အခန်း (၁-၃)
Vol. 1 Ch. 1-3
အခန်း 1:ဒီအခြေအနေက ဘယ်လိုငရဲမျိုးလဲ
အိမ်မက်တစ်ခုလော...မဖြစ်နိုင်ချေ...ဤသည်က အိမ်မက်လော မှတ်ဥာဏ်တစ်ခုလော သို့မဟုတ် သူ သေမင်းနှုတ်ခမ်းဝ၌ ကခုန်နေရသဖြင့် သွေးလေချောက်ခြားနေခြင်းလော။ သူ သေဆုံးသွားခြင်းလော သေအံ့မူးမူးလော သို့မဟုတ် အသက်ရှင်သန်နေဆဲလောကိုပင် သူ မသိချေ။
သူ မြင်နိုင်သမျှအရာအားလုံးသည် အတိတ်အကြောင်းအရာများသာ....
ကလေးဘဝမှတ်ဥာဏ်များ...သူ ဟွာဆန်းဂိုဏ်းသို့ ပထမဆုံးစတင်ဝင်ရောက်ချိန်က သူ၏ပုံပန်းသွင်ပြင်...ဆရာတူအကိုဂျန်မွန်းနှင့်အတူ သေလုမျောပါးလေကျင့်ခဲ့ရသော မြင်ကွင်းများ...တင်းကြပ်သောစည်းမျဥ်းများများမှ လွတ်မြောက်ပြီး လောကကြီးအား စတင်လှည့်လည်ကြည့်ရှုမိချိန်...
"စစ်သည်တော်တစ်ယောက်ဖြစ်မလာခင် မင်းက ကျင့်ကြံသူတစ်ယောက်ဖြစ်နေရမယ်...ကျင့်ဝတ်မရှိတဲ့ စွမ်းအားဟာ အကြမ်းဖက်မှုသက်သက်ဆိုတာ မင်း နားလည်ရမယ်"
တကျည်ကျည် နားပူနားဆာလုပ်ခြင်း
အဆက်မပြတ်နားပူနားဆာလုပ်ခြင်း
ထိုစကားများက သူ့အား ပျင်းရိငြီးငွေ့စေသည်။ သူ ဟွာဆန်းဂိုဏ်း၏တပည့်ဖြစ်နေစဥ်တုန်းက သင်ကြားမှုများကို အပြည့်အဝလိုက်နာခြင်းမရှိခဲ့ချေ။ သူ၏ပင်ကိုပါရမီကြောင့် 'ဇီးပန်းပွင့် ဓားသူတော်စင်'ဟူသော ဘွဲ့ထူးကိုရခဲ့သော်လည်း သူက ဟွာဆန်းဂိုဏ်းတွင် ဝါအနုဆုံးသူတစ်ယောက်ပင်။
မည်သည်ကြောင့် သူ စောစီးစွာ နားလည်သဘောပေါက်ခြင်းမရှိခဲ့သနည်း။ သင်ကြားချက်များအား အဓိပ္ပါယ်မရှိဟု သူခံစားနေရလျှင်ပင် သူ ဖြစ်တည်လာမှုအတွက် ဟွာဆန်းဂိုဏ်းအပေါ် သူ အကြွေးတင်နေသည်။ ဤသည်ကြောင့် သူ ဂိုဏ်းအား လွန်စွာကြည်ညိုလေးစားပေ၏။
သူ သိရှိနားလည်ချိန်က အလွန်နောက်ကျနေလေပြီ။ သူ နောင်တရရန်အတွက်ပင် အလွန်နောက်ကျနေသည်။
အကယ်၍ သူ သင်ကြားမှုများပေါ်တွင်သာ အနည်းငယ်ပို၍ အာရုံစိုက်မိပါက သူ ယခုထက်ပို၍ အနည်းငယ်အားကောင်းနေပါက ဤခါးသည်းသောအဆုံးသတ်ကို ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမည်။ အကယ်၍ သူသာ ထိုသို့ဖြစ်ခဲ့ပါက....
"မင်းရဲ့ဆုံးဖြတ်ချက်ကို နောင်တရနေပြီလား"
ချွမ်းမြောင်က ဆရာတူအကိုဂျန်မွန်း၏ နူးညံညင်သာသောအသံကို ကြားလိုက်ရသည်။ သူ၏ဖခင် သူ၏အကိုကြီး သူ၏မိသားစု...ထိူလူများသည် ချွမ်းမြောင်၏ရည်မှန်းချက်ပန်းတိုင်ပင်။ ထိုလူများနောက်သို့ သူ အဆုံးထိလိုက်လိုခဲ့သော်လည်း သူ အလွန်နောက်ကျနေခဲ့လေပြီ။
အမှန်ပဲ...ကျွန်တော် နောင်တရတယ်...ကျွန်တော် နောင်တအရမ်းရမိတယ် ဆရာတူအကိုကြီး...
"နောင်တရနေစရာ မလိုပါဘူး"
ဂျန်မွန်း၏အသံတွင် နွေးထွေးမှုများ လွှမ်းခြုံနေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဟွာဆန်းဂိုဏ်းပဲလေ"
ဆရာတူအကို၏အသံသည် ထာဝရနွေးထွေးပြီး ကြင်နာတက်သောအရိပ်အငွေ့များ စွက်ဖက်နေပေ၏။
"ဘာဖြစ်ဖြစ် ဟွာဆန်းဂိုဏ်းတဲ့လား"
ကျွတ်...
ထိုသို့ဆိုလျှင်ပင်....
ဟမ်...ဘာလဲ...
"အား.....နာလိုက်တာ...ငါရဲ့ခေါင်း....ငါ မခံစားနိုင်တော့ဘူး...ဒါ ဘယ်လိုနာကျင်မှုမျိုးပါလိမ့်...ငါ့ရဲ့ခြေလက်တွေကို ဖြတ်တောက်ပစ်လို့များ ဒီလိုမျိုးခံစားနေရတာလား"
"ကောင်း...ကောင်းကင်ဘုံနတ်ဆိုးလား...အဲ့ဒီခွေးမသား ခုထိ မသေသေးဘူးလား"
ချွမ်းမြောင်က သူ့ခေါင်းကိုကာကွယ်နိုင်ရန်အတွက် မသိစိတ်မှနေ၍ လက်အလိုလိုမြှောက်လိုက်မိသည်။ အကယ်၍ ကောင်းကင်ဘုံနတ်ဆိုးသာ ယခုထိမသေသေးပါက ဤတိုက်ခိုက်မှုများက သူ့အားကောင်းစွာ အဆုံးသတ်သွားပေလိမ့်မည်။
"ကောင်းကင်ဘုံနတ်ဆိုးလား"
သို့ရာတွင် ချွမ်းမြောင်အား ပြန်လည်အဖြေပေးသောအသံသည် ကောင်းကင်ဘုံနတ်ဆိုးမဟုတ်ဘဲ သူ မသိရှိသော လေးလံပြီးတုန်ရီနေသည့်အသံဖြစ်ပေ၏။
"အမ်"
သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် မြင်တွေ့ရသောမျက်နှာသည် သူနှင့်စိမ်းသက်ပေ၏။
သူတောင်းစားတစ်ယောက်လော...ထိုသူက လေလွင့်သူတောင်းစားတစ်ယောက်ပင်။ သူ၏ခါး၌ချည်နှောင်ထားသော အထုံးများအရ ဆုံးဖြတ်ရလျှင် စကားလုံးကောင်းကောင်းဖြင့်ဆိုရပါက လူသူအများရှေ့၌ဦးဆောင်တောင်းရမ်းသူဖြစ်ပြီး စကားဆိုးဆိုရလျှင် သူတောင်းစားများကြားမှ အထက်တန်းစားသူတောင်းစားတစ်ယောက်ပင်။
မျက်နှာထားဆိုးဆိုးနှင့် ပေပွနေသောသူတောင်းစားကို ချွမ်းမြောင်က တွေ့မြင်လိုက်ရ၏။
ဤအခြေအနေက မည်သို့ဖြစ်နေသနည်း။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်ချေ။
"ကောင်းကင်ဘုံနတ်ဆိုး...ဟုတ်လား"
သူတောင်းစား၏မျက်နှာသည် ယားယံမှုကြောင့် နီမြန်းနေသည်။
"မင်းက ပျင်းရိနေတဲ့ငဖျင်းကောင်ပဲ....အိပ်ပျော်နေရင်းတောင် စကားပြောနေတယ်...လူတိုင်းက တောင်းရမ်းဖို့ထွက်သွားချိန်မှာ မင်းက ကိစ္စကြီးတစ်ခုလုပ်နေသလို အိပ်မောကျနေတယ်...အင်း...ငါ မင်းကို ထပ်ရယ်ရအောင်လုပ်ပေးရမလား..ဟမ်"
သူတောင်းစားက သူ့လက်အတွင်းရှိ ဝါးတုတ်ချောင်းကိုမြှောက်ရင်း ပြောဆိုလိုက်သည်။
နေပါဦး...အဲ့ဒီကောင်က အခုငါကို ခြိမ်းခြောက်နေတာလား...ဒါက ဘယ်လိုကြီးလဲ
"ဟမ်"
ချွမ်းမြောင်၏ ရုတ်တရက်လှောင်ပြုံးလိုက်မှုကြောင့် သူတောင်းစား ကြက်သေသေသွားသည်။
ဤအခြေအနေက ထူးဆန်းနေသော်လည်း ဆက်စပ်စဥ်းစားရန်မလိုအပ်ဟု ချွမ်းမြောင်ခံစားနေမိသည်။ မည်သို့ပင်ဆိုစေကာမူ ချွမ်းမြောင်ဟူသောသူမှာ မည်ကဲ့သို့သူမျိုးဖြစ်သနည်း။ သူသည် လောကကြီးအတွင်းရှိ ထိပ်သီးဓားသမားသုံးဦးအနက်မှတစ်နေရာကို အခိုင်အမာရယူထားသူဖြစ်သည်။ လူတိုင်းက သူ၏ဓားသိုင်းကို ဟွာဆန်းဂိုဏ်း၏အနှစ်သာရအဖြစ် ချီးမွမ်းခဲ့ကြပြီး ဇီးပန်းပွင့်ဓားသူတော်စင်ဟု ခေါ်ဆိုခဲ့ကြသည်။ တခြားထိပ်သီးဓားသမားနှစ်ယောက်ပင်လျှင် သူ၏ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်ချေ။ ကောင်းကင်ဘုံနတ်ဆိုးပင်လျှင် နောက်ဆုံးအချိန်အခိုက်အတန့်၌ ချွမ်းမြောင်၏ဓားရေးကျွမ်းကျင်မှုကို အသိအမှတ်ပြုခဲ့သည်။ ဂိုဏ်းခေါင်းဆောင်များနှင့်တပည့်များသည်လည်း သူ၏ရှေ့၌ ဦးညွှတ်ခဲ့ရ၏။
သို့ရာတွင် ထိုသူတောင်းစားက မည်သည်ကြောင့်ခြိမ်းခြောက်မှု ပြုလုပ်နေသနည်း။ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသလော။
"ဟမ်...အမ်...မင်းအခု ငါ့ကို နောက်နေတာလား...ကောင်လေး ဒီကိုကြည့်စမ်း...ငါ့ကို သေချာကြည့်...ခုအခြေအနေကို ငါ နားလည်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတယ်...ဒါပေမယ့် အရင်ဆုံး မင်းရဲ့လက်ထဲကဟာကို အောက်ချထားတာ ပိုကောင်းလိမ့်မယ်"
"ဟား ဟား ဟား ဟား ဟား"
သူတောင်းစားက အူလှိုက်သည်းလှိုက်ရယ်မောနေပေ၏။
ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။ မည်သည်ကြောင့် ဤသူတောင်းစားက သူ့အား ယခုကဲ့သို့ တုံ့ပြန်နေသနည်း။
ထို့နောက် သူတောင်းစားက သူ၏ဝါးတုတ်ချောင်းဖြင့် ချွန်းမြောင်ကို ရိုက်လိုက်သည်။
အမ်....
