← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

ယန်ချန်တယောက် ကျန်းဝမ်လီရဲ့ လေးလက်နက်အား ရှုယင်ဆီကမ်းပေးရင်း မည်သည့်လက်နက်ပြန်ပေးရမည်ကို တွေးနေစဥ် ကျန်းရင်ရင်က ယန်ချန့်ဘေး၌ ငြိမ်သက်စွာထိုင်နေသည့် ရှုယင်အားကြည့်၍ မေးလာသည်။

“သခင်လေးယန် ဒီအစ်မက ဘယ်သူများလဲရှင့် ရင်းနီးသလို ခံစားနေရလို့ပါ ရိုင်းတယ်မထင်ပါနဲ့နော်”

ကျန်းရင်ရင်ရဲ့စကားကြားမှ ယန်ချန်လည်း ရှုယင်နှင့် မိတ်မဆက်ပေးရသေးမှန်းသတိရသွားတော့သည်။

“ဟားးဟား မေ့နေတာဗျာ ဒါက ကျတော့်အစ်မလိုရင်းနီးတဲ့ မိတ်ဆွေပါ ခုနက ခြံဝန်းထဲပြေးထွက်သွားတဲ့ကလေးမလေးက အစ်မရှုရဲ့သမီးလေး ယင်ယင်ပါ သူက လူစိမ်းတွေ သိပ်မရင်းနီးလို့ လာမနှုတ်ဆက်တာကို အပြစ်မမြင်ပါနဲ့ အစ်မရှုကို သခင်မ​လေး ရင်းနီးသလိုခံစားရတာ မဆန်းပါဘူး သူမက ဖန်းတချန်ရဲ့ဇနီးလေ အခုတော့ ဖန်းမိသားစုဝင်မဟုတ်တော့ပါဘူး”

ယန်ချန်ရဲ့စကားဆုံးတော့ ရှုယင်က နှစ်လိုဖွယ်ပြုံး၍ နှုတ်ဆက်သည်။

“ကျန်းသခင်မလေးရဲ့ဂုဏ်သတင်းကိုကြားဖူးတာ ကြာပါပြီ အခုလိုလူချင်းတွေ့ရတော့မှ တကယ်ပဲ အဖက်ဖက်က ပြည့်စုံတာကို မြင်လိုက်ရပါတယ်”

ရှုယင်ရဲ့စကားသံက သိမ်မွေ့ပြီး ဖန်းနဲ့ ကျန်း အိမ်တော်နှစ်ခုကြား ရန်စကို သူမနဲ့မသက်ဆိုင်သလိုပင် ကျန်းရင်ရင်အား ချီးကျူးစကားဆိုလေသည်။

“မဟုတ်တာ အစ်မကမှ တကယ့်ပြည့်စုံတဲ့ အမျိုးသမီးပါ အပန်းမကြီးရင် ဒီကသခင်လေးကော အစ်မရှုကော ကျမကို ရင်ရင် ဒါမှမဟုတ် ရင်အာလို့ ခေါ်နိုင်ပါတယ်”

ကျန်းရင်ရင်က ချက်ချင်းပဲ တုန့်ပြန်သည်။ တဖက်တွင်တော့ တာဝန်ခံရှောင်နဲ့ ကျန်းဝမ်လီတို့နှစ်ဦးသားက ကျန်းရင်ရင်၏ ထက်မြတ်မှုကို ကျိတ်၍ ချီးကျူးနေကြလေသည်။ ယန်ချန်က ချောင်းဟန့်၍

“ကောင်းပြီ စကားကောင်းနေတာနဲ့ နေ့လည်စာ စားချိန်ရောက်ပြီဆိုတော့ တခါတည်းစားသွားကြပါ ဧည့်သည်တွေလာတုန်း နေ့လည်စာကို ကျတော်ကိုယ်တိုင်အထူးပြင်ပေးမယ် ပြီးတော့ ဒီကအဖိုးလီနဲ့ ရင်အာတို့ကိုလည်း လက်ဆောင်တခုစီ ပြန်ပေးဦးမယ်ဗျာ”

