← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

Chapter 7 -အား...ငါ့ရဲ့ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီ(၂)

"အမ်..."

ချွန်းမြောင်က အသံကြားရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ဤနေရာ၌ လူရှိနေသလော။ တစ်လကျော်ခန့် သူ ခရီးနှင်လာပြီးနောက် ပျက်စီးနေသောဟွာဆန်းဂိုဏ်း၌ တစ်စုံတစ်ယောက်ရှိနေသည်ဟူခြင်းမှာ သတင်းကောင်းပင်။

ပြင်းပြင်းထန်ထန်ပျက်စီးနေသော သစ်သားတံခါးသည် ပတ္တာမှကျွီခနဲမြည်သံနှင့်အတူ ပွင့်ဟလာပေ၏။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်သည် တစ်ဝက်တစ်ပြက်ပွင့်ဟနေသောတံခါးမှ ခေါင်းငုံထွက်လာသည်။

"ဘာလဲ...ကလေးတစ်ယောက်လား"

ချွန်းမြောင်က ထိုလူကြီးသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်မှန် ချက်ချင်းပင် ယုံကြည်လက်ခံသွားသည်။ လွန်ခဲ့သောလအတွင်း၌ မည်သူကမျှ သူ့အား ကလေးဟု ခေါ်ဆိုကြခြင်းမရှိချေ။

"ဘာလဲ...သူတောင်းစားတစ်ယောက်လား"

"ဒီ သူတောင်းစားကတော့..."

"သူတောင်းစားက တစ်ယောက်တည်း ခရီးထွက်နေတာလား"

"သူက သူတောင်းစားတစ်ယောက်ပဲ"

လူများက သူတောင်းစားတစ်ယောက်၏အသက် ကြီးခြင်းငယ်ခြင်းကို ဂရုမစိုက်ကြချေ။ သူတို့က သူတောင်းစားဟူ၍သာ ခေါ်ဆိုကြသည်။ သို့ရာတွင် ထိုလူကြီးကမူ စုတ်ပြတ်သတ်နေသောအဝတ်အစားဝတ်ထားပြီး ချွေးများရွှဲနစ်နေသော သူ့ကိုတွေ့သည်နှင့် 'ကလေး'ဟု သုံးနှုန်းခဲ့သည်။

"မင်း ဒီနေရာကို တစ်ယောက်တည်းရောက်လာတာလား"

လူလတ်ပိုင်းကြီးက ဇဝေဇဝါဖြစ်နေဟန်ဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေပေ၏။

"မင်း ဒီနေရာကို ဘယ်လိုလုပ်ပြီး တစ်ယောက်တည်းတက်လာနိုင်တာလဲ"

"အာ....ဒါက..."

ချွန်းမြောင်က မည်သို့ပြောဆိုရမည်ကို စဥ်းစား၍မရချေ။

သူ လမ်းလျှောက်တက်လာသည်ဟု အဖြေပေးရမည်လော။ သူက ဇွဲသတ္တိရှိလျှင် မဖြစ်နိုင်သောအရာမရှိဟု ဆိုချင်သော်လည်း လက်ရှိအခြေအနေအရ ကောင်းမွန်သောအဖြေမဖြစ်နိုင်ချေ။ သူ၏ပိန်လှီနေသောခန္ဓာကိုယ်အနေအထားဖြင့် ထိုစကားများကိုသာပြောဆိုလိုက်ပါက သံသယများသာ တိုးပွါးလာနိုင်သည်။ ဤနေရာ၌ သူ အကြောင်းပြချက်များပေးရန် မလိုအပ်ချေ။ ပိုပြီးအရေးကြီးသည်က သူ ရှင်းပြခြင်းမပြုလုပ်ဘဲ ဦးဆောင်စကားပြောရပေမည်။

"ပိုပြီးအရေးကြီးတာက ကျွန်တော် အကြီးအကဲကို တစ်ခုလောက်မေးစရာရှိတယ်"

"ဟမ်"

လူလတ်ပိုင်းကြီးက မျက်လုံးကလယ်ကလယ်ဖြစ်သွားသည်။ ကလေးတစ်ယောက်က ဤနေရာသို့တစ်ယောက်တည်း ရောက်လာပြီး သူ့အား မေးခွန်းထုတ်နေသည်က ထူးဆန်းနေပေ၏။

"အကြီးအကဲက ဟွာဆန်းဂိုဏ်းရဲ့သိုင်းပညာရှင်တစ်ယောက်လား"

"မင်းက ဟွာဆန်းဂိုဏ်းကိုသိတာလား"

"ကျွန်တော် သိပါတယ်"

"ငါက တောင်ပေါ်မှာ လောလောဆယ် ခဏနေနေတာပါ"

ဤသည်က အလွန်နောက်မကျသေးချေ။ ချွန်းမြောင်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ဤနေရာ၌ အပျက်အစီးများသာရှိနေသော်လည်း သူက အကြည့်တစ်ချက်ဖြင့်ပင် လုံးလုံးလျားလျားပျက်စီးသွားခြင်းမရှိဘဲ အရေးကြီးသောအပိုင်းများကျန်ရှိနေခြင်းကို တွေ့မြင်မိသည်။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းအမွေအနှစ်များ ဆက်လက်တည်ရှိနေသည်။ ချွန်းမြောင်က သူကိုယ်သူ စိတ်ဖြေသိမ့်လိုက်သည်။ ရှေးဦးစွာ..ဟွာဆန်းဂိုဏ်းအား...

"အထဲကို ဝင်လာခဲ့ပါလား"

"အမ်"

လူလတ်ပိုင်းကြီး၏မျက်နှာပေါ်ရှိ ကြင်နာတက်သောအပြုံးကြောင့် ချွန်းမြောင် အံ့အားသင့်သွားသည်။

"နေဝင်နေပြီလေ"

"အော်..."

ပြင်ပ၌ အမှောင်ထုက လွှမ်းခြုံစပြုနေလေပြီ။

"ဟွာဆန်းတောင်ပေါ်မှာ ညဆိုရင် အရမ်းအေးတယ်...မင်းက တနေကုန်အပြင်မှာ နေနေတာလေ...တကယ်လို့ ညပိုင်းသာ မင်းအပြင်မှာနေရင်တော့...အေးခဲပြီးသေသွားလိမ့်မယ်....အခုချိန်ကျမှ တောင်အောက်ကိုဆင်းဖို့ကလည်း အဆင်ပြေမှာမဟုတ်ဘူး....အခုလက်ရှိချိန်မှာ ဒီနေရာက ဧည့်သည်တွေကို လက်မခံပေမယ့် ဟွာဆန်းဂိုဏ်းအကြောင်းသိတဲ့သူတစ်ယောက်ကို ငါ ဒီတိုင်းပြန်မလွှတ်နိုင်ဘူး"

ချွန်းမြောင် မျက်စေ့လည်သွားသည်။ ဤသည်က အလွန်လွယ်ကူလွန်းနေပေ၏။ စဥ်းစားကြည့်ပါက ထိုလူကြီးသည် ချွန်းမြောင်အား စိုးရိမ်စိတ်ပူနေစရာ အမှန်တကယ်ကို အကြောင်းရင်းမရှိချေ။ မည်သည်ကြောင့် သူကဲ့သို့ ပိန်လှီလှီသူတောင်းစားတစ်ယောက်ကို သတိထားနေစရာအကြောင်းရှိမည်နည်း။

"တကယ်လို့ မင်းနဲ့အတူ ဘယ်သူမှပါမလာဘဲ မင်းမှာလည်း ဘာအကြံအစည်မှမရှိဘူးဆိုရင် အထဲကိုဝင်လာခဲ့...မင်းပြောချင်တာတွေကို နောက်မှ ငါ နားထောင်ပေးမယ်"

ချွန်းမြောင်သည် သူ၏ခန္ဓာကိုယ်တွင်း၌ တစ်စုံတစ်ခုဖောင်းကားလာသကဲ့သို့ ခံစားနေရပြီး စိတ်မွန်းကျပ်ကာ အနည်းငယ်မှင်သက်နေသည်။

သူကိုယ်သူ ဓားသူတော်စင်ဟု မည်သည်ကြောင့်အမည်ပေးခဲ့သနည်း။ သူတို့က ဟွာဆန်းဂိုဏ်းဟု နာမည်ကျော်ကြားခြင်းမရှိမီကပင် ဓားများကိုကိုင်ဆွဲခဲ့ကြသည်။ ဟွာဆန်းဂိုဏ်းက အရိပ်အယောင်မျှသာ ကျန်တော့သော်လည်း ကြီးကျယ်ခမ်းနားခဲ့သောဂိုဏ်းတစ်ဂိုဏ်း၏ ခြေရာလက်ရာများ လွင့်ပြယ်သွားမည်မဟုတ်ချေ။

"ဒါဆိုလဲ ဒီညတော့ ကျွန်တော် အကြီးအကဲကို ဒုက္ခပေးရတော့မယ်"

ချွန်းမြောင်က ဦးညွှတ်ရင်း ပြောဆိုလိုက်၏။

"အထဲ ဝင်လာခဲ့"

လူလတ်ပိုင်းကြီးက ချွန်းမြောင်ကို အပြုံးနှင့်ဖိတ်ခေါ်လိုက်သည်။

"ဟုတ်ကဲ့...အဲ့ဒါမတိုင်မီ...ကျွန်တော်က...."

