← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

Chapter 10 -အား...ငါ့ရဲ့ဟွာဆန်းဂိုဏ်း ပျက်စီးသွားပြီ(၅)

"ကလေးရော"

"ကျွန်တော် သူ့ကို အိပ်ဆောင်ကိုပို့ထားပြီးပြီ...အခု ကျွန်တော်တို့က တပည့်သစ်လက်ခံတဲ့အခမ်းအနား လုပ်လို့ရပြီလို့ ကျွန်တော်ထင်တယ်"

"ငါ သိပြီ"

ယုအန်အမ်းက သူ့ခြေထောက်သူပြန်ငုံကြည်နေလေ၏။ ထိုအခြင်းအရာကို ဟွမ်းဂျွန်က မြင်ချိန်တွင် ညင်သာစွာပြုံးလိုက်သည်။

"မင်းကိုကြည့်ရတာ ဒါကို မကြိုက်တဲ့ပုံပဲ"

"ကျွန်တော်က မကြိုက်ဘူးဆိုတာထက်...."

ယုအန်အမ်းက အချိန်တခဏကြာ တွန့်ဆုတ်နေပြီးမှ သက်ပြင်းချသံတစ်ချက်နှင့်အတူ သူ၏နှုတ်ခမ်းများ ဖွင့်ဟလာသည်။

"ဂိုဏ်းခေါင်းဆောင်....ကျွန်တော် ဂိုဏ်းခေါင်းဆောင်ရဲ့လုပ်ရပ် နောက်ကွယ်ကအဓိပ္ပါယ်တွေကို နားမလည်ဘူး...ဘာလို့ ဒီကလေးကို ခေါ်ထားရတာလဲ...အခုချိန်က ကျွန်တော်တို့အစားနပ်မှန်ဖို့ ပါးစပ်ပေါက်တွေ လျှော့ချရမယ့်အချိန်လေ"

"အင်း ..အဲ့ဒါ အမှန်ပဲလေ"

"ပြီးတော့ သူက ကလေးတစ်ယောက်ပေမယ့် သိုင်းပညာမှာ ပါရမီမရှိမယ့်ပုံရတယ်"

"အမ်"

"အဓိကအချက်ကတော့ ကျွန်တော် သူ့ဆီကနေ သနားကြင်နာမှု အငွေ့အသက်လေးကိုတောင် ခံစားလို့မရဘူး...အဲ့ဒီကလေးက ကျွန်တော်တို့ဂိုဏ်းရဲ့စံနှုန်းနဲ့ ကိုက်ညီမယ့်ပုံမရဘူး...ဘာလို့ ဒီကလေးကို ကျွန်တော်တို့ဟွာဆန်းဂိုဏ်းထဲ ဝင်ခွင့်ပြုလိုက်တာလဲ"

ယုအန်အမ်း၏ထောက်ပြပြောဆိုမှုများအပြီးတွင် ဟွမ်းဂျွန်က ပြုံးလိုက်၏။

"မင်းက အဲ့ဒီလို တွေးထားတာလား"

"ဂိုဏ်းခေါင်းဆောင်..."

ယုအန်အမ်းက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ တစ်ခါတစ်ရံ၌ ထိုအဖိုးကြီးက သူ့အား စိတ်ရှုပ်ထွေးစေသည်။

'ငါ သူ့ကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး'

ဤလူအား ဆယ်နှစ်ကျော်ကြာကူညီပေးခဲ့သည့်တိုင် ယုအန်အမ်းသည် သူ့ကိုနားမလည်နိုင်သေးချေ။ ဟွမ်းဂျွန်၏အတွေးများသည် သူ လိုက်မမီနိုင်သည်အထိ နက်နဲပေ၏။

"ယုအန်အမ်း"

"ဟုတ်ကဲ့ ဂိုဏ်းခေါင်းဆောင်"

"တစ်ခါတစ်လေမှာ ဆက်နွယ်မှုတွေက မျှော်လင့်မထားဘဲ ရောက်လာတက်တယ်"

ဟွမ်းဂျွန်၏အပြုံးများက တောက်ပနေသည်။

"အဲ့ဒီကလေးက ဟွာဆန်းအတွက် အလင်းရောင်တစ်ခုဖြစ်နိုင်လား"

"သူက ဟွာဆန်းရဲ့အလင်းရောင်ဖြစ်ဖို့ ငယ်လွန်းမနေဘူးလား"

"သူ ဖြစ်နိုင်တယ်"

ဟွမ်းဂျွန်၏မျက်နှာက သုန်မှုန်နေသည်။ ဟွာဆန်း၏လက်ရှိအခြေအနေသည် လေထုအတွင်းမှ သံစုံခေါင်းလောင်းနှင့်တူညီနေသည်။ ဤအခြေအနေကို ဖမ်းဆုပ်ထားရန်လည်းခက်ခဲပြီး ပြုတ်ကျသွားလျှင်လည်း မည်သူကမျှ မျက်စေ့ကျမည်မဟုတ်ပေ။

ဤသည်ကြောင့် ယုအန်အမ်းက ချွန်းမြောင်ကို ဂိုဏ်းသို့မဝင်ရောက်စေလိုခြင်းပင်။

အကယ်၍ ချွန်းမြောင် ဂိုဏ်းဝင်ဖြစ်ပြီးမှ သူတစ်ယောက်တည်း ထွက်ခွါသွားရပါက မည်မျှထိ ကြေကွဲဝမ်းနည်းမှုကို ခံစားရမည်နည်း။ ဤနေရာသို့ အရောက်လာပြီးမှ လမ်းမပေါ်သို့ ပြန်တွန်းချခံရပါက သူ မည်မျှထိ ခံစားရမည်နည်း။

"အခြေအနေတွေက ခက်ခဲနေတယ်ဆိုတာ ငါ သိပါတယ်"

ဟွမ်းဂျွန်က ပြောသည်။

"ဒါပေမယ့် ယုအန်အမ်း...ဇီးပန်းပွင့်တွေက နှင်းတောထဲမှာတောင် အများကြီးပွင့်နေတယ်...ပြင်းထန်တဲ့အေးစက်စက်ရာသီမှာပွင့်တဲ့ ဇီးပန်းပွင့်တွေက ပုံမှန်ဇီးပန်းပွင့်တွေထက် သင်းပျံ့တဲ့မွှေးရနံ့ကို ထုတ်လွှက်ပေးတယ်"

"...."

"တကယ်လို့ ဆောင်းရာသီရောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါတို့က မျိုးစေ့တွေကို မစိုက်ပျိုးဘူးဆိုရင်...နှင်းတောထဲမှာ ဇီးပန်းပွင့်တွေပွင့်ဖို့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ"

"...ဟုတ်ကဲ့"

"ကောင်းပြီလေ...မင်း သွားတော့"

ယုအန်အမ်းက တံခါးကိုညင်သာစွာပိတ်ပြီးနောက် သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းချလိုက်၏။ သူ ဟွမ်းဂျွန်နှင့် စကားပြောဆိုသည့်အချိန်တိုင်း သူ၏နှလုံးသားဆုတ်ဖြဲခံရသကဲ့သို့ ခံစားရသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ ဟွမ်းဂျွန်နှင့် စကားပြောဆိုပြီးချိန်တွင်လည်း သူ၏စိတ်နှလုံးသား လန်းဆန်းမလာချေ။ ဟွမ်းဂျွန်၏စကားလုံးများအောက်တွင် သူ၏အတွေးများကရစ်ဝဲနေပြီး ဟွာဆန်း၏လက်ရှိအခြေအနေကြောင့် သူ၏စိတ်နှလုံးသား ဝေဝါးနေသည်။

ယခုလက်ရှိ ဟွာဆန်း၏အခြေအနေအားကယ်တင်ရန် မဖြစ်နိုင်ချေ။

ဟွမ်းဂျွန်က သူ၏ဘဝတလျှောက်လုံး ခက်ခက်ခဲခဲကြိုးစားခဲ့သော်လည်း ဟွာဆန်း၏အခြေအနေက ပို၍ဆိုးရွားလာသည်။ အကယ်၍ ဤအခြေအနေအတိုင်းသာ ဆက်သွားပါက ဟွာဆန်းသည် နောက်ထပ်တစ်နှစ်ပင် တောင့်ခံနိုင်မည်မဟုတ်ချေ။

"ငါတို့ဟွာဆန်း ဘယ်လိုဖြစ်သွားမှာပါလိမ့်"

ယုအန်အမ်းက မျက်လုံးစုံမှိတ်လိုက်၏။

ချွန်းမြောင်က ခေါင်းငုံ၍ သူဝတ်ဆင်ထားသောအဝတ်အစားကို ပြန်ကြည့်လိုက်သည်။

အဖြူရောင်ဝတ်စုံက သူ၏မျက်လုံးကို ဖမ်းစားနိုင်ပေ၏။ ဝတ်စုံရင်ဘတ်နားတွင် ပန်းထိုးထားသော ပွင့်ငါးချပ်ပါ ဇီးပန်းပွင့်ပုံအား တွေ့ချိန်တွင် ထူးဆန်းသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေ၏။

"မဟုတ်သေးဘူး...ငါ တကယ်ကိုယားယံလာသလိုပဲ"

ထိုသိုင်းဝတ်စုံ၏အရည်အသွေးသည် အလွန်ဆိုးရွားသဖြင့် သူ၏အရေပြားနှင့်ထိမိသည့်အချိန်တိုင်း ရှတတခံစားနေရသည်။ အကယ်၍ ယခင်ကသာ အဝတ်အစုတ်အပြတ်များ ဝတ်ဆင်ဖူးသောအတွေ့အကြုံ သူထံ၌မရှိပါက ယခုချိန်၌ သူ ပို၍ပင်အကြပ်အတည်းတွေ့နေပေမည်။ လအနည်းငယ်ခန့် သူတောင်းစားတစ်ယောက်ကဲ့သို့နေထိုင်ခဲ့ခြင်းက သူ့အား ကူညီပေးခဲ့ပုံရသည်။

"ထွီ"

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်၏။

"ဒါက ပြောင်းလဲသွားပြီပဲ"

အတိတ်တုန်းကဟွာဆန်းဂိုဏ်းသည် ဝူတန်ဂိုဏ်းနှင့်ရှောင်လင်ဂိုဏ်းကဲ့သို့ ငွေကြေးများပြည့်လျှံနေသောဂိုဏ်းမဟုတ်သော်လည်း လျှို့ဝှက်ဖုံးကွယ်ထားသော ချမ်းသာကြွယ်ဝမှုများရှိနေသည်။

အမှန်အားဖြင့် မည်သူကိုမျှငွေကြေးထိတွေ့ခွင့်မပေးဘဲ ကပ်စေးနှဲသော ဆရာတူအကိုဂျန်မွန်းကြောင့် ငွေကြေးကို သူ စိတ်ထင်တိုင်းမဖြုန်းတီးခဲ့ရချေ။ အနည်းဆုံးတော့ ဟွာဆန်းဂိုဏ်းဝင်များသည် အဝတ်အစားကောင်းများဝတ်ဆင်ပြီး ကောင်းကောင်းစားသောက်နိုင်ခဲ့သည်။

