အခန်း (၁၆)
Vol. 2 Ch. 16
ယန်ချန်ရဲ့နေ့ရက်များက ရိုးရှင်းစွာပင် ကုန်ဆုံးသွားခဲ့သည်။ နံနက်ခင်းအချိန်မှစ၍ ခြံဝန်းကိုပြုပြင်နေခဲ့ပြီး ရှုယင်တို့သားအမိနေအိမ်ကိုလည်း ပြုပြင်ပေးခဲ့သည်။
လိုအပ်တဲ့ သစ်ဝါးများကိုတော့ တောထဲသွားရောက်ယူငင်ခဲ့ပြီး လမ်းကြုံအမဲလိုက်ခြင်းမှ ရခဲ့သည့်တောကောင်များကတော့ ယန်ချန်တို့သုံးဦးသားအတွက် အသားဟင်းလျာကို မပြတ်ယွင်းစေတော့ပေ။
ယန်ချန်က ခြံဝန်းအနောက်ဘက်တနေရာ၌ ဘူးစင်တခု တည်ဆောက်နေလေသည်။ ရည်ရွယ်ချက်က ဘူးသီးစားချင်တယ်ဆိုတာထက် ခြံဝန်းတခုလုံးကို စိုက်ပျိုးထားခြင်းက ခေတ်ပျက်၌ ရိက္ခာဖူလုံစေမည်ဟု သူတွေးထား၍ ဖြစ်သည်။
ဘူးစင်တခုလက်စသတ်ပြီးချိန်မှာတော့ ယန်ချန်တယောက် အနည်းငယ် ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ ရက်အနည်းငယ်အတွင်း ရှုယင်တို့သားအမိနဲ့ ယန်ချန့်ကြား ဆက်ဆံရေးကပိုပြီး နွေးထွေးလာကာ ယင်ယင်လေးသည်လည်း အခါအားလျော်စွာ ယန်ချန့်ကို ကပ်တွယ်လာတော့သည်။
“ဦးဦး ဒီဟာကြီးကနေ စားလို့ရတဲ့အသီး သီးမှာလား”
ယင်ယင်က ဆောက်ပြီးကာစ ဘူးစင်အား လက်ညှိုးထိုးကာ သိလိုဟန်ဖြင့်မေးသည်။ ယန်ချန်လည်း အသာပြုံး၍ ပြန်ဖြေသည်။
“ဒါပေါ့ စားလို့ရတဲ့အသီးသီးမှာလေ အရမ်းအရသာရှိတယ် ယင်ယင်လေး ကြိုက်မှာပါ”
“အရသာရှိတာ စားရတော့မယ်ဟေ့”
ယင်ယင်လေး၏ ချစ်စဖွယ်အသံလေးကြောင့် ယန်ချန်တယောက် ပင်ပန်းမှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး အနည်းငယ်ပြုံးမိသွားသည်။ ခြံဝန်းက ဧကအနည်းငယ်သာ ကျယ်ဝန်းသော်လည်း တယောက်တည်း အစအဆုံးလုပ်နေရတဲ့အတွက် ပင်ပန်းလေသည်။ သို့ပေမင့် စနစ်၏သင်ကြားပေးမှုက လက်ဖျားခါစရာပင်။ ယန်ချန်အတွက် စိုက်ပျိုးရေးလုပ်ခြင်းက ထမင်းစားရေသောက်ထက်ပင် လွယ်ကူနေသည်။
“မေမေ့ဆီခဏသွားလိုက်ဦးနော် ဦးဦးက ယင်ယင့်အတွက် ချောင်းထဲမှာ ငါးသွားဖမ်းပေးမယ် ဟုတ်ပြီလား”
ယင်ယင့်အားလက်ထဲမှ အသာချ၍ ပြောလိုက်သည်။ ယင်ယင်လည်း ငါးစားရမည်ဟု ကြားသော် ပျော်ရွှင်စွာ ခေါင်းညိတ်ပြလာပြီး အိမ်ထဲ၌ ချက်ပြုတ်နေပုံရသည့် ရှုယင်ထံ အပြေးသွားတော့သည်။
