အခန်း (၁၇)
Vol. 2 Ch. 17
ဝက်ဝံပေါက်ရဲ့အမြင့်က ယန်ချန်ရဲ ခါးအောက်အနည်းငယ်သာနိမ့်ပြီး တကိုယ်လုံးဖက်နိုင်ဖို့ဆိုလျှင် လွယ်ကူမည်မထင်ချေ။ သို့သော်လည်း ယန်ချန်အဓိကတွေးနေသည်က သားရဲသဘာဝဖြစ်ပြီး ဝက်ဝံပေါက်က နောင်တွင အန္တရာယ်တစုံတရာ ပေးလာလေမလား ဖြစ်သည်။
သို့သော် တဖက်တွင်လည်း လူသားဘာသာစကားအား အတန်အသင့်သိနားလည်နေတဲ့ အဆင့်မြင့်သားရဲတကောင်မို့ ခေါ်ယူသွားချင်မိသည်။ အချိန်အတော်ကြာ ဗျာများနေပြီးနောက် ၎င်းခြေထောက်အား မလွှတ်တမ်းဖက်တွယ်ထားသည့် ဝက်ဝံပေါက်အား ပြန်ခေါ်သွားရန်သာ ဆုံးဖြတ်လိုကတော့သည်။
အစာတွက်ကိုတော့ ယန်ချန်စိတ်မပူချေ။ တောစပ်နဲနီးသည့်အပြင် ချောင်းထဲမှရသည့် ငါးအချို့ကိုလည်း ကျွေးနိုင်သေးသည်မဟုတ်လော။
“ကောင်းပြီ မင်းဒီလောက်လိုက်ချင်မှတော့ ငါမငြင်းတော့ဘူး ဒါပေမယ့် ငါ့စကားနားထောင်ရမယ် ကြားလား”
ယန်ချန်ရဲ့စကားအား နားလည်သည့်ဟန်ဖြင့် ဝက်ဝံပေါက်က ခေါင်းညိတ်ပြလာသည်။ ယန်ချန်လည်း အဆုံးမှာတော့ ဝက်ဝံပေါက်အားခေါ်ကာ ပြန်လာရတော့သည်။
ခြံဝန်းထဲ ပြန်ရောက်ချိန်မှာတော့ ဝက်ဝံပေါက်လေးက နေရာစိမ်းအားအနည်းငယ် စိမ်းနေ၍ထင် တွန့်ဆုတ်နေသော်လည်း ယန်ချန်ပြန်လာသည်ကို ထွက်ကြိုသည့် ယင်ယင်လေးက ဝက်ဝံပေါက်အားတွေ့သည်နှင့် အပြေးလေးကာ ပွေ့ဖက်တော့သည်။ သူမလေးက အကြောက်အလန့်လုံးဝမရှိပေ။
ရှုယင်လည်း အသံများကြား၍ အပြင်ထွက်လာတဲ့အခါမှာတော့ ဝက်ဝံပေါက်အား မလွှတ်တမ်း ဖက်ထားသည့် သမီးဖြစ်သူကိုမြင်တဲ့အခါ ထိတ်လန့်သွားရသည်။
“ယင်ယင်..သမီးလေး”
ယန်ချန်ကပဲ ဘာမှမဖြစ်ကြောင်း ပြောပြရင်း အကြောင်းစုံရှင်းပြရတော့သည်။ မကြာမီမှာပဲ ဝက်ဝံပေါက်လေးနဲ့ ယင်ယင်တို့ ရင်းနီးသွားကြပြီး ယန်ချန်က ဝက်ဝံပေါက်ကို ယန်ပိုင်ဟု အမည်ပေးသည်။
တနေ့တာက လျင်မြန်စွာကုန်ဆုံးသွားလေပြီ။ ခြံဝန်းနဲ့အိမ်ကိုလည်း ပြန်ပြင်ဆောက်နေသည်မှာ ပြီးလုနီးပါးဖြစ်နေပြီး မူလနေအိမ်ကိုမှ ပေအနည်းငယ်ထပ်မံချဲ့ထွင်၍ အခန်းငယ်များလည်း ထည့်သွင်းပေးလိုက်သေးသည်။ ထို့ကြောင့် အိမ်က အမြင်၌ သေးငယ်သော်လည်း မီးဖိုခန်း အိပ်ခန်း ဧည့်ခန်း တသီးတသန့်စီ ခွဲခြားထားခြင်းက အိမ်ရဲ့ လက္ခဏာရပ်ကို ပြည့်စုံသွားစေသည်။