ချွန်းမြောင်၏စကားက ရပ်နားသွားသည်။ သူကိုယ်သူ မည်သို့မိတ်ဆက်ပေးရမည်နည်း။ သူမသိချေ။ အကယ်၍ လူလတ်ပိုင်းကြီးက မေးမြန်းလာပါက သူ မည်သို့ပြန်ဖြေရမည်နည်း။

"ကျွန်တော်နာမည်က ချွန်းမြောင်ပါ...တကယ်လို့ ရိုင်းပျတယ်လို့ မထင်ဘူးဆိုရင်...အကြီးအကဲရဲ့နာမည်ကို ကျွန်တော်သိခွင့်ရှိမလား"

"ချွန်းမြောင်...အာ...နာမည်ကောင်းလေးပဲ...ငါက ယုအန်အမ်း"

ယုအန်မိသားစုက ဖြစ်နေသလော။ ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ ယုအန်မိသားစုကသာ ဖြစ်နေပါက ထိုလူသည် သူ၏မြေးဖြစ်နေသလော။

ဟွာဆန်းဂိုဏ်းမှချွန်းမြောင်နှင့်ယုအန်မိသားစုသည် အထူးသီးသန့်ဆက်ဆံရေးမျိုးရှိပေ၏။ မိသားစုနာမည်အား ဆက်တိုက်ပေးလေ့မရှိဘဲ ပထမမျိုးဆက်အား မျိုးရိုးနာမည်ချွန်းဟုပေးလျှင် ဒုတယမျိုးဆက်သည် ယုအန်ဖြစ်သည်။ ယခု စတုတ္ထမြောက်မျိုးဆက်ဖြစ်သဖြင့် မျိုးရိုးနာမည်မှာ ယုအန်ဖြစ်သည်။

ထိုသို့ဆိုလျှင် ယုအန်အမ်းသည် ချွန်းမြောင်အား မြင်တွေ့ဖူးမည်မဟုတ်ချေ။ ချွန်းမြောင်အား မြင်တွေ့ဖူးသော ဟွာဆန်းဂိုဏ်းမှနောက်ဆုံးတပည့်များသည် တခြားမိသားစုများမှဖြစ်သဖြင့် ယုအန်အမ်းက သူ့အားသိရှိမည်မဟုတ်ပေ။

ဤတံခါးများအားဖြတ်လျှောက်လာရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ သူ ခံစားနေရသည်။ ချွန်းမြောင်အား ဆရာတူအကိုဂျန်မွန်း ခေါ်ဆောင်လာစဥ်က တောင်ပေါ်သို့ သူခြေထောက်နှင့်သူပင် မတက်ခဲ့ရချေ။ ယခုလက်ရှိအချိန်မှသာ သူ့ခြေထောက်နှင့်သူ တောင်ပေါ်သို့တက်ခဲ့ရ၏။

သူက ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ သူတို့အားလုံး ချန်ထားခဲ့သည့် ဟွာဆန်း၏အခြေအနေအရ အရာအားလုံးဗလာဟင်းလင်းဖြစ်နေလျှင်ပင် ထူးဆန်းနေမည်မဟုတ်ချေ။ မဟုတ်သေး...ဆန့်ကျင်ဘက်အနေဖြင့် သူ အဆိုးရွားဆုံးမဖြစ်နေရန်ကိုသာ မျှော်လင့်ထားသင့်သည်။ ဤအရာများသည် ဂိုဏ်း၌ နောက်ဆုံးကျန်ခဲ့သူများ၏ အပြစ်မဟုတ်ချေ။ သူတို့က ကလေးများအဖြစ်သာရှိသေးချိန်တွင် သူတို့၏အကြီးအကဲများ ဂိုဏ်းတူအကိုအမများအားလုံးသေဆုံးသွားခဲ့ရာ သူတို့အား အပြစ်တင်၍မရပေ။

တစ်နည်းဆိုရလျှင် ချွန်းမြောင်သည် ထိုလူများအပေါ် ဒေါသထွက်နေပါက မှန်ကန်မည်မဟုတ်ချေ။ သူက အရာရာတိုင်းအတွက် သူတို့အား တောင်းပန်သင့်သည်။ အကယ်၍ ချွန်းမြောင်သာ သူတို့ကဲ့သို့ တူညီသောအခြေအနေနှင့် ကြုံတွေ့ရပါက ဟွာဆန်းအားကာကွယ်ရန် သူ မည်ကဲ့သို့ရုန်းကန်ရမည်နည်း။ သူက ဟွာဆန်းမှထွက်ခွါပြီး ဝူတန်ဂိုဏ်းသို့သွားပေမည်။ ဤသည်က ဖြစ်ရိုးဖြစ်စဥ်ကိစ္စ မဟုတ်လော။

သူက မည်သည့်အရည်အချင်းဖြင့် ထိုကလေးများအား အပြစ်တင်စကား ပြောနိုင်မည်နည်း။ သူ ရှက်ရွံနေမိသည်။ ဟွာဆန်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားပါစေ သူ တာဝန်ယူရပေမည်။

"ဟူး...."

ချွန်းမြောင်က နောက်ဆုံး၌ တံခါးအားဖြတ်၍ အတွင်းသို့ဝင်လိုက်သည်။

အား.....

ချွန်းမြောင်က သူ၏ဓားကို ဤခန်းမကျယ်ကြီးအတွင်း၌ ပြုစုပျိုးထောင်ခဲ့သည်။ ကွဲအက်နေသောကြမ်းပြင်နှင့် ပြာလဲ့လဲ့အဖြူရောင်ကျောက်တုံးများ....

"ဟမ်..."

သူ၏မျက်လုံးများကို ပွတ်သပ်လိုက်မိ၏။ ပြာလဲ့လဲ့အပြာရောင်ကျောက်တုံးများ....မဟုတ်သေး....ထိုအရာများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ မည်သည်ကြောင့် ကြမ်းပြင်တစ်ပြင်လုံး ရွှံများဖြင့် ဖုံးလွှမ်းနေရသနည်း။

ဆရာတူအကိုဂျန်မွန်းသည် ပင်မတံခါးနောက်ရှိ ရွှံမြေကို သဘောမကျသဖြင့် တန်ဖိုးကြီးသောအပြာရောင်ကျောက်တုံးများဖြင့် အလှဆင်ခဲ့သည်။ သူတို့၏အဆက်မပြတ်လေ့ကျင့်မှုကြောင့် အပြာရောင်ကျောက်တုံးတချို့ ပျက်စီးသွားသော်လည်း သူက ဖယ်ရှားခြင်းမပြုခဲ့ချေ။

ထိုသို့ဆိုလျှင် မည်သည်ကြောင့် ကျောက်တုံးများ ပျောက်ကွယ်သွားရသနည်း။ လက်ရှိဂိုဏ်းခေါင်းဆောင်သည် ဆရာတူအကိုဂျန်မွန်းထက်ပိုပြီး သဘာဝတရားကိုနှစ်သက်နေသလော။

"အား..."

ချွန်းမြောင်၏ခေါင်းများ တဆစ်ဆစ်ကိုက်လာပေ၏။

သူ စိတ်တည်ငြိမ်အောင် ထိန်းသိမ်းရပေမည်။ စိတ်တည်ငြိမ်သည်ထက်ပို၍ တည်ငြိမ်နေရမည်။ အပြာရောင်ကျောက်တုံးတချို့၏ လုပ်ဆောင်ချက်က မည်သို့ရှိသနည်း။ ကျောက်တုံးသက်သက်သာပင်။ မည်မျှပင်တန်ဖိုးကြီးနေပါစေ ၎င်းတို့က အပြာရောင်သန်းသော ကျောက်တုံးများသာဖြစ်သည်။ အကယ်၍ ကျောက်တုံးများထိခိုက်ပျက်စီးမှုကြောင့် ဆရာတူအကိုဂျန်မွန်းက တပည့်များအား ဆူငေါက်နေခဲ့လျှင်ပင် ၎င်းတို့က ကျောက်တုံးများသာဖြစ်ပေ၏။ လူများသည် မွေးဖွားလာရသည်ဆိုပါက ကျောက်တုံးများဆိုလျှင်ကော ၎င်းတို့လည်းမွေးဖွားလာခဲ့သည်။ လူများသေဆုံးသွားရသကဲ့သို့ ကျောက်တုံးများလည်း ပျောက်ကွယ်သွားပေမည်။

ဖြစ်နိုင်သည်က ထိုကျောက်တုံးများ ရောင်းစားခံရလောက်ပေပြီ။ ဟွာဆန်းဂိုဏ်း ရှင်သန်နေရေးသည် ကျောက်တုံးများအား ကာကွယ်ရန်ထက် ပိုအရေးကြီးပေသည်။ အမှန်ပင် ထိုကိစ္စက ပို၍အရေးကြီးပေ၏။

သူ စိတ်တည်ငြိမ်စွာ ထားရပေမည်။

"ဟူး....ဟူး...."

ချွန်းမြောင်က အလွန်နှေးကွေးပြီးလေးလံစွာ အသက်ရှုရှိုက်လိုက်၏။ ကျောက်တုံးများကိုရောင်းချပြီး ဟွာဆန်းဂိုဏ်း၏အမည်ကို ဆက်လက်ထိန်းသိမ်းထားသူများကို သူ ကျေးဇူးပင်တင်ရပေမည်။

ကောင်းကင်ဘုံရွှေရောင်နန်းတော်ကရော မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

အမ်...သူ မမြင်တွေ့မိချေ။ မည်သို့ ဖြစ်ပျက်ကုန်သနည်း။ ကောင်းကင်ဘုံရွှေရောင်နန်းတော်သည် အဆောက်အအုံတစ်ခုဖြစ်ပြီး သက်ရှိအရာတစ်ခုမဟုတ်ချေ။ ၎င်းက ထွက်ပြေးနိုင်ခြင်းမရှိသည်မှာ အမှန်မဟုတ်လော။ သို့သော် သူ မည်မျှပင် စူးစိုက်ကြည့်နေပါစေ ကောင်းကင်ဘုံရွှေရောင်နန်းတော် တည်ရှိခဲ့သောနေရာသည် ကျက်တီးမြေဖြစ်နေပေ၏။

"အား....."

"အမ်...ဘာဖြစ်လို့လဲ"

"အဲ့ဒီ...အဲ့ဒီနေရာက...."

ချွန်းမြောင်က သူ၏တုန်ရီနေသောလက်ချောင်းကိုမြှောက်ပြီး ကောင်းကင်ဘုံရွှေရောင်နန်းတော် တည်ရှိခဲ့သောနေရာသို့ ညွှန်ပြလိုက်သည်။

"အဲ့ဒီမြေနေရာကိုကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပဲ...အဲ့နေရာမှာ တစ်ခုခုများ ရှိခဲ့တာလား"

"အာ...ကြည့်ရတာတော့ မင်းမှာ အမြင်ကောင်းရှိပုံပဲ...အဲ့ဒီနေရာမှာ အရင်တုန်းက နန်းတော်တစ်ခုရှိတယ်"

"အဲဒါဆို နန်းတော်က ဘယ်ရောက်သွားတာလဲ"

"ဟား ဟား ဟား....ဒါက မင်းလို ကလေးတစ်ယောက် ကြားဖူးမယ့်ဖြစ်ရပ်မျိုးမဟုတ်ဘူး"

'ငါကို ပြောမှာသာပြောစမ်းပါ...ဒီနေရာကို ငါ မင်းထက်ပိုသိတယ်'

ချွန်းမြောင်က စိတ်အတွင်းမှ ရေရွတ်လိုက်မိသည်။

"ဒါက ဂုဏ်ကျက်သရေရှိတဲ့နေရာရဲ့နာကျင်မှုလို့ ငါ ခန့်မှန်းမိတယ်...သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါက ရှက်ဖို့ကောင်းတယ်"

"ဂုဏ်ကျက်သရေ...ငါ့ဖင်ကြီးကိုလား..."