ချွန်းမြောင်က ကြက်သေသေသွားပေ၏။ ချွန်းမြောင် မည်သူဖြစ်မှန်းသိနေသည့်တိုင် သူတောင်းစားတစ်ယောက်က ဤကဲ့သို့ပြုမူဝံ့သလော။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေပါစေ သူ ယနေ့ ဤသူတောင်းစား၏အမူအကျင့်ကို ပြုပြင်ပေးရပေမည်။
ရှေးဦးစွာ သူက ဝါးတုတ်ချောင်းကို တားဆီးရပေမည်။ ချွန်းမြောင်က သူ၏ညာဘက်လက်ကို မြှောက်လိုက်သည်။
ဘာ....
အမ်....
နှေးလှချည်လား...ဘာလို့ သူ့ရဲ့လက်တွေ အရမ်းနှေးကွေးနေတာလဲ
ဝါးတုတ်ချောင်းက မြန်ဆန်ခြင်းမရှိသော်လည်း မည်သည်ကြောင့် သူ၏လက်က ထိုအရာထံသို့ရောက်ရန် အလွန်နှေးကွေးနေရသနည်း။ သူ၏အရှိန်နှုန်းဖြင့်ဆိုပါက ထိုဝါးတုတ်ချောင်းအား ကိုင်ဆောင်ပြီးဖြစ်သင့်သည်။
အာ...ဖြစ်နိုင်သည်က သူ၏ဒဏ်ရာများကြောင့်လော။ ထိုသို့တွေးတောမိသည်နှင့် သူ အစွမ်းကုန်အားစိုက်လိုက်သည်။
အမ်...ဒါ ဘါကြီးလဲ...
သူ၏အမြင်အာရုံအစွန်ဘက်တွင် တုတ်ချောင်းထံသို့ ရွေ့လျားနေသော လက်သေးသေးလေးတစ်ဖက်ကို တွေ့မြင်လိုက်ရသည်။
အလွန်နှေးကွေးပြီး အလွန်တိုနေသလော။
လက်သေးသေးလေးက ဝါးတုတ်ချောင်းအား တားဆီးနိုင်မည်မဟုတ်ချေ။ ဤသည်ကက အလုပ်မဖြစ်နိုင်ချေ။
ဝါးတုတ်ချောင်းက ချွန်းမြောင်၏ခေါင်းပေါ်သို့ ကျရောက်လာတော့သည်။
ချွန်းမြောင်က မြေပြင်ပေါ်၌ ပုံလျက်သားလဲကျသွားပြီး သူ၏ခန္ဓာကိုယ် တသိမ့်သိမ့်တုန်နေသည်။ ဦးခေါင်းခွံကွဲထွက်လုမတတ် နာကျင်မှုကြောင့် သူ၏အတွေးများအားလုံး လွင့်စင်သွားပေ၏။
"အား...."
ချွန်းမြောင်က သူ၏ခေါင်းကိုပြန်ဆုပ်ကိုင်ပြီး လူးလိမ့်နေသည်။ သူ၏ခြေလက်များအား ဆုတ်ဖြဲခြင်းခံရစဥ်ကပင် ဤမျှထိမနာကျင်ခဲ့ချေ။
"ခွေးမသား..."
သူတောင်းစားက အလွန်စိတ်အားထက်သန်စွာ ချွန်းမြောင်အား ရိုက်နှက်နေပေ၏။
"အခြေအနေ...အခြေအနေကို နားလည်ရမှာလား...ငါ လုပ်ရမှာပေါ့...ဒါပေမယ့် ခုအခြေအနေကို မင်း အရင်ဆုံးနားလည်သဘောပေါက်အောင် ငါ အရင်လုပ်ရလိမ့်မယ်...မင်း ရူးနေတာလား ဟမ် ရူးနေတာလားလို့...မိုက်မဲတဲ့ ခွေးမသား...မင်း ဦးနှောက်က အပူလွန်ပြီး ပျက်စီးသွားပြီလား...ဦးနှောက်မပျက်ဖို့ အကောင်းဆုံးဆေးက တုတ်နဲ့ရိုက်တာပဲ...ခွေးမသား"
"အား...အား...အား...မင်းသာ ရူးနေတဲ့ သူတောင်းစား...အခုချက်ချင်းရပ်စမ်း...မဟုတ်လို့ကတော့...အား.."
"သေ...သေစမ်း"
"အား...ငါ နာနေပြီ...အား..."
ချွန်းမြောင်၏အော်ဟစ်နေသံများသည် သူ့အားအရိုက်ခံနေရခြင်းကြောင့် တဖြည်းဖြည်းပြောင်းလဲလာသည်။
"ခွေးမသား...ငါ မင်းကို အလွတ်မပေးဘူး...ငါ မင်းကို တစ်စစီလုပ်ပစ်မယ်"
ရွှပ်....
"ရပ်တော့...အခုရပ်ပါတော့...ကျေးဇူးပြုပြီးတော့...မင်း ရပ်လိုက်တော့"
ရွှပ်...
"အား...အား...မင်း ငါ့ကို ဘာလို့ထပ်ရိုက်နေတာလဲ...အား"
ရွှပ်...
"မင်း...သူတောင်းစားကြီး...အား အား...တောင်းပန်ပါတယ်"
ဝါးတုတ်ချောင်းဝှေ့ယမ်းသံက မရပ်မနား ဆက်လက်ထွက်ပေါ်နေသည်။
"...ကယ်ကြပါ....."
ရွှပ်...
"ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်"
လွတ်မြောက်ရန်အခွင့်အရေးမရှိသည့်အလား ချွန်းမြောင်သည် ခွေးတစ်ကောင်ကဲ့သို့ရိုက်နှက်ခြင်း ခံနေရ၏။
"အား...သူက ငါ့ကိုသိက္ခာချနေတာပဲ"
ချွန်းမြောင်က သူနှာခေါင်းအတွင်း အဝတ်စတစ်စကပ်နေသကဲ့သို့ ခံစားရသဖြင့် ဆွဲထုတ်လိုက်သည်။
"အား...အား..."
သွေးများအားမြင်တွေ့လိုက်ရသော အချိန်အခိုက်အတန့်တွင် ချွန်းမြောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
နှာခေါင်းသွေး ယိုနေသလော။ သူ အတွင်းဒဏ်ရာရရှိစဥ်ကပင် နှာခေါင်းသွေးယိုခြင်းမရှိဘဲ ယခုရိုက်နှက်ခံရရုံဖြင့် နှာခေါင်းသွေးယိုလာသလော။ ဤအဖြစ်အပျက်များက အဓိပ္ပါယ်မရှိချေ။ နှာခေါင်းသွေးယိုခြင်းကို အသာထားလျှင်ပင် သူ မျက်လုံးစဖွင့်စဥ်ကတည်းက အဓိပ္ပါယ်မရှိပေ။
သူ၏ညိုမဲပွန်းပဲ့နေသော မျက်ခွံများအကြောင်းမပြောလျှင်ပင် သူ၏ခန္ဓာကိုယ်သည် တစ်စုံတစ်ယောက်မှ နေရာလပ်မကျန်အောင် သိုင်းပညာတစ်မျိုးဖြင့် ရိုက်နှက်ထားသကဲ့သို့ နာကျင်နေသည်။ အကယ်၍ သူတောင်းစားအား တားဆီးမည့်သူမရှိပါက သူ ဤအတိုင်းဆက်၍ အရိုက်ခံနေရမည်လော။
ဤကဲ့သို့ ရိုက်နှက်ခံရခြင်းမျိုး သူ၏ဘဝတလျှောက် ကြုံတွေ့ဖူးသလော။ စည်းကမ်းတင်းကျပ်သည်ဟု နာမည်ကျော်ကြားသော ဟွာဆန်းဂိုဏ်းတွင်ပင် သူ နောက်ပြောင်မှုအမျိုးမျိုးပြုလုပ်ခဲ့သော်လည်း ယခုကဲ့သို့ဆိုးဆိုးရွားရွား ရိုက်နှက်ခံရဖူးခြင်းမရှိချေ။
ဤကဲ့သို့ အနိုင်ကျင့်အရှက်ကွဲခံရခြင်းမျိုး သူ ပထမဆုံးခံစားရခြင်းသည် သူတောင်းစားတစ်ယောက်၏လက်ဖြင့် ဖြစ်နေသလော။
ငါ အဲ့ကောင်ကို သတ်ပစ်မယ်...လူယုတ်မာကောင်...ငါ ပြန်ရိုက်မယ်..
ချွန်းမြောင်၏စိတ်အတွင်း၌ ဒေါသများတလိမ့်လိမ့် ထွက်ပေါ်နေသည်။
သူက မြေပြင်ပေါ်၌ လဲလျောင်းနေပေ၏။ အကယ်၍ သူ စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်ပါက သူ၏ခန္ဓာကိုယ် ပို၍ဆိုးဆိုးရွားရွား နာကျင်ရပေမည်။
"မဟုတ်သေးပါဘူး...ဒါထက်..."
ချွန်းမြောင်က သူ့ခေါင်းကိုအားယူမော့၍ နံဘေးရှိစမ်းချောင်းအတွင်းသို့ စိုက်ကြည့်လိုက်သည်။
စိမ်းသက်သက်မျက်နှာတစ်ခုက သူ့အား ကြိုဆိုနှုတ်ဆက်နေပေ၏။ ချွန်းမြောင်က မျက်နှာရှုံလိုက်ချိန်တွင် လူငယ်ပုံရိပ်ကလည်း ထို့အတူပင်။ ချွန်းမြောင်သက်ပြင်းချလိုက်စဥ်တွင် လူငယ်ပုံရိပ်ကလည်း သက်ပြင်းချနေပေ၏။
"ဘာတွေဖြစ်နေတာလဲ...ဘာလို့ ငါမသိတဲ့ ကလေးမျက်နှာက ရေထဲမှာပေါ်နေရတာလဲ"
မဟုတ်သေး...ဤသည်က ကောင်းသောကိစ္စပင်...သူ၏မျက်နှာပြောင်းလဲသွားခြင်းသည် သူ့အားစိတ်အနှောက်အယှက် မဖြစ်စေချေ။ မည်သို့ပင်ဆိုစေကာမူ ငယ်ရွယ်နုပျိုခြင်းသည် ပိုကောင်းသည်မဟုတ်လော။ ဤသည်က အလွန်ငယ်ရွယ်နေသော်လည်း အိုမင်းခြင်းထက် နုပျိုခြင်းက ပို၍ကောင်းသည်။
ထို့ပြင် သူ မည်မျှပင်နှိုင်းယှဥ်ကြည့်ပါစေ ဤမျက်နှာသည် နဂိုချွန်းမြောင်၏မျက်နှာထက် ပို၍ဆွဲဆောင်မှုရှိပြီး ချောမောသည်။ သူထံ၌ ဤမျက်နှာသစ်အတွက် စောဒကတက်စရာမရှိချေ။
သို့ရာတွင် သူ စိတ်မကျေမနပ်ဖြစ်နေရသည့်အချက်မှာ သူ၏ခန္ဓာကိုယ်အလွန်ညှပ်နေခြင်းပင်။
ခြေ လက်များက တိုလွန်းနေသည်။ သူ၏ခန္ဓာကိုယ်သည် မွေးရာပါမသန်စွမ်းခြင်းကြောင့်မဟုတ်ဘဲ ကလေးဖြစ်နေခြင်းကြောင့်ပင်။ အဆိုးရွားဆုံးမှာ သူ၏ခန္ဓာကိုယ် အရိုးပေါ်အရည်တင်ဖြစ်နေခြင်းပင်။ ယခုလက်ရှိချိန်၌ သူ အလွန်မောပန်းပြီးဆာလောင်နေသဖြင့် လက်တစ်ဖက်မြှောက်ရန်ပင် အားမရှိချေ။
အမ်...ဘာပဲဖြစ်ဖြစ်...ဒါက...ငါ အသက်ရှင်နေသေးတာကို ဆိုလိုတာပဲ
ဖြစ်နိုင်သည်က သူ ဝိညာဥ်ကူးပြောင်းလာခြင်းလော။ သူ မည်မျှပင်ကြည့်ပါစေ ထိုကလေးကိုကြည့်ရသည်မှာ သူ ဇီးပန်းပွင့်သူတော်စင်ချွန်းမြောင်နှင့် မည်သို့မျှမတူညီချေ။ သူ သေဆုံးသွားပြီးနောက် သူ၏စိတ်ဝိညာဥ်သည် သူတောင်းစားကလေးငယ်၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသလော။
ဒါက နတ်ဆိုးလမ်းစဥ်လား...ဒါမှမဟုတ် ဗုဒ္ဓရဲ့ပြန်ဝင်စားခြင်းလား...