ရှုယင်၏ ခြံအနောက်ဘက်မှဆိုလျှင် ချောင်းငယ်လေးဆီရောက်ရန် မီတာရာဂဏန်းမျှ လျှောက်ရန်လိုသည်။ ချောင်းငယ်ကာ အကျယ်ဆယ်ပေခန့်သာရှိပြီး ရေအနက်ကလည်း လူကြီးရင်ဆို့လောက်သာ ရှိသည်ကို ယန်ချန်သတိထားမိသည်။ သာမန်အားဖြင့် ဤသို့သော ချောင်းငယ်များက တောနက်ထဲမှ အဖျားခံလာလေ့ရှိပြီး ပြင်းထန်တဲ့ တောင်ပေါ်ရေစီးကြောင်းမှတဆင့် ဖြစ်လာခြင်း ဖြစ်မည်။
ယန်ချန်တယောက် ချောင်းစပ်ကိုရောက်တော့ ချောင်းရေက အနည်းငယ်နောက်ကျိနေသည်ကို သတိထားမိသွားသည်။ ရေအနက်ကလည်း ခါးတဝက်ကျော်မျှသာ ကျန်တော့သည်ဖြစ်၍ နောက်ကျိနေသည့် ရေထဲအာရုံစိုက်ကြည့်ပါက အောက်ခြေကို ခပ်ဝါးဝါးမြင်နိုင်လေသည်။
“ခေျာင်းအထက်ကို တက်ကြည့်ရင်ကောင်းမလား ရေစီးက တဖြေးဖြေးနှေးလာတယ် ဒီတိုင်းဆို ချောင်းရေခမ်းမယ့်သဘောရှိတယ်”
ယန်ချန်လည်း ချောင်းရေခမ်းနိုင်ချေကို တွက်ဆမိကာ ချောင်းဘေးတလျှောက် တဖြေးဖြေးလျှောက်ရင်း မသိမသာ တောစပ်သို့ရောက်ရှိလာတော့သည်။ ချောင်းရေက တောစပ်ရောက်ချိန်မှာတော့ အနည်းငယ်ကြည်လင်လာပြီး ရေစီးကလည်း မြန်လာသည်။
“ဒီချောင်းရေက တောင်ပေါ်ရေကနေ ဖြစ်လာတာများလား”
ယန်ချန့်အတွေးမှန်နေသည်ကို မကြာခင်မှာပဲ တွေ့ရှိသွားတော့သည်။ ပေ၃၀နီးပါး မြင့်သည့် ကျောက်တောင်ကြီးတခုပေါ်မှာ ရေတံခွန်တခုအလား စီးကျနေသည်ကို မြင်လိုက်ရခြင်းဖြစ်သည်။ ချောင်းရေရဲ့သဘာဝ ကြည်လင်ပြီးအအေးဓာတ်များကာ ရေချိုးအရသာကို ပေးစွမ်းသည်။ ထို့အပြင် ချောင်းရေရှိသည့် အနီးပတ်ဝန်းကျင်ကိုလည်း သတိထားစောင့်ကြည့်ပါက တောကောင်ကြီးများ ရံဖန်ရံခါ ရောက်လာတတ်သည်ကို တွေ့ရမည်ဖြစ်ပြိး ထိုအရာက မုဆိုးများထောင်ခြောက်ဆင်ရန် အကောင်းဆုံးအခွင့်အလမ်းတစ်ခု ဖြစ်သည်။