"ဟမ်"

"ဘာမှ မဟုတ်ပါဘူး"

ချွန်းမြောင်က အလွန်စိတ်ဓာတ်ကျဆင်းနေပေ၏။ အပြာရောင်ကျောက်တုံးများမရှိတော့ဘဲ ဂိုဏ်း၏မီးနဂါးဆိုင်းဘုတ်လည်း ပျောက်ကွယ်သွားလေပြီ။ ထို့ပြင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏အကောင်းဆုံးနေရာလည်း မရှိတော့ချေ။ ထိုနေရာ၌ လေပြင်းတိုက်ခတ်သွားသကဲ့သို့ ဖုန်မှုန့်များသာ ကြွင်းကျန်တော့သည်။

ဤသည်က ဟွာဆန်းဂိုဏ်းဖြစ်သလော။ အကယ်၍ သူ့ကို ဟွာဆန်းအား နတ်ဆိုးလမ်းကြောင်းကျင့်ကြံသူ ခွေးသူတောင်းစားများ ပိုင်ဆိုင်သွားပြီဟု တစ်စုံတစ်ယောက်က ပြောဆိုလျှင်ပင် သူ ယုံကြည်မိပေမည်။

"အား...."

"မင်း အဆင်ပြေရဲ့လား"

"အမ်...ဘာမှမဖြစ်ပါဘူး....ဘာမှမဖြစ်ဘူး"

သူ အသက်ရှုရှိုက်လိုက်စဥ်တိုင်း ဖုန်မှုန့်များ အလုံးအရင်းလိုက် သူ့ပါးစပ်အတွင်းသို့ ဝင်လာသည်။

"ဒါက နည်းနည်းတော့...."

"ဘာလဲ"

"ကြည့်ရတာ နည်းနည်းတော့ ခြောက်ကပ်နေသလိုပဲ"

ယုအန်အမ်း၏မျက်နှာပေါ်ရှိ ခါးသည်းသောအမူအယာနှင့် ကြေကွဲဝမ်းနည်းဖွယ်အပြုံးက ချွန်းမြောင်အား နာကျင်စေသည်။

အမှန်ကိုပင် ယုအန်အမ်း နာကျင်စွာခံစားနေရပေမည်။ ယုအန်အမ်းကဲ့သို့ ဟွာဆန်းဂိုဏ်းအား ကာကွယ်နေသူများသည် ဂိုဏ်းပြိုလဲပြီးနောက် အကြီးမားဆုံးနာကျင်ခံစားရသူများဖြစ်ပေ၏။ အကယ်၍ သူတို့၌သာ အရည်အချင်းရှိပါက ဟွာဆန်းဂိုဏ်းအား ဤသို့ပျက်စီးစေမည်မဟုတ်ချေ။ အကယ်၍ သူတို့က သစ္စာစောင့်သိခြင်းသာမရှိပါက ယခုကဲ့သို့ ပျက်စီးနေသောနေရာမျိုးတွင် ဆက်၍နေမည်မဟုတ်ပေ။

ယုအန်အမ်းသည် ဒုက္ခများစွာ ခံစားခဲ့ရပေမည်။ ထိုအတွေးများက ချွန်းမြောင်၏စိတ်နှလုံးသားကို ပြင်းပြင်းထန်ထန် ဖိစီးထား၏။ သူ မည်မျှပင် ခက်ခဲကြမ်းတမ်းစွာ လာရောက်ခဲ့ရပါစေ ဤနေရာအား တစ်ချိန်လုံးကာကွယ်နေသူများ၏ ကြေကွဲဝမ်းနည်းမှုများနှင့် နှိုင်းယှဥ်ပါက အသေးအဖွဲပင်။

"ဒီနေရာကို လာခဲ့"

"ဟုတ်ကဲ့"

"ဧည့်သည်တွေ ရောက်လာခဲ့ရင်...ငါတို့က သူတို့ကို အနားယူဖို့နေရာထိုင်ခင်း စီစဥ်ပေးတယ်...ဒါပေမယ့် ဟွာဆန်းကလည်း ဂိုဏ်းတစ်ဂိုဏ်းဖြစ်လို့ ဧည့်သည်တွေ လိုက်နာရမယ့် စည်းမျဥ်းတွေရှိတယ်...မင်း အနားယူချင်နေမယ်ဆိုတာ ငါ နားလည်ပါတယ်...ဒါပေမယ့် အရင်ဆုံး မင်း ဝတ်ပြုဆုတောင်းရမယ်"

ချွန်းမြောင်က လိုက်နာသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ ယူအန်အမ်းက ချွန်းမြောင်ကို ဗိမာန်တစ်ခုနှင့်တူညီသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ဟွာဆန်းတောင်ပေါ်၌ အရေးပါသောဘုရားကျောင်း အမြောက်အများရှိသော်လည်း အိုးချွမ်ဘုရားကျောင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။ ချွန်းမြောင်သည် ဟွာဆန်းဂိုဏ်းမှသင်ကြားမှုများကို မစွန့်ပစ်ခဲ့သဖြင့် ဘုရားကျောင်းအတွင်းသို့ဝင်ပြီး ဝတ်ပြုဆုတောင်းရန်မှာ လုပ်သင့်သောကိစ္စပင်။ သူက ယုအန်အမ်း အကြံပြုခဲ့သည်ကိုပင် ကျေးဇူးတင်နေမိ၏။

ယခုထိတိုင် သူက ဘုရားကျောင်းအတွင်းပိုင်းအားကြည့်ရန် အဆင်သင့်မဖြစ်သေးချေ။ ဟွာဆန်းဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးနေပေရာ...ဘုရားကျောင်းသည်လည်း အကောင်းပကတိ ကျန်နိုင်သလော။

သူက အသက်ပြင်းပြင်းရှုပြီး စိတ်အလွန်မတုန်လှုပ်မိစေရန် ထိန်းသိမ်းထားသည်။

"ဒီလမ်း...."

"ဟုတ်ကဲ့"

ချွန်းမြောင်က စိတ်တည်ငြိမ်စေရန်ထိန်းသိမ်းပြီး ဘုရားကျောင်းအတွင်းသို့ဝင်လိုက်သည်။

ထို့နောက် သူ့ခြေလှမ်းများ ရပ်တန့်သွား၏။ အိုးချွမ်ဘုရားကျောင်းအတွင်း၌ ပုံတူရုပ်ထု အမွှေးတိုင်ထွန်းသောအိုးနှင့် တခြားအရာဝတ္ထုငယ်လေးများကိုသာ တွေ့မြင်မိသည်။

'အရမ်း ရိုးစင်းတယ်...ရိုးစင်းနေတယ်'

ချွန်းမြောင်က ညည်းညူနေရင်းမှ အံ့အားသင့်တုန်လှုပ်သွားသည်။

"ဘယ်....ဘယ်နေရာမှာလဲ"

ကျင်းဧကရာဇ်မှ လက်ဆောင်ပေးထားသော ရွှေရောင်ဆီမီးပူဇော်ခုံများ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။ ရှေးဘိုးဘေးများ၏စကားလုံးများအား ရေးသားထားသော ရွှေရောင်စာလိပ်များ မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။

သို့ရာတွင် ထိုအရာများက ချွန်းမြောင်ကို အံ့အားသင့်တုန်လှုပ်စေဆုံး မဟုတ်ချေ။

"ဒါ...ဒါက...မဟုတ်သေးပါဘူး...ဘယ်ရောက်သွားပြန်ပြီတုန်း"

ချွန်းမြောင်က သူ၏တုန်ရီနေသော လက်ချောင်းဖြင့် ရှေ့တည့်တည့်သို့ ညွှန်ပြလိုက်သည်။

"ဘာလဲ"

"အဲ့ဒီ....အဲ့ဒီနေရာမှာ ပန်းပွင့်တစ်ပွင့် ရှိခဲ့သလားလို့...ဟုတ်လား"

"ပန်းတစ်ပွင့်လား"

"ဟုတ်တယ်...ပန်းပွင့်တစ်ပွင့်"

"မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"

"ဒါ...ဒါက...အဲ့ဒီနေရာမှာရှိခဲ့တာပဲလေ...ဟုတ်တယ်မလား...အဲ့ဒီပန်းပွင့် ဘယ်ရောက်သွားလဲ"

ယုအန်အမ်းက ဇဝေဇဝါဖြစ်နေသော်လည်း ခေါင်းညိမ့်ပြလိုက်၏။ သူက ထိုကလေးကိုမေးလိုသော မေးခွန်းများစွာရှိသော်လည်း ကလေး၏ရှုံမဲ့နေသောမျက်နှာက သူ့အားအဖြေပေးရန် တောင်းဆိုနေသကဲ့သို့ပင်။

"ဟုတ်တယ်...အဲ့ဒီနေရာမှာ တစ်ခုရှိခဲ့တယ်....ထူးဆန်းတဲ့အဖြူရောင်သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဇီးပန်းပွင့်လေ"

"အမှန်ပဲ...အဲ့ဒီပန်းပွင့် ဘယ်ရောက်သွားတာလဲ"

"ရောင်းလိုက်ပြီ"

"အမ်"

"အဲ့ဒီပန်းပွင့်က ဘာမှလည်းအသုံးမဝင်ဘူး...ပြီးတော့ ဂိုဏ်းရဲ့အရှိန်အဝါနဲ့လည်း သဟဇာတမဖြစ်ဘူးလေ...ကုန်သည်တစ်ယောက်က အဲ့ဒီဇီးပန်းပွင့်ကို ဝယ်ချင်နေတာ...ဒါကြောင့် ငါတို့ စျေးကောင်းကောင်းနဲ့ ရောင်းပစ်ခဲ့တယ်"

"ရောင်း...ရောင်းလိုက်တာလား"

"အင်းလေ...ဒါပေမယ့် မင်း...."

"အား...အား....ဘာလို့လဲ"

ချွန်းမြောင်၏မျက်လုံးများက ရူးသွပ်နေသူတစ်ယောက်အလား လည်နေသည်။

"အား....."

အဖြူရောင်ရနံ့ဇီးပန်းပွင့်သည် ခရမ်းရောင်အာရုဏ်ဦးနတ်ဘုရားဓားနှင့်အတူ ဂိုဏ်း၏အထွတ်အမြတ်ထားသောပစ္စည်းနှစ်ခုဖြစ်သည်။ ၎င်းဇီးပန်းပွင့်သည် ရွှေကဲ့သို့တဖိတ်ဖိတ်တောက်နေခြင်း ငွေကဲ့သို့တောက်ပခြင်းမျိုး မရှိသော်လည်း ဟွာဆန်းဂိုဏ်း၏အနှစ်သာရများ ပါဝင်နေသည်။

ထိုရူးသွပ်နေသူများက ဇီးပန်းပွင့်ကို ရောင်းစားခဲ့လေ၏။

"ဒီ...ဒီနေရာမှာ တခြားရောင်းစရာပစ္စည်းမရှိတော့ဘူးလား...မင်းတို့ အဲ့ဒါတွေကို ရောင်းလေ...အရူးတွေရဲ့...."

ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပေါင်းစည်းမှုက ချွန်းမြောင်အား အနိုင်ယူသွားသဖြင့် သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူ ဆရာတူအကိုဂျန်မွန်း၏ထိတ်လန့်ဖွယ် ပုံပန်းသွင်ပြင်ကို မြင်ယောင်နေမိ၏။

ပျက်စီးသွားပြီ...ဟွာဆန်းဂိုဏ်း ပျက်စီးသွားလေပြီ...လုံးဝဥသုန် ပျက်စီးသွားခဲ့သည်။

Chapter 8 - အား...ငါ့ရဲ့ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီ(၃)

ဟွာဆန်းဂိုဏ်း၏အကြီးအကဲဟွမ်းဂျွန်က ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ယုအန်အမ်းကို ကြည့်လိုက်သည်။

"မင်းပြောချင်တာက...ဒီနေရာကို သူက တစ်ယောက်တည်း တက်လာတာပေါ့"

"ဟုတ်ကဲ့"

"ပြီးတော့ သူက အိုးချွမ်ဘုရားကျောင်းထဲမှာ မေ့လဲသွားတာလား"

"ကြည့်ရတာတော့ သူက အစာရေစာငတ်ပြတ်ပြီးမှ ဟွာဆန်းတောင်ပေါ် တက်လာခဲ့တဲ့ပုံပဲ...သူ ပင်ပန်းပြီး မူးလဲသွားတာ သဘာဝကျပါတယ်"

"ငါ လည်း အဲ့ဒီလိုပဲ ခန့်မှန်းမိတယ်"

ဟွမ်းဂျွန်က ပြုံးလိုက်သည်။ ဟွာဆန်းတောင်၏ကြမ်းတမ်းသောခရီးလမ်းသည် အရွယ်ရောက်ပြီးသူတစ်ယောက်ပင်လျှင် တောင်ပေါ်တက်ရန် ခဲယဥ်းပေ၏။ ကလေးတစ်ယောက်သည် ပြင်းပြသောစိတ်ဆန္ဒမရှိဘဲ ဟွာဆန်းတောင်သို့ တက်လာနိုင်မည်မဟုတ်ချေ။

"အဲ့ဒီကလေးက အခု ဘယ်နေရာမှာလဲ"

"ကျွန်တော်က သူ့ကို ဇီးပန်းပွင့်ခန်းမထဲ ရွှေ့ပြောင်းထားခဲ့တယ်...ပြီးတော့ ယွန်ဂျင်းကိုခေါ်ပြီး သူ့ရဲ့အခြေအနေကို စစ်ဆေးခိုင်းထားတယ်...သူက ပင်ပန်းနွမ်းနယ်နေတာကလွဲပြီး တခြားဘာမှမဖြစ်ပါဘူး"

"ဒါက ကောင်းတယ်"

ဟွမ်းဂျွန်က ခေါင်းညိတ်ပြလိုက်၏။ ထိုကလေးက မည်သူဖြစ်နေပါစေ ယခုချိန်၌ သူသည် ဟွာဆန်းဂိုဏ်း၏ဧည့်သည်တစ်ယောက်ပင်။

"ဒါပေမယ့် တောင်ပေါ်ကို အဲ့ဒီကလေးက တစ်ယောက်တည်း တက်လာတာတော့ ထူးဆန်းနေတယ်...အဲ့ဒီနောက်ကွယ်မှာ တစ်ခုခုများရှိနေမလား"

"အိုးချွမ်ဘုရားကျောင်းကို ရောက်တော့...ကျွန်တော် သူ့ကို မေးမလို့လုပ်သေးတယ်...ဒါပေမယ့် သူက မေ့လဲသွားတော့ ကျွန်တော် ဘာမှမမေးလိုက်ရဘူး"

"ငါ သိပြီ"

"ဒါပေမယ့်...."

"ဘာလဲ"

ယုအန်အမ်းက မျက်မှောင်ကြုတ်ပြီး ဇီးပန်းပွင့်အကြောင်း ဟွမ်းဂျွန်အား ရှင်းပြလိုက်သည်။

"မင်း အဲ့ဒါကို ရောင်းလိုက်တာလား"

ဟွမ်းဂျွန်က ပြုံးစစအမူအယာနှင့် ပြောဆိုလေ၏။

"ဟုတ်ကဲ့"

"သူက အဲ့ဒီစကားကိုပြောပြီးတာနဲ့ မေ့မျောသွားတာလား...ဟူး..."

အကြီးအကဲဟွမ်းဂျွန်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေသည်။

"အမှန်ပဲ...ကျွန်တော် ကြားလိုက်တာ မမှားနိုင်ဘူး...ဒါပေမယ့် အဲ့ဒီအကြောင်းပြန်ပြောရရင် ဇာတ်လမ်းအရှည်ကြီးပဲ...ကျွန်တော် သူ့ကို ဘာမှမမေးရသေးခင် သူက ကျွန်တော့်ကို ဟွာဆန်းဂိုဏ်းက သိုင်းပညာရှင်လားလို့ အရင်မေးတယ်...သူ ဘာလို့ ဒီနေရာကိုရောက်လာလဲဆိုတာ ကျွန်တော် စဥ်းစားလို့မရဘူး"

"ဟုတ်လား"

"သူ ဘာကြံစည်နေတာလဲဆိုတာ...ကျွန်တော် သိချင်မိတယ်"

"မင်း စိုးရိမ်နေတာလား"

ဟွမ်းဂျွန်က ယုအန်အမ်းကိုကြည့်ပြီး ရယ်မောနေသည်။

"အဲ့ဒီလိုမျိုးလည်း မဟုတ်ပါဘူး"

"ဟွာဆန်းဂိုဏ်း ဘယ်နေရာမှာရှိတာလဲဆိုတာက အရမ်းထူးဆန်းတဲ့ လျှို့ဝှက်ချက်မလို့လား...ငါတို့ဂိုဏ်းက သမိုင်းကြောင်းအစဥ်အလာ ရှိပြီးသားလေ....အဲဒါတွေကို မှတ်မိတဲ့သူတွေရှိနေတာ အံ့အားသင့်စရာမရှိပါဘူး"

"အမှန်ပဲ"

"ပြီးတော့ သူက ဟွာဆန်းဂိုဏ်းဝင်တစ်ယောက်ကနေ ဆင်းသက်လာတဲ့ မျိုးဆက်တစ်ယောက်ဖြစ်နိုင်တယ်"

"အင်း..."

ယုအန်အမ်းက ခေါင်းညိမ့်လိုက်၏။ မဟာဂိုဏ်းကြီးများ၏ဖိအားပေးမှုကြောင့် လူအများအပြား ဟွာဆန်းဂိုဏ်းမှ ထွက်ခွါသွားကြ၏။ လူအနည်းစုသာ ကံစီမံရာဟုသဘောထားပြီး ဂိုဏ်း၌အဆုံးထိ ကျန်ခဲ့ကြသည်။ အကယ်၍ ထိုကလေးသည် ဟွာဆန်းဂိုဏ်းသားတစ်ယောက်၏ မျိုးဆက်ဖြစ်နေပါက သူတို့ ဖော်ထုတ်နိုင်ပေမည်။

"တကယ်သို့ သူ တစ်ခုခုခိုးသွားမှာကို မင်း စိတ်ပူနေတယ်ဆိုရင်...ငါတို့ဆီမှာ ဘာခိုးစရာကျန်သေးလဲ"

"ဂိုဏ်းခေါင်းဆောင်...."

ယုအန်အမ်းက မျက်နှာပျက်သွားသည်။ သို့ရာတွင် ဟွမ်းဂျွန်က သူ၏မျက်နှာအမူအယာကို မမြင်လိုက်ချေ။

"အကုန် ရောင်းပြီးပြီမလား"

ဟွမ်းဂျွန်က ခေါင်းခါယမ်းပြီး အပြုံးနှင့် ဆက်လက်ပြောဆိုလေသည်။

"အမှန်ပဲ...အမှန်ပဲ....သူက ဂိုဏ်းသားဟောင်းတစ်ယောက်ရဲ့ မျိုးဆက်ပဲဖြစ်မယ်...သူက အိုးချွမ်ဘုရားကျောင်းက ဘာအတွက်အသုံးပြုတာလဲဆိုတာ သိထားပုံရတယ်...အဲ့ဒီကလေးအတွက် ဘာပစ္စည်းမှမရှိတော့တာက ရှက်ဖို့ကောင်းနေလောက်တယ်"

"ဂိုဏ်းခေါင်းဆောင်...."

"တော်သင့်ပြီ....ငါတို့ ရောင်းစားလိုက်တာ အမှန်ပဲလေ....ဘာမှ ရှက်နေစရာမလိုဘူး"

ဂိုဏ်းခေါင်းဆောင်ကို သူ ပြောမပြခြင်းက ပိုကောင်းပေမည်။ ယုအန်အမ်းက မြိုသိပ်လိုက်၏။ သူက ထိုကလေးပြောသမျှ စကားအားလုံးကို ပြန်လည်ပြောဆိုခြင်းမရှိချေ။

"မင်းတို့ အဲ့ဒါတွေကို ရောင်းပစ်တာလား...မင်းတို့က အရူးတွေပဲ"

ဂိုဏ်းခေါင်းဆောင်သာ ထိုစကားများကိုကြားပါက မည်သို့တုံ့ပြန်မည်ကို သူ သိချင်မိသည်။

"ကောင်းပြီလေ...သူ ပြန်နိုးလာတာနဲ့ ငါ့ဆီကိုချက်ချင်းခေါ်ခဲ့"

"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"

ဟွမ်းဂျွန်က အတွေးများအတွင်း နစ်မြောနေသည်။ ထိုပစ္စည်းများအားလုံးကို ရောင်းလိုက်ရခြင်း....ဤသည်က သူ၏ဒဏ်ရာအပေါ် ဆားပက်လိုက်သကဲ့သို့ ခံစားရသည်။ ဘိုးဘေးများက သူ့အား မည်သို့မျှ ခွင့်လွှတ်မည်မဟုတ်ပေ။

သူ မည်မျှပင် ဟွာဆန်းဂိုဏ်းအား ကယ်တင်လိုသည်ဖြစ်စေ ဟွာဆန်း၏သမိုင်းများစွာကို ရောင်းစားပြီးနောက် သူ ဘိုးဘေးများအား မည်သို့မျက်နှာပြရမည်နည်း။ ထိုအကြောင်းကို တွေးတောမိသည်နှင့် သူ နာကျင်ရသည်။

ဟွာဆန်းဂိုဏ်း၏အမည်နာမသည် သူ့လက်ထက်တွင် အဆုံးသတ်သွားတော့မည်လော။ ဟွမ်းဂျွန်၏မျက်နှာ မည်းမှောင်နေသည်။ သူ နေ့မနားညမနား ဟွာဆန်းအား ပြန်လည်မြင့်မားလာစေရန် ထိန်းသိမ်းခဲ့သော်လည်း မဖြစ်နိုင်တော့ချေ။ သူ၏အိမ်မက်များအတွင်း၌ပင် မဖြစ်နိုင်ပေ။ နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ သူ၏မျှော်လင့်ချက်များ လျော့ပါးလာသည်။

ယုအန်အမ်းက တိတ်တဆိတ် မတ်တတ်ထရပ်လိုက်၏။

"ကျွန်တော် သွားတော့မယ်"

"အင်း."

