အခန်း (၁၉)
Vol. 2 Ch. 19
ယန်ချန်မသိတာက ခြံဝန်းအပြင်ဘက်မှာတော့ ကျန်းဝမ်လီတို့မြေးအဖိုးနှစ်ယောက်သား တိုးတက်လာသည့် ကျင့်ကြံမှုအပေါ် တုန်လှုပ်မှုလွန်ကဲစွာဖြင့် ပြန်လည်ပြောဆိုနေကြခြင်းဖြစ်သည်။
“အဖိုး… သမီးရဲ့ကျင့်ကြံဆင့်က ရွှေအမြူတေနှောင်းပိုင်းထိရောက်သွားပြီ ပြီးတော့ စိတ်ဝိဉာဥ်အာရုံကလည်း အရင်ကထက်နှစ်ဆ ပိုအားကောင်းလာတယ်”
ကျန်းရင်ရင်က အားရကျေနပ်စွာပြောသည်။ ကျန်းဝမ်လီကလည်း အားကျမခံ..
“ဟားးး မြေးတယောက်တည်းဘယ်ဟုတ်ပါ့မလဲ အဖိုးလည်း ဒဏ်ရာဟောင်းကြောင့်ပိတ်ဆို့နေတဲ့ ကျင့်ကြံဆင့်ကအခု တိုးတက်သွားပြီလေ ဟားးး”
ကျန်းဝမ်လီတယောက် အခွင့်ရေးကောင်းတခု ရရှိလိုက်သည့်အပေါ် အလွန်တရာကျေနပ်နေပြီး ထိုသို့အခွင့်အရေးကောင်းရဖို့ သူတို့ကျန်းအိမ်တော်အနေဖြင့် ဘယ်နှစ်ဘဝများ ကောင်းမှုလုပ်ခဲ့ရလေသနည်း သူမစဥ်းစားချင်တော့။
“ဒါ…ဒါဆို ဘိုးဘေးကအခု”
တာဝန်ခံရှောင်က ရထားလုံးအား ထိန်းချုပ်မောင်းနှင်နေရင်း တုန်လှုပ်စွာမေးသည်။ ကျန်းဝမ်လီက ရှည်လျားတဲ့မုတ်ဆိတ်ဖြူကြီးများအား ဟန်ပါပါသပ်ကာ ပြန်ဖြေသည်။
“နောက်တဆင့် ဖြစ်တဲ့ အခြေတည်ဝိဉာဥ်အဆင့်ကို ဖြတ်ကျော်သွားပြီ မထင်မှတ်ထားတာက သခင်လေးယန်ရဲ့ ဆေးဝါးတွေက အခြေတည်ဝိဉာဥ် အလယ်ဆင့်ထိ ထိုးတက်သွားစေတာပဲ”
“အခြေတည်ဝိဉာဥ်အဆင့်”
ကျန်းရင်ရင်တယောက် မှင်သက်သွားလေသည်။ သိထားရမည်က ကျန်းအိမ်တော်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဖန်းအိမ်တော်ဘိုးဘေးဖြစ်သူ ဖန်းကျင်းက လွန်ခဲ့တဲ့လကမှ အခြေတည်ဝိဉာဥ် အစောပိုင်းအဆင့်သို့ ဖြတ်ကျော်ထားခြင်းဖြစ်ပြီး ပထမသခင်လေး ဖန်းစုန့်အနေဖြင့် ရွှေအမြူတေအဆင့် အစောပိုင်းသာ ရှိသေးသည်ဟု သတင်းရထားခြင်းဖြစ်သည်။