ယန်ချန်ရဲ့ အလွန်ရင်းနီးသည့် စကားလုံးများကြောင့် ကျန်းဝမ်လီတို့ သုံးဦးစလုံး ကျေနပ်သွားကြကာ နေ့လည်စာနဲ့လက်ဆောင်များရယူရန်ကိုမူ ငြင်းပယ်တော့သည်။

“နေပါစေ သခင်လေးယန် ကျတော်တို့အတွက် အပင်ပန်းမခံပါနဲ့”

“ဟုတ်ပါတယ် သခင်လေး”

မည်သို့ပင်ဆိုစေကာမူ ယန်ချန်ကတော့ ထိုစကားများကို ငြင်းပယ်ကာ ကျင့်ကြံသူနောက်ခံတခုရရန်တွေးပြီး ပြတ်ပြတ်သားသား ဖိတ်ခေါ်တော့သည်။

ဟုတ်တယ်လေ.. ဒီအခွင့်ရေးက ရှားပါးလိုက်သည့်နှယ်. ကျင့်ကြံသူနဲ့မိတ်ဆွေဖြစ်ပြီး ကျန်းအိမ်တော်ဆိုတာက ကျင်းစီရင်စုမှာ နဂါးလိုကျားလို ကြီးထွားနေတဲ့ မိသားစုဆိုတော့ ဒီလိုအင်အားစုနဲ့ ရင်းနီးရတာက အမြတ်တခုဖြစ်သည်။

“ခဗျားတို့ မငြင်းနဲ့တော့ဗျာ ဟုတ်ပြီလား အစ်မရှုနဲ့စကားပြောနှင့်ကြ မကြာပါဘူး ပစ္စည်းတွေက အဆင်သင့်ပဲ မိနစ်အနည်းငယ်နဲ့ အကုန်ရနိုင်ပါတယ်”

ယန်ချန်က ချက်ချင်းပဲ စကားဝိုင်းကထထွက်သွားပြီး သူအဓိက လုပ်လိုသည်က စနစ်သိုလှောင်ခန်းမှ လက်နက်အချို့ရွေးယူကာ သိုလှောင်လက်စွပ်ထဲ ပြောင်းထည့်ရန် ဖြစ်သည်။ နေ့လည်စာ ဟင်းပွဲကတော့ သူ့အတွက် အသေးအမွှားပင်။

မီးဖိုချောင်ထဲရောက်တော့ ချက်ချင်းပဲ သိုလှောင်ခန်းထဲမှ ငွေရောင်လေးတလက်နဲ့အတူ စနစ်၏လေ့ကျင့်ရေးကာလတုန်းက ထုလုပ်ထားသည့် ငွေရောင်ဓားပါးတလက်အား သိုလှောင်လက်စွပ်ထဲ အမြန်ပြောင်းထည့်လိုက်သည်။ ပြီးနောက် နေ့လည်စာအား စတင်ချက်ပြုတ်တော့သည်။

အိမ်ရှေ့ဧည့်ခန်းတွင်တော့ ကျန်းရင်ရင်က အစ်မရှုနဲ့ စကားကောင်းနေပြီ တာဝန်ခံရှောင်နဲ့ ကျန်းဝမ်လီတို့ကမူ ယန်ချန်စိုက်ပျိုးထားသည့် သီးပင်များ ဆေးပင်များကိုကြည့်ကာ တုန်လှုပ်နေကြသည်။ ထိုအရာများက အဆင့်နိမ့်ဟူ၍ မရှိကြပဲ အနိမ့်ဆုံးဆေးပင်ကပင် အဆင့်မြင့်အဆင့်ဖြစ်ကာ သက်တမ်းရင့်သည့် ဆေးပင်များကိုလည်း တွေ့နေရသည်။

