစစ်ကျစွာ တားမြစ်လာသည်။ သူမအနေဖြင့် ယန်ချန်ဝယ်ယူလာသည့်အရာများကို မူလက ငြင်းပယ်လိုသော်လည်း ယန်ချန့်ကိုမသိစိတ်က အားကိုးမိနေသည်ကတကြောင်း သမီးလေးက ထိုအရာများကို လိုချင်နေသည်ကတကြောင်း အကြောင်းကြောင်းကြောင့် ငြင်းပယ်မည့်စကားလုံးများက အတင်းပြန်မျိုချလိုက်တော့သည်။
“မေမေကလည်း…ခနလေးတောင်မရဘူးလား”
“လုံးဝ မရဘူး”
ယင်ယင်လေးက အချိန်တော်ကြာ ဂျီကျသော်လည်း အဆုံးမှာတော့ ရှုယင်ရဲ့ ပြတ်သားမှုကို အရှူံးပေးလိုက်ရတော့သည်။
“ကျမ ရှင့်ကိုကျေးဇူးတင်ပါတယ်”
ယန်ချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ ယင်ယင်လေး၏ ချစ်စဖွယ်အမူရာများကို သူချစ်မြတ်နိုးမိနေပြီး ဒီသားအမိက သူ့ရဲ့ပထမဆုံး မိတ်ဆွေများဖြစ်တဲ့အတွက် ဒီလောက်က သူတတ်နိုင်တာလုပ်ပေးတာပဲဟု တွေးသည်။ သူ့အတွက်အပန်းမကြီးလှချေ။
“ဒါဆို ကျမ ညစာပြင်လိုက်မယ် စောစောစားပြီး ရှင်လည်းနားလို့ရတာပေါ့”
ထိုသို့ပြောပြီးနောက် ပစ္စည်းများ အလျင်မြန်သိမ်းကာ ယန်ချန်အတွက် ညစာပြင်ပေးလေသည်။ ရှုယင်ရဲ့လက်ရာက နတ်ဘုရားအဆင့်ရောက်နေသည့် ယန်ချန့်ကိုမမီသော်လည်း ထိပ်တန်းအဆင့် စားဖိုမှူးနီးနီး ကောင်းမွန်လေသည်။ ညစာအား ခပ်မြန်မြန်စားကာ သူနေထိုင်ရာအိမ်လေးဘက် ထွက်လာတော့သည်။ တနေကုန်ပင်ပန်းထားသည့်အတွက် အနားယူရန်ဆုံးဖြတ်လိုက်သည်။ နောက်တနေ့မှ ခြံဝန်းထဲ မျိုးကြဲခြင်း သစ်ခုတ်ခြင်း ပရိဘောဂများ ပြုလုပ်ခြင်းကို လုပ်ဆောင်ရပေမည်။
ထိုစဥ် ကျန်းအိမ်တော်ရှိ အခန်းတခုမှာတော့ ကုတင်ပေါ်လဲလျောင်းနေသည့် ကျန်းရင်ရင်တစ်ယောက် သတိရလာသည်။ မထင်မှတ်စွာပင် သူမအနာများမှ နာကျင်မှုကို မခံစားရတော့သည့်အတွက် တုန်လှုပ်စွာဖြင့် သူမခန္ဓာကိုယ်ကိုစမ်းကြည့်တော့ အနာများက အနာဖေးပင်တက်နေလေပြီ။
“ငါ ဘာတွေဖြစ်သွားတာလဲ”
ချက်ချင်းပင် အိပ်ရာမှာထကာ မိမိကိုယ်ကိုစစ်ဆေးကြည့်သည်။ အနာများနေရာ၌ အနာဖေးတက်နေပြီး မကောင်းသည့်အနံ့သက်များကလည်း အတော်လေးလျော့ပါးနေလေသည်။ အနာတွေမရှိတော့တာလား။
သူမက အံ့သြဝမ်းသာစွာနဲ့ ပြင်ပခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ကိုယ်တွင်းအနေထားကို ကြည့်ချိန်မှာတော့ တုန်လှုပ်မှုက အဆများစွာပိုသွားတော့သည်။
“အမြူတေ တည်ဆောက်ပြီးသွားတာလား”
သူမဒန်တျန်ထဲ၌ အမြူတေနဲ့တူသည့် အဖြူရောင်အလင်းလုံးတခု တောက်ပနေပြီး ထိုအလင်းလုံးလေးက ပတ်ဝန်းကျင်ရှိ ချီဓာတ်များကို သိသာစွာ စုပ်ယူနေလေသည်။
“ ရွှေအမြူတေ အစောပိုင့်အဆင့်”
ခန္ဓာကိုယ်ရှိသွေးကြောများကို လည်ပတ်ကြည့်သည်။ သူမအထင်မှန်သည်။ ချီစုဆောင်းခြင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ကျော်လွန်ကာ ရွှေအမြူတေအဆင့်ထိ ထိုးတက်သွားခြင်းဖြစ်သည်။ ချီဓာတ်ဖြင့် သွေးကြောများကို ထိန်းညှိလည်ပတ်ရင်း တဖက်တွင်လည်း တုန်လှုပ်နေမှုအား အတင်းထိန်းချုပ်နေရသည်။ လက်ရှိကျင့်ကြံဆင့်ဖြင့်ဆိုလျှင် အတွင်းစည်းစစ်ဆေးပွဲက သူမအတွက် ထမင်းစားရေသောက် ဖြစ်နေပေပြီ။
အတန်ကြာတုန်လှုပ်ပြီးနောက် စိတ်တည်ငြိမ်သွားကာ ကုတင်ပေါ်မှ အသာထရပ်လိုက်သည်။ ထိုစဥ် အခန်းတံခါးဖွင့်သံကြားလိုက်ရပြီး ကျန်းထန်တို့ ဇနီးမောင်နှံနှစ်ဦး ဝင်ရောက်လာသည်။ မတ်တပ်ထရပ်နေတဲ့ သမီးဖြစ်သူကိုမြင်လျင် အံ့သြမှင်သက်သွားကြတော့သည်။