← Chapters

အခန်း (၄-၆)

Vol. 1 Ch. 4-6

အခန်း (၄-၆)

Vol. 1 Ch. 4-6

Chapter 4 -ဒီအခြေအနေက ဘယ်လိုငရဲမျိုးလဲ(၄)

"ဆဋ္ဌမ မျှခြေကျင့်စဥ်"သည် စုစည်းခြင်းကျင့်စဥ်ပင်။ မြေပြင် မိုးကောင်းကင်နှင့် အရပ်လေးမျက်နှာဖြစ်သော အရှေ့ အနောက် တောင် မြောက်တို့မှ စွမ်းအားများကို စုစည်းပေးနိုင်သော ကျင့်စဥ်ဖြစ်ပေ၏။

ကမ္ဘာလောကကြီးဖြစ်တည်ရန် မျှခြေခြောက်ခုလိုအပ်သည်။ ဤကျင့်စဥ်၏အမည်နာမအား ကြားရသည်မှာ အထင်ကြီးလောက်ဖွယ်ရာပင်။

ထိုသို့ဆိုပါက ဆဋ္ဌမမျှခြေကျင့်စဥ်သည် မည်ကဲ့သို့ကျင့်စဥ်မျိုး အတိအကျဖြစ်သနည်း။

ဤကျင့်စဥ်သည် မှောင်ခိုသိုင်းကျမ်းရောင်းဝယ်ရေး ဆိုင်များတွင်ပင် စွန့်ပစ်ခံထားရသော တန်ဖိုးမဲ့သိုင်းကျင့်စဥ်များအနက်မှတစ်ခုပင်။ ဆဋ္ဌမမျှခြေကျင့်စဥ်အား လူအများက အသုံးမဝင်ဟု ယူဆထားကြသဖြင့် စျေးပေါသောကျင့်စဥ်ဖြစ်နေသည်။ လောကကြီးအတွင်း၌ ရောင်းချသော စျေးအပေါဆုံးသိုင်းကျင့်စဥ်များအနက် ဤကျင့်စဥ်အား လူတိုင်းဝယ်ယူနိုင်သော စျေးနှုန်းတွင်သာရှိသည်။ အတိုချုပ်ဆိုရပါက ဤကျင့်စဥ်သည် အပေါစားပင်။

သိုင်းပညာအား ပထမဆုံးစတင်လေ့ကျင့်သူများသည် ဆဋ္ဌမမျှခြေကျင့်စဥ်ကို ဝယ်ယူလေ့ရှိသည်။ ဆရာသခင်မရှိဘဲ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားအားထုတ်သူများ ဝယ်လေ့ရှိသော ကျင့်စဥ်စာအုပ်မျိုးဖြစ်ပေ၏။

ချွမ်းမြောင်သည် လူငယ်ဘဝ အလွန်တက်ကြွနေစဥ်တွင် ဆဋ္ဌမမျှခြေကျင့်စဥ် စဥ်းစားချင့်ချိန်မှုလမ်းမှန်ကျင့်စဥ်နှင့် ဓားသုံးလက်ကျင့်စဥ်တို့သည် အလွန်လူသိများကျော်ကြားသည်။ အချိန်များတရွေ့ရွေ့ကုန်ဆုံးပြီး ချွမ်းမြောင်သည် တတိယမျိုးဆက်၏ ထိပ်သီးဓားသမားများအနက်မှ တစ်ယောက်ဖြစ်လာစဥ်တွင် သိုင်းပညာအခြေခံကျင့်စဥ်များ၌ ထိုက်ကျိသဘောတရားများ ရောယှက်လာသည်။

ထိုသို့ဆိုပါက ချွန်းမြောင် မည်သည်ကြောင့် ဤပေါပေါပဲပဲ ကျင့်စဥ်ကို ရွေးချယ်လေ့ကျင့်ရသနည်း။

အကြောင်းအရင်းမှာ ဆဋ္ဌမမျှခြေကျင့်စဥ်သည် အပေါစားမဟုတ်ခြင်းကြောင့်ပင်။ ဤကျင့်စဥ်သည် ဟွာဆန်းဂိုဏ်း၏ အစပျိုးကျင့်စဥ်များအနက်မှ တစ်ခုဖြစ်သည်။ ဟွာဆန်းဂိုဏ်းသို့ ဝင်ရောက်လာသူအားလုံးသည် သူတို့၏ခန္ဓာကိုယ်မှ မသန့်စင်မှုများကို ဖယ်ရှားနိုင်ရန်အတွက် ဆဋ္ဌမမျှခြေကျင့်စဥ်အား လေ့ကျင့်ရန် ညွှန်ကြားခြင်းခံရသည်။ ကံဆိုးစွာဖြင့် ထိုကျင့်စဥ်သည် လေ့ကျင့်သူ၏ခန္ဓာကိုယ်တွင်းချီကို အားကောင်းလာစေရန် ပြုလုပ်ပေးနိုင်ခြင်းမရှိဘဲ သန့်စင်ရန်သာပြုလုပ်ပေးနိုင်သည်။ သူတို့၏ခန္ဓာကိုယ်တွင်း၌ အညစ်အကြေးများရှိနေသည်ကို မသိရှိနားမလည်ကြသူများသည် ဆဋ္ဌမမျှခြေကျင့်စဥ်ကို ကျိန်ဆဲကြပြီး ဟွာဆန်းဂိုဏ်း၏သင်ကြားမှုကျင့်စဥ်များစာရင်းမှ ဖယ်ရှားလိုကြသည်။ ဟွာဆန်းဂိုဏ်းသို့ဝင်လာသော လူသစ်များသည် ဆဋ္ဌမမျှခြေကျင့်စဥ်အား ဖျောက်ဖျက်ပစ်လိုသည်အထိ အလွန်မုန်းတီးကြသည်။

သို့ရာတွင် ချွန်းမြောင်ကမူ ထိုကျင့်စဥ်သည် အပေါစားမဟုတ်မှန်း ကောင်းစွာသိရှိထားသည်။ အကယ်၍ လွန်ခဲ့သောနှစ်ပေါင်းတစ်ရာခန့်ကသာ သူ သိရှိခဲ့ပါက ယခင်ကအမှားမျိုး သူ ကျူးလွန်မိမည်မဟုတ်ချေ။

"ကိစ္စရပ်တိုင်းဟာ အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ"

ဆဋ္ဌမမျှခြေကျင့်စဥ်သည် ချီစွမ်းအားကို မြှင့်တင်ပေးနိုင်စွမ်းမရှိချေ။ ရိုးရိုးသားသားဆိုရလျှင် ဆဋ္ဌမမျှခြေကျင့်စဥ်၏အကျိုးသက်ရောက်မှုသည် တခြားသောချီကျင့်စဥ်များထက် ဆယ်ပုံတစ်ပုံခန့်လျော့နည်းသည်။

သို့ရာတွင် ဆဋ္ဌမမျှခြေကျင့်စဥ်၏ မယုံကြည်နိုင်ဖွယ် အံ့အားသင့်စရာအချက်မှာ ကျင့်ကြံသူ၏ခန္ဓာကိုယ်မှ အညစ်အကြေးများအား အပြည့်အဝသန့်စင်ပေးနိုင်ခြင်းပင်။

ရိုးရိုးရှင်းရှင်းပြောရလျှင် အခြေခံအကျဆုံးကျင့်စဥ်ဖြစ်ပေ၏။ အခြေခံအုတ်မြစ်သည် ကျင့်ကြံသူတိုင်းအတွက် အလွန်အရေးပါသည်။

ခန္ဓာကိုယ်အားသန့်စင်ခြင်း ဒန်တျန်ကိုအားကောင်းစေခြင်းနှင့် ခန္ဓာကိုယ်ကာယသန်စွမ်းစေခြင်းတို့အတွက် ဆဋ္ဌမမျှခြေကျင့်စဥ်သည် အကောင်းဆုံးကျင့်စဥ်ဖြစ်ပေ၏။ သို့ရာတွင် လူတိုင်းလိုလို ကျင့်စဥ်များအသုံးပြုချိန်တွင် သူတို့၏ဒန်တျန်ကိုသာ သတိထားနေကြသဖြင့် ထိုအကျိုးသက်ရောက်မှုများအား သိမြင်ကြခြင်းမရှိချေ။

အဆုံးသတ်တွင် ဟွာဆန်းဂိုဏ်းသည် ဆဋ္ဌမမျှခြေကျင့်စဥ်အား သင်ကြားပေးရန်ကို လက်လျှော့လိုက်တော့သည်။ ၎င်းကျင့်စဥ်ကို အစပျိုးကျင့်စဥ်များအတွင်းထည့်သွင်းထားပြီး တောင်းဆိုသူရှိလာမှသာလျှင် ဆရာများက သင်ကြားပေးလေ၏။

မည်မျှ ရူးမိုက်ခဲ့ကြသနည်း။ တွားသွားရုံသာ စွမ်းဆောင်နိုင်သူသည် ပြေးလွှားပြီးပျံသန်းရန် ကြိုးစားနေခြင်းနှင့် တူညီနေသည်။

အတိတ်ဘဝတွင် ချွမ်းမြောင်က သူ့အား အကျိုးကျေးဇူးများစွာ ပြသခြင်းမရှိသော ဤကျင့်စဥ်အား စွဲစွဲမြဲမြဲမလေ့ကျင့်လိုခဲ့ချေ။

"သေစမ်း...ဒါက ငါ အဆတစ်ရာလောက် ဆုံးရှုံးခဲ့တာပဲ"

ဤသည်က သူ၏အတိတ်ဘဝ၌ အကြီးမားဆုံးနောင်တရစရာကိစ္စပင်။ အကယ်၍ တခြားနည်းစနစ်များကို ပြောင်းလဲလေ့ကျင့်မည့်အစား ဆဋ္ဌမမျှခြေကျင့်စဥ်ကိုသာ သူ အပြည့်အဝလေ့ကျင်ခဲ့ပါက သူအောင်မြင်နေစဥ်ထက်နှစ်ဆပိုအစွမ်းထက်သူတစ်ယောက် ဖြစ်နေပေမည်။

ကျင့်ကြံသူတစ်ယောက်သည် မျှော်စင်တည်ဆောက်ပြီးသည်နှင့် အခြေခံအုတ်မြစ်အား ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ချေ။ သို့ရာတွင် သူ၏အမှားများအား ပြင်ဆင်ရန်အခွင့်အရေးရခဲ့ခြင်းက ကျေးဇူးတင်ဖွယ်ကောင်းပေ၏။ ဤတစ်ကြိမ်တွင် သူက အသေးစိတ်အချက်အလက်တိုင်းအား စေ့စေ့စပ်စပ်အာရုံစူးစိုက်၍ ပြည့်စုံစေရန် ပြုလုပ်နိုင်သည်။ သူ၏မျှော်စင်အသစ်သည် ယခင်ထက် ပို၍ကြီးမားပြီး ပို၍လှပရပေမည်။

"ဟူး...."

