အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း ၁၉:ဟွာဆန်းက ငါ့ကြောင့် ဒီလိုမျိုးဖြစ်သွားတာလား(၄)
ယခုလက်ရှိချိန်၌ ဖြစ်ပျက်သွားသောအခြေအနေအတွက် သူ အကြမ်းဖျင်းသိရှိထားလေပြီ။
တောင်ထွတ်တစ်သိန်းတောင်အား တက်ခဲ့သည် မဟာမိတ်အဖွဲ့ ပြိုကွဲသွားပြီးဖြစ်သည်။ သို့ရာတွင် တောင်ထွတ်တစ်သိန်းတောင်သည် နတ်ဆိုးဂိုဏ်း၏အသိုက်ဖြစ်ပေ၏။ နတ်ဆိုးဂိုဏ်းသားများအနက်မှတချို့ စစ်ပွဲအတွင်း၌လွတ်မြောက်သွားလျှင်ပင် အံ့အားသင့်စရာမရှိချေ။
လွတ်မြောက်လာသောနတ်ဆိုးဂိုဏ်းသားများသည် ချွန်းမြောင် ကောင်းကင်ဘုံနတ်ဆိုးအား သတ်ဖြတ်ပစ်သည်ကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရပေမည်။
"ဟာ...သောက်ချေးပဲ'
ချွန်းမြောင်က သူ၏လက်အတွင်းရှိစာရွက်ကို လွှင့်ပစ်လိုက်သည်။
အသိအမှတ်ပြုသင့်သောလူအားလုံး သေဆုံးသွားကြပြီး သူ သိကျွမ်းသူတစ်ယောက်မျှ အသက်ရှင်ရက်လွတ်မြောက်လာခြင်းမရှိချေ။ ထိုအချိန်တွင် သူ၏ရန်သူများသည် အသက်ရှင်လွတ်မြောက်လာပြီး ဟွာဆန်းအား လက်စားချေကြခြင်းဖြစ်ပေမည်။
'ဒါက ဘယ်လိုငရဲမျိုးလဲ'
ဂျိုဂုသည် ချမ်းစိမ့်မှုကိုခံစားရသဖြင့် နောက်သို့ဆုတ်လိုက်၏။
"ဘာလို့ မင်း ရုတ်တရက်ကြီး ဒေါသထွက်နေတာလဲ"
"တောက်..."
ချွန်းမြောင်က သူ၏မျက်နှာအား ပွတ်လိုက်သည်။
'ငါ စိတ်အေးအေးထားဖို့လိုတယ်'
ဂျိုဂုရှေ့၌ သူ ဒေါသထွက်မနေသင့်ချေ။
"ဒါဆို အဲ့ဒီခွေးမသားတွေက ဟွာဆန်းကိုဝင်စီးပြီး အမြစ်ပြတ်သုတ်သင်ခဲ့တာလား"
"အဲ့ဒီထိခိုက်ပျက်စီးမှုက ခုလောက်ကြီးကြီးမားမယ်လို့ ငါ မထင်ဘူး...သူတို့က ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ဖြတ်ကျော်ခဲ့ရတာမို့ ဒီနေရာကိုရောက်တဲ့ချိန်မှာ စွမ်းအားအများကြီးကုန်ဆုံးပြီးပြီ...အဆောက်အအုံနည်းနည်းကို မီးရှို့ခဲ့လို့ ငါတို့ဂိုဏ်းရဲ့သိုင်းပညာကျင့်စဥ်တွေအများကြီး ဆုံးရှုံးခဲ့ရတယ်"
ထိုကိစ္စအား သူ နားလည်နိုင်သည်။ ဤနေရာအား မည်မျှပင် ဆိုးဆိုးရွားရွားထိန်းသိမ်းထားပါစေ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းမရှိဘဲ ဤမျှအဆင့်ထိ နိမ့်ကျသွားမည်မဟုတ်ချေ။ သိုင်းပညာရပ်များသည် သင်ယူသူအား လမ်းညွှန်ပေးမည့်ဆရာမရှိသော်လည်း သင်ယူနိုင်သည်။ ထိုသူသည် အောင်မြင်နိုင်ရန်အတွက် ငရဲလမ်းအား ဖြတ်ကျော်ရလျှင်ပင် မည်သည့်အရာမျှမရှိသည်ထက် အဆတစ်ရာပို၍ကောင်းမွန်သည်။
တခြားတစ်ဖက်တွင် သိုင်းပညာကျင့်စဥ်များ ဆုံးရှုံးရသဖြင့် ဟွာဆန်းသည် အလွန်လျှင်မြန်စွာ ပြိုလဲခဲ့ရသည်ဟု ရှင်းပြနိုင်ပေ၏။
"ငါ အကြောင်းပြချက်ပေးနိုင်ပြီ"
အကြောင်းပြချက်ပေးနိုင်သော်လည်း မည်သည်ကြောင့် သူ နှလုံးကွဲကြေလုမတက် ခံစားနေရသနည်း။
"ကောင်းပြီလေ...ငါ သိပြီ"
ချွန်းမြောင်က ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်သည်။
"မင်း ဘယ်သွားမလို့လဲ"
"လမ်းလျှောက်သွားမလို့....ငါ ခေါင်းကြည်သွားအောင်လုပ်ဖို့ အချိန်ခဏလောက်လိုတယ်"
"ခဏနေကြရင် ဆရာတူအကိုက ငါတို့ကို လာစစ်ဆေးမှာ...မင်း အဆူခံနေရမယ်"
"ကောင်းပြီ...ကောင်းပြီ...ကျေးဇူးပဲ"
ဂျိုဂုသည် ထွက်ခွါသွားသောချွန်းမြောင်ကိုကြည့်ပြီး နားမလည်နိုင်သဖြင့် ခေါင်းခါယမ်းလိုက်၏။
'သူက ထူးဆန်းတဲ့ကောင်ပဲ'
"ဒါက ရူးချင်စရာပဲ"
သူ၏ခန္ဓာကိုယ်အတွင်း၌ မီးတောင်တစ်ခုက တဟုန်းဟုန်းတောက်လောင်နေသည်။
သူ၏မျက်နှာအမူအယာကမူ မြင်ရသူ၏စိတ်ဝိညာဥ် အေးခဲလုမတက် တင်းမာခက်ထန်နေပေ၏။
သူ၏အသက်ကိုစတေး၍ ကောင်းကင်ဘုံနတ်ဆိုးကို သတ်ဖြတ်ခဲ့သည့်တိုင် ထိုလူယုတ်မာ၏လက်အောက်ငယ်သားများက ဟွာဆန်းကို ဖျက်ဆီးပစ်ခဲ့သလော။
ထိုရလဒ်က မည်သည့်ငရဲမျိုးဖြစ်သနည်း။ လောကကြီးအတွင်း၌ ဝဋ်လည်ခြင်းဟူသည်မှာ မရှိသလော။
"ဟူး...."
ယခုလက်ရှိတွင် ဂိုဏ်းအကြီးအကဲများ၏ စိတ်ပျက်ဖွယ်အခြေအနေအား သူ ဒေါသမထွက်တော့ချေ။ အဆုံးသတ်၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း သိရှိရလေပြီ။
"ငါ နားမလည်နိုင်ဘူး...အဲ့ဒီလူတွေမှာ ဘယ်လိုသစ္စာစောင့်သိမှုမျိုးရှိနေတာလဲ"
အကယ်၍ သူတို့၏ကောင်းကင်ဘုံနတ်ဆိုး သတ်ဖြတ်ခံရပါက သူတို့အားလုံး ပုန်းအောင်းနေသင့်သည်။ ထိုအစား သူတို့က လက်စားချေရန် ဟွာဆန်းသို့ တန်းတန်းမတ်မတ်ရောက်လာသည်။
ဟွာဆန်းသို့လာရောက်ရသော လမ်းခရီးသာ ခက်ခဲကြမ်းတမ်းခြင်းမရှိပါက သူတို့သည် ဂိုဏ်း၏အခြေခံအုတ်မြစ်များအားလုံးကို ဖျက်ဆီးပစ်ပေမည်။
"ဒါကို ကံကောင်းတယ်လို့ခေါ်သင့်လား....ဒါမှမဟုတ် ကံဆိုးတယ်လို့ခေါ်သင့်လား"
ဟွာဆန်းရှိ တချို့နေရာများသာ ထိခိုက်ပျက်စီးခဲ့သည်။
"ဟူး..."