"ဟူး..."

ယုအန်အမ်းက ထွက်ခါဟန်ပြုပြီးမှ ရပ်တန့်ကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်"

"ဟမ်"

"တကယ်လို့ အဲ့ဒီကလေးက ဂိုဏ်းထဲကို ဝင်ချင်တာဆိုရင်....ဘယ်လိုလုပ်ကြမလဲ"

"ဂိုဏ်းထဲ ဝင်မှာလား..."

ဟွာဆန်းဂိုဏ်းတွင် တပည့်များ ထပ်မံ၍ လက်မခံတော့ချေ။ သို့ရာတွင် သူတို့၏ဂိုဏ်းသားဟောင်းတစ်ယောက်မျိုးဆက်ဆိုပါက အခြေအနေကွာခြားသွားပေမည်။

"ဒါက ဖြစ်လာမှ ပြောကြတာပေါ့"

ဟွမ်းဂျွန်က ဆုံးဖြတ်ချက်ချထားပြီးပုံဖြင့် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

"ခဏနေဦး"

"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"

"အဲ့ဒီကလေးရဲ့နာမည်က ဘာလဲ"

"ချွန်းမြောင်...သူ့နာမည်က ချွန်းမြောင်"

"ချွန်းမြောင်တဲ့လား...."

ဟွမ်းဂျွန်၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"ကောင်းပြီလေ...မင်း သွားနိုင်ပြီ"

"ဟုတ်ကဲ့"

"ချွန်းမြောင်....."

ဤနာမည်သည် ဟွာဆန်းဂိုဏ်းမှဓားသမားတစ်ယောက်၏နာမည်နှင့် တူညီနေသည်။

"ထူးဆန်းတယ်..."

ထိုအရာက ထူးဆန်းနေသည်မှာ သေချာပေ၏။

"တကယ်လို့ သူသာ အသက်ဆက်ရှင်နေသေးရင်....."

အကယ်၍ သွေးလွှမ်းသောတိုက်ပွဲအတွင်းတွင် ကျော်ကြားသော ဇီးပန်းပွင့်ဓားသူတော်စင်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါက ဟွာဆန်း၏ကံကြမ္မာ အလွန်ကွာခြားသွားပေမည်။ ဤသည်က အဓိပ္ပါယ်မဲ့သော နေ့လည်ခင်းကြောင်တောင် အိမ်မက်ဖြစ်နေသော်လည်း ဟွမ်းဂျွန်က ကူကယ်ရာမဲ့စွာ တွေးတောနေမိ၏။

"အကြွေးတွေ များလိုက်တာ"

ဟွမ်းဂျွန်တစ်ကိုယ်တည်း အလွန်ခံစားနေရ၏။

"မင်းတို့က သောက်ရေးမပါတဲ့ ခွေးသူတောင်းစားတွေ"

ချွန်းမြောင်က တံတွေးထွေး၍ ဆဲရေးတိုင်းထွာနေသည်။

"မင်းတို့မှာ တခြားရောင်းစရာမရှိတော့လို့...အဲ့ဒါကို ရောင်းလိုက်ရတာလား"

သူတို့က ရူးသွပ်နေသူများပင်။ အကယ်၍ သူတို့ သေလုအောင်ငတ်မွတ်နေလျှင်ပင် သူတို့ မရောင်းသင့်သော ပစ္စည်းများရှိနေသည်။ ထိုပစ္စည်းများအား ကြည့်ရသည်မှာ မည်မျှပင်ညစ်ပေနေပါစေ ပစ္စည်းများတန်ဖိုးကိုသိသော တပည့်များအားလုံးက သေဆုံးကုန်ကြလေပြီ။ ထိုငယ်ရွယ်သောကလေးများက မည်သည့်အရာကိုမျှ သိနားလည်မည်မဟုတ်ချေ။

အမှန်ပင်...

သို့ရာတွင် အကယ်၍ ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီဆိုလျှင်ပင် ထိုပစ္စည်းများအား မရောင်းသင့်ချေ။

"မဟုတ်သေးဘူး....ဒါက ဂိုဏ်း ပျက်စီးသွားတာထက်တော့ ပိုကောင်းပါတယ်"

အကယ်၍ ဘိုးဘေးများကသာ ချွန်းမြောင်ကို မြင်တွေ့နိုင်ပါက သူတို့အားလုံး သူ့ကို ဆူပူကြိမ်းမောင်းကြပေမည်။ မည်သည့်သိုင်းပညာရှင်မဆို ရုပ်ဝတ္ထုပစ္စည်းများအား စွဲလမ်းမနေသင့်ချေ။ သူ ထိုအကြောင်းကို သိရှိသည်။ သူ ကောင်းစွာ သိရှိထားသည်။

"သောက်ချေးပဲ"

ချွန်းမြောင်က ညည်းတွားလိုက်၏။

သူက ဟွာဆန်းတောင်တန်းအား ငုံကြည့်လိုက်သည်။ ယခင်က သူ စိတ်ပျက်သည်ဟု ခံစားရချိန်တိုင်း သူက တခြားတောင်တစ်လုံးပေါ်သို့တက်ကာ ဟွာဆန်းတောင်အား ကြည့်လေ့ရှိသည်။ သူက တိမ်တိုက်များအကြားတွင် ဓားများနှင့်တူသော တောင်ထိပ်များက မြင့်တက်နေသည်ကိုမြင့်သောအချိန်တိုင်း သူ၏စိတ်ပြန်လည်တက်ကြွသွားပေ၏။ သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ....

"သောက်ချေးပဲ"

ဟွာဆန်းတောင်၏အတွင်းနှင့်အပြင်ရှိ သူ မြင်တွေ့သမျှအရာအားလုံး ဆိုးဆိုးရွားရွားပင်။ တစ်စုံတစ်ခု ပျောက်ကွယ်နေသည်ကို မြင်ရသည်နှင့် သူ့ရင်ဘတ်အောင့်လာသကဲ့သို့ ခံစားရသည်။

"ဂိုဏ်းက နိမ့်ကျသွားတာပဲ...တကယ်တော့ နိမ့်ကျသွားတယ်ဆိုတဲ့ စကားလုံးထက် ပြိုလဲသွားတယ်ဆိုတာနဲ့ ပိုတူတယ်"

"တန်ဖိုးရှိတဲ့အရာအားလုံး ရောင်းစားခံလိုက်ရပြီ"

သူ ဆိုလိုသည်က ဟွာဆန်းရှိ အရာအားလုံး ရောင်းစားခံလိုက်ရလေပြီ။ အိုးချွမ်ဘုရားကျောင်းသည် သူတို့ နောက်ဆုံးထိတွေ့ခဲ့သော နောက်ဆုံးနေရာဖြစ်ပေမည်။ သူ အိုးချွမ်ဘုရားကျောင်းအား မြင်တွေ့ပြီးနောက် ဟွာဆန်းဂိုဏ်း မည်မျှထိအခြေအနေဆိုးနေကြောင်းကို သူ သိနားလည်သွားခဲ့သည်။ သူတို့သည် အလွန်ဆင်းရဲမွဲတေနေသဖြင့် အပြာရောင်ကျောက်တုံးများကိုပင်ခွာယူပြီး ရောင်းစားခဲ့ကြသည်။

"အမှန်ပဲ...ငါ အရာအားလုံးကို နားလည်သွားပြီ...ကျန်တာအားလုံးအဆင်ပြေပေမယ့် ဒါကတော့...."

မည်သည်ကြောင့် သိုင်းပညာရပ်များပင် နိမ့်ပါးသွားသနည်း။

ချွန်းမြောင်က ခန်းမပြင်ပရှိ ကြမ်းပြင်ပေါ်တွင် လှည့်ပတ်နေသည်။ အကယ်၍ သူ မူးဝေပြီးလဲကျသွားပါက သေဆုံးသွားနိုင်သော်လည်း ထိုအကြောင်းကို တွေးတောရန်ပင် အချိန်မရှိချေ။

"အဲ့ဒီအဖိုးကြီးက...တတိယတန်းစားတပည့်တောင်မဟုတ်ဘူးလား"

ကံစီမံရာဟုသာ ပြောရပေတော့မည်။ သာမာန်အခြေအနေမျိုးတွင် ချွန်းမြောင်က ယုအန်အမ်း၏အဆင့်ကို ခန့်မှန်းနိုင်မည်မဟုတ်ပေ။ အတိတ်တွင် သူ မည်မျှထိသန်မာအားကောင်းခဲ့သည်ဖြစ်စေ ယခုလက်ရှိအချိန်၌ သူက ကလေးတစ်ယောက်သာဖြစ်နေသည်။

သို့ရာတွင် ချွန်းမြောင်က ယုအန်အမ်း၏သိုင်းပညာအဆင့်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။ သူ၏အာရုံခံမှုက အားကောင်းခြင်းမရှိသော်လည်း ယုအန်အမ်းက အလွန်အားနည်းပေ၏။ ချွန်းမြောင်၏အတိတ်ဘဝ အခြေအနေမျိုး၌ဆိုလျှင် ယုအန်အမ်းသည် သူ၏တပည့်ဖြစ်ရန်ပင် အရည်အချင်းမမီချေ။

"ငါ ဘယ်လိုလုပ်ရမလဲ"

သူက မည်သို့ စတင်ပြုလုပ်ရမည်ကိုပင် မသိချေ။ သူသည် အောက်ခြေမှစတင်သင့်ကြောင်းသိထားသော်လည်း ဟွာဆန်းဂိုဏ်း၏အခြေအနေက သူ မြင်နေရသည်ထက် ဆိုးရွားနေနိုင်သည်။

ဤသည်က ဟွာဆန်းဂိုဏ်းဖြစ်သလော။

သူသည် ချွန်းမြောင်ဖြစ်သည်ဟု သူတို့အား ထုတ်ဖော်ပြောဆိုရမည်လော။ သူတို့က သူ့အား ဆဲရေးတိုင်းထွာကြမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ အကယ်၍ သူ ကံကောင်းမှသာလျှင် ဟွာဆန်းမှကန်ထုတ်မခံရခင် သူတို့က သူ့အားရိုက်နှက်ခြင်းမခံရနိုင်ပေ။ ချွန်းမြောင်ကိုယ်တိုင်လည်း ယုံကြည်ချက်မရှိချေ။

သို့ရာတွင် သူတို့က ယုံကြည်သည်ဟု ဆိုကြပါစို့။ ထိုလူများသည် စိတ်မရှည်ဖြစ်ပြီး သူ၏သိုင်းပညာရပ်အား သက်သေပြရန် တောင်းဆိုကြပေမည်။