ဤအကြောင်းအရာများကိုသာ ယခင်က သူ ကြိုသိခဲ့ပါက ဟွာဆန်းဂိုဏ်းသို့ဝင်မည့်အစား ရှောင်လင်ဂိုဏ်းသို့ဝင်ရောက်ခဲ့ပေမည်။
ကောင်းကင်နတ်ဆိုးက သူ့အပေါ်၌ နတ်ဆိုးမှော်ပညာရပ်များ အသုံးပြုမည်ကိုလည်း သူ စိုးရိမ်နေမိသည်။ သို့ရာတွင် ကောင်းကင်နတ်ဆိုးသည် လောကကြီးအား အုပ်စိုးနိုင်ပြီဖြစ်သဖြင့် သူ့အား ဤသို့ပြုလုပ်ရန်မလိုအပ်ချေ။
ချွန်းမြောင်က မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို စေ့စေ့စပ်စပ်မသိရသေးသော်လည်း သူ၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းသည် အစစ်အမှန်ဟု သူ ခံစားမိ၏။ ဤသည်က အိမ်မက်မဟုတ်သည့်အပြင် ပုံရိပ်ယောင်လည်းမဟုတ်ချေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသဖြင့် သူ ပို၍တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။
"တကယ်လို့ ငါထိုင်ပြီးတွေးနေရင်တောင် ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး...အရင်ဆုံး ဘာတွေဖြစ်နေတာလဲဆိုတာ ငါ သေချာရှာဖွေဖို့လိုအပ်တယ်"
ချွန်းမြောင်က ခုန်ထပြီး သူတောင်းစားများနေရာတဲထံသို့ ပြေးသွားလိုက်သည်။
တစ်နည်းဆိုရလျှင် သူ အပြေးသွားရန် ကြိုးစားလိုက်၏။
ဘုန်း..
ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သူ လဲကျသွားသည်။
"သူတောင်းစားကောင်...မင်း ငါ့ကို ရက်ရက်စက်စက်ရိုက်နှက်ထားတာပဲ"
ချွန်းမြောင်၏မျက်လုံးများ ဒေါသကြောင့်ဝင်းဝင်းတောက်နေသည်။
"ဘာတွေပဲဖြစ်နေဖြစ်နေ...မင်း ဒီအတွက်ပြန်ပေးဆပ်ရမယ်"
သေခြင်းသည် သူ၏ဆိုးရွားသောအမူအကျင့်ကို ပြုပြင်ရန်မဖြစ်နိုင်ချေ။
Chapter 2 - ဒီအခြေအနေက ဘယ်လိုငရဲမျိုးလဲ(၂)
သူ မည်မျှပင် ကြည့်နေပါစေ ချွမ်းမြောင်ကိုကြည့်ရသည်မှာ ရူးသွပ်နေပုံရသည်။ ဂူချွဲက ချွန်းမြောင်၏ခန္ဓာကိုယ်အား စုန်ချည်ဆန်ချည် စေ့စေ့စပ်စပ်ကြည့်လိုက်၏။ အရိုက်ခံရခြင်းကြောင့် သူ ရူးသွပ်သွားသလော။
ချွန်းမြောင်သည် သာမာန်ထက်ပို၍ အနည်းငယ်ပြင်းပြင်းထန်ထန် ရိုက်ခံထားရသည်။ ဝမ်ချိုသည် များသောအားဖြင့် တရားလွန်ပြုမူလေ့ရှိသော်လည်း သူ ချွန်းမြောင်အား သင်ခန်းစာပေးရန် ကြိုးစားသည်မှာ သူ့အားဆိုးဆိုးရွားရွား စုတ်ပြတ်သွားစေသောခွေးအား တိုက်ခိုက်သည်နှင့်တူညီနေသည်။ သာမာန်နေ့ရက်များတွင် သူ့အား ဟန့်တားရန်ကြိုးစားခဲ့သူများမှာလည်း ချွန်းမြောင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားနေကြ၏။ ဂူချွဲက ဤဖြစ်ရပ်အားကြည့်ပြီး အံ့အားသင့်ခြင်းမရှိချေ။
"ဒါဆို မင်းပြောချင်တာ...ငါက သူတောင်းစားတစ်ယောက်လား"
ချွန်းမြောင် အရိုက်ခံရခြင်းကြောင့် ခေါင်းထိသွားသလော။ သူတောင်းစားတစ်ယောက်က သူကိုယ်သူ သူတောင်းစားဖြစ်သလောဟု မေးမြန်းနေသည်။ ဤသည်က မည်ကဲ့သို့ရူးသွပ်မှုကြီးဖြစ်သနည်း။ ဂူချွဲက ဇဝေဇဝါဖြစ်နေ၏။ ထိုကောင်စုတ်လေး အလွန်ထူးဆန်းနေသည်။ မဟုတ်သေး သူက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ ထူးထူးဆန်းဆန်းပြောင်းလဲသွားသည်။
ချွန်းမြောင်၏ပျင်းရိလေးလံမှုကြောင့် တစ်နေ့နေ့တွင် သေလုမျောပါးအရိုက်ခံရမည်ဟု ဂူချွဲက ကြိုတွေးပြီးသားပင်။ ကြည့်ရသည်မှာ ယနေ့သည် ချွန်းမြောင်အတွက် ကံဆိုးသောနေ့ဖြစ်ပုံရသည်။ ဤသည်က သူတောင်းစားအဖွဲ့အစည်း၏သံမဏိစည်းမျဥ်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အစားအစာအား ကိုယ်တိုင်ရှာဖွေနိုင်ခြင်းမရှိပါက ငတ်ပြတ်သေဆုံးခြင်း သို့မဟုတ် ရိုက်နှက်ခံရခြင်းဖြင့် ခွေးတစ်ကောင်ကဲ့သို့ သေဆုံးရပေမည်။
သာမာန်အားဖြင့် လူတိုင်းလိုလို အရိုက်ခံရပြီးနောက် အသိတရားပြန်ဝင်လာကြသည်။ ထိုအချက်အား အပြည့်အဝဆန့်ကျင်နေသည့်ကိစ္စက ဂူချွဲ၏ရှေ့၌ ဖြစ်ပျက်နေပေ၏။
"ဒါက အမှန်လား...ငါက တကယ့်ကို ဒီလိုနေရာမျိုးမှာ နေနေတာလား...ဒါ အမှန်မဖြစ်နိုင်ဘူး"
"မင်း မျက်လုံးကန်းနေတာလား...မဟုတ်ရင်လည်း ဘာဖြစ်နေတာလဲ"
အမ်...
"မင်းဝတ်ထားတာ မင်းပြန်ကြည့်ပြီး တွေးတောဖို့ ခက်ခဲမနေသင့်ဘူး"
ချွန်းမြောင်က ခေါင်းငုံကြည့်လိုက်သည်။ သူ၏ဝတ်စုံသည် အဖာအထေးများဖြင့်စုတ်ပြတ်နေခြင်းကို တွေ့မြင်မိ၏။ ဤသည်က သာမာန်ဝတ်စုံတစ်စုံဖြစ်သော်လည်း အလွန်ပင်ဟောင်းနွမ်းစုတ်ပြတ်နေသည်။ သာမာန်လူမည်သူမဆို ခေါင်းညိမ့်၍ သွားရောက်တောင်းရမ်းတော့မည်ဖြစ်သော်လည်း ချွန်းမြောင်ကမူ မဟုတ်ချေ။
"ငါ့မှာ နာမည်တစ်ခုခုရှိလား"
"သူတောင်းစားတွေက ဘယ်ချိန်ကစပြီး နာမည်ရှိသွားတာလဲ..."