အိပ်ဆောင်ခေါင်မိုးပေါ်၌ ချွန်းမြောင်တစ်ယောက်တည်းထိုင်နေပြီး ညအချိန်နီးကပ်လာသည်နှင့်အမျှ ဝင်လုဆဲဆဲနေမင်းကြီးကိုကြည့်ကာ သူ၏စိတ် တည်ငြိမ်လာသည်။
'လောကကြီးက ဒီလိုပါပဲ'
ချွန်းမြောင် စိတ်အနှောက်အယှက်ဖြစ်နေသော အစစ်အမှန်အကြောင်းရင်းသည် ဟွာဆန်း၌ဖြစ်ပျက်နေသည့် ကိစ္စများကြောင့်မဟုတ်ချေ။ သူ၏လုပ်ရပ်များအတွက် နောက်ဆက်တွဲအနေဖြင့် အဖိုးအခများပေးခဲ့ရခြင်းကြောင့် သူ စိတ်ဆိုးဒေါသထွက်နေခြင်းပင်။
အကယ်၍ ချွန်းမြောင်သည် ကောင်းကင်ဘုံနတ်ဆိုးအားသတ်ဖြတ်ပြီးနောက် အသက်ရှင်နေပါက ဤဖြစ်ရပ်များကို ဟန့်တားနိုင်ပေမည်။ သို့ရာတွင် သူ သေဆုံးခဲ့ရသဖြင့် မည်သည့်အရာကိုမျှမသိရှိသော တပည့်ငယ်များသည် ငရဲတွင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ရလဒ်အနေဖြင့် ဟွာဆန်းသည် ယခုကဲ့သို့ အဆုံးသတ်သွားသည်။
"တောက်...ငါ ဘာလုပ်ရမလဲ"
မည်သူကမျှ ချွန်းမြောင်အား အပြစ်မရှာနိုင်ချေ။
သူ ကောင်းကင်ဘုံနတ်ဆိုးအား သတ်လိုက်သဖြင့် ဂိုဏ်းတစ်ခုလုံး ဘေးအန္တရာယ်နှင့်ရင်ဆိုင်ရသည်ဟု ဆိုနိုင်သော်လည်း အကယ်၍ သူသာ မသတ်ခဲ့ပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးပြီးတည်ရှိနိုင်တော့မည်မဟုတ်ချေ။
ချွန်းမြောင်တွင် ရွေးချယ်စရာမရှိပေ။ အကယ်၍ ထိုအချိန်အခိုက်အတန့်ကို ပြန်လည်အသက်သွင်းနိုင်လျှင်ပင် ချွန်းမြောင်သည် ကောင်းကင်ဘုံနတ်ဆိုးအားသတ်ဖြတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။
သို့ရာတွင်...
"ဒါက ငါ စိတ်မချမ်းသာဘူး"
ချွန်းမြောင်က အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်၏။
"ကောင်းပြီလေ...အတိတ်က အတိတ်ပဲ...တကယ်လို့ ပျက်စီးပြိုလဲသွားရင်တောင် ငါတို့ အသစ်ပြန်တည်ဆောက်နိုင်တယ်"
သူ တာဝန်ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ သူ၏ရည်မှန်းချက်သည် တူညီဆဲမဟုတ်လော။ သူသည် ဟွာဆန်းကိုပြန်လည်ရှင်သန်ပြီး ဂိုဏ်း၏မူလ ဂုဏ်ကျက်သရေအား ပြန်လည်ရယူပေးနိုင်ရမည်။
"စိတ်ပူနေလို့လဲ ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး...အရေးကြီးတာက ရလဒ်ကောင်းဖို့ပဲ"
ဟွာဆန်းအား ယခင်ထက်ပို၍ အားကောင်းစေရန် သူ လုပ်ဆောင်ပေးနိုင်ပါက လုံလောက်လေပြီ။ ထိုကိစ္စသည် တခြားသူများအတွက် ဖြစ်နိုင်မည်မဟုတ်သော်လည်း ချွန်းမြောင်အတွက်မဟုတ်ချေ။
သို့ရာတွင် သူ အခက်အခဲအနည်းငယ်ရင်ဆိုင်ရပေမည်။ မဟုတ်သေး ဟွာဆန်း၌ မြောက်မြားစွာသောအခက်အခဲများရှိနေသည်။
ထိုကိစ္စသည် ကောင်းကင်ဘုံနတ်ဆိုး၏ခေါင်းကိုဖြတ်သည်ထက် ပို၍ကြီးမားသောစိန်ခေါ်မှုပင် ဖြစ်နိုင်သည်။
'ဒါပေမယ့် ငါ အလျင်လိုတယ်'
စိတ်မရှည်ခြင်းသည် လုပ်ငန်းတစ်ခုအတွက် အဆိပ်ပင်။ လျှင်မြန်စွာရွေ့လျားခြင်းနှင့် အလျင်စလိုကြိုးစားခြင်းတို့အကြား၌ ကွာခြားချက်တစ်ခုရှိသည်။ လုပ်ငန်းဆောင်တာကို အလျင်စလိုမလုပ်ဘဲ စေ့စေ့စပ်စပ်လေ့လာပြီး ရှေ့တိုးရပေမည်။
"ကောင်းပြီလေ...လွယ်တဲ့အရာကနေ စတာပေါ့"
ရှေးဦးစွာ ဆုံးရှုံးသွားသောအရာများကို ပြန်လည်ဖော်ထုတ်ရမည်။ အကောင်းဆုံးနည်းလမ်းမှာ သူ တစ်စုံတစ်ယောက်အား ရှင်းရှင်းလင်းလင်းမေးမြန်းရန်ဖြစ်ပေ၏။
"ဂိုဏ်းခေါင်းဆောင်ဘယ်မှာလဲ...ထွက်လာခဲ့စမ်း"
အမှန်ပင်။ ဂိုဏ်းခေါင်းဆောင်အား သူ မေးမြန်းနိုင်သည်။
...အဲ့ဒီစကားကို ဘယ်သူပြောလိုက်ပါလိမ့်
ချွန်းမြောင်၏မျက်လုံးများ ပြူးကျယ်သွားပြီး အသံထွက်ပေါ်လာရာနေရာသို့ လှည့်ကြည့်လိုက်သည်။
ပင်မတံခါးကလား...
ပင်မတံခါး၏ပြင်ပမှနေ၍ ဆူညံသံတစ်သံ ထွက်ပေါ်နေသည်။
'ဒီအချိန်ကြီးမှာလား'
နေဝင်နေလေပြီ။ မည်သည့်ကြောင့် ဤအချိန်ကျမှ ဧည့်သည်များ ရောက်လာသနည်း။
"ဂိုဏ်းခေါင်းဆောင်...ဒီနေရာကို ထွက်လာခဲ့စမ်း"
အမ်...အမှန်ပင်။ ထိုသူများသည် ဂိုဏ်းခေါင်းဆောင်အား အော်ခေါ်နေကြ၏။
"ဂိုဏ်းခေါင်းဆောင်လား"
ချွန်းမြောင်သည် ဗလာဟင်းလင်းဖြစ်နေသော အမူအယာဖြင့် သူ့နားသူ ပြန်တို့ထိလိုက်မိသည်။
"ငါ ဘာကြားမိပါလိမ့်"
ဂိုဏ်းခေါင်းဆောင်အားထွက်လာရန် တောင်းဆိုနေကြသလော။
'ဘယ် သောက်ရူးခွေးသူတောင်းစားက ဒီလိုမျိုးပြောနေပါလိမ့်'
ဤကဲ့သို့ စော်ကားခြင်းမျိုး...ဟွာဆန်းဂိုဏ်းတံခါးရှေ့၌ ဂိုဏ်းခေါင်းဆောင်အားထွက်လာရန် တောင်းဆိုခြင်းမှာ သူတို့ မည်မျှထိရဲတင်းနေကြသနည်း။ အတိတ်တွင် ဤကဲ့သို့လုပ်ရပ်မျိုး လုပ်ဆောင်သူရှိပါက မှန်းဆ၍မရသည်အထိ ကြီးမားဆသာအကျိုးဆက်များ ကြုံတွေ့ရပေမည်။
ထိုသူ စကားမဆုံးမီ သွားများကျိုးထွက်သွားစေသော လက်သီးတစ်ချက်နှင့် ရင်ဆိုင်ကြုံတွေ့ရမည်။
ပင်မတံခါးပြင်ပရှိလူများသည် ဟွာဆန်း၏စွမ်းအားကို တစိုးတစိမျှပင် အမှုထားပုံမရချေ။
ဘုန်း...ဘုန်း...