သို့သော် ယခုလက်ရှိအခြေအနေတွင် အဝတ်အစားများအားလုံး အလွန်ဆိုးရွားနေသည်။

"အဲ့ဒီငွေကြေးတွေအားလုံးကို ဟိုလူတွေ ဘာလုပ်ပစ်ပါလိမ့်"

မည်သည့်လုံခြုံစိတ်ချရသောနေရာတွင် ငွေကြေးများ စုပြုံနေသနည်း။ မဟုတ်သေး လုံခြုံစိတ်ချရသောနေရာအကြောင်းကို မေ့ထားကြစို့။ သူတို့က ဂိုဏ်းအတွင်းရှိအရေးကြီးသော ပစ္စည်းများကိုပင် ရောင်းစားခဲ့ရာ မည်သည်ကြောင့် ကလေးများ၏ဝတ်စုံများ ဤမျှထိဆိုးရွားနေသနည်း။

ကလေးများအား သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်ပေးနိုင်ခြင်းလည်းမရှိ သင့်လျော်စွာသင်ကြားပေးနိုင်ခြင်းလည်းမရှိဘဲ သူတို့ရရှိသောငွေကြေးများအားလုံးကို မည်သို့ဖြုန်းတီးပစ်သနည်း။

ချွန်းမြောင်က လေးလံစွာသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"ဖြောင့်ဖြောင့်တန်းတန်းလျှောက်လှမ်းလို့ရတဲ့လမ်းဆိုတူ မရှိဘူးပဲ"

သူ သက်ပြင်းထပ်ရှိုက်လိုက်၏။ သူ ပို၍တွေးတောမိလေလေ သူ၏စိတ်နှလုံးသား ပို၍နာကျင်ရလေလေပင်။ သူ၏မျှော်လင့်ချက်များသည် စိတ်ဓာတ်ကျခြင်းကိုသာ ဦးတည်သွားသည်။

"ဘယ်လိုပဲဖြစ်ဖြစ်...ငါ ဟွာဆန်းဂိုဏ်းသားဖြစ်နေပြီ"

သူက ဟွာဆန်းဂိုဏ်းသားဖြစ်ရန် စီစဥ်ခဲ့၏။ အဆိုးရွားဆုံးသော ကပ်ဘေးမှာ သူက ဟွာဆန်းဂိုဏ်း၌အငယ်ဆုံးဖြစ်နေခြင်းပင်။

ဤသည်က ချွန်းမြောင်ဖြစ်လိုသောအရာ မဟုတ်သော်လည်း အနည်းဆုံးတော့ သူ ဟွာဆန်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့၏။ ပြဿနာများစွာဖြေရှင်းရန် ကျန်ရှိနေသေးသော်လည်း ဤသည်က မိုင်တစ်ထောင်ခရီးကိုသွားရန်အတွက် ပထမဆုံးခြေလှမ်းမဟုတ်လော။

မည်မျှထိ အခက်အခဲများနှင့် ကြုံတွေ့ရပါစေ ကိစ္စမရှိချေ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းသာ လှမ်းနိုင်ပါက ပြီးမြောက်နိုင်ခြင်းမရှိသောကိစ္စဟူ၍ ရှိမည်မဟုတ်ပေ။ လောကကြီးအတွင်းရှိ ကိစ္စအများစုကို ဤနည်းလမ်းဖြင့်သာ ဖြေရှင်းရ၏။

"ဒါပေမယ့် ဒါကဘယ်နေရာလဲ"

ဤသည်က ပြဿနာပင်။ ယခုလက်ရှိအချိန်၌ ချွန်းမြောင်ရှိနေသောနေရာသည် အတိတ်တုန်းက ခန်းမတစ်ခုဖြစ်သည်။ သို့ရာတွင် ခန်းမ၏အသွင်အပြင်သည် အိပ်ဆောင်တစ်ခုအဖြစ် ပြောင်းလဲနေပေ၏။

အကယ်၍ ချွန်းမြောင်၏မှတ်ဥာဏ်များသာ အမှတ်မမှားပါက ဟွာဆန်းဂိုဏ်း၌ နေရာထိုင်ခင်းဟူ၍ သီးသန့်နေရာမရှိချေ။ ဂိုဏ်းအတွင်းသို့အသစ်ဝင်လာသူများသည် သူတို့၏ဆရာများနှင့်အတူ နေထိုင်ကြရ၏။

ထိုသို့ဆိုပါက ယခုလက်ရှိချိန်၌ သူ မည်သို့ပြုလုပ်ရမည်နည်း။

'ဆရာတစ်ယောက်ရဲ့အတောင်ပံအောက်မဝင်ခင် ဒီနေရာက ငါနေရမယ့်နေရာလို့ မမြင်မိဘူး"

သူ မည်မျှပင် ကြည့်နေပါစေ ဤနေရာသည် သာမာန်လူများနေထိုင်သောနေရာနှင့် တူညီနေသည်။

'ပြီးတော့ ဒီနေရာမှာ ငါတစ်ယောက်တည်းလား'

ချွန်းမြောင်က သူ၏အခန်းမှ ပြင်ပသို့ထွက်လိုက်၏။

ကျဥ်းမြောင်းသော ခန်းမလမ်းတစ်ဝိုက်တွင် အခန်းများက ဘေးချင်းကပ်တည်ရှိနေသည်။ ဤသည်က အတိတ်တုန်းက အသွင်အပြင်နှင့် ကွဲပြားခြားနားနေပေ၏။

ချွန်းမြောင်က သူနံဘေးရှိ အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းအတွင်း၌ အဝတ်အစားများနှင့်ပစ္စည်းတချို့ကို တွေ့မြင်မိသည်။

‘ဒီနေရာမှာ တစ်ယောက်ယောက် နေတာလား"

ချွန်းမြောင်က ခေါင်းခါယမ်းလိုက်၏။

'ဒီလိုမျိုး ရှုပ်ပွနေတဲ့အခန်းမျိုးမှာ ဘယ်သူများ နေနေပါလိမ့်'

"မင်း ဘယ်သူလဲ"

ချွန်းမြောင်က လှည့်ကြည့်လိုက်သည်။

'အမလေး..ငါ.."

တစ်စုံတစ်ယောက်က သူအနားချဥ်းကပ်လာသည်ကိုပင် သူ သတိမပြုမိချေ။ သူ အမှားကျူးလွန်မိပေ၏။

'အာ..မေ့လိုက်တော့...အခုချိန် ငါဆီမှာ ဘာသိုင်းပညာစွမ်းရည်မှရှိမနေတာပဲ"

သူက ဟွာဆန်းသို့အရောက်လာခဲ့သော်လည်း ယခုထိတိုင် မည်သည့်သိုင်းပညာကိုမျှ လေ့ကျင့်ရခြင်းမရှိသေးချေ။ ကျေးဇူးတင်ရမည်မှာ အခြေခံအုတ်မြစ်ဖြစ်သော ချီကျင့်ကြံပြီးနောက် သူ၏ခန္ဓာကိုယ် ပို၍သန်မာလာခြင်းပင်။

လက်တွေ့ကျကျပြောရလျှင် ယခုချိန်၌ သူ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ လက်သည်းခွံပမာဏခန့်ရှိသော အတွင်းပိုင်းချီကိုစုဆောင်းထားခြင်းဖြစ်သည်။ ဆိုလိုသည်က အတိတ်တုန်းက သူ၏အခြေအနေနှင့် လက်ရှိတွင် နီးစပ်မှုမရှိခြင်းပင်။

"ခွေးမသား မင်း ဘယ်သူလဲ...တခြားသူရဲ့အခန်းကို ဘာလို့ကြည့်နေတာလဲ...မင်းက သူခိုးလား"

ကြမ်းတမ်းသော ပါးစပ်ပင်။ ထိုကလေးသည် ချွန်းမြောင်နှင့် အသက်ရွယ်တူခန့်သာ ရှိပုံရသည်။ ထိုကလေး အော်ဟစ်လိုက်သည်နှင့် တခြားကလေးများကလည်း အပြေးထွက်လာကြ၏။

"ဘာဖြစ်တာလဲ"

"ဂျိုဂု...ဘာဖြစ်တာလဲ"

ဂျိုဂုဟုခေါ်သောကလေးက ချွန်းမြောင်ကို လက်ညှိုးညွှန်လိုက်သည်။

"ဒီငတုံးကောင်က ငါ အခန်းကို စုံစမ်းနေတယ်"

"သူက ဘယ်သူလဲ"

"ကြည့်ရတာတော့ လူသစ်ရောက်လာတာများ ဖြစ်နေမလား"

ချွန်းမြောင်က မျက်နှာကျက်ကိုသာ မော့ကြည့်လိုက်မိသည်။

'ဘာလို့ ငါ အသက်ပြန်ရှင်လာတာပါလိမ့်'

ဤကဲ့သို့ စိတ်ပျက်ဖွယ်အခြေအနေများကို မြင်တွေ့ရပြီး သူ ကြေကွဲဝမ်းနည်းရန်များ ဖြစ်နေသလော။

လူငယ်လေးများက သူ့အားလက်ညှိုးညွှန်၍ ငတုံးဟုခေါ်ဆိုနေသည်မှာ သူ နှလုံးသားကွဲကြေလုမတက်ခံစားရသည်။ အသက်အရွယ်အရဆိုပါက ချွန်းမြောင်သည် သူတို့၏အဖိုးအရွယ်ပင်။

အမှန်အားဖြင့် သူတို့သည်လည်း သိနိုင်စွမ်းရှိမည်မဟုတ်ချေ။

သို့ရာတွင် ယခင်ကဟွာဆန်း၏စည်းကမ်းရှိသော တပည့်များကို ယခုလက်ရှိ စရိုက်ကျသောစကားများ ပြောဆိုနေသော တပည့်များနှင့် သူ မည်သို့ နှိုင်းယှဥ်ဖော်ပြရမည်နည်း။

သူက ဆံပင်ရှုပ်ပွနေသောကောင်လေးနှင့် စကားပြောဆိုရန် ပါးစပ်ဟလိုက်သည်။

"ဘာဖြစ်နေကြတာလဲ"

"အား..."

"ဆရာ ယွမ်ဂွန်းပဲ"

အနောက်မှတိုးညှင်းသောအသံကို ကြားသည်နှင့် ကလေးများက ဘယ်ညာခွဲ၍ လမ်းရှင်းလိုက်ကြသည်။ ထို့နောက် လူထွားကြီးတစ်ယောက်က လှေကားမှဆင်းသက်လာလေ၏။

ထိုလူထွားကြီး၏မျက်နှာပေါ်တွင် ကိုးရိုးကားယားအမူအယာမျိုး ထင်ဟပ်နေသည်။ ဤအရာက ကလေးများ တစ်စုံတစ်ခုပြုလုပ်ထားသည်ကို ညွှန်ပြနေပေ၏။

"လေ့ကျင့်ချိန်ကြီးမှာ မင်းတို့ ဘာလို့ရှုပ်ထွေးနေကြတာလဲ...ဒီလိုလုပ်တာ ကောင်းတယ်လို့ မင်းတို့ကို ဘယ်သူပြောထားလဲ"

"မဟုတ်ပါဘူး..အဲ့ဒီလို မဟုတ်ဘူး...ကျွန်တော်ရဲ့ဝတ်စုံက ညစ်ပတ်နေလို့ အဝတ်အစားပြန်လာလဲတာပါ"

"မင်းက ငါ့ကိုတောင် ဆင်ခြေပေးရဲတယ်ပေါ့"

"ကျွန်တော် တောင်းပန်ပါတယ်"

ကလေးများအားလုံးက ထိတ်လန့်ကြောက်ရွံနေပုံဖြင့် နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။ သူတို့အားလုံးက ချွန်းမြောင်ကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

"မင်းက..."

