← Chapters

သူက အင်မော်တယ်ဆေးဆရာတဦးဖြစ်ရမယ်

Vol. 2 Ch. 15

သူက အင်မော်တယ်ဆေးဆရာတဦးဖြစ်ရမယ်

Vol. 2 Ch. 15

“အမေ အဖေ သမီးသက်သာသွားပြီ”

ကျန်းရင်ရင်က မိဘနှစ်ပါးအား ဝမ်းသာအားရ စကားဆိုလိုက်သည်။ အခြေနေများကို သူမတွေးမမီသော်လည်း ရလာဒ်ကတော့ သူမကို တုန်လှုပ်စေလေသည်။

သူမစကားကိုကြားလျင် စိတ်မြန်လက်မြန်ရှိသည့် မိခင်ဖြစ်သူက ချက်ချင်းပင် သူမအနားတိုးကပ်ကာ ခန္ဓာကိုယ်တခုလုံးအား အခပ်ထပ်အခါခါ စစ်ဆေးတော့သည်။ ပြီးနောက် တဖက်လှည့်ကာ ယောက်ျားဖြစ်သူအား ပြောပြန်သည်။

“သခင်ကြီး ကျမ ကျမတို့သမီးလေး ရောဂါတွေပျောက်သွားပြီတော့်”

ဝမ်းသာမျက်ရည်များက သူမပါးပြင်ပေါ်တရစပ် ကျဆင်းနေပြီး သမီးဖြစ်သူ အိပ်ရာထဲလဲနေတဲ့ကာလပတ်လုံး သူမအနေဖြင့် စိတ်ဆင်းရဲသောက ရောက်ခဲ့ရလေသည်။ ယခုတော့ သမီးဖြစ်သူ၏ အခြေနေကိုကြည့်ကာ စိတ်အေးသွားလေပြီ။

ကျန်းထန်က အနားကပ်၍ အနာများကိုစစ်ဆေးကြည့်သည်။ အနာများက အနာဖေးမျှသာကျန်ပြီး ရက်အနည်းငယ်ကြာလျင် ပုံမှန်အသားအရေ ပြန်ရပေမည်။

“ကောင်းတယ် ကောင်းတယ် သိပ်ကောင်းတယ် ကောင်းကင်ဘုံက ငါတို့ကျန်းအိမ်တော်ကို ပစ်မထားခဲ့ဘူး”

ကျန်းထန်ရဲ့ ဝမ်းသာအားရ အသံကိုကြားပြီးနောက် အခြားအိမ်တော်အကြီးကဲများလည်း အပြေးအလွှားရောက်လာကြပြီး ကျန်းရင်ရင်ရဲ့ အခြေနေကိုတွေ့ကာ မှင်သက်သွားကြသည်။ ဒါ..ဒါကဘယ်လို အခြနေကြီးလဲ ဆေးတခွက်တည်းနဲ့ သက်သာသွားတယ်တဲ့လား။

အကုန်လုံးရဲ့ အံ့သြတုန်လှုပ်နေမှုအောက်မှာပဲ ကျန်းရင်ရင်က သူမသိလိုရာကိုမေးလာသည်။ သူမ ရောဂါကြောင့် သတိလစ်နေချိန်၌ မည်သည့်အရာများ ဖြစ်ပျက်သွားလေသနည်း။

“ကိစ္စကတော့ ဒီလိုပဲသမီး..”

ကျန်းထန်က တာဝန်ခံရှောင်မှတဆင့် လူငယ်ဆေးဆရာတဦး ပင့်ဖိတ်တဲ့အကြောင်း ထိုဆေးဆရာလေးက ဆေးတခွက်ဖော်စပ်ပေးပြီး ထိုဆေးတခွက်ဖြင့် သူမသက်သာလာကြောင်း ထိုအဖြစ်ပျက်အား ၎င်းတို့ကိုယ်တိုင်ပင် မယုံနိုင်ဖြစ်ရကြောင်း အကြောင်းစုံပြောပြလာသည်။

“အဖေ.. အဖေပြောတာ တကယ်လား”

ကျန်းရင်ရင်တစ်ယောက် နောက်ထပ်တဖန်တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့။ သူမက နှုတ်ခမ်းအစုံ ပွင့်ဟကာ အချိန်အတော်ကြာတဲ့အထိ မှင်သက်နေလေသည်။ ထိုစဥ် သူမကိုသတိထားကြည့်နေသည့် မိခင်ဖြစ်သူက မေးလာသည်။

“အမေတို့လည်း တကယ်မယုံနိုင်ပါဘူး ဒါပေမယ့် သမီးပုံစံက… ..”