ဟူး… ဒီဖန်းမိသားစုချွေးမလေးနဲ့ သခင်လေးယန်ကြား ပက်သက်မှုကိုမသိပေမယ့် သခင်လေးယန်အနား နေနိုင်တာကိုက သူမကံ ကောင်းလွန်းတယ် ဆိုရမယ်။

ကျန်းဝမ်လီက သက်ပြင်းချကာ တီးတိုးညည်းညူလိုက်သည်။ အဆင့်မြင့် အထွဋ်အထိပ်နဲ့ သူတော်စင်အဆင့် ဆေးပင်များသာမက သားရဲဘုရင်အား အိမ်မွေးတိရစ္ဆာန်ပြုလုပ်ထားခြင်းတို့က လက်ဖျားခါစရာပင်။ ဘယ်လိုတောင် အဆင့်မြင့်မားနေရသလဲ…။

တဖက်တွင် ကျန်းရင်ရင်နဲ့ ရှုယင်တို့က မိန်းမသားနှစ်ဦးကြား ရင်းနီးမှုလွယ်ကူစွာဖြစ်သွားခဲ့ပြီး အဝတ်အစားများ ပြီးတော့ ကျင်းစီရင်စုမှ ထွေရာလေးပါးများပြောဆိုကာ ရယ်မောနေကြစဥ် ယင်ယင်လေးက ယန်ပိုင်နဲ့အတူ အိမ်ထဲ ပြန်ဝင်လာသည်။

“မေမေ သမီးဗိုက်ဆာလာပြီ”

ယင်ယင်အသံကြောင့် စကားစပြတ်သွားသည့်ရှုယင်က ပြုံးကာ သမီးဖြစ်သူအား သူမအနားခေါ်လိုက်သည်။

“လာပါဦး ဒီကမမတို့ ဖိုးဖိုးတို့နဲ့ မေမေ မိတ်ဆက်ပေးမလို့ နေ့လည်စာအတွက်ကိုတော့ ဦးဦးယန်က ပြင်ပေးနေပါပြီတဲ့ရှင်”

သူမက ယင်ယင်လေး၏ နှာခေါင်းလေးအား အသာညှစ်ကာ ပေါင်ပေါ်တင်၍ ကျန်းရင်ရင်တို့အား နှုတ်ဆက်စေသည်။ ယင်ယင်က လူစိမ်းများကို သတိထားလေ့ရှိသော်လည်း နေ့လည်စာစားရတော့မည်ဟု သိထားသည်ကတကြောင်း မိခင်ဖြစ်သူကိုယ်တိုင် မိတ်ဆက်စေခြင်းတို့ကြောင့် အနည်းငယ်တုန့်ဆိုင်းနေသော်လည်း ကျန်းရင်ရင်တို့အား နှုတ်ဆက်စကား ဆိုလေသည်။

“တေွ့ရတာ ဝမ်းသာပါတယ် မမ”

“တေွ့ရတာ ဝမ်းသာပါတယ် ဘဘနဲ့ဖိုးဖိုးကြီး”

ယင်ယင်ရဲ့ချစ်စဖွယ်အသံလေးကြောင့် ကျန်းဝမ်လီလည်း ကျယ်လောင်စွာရယ်မောကာ သဘောကျသွားတော့သည်။ အနှီကောင်မလေးအား မြင်သူတိုင်းချစ်မိမှာ မဆန်းချေ။ သူမလေးကလည်း စကားတတ်လွန်းပြီး အလိုက်သိကာ ချစ်စရာကောင်းပေသည်။

“ဖိုးဖိုးတို့ကလည်း တွေ့ရတာဝမ်းသာပါတယ်တဲ့ဗျာ”

ကျန်းဝမ်လီတို့ စကားပြောနေချိန် မီးဖိုခန်းထဲမှာတော့ ယန်ချန်က သူ့လက်ရာကိုပြသရန် ကောင်းပေ့ဆိုသည့်အသားများအား ရွေးထုတ်ကာ ပြင်ဆင်တော့သည်။