"ချွန်းမြောင်ပါ"

"မင်းက အဖြူရောင်ဇီးပန်းပွင့်အဆောင်ရဲ့ လူသစ်ဖြစ်ရမယ်"

"အဖြူရောင်ဇီးပန်းပွင့်အဆောင်လား"

"ဒါက အဖြူရောင်ဇီးပန်းပွင့်အဆောင်ပဲ...ဒါတွေအားလုံးက ဟွာဆန်းရဲ့တပည့်တွေအတွက် အိပ်ဆောင်လေ...မင်း ဒီအကြောင်းတွေ ကြားမထားဘူးလား"

"အိပ်ဆောင်လား...."

လူထွားကြီးက မျက်မှောင်ကြုတ်လိုက်၏။

"မင်း စကားပြောတဲ့အခါမှာ လေးလေးစားစားပြောသင့်တာကို မသိဘူးလား"

"အော်..ဟုတ်ကဲ့..ကျွန်တော် တောင်းပန်ပါတယ်"

စိတ်အေးအေးထား...သူ စိတ်အေးအေးထားရမည်။ ယခင်တုန်းက ဤကိစ္စမျိုး သူ တွေးပင်မတွေးကြည့်မိချေ။ သူ ရှိစဥ်အချိန်တုန်းက ဟွာဆန်းသို့ဝင်ရောက်ရသေးသော ကလေးများက ယခုချိန်၌ ဆရာကြီးများ ဖြစ်နေကြ၏။

'ဒါက တော်တော် စိတ်ရှုပ်ဖို့ကောင်းတာပဲ'

ဆရာရာထူးရရှိရန်အတွက် ဤလူထွားကြီးတွင် အရည်အချင်းရှိရန်လိုအပ်သည်။ ဤနေရာတွင် သူ၏ဘဝတလျှောက်လုံး မြှုပ်နှံထားမည်မှာ သေချာပေ၏။

"မင်းလည်း အတူလိုက်ခဲ့"

"ဟုတ်ကဲ့"

"မင်းက နောက်ကျမှရောက်တဲ့သူပဲဖြစ်ဖြစ် စောပြီးရောက်တဲ့သူပဲဖြစ်ဖြစ် လေ့ကျင့်ဖို့လိုအပ်တယ်...ဘာကွာခြားမှုမှ ရှိမှာမဟုတ်ဘူး...အချိန်ကို အချည်းနှီးမဖြုန်းတီးပစ်ဖို့က တပည့်တစ်ယောက်ရဲ့တာဝန်ပဲ"

ချွန်းမြောင်က ကူကယ်ရာမဲ့စွာဖြင့် ဤအခြေအနေကို သဘောတူညီလိုက်၏။

ဆိုးရွားသောအခြေအနေများကို ပြောင်းလဲနိုင်ရန်အတွက် ချွန်းမြောင်သည် သူ့ကိုယ်သူ တစ်ရက်ထက်တစ်ရက် ပို၍သန်မာလာစေရန် ပြုလုပ်ရပေမည်။ ထို့အတွက်ကြောင့် သူ လေ့ကျင့်ရာ၌ အာရုံစူးစိုက်နိုင်သော ပတ်ဝန်းကျင်မျိုးလိုအပ်သည်။

ပြဿနာရှိသည်က သူတို့ သူ့အားသင်ကြားပေးမည့် အခြေခံသိုင်းပညာရပ်များသည် ချွန်းမြောက်အတွက် အသုံးမဝင်ပေ။

"လိုက်ခဲ့ကြ"

လူထွားကြီးက အရင်ဆုံးထွက်ခွါသွားပြီးနောက် သူ့နောက်မှနေ၍ ကလေးများတစ်ယောက်ပြီးတစ်ယောက် လိုက်ပါသွားကြသည်။ သို့ရာတွင် ကလေးများအနက်မှတစ်ယောက်က နောက်ပြန်လှည့်လာ၏။

ထိုကလေးက ဂျိုဂုပင်။

"မင်းနဲ့ငါ ညကျမှတွေ့မယ်"

“…”

"မင်းရဲ့ခေါင်းကို ငါ ပြန်တည့်ပေးရလိမ့်မယ်"

"ကောင်းပြီ...ကောင်းပါပြီ"

"မင်း ထွက်ပြေးသွားဖို့တော့ စဥ်းတောင်မစဥ်းစားနဲ့"

"သေချာတာပေါ့...လာခဲ့လေ"

"မင်းက တကယ့်ကို....."

"မင်းတို့ ဘာလုပ်နေကြတာလဲ"

ဂျိုဂုက ယွမ်ဂွန်း၏အသံကိုကြားချိန်တွင် အလျှင်အမြန်တုံ့ပြန်ပြောဆိုလေသည်။

"ကျွန်တော်....ကျွန်တော် လာပါပြီ ဆရာ"

ဂျိုဂု ပြေးထွက်သွားသည်ကိုကြည့်ပြီး ချွန်းမြောင်က သက်ပြင်းချလိုက်၏။

"ငါ သူတို့ကို ကောင်းကောင်းဆက်ဆံဖို့ လိုအပ်တယ်"

ထိုကလေးများအားလုံးသည် ဂိုဏ်း၏မျိုးဆက်သစ်များပင်။ အမှန်အားဖြင့် ချွန်းမြောင်သည် ထိုကလေးများအား မျက်နှာသာပေးမည်မှာ တခြားသူများနှင့် တူညီမည်မဟုတ်ချေ။

"သူတို့နဲ့ ထိုက်တန်ပါတယ်လေ"

ချွန်းမြောင်က လမ်းလျှောက်ရင်း ပြုံးလိုက်၏။

အခန်း ၁၁:မလွှဲမရှောင်သာလို့ ပြိုလဲရတာတဲ့လား ခွေးမသားတွေရဲ့(1)

"ဒါပေမယ့်...."

"ဟမ်"

ယွမ်ဂွန်းက ခေါင်းငုံ၍ သူ့ဘေးနားမှလမ်းလျှောက်သွားသော ကလေးကိုကြည့်လိုက်သည်။

'သူ့ကိုကြည့်ရတာ တော်တော်ရက်စက်မယ့်ပုံရတယ်'

ပတ်ဝန်းကျင်အသစ်သို့ရောက်ရှိလာသူများသည် အောက်ကျို့တက်သောအမူအယာမျိုးရှိလေ့ရှိပေ၏။ တစ်စုံတစ်ယောက်သည် ဟွာဆန်းကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုမရှိသောနေရာသို့ ရောက်လာပါက ကြောက်ရွံထိတ်လန့်ကြသည်မှာ သာမာန်ဖြစ်ရိုးဖြစ်စဥ်ပင်။ ထိုအချက်သည် အထူးသဖြင့် ငယ်ရွယ်သောကလေးများအတွက် မှန်ကန်သော်လည်း သူက ယခုလူသစ်ကလေးထံ၌ ထိုကဲ့သို့အမူအယာမျိုး ရှာမတွေ့ချေ။

ထိုကလေး အလျှင်အမြန်လမ်းလျှောက်နေခြင်းက စိတ်အနှောက်အယှက်မဖြစ်သည့်အပြင် ကြောက်ရွံမှုလည်းမရှိကြောင်း ပြသနေသည်။

ယွမ်ဂွန်းက ထူးဆန်းနေသောအကြည့်ဖြင့် ချွန်းမြောင်ကို ကြည့်နေလေ၏။ ထိုအချိန်မှာပင် ချွန်းမြောင်က ရုတ်တရက်မေးမြန်းလိုက်သည်။

"အဖြူရောင်ဇီးပန်းပွင့်အဆောင်က ဘယ်အချိန်ကစပြီး တည်ရှိခဲ့တာလဲ"

"မင်းက ဘာတွေသိချင်နေတာလဲ"

"ဆရာတွေက သူတို့ရဲ့လက်အောက်မှာ တပည့်တွေကိုခေါ်ယူပြီး သင်ကြားပေးနေတဲ့အချိန်ကာလမှာ သူတို့နဲ့အတူနေရတယ်လို့ ကျွန်တော် ကြားထားလို့ပါ"

"ဟမ်"

"တစ်နေရာတည်းမှာ လူတိုင်းစုဝေးနေကြတာကိုမြင်ရတော့ ကျွန်တော်အတွက် နည်းနည်းထူးဆန်းနေတယ်"

ထိုစကားအဆုံးတွင် ယွမ်ဂွန်းက မျက်မှောင်ကြုတ်လိုက်၏။

'သူက ဒဏ်ရာအပေါ် ဓားနဲ့ထပ်ထိုးနေတာပဲ'

ထိုကလေးပြောသော အစဥ်အလာမျိုးရှိခဲ့သည်မှာ အမှန်ဖြစ်ပေ၏။ လူသစ်ရောက်လာသည်နှင့် ဆရာတစ်ယောက်က ခေါ်ဆောင်သွားသည်။ ထိုဆရာက သူ၏တပည့်ကို ဟွာဆန်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များပေးလေ၏။

ဤသည်ကြောင့် ဟွာဆန်းသည် ဂုဏ်သိက္ခာအရှိဆုံးဂိုဏ်းတစ်ဂိုဏ်းအဖြစ် ကျော်ကြားခဲ့ခြင်းပင်။

ဟွာဆန်း၏နိမ့်ကျလာခြင်းနှင့်အတူ ထိုသင်ကြားရေးနည်းစနစ်သည်လည်း ကျိုးပျက်သွားရသည်။

"ငါ့မှာ အများကြီးပြောစရာမရှိဘူး...ငါတို့က ဒီလိုထားရင် ပိုပြီးအကျိုးရှိမယ်လို့ ထင်မိလို့ပဲ"

"ဒါဆို ဆရာတွေကရော အဖြူရောင်ဇီးပန်းပွင့်အဆောင်မှာပဲ နေတာလား"

"မဟုတ်ဘူး"

ချွန်းမြောင်က ခေါင်းညိတ်ပြသည်ကိုမြင်ချိန်တွင် ယွမ်ဂွန်းက မျက်မှောင်ကြုတ်လိုက်၏။

'ထူးဆန်းတဲ့ ကလေးပဲ'

ဤကဲ့သို့အဖြေမျိုးသည် ကလေးတစ်ယောက်၏သိချင်စိတ်ပြင်းပြမှုကို စိတ်ကျေနပ်မှုရစေမည်မဟုတ်ပေ။ သို့ရာတွင် ထိုကလေးကမူ နားလည်သဘောပေါက်ပုံဖြင့် ခေါင်းညိတ်ပြသည့်အပြင် ဂရုမစိုက်ပုံပင် ပို၍ပေါ်လွင်နေသည်။