မိခင်ဖြစ်သူရဲ့စကားကိုကြားမှ ကျန်းရင်ရင်၏ အသိစိတ်လည်း ပြန်ကပ်လာသည်။ ပြီးနောက် သက်ပြင်းချကာ ဦးခေါင်းကိုခါယမ်းလိုက်ပြီး တိုးညင်းစွာပြောသည်။

“အဖေ.. အမေ အဲ့ဆေးတခွက်က ဘယ်လောက်တောင်အဖိုးတန်လဲ သိကြလား”

ကျန်းရင်ရင်၏ အမေးကိုမည်သူမျှ ပြန်မဖြေကြ။ သူမဆက်ပြောလာမည်ကိုသာ စောင့်နေဟန်ဖြင့် နှုတ်ဆိတ်နေကြလေသည်။

“အဖေတို့နားမလည်ပေမယ့် သမီးခံစားရတာကိုတော့ သိအောင်ပြောပြမယ် အခုသမီးက ရွှေအမြူတေအဆင့်ကို ရောက်သွားပြီ”

“ဘာ…”

“ ရွှေအမြူတေအဆင့် ဟုတ်လား တကယ်ကြီးလား”

အကုန်လုံးက မယုံနိုင်ဟန်ဖြင့် မျက်လုံးများပြူးကျယ်သွားကြပြီး ကျင့်ကြံသူများမဟုတ်သော်လည်း ကျင့်ကြံဆင့်များအကြောင်း နားလည်ထားသည့် ဖခင်ဖြစ်သူနဲ့ အကြီးအကဲများကတော့ အချိန်အတော်ကြာတဲ့အထိ ပါးစပ်မပိတ်နိုင်ကြချေ။

“သမီး ပြောတာ ရွှေအမြူတေအဆင့်နော် ဖြစ်နိုင်လို့လား သမီးရဲ့အဆင့်က ချီစုဆောင်းခြင်းမှာ ရှိရမယ်မဟုတ်လား”

ကျန်းထန်က မယုံနိုင်ဟန်ဖြင့်မေးသည်။ အကြီးအကဲများကလည်း ထို့အတူပင်။

“အမှန်ပဲအဖေ ဘာတွေဖြစ်သွားလဲဆိုတာတော့ သမီးလည်းမပြောတတ်ဘူး ဒါပေမယ့် အရေးကြီးတာက သမီးရဲ့ဒီတိုးတက်မှုကို အတွင်းစည်းအကဲဖြတ်ပွဲ ပြီးတဲ့အထိ အဖေတို့ စောင့်ထိန်းထားရလိမ့်မယ်”

ကျန်းရင်ရင်ရဲ့စကားကိုကြားတော့ ထိတ်လန်တုန်လှုပ်နေကြသည့် သူများသတိဝင်ကာ ထောက်ခံကြတော့သည်။

“ဟုတ်တာပေါ့ ဒီကိစ္စ သတင်းထွက်လို့မဖြစ်ဘူး”

“အမှန်ပဲသခင်မလေး သခင်မလေးရဲ့တိုးတက်မှုကိုကြားရင် ဖန်းအိမ်တော်က ပိုဆိုးရွားတဲ့ အကောက်ကြံမှုတွေ လုပ်လာနိုင်တယ် သခင်မလေးသာ အတွင်းစည်းတပည့်ဖြစ်လာရင်တော့ ဖန်းအိမ်တော်ကို ကြောက်စရာမလိုတော့ဘူး”

“အတွင်းစည်းတပည့်လား ဟမ့် ကျုပ်သမီးက အခုမှ၁၆ နှစ်ပဲရှိသေးတာ ရွှေအမြူတေအဆင့်ရောက်နေပြီလေ ပင်မတပည့်တောင်ဖြစ်သွားနိုင်တယ်”

အကြီးအကဲရဲ့စကားကို ကျန်းထန်က ဂုဏ်ယူစွာဖြင့် တုန့်ပြန်လာသည်။

“အဖေတို့ ဒီကိစ္စနဲ့ပက်သက်ပြီး သတင်းမထွက်အောင် သေချာစီစဥ်ထားလိုက်မယ် တလက်စ အခုခြေနေက အရမ်းတုန်လှုပ်စရာကောင်းပြီး အဖေတို့နားလည်နိုင်တာကို ကျော်နေတယ် ခဏစောင့် အဖေဘိုးဘေးကို သွားဖိတ်လိုက်မယ်”