ယန်ချန်က ကျောက်တောင်အောက်ခြေသို့ ဖြေးညှင်းစွာချဥ်းကပ်သွားပြီး တောင်ခြေ၌ အိုင်ငယ်အလားဖြစ်နေသည့် ရေအိုင်ကိုစစ်ဆေးကြည့်သည်။ အေးမြသည့်အထိတွေ့ကြောင့် အနည်းငယ်လန်းဆန်းသွားသော်လည်း မထင်မှတ်စွာဖြင့် ချောင်းရေ၌ သွေးနံ့အချို့ သူရနေခဲ့သည်။ ယခင်ဘဝကဆိုလျှင် ထိုမျှနည်းပါးသည့် သွေးနံ့ကိုသတိပြုမိမည်မဟုတ်သော်လည်း ဒီဘက်ဘဝမှာတော့ ရံဖန်ရံခါ တောလိုက်ပြီး တောကောင်များ ခုတ်ထစ်ခဲ့ရခြင်းကြောင့် သွေးနံ့နဲ့ မစိမ်းတော့ပေ။
“ရေထဲမှာ သွေးနံ့အချို့ရနေတယ် အနီးနားမှာ ဒဏ်ရာရနေတဲ့ တောကောင်များ ရှိနေလို့လား”
ယန်ချန်က ပတ်ဝန်းကျင်ကို အလေးနက်စစ်ဆေးကြည့်သည်။ ထူးခြားမှု တစုံတရာ မတွေ့ရပဲ သိသာစွာတိတ်ဆိတ်နေသည်။
“ငါစိတ်ထင်တာနေမှာပါ”
ရေအိုင်မှရေကို လက်ခုပ်ဖြင့် အနည်းငယ်သောက်ကြည့်သည်။ အရသာကတော့ မပြောင်းလဲပေ။ ဟုတ်ပြီ… ဒီနေရာကနေ ရေစီးကြောင်းကို ပြင်ရမယ် ဒါဆို ချောင်းရေပိုစီးလာပြီး ချောင်းတိမ်ကောမယ့် အလားအလာ ပျောက်သွားလိမ့်မယ်။
ယန်ချန်လည်း အလျင်မြန်ပင် ရေစီးကြောင်းတလျှောက် ကျောက်တုံး ကျောက်ခဲကြီးများကို စတင်ဖယ်ရှားကာ ရေစီးသန်စေရန် ကြိုးစားတော့သည်။ ကျောက်ခဲကြီးများက အသေးဆုံးကပင် ဆယ်ပေါင်ခန့်လေးပြီး အကြီးဆုံးက ပေါင်၁၀၀ ကျော်လေးသည်ကို တွေ့လိုက်ရသည်။
“ကျင့်ကြံရေးလောက ကြီးကတော့ ကျောက်တုံးတောင် ပုံစံမတူဘူးပဲ”
စနစ်ရဲ့ လေ့ကျင့်ရေးသင်ခန်းစာများက ထိုမျှ အလေးချိန်ရှိတဲ့ ကျောက်တုံးများကို သယ်ယူရာ၌ အခက်ခဲ မဖြစ်စေချေ။ ကျောက်တောင်အောက်ခြေ အိုင်လေးမှ ပေနှစ်ရာနီးပါး ကွာချိန်မှာတော့ တိုးညှင်းတဲ့ ဟိန်းဟောက်သံတခု ကြားလိုက်ရကာ ယန်ချန်တယောက် သတိဝင်သွားတော့သည်။
“တောကောင်ကြီးတကောင်ရဲ့အသံပဲ ဒဏ်ရာရနေပုံရတယ် ကျားလား ခြသေ့လား ဒါမှမဟုတ် မျောက်ဝံလား”
ယန်ချန်ရဲ့အကြည့်များက ချောင်းတဖက်ရှိ ခြုံနွယ်တခုဆီရောက်သွားချိန်မှာတော့ ခြုံနွယ်က အနည်းငယ်လှုပ်ယမ်းသွားသည်ကို မြင်လိုက်ရသည်။ တွေ့ပြီ… ခြုံထဲပုန်းနေတာလား။ ဒဏ်ရာရနေတာဖြစ်မယ်။
ဒဏ်ရာရနေတဲ့တောကောင်များက ပုံမှန်တောကောင်များထက် အန္တရာယ်ကြီးသည့်အတွက် ယန်ချန်လည်း သတိအပြည့်ထားရင်း ချောင်းကိုဖြတ်ကူးကာ လူတရပ်နီးပါးမြင့်သည့် ခြုံနွယ်နား တိုးကပ်သွားသည်။ ယန်ချန်အနားကပ်လာလေ ဟိန်းဟောက်သံက ထင်ရှားလေဖြစ်ကာ ခြုံနွယ်နဲ့ပေအနည်းငယ်သာ ဝေးချိန်မှာတော့ အသံက ပျောက်ကွယ်သွားတော့သည်။