ထိုကလေး မည်သည့်အရာကို တွေးတောနေသည်ကိုလည်း ယွမ်ဂွန်းက မသိနိုင်ပေ။

အခြေခံအားဖြင့် ဟွာဆန်းသို့ ဝင်ရောက်လာသူတိုင်းကို အိပ်ဆောင်တစ်ခုတည်းတွင်သာ အတူတူထားလေ့ရှိသည်။ တစ်ခြားစကားလုံးပြောင်းဆိုရလျှင် ဟွာဆန်းသို့ဝင်ရောက်လာသော လူသစ်များကို ယွမ်ဂွန်းက တာဝန်ယူသင်ကြားပေးရသည်။

သူက ကလေးများစွာကို မြင်တွေ့ဖူးသော်လည်း ဤကဲ့သို့ ထူးဆန်းကေလေးမျိုးကို မည်သည့်အချိန်ကမျှ တွေ့မြင်ဖူးခြင်းမရှိပေ။ သူ မည်သို့ပြုလုပ်သင့်သနည်း။ သူက ဝမ်းနည်းကြေကွဲဖွယ်ဇာတ်လမ်းတစ်ခုကို ကလေးအား ရှင်းမပြနိုင်ချေ။

'စိတ်ဝင်စားစရာကလေးတစ်ယောက် ရောက်လာတာပဲ'

ယွမ်ဂွန်းက သူ့အား လေ့လာဆန်းစစ်ချိန်တွင် ချွန်းမြောင်၏အတွေးများက ရှုပ်ထွေးနေသည်။

'သူတို့က ထွက်ပြေးသွားကြတာပဲ'

သူက ဟွာဆန်း၏လက်ရှိအခြေအနေကို နားလည်သဘောပေါက်ရုံမျှသာရှိသည်။ ဟွာဆန်းဂိုဏ်းတစ်ခုလုံးကို လှည့်ပတ်သွားလာပြီးနောက် သူ တစ်ချက်ကြည့်လိုက်သည်နှင့် ဤနေရာ၏အခြေအနေ မည်မျှထိ ဆိုးရွားစုတ်ပြတ်နေသည်ကို သူ သိနိုင်ပေ၏။ သူရှိနေစဥ်က အနည်းဆုံး တပည့်သုံးယောက် ချန်ထားခဲ့သည်ကို သူပြန်စဥ်းစားမိသည်။

အကယ်၍ ထိုလူသုံးယောက်သာရှိနေပါက ဟွာဆန်းသည် ဤသို့ပြောင်းလဲသွားမည်မဟုတ်ပေ။

'ဒါက လူအများကြီး ဟွာဆန်းကိုစွန့်ခွါသွားတယ်ဆိုတာ ဖော်ပြနေတာပဲ'

လူအရေအတွက်သည် ရုတ်တရက်ကြီး လျော့ကျမသွားနိုင်ပေ။

သို့ရာတွင် ဟွာဆန်းက နစ်မြုပ်နေသော သင်္ဘောတစ်စီးနှင့် တူညီနေသည်။ လူတစ်ယောက်ထွက်ခွါသွားသည်နှင့် တခြားလူများပါ နောက်မှလိုက်၍ ထွက်ခွါသွားကြခြင်းပင်။

တပည့်တစ်ယောက်တစ်လေမှမရှိသော ဆရာများ ဂိုဏ်းမှထွက်ခွါသွားခြင်းမှာ အဆင်ပြေသေးသည်ဟု ယူဆနိုင်သည်။ ဆရာများလက်အောက်မှတပည့်များသည် သူတို့၏ဆရာများ ဂိုဏ်းမှထွက်ခွါသွားပါက မည်သို့နေရမည်နည်း။ တခြားဆရာတစ်ယောက် သင်ကြားပေးနိုင်သော တပည့်ဦးရေမှာလည်း အကန့်အသတ်ရှိသည်။

ရလဒ်အနေဖြင့် သင်ကြားရန်ဆရာအလုံအလောက်မရှိသော အခြေအနေမျိုး ထွက်ပေါ်လာခြင်းပင်။

"ထွီ..."

ချွန်းမြောင်၏မျှော်လင့်ချက်များ ပျက်သုဥ်းသွားပေ၏။

'ငါ ဘာလုပ်သင့်လဲ"

ယခုလက်ရှိဟွာဆန်း၏အခြေအနေကို သူ ဝေဖန်ပြစ်တင်နေရန်လည်း အကြောင်းမရှိချေ။ ယခင်က ချွန်းမြောင်သည် လက်တွေ့ဆန်သူတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သူ၏အတွေးများကို ပိတ်လှောင်ထားခြင်းမရှိချေ။ ရလဒ်ကောင်းများအားဆောင်ကျဥ်းနိုင်ခြင်းသည် အစဥ်အလာကိုလိုက်နာသည်ထက် ပို၍ကောင်းမွန်ပေမည်။

အကယ်၍ အိပ်ဆောင်သစ်များဖန်တီးသည့်နည်းလမ်းသည် ဟွာဆန်းအားရှင်သန်စေပါက အလွန်ကောင်းမွန်သောကိစ္စဖြစ်ပေမည်။ သူက အနည်းငယ်ခါးသည်းမှုကို ခံစားနေရသော်လည်း

'အိပ်ဆောင်သစ်ဆိုတာက ကလေးတွေရဲ့စိတ်နှလုံးသားကို ဆုတ်ဖြဲပစ်သလိုပဲ'

ထိုကလေးများ၏ခံစားချက်များကို အတိအကျမခန့်မှန်းနိုင်သဖြင့် သူ စိတ်ဓာတ်ကျနေမိသည်။

'မဟုတ်သေးဘူး...ငါ ဒါတွေတွေးတောနေရမယ့် အချိန်မဟုတ်ဘူး'

တခြားသူများအတွက် သူ စိတ်ဓာတ်ကျဆင်းနေခြင်း လုံလောက်လေပြီ။ ချွန်းမြောင် ပြုလုပ်ရမည်က စိတ်ခံစားချက်များမယိမ်းယိုင်ဘဲ ဟွာဆန်းကို အတိတ်ကဲ့သို့ ကြီးကျယ်ခမ်းနားသောနေရာမျိုးအဖြစ် ပြန်လည်ဖန်တီးရန်ပင်။

သူ့ရှေ့၌ ခန်းမသုံးခု တည်ရှိနေသည်။ အလွန်ကျယ်ပြန့်သောမြေကွက်ကြီး၏ထိပ်တွင် မြင့်မားသော တိုင်ခုံကြီးရှိပြီး ကလေးတချို့နေရာယူထားသည်။

"ဟမ်"

ချွန်းမြောင်က ခေါင်းခါယမ်းလိုက်၏။ တပည့်အရေအတွက်သည် သူ မျှော်လင့်ထားသည်ထင်ပင် အလွန်နည်းပါးနေသည်။ မြေကွက်လပ်တခွင်ပြည့်နှက်နေသော အတိတ်ကာလနှင့်နှိုင်းယှဥ်ပါက ယခုအရေအတွက်သည် လက်တစ်ဆုပ်စာသာရှိသည်။

"ဓား"

ရွှပ်...ရွှပ်...

အမိန့်ပေးသံနှင့်အတူ သူတို့က ဓားများကို ရှေ့သို့ညွှန်ပြလိုက်ကြသည်။

'အမ်'

ချွန်းမြောင် ကြည့်ရင်းနှင့် အံ့အားသင့်သွားသည်။ ဟွာဆန်းသည် လွတ်လပ်ခွင့်ရှိသောဂိုဏ်းဖြစ်ပေ၏။ ပြင်းထန်သောသဘောသဘာဝများရှိခြင်းကြောင့် ဝေဖန်ခံရမှုများရှိသော်လည်း သူတို့က ရှေးရိုးဟောင်းသိုင်းပညာရပ်များကို မျက်လုံးစုံမှိတ်၍ လိုက်နာခြင်းမရှိချေ။ အကြောင်းအရင်းမှာ သိုင်းပညာရပ်များကို ကလေးများအား အတင်းအကျပ်ဖိအားပေး၍ လိုက်နာသင်ယူစေခြင်းသည် မသင့်လျော်ဟု ယူဆထားခြင်းကြောင့်ပင်။

ကျေးဇူးတင်စရာကောင်းသည်မှာ ထိုအတွက်ကြောင့် လေ့ကျင့်ရေးခန်းမသည် မည်သည့်အချိန်မျှ လူပြည့်ကျပ်နေခြင်းမရှိခဲ့ချေ။ ထိုသို့ဆိုလျှင်ပင် လေ့ကျင့်ရန်ဆန္ဒရှိသူများ အဆက်မပြတ် ခန်းမအတွင်း ရှိနေတက်၏။

'ဒါက စိတ်ဝင်စားစရာပဲ'

လူတစ်ရာကျော်သည် တူညီသောဓားပညာရပ်တစ်ခုတည်းကို သင်ယူနေသည်မှာ စိတ်ဝင်စားဖွယ်ရာ အလွန်ကောင်းပေ၏။

ချွန်းမြောင်သည် ဤကဲ့သို့လေ့ကျင့်ခြင်းမျိုးကို မည်သည့်အချိန်မှ ဖြတ်ကျော်ဖူးခြင်းမရှိချေ။ ချွင်းချက်အနေဖြင့် ဆရာတူအကိုဂျန်မွန်း ခုနစ်စင်ကြယ်ဓားပညာရပ်ကို သင်ကြားပေးစဥ်ကသာ သူ ကြုံတွေ့ဖူးသည်။

"နောက်ကိုဆုတ်"

ရွှပ်...

ဓားအစင်းပေါင်းတစ်ရာကျော် လှုပ်ရှားလိုက်သံက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ချွန်းမြောင်က အံ့အားသင့်နေသည်။

"ဝိုး...."

"မင်း အဆင်မပြေဘူးလား"

“…”

ယွမ်ဂွန်းက အပြုံးနှင့် မေးမြန်းလိုက်သည်။

"အံ့အားသင့်တုန်လှုပ်နေစရာ မလိုပါဘူး...တကယ်လို့ မင်း ပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုရင် မကြာခင်မင်းလည်း သူတို့လိုဖြစ်လာမှာ"

"ဟုတ်ကဲ့"

ချွန်းမြောင်၏အဖြေသည် အစောပိုင်းက အံ့အားတသင့်ငေးမောကြည့်နေပုံကို ပြန်စဥ်းစားကြည့်လျှင် အလွန်ယဥ်ကျေးသိမ်မွေ့နေသည်။

အမှန်အားဖြင့် ချွန်းမြောင်၏မှတ်ချက်သည် ယွမ်ဂွန်း ယူဆထားသည်ထက် ပို၍ခြားနားသောအဓိပ္ပါယ်များရှိသည်။

'သူတို့ ဘာတွေလုပ်နေကြတာလဲ'

လေ့ကျင့်ရေး ပို၍အရှိန်ရလာလေလေ ချွန်းမြောင်က ပို၍မျက်မှောင်ကြုတ်မိလေလေပင်။

"ရှေ့တိုး"

ကလေးများက ခြေတစ်လှမ်းရှေ့တိုးပြီးနောက် ဓားဖြင့် လေထုအတွင်းသို့ ထိုးစိုက်လိုက်ကြသည်။ ထိုအရာက ကလေးများ သင်ယူသင့်သော ဓားပညာရပ်မျိုးမဟုတ်ပေ။

"ဒါက...."