“စီရင်စုကို ထပ်သွားဖို့ရှိလား”
ရှုယင်က ယန်ချန့်ဆီ လက်ဖက်ရည်တခွက် ငဲ့ပေးရင်းမေးသည်။ ယန်ချန်က
“ရက်အနည်းငယ်ကြာရင်တော့ ထပ်သွားဖို့ရှိတယ် မွေးမြူရေးအတွက် ကြက်သားပေါက်အချို့ ဝယ်ရမယ်”
ယန်ချန့်စကားဆုံးတော့ ရှုယင်က သက်ပြင်းချလိုက်ပြိး သူမတို့သားအမိ ခုလို သက်တောင့်သက်သာ နေရသည့်အပေါ် အသားမကျနိုင်စွာ ညည်းညူလာသည်။
“ရှင့်အကူညီတွေအတွက် ကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်မတို့သားအမိ အတော်လေး ဒုက္ခများနေတော့မှာ”
သူမလေသံက အစစ်မှန်ပင် ယန်ချန့်ကို ကျေးဇူးတင်နေဟန်ရှိပြီး ယန်ချန့်ကို သူမအိမ်ထဲ၌ နေခွင့်ပေးဖို့ကိုတော့ တုန့်ဆိုင်းနေသေးသည်။ ယန်ချန့်အတွက်ကတော့ ထိုအကြောင်းရာအား မတွေးသေးပေ။ ဒီရက်ပိုင်း စိုပြေလာသည့် သူမဟန်ပန်ကို သတိထားမိသော်လည်း ပြင်ပလောကနဲ့ ဒီထက်ပို အသားကျရန် လိုအပ်သေးသည်ဟု ယူဆပြီး အခြားအတွေးများအား ဖယ်ထုတ်ထားခြင်း ဖြစ်သည်။
“အပင်တွေက တနေ့ရေတကြိမ်လောင်းရင်ရပြီ အသစ်တူးထားတဲ့ ရေကန်ကနောက်ရက်အနည်းငယ်ဆို သုံးလို့အသင့်ဖြစ်ပြီဆိုတော့ အစ်မရှုတို့အိမ်အတွက် အရင်လိုရေရဖို့ ပင်ပန်းခံနေစရာမလိုတော့ဘူးပေါ့”
“အင်း.. ကျမခြံဝန်းက ချောင်းနဲ့အနီးဆုံးဆိုပေမယ့် အခုကနွေရာသီရောက်ခါနီးပြီ မကြာခင်ချောင်းရေခန်းသွားမှာစိုးရတယ် အခုလိုရေကန်တခုတူးထားတော့ ရေပြဿနာမဖြစ်တော့ဘူးပေါ့”
ရှုယင်က တွေးတွေးဆဆ ဆိုသည်။ စီရင်စုကြီးနှင့် မြို့ကြီးများတွင်တော့ အိမ်တိုင်း ကိုယ်ပိုင်ရေတွင်းကြီးများရှိကြပြီး ရေလိုအပ်ချက်ရှိလာရင်လည်း ဆင်းရဲသားများအား ကြေးပြားအနည်းငယ်ပေး၍ ခိုင်းစေနိုင်သည်။ တောစပ်က ရွာငယ်လေးများကမူ ချောင်းရေကိုသာ အားကိုးနိုင်ကာ ထမင်းချက်ပြုတ်ခြင်းကစ အဝတ်အထည်လျှော်ဖွပ်ခြင်းနှင့် အခြားသုံးစွဲမှုများအားလုံး လောက်ငှရန်က မသေချာပေ။
ယန်ချန်ဒီရက်ပိုင်းအတွင်း ရှုယင်ဆီမှ သိလာရသည်က ကျင့်ကြံရေးလောကတွင်လည်း အမျိုးသမီးများကို ဖိနှိပ်တတ်ကြပြီး မိသားစု၏အရိုက်အရာကို သားဖြစ်သူများကသာ ဆက်ခံခွင့်ရှိသည်မှာ ပဒေသရာဇ်ခေတ်ကာလနဲ့ တူညီနေသည်။ အမျိုးသမီးက အိမ်တွင်းအချက်အပြုတ်နဲ့ အိမထောင်မှု ထိန်းသိမ်းခြင်းများ၌သာ အရာဝင်သည်ဟု