ဂူချွဲက သက်ပြင်းချလိုက်၏။
"အကြမ်းဖျင်းပြောရရင်တော့ မင်းနာမည်က ချိုဆမ်"
"အသံကြားရတာနဲ့ကို သူတောင်းစားနာမည်နဲ့ တူနေသလိုပဲ...ကြည့်အုံး...နာမည်တောင်ဆင်းရဲတဲ့ ငါ့ဘဝ...သူတောင်းစားတစ်ယောက် ဖြစ်လာခဲ့တာလား...ငါက သူတောင်းစားတစ်ယောက်လားကွာ"
ဂူချွဲက နားလည်ရခက်သော မျက်လုံးများဖြင့် ချွန်းမြောင်ကို စူးစိုက်ကြည့်နေသည်။
"ပြီးတော့ အသက်....ငါက ဆယ့်ခြောက်နှစ်လောက်ရှိနေပြီမလား"
"သူတောင်းစားတွေက ဘယ်ချိန်ကစပြီး ကိုယ့်အသက်ကိုယ် မှတ်သားသွားကြတာလဲ...ဒါက အဓိပ္ပါယ်ရှိလို့လား"
အရာအားလုံးက ပြောင်းလဲနေလေပြီ။ ချိုဆမ်သည် စကားပြောဆိုပုံမှအစပြု၍ သွားလာလှုပ်ရှားပုံထိ အရာရာတိုင်းပြောင်းလဲနေသည်။ ချိုဆမ် မည်သို့ဖြစ်ပျက်နေသည်ကို ဂူချွဲက သိရှိနားလည်ခြင်းမရှိချေ။ ဤသည်က သူ့အား အလွန်စိတ်ရှုပ်ထွေးစေ၏။
"ဒါဆိုရင်...ဘယ်နှခုနှစ်ရောက်နေပြီလဲ"
"သူတောင်းစားတွေက နေ့တွေကိုပဲရေတွက်တာ...နှစ်တွေကို ရေတွက်တဲ့သူတောင်းစားဆိုပြီး မင်း တွေ့ဖူးလို့လား"
"အသံနားထောင်ရတာတော့ ငါက သူတောင်းစားတကယ်ဖြစ်နေပုံပဲ"
ဂူချွဲက သူ၏မျက်လုံးများကို ပွတ်သပ်လိုက်၏။ သူတောင်းစားတစ်ယောက်၏ဘဝသည် အမြဲတစေပင်ပန်းပြီး စိတ်ဖိစီးပေရာ သာမာန်ဘဝထက် များစွာပို၍ဆိုးရွားသည်။
"ဒါဆို...ငါ့မှာ နောက်ထပ်မေးစရာတစ်ခုကျန်သေးတယ်"
"မင်း အရင်ကတည်းကမေးနေတာ ခုထိပဲလေ"
"ကောင်းကင်ဘုံနတ်ဆိုး ဘယ်သူလဲဆိုတာ မင်း သိလား"
"မင်းလည်း ကောင်းကင်ဘုံနတ်ဆိုးအကြောင်း ကောလဟာလပြောနေတာကို ကြားဖူးတာလား...ဒါက ကြာလှပြီလေ...ဘာလို့ ခုမှရုတ်တရက်ကြီး ထမေးတာလဲ"
"ငါ့ကို အရင်ဖြေပေးပါ"
"တကယ်တော့ ငါ သူ့ကိုသိတာပေါ့...လူတိုင်းလည်း သိကြတာပဲလေ...သူက ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်းရဲ့ လွန်ခဲ့တဲ့နှစ်တစ်တစ်ရာကျော်လောက်က သေဆုံးသွားတဲ့ဂိုဏ်းခေါင်းဆောင်လေ"
"ဘာ.....သူ သေပြီလား"
ချိုဆမ်က ရှေ့သို့ကမူးရှုးတိုးထပြေးပြီး ဂူချွဲ၏အင်္ကျီဂုတ်ကို ဆွဲဆုပ်လိုက်သည်။
"ကောင်းကင်ဘုံနတ်ဆိုးသေသွားတာ အနှစ်တစ်ရာရှိပြီတဲ့လား....အနှစ်တစ်ရာလား....ဒါက ရာစုနှစ်တစ်ခု ကုန်လွန်သွားပြီလို့ ဆိုလိုတာမလား...ရာစုနှစ်.....ဒါက အမှန်လား"
ချိုဆမ်ကို ကြည့်ရသည်မှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားပုံရသည်။
"ငါ့ကို အမှန်အတိုင်းပြောစမ်းပါ...ငါ့ကိုလိမ်ဖို့ စဥ်းတောင်မစဥ်းစားနဲ့"
"မင်းကိုလိမ်လို့ ဘာကောင်းတာရှိလာမှာမလို့လဲ"
ဂူချွဲက ချိုဆမ်၏လက်ကိုဆွဲဖြုတ်လိုက်သည်။ သို့သော် အချိန်တခဏအတွင်းမှာပင် ချိုဆမ်၏လွတ်နေသောလက်များက သူ၏ခေါင်းကိုဒေါသတကြီး ဆုပ်ကိုင်လာပြန်၏။
ချိုဆမ် ရူးများသွားသလော။ သူ့ကိုကြည့်ပြီးနောက် ထိုထက်ပို၍ ရှင်းပြနိုင်စရာမရှိတော့ချေ။ သူသည် ရိုက်နှက်ခံရခြင်းကြောင့် စိတ်များရှုပ်ထွေးပြီး အတိတ်မေ့သွားသလော။ ဂူချွဲသည် ဤမျှထိ စိတ်လှုပ်ရှားသည့်အရိပ်အယောင်များ ထင်ဟပ်မှုကိုဖော်ပြနေသည့် တစ်စုံတစ်ယောက်၏မျက်နှာမျိုးကို မည်သည့်အချိန်ကမျှ မတွေ့မြင်ဖူးချေ။
"နှစ်တစ်ရာအကြာကလို့...မင်းပြောလိုက်တာလား"
"ငါ မင်းကိုဘယ်နှစ်ခါ ထပ်ပြောရအုံးမှာလဲ"
"ငါ ခေါင်းအေးအေးထားဖို့လိုတယ်"
ချွန်းမြောင်က မိုးကောင်ကင်ယံကို ခေါင်းမော့၍ကြည့်လိုက်သည်။ ကြည်လင်သောအပြာရောင်မိုးကောင်းကင်ကို မြင်တွေ့ရလျှင် သူ အနည်းငယ်စိတ်သက်သာရာရသွားမည်ဟု တွေးတောခဲ့သော်လည်း သူ မြင်တွေ့ရသည်က တဲ၏အနက်ရောင်မျက်နှာကျက်ပင်။ ဤသည်က ချွန်းမြောင်၏စိတ်အား ပို၍ပင်နောက်ကျိသွားစေ၏။
"ဒါက နှစ်တစ်ရာတောင် ကုန်ဆုံးသွားပြီလား"
ဂူချွဲက ချွန်းမြောင်ကို မာဆတ်ဆတ်အော်ဟစ်လိုက်တော့သည်။
"မင်း အိုသွားတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား...ဘာလို့ စကားတစ်ခွန်းကို ထပ်ခါထပ်ခါပြောနေတာလဲ...ဒါက နှစ်တစ်ရာ ကျော်လွန်သွားပြီလေ....ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကြီးက တောင်ထွဋ်တစ်သန်းတောင်ထိပ်မှာ ကောင်းကင်ဘုံနတ်ဆိုးနဲ့ အပြင်းအထန်တိုက်ခိုက်ပြီး သူ့ရဲ့ခေါင်းကို ဖြတ်ခဲ့တာ...ဒါ အမှန်ပဲလေ...ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်အကြာကပဲ"
"ငါ သိပြီ"
ဤသည်က သူ စိတ်ဓာတ်ကျသွားရသော အဓိကအကြောင်းအရာပင်။
အစောပိုင်းက သူ့အား ရိုက်နှက်ခဲ့သူသည် အဆင့်မြင့်ပုံရသည်။ သူ၏တွေးတောမှုအရ ယခုလက်ရှိ သူ့ရှေ့၌ရှိနေသောကောင်ပင် ချိုဆမ်ထက် အဆင့်မြင့်ကြောင်း သိသာထင်ရှားသည်။
သူ သူတောင်းစားအဖွဲ့အစည်းသို့ ရောက်နေသလော။ ကံဆိုးစွာဖြင့် ဤသည်က သူ့အတွက် များစွာအထောက်အပံမဖြစ်နိုင်ချေ။ သူတောင်းစားအဖွဲ့အစည်းသည် လေလွင့်နေသောသူတို့၏လူများအားလုံးကို ကျွေးမွေးစောင့်ရှောက်ရန်မှာ ယေဘုယျအားဖြင့် မဖြစ်နိုင်ပေ။ အဖွဲ့အစည်းက သူတောင်းစားများအားလုံးကို ခေါ်ဆောင်ထားသော်လည်း သူတို့၏ရံပုံငွေက အကန့်အသတ်ရှိသည်။
သူတောင်းစားအဖွဲ့အစည်းမှလူအများစုသည် လမ်းဘေး၌ တောင်းရမ်းစားသောက်ကြသူများဖြစ်သည်။ အဆင့်မြင့်သူတောင်းစားများက ထိုသူတို့ကို နာမည်အဖြစ် နံပါတ်စဥ်များပေးပြီး သူတို့၏အဝတ်အစားများ၌ အထုံးများမပါရှိချေ။ လမ်းများပေါ်၌ လှည့်လည်သွားလာနေသော ထိုသူတောင်းစားများသည် သိုင်းလောကကြီးအတွင်း၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို တခြားသူများထက်ပို၍ သိရှိပေ၏။ ဂူချွဲ၏စကားများက သံသယဖြစ်ဖွယ်မရှိချေ။
"အား...ငါ ရူးတော့မှာပဲ....နှစ်ပေါင်းတစ်ရာကျော်...အား..."
အရာရာတိုင်း ပြောင်းလဲကုန်လေပြီ။ ယခုချိန်၌ သူသည် တစ်ခြားကလေးတစ်ယောက်၏ခန္ဓာကိုယ်တွင် ပြန်လည်ဝင်စားလာသည်ဟူသောအချက်ကို လက်ခံရတော့မည်။
သို့ရာတွင် မည်သည်ကြောင့် သူ သေဆုံးပြီးပြီးခြင်း ပြန်လည်မမွေးဖွားလာရသနည်း။ နှစ်ပေါင်းတစ်ရာကြာပြီးနောက် လူတိုင်းက ချွန်းမြောင် သေဆုံးသွားပြီဟုသာ သိရှိထားကြပေမည်။ ထို့ထက်မက လူအားလုံးသည် သူ တောင်ထိပ်ပေါ်၌ သွေးပျက်ဖွယ်သေဆုံးခဲ့ရခြင်းကို သိရှိထားပြီးလေပြီ။
သူက အထီးကျန်လူသားပင်။ သူကိုယ်သူ မည်မျှပင်လှည့်ဖျားနေပါစေ ဤအရာကလက်တွေ့ဖြစ်ရပ်ဖြစ်ပေ၏။ ထိုသို့ဆိုလျှင်ပင် ဟွာဆန်း...
"အာ...တစ်ခုလောက်မေးပါရစေအုံး...ဟွာဆန်းဂိုဏ်းကရော...."
ချိုဆမ်က ကြမ်းပြင်မှခုန်ထပြီး သူ့အားစူးစိုက်ကြည့်ကာ အော်ဟစ်လိုက်သော်လည်း ဂူချွဲက စိတ်လှုပ်ရှားသွားပုံမရချေ။
"ဟွာဆန်းဂိုဏ်း....ဟွာဆန်းဂိုဏ်း ဘာဖြစ်သွားလဲ"
"မင်း ဘာပြောချင်နေတာလဲ"
"ဟွာဆန်းဂိုဏ်းကရော....ဘယ်လိုဖြစ်သွားလဲလို့"
"ဟွာဆန်းလား"
"အင်း"
"ဟွာဆန်းဂိုဏ်းဆိုတာ ဘာလဲ"
"အမ်..."
ချွန်းမြောင်က အံသြသွားသောအမူအယာဖြင့် ဂူချွဲကိုကြည့်လိုက်၏။ သူက ဟွာဆန်းဂိုဏ်းကိုတောင် မသိသလော။ သူတောင်းစားတစ်ယောက်က ဟွာဆန်းဂိုဏ်းကို မသိရှိခြင်းဖြစ်နိုင်သလော။
"တော်တော့...ငါ့ကိုအရူးလုပ်မနေနဲ့...ဟွာဆန်းဂိုဏ်းက အခုချိန်မှာ ဘယ်လိုအခြေအနေဖြစ်နေလဲ"
"ဟွာဆန်းဂိုဏ်းလား"
ဂူချွဲက ခေါင်းခါယမ်းပြလေသည်။
သူ တကယ်မသိသလော။ အမှန်တကယ်လော။ ဟွာဆန်းဂိုဏ်းအကြောင်းကို သူ မသိသလော။
"ဒါ...ဒါက မဟာဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ဟွာဆန်းဂိုဏ်းလေ...မင်း မသိဘူးလား...ဟမ်...မင်း...."
"မဟာဂိုဏ်းကြီးကိုးဂိုဏ်းထဲက တစ်ဂိုဏ်းလား...ဘာပေါက်ကရစကားတွေ မင်း ပြောနေတာလဲ...မဟာဂိုဏ်းကြီးကိုးဂိုဏ်းထဲမှာ ဟွာဆန်းဂိုဏ်းဆိုပြီးမရှိဘူး"
"ဒါက မရှိဘူးလား...."