သူထံ၌ ခွန်အားမရှိသေးချေ။ ချွန်းမြောင်သည် လမ်းလျှောက်နေသောရတနာတစ်ပါးနှင့် တူညီပေ၏။ သူထံတွင် ဂိုဏ်းအား ပြန်လည်ရှင်သန်လာစေရန် အသိပညာများစွာရှိသော်လည်း သူကိုယ်သူကာကွယ်ရန် စွမ်းအားမရှိသေးချေ။ လူတိုင်းသည် သူ၏ဆရာတူအကိုဂျန်မွန်းကဲ့သို့ သဘောထားမျိုးမရှိခြင်းကို သူ ကောင်းစွာသိရှိထားသည်။ အကယ်၍ သူတို့အနက်မှတစ်ယောက်က ချွန်းမြောင်အား သဘောမကျဘဲ ဖယ်ထုတ်ရန်ကြိုးစားခဲ့ပါက သူ မည်သို့ပြုလုပ်ရမည်နည်း။ သူ၏ဒုတိယဘဝလေးသည် ဤနည်းဖြင့် အဆုံးသတ်သွားနိုင်သည်။

ဤသည်က ကောင်းသောနည်းလမ်းမျိုးမဟုတ်ပေ။

"ဒါဆိုရင် ငါရဲ့သရုပ်မှန်ကို မထုတ်ဖော်ဘဲနဲ့....ငါ ဂိုဏ်းကို ပြန်ရှင်သန်လာအောင်လုပ်ရမယ်"

အနည်းဆုံးတော့ သူကိုယ်သူ ကာကွယ်နိုင်သော စွမ်းအားရှိလာချိန်အထိ ဖုံးကွယ်ထားရပေမည်။

"ဒါက နတ်ဆိုးဂိုဏ်းကို သွားပြီးတိုက်ခိုက်တာထက်တော့ ပိုလွယ်လိမ့်မယ်"

ချွန်းမြောင်က တံတွေးထွေးရင်း ရယ်မောလိုက်၏။ သူက ဟွာဆန်းဂိုဏ်းနှင့် သူ့ကိုယ်သူကာကွယ်ရန် သိုင်းပညာရပ်များကို သင်ကြားခဲ့သည်။ သူက လူများကိုစတင်ရိုက်နှက်လိုသော်လည်း...

"တကယ်လို့ ဒီလိုဖြစ်လာမယ်မှန်းသာ ငါ ကြိုသိခဲ့ရင်...ငါ ဒီနေရာကို အပြေးပြန်လာခဲ့မှာမဟုတ်ဘူး"

သူ ဟွာဆန်းဂိုဏ်းအပေါ်၌ အကြွေးတင်နေသည်။ သူက လောကကြီးအတွင်း၌ အကောင်းဆုံးဓားသမားဟု ကြွေးကြော်နေနိုင်သောအကြောင်းအရင်းမှာ ဟွာဆန်းဂိုဏ်းကြောင့်ပင်။ ယခုထိတိုင် သူ ကောင်းကင်ဘုံနတ်ဆိုးအား အနိုင်ယူနိုင်သည်ကလွဲ၍ ဟွာဆန်းဂိုဏ်းကို ပြန်ပေးဆပ်ခဲ့ခြင်း မရှိသေးချေ။ ထိုကျေးဇူးများကြောင့် ပျက်စီးခြင်း၏အစွန်းပေါ်တွင်ရှိနေသော ဟွာဆန်းဂိုဏ်းအား မည်သို့ သူ လျစ်လျှူရှုနိုင်မည်နည်း။ သူ မလုပ်နိုင်ချေ။

"ဟူး....ဆရာတူအကို...."

ချွန်းမြောင်က နောင်တအပြည့်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

အပြာရောင်ကောင်းကင်မှနေ၍ ဆရာတူအကိုဂျန်မွန်းက အပြုံးနှင့် သူ့အားငုံကြည့်နေခြင်းကို သူ မြင်နေရသည်။

"ဘာပဲဖြစ်ဖြစ်...ဒါက ဟွာဆန်းဖြစ်နေတုန်းပဲလေ"

"အား..."

ချွန်းမြောင်က သူကိုယ်သူ အော်ဂလီဆန်လာသည်။ အကယ်၍ နောင်ဘဝ၌ သူ့အား ဆရာတူအကိုဂျန်မွန်း သတ်မည်ကိုမခံလိုပါက သူကိုယ်သူ ဟွာဆန်း၌ အသုံးတည့်စေရန် ပြုလုပ်ရပေမည်။

"သောက်ချေးပဲ...လောကကြီးထဲမှာ မဖြစ်နိုင်တဲ့အရာမရှိဘူးလို့ ဘယ်ကောင်က ပြောခဲ့တာလဲ!

ဟွာဆန်း၌ သိုင်းပညာရပ်များကို သူ စတင်သင်ယူစဥ်တုန်းက သူ နာမည်ကျော်ကြားသောဓားသမားတစ်ယောက်ဖြစ်လာမည်ဟု မည်သူကစိတ်ကူးခဲ့သနည်း။ လူတိုင်းက သူ ပြဿနာမရှာလျှင် ကံကောင်းနေပြီဟုသာ တွေးတောခဲ့ကြသည်။ ချွန်းမြောင်သည် သူတို့၏အေးစက်စက်အကြည့်များအောက်မှာပင် ဟွာဆန်း၌ကျော်ကြားလာခဲ့သည်။ မဖြစ်နိုင်ဟုဆိုသောအရာများအား စိန်ခေါ်ခြင်းသည် သူ၏အထူးကျွမ်းကျင်မှုပင်။

"ငါ အကောင်းဆုံးကြိုးစားမယ်"

ချွန်းမြောင်၏မျက်လုံးများက စိတ်အားထက်သန်မှုနှင့်အတူ တောက်ပသွားသည်။

ဟွာဆန်းဂိုဏ်းအတွင်း၌ရှိနေသူအားလုံး ရုတ်တရက် တုန်ရီသွားကြ၏။

Chapter 9 - အား...ငါ့ရဲ့ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီ(၄)

"မင်း ဘယ်တွေသွားနေတာလဲ"

"ကျွန်တော် ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာပါ"

"ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာလား"

ယုအန်အမ်းက သံသယဝင်သောအကြည့်ဖြင့် ချွန်းမြောင်ကို ကြည့်နေသည်။ သို့ရာတွင် ချွန်းမြောင်က ပလ္လင်ခွေအနေအထားဖြင့်ထိုင်နေပြီး မည်သည့်အရာကိုမျှ စိတ်မဝင်စားသကဲ့သို့ မိုးကောင်းကင်ကိုမော့ကြည့်နေသည်။

ဤကလေးက အစဥ်အမြဲ ယခုကဲ့သို့ပုံစံမျိုးလော။ သူ ထိုကလေးအား ပထမဆုံးအကြိမ်တွေ့မြင်စဥ်က အလွန်အမင်း ယဥ်ကျေးသိမ်မွေ့ပုံရသည်။ ယခုချိန်၌ ကလေး၏အမူအကျင့်များကို သူ ကြည့်ရသည်မှာ ပြောင်းလဲသွားသလိုပင်။

ထိုကလေး၌သာ မကောင်းသောအကြံအစည်မျိုးရှိနေပါက သူ မည်သို့ဟွာဆန်းဂိုဏ်း၌ ထားရမည်နည်း။ သူ့အပြစ်လည်း ဖြစ်နိုင်သည်။ ထိုကလေး၏အမူအကျင့်အရ သူတောင်းစားဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလောက်သည်။ လောကကြီးအတွင်းရှိ သူတောင်းစားတစ်ယောက်ထံမှ အပြစ်ကင်းစင်မှုကို မျှော်လင့်မိခြင်းသည် သူ၏နုံအမှုပင်။

"မင်း စားပြီးပြီလား"

"ကျွန်တော် ဗိုက်မဆာဘူး"

ချွန်းမြောင်က အပြစ်ကင်းစင်သောအမူအယာဖြင့် ရွဲ့တဲ့တဲ့ပြောဆိုလိုက်သည်။ ဟွာဆန်းဂိုဏ်း၏အခြေအနေသည် သူ၏စားသောက်ချင်စိတ်ကို ခိုးယူသွားပေ၏။ သူ ဤနေရာကိုကြည့်ပြီးနောက် ခံစားရသည်များကို မည်သည့်နည်းဖြင့် လျစ်လျှူရှုထားနိုင်မည်နည်း။

"ဒါဆိုရင် ငါ့နောက်လိုက်ခဲ့"

"အမ်"

"ဂိုဏ်းခေါင်းဆောင်က မင်းကိုတွေ့ချင်နေတယ်"

"အော်...ဟုတ်ကဲ့"

ချွန်းမြောင်က ခေါင်းညိတ်ပြလိုက်၏။ သူ ဂိုဏ်းခေါင်းဆောင်ကို အနှေးနှင့်အမြန်တွေ့ရမည်ဖြစ်သဖြင့် အလျှင်အမြန်တွေ့ဆုံလိုက်ခြင်းက ပိုကောင်းပေမည်။

အခန်းတံခါးပွင့်သွားပြီးနောက် ထိုင်ခုံတစ်လုံးပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသော အဖိုးအိုတစ်ယောက်အား တွေ့မြင်မိချိန်တွင် ချွန်းမြောင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွား၏။

သူ သေချာပြောနိုင်သည်က ထိုအဖိုးအိုအား 'ဂိုဏ်းခေါင်းဆောင်'ဟု ခေါ်ထိုက်သည်။ ထိုအဖိုးအိုသည် သူ၏ဘဝတစ်ခုလုံးကို ဤနေရာအတွက် မြှုပ်နှံထားကြောင်း သူ အသေအချာ ခံစားမိသည်။ သို့ရာတွင်....