"ဘာလဲ"

"ဒါက ဘယ်လိုဓားပညာရပ်မျိုးလဲ"

"မင်း ဘာပြောချင်တာလဲ"

"အမ်...ဓားပညာရပ်လေ"

ချွန်းမြောင်၏မေးခွန်းကို နားလည်သွားသော ယွမ်ဂွန်းက ခေါင်းညိတ်ပြပြီး အဖြေပေးလိုက်သည်။

“သူတို့ အခုလေ့ကျင့်နေတာက မျှခြေဓားပဲ"

"မျှခြေဓားနည်းစနစ်လား"

"အမှန်ပဲ...အတိအကျပြောရရင် ဆဋ္ဌမမျှခြေဓားနည်းစနစ်လို့ခေါ်တယ်...ဟွာဆန်းဂိုဏ်းရဲ့အသန်မာဆုံးဓားသမားတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ဓားနည်းစနစ်တစ်ခုပဲ...ဒါက အရာအားလုံးအတွက် အခြေခံဖြစ်တဲ့ ဓားနည်းစနစ်တစ်ခုလေ"

“…”

"ဒါကို သင်ယူဖို့မလွယ်ပေမယ့် တကယ်လို့ မင်း အားစိုက်ထုတ်မယ်ဆိုရင် ရလဒ်ကိုမြင်ရမှာသေချာတယ်...မင်း နောက်ကိုသွားပြီး မတ်တတ်ရပ်နေသင့်တယ်...ဒါက မင်းအတွက် ပထမဆုံးအကြိမ်ဆိုတော့ အဆင်ပြေအုံးမှာမဟုတ်ဘူး...ဒါပေမယ့် ဒါကို လေ့လာဆန်းစစ်ပြီး သင်ယူနေတယ်လို့ သဘောထားကြည့်...မင်းအတွက် အသေးစိတ်ညွှန်ကြားချက်တွေကို ငါ တစ်ပတ်အတွင်းပြုလုပ်ပေးမယ်"

ချွန်းမြောင်က သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် နောက်သို့လျှောက်လှမ်းသွားလိုက်၏။

'သူက ကြောက်နေတာဖြစ်နိုင်တယ်'

ထိုအခြင်းအရာကိုကြည့်ပြီး ယွမ်ဂွန်းက မျက်မှောင်ကြုတ်လိုက်၏။

'ဒီကာလတွေမှာ ကလေးတွေက ရည်ရွယ်ချက်မရှိတော့ပုံပဲ'

အမှန်ပင်...

သူက ထိုကလေးကို ထပ်မံ၍ကြည့်လိုက်သည်။ ထိုကလေးသည် ဓားအစစ်ကိုကိုင်ဆောင်ထားသည့်တိုင် ကြောက်ရွံနေပုံမရသည်မှာ ထူးဆန်းပေ၏။ အကြောက်အလန့်မရှိသောကလေးများပင်လျှင် ဓားအစစ်အား ပထမဆုံးကိုင်ဆောင်ချိန်တွင် အနည်းငယ်တုန်ရီသွားကြသည်ကို သူ တွေ့မြင်ဖူးသည်။

သို့ရာတွင် ဤကလေးထံမှ အလွန်အကျွံမျှော်လင့်မထားသည်က ပိုကောင်းမည်ဟု ယွမ်ဂွန်းက တွေးတောမိ၏။

ထိုအချိန်တွင် အနောက်၌မတ်တတ်ရပ်နေသော ချွန်းမြောင်တွင်မူ အပြည့်အဝ ကွဲပြားခြားနားသော အတွေးများရှိနေသည်။

'ဒီအရူးတွေ ဘာလုပ်နေကြပါလိမ့်'

လေ့ကျင့်ခြင်းလော...

ဤပုံစံအတိုင်း သင်ကြားနေသလော။

'ဟူး...ဒါက ဒူးထိမြုပ်နေတဲ့ ချေးတွင်းကြီးပဲ'

ဤသည်အား သိုင်းပညာရပ်ကိုမိတ်ဆက်ခြင်းဟု ဆိုသလော။

မိတ်ဆက်ခြင်းဆိုသည်မှာ စာရွက်လွတ်တစ်ရွက်ကဲ့သို့ မည်သည့်အရာကိုမျှ မသိရှိသေးသော ကလေးများကို အခြေခံများသင်ကြားပေးရခြင်းကို ဆိုလိုသည်။

ကလေးများကို အခြေခံအက္ခရာများ သင်ကြားပေးရမည့်အစား စကားလုံးသုံးထောင်ကို သင်ကြားပေးရန် ဆုံးဖြတ်လိုက်ပါက မည်သို့ဖြစ်ပျက်သွားမည်နည်း။

ထိုကလေးများသည် အက္ခရာများကို စိတ်အတွင်း၌ မှတ်မိနေနိုင်သော်လည်း ထိုအက္ခရာများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်နိုင်မည်မဟုတ်ပေ။ အမှန်တကယ်ကိုပင် သူတို့ နားလည်ကြမည်မဟုတ်ချေ။

ဤသည်က ကလေးများပျက်စီးရန်ကိုသာ ဦးတည်နေပေ၏။

'ဒါက ဘာအကျိူးရှိမှာလဲ"

ထိုလူများသည် အလျှင်လိုနေသဖြင့် ဖြတ်လမ်းနည်းကို အသုံးပြုခဲ့ခြင်းပင်။ သို့ရာတွင် ဤသည်က အလွန်မဆင်မခြင်လုပ်ခြင်းဖြစ်ပေ၏။ ထိုကလေးများ လုပ်ဆောင်နေသည်က အောင်မြင်မှုများ ဆောင်ကျဥ်းပေးနိုင်မည်မဟုတ်ပေ။

သို့ရာတွင်...

"ဒါက သင်ကြားမှုအတွက်တော့ လုံလုံလောက်လောက် ဖြစ်နိုင်ပါတယ်"

"အမ်"

"ဘာလဲဟ"

ချွန်းမြောင်က သူ၏အတွေးများကို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုမိသဖြင့် တခြားသူများကနောက်လှည့်၍ သူ့အား ကြည့်နေကြသည်။ ချွန်းမြောင် သတိပြုမိသွားသဖြင့် အလျှင်စလိုခေါင်းခါလိုက်သော်လည်း ကလေးများအားလုံးက သံသယဖြင့် သူ့အား ကြည့်နေဆဲပင်။

ထိုအချိန်အခိုက်အတန့်မှာပင် စင်ပေါ်တွင်မတ်တတ်ရပ်နေသော တပည့်ကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။

"လေ့ကျင့်နေချိန်အတွင်းမှာ မင်းတို့ရဲ့မျက်လုံးတွေက ဘယ်ကိုကြည့်နေတာလဲ"

"တောင်း....တောင်းပန်ပါတယ်"

"ကလေးတွေ ရှေ့ကိုကြည့်ကြစမ်း"

"သေစမ်းကွာ"

"အား..."

ကလေးများသည် အသံပေါင်းစုံထွက်နေပြီး သူတို့၏ဓားများကိုမြှောက်ကာ ကိုယ်ဟန်အနေအထား ပြန်ယူလိုက်ကြတော့သည်။ ချွန်းမြောင်က သူလျှာသူ ပြန်ကိုက်နေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြရ၏။

ထို့နောက် တပည့်ကြီးက ချွန်းမြောင်ကို ကြည့်လိုက်သည်။

"မင်းကရော"

"ဟုတ်ကဲ့"

"ဘာလို့ မင်း မလုပ်သေးတာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော်မှမသိတာ"

“…“

“…”

တပည့်ကြီး၏မျက်လုံး ကလယ်ကလယ်ဖြစ်သွားပြီးနောက် သူက ခေါင်းညိမ့်ပြကာ ကလေးအုပ်စုထံတွင်သာ အာရုံစူးစိုက်လိုက်တော့သည်။

"ဆက်လုပ်ကြ...နောက်ဆုတ်"

အမိန့်ပေးသံက ကျရောက်လာသည်။

ဤအရာအားလုံးကိုကြည့်ပြီး ချွန်းမြောင်က မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။ မိုးကောင်းကင်သည် အပြာရောင်သန်းနေပေ၏။

တိမ်တစ်ခုတစ်လေမျှပင်မရှိဘဲ ကြည်လင်နေသည်။ ထိုအရာသည် ဟွာတောင်၏အနာဂတ်အား ကြည့်နေရသည်နှင့်တူညီစွာ မည်သည့်အရာမျှမရှိချေ။

'ဒါတွေကို ငါ ဘယ်လိုပြောင်းလဲရမှာလဲ'

သူက ရှည်လျားသောအနာဂတ်ကို မျှော်တွေးလိုက်ရာ မယုံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းသောလမ်းခရီးကို သူ လျှောက်ရပေဦးမည်။ သူတစ်ယောက်တည်း လျှောက်ရမည်ဖြစ်ခြင်းကြောင့် ပို၍ပင်ဆိုးရွားသောလမ်းကြောင်းပင်။

ဤအရာက ဟွာဆန်း၏အနာဂတ်လည်းဖြစ်ပေ၏။

ငွေမရှိ လူမရှိသည့်အပြင် သိုင်းပညာရပ်များက ဖရိုဖရဲဖြစ်နေသည်။ ဟွာဆန်းကိုပြောင်းလဲရခြင်းသည် တခြားအရာများထက် ပို၍အခက်အခဲတွေ့နိုင်သည်။

"ဟူး..."

ထိုအချိန်မှာပင် စူးရှရှအော်ဟစ်သံတစ်သံ ထွ

"ဟိတ်"

"အမ်.."

"မင်းက လူသစ်လား"

“…”

လူသစ်တစ်ယောက်ကို ချက်ချင်းသိရှိနေသည့်အတွက် လက်ရှိဟွာဆန်းဂိုဏ်း မည်မျှထိအားနည်းနေသနည်း။

"ဘာလဲ"

"ခဏနေ မင်းနဲ့ငါတွေ့မယ်...မင်း ထွက်မသွားနဲ့အုံး"

ဤအချိန်တခဏတွင် ချွန်းမြောင်က သူ၏စိတ်ဆန္ဒများ ပျောက်ကွယ်သွားသကဲ့သို့ ခံစားမိသည်။

"ကောင်းပြီလေ...ဒါပေမယ့် ငါ မင်းကို တစ်ခုတော့မေးပါရစေ"

"မင်း ရူးနေတာလား...ဒီနေရာမှာ ငါ ဘာလုပ်နေတာလဲဆိုတာ မင်း မတွေ့ဖူးလား"

"အင်း...ငါ ကိုဖြေပေးရင် မင်းခိုင်းတာ ငါလုပ်ပေးမယ်"

"ဘာလဲ"

"ဒီနေရာမှာ မင်းတို့ ဒါ့အပြင် တခြားဟာတွေ သင်ယူရသေးလား"

"ဒါဆိုတာက..."

