အခန်း (၁၆-၁၈)
Vol. 2 Ch. 16-18
အခန်း ၁၆:ဟွာဆန်းက ငါ့ကြောင့် ဒီလိုမျိုးဖြစ်သွားတာလား(1)
"ဟူး..."
ပြာလဲ့လဲ့ကောင်းကင်ယံကို ငေးမောကြည့်နေရာမှ ယွမ်ဂွန်း၏မျက်လုံးများ တောက်ပစပြုလာသည်။
'သေချာတာတော့ သူ့ကို ငါပထမဆုံးစတွေ့တုန်းက သာမာန်ကလေးတစ်ယောက်လိုပဲ မဟုတ်လား'
သို့ရာတွင် ထိုကလေးသည် မည်သည့်နည်းနှင့်မျှ သာမာန်ကလေးမျိုး မဖြစ်နိုင်ချေ။
'သူ အဆင်ပြေပါ့မလား'
ချွန်းမြောင်၏ ထူထဲသောဝတ်စုံတစ်စုံလုံး ရွှဲနစ်နေပြီး သူ၏ခန္ဓာကိုယ်မှချွေးများသည် သူ့အဝတ်အစားများမှတဆင့် တစ်စက်စက်စီးကျနေသည်။ သူ၏ခေါင်း အချိန်မရွေး ပေါက်ထွက်တော့မည်ကဲ့သို့ သူ့မျက်နှာသည် သွေးကဲ့သို့နီမြန်းနေပေ၏။ သူ့ခြေထောက်များတုန်ရီနေသဖြင့် တည်တည်ငြိမ်ငြိမ် မတ်တတ်ရပ်ရန်ပင် ရုန်းကန်နေရပြီး ရွေ့လျားသွားလာနိုင်ရန်အတွက် သူ၏အောက်နှုတ်ခမ်းကို တင်းတင်းကြပ်ကြပ်ကိုက်ထားသည်။
"မင်း...မင်း ထိုင်မလား"
ယဥ်ကျေးမှုနှင့်အပြုအမူသည် ဘဝနှင့်တသားတည်းဖြစ်သည်ဟု မှတ်ယူထားသော ယွမ်ဂွန်းသည် မရည်ရွယ်ဘဲ ထိုကလေးအား အကြံပြုလိုက်မိ၏။
သူ ကူကယ်ရာမဲ့ ဖြစ်နေသည်။ ချွန်းမြောင်သည် လေ့ကျင့်မှုပြီးနောက် မတ်တတ်ရပ်နေနိုင်ခြင်းသည် အဓိပ္ပါယ်မရှိချေ။ ချွန်းမြောင်၏လက်ရှိအခြေအနေကိုကြည့်လိုက်လျှင် ခွေးငယ်လေးတစ်ကောင်အား မိုးဖွဲဖွဲအောက်၌ တစ်ကောင်တည်းချန်ထားခြင်းခံရခြင်းကို မြင်ရသကဲ့သို့ အလားတူခံစားချက်မျိုးရနေသည်။ သနားစဖွယ် ကောင်းပေ၏။
"အာ...ဒါက အဆင်ပြေပါတယ်...အဲ့ဒါထက် ကျွန်တော် ရေနည်းနည်းလောက် ရနိုင်မလား"
"တစ်ယောက်ယောက် ရေယူလာခဲ့စမ်း...အခုချက်ချင်းနော်"
"ဟုတ်ကဲ့"
နံဘေးဘက်မှစောင့်ကြည့်နေကြသော ကလေးများအနက်မှတစ်ယောက်သည် အလျင်စလို ရေပြေးခပ်လေ၏။
"ကောင်းပြီလေ..အခုက....."
သို့ရာတွင် ယွမ်ဂွန်းက အလျှင်အမြန် နှုတ်ဆိတ်သွားသည်။
'ငါ ဘာမေးသင့်လဲ'
သူသည် ချွန်းမြောင်ကို ဤနေရာသို့လာရန် ခေါ်ခဲ့သော်လည်း မည်သို့ စမေးရမည်ကို သူ မသိချေ။ ဤကဲ့သို့ ကို့ရို့ကားယားနိုင်သောအခြေအနေမျိုးကို သူ ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင်။
"ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ"
သူသည် အသိသာဆုံးမေးခွန်းကို မေးမြန်းလိုက်၏။
မေးခွန်းမေးခံရသော ချွန်းမြောင်သည် ပတ်ဝန်းကျင်အား စောင်းငဲ့ကြည့်ပြီးနောက် တည်ငြိမ်စွာပြောဆိုသည်။
"ဒါက ဘာမှ မဟုတ်ပါဘူး"
"ဘာလဲ.."
"ဒီလိုပါ...ဒီနေ့ကနေစပြီး မနက်ခင်းတိုင်းမှာ ကျွန်တော်တို့အားလုံး အတူတူလေ့ကျင့်ဖို့ ဆုံးဖြတ်ထားကြတယ်...ဒါပေမယ့် ဒီနေ့က ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ်ဆိုတော့ အချိန်နည်းနည်းလွန်သွားတယ်...ဒါက ဘာလို့လဲဆိုတော့ လူတိုင်းလိုလို အရမ်းတက်ကြွနေလို့ပဲ"
'တက်ကြွနေတာလား'
ယွမ်ဂွန်းက ချွန်းမြောင်၏နောက်ရှိ ကလေးများကိုကြည့်လိုက်၏။ သူတို့အားလုံးသည် သူတို့၏လက်များကို အသည်းအသန်ဝှေ့ယမ်းပြနေကြသော်လည်း သူတို့၏ပါးစပ်များကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။
သို့ရာတွင် ချွန်းမြောင်၏ခေါင်း သူတို့ဘက်သို့ အနည်းငယ်စောင်းငဲ့လာရုံဖြင့် သူတို့၏လက်များ အလျှင်အမြန်အောက်ပြုတ်ကျသွားပြီး နေရာမှာပင် တောင့်တင်းသွားကြ၏။
'ဒါက ဘယ်လိုလုပ်ရပ်မျိုးလဲ'
အလွန်ကို့ရို့ကားယားနိုင်သော ဖြစ်ရပ်ပင်။ ဤနေရာ၌ မည်သည်ကြောင့် စုရုံးရောက်ရှိနေကြသည်မှန်း သူ မသိရှိသော်လည်း တပည့်လေးများအားလုံးသည် ချွန်းမြောင်အား ထိတ်လန့်ကြောက်ရွံနေသည်မှာ သေချာလှ၏။
ယွမ်ဂွန်းသည် အရူးမဟုတ်ချေ။ သူသည် ကလေးများနှင့်ဆက်နွယ်ပြီး တပည့်ငယ်အား လေ့ကျင့်ပေးခဲ့သည်မှာ အချိန်ဆယ်နှစ်ကျော် ကြာမြင့်နေလေပြီ။ ကလေးများကို စောင့်ကြည့်ခြင်းအားဖြင့် သူတို့၏တိုးတက်မှုအခြေအနေကိုလည်း သူ နားလည်သဘောပေါက်နိုင်ခဲ့သည်။
မဟုတ်သေး...သူထံ၌ အတွေ့အကြုံမရှိလျှင်ပင် မည်သို့ဖြစ်ပျက်နေသည်ကို သူ သတိမပြုမိမှသာ ထူးဆန်းသောကိစ္စဖြစ်ပေမည်။
"ဟွာဆန်းရဲ့တပည့်တွေက လူသစ်လေးကို ကြောက်နေကြတာလား'
ယွမ်ဂွန်းသည် စိတ်ရှုပ်ထွေးမှုကြောင့် သူ၏ခေါင်းကိုနံဘေးဘက်သို့ အနည်းငယ်စောင်းလိုက်မိ၏။
'မဟုတ်ဘူး...မဟုတ်သေးဘူး'
စဥ်းစားကြည့်ကြပါစို့။ ထိုကလေးများ၏အရည်အချင်းမှာ အားနည်းသည်ဟုမဆိုနိုင်ချေ။ သက်တူရွယ်တူကလေးအများစုကို ဟွာဆန်း၏တပည့်များနှင့် နှိုင်းယှဥ်လျှင် ထိုကလေးများ ခေါင်းငိုက်စိုက်ကျနေပေမည်။
အကယ်၍ ဟွာဆန်းသည် ပြိုလဲလုနီးနီးဖြစ်နေလျှင်ပင် သူတို့အားလုံးသည် တစ်ချိန်ကကြီးကျယ်ခမ်းနားခဲ့သော ဟွာဆန်း၏တပည့်များဖြစ်နေဆဲပင်။
သူ၏တပည့်များ အားနည်းနေခြင်းကြောင့်မဟုတ်ဘဲ လူသစ်ကလေးသည် ထူးဆန်းနေခြင်းဖြစ်သည်။
"မနက်ခင်းလေ့ကျင့်ခန်းလုပ်တာလို့ မင်း ပြောချင်တာလား'
"ဟုတ်ကဲ့"
"မင်း..."
ယွမ်ဂွန်းက အခိုင်အမာစကားပြောဆိုလိုက်၏။
"အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်မှာ ကိုယ်ပိုင်စည်းမျဥ်းတွေရှိတယ်...အိပ်ချိန်ကိုလျှော့ပြီး စိတ်ကြိုက်လေ့ကျင့်နိုင်တယ်လို့ မင်းကို ဘယ်သူပြောလဲ"
ချွန်းမြောင်၏မျက်နှာအမူအယာသည် အမူအယာပြောင်းလဲခြင်းမရှိဘဲ စိုးရိမ်ကြောင့်ကြမှုမရှိသကဲ့သို့ ပြောဆိုလိုက်၏။
"ဒါဆို ကျွန်တော်မလုပ်တော့ဘူး"
"ဟမ်..."
"လေ့ကျင့်တာက အထောက်အပံဖြစ်တယ်လို့ ကျွန်တော် တွေးခဲ့မိတာ...ဒါပေမယ့် ဆရာက မရဘူးဆိုမှတော့ ကျွန်တော်မလုပ်ရုံပေါ့"
“…”
'အား...ဒါက ဘယ်လိုအခြေအနေကြီးလဲ'
ယွမ်ဂွန်းက ဦးနှောက်ချောက်သွားသည်။ ဤကဲ့သို့တုံ့ပြန်မှုမျိုးကို သူ မျှော်လင့်ထားခြင်းမရှိချေ။
"မင်း...လေ့ကျင့်တာက အထောက်အပံဖြစ်တယ်လို့ မင်း ထင်ထားတာလား"
"ဟုတ်ကဲ့"
"ဘာလို့ မင်း အဲ့ဒီလိုထင်ရတာလဲ"
ထိုမေးခွန်းသည် အနည်းငယ်ထူးဆန်းသည်ဟု ချွန်းမြောင်က တွေးတောမိ၏။
"ဆရာက အထောက်အပံမဖြစ်ဘူးလို့ ထင်တာလား"
“…”
“…”
သူတို့နှစ်ယောက်ကြားတွင် ကမောက်ကမနိုင်သောအခြေအနေသို့ ရောက်ရှိသွားသည်။
"ဟင်း...."
ယွမ်ဂွန်းက တီးတိုးညည်းတွားနေသည်။ ထိုကလေး၏လုပ်ဆောင်ချက်ကို သူ နားလည်သော်လည်း ချွန်းမြောင်က အရင်ဆုံးအငြင်းစကားဆိုသွားခဲ့သည်။
"ဆရာတွေဆီကနေ သိုင်းပညာရပ်တွေသင်ယူရတာက လုံလောက်တယ်လို့ ကျွန်တော်ခံစားမိတယ်...ဒါပေမယ့် တပည့်တွေကလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကြိုးစားအားထုတ်သင့်တယ်လေ...သိုင်းပညာရပ်ရဲ့အနှစ်သာရက ခန္ဓာကိုယ်အင်အားကနေလာတာ...ဒါကြောင့် ခွန်အားလေ့ကျင့်တာက ကျွန်တော်တို့ရဲ့အလုံးစုံသောရလဒ်တွေကို တိုးတက်နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်"
ဤသည်က အမှန်ပင်။ ထိုနိယာမသည် မှန်ကန်ပေ၏။
"မင်းရဲ့စကားတွေက အမှန်ပဲ"
ယွမ်ဂွန်းသည် ထိုနိယာမကို အသိအမှတ်ပြုပြီးဖြစ်သည်။
"ဒါပေမယ့်...အကျပ်ကိုင်ခြိမ်းခြောက်မှုအောက်မှာ ဖိအားပေးပြီး လေ့ကျင့်ခိုင်းတာက မှန်ကန်တယ်လို့ မင်း ပြောနိုင်လား"
"အကျပ်ကိုင်တာလား"
ချွန်းမြောင်သည် နောက်ဘက်သို့ တစ်ချက်စောင်းငဲ့ကြည့်ပြီး ဆက်လက်ပြောဆိုသည်။
"အမ်...ဆရာ...ကျွန်တော်က ဘယ်လိုလုပ်ပြီး ဆရာတူအကိုတွေကို အကျပ်ကိုင်နိုင်မှာလဲ...ကျွန်တော် လေ့ကျင့်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ကလည်း ကျွန်တော်နဲ့အတူ ပူးပေါင်းလေ့ကျင့်ချင်တယ်လို့ ပြောလာကြတာလေ"
ပေါက်ကရစကားတွေ...