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရင်း ချွမ်းမြောင်က မျက်လုံးစုံမှိတ်ကာ ဆဋ္ဌမမျှခြေကျင့်စဥ်မှ သူ သိသမျှအချက်အလက်တိုင်းအား ပြန်လည်တွေးတောလိုက်သည်။

သူ စိတ်တည်ငြိမ်အေးချမ်းသွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်းသို့ ချီစွမ်းအင်များ ရွေ့လျားလာပေ၏။ အသက်ရှုလိုက်ချိန်တိုင်းတွင် ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်း ပြည့်နှက်ပြီးရွေ့လျားလာသည်။ ပထမဆုံးအကြိမ်လေ့ကျင့်သူများသည် ပတ်ဝန်းကျင်ရှိချီစွမ်းအင်များကို အာရုံခံ၍ သူတို့၏ပါးစပ်မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားစေသည်။ သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ချွမ်းမြောင်က ထိုနည်းလမ်းအတိုင်းပြုလုပ်ရန်မလိုအပ်ချေ။

လေထုအတွင်းမှချီစွမ်းအင်များသည် ဆဋ္ဌမမျှခြေကျင့်စဥ်၏ လမ်းညွှန်မှုနှင့်အတူ သူ၏ဝမ်းဗိုက်အောက်ပိုင်းတစ်နေရာ၌ အထိုင်ကျသွားသည်။

ယခုချိန်၌ သူ အမှန်တကယ်ကိုပင် စတင်၍ပြန်လည်ကျင့်ကြံနေလေပြီ။ ချွန်းမြောင်သည် ကျင့်စဥ်၏အခြေခံအကျဆုံးအဆင့်အား ကပျက်ကချော်လေ့ကျင့်ရန် ရည်ရွယ်မထားချေ။ တခြားသူများ ထွင်းဖောက်ပြီးလမ်းကြောင်းအတိုင်း လိုက်ရသည်မှာ မဆိုးလှသော်လည်း သိုင်းပညာလမ်းကြောင်းကိုလျှောက်လှမ်းသော မည်သူမဆို အောင်မြင်မှုအနည်းငယ်မျှဖြင့် တင်းတိမ်ရောင့်ရဲခြင်းမရှိချေ။

ချွန်းမြောင်က သူ၏စိတ်ကို ချီစွမ်းမင်များနှင့်အတူ ရောနှောပါလာသော အညစ်အကြေးများ ဖယ်ထုတ်နိုင်ရန် အာရုံစူးစိုက်လိုက်သည်။ ဤသည်က ကြီးမားသောချည်လုံးကြီးတစ်ခုမှ ချည်မျှင်တိုင်းအား စေ့စေ့စပ်စပ်ကြည့်ရှုပြီး ရှုပ်ယှက်နေသောချည်မျှင်များအား နူးညံစွာပြန်လည်ရှင်းလင်းသည်နှင့် တူညီပေ၏။

ချွန်းမြောင်အတွက် စုစည်းရမိသော ချီပမဏများပြားရန်မလိုအပ်ဘဲ သန့်စင်သောချီဖြစ်ရန်သာ လိုအပ်သည်။

ပတ်ဝန်းကျင်ရှိချီစွမ်းအားများ လျော့နည်းသွားချိန်တွင် ချွန်းမြောင်၏ခန္ဓာကိုယ်အတွင်းရှိချီပမဏသည် နှံစားပြောင်းအရွယ်အစားမှနေ၍ ပို၍သေးငယ်သည်ထက် သေးငယ်လာသည်။ နေ့တစ်ဝက်ခန့်ကုန်လွန်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအားသည် ငွေချည်မျှင်တစ်မျှင်စာခန့်သာ ကျန်တော့သည်။ မည်သူမဆို ဤချီစွမ်းအင်မျိုးအား 'ဒန်တျန်'ဟုပြောဆိုရန် ရှက်ရွံကြပေမည်။

"ဟူး....."

နောက်ဆုံး၌ ချွန်းမြောင်က သူ၏မျက်လုံးကိုဖွင့်လိုက်သည်။

ချွန်းမြောင်၏မျက်နှာသည် ချွေးများဖြင့်စိုရွှဲနေသည်။ သူ၏အဝတ်အစားအစုတ်များသည်လည်း ချွေးများဖြင့်စိုရွှဲနေပြီး ချေးညှော်များထူထပ်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ညစ်ပတ်ပြီးဖြစ်သော်လည်း ဤသည်က အဆင့်သစ်တက်၍ ပေကျံညစ်ပတ်နေခြင်းပင်။

"ဒါက ငါပထမဆုံးအကြိမ် ဒီလိုမျိုးအာရုံစူးစိုက်ပြီး လေ့ကျင့်တာပဲ"

သူသည် ခက်ခဲသည်ဟူသည်ထက် လန်းဆန်းတက်ကြွမှုကို ခံစားမိသည်။ သူ ဖွဲ့စည်းခဲ့သည်မှာ မရေမရာဒန်တျန်တစ်ခုသာဖြစ်သော်လည်း ယခုရလဒ်အပေါ်၌ သူ အလွန်စိတ်ကျေနပ်နေသည်။

ဤသည်က အလွန်အားနည်းပြီး သိုင်းလောက၏သမိုင်းစဥ်တလျှောက်တွင် ချွန်းမြောင်၏ဒန်တျန်ထက် ပို၍အားနည်းသောဒန်တျန်အား ရှာတွေ့နိုင်မည်မဟုတ်ချေ။

သို့ရာတွင် သူက ပြည့်စုံသော အခြေခံအုတ်မြစ်ဖြစ်ရန် ပထမအဆင့်အား ဂရုတစိုက်ပြုလုပ်ရမည်ကို သိရှိထားသည်။ အားနည်းသောဒန်တျန်တစ်ခုသည် လောကသစ်တစ်ခုအားဖွင့်လှစ်မည့် မုခ်ဝဖြစ်ပေ၏။ ဤသန့်စင်သော ချီအမှုန်အမွှားလေးသည် နှင်းလုံးတစ်လုံးကဲ့သို့ လိမ့်နေပြီး မဟန့်တားနိုင်သော အောင်မြင်မှုများကို ဆောင်ကျဥ်းပေးပေမည်။

ဧကန်မုချ သူ အောင်မြင်မှုရရှိနိုင်ပေမည်။

"ခွေးမသား...ကောင်းကင်ဘုံနတ်ဆိုး"

ချွန်းမြောင်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူ ကောင်းကင်ဘုံနတ်ဆိုးအကြောင်း တွေးတောမိရုံဖြင့် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်လာမှုကို ခံစားရသည်။

ကောင်းကင်ဘုံနတ်ဆိုးသည် လူသားတစ်ယောက်မဟုတ်ချေ။ သူက သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားသည်။ မဟုတ်သေး...သူ၏စွမ်းအားသည် စကားလုံးဖြင့် ပြောပြနိုင်သည်ထက် ကျော်လွန်နေသည်။

အတိတ်တွင် ဂိုဏ်းများအားလုံးမှ လက်ရွေးစင်ကျင့်ကြံသူများကို စုစည်းကာ အုပ်စုတစ်စုအဖြစ်ဖွဲ့စည်းခဲ့သည်။ ထိုသူများ၏တာဝန်မှာ ကောင်းကင်ဘုံနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို ချေမှုန်းရန်မဟုတ်ဘဲ ကောင်းကင်ဘုံနတ်ဆိုးတစ်ယောက်တည်းကို ပစ်မှတ်ထားရန်သာဖြစ်ပေ၏။

ရလဒ်အနေဖြင့် သူတို့အားလုံး အသက်ဆုံးရှုံးခဲ့ရသည်။

ကောင်းကင်ဘုံနတ်ဆိုးသည် လက်တစ်ဖက်တည်းဖြင့် မဟာဂိုဏ်းကြီးများမှလူများအား အနိုင်ယူခဲ့သည်ဟူသည်မှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူသာ ဤတစ်ကြိမ်၌ အရာအားလုံး မှန်ကန်စွာပြုလုပ်နိုင်ခဲ့ပါက ကောင်းကင်ဘုံနတ်ဆိုးကဲ့သို့ အစွမ်းထက်လာနိုင်သည်။

"ကောင်းပြီလေ..."

ချွန်းမြောင်ကထိုင်နေရာမှ ခုန်၍ထလိုက်သည်။ သို့ရာတွင် သူ မတ်တတ်ရပ်နေစဥ် တစ်ဝက်တစ်ပျက်မှာပင် ပြန်လဲကျသွားသဖြင့် သူ၏မျက်နှာ ရှုံမဲ့သွားပေ၏။

"အာ...ဘာဖြစ်ပြန်ပြီလဲ...ငါ အရမ်းပင်ပင်ပန်းပန်း ကြိုးစားမိလို့ မူးဝေသွားတာများလား"

"ဂျွတ်....."

ချွန်းမြောင်က လက်မြှောက်နိုင်ရန် ကြိုးပမ်းလိုက်သည်။ အနည်းဆုံးတော့ သူ အလွန်ပင်ပန်းခဲ့ရသည်မဟုတ်လော။ သို့ရာတွင် သူ၏လက်များအား လှုပ်ရှား၍မရချေ။

"ဟမ်..."

သူ၏လက်များသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ တုန်ရီနေသည်။ သူ၏သစ်ကိုင်းခြောက်နှင့်တူသော လက်နှစ်ဖက်တုန်ရီနေခြင်းကို မြင်ရသည်မှာ သူ၏နုံချာမှုကို ခံစားရစေသည်။

"ဘာလို့လဲ...အခုက ဘာဖြစ်ပြန်ပြီလဲ"

ဤသည်က မဖြစ်သင့်ချေ။ တစ်စုံတစ်ယောက်သည် ချီစုစည်းနိုင်သည်နှင့် သူ၏ခန္ဓာကိုယ်၌ စွမ်းအားများ ပိုရှိလာပေမည်။

"ခဏ....ခဏနေပါဦး"

ချွန်းမြောင်၏အကြည့်က သူ၏ဝမ်းဗိုက်ပိုင်းသို့ ကျရောက်သွားသည်။

လောကကြီးအတွင်း၌ အသန့်စင်ဆုံးချီဖြစ်ပြီး ပုရွတ်ဆိတ်တစ်ကောင်၏မျက်လုံးပမာဏသာရှိသော ချီစွမ်းအင်က သူ၏ဒန်တျန်အတွင်း၌ရှိနေသည်။

ထိုချီစွမ်းအင်သည် ဇီးပန်းပွင့်ဓားသူတော်စင်အား စိတ်ကျေနပ်မှုရစေသည်အထိ သန့်စင်သော်လည်း အလွန်အံသြဖွယ်ကောင်းအောင် သေးငယ်ပေ၏။

ဤသည်က ချီစွမ်းအင်မဟုတ်လော။

"မဟုတ်သေးဘူး...သောက်ချေးပဲ...ဒါက ဘာလို့ ငါ့ရဲ့ခန္ဓာကိုယ်ကို အကူအညီမပေးနိုင်တာလဲ...ငါ ဘာကိုမေ့သွားတာပါလိမ့်"

ချွန်းမြောင်က သူ့ခေါင်းသူ ပြန်ဆုပ်ကိုင်ပြီး မြေပြင်ပေါ်၌ စိတ်ပျက်လက်ပျက်ထိုင်နေသည်။

ဒန်တျန်ကို စတင်၍မဖန်တီးခဲ့စဥ်ကတည်းက သူ စဥ်းစားခဲ့သင့်သည်။

"စဥ်းစားစမ်း...စဥ်းစားစမ်း...ချွန်းမြောင်...သေချာစဥ်းစားစမ်း"

သူ၏ခေါင်းအတွင်း၌ ဦးနှောက်ရှိသော်လည်း မည်သည်ကြောင့် သူ တွေးတော၍မရသနည်း။ မည်သည်ကြောင့် သူ ယခုကဲ့သို့ ဖြစ်နေရသနည်း။

ချွန်းမြောင်က သူ့အားအမြဲတစေ သတိပေးခဲ့ဖူးသော ဆရာတူအကိုဂျန်မွန်း၏အသံအား ပြန်လည်ကြားယောင်မိသည်။

"ကျေးဇူးပြုပြီး နည်းနည်းလောက် စဥ်းစားစမ်းပါ...စဥ်းစားစမ်း...မင်း ကိစ္စတစ်ခုကို မပြုလုပ်ခင်မှာ အရင်ဆုံး မင်းရဲ့ခေါင်းကို ဘာလို့အသုံးမပြုတာလဲ....မင်းဦးနှောက်က အလှတပ်ပေးထားတာမဟုတ်ဘူး...စဥ်းစားဖို့ကွ"

ဤကဲ့သို့ဖြစ်လာမည်ဟုသာ သူ ကြိုသိခဲ့ပါက သူ အနည်းငယ်ပို၍ စဥ်းစားမိပေမည်။

"ငါ့ရဲ့ ဒီခန္ဓာကိုယ်အခြေအနေနဲ့ ဟွာဆန်းကို ဘယ်လိုသွားရမလဲ"

ဤနေရာနှင့် ဟွာဆန်းသည် မည်မျှကွာဝေးသနည်း။ အကြမ်းဖျင်းအားဖြင့်...

"မိုင်နှစ်ထောင်ကျော်လား"

ချွန်းမြောင်၏မျက်လုံးမှ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။

မိုင်နှစ်ထောင်ကျော် ကွာဝေးနေသလော။ သာမာန်လူတစ်ယောက်ပင်လျှင် မိုင်နှစ်ထောင်ကျော် ခရီးသွားလာရန် ရုန်းကန်ရပေမည်။ ကလေးတစ်ယောက်အနေဖြင့်...မဟုတ်သေး...စားစရာမရှိသော သူတောင်းစားတစ်ယောက်အနေဖြင့် ဆိုပါက...။

"အား..."