သို့ရာတွင် ထိုဂိုဏ်းခေါင်းဆောင်ဆိုသူထံ၌ စကားအရင်စပြောရန်ပင် သတ္တိမရှိချေ။ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေဖြင့်ရှိသင့်သော အရည်အချင်းများ သူထံ၌ကင်းမဲ့မနေသော်လည်း ဟွာဆန်း၏သူရဲကောင်းတစ်ယောက်ဟူသော အရှိန်အဝါမျိုး ကင်းမဲ့နေသည်။

"နှုတ်ဆက်ပါတယ်"

ဤကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပ်မျိုး ထပ်မံရှိနေသေးသလော။ ချွန်းမြောင်က သက်ပြင်းချလိုက်၏။ သူ ဖြတ်သန်းလာခဲ့သမျှ အချိန်ကာလတလျှောက်လုံးတွင် ကြုံတွေ့ခဲ့ရသော ဂိုဏ်းခေါင်းဆောင်နှင့် နှိုင်းယှဥ်ကြည့်ပါက ယခုဂိုဏ်းခေါင်းဆောင်သည် မွေးကင်းစကလေးငယ်တစ်ယောက်နှင့် တူညီနေသည်။ ဇီးပန်းပွင့်ဓားသူတော်စင်သည် မွေးကင်းစကလေးငယ်တစ်ယောက်အား နှုတ်ဆက်စကားပြော၍ အရိုအသေပြုနေရ၏။

သူ ပြန်လည်မွေးဖွားမလာသင့်ပေ။ သူ မည်သို့ပြုလုပ်ရမည်နည်း။ သာမာန်လူတစ်ယောက်ကဲ့သို့ ဖျားနာပြီး သေဆုံးသွားရမည်လော။

ချွန်းမြောင်က သူ၏အတွေးများကို ဖွင့်ဟပြောဆိုခြင်းမရှိဘဲ အရိုအသေပြုလိုက်၏။

"ကျွန်တော်က ချွန်းမြောင်ပါ"

"ငါက ဟွမ်းဂျွန်"

ဂိုဏ်းခေါင်းဆောင်က အပြုံးနှင့်အတူ ရိုးရိုးရှင်းရှင်း ပြန်လည်နှုတ်ဆက်လိုက်၏။

"ဧည့်သည်က ရောက်လာပေမယ့်...မင်းကို ဧည့်ခံဖို့ ငါတို့မှာ ဘာမှမရှိဘူး...ငါတို့ရဲ့လက်ရှိအခြေအနေကို မင်းနားလည်ပေးဖို့ ငါ မျှော်လင့်တယ်"

"အမ်...ဟုတ်ကဲ့"

ဟွမ်းဂျွန်၏နဖူးကြောများ ရှုံတွသွားသည်။ ပုံမှန်အားဖြင့် ထိုကလေးသည် 'ဘာမှမစိုးရိမ်ပါနဲ့' သို့မဟုတ် 'ကျွန်တော်က ဖိတ်ကြားထားခံရတဲ့ ဧည့်သည်မဟုတ်လို့ ဘာမှမျှော်လင့်မထားပါဘူး'ဟူသောစကားမျိုးဖြင့် တုံ့ပြန်သင့်သည်။ သို့ရာတွင် ထိုကလေး၏မျက်လုံးအကြည့်နှင့် အမူအယာများအရ အစကတည်းက သူတို့ဂိုဏ်းမှ မည်သည့်အရာကိုမျှ မျှော်လင့်ထားပုံမရမှန်း ညွှန်ပြနေသည်။

"အိုးချွမ်ဘုရားကျောင်းမှာ မင်း စိတ်ဝင်စားတဲ့အရာတစ်ခု ရှိနေတယ်လို့ ငါ ကြားထားတယ်"

"ဟမ်"

"ငါတို့ ရောင်းလိုက်တဲ့ပစ္စည်းတစ်ခုလေ"

"အကြီးအကဲက ဘာတွေပြောနေတာလဲ"

ချွန်းမြောင်က ခေါင်းခါယမ်းနေပေ၏။

ဟွမ်းဂျွန်၏မျက်လုံး ကျဥ်းမြောင်းသွားသည်အထိ စူးစူးရဲရဲကြည့်နေသော်လည်း ထိုကလေးသည် သူမေးမြန်းနေသည့် အကြောင်းအရာအား အမှန်တကယ်ပင် သိပုံမရချေ။

သူ အမှန်တကယ်ပင် မသိသလော။ ကလေးတစ်ယောက်သည် အလွန်သဘာဝကျစွာ လိမ်ညာတက်မည်မဟုတ်ချေ။

'ငါ့ကိုဖတ်ကြည့်ဖို့ ကြိုးစားမနေနဲ့...အသုံးမဝင်ဘူး...မင်းက ငတုံးပဲ'

ချွန်းမြောင်က ပြုံးနေလေ၏။ သူသည် လောကကြီးအတွင်းရှိ အတော်ဆုံးလူလိမ်များအနက်မှ တစ်ယောက်မဟုတ်လော။ ဆရာတူအကိုပင်လျှင် သူ၏လိမ်ညာမှုကိုဖြစ်ဖြစ် သူဖွက်ထားသောအရက်များကိုဖြစ်ဖြစ် ရှာဖွေတွေ့ရှိနိုင်ခြင်းမရှိချေ။

"မင်းမှာ တခြားစကားပြောစရာ မရှိတော့ဘူးလား"

"ကျွန်တော် ဘာကိုမှကောင်းကောင်း မမှတ်မိဘူး...ကျွန်တော် အရမ်းမောပန်းပြီးတော့ မေ့လဲသွားတာကိုပဲ မှတ်မိတယ်"

"ဟမ်"

ထိုစကားက အဓိပ္ပါယ်ရှိပေ၏။ ထိုကလေးသည် ပိန်လှီသောခန္ဓာကိုယ်ဖြင့် ဟွာဆန်းတောင်သို့တက်လာခဲ့ရာ သူ၏အကန့်အသတ်သို့ ရောက်ရှိနေလောက်ပေပြီ။ သို့ရာတွင်....

"တကယ်လို့ မင်း အရမ်းပင်ပန်းနေခဲ့တယ်ဆိုရင်လည်း...ဘာလို့ ဘာမှမပြောတာလဲ"

"ဒါက ဂိတ်တံခါးကို ဖြတ်ဝင်ပြီးတာနဲ့....ဘိုးဘေးတွေကို ဂါရဝပြုဖို့လိုတယ်လို့ ပြောလို့ပါ"

ဟွမ်းဂျွန်က မျက်ခုံးပင့်၍ ယုအန်အမ်းကို ကြည့်လိုက်သည်။

'ဒီကလေးက ဒီနေရာကို တစ်ယောက်တည်းရောက်လာတာလေ...မင်းက သူကိုဆွဲခေါ်ပြီး ဂါရဝပြုခိုင်းတာလား...ဟမ်'

ယုအန်အမ်းက ဆွံအသွားသည်။ မဟုတ်သေး...ထိုကလေး၏အခြေအနေက အပြည့်အဝကောင်းမွန်နေသည်မဟုတ်လော။ သူသည် ဂိတ်တံခါးအား ဖြတ်ဝင်လာချိန်ထိ အကောင်းပကတိရှိနေပြီးမှ အမောထဖောက်ရသလော။ ဤသည်က မည်ကဲ့သို့ရူးသွပ်ဖွယ်ဇာတ်လမ်းမျိုးဖြစ်သနည်း။

ယုအန်အမ်းက ချွန်းမြောင်အား စွပ်စွဲပစ်တင်လိုသော အကြည့်ပစ်ထုတ်လိုက်သည်။ သို့ရာတွင် ချွန်းမြောင်က မျက်လုံးအပြူးသားဖြင့် မည်သည့်အပြစ်မျှ ကျူးလွန်မထားသကဲ့သို့ပင်။

"ဟူး..."

ဟွမ်းဂျွန်က ခေါင်းညိတ်ပြလိုက်၏။

"ဒါကိုကြားရတာ ကျိုးကြောင်းဆီလျော်ပါတယ်...ငါတို့ရဲ့အမှားအတွက်လည်း မင်းကိုတောင်းပန်ပါတယ်"

"ဒါက အဆင်ပြေပါတယ်"

"ကောင်းပြီလေ...နောက်ထပ်မေးခွန်းတစ်ခွန်းလောက် မေးလို့ရမလား"

"ဟုတ်ကဲ့"

"ဒီလောက်မတ်စောက်တဲ့တောင်ပေါ် မင်း ဘာလို့တက်လာခဲ့တာလဲ...မင်း ကြံကြံဖန်ဖန်စိတ်ကူးပေါက်ပြီး ဒီနေရာကိုရောက်လာတယ်တော့ မပြောနဲ့...ဟွာဆန်းက လူတွေစိတ်ကူးယဥ်ဆန်ပြီး တက်လာရမယ့်နေရာမျိုးမဟုတ်ဘူး...ကလေးတွေဆို ပိုဆိုးသေးတယ်"

ထက်ရှသော မေးခွန်းတစ်ခုပင်။ သို့ရာတွင် ချွန်းမြောင်က ထိုမေးခွန်းအတွက်အဖြေအား ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပေ၏။

"ဂိုဏ်းခေါင်းဆောင်"

"ငါ နားထောင်နေတယ်"

"ကျွန်တော်က ဟွာဆန်းဂိုဏ်းကို ဝင်ချင်လို့ပါ"

"မင်းက ငါတို့ဂိုဏ်းကို ဝင်ချင်တာလား"

ဟွမ်းဂျွန်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"ဟုတ်ကဲ့"

ဟွမ်းဂျွန်က စူးစိုက်၍ကြည့်လိုက်သော်လည်း ချွန်းမြောင်၏အပြစ်ကင်းစုံပုံရသော မျက်လုံးအတွင်းမှနေ၍ မည်သည့်အရာကိုမျှ ထွင်းဖောက်မမြင်ရချေ။

"အဲ့ဒီရည်ရွယ်ချက်နဲ့ မင်း ဒီနေရာကို တက်လာခဲ့တာလား"

"ဟုတ်ကဲ့"

"အင်း..."

ဟွမ်းဂျွန်က ခေါင်းညိမ့်လိုက်၏။ ဟွာဆန်းတောင်သည် လူအများ လာရောက်လည်ပတ်စရာနေရာတစ်ခု မဟုတ်ချေ။

"မင်းက ဟွာဆန်းဂိုဏ်းကို ဝင်ချင်တယ်...ဒီလိုဆိုမှတော့ မင်း ဟွာဆန်းဂိုဏ်းအကြောင်းသိထားလား"

"ဟုတ်ကဲ့"

"ဂိုဏ်းကို ဝင်မှာလား"

ဟွမ်းဂျွန်က မျက်မှောင်ကြုတ်နေပေ၏။

ချွန်းမြောင်ကမူ သူနှုတ်ခမ်းများကို သူ့လျှာဖြင့်သပ်လိုက်သည်။ သူက အဓိပ္ပါယ်ရှိသော ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီးလေပြီ။

ချွန်းဂျင်သည် နတ်ဆိုးဂိုဏ်း၏လိုက်လံဖမ်းဆီးခြင်းခံရပြီး နောက်ဆုံးတိုက်ပွဲကြီးမတိုင်မီ ပျောက်ကွယ်သွားခဲ့သည်။ သူက ပျောက်ကွယ်သွားသော်လည်း အသက်ဆုံးရှုံးမှုမရှိချေ။ ချွန်းဂျင်သည် ချောက်ကမ်းပါးတစ်ခုမှပြုတ်ကျပြီး သစ်ခုတ်သမားတစ်ယောက်က သူ့အားရှာတွေ့ကာ ပြန်လည်ကောင်းမွန်စေရန် ကူညီပေးခဲ့သည်။ သူ၏ဒဏ်ရာများသည် ပြင်းထန်သော်လည်း အပြည့်အဝကောင်းမွန်ခဲ့ပေ၏။ ကျေးဇူးဆပ်သည့်အနေဖြင့် ချွန်းဂျင်က ထိုသစ်ခုတ်သမားကို သူ၏တပည့်အဖြစ်သတ်မှတ်ပြီး ဟွာဆန်းဂိုဏ်း၏သိုင်းပညာရပ်များကို သင်ကြားပေးခဲ့သည်။ ချွန်းမြောင်သည် ထိုသစ်ခုတ်သမား၏မျိုးဆက်တစ်ယောက်ပင်။

လက်ဖျားခါလောက်သည်အထိ ကောင်းမွန်ပြီး အပြစ်အနာအဆာကင်းသော ဇာတ်ညွှန်းတစ်ပုဒ်ပင်။ အကောင်းဆုံးသောအချက်မှာ ချွန်းမြောင်သည် သူ ပြောဆိုခဲ့သမျှ အရာရာတိုင်းကို ထိန်းချုပ်နိုင်ပေ၏။ ဤဇာတ်လမ်းတွင် ယိုပေါက်ဟူ၍မရှိသဖြင့် သူ့အား ဂိုဏ်းဝင်အဖြစ်လက်ခံမည်ဟု ချွန်းမြောင်က အခိုင်အမာယုံကြည်ထားသည်။

အတိတ်ကဲ့သို့ ကျော်ကြားမှုမျိုး သူ ပြန်လည်မရရှိသေးလျှင်ပင် သူတို့က သူ့ကို ကြင်ကြင်နာနာဖြင့် ကောင်းကောင်းမွန်မွန် ဆက်ဆံပေလိမ့်မည်။

ယခု သူ့အား အကြောင်းပြချက်မေးပါက သူ၏ဇာတ်လမ်းအတိုင်း ဆက်သွားပေမည်။ ထိုအရာက လေပြည်လေညှင်းများ တိုက်ခတ်လာသည်နှင့်....