"ဆဋ္ဌမမျှခြေမဟုတ်တဲ့ တခြားဟာကွာ"

"ဒါကို သင်ယူပြီးရင် သူတော်စင်ဓားခုနစ်စင်းဖြစ်လိမ့်မယ်...ငါတို့က အဖြူရောင်ဇီးပန်းပွင့်အဆောင်မှာ ပညာကုန်သင်ယူပြီးတာနဲ့ ကျော်ကြားတဲ့ချင်ဓားနည်းစနစ်ကို သင်ယူရမယ်"

"ချင်ဓားနည်းစနစ်လား"

"ဟုတ်တယ်...အဲ့ဒါပြီးရင် ထိုက်ရီရှုပ်ထွေးဓားနည်းစနစ်ကို သင်ယူရနိုင်တယ်"

"ထိုက်ရီရှုပ်ထွေးဓားနည်းစနစမလား"

"အမှန်ပဲ"

"ထိုက်ရီရှုပ်ထွေးခြင်း..."

ချွန်းမြောင်က ထိတ်လန့်တုန်လှုပ်သွားသည်။

မဟုတ်သေး...ဤသည်က မဖြစ်နိုင်ချေ။ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

“ဟိတ်...တစ်ခုလောက် ထပ်မေးအုံးမယ်"

"ဘာလဲ"

"ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်က ဘာဖြစ်သွားတာလဲ"

"အဲ့ဒါက ဘာလဲ"

"ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့် ဓားနည်းစနစ်လေ...အဲ့ဒါက ဟွာဆန်းရဲ့နည်းစနစ်တစ်ခုပဲလေ"

ထိုကလေးက မျက်မှောင်ကြုတ်ပြီး တုံ့ပြန်ပြောဆိုလိုက်သည်။

"အဲ့ဒါက ဘာလဲ...ဟွာဆန်းမှာ ဒီလိုနည်းစနစ်မျိုး မရှိပါဘူး"

"ဟမ်"

"ဒီအကြောင်းကို ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"

"အမ်"

ထိုအရာက ထူးဆန်းနေပေ၏။

"ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်လို့ခေါ်တဲ့ နည်းစနစ်မျိုး မရှိပါဘူး...ပြီးတော့ အဲ့ဒီတစ်ခုကို သင်ယူဖို့ လိုအပ်လို့လား"

ချွန်းမြောင်၏မျက်လုံးများ ပေါက်ကွဲထွက်လုမတက် ပြူးကျယ်နေသည်။

ဂိုဏ်းခေါင်းဆောင်..ထိုက်ရီရှုပ်ထွေးဓားနည်းစနစ်က စွမ်းအားအရမ်းနည်းတယ်...ငါတို့ရဲ့ သင်ကြားမှုတွေကနေ အဲ့ဒါကိုဖယ်ထုတ်လိုက်ရင် ဆိုးဆိုးရွားရွားဖြစ်မယ်လို့ ငါ မထင်ဘူး...မင်း ဘယ်လိုထင်လဲ"

'ဒါက အသုံးမပြုနိုင်တဲ့ ဓားနည်းစနစ်တစ်ခုလေ...ဖယ်ထုတ်လိုက်တာ ကောင်းပါတယ်'

'ဒါပေမယ့် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ဟာ ဖြစ်နေတယ်'

'ဒီလိုနည်းစနစ်မျိုး ကလေးတွေကို ကျွန်တော်တို့က သင်ကြားပေးလိုက်မယ်ဆိုရင် သူတို့က အသုံးပြုနိုင်မှာမဟုတ်ဘူး...ဒါက သူတို့ရဲ့အချိန်ကို အပြည့်အဝဖြုန်းတီးတာပဲ'

'အမ်...မင်း ပြောတာမှန်တယ်...ငါ ဖယ်ထုတ်လိုက်တော့မယ်'

'ဆရာတူအကို'

ယခု ကလေးများက ထိုနည်းစနစ်ကို သင်ယူနေကြ၏။

ဟွာဆန်းဂိုဏ်းကို ယခုပုံစံအတိုင်းသာ ဆက်သွားပါက ပြိုလဲကျသွားပေမည်။ သူ ပြန်လည်တည်ဆောက်ရန် အခွင့်အရေးမရှိသေးမီမှာပင် ပျက်စီးသွားနိုင်သည်။

"ဘယ်သူ စကားထပ်ပြောနေပြန်ပြီလဲ...မင်းတို့ကောင်တွေ...အခုချက်ချင်း ဒီနေရာကို ထွက်လာကြစမ်း"

"အာ သောက်ချေးပဲ...မင်းနဲ့ငါ နောက်မှတွေ့မယ်"

“…”

ချွန်းမြောင်၏နဖူးပေါ်တွင် ကြီးမားသောသွေးကြောတစ်ကြော ဖောင်းကားလာတော့သည်။

အခန်း ၁၂:မလွှဲမရှောင်သာလို့ ပြိုလဲရတာတဲ့လား ခွေးမသားတွေရဲ့(2)

"သေတာပဲကောင်းတယ်...ငါ သေသွားတာ ပိုကောင်းလိမ့်မယ်"

အိပ်ဆောင်သို့အပြန်လမ်း၌ ချွန်းမြောင်၏မျက်နှာသည် ပုပ်သိုးနေပေ၏။ ဟွာဆန်း၌ မည်သည့်အရာမျှ အကောင်းမကျန်တော့ချေ။

အကယ်၍ သူကြွယ်တစ်ယောက် စီးပွါးပျက်သွားလျှင်ပင် သုံးနှစ်ခန့်ခမ်းနားထည်ဝါစွာနေနိုင်သည်ဟု လူအများက ပြောဆိုကြသည်။ ယခုလက်ရှိ ဟွာဆန်း၏အခြေအနေသည် လွန်ခဲ့သောနှစ်၁၀၀ကျော်ကနှင့် အလွန်အလှမ်းကွာဟနေသည်။ ဟွာဆန်းဂိုဏ်းသည် တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏အဆင့်အတန်းမျိုးသာ ရှိတော့သည်။

မဟုတ်သေး...တတိယတန်းစားဂိုဏ်းကပင် ဟွာဆန်းထက် ပို၍သာလွန်နေနိုင်သည်။

ဂိုဏ်းတွင် ငွေကြေးမရှိသဖြင့် ကလေးများသည်လည်း ဆင်းရဲချို့တဲ့စွာ နေနေရသည်။ အကယ်၍ သူတို့က ဆိုးရွားသူများမဟုတ်လျှင်ပင် သူတို့၏စိတ်နှလုံးသားသည် မည်သူမျှနားမလည်နိုင်သော မိုက်မဲသည့်အတွေးအခေါ်များနှင့် ပြည့်နှက်နေပေ၏။

တခြားနေရာတိုင်းကို အဆင်ပြေသည်ဟု သူ ထားနိုင်သော်လည်း ထိုအရာ...ထိုအရာသည်လည်း ပျက်သုဥ်းသွားရသည်။

'ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်ကို မင်းတို့ ဘယ်လွှတ်ပစ်လိုက်တာတုန်း ခွေးမသားတွေရဲ့'

ဂိုဏ်းတွင်အခက်အခဲများရှိနေခြင်း သို့မဟုတ် နည်းပြများ၏သင်ကြားမှုအရည်အချင်းများကြောင့် နည်းစနစ်တစ်ခုပြီးတစ်ခု ပြောင်းလဲသင်ကြားမပေးနိုင်သည်ကို သူ နားလည်ပေ၏။

သို့ရာတွင် နည်းစနစ်တစ်ခု လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းသည် အပြည့်အဝကွဲပြားခြားနားသောကိစ္စပင်။

အတိတ်မှမျိုးဆက်များ ပျက်သုဥ်းသွားပြီဟုပင် ဆိုနိုင်ပေ၏။ ဟွာဆန်းဟူသည်ကို သမိုင်းတွင်သာ ညွှန်ပြရတော့ပေမည်။

"အား...."

ချွန်းမြောင်က ခေါင်းကုတ်နေသည်။

"ဘယ်က....ငါ ဘယ်ကနေ စတင်သင့်လဲ"

'အပြည့်အဝဖရိုဖရဲဖြစ်နေခြင်း'ဟူသော စကားလုံးကို ဤအခြေအနေမျိုး၌ အသုံးပြုရပေမည်။

"ဆရာတူအကို...ကျွန်တော် ဟွာဆန်းကို ကယ်တင်နိုင်ပါ့မလား"

သူ ခေါင်းမော့လိုက်ချိန်တွင် အဖိုးအိုတစ်ယောက်ပြုံး၍ သူ့အားငုံကြည့်နေသည်ကို မြင်ယောင်မိ၏။

ငါ ကယ်တင်ရမှာလား...

ချွန်းမြောင်သည် မြေကြီးကိုလက်အပြည့်ဖမ်းဆုပ်ပြီး မိုးကောင်းကင်ထံ ပစ်ပေါတ်လိုက်၏။ ထို့နောက် သူက အိပ်ဆောင်သို့ ပြန်ခဲ့တော့သည်။

"အား..ငါ့ခါး...."

ချွန်းမြောင်သည် သူ၏နောက်ကျောပြင်နာကျင်လာခြင်းကြောင့် အော်ဟစ်လိုက်၏။ လေ့ကျင့်ချိန်အတွင်းတွင် သူတို့ စကားအနည်းငယ်ပြောဆိုခဲ့မှူကြောင့် ယွမ်ဂွန်းက သူတို့အား အချိန်ပိုလေ့ကျင့်စေသည်။ အကယ်၍ သူ၏အတိတ်ဘဝတုန်းကကဲ့သို့သာ သူ သန်မာနေပါက သူ၏အားအနည်းငယ်စိုက်ထုတ်လိုက်ရုံဖြင့် ဟွာဆန်းတောင်ထိပ်နှင့်တောင်အောက်ခြေကို လွန်းထိုးပြေးလွှားနိုင်ပေသည်။

'ငါ အမြန်လုပ်ဖို့ လိုအပ်တယ်'

ချွန်းမြောင်၏စိတ်ရှည်သည်းခံမှုများ ပျောက်ဆုံးနေသည်။ အစကဏဦးတွင် သူသည် ဟွာဆန်း၏လုပ်ပုံကိုင်ပုံများကို လေ့လာပြီးမှ ပြင်ဆင်မည်ဟု တွေးတောခဲ့သော်လည်း သူ ပို၍ရှာဖွေမိလေလေ ပို၍အခက်အခဲတွေ့လာသည်ဟု ခံစားရလေလေပင်။

ချွန်းမြောင်သည် သူ၏အတိတ်မှခန္ဓာကိုယ်ဖြင့်သာ လက်ရှိအခြအနေကို ကျော်ဖြတ်ရပါက ပို၍လွယ်ကူလိမ့်မည်ဟု တွေးတောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ ယခုလက်ရှိအခြေအနေ၌ ချွန်းမြောင်သည် အငယ်ဆုံးတပည့်တစ်ယောက်ဆိုသည်ထက်မပိုဘဲ သူတောင်းစားသာသာအနိမ့်ဆုံးအဆင့်အတန်းပင်။

ဟွာဆန်း၏အနေအထားကို သူ ပြောင်းလဲနိုင်မည်လော။

"ဟူး..."