"ရှောင်လင်ဘုရားကျောင်း ဝူတန်ဂိုဏ်း ထန်စန်းဂိုဏ်း ချင်းချိန်ဂိုဏ်း ခွန်ထုံဂိုဏ်း တောင်ကျွန်းဂိုဏ်း အော်မေ့ဂိုဏ်း တောင်ပိုင်းအစွန်အဖျားဂိုဏ်း ခွန်းလွန်ဂိုဏ်းနဲ့ သူတောင်းစားအဖွဲ့အစည်း(သူတောင်းစားဂိုဏ်း)ပဲ...အခုချိန်မှာ မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းရှိတယ်"
"တောင်ပိုင်းအစွန်အဖျားဂိုဏ်းလား...အဲ့ဒီ ဘာမှကောင်းကျိုးမပေးတဲ့ ခွေးမသားဂိုဏ်းက မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲကလား...အာ...မဟုတ်သေးဘူး...ဒါက အရေးမကြီးဘူး...ဘာလို့ ဟွာဆန်းဂိုဏ်းက အဲ့ဒီထဲမှာ မပါရတာလဲ"
ဂူချွဲက သက်ပြင်းချလိုက်၏။ ချိုဆမ်က သူ မည်မျှပင် ရှင်းပြနေပါစေ ကြားချင်ရာသာကြားနေသည်။ ဂူချွဲ၏စိတ်ရှည်မှုက တဖြည်းဖြည်းလျော့ပါးလာပေ၏။
"ဟွာ..ဟွာဆန်းဂိုဏ်းက မဟာဂိုဏ်းကြီးတွေထဲက မဟုတ်ဘူးလား...မဟုတ်သေးဘူး...ဒါက ဖြစ်နိုင်တယ်ပဲထား...ဒါပေမယ့် မင်း...မင်းက ဟွာဆန်းဂိုဏ်းကိုတောင် မသိဘူးလား...လူချမ်းသာတစ်ယောက် ဆင်းရဲသွားရင်တောင် သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေက အနည်းဆုံးသုံးနှစ်လောက်တော့ခံတယ်လေ...ဒါပေမယ့်...မင်းလို သူတောင်းစားတစ်ယောက်က ဟွာဆန်းဂိုဏ်းအကြောင်းမသိဘူးလား"
ချွန်းမြောင်က သူ့ကို သူတောင်းစားဟု ခေါ်ဆိုခြင်း၏နောက်ဆက်တွဲအကျိုးဆက်များကို သူ အမှန်တကယ်မဖမ်းဆုပ်နိုင်ချေ။ သူက အမှန်တကယ်ကိုပင် ငတ်ပြတ်၍ သေဆုံးသွားနိုင်သည်။
"မင်း တစ်ခုခုစဥ်းစားလို့မရဘူးလား"
ချွန်းမြောင်က ဂူချွဲ၏ပခုံးများကို လှုပ်ယမ်းလိုက်သည်။
"တစ်ခုခု စဥ်းစားမရဘူးလားလို့....မင်း ဟွာဆန်းဂိုဏ်းအကြောင်း တကယ်မသိဘူးလား...ဟွာဆန်းလေ....ဟွာဆန်းဂိုဏ်းလေ"
"ဟွာဆန်း...."
ဂူချွဲက ခေါင်းကိုက်လာသကဲ့သို့ ခံစားနေရသည်။
"ဟုတ်တယ်...ဟွာဆန်း"
"ငါ စဥ်းစားမိပြီ"
ဂူချွဲက ခေါင်းခါယမ်းလိုက်သည်။
"မင်းပြောတဲ့ ဂိုဏ်းမျိုး ရှန်းရှီးစီရင်စုမှာရှိတာ ငါ ကြားဖူးသလိုပဲ"
"ဟုတ်တယ်...ဒါ အမှန်ပဲ...ဟွာဆန်းက ရှန်းရှီးစီရင်စုမှာရှိတာ"
ချွန်းမြောင်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ငါ သိသလောက်တော့...အဲ့ဂိုဏ်းက ပျက်စီးသွားပြီ"
"ဘာ..."
ချွန်းမြောင်၏နှလုံးခုန်နှုန်း ရပ်တန့်သွားသည်။
"ဟွာဆန်းဂိုဏ်းက မဟာဂိုဏ်းကြီးတွေထဲမှာ ပါခဲ့လား မပါခဲ့လားဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် သူတို့ဂိုဏ်းက လက်ရွေးစင်စစ်သည်တော်တွေအားလုံး ကောင်းကင်ဘုံနတ်ဆိုးရဲ့ အသတ်ခံလိုက်ရတဲ့ဖြစ်စဥ်ကိုတော့ ငါ ကြားဖူးတယ်...ငါ သေချာတော့မသိဘူး...မင်း တကယ်လို့ ပိုပြီးသိချင်ရင် တခြားသူတွေကို မေးကြည့်လေ"
ဒါ ဘာကိုဆိုလိုတာလဲ...ဟွာဆန်းဂိုဏ်းက ပျက်စီးသွားပြီလား...ဟွာဆန်းဂိုဏ်း....ဟွာဆန်းဂိုဏ်းကလေ...
"ဒီသူတောင်းစားတော့...မင်း ငါ့ကို လိမ်နေတာမလား"
ဂူချွဲက မျှော်လင့်ချက်ကုန်ဆုံးသွားပုံဖြင့် တဲမျက်နှာကျက်အား မော့ကြည့်လိုက်သည်။ သူက အမှန်အတိုင်း ပြောပြနေသည့်တိုင် ချိုဆမ်က သူ့အား ကျိန်ဆဲနေပေ၏။ ဤသည်ကြောင့် ဂူချွဲက လူများအားကူညီရမည်ကို မုန်းတီးခြင်းဖြစ်သည်။
"မဟုတ်ဘူး...ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး...ငါ မယုံဘူး"
ချွန်းမြောင်က ဂူချွဲကိုတွန်းဖယ်ပြီး အပြင်သို့ပြေးထွက်ရန်ဟန်ရွယ်လိုက်သည်။
"ဟေ့..."
ဂူချွဲက ချွန်းမြောင်၏နောက်မှနေ၍ အော်ဟစ်လိုက်သည်။
"တကယ်လို့ မင်း ညနေစာစားချိန်မှာ ပြန်မရောက်ဘူးဆိုရင်...ဒီတစ်ခါတော့ ဝမ်ချိုက မင်းကို တကယ်သတ်လိမ့်မယ်...အရေးမပါတာတွေနဲ့ အချိန်ဖြုန်းမနေနဲ့...အလုပ်သွားလုပ်တော့"
သို့ရာတွင် ချိုဆမ်က ထွက်ခွာသွားလေပြီ။
"ဒီ ခွေးသူတောင်းစား အခုဘာလုပ်ချင်နေတာလဲ"
ဂူချွဲက ချိုဆမ်၏အမူအကျင့်များ လုံးလုံးလျားလျားပြောင်းလဲနေသည့်အတွက် အံ့အားသင့်စွာ ခေါင်းခါယမ်းနေမိသည်။
"ဟမ်..."
အနာဂတ်တစ်ခုလုံး ဆုံးရှုံးသွားသော ကုန်သည်တစ်ယောက်အား မြင်ဖူးကြသလော။ ချွန်းမြောင်၏မျက်နှာသည် ယခု ထိုကဲ့သို့အမူအယာမျိုး ထင်ဟပ်နေသည်။
ဟွာဆန်းဂိုဏ်းမှတပည့်များအားလုံး ကောင်းကင်ဘုံနတ်ဆိုး၏သတ်ဖြတ်ခြင်း ခံလိုက်ရချိန်တွင် စွမ်းအားကျဆင်းသွားမည်ဟု သူ တွေးတောမိသည်။ ထိုအချိန်အတောအတွင်း၌ ဟွာဆန်းအား မဟာဂိုဏ်းကြီးများစာရင်းမှ ဖယ်ထုတ်ခြင်း ခံခဲ့ရပေမည်။ သို့ရာတွင် သူ ဦးနှောက်များ ပွင့်ထွက်လာသည်အထိ စဥ်းစားနေပါစေ မည်သည်ကြောင့် ဟွာဆန်းဂိုဏ်းဖယ်ထုတ်ခံရပြီး နှစ်တစ်ရာအတွင်းတွင် သူတောင်းစားဂိုဏ်းက မဟာဂိုဏ်းကြီးများစာရင်းသို့ ဝင်ရောက်လာရသနည်း။ ဤသည်က အဓိပ္ပါယ်မရှိချေ။ သိုင်းပညာအကြောင်းမသိသော သူတောင်းစားများက မည်သည်ကြောင့်ပါဝင်လာရသနည်း။
လမ်းခုလတ်၌ သူက သူတောင်းစားတချို့ကိုတွေ့ရသဖြင့် သွားရောက်မေးမြန်းခဲ့သည်။ သို့ရာတွင် သူတို့၏အဖြေကလည်း ဂူချွဲနှင့် ထပ်တူထပ်မျှပင်။
"ဟွာဆန်းလား...မင်းက တောင်တွေရဲ့ဟိုးဘက်အလွန်မှာရှိတဲ့နေရာကို ပြောနေတာလား...အဲ့ဒါက ဘယ်လိုနေရာလဲ"
"ဟွာဆန်းဂိုဏ်းလား...ဟွာဆန်းက သိုင်းပညာသင်ပေးတဲ့ကျောင်းတော်လား"
"ငါ အဲ့လိုဂိုဏ်းမျိုး တစ်ခါမှမကြားဖူးဘူး"
"သူတောင်းစားတစ်ယောက်က ငါအင်္ကျီလက်ကို ဘယ်လိုတောင်လာထိရဲတာလဲ...မင်း လက်ပြတ်ချင်နေတာလား...အခုချက်ချင်း ငါ့အင်္ကျီပေါ်က မင်းရဲ့လက်ကို ဖယ်လိုက်စမ်း"
လူတစ်ယောက်ပြီးတစ်ယောက် သူ မေးမြန်းခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ဟွာဆန်းဂိုဏ်းအကြောင်း ရေရေရာရာမသိချေ။
"ဒါက အဓိပ္ပါယ်မရှိဘူး"
မည်သည်ကြောင့် ဟွာဆန်းဂိုဏ်းက ဤကဲ့သို့ဘဝမျိုး ရောက်ရှိသွားရသနည်း။ နာမည်ကျော်ကြားသော ဂိုဏ်းများစွာရှိသော်လည်း မည်သည့်ဂိုဏ်းမျှ ဟွာဆန်းအားမမီချေ။ အနည်းငယ်ချဲ့ကားပြောရလျှင် နာမည်ကျော်ကြားသော ဓားသမားဟူသမျှ ဟွာဆန်းမှ ထွက်ပေါ်လာခဲ့ခြင်းပင်။ သို့ရာတွင် ဟွာဆန်းသည် နာမည်အကျော်ကြာဆုံးဂိုဏ်းများဖြစ်သော ဝူတန်းဂိုဏ်း ရှောင်လင်ဂိုဏ်းတို့နှင့် တစ်တန်းတည်းရပ်တည်နိုင်ခဲ့သည်ကို သိရှိသူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိတော့ချေ။
သို့ရာတွင် မည်သည်ကြောင့် လူအများက ဟွာဆန်းတည်ရှိခဲ့သည်ကိုပင် မသိရသနည်း။
"အင်း...."