ငါးတကောင်အား အကောင်လိုက် ကြော်ကာ သားရဲအသားကိုတော့ မုန်ညှင်းဖြင့် စွပ်ပြုတ်ပုံစံ အရည်သောက်လုပ်သည်။ ထို့အပြင် ကျင်းစီရင်စုမှ ဝယ်လာသည့် အကောင်းစားဆန်ကို သုံးပြီး အသီးခြောက်များထည့်၍ သီးစုံထမင်းပြုလုပ်လေသည်။

ဟမ့်.. ကျင့်ကြံသူတွေလည်း ထမင်းစားရတာပဲ။ ငါ့လက်ရာကို တခါစားဖူးရင် သူတို့သေချာပေါက် မှင်သက်သွားကြမှာ။

ယန်ချန်က ခြံဝန်းအနောက်ဘက်မှ ဆေးပင်အချို့ကိုပါ ထပ်မံ၍ အသုံးပြုလိုက်ပြီး ထိုဆေးပင်က သက်ကြီးအရွယ်များကို တိုတောင်းတဲ့အချိန်ခဏအတွင်း လန်းဆန်းစေကာ ခွန်အားဖြစ်စေသည်။

တနာရီနီးပါး ကြာမြင့်ပြီးချိန်မှာတော့ နေ့လည်စာက အသင့်ဖြစ်သွားလေပြီ။

“ဟေး.. အရသာရှိတာတွေ စားရပြီ”

ယင်ယင်ရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်လာပြီး ယန်ချန်ကတော့ စားပွဲများပြင်ဆင်ကာ ယန်ပိုင်အတွက်လည်း အစားသောက်များအား သူ့နေရာ၌ ထားပေးလေသည်။

“အဝသါစား မဝသေးရင် ထပ်တောင်းဟုတ်ပြီလား”

ယန်ပိုင်က ခေါင်းတချက်ညိတ်ပြပြီး သူ့ရဲ့ကြီးမားတဲ့လက်ကြီးနှစ်ဖက်ဖြင့် ပန်းကန်ထဲမှ ဟင်းလျာများအား စားသောက်တော့သည်။

“ကျတော့်လက်ရာ မြည့်စမ်းကြပါဦး ကျင်းစီရင်စုက ထိပ်တန်းစားဖိုမှူးတွေထက်တော့ မလျော့စေရပါဘူး”

ယန်ချန်က ပြုံးစစဖြင့် နေ့လည်စာဝိုင်းအား ပေါ့ပေါ့ပါးပါးစတင်စေသည်။

“မဟုတ်တာပဲ အခုလိုသခင်လေးကိုယ်တိုင် ပြင်ဆင်ပေးတာကို စားခွင့်ရတာကပဲ ကံထူးလှပါပြီ”

“ဟုတ်ပြီဗျာ အားမနာတမ်းစားကြဗျာ”

ယန်ချန်စကားဆုံးတော့ ကျန်းရင်ရင်က သူမအနားရှိ စွပ်ပြုပ်ပန်းကန်လုံးထဲသို့ စွပ်ပြုတ်အနည်းငယ်ထည့်ကာ တဇွန်းသောက်ကြည့်သည်။ ကျန်းဝမ်လီနဲ့ တာဝန်ခံရှောင်တို့ကလည်း နီးစပ်ရာ ဟင်းပွဲများအား ယူဆောင်စားသောက်ကြတော့သည်။

“ဟမ်.. ဒါက ခွန်အားဖြစ်စေတဲ့ ဆေးပင်အရသာမဟုတ်လား နောက်ပြီး ချီဓာတ်ကိုမြင့်တင်ပေးတဲ့ ဆေးပင် စိတ်ကြည်လင်စေတဲ့ ရေခဲနှင်းပွင့်နဲ့ နှစ်တစ်ထောင်ဝါးမှို ဘုရားရေ.. ထိပ်တန်းဆေးပင်တွေကို သားရဲအသားနဲ့ရောပြီးချက်ထားတာပါလား”