ချွန်းမြောင်က သူ့မျက်နှာကို သူပြန်ပွတ်သပ်လိုက်မိသည်။

"အား....ဒါက ပုပ်သိုးဆွေးမြည့်နေတဲ့ ဘဝကြီးပဲ"

သို့ရာတွင် သူ မည်သို့ထပ်ကြိုးစားနိုင်အုံးမည်နည်း။ သူက ဒန်တျန်ကို ဖန်တီးပြီးဖြစ်သော်လည်း ကြီးမားသောဒန်တျန်အား ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ချေ။ ဖြတ်လမ်းနည်းများစွာကို သူ သိရှိထားသော်လည်း ပစ္စုပ္ပန်ကောင်းစားရေးအတွက် သူ၏အနာဂတ်အား အထိခိုက်မခံနိုင်ပေ။

ဤသည်က အလွန်စိတ်ရှုပ်ထွေးစရာကိစ္စပင်။

"ဟူး....."

ချွန်းမြောင်က သက်ပြင်းရှိုက်ပြီး မြေပြင်ပေါ်၌ ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

"ဒီလိုရှင်သန်နေရတဲ့ဘဝက ဘယ်လိုငရဲမျိုးလဲ"

သူ မြင်တွေ့ခဲ့ရသမျှသည် အဆုံးမရှိသောအခက်အခဲများသာ ဖြစ်နေသည်။ သို့ရာတွင် သူရဲကောင်းများသည် အခက်အခဲများကြားမှသာ ပေါ်ထွက်လာနိုင်၏။

"ငါ ဇွဲရှိရှိနဲ့ကြိုးစားမယ်ဆိုရင်...မဖြစ်နိုင်တဲ့အရာမရှိဘူး"

ချွန်းမြောင်က အံ့တင်းတင်းကြိတ်ပြီး မြို့တွင်းသို့သွားရန် အားယူထလိုက်သည်။

ဘုန်း...

ချွန်းမြောင်က မြေပြင်ပေါ်သို့ ပစ်လဲသွားပြန်၏။ ဇွဲရှိရုံဖြင့် ကိစ္စတိုင်းအားပြုလုပ်၍မရခြင်းကို သူ နားလည်သဘောပေါက်သွားသည်။ ယခုအကြိမ်တွင် သူ အားနည်းနေရသည့်အကြောင်းအရင်းကို သိနားလည်သွားလေပြီ။

ချွန်းမြောင်က သူ့အား အားတစ်ရပ်က ဟန့်တားထားသည်ကို ခံစားမိ၏။ သူ၏ခြေထောက်များ နာကျင်နေသော်လည်း သူ တောင့်ခံနိုင်သည်။ သို့ရာတွင် သူ တောင့်မခံနိုင်သော အရာတစ်ခုရှိနေသည်။

ငါ ဗိုက်ဆာနေတာပဲ....

သူ၏အစာအိမ်အတွင်း၌ ဗလာဟင်းလင်းဖြစ်နေကာ သူ ဆာလောင်မွတ်သိပ်နေပေ၏။

အမှန်အားဖြင့် ချွန်းမြောင်သည် ဆာလောင်မှုနှင့် စိမ်းသက်ခြင်းမရှိချေ။ လေ့ကျင့်ရာ၌ စည်းကမ်းရှိရန်လည်းလိုအပ်သည်။ အစာစားခြင်းသည် ပြင်ပမှချီစွမ်းအားများကို လက်ခံသောအပြုအမူမျိုးဖြစ်ပြီး အစားအစာများအတွင်း၌ မသန့်စင်သောချီများ ပါဝင်နေသည်။ ထို့ကြောင့် သန့်စင်သောချီအား ပိုင်ဆိုင်ချင်သူများသည် အစာစားခြင်းအား ရှောင်ကြဥ်ခဲ့ကြ၏။ ချွန်းမြောင်သည် သူ၏လေ့ကျင့်မှုကို စွန့်လွှတ်ရန် အတွေးဝင်ခဲ့သော်လည်း သူသည် ဟွာဆန်းဂိုဏ်း၏တပည့်အစစ်အမှန်တစ်ယောက်ဖြစ်သဖြင့် ဆာလောင်မှုအား ခံနိုင်ရည်ရှိသည်။

ဤသည်က သူ၏အတိတ်အကြောင်း အတွေးများသာဖြစ်သည်။ ချွန်းမြောင်သည် ကိစ္စတစ်ခုကို မလုပ်ဆောင်ရန်နှင့် မလုပ်ဆောင်နိုင်ခြင်းဟူသော ကြီးမားသောကွာခြားချက်မျိုးနှင့် မည်သည့်အချိန်ကမျှ ကြုံတွေ့ဖူးခြင်းမရှိပေ။ အလွန်အမင်းဆာလောင်နေခြင်းကို စိတ်ရှည်သည်းခံရုံဖြင့် ကျော်လွှားနိုင်ခြင်းမရှိပေ။ သူ၏အစာအိမ် အတွင်းဘက်မှ တိုက်ခိုက်ခံနေရသကဲ့သို့ သူ ခံစားနေရသည်။

သူက သစ်တောအုပ်မှထွက်ခွာ၍ မြို့တွင်းသို့သွားရန် ကြံရွယ်ခဲ့သော်လည်း လမ်းလျှောက်၍သွားလာနိုင်ခြင်းမရှိချေ။ သူက တောအုပ်ပြင်ပသို့ တွားသွားပြီးထွက်ခဲ့ရပေ၏။

သူ ပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးကြုံတွေ့ရသော သေရေးရှင်ရေးကိစ္စသည် ငတ်မွတ်ခြင်းဖြစ်ပေ၏။ ဤသည်က သူ့အတွက် အလွန်ကိုးရိုးကားရားနိုင်သော ကိစ္စပင်။ ချွန်းမြောင်ဟူသော သူသည် မည်ကဲ့သို့လူစားမျိုးဖြစ်ခဲ့သနည်း။ သူက တတိယမျိုးဆက်၏အကောင်းဆုံးဓားသမားသုံးယောက်အနက်မှ တစ်ယောက်ပင်။

ဟူး...

သူ အလွန်မောပန်းပြီး ဆာလောင်နေသည်။ သူက သေခြင်းတရားနှင့် နီးကပ်နေပြီဟုပင် တွေးတောနေမိသည်။

သူက ချီစုစည်းပြီး သားရဲတစ်ကောင်ဖြစ်လာရမည့်အစား တီကောင်တစ်ကောင်သာ ဖြစ်လာခဲ့သည်။

မဟုတ်သေး...သူ ဤကဲ့သို့ တွေးတောနေရမည့်အချိန်မဟုတ်ချေ။ သူ၏ခန္ဓာကိုယ်သည် အစကတည်းက ဆာလောင်မွတ်သိပ်နေခြင်းပင်။ သူက သေမင်းနှုတ်ခမ်းဝသို့ ရောက်နေပြီမှန်း နားလည်သဘောပေါက်သွားလေပြီ။

သူအခု မည်သို့ပြုလုပ်သင့်သနည်း။ သူ အစာစားနိုင်ရန်အတွက် ငွေကြေးလိုအပ်သည်။ သူ ငွေရရန်အတွက် အလုပ်လုပ်ရပေမည်။ သို့ရာတွင် အလုပ်လုပ်ရန်မှာလည်း သူ၏လက်ရှိအခြေအနေဖြင့် မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် စူးရှသောအသံတစ်သံ ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရ၏။

Chapter 5 - ဒီအခြေအနေက ဘယ်လိုငရဲမျိုးလဲ(၅)

"ဒါက ဘာသံလဲ"

ချွန်းမြောင်က သူ၏စိတ်ကြည်လင်သွားစေရန် ခေါင်းခါယမ်းပြီးကြည့်လိုက်ရာ သူရှေ့၌ပြောင်လက်လက်အရာတစ်ခုရှိနေသည်ကို တွေ့မြင်မိ၏။

ဟမ်...

တစ်ချိန်တည်းမှာပင် သတ္တုပြားများ၏တချွင်ချွင်သံများ ထွက်ပေါ်လာသည်။

"ကျွတ် ကျွတ် ကျွတ်...သူက တော်တော်ငယ်သေးတာပဲ...သူတောင်းစားဘဝနဲ့ပဲ သေသွားတော့မှာလားမသိဘူး"

ချွင်....

ချွင်....

အကြွေစေ့များက ချွန်းမြောင်ရှိရာထံသို့ စတင်ဝဲပျံလာပေ၏။

"ကြည့်ရတာတော့ သူ ဆိုးဆိုးရွားရွားအရိုက်ခံထားရပုံပဲ...သူကိုကြည့်ရတာ သေတော့မယ့်ပုံပဲ"

'ဘာ...'

'ဘာတွေဖြစ်ကုန်တာလဲ...'

'အား....'

'ဒါက အမှန်ပဲ...ငါက သူတောင်းစားတစ်ယောက်ပဲလေ...မဟုတ်လို့လား...ငါ ဒါကိုမေ့သွားတယ်'

လူတိုင်းက ချွန်းမြောင်ကို သူတောင်းစားတစ်ယောက်ဟုသာ တွေ့မြင်ကြပေမည်။ မဟုတ်သေးချေ...သူကိုယ်သူ ပြန်ကြည့်လျှင်လည်း သူတောင်းစားတစ်ယောက်ပုံပေါက်နေသည်။ သူသည် ယခုချိန်၌ အရွယ်မရောက်သေးသော ကလေးတစ်ယောက်ပုံစံဖြစ်နေပေ၏။ သူသည် ဝမ်ချို၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံထားရသဖြင့် သူ၏မျက်လုံးများ ဖူးယောင်ကာ ညိုမဲနေပြီး သူခန္ဓာကိုယ်ရှိဒဏ်ရာများတွင် ခြောက်ကပ်နေသောသွေးစများ ကပ်နေဆဲပင်။

ထို့နောက် ဤပုံပေါက်နေသော သူတောင်းစားတစ်ယောက်က လမ်းပေါ်၌ လဲကျနေခြင်းအား လူအများတွေ့မြင်ရခြင်းဖြစ်သည်။

"အာ....ငါတို့သာမကူညီရင် သူ သေသွားတော့မှာပဲ"

"ကလေးတစ်ယောက်က ကူကယ်ရာမဲ့ ဝေဒနာခံစားနေရတာကို ငါ မကြည့်ရက်ဘူး...ဘယ်လိုစာနာစိတ်မရှိတဲ့ကောင်ကများ ခုလိုကိစ္စမျိုးကို လုပ်လိုက်ပါလိမ့်"

ပိန်လှီနေသောခြေလက်များနှင့် စုတ်ပြတ်သတ်နေသော သူတောင်းစားငယ်လေးသည် ဖုန်မှုန့်များကြား၌ လဲလျောင်းနေပြီး သေတော့မည့်ပုံပေါက်နေသည်။

မဟုတ်သေးချေ။ သူက သေဆုံးသွားသည်နှင့် တူညီနေရုံမျှမဟုတ်ပေ။ ချွန်းမြောင်က အမှန်တကယ်ကို သေအံ့မူးမူးအခြေအနေတွင် ရှိနေသည်။

မည်သည်ကြောင့် ဤကဲ့သို့ ပြည့်စုံသောသနားဖွယ်သူတောင်းစားလေးတစ်ယောက်၏မြင်ကွင်းမျိုးက သူထံ၌ ဖြစ်ပေါ်လာရသနည်း။ အကြွေစေ့များက တစ်စေ့ပြီးတစ်စေ့ သူ့အနားသို့ ဝဲပျံ၍ကျရောက်လာပေ၏။

"ကျွတ်....ကျွတ်..."