ယူဆကြသည်။ အမျိုးသမီး ကျင့်ကြံသူများ မရှိလေသလား။ ထိုအရာက မဖြစ်နိုင်ချေ။ ကျန်းသခင်မလေးသည် အမျိုးသမီးကျင့်ကြံသူဖြစ်ပြီး တေးသံသာဂိုဏ်းကတော့ ရှုယင်ရဲ့ပြောပြချက်အရ ယခင်က အမျိုးသမီးသီးသန့် လက်ခံသည့်ဂိုဏ်းဖြစ်ကာ ကပ်ဘေးကာလပြီးနောက် အင်အားလိုအပ်ချက်အချက်အရ အမျိုးသားကျင့်ကြံသူအနည်းငယ် ပြောင်းလဲ လက်ခံပေးခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းများ မည်သို့ရှိကြသနည်း။ ထိုအရာအား ယန်ချန်စိတ်ဝင်စားမိသော်လည်း ယန်ချန်နှင့်ဂိုဏ်းကြား အဆက်စပ်က မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် လူသူကင်းမဲ့နေသည့် အိမ်ခြေတရာနီးပါး လူမဲ့ရွာကလေး ပြန်လည်စည်ကားလာရန် မည်သို့ အဆင့်ဆင့် လုပ်ဆောင်ရမည်အား အလေးထား တွေးနေမိသည်။ ရွာမှထွက်၍ ပြောင်းလဲအခြေချရန်ကိုတော့ မတွေးမိပေ။ သူ့သိစိတ်က ရွာမှာဆက်နေရန် ညွှန်ပြနေသည်မဟုတ်လား။
“သခင်လေးယန် သခင်လေးယန်ရှိလား”
ရှုယင်နဲ့စကားကောင်းနေစဥ်မှာပဲ ခြံဝန်းအပြင်ဘက်မှ ရင်းနီးသည့် အသံတခုကြားလိုက်ရသည်။ ယန်ချန့်ဆီ လာလည်လောက်အောင် ရင်းနီးသည့် မိတ်ဆွေမရှိသေးသော်လည်း အသံကိုတော့ ရင်းနီးသလိုခံစားနေရသည်။
ယန်ခန်လည်း ထိုင်ခုံမှထကာ ခြံဝန်းအပြင်အားကြည့်ရန် ထွက်လာချိန်မှာတော့ ယင်ယင်လေးနှင်အတူ ဆော့ကစားနေသည့် ယန်ပိုင်ကပါ အနောက်မှလိုက်ပါလာသည်။
ခြံဝန်းအပြင်ရောက်တော့ မထင်မှတ်ထားစွာပင် တာဝန်ခံရှောင်ဖြစ်နေပြီး သူနဲ့အတူ အသက်၇၀ အရွယ်အဖိုးအိုနှင့် ၁၆နှစ်အရွယ် ကောင်မလေးတယောက်အား တွေ့လိုက်ရသည်။
“သခင်လေးယန်ကို နှုတ်ဆက်ပါတယ် ကြိုအကြောင်းမကြားပဲ ခုလိုလာရတာကို သခင်လေး စိတ်အနှောင့်ယှက်မဖြစ်ဘူးမဟုတ်လားဗျ”
တာဝန်ခံရှောင်က ယန်ချန်ကို ပေါ့ပေါ့ပါးပါး နှုတ်ဆက်စကားဆိုလာသည်။
“မဖြစ်ပါဘူးဗျာ လာမယ်မထင်ထားလို့ အံ့သြသွားရုံပါ”
ယန်ချန်က ပြန်လည်တုန့်ပြန်ပြီးနောက် အရှေ့မှဦးဆောင်ကာ ခြံဝန်းထဲ ဝင်ရောက်သွားသည်။ ထိုအချိန် တာဝန်ခံရှောင်အနောက်မှာရှိတဲ့ ကျန်းဝမ်လီတို့မြေးအဖိုးကတော့ ယန်ပိုင်ကိုကြည့်ကာ ထိတ်လန့်နေသည်။
“သားရဲဘုရင်လား ဒါ နှင်းဝက်ဝံပဲ ထိပ်တန်းသွေးမျိုးဆက်ရှိလို့ အမည်ကြီးတဲ့ နှင်းဝက်ဝံမဟုတ်လား”