ကျန်းဝမ်လီတယောက် ပထမဆုံးတဇွန်းမှာတင် တုန်လှုပ်သွားကာ ပြင်းထန်တဲ့အရသာက လျှာမှတဆင့် လည်ချောင်းကိုဖြတ်ပြီး အူထဲရောက်သွားချိန်မှာတော့ တကိုယ်လုံးအကြောများပွင့်ကာ သွေးလည်ပတ်မှုများက မြန်ဆန်လာတော့သည်။ တဖက်ရှိ ကျန်းရင်ရင်လည်း ထို့အတူပင်။

မယုံနိုင်စရာ ခံစားချက်ကြီးအား တုန်လှုပ်စွာ ခံစားနေရပြီး သူမကျင့်ကြံဆင့်က စတင်လှုပ်ခတ်လာကာ ရွှေအမြူတေအစောပိုင်းမှ အလယ်ဆင့်သို့တိုးတက်ရန် တာဆူလာတော့သည်။

“စားကြပါ အခူးဧည့်သည့်ဆိုတော့ ဆေးပင်အချို့ထည့်ပြီးချက်ပြုတ်ထားတာ အဖိုးလီနဲ့ တာဝန်ခံရှောင်တို့အပြင် ရင်ရင့်အတွက်လည်း အဆင်ပြေစေပါလိမ့်မယ်”

ယန်ချန်ကတော့ ပေါ့ပေါ့ပါးပါးပင်။ သူစိုက်ထားသည့် ဆေးပင်များက သေမျိုးတွေအတွက် ထိရောက်သော်လည်း ကျင့်ကြံသူများအား အကျိုးအာနိသင်ရှိမရှိ မသေချာ။ သေချာတာက ထိုအရာအား ထုတ်ပြောမည် မဟုတ်ပဲ သူ့လက်ရာကိုသာ သတိပြုမိလျင် လုံလောက်ပြီ ဖြစ်သည်။

စွပ်ပြုတ်ထဲမှ စိတ်ဝိဉာဥ်စွမ်းအင်များ တဟုန်ထိုး တိုးဝင်လာသည်ကို ဖိနှိပ်ထိန်းချုပ်ရင်း ကောင်းမွန်လှသည့်အရသာအောက် ကျန်းဝမ်လီတို့ သုံးဦးသား ခေါင်းမဖော်နိုင်တော့ပေ။ တာဝန်ခံရှောင်အတွက်မူ ဤမျှ အရသာရှိလွန်းသည့် အစားသောက်အား ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ပြီး ဆေးပင်များကြောင့် အနည်းငယ်ပေါ့ပါးသွားသလို ခံစားရကာ ယခင်ရောဂါဟောင်းများ ယူပစ်သလို ပျောက်သွားသည်ကို သတိပြုမိလိုက်သည်။

ဒါ.. အင်မော်တယ်အဆင့် ဆေးဆရာရဲ့စွမ်းအားများလား။ မဟုတ်သေးဘူး…အင်မော်တယ်ထက်တောင် ကျော်လွန်နေမှာစိုးရတယ်.. အခု ငါဒဏ်ရာဟောင်းတွေက တဖြေးဖြေးပျောက်ကင်းလာပြီး အခြေတည်ဝိဉာဥ်အဆင့် ချိုးဖြတ်ဖို့ ခြေတလှမ်းနီးလာတာ လုံးဝမယုံနိုင်ဘူး။

ကျန်းရင်ရင်ကလည်း သူမချီဓာတ်များကို ဖိနှိပ်ကာ ဆက်လက်စားသောက်နေရပြီး သူမတို့၏ အဆက်မပြတ်အားပါးတရ စားသောက်နေပုံကိုကြည့်ကာ ယန်ချန်တယောက် အကျေနပ်ကြီး ကျေနပ်နေလေသည်။