နောက်ဆုံးတော့ ပြည့်စုံသောတုံပြန်မှုရှိသူတစ်ယောက်ကို ချွန်းမြောင် တွေ့ရှိခဲ့ရသည်။
"ဟွာဆန်းဂိုဏ်းလား...ငါ ကြားဖူးတယ်လို့တော့ထင်မိတယ်...အဲ့ဂိုဏ်းက အတိတ်မှာကျော်ကြားခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းမလား...ငါ ကြားမိသလောက်တော့ သူတို့က ကောင်းကင်ဘုံနတ်ဆိုးနဲ့တိုက်ခိုက်ပြီးချိန်မှာ သူတို့ရဲ့ဂိုဏ်းပျက်သုဥ်းသွားတယ်ဆိုပဲ...အဲ့ဒီဂိုဏ်း ခုထိရှိနေသေးတာလား"
ပျက်သုဥ်းသွားတာလား...ဟွာဆန်းဂိုဏ်းကလေ...
"ဘယ်လို သောက်အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေကြတာလဲ"
ဤဖြစ်ရပ်က တော်ဝင်နန်းတော်မီးလောင်ကျွမ်းပြီး ဧကရာဇ်မင်း လွတ်မြောက်သွားသည်နှင့် အလားတူနေသည်။
ဟွာဆန်းဂိုဏ်း ပျက်သုဥ်းသွားပြီ...ဟွာဆန်းဂိုဏ်း...
ပြန်လည်ရှင်သန်လာခြင်းအတွက် ချွန်းမြောင် ဝမ်းသာနေသင့်သည်။ သို့ရာတွင် နောက်ဆုံးအချိန်အခိုက်အတန့်၌ ဆရာတူအကိုဂျန်မွန်း၏မျက်နှာပေါ်တွင်ရှိနေသည့် ထူးဆန်းသောအမူအယာကို ချွန်းမြောင် ပြန်အမှတ်ရသွားသည်။ အကယ်၍ ဆရာတူအကိုသာ အသက်ရှင်နေပြီး ဤသတင်းများကို ကြားသိရပါက သူ သွေးအန်ပြီးထပ်မံ၍ သေဆုံးသွားပေလိမ့်မည်။
"မဟုတ်ဘူး...မဟုတ်သေးဘူး"
ချွန်းမြောင်ကထိုင်နေရာမှ ခုန်ထလိုက်သည်။
"ငါ အဲ့ဒါကို ငါကိုယ်တိုင်မြင်တွေ့ရဖို့ လိုအပ်တယ်"
ဟွာဆန်းဂိုဏ်းသည် နှစ်ရာနှင့်ချီ၍ တည်တံခဲ့သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သဖြင့် မည်မျှပျက်စီးနေသော အနေအထားသို့ရောက်နေပါစေ ကိစ္စမရှိချေ။ သူ သွားရောက်ကြည့်ရပေမည်။
"ငါ ဟွာဆန်းဂိုဏ်းကိုသွားမယ်"
ချွန်းမြောင်၏မျက်လုံးပြာများသည် စိတ်အားထက်သန်မှုကြောင့် တောက်ပနေသည်။
ဤအချိန်အခိုက်အတန့်သည် လိပ်ပြာတစ်ကောင် ပိုးအိမ်မှဖောက်ထွက်၍ ဒီရေလှိုင်းများအကြား မွေးဖွားလာသကဲ့သို့ပင်။
****သူတောင်းစားဂိုဏ်းအတွင်းရှိ သူတောင်းစားများတွင် နာမည်မရှိဘဲ နံပါတ်များနှင့်သာခေါ်ဆိုကြ၏။ ဥပမာအနေဖြင့် ဂူချွဲသည် နံပါတ်ခုနစ်ဖြစ်ပြီး ချိုဆမ်သည်နံပါတ်သုံးဟု အဓိပ္ပါယ်ရသည်****
Chapter 3 - ဒီအခြေအနေက ဘယ်လိုငရဲမျိုးလဲ(၃)
ဂူချွဲက အပြင်းအထန် စိတ်ဒုက္ခရောက်နေပေ၏။ တဲအတွင်းမှနေ၍ အဆုတ်ကွဲမတက်အော်ဟစ်ထွက်သွားသော ချွန်းမြောင်သည် ပြန်လည်ရောက်လာချိန်၌ ပို၍ပင်အဓိပ္ပါယ်မဲ့သောစကားများကို ပြောဆိုနေသည်။
"ငါ ဟွာဆန်းဂိုဏ်းကို သွားတော့မယ်"
ဂူချွဲက ချွန်းမြောင်အား စူးစိုက်ကြည့်လိုက်မိသည်။
"ဒါက အဓိပ္ပါယ်မရှိဘူးလို့ မင်း ထင်နေလိမ့်မယ်...ဒါပေမယ့် ငါ ပြောတာကို အရင်နားထောင်ပါအုံး"
ဂူချီက ချိုဆမ် မည်ကဲ့သို့ပေါက်ကရစကားများပြောမည်ကို အမှန်တကယ်ကြားလိုသည်။ သို့ရာတွင် ချိုဆမ်၏နောက်ထပ်စကားလုံးများကို ကြားပြီးနောက် သူ၏အတွေးများ လွင့်ပြယ်သွားတော့သည်။
"ငါက စကားတစ်ခွန်းမှမချန်ခဲ့ဘဲ ရိုးရိုးရှင်းရှင်း ထွက်သွားလို့ရတယ်...ဒါပေမယ့် မင်းဆီကနေ အဖိုးတန်တဲ့သတင်းတွေ ငါ သိခဲ့ရလို့ မင်းကိုပြန်လာအကြောင်းကြားတာ"
ဘယ်လို အရူးကောင်လဲ...
အရူးတစ်ယောက်၏ပေါက်ကရစကားများကို သူ နားထောင်စရာ အကြောင်းမရှိချေ။ သို့ရာတွင် ချိုဆမ်က အလေးအနက်ထားနေပုံရသည်ကိုကြည့်ပြီး သူ စိတ်မကောင်းဖြစ်လာသကဲ့သို့ ခံစားမိသဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
"ငါက ကြင်နာမှုကိုနှစ်ဆ ရန်ငြှိုးကိုဆယ်ဆ ပြန်ပေးဆပ်တက်တဲ့သူ...ငါ့မှာ အခွင့်အရေးရလာတဲ့တစ်နေ့ကျရင်...မင်း ဟွာဆန်းဂိုဏ်းက ချွန်းမြောင်ဆိုတဲ့နာမည်ကို မှတ်ထားပေး...ငါတို့ပြန်ဆုံတွေ့ကြမယ်ဆိုရင်...ငါ့အပေါ်တင်နေတဲ့ မင်းရဲ့ကြင်နာမှုကို ငါ ပြန်ပေးဆပ်မယ်"
ချိုဆမ်၏စကားများသည် အနည်းဆုံးတော့ နားထောင်ရသည်မှာ အလွန်ကောင်းပေ၏။ အကယ်၍ ချိုဆမ်၏ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲပွန်းပဲ့မနေဘဲ သူတောင်းစားတစ်ယောက်ကဲ့သို့ ဝတ်ဆင်မထားပါက ထိုစကားလုံးများသည် အမှန်တကယ် အထင်ကြီးစရာပင်။
"အရူးစကား...."
ချွန်းမြောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"ငါ့ရဲ့စကားတွေက ထူးဆန်းနေလိမ့်မယ်ဆိုတာ ငါသိတယ်...ဒါပေမယ့် မင်း ငါစကားတွေကို သေချာမှတ်ထား...တစ်ရက်ရက်မှာ အဲ့ဒီစကားတွေက မင်းရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မယ်..."
"ဝမ်ချိုက မင်းကိုရှာနေတာ...သူ ဖမ်းမိသွားရင် မင်း သေလိမ့်မယ်"
"တကယ်လား"
ချွန်းမြောင်က မျက်လုံးများပိတ်သွားသည်အထိ ရယ်မောလိုက်သည်။
"ဟား ဟား ဟား..."
လောကကြီးသည် လူမျိုးစုံနှင့်ပြည့်နှက်နေပေ၏။ တစ်စုံတစ်ယောက်သည် ရုတ်တရက် အမြင့်သို့တက်လှမ်းရန် ပြောင်းလဲသွားခြင်းသည် အလွန်ထူးဆန်းသောကိစ္စမျိုးမဟုတ်ချေ။ သို့ရာတွင် တစ်ညတည်းဖြင့် ချိုဆမ်သည် ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ပြောင်းလဲသွားခြင်းသည် အလွန်အံ့အားသင့်တုန်လှုပ်ဖွယ်ရာပင်။
"ကောင်းပြီလေ...ငါ အခုထွက်သွားတော့မယ်"
"မြန်မြန်ပြန်လာခဲ့...မဟုတ်ရင်...သူ မင်းသေတဲ့အထိ တကယ်ရိုက်လိမ့်မယ်"
"ငါ သွားပြီ...ဘယ်လိုပဲဖြစ်ဖြစ် မင်းမှတ်ထားနော်...ဟွာဆန်းဂိုဏ်းက ချွန်းမြောင်...အဲ့ဒီနာမည်ကိုမှတ်ထား"
စကားဆုံးသည်နှင့် ချွန်းမြောင်က အဝေးသို့ ရဲရဲတင်းတင်း ထွက်သွားတော့သည်။
ဂူချွဲက ခေါင်းခါယမ်းနေသည်။ ဘဝဟူသည်မှာ အချိုးအကွေ့များဖြင့် ပြည့်နှက်နေပြီး တစ်ခါတရံကောင်းပြီး တစ်ခါတရံအဆိုးနှင့် ကြုံတွေ့ရသည်။ သို့ရာတွင် ချိုဆမ်သာ အဖမ်းခံရပါက အမှန်တကယ်သေဆုံးသွားနိုင်သည်။
"ငါ ဝမ်ချိုကို ဘယ်လိုပြောရင်...သူ့ကိုကူညီရာရောက်မလဲ..."
ရုတ်ချည်းဆိုသလိုပင် တဲအိမ်၏တံခါးပွင့်သွားပြီး ချိုဆမ်က အတွင်းသို့ပြန်ဝင်လာလေ၏။
ဘာလဲ...ဘာလို့ သူ ထပ်ပြီးပြန်လာတာလဲ..
သို့ရာတွင် ဂူချွဲ အသံထွက်၍မေးမြန်းရန် အခွင့်အရေးမရလိုက်ချေ။
"ဟေး..."
"အမ်...ဘာလဲ"
"ဟိုခွေးသူတောင်းစားကြီးနာမည်က ဘာလဲ"
"ဘယ်သူလဲ"
"ငါ့ကိုရိုက်တဲ့ကောင်"
"အော်...ဝမ်ချိုကိုပြောတာလား...ဝမ်ချိုရဲ့နာမည်အရင်းက ဂျောင်းပယ်"
"ဂျောင်းပယ်တဲ့လား...နာမည်ကိုက ကျက်သရေမရှိလိုက်တာ...အဲ့ခွေးမသားကြီးကိုပြောလိုက်....နောက်တစ်ခေါက် သူနဲ့ငါတွေ့ရင်...ငါ သူ့ကို အလွတ်မပေးဘူးဆိုတာ"
ဂူချွဲ၏အမြင်အရ ဝမ်ချိုသည်သာ 'အလွတ်မပေးမည့်သူ'ဖြစ်ပေ၏။
"အခု ငါ တကယ်သွားတော့မယ်"
ချွန်းမြောင်က လေလေးတချွန်ချွန်ဖြင့် တဲအတွင်းမှ ထွက်ခွာသွားတော့သည်။
ဂူချွဲသည် အရာအားလုံး တည်ငြိမ်သွားပြီဟု တွေးတောနေချိန်မှာပင် ချွန်းမြောင်က တဲအတွင်းသို့ ပြန်ဝင်လာသည်။
"အမ်...အခုက ဘာဖြစ်ပြန်ပြီလဲ"
"ဟေး...."