“ဟမ့် မြေးရဲ့ အတွင်းစည်းအကဲဖြတ်ပွဲပြီးရင် ဖန်းအိမ်တော်နဲ့ စာရင်းရှင်းရမယ် ကပ်ဘေးကာလတုန်းက အဖိုးကိုဒဏ်ရာရစေတဲ့သူတွေထဲ လူယုတ်မာဖန်းကျင်းလည်း ပါတယ်လို့ အဖိုးထင်တယ် ဒီတခေါက်အကြွေးကို အတိုးကောအရင်းပါ တောင်းကြတာပေါ့”
“ဟုတ်တယ်ဘိုးဘေး သေးငယ်တဲ့ကျင်းစီရင်စုထဲမှာ ဘုရင်နှစ်ယောက်ရှိနေတာ အသုံးမဝင်ပါဘူး”
တာဝန်ခံရှောင်က အားတက်သရော ထောက်ခံလေသည်။ ဘိုးဘေးကျန်းဝမ်လီ ဒဏ်ရာရပြီးတည်းက ဖန်းအိမ်တော်၏ ဖိနှိပ်မှုအား ဆက်တိုက်ခံလာရပြီး မသင်္ကာစရာ ကျန်းရင်ရင်အဆိပ်သင့်မှုကလည်း ဖန်းအိမ်တော်၏ စနတ်မကင်းသည်ကို ကျန်းအိမ်တော်က သိထားလေသည်။
“အရင်ဆုံး သခင်လေးယန်ရဲ့ အခြေနေကိုဖုံးကွယ်ထားရမယ် သခင်လေးက မူလပြန်ရောက်ခြင်းမှာရောက်နေပြီ အဖိုးတို့သူ့ကို အနှောင့်ယှက်ဖြစ်စေလို့မရဘူး ကြားလား”
ကျမ်းဝမ်လီက ပြတ်ပြတ်သားသားပင် အမိန့်ပေးသည်။ တဖက်တွင်လည်း အိမ်ခြေတရာနီးပါးရှိသော်လည်း လူခြေတိတ်နေသည့် ရွာပျက်ကြီးအားကြည့်ကာ တစုံတခုတွေးတောနေလေသည်။ ကျန်းရင်ရင်တို့ကတော့ ကျန်းဝမ်လီမည်သည့်အရာအား တွေးနေမှန်းမသိကြချေ။
ထိုသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီး ယန်ပိုင်ကလည်း ယန်ချန်ရဲ့ ဂရုတစိုက်ကျွေးမွေးမှုအောက်မှာပင် သိသာထင်ရှားစွာတိုးတက်တာလာကာ သားရဲဘုရင်အထွဋ်အထိပ် သို့မှတဆင့် သားရဲဧကရာဇ်အဆင့်ထိရောက်ရှိသွားတော့သည်။ ထိုအဆင့်က လူသားကျင့်ကြံသူများ၏ အတိဒုက္ခအဆင့်နဲ့တူညီကာ နောက်လအနည်းငယ်၌ ဧကရာဇ်အဆင့် အထွဋ်အထိပ်ကိုသာရောက်သွားပါက ကပ်ဘေးဖြတ်ကျော်အဆင့်များကိုပင် ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။