အရှက်မရှိတဲ့ လိမ်လည်မှုပဲ...
သို့ရာတွင် ချွန်းမြောင် အမှန်တရားပြောဆိုသည်ကို ကြားလိုသဖြင့် ယွမ်ဂွန်းက မေးမြန်းလိုပေ၏။
'သူတို့က မင်းကိုကြောက်လို့ ပူးပေါင်းတာမဟုတ်ဘူးလား'
သို့ရာတွင်..
'ငါ အဲ့ဒီလိုမျိုး မေးလို့မရဘူး'
ထိုမေးခွန်းသည် သူ့တပည့်ငယ်များ၏ဂုဏ်သိက္ခာကို ရိုက်ချိုးသကဲ့သို့ ဖြစ်သွားပေမည်။ ယမန်နေ့က တပည့်များသည် လူသစ်တစ်ယောက်ကို မကိုင်တွယ်နိုင်ဘဲ ကြောက်ရွံမှုကြောင့် မနက်အစောထ၍ လေ့ကျင့်နေရသည်။ ယွမ်ဂွန်းသည် ထိုကဲ့သို့ထိလွယ်ရှလွယ်သောအကြောင်းကို မတို့ထိရန် ဆုံးဖြတ်လိုက်သည်။
ထို့ပြင် ဤအခြေအနေသည် အငယ်ဆုံးတပည့်ချွန်းမြောင်အား ဆရာတူအကိုများကို အနိုင်ကျင့်သည့် ရက်စက်ကြမ်းကြုတ်သောလူရမ်းကားအဖြစ်သို့ ရောက်ရှိသွားစေနိုင်သည် မဟုတ်လော။
ထိုအကြောင်းအရာကို သတိလက်လွတ်ဖော်ထုတ်လိုက်ပါက သူ၏တပည့်များ နာကျင်ခံစားရပေမည်။
"ဒါ....."
ယွမ်ဂွန်းက တစ်စုံတစ်ခု ပြောဆိုတော့မည့်အချိန်မှာပင် ချွန်းမြောင်က ပြောဆိုလိုက်၏။
"ကျွန်တော်ကို အချိန်တစ်လပေးပါ...ကျွန်တော်တို့ရဲ့ ပုံမှန်လေ့ကျင့်ရေးကိုလည်း သက်ရောက်မှုမရှိစေရပါဘူး...တစ်လအတွင်းမှာ ရလဒ်ကောင်းတွေကို ဆရာဆီ ကျွန်တော်ဆောင်ကျဥ်းပေးမယ်"
'အို'
သူတို့က မနက်ခင်းလေ့ကျင့်ခြင်းအကြောင်းကို ဆွေးနွေးနေသော်လည်း ချွန်းမြောင်၏ဖုံးကွယ်ထားသောရည်ရွယ်ချက်မှာ အနည်းငယ်ကွဲပြားခြားနားနေသည်။
တစ်လ...
ဤအခြေအနေအား တစ်လကြာသည်အထိ လျစ်လျှူရှုထားရန် ချွန်းမြောင်က ဆရာအား တောင်းဆိုခဲ့သည်။ ဆရာယွမ်ဂွန်း ရလဒ်ကိုကြည့်ပြီးမှ ဆုံးဖြတ်ချက်ချရန် သူ ရည်ရွယ်ခဲ့လေ၏။
''ဒီကလေးကို ကြည့်ပါအုံး'
ကလေးတစ်ယောက်၏စကားနှင့်မတူဘဲ မိမိကိုယ်ကိုယုံကြည်ချက်အခိုင်အမာရှိသော အားကောင်းမောင်းသန်လူကြီးတစ်ယောက်စကားပြောသည်နှင့် ပို၍တူညီနေသည်။
"တစ်လဆိုတာက လက်ခံနိုင်ပါတယ်...ဒါပေမယ့် ဒီလေ့ကျင့်ခန်းကိုကြည့်ရတာ ရိုးရှင်းပုံမရဘူး...ကလေးတွေ တောင့်ခံနိုင်ပါ့မလား"
"ဆရာတူအကိုတွေကိုယ်တိုင်က လေ့ကျင့်ချင်နေကြတာဆိုတော့ ဒါက ပင်ပန်းတယ်ဆိုရင်တောင် ဘယ်သူမှမညည်းညူကြပါဘူး"
ချွန်းမြောင်သည် သူ၏ဆရာတူအကိုများကို စောင်းငဲ့ကြည့်ရင်း မျက်နှာပြောင်တိုက်၍ပြောဆိုလိုက်သည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့၏ပါးစပ်ကိုဖွင့်ဟ၍ ချွန်းမြောင်အား မဆန့်ကျင်ဝံ့ချေ။ မည်သူမျှ အငြင်းစကားမဆိုသဖြင့် သူတို့ အဆင်ပြေသည်ဟု ယူဆနိုင်ပေ၏။
'ဘယ်...ဘယ်နေရာကနေ ဒီကလေး ရောက်လာပါလိမ့်'
ယွမ်ဂွန်း တွေးတောနေစဥ်မှာပင် ချွန်းမြောင်က နောက်သို့လှည့်၍ မေးမြန်းလေ၏။
"ဒါက အမှန်ပဲမလား...ဆရာတူအကိုတို့"
"ဟုတ်...ဟုတ်ပါတယ်...အဲ့ဒီလိုပါပဲ"
"ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကြိုးစားရမယ်မလား...အရမ်း ပြင်းပြင်းထန်ထန်လေ"
"ငါတို့လည်း ပြင်းပြင်းထန်ထန် ကြိုးစားမှာပါ"
ချွန်းမြောင်က ရှေ့သို့ပြန်လှည့်လိုက်၏။
"သန်မာဖို့ ပြင်းပြတဲ့ဆန္ဒမရှိရင်... ငါတို့ရဲ့အင်အားစိုက်ထုတ်မှုတွေကနေ ရလဒ်ကောင်းတွေရဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ချွန်းမြောင်နောက်ရှိ ကလေးများ၏မျက်နှာသည် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေပြီး ထိတ်လန့်တုန်လှုပ်နေသည်။
ကလေးငယ်များ လုံးလုံးလျားလျား ပါးစပ်ပိတ်နေကြသဖြင့် ယွမ်ဂွန်းက ဆွံအနေပေ၏။
တစ်ရက်တာအချိန်အတွင်း၌ ချွန်းမြောင်သည် တပည့်များကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် သူ၏ထိန်းချုပ်မှုရလဒ်များကို ပြသရန် တစ်လခန့်သာလျစ်လျှုရှုထားရန် ယွမ်ဂွန်းအား တောင်းဆိုခဲ့သည်။
'လုပ်စမ်းပါ'
သူ ပို၍နားထောင်လေလေ ပို၍ကို့ရို့ကားယားနိုင်လာသည်ဟု ခံစားရလေလေပင်။ ထိုနတ်ဆိုးလေးသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
သို့ရာတွင်...
'ဒါက တကယ်ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်ဘူး'
အဖြူရောင်ဇီးပန်းပွင့်အဆောင်၏လေ့ကျင့်ချိန်များကို စီမံခန့်ခွဲရာ၌ သိသာထင်ရှားသောအခက်အခဲတစ်ခုရှိသည်။ ဟွာဆန်း၌ နည်းပြဆရာအင်အား လုံလောက်ခြင်းမရှိချေ။
ယွမ်ဂွန်းတစ်ယောက်တည်းဖြင့် ထိုအခက်အခဲကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပေ။ အနည်းဆုံး နည်းပြဆရာဆယ်ယောက်ခန့် လိုအပ်ပေ၏။ သို့ရာတွင် ယခုလက်ရှိချိန်၌ ကလေးများအား လေ့ကျင့်ပေးရန် လူသုံးယောက်သာရှိသည်။
အကျိုးဆက်အနေဖြင့် သူတို့သည် တပည့်များအား တစ်ယောက်ချင်း သင်ကြားပေးရန် အချိန်မရှိတော့ချေ။ အချိန်အများစုသည် အုပ်စုဖွဲ့ခြင်းကို စည်းစနစ်တကျဖြစ်စေရန်၌သာ ကုန်ဆုံးသွားသဖြင့် ကလေးများ၏ခွန်အားလေ့ကျင့်မှုမှာ ရပ်တန့်သွားသည်။ အကယ်၍ ဤကလေးသည်သာ သူ၏ဝန်ထုပ်ဝန်ပိုးတချို့ကို လျော့ချပေးနိုင်ပါက ကြီးမားသော အကူအညီဖြစ်သွားပေမည်။
"ငါ မင်းကို တစ်ခုထပ်မေးအုံးမယ်"
"ဟုတ်ကဲ့"
"ဒီလိုလေ့ကျင့်တာက မင်းအတွက်လည်း လွယ်မှာမဟုတ်ဘူး...ဘာလို့ မနက်အစောကြီးထပြီး လေ့ကျင့်ဖို့ ရွေးချယ်လိုက်တာလဲ"
ချွန်းမြောင်က ခေါင်းခါယမ်းနေလေ၏။
"ဆရာ ဘာဆိုလိုချင်တာလဲဆိုတာ ကျွန်တော် နားမလည်ဘူး"
"အမ်..."