အဟက်.. ငါ့လက်ရာကို နတ်ဘုရားတွေတောင် မငြင်းပယ်နိုင်ဘူး။

မိနစ်အနည်းငယ်မှာပင် စားစရာကုန်စင်သွားပြီး အကုန်လုံးက အားပါးတရ စားသောက်လိုက်ရသည့်အတွက် ကျေနပ်သွားကြသည်။ စားသောက်ပြီးသွားချိန်တွင် ရှုယင်က ပန်းကန်များသိမ်းဆည်းသွားပြီး ယန်ချန်ကမူ အဖိုးလီအတွက် လက်ဖက်ရည်ငဲ့ပေးလေသည်။

“အရသာဘယ်လိုနေလဲ စိတ်ကျေနပ်ရဲ့လား အဖိုးလီ”

တုန်လှုပ်နေဆဲ ဖြစ်သည့် ကျန်းဝမ်လီနဲ့ ကျန်းရင်ရင်တို့ကမူ ယန်ချန့်စကားကြားသည်နှင့် လက်နှစ်ဖက်အားဆုပ်ကာ ဂါဝရပြုတော့သည်။

“နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ် သခင်လေးယန် ဒီနေ့လည်စာကို လူအိုကြီး တသက်မမေ့တော့ပါဘူး”

“ကျမလည်း ကျေးဇူးတင်မိပါတယ် သခင်လေး”

“ဒီလောက် အလေးနက်ထားစရာမလိုပါဘူး ထမင်းတနပ်ပဲဟာ အဖိုးလီတို့ ရင်ရင်တို့လို့ ကျင့်ကြံသူတွေအတွက် ဒါလေးက စကားထဲထည့်ပြောနေစရာတောင်မရှိပါဘူး သေမျိုးတယောက်ရဲ့ ထမင်းပွဲလေးပါ”

အပြင်ပန်း၌ လက်တခါခါဖြင့် ငြင်းဆိုနေသော်လည်း စိတ်ထဲမှာတော့ ဂုဏ်ယူမဆုံးဖြစ်ကာ စနစ်ရဲ့သင်ကြားပေးမှုကို ချီးကျူးနေမိတော့သည်။

သေမျိုးလေးရဲ့ ထမင်းတနပ်တဲ့လား။ ဒီတနပ်စားရဖို့ ကျင်းဧကရာဇ်ကြီးတောင် ရောက်လာနိုင်တယ်ဆိုတာ သခင်လေးသိရဲ့လား မဟုတ်သေးဘူး အင်မော်တယ်တွေတောင် ဒီအခွင့်အရေးရဖို့ လုယက်ကြရလိမ့်မယ်။

ကျန်းဝမ်လီက ထို့သို့တွေးမိသော်လည်း ယန်ချန်ရဲ့ သေမျိုးဟူသည့်စကားလုံးအား ခဏခဏ သုံးစွဲနေသည်ကိုသတိထားမိကာ သူ့အတွေးနဲ့သူ ကျင့်ကြံဆင့်တိုးမြင့်မှုအကြောင်း ထုတ်မပြောတော့ပေ။ သခင်လေးယန်ကဲ့သို့ ပုဂ္ဂိုလ်များက ကျင့်ကြံရေးကို စိတ်မဝင်စားတော့။ သူတို့က အစမှတ်ကိုပြန်ရောက်သွားကြပြီး ပျင်းစရာကောင်းတဲ့ ကျင့်ကြံရေးလောကကို ကျောခိုင်းကာ သေမျိုးဘဝအနှစ်သာရကို ရှာဖွေနေကြသည်မဟုတ်လား သခင်လေးယန်ရဲ့ စိတ်အခြေနေကို မပျက်စီးစေချင်ပေ။

“သြော်.. ဒါနဲ့ ဒီမှာ အဖိုးလီနဲ့ ရင်ရင်တို့အတွက် ကျတော်ရဲ့တုန့်ပြန်လက်ဆောင်ပါ တန်ဖိုးမကြီးမားလို့ ဘလိုမှစိတ်ထဲမထားကြပါနဲ့”