သူ တွေးတောနေရင်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

အမှန်အားဖြင့် ဟွာဆန်းကို သူ အချိန်ယူ၍ တဖြည်းဖြည်း ပြောင်းလဲပေးနိုင်သော်လည်း ပြဿနာမှာ ချွန်းမြောင်သည် စိတ်ရှည်တက်သောလူစားမျိုးမဟုတ်ပေ။ သူသည် ယခုလက်ရှိ ဟွာဆန်း၏အခြေအနေကို ပို၍မြင်တွေ့ရလေလေ သူ အလျင်စလိုလုပ်ရမည်ဟု ခံစားရလေလေပင်။

'ဝူတန်ဂိုဏ်းတောင် ဒီအချိန်အတွင်းမှာ အများကြီးတိုးတက်နေပြီ'

ယေဘုယျအားဖြင့် သိုင်းပညာရပ်များသည် လေ့ကျင့်ခြင်းနှင့်ထပ်ခါတလဲလဲပြုလုပ်ခြင်းတို့ပေါ်တွင် မူတည်သည်။ သို့ရာတွင် ချွန်းမြောင်၌ မတူကွဲပြားသောအမြင်ရှိပေ၏။

လောကကြီးသည် စဥ်ဆက်မပြတ် ဖွံဖြိုးတိုးတက်နေသည်။ အတိတ်တွင် မည်မျှထိပါရမီရှင်များ များပြားခဲ့သည်ဖြစ်ပါစေ မျိုးဆက်သစ်များသည် ထိုလူတို့၏နေရာကို အစားထိုးနေရာယူသွားပေမည်။ အဆုံးသတ်၌ ထိုမျိုးဆက်သစ်ပါရမီရှင်များသည် ယခင်ပါရမီရှင်များ၏နယ်ပယ်အဆင့်အား ကျော်လွန်သွားနိုင်ပေမည်။

တခြားတစ်နည်းဆိုရလျှင် သိုင်းပညာရပ်များသည် အချိန်နှင့်အမျှ ဖွံဖြိုးတိုးတက်နေသည်။

ရှောင်လင်ဂိုဏ်းဖြစ်နေခြင်းကြောင့် ဂိုဏ်း၌ရှိနေသော သိုင်းပညာရပ်များကို တိုးတက်စေရန် စဥ်ဆက်မပြတ်ကြိုးစားခဲ့ခြင်းမရှိပါက ထိုဂိုဏ်းသည် ယခုလောက်ထိ တိုတက်ထွန်းကားနေမည်မဟုတ်ချေ။ နှစ်ရှည်လများ ကုန်ဆုံးလာသည်နှင့်အမျှ မြောက်များစွာသောလူငယ်များ ရောက်ရှိလာခြင်းနှင့်အတူ သိုင်းပညာရပ်များမှအပြစ်အနာများကို ဖြည့်ဆွက်နိုင်ခဲ့သည်။ ထိုဂိုဏ်းသည် အမှန်တကယ်ကိုပင် တိုးတက်လာပေ၏။

'တခြားလူတွေက တိုးတက်အောင် လုပ်နေကြတဲ့အချိန်မှာ တချို့လူတွေကတော့ သူတို့မှာရှိပြီးသား အရာကိုတောင် မေ့လျော့နေကြတယ်'

မည်သည့်နည်းဖြင့် သူ စိတ်ဆိုးဒေါသထွက်ရမည်နည်း။

ချွန်းမြောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။

ယခုလက်ရှိအချိန်တွင်မူ...

ဂွီ...ဂွီ...

“…”

ချွန်းမြောင်က သူ၏ဗိုက်ကို ပြန်ငုံကြည့်လေ၏။

"ထွီ"

သူသည် သူတောင်းစားတစ်ယောက်အဖြစ် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်သည် ကောင်းစွာဖွံဖြိုးခြင်းမရှိပေ။

'ငါ ညစာမစားရဘူး'

လေ့ကျင့်ရေးပြီးချိန်တွင် ချွန်းမြောင်က စားသောက်လိုသော်လည်း အပြစ်ပေးခံထားရသဖြင့် သူ ညစာမစားရချေ။

အတိတ်နှင့်လက်ရှိကာလတွင် ညစာမစားရခြင်းထက် သူ မုန်တီးသောအရာမရှိပေ။ သူ ဆာလောင်နေချိန်တွင် ပို၍စိတ်ရှုပ်ထွေးနေပြီး သူ လုပ်ဆောင်နေသည့်ကိစ္စများမှာလည်း ပို၍ခက်ခဲလာသည်။

ချွန်းမြောင်သည် သူ၏ဗိုက်ကိုဖိပြီး အိပ်ဆောင်အတွင်းသို့ ဝင်လိုက်၏။ ရှေးဦးစွာ သူ တချို့ကိစ္စများအား စီစဥ်ရပေမည်။

"ဟေး...သူက ဒီမှာ"

ချွန်းမြောင် အိပ်ဆောင်အတွင်းသို့ ဝင်လိုက်သည်နှင့် လူငယ်လေးများထွက်ပေါ်လာရာ သူက မျက်လုံးလှန်၍ ကြည့်လိုက်သည်။ တတိယတပည့်ကြီး၏တပည့်လေးများဆယ်ယောက်ကျော်သည် အိပ်ဆောင်အတွင်း၌ ရှိနေသည်။

"ဟိတ်...လူသစ်လေး"

အားအင်ကင်းမဲ့နေသော ချွန်းမြောင်၏မျက်လုံးအကြည့်သည် သူတို့ထံသို့ ကျရောက်သွားသည်။

သူတို့၏မျက်နှာများကို သူကြည့်လိုက်ရာ သူတို့အားလုံးသည် ရည်ရွယ်ချက်ကောင်းနှင့်စောင့်နေပုံမရချေ။

ချွန်းမြောင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ ဂျိုဂုကို ပြောဆိုလိုက်၏။

"ဘာလဲ"

ဂျိုဂု၏မျက်နှာသည် ချက်ချင်းဆိုသလို နီမြန်းသွားပေ၏။

"ဒီခွေးမသားကတော့...မင်း ရူးနေတာလား...ငါ့ကို ဆရာတူအကိုဂျိုးဂယ်လို့ခေါ်"

"ဆရာတူအကိုလား..."

ချွန်းမြောင်က မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ သူသည် အိုဟောင်းနေသောမျက်နှာကျက်နှင့်သစ်သားအဆောက်အဦးများကိုကြည့်ပြီး ငိုချင်လာပေ၏။

ယခုလက်ရှိအခြေအနေ၌ သူ၏အဆင့်အတန်းသည် သူ့ရှေ့ရှိလူပြောင်လူနောက်လေးများကိုပင် ဆရာတူအကိုဟုခေါ်ဆိုရမည့် အနေအထားရှိနေသည်။

သို့ရာတွင် သူ ဘာတက်နိုင်မည်နည်း။ သူ နှစ်သက်သဘောကျခြင်းမရှိလျှင်ပင် သူ ပြုလုပ်ရပေမည်။

"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ ဆရာတူအကို..ဘာကိစ္စရှိလို့လဲ"

"မင်းက လူသစ်ဆိုမှတော့ ငါ့ကိုမင်း သတင်းပို့သင့်တယ်လေ"

"အမ်.."

"ဘာမှစိုးရိမ်မနေနဲ့...ငါ အရမ်းဆိုးဆိုးရွားရွား မလုပ်ပါဘူး...မင်းကိုကြည့်ရတာ အားနည်းပုံရတယ်...တကယ်လို့ ငါ မင်းကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်လိုက်ရင် မင်းသေသွားမှာကို ငါ စိုးရိမ်မိတယ်"

နံဘေးဘက်မှနေ၍ လှောင်ပြောင်ရယ်မောသံများ လျှံထွက်လာသည်။ လူတိုင်းက ဟာသပြဇာတ်တစ်ပုဒ်ကြည့်နေသကဲ့သို့ ပျော်ရွှင်နေကြ၏။

ကောင်းပြီလေ...

သူ အခြေအနေကို နားလည်သဘောပေါက်သွားသည်။

ဤသည်က အိပ်ဆောင်နေထိုင်ခြင်း၏အနှစ်သာရပင်။ ထိုကဲ့သို့အခြေအနေမျိုးမှတဆင့် လူများကြားရှိ သံယောစဥ်များပို၍ခိုင်မာလာပြီး တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်း၍သင်ယူလေ့လာနိုင်ကြသည်။

လူတိုင်းနီးပါးက ခွက်ထိုးခွက်လှန် ရယ်မောနေကြ၏။

'ဘယ်လိုပဲဖြစ်ဖြစ်...ဒါ ကောင်းတယ်လို့ ငါ မခံစားရဘူး'

သူသည် ယခုကိစ္စကို စိတ်မကျေမနပ်ဖြစ်ခြင်းမရှိသော်လည်း သူရှေ့မှကလေးများ၏အပြုအမူကို သူ အလွန်မုန်းတီးသည်။ သူတို့၏ကိုယ်ပိုင်ဂိုဏ်းကဲ့သို့ မဆင်မခြင်ပြုမူနေကြ၏။

ချွန်းမြောင် ပထမဆုံး ဂိုဏ်းသို့ဝင်စဥ်တွင် ဆရာတူအကိုများ သူ့ကိုဆက်ဆံပုံနှင့် ပုံစံတူသော်လည်း ယခုကဲ့သို့ လှောင်ပြောင်ရယ်မောနေခြင်းမျိုးမရှိချေ။

ဟမ်...ဒီအဖိုးကြီးက ဘာတွေပြောနေမိပါလိမ့်...

ကောင်းပြီလေ...