ကျန်းထန်က ထိုသို့ပြောပြီးနောက် အပြေးအလွှားပင် ထွက်သွားတော့သည်။ ကျန်ရှိသည့် အကြီးအကဲများကတော့ ဝမ်းသာအားရဖြင့် တယောက်တပေါက်မေးမြန်းနေပြီး အခုခြေနေကသာ အမှန်တကယ်ဆိုပါက ဆေးဆရာလူငယ်လေးက မည်သည့်ကျင့်ကြံဆင့်ကို ရောက်နေရမည်နည်း။ သူတို့မမှန်းဆနိုင်တော့။

ခဏကြာတော့ ကျန်းထန်နဲ့အတူ ကျန်းအိမ်တော်၏ ပထမဆုံးကျင့်ကြံသူ ဘိုးဘေး ကျန်းဝမ်လီတယောက် ရောက်လာလေသည်။

“ဘိုးဘေးကို နှုတ်ဆက်ပါတယ်”

“အဘိုးကို နှုတ်ဆက်ပါတယ်”

ကျန်းဝမ်လီက ထိုအရာများကိုလျစ်လျူရှုလိုက်ပြီး မြေးဖြစ်သူထံ တိုက်ရိုက်သွားကာ သွေးကြောများကို စစ်ဆေးကြည့်သည်။ ပြီးနောက် တုန်လှုပ်နေဟန်ဖြင့်

“အမှန်ပဲ ရင်အာက ရွှေအမြူတေအဆင့်ကို ရောက်သွားပြီ”

ဘိုးဘေးရဲ့အတည်ပြုချက်ရပြီးနောက် အကုန်လုံးက ဝမ်းသာအားရဖြစ်သွားကြသည်။ ရွှေအမြူတေအဆင့်ဆိုသည်ကား ဂိုဏ်းကြီးများ၌ဆိုလျင် အကြီးအကဲအဆင့်ဖြစ်ပြီး ကျန်းဝမ်လီပင် ရွှေအမြူတေရဲ့နောက်တဆင့်ဖြစ်သည့် အခြေတည်ဝိဉာဥ်အဆင့်ကို မရောက်သေးချေ။ ကပ်ဘေးတိုက်ပွဲထိခိုက်မှုကြောင့် အဆင့်ချိုးဖြတ်ဖို့ ပို၍ခက်ခဲသွားကာ နဂိုနိမ့်ကျသည့် ပါရမီကြောင့် ကျန်းဝမ်လီအနေဖြင့် ရွှေအမြူတေ နှောင်းပိုင်းအဆင့်ဖြင့်သာ သက်တမ်းကုန်ရတော့မည် ဖြစ်သည်။

“ရင်အာ သမီးကိုကုသပေးတဲ့ ဆေးဆရာလေးက သေချာပေါက် အင်မော်တယ်ပဲ”

“အင်မော်တယ်ဟုတ်လား”

နောက်ထပ် ဗုံးတလုံးထပ်ကြဲချသွားပြန်သည်။ အင်မော်တယ်ဆိုသည်ကား ကျင်းပြည်နယ်တခုလုံး၌ပင် မရှိသေးပဲ ကျင်းဧကရာဇ်ပင် မဟာယနာအဆင့်အစောပိုင်းသာ ရှိသေးသည်ကို သိထားရမည်။ အင်မော်တယ်အဆင့်ဆိုသည်ကား သူတော်စင်အဆင့်ပြီး နောက်တဆင့်ဖြစ်ကာ ကျင်းပြည်နယ်တခုလုံး၏ ပထမဆုံးသူတော်စင်ကား လက်ရှိကျင်းဧကရာဇ်၏ ဘိုးဘေးဘုရင်ကြီးဖြစ်ပြီး ၎င်းနောက်ပိုင်းမည်သူမှ သူတော်စင်အဆင့်မရောက်ကြတော့ချေ။

“သမီးလည်း အဲ့လိုတွေးမိတယ်အဘိုး မဟုတ်ရင် ဆေးတခွက်တည်းနဲ့ ဒီလိုဘယ်ဖြစ်ပါမ့လဲ”