ပင်မတံခါးကြီးအား ပြင်းပြင်းထန်ထန် ထုရိုက်နေသံများ ထွက်ပေါ်နေသည်။ တစ်ချိန်တည်းမှာပင် ပုံသဏ္ဍာန်မျှသာကျန်ရှိတော့သော တံခါးသည် တဆတ်ဆတ်တုန်ပြီး ကျိုးပဲ့စပြုလာသည်။
'မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူးလေ'
ဝုန်း...
နောက်ဆုံးတွင် ပင်မတံခါးကြီး အရှုံးပေးရပြီး ရွေ့လျားသွားသဖြင့် ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာပေ၏။ တံခါးကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲသွားပြီး ဖုန်မှုန့်နှင့်အမှုန်အမွှားများက နေရာအနှံ့ ပြန့်ကြဲသွားသည်။
ချွန်းမြောင်သည် ထိုမြင်ကွင်းကို မျက်တောင်မခတ်စူးစိုက်ကြည့်ပြီး မှင်သက်သွားတော့သည်။
'သူတို့က တံခါးမကြီးကို ချိုးလိုက်တာလား'
ဟွာဆန်းဂိုဏ်း၏ပင်မတံခါး မဟုတ်လော။ မည်သို့ ဖြစ်ပျက်သွားရသနည်း။
"အထဲဝင်ကြစို့"
တံခါးကိုရိုက်ချိုးပြီးနောက် မြောက်များစွာသောလူများ အတွင်းသို့ပြေးဝင်လာကြသည်။ လူအားလုံးသည် ဂိုဏ်းခေါင်းဆောင်၏အဆောင်သို့ ဦးတည်၍ပြေးလွှားနေကြ၏။ ကြည့်ရသည်မှာ သူတို့ ဤသို့ပြုလုပ်ခြင်းသည် ပထမဦးဆုံးအကြိမ်ဟုတ်ပုံမရချေ။
ဆူညံသံကြောင့် တခြားဂိုဏ်းအကြီးအကဲများသည် သူတို့၏အဆောင်များမှ အလျင်စလိုပြေးထွက်လာကြ၏။
"နေ...နေကြပါဦး"
"မင်းတို့ ဒီလိုမျိုး လုပ်လို့မရဘူးလေ"
သို့ရာတွင် တစ်ဖက်လူများသည် တွန့်ဆုတ်သွားခြင်းမရှိချေ။
"ငါ့ရှေ့ကနေ အခုချက်ချင်းထွက်သွားစမ်း...မင်းတို့ မလှုပ်ရှားသေးဘူးလား"
"သူ့ကို အခုချက်ချင်းထွက်လာဖို့ ပြောလိုက်စမ်း...ဂိုဏ်းခေါင်းဆောင် ဘယ်မှာလဲ"
"ဟမ့်...မင်းက ငါ့ခန္ဓာကိုယ်ကို ထိလိုက်တာလား"
အံ့အားသင့်မှုကြောင့် ချွန်းမြောင်၏မျက်လုံးများ ကလယ်ကလယ်ဖြစ်နေသည်။
'ဒါက ဘယ်လိုအခြေအနေမျိုးကြီးလဲ'
ကျူးကျော်သူများသည် ဤနေရာကို သူတို့ပိုင်ဆိုင်သောနေရာကဲ့သို့ ချိုးဖျက်ဝင်ရောက်လာကြသည်။ သို့ရာတွင် အကြီးအကဲများကိုကြည့်ရသည်မှာ ထိုသူများအားတားဆီးရန် ရုန်းကန်နေရပုံ ပေါ်လွင်နေသည်။ ထိုသူများ ခြေတစ်လှမ်းရှေ့တိုးတိုင်း အကြီးအကဲများသည် သဲကြီးမဲကြီးတိုက်ခိုက်ခံရသကဲ့သို့ နောက်ဆုတ်သွားကြသည်။
သူတို့၌ ခွန်အားရှိပုံမရချေ။ မဟုတ်သေး အကြီးအကဲများသည် ကျူးကျော်သူများထက် ပို၍သန်မာသည်ဟု ချွန်းမြောင်ခံစားနိုင်ပေ၏။
"ဒါက...."
ချွန်းမြောင် အခြေအနေအား နားမလည်သေးမီမှာပင် ထိုလူများသည် ဂိုဏ်းခေါင်းဆောင်၏အဆောင်ရှေ့သို့ ရောက်ရှိသွားသည်။
"ဂိုဏ်းခေါင်းဆောင်...အခုချက်ချင်း ထွက်လာခဲ့စမ်း"
"ထွက်ပြေးဖို့ မစဥ်းစားနဲ့နော်"
"မင်း ဒီနေရာမှာရှိတာ ငါတို့သိတယ်...ဒီနေ့တော့ ငါ မင်းကို အလွတ်မပေးနိုင်ဘူး...ထွက်လာခဲ့စမ်း"
ချွန်းမြောင် မူးဝေလာသည်။
'ငါ ဘာတွေမြင်နေရပါလိမ့်'
ဤနေရာသည် မည်သည့်နေရာမျိုးဖြစ်သနည်း။ မည်မျှထိ နိမ့်ပါးနေပါစေ ဟွာဆန်းသည် ဤကဲ့သို့ကိစ္စများ ဖြစ်ပွါးနိုင်သည့်နေရာမျိူး မဟုတ်ချေ။
"တောက်"
ချွန်းမြောင်၏ဒေါသများ ဗလောင်ဆူနေသည်နှင့်အမျှ သူ၏နဖူးအား တစ်စုံတစ်ခုနှင့် ရိုက်ခတ်ခံရသကဲ့သို့ ခံစားနေရသည်။
"မင်း ဘာလုပ်နေတာလဲ"
"အမ်"
လူကြမ်းများကိုထိန်းထားသော အကြီးအကဲတစ်ယောက်သည် ချွန်းမြောင်အားမြင်ချိန်တွင် အော်ငေါက်၍မေးမြန်းလေ၏။
"အခုချက်ချင်း အထဲပြန်ဝင်စမ်း...တတိယတန်းစားတပည့်တစ်ယောက်က ဒီအချိန်ထိ လှည့်ပတ်သွားနေရလား"
"...အာ"
ချွန်းမြောင်က ဆင်ခြေပေးရန် ကြိုးစားလိုက်သည်။ တွေးကြည့်ပါက သူ့အပြင် ဤနေရာ၌ငယ်ရွယ်သူဟူ၍ မရှိချေ။ ဤမျှပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုဖြစ်ပွါးနေသည့်တိုင် တပည့်တစ်ယောက်တစ်လေမျှ ဤနေရာသို့ရောက်မလာချေ။
'ဒီလိုမျိုးက မကြာခဏဖြစ်နေတာလား'
ရုန်းရင်းဆန်ခတ်ကိစ္စများဖြစ်ပွါးချိန်တွင် ခေါင်းထုတ်၍ကြည့်သည်မှာ လူသားသဘာဝပင်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့အခြေအနေမျိုးတွင် ကျင့်ဝတ်စည်းကမ်းများအား လိုက်နာရမည်ဟု မည်သူကမျှ ပြောဆိုထားခြင်းမရှိချေ။
ဂိုဏ်းအား မကြာမီကမှဝင်ရောက်ခဲ့သည် ချွန်းမြောင်သည် ဤကိစ္စများနှင့်ပတ်သက်၍ သိရှိထားခြင်းမရှိချေ။
"သူတို့ ဘာလုပ်နေတာလဲ"
မဟုတ်သေး...ထိုသို့ဆိုလျှင်ပင် ကျူးကျော်သူများနှင့်ပတ်သက်၍ သူတို့ စိုးရိမ်ပူပန်နေသင့်သည်။
"ဂိုဏ်းခေါင်းဆောင်...ထွက်လာခဲ့စမ်း"
"ငါ ဒီနေ့တော့ နောက်ကြောင်းပြန်မလှည့်ဘူး...ပုန်းနေလည်း အသုံးမဝင်ဘူး...ထွက်လာခဲ့စမ်း"
"မင်း အရှက်မရှိဘူးလား"
ထိုသူများသည် ဂိုဏ်းခေါင်းဆောင်၏အဆောင်ရှေ့၌ မရပ်မနားအော်ဟစ်နေကြသည်။
ချွန်းမြောင်၏လည်ပင်း တောင့်တင်းစပြုလာသည်။
ထိုအချိန်မှာပင်..