ယန်ချန်က ထိုသို့ပြောရင်း လေးနဲ့ဓားအား ကမ်းပေးလိုက်သည်။

စိတ်ဝိဉာဥ်လက်နက်လား ဘုရားရေ.. စိတ်ဝိဉာဥ်လက်နက်နှစ်ခု ပြီးတော့ ထိပ်တန်းအဆင့်ဖြစ်နေသေးတယ်။

ကျန်းဝမ်လီကော ကျန်းရင်ရင်ပါ နောက်ထပ်ဗုံးတလုံးကြဲခံရသလို ဆွံ့အသွားသော်လည်း ချက်ချင်းပင် အချိန်မီထိန်းချုပ်ကာ လက်နက်များအား တုန်ယင်နေသည့် လက်အစုံဖြင့် လှမ်းယူလိုက်ကြသည်။

“သဘောကျရဲ့လား ဒါတွေက ကျတော်လက်နက်ထုလုပ်စဥ်ကာလတုန်းက လက်ရည်စမ်းထားတဲ့လက်နက်တွေဆိုပေမယ့် ကျတော်ကိုယ်တိုင်လည်း သဘောကျခဲ့ရတဲ့ လက်နက်တွေပါ ဒီလေးကိုထုလုပ်ဖို့ သုံးရက်အချိန်ပေးခဲ့ရပြီး ဒီရေခဲဧကရီဓားလေးကိုတော့ ၅ရက်တောင် အချိန်ပေးခဲ့ရတယ်။

သေစမ်း နောက်ထပ် ဗုံးတလုံး…။

ထိပ်တန်းအဆင့် စိတ်ဝိဉာဥ်လက်နက်ကို ၃ရက်နဲ့ ထုလုပ်တယ်ဆိုပါလား။ သခင်လေး ကျုပ်တို့ကို ပထမဆုံး အံ့သြပြီးသေရတဲ့ ကျင့်ကြံသူတွေဆိုပြီး မှတ်တမ်းတင်ချင်လို့လား။ သိထားရမည်က စိတ်ဝိဉာဥ်လက်နက်များကို ထုလုပ်ရန် အနိမ့်ဆုံး အတိဒုက္ခအဆင့် ရှိရမည်ဖြစ်ပြီး ထိပ်တန်းအဆင့်ရရန်ဆိုလျှင် အနည်းဆုံး သူတော်စင်အဆင့် ဖြစ်ရန်လိုပေသည်။

ယန်ချန်က သူပေးလိုက်သည့် လက်နက်များအား တဖက်သူမှ နှစ်သက်စွာကြည့်နေသည်ကိုမြင်လျင် စနစ်၏ နတ်ဘုရားအဆင့် အကဲဖြတ်မှုနဲ့ သင်ကြားရေးနည်းလမ်းများကို သတိရကာ ပြုံးမိတော့သည်။ ၅နှစ်တောင် ငါအချိန်ပေးခဲ့ရတာ ဒီသောက်တလွဲနည်းလမ်းတွေကွ..။ သောက်စနစ်စုတ်က ကျင့်ကြံဖို့ကျ ဘာမှထုတ်မပေးခဲ့ဘူး။ဟူး……။

“ဒါက တန်ဖိုးကြီးလွန်းပါတယ် လက်မခံပါရစေနဲ့”

ကျန်းဝမ်လီရဲ့စကားကို သဘောတူဟန်ဖြင့် ကျန်းရင်ရင်ကလည်း ခေါင်းညိတ်ပြကာ ဓားအားပြန်ကမ်းပေးလေသည်။

“ဟေ့ အဲ့လိုမလုပ်ကြနဲ့လေဗျာ ဒါက အပြန်အလှန်တုန့်ပြန်လက်ဆောင်ပဲ မဟုတ်လား တန်ဖိုးဆိုတာက ပေးသူယူသူကြား ခံစားချက်သက်သက်ပါဗျာ အလေးအနက်မထားပါနဲ့ မဟုတ်ရင် အဖိုးလီရဲ့လေးကိုလည်း ကျတော်လက်မခံတော့ဘူးနော်”