ကျန်းရင်ရင်က ထောက်ခံစကားပြောသည်။ ကျန်းအိမ်တော်၏အခြေနေက နိမ့်ကျနေသည့်ကာလ၌ ဘိုးဘေး၏ ထိခိုက်မှုကိုဖုံးကွယ်ထားခဲ့ရပြီး တခုတည်းသော အားကိုးရာ ကျန်းရင်ရင်ကလည်း အဆိပ်မိခဲ့ခြင်းက ကျန်းအိမ်တော်ကို အမှောင်ဖုံးစေခဲ့သည်မဟုတ်လား။

“အဘိုးက ဒဏ်ရာကြောင့် နောက်တဆင့်တက်ဖို့ မရှိတော့ဘူး ဒီအချိန်မှာ ရင်အာက ရွှေအမြူတေအဆင့်ကို ရောက်သွားတဲ့အတွက် တေးသံသာဂိုဏ်းရဲ့ အထောက်ပံ့တွေ ပိုရလာလိမ့်မယ် ဘာပဲပြောပြော ဒါတွေအကုန်လုံးက အင်မော်တယ်ဆေးဆရာလေးရဲ့ လုပ်ဆောင်ချက်တွေပဲ အဘိုးတို့သူ့ကျေးဇူးကို အသက်နဲ့ရင်းပြီး ပြန်ဆပ်ရလိမ့်မယ်”

ကျန်းဝမ်လီရဲ့စကားကို မည်သူမှမငြင်းပယ်ကြ။ အိမ်တော်တခုလုံးရဲ့ ကံကြမ္မာကို ကျန်းရင်ရင်ကထိန်းချုပ်ထားပြီး ကျန်းရင်ရင်မြင့်တက်လာခြင်းက ကျန်းအိမ်တော်မြင့်တက်လာခြင်းပင် ဖြစ်သည်။

“ကျတော်သဘောတူတယ် အဖေ ဒါပေမယ့် သခင်လေးယန်က စိတ်ထားမွန်မြတ်တယ် ကုသစရိတ်ကိုတောင် ငွေစ၁၀၀ ပဲယူသွားခဲ့တာ အခုလိုအခြေနေကိုတွေ့ရတော့ ကျတော်ရှက်မိပါတယ်”

ကျန်းထန်က တွေဝေစွာဖြင့် ပြောလာသည်။ ဒီလိုဆုလာဒ်ကြီးအတွက် ကျန်းအိမ်တော်က ငွေစ၁၀၀ သာကုန်ခဲ့ရသည်မဟုတ်လား။ ဖန်းအိမ်တော်သာဆိုလျှင် ရှိသမျှစည်းစိမ်းပုံပေးလိုက်မည် ဖြစ်သည်။

“မင်းမမှားဘူး ငါသိရသလောက် အင်မော်တယ်တွေရဲ့ စိတ်ထားကထူးခြားတယ် သူတို့အတွက်ဒီမဖြစ်စလောက် အကူညီလေးကို စိတ်ထဲထားမှာမဟုတ်ဘူး အဖေ့အထင်သူက အင်မော်တယ်ကိုတောင်မှ မူလပြန်ရောက်ခြင်းအဆင့် ဖြစ်နေလောက်ပြီ”

“မူလပြန်ရောက်ခြင်းအဆင့်ဆိုတာ ဘာလဲအဖိုး ရင်အာကိုဉာဏ်အလင်းဖွင့်ပေးပါဦး”

ကျန်းရင်ရင်ရဲ့အမေးကို ကျန်းဝမ်လီက လေးနက်စွာပြန်ဖြေသည်။

“အဘိုးဖတ်ဖူးတဲ့ ရှေးကျမ်းစာတွေထဲမှာတော့ အင်မော်တယ်တွေရဲ့ အမြင့်ဆုံးအဆင့်က မူလပြန်ရောက်ခြင်းပဲ သူတို့က ကျင့်ကြံရေးသဘောတရားကနေ ဖယ်ခွာပြီးသာမန်သေမျိုးဘဝ ပြန်နေကြတာ အရမ်းအစွမ်းထက်ကြတယ်”

သေမျိုးဘဝ ပြန်နေတာဟုတ်လား။

အကုန်လုံးရဲ့ မျက်လုံးအစုံက ပြူးကျယ်သွားပြီး ယန်ချန်လာရောက်စဥ်က အသွင်ပြင်ကို ပြန်အမှတ်ရကာ ခေါင်းတဆတ်ဆတ် ညိတ်ကြတော့သည်။