ကျွီ...
စူးရှရှအသံတစ်သံနှင့်အတူ အဆောင်တံခါးပွင့်သွားသည်။ ဂိုဏ်းခေါင်းဆောင် ဟွမ်းဂျွန်သည် အတွင်းမှ ထွက်လာပေ၏။
သူထွက်လာချိန်တွင် ဟွာဆန်း၏အဖွဲ့ဝင်များအားလုံး သူ့အား အရိုအသေပြုလိုက်ကြသည်။
"ဒီလောက်နောက်ကျနေမှ မင်းတို့ ဒီနေရာကို ဘာလာလုပ်ကြတာလဲ"
'တကယ်ပါပဲ'
ထိုသူများ၏စကားများကြောင့် ချွန်းမြောင်ဒေါသထွက်နေစဥ်တွင် ဂိုဏ်းခေါင်းဆောင်သည် သူ၏အဆင့်အတန်းနှင့်ကိုက်ညီသော ဂုဏ်သိက္ခာရှိသည့်အပြုအမူမျိုးနှင့် တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုလူကြီးအား သင့်တင့်လျောက်ပတ်စွာ လမ်းညွှန်ပေးမည့်သူမရှိဘဲ ဤကဲ့သို့ ဂုဏ်သိက္ခာရှိစွာ ပြုမူပြောဆိုနိုင်သည်ကိုကြည့်ပြီး ချွန်းမြောင် ဂုဏ်ယူနေမိ၏။
ဂိုဏ်းခေါင်းဆောင်၏လှုပ်ရှားမှုတိုင်းသည် သန့်စင်ပြီး သူ၏စကားလုံးများသည် နားထောင်သူအား ကောင်းမွန်သည်ဟု ခံစားရစေသော တည်ငြိမ်သည့်စွမ်းအင်မျိုးကို သယ်ဆောင်နေလေရာ ချွန်းမြောင်က စိတ်သက်တောင့်သက်သာရှိလာသကဲ့သို့ ခံစားရသည်။
အမှန်တော့...
"မင်း ဘာလို့ ပေါက်ပန်းလေးဆယ်တွေ မေးနေတာလဲ"
"အခုချက်ချင်း လာခဲ့စမ်း"
အမှန်ပင်။ သူက တည်ငြိမ်ချင်ယောင်ဆောင်နေခြင်းပင်။
မဟုတ်သေး...
ဟွမ်းဂျွန်၏မျက်နှာ အနည်းငယ်တင်းမာသွားပြီး သူက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ငါ ပြေးလည်းမပြေးဘူး ပုန်းလည်းမပုန်းဘူး...တကယ်လို့ ငါက ဟွာဆန်းကနေထွက်သွားရင် ဘယ်နေရာကိုသွားနိုင်မှာမလို့လဲ..ဒါကြောင့်...စိတ်အေးအေးထား....."
"မင်းပါးစပ်ကို ပိတ်ထားစမ်း"
ချွန်းမြောင်က ဒေါသထွက်သွားသည်။ ဂိုဏ်းခေါင်းဆောင်သည် ကျူးကျော်သူများအား လေးလေးစားစား ပြောဆိုနေသည့်တိုင် ထိုအရူးများက နားထောင်ရန်ပျင်းရိနေကြသည်။
ထူးဆန်းသောကိစ္စမှာ ဂိုဏ်းခေါင်းဆောင်သည် ဒေါသထွက်၍အော်ဟစ်နေခြင်းမျိုးမရှိဘဲ တုန်လှုပ်နေပုံပင်ရသည်။
သူ ဤမျှထိ နူးညံသိမ်မွေ့စွာ ပြုမူနေသည်မှာ မည်သည့်အပြစ်မျိုး ကျူးလွန်ထား၍ဖြစ်သနည်း။
'ဟူး'
ချွန်းမြောင်က သက်ပြင်းချလိုက်မိ၏။
"ဂိုဏ်းခေါင်းဆောင်"
လူစုအား ဦးဆောင်လာပုံရသည့်လူတစ်ယောက်သည် ဂိုဏ်းခေါင်းဆောင်အား လက်ညှိုးထိုးအော်ငေါက်လေသည်။
"ငါတို့ အချိန်အကြာကြီး စောင့်ခဲ့ပြီးပြီ...ထပ်မစောင့်နိုင်တော့ဘူး"
“…”
ဟွမ်းဂျွန်၏မျက်နှာထက်မှ တည်ငြိမ်အေးဆေးမှုများ ပျောက်ကွယ်သွားသည်။
'ဒါ..ဒါက...'
သူ ဂိုဏ်းခေါင်းဆောင်အား အလွန်အကျူးချီးမွမ်းမိသွားသလော။
"ငါတို့ငွေတွေ မင်း ဘယ်ချိန်ပြန်ပေးမှာလဲ...ပြန်ဆပ်ရမယ့်နေ့ ကျော်သွားတာ အချိန်ကြာလှပြီ...ငါတို့ ထပ်မစောင့်နိုင်တော့ဘူး"
ချွန်းမြောင်သည် ကြောင်စီစီမျက်လုံးဖြင့် ဟွမ်းဂျွန်အား ကြည့်လိုက်မိ၏။
ဟွမ်းဂျွန်၏တည်ငြိမ်သောအသွင်အပြင်သည် သူ၏ပါးစပ်မှ အဆင်မပြေကြောင်းစကားပြောဆိုသည်နှင့် လွင့်ပြယ်သွားသည်။
"တကယ်လို့ မင်းတို့ ငါ့ကို အချိန်နည်းနည်းထပ်ပေးရင်..."
ချွန်းမြောင်သည် သူ၏ဇက်ကြောကို သူပြန်ဆုပ်ကိုင်ပြီး မိုးကောင်းကင်အား မော့ကြည့်လိုက်သည်။
'ငလူးပဲ'
အကြွေးများပင် ရှိနေသလော။ ပြိုလဲလုဆဲဆဲဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသည့်အပြင် ကြွေးရှင်များအားပေးရန် အကြွေးများရှိနေသည်။
'တကယ်ပါပဲ'
ချွန်းမြောင်၏မျက်လုံးအတွင်း၌ မျက်ရည်များရစ်ဝဲလာသည်။ သူ၏စိတ်သည် တိမ်ထူနေသောကောင်းကင်ယံကဲ့သို့ အုံ့မှိုင်းနေပေ၏။
'တကယ်တော့...ဒီနေရာက အရူးတွေနဲ့ပြည့်နေတာပဲ'
အခန်း ၂၀:ဟွာဆန်းက ငါ့ကြောင့် ဒီလိုမျိုးဖြစ်သွားတာလား(၅)
"ငါတို့ မင်းကို အချိန်ပေးပြီးပြီလေ...မင်း အချိန်ဘယ်လောက်ကြာကြာယူဖို့ ကြံစည်ထားတာလဲ"
"ယောကျ်ားတစ်ယောက်ဖြစ်ပြီး အရှက်မဲ့လိုက်တာ"
"ငါတို့ အချိန်အကြာကြီးစောင့်ခဲ့ပြီးပြီ"
ဟွမ်းဂျွန်၏မျက်နှာအမူအယာ အနည်းငယ်တောင့်တင်းနေသည်။
"ငါ သိပါတယ်...ဒါပေမယ့်..."