ယန်ချန်လည်း စနစ်သိုလှောင်ခန်းမှ ဓားတချောင်းထုတ်ယူကာ ခြုံနွယ်ကိုအသာထိကြည့်သည်။ ငြိမ်သက်နေသည်။ မိနစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးချိန်မှာတော့ ယန်ချန်လည်း ခြုံကိုဖယ်ရှားကာ ကြည့်လိုက်တော့သည်။ ယန်ချန်အထဲကိုမြင်ချိန်မှာတော့ မှင်သက်သွားရသည်။ ခြုံနွယ်အတွင်းမှာ ကျောက်သားလမ်းတခု ပေနည်းငယ်ရှည်လျားပြီး အဆုံး၌ လူတရပ်စာ ကျောက်ဂူတခုရှိနေသည်။ ထိုဂူက လူလုပ်ထားပုံရပြီး မုဆိုးများရံဖန်ရံခါ ဝင်ရောက်အနားယူသည့် နေရာဖြစ်ကာ ယန်ချန်ကြည့်ချိန်မှာတော့ ဖြူဖွေးသည့်အမွှေးများ တကိုယ်လုံးဖုံးထားတဲ့ ဝက်ဝံပေါက်တကောင်ကို မြင်လိုက်ရသည်။
“နှင်းဝက်ဝံလား အရွယ်အစားကတော့ တနှစ်သားလောက်ပဲ ရှိဦးမယ်”
ယန်ချန်ရဲ့ခြေသံကိုကြား၍ထင် ဒဏ်ရာကြောင့်လဲလျောင်းနေသည့် ဝက်ဝံပေါက်က မျက်လုံးဖွင့်ကြည့်လာသည်။ ပုံစံက ယန်ချန့်ကိုဟိန်းဟောက်ရန်ပင် အားမရှိပုံရကာ မျက်တောင်များ အပြည်အအဝ ဖွင့်ရန်တောင် မတတ်နိုင်ချေ။
ယန်ချန်က နှင်းဝက်ဝံပေါက်ကို မိနစ်အနည်းငယ်ကြာ သတိထားပြီးနောက် စိတ်အေးသွားကာ အနားတိုးကပ်သွားလိုက်သည်။ ဒီအရွယ်ဝက်ဝံပေါက်များက စျေးကောင်းမရနိုင်ဟု သူထင်သည်။ ထို့အပြင် ဒဏ်ရာရာနေတဲ့ တောကောင်များကို လိုအပ်မှသာ ယန်ချန်အမဲလိုက်လေ့ရှိသည်။ အခုဝက်ဝံပေါက်ကတော့ ဖြူဖွေးသည့်အမွှေးများ အနီရောင်သန်းနေတဲ့မျက်လုံးအစုံကြောင့် အနည်းငယ်ချစ်စဖွယ်ကောင်းသည်ဟု သူထင်မိ၍ သတ်ဖြတ်ရန်မတွေးတော့ပဲ ဒဏ်ရာကိုစစ်ဆေးရန်သာ အနားကပ်သွားခြင်းဖြစ်သည်။
ယန်ချန်အနားရောက်လာသည်အထိ ဝက်ဝံပေါက်က အနည်းငယ်တုန်သွားသည်မှအပ တစုံတရာမတုန့်ပြန်ချေ။ ယန်ချန်လည်း ဝက်ဝံပေါက်၏ ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တော့ ပြင်းထန်တဲ့ ကိုက်ခဲရာများတွေ့လိုက်ရသည်။
“မင်းက ဒဏ်ရာအပြင်းအထန်ရနေတာပဲ မင်းအတော်ကံကောင်းတယ် ဒီဒဏ်ရာလောက်ကတော့ ငါ့အတွက်အသေးအမွှားပဲ”