"ဘာလဲ...အခုကရော ဘာဖြစ်ပြန်ပြီလဲ...ဘာလို့ ပြန်လာတာလဲ"
"ရှန်းရှီးစီရင်စုမှာရှိတဲ့ ဟွာဆန်းဂိုဏ်းကို ဘယ်လမ်းကသွားရမှာလဲ"
သူ မည်မျှထိ အကောင်းဘက်မှ လှည့်တွေးနေပါစေ ဤခွေးမသားသည် ရူးသွပ်နေသည်မှာ သေချာပေ၏။
ချွန်းမြောင်က မရပ်မနားပြေးနေသည်။ ဤလောကကြီးအတွင်းတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူတောင်းစားတစ်ယောက်အား ရှန်းရှီးစီရင်စုသို့ လမ်းပြခေါ်ဆောင်သွားမည်မဟုတ်ချေ။
ယခင်က မယုံကြည်နိုင်ဖွယ် အားကောင်းသန်မာခဲ့သော သူ၏ခြေထောက်နှစ်ဖက်သည် နုံးချလာသကဲ့သို့ ခံစားနေရ၏။ သူ၏နှလုံးသားပင် ရပ်တန့်လုမတက်မောပန်းလာခြင်းကို ခံစားမိသည်။
ယခင်က သူ မြင်း သို့မဟုတ် ရထားလုံးကို စီးခဲ့ဖူးသလော။ မည်သည့်အချိန်ကမျှ မစီးနင်းဘူးချေ။ သူသည် မြင်းတစ်ကောင်ထက် ပို၍လျှင်မြန်စွာ ပြေးလွှားနိုင်သဖြင့် နှေးကွေးသောသတ္တဝါပေါ်၌ တက်စီးရန် မရည်ရွယ်ခဲ့ဖူးချေ။ အကယ်၍ အတိတ်ဘဝတုန်းက သူ ပြေးလွှားခဲ့သော အကွာအဝေးကို ပေါင်းကြည့်ပါက အလယ်ပိုင်းလွင်ပြင်ကိုပင် ဆယ်ပတ်ပတ်နိုင်သည်။ ထို့ကြောင့် သူက အနည်းငယ်မျှပင် မတွေးတောဘဲ ပြေးလွှားခဲ့ခြင်းပင်။
"ဟောဟဲ...ဟောဟဲ...ဟာ...အား...အိုး ဘုရားသခင်...ဒီပုံအတိုင်းသာဆို ငါ သေသွားလိမ့်မယ်"
သူထံ၌ ယခုကဲ့သို့အားနည်းသော ခန္ဓာကိုယ်မျိူး ပိုင်ဆိုင်ထားရမည်ဟု သူ စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။ သူ၏ခြေထောက်နှစ်ချောင်းသည် သံမဏိအဖြစ်မှ တုတ်ချောင်းသာသာအရိုးချောင်းအဖြစ်သို့ပြောင်းလဲသွားပြီး သူ၏မမောပန်းနိုင်သောနှလုံးသားသည်လည်း ကဆုန်စိုင်းခုန်နေပေ၏။
ဤသည်က မည်ကဲ့သို့ အဓိပ္ပါယ်မရှိသောကိစ္စမျိုး ဖြစ်သနည်း။ ယခုအချိန်အခိုက်အတန့်တွင် သူ အလွန်မောပန်းနေသဖြင့် သူ၏နှလုံးသားပင် သူ့ပါးစပ်မှထွက်ကျလုမတက်ပင်။
"အား...ဒါက ဘယ်လိုခန္ဓာကိုယ်ကြီးလဲ"
သူ တစ်ခါသာခုန်ခဲ့သည်။ သူ တစ်နာရီ နှစ်နာရီကြာသည်အထိ မရပ်မနား ပြေးလွှားခဲ့မိသလော။ မဟုတ်ပေ။ သူက မိနစ်အနည်းငယ်ကြာ ပြေးလွှားမိသည်နှင့် အသက်ရှုကြပ်လာခြင်းပင်။ ဤသူတောင်းစားငယ်၏ခန္ဓာကိုယ်သည် မည်သည်ကြောင့် အလွန်ဆိုးရွားနေရသနည်း။
"အား...."
ထိုအဖြေက သူ့ရှေ့၌ ရိုးရှင်းစွာ ထွက်ပေါ်လာပေ၏။ သူထံ၌ အတွင်းအားမရှိခြင်းကို ဘေးဖယ်ထားလျှင်ပင် သူ၏ခန္ဓာကိုယ်သက်သက်အခြေအနေမှာ အရိုးပေါ်အရေကပ်နေရုံသာရှိသည်။
သူ ဤပုံစံနှင့် ရှန်းရှီးစီရင်စုကို မည်သို့သွားရမည်နည်း။
ဖြစ်နိုင်ချေမရှိသော အိမ်မက်သက်သက်ပင်။ သူက ဟွာဆန်းဂိုဏ်းသို့မရောက်မီမှာပင် မောပန်းလွန်းသဖြင့် အသက်ထွက်သွားနိုင်သည်။
အကယ်၍သာ သူအမှန်တကယ်သေဆုံးသွားပြီး မိတ်ဆွေများနှင့် တမလွန်တွင် ပြန်လည်ဆုံတွေ့ရပါက သူ့အား ပြက်ရယ်ပြုကြပေမည်။
"ဇီးပန်းပွင့်ဓားသူတော်စင်က အမောဖောက်ပြီး သေဆုံးခဲ့တာလား"ဟု သူတို့က မေးမြန်းကြပေလိမ့်မည်။
"ဟား ဟား ဟား..."
ချွမ်းမြောင်၏ပါးစပ်မှနေ၍ သရော်တော်တော်ရယ်မောသံများ ထွက်ပေါ်လာသည်။ သူ မည်မျှထိခက်ခက်ခဲခဲကြိုးစားနေပါစေ မတ်တတ်ထရပ်နိုင်ခြင်းပင် မရှိတော့ချေ။
သိုင်းပညာရှင်များ၏ခန္ဓာကိုယ်သည် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်အထိ သန်မာကြသည်။ ချွန်းမြောင်သည် သူ အလုပ်အလွန်အကျွံလုပ်မိခြင်း သို့မဟုတ် အတွေးလွန်သွားခြင်း အဆာလွန်နေခြင်း မည်သည်ကြောင့် သူ ပုံလျက်သားလဲကျနေရမှန်းကိုပင် မသိတော့ချေ။ သူ မသိရှိသဖြင့် ရယ်မောနေရုံသာတက်နိုင်သည်။
"တကယ်လို့ ငါ ရှန်းရှီးစီရင်စုကိုသွားမယ်ဆိုရင်...ငါ့ရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကို အရင်ပြုပြင်ရမယ်"
သို့ရာတွင် သူ၏ခန္ဓာကိုယ်အား မည်သို့ပြောင်းလဲမည်နည်း။ မည်သို့ ကျန်းမာအောင်ပြုလုပ်မည်နည်း။ သူထံ၌ အဖြေရှိပြီးသားပင်။
"ကောင်းပြီလေ...ငါ သိုင်းပညာကို အရင်ကျင့်ကြံဖို့ လိုအပ်တယ်"
သူ အစမှစတင်၍ ပြန်လည်လေ့ကျင့်ရပေမည်။ ဤအခွင့်အရေး မည်မျှကောင်းမွန်သည်ကို သူ နားလည်သဘောပေါက်ထားသည်။
ထိပ်ဆုံးသို့ရောက်ရှိရန် ပျက်ကွက်ခဲ့သူများတွင် နောင်တများစွာရှိသည်ဟု လူအများက ဆိုကြသည်။ ထိုအချက်က မှန်ကန်ပေ၏။ ထိပ်ဆုံးသို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့သူများပင်လျှင် နောင်တရစရာအကြောင်းများ ရှိခဲ့ကြသည်။
အကယ်၍ သူ ထိုအချိန်တုန်းကသာ လေးလေးစားစား လေ့ကျင့်ခဲ့ပါက....
အကယ်၍ သူသာ အခြေခံများကို အာရုံစိုက်၍ သင်ယူခဲ့ပါက....
အကယ်၍ ဆရာသခင်က သူ၏နားကိုဆွဲပြီး ခေါ်စဥ်တွင် အဝေးသို့ထွက်မပြေးဘဲ လေ့ကျင့်ခဲ့ပါက....
အကယ်၍ သူသာ လျို့ဝှက်အရက်သိုလှောင်ခန်းအတွင်းမှ ခိုးယူစဥ် လူမမိခဲ့ပါက....
မဟုတ်သေးချေ...နောက်ဆုံးတစ်ခုအား မေ့ထားသင့်သည်။
"ကောင်းပြီလေ...ငါ အစကနေစပြီး အကောင်းဆုံးပြန်ကြိုးစားတာပေါ့"
အတိတ်တုန်းက ချွန်းမြောင်သည် တတိယမျိုးဆက်တွင် အကောင်းဆုံးဓားသမားများအနက်မှ တစ်ယောက်ဖြစ်ခဲ့သည်။ သို့ရာတွင် ဤသည်က သူ စိတ်ကျေနပ်မှု ရရှိခဲ့သည်ဟု မဆိုလိုချေ။ သူက ပို၍အားကောင်းသန်မာလာသည်နှင့်အမျှ သိုင်းပညာရပ်များကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်လာသည်။ သူ၏အခြေခံအုတ်မြစ်သည် မည်မျှထိအပြစ်အနာအဆာများခဲ့သည်ကို တခြားသူများထက် ပို၍ကောင်းမွန်စွာ သိရှိထားပေ၏။
အခြေခံအုတ်မြစ်....
သူ၏ညံဖျင်းသော အခြေခံအုတ်မြစ်ကြောင့် ဆရာတူအကိုနှင့် ဆရာတူအမကိုဆုံးရှုံးခဲ့ရသည်။
ချွန်းမြောင်က အခြေခံအုတ်မြစ်သင်ကြားချိန်များကို မုန်းတီးခဲ့သည်။ သို့ရာတွင် သူ ဓားသမားအဖြစ် နာမည်ကျော်ကြားလာချိန်တွင်မူ အခြေခံအုတ်မြစ် မည်မျှထိ အရေးပါသည်ကို နားလည်သဘောပေါက်ခဲ့ရ၏။ မည်သို့ပင်ဆိုစေကာမူ အခြေခံအုတ်မြစ်သည် သိုင်းသမားတစ်ယောက်ရပ်တည်နိုင်ရန် ပြုလုပ်ပေးသောအရာပင်။ မြင့်မားသောအဆင့်သို့ရောက်လိုသူသည် ခိုင်မာသောအခြေခံအုတ်မြစ်လိုအပ်သည်။ ထိုသူ၏အဆင့် မည်မျှထိ မြင့်မားလာမည်နည်းဟူသည်မှာ အခြေခံအုတ်မြစ် မည်မျှခိုင်မာသည်ပေါ်တွင် မူတည်သည်။ သို့ရာတွင် ချွမ်းမြောင် ငယ်ရွယ်စဥ်က သဘောပေါက်နားလည်ခဲ့ခြင်းမရှိချေ။ သူ၏ဆရာသခင်များက မည်မျှထိရှင်းပြခဲ့ပါစေ သူ သဘောပေါက်နားလည်ခဲ့ခြင်းမရှိပေ။ သူ သဘောပေါက်နားလည်လာချိန်တွင် အရာအားလုံးကို လက်လွှက်လိုက်ရလေပြီ။
မည်သည်ကြောင့်နည်း။ အကြောင်းအရင်းက သူသည် လူသားတစ်ယောက်ဖြစ်နေခဲ့ခြင်းကြောင့်ပင်။ အကယ်၍ ချွမ်းမြောင်သာ အခြေခံအုတ်မြစ်တည်ဆောက်ရာ၌ အချိန်ကြာမြင့်စွာယူနေပါက တခြားသူများသည် သူ့ထက် အဆင့်များစွာ ကျော်တက်ပြီးဖြစ်ပေမည်။ အလျင်မလိုသူဟူ၍ မည်သူရှိမည်နည်း။
ထို့ပြင်....