"ငါ သူ့ကိုဘယ်လိုကြည့်ကြည့် သူတောင်းစားလေးတစ်ယောက်ပဲလေ....ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ"

ကြည့်ရသည်မှာ လောကကြီးအတွင်း၌ သနားကြင်နာမှုများရှိနေသေးပုံရသည်။

ချွန်းမြောင်အနီးမှ ဖြတ်သွားသူများသည် သူ့ထံသို့ အကြွေစေ့များ မပေးကမ်းမီ သူတို့၏နှုတ်မှ သနားကြောင်းတဖွဖွပြောနေကြ၏။ အကြွေစေ့များ တဖွဲဖွဲကျလာခြင်းကိုကြည့်ပြီး ချွန်းမြောင်က သူ၏မျက်လုံးမှ မျက်ရည်များကျဆင်းလာမှုကို ထိန်းချုပ်မထားနိုင်တော့ချေ။

"အိုး သူ သူငိုနေတယ်...သနားစရာလေး...သူက တကယ့်ကို သနားဖို့ကောင်းတာပဲ"

"ဒီငွေတွေနဲ့ မင်း ခေါက်ဆွဲလေး သွားဝယ်စားလိုက်ပါလား"

လူအများ၏နွေးထွေးကြင်နာမှုက အလွန်ကြီးမားပေ၏။ သို့ရာတွင် ချွန်းမြောင် မျက်ရည်ကျနေရသော အကြောင်းအရင်းသည် လူအများ၏သနားဂရုဏာသက်ခံနေရခြင်းကြောင့် မဟုတ်ပေ။

'မြင့်မြတ်တဲ့ဟွာဆန်းဂိုဏ်းရဲ့တပည့်တစ်ယောက်က တောင်းစားရတဲ့အထိ နိမ့်ကျသွားပြီလား'

'ဘာလို့ သူ ဒီလောက်ထိ နိမ့်ကျသွားရတာလဲ'

လွန်ခဲ့သောအတိတ်တွင် သူသည် လောကကြီးအတွင်း၌ အကောင်းဆုံးဓားသမားတစ်ယောက်ဖြစ်ခဲ့သည်။ သူက အသက်ကိုရင်း၍ လောကကြီးအားဖရိုဖရဲဖြစ်စေသော ကောင်းကင်ဘုံနတ်ဆိုးနှင့် တိုက်ခိုက်ခဲ့သည်။ ထိုအချိန်မတိုင်မှီကလည်း သူက လေးစားဖွယ်အကောင်းဆုံး ဓားသမားတစ်ယောက်အနေဖြင့် လောကကြီးတခွင်လှည့်လည်သွားလာခဲ့၏။

သို့သော် ယခုချိန်၌ သူ တောင်းရမ်းစားသောက်ရမည့်ဘဝသို့ ရောက်နေသည်။ လောကကြီးက သူ့အား ဒဏ်ခတ်ရန် ဘဝအသစ်များပေးခဲ့သလော။

'ငါ မှာလည်း မာနတော့ရှိပါသေးတယ်'

အကယ်၍ ဤငွေကြေးများကို သူလက်ခံလိုက်ပါက သူ အစစ်အမှန်သူတောင်းစားတစ်ယောက် ဖြစ်သွားပေမည်။ ဟွာဆန်းဂိုဏ်း၏မြင့်မြတ်သော ဓားသမားတစ်ယောက်က တခြားသူများ၏ခြေထောက်ကိုဖက်ကာ တောင်းရမ်းစားသောက်ရသော သူတောင်းစားအဖြစ်သို့ သူ မည်သည့်နည်းဖြင့် အရောက်ခံနိုင်မည်နည်း။ သူက ထိုငွေစများကို အမှန်တကယ် ကောက်ယူရမည်လော။ ထိုအရာက ချွန်းမြောင်အတွက် အလွန်ခက်ခဲသော စမ်းသပ်ချက်ပင်။

ချွန်းမြောင်၌ သူရဲကောင်းတစ်ယောက်၏မာနရှိသည်။ သူ မည်သို့မျှ အရှုံးမပေးနိုင်ချေ။ သူ၏လည်ပင်းပေါ် ဓားတစ်ချောင်းတင်ထားစဥ်ကပင် ဒူးထောက်အရှုံးပေးရန်ငြင်းပယ်ခဲ့သူဖြစ်သည်။

ချွန်းမြောင်က ခေါင်းမော့ရင်ကော့ပြီး အံ့တင်းတင်းကြိတ်ကာ အော်ဟစ်လိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် အကိုကြီး အမကြီးတို့ရယ်...ကျန်းမာချန်းသာကြပါစေ"

သူ၏မာနများ သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူ အသက်ရှင်ရန် လိုအပ်သည်။

ဂေ့....

ချွန်းမြောင်က သူ၏ဖောင်းကားနေသောဗိုက်ကိုပုတ်ရင်း လေချဥ်တက်လိုက်သည်။ ပိန်လှီနေသောခန္ဓာကိုယ်နှင့် ဖောင်းကားနေသောဗိုက်ကြောင့် သူကိုကြည့်ရသည်မှာ ဖားလောင်းကောင်နှင့်တူညီနေပေ၏။

"ကိုယ်ကိုကိုယ်....အထင်ကြီးတန်ဖိုးထားမှုဆိုတာလည်း....အစားအစာကြောင့်....ပျောက်ကွယ်သွားရတာပဲ...သေသွားမယ့်အစား...သူတောင်းစားတစ်ယောက်လို အသက်ရှင်နေရတာ ပိုကောင်းပါတယ်"

သူ၏သေးငယ်သော အစာအိမ်ကြောင့် သူ အစားများစွာမစားနိုင်ချေ။ ပေါက်စီသုံးလုံးက သူဗိုက်ပြည့်သွားစေရန် လုံလောက်သည်။ သူ၏အင်္ကျီလက်အတွင်း၌ အကြွေစေ့သုံးစေ့ ကျန်ရှိနေသေး၏။

အတိတ်ဘဝတုန်းက သူ လှည့်ပင်မကြည့်ခဲ့သော အကြွေစေ့များသည် ယခုဘဝသစ်၌ ရတနာများဖြစ်နေသည်။

'ငွေဆိုတာ အရမ်းအရေးပါမယ်လို့...ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး'

ချွန်းမြောင်သည် လစဥ်လတိုင်း၏နောက်ဆုံးနေ့ရက်များ၌ သူ၏ခေါင်းကို အမြဲတစေပြင်းပြင်းထန်ထန်ခေါက်ပြီးပြောသော ဆရာတူအကိုဂျန်မွန်း၏စကားလုံးများကို အမှတ်ရမိသည်။

'သူရဲကောင်းတွေဟာ ချမ်းသာကြွယ်ဝမှုကို တပ်မက်ဖို့လည်းလိုအပ်တယ်'

အကယ်၍သာ ဖြစ်နိုင်ပါက ချွန်းမြောင်သည် ထိုနေ့ရက်များဆီသို့ပြန်သွားပြီး ဆရာတူအကိုဂျန်မွန်း၏ဒုက္ခများကို ကူညီဖြေလျော့ပေးပေမည်။

'ငါ တကယ်ကို ဗိုက်ပြည့်သွားပြီပဲ'

သူတောင်းစားငယ်လေးတစ်ယောက်က သူ၏မကျေနပ်ချက်များကို သရဲတစ္ဆေများအား ပြောပြနေသကဲ့သို့ သူ ရေရွတ်နေသည်။

အလုပ်အလွန်ကြိုးစားပြီး သဲကြီးမဲကြီးငွေရှာလေ့ရှိသော ဆရာတူအကို၏ တိုက်ပွဲအတွင်းမှနောက်ဆုံးအချိန်အခိုက်အတန့်ကို ပြန်တွေးမိချိန်တွင် ချွန်းမြောင်ငိုချင်လာသည်။

'ဘယ်လိုပဲဖြစ်ဖြစ်...အရင်ဆုံး ငါ အသက်ရှင်နေဖို့ လိုအပ်တယ်'

ချွန်းမြောင်က ခေါင်းကုတ်၍ စဥ်းစားလိုက်သည်။ သူထံ၌ မည်သည့်အစီအစဥ်မျှမရှိဘဲ ရှန်းရှီးစီရင်စုသို့သွားရန် မဖြစ်နိုင်ချေ။

'မိုင်ပေါင်းနှစ်ထောင်ကျော် ကွာဝေးတဲ့နေရာကို သွားဖို့ဆိုတာ...ငါ လျှော့တွက်ခဲ့မိတာပဲ"

ချွန်းမြောင်က သူ၏လှုပ်ရှားမှုများကို ပြန်သုံးသပ်နေမိသည်။ သူ၏အစီအစဥ်များအားလုံးသည် သူ၏အတိတ်ဘဝမှ စွမ်းရည်များပေါ်တွင် မူတည်နေပေ၏။ သူ၏ယခုလက်ရှိ ခန္ဓာကိုယ်အခြေအနေသည် အတိတ်ဘဝနှင့်မတူညီဘဲ ပြောင်းလဲသွားပြီဖြစ်မှန်း သူ သိရှိထားသည်။ သူ၏ခန္ဓာကိုယ်အသစ်နှင့် ညတွင်းချင်း သူ သဟဇာတဖြစ်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ချေ။

အတိတ်တုန်းကသာဆိုလျှင် ဤနေရာမှနေ၍ ရှန်းရှီးစီရင်စုကို သူ နေ့တစ်ဝက်ဖြင့် အရောက်သွားနိုင်သည်။ သူက ဟွာဆန်းတောင်အောက်ခြေရှိ စားသောက်ဆိုင်၌ အဖျော်ယမကာအေးအေးလေးပင် သောက်သုံးနေမည်ဖြစ်သော်လည်း ယခုလက်ရှိချိန်တွင်မူ ချို့တဲ့နေသောခန္ဓာကိုယ်ဖြင့် ဟွာဆန်းသို့သွားရန်မှာ အန္တရာယ်အလွန်များသောခရီးကြမ်းပင်။

အကယ်၍ လမ်းခရီး၌ သူ တောပုန်းဓားပြများ သားရဲများနှင့် ရင်ဆိုင်ရပါက အနိုင်ရလျှင်ပင် ငတ်မွတ်မှုကြောင့် သေဆုံးသွားနိုင်သည်။

သူသည် ဘဝသစ်ပြန်လည်ရရှိခဲ့သဖြင့် ဤခရီးအား လွယ်လင့်တကူသွားနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ခရီးကြမ်းကြီးဖြစ်နေသဖြင့် သူ စိတ်မောသွားခဲ့သည်။

'ဒါပေမယ့် ငါက ရှန်းရှီးစီရင်စုကိုသွားတဲ့ လမ်းတလျှောက်လုံး တောင်းစားမသွားနိုင်ဘူး'

ချွန်းမြောင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းတဗြင်းဗြင်း ကုတ်နေလေ၏။

သူ ပထမဆုံးအကြိမ်နိုးထလာစဥ်က သူအသက်ရှင်သန်ခဲ့သောအချိန်နှင့်လက်ရှိအချိန်ကာလသည်နှစ်တစ်ရာကျော်ခန့်ကွာခြားသွားပြီဖြစ်ကြောင်း သတိမမူမိချေ။ လက်ရှိခေတ်ကာလတွင် မည်ကဲ့သို့အလုပ်များလုပ်ဆောင်နေသည်အား ချွန်းမြောင်မသိရှိသည်မှာ အပိုစကားဆိုခြင်းမဟုတ်ပေ။ သို့ရာတွင်...သူ ငွေရရန် မည်သည့်နေရာသို့သွား၍ ရှာဖွေသင့်သနည်း။

ဟူး....

သာမာန်လူတစ်ယောက်သည် ရှန်းရှီးစီရင်စုသို့သွားရန် အချိန်နှစ်လကျော်ကြာမြင့်မည်။ ချွန်းမြောင်၏ချို့တဲ့နေသော ခန္ဓာကိုယ်အခြေအနေဖြင့် ဟွာဆန်းသို့ရောက်ရန် တစ်နှစ်ခွဲခန့်အချိန်ယူရမည်ဆိုပါက ထူးဆန်းမည်မဟုတ်ပေ။

ဟူး....

ဤသည်က ဟွာဆန်း၏လက်ရှိအခြေအနေကို မျက်မြင်ကိုယ်တွေ့မြင်လိုသော ချွန်းမြောင်အတွက် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ရာနှင့် စိတ်ပျက်ဖွယ်ရာပင်။ သူက နည်းလမ်းများရှာဖွေနေသော်လည်း ယခုလက်ရှိအချိန်တွင် သူ၏စိတ်အတွင်း၌ နည်းလမ်းတစ်ခုတစ်လေမျှ စဥ်းစား၍မရချေ။

"ဟိတ်...ခွေးသူတောင်းစားလေး...မင်း နားကန်းနေတာလား"

"အမ်..."