ထိုအချိန်မှာပင် အနောက်ဘက်၌တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသော လူတစ်ယောက် ရှေ့သို့ထွက်လာသည်။ သူခြေလှမ်းရှေ့တိုးလိုက်သည်နှင့် လူတိုင်း အသံတိတ်သွားပြီး နောက်သို့ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကြသည်။
'သူလည်း ကြွေးရှင်တစ်ယောက်ပဲလား'
ချွန်းမြောင်က ရှေ့သို့ထွက်လာသောလူကြီးကိုကြည့်ပြီး သူ၏မျက်လုံးများတောက်ပသွားသည်။ ထိုလူကြီးသည် အနည်းငယ်ဖောင်းမို့သောမျက်နှာရှိပြီး အနုစိတ်ပန်းထိုးထားသည့် စျေးအကြီးဆုံးပိုးထည်အဝတ်အစားကောင်းကိုဝတ်ဆင်ထား၏။
'သူ့ကိုကြည့်ရတာ ငွေအများကြီးရှိပုံပဲ'
ချွန်းမြောင်က ထိုလူကြီးပြောဆိုသောစကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
"ဂိုဏ်းခေါင်းဆောင်...နေကောင်းကျန်းမာရဲ့လားဗျ"
"ခန်းမသခင်ကောင်း ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျရောက်လာမယ်လို့ ငါ ထင်မထားမိဘူး"
ခန်းမသခင်ကောင်းဟူသော လူကြီး၏မျက်နှာပေါ်၌ နူးညံသောအပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။
"ဒီထက်ပိုပြီး သက်တောင့်သက်သာရှိတဲ့အခြေအနေမျိုးမှာ ဂိုဏ်းခေါင်းဆောင်နဲ့ဆုံတွေ့ရဖို့ ငါ ဆုတောင်းနေတာ...ငါက ဟွာဆန်းတောင်ပေါ် တကယ်ကိုမတက်ချင်ဘူး...ဒါပေမယ့် ငါ့ကို တစ်ခုခုလုပ်ဖို့တွန်းအားပေးနေတဲ့ လူအများကြီးရှိနေတယ်...ဂိုဏ်းခေါင်းဆောင် နားလည်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
"ပြီးတော့ တောင်းပန်ပါတယ်"
သူသည် ဂိုဏ်းခေါင်းဆောင်ဟွမ်းဂျွန်အား ဦးအနည်းငယ်ညွှတ်၍ အရိုအသေပြုလိုက်၏။ ထို့နောက် ခန်းမသခင်ကောင်းပါးစပ်ဟလိုက်ချိန်တွင် ယခင်နှင့်မတူညီသော အသံနေအသံထားထွက်ပေါ်လာသည်။
"ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်...ခင်ဗျား တခြားသူတွေရဲ့ခံစားချက်ကိုလည်း နားလည်အောင်ကြိုးစားသင့်တယ်...ငါတို့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားတာ အချိန်အတော်ကြာနေပြီ"
"ဟမ့်"
ခန်းမသခင်ကောင်းသည် သူ၏ပခုံးကို နောက်သို့အနည်းငယ်တိမ်းစောင်းလိုက်၏။ ချွန်းမြောင်၏အမြင်တွင် ထိုအရာသည် မောက်မာနေသောအမူအယာပင်။
"ငါတို့က ဟွာဆန်းရဲ့ခက်ခဲနေတဲ့ အခြေအနေကို သိပြီးသားပါ...အကြိမ်ပေါင်းများစွာ တခြားနည်းလမ်းရှာပြီး ဖြေရှင်းခဲ့တယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ကတိကို ဒီလိုပဲချိုးဖောက်နေမယ်ဆိုရင်တော့...ထပ်ပြီးစောင့်ကြည့်ပေးဖို့ ခက်ခဲလိမ့်မယ်"
ဟွမ်းဂျွန်သည် စကားတစ်ခွန်းမျှ မဆိုနိုင်ချေ။ သူ၏မျက်နှာအမူအယာကို တည်ငြိမ်စေရန် ထိန်းသိမ်းနေသော်လည်း လူအိုကြီး၏မျက်နှာ အနည်းငယ်ရှုံမဲ့နေခြင်းကို ချွန်းမြောင် သတိပြုမိသည်။
ထိုအရာသည် အလိုအလျှောက်တုံ့ပြန်မှုပင်။
ထိုလူအိုကြီးသည် ဂိုဏ်းခေါင်းဆောင်အဖြစ် ဟွာဆန်းအား နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည်။ ယခုချိန်၌ ကွယ်လွန်သွားသောယခင်ဂိုဏ်းခေါင်းဆောင် ချန်ထားခဲ့သည် အကြွေးများဒဏ်ကို ခံစားနေရ၏။
"စာချုပ်အရဆိုရင်...ဂိုဏ်းခေါင်းဆောင်တို့ဘက်က စာချုပ်ဖောက်ဖျက်တာမို့ အကြွေးတွေကို ချက်ချင်းပေးချေရမှာ"
ခန်းမသခင်ကောင်းက အပြုံးနှင့် ခေါင်းခါယမ်းလိုက်သည်။
"ငါတို့က ဟွာဆန်းရဲ့ကောင်းချီးမင်္ဂလာတွေကနေတဆင့် နှစ်တွေအကြာပြီး အကျိုးကျေးဇူးရခဲ့တယ်...ဒါကြောင့် ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်းအပြုအမူမျိုးတွေလုပ်ဆောင်ဖို့ တွန့်ဆုတ်နေခဲ့တာ"
"ခန်းမသခင် ကောင်း"
"ငါတို့ အကြာကြီး စောင့်ပြီးပြီလေ"
"ဟာ..."
ခန်းမသခင်ကောင်း၏ဘေးပတ်ဝန်းကျင်ရှိ ကုန်သည်များထံမှ ကန့်ကွက်သံများ ထွက်ပေါ်လာသော်လည်း သူ၏ချောင်းတစ်ချက်ဟန့်သံနှင့်အတူ သူတို့အားလုံး နှုတ်ဆိတ်သွားတော့သည်။
"တကယ်လို့ ငါတို့က ကျေးဇူးတရားကိုမသိဘူးဆိုရင် ငါတို့က တိရစ္ဆာန်တွေဖြစ်သွားမယ်...မင်းတို့အပေါ်မှာရှိခဲ့ဖူးတဲ့ ကြင်နာမှုတွေကို မျက်စိမှိတ်ပြီးမနေကြနဲ့လေ...ဟွာဆန်းရဲ့ဂုဏ်ကျက်သရေနဲ့ကောင်းချီးပေးမှုတွေကြောင့် ငါတို့ ခုချိန်ထိ သက်တောင့်သက်သာနေနိုင်တာကို ကျေးဇူးတင်ရမယ်...မင်းတို့ရဲ့ဘိုးဘေးတွေ လုပ်ခဲ့တဲ့အလုပ်ကို မမေ့ကြနဲ့"
"ဟူး..."
"ကောင်းပြီလေ"
လူတိုင်း နားလည်သဘောပေါက်သွားပုံရသဖြင့် ခန်းမသခင်ကောင်းက ပြုံးလိုက်သည်။
"ဒါဆိုရင် ငါတို့ မင်းအတွက် နည်းနည်းပိုစဥ်းပေးမယ်...ငါတို့ မင်းကို အချိန်ခုနစ်ရက်ထပ်ပေးမယ်...တကယ်လို့ ခုနစ်ရက်အတွင်းမှာ မင်း အကြွေးတွေ ပြန်မဆပ်နိုင်ဘူးဆိုရင် ကဏဦးစာချုပ်အတိုင်း ငါတို့ တန်ကြေးတွက်ယူရလိမ့်မယ်"
"ခန်း...ခန်းမသခင်ကောင်း...ခဏလောက်စောင့်ပေးပါအုံး"
"ဂိုဏ်းခေါင်းဆောင်"
ခန်းမသခင်ကောင်းသည် တိတ်တဆိတ် ခေါင်းခါပြလေ၏။
"အဲ့ထက် ပိုမရတော့ဘူး...ငါတို့ ငွေလိုတယ်...ငါတို့တက်နိုင်သမျှ သက်ညှာခဲ့ပြီးပြီ...တကယ်လို့ ခုနစ်ရက်အတွင်းမှာ ငွေအဆင်သင့်မဖြစ်ဖူးဆိုရင် ငါတို့က ကတိစကားအတိုင်း ဟွာဆန်းကို သိမ်းယူရလိမ့်မယ်"
"ဟင်..."