တဖက်တွက်လည်း ယန်ချန်ရဲ့နေစဥ်ဘဝက ရိုးရှင်းစွာဖြတ်သန်းနေပြီး အချိန်အများစုအား ခြံဝန်းထဲ၌ပင်ကုန်ဆုံးခဲ့ကာ ယင်ယင်အား စာသင်ကြားပေးခြင်း ပန်းချီဆွဲခြင်းနဲ့ ရံဖန်ရံခါ၌ ဆေးဝါးများဖော်စပ်ကာ ရှုယင်တို့အား တိုက်ကျွေးခြင်းတို့ကြောင့် မူလကပိန်ပါးကာ အားနည်းဖျော့တော့နေကြသည့် မုဆိုးမသားအမိနှစ်ဦးမှာတော့ စိုပြေဝင်းပသည့် အသားအရေ ပြည့်ဖြိုးကျန်းမာသည့် ကိုယ်ခန္ဓာတို့ ပိုင်ဆိုင်လာကြကာ ရှုယင်၏ ဖုန်းကွယ်ထားတဲ့ အလှတရားတို့ ပေါ်လွင်လာတော့သည်။
ယန်ချန်က အချိန်အချို့၌ ရွာငယ်ကိုလှည့်ပတ်ကြည့်ရှုသေးသည်။ ရွာငယ်က တောစပ်နဲနီးသော်လည်း ကပ်လျက်တည်ရှိသည်တော့မဟုတ်။ ပတ်ပတ်လည်ရှိရွာများကလည်း လူပြတ်လပ်နေကြသည်အတွက် များမကြာမီအချိန်အတွင်း ရွာသားများပြန်လည်ရောက်ရှိလာပါက စည်ကားသိုက်မြိုက်သည့် ရွာငယ်လေးများ ပြန်ဖြစ်လာမည်ဟု ယန်ချန်မျှော်လင့်နေမိသည်။
လက်ရှိရွာမှထွက်ကာ မြို့ကြီးတခုခုစီ ပြောင်းရွှေ့ရန်ကိုတော့ ယန်ချန်မတွေးထားပေ။ လူနေထိုင်မှုနည်းသော်လည်း အေးဆေးတည်ငြိမ်သည့် ပတ်ဝန်းကျင်က ယန်ချန်ကို စိတ်ပျော်မွေ့စေသည်။
ယန်ချန်က မွေးမြူရေးခြံအား လက်စသပ်ပြီးချိန်မှာပင် အပြင်ဘက်မှ တာဝန်ခံရှောင်၏ အသံထွက်ပေါ်လာကာ တာဝန်ခံရှောင်က အကဲဖြတ်စစ်ဆေးပွဲအား တက်ရောက်ကြည့်ရှုရန် လာရောက်ဖိတ်ကြားခြင်း ဖြစ်သည်။ ယန်ချန်တို့လည်း အချိန်တိုအတွင်း လိုအပ်သည်များ ပြင်ဆင်ကာ တာဝန်ခံရှောင်နဲ့အတူ ကျင်းစီရင်စုရှိ ကျန်းအိမ်တော်ဆီ ထွက်ခွာလာကာ ထိုမှတဆင့် ကျင်းခရိုင်ကြီးရှိ တေးသံသာဂိုဏ်းရှိရာ ဆက်သွားမည်ဖြစ်သည်။
“အရင်ကတော့ အခုလိုဂိုဏ်းတွင်းအကဲဖြတ်မှုကို ပြင်ပလူတွေ ဝင်ရောက်ကြည့်ရှုခွင့်မရှိပေမယ့် ဒီတနှစ်တော့ သူတို့က ပြင်ပအဖွဲ့စည်းက ထိပ်တန်းကျင့်ကြံသူတွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ထားကြတယ်”
တာဝန်ခံရှောင်က ရှင်းပြသည်။
“အကဲဖြတ်ပွဲက ဘယ်လောက်ကြာလေ့ရှိလဲ”
ယန်ချန်က သိလိုစွာမေးသည်။
“၃ရက်ကနေ အများဆုံး လဝက်ထိကြာလေ့ရှိတယ်”
“အင်း..”