ကျန်းဝမ်လီတယောက် သူ့ထက်အင်အားကြီးနေသည့် ဝက်ဝံပေါက်အားကြည့်ကာ ခြေလှမ်းများ ရှေ့မတိုးရဲတော့ပေ။ ကျန်းရင်ရင်ဆိုလျှင် ခြေထောက်အစုံက အားနည်းပျော့ခွေနေပြိး ယန်ပိုင်ထုတ်လွှတ်ထားသည့် ဖိအားများက အနည်းငယ်သာဆိုသော်လည်း ထိုအနည်းငယ်ကိုပင် သူမခမျာ မတောင့်ခံနိုင်ရှာပေ။ ယန်ပိုင်ကား ယန်ချန်ရဲ့ ကျွေးမွေးမှုများကြောင့် ကျင့်ကြံဆင့် လျင်မြန်စွာတိုးတက်လာကာ သားရဲဘုရင်အဆင့် အထွဋ်အထိပ်ကိုရောက်နေပြီး ထိုအရာက လူသားကျင့်ကြံဆင့်နဲ့ဆိုလျှင် အခြေတည်ဝိဉာဥ်အဆင့်နဲ့တူသည်။ ကျင့်ကြံသူမဟုတ်သည့် တာဝန်ခံရှောင်ကတော့ ထိုဖိအားကို မသိလိုက်ပေ။
“အထဲဝင်ခဲ့ကြပါ”
ယန်ချန်ရဲ့စကားသံက ယန်ပိုင်ရဲ့ ဖိအားများကို ညင်သာစွာ ပယ်ဖျက်သွားပြီး ကျန်းဝမ်လီတို့မြေးအဖိုးအား စိတ်သက်သာရာ ရစေသည်။
ဟူး… ကြောက်ဖို့ကောင်းလိုက်တာ..
ကျန်းဝမ်လီတယောက် သက်ပြင်းချကာ အိမ်ထဲလှမ်းဝင်တော့သည်။
“ကိစ္စအထွေအထူးများ ရှိလို့လားဗျ”
ယန်ချန်ကပဲ စကားစလိုက်ပြီး တဖက်မှာတော့ ရှုယင်က သမီးဖြစ်သူကို ယန်ပိုင်နဲ့အတူ ခြံဝန်းထဲဆော့စေပြီး သူမကတော့ ဧည့်သည်များအား လက်ဖက်ရည်ဖြင့် ဧည့်ခံလေသည်။
“ကျတော်မိတ်ဆက်ပေးပါ့မယ် ဒါက ကျတော်တို့ကျန်းအိမ်တော်ရဲ့ဘိုးဘေးပါ ဒီသခင်မလေးကိုတော့သခင်လေး သိမယ်ထင်ပါတယ်”
ယန်ချန့်အကြည့်က ကျန်းဝမ်လီတို့မြေးအဖိုးထံ ရောက်သွားချိန်မှာပဲ ကျန်းဝမ်လီက စကားဆိုသည်။
“ဒီလူအိုကြီးကို ကျန်းဝမ်လီလို့ခေါ်ပါတယ် ကျုပ်မြေးမလေးကို ကုသပေးတဲ့အတွက် လူအိုကြီးကိုယ်တိုင် ကျေးဇူးတင်စကားလာပြောရင်း သခင်လေးယန်ရဲ့ ထူးခြားတဲ့ဆေးပညာအရည်သွေးကို ဂါဝရပြုလိုပါတယ်”
ကျန်းဝမ်လီက သူ့စိတ်ရင်းအား ပွင့်လင်းစွာပြောလာသည်။ သို့သော်လည်း ယန်ချန်တယောက် အနေရခက်သွားပြီး ချောင်းအနည်းငယ် ဟန့်လိုက်ရသည်။
“မဟုတ်တာ အဲ့လောက်ထိမလိုပါဘူး ဒါက သာမန်ဆေးပညာလေးပါပဲ ကျတော့်ရဲ့ သေမျိုးဆေးပညာက သခင်မလေးကို အကူညီဖြစ်စေတဲ့အတွက် ဝမ်းသာရပါပြီ”