ချွန်းမြောင်က ခေါင်းလှည့်၍ ကြည့်လိုက်သည်။

'အခုက ဘာဖြစ်ပြန်ပြီလဲ'

သူက အသံတစ်သံ ကြားလိုက်သော်လည်း သူ့အားခေါ်မည့်သူရှိနေမည်ဟု မတွေးမိခဲ့ချေ။ မည်သူကမျှ အကြောင်းပြချက်မရှိဘဲ သူတောင်းစားတစ်ယောက်နှင့် လာရောက်စကားပြောမည်မဟုတ်ပေ။

ရုပ်ဆိုးဆိုးသူတောင်းစားသုံးယောက်က သူ့အား စူးစူးဝါးဝါးငုံကြည်နေခြင်းကို သူ တွေ့မြင်မိသည်။

'သူတို့ကိုကြည့်ရတာ သူတောင်းစားတွေလိုပဲ'

သူ၏ယခုလက်ရှိဘဝသည် သူတောင်းစားများနှင့် အလွန်ပင်ရေစက်ပါနေပုံရသည်။

"ငါ့ကို ပြောနေတာလား"

"မင်းကိုမခေါ်လို့ ဘယ်သူကိုခေါ်ရမှာလဲ...မင်း ရူးများရူးနေလား"

ချွန်းမြောင်၏ရှေ့၌ မတ်တတ်ရပ်နေသော ရုပ်ဆိုးဆိုးသူတောင်းစားက မြေပြင်ပေါ်သို့ တံတွေးပျစ်ခနဲထွေးရင်း ပြောဆိုလေသည်။

"မင်း ဘယ်အပေါက်ကနေ တွားသွားဝင်လာလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် ဒီနေရာမှာတောင်းရမ်းစားခွင့် မင်းကို ဘယ်သူပေးထားလို့လဲ"

တောင်းရမ်းရန်ပင် အခွင့်တောင်းရအုံးမည်လော။ ချွန်းမြောင် ဆွံအသွားသည်။

"မင်းက ခလေးတစ်ယောက်ဖြစ်နေလို့...ငါ မင်းအသက်ကိုတော့ ချမ်းသာပေးလိုက်မယ်...မင်းမှာရှိသမျှ အကုန်ထုတ်လိုက်...မင်းရဲ့အင်္ကျီလက်ထဲမှာဖွက်ထားတဲ့ ငွေစလေးတွေပါ မကျန်စေနဲ့...ပြီးရင်တော့ ဒီနေရာက မင်း ထွက်သွားတော့"

ချွန်းမြောင်၏ရှိစုမဲ့စုငွေစလေးများသည် သူ၏အင်္ကျီလက်ကြား၌ရှိနေပြီး သူ၏လက်အတွင်းတွင်မူ....

ချွန်းမြောင်က သူ့လက်သူ ပြန်ငုံကြည့်လိုက်သည်။ သူ့လက်အတွင်း၌ သူစားပြီးကျန်နေသော အေးစက်စက်ပေါက်စီတချို့ရှိနေသည်။

" ခွေးမသားလေး...ဒီလောက်ပြောနေတာတောင် အသိမဝင်သေးဘူးလား"

လုယက်ချင်နေကြသလော။ ဤအစားအစာ အနည်းငယ်အား လုယူလိုပါက သူ ဆာလောင်လာလျှင် မည်သည့်အရာအား စားရမည်နည်း။

"ခွေးသူတောင်းစားတွေ..."

သူတောင်းစားတစ်ယောက်က တခြားသူတောင်းစားများကို သူတောင်းစားဟု ဆဲရေးတိုင်းထွာလိုက်မိသည်။ ဤသည်က သူ့မျက်နှာပေါ်သို့ သူပြန်တံတွေးထွေးလိုက်သကဲ့သို့ ခံစားနေရ၏။

"ခဏနေပါဦး"

ချွန်းမြောင်က သူ၏ပေါက်စီများကို နံဘေးသို့ ဂရုတစိုက်ချထားလိုက်သည်။

ထို့နောက် သူက မတ်တတ်ထရပ်ပြီး သူ၏လက်ကို ရှေ့သို့ဆန့်ထုတ်ပြီး ခြေတစ်လှမ်းရှေ့တိုးကြည့်လိုက် ခြေတစ်လှမ်းနောက်ဆုတ်ကြည့်လိုက်ဖြင့် ကြိမ်ဖန်များစွာပြုလုပ်ကြည့်နေသည်။

သူတောင်းစားများသည် သူတို့ရှေ့ရှိ ထူးထူးဆန်းဆန်းမြင်ကွင်းကိုကြည့်ပြီး သူတို့၏မျက်လုံးများ ကလယ်ကလယ်ဖြစ်နေသည်။

"မင်း အခုဘာလုပ်နေတာလဲ"

"အာ...ခဏစောင့်စမ်းပါဦး...ငါ မကြာခင်ပြီးတော့မယ်"

သူ၏ခြေနှင့်လက်ကို ကြိမ်ဖန်များစွာ ရှေ့တိုးနောက်ငင်ပြုလုပ်ပြီးနောက် ချွန်းမြောင်က ရေရွတ်လိုက်၏။

"ဒါက အရမ်းကြီး မပြည့်စုံပေမယ့်...လုံလောက်မှာပါ"

ချွန်းမြောင်က သူ၏ခြေလက်များရောက်ရှိနိုင်သော အကွာအဝေးအား တွက်ချက်၍ အတည်တကျနေရာယူထားပြီးလေပြီ။ သူ၏ခြေလက်များ တိုနေသည့်တိုင် သူ လိုက်လျောညီထွေဖြစ်အောင် စီမံထားလေ၏။ ထို့နောက်.....

"မင်းတို့ကောင်တွေအတွက်တော့ ငါ အရမ်းစိတ်မကောင်းဖြစ်မိတယ်...ငါက သူတောင်းစားတွေနဲ့ ရန်ငြှိုးရှိတယ်"

"ဘာ....."

"မင်းတို့ ငါပြောတာကို နားမလည်ကြဘူးလား...ကောင်းပြီလေ...ဘဝဆိုတာ ဒီလိုပါပဲ...အမြဲတမ်းရှုပ်ထွေးနေတာ....အရမ်းတော့ စိတ်ကုန်မနေကြနဲ့ပေါ့...လက်တွေ့ဘဝကို လက်ခံပြီး ရှေ့ဆက်သွားကြ"

"ဒီခွေးသူတောင်းစားလေး ဘာတွေပြောနေတာလဲ"

ချွန်းမြောင်က သူ၏ခေါင်းကိုဘယ်ညာချိုးလိုက်သည်။

"အာ စကားမစပ်...ငါ့ရဲ့ခန္ဓာကိုယ်က အားနည်းနေတော့ ငါ မင်းတို့ကို ပြင်းပြင်းထန်ထန်ရိုက်နိုင်မှာမဟုတ်ဘူး...ဒါကြောင့် မင်းတို့ အကြိမ်ရေများများတော့ အရိုက်ခံရလိမ့်မယ်"

"သူက ရူးများနေတာလား"

ဤအချိန်အခိုက်အတန့်မှာပင် ချွန်းမြောင်က အဆုတ်ကွဲမတက်အော်ဟစ်ပြီး ရှေ့သို့တိုးကာ သူရှေ့၌ မတ်တတ်ရပ်နေသော သူတောင်းစား၏မျက်နှာကို လက်သီးဖြင့်ထိုးလိုက်သည်။

ယား.....

စည်းစနစ်ကျသော ခြေလှမ်းတစ်လှမ်း....မြေပြင်၌ အခိုင်အမာကုပ်တွယ်ထားသော ခြေထောက်များကိုအားယူ၍ ခါးကိုညင်သာစွာလှည့်ပတ်ကာ ခွန်အားအပြည့်အဝစုစည်းထားသည့် ဆန့်ထုတ်လိုက်သော လက်သီးတစ်ချက်...

ချွန်းမြောင်၏ပထမဆုံးလက်သီးချက်သည် သူတောင်းစား၏မျက်နှာပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်သွားပြီး ဝါးတုတ်ချောင်းတစ်ချောင်းအား နံရံပေါ်သို့ရိုက်နှက်လိုက်သည့်အသံမျိုး ထွက်ပေါ်လာသည်။

ခွပ် ...

သူတောင်းစားသည် မမျှော်လင့်ဘဲ ထိုးနှက်ခံလိုက်ရသဖြင့် အော်သံပင်မထွက်နိုင်တော့ဘဲ နေရာမှာပင် လဲကျသွားသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ချွန်းမြောင်က ပြုံးနေလေ၏။

"မင်း...."

ဖြောင်း....

သူက တခြားသူတောင်းစားတစ်ယောက်အား ဖြတ်ကန်လိုက်သည်။

"ငါက ဟွာဆန်းဂိုဏ်းရဲ့ ဇီးပန်းပွင့်ဓားသူတော်စင်ကွ ခွေးမသားတွေရဲ့"

ဤအချိန်အခိုက်အတန့်တွင် သူ ပြန်လည်မွေးဖွားလာပြီးနောက် ဖြစ်တည်လာသော ရန်ငြှိုးမုန်းတီးမှုများအားလုံး ပွင့်အံထွက်သွားသည်။

"လေးစားရတဲ့ ဆရာကြီး...ခွင့်လွှက်ပေးပါ"

"သူတောင်းစားတစ်ယောက်က လေးစားစရာဆရာကြီးတစ်ယောက်နဲ့ ဘယ်နားတူနေလို့လဲ"

"ဒါဆို မြင့်မြတ်တဲ့ သူတောင်းစားလား"

"ငါ မင်းတို့ကို ထပ်ရိုက်လိုက်ရမလား"

သူတောင်းစားများသည် သူတို့၏မှန်းဆချက်များ မှားယွင်းသွားသဖြင့် ညည်းညူနေကြ၏။

'ဒီနတ်ဆိုးလေး ဘယ်နေရာက ရောက်လာပါလိမ့်'

'ဒါက အရမ်းနာကျင်လွန်းလို့ ငါ သေတော့မလိုပဲ'

ချွန်းမြောင်က ထိုသူတောင်းစားများကို အကြိမ်ရေဆက်တိုက်ရိုက်နှက်ပြီးနောက် သူ၏ဒေါသများကို ချိုးနှိမ်လိုက်သည်။ ကလေးတစ်ယောက်က အရွယ်ရောက်ပြီးသူလူကြီးသုံးယောက်အား အလဲထိုးလိုက်ခြင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။ ဤသည်က သူတောင်းစားသုံးယောက်အတွက် ဆိုးရွားသောရလဒ်ဖြစ်နေခြင်းမှာလည်း သိသာထင်ရှားပေ၏။

'ငါ ဒီခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန် အသုံးချနိုင်ဖို့ အချိန်ပေးရဦးမယ်'

သူ ထိုသူတောင်းစားများအား နှိမ်နင်းရန် အချိန်များစွာမယူခဲ့ချေ။ သို့ရာတွင် အကယ်၍ သူ၏ယခင်ခန္ဓာကိုယ်နှင့်ဆိုပါက သူ့လက်ညှိုးတစ်ချောင်းတည်းနှင့်ပင် ထိုလူသုံးယောက်အား အသားပြားဘဝပြောင်းလဲပေးနိုင်သည်။

သို့သော် ယခုလက်ရှိချိန်တွင်မူ ထိုသူတောင်းစားများကို နှိမ်နင်းနိုင်ရန် သူ ကန်ကျောက်ခြင်း ပြေးလွှားခြင်း လူးလိမ့်ခြင်းတို့အပြင် လက်သီးဖြင့်ပင် ထိုးနှက်ခဲ့ရသည်။ သူတောင်းစားတစ်ယောက်ဆိုလျှင် ရိုက်နှက်ခံရသောအကြိမ်တိုင်း ပြန်ပြန်ထလာသဖြင့် ချွန်းမြောင်က သူ့ပါးအား သုံးဆယ့်ရှစ်ကြိမ်ရိုက်ခဲ့ရ၏။

'အဲ့ဒီ ဂျောင်းပယ်ဆိုလား...ချိုပယ်ဆိုလား...ဘာကောင်ကြီးပဲဖြစ်ဖြစ်....အဲ့ဒီခွေးမသားကြီးကိုလည်း ဒီလိုမျိုးဆုံးမပေးရမယ်'

သူအရိုက်နှက်ခံခဲ့ရသောအကြောင်းကို တွေးတောမိချိန်တွင် ချွန်းမြောင်က အံ့တင်းတင်းကြိတ်လိုက်မိသည်။

အကယ်၍ သူ၏ခြေလက်အသစ်များ အလွန်တိုနေမည်ကို သူကြိုသိခဲ့ပါက...အကယ်၍ သူရိုက်နှက်ခံရပြီးချိန်တွင် ခံနိုင်ရည်ရှိခဲ့ပါက သူ ဂျောင်းပယ်အား ပြန်လည်ရိုက်နှက်နိုင်ခဲ့ပေမည်။

သူ ဟွာဆန်းလို့သွားရန် အလျင်လိုနေသဖြင့် လက်စားချေခြင်းမပြုနိုင်သေးချေ။ တစ်နေ့နေ့တစ်ချိန်ချိန်ကျလျှင် သူ ထိုဂျောင်းပယ်ဟူသော ခွေးသူတောင်းစားအားဖမ်းဆီး၍ သင်ခန်းစာကောင်းကောင်းပေးရမည်။

"ဟိတ်ကောင်တွေ..."