ယန်ချန့်ရဲ့တုန့်ပြန်စကားကြားတော့ လက်နက်များ ပြန်ကမ်းပေးနေသည့် ကျန်းဝမ်လီတို့လည်း တုန့်ဆိုင်းသွားကာ အတန်ကြာလျင် သဘောတူဟန်ဖြင့် လက်ခံလိုက်ရတော့သည်။

“ဒီလိုမှပေါ့”

ယန်ချန်လည်းထိုအခါမှ ကျေနပ်သွားပြီး များမကြာမီမှာပဲ ကျင်းရင်ရင်၏ အတွင်းစည်းအကဲဖြတ်မှုအား လာရောက်ကြည့်ရှုစေလိုကြောင်း ဖိတ်ကြားတော့သည်။

“တေးသံသာဂိုဏ်းက ကျင်းခရိုင်မှာမဟုတ်လား”

ယန်ချန်ရဲ့အမေးကို တချိန်လုံးနီးပါးတိတ်ဆိတ်နေသည့် တာဝန်ခံရှောင်က ဝင်ရောက်ဖြေကြားလေသည်။

“မှန်ပါတယ် ဒါပေမယ့် ကျန်းအိမ်တော်က ခရီးအတွက် လေသင်ဘော်အချို့ ပြင်ဆင်ပေးမှာဆိုတော့ သခင်လေးမပင်ပန်းပါဘူး။ ကြွရောက်ပေးဖို့ပဲ လိုတာပါ”

တာဝန်ခံရှောင်ရဲ့ အလွန်လေးစားခယနေသည့် လေသံကြောင့် ယန်ချန် စိတ်ရှုပ်သလိုခံစားနေရသော်လည်း အနှီသူများက သူ့ရဲ့ဆေးပညာနဲ့ လက်နက်ထုလုပ်ခြင်းအပေါ် လေးစားလွန်းနေခြင်းဟုပဲ တွေးကာ လက်ခံလိုက်သည်။

“အစ်မရှုကော ကျတော်နဲ့လိုက်ခဲ့လေ ယင်ယင်လည်း အပြင်ရောက်ဖူးတာပေါ့ ခြံဝန်းကိုစောင့်ဖို့အတွက် ယန်ပိုင်ကိုမှာခဲ့လို့ရပါတယ်”

ယန်ချန့်စကားကြားတော့ ရှုယင်က အတန်ကြာစဥ်းစားပြီးနောက် သဘောတူလိုက်သည်။ သူမသည်လည်း ဖန်းအိမ်တော်က ထွက်ပြေးလာပြီးနောက် အချိန်အများစုကို ဖန်းဟိုင်ဆီမှ ပုန်းခိုနေခဲ့ရကာ မည်သည့်နေရာမှ မရောက်ဖြစ်တော့ပဲ သမီးဖြစ်သူ ယင်ယင်လေးဆိုလျှင် လက်ရှိရွာအပြင်ဘက်အနေဖြင့် တောစပ်ကိုသာ ရောက်ဖူးလေသည်။

“ကောင်းပြီ ဒါဆို ပြိုင်ပွဲရက်မတိုင်ခင် ၅ရက်အလို ကျတော်တို့ သခင်လေးယန်ကို လာခေါ်ပါ့မယ်”

တာဝန်ခံရှောင်က ကျေနပ်စွာပြောပြီးနောက် ကျန်းဝမ်လီနဲ့ ကျန်းရင်ရင်တို့ကလည်း ယန်ချန်တို့ကို နှုတ်ဆက်ကာ ထွက်ခွာသွားကြတော့သည်။

ဂိုဏ်းရဲ့ အတွင်းစည်းအကဲဖြတ်ပွဲလား စိတ်ဝင်စားစရာပဲ.. ဒီလောကရဲ့ ကျင့်ကြံရေးဂိုဏ်းတွေ ဘယ်လိုရှိလဲ သိရတာပေါ့။

All Chapters