သေမျိုး ဆေးပညာတဲ့လား။ သခင်လေးက တကယ်ပဲ မူလပြန်ရောက်ခြင်းအဆင့်ကို ရောက်နေတာများလား။ ကျန်းဝမ်လီတယောက် ရှုပ်ထွေးသွားရသည်။ ချီဓာတ်အနည်းငယ်ကိုပင် အာရုံမခံမိသော်လည်း တည်ငြိမ်လေးနက်တဲ့ ဟန်ပန်နှင့် သားရဲဘုရင်အား ကလေးနဲ့ဆော့ကစားရန် မွေးမြူနိုင်သည့်အဆင့်က သေချာပေါက် မဟာယနာအဆင့်များပင် မလုပ်နိုင်ချေ။ ထို့အပြင် မည်သူက သာမန်ဆေးရည်တခွက်ဖြင့် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူအား ရွှေအမြူတေအဆင့် ရောက်စေမည်နည်း။
“ဘာပဲပြောပြော လူအိုကြီးရဲ့ ဂါဝရပြုမှုကို လက်ခံပေးပါ”
ထိုသို့နှင့် ကျန်းဝမ်လီတို့မြေးအဖိုး နှစ်ယောက် အတည်ပေါက်ဖြင့် ဂါဝရပြုနေသည်အား စိတ်မသက်သာစွာဖြင့် လက်ခံလိုက်ရတော့သည်။ အဖိုးကြီးက ခေါင်းကြောမာမယ့်ပုံပဲ တားမရမယ့်အတူတူ ခဗျားတို့လုပ်ချင်တာ လုပ်ကြ…။
ဂါဝရပြုပြီးနောက် ကျန်းဝမ်လီက စနစ်တကျထုပ်သိမးလာသည့် အရာတခုအား ထုတ်ယူကာပေးလာသည်။
“ဒီအရာက လူအိုကြီး ဘဝတသက်တာ ကိုင်ဆွဲခဲ့တဲ့ လက်သုံးတော်လေးပါ သခင်လေးအပန်းမကြီးရင် ဂါဝရလက်ဆောင်အဖြစ် လက်ခံပေးစေချင်ပါတယ်”
ကျန်းဝမ်လီက တလေးတစားပင် လေးကိုင်းအား ကမ်းပေးလေသည်။ ယန်ချန်တယောက် မျက်မှောက်ကြုတ်သွားရသည်။
ဘဝတသက်တာ ကိုင်တယ်တဲ့လား..ဒီလောက်အရည်အသွေးနိမ့်တဲ့လေးကိုလေ..။ ကျန်းအိမ်တော်ကို ကြွယ်ဝမယ်ထင်တာ အတော်လေးမွဲနေတာပဲ ငါလေ့ကျင့်ရင်းလုပ်ထားတဲ့အရည်သွေး အနိမ့်ဆုံးလက်နက်ကတောင် ခုဟာထက်ပိုကောင်းတာ အသိသာကြီးကို။
ငါထင်တယ် ဒီလောက်က သခင်လေးအတွက် မက်လောက်စရာမရှိဘူး။ အင်း… ငါ့မှာလည်း ဒီထက်အဖိုးတန်တာမရှိတော့ဘူး။
ကျန်းဝမ်လီကတော့ မျက်မှောက်ကြုတ်သွားသည့် ယန်ချန့်အမူအရာကို ကြည့်ကာ စိတ်ဓာတ်ကျသွားသော်လည်း ယခုအရာက သူဘဝ၌ တန်ဖိုးအကြီးဆုံး အဆင့်မြင့်လက်နက်ဖြစ်၍ ဖြေသိမ့်ရန်ကြိုးစားရတော့သည်။
ယန်ချန်က လေးကို အသာဆွဲကာ ချိန်ကြည့်သည်။
မဆိုးဘူး အရည်သွေးကသာမန်ဆိုပေမယ့် လက်ရာကတော့ လက်ခံနိုင်လောက်ပါတယ်။ ငါဒီတိုင်းလက်ခံလိုက်ရင် ရိုင်းရာများကျသွားမလား။ အဖိုးကြီးက ဒီလက်နက်ကို တသက်တာသုံးတယ်ဆိုတော့ သူတန်ဖိုးထားမှာပဲ တခုခုပြန်ပေးမှ သင့်တော်ပါမယ်လေ။.
အတန်ကြာ တွေးပြီးနောက် ကျန်းဝမ်လီတို့မြေးအဖိုးအား လက်ဆောင်တခုစီပြန်ပေးရန် ဆုံးဖြတ်လိုက်သည်။ လက်ဆောင်များလဲလှယ်ခြင်းက ရင်းနီးမှုတိုးစေပြီး နောင်တွင် ကျန်းအိမ်တော်အား အကူညီတောင်းစရာများ ပေါ်လာနိုင်သည် မဟုတ်လား။