"ငါ လက်ခံတယ်"

"ဟုတ်ကဲ့...အမှန်တော့ ဂိုဏ်းထဲဝင်ချင်တာက....ဘယ်လို"

ချွန်းမြောင်က အံ့အားသင့်စွာ ဟွမ်းဂျွန်ကိုကြည့်လိုက်၏။ သူ၏ခန့်မှန်းချက်များနှင့် ဆန့်ကျင့်၍ ဂိုဏ်းခေါင်းဆောင်က အလျှင်အမြန် သဘောတူလက်ခံခဲ့သည်။

"တကယ်လို့ မင်း ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင်...ငါတို့ မင်းကိုလက်ခံပေးမယ်"

'ဟမ်....မဟုတ်သေးပါဘူး...ခဏလေး...ဒီနေရာကိုဝင်ဖို့က ဘာလို့အရမ်းလွယ်နေတာလဲ...လုံးဝကြီး သူစိမ်းဖြစ်နေတဲ့ ကလေးတောင် ရတယ်လား'

"ဂိုဏ်း...ဂိုဏ်းခေါင်းဆောင်"

ယုအန်အမ်းသည်လည်း ချွန်းမြောင်နည်းတူ အံ့အားသင့်တုန်လှုပ်နေသည်။

"တပည့်သစ်တွေ ငါတို့လက်မခံဘူး မဟုတ်လား"

အမှန်ပင်။ သူ မေးသင့်ပေ၏။

"ငါ စိတ်ပြောင်းသွားပြီ"

ဟွမ်းဂျွန်က ပြုံးဖြဲဖြဲလုပ်နေသည်။

"အမှန်အတိုင်းပြောရမယ်ဆိုရင်တော့...ငါတို့ဂိုဏ်းက တပည့်သစ်လက်ခံနိုင်တဲ့ အနေအထားမျိုးမရှိဘူး...ဒါပေမယ့် ဟွာဆန်းအကြောင်း ကောင်းကောင်းသိပြီး ရောက်လာတဲ့ ကလေးတစ်ယောက်ကို ငါတို့ ကျောခိုင်းနေလို့ရမလား"

"အမ်...ဒါပေမယ့်...."

"ယုအန်အမ်း"

"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"

"ဘယ်ကိစ္စမဆို တစ်ကျော့ပြန်လာတက်တယ်....ဒီကလေးက ဘာပဲဖြစ်နေနေ...သူ့ရဲ့ခြေထောက်နှစ်ချောင်းနဲ့ ဟွာဆန်းဂိုဏ်းကို အရောက်လာခဲ့တယ်...ငါတို့ဂိုဏ်းက အတိတ်တုန်းကလို ခမ်းနားကြီးကျယ်မှုမရှိတော့တာနဲ့ဘဲ ငါတို့ကိုလာရှာတဲ့သူကို ကန်ထုတ်ပစ်ရမှာလား"

အကယ်၍ ချွန်းမြောင်နေရာ၌ တခြားတစ်ယောက်ဆိုပါက ထိုစကားများကို သဘောတွေ့သွားနိုင်သည်။ သို့ရာတွင် ကြိုတင်ပြင်ဆင်မှုများလုပ်ထားသော ချွန်းမြောင်ကမူ သူ၏အရေပြားများပင်ယားယံလာသကဲ့သို့ ခံစားရသည်။

မည်သည်ကြောင့် ဤသို့ဖြစ်နေရသနည်း။ သူတို့နှင့် သိကျွမ်းခြင်းမရှိသူတစ်ယောက်အပေါ် မည်သည်ကြောင့် သံသယမဝင်ကြသနည်း။

မည်သည့်နည်းဖြင့် ထိုအဖိုးကြီး ဂိုဏ်းခေါင်းဆောင်ဖြစ်လာခဲ့သနည်း။ မဟုတ်သေး...သူ ဤသို့နေနေခြင်းကြောင့် ဂိုဏ်းခေါင်းဆောင်ဖြစ်လာခဲ့ခြင်း ဖြစ်ပေမည်။

"အာ...မဟုတ်သေးဘူး...အရင်တုန်းက...ကျွန်တော် နေတဲ့....."

"ဒါက အဆင်ပြေပါတယ်"

ဟွမ်းဂျွန်က ဆုံးဖြတ်ချက်အခိုင်အမာချပြီးပုံဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"အရင်တုန်းက မင်း ဘယ်လိုဘဝမျိုးမှာပဲ နေခဲ့ပါစေ...ကိစ္စမရှိဘူး...မင်းက အပြစ်သားသူခိုးတစ်ယောက်ပဲဖြစ်နေပါစေ...ဟွာဆန်းဂိုဏ်းကိုဝင်ပြီးတာနဲ့ မင်းရဲ့အတိတ်ကပျောက်ကွယ်သွားပြီ"

ဟွမ်းဂျွန် ပြောသွားသည်က အမှန်ပင်။ သို့ရာတွင် ဤမျှထိ ရိုးရှင်းမနေသင့်ဟု ချွန်းမြောင် တွေးထင်မိသည်။

"မဟုတ်...မဟုတ်သေးဘူး"

"အဆင်ပြေပါတယ်လို့ ငါ မင်းကို ပြောပြီးပြီလေ"

'လူအိုကြီး...ဒါက အဆင်မပြေဘူး...ငါ့စကားကို နားထောင်စမ်းပါ'

"ယုအန်အမ်း"

"ပြောပါ ဂိုဏ်းခေါင်းဆောင်"

"ဒီကလေးကို နေစရာနေရာပေးလိုက်"

"ဟုတ်ကဲ့"

"မင်းရဲ့နာမည်က ချွန်းမြောင်တဲ့လား"

ချွန်းမြောင်က ခေါင်းညိတ်ပြသည်။

"အရမ်းကောင်းတဲ့ နာမည်တစ်ခုပဲ..တကယ့်ကို နာမည်ကောင်းလေး...ချွန်းမိသားစုက ချွန်းမြောင်"

ဂိုဏ်းခေါင်းဆောင်က ရယ်မောရင်း ပြောဆိုလိုက်သည်။

"ဒါက ကံကြမ္မာလည်းပဲဖြစ်နိုင်တယ်...မင်း သူ့ကို နာမည်အသစ်ပေးဖို့ မလိုအပ်ဘူး...မင်း သိမှာမဟုတ်ပေမယ့် ဒီနာမည်က ဟွာဆန်းအတွက် အများကြီးအဓိပ္ပါယ်ရှိတယ်"

ဟွမ်းဂျွန်၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားသည်။

"ဒီနာမည်နဲ့ထိုက်တန်တဲ့သူတစ်ယောက် ဖြစ်အောင်လုပ်ပါ"

"ဟုတ်ကဲ့"

ချွန်းမြောင်က ပြန်လည်ပြောဆိုလေသည်။

"ငါ စောင့်ကြည့်နေမယ်"

ချွန်းမြောင်သည် တောင့်တင်းတင်းအနေအထားဖြင့် မတ်တတ်ရပ်နေသဖြင့် ယုအန်အမ်းက ရှုံမဲ့နေသောမျက်နှာအမူအယာဖြင့် သူ့အားစောင့်ကြပ်ခေါ်ဆောင်သွားသည်။

"ဒီလမ်း"

ချွန်းမြောင်သည် ခန်းမပြင်ပသို့ရောက်သည်နှင့် ဟွာဆန်း၏ရှုမျှော်ခင်းများက သူ၏အမြင်အာရုံကို ဖမ်းစားသွားသည်။

သူ ဝင်ရောက်နိုင်ခဲ့ပြီ။

ဟွာဆန်းသို့ သူ ဝင်ရောက်နိုင်ခဲ့လေပြီ။

ယုအန်အမ်းက သူ၏အတွေးများကို ကြားဖြတ်၍နှောက်ယှက်လိုက်သည်။

"နှုတ်ဆက်ပွဲအခမ်းအနားမကျင်းပနိုင်ပေမယ့်..ဒီအချိန်ကစပြီး မင်းက ဟွာဆန်းရဲ့တပည့်တစ်ယောက်ပဲ...မင်းက သိုင်းပညာရပ်တွေကို သင်ယူပြီးတာနဲ့ ဟွာဆန်းရဲ့အငယ်ဆုံးတပည့်လေးဖြစ်သွားပြီ"

"အငယ်ဆုံးလား...."

ချွန်းမြောင်၏မျက်လုံးများအတွင်း၌ တုန်လှုပ်သွားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ အငယ်ဆုံးတပည့်က သူ ဖြစ်နေသလော။ ဇီးပန်းပွင့်ဓားသူတော်စင်ချွန်းမြောင်က မည်သည်ကြောင့် အငယ်ဆုံးဖြစ်လာရသနည်း။

"ဟီး ဟီး..."

ချွန်းမြောင်မျက်နှာပေါ်၌ ပျော်ရွှင်နေမှုအရိပ်အယောင်များ ထင်ဟပ်လာသည်ကိုမြင်ချိန်တွင် ယုအန်အမ်းက မအောင့်မအည်းနိုင်တော့ဘဲ ပြုံးရယ်လိုက်၏။

"မင်းကို ကြည့်ရတာ ပျော်နေပုံပဲ"

"အင်း...အရမ်းပျော်တာပဲ...ဟား ဟားဟား ဟား"

'အဲဒါဆို မင်း ဘာလို့မျက်ရည်ကျနေရတာလဲ...သောက်ချေးပဲ'

All Chapters