တာဝန်ခံရှောင်နဲ့ စကားကောင်းနေစဥ်မှာပဲ ယင်ယင်လေးက ယန်ချန့်ပေါင်ပေါ်၌ထိုင်ရင်း ရထားလုံးပြတင်းပေါက်မှတဆင့် ပတ်ဝန်းကျင်ရှိမြင်ကွင်းများအား အားတက်သရော ကြည့်ရှုနေကာ ရှုယင်ကတော့ ထူးခြားစွာဖြင့် တိတ်ဆိတ်နေလေသည်။ တနာရီကျော်ခန့် ကြာပြီးနောက် ကျန်းအိမ်တော်သို့ရောက်ရှိလာပြီး ယန်ချန်တို့ကို ကျန်းဝမ်လီကိုယ်တိုင် ကြိုဆိုပြီး နောက်တနေ့မနက်စောစော စတင်ထွက်ခွာမည်ဖြစ်ကြောင်း အသိပေးကာ တရက်တာအနားယူစေသည်။
ကျန်းအိမ်တော်၏ စီမံမှုက ဧည့်မခန်းဖြစ်သည်။ ယန်ချန်တို့နေထိုင်ရန် အခန်း၂ခန်းပါ အိမ်တော်ကြီးတခု စီမံပေးပြီး အစေခံအများပြားကိုလည်း ထားရှိပေးလေသည်။
“ကျန်းအိမ်တော်က ထင်ထားတာထက် ပိုကြွယ်ဝတာပဲ ပြီးတော့ အိမ်တော်ထဲကလူတွေရဲ့ ဆက်ဆံရေးကလည်း ဂုဏ်သတင်းတွေအတိုင်း ကောင်းမွန်ပေတယ်”
ရှုယင်က တိုးညှင်းစွာဆိုသည်။ သူမဖန်းအိမ်တော်အတွင်း နေထိုင်စဥ်က ဖန်းညီအကိုများကြား ရန်သူများနှယ် တိုက်ခိုက်နေကြပြီး ဘိုးဘေးဖန်ကျင်းဆိုသည်မှာ အလွန်ဒေါသကြီး၍ ခက်ထန်သူဖြစ်သည်။ ရှုယင်၏ ယောက္ခထီးဖြစ်သူ ဖန်းရှောင်က မယားအများပြားယူထားကာ နေ့စဥ်နဲ့အမျှ ကာမဂုဏ်နဲ့ သေရည်သောက်သုံးခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ ဖန်းညီအကိုများသာ အရည်ချင်းမရှိပါက ဖန်းအိမ်တော်ပြိုလဲနေသည်မှာ ကြာမြင့်လေပြီ။
“ပြီးခဲ့တာတွေ မတွေးပါနဲ့တော့ အခုအစ်မရှုက ဖန်းမိသားစုဝင်မဟုတ်တော့ဘူး ဟုတ်ပြီလား”
ယန်ချန့်ရဲ့စကားကို ရှုယင်ကခေါင်းညိတ်ပြသည်။ သို့သော်လည်း သူမစိုးရိမ်နေသည်က ဖန်းဟိုင်တယောက် သူမအပေါ်လက်မလျှော့သေးပဲ ဆက်လက်နှောင့်ယှက်မည်ကို ဖြစ်သည်။ သူမအတွေးအား သတိပြုမိသည့် ယန်ချန်ကပြုံး၍ ပြောသည်။
“ဖန်းဟိုင်ကို စိုးရိမ်နေတာလား အခု ကျတော်တို့က ကျန်းအိမ်တော်နဲ့ရင်းနီးနေပြီလေ ဖန်းအိမ်တော်ကို စိုးရိမ်နေစရာမလိုတော့ပါဘူး ပြီးတော့ ကျင့်ကြံသူသာမဟုတ်ရင် ဖန်းဟိုင်လောက်ကတော့ အသာလေးကိုင်တွယ်နိုင်ပါတယ်”
ယန်ချန်ရဲစကားက ရှုယင်ကိုစိတ်သက်သာရာရစေပြီး သူမရဲ့ညှိုးငယ်နေသည့်မျက်နှာလေးက ပြန်လည်လန်းဆန်းလာသည်။
နောက်တနေ့မနက်မှာတော့ ကျန်းထန်၏ ဦးဆောင်မှုဖြင့် ယန်ချန် ရှုယင်တို့သားအမိ ကျန်းရင်ရင် တာဝန်ခံရှောင်တို့ ကျင်းခရိုင်အား စတင်ထွက်ခွာလာတော့သည်။ ထိုခရီးက ရက်အနည်းငယ် ကြာမြင့်မည်ဖြစ်ပြီး လမ်းတလျှောက် အခြားစီရင်စုများကိုလည်း ဖြတ်ကျော်ရပေမည်။