"ဟုတ်ကဲ့"

သူတောင်းစားသုံးယောက်လုံး မတ်တတ်ထရပ်လိုက်ကြသည်။ သူတို့၏မျက်နှာပေါ်၌ ချွေးများရွှဲနစ်နေပြီး ချွန်းမြောင်ကို ကြည့်လိုက်ကြသည်။

'ငါ ဘယ်လိုပဲကြည့်ကြည့်...သူက ဆန်တစ်အိတ်ကိုတောင် မနိုင်ပုံမရတဲ့ သူတောင်းစားလေးတစ်ယောက်လေ'

'ဒါကြီးက အဓိပ္ပါယ်မရှိဘူး'

သူတို့ လုံးဝဥသုန် နားမလည်နိုင်ချေ။

သေးငယ်ပြီး အားပျော့ကာ ပိန်လှီနေသောခန္ဓာကိုယ်...

အပေါ်ယံတွင် သူက အားနည်းပြီး ပျော့ညံပုံရသဖြင့် ဤမျှထိပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်မည်ဟု သူတို့အနက်မှတစ်ယောက်မျှ မျှော်လင့်မထားမိပေ။ ထို့ကြောင့် သူတို့က အနိုင်ကျင့်လုယက်ရန် ကြံရွယ်ခဲ့သော်လည်း အဆုံးသတ်၌ သူတို့ ကြယ် လများကို မြင်လိုက်ရ၏။ သူတို့၏လက်သီးချက်များသည် သူ၏အဝတ်အစားကိုပင် တစ်ကြိမ်တစ်ခါမျှထိတွေ့မိခြင်းမရှိချေ။

ထိုသူတောင်းစားလေးသည် အလွန်လျှင်မြန်ခြင်းလည်းမရှိ သန်မာခြင်းလည်းမရှိပေရာ မည်သည်ကြောင့် သူတို့ကရှုံးနိမ့်ရသနည်း။

"ဟိတ်ကောင်တွေ"

"ဟုတ်ကဲ့"

"ကျေးဇူးပြုပြီး အမိန့်ပေးပါ လေးစားရတဲ့ဆရာကြီး...မဟုတ်သေးပါဘူး...မြင့်မြတ်တဲ့ သူတောင်းစားလား...အာ...မဟုတ်သေးပါဘူး"

သူတို့က မည်သို့ နားလည်ရမည်နည်း။ သူတို့အား ထိုသူတောင်းစားလေးက အလွန်လျှင်မြန်စွာ ရိုက်နှက်သွားသည်။ ထို့ပြင် ပို၍အရေးကြီးသောအချက်မှာ ထိုသူတောင်းစားလေး၏လက်သီးချက်များသည် သူတို့အား အသည်းခိုက်မတက်နာကျင်စေသည်။

ချွန်းမြောင်က သူတောင်းစားသုံးယောက်ကို စူးစိုက်ကြည့်ပြီး ပြောဆိုလေ၏။

"ငါ မင်းတို့ကို မေးအုံးမယ်...ရှန်းရှီးစီရင်စုကို အမြန်ဆုံးရောက်အောင် ဘယ်လိုသွားရမလဲဆိုတာ မင်းတို့သိကြလား"

သူတောင်းစားသုံးယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးနေကြသည်။ ချွန်းမြောင်က သူတို့၏မျက်နှာအမူအယာများကိုကြည့်ပြီး မျှော်လင့်ချက်ရှိသည်ဟု ခံစားနေရ၏။

"ဟား ဟား ဟား...မင်းက အရမ်းလွယ်တဲ့မေးခွန်းကို မေးလိုက်တာပဲ"

"အို...တကယ်လား"

"တကယ်လို့ ငါတို့သာ အဲ့လိုအရာမျိုးတွေကိုသိနေရင် ဘာလို့တောင်းစားနေဦးမှာလဲ...အနည်းဆုံးတော့ ငါတို့သိနိုင်မယ့်အရာမျိုး မေးပါလား"

“…”

ချွန်းမြောင်က သူတောင်းစားသုံးယောက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ထိုကောင်များပြောသည်မှာ မမှားချေ။ သူတောင်းစားများထံမှ လမ်းမေးမိသည့် သူ၏အမှားသာဖြစ်ပေ၏။

"တော်ပြီ...ထွက်သွားကြတော့"

"ကျေးဇူးတင်ပါတယ်"

"ပိုပြီး သန်မာလာပါစေ"

သူတောင်းစားများက ဦးညွှတ်၍အရိုအသေပြုပြီး နောက်ပြန်လှည့်၍ထွက်ပြေးရန် အဆင်သင့်ဖြစ်နေကြသည်။ မဟုတ်သေး...သူတို့က အဝေးဆုံးသို့ထွက်ပြေးရန် ကြိုးပမ်းလိုက်ကြ၏။

"ခဏနေကြဦး"

ထိုအချိန်မှာပင် ချွန်းမြောင်၏စကားသံက သူတို့အား နေရာမှာပင် တောင့်တင်းသွားစေသည်။

"ဟုတ်ကဲ့"

"မင်းတို့ ထွက်သွားလို့ရပါတယ်...ဒါပေမယ့် မင်းတို့ရဲ့လက်တွေနဲ့အိတ်ကပ်တွေထဲမှာရှိတဲ့ ပစ္စည်းအားလုံးထားခဲ့ပြီးမှ ထွက်သွားကြ"

“…”

"မင်းတို့က ငါအစားစားနေချိန်မှာ လာနှောက်ယှက်ကြတာလေ...ဒါကြောင့်မို့ အကြွေစေ့တစ်စေ့...မဟုတ်သေးဘူး အကြွေစေ့ဆယ်စေ့လောက်တော့ အလျော်ပေးရမယ်...ငါ့ကိုယုံကြည်ကြ...ဒါက မင်းတို့ ထပ်ပြီးအရိုက်ခံရတာထက်တော့ ပိုကောင်းလိမ့်မယ်"

ချွန်းမြောင်၏ခြိမ်းခြောက်နေသောအသံကို နားလည်သဘောပေါက်ကြသဖြင့် သူတောင်းစားများသည် သူတို့၏အိတ်ကပ်များအတွင်းမှ အကြွေစေ့များကို စွန့်လွှက်ပြီး အလျှင်အမြန်အဝေးသို့ ထွက်ပြေးသွားတော့သည်။

"အမ်...မင်းနေဦး"

"ဟုတ်ကဲ့"

"မင်းရဲ့အတွင်းခံကလွဲပြီး ကျန်တဲ့အဝတ်အစားတွေ အကုန်ချွတ်စမ်း...မဟုတ်ရင် ငါ ဆွဲချွတ်မှာနော်"

“…”

သူတောင်းစားတစ်ယောက်သည် နေ့လည်ခင်းကြောင်တောင်အချိန်၌ ဓားပြတိုက်လုယက်ခံရသည်မှာ ထူးဆန်းသောအံ့အားသင့်ဖွယ်မြင်ကွင်းပင်။

Chapter 6 - အား...ငါ့ရဲ့ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီ(၁)

"နောက်ဆုံးတော့...."

ချွန်းမြောင်က သူ တောင်ဝှေးအဖြစ်အသုံးပြုရန် ယူဆောင်လာသောတုတ်ချောင်းကိုမှီရင်း ရေရွတ်လိုက်သည်။ နောက်ဆုံးတော့ သူရှေ့၌ ခမ်းနားထည်ဝါသော ဟွာဆန်းတောင်ကြီးရှိနေလေပြီ။

"နောက်....ဆုံး...တော့"

သူ၏မျက်လုံးများမှ မျက်ရည်များ အထိန်းအကွပ်မဲ့ ကျဆင်းလာသည်။ သူ ဤနေရာသို့ရောက်ရှိရန် မည်မျှထိခက်ခဲခဲ့သနည်း။ ကြိမ်ဖန်များစွာ အသက်ဘေးနှင့်ရင်ဆိုင်ရသဖြင့် သူ၏ပခုံးများပင် ပွန်းပဲ့စုတ်ပြတ်နေပြီး သာမာန်နှင့်မတူညီသော ကလေးတစ်ယောက်၏ခန္ဓာကိုယ်ကို အသုံးပြု၍ ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းပင်။ မဟုတ်သေး...သာမာန်လူတစ်ယောက်၏ခန္ဓာကိုယ်ထက် အလွန်အားနည်းသောခန္ဓာကိုယ်ကို သူ အသုံးပြုခဲ့ရသည်။

အမှန်အားဖြင့် သူ၏အခက်အခဲများသည် လူအများစု ခရီးသွားလာရာ၌ ကြုံတွေ့ရလေ့ရှိသောကိစ္စမျိုးမဟုတ်ချေ။ သူက များသောအားဖြင့် ငတ်မွတ်ခြင်းနှင့်မောပန်းနွမ်းနယ်ခြင်းတို့ကို ခံစားခဲ့ရသည်။ သို့ရာတွင် ဤသည်ကလည်း အန္တရာယ်များသည် မဟုတ်လော။

ခက်ခဲကြမ်းတမ်းလှသော အကြပ်အတည်းများကို ကျော်လွှားပြီး နောက်ဆုံး၌ ချွန်းမြောင်က ဟွာဆန်းတောင်သို့ ရောက်လာခဲ့သည်။

"...နောက်ဆုံးတော့...."

အကယ်၍ သူကြုံတွေ့ခဲ့ရသော အခက်အခဲများကို ရေးချလိုက်ပါက သူရဲကောင်းတစ်ယောက်၏စွန့်စားခန်းဖြစ်သွားပေမည်။ မဟုတ်သေး...သူတောင်းစားတစ်ယောက်၏စွန့်စားခန်းပင်။

အမှန်အားဖြင့် ချွန်းမြောင်းသည် သူကျဆင်းခဲ့ရသော မျက်ရည်စက်များအား လျစ်လျူရှုမထားနိုင်ချေ။ သူသည် ချီကိုစုဆောင်းနိုင်ပြီဖြစ်သော်လည်း သူ လမ်းလျှောက်ရာနှင့်ပြေးလွှားလာတွင် ကုန်ဆုံးသွားသော သူ့ခန္ဓာကိုယ်ရှိစွမ်းအားများအား ပြန်လည်မဖြည့်တင်းပေးနိုင်ချေ။ သူ့ခန္ဓာကိုယ်သည် နာလန်ထူလာခြင်းမရှိတော့ဘဲ သူ့အရိုးများ၏အဆက်မပြတ် ကိုက်ခဲနာကျင်နေမှုကြောင့် ချွန်းမြောင်သည် နာကျင်မှုဝေဒနာကို ကြီးစွာခံစားခဲ့ရသည်။

သူ၏ အမြဲတစေစုတ်ပြတ်သတ်နေသော အဝတ်အစားပင်လျှင် သူ့ခန္ဓာကိုယ်ကို ပခုံးသိုင်းရုံမျှသာပတ်မိပေတော့၏။ ထို့ပြင် ဖုန်မှုန့်များကလည်း အလိပ်လိပ်ကပ်နေသည်။

သို့ရာတွင် ထိုအရာများအားလုံး အရေးမကြီးတော့ချေ။ သူ ဟွာဆန်းတောင်သို့ ရောက်ရှိခဲ့လေပြီ။

ပြန်လည်မွေးဖွားခြင်းသည် အံ့အားသင့်စရာဘဝကိုရရှိစေသည်ဟု တစ်စုံတစ်ယောက်မှ ပြောဆိုပါက ချွန်းမြောင် ထိုသူအား ခေါင်းရိုက်ခွဲမိပေမည်။ ချွန်းမြောင်က မသိစိတ်မှနေ၍ သူ၏မျက်လုံးများကို စုံမှိတ်လိုက်မိ၏။

သူ ဝေဒနာခံစားခဲ့ရခြင်းများ ယခုချိန်၌ အဆုံးသတ်သွားလေပြီ။ သူ နောက်ဆုံး၌ ဟွာဆန်းသို့ ရောက်ရှိလာခဲ့သည်။ ယခုချိန်၌ ဟွာဆန်း မည်သို့မည်ပုံဖြစ်နေသည်ကို သူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရတော့မည်။

"သွားတာပေါ့"

ချွန်းမြောင်က သူ၏တုတ်ချောင်းတောင်ဝှေးကို မြဲမြံစွာအားပြုရင်း ဟွာဆန်းတောင်ပေါ်သို့ စတင်တက်ခဲ့လေ၏။

အချိန်တခဏကြာပြီးနောက်....