ခန်းမသခင်ကောင်းသည် အသံတစ်သံ ကြားလိုက်ရသဖြင့် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ ပါးစပ်ကိုလက်ဖြင့်ဖုံးအုပ်ထားသော ချွန်းမြောင်ကို တွေ့မြင်မိသည်။
"ကလေးတစ်ယောက်ရဲ့ရှေ့မှာ မမြင်သင့်တဲ့ကိစ္စမျိုးကို ငါတို့ ပြသမိတာပဲ"
ခန်းမသခင်ကောင်းက ပြောသည်။
"ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ...ဂိုဏ်းခေါင်းဆောင်...နောက်တစ်ကြိမ်ပြန်ဆုံတွေ့တဲ့အခါကျရင် ငါတို့ သာယာပျော်ရွှင်မှုတွေကိုပဲ ဖလှယ်နိုင်ဖို့မျှော်လင့်တယ်...အဲ့ဒီအချိန်ထိ နှုတ်ဆက်ခဲ့ပါတယ်"
ခန်းမသခင်ကောင်း ထွက်ခွါသွားရန် ရွေ့လျားလိုက်သည်နှင့် ကုန်သည်များအားလုံး နောက်မှလိုက်ပါသွားကြ၏။ ဟွမ်းဂျွန်က သူတို့ဖြတ်သွားသည်ကိုစောင့်ကြည့်ရန် သူ၏ခေါင်းအား တိတ်တခိုးမော့လိုက်သည်။ သူသည် ရက်စက်ကြမ်းကြုတ်သောသားရဲနှင့် ရင်ဆိုင်တွေ့ရာမှ အသက်ရှင်လွတ်မြောက်လာသကဲ့သို့ သူက သက်ပြင်းတစ်ချက်ရှိုက်နေပေ၏။
"ဟူး...."
စိတ်ပျက်လက်ပျက်နှင့်အားနည်းသော သက်ပြင်းချသံသည် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်သွားပုံရသည်။
"ဒါဆိုရင်..."
ချွန်းမြောင်သည် ပလ္လင်ခွေထိုင်ပြီး သူ၏လက်ပေါ် သူ့မေးစေ့အားတင်၍ အနားယူလိုက်၏။
"ဟွာကျေးရွာက ကုန်သည်တွေလား"
"ဟုတ်တယ်"
"အား"
ချွန်းမြောင်၏ခေါင်းသည် တွေးတောစဥ်းစားနေသည်နှင့်အမျှ ရှေ့နောက်ယိမ်းထိုးနေသည်။ ထိုအရာကိုကြည့်ပြီး တခြားကလေးများ နောက်ဆုတ်လိုက်ကြ၏။
'သူ တိုက်ခိုက်တော့မှာလား မသိဘူး...ငါတို့ရှောင်နေတာ ပိုကောင်းလိမ့်မယ်'
ထိုအကြောင်းအရာများကို ချွန်းမြောင်အား သူ ရှင်းပြနေရသည့် အကြောင်းအရင်းမှာ လွန်စွာရိုးရှင်းသည်။
အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်သို့ ချွန်းမြောင်သည် ဒေါသတကြီးနှင့်ပြန်ရောက်လာပြီးနောက် သူက ဟွာဆန်း၏အခြေအနေများကိုသိသော ကလေးများအားလုံးကို စုရုံးရန်ခေါ်ဆောင်လိုက်သည်။ နောက်ဆုံး၌ သူ၏မေးခွန်းများအားလုံးကို ကလေးတစ်ယောက်က အဖြေပေးလေ၏။
ရလဒ်အနေဖြင့် သူက ဟွာဆန်း၏အခြေအနေကို ချွန်းမြောင်အား ရှင်းပြနေရသည်။
"ဟွာကျေးရွာက ဟွာဆန်းတောင်အောက်မှာရှိတဲ့ရွာမလား"
နံဘေးဘက်မှနားထောင်နေသော ဂျိုဂုက မေးမြန်းသည်။
"ဟုတ်တယ် ဆရာတူအကို...ကျွန်တော်အဖေနဲ့အတူ ကျွန်တော် ကြွေထည်တွေလှည့်ပတ်ရောင်းတုန်းက အဲ့ဒီရွာကိုမြင်ခဲ့တာ မှတ်မိတယ်"
"ဟွာဆန်းဂိုဏ်းက ဟွာကျေးရွာရဲ့ကုန်သည်တွေဆီကနေ ငွေချေးထားတာလား"
"ဒါတော့ ကျွန်တော် မသိဘူး..."
ထိုကလေးက ခေါင်းကုတ်နေသည်။ သူသည် ဟွာဆန်းဂိုဏ်းဝင်ဖြစ်သော်လည်း တတိယတန်းစားတပည့်တစ်ယောက်အနေဖြင့် ဂိုဏ်း၏ဘဏ္ဍာရေးအခြေအနေများကို မသိနိုင်ချေ။ သူတို့က မည်သည့်အရာများဖြစ်ပျက်သွားသည်ကို ခန့်မှန်းရန်သာ တက်နိုင်သည်။
"ကောင်းလူကြီးက ဟွာကျေးရွာမှာရှိတဲ့ထဲဟွာခန်းမပိုင်ရှင်ပဲ...အဲ့ဒီခန်းမက ဟွာကျေးရွာမှာအကြီးဆုံးခန်းမလေ...ငါ ကြားထားတာတော့ သူက အရင်းအနှီးအများကြီးစိုက်ထုတ်ပြီး လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်တယ်တဲ့...သူက ဟွာကျေးရွာမှာ အအောင်မြင်ဆုံးကုန်သည်တစ်ယောက်ပဲ"
"အင်း...ဒါဆိုရင် ဟွာဆန်းဂိုဏ်းက ငွေချေးဖို့လိုအပ်တယ်ဆိုရင် သူက ချေးငှါးဖို့အကောင်းဆုံး လူတစ်ယောက်ပေါ့..."
ဂျွတ်...ဂျွတ်...
"အမ်..."
ဂျိုဂုသည် ချွန်းမြောင်၏မျက်နှာ အရောင်ဖျော့သွားသဖြင့် ဂရုတစိုက်ကြည့်လိုက်သည်။
ချွန်းမြောင်၏လည်ပင်းသည် ကျိုးပဲ့နေသောသစ်သားရုပ်ကဲ့သို့ ကျိုးကျနေသည်။
"ဆရာတူညီလေး...စိတ်အေးအေးထား...ဆရာတူညီလေး"
"ထဲ...ထဲ...ဟွာ..."
"ဘာမှားနေလို့လဲ"
ဂျိုဂုသည် အံ့အားသင့်ထိတ်လန့်မှုကြောင့် စိတ်လွတ်သွားပုံရသော ချွန်းမြောင်ကိုမြင်ချိန်၌ တုန်လှုပ်ချောက်ချားသွားသည်။ အမှန်အားဖြင့် ချွန်းမြောင်၏ထူးဆန်းသောအပြုအမူများကို သူတို့ နားမလည်ချေ။
ဝုန်း...
ချွန်းမြောင်သည် ရုတ်တရက် တက်ကြွလာပြီး သူ၏ထိုင်ခုံမှခုန်ဆင်းကာ တခြားကလေးများ၏မျက်လုံးများအတွင်းသို့ စူးစိုက်ကြည့်နေသည်။
"အား..."
သူသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် တံခါးဆီသို့ပြေးသွားပြီး ထိုကလေးအားဂုတ်မှဆွဲကိုင်ကာ မေးမြန်းလိုက်၏။
"သူက ထဲဟွာရဲ့ပိုင်ရှင်ဆိုတာ အမှန်ပဲလား"
"ဟုတ်...ဟုတ်ကဲ့"
"ဒါဆိုရင် ထဲဟွာပိုင်ရှင်က ဟွာဆန်းကိုပိုက်ဆံချေးထားပြီးတော့ အခု ဒီပြိုလဲနေတဲ့နေရာကို သိမ်းပိုက်ဖို့ ကြိုးစားနေတာလား"
"စိတ်...စိတ်အေးအေးထားပါ"
"စိတ်အေးအေးထားရမှာလား...မင်း ငါ့ကို စိတ်အေးအေးထားဖို့ ပြောနေတာလား"
ထိုခွေးသူတောင်းစားလေးသည် ချွန်းမြောင် ခံစားနေရသည်ကိုမြင်သည့်တိုင် ဤကဲ့သို့အကြံမျိုး ပေးနိုင်သေးသလော။
ချွန်းမြောင်သည် ထိုကလေး၏အင်္ကျီဂုတ်အား ဆုပ်ကိုင်ထားခြင်းကိုလွှက်ပေးပြီး သူ့ခေါင်းသူ ပြင်းပြင်းထန်ထန် ကုတ်ခြစ်နေလေ၏။
"ဆရာတူညီလေး...ဘာဖြစ်နေတာလဲ"
ဤအချိန်၌ ချွန်းမြောင်သည် ထိုမေးခွန်းအား အဖြေမပေးနိုင်ချေ။ အကြောင်းပြချက်မှာ ရိုးရှင်းလှ၏။
သူထံ၌ ရှင်းပြနိုင်သောနည်းလမ်း မရှိခြင်းကြောင့်ပင်။
အကြောင်းအရင်းမှာ..
'ထဲဟွာက ဟွာဆန်းရဲ့အပိုင်ပဲ'
ဟွာဆန်း၏သူရဲကောင်းတစ်ယောက်ဖြစ်နေသဖြင့် လောကီရေးရာများကို မေ့ဖျောက်ပြီးလျစ်လျှူရှုထားရမည်ဟု ဆိုလိုခြင်းမရှိချေ။ ငွေကြေးမရှိသော မည်သည့်ဂိုဏ်းမဆို သူတို့၏ကျော်ကြားမှုအား ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဟွာဆန်းကဲ့သို့ဂိုဏ်းမျိုးသည် သူတို့၏ကြီးမားသောအရွယ်အစားကို ထိန်းသိမ်းထားနိုင်ရန် ငွေကြေးလိုအပ်သည်။
အစကဏဦးတွင် ဂိုဏ်းတစ်ဂိုဏ်း၏ဓားသမားသည် သူ၏တစ်ကိုယ်ရည်တိုးတက်မှုနှင့် ပို၍သန်မာအားကောင်းလာစေရန်ကို လေးလေးနက်နက် အာရုံစိုက်ကြသည်။ သိုင်းပညာရပ်ကိုသာ အာရုံစိုက်ထားသော ထိုကဲ့သို့လူစားများအတွက် သူတို့၏မိသားစုများမှ ငွေကြေးထောက်ပံပေးရသည်။
ထိုကဲ့သို့လူစားမျိုးများအား ကျွေးမွေးနိုင်ရန် မြောက်မြားစွာသောငွေကြေးပမာဏ လိုအပ်သည်။ ထို့ကြောင့် ဟွာဆန်းဂိုဏ်းသည် သူတို့အတွက် ဟွာကျေးရွာ၌ လုပ်ငန်းအမြောက်အများကို လုပ်ဆောင်ခဲ့သည်။ လုပ်ငန်းများအနက်မှတစ်ခုမှာ ထဲဟွာခန်းမပင်။
သို့သော် ယခုလက်ရှိချိန်တွင် ဟွာဆန်းပိုင်ဆိုင်သော လုပ်ငန်းတစ်ခုမှနေ၍ ငွေချေးယူထားသည်ဟူသောအကြောင်းပြချက်ဖြင့် ဂိုဏ်းအားအပိုင်သိမ်းရန် ကြိုးပမ်းနေသည်။
သူ ထိုကိစ္စအား နားမလည်နိုင်ချေ။ အမှန်ပင်...အကယ်၍ သူ သိထားသည်နှင့် သူတို့ပြောဆိုသည်များ ကိုက်ညီမှုမရှိပါက တစ်စုံတစ်ခု အမှားအယွင်းရှိနေနိုင်သည်။
"ဆရာတူအကို ဂျိုဂု"
"အင်း...."
ချွန်းမြောင်က မလှုပ်မယှက်နေနေရာမှ ခေါ်လိုက်ရာ ဂျိုဂုသည် သိချင်စိတ်ပြင်းပြစွာဖြင့် အနီးသို့ချဥ်းကပ်လာပြီး သူ၏မျက်လုံးအတွင်း၌ စိတ်ရှုပ်ထွေးမှုများရှိနေသည်။
ချွန်းမြောင်က ဂျိုဂုတစ်ယောက်တည်းသာ ကြားနိုင်သည့် တစ်စုံတစ်ခုကို တီးတိုးပြောဆိုလိုက်သည်။ ဂျိုဂု၏မျက်လုံး ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် ချွန်းမြောင်အား စူးစိုက်၍ပြန်ကြည့်နေပေ၏။
"အဲ့ဒါလား"
"မင်း ငါ့အတွက် ယူပေးနိုင်မလား"
ဂျိုဂုက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောလေသည်။
"ဟာ...မရဘူး...ငါ လုပ်နိုင်တယ် ဒါပေမယ့်...."
"ဒါဆို ငါ့အတွက် သွားယူလာခဲ့"
"တကယ်ပြောနေတာလား"
"ငါ ဟာသလုပ်နေတယ်လို့ မင်းထင်နေတာလား ဆရာတူအကို"
"ငါ...ငါ အဲ့ဒါကိုယူပေးမယ်"
ဂျိုဂုက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအယာဖြင့် အခန်းအတွင်းမှ ထွက်ခွါသွားသည်။
'သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ'
ယွန်းဂျွန်သည် သူ၏ခေါင်းကိုတိမ်းစောင်း၍ သူရှေ့ရှိမြင်ကွင်းအား သိချင်စိတ်ပြင်းပြစွာ စောင့်ကြည့်နေသည်။ ဂျိုဂု၏တုံ့ပြန်မှုသည် ထူးဆန်းနေပေ၏။
သူ နက်နက်နောနော မတွေးတောနိုင်သေးမီမှာပင် ဂျိုဂုသည် တစ်စုံတစ်ခုအားသယ်ဆောင်၍ အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။
သူက သိမ်မွေ့နက်နဲသောမျက်နှာအမူအယာဖြင့် ထိုပစ္စည်းအား ချွန်းမြောင်ထံ ပေးအပ်လိုက်သည်။
'အဝတ်အစားလား'
'မဟုတ်သေးပါဘူး အဝတ်အစားက...အလင်းရောင်မရှိတော့တဲ့အချိန်မှာ သူ ဘာလုပ်ဖို့ အဝတ်အစားလဲဖို့လိုနေတာလဲ'
ချွန်းမြောင်သည် သူ့အား ဂျိုဂုပေးသောဝတ်စုံကိုယူ၍ သူ၏လက်ရှိဝတ်စုံဖြင့် အလျှင်အမြန်လဲဝတ်လိုက်၏။
"အမ်"
ချွန်းမြောင်သည် အနက်ရောင်ဝတ်စုံကို ခြေဆုံးခေါင်းဆုံးဝတ်ဆင်ပြီး သူ၏ခန္ဓာကိုယ်၌ တင်းတင်းကျပ်ကျပ် ချည်နှောင်သည်။
"မင်း...မင်း ဘာလုပ်မလို့ကြံစည်နေတာလဲ"
"ငါ ဟွာဆန်းရဲ့ဘေးပတ်ဝန်းကျင်ကိုသွားပြီး မေးစရာရှိလို့"
"အမ်"
ချွန်းမြောင်က အဖြေပေးလိုက်၏။
"တကယ်လို့ ငါက ဆရာတူအကိုတို့ကို မေးရင် သင့်လျော်တဲ့အဖြေရမှာမဟုတ်ဘူး...ကလေးတွေက ဒီလိုမျိုး အလုပ်ကိစ္စတွေကိုမသိကြဘူးလို့ပဲ ကျွန်တော်ကိုပြောကြမှာ"
သိသာထင်ရှားစွာဖြင့် ဤသည်က မှန်ကန်သောဆုံးဖြတ်ချက်ပင်။
"ဒါကြောင့် ငါ အပြင်ကိုသွားမေးမလို့"
"နေ...နေပါဦး"
ယွန်းဂျွန်၏နဖူး၌ ချွေးစေးများ စုဝေးလာသည်။ ဤအခြေအနေသည် မည်သည့်အရာကို ဦးတည်နေသည်မှန်း သူ နားလည်သဘောပေါက်စပြုလာ၏။
ချွန်းမြောင်၏ကိုးယိုးကားယား လုပ်ရပ်များအားလုံးကို ဟွာဆန်း၌ကန့်သတ်ထားသည်။ ထို့ကြောင့် သူတို့ထံ၌ ပြဿနာများရှိသော်လည်း ပြေပြေလည်လည်ဖြေရှင်းနိုင်ပေ၏။ အကယ်၍ သူသာ တောင်အောက်ဆင်းသွားပါက မည်သည့်ပြဿနာမျိုး ဖြစ်ပွါးလာနိုင်သနည်း။
'သူ...သူ့ကိုတားဖို့လိုအပ်တယ်'
အကယ်၍ ချွန်းမြောင် ကံကောင်းပါက သူ အလိုရှိသော သတင်းကိုရနိုင်သည်။ သို့ရာတွင်...