ယခုလက်ရှိချိန်၌ သူ၏အသက် ရှစ်နှစ်ကျော်သာရှိသေးသည်။

"သတင်းပို့"

ချွန်းမြောင်က ခေါင်းညိတ်ပြလိုက်၏။ ပထမဆုံးအနေဖြင့် ဤကလေးများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အရေးကြီးသည်။ သူ၏ဗိုက်နာနေသော်လည်း သူ ဘာမှမတက်နိုင်ချေ။ သူသည် ဟွာဆန်းအားကယ်တင်ရန် ဤနေရာသို့လာခဲ့ခြင်းဖြစ်သည်။

"ကောင်းပြီလေ...ငါ ဘာလုပ်ရမလဲ"

"ဆရာတူအကိုကြီး"

ဂျိုဂုက အပြုံးနှင့် ခေါ်ဆိုလိုက်သည်။

"ဆရာတူအကိုကြီးလား"

ချွန်းမြောင်သည် ခေါင်းလှည့်ကြည့်လိုက်ရာ ဆရာတူအကြီးဟူသော ကလေးတစ်ယောက်ကို တွေ့မြင်မိ၏။ ထိုကလေးသည် ဂျိုဂုထက် အရပ်တစ်ထွာခန့်ပိုမြင့်ပြီး အာဏာရှိပုံရသည်။ ထိုကောင်လေးသည်လည်း တတိယတပည့်လက်အောက်မှနောက်ထပ်တပည့်တစ်ယောက်ဖြစ်မည်မှာ သေချာပေ၏။

"ဒါကို ငါ လုပ်လိုက်မယ်"

"ဟုတ်ကဲ့"

ချွန်းမြောင်၏ခေါင်းအတွင်း၌ လက်ရှိနေရာတွင်ရှိနေသော ကလေးများ၏အဆင့်အတန်းများ ဖျတ်ခနဲထွက်ပေါ်လာသည်။

ထိုကလေးသည် ပို၍အဆင့်မြင့်သော်လည်း ဂျိုဂုက ခေါင်းဆောင်နေရာကိုယူထားသည်။

အတိတ်က သူ၏ခေတ်အခါတွင်လည်း ဤကဲ့သို့တူညီစွာဖြတ်သန်းရ၏။ ဆရာတူအကိုကြီးများသည် ဂိုဏ်းခေါင်းဆောင်ညွှန်ကြားသော ကိစ္စများကို အစဥ်အမြဲကူညီဖြေရှင်းနေရလေ့ရှိသည်။

အကယ်၍ ထိုသို့ဆိုလျှင်...ယခုလက်ရှိအနေအထားမှာ....

"ချွတ်လိုက်စမ်း"

"...အမ်"

ချွန်းမြောင်က ခေါင်းစောင်းကြည့်လိုက်၏။ သူ နားကြားများမှားနေသလော။

"ငါ မင်းအဝတ်တွေချွတ်လိုက်လို့ ပြောနေတာလေ"

“…”

ချွန်းမြောင်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အခန်းအတွင်းရှိ ကလေးများကိုသာတွေ့မြင်မိသည်။ ကလေးများသည် ရယ်ရွှင်ဖွယ်ရာတစ်ခုခုရှိနေသကဲ့သို့ သူ့အားစူးစိုက်ကြည့်နေကြ၏။

ချွန်းမြောင်၏အကြည့်က ဂျိူဂုထံသို့ ကျရောက်သွားသည်။

"....ငါ နားလည်မှုလွဲမှားနေတယ်လို့ ငါခံစားနေရတယ်...မဟုတ်သေးဘူး...ငါ တွေးထားသလိုမျိုးလား"

ချွန်းမြောင်က ပြုံးပြရန် ကြိုးစားလိုက်၏။

'စိတ်မဆိုးနဲ့'

'ဒေါသမထွက်နဲ့'

အကယ်၍ သူ ဒေါသထွက်လိုက်ပါက ထိုကလေးများနှင့်တန်းတူဖြစ်သွားပေမည်။

"ငါ့အဝတ်တွေ ချွတ်ရမှာလား"

"အင်း"

ဂျိုဂုက ပြုံးနေသည်။

"ဒါမှ ငါတို့တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိသွားမှာလေ...အဝတ်တွေချွတ်ခိုင်းတာ ကခိုင်းတာ ရိုက်နှက်တာတွေက လူသစ်လေးတွေကို ငါတို့ရဲ့ချစ်မေတ္တာတွေဖော်ပြတဲ့နည်းလမ်းပဲ"

ဂျိုဂု၏နှုတ်ခမ်း ကော့တက်သည်အထိ ပြုံးရယ်နေပေ၏။

"အခု လုပ်ရမှာလား"

"အင်း"

"အာ...ဒါက ရှက်စရာကြီး"

ချွန်းမြောင်က အသံထွက်များပင် မမှန်တော့ချေ။ သူက စကားပြောရန်ကြိုးပမ်းလိုက်ရာ ချောင်းတဟွတ်ဟွတ်ဆိုးနေလေ၏။

"ဒါဆို....နည်းပြယွမ်ဂွန်းရောသိလား"

"သူက ညနေပိုင်းဆို လေ့ကျင့်နေတာလေ...မင်းကိုကူညီဖို့ သူရောက်လာမယ်ဆိုတဲ့အတွေးကို စွန့်လွှတ်လိုက်တာ မင်းအတွက် ပိုကောင်းလိမ့်မယ်...အခုချိန်မှာ ငါတို့နဲ့အတူ မင်းတစ်ယောက်တည်းရှိနေတာနော်"

"ငါ သိပြီ"

ချွန်းမြောင်က ခေါင်းညိတ်ပြသည်။

"ပြီးတော့ တကယ်လို့ သူ ဒီနေရာမှာရှိနေရင်...မင်း ဒီနေ့အတွက် အဆင်ပြေသွားလိမ့်မယ်...ဒါပေမယ့် ငါတို့က ဒီချိန်ကနေစပြီး ဒီနေရာမှာ အတူနေရတော့မှာနော်...မင်း အမြဲတမ်းလွတ်မြောက်နိုင်မယ်လို့ မင်း ထင်လား"

အမှန်ပင်။ ဤအခန်းသည် သူ နေထိုင်ရမည့်နေရာဖြစ်ပေ၏။

'ကျေးဇူးပဲ'

ယခုချိန်ထိ သူတွေးတောခဲ့သမျှ အနည်းငယ်မှားယွင်းနေသည်။

"ဒါဆို ဒီနေရာမှာ တခြားအိပ်ဆောင်တွေရှိသေးလား"

"ဒီခွေးမသားကတော့...စကားဆက်ပြောနေတုန်းပဲလား...ငါ ဆက်ပြီးသည်းမခံနိုင်တော့ဘူး...အခုလုပ်စမ်း"

ဂျိုဂုသည် သူ၏ထိုင်ခုံမှခုန်ထပြီး ချွန်းမြောင်ကို အင်္ကျီဂုတ်မှ ဆွဲလိုက်သည်။

"မင်းနဲ့ငါ တွေ့တုန်းက မင်း ငါ့ကို ဆရာတူအကိုအနေနဲ့ လေးလေးစားစားဆက်ဆံရင် ငါ ဒီလိုလုပ်မှာမဟုတ်ဘူး...အခုလိုလုပ်တာ ငါ မင်းကိုမုန်းလို့ပဲ...ငါတို့ရဲ့ချစ်မေတ္တာတွေကိုအသုံးပြုပြီး မင်းကိုလမ်းကြောင်းမှန်ပေါ်ဆွဲတင်နေတာ...မင်း သိပြီလား"

"ဆရာတူအကို"

"ဘာလဲ...ဘာပြောစရာကျန်သေးလဲ"

"မင်း အံ့ကြိတ်ထားလိုက်"

"ဟမ်..."

ဤအချိန်အခိုက်အတန့်မှာပင် ချွန်းမြောင်၏လက်သီးသည် ဂျိုဂု၏အောက်မေးရိုးကို ရိုက်ခတ်သွားလေ၏။

ဘုန်း...

ပေါက်ကွဲသံကဲ့သို့အသံတစ်သံနှင့်အတူ ဂျိုဂု၏ခန္ဓာကိုယ်က မျက်နှာကျက်ထံမြောက်တက်သွားသည်။

ခရက်...

သူသည် အိုဟောင်းနေသော မျက်နှာကြက်အား ဝင်ဆောင့်မိတော့သည်။

ခရက်...

ဂျိုဂု၏ခန္ဓာကိုယ်သည် မျက်နှာကျက်၌ သံနှင့်စိုက်ထားသကဲ့သို့ စိုက်ဝင်နေရာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

တခြားတပည့်များ၏မျက်လုံးများ ပြူးကျယ်နေပေ၏။

“…”

“…”

ချွန်းမြောင်သည် ဂျိုဂုကို ဖျတ်ခနဲတစ်ချက်ကြည့်ပြီးနောက် နောက်ပြန်လှည့်၍ တံခါးထံသို့လျှောက်သွားလိုက်သည်။

"ဘယ်...မင်း ဘယ်ကိုသွား....."

ကျွီ...

ချွန်းမြောင်သည် မင်းတုန်းကိုမပြီးနောက် တံခါးကိုပိတ်ကာ တောက်ပသောအပြုံးနှင့် နောက်သို့ပြန်လှည့်လိုက်၏။

"လူတစ်ယောက် အသက်ရှင်နေသရွေ့...."

“…”

"ငါက အရာအားလုံးကို စိုးရိမ်ပူပန်နေမိတယ်...အဲ့ဒီကြားထဲမှာမှ ငါ ကိစ္စတစ်ခုအကြောင်းကို ပိုပြီးတွေးတောနေခဲ့တယ်...ဒါပေမယ့်...."

ဂျွတ်...ဂျွတ်...

သူ၏ခေါင်းကို အကြောလျှော့ပြီး ဆက်လက်ပြောဆိုလိုက်၏။

"မင်းတို့ကို ငါ ကျေးဇူးတင်တယ်...ငါရဲ့အတွေးတွေ အရမ်းရိုးရှင်းသွားပြီ...အမှန်က ငါ့ရဲ့ပတ်ဝန်းကျင်ကို စပြီးစီမံခန့်ခွဲဖို့ ငါ့အတွက်လိုအပ်တယ်"

ချွန်းမြောင်သည် သူ၏ခြေထောက်ကိုမြှောက်ပြီး သူ့ဘေးရှိကုလားထိုင်ကိုတက်နင်းလိုက်ရာ ကျိုးပဲ့သွားပေ၏။ သူသည် ကုလားထိုင်အကျိုး၏ခြေထောက်ကိုဆုပ်ကိုင်ပြီးနောက် ပြုံးလိုက်သည်။

"ဟီး ဟီး ဟီး ဟီး"

ထို့နောက် သူက လူတစ်ယောက်ချင်းဆီထံ လျှောက်သွားလေ၏။

"ငါက ငါ့နည်းဟန်နဲ့ကြီးပြင်းလာခဲ့တာ...ဒါကြောင့် ငါ့ရဲ့ဆရာတူအကိုတွေကို ဘယ်လိုအပြုအမူမျိုးနဲ့ မှန်မှန်ကန်ကန်ဆက်ဆံရမလဲဆိုတာ ငါ မသိဘူး"

ချွန်းမြောင်သည် သူတို့အား ဆရာတူအကိုဟု ခေါ်ဆိုသဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မျှော်လင့်ချက်အနည်းငယ်ပေါက်ဖွားလာသည်။

ဆရာတူအကိုတွေတဲ့လား....

"မင်းတို့က ငါ့ရဲ့ဆရာတူအကိုတွေဆိုမှတော့ ငါ မင်းတို့ကို အခက်တွေ့အောင်မလုပ်ချင်ဘူး...ကျယ်ကျယ်မအော်ကြနဲ့...အသံကျယ်တဲ့ ဘယ်ခွေးကောင်ကိုမဆို ငါ နှစ်ဆတိုးပေးမယ်"

အမ်...

သူတို့သည် ဆရာတူအကိုများ ဖြစ်ပေ၏။

"လာကြစမ်း...မြန်မြန်ရိုက်ပြီး အပြီးသတ်ကြရအောင်...ဆရာတူအကိုခွေးမသားတွေ..."

ချွန်းမြောင်သည် သရဲစီးနေသကဲ့သို့ တခြားတပည့်များအား ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတော့သည်။

All Chapters