"သူတို့က အခြေခံအုတ်မြစ်ကို အာရုံစုစည်းပြီးလုပ်ဖို့ ငါ့ကိုအမြဲပြောနေပေမယ့် ငါရှေ့ရောက်နေတဲ့သူတွေကို ချီးကျူးနေကြတယ်လေ...သောက်ရေးမပါတဲ့ စွမ်းအားတွေကိုများ"
သို့ရာတွင် သူ နားလည်ပေးနိုင်ခဲ့သည်။ ဆရာသခင်များသည်လည်း လူသားများသာ မဟုတ်လော။
ကြီးမားသောအောင်မြင်မှုများသည် ခိုင်မာသောအခြေခံအုတ်မြစ်မှလာသည်ဟု လူတိုင်း သိထားကြပေ၏။ ပညာသင်များက သူတို့၏အခြေခံအုတ်မြစ်ခိုင်မာရန် ကြိုးစားနေစဥ်တွင် ဆရာသခင်များက ဓားရေးထူးချွန်သူများကို မြှောက်ပင့်ချီးမွမ်းနေကြသည်။
သို့ရာတွင် သူ သည်းခံနိုင်ခဲ့သည်။ ဟွာဆန်းဂိုဏ်းရှိပညာသင်များသည် သူတို့၏စိတ်ခံစားချက်ကို ထိန်းသိမ်းသည့်နေရာ၌ အလွန်ပင်ကောင်းမွန်ကြ၏။
သို့ရာတွင် လေ့ကျင့်မှုများအပြီးညနေခင်း၌ ဆရာများအတူတွေ့ဆုံပြီး စားသောက်ကြလေ့ရှိသည်။ အကယ်၍ ဆရာတစ်ယောက်သည် မူးယစ်လာချိန်တွင် သူ၏တပည့်တစ်ယောက်အကြောင်းကို ညနေခင်းတွေ့ဆုံပွဲ၌ ကြွားလုံးထုတ်လာပါက တခြားဆရာများကလည်း သူတို့၏တပည့်များအကြောင်း ပြန်လည်ကြွားဝါကြတော့သည်။ မည်သည့်ကြွားဝါစရာမျှမရှိသူများကသာ ပါးစပ်ပိတ်၍ ငြိမ်ခံနေရ၏။
ထိုအကြောင်းကြောင့် သူတို့က စိတ်ရှည်သည်းခံနိုင်ခြင်း မရှိကြတော့ချေ။ နောက်တစ်နေ့မနက်ခင်းတွင် သူတို့၏တပည့်များအား စိတ်ပျက်လက်ပျက်ဖြင့် ဆူပူကြိမ်းမောင်းကြလေ၏။
"ငါ့ဆရာတူအမရဲ့တပည့်က ဇီးပန်းပွင့်ဓားသိုင်းရဲ့ အခြေခံဒုတိယအဆင့်ကိုရောက်နေပြီ"
"ဟိုပုတ်ပွနေတဲ့ကောင်ရဲ့တပည့်က အတွင်းအားပညာရပ်မှာ အဆင့်မြင့်နေပြီ...ငါ တစ်ခါမှ သူ့ကိုမရှုံးဖူးဘူး...ဒါပေမယ့် အခုတော့ ငါရှုံးသွားပြီ...ဒါက ဘယ်သူတွေရဲ့အပြစ်ကြောင့်လဲဆိုတာ မင်းတို့စဥ်းစားကြည့်ကြစမ်း...ဟမ်...ငါ့ကိုပြောကြစမ်းပါ!
"စွမ်းအားမလုံလောက်ဘူး...စွမ်းအားမြှင့်တင်ကြ"
ထိုကဲ့သို့ ဆရာသခင်များနှင့် အခြေခံအုတ်မြစ် မည်သို့ခိုင်မာနိုင်မည်နည်း။ သူတို့၏ကျောင်းသားအချင်းချင်း ပြိုင်ဆိုင်ကြွားဝါနိုင်ရန်သာ အားထုတ်နေကြသည်။ ဆရာများက သူတို့၏စွမ်းရည်များကိုသာ မြှင့်တင်ရန် တွန်းအားပေးနေသည်မှာ အလွန်ဆိုးရွားသောကံကြမ္မာစက်ဝန်းပင်။
သို့ရာတွင် ယခုလက်ရှိ ချွန်းမြောင်၏အခြေအနေက ယခင်နှင့်အလွန် ကွဲပြားခြားနားနေလေပြီ။ သူ အလျင်လိုရန် မလိုအပ်ချေ။ သူ့အား တွန်းအားပေးမည့် ဆရာသခင်များလည်း ရှိမနေပေ။ သူ တက်သွားရမည့် လမ်းကြောင်းကို မြင်တွေ့ပြီးဖြစ်သဖြင့် သူ တစ်ဆင့်ပြီးတစ်ဆင့် တက်သွားရန်သာလိုအပ်သည်။
အခြေခံအုတ်မြစ်...တခြားသူများက မြေပြန့်၌တူးကြမည်ဖြစ်သော်လည်း ချွန်းမြောင်က တောင်များကိုဖြိုခွဲပေမည်။ သူ၏မျှော်စင်သည် လွယ်လင့်တကူ တိုက်ခိုက်နှိမ်နင်း၍မရသော တောင်ထိပ်ပေါ်၌ မားမားမတ်မတ်ရပ်တည်နိုင်ရမည်။
ဒန်တျန်နှင့်ခန္ဓာကိုယ်တွင်းချီဟူသော ပထမဆုံးခြေလှမ်းသည် ထာဝရအတွက် အရေးပါသည်။ သာမာန်လူတစ်ယောက်၏ဒန်တျန်သည် အားနည်းလှ၏။ အကယ်၍ တစ်စုံတစ်ယောက်က စတင်လေ့ကျင့်မှသာလျှင် ဒန်တျန်သည် အားကောင်းလာပြီး သိုင်းပညာလေ့ကျင့်ရန်အတွက် လိုအပ်သော ချီကို ထိန်းသိမ်းထားနိုင်ပေမည်။ ကောင်းမွန်စွာလေ့ကျင့်ထားသော ဒန်တျန်ရှိသူသည် အဆင့်တူသိုင်းပညာရှင်များကို လွယ်လင့်တကူ အနိုင်ယူနိုင်သည်။
ရိုးရှင်းစွာပြောရလျှင် ၎င်းက လိမ့်နေသောနှင်းလုံးတစ်လုံးနှင့်တူညီသည်။ တောင်စောင်းမှ လိမ့်ဆင်းလာသော လက်သည်းခွံအရွယ်နှင်းလုံးတစ်လုံးမှ တဖြည်းဖြည်းစုစည်းလာကာ လက်သီးဆုပ်အရွယ်ဖြစ်လာပြီးနောက် အဆများစွာ ပို၍ပို၍ကြီးထွားလာသည်။ အချိန်တခဏအတွင်းမှာပင် ထိုနှင်းလုံးသည် လူသားတို့၏ခွန်အားဖြင့်ပင် ဟန့်တားနိုင်ခြင်းမရှိသော ဧရာမနှင်းထုကြီးဖြစ်သွားပေမည်။
ချွန်းမြောင်က ချီကိုထိန်းသိမ်းနိုင်ရန်အတွက် ကျစ်လျစ်ခိုင်မာသော ဒန်တျန်ကိုလိုအပ်သည်။ ဆိုလိုသည်က သူ၏နှင်းဘောလုံးလိမ့်ဆင်းနေမှု မည်သည့်အခါမှ ရပ်တန့်သွားခြင်းမရှိသော တောင်စောင်းမျိုးကိုလိုအပ်သည်။
"ကောင်းပြီလေ"
ချွန်းမြောင်က သူ စတင်မလေ့ကျင့်မီ ပတ်ဝန်းကျင်အား စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ဒန်တျန်အား ပထမဆုံးအကြိမ်ဖန်တီးခြင်းသည် အလွန်အန္တရာယ်များပေ၏။ သူက မတော်တဆကိစ္စများမှ ရှောင်လွှဲနိုင်ရန်ရည်ရွယ်၍ ဆိတ်ငြိမ်ရာသီးသန့်နေရာကိုရှာဖွေရန်အတွက် မြို့ပြင်သို့ထွက်ခွါခဲ့၏။ ဤနေရာ၌ သူ့အား တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုမည်မှာ မဖြစ်နိုင်သော်လည်း သူ စွန့်စားဝံ့ခြင်းမရှိပေ။
ဤနေရာက နေရာကောင်းတစ်ခုပင်။ ချွန်းမြောင်က သစ်တောအုပ်တစ်ခုအတွင်းသို့ဝင်ပြီး သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက်၌ ပလ္လင်ခွေထိုင်လိုက်၏။
"အခု...ငါ ဘယ်ကနေစသင့်လဲ"
ချွန်းမြောင်၏မှတ်ဥာဏ်အတွင်း၌ အရာများစွာရှိသည်။ ဟွာဆန်းဂိုဏ်းမှ သင်ကြားပေးသမျှ အရာအားလုံးနှင့် ချီဖမ်းဆုပ်ခြင်းနည်းလမ်း အမြောက်အများ သူထံ၌ရှိနေ၏။
ပြန်လည်ကုသနိုင်သော ချီကျင့်စဥ်...ဇီးပန်းပွင့်ဓားသိုင်းကိုသင်ယူရန် အထူးလေ့ကျင့်ရသော ဇီးပန်းပွင့်နှလုံးသားကျင့်စဥ်...ချီစွမ်းအားကိုခုနစ်ဆ မြှင့်တင်ပေးနိုင်သော ချီကျင့်စဥ်....စွမ်းအားပုံစံမျိုးစုံကို ထိန်းညှိအသုံးပြုနိုင်သော ချီကျင့်စဥ်....
သူ၏မှတ်ဥာဏ်အတွင်းရှိ ကျင့်စဥ်အရေအတွက်အား လူအများစု တွေးပင်တွေးဖူးမည်မဟုတ်ချေ။ အကယ်၍ ချွန်းမြောင်သာ ဟွာဆန်းဂိုဏ်း၏သင်ကြားမှုများကိုသာ အသုံးပြုရန် သူကိုယ်သူ မကန့်သတ်ထားပါက သူ တော်တော်များများသင်ယူပြီးဖြစ်ပေမည်။
ယခုလက်ရှိချိန်တွင်မူ ချွန်းမြောင်က တခြားကျင့်စဥ်များကို တွေးတောခြင်းမပြုတော့ချေ။ သူ မည်သည့်ကျင့်စဥ်အား လေ့ကျင့်ရမည်ကို သိရှိပြီးဖြစ်သည်။
"ဆဋ္ဌမမျှခြေ ကျင့်စဥ်"
ရေရွတ်လိုက်သော ချွန်းမြောင်၏အသံသည် ပြန်လည်မွေးဖွားလာစဥ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ကြည်လင်ပြတ်သားပြီး ယုံကြည်ချက်ခိုင်မာနေသည်။