“ဖြစ်နိုင်တယ်အဖေ ဆေးဆရာလေးက သာမန်သေမျိုးနဲ့ လုံးဝခွဲမရဘူး ဒါပေမယ့် သူ့အရှိန်အဝါကတော့ အရမ်းမြင့်မြတ်တယ်ဆိုတာကို ကျတော်သတိထားမိတယ်”

ကျန်းထန်ရဲ့စကားကို သူ့ဇနီးကလည်း ထောက်ခံသည်။

“အမှန်ပဲအဖေ ကျမလည်း သူ့ရဲ့ငယ်ရွယ်ပြီး တည်ငြိမ်တဲ့ဟန်ပန်ကြောင့် မြို့တော်ကြီးက သခင်လေးများ ဖြစ်နေမလားတွေးမိသေးတယ် အခုအဖေဆီကကြားမှ…”

ကျန်းဝမ်လီက လက်ကာပြလိုက်သည်။ ပြီးနောက်

“ဟုတ်ပြီ အခြေနေတွေအရ ငါ့အထင်ဖြစ်နိုင်ချေများတယ် အဲ့ကိစ္စကိုခဏဖယ်ပြီး ရင်အာကို ရက်အနည်းငယ်အတွင်းသက်သာအောင် ငါတို့ကြိုးစားရမယ် ပြီးရင် အတွင်းစည်းအကဲဖြတ်ပွဲ မတိုင်ခင် အင်မော်တယ်ဆေးဆရာလေးဆီ သွားကြတာပေါ့ အကူညီအတွက် ငါကိုယ်တိုင်ဂါရဝပြုရမယ်”

ကျန်းဝမ်လီရဲ့စကားက ပြတ်သားပြီး သူ့သဘောထားကို ရှင်းလင်းစွာပြသနေသည်။ သေချာပေါက် အကူညီအတွက် ဂါရဝပြုရခြင်းက ရှက်စရာမဟုတ်ပေ။ အကုန်လုံးကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။

“အဘိုး အဘိုးရဲ့ရောဂါအခြေနေက”

ကျန်းရင်ရင်က စိုးရိမ်စွာဖြင့် သတိပေးဟန်ပြုတော့ ကျန်းဝမ်လီက တားဆီးလိုက်သည်။

“ကိစ္စမရှိဘူး ရင်အာကိုကူညီပေးတဲ့ စီနီယာကို အဘိုးလိုက်တွေ့ချင်တယ် ရင်အာမတားနဲ့တော့”

ပြတ်သားလွန်းတဲ့ ကျန်းဝမ်လီကိုကြည့်ကာ ကျန်းရင်ရင်လည်း မတားဆီးတော့ချေ။ သူမအနာများက ၃ရက်အတွင်း အရှင်းပျောက်သွားနိုင်ပြီး ထိုကိစ္စများပြီးစီးပါက ဆေးဆရာလေးထံ သွားရောက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

“မင်းပြောပုံအရ တာဝန်ခံရှောင်က ဆေးဆရာလေးကိုပြန်ပို့ခဲ့တယ်မဟုတ်လား နောက်တကြိမ်သွားရင် သူ့ကိုလမ်းပြခိုင်းလိုက် နောက်ပြီး သူ့ကိုလည်း ထိုက်သင့်သလို ဆုချီးမြင့်ဖို့ပါ မမေ့နဲ့”

ကျန်းဝမ်လီက သားဖြစ်သူကို သတိပေးသည်။ ကျန်းထန်ကလည်း ခေါင်းညိတ်ကာ

“စိတ်ချပါအဖေ အဖေတို့သွားမယ့်ရက်ကြရင် တာဝန်ခံရှောင်ကို ပို့ဆောင်ခိုင်းပါ့မယ် သူ့အတွက် ရာထူးတိုးမြင့်တာကိုလည်း ဒီရက်ပိုင်းအတွင်း စီစဥ်ပေးမှာပါ”

“ကောင်းတယ်”

အခန်းထဲရှိလေထုက တက်ကြွလှုပ်ရှားနေပြီး အကုန်လုံးက ကျန်းအိမ်တော်မြင့်တက်လာမည့် အခြေနေကိုတွေးကာ ပျော်ရွှင်နေကြလေသည်။ ထိုအချိန်တဖက်မှာတော့ ယန်ချန်တစ်ယောက် ထိုအရာများကိုမသိချေ။

All Chapters