ထိုကလေးသည် ရုတ်တရက်ကြီး နားမလည်နိုင်စရာ အကြောင်းမရှိချေ။
"ဟွာဆန်းကို ဝင်လာတယ်ဆိုတာက ဓားပညာကိုသင်ယူဖို့လို့ ဆိုလိုတာပဲလေ...ဒါပေမယ့် ဂိုဏ်းထဲကိုဝင်လိုက်ရုံနဲ့ ကျွန်တော်တို့ သန်မာအောင်လုပ်ဖို့ မလိုအပ်တာတော့ မဟုတ်ဘူး...ပိုပြီး သန်မာလာအောင် လုံလဝီရိယရှိရှိလေ့ကျင့်ပြီး မြင့်မားတဲ့ပန်းတိုင်ကို ရောက်ရှိဖို့က ကျွန်တော်တို့တပည့်တွေရဲ့ တာဝန်ပဲ"
"ဒါက အမှန်ပဲ"
"အမှန်တော့ ကျွန်တော်တို့က ဆရာရဲ့သင်ကြားမှုကနေ ပိုပြီးသန်မာလာနိုင်တယ်...ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင် အင်အားစိုက်ထုတ်မယ်ဆိုရင် တိုးတက်မှုပိုမြန်လာလိမ့်မယ်...ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ အိပ်ချိန်တချို့ကိုစွန့်လွှက်ပြီး ပင်ပင်ပန်းပန်းလေ့ကျင့်ရမယ်ဆိုတာ သဘာဝပဲလေ"
"မှန်တယ်"
ထိုအရာသည် အထူးတလည်အကြောင်းပြချက်မျိုးမဟုတ်ဘဲ လေ့ကျင့်ခြင်းကို အရူးအမူးစွဲလန်းသောသဘောမျိုးဖြစ်ပေ၏။
'ဂိုဏ်းခေါင်းဆောင်က တပည့်သစ် ထပ်ပြီးလက်မခံတော့ဘူးလို့ ငါတို့ကို ပြောခဲ့တယ်...ဘယ်လိုကလေးမျိုးကို ချွင်းချက်ထားပြီးလက်ခံလိုက်တာလဲဆိုတာ ငါ သိချင်နေမိတာ...ဖြစ်နိုင်တာတော့ ဟွာဆန်းပေါ်မှာ လေမုန်တိုင်းအသစ်စတင်တိုက်ခတ်တော့မှာပဲ'
ထိုကလေးအား ခေါ်ယူထားခြင်းသည် ထိုက်တန်သည်မဟုတ်လော။
ထိုကလေး၏အရည်အချင်းကို ယခုချိန်ထိ အတည်မပြုရသေးသော်လည်း ဤကဲ့သို့စိတ်အားထက်သန်မှုမျိုးမရှိလျှင်ပင် ကြီးမားသောကိစ္စများကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ပေမည်။ သူသည် ဆရာတစ်ယောက်မဟုတ်လျှင်ပင် သူ၏စိတ်နေစိတ်ထားများသည် တခြားကလေးများအပေါ် ကောင်းစွာလွှမ်းမိုးထားနိုင်သည်။
"မင်းရဲ့လေ့ကျင့်ရေးက ခက်ခဲပင်ပန်းပုံရတယ်"
"ဒါက ဘာလို့လဲဆိုတော့...ကျွန်တော် လေ့ကျင့်တာ ပထမဆုံးနေ့မို့ပါ"
"ဒါတောင် ခက်ခဲပင်ပန်းနေပုံရတယ်နော်"
"ကျွန်တော်တို့ ပိုပြီးလေ့ကျင့်တာနဲ့ ရလဒ်တွေပိုကောင်းလာမှာပါ"
ယွမ်ဂွန်း၏နှုတ်ခမ်းများတုန်ခါသွားပြီး သူကရုန်းကန်၍ တောင့်တင်းသောအပြုံးမျိုး ထွက်ပေါ်လာစေသည်။
'ဒါပဲလေ'
ထိုလေ့ကျင့်ခြင်းသည် သူလက်ခံထားသော နိယာမနှင့် ကိုက်ညီနေသည်။ ကလေးများ၏ကန့်သတ်ချက်အထိ တွန်းပို့နိုင်ရန် ချွန်းမြောင်အား ဦးဆောင်ခိုင်းသည်က အဆင်ပြေနိုင်ပေ၏။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်း၏ရှေးအချိန်ကာလများတွင် ကလေးများ၏ဝါစဥ်ကို အသက်အရွယ်နှင့်မခွဲခြားဘဲ အရည်အချင်းနှင့်ခွဲခြားခဲ့ဖူးသည်။
"ပြီးတော့...ဆရာတူအကိုတွေနဲ့ဆက်ဆံရင် ဘယ်ဟာက အရေးအကြီးဆုံးလဲ"
"ယဥ်ယဥ်ကျေးကျေးရှိရပါမယ်...လေးစားမှုကိုပြသပြီး သူတို့ရဲ့စကားတွေကို နာခံရမယ်"
အကြီးအကဲများကို ရိုသေလေးစားပြီး မထီမဲ့မြင်မပြုရန် သို့မဟုတ် အထင်သေးခြင်းမျိုးမရှိရန်အတွက် ဝါစဥ်အတိုင်းထိန်းသိမ်းရန် ဆိုလိုခြင်းဖြစ်သည်။
ယွမ်ဂွန်းသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်ကြသဖြင့် ကလေးများအားလုံး စိုးရိမ်ပူပန်နေကြ၏။
"အဟွတ်..."
ယွမ်ဂွန်းသည် သူတို့၏အကြည့်များကို ရှောင်ရှားလိုသဖြင့် ချောင်းတစ်ချက်ဆိုးပြီး စကားပြောဆိုလိုက်၏။
"မင်းတို့အားလုံးက 'ဆန္ဒအလျောက်' အာရုဏ်တက်ချိန်ကနေ ခုထိလေ့ကျင့်နေတာ အတော်စိတ်လှုပ်ရှားစရာပဲ"
"ဆရာ..."
"ဆရာသခင်..."
ဝေခွဲရခက်ခြင်းနှင့်ထိတ်လန့်တုန်လှုပ်သော အော်သံများထွက်ပေါ်လာသော်လည်း ယွမ်ဂွန်းက လျစ်လျူရှုပြီး ဆက်လက်ပြောဆိုသည်။
"တကယ်လို့ မင်းတို့ ဒီအတိုင်းသာဆက်ပြီးလေ့ကျင့်သွားမယ်ဆိုရင်...နောင်အနာဂတ်မှာ မင်းတို့ အောင်မြင်မှုကြီးကြီးမားမားရလိမ့်မယ်...ဒီကလေးကိုကြည့်ရတာ လေ့ကျင့်ရေးနဲ့ပတ်သက်လို့ အများကြီးသိထားပုံပဲ...ဒါကြောင့် ငါ မင်းတို့ကို ဆက်ပြီးလေ့ကျင့်ဖို့ ခွင့်ပြုလိုက်တယ်...မင်းတို့ အစွမ်းကုန်ကြိုးစားကြပါ"
'ကျွန်တော်တို့ လှည့်စားခံနေရတာ'
'အော်..သူက ငါတို့ကို စွန့်ပစ်လိုက်တာပဲ'
'သူ့ကိုကြည့်ပါလား...ငါတို့နဲ့အကြည့်ချင်းမဆုံအောင် ရှောင်နေတာ'
ကလေးများသည် စိတ်ဓာတ်ကျဆင်းနေကြ၏။
"ဒါဆိုရင်...မင်းတို့ နံနက်စာစားချိန်ထက်တော့ နောက်မကျစေနဲ့...မနက်ခင်း လေ့ကျင့်ရေးဆင်းချိန်မတိုင်မီ အချိန်မီလာခဲ့ကြ"
ယွမ်ဂွန်းသည် တဖြည်းဖြည်း နောက်လှည့်ထွက်ခွါသွားပြီးနောက် ရုတ်တရက် ရပ်တန့်လိုက်သည်။
"အင်း...ဒါက အမှန်ပဲလေ"
ဆရာယွမ်ဂွန်းသည် သူတို့အား လွယ်လင့်တကူ စွန့်ပစ်မည်ဟု သူတို့ မယုံနိုင်ဖြစ်နေဆဲပင်။
"မင်းတို့ရဲ့လေ့ကျင့်ရေးကို ငါ အနှောက်အယှက်မဖြစ်စေချင်ဘူး...ဒါကြောင့် ရှေ့လျှောက် မနက်ခင်းတိုင်း မင်းတို့ ငါ့ကိုလာနှိုးစရာမလိုတော့ဘူး...ဘယ်လိုပဲဖြစ်ဖြစ် လေ့ကျင့်ရေးက ပထမဦးစားပေးပဲ...ကောင်းပြီလေ"
ယွမ်ဂွန်းက အပြုံးနှင့်အတူ နောက်လှည့်၍ထွက်ခွါသွားတော့သည်။
တပည့်များသည် ဆရာယွမ်ဂွန်းအား ဆုပ်ကိုင်ရန် သူတို့၏လက်များကို ဆန့်ထုတ်လိုသော်လည်း သူတို့ မလှုပ်ရှားရသေးမီမှာပင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
“…”
ဂျွတ်...
ထိုအချိန်မှာပင် ခပ်သဲ့သဲ့ အဆစ်ချိုးသံတစ်သံ ထွက်ပေါ်လာသည်။ ချွန်းမြောင်သည် သူ၏လက်ဆစ်များကိုချိုးပြီး အပြုံးနှင့် ကလေးများဘက်သို့ လှည့်ကြည့်လေ၏။
သူ ပြုံးနေသော်လည်း သူနဖူးထက်ရှိသွေးကြောများ ဖောင်းကားနေသဖြင့် ထိုအပြုံးအောက်မှ ခံစားချက်များကို သိသာထင်ရှားစေသည်။
"ဆရာ...ကျေးဇူးပြု၍ ကယ်ပါ"
“…”
"ငါ မင်းတို့ကို သတ်ပစ်မယ်လို့ပြောထားတာ မဟုတ်ဘူးလေ... ငါ့ရဲ့ချစ်လှစွာသော ဆရာတူအကိုတို့...ငါတို့ အခု ထမင်းသွားမစားခင်...အိပ်ဆောင်ထဲမှာ စကားစမြည်သွားပြောကြရအောင်...ဘယ်လိုသဘောရလဲ"
“…”
"လှုပ်ရှားကြမယ်"
"ဟုတ်ကဲ့"
ဤအချိန်အခိုက်အတန့်တွင် ဟွာဆန်းမှလူငယ်များ၏ မျှော်လင့်ချက်များနှင့်အိမ်မက်များပျောက်ကွယ်သွားတော့သည်။
အခန်း ၁၇:ဟွာဆန်းက ငါ့ကြောင့် ဒီလိုမျိုးဖြစ်သွားတာလား(၂)
"မင်း အတည်ပြောနေတာလား"
"ဟုတ်ကဲ့ပါ...ဆရာတူအကို"
ယုအန်အမ်း၏မျက်နှာသည် ရှုံမဲ့နေပေ၏။ ယွမ်ဂွန်းသည် သူ မမျှော်လင့်ထားသော ကိစ္စတစ်ခုအား သူ၏ခေါင်းပေါ်သို့ ပစ်ချလိုက်သည်။
"မင်း မသိဘူးလား"
"ကျွန်တော်က ဘယ်လိုလုပ်ပြီး သိမှာလဲ"
"ဟူး...ဂိုဏ်းခေါင်းဆောင်က ဒီကလေးကို ရည်ရွယ်ချက်တချို့ရှိလို့ ခေါ်ထားတာလို့ ငါ ထင်ခဲ့တာ...သူ အမှားမလုပ်ဖူးလို့ ငါယူဆတယ်"
"ငါတို့ရဲ့လက်ရှိအခြေအနေမှာ နေ့ရက်တိုင်းကို ဖြတ်ကျော်နိုင်ဖို့ ငါတို့ တင်နိုင်သလောက် အင်အားစိုက်ထုတ်ခဲ့ကြတယ်...ဖုံးကွယ်ထားတဲ့ ပါရမီရှင်လူငယ်တွေကို လူသစ်စုဆောင်းဖို့အတွက်လည်း အပိုကုန်ကျစရိတ်တွေ ငါတို့ မတက်နိုင်ဘူး...သူကသာ သူဟာသူ ငါတို့ဆီရောက်လာတဲ့ ဇွဲကြီးတဲ့ကလေးတစ်ယောက်ပဲ"
"ပြီးတော့ သူကို ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် ခေါ်ထားခဲ့တာ"
ယွမ်ဂွန်းက ဆွံအသွားသည်။ ထိုကလေးသည် တပည့်သစ်ထပ်လက်မခံဟု ပြောထားသော ဂိုဏ်းခေါင်းဆောင်မှ လက်ခံထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤကိစ္စနောက်ကွယ်၌ ဖုံးကွယ်ထားသောအရာများ ရှိနေအုံးမည်ဟု သူ တွေးမိသည်။ သို့ရာတွင် ဟွာဆန်း၌တိုက်ခတ်နေသောလေသည် ပြောင်းလဲနိုင်မည်လော။
ကြည့်ရသည်မှာ ယုအန်အမ်းသည်လည်း ထိုထက်ပို၍ မသိတော့ပုံရသည်။
"ဂိုဏ်းခေါင်းဆောင်ပဲသိတဲ့ လျှို့ဝှက်ချက်တွေများ ရှိနေလား"
"မဖြစ်နိုင်ဘူး...အဲ့ဒီကလေးက သူ့သဘောနဲ့သူ ဒီနေရာကို ရောက်လာတာ...မင်း ဘာလို့ ဒီလောက်ထိ စပ်စုနေတာလဲ"
ယုအန်အမ်းက ပြောဆိုသည်။
"ငါ ဒီအကြောင်းကို ပိုပြီးတွေးမိလေလေ...ပိုပြီးထူးဆန်းတယ်လို့ ခံစားရလေလေပဲ'
လျှို့ဝှက်ဆန်းကြယ်သောကလေးတစ်ယောက်သည် အဝေးမှနေ၍ တစ်ယောက်တည်းခရီးထွက်လာကာ ဟွာဆန်း၏တပည့်ဖြစ်လိုသည်ဟု တည်ငြိမ်စွာပြောဆိုခဲ့သည်။ တပည့်ဖြစ်ပြီး တစ်ရက်တာအချိန်အတွင်းမှာပင် ထိုကလေးသည် ဇာတ်ကွက်တချို့ကို စီစဥ်ရေးဆွဲခဲ့လေ၏။
'ငါ အတွေးလွန်နေတာပဲဖြစ်မှာပါ'
ထိုကလေးသည် ဟွာဆန်း၏ပျက်ယွင်းနေမှုကို စုံစမ်းထောက်လှမ်းရန် တခြားဂိုဏ်းများမှစေလွှတ်လိုက်သော သူလျှိုတစ်ယောက်ဟု သူ သံသယဝင်မိသော်လည်း မဖြစ်နိုင်ဟု သူခံစားရသည်။
ရှေးဦးစွာ ဟွာဆန်းသည် ပြိုလဲလုနီးပါးဖြစ်ပြီး အလွန်ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနှင့်ပြီးလေပြီ။ ဒုတိယအနေဖြင့် အကယ်၍ ထိုဂိုဏ်းများ၌ အစီအစဥ်ရှိနေလျှင်ပင် စွမ်းရည်တိုးတက်ရန် အလားအလာရှိသော အလွန်ငယ်ရွယ်သည့်ကလေးတစ်ယောက်ကို စေလွှတ်လိုက်ခြင်းသည် အဓိပ္ပါယ်မရှိချေ။
အကယ်၍ ထိုကဲ့သို့ အရည်အချင်းရှိသည့် ကလေးတစ်ယောက်သာရှိနေပါက ဟွာဆန်း၌ပုပ်ပွခံရန် စေလွှတ်မည့်အစား သူတို့၏ဂိုဏ်းများ၌ တက်နိုင်သမျှပြုစုပျိုးထောင်ပြီး သင်ကြားပေးကြပေမည်။
"ကိစ္စက ဒီလိုဖြစ်လာမှတော့...သူကို စောင့်ကြည့်နေရင် ပိုမကောင်းဘူးလား"
"သူ့ကို လွှက်ထားလိုက်ပါ"
"ဒါပေမယ့် ဆရာတူအကို...."
"မင်းရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်လို့ မင်း သူကိုမတားခဲ့တာ...ဟုတ်တယ်မလား"
အဖြေပြန်ပေးရမည့်အစား ယွမ်ဂွန်းက ခေါင်းငုံလိုက်၏။
"မင်း ပြင်းပြင်းထန်ထန် ကြိုးစားတာကို ငါ သတိပြုမိတယ်...မင်းအတွက် တပည့်တွေကို ဦးဆောင်ရတာက လုပ်ရိုးလုပ်စဥ်ဆိုပေမယ့်...အရာရာတိုင်းကို မင်းရဲ့ဆန္ဒအတိုင်းလုပ်မယ်ဆို မအောင်မြင်နိုင်ဘူး"
"မဟုတ်ဘူး ဆရာတူအကို...ကျွန်တော်က..."
"ဒါက အဆင်ပြေပါတယ်"
ယုအန်အမ်းက တိုးညှင်းစွာ ရယ်မောလိုက်သည်။
"ဒါက လူတိုင်းအတွက် အခက်အခဲရှိလိမ့်မယ်...သူ ဘာတွေးနေလဲဆိုတာ ငါ သေချာမသိဘူး...ဒါပေမယ့် ဒါက ဟွာဆန်းကိုအကျိုးရှိစေမယ်လို့ မင်း ယုံကြည်တယ်ဆိုရင်...သူ့ကိုဟန့်တားစရာ အကြောင်းမရှိဘူး"
ယွမ်ဂွန်းက ခေါင်းမော့ပြီး ယုအန်အမ်းကို ကြည့်နေလေ၏။
"ကျွန်တော်မသေချာဘူး...အဲ့ဒီကလေးက..."
"ယွမ်ဂွန်း"
"ဟုတ်ကဲ့ ဆရာတူအကို"
"အခုချိန်မှာ အဲ့ဒီကလေးက ဟွာဆန်းရဲ့တပည့်တစ်ယောက်ဖြစ်နေပြီ"
ယွမ်ဂွန်း၏မျက်လုံး အနည်းငယ် တုန်ခါသွားသည်။
"အချိန်တိုင်းလိုလို ငါတို့က အရင်ဆုံးရောက်လာတဲ့ကလေးကိုပဲ မျက်နှာသာပေးလေ့ရှိတယ်...ဒါပေမယ့် တကယ်လို့ နောက်ဆုံးမှရောက်လာတဲ့ ကလေးဖြစ်နေရင်တောင် ဟွာဆန်းကိုရောက်လာတဲ့ ကလေးတွေအားလုံးက ငါတို့ရဲ့တပည့်တွေဖြစ်သွားပြီမို့ စောင့်ရှောက်ရမှာပဲ"
"ကျွန်တော် အမြင်ကျဥ်းသွားမိတယ်"
ယွမ်ဂွန်းသည် ဦးညွှတ်၍ အရိုအသေပြုလိုက်၏။
"တကယ်လို့ သူ စည်းကျော်လာတဲ့အချိန်ကျမှ...ငါတို့ ဟန့်တားရင်လည်း အရမ်းနောက်ကျသွားမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ ဆရာတူအကို"
ယွမ်ဂွန်းက မတ်တတ်ထရပ်လေသည်။
"ကျွန်တော် သွားတော့မယ်"
"ကောင်းပြီလေ"
ယုအန်အမ်းသည် လဖက်ရည်တစ်ခွက်ငဲ့သောက်ပြီး ယွမ်ဂွန်း ထွက်ခွါသွားခြင်းကို ကြည့်နေသည်။
"ဘယ်လိုတောင် ထူးဆန်းတဲ့ ကောင်လေးမျိုးပါလိမ့်"
အမှန်အားဖြင့် ပုံမှန်မဟုတ်သောကလေးတစ်ယောက် ဟွာဆန်းသို့ရောက်ရှိလာခြင်းပင်။ ထိုကလေးသည် ပြင်းထန်သောအပြောင်းအလဲများကို ယူဆောင်လာပြီး သူ၏လုပ်ဆောင်မှုကို ဖုံးကွယ်ရန်လည်း ကြိုးစားခြင်းမရှိချေ။ ထိုအပြောင်းအလဲသည် ကောင်းချီးပေးခြင်းလော သို့မဟုတ် ကျိန်စာလော မသိနိုင်ချေ။
တစ်ခုတည်းသောအရာမှာ..
'အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်'
ယခုလက်ရှိအချိန်တွင် ဟွာဆန်း၌ လေအသစ်တိုက်ခတ်ရန်လိုအပ်သည်။ လေတိုက်ခတ်ခြင်းမရှိဘဲ ပင်လယ်ပြင်အတွင်း မျောပါနေပါက ငတ်မွတ်ခေါင်းပါးပြီး သေဆုံးရပေမည်။ အကယ်၍ ဦးတည်ရာကို မသိနိုင်သည့်တိုင် ရွှက်လွှင့်ရပေမည်။ နောက်ဆုံးရပ်နားရာသည် နတ်ဘုံနတ်နန်းဖြစ်စေ လူသူကင်းမဲ့သောကျွန်းဖြစ်စေ ပင်လယ်ပြင်အတွင်း မလှုပ်မယှက်နေပြီး သေသွားရသည်ပင် ပို၍ကောင်းသည်။
ယုအန်အမ်းသည် လဖက်ရည်ခွက်ကို သူ၏နှုတ်ခမ်းအနီးသို့ ယူဆောင်လိုက်၏။
ချွန်းမြောင်သည် ဟွာဆန်းသို့တိုက်ခတ်လာသော လေစိမ်းဖြစ်စေရန် သူ မျှော်လင့်နေမိသည်။ အမှန်အားဖြင့် ထိုလေစိမ်းသည် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားချိန်တွင် သူ တည်တည်ငြိမ်ငြိမ် ဆက်ရှိနိုင်မည်လောဆိုသည်ကို စောင့်ကြည့်ရပေမည်။
"ငါ သေတော့မယ်လို့ထင်တယ်"
"ငါ သေပြီ..."
နာကျင်စွာအော်ဟစ်မြည်တမ်းနေသံများက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်နေသည်။ အမှန်အားဖြင့် ယခုချိန်၌ သေလုမျောပါးအော်ဟစ်နေသူများသည် ဟွာဆန်း၏တတိယတန်းစားတပည့်များဖြစ်သည်။
"ဒါက ဘယ်လိုငရဲအသစ်မျိုးလဲ...ညှင်းပန်းနှိပ်စက်နည်းအသစ်လား"
ထိုအရာသည် ကြွက်သားများတည်ဆောက်သည့် လေ့ကျင့်ခန်းအသစ်ဟု သူတို့သိထားသော်လည်း ဟွာဆန်း၌လျစ်လျှူရှုခံထားရသော ခွန်အားလေ့ကျင့်ခန်းနှင့် တူညီခြင်းမရှိချေ။ ကျစ်လစ်သိပ်သည်းသောခန္ဓာကိုယ်သည် သိုင်းပညာရပ်အားလုံး၏အခြေခံအုတ်မြစ်ဖြစ်ပြီး ရှောင်လင်ဂိုဏ်းပင်လျှင် ခွန်အားလေ့ကျင့်ခြင်း၌ပြင်းထန်သော လေ့ကျင့်မှုပုံစံများရှိသည်။
'ဒါပေမယ့် ဒါက ယုတ္တိမရှိဘူးလေ'
ယွန်းဂျွန်သည် ခေါင်းငုံ၍ စားပွဲထံသို့ ကြည့်လိုက်သည်။
ဟင်းသီးဟင်းရွက်ကြော်များကို အရံဟင်းအဖြစ် တည်ခင်းထားသော်လည်း သူ၏လက်များအလွန်တုန်ယင်နေသဖြင့် သူ၏ပါးစပ်အတွင်းသို့ ချိန်သားကိုက်အောင် မထည့်နိုင်တော့ဘဲ ဟင်းစဟင်းနများက စားပွဲအနှံ့ပြန့်ကျဲသွားသည်။
"အား...ငါ ဘာမှကောင်းကောင်းမစားရသေးဘူး"
"နေ့လည်ခင်းကျရင် ငါတို့ ဓားရေးလေ့ကျင့်ခန်းလုပ်ရမှာ...ငါ့ရဲ့လက်တွေ ဒီအတိုင်းသာ တုန်ခါနေရင် ငါ ဘယ်လိုလုပ်ပြီး ဓားကိုလွှဲယမ်းရမှာလဲ...တကယ်လို့ အစစ်အမှန်ဓားကိုသာ ငါ ကိုင်ရရင်...ငါ့ရဲ့လက်ထဲကနေ လွင့်ထွက်သွားပြီး တစ်ယောက်ယောက်ရဲ့ဖင်ကို ထိုးဖောက်မိသွားမလား"
"ကျေးဇူးတင်စရာက...ငါ့ရဲ့လက်က အဲ့ဓားကို လွှဲယမ်းဖို့ အဲ့ဒီလောက်ထိ အားမရှိတော့တာပဲ"
"အဲ့ဒီအတွက် ငါတို့ သူ့ကိုတောင် ကျေးဇူးတင်ရမလား"
ယွန်းဂျွန်က သက်ပြင်းချလိုက်သည်။
'ဒါတွေက သူ့မျက်နှာကိုကြည့်ပြီးပြောကြ...သူ မျက်နှာကို'
အကယ်၍ သူတို့ အထွန့်တက်လိုပါက ချွန်းမြောင်အားကြည့်၍ ပြောသင့်သည်မဟုတ်လော။ သူ၏နောက်ကွယ်၌ ပြောဆိုနေရုံမျှဖြင့် မည်သည့်ကောင်းကျိုးရရှိလာနိုင်မည်နည်း။
"ငါ တတ်နိုင်တာ...ဘာမှမရှိဘူး"
"ဆရာတူအကိုကြီး"
ညည်းတွားသံများက လူအုပ်ကြီးအကြားမှ ထွက်ပေါ်လာသည်။ သို့ရာတွင် ယွန်းဂျွန်သည် ဟင်းရွက်ကြော်အား တိတ်တဆိတ် ကောက်ယူနေဆဲပင်။
ယခုချိန်၌ ဆရာယွမ်ဂွန်းသည် ချွန်းမြောင်နှင့်တစ်ဖက်တည်း ရပ်တည်လိုက်သူဖြစ်ရာ သူတို့ ဘာတက်နိုင်အုံးမည်နည်း။
"ဆရာတူအကိုတွေတဲ့လား...ဒီလိုအခြေအနေမျိုးမှာ ဆရာတူအကိုဟုတ် မဟုတ်ဆိုတာက အရေးမပါတော့ဘူး"
"ဒါပေမယ့် ဆရာတူအကိုကြီးရဲ့အမြင်အရ သူက ကျွန်တော်တို့ကို နည်းနည်းတော့ မလေးစားသင့်ဘူးလား"
ယွန်းဂျွန်က သက်ပြင်းချပြီး စကားပြောဆိုတော့မည့်အချိန်မှာပင် စူးရှရှအသံတစ်သံထွက်ပေါ်လာသည်။
"အသုံးကိုမကျဘူး...သောက်ရေးမပါတဲ့ စကားတွေ"
တတိယတန်းစားတပည့်အုပ်စုသည် စကားပြောဆိုလိုက်သူထံသို့ တပြိုင်နက်တည်း လှည့်ကြည့်ကြသည်။
"ဂျိုဂုလား"
ထောင့်တစ်နေရာ၌ တိတ်တဆိတ်ထိုင်၍ ထမင်းစားနေသော ဂျိုဂုသည် တခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စူးရှရှလေသံဖြင့် ပြောဆိုသည်။
"ဆရာတူအကိုကြီးကို မင်းတို့ရဲ့တောက်တိုမယ်ရခိုင်းလို့ရတဲ့ကောင်လေးလို့ ထင်နေကြတာလား...ချွန်းမြောင်က မင်းတို့ကို ပုန်းနေတာမဟုတ်ဘူး...တကယ်လို့ မင်းတို့မှာ တစ်ခုခုပြောစရာရှိရင်...သူနဲ့မျက်နှာချင်းဆိုင်ပြီး မင်းတို့ကိုယ်တိုင်သွားပြောနိုင်တယ်"
"မဟုတ်ပါဘူး...ကျွန်တော်တို့က..."
"တကယ်လို့ မင်းတို့သွားမပြောရဲရင် ပါးစပ်ပိတ်ပြီး ထမင်းစားနေကြ...တကယ်လို့ မင်းတို့မစားဘူးဆိုရင် နေ့ခင်းကျ အသက်ရှင်နိုင်မှာမဟုတ်ဘူး"
ဂျိုဂု ပြောဆိုသည်ကိုကြားပြီးနောက် မည်သူမျှ ပါးစပ်ဟ၍ ငြင်းခုံခြင်းမပြုကြတော့ချေ။
ယွန်းဂျွန်နှင့်ဂျိုဂုက အကြည့်ချင်းဆုံသွားသည်။
'သူက ထူးထူးဆန်းဆန်းတွေ လုပ်နေတယ်'
အကယ်၍ ပုံမှန်ဂျိုဂုသာဆိုပါက ချွန်းမြောင်အကြောင်းကို ကျယ်လောင်စွာ အထွန့်တက်နေပေမည်။ မည်သို့ပင်ဆိုစေကာမူ သူသည် တတိယတန်းစားတပည့်များကြား၌ အသန်မာဆုံးနှင့်သြဇာအညောင်းဆုံးဖြစ်သည်။
ဂျိုဂုသည် ချွန်းမြောင်ဘက်မှလိုက်ပြောနေသဖြင့် တခြားသူများ စကားဆက်လက်ပြောဆိုရန် ခက်ခဲစပြုလာသည်။
ချွမ်...
ဂျိုဂုက သူ၏တူကိုချ၍ ယွန်းဂျွန်အနီးသို့ချဥ်းကပ်သွားသည်။
"ဆရာတူအကိုကြီး"
"အင်း..."
"ငါ မင်းနဲ့ခဏလောက်တွေ့လို့ရမလား"
"...ရတာပေါ့"
ယွန်းဂျွန်က သူ၏တူကိုအောက်သို့ချ၍ မတ်တတ်ထရပ်လိုက်သည်။
ကြွင်းကျန်သောတပည့်များသည် သူတို့၏ခေါင်းများကိုတိမ်းစောင်း၍ ဂျိုဂုတို့နှစ်ယောက်ထွက်ခွါသွားသည်ကို ကြည့်နေကြ၏။
"ငါတို့ အမြင်များမှားနေတာလား"
ယွန်းဂျွန်သည် လူခြေတိတ်သောနေရာသို့ရောက်သည်နှင့် ပထမဆုံးစကားပြောလိုက်သည်။
"မင်းကိုကြည့်ရတာ အတော်စိတ်ပျက်နေသလိုပဲ"
ဂျိုဂုက သူ၏လက်ကိုမြှောက်၍ သူ့မျက်နှာကိုပွတ်သပ်လိုက်၏။
"အခုဘယ်လိုနေသေးလဲ"
"မင်းမျက်နှာအမူအယာက ဖတ်လို့လွယ်တယ်"
"ဒီလိုစကားမျိုးကို ကျွန်တော်ပထမဆုံးအကြိမ်ကြားဖူးတာပဲ"
ဂျိုဂုက ရယ်မောသည်။
"လေ့ကျင့်ခန်းတွေအားလုံးပြီးရင်...ငါတို့ ဒီလိုမျိုး ရယ်မောနိုင်ပါအုံးမလား"
"...ဆရာတူအကို'
"အင်း..."
"ဟွာဆန်းကို မင်းဘယ်လိုထင်လဲ"
ထိုမေးခွန်းကိုကြားချိန်တွင် ယွန်းဂျွန်က နှုတ်ဆိတ်သွားသည်။ ထိုအရာသည် ဂရုတစိုက်စဥ်းစားဆုံးဖြတ်ရန်လိုအပ်သော အရေးကြီးအကြောင်းအရာတစ်ချက်ပင်။
"ဒါက ခက်ခဲတဲ့မေးခွန်းပဲ"
"ဟွာဆန်းမှာသင်ယူပြီးတာနဲ့ ငါက ဇာတိမြို့ကိုပြန်ဖို့ အရင်တုန်းကစီစဥ်ထားခဲ့တယ်...ဒါပေမယ့် မင်းက ဒီမှာဆက်နေဖို့ အစီအစဥ်ရှိတယ်မလား"
"အမှန်ပဲ"
ယွန်းဂျွန်က ခေါင်းညိတ်လိုက်၏။ သူသည် ဟွာဆန်း၌နေထိုင်ရန် ဆုံးဖြတ်ထားပြီးလေပြီ။ တခြားတတိယတန်းစားတပည့်များသည် သူတို့၏ရွေးချယ်မှုများ မပြုလုပ်ရသေးသော်လည်း သူက ဟွာဆန်း၏တရားဝင်တပည့်အဖြစ်နေထိုင်ပြီး ဂိုဏ်းနှင့်သေအတူရှင်မကွာနေထိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
"ဟွာဆန်းမှာ အနာဂတ်ရှိသေးတယ်လို့ မင်းယုံကြည်လား"
"မင်းရဲ့လျှာကိုသတိထားပြော...ဒါက မင်း လက်လွတ်စပါယ်ပြောလို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး"
"ငါကတော့ ဒီနေရာမှာမျှော်လင့်ချက်ရှိသေးတယ်လို့ မယုံဘူး"
“…”
ဤသည်က ပြောသင့်သောကိစ္စရပ်မဟုတ်သော်လည်း ယွန်းဂျွန်သည် ဂျိုဂုအား အပြစ်မတင်ချေ။ အတိတ်တွင် သူထံ၌လည်း တူညီသောအတွေးမျိုး မကြာခဏရှိခဲ့ဖူးသည်။
"မင်းရဲ့စိတ်ပြောင်းလဲသွားပြီလို့ မင်းပြောချင်တာလား"
"နည်းနည်းပါးပါးပေါ့.."
"ဘယ်လိုပြောင်းလဲသွားတာလဲ"
"လေ့ကျင့်ရေးလုပ်ဖို့ ဖိအားပေးခံရတာက ငါ့ကိုနားလည်မှုတချို့ရသွားစေတယ်...မကြာသေးခင်အချိန်ထိ ငါ့ကိုအကန့်အသတ်ရောက်စေတဲ့အထိ ဖိအားပေးနိုင်တဲ့လေ့ကျင့်ရေးမျိုး ငါ မလုပ်ခဲ့ဖူးဘူး"
ဤသည်က အမှန်တရားပင်။
ယွန်းဂျွန်သည် ထိုကိစ္စရပ်ကိုနားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဤကဲ့သို့ လေ့ကျင့်ရေးမျိုးကို သူ မည်သည့်အချိန်ကမျှ မလုပ်ခဲ့ဖူးချေ။ သူ ပြင်းပြင်းထန်ထန်ကြိုးစားမည်ဟု အစဥ်အမြဲတွေးထားခဲ့သော်လည်း ယခုကဲ့သို့ သူ၏ခန္ဓာကိုယ်တုန်ရီလာသည်အထိ သူ့ကိုယ်သူ တွန်းအားမပေးဖူးပေ။
"ဒါပေမယ့် သူက ငါတို့လုပ်တာထက် နှစ်ဆလေ့ကျင့်တာတောင် သူ့ကိုကြည့်ရတာပင်ပန်းပုံမရဘူး"
ချွန်းမြောင်က မည်သို့နှစ်ဆပိုပြုလုပ်သလော။ သူသည် တခြားသူများပြုလုပ်သည့် လေ့ကျင့်ခန်းများကို နှစ်ဆပြုလုပ်သည့်အပြင် သူ့ခန္ဓာကိုယ်၌ သဲအိတ်များပို၍ချိတ်ဆွဲထားခဲ့သည်။ သူ၏အပြင်းအထန်လေ့ကျင့်မှုသည် တခြားကလေးများနှင့် အဆင့်တစ်ခုထိအပြည့်အဝကွဲပြားခြားနားပေ၏။ ယွန်းဂျွန်သည် သူ့ခန္ဓာကိုယ်၌ချိတ်ဆွဲထားသောအလေးချိန်ကို စစ်ဆေးပြီးနောက် ချွန်းမြောင်သည် သူ့ထက်ပို၍လေးလံသောအလေးချိန်ဖြင့် လေ့ကျင့်နေသည်ကိုမြင်ချိန်တွင် သူ၏မျက်လုံးကိုပင် သူမယုံနိုင်တော့ချေ။
ချွန်းမြောင်သည် သန်မာအားကောင်းလှ၏။ သူသည် အားကောင်းရုံတင်မကဘဲ သူတို့ထက် ပို၍ငယ်ရွယ်သူလည်းဖြစ်သည်။ ချွန်းမြောင်သည် မွေးရာပါသန်မာသူဖြစ်သည်ဟု ယွန်းဂျွန်က ယုံကြည်ခြင်းမရှိချေ။ ထို့ကြောင့် ချွန်းမြောင် သန်မာနေသည်မှာ သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပေမည်။
"မင်း ပြောတာမှန်တယ်"
"ဆရာတူအကို...ဟွာဆန်းမှာလေ့ကျင့်ပြီး သန်မာသူတစ်ယောက်ဖြစ်မလာနိုင်ဘူးလို့ ငါ ထင်ခဲ့တယ်...ငါက အမြူတေအဆင့်ကိုရောက်တာနဲ့ ထွက်ခွါသွားဖို့ စဥ်းစားထားတာ....ငါက လောကကြီးအနှံ့မှာကျော်ကြားတဲ့ ဆရာသခင်တစ်ယောက်ဖြစ်ဖို့တောင် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
"ဂျိုဂု"
"အဆုံးထိနားထောင်ပေးပါ ဆရာတူအကို"
“…”
ဂျိုဂုက တံတွေးမျိုချပြီး ဆက်လက်ပြောဆိုသည်။
"ဒါပေမယ့် သူ့ကိုတွေ့ပြီးတဲ့နောက် ငါမှားနေတယ်ဆိုတာကို သိနားလည်သွားခဲ့တယ်...ငါဆိုလိုချင်တာက ငါတို့နဲ့သက်တူရွယ်တူဘယ်သူမဆို သူ့ကိုယှဥ်နိုင်တဲ့သူရှိလား"
ချွန်းမြောင်အား ယှဥ်နိုင်သူရှိမည်ဟု သူ မထင်ချေ။ မည်သူမျှရှိနိုင်မည်မဟုတ်ပေ။ ယွန်းဂျွန်သည် တတိယတန်းစားတပည့်များအနက် အတော်ဆုံးဟု မဆိုနိုင်သော်လည်း သူ၏အရည်အချင်းကို သူယုံကြည်ချက်ရှိသည်။ သူသည် မဟာဂိုဏ်းကြီးများမှ တပည့်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင်ပင် ချောင်ပိတ်တိုက်ခိုက်နိုင်မည်မှာ သေချာပေ၏။
သို့ရာတွင် ထိုနတ်ဆိုးကောင်သည် လက်ချောင်းတစ်ချောင်းကိုအသုံးပြု၍ ယွန်းဂျွန်အား ကျွမ်းထိုးမှောက်ခုံဖြစ်စေပြီး သန်မာသူတစ်ယောက်ဖြစ်သော ဂျိုဂုကို မျက်နှာကြက်အတွင်း၌ နစ်ဝင်နေစေသည်။
မည်သည့်နည်းဖြင့် သူကဲ့သို့ တခြားနတ်ဆိုးကောင်မျိုး ထပ်မံရှိနိုင်မည်နည်း။
"ဘယ်သိုင်းပညာရပ်ကို ငါတို့သင်ယူမယ်ဆိုတာ အရေးမပါဘူး...ပိုပြီးအရေးကြီးတာက ငါတို့ဘယ်လိုသင်ယူရမယ်ဆိုတာပဲ...အဲ့ဒီစကားက နားထဲမှာကြားကောင်းအောင်ပြောတဲ့ အလဟဿစကားလို့ ငါထင်ခဲ့တာ...သူနဲ့တွေ့ပြီးမှပဲ ဒါက အရိုးသားဆုံးစကားတွေဆိုတာ ငါ နားလည်သွားတယ်...ဆရာတူအကို...ငါ အကောင်းဆုံးကြိုးစားကြည့်ချင်တယ်"
"ငါလည်း မင်းနဲ့ထပ်တူခံစားရတယ်"
ဂျိုဂုက ခေါင်းညိတ်ပြလိုက်၏။
"ဒါဆိုရင် ဆရာတူအကို...ဒါက ကျွန်တော်တို့မျိုးဆက် အကြီးအကျယ်ပြောင်းလဲသွားနိုင်တဲ့အခွင့်အလမ်းတစ်ခုဖြစ်နိုင်တယ်...သူက နည်းနည်းငေါ့တော့တော့ပြောတက်ပြီး မောက်မာတယ်ဆိုရင်တောင် အခုချိန်မှာတော့ ငါတို့ သူ့နောက်ကိုလိုက်ကြစို့"
ယွန်းဂျွန်က ဂျိုဂုအား ကြည့်လိုက်သည်။ ဂျိုဂုသည် အလွန်ထူးချွန်သောအရည်အချင်းရှိသူပင်။ သူ၏ ပြင်ပလောကမှ အတွေ့အကြုံများကြောင့် သူ၏နံဘေးပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေနေတတ်သော စွမ်းရည်မျိုးရှိသည်။ အကယ်၍ ဂျိုဂုသာ ကုန်သည်တစ်ယောက်ဖြစ်လာပါက သူ၏အောင်မြင်မှုမှာ အကန့်အသတ်ရှိမည်မဟုတ်ချေ။ ထိုကဲ့သို့လူစားမျိုးက ယခုကဲ့သို့စကားမျိုးပြောလာသဖြင့်....
"လုပ်ကြစို့"
"ဆရာတူအကို"
"မင်းပြောတာမှန်တယ်...အခုချိန်မှာ ကျန်တာဘာမှအရေးမကြီးဘူး...ငါက ဟွာဆန်းမှာအဆုံးသတ်ထိနေဖို့ ဆုံးဖြတ်ထားသူတစ်ယောက်ပဲ...ငါ ဟွာဆန်းကိုကူညီဖို့ ငါ တက်နိုင်သမျှကြိုးစားမယ်"
ယွန်းဂျွန်၏စကားများကို ဂျိုဂုက ခေါင်းညိမ့်၍ထောက်ခံသည်။
"ရယ်စရာတော့အကောင်းသား...ဒါတွေအားလုံးက မနေ့ကမှငါတို့ဂိုဏ်းကိုရောက်လာတဲ့ အငယ်ဆုံးလေးကြောင့်ပဲ"
"သူက အငယ်ဆုံးဆိုပေမယ့် သာမာန်ထက်ပိုတယ်"
"ဟဲ ဟဲ...ဒါကအမှန်ပဲ"
သူတို့နှစ်ယောက်သည် စိတ်လက်ပေါ့ပါးစွာပြုံးရယ်ပြီး သူတို့၏စကားပြောဆိုမှုပြီးဆုံးသွားသဖြင့် နောက်သို့ပြန်လှည့်ခဲ့ကြသည်။ သူတို့သည် မည်မျှပင် ကလေးများနှင့်တူညီနေပါစေ အသိဥာဏ်ရှိသူများဖြစ်သည်။
"ဂျိုဂု"
"ဟုတ်ကဲ့...ဆရာတူအကို"
"ငါတို့ တကယ်ကိုသန်မာလာမှာလား"
"တစ်ခုတော့သေချာတယ်"
"အမ်..."
"တကယ်လို့ ငါတို့ မသန်မာလာဘူးဆိုရင်...ငါတို့က ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်"
"ဒါက နှစ်သိမ့်စကားလား"
သူတို့နှစ်ယောက်သည် အတိုချုပ်စကားဖလှယ်ပြီးနောက် ပြန်လာခဲ့တော့သည်။ အဆုံးသတ်၌ သူတို့အား မည်သူက စောင့်ကြည့်နေသည်ကို သူတို့နှစ်ယောက်လုံးမသိကြချေ။
အခန်း ၁၈:ဟွာဆန်းက ငါ့ကြောင့် ဒီလိုမျိုးဖြစ်သွားတာလား(၃)
"လောလောဆယ်အတွက်တော့...ငါ့မှာ လူတော်နှစ်ယောက်ရသွားပြီ"
အနီးအနားရှိသစ်ပင်နောက်တွင်ပုန်းအောင်းရင်း ချွန်းမြောင်က သူတို့၏စကားစမြည်ပြောဆိုမှုကို ချောင်းမြောင်း၍နားထောင်နေသည်။ သူ၏ဘေးနားရှိ ထမင်းဆုပ်တစ်ဆုပ်နှင့်အတူ သူက သက်တောင့်သက်သာလဲလျောင်းနေသည်။
'ကျွတ်...ငါ ဒီလိုမျိုးသနားကြင်နာမှုမျိုး ဘယ်တုန်းကမှအသုံးမပြုခဲ့ဖူးဘူး"
အကယ်၍ ယခုချိန်၌ သူ ထမင်းစားခန်းအတွင်းသို့ဝင်သွားပါက ဆရာတူအကိုများ စားသောက်လိမ့်မည်မဟုတ်ချေ။ အနည်းဆုံးတော့ သူတို့သည်သင့်လျော်သောအစားအစာတစ်နပ် ရှိသင့်သည်။ ထိုအရာက လူသားအဆန်ဆုံးပြုလုပ်ရမည့်ကိစ္စမဟုတ်လော။
ချွန်းမြောင်သည် သူ၏အစာအိမ်ကိုပုတ်၍ သင်ပြင်းချလိုက်၏။
'ငါ ရည်မှန်းထားတာထက်ပိုကြီးတဲ့ အရှုပ်အထွေးကို ငါ လုပ်လိုက်မိပြီပဲ'
အစကဏဦးတွင် သူ နှိမ့်နှိမ့်ချချနေရန်ကြံစည်ထားခဲ့သည်။ သို့ရာတွင် ထိုကလေးများရောက်လာပြီး အိမ်မောကျနေသောကျားမှ နှာခေါင်းမွှေးအား လာနှုတ်ရာ သူထံ၌ တခြားရွေးချယ်စရာမရှိတော့ချေ။
သူ ယခုကဲ့သို့ပြုလုပ်ရုံအပြင် တခြားမရှိပေ။ တချို့အရာများသည် သည်းခံနိုင်သော်လည်း ဖြတ်ကျော်၍မရနိုင်သောမျဥ်းများရှိနေသည်။
"အတိတ်ကတော့ အပြောင်းအလဲမရှိဘူး"
ကျေးဇူးတင်စရာကောင်းသည်မှာ ယွမ်ဂွန်းသည် ပြောဆိုဆက်သွယ်ရန် လွယ်ကူသူဖြစ်ခြင်းပင်။ သူတို့စကားပြောဆိုနေစဥ်တွင် ချွန်းမြောင်ဆိုလိုချင်သောကိစ္စကို ယွမ်ဂွန်းက အပြည့်အဝနားလည်သည်။ ထို့ကြောင့် ကိစ္စများအားလုံးသည် သူ ခန့်မှန်းထားသည်ထက် လွယ်ကူသွားသဖြင့် သူ ယွမ်ဂွန်းအား ကျေးဇူးတင်ရပေမည်။
အမှန်အားဖြင့် အကယ်၍ယွမ်ဂွန်းသာ နားလည်မှုမပေးပါက သူ တန်ပြန်အစီအစဥ်များ ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုကိစ္စက ပြဿနာပို၍များပြားနိုင်သည်။
'သူက ငါထင်ထားတာထက် ထက်မြက်ပုံပဲ'
ထက်မြက်မှု....
ယွမ်ဂွန်းသည် ချွန်းမြောင်အား ရှင်းရှင်းလင်းလင်း နားလည်သည်မှာ သေချာပေ၏။ မည်သို့ပင်ဆိုစေကာမူ ဟွာဆန်း၏တပည့်ငယ်တစ်ယောက်အနေဖြင့် သူ၏စီနီယာအပေါ် နှိမ့်ချပြီး ထက်မြက်သည်ဟုအကဲဖြတ်ခြင်းသည် မလေးမစားလုပ်ရာကျသည်။ သို့ရာတွင် ဤသည်ကပင် သူ ယွမ်ဂွန်းအား ချီးမွမ်းခြင်းမဟုတ်လော။
"ဟူး...ဒါကအရမ်းရှုပ်ထွေးတာပဲ"
အရာအားလုံးကို စနစ်တကျစီမံနိုင်ရန် သူ အချိန်ပိုယူရမည့်ပုံပေါ်သည်။ ယခုလက်ရှိ သူ၏အနေအထားဖြင့် ဟွာဆန်း၏အခြေအနေအား ရှင်းရှင်းလင်းလင်းမမြင်နိုင်ချေ။
သို့ရာတွင်...
"ဟိုနှစ်ယောက်ကတော့ ဥာဏ်ကောင်းတာသေချာတယ်"
ချွန်းမြောင်၏မျက်လုံးအကြည့်သည် ထမင်းစားခန်းအတွင်းသို့ ဝင်ရောက်သွားသော ယွန်းဂျွန်နှင့်ဂျိုဂုနောက်သို့ လိုက်ပါသွားသည်။
လူအမြောက်အများ စုဝေးနေစဥ်တွင် ထင်ရှားသူအနည်းငယ်သာ အစဥ်အမြဲရှိသည်။ ချွန်းမြောင်၏အမြင်အရ ယွန်းဂျွန်နှင့်ဂျိုဂုသည် တတိယတန်းစားတပည့်များအနက် အခရာဖြစ်သည်။
"ငါ အကြံကောင်းတစ်ခုရပြီ"
သူတို့နှစ်ယောက်သည် အတော်ထူးခြားသူများဟုဆိုနိုင်သည်။ သာမာန်အားဖြင့် သူတို့အား ဖိအားများများပေးခံရပါက သေလုမျောပါးဖြစ်နေပေမည်။ သူတို့သည် နာကျင်မှုခံစားရသည်နှင့်အမျှ ညည်းညူသံများ အဆက်မပြတ်ထွက်ပေါ်နေပေလိမ့်မည်။ သို့ရာတွင် ယွန်းဂျွန်နှင့်ဂျိုဂုသည် ထပ်မံ၍ လေ့ကျင့်ခန်းများပြုလုပ်ရန် ဆန္ဒရှိနေကြသည်။ ချွန်းမြောင်က သူတို့အား လေးစားမိသည်။
အထူးသဖြင့်ဂျိုဂုပင်။ သူ့ထက် အသက်ငယ်ရွယ်သူ၏ ပြင်းပြင်းထန်ထန်ရိုက်နှက်ခြင်းခံရသော်လည်း အငြှိုးထားခြင်းမရှိချေ။ ထို့ပြင် သူက ပို၍ပင် တက်တက်ကြွကြွရှိနေပြီး ချွန်းမြောင်နောက်လိုက်ခြင်းသည် သူ့အားပို၍သန်မာစေမည်ဟု ယုံကြည်ထားသည်။ အကယ်၍ သူထံ၌သာ ငွေကြေးတချို့ရှိနေပါက ဂျိုဂုအား လက်ဆောင်ဝယ်ပေးမိမည်မှာ သေချာပေ၏။
"တကယ်လို့ ငါ သူကို ကောင်းကောင်းမြေတောင်မြှောက်ပေးမယ်ဆိုရင် သူက အကြီးအကျယ်အသုံးဝင်လိမ့်မယ်"
ချွန်းမြောင်က အပြုံးနှင့်အတူ ထမင်းဆုပ်ကိုကိုက်လိုက်သည်။
ပါရမီရှင်များကိုရှာဖွေရန်မှာ အရေးပါသော်လည်း ယခုချိန်၌ အဓိကဦးစားပေးမှာ ချွန်းမြောင်၏လုပ်ဆောင်ချက်ပင်။
'အရင်ဦးဆုံးနဲ့အရေးကြီးဆုံးကတော့ ခန္ဓာကိုယ်သန်စွမ်းအောင်လုပ်ဖို့ပဲ'
သူ အုတ်မြစ်ချပြီးလေပြီ။ သွားရမည့်လမ်းသည် ရှည်လျှားသေးသော်လည်း အန္တရာယ်အများဆုံးအပိုင်းအား ဖြတ်သန်းပြီးပြီဟုဆိုနိုင်သည်။ ထို့ကြောင့် ယခုချိန်၌ သူ သိုင်းပညာရပ်များကို လေ့ကျင့်ရပေမည်။
ထိုသို့ဆိုလျှင် သူ အလိုအပ်ဆုံးအရာသည် မည်သည့်အရာဖြစ်သနည်း။
ပြီးပြည့်စုံသောခန္ဓာကိုယ်ပင်။ သူ၏အတိတ်မှ အသိပညာများကိုအသုံးပြု၍ သူရရှိထားသော ငယ်ရွယ်နုပျိုသောခန္ဓာကိုယ်နှင့်ဆိုလျှင် ကျင့်ကြံရာ၌ ပို၍သန်မာလာမည်မဟုတ်လော။
သူ လုပ်နိုင်သည်။ သို့ရာတွင် သဘောတရားသည် သဘောတရားသက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်နှင့် ကွာခြားပေ၏။ သူထံ၌ သိုင်းပညာရပ်အမြောက်အများ ပိုင်ဆိုင်ထားပါစေ အရေးမပါချေ။ အကယ်၍ သူ၏ခန္ဓာကိုယ်သည် အားနည်းနေပါက သူ၏စွမ်းရည်အထွတ်အထိပ်ထိ ရောက်ရှိနိုင်မည်မဟုတ်ပေ။
သူ၏စိတ်ဆန္ဒတစ်ခုတည်းဖြင့် သူ၏အတွင်းပိုင်းစွမ်းအင်ကို လေ့ကျင့်နိုင်မည်မဟုတ်ချေ။ သွေး ချွေးနှင့်မျက်ရည်များကသာ သူ၏ခန္ဓာကိုယ်အား လိုက်လျောညီထွေရှိစေမည်။
ထို့ကြောင့် သူ့အတွက်အလိုအပ်ဆုံးအရာမှာ သူ၏ခန္ဓာကိုယ်ကြွက်သားများ သန်စွမ်းရန်ပင်။
ဟွာဆန်း၏ဓားသည် လျှင်မြန်ပြီးတောက်ပသည်မဟုတ်လော။ ဟွာဆန်းဂိုဏ်း၏ဓားနည်းစနစ်သည် လေ့ကျင့်သူ၏လက်မောင်း တစ်ကြိမ်တည်းဖြင့် အပတ်တစ်ရာ ပြင်းပြင်းထန်ထန်လွှဲယမ်းနိုင်ရန်လိုအပ်သည်။ အကယ်၍ လေ့ကျင့်သူ၏ခန္ဓာကိုယ်သာ အားနည်းနေပါက ဓားနည်းစနစ်အား တောင့်ခံနိုင်မည်မဟုတ်ဘဲ မည်သည့်အချိန်မှ တောက်ပလာတော့မည်မဟုတ်ချေ။
ဇီးပန်းပွင့်များပွင့်ဖူးစေရန် အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းရပေမည်။ သိုင်းပညာ၏အခြေခံအုတ်မြစ်သည် ခန္ဓာကိုယ်ပင်။
'ငါ မြင်ချင်တဲ့အရာကို ငါ မမြင်ရဘူး'
လူအများသည် ဟွာဆန်း၏ခမ်းနားကြီးကျယ်သော ဓားပညာ၏ဆွဲဆောင်ခြင်းကို ခံကြရသည်။ ကျေးဇူးတင်ရမည်မှာ ထိုအတွက်ကြောင့်ပင် သူတို့အားသတ်ဖြတ်မည့်ဓားများ လွှဲယမ်းလာခြင်းကို သူတို့ မမြင်နိုင်ကြချေ။
-အာ...သောက်ချေးပဲ...ဘာလို့ ဒီလောက်ထိ ရှုပ်ထွေးနေတာလဲ....ငါ သူ့ကို ဒီအတိုင်း ထိုးစိုက်လိုက်လို့မရဘူးလား
သူ့မျက်နှာကို ဓားနဲ့ထိုးဖို့ကို ငါ ဘာလို့ ဓားသုံးကြိမ်လွှဲယမ်းရတာလဲ....ငါ့လက်ကောက်ဝတ် ကျိုးတော့မယ်
ရေပေါ်တွင် လှပစွာကူးခတ်နေသော ငန်းတစ်ကောင်သည် ရေအောက်တွင် သူ၏ခြေထောက်များ ပြင်းပြင်းထန်ထန် တဖျပ်ဖျပ်လှုပ်နေသည်။ ဓားသည် ငန်းကဲ့သို့တင့်တယ်လှပနေစဥ်တွင် ခန္ဓာကိုယ်သည် ငန်း၏ခြေထောက်များကဲ့သို့ ရှေ့သို့မောင်းနှင်ပေးနိုင်သော စက်တစ်လုံးဖြစ်နေရမည်။
ထို့ကြောင့် ဓားပညာအား လေ့ကျင့်ပြီးရင်းလေ့ကျင့်ရပေမည်။ အကယ်၍ တစ်စုံတစ်ယောက်သည် လေ့ကျင့်မှု၏လေးပုံတစ်ပုံကို ကြေညက်လျှင်ပင် သုံးနှစ်ကြာပြီးနောက် ထိုသူ၏ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားလာသကဲ့သို့ သန်စွမ်းသွားနိုင်သည်။
ထိုအချိန်တွင် ဟွာဆန်းသည် လောက၏ခမ်းနားအလှပဆုံးဂိုဏ်းမဟုတ်လျှင်ပင် ရှောင်လင်အား အနိုင်ယူနိုင်သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လာပေမည်။
ချွန်းမြောင်က အပြုံးနှင့် မတ်တတ်ထရပ်လိုက်သည်။
'ပြဿနာက ကလေးတွေမှာမရှိဘူး...စီနီယာတွေပဲ'
ကလေးများသည် နောက်မှလိုက်ပါသူများဖြစ်သဖြင့် သူ ကိုင်တွယ်နိုင်သော်လည်း စီနီယာများကိုမူ တူညီသောအပြုအမူဖြင့် ဆက်ဆံမရချေ။
သူ ယွမ်ဂွန်းအကြောင်းတွေးတောမိချိန်တွင် သက်ပြင်းချလိုက်မိ၏။
'သူက အရမ်းကြီးတော့ မဆိုးပါဘူး'
ယွမ်ဂွန်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖိအားများမှ မည်မျှထိ ခက်ခက်ခဲခဲကြိုးစာခဲ့ရသည်ကို သူ ခံစားနိုင်သည်။
သင့်တင့်လျောက်ပတ်သော ဆရာမရှိသူတစ်ယောက်သည် ဤမျှအဆင့်ထိ တက်လှမ်းလာရန်မှာ မလွယ်ကူချေ။ အကယ်၍ အချိန်မနှောင်းမီ သင့်တင့်သော လမ်းညွှန်ချက်ကိုသာ ရရှိပါက ယွမ်ဂွန်းသည် ဓားသမားကောင်းတစ်ယောက် ဖြစ်လာပေမည်။
'ဒါပေမယ့် ငါ့ သူကို ဘယ်လိုလမ်းညွှန်ပေးရမလဲ'
ချွန်းမြောင်က ခေါင်းကုတ်လိုက်၏။ ဤသည်က စိတ်ရှုပ်ထွေးစရာပင်။ သူသည် ပြောရုံသက်သက်ပြောလိုက်လျှင် အဆင်ပြေနိုင်သော်လည်း ထိုကိစ္စသည် ဘေးဒုက္ခများအား ဖြစ်ပွါးစေနိုင်၏။ သူ ထိုကိစ္စများအား ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ချက်မရှိချေ။ ထို့ကြောင့် ယွမ်ဂွန်းအား သဘာဝကျကျလမ်းညွှန်ပေးနိုင်သော နည်းလမ်းများကို သူ စဥ်းစားနေရသည်။
"ဟာကွာ...."
ချွန်းမြောင်က ခေါင်း ထပ်မံ၍ကုတ်နေသည်။ သူသည် သူ့ခေါင်းကိုအသုံးမပြုဘဲ အစီအစဥ်များချမှတ်နေသဖြင့် အဖြေရှာတွေ့ရန် ခက်ခဲသည်။
"ငါ အခု ပြန်သွားသင့်ပြီလား"
အဖြေကိုရှာတွေ့ရန် သူ ဟွာဆန်း၏အခြေအနေအား အပြည့်အစုံသိရပေမည်။
ယွမ်ဂွန်းသည် မည့်သည့်နည်းစနစ်များအား လေ့ကျင့်နေပြီး ဂိုဏ်း၏သိုင်းပညာရပ်များသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မှန်မှန်ကန်ကန် လက်ဆင့်ကမ်းလာသလောကိုလည်း သူ လေ့လာရမည်။
ဂျိုဂုသည် ပလ္လင်ခွေထိုင်နေသော ချွန်းမြောင်ကိုကြည့်ပြီး ရင်ထိတ်နေသည်။
'ငါ မှားများမှားနေလား'
ပိုပြီးသန်မာလာရန်....လေ့ကျင့်ရန်
ထိုစကားများသည် လူကြားကောင်းပြီး သူ ကြိုက်နှစ်သက်သည်။
သို့သော် ထိုကိစ္စကိုပြုလုပ်ရန် သူ နတ်ဆိုးကောင်နှင့် အတူနေထိုင်ရပေမည်။
'ငါ ဒါ့ကို ကိုင်တွယ်နိုင်ပါ့မလား'
သူ၏အတွေးများ လွတ်လွတ်လပ်လပ် မျောလွင့်နေလေလေ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု သူ ခံစားရလေလေပင်။
"ဒါဆိုရင်..."
"ဟုတ်ကဲ့"
"ဆရာတူအကို...ဘာမှစိတ်ဖိစီးနေစရာမလိုပါဘူး"
"အမ်..."
"ဒါက အကုန်ပဲလား"
"ဟုတ်ကဲ့"
"မင်း ပေါ့ပေါ့ပါးပါးပြောလို့ရပါတယ်"
"...ဟုတ်ကဲ့"
ချွန်းမြောင်သည် မသက်မသာပုံစံဖြင့် တွန့်လိမ်နေသော ဂျိုဂုအားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဒါက မင်း ပေါ့ပေါ့ပါးပါးပြောတဲ့ ပုံစံလား"
"ဒါက..."
"တကယ်တော့...ထားလိုက်တော့...မင်း ကြိုက်သလိုသာနေ"
ပတ်ဝန်းကျင်တွင် ပို၍သက်တောင့်သက်သာ ရှိလာသည်နှင့်အမျှ ဂျိုဂု၏စကားပြောပုံသည် အလိုအလျောက်ပြောင်းလဲသွားပေမည်။
ချွန်းမြောင်သည် စာရွက်ကိုကြည့်ပြီး သူ့ခေါင်းသူ ဆုပ်ကိုင်လိုက်မိသည်။
"ဒါဆိုရင်...ဒါတွေက မင်းတို့ကို သင်ကြားပေးနေတဲ့ သိုင်းပညာရပ်တွေ အကုန်လုံးပေါ့"
ဂျိုဂုက ခေါင်းညိမ့်ပြသည်။
"ဟူး....ငါ ရူးတော့မှာပဲ"
“…”
ချွန်းမြောင်သည် သူ၏ခန္ဓာကိုယ်ကို ဆန့်တန်းသကဲ့သို့ အနည်းငယ်လှုပ်ရှားလိုက်သည်။
'သူ ဘာလုပ်နေတာလဲ"
သူသည် ရုတ်တရက်ကြီး ဂျိုဂုကိုခေါ်ပြီး ဤနေရာ၌သင်ယူရသော သိုင်းပညာရပ်များအားလုံးကို စာရင်းပြုစုခိုင်းသည်။ စာရင်းအား လက်ခံရယူပြီးနောက် ချွန်းမြောင်ကိုကြည့်ရသည်မှာ စိတ်လွတ်သွားပုံရသည်။
"ဒါက အကုန်လုံးပဲလား"
သူသည် ထိုစကားလုံးကိုသာ ကြက်တူရွေးတစ်ကောင်ကဲ့သို့ ထပ်ခါထပ်ခါရေရွတ်နေသည်။
ဆရာတူအကိုသည် သူ့အား ပို၍သန်မာလာစေရန် စွန့်လွှတ်အနစ်နာခံမှုများလိုအပ်ကြောင်း ယခင်က သူ့အား သင်ကြားပေးဖူးသည်။ သို့ရာတွင် သူ့ရှေ့မှကလေးသည် ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးကိုပင် လွှက်ပစ်ထားပုံရသည်။
"ဆရာတူအကို"
"ဟုတ်ကဲ့"
"ဒါတွေကလွဲလို့ တခြားဟာ မရှိတော့ဘူးလား...ဆရာတူအကို မသင်ယူနိုင်တဲ့ ကန့်သတ်ထားတဲ့ဟာတွေ ကျန်သေးလား"
"ငါတို့ကို နည်းစနစ်တွေအားလုံး ဖတ်ခွင့်မပြုပေမယ့် ကြည့်လို့တော့ရတယ်...ဒါက အကုန်လုံးပဲ"
"...အား.."
ချွန်းမြောင်က စာရွက်အား ထပ်မံကြည့်လိုက်သည်။
ဂိုဏ်းပြိုလဲလုဆဲဆဲအခြေအနေတွင် ဓားနည်းစနစ်များအား ဆိုးရွားသောအရာများဖြင့် အစားထိုးထားမည်ဖြစ်ကြောင်း သူ ခန့်မှန်းထားခဲ့သည်။ သို့ရာတွင် ဤသည်က အလွန်ဆိုးရွားပြင်းထန်လှ၏။
"မဟုတ်ဘူး...ဒါတွေက ဘာကောင်းနေလို့လဲ"
ဤစာရင်းအတွင်းရှိ မည်သည့်သိုင်းပညာရပ်မှ ကလေးများအား တိုးတက်စေရန်ကူညီနိုင်မည်မဟုတ်ပေ။ ထိုလူအိုကြီးများသည် ဟွာဆန်းအား အပြီးအပိုင်ပြိုလဲစေရန် ကြိုးပမ်းနေကြသလော။
"ဒါဆို...မင်းအခု ထိုက်ရီရှုပ်ထွေးဓားကို သင်ယူနေတာလား"
"မင်း သိပြီးသားပဲလေ"
"အား..."
ချွန်းမြောင်က ခေါင်းတဗြင်းဗြင်း ကုတ်နေသည်။
'ဒါက ငါထင်ထားတာထက် ပိုပြီးဆိုးရွားတာပဲ'
သိုင်းပညာကျင့်စဥ်များထက် လူများရှိရန်မှာ ပို၍အရေးပါသည်။ သို့ရာတွင် ဤသည်က အရာခပ်သိမ်းဖြစ်သလော။ အကယ်၍ ရန်သူများရောက်လာချိန်တွင် သူတို့၏လက်နက်များအား မည်သို့အသုံးပြုရမည်ကို မသိသူများသာရှိနေပါက လူရှိသည်မှာ ကောင်းမွန်သည်ဟုဆိုနိုင်မည်လော။ အကယ်၍ သူတို့သည် ဓားရှည်များ ကိုင်ဆောင်ထားလျှင်ပင် သူတို့၏ရန်သူများသည် သစ်ကိုင်းများကိုအသုံးပြု၍ သူတို့အား ရိုက်နှက်နိုင်ပေမည်။
ထိုက်ရီရှုပ်ထွေးဓားပညာသည် ချွန်းမြောင်၏စံနှုန်းများနှင့် မကိုက်ညီချေ။
'တကယ်လို့ ဟွာဆန်းမှာ သူတော်စင်ဓားခုနစ်လက်သာရှိရင်'
ဟွာဆန်းသည် ယခုကဲ့သို့ ဖြစ်နေမည်မဟုတ်ချေ။ သူ ပို၍တွေးတောမိလေလေ ပို၍ရှုပ်ထွေးလာသည်ဟု သူ ခံစားရလေလေပင်။
ချွန်းမြောင်သည် သူ၏ဗလောင်ဆူနေသောစိတ်ကို တည်ငြိမ်အောင်ကြိုးစားနေစဥ်တွင် ဂျိုဂုက ရုတ်တရက် စကားပြောဆိုသည်။
"ငါ တစ်နေရာကနေ ကြားထားတယ်..."
"ဟမ်"
ချွန်းမြောင် မမေးမြန်းနိုင်မီမှာပင် ဂျိုဂုက သူ၏ဆန္ဒအလျောက် ဆက်လက်ပြောဆိုသည်။
"ငါတို့ဂိုဏ်းကို နတ်ဆိုးဂိုဏ်းတိုက်ခိုက်တုန်းက အနောက်ဘက်အဆောက်အအုံ မီးလောင်သွားတယ်"
"အနောက်ဘက်အဆောက်အအုံ မီးလောင်သွားတာ..မဟုတ်သေးပါဘူး...နတ်ဆိုးဂိုဏ်းက ကျူးကျော်လာတာလား"
နတ်ဆိုးဂိုဏ်းသည် ဟွာဆန်းအား မည်သည့်ကြောင့် တိုက်ခိုက်ရသနည်း။ သူတို့၏ကောင်းကင်ဘုံနတ်ဆိုး သေဆုံးသွားသည်မဟုတ်လော။
ဂျိုဂုက သူ့အား မေးမြန်းသည်။
"မင်း ဇီးပန်းပွင့်ဓားသမားကိုသိလား"
"ငါ သိတယ်"
သူ ကောင်းစွာသိရှိပေ၏။ မည်သူကမျှ သူ့ထက်ပို၍ သိနိုင်မည်မဟုတ်ချေ။
"ဆရာတူအကိုပြောတာတော့ ဇီးပန်းပွင့်ဓားသမားက ကောင်းကင်ဘုံနတ်ဆိုးကို သတ်ဖြတ်ရာမှာ ကူညီခဲ့တယ်တဲ့"
"ကူညီခဲ့တာလား"
သူ ထိုခွေးသူတောင်းစားအား ခေါင်းဖြတ်ခဲ့ခြင်းပင်။ ကူညီခဲ့ခြင်း မဟုတ်ချေ။
သူ၏တပည့်မျိုးဆက်များသည် သူ့အကြောင်းသိရှိသေးသဖြင့် ချွန်းမြောင်၏မျက်နှာ အနည်းငယ်တောက်ပသွားသည်။
"အဲ့ဒီလို ပြောကြတာပဲ"
"ဘာလဲ...ဇီးပန်းပွင့်ဓားသမားက ကောင်းကင်ဘုံနတ်ဆိုးကို သတ်လိုက်တာမဟုတ်ဘူးလား"
"ဟမ်...ဘယ်သူပြောတာလဲ"
"ငါဆိုလိုချင်တာက ဘယ်သူ...."
ဟူး...
ချွန်းမြောင်က ခေါင်းခါယမ်းလိုက်သည်။
'နေ...နေပါဦး'
"အဲ့ဒီလိုပြောလို့မရဘူး...ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက တောင်ပေါ်မှာရှိတဲ့လူအားလုံး တစ်ချိန်တည်းသေဆုံးသွားတာ...ကောင်းကင်ဘုံနတ်ဆိုးကို သတ်တဲ့သူကို ဘယ်သူမှမသိကြဘူး"
“…”
အမှန်ပင်။ သူတို့အားလုံး သေဆုံးခဲ့ရသည်။ ချွန်းမြောင်သည် ကောင်းကင်ဘုံနတ်ဆိုး၏ခေါင်းကိုမဖြတ်မီ နောက်ဆုံးကျန်ရစ်သူဖြစ်သည်။
ထို့ကြောင့် မည်သူမျှ မမြင်နိုင် မသိနိုင်ချေ။ ချွန်းမြောင် နားလည်သဘောပေါက်သွားလေပြီ။
"မဟုတ်သေးဘူး...ဒါဆိုရင်"
ဟွာဆန်း၏ဂုဏ်သိက္ခာအတွက် သူ၏အသက်ကိုဆုံးရှုံးခံ၍ ကောင်းကင်ဘုံနတ်ဆိုးအား သတ်ဖြတ်ခဲ့သည်။ ထို့အကြောင်းအား မည်သူမျှ မသိရှိကြသလော။
ဤသည်က မနှစ်မြို့ဖွယ်အခြေအနေတစ်ရပ် မဟုတ်လော။
"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံနတ်ဆိုးသေသွားချိန်မှာ အကြွင်းအကျန်နတ်ဆိုးဂိုဏ်းသားတွေက ရူးသွပ်ပြီး အတင်းအကျပ်လက်စားချေဖို့ ကြိုးစားလာကြတယ်...သူတို့က ဆုံးရှုံးမှုအများကြီးရှိတာတောင် ဟွာဆန်းတောင်ပေါ်တက်ပြီး မီးလောင်တိုက်သွင်းခဲ့တယ်"
“…"
ချွေးစေးများက ချွန်းမြောင်၏ခန္ဓာကိုယ်မှ စတင်စီးထွက်လာသည်။
သို့ရာတွင် ဂျိုဂုသည် သတိမပြုမိဘဲ အေးအေးဆေးဆေး ဆက်လက်ပြောဆိုသည်။
"ငါတို့က ဘာတွေဖြစ်သွားမှန်းမသိပေမယ့်...ဟွာဆန်းကို ပြင်းပြင်းထန်ထန် ရန်ငြှိုးထားပြီး တိုက်ခိုက်ခံခဲ့ရပုံပဲ"
"အင်း...အမ်...ဒါကတော့..."
ဂျိုဂုမသိသော်လည်း သူ သိရှိပေ၏။
ဟူး...
အနှစ်ချုပ်ကြည့်ပါက အရာအားလုံးအပြီး၌ ဟွာဆန်း ပြိုလဲခဲ့ရသည်။
'ငါ့ ကြောင့်လား"
အမှန်ပင်။ ဤကိစ္စသည် သူ့ကြောင့် ဖြစ်ခဲ့ရသည်။
"ဟား ဟား ဟား"
"မင်း ဘာလို့ ရုတ်တရက်ကြီးထရယ်နေတာလဲ"
"ဟီး ဟီး ဟီး ဟီး ဟီး"
'အိုး..ငါ့ရဲ့ဘဝကြီး'
"ဟား ဟား ဟား...ဟား ဟား ဟား"