'တကယ်လို့ ဒါကသာ ချောချောမွေ့မွေ့ မဖြစ်သွားရင်..'
ချွန်းမြောင်၏ရဲတင်းသောအပြုအမူကို တွေးတောမိပါက မည်ကဲ့သို့ စကားပြောဆိုမည်အား ခန့်မှန်းနိုင်သည်။ ထိုကိစ္စသည် ကြီးမားသောပြဿနာကြီးတစ်ရပ်အား ဖန်တီးပေးနိုင်ပေမည်။
အကယ်၍ ချွန်းမြောင်သာ မတော်တဆဖြစ်ရပ်တစ်ခု ဖြစ်ပွါးခဲ့ပါက သူ ထိန်းချုပ်နိုင်မည်မဟုတ်ချေ။
သူသာ ချွန်းမြောင်အား ဤနေရာ၌ ဟန့်တားမထားနိုင်ပါက သူ၏တာဝန်လစ်ဟင်းမှု ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ချွန်းမြောင်သည် မတော်တဆကိစ္စတစ်ခု ဖြစ်ပွါးခဲ့သည်ကို ဂိုဏ်းမှအကြီးအကဲများသိရှိသွားပါက တတိယတန်းစားတပည့်များ၏တာဝန်ခံဖြစ်သော ယွန်းဂျွန်လည်း တာဝန်ယူရပေမည်။
သို့ရာတွင် သူ ချွန်းမြောင်အား မည်သည့်နည်းဖြင့် ဟန့်တားနိုင်မည်နည်း။ အကယ်၍ သူ စကားလုံးများဖြင့်သာ ချွန်းမြောင်အား ဖြောင့်ဖြနိုင်ပါက သူ ပြောဆိုပြီးဖြစ်ပေမည်။
ချွေးစေးများစိုရွှဲနေသော ယွန်းဂျွန်သည် ရှေ့တိုးလာပြီး ပြောဆိုလိုက်၏။
'မင်း....မင်း ဘာသွားလုပ်မှာလဲ"
"ငါ သူတို့ကို တည့်တည့်သွားမေးမလို့"
"သူတို့က အဖြေမပေးရင်ရော"
"သူတို့ ဘာလို့ မဖြေနိုင်ရမှာလဲ"
ချွန်းမြောင်က ခေါင်းခါယမ်းလိုက်သည်။
"ငါ ဒီကိစ္စကို ခန့်မှန်းပြီးသွားပြီ...သူတို့ ငါ့ကို အဖြေတစ်ခုပြန်ပေးမှာသေချာတယ်"
'ဒါက...ရပ်ပါတော့...သောက်ရူးခွေးသူတောင်းစားရဲ့'
ထိုစကားများကိုသာ ကျယ်လောင်စွာပြောဆိုလိုက်ပါက သူ ရိုက်နှက်ခံရမည်ကို တွေးတောမိပြီး ယွန်းဂျွန်၏ဦးနှောက်များ ပွင့်ထွက်လုမတက် ဗလောင်ဆူနေသည်။
"မင်းက တပည့်တစ်ယောက်လေ...ဟုတ်တယ်မလား"
"အဲ့ဒီတော့..."
"မင်းက ဟွာဆန်းဂိုဏ်းရဲ့တပည့်တစ်ယောက်လေ"
မည်သည်ကြောင့်မှန်းမသိသော်လည်း ဟွာဆန်း၏တပည့်တစ်ယောက် ဖြစ်လာခြင်းအတွက် ချွန်းမြောင် အလွန်ဂုဏ်ယူဝင့်ကြွားနေသည်ကို ယွန်းဂျွန်က ခံစားမိသည်။ ထို့ကြောင့် သူက ထိုအကြောင်းပြချက်အား အသုံးပြုရန်ကြံစည်လိုက်၏။
"တပည့်တစ်ယောက်က ဒီလိုမျိုးကိစ္စတွေ မလုပ်သင့်ဘူးလေ...တကယ်လို့ မင်း အဲ့ဒီလိုလုပ်လိုက်ရင် ငါတို့က စည်းမဲ့ကမ်းမဲ့လူစုနဲ့ မကွာခြားတော့ဘူးမလား"
ချွန်းမြောင်သည် သဘောတူလက်ခံဟန်ဖြင့် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"မင်း ပြောတာမှန်တယ်...တပည့်တစ်ယောက်က ဒီလိုမျိုး မလုပ်သင့်ဘူး"
သိသာထင်ရှားစွာဖြင့် ထိုအကြောင်းပြချက်က အလုပ်ဖြစ်ပုံရသည်။ ယွန်းဂျွန်၏မျက်နှာသည် မျှော်လင့်ချက်လင်းရောင်ခြည်နှင့်အတူ တောက်ပလာပေ၏။
"မှန်..မှန်တယ်"
"ဒါပေမယ့် ဆရာတူအကို...နားထောင်ပါအုံး"
"ဟမ်...."
"ဗုဒ္ဓ မိန့်ကြားထားတာရှိတယ်...တကယ်လို့ မင်း ဗုဒ္ဓနဲ့တွေ့ရင် သူ့ကိုသတ်ပြီးတော့ တကယ်လို့ မင်း ဘိုးဘေးတစ်ယောက်နဲ့တွေ့ရင်လည်း သတ်ပစ်ရမယ်တဲ့"
"...ငါ"
"ဒါဆို အစစ်အမှန်တပည့်တစ်ယောက်ဖြစ်လာဖို့ မင်း ဒါကိုနားလည်ပေးဖို့လိုအပ်တယ်"
ချွန်းမြောင်သည် သူ၏မျက်နှာတစ်ဝိုက်တွင် အဝတ်နက်ကိုပတ်ပြီး သူ၏အသွင်အပြင်ကိုဖုံးကွယ်ကာ ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် အော်ဟစ်လိုက်၏။
"တခါတရံမှာ စည်းမျဥ်းတွေကိုဖောက်ဖျက်ရတယ်ဆိုတာကို မင်း သိဖို့လိုအပ်တယ်"
ထိုအရူးကောင် မည်သည့်စကားမျိုး ပြောဆိုသွားသနည်း။
"ငါ သွားရမယ်...အစစ်အမှန်သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့အတွက်..."
ယွန်းဂျွန်သည် ချွန်းမြောင်အားတားဆီးရန် သူ ကြိုးစားနေခြင်းသည် အစကတည်းက မဖြစ်နိုင်မှန်း နားလည်သဘောပေါက်သွားလေပြီ။
အခန်း ၂၁: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၁)A
ဟွာကျေးရွာသည် ဟွာဆန်းတောင်၏အောက်ခြေ၌ တည်ရှိပြီး ရှန်းရှီးစီရင်စုအတွင်းရှိ ရွာကြီးများအနက်မှ တစ်ရွာဖြစ်သည်။
အတိတ်တွင် ဟွာဆန်းဂိုဏ်း၏အမည်နာမသည် လောကကြီးတခွင် ပဲ့တင်ထပ်နေစဥ်တွင် ထိုကျေးရွာသည် ဂိုဏ်းနှင့်သဟဇာတဖြစ်သော ဆက်ဆံရေးရှိသဖြင့် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ကုန