ထိုသို့ပြောရင်း ဝက်ဝံပေါက်၏ဒဏ်ရာကို ကုသပေးရန် ဆေးပင်များထုတ်ကာကျိတ်ချေသည်။ ပြီးနောက် ချောင်းရေဖြင့်ရောစပ်ကာ ဆေးရည်ရစေပြီး ကိုက်ခဲထားသည့်နေရာများကို လောင်းချပေးလိုက်တော့သည်။ အာနိသင်က မိနစ်အနည်းငယ်၌ပင် သိသာလာပြီး အနာများက မျက်စိအောက်မှာပင် ကျက်စပြုလာသည်။ ပျစ်ခဲနေသည့်သွေးများကို လက်ဖြင့်ဖယ်ရှားပြီးချိန်မှာတော့ ဒဏ်ရာ၏တဝက်လောက်က ယူပစ်သလိုဖြစ်သွားလေပြီ။
နာရီဝက်နီးပါးကြာပြီးနောက် ယန်ချန်တယောက် ဝက်ဝံပေါက်အနား ထိုင်ကာအနားယူလိုက်သည်။ ဒဏ်ရာသက်သာသွားတဲ့ ဝက်ဝံပေါက်အနေဖြင့် သူ့ကိုရန်ပြုမည်အား လုံးဝမတွေးချေ။ ယန်ချန်ရဲ့ရင်းနီးမှုကို သတိပြုမိတဲ့ဝက်ဝံပေါက်က ခန္ဓာကိုယ်အား အနည်းငယ်လှုပ်ယမ်းကာ ဒယီးဒယိုင်ဖြင့်ထလာသည်။ ပြီးနောက် ယန်ချန်ခြေထောက်များကို ဦးခေါင်းဖြင့် တိုးဝေ့လာတော့သည်။
“ယဥ်လိုက်တဲ့ ဝက်ဝံပေါက်လေးပဲ ငါစေတနာထားကုသပေးရတာ အပန်းကြီးတယ်လို့ မခံစားရတော့ဘူးပေါ့”
ယန်ချန့်စကားကိုနားလည်ဟန်ဖြင့် ဝက်ဝံပေါက် တီးတိုးအော်မြည်ပြသည်။ ပြီးနောက် ယန်ချန့်ခြေရင်း၌ပင် လဲလျောင်းလိုက်တော့သည်။
“ကောင်းပြီ နောက်မိနစ်အနည်းငယ်ကြာရင် ဆေးတကြိမ်ထပ်လိမ်းပေးခဲ့မယ် မင်းကတော့ ဒီဂူထဲမှာပဲ ဒဏ်ရာပျောက်တဲ့ထိနေနှင့်ပေါ့”
ယန်ချန်ကသူ့စကားအတိုင်း နောက်ထပ်မိနစ်အချို့ကြာပြီးနောက် ဆေးတကြိမ်ထပ်လိမ်းပေးလေသည်။ ဒုတိယတကြိမ်လိမ်းပြီးနောက် အနာများက ပျောက်ကင်းသွားလေပြီ။
“နေခဲ့တော့ ငါ့ကောင်ရေ ငါလည်းအချိန်လင့်ပြီဆိုတော့ ပြန်တော့မယ်”
ဝက်ဝံပေါက်ကို နှုတ်ဆက်ပြီးနောက် ဂူထဲမှပြန်ထွက်လာချိန် မထင်မှတ်စွာဖြင့် ဝက်ဝံပေါက်က ယန်ချန်အနောက်ဖြေးလေးစွာ လိုက်ပါလာသည်။ ထိုအရာကိုသတိပြုမိသည့် ယန်ချန်က နောက်လှည့်၍
“ဂူထဲမှာနေခဲ့လေကွာ ဘာလဲ ငါ့အနောက်လိုက်ချင်လို့လား”
ဝက်ဝံပေါက်က နားလည်စွာဖြင့်ဦးခေါင်းအား ညိတ်ပြသည်။ ယန်ချန်အတန်ကြာ တုန့်ဆိုင်းသွားသည်။ ဝက်ဝံပေါက်အား ခေါ်ဆောင်ရန်ဖြစ်မဖြစ် တွေးနေခြင်း ဖြစ်သည်။