"ဟောဟဲ...ဟောဟဲ..."

ချွန်းမြောင်က ချောက်ကမ်းပါးစောင်းကို တွယ်ဖက်ထားပြီး သူ၏အဆုတ်များ ပွင့်ထွက်လုမတက် မောဟိုက်နေသည်။

"ဒါက ဘယ်လိုစမ်းသပ်မှုကြီးလဲ"

ဤသည်က ဟွာဆန်းတောင်မဟုတ်လော။ အလွန်ခမ်းနားထည်ဝါခဲ့သော ဟွာဆန်းတောင်မဟုတ်သလော။ မည်သည်ကြောင့် တောင်ပေါ်တက်ရန် လမ်းတစ်လမ်းပင် သူ ရှာမတွေ့ရသနည်း။ ရှောင်လင်နှင့်ဝူတန်းတောင်သို့ သွားရာလမ်းကြောင်းများတွင် အမွှေးရနံများပျံလွင့်နေသည်ကို သူ အမှတ်ရနေဆဲပင်။ မည်သည်ကြောင့် ဟွာဆန်းတောင်သို့ အလည်အပတ်လာသူ တစ်ဦးတစ်ယောက်ကိုပင် သူ မမြင်တွေ့ရသနည်း။

ချွန်းမြောင်က စိတ်မွန်းကျပ်စွာ အောက်သို့ငုံကြည့်လိုက်သည်။ သူမြင်ကွင်းရှေ့၌ အဆုံးမရှိသောကမ်းပါးစောက်များ ဆန့်ထွက်နေသည်။ ဤသည်က သူ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ချေ။ သူ မြင်နိုင်သမျှအရာအားလုံး အဆုံးသတ်မရှိပေ။ သို့ရာတွင် သူက တိမ်များအကြား၌ရောက်ရှိနေသည်။ ထိုရူးသွပ်ချင်စဖွယ်တောင်ကြီးသည် အလွန်မြင့်မားသဖြင့် သူ တိမ်များအကြား၌ ဖြတ်သန်း၍ လမ်းလျှောက်နေရသည်။

ဤသည်က လမ်းဟူ၍ပင် မဆိုင်ချေ။ အကယ်၍ ဤသည်ကသာ လမ်းတစ်လမ်းဆိုပါက စာကလေးငှက်ကို ဖီးနစ်ငှက်ဟု ခေါ်ဆိုခြင်းမျိုးပင်။ မြေပြင်ပေါ်သို့ ခြေထောက်နှစ်ဖက်မချရဘဲ လက်များနှင့်ဒူးများကို အသုံးပြု၍ ရှေ့သို့ရုန်းကန်သွားနေရသည်ကို မည်သည်ကြောင့် လမ်းဟုဆိုနိုင်မည်နည်း။

"သောက်ချေးပဲ...သူတို့တွေ ဘယ်လိုဦးနှောက်နဲ့ ဒီတောင်ထိပ်ပေါ်မှာ ဂိုဏ်းတည်ထားခဲ့တာလဲ"

ချွန်းမြောင်က ဟွာဆန်းတောင်ခြေသို့ရောက်သည်နှင့် အပြေးတက်၍ အခြေအနေကိုစုံစမ်းလိုသော်လည်း သူ အခွင့်အရေးမရချေ။

'ဆရာတူအကို...ဟွာဆန်းက အတိတ်နိမိတ်ကောင်းတဲ့နေရာမဟုတ်ဘူးလား...ဒီနေရာက တောင်ထိပ်တွေကိုကြည့်ရတာ ဓားတွေနဲ့တူညီနေတယ်မဟုတ်လား....ကြည့်ရတော့ ဂိုဏ်းက နေရာကောင်းမှာ တည်ထောင်ထားမိပုံပဲ'

ယခင်က သူ ပြောခဲ့မိသောစကားများကို ချွန်းမြောင် ပြန်တွေးတောနေမိ၏။

"သေစမ်း...သောက်ချေးပဲ"

မည်သို့နည်း။ ဓားနှင့်တူသော တောင်ထိပ်များဟု သူ ပြောဆိုခဲ့မိသသော။ အမှန်တကယ်ကိုပင် ဓားများနှင့် တူညီပေ၏။ တောင်ပေါ်တက်သောလမ်းကြောင်းသည် ဓားသွားများပေါ်နင်းလျှောက်နေရသကဲ့သို့ သူ ခံစားနေရသည်။

ဟွာဆန်းတောင်သည် တောင်ငါးလုံးအနက် အမတ်စောက်ဆုံးဟု လူအများကဆိုကြသည်။ ထိုအကြောင်းကို ချွန်းမြောင်သည် သိုင်းပညာမသုံးစွဲနိုင်တော့သည့် အချိန်မှသာ အမှန်တကယ်နားလည်သဘောပေါက်ခဲ့ရသည်။

"ငါ တကယ်သေရတော့မှာလား"

ထိုစကားသည် ရယ်စရာပြက်လုံးမဟုတ်ပေ။ သူ၏အသက်ကို စွန့်စား၍ သွားလာနေရခြင်းပင်။ သူ၏ခြေလက်များ တုန်ရီနေပြီး ရှေ့ဆက်သွားရန်ခရီးမှာ တမျှော်တခေါ်ဖြစ်ပေ၏။ မည်သူမျှမရှိဘဲ ဗလာဟင်းလင်းဖြစ်နေသော တောင်ကိုကြည့်ပြီး ဟွာဆန်းသည် ဒုက္ခများခံစားခဲ့ရသည်ကို သူ နားလည်သဘောပေါက်ခဲ့ရသည်။

"ဟူး...."

ချွန်းမြောင်က ညည်းတွားပြီးနောက် တောင်နံရံကိုအားပြု၍ မတ်တတ်ထရပ်လိုက်သည်။

သူ လက်လျှော့အရှုံးမပေးနိုင်ချေ။ လမ်းတလျှောက်လုံး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ဤနေရာသို့ ရောက်ရှိသည့်အခါတွင်မှ လက်လျှော့ရမည်လော။ အကယ်၍ ဤနေရာ၌ တောင်တစ်လုံးရှိနေလျှင် တက်ရမည်မှာ သူ၏တာဝန်ပင်။ တောင်ပေါ်သို့တက်ရန် သူ၏ဇွဲနှင့်သတ္တိများ တဖန်ပြန်၍နိုးကြားလာပေ၏။

အမှန်အားဖြင့် တောင်ကမ်းပါးစောင်းမှနေ၍ အောက်သို့ဆင်းရခြင်းက ပို၍ပင်အန္တရာယ်များသည်။

တောင်ကမ်းပါးစောင်း၏ထိပ်တစ်နေရာအား လက်တစ်ဖက်က ကုပ်တွယ်ထားသည်။

"အီး....."

ချွန်းမြောင်၏ ဖုန်များပေပွနေသော ဖြူလျော်လျော်လက်ချောင်းထိပ်များသည် အားပျော့နေသော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး၏အလေးချိန်အား ထိန်းထားပေးနိုင်သည်။

"အား...ငါ သေတော့မှာပဲ"

ချွန်းမြောင်က သူ၏ခန္ဓာကိုယ်ကို ကမ်းပါးစောင်းပေါ်သို့ မတင်ပြီးသည်နှင့် နောက်ပြန်လဲကျသွားတော့သည်။

"ဟောဟဲ...ဟောဟဲ...ဟောဟဲ...ပြုတ်ကျလုနီးပါးပဲ"

သူက အောက်သို့ငုံကြည့်လိုက်ရာ ရွေ့လျားနေသော မိုးတိမ်များကို တွေ့မြင်မိသည်။ ကလေးတစ်ယောက်၏ခန္ဓာကိုယ်ဖြင့် ဤမျှဝေးကွာသောနေရာသို့ ရောက်လာသဖြင့် သူ့ကိုယ်သူ ချီးမွမ်းနေမိသည်။

ဤသည်က လွယ်ကူသောခရီးမဟုတ်ပေ။ အမှန်တကယ်ကိုပင် ခက်ခဲကြမ်းတမ်းခဲ့ပေ၏။

သတင်းကောင်းကတော့ သူ ထပ်မံ၍ ချောက်ကမ်းပါးများအား အတက်အဆင်းလုပ်ရန်မလိုတော့ဘဲ ဂိုဏ်းကိုရှာဖွေရန်သာကျန်တော့သည်။

ချွန်းမြောင်က သူ၏ခြေထောက်ကိုအားယူ၍ မတ်တတ်ထရပ်ပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ သူ့ရှေ့ရှိလမ်းသည် တောင်ထိပ်သို့ရောက်သောလမ်းဖြစ်နိုင်သည်။ ဤလမ်းတလျှောက် အနည်းငယ်သွားပြီးပါက သူ ဟွာဆန်းဂိုဏ်းအား တွေ့မြင်ရပေမည်။ ချွန်းမြောင်က သူ၏သေးငယ်သောခြေထောက်များဖြင့် ခုန်ပေါက်လိုက်သည်။ သူ၏နှလုံးခုန်နှုန်းလည်း မြန်နေပေ၏။ နှစ်ပေါင်းတစ်ရာကျော်ကြာမြင့်ပြီးနောက် သူ ဟွာဆန်းသို့ ပြန်လည်ရောက်ရှိလေပြီ။

"အမှန်တော့ ငါ ဒီနေရာကိုမရောက်တာ တစ်လလောက်ပဲရှိသေးတယ်...ဒါပေမယ့် အချိန်ကာလက နှစ်တစ်ရာကျော်တောင် ကွာခြားသွားပြီပဲ"

ချွန်းမြောင်၏အသံက အေးစက်နေသည်။

တောင်ထိပ်သို့ဆက်တက်ရန်သည် သူ့အတွက် အခက်အခဲမရှိတော့ချေ။ သူ၏ခန္ဓာကိုယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေသော်လည်း ဟွာဆန်းဂိုဏ်းသို့ရောက်တော့မည်ဟူသောအချက်က သူ့အားခွန်အားဖြစ်စေသည်။

"အား...."

ပင်မတံခါး၏အမိုးမှ အုတ်ကြွပ်ပြားများကိုမြင်ချိန်တွင် သူ၏မျက်လုံးများတွင် စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ တောင်များနှင့်မြစ်များသာ ပြောင်းလဲသွားမည်ဖြစ်သော်လည်း ထိုအမိုးအုတ်ကြွတ်ပြားများကမူ ပြောင်းလဲခြင်းမရှိဘဲ အနုစိတ်ကျသောအကွေ့အကောက်များနှင့်အတူ ဟွာဆန်း၏စိတ်ဝိညာဥ်အဖြစ် ဖမ်းစားနိုင်ဆဲပင်။

အမှန်အားဖြင့် ထိုအိုဟောင်းနေသော အုတ်ကြွပ်ပြားများ....

အမ်...

ဟောင်းနွမ်းဆွေးမြည့်သွားသလော။

အုတ်ကြွပ်ပြားတစ်ပြား ပျောက်ဆုံးနေသလော။

ချွန်းမြောင်က သူ၏မျက်လုံးကိုပွတ်သပ်လိုက်သည်။

သူ အကြည့်မှားနေသလော။

သူ မည်မျှပင် ပွတ်သပ်ကြည့်နေပါစေ မြင်ကွင်းသည် ပြောင်းလဲသွားခြင်းမရှိချေ။ သူ့ခြေလှမ်းများ ပို၍နီးကပ်လာသည်နှင့်အမျှ တစ်ဝက်ခန့်ပျက်စီးနေသောပင်မတံခါးသည် ပို၍ပို၍ကြည်လင်ပြတ်သားလာသည်။

ချွန်းမြောင်က လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်သည်။

ဂိုဏ်းပင်မတံခါးသည် ဧည့်သည်များလာရောက်ပါက အရင်ဆုံးတွေ့မြင်ရမည့်အရာဖြစ်သည်။ အကယ်၍ ဂိုဏ်းအတွင်းပိုင်းရှိနေရာများ ပျက်စီးနေလျှင်ပင် ပင်မတံခါးသည် ခန့်ညားထည်ဝါပြီး သပ်သပ်ရပ်ရပ်ရှိနေသင့်၏။

ဤသည်က ဟွာဆန်းဂိုဏ်း၏ပင်မတံခါးပင်။ ၎င်း၏ခြိုးခြံချွေတာပြီး လက်တွေ့ဆန်သော တည်ဆောက်ပုံတွင် ဟွာဆန်းဂိုဏ်း၏အရှိန်အဝါများ ပါဝင်နေသည်။ အနည်းဆုံးတော့ ပင်မတံခါးသည် သပ်သပ်ရပ်ရပ်ရှိနေသင့်သည်။

သို့ရာတွင်...

မည်သည့်အရာကို သူ ကြည့်နေမိသနည်း။ အုတ်ကြွတ်ပြားများက မြေပြင်ပေါ်တွင်ရေးခြစ်ထားသကဲ့သို့ ဟိုတစ်စ သည်တစ်စပြန့်ကျဲနေသည်။ တံခါးအမိုးအား ပြန်လည်အစားထိုးရန် ဆိုးဆိုးရွားရွားလိုအပ်နေသော်လည်း အက်ကွဲပြီးမည်းမှောင်ကာ ဆေးရောင်များလွင့်ပြယ်နေသော တိုင်လုံးများက ပို၍ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းနေသည်။

ပင့်...ပင့်ကူအိမ်များ..၎င်းတို့ကို မကြာခဏဖယ်ရှားလေ့ရှိကြောင်း သူ သိရှိထားခဲ့သည်။ သို့ရာတွင် မည်သည်ကြောင့် ပင့်ကူအိမ်အမြောက်အများ ထင်သာမြင်သာရှိနေသည်ကို သူ နားမလည်နိုင်ချေ။

ထို့နောက် မီးနဂါးဆိုင်းဘုတ်...

"ဆိုင်းဘုတ် ဘယ်ရောက်သွားတာလဲ...ဒီဆိုင်းဘုတ်က...ဘယ်နေရာကို ရောက်သွားတာလဲ...ဆိုင်းဘုတ်ဆိုတာက ဂိုဏ်းရဲ့အမှတ်သင်္ကေတလေ....ဒါက ဘယ်ငရဲကို ရောက်သွားရတာလဲ...'မဟာဟွာဆန်းဂိုဏ်း'ဆိုတဲ့ဆိုင်းဘုတ်က တံခါးထိပ်မှာ ဘာလို့မရှိတော့တာလဲ"

ဤသည်က ဆရာတူအကိုဂျန်မွန်း မနက်ခင်းတိုင်းသန့်ရှင်းရေးလုပ်သောအရာ ဖြစ်ပေ၏။ မည်သည့်နေရာသို့ရောက်ရှိသွားသနည်း။ မည်သည့်နေရာသို့နည်း။

ချွန်းမြောင်၏ခြေထောက်များ ပျော့ခွေသွား၏။ သူက ပင်မတံခါးကိုမြင်ရရန် အားတင်းရုန်းကန်လာခဲ့ဆသာ်လည်း ယခု သူထံ၌ ပြောစရာစကားမရှိတော့ချေ။

"ငါကြားခဲ့သလိုပဲ...ဂိုဏ်းက ပျက်စီးသွားခဲ့တာလား"

"ဟွာဆန်းဂိုဏ်းကလေ...ငါ ကြားခဲ့ပေမယ့် မယုံနိုင်ခဲ့ဘူး...ငါတို့ဂိုဏ်းက အတိတ်မှာအရမ်းကျော်ကြားခဲ့တာ မဟုတ်ဘူးလား...ကောင်းကင်ဘုံနတ်ဆိုးသေဆုံးသွားပြီလို့လဲ ငါ ကြားထားတယ်လေ...ဂိုဏ်းက ဘာလို့ ဒီလိုဆိုးဆိုးရွားရွားပျက်စီးသွားတာလဲ"

"ဟွာဆန်းက အပျက်အယွင်းနေရာကြီးဖြစ်နေပြီ"

ချွန်းမြောင်၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေသည်။

"မဟုတ်သေးဘူး...ဒါက ဘယ်ခွေးမသားလက်ချက်လဲ"

တခြားသူများဆိုလျှင် စိတ်ဓာတ်ကျဆင်းသွားမည်ဖြစ်သော်လည်း ချွန်းမြောင်ကမူ အားကောင်းသန်မာလာလိုစိတ်ဖြင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး ယားယံနေသည်။

ဟွာဆန်းက ပျက်စီးသွားသလော...ဤသည်က တခြားအရာမဟုတ်ဘဲ ဟွာဆန်းဂိုဏ်းဖြစ်နေသည်။

"အား...ငါရဲ့ဟွာဆန်းက ပျက်စီးသွားပြီ...ဟွာဆန်းဂိုဏ်း....."

သူမည်မျှပင် ပြင်းပြင်းထန်ထန် ငြင်းဆန်နေပါစေ အဖြစ်မှန်ကို ဖုံးကွယ်၍မရချေ။ ချွန်းမြောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး နောက်ဆုံး၌ သူ အဖြစ်မှန်ကို လက်ခံလိုက်ရတော့၏။

"ဆရာတူအကို ဂျန်မွန်းရော...ဘာလို့ ဒီလိုမျိုးဖြစ်သွားရတာလဲ...ဘာလို့လဲ...ဘာလို့ ခုလိုမျိုးပျက်စီးသွားရတာလဲ...အား...ငါ စိတ်တွေအရမ်းမွန်းကြပ်လာပြီ...အား...."

ဟွာဆန်းဂိုဏ်း အမှန်တကယ်ကိုပင် ပျက်စီးသွားလေပြီ။ ဤနေရာသို့လာရာ လမ်းခရီးတလျှောက်လုံးတွင်လည်း ဟွာဆန်းဂိုဏ်းအကြောင်းပြောဆိုသံ တစ်ခွန်းတစ်လေမျှပင် မကြားမိခဲ့ချေ။ သူက ဝူတန်းဂိုဏ်း ရှောင်လင်ဂိုဏ်းနှင့် ဂိုဏ်းငယ်လေးများအကြောင်းပင် ရံဖန်ရံခါကြားမိသော်လည်း ဟွာဆန်းဂိုဏ်းအကြောင်းကိုမူ တစိုးတစိမျှပင် မကြားမိပေ။

"ဆရာတူအကို...ဒါကြောင့်မို့ ငါ မင်းကို ထိန်းထိန်းသိမ်းသိမ်းနေဖို့ ပြောခဲ့ပါတယ်"

"အဟုတ်ပဲ...လူယုတ်မာတွေ...ဟွာဆန်းဂိုဏ်းကလည်း ဂိုဏ်းတစ်ဂိုဏ်းပဲလေ....သူရဲကောင်းဆိုတဲ့ကောင်တွေက တောင်တန်းတွေပေါ်မှာ ပုန်းအောင်းနေပြီး သူတော်ကောင်းယောင်ဆောင်နေကြတယ်...ငါတို့ဂိုဏ်း အခက်အခဲတွေ့နေချိန်မှာ လျစ်လျှူရှုထားတဲ့ကောင်တွေက ဘယ်လိုလုပ်ပြီး သူရဲကောင်းလို့ခေါ်ဖို့ ထိုက်တန်မှာလဲ"

"တစ်ချိန်ချိန်ကျရင်...မင်းတို့ ပြန်ပေးဆပ်ရမယ်"

ကောင်းကင်ဘုံနတ်ဆိုးနှင့်တိုက်ပွဲအတွင်း၌ အကြီးအကဲများနှင့်တပည့်များစွာ သေဆုံးခဲ့ရသည်။ မြောက်များစွာသောဂိုဏ်းများသည် သူတို့ဂိုဏ်းများ၏အတော်ဆုံးလက်ရွေးစင်များကို စေလွှတ်ခဲ့သည်ဟုဆိုသော်လည်း ဟွာဆန်းလောက် အရင်းအနှီးကြီးသောဂိုဏ်းမရှိချေ။

ဂိုဏ်းကိုဦးဆောင်ရမည့် အကြီးအကဲများ သေဆုံးသွားသည့်အပြင် သူတို့၏နေရာကိုဆက်ခံမည့် တပည့်များလည်း သေဆုံးခဲ့ရသည်။ ဟွာဆန်းဂိုဏ်း၌ သိုင်းပညာကို ကျွမ်းကျွမ်းကျင်ကျင် မသင်ယူရသေးသော တပည့်ငယ်များသာကျန်ခဲ့၏။ မည်သူက ဟွာဆန်းဂိုဏ်း၏နာမည်ဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်နည်း။

"ဒါက ဖြစ်သင့်တာပဲလေ"

သူ၏မျှော်လင့်ချက်များ ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဂိုဏ်းပင်မတံခါးကြီး ပြိုလဲကျနေသကဲ့သို့ ခံစားနေရ၏။

ဟွာဆန်းဂိုဏ်း ပျက်စီးသွားလေပြီ။

"ဆရာတူအကို...ဆရာတူအကို...ဒါကြောင့် ငါ မပြောခဲ့ဘူးလား....ဂိုဏ်းစည်းမျဥ်းတွေကို မျက်စေ့မှိတ်လိုက်နာရင် ဘာမှကျန်တော့မှာမဟုတ်ဘူးလို့ ငါ မပြောခဲ့ဘူးလား...ဘာတွေဖြစ်သွားလဲဆိုတာ မင်း မြင်ပြီမလား...ငရဲကိုရောက်သွားတဲ့ ငါတို့ဂိုဏ်းကလူတွေနဲ့တွေ့ရင် မင်း ဘယ်လိုမျက်နှာပြမှာလဲ...အား...မင်းက တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"

ချွန်းမြောင်၏နာကျည်းမုန်းတီးမှုအပြည့်ဖြင့်အော်ဟစ်သံသည် တောင်တစ်တောင်လုံးအနှံ့ ပဲ့တင်ထပ်နေသည်။

"ငါ တကယ့်ကို ရူးတော့မှာပဲ"

သူ နှစ်ပေါင်းတစ်ရာကြာပြီးနောက် ဘဝသစ်ပြန်ရခဲ့သော်လည်း ဟွာဆန်းဂိုဏ်းပျက်စီးနေခြင်းကို တွေ့ရှိခဲ့ရသည်။ သူက လောကကြီးကို ကာကွယ်ရန်တိုက်ခိုက်ခဲ့သော်လည်း...အကယ်၍ ဤအရာကသာ ရလဒ်ဆိုပါက သူ မည်သည်ကြောင့် တိုက်ခိုက်ခဲ့ရမည်နည်း။

ချွန်းမြောင်က စိတ်ပျက်အားငယ်မှုများ သူထံစိမ့်ဝင်လာသကဲ့သို့ ခံစားနေရသည်။

ထိုအချိန်မှာပင်...

"အဲ့ဒီမှာ ဘယ်သူရှိနေတာလဲ"

အသံတစ်သံက သူ၏နားစည်အား လာရောက်ထိတွေ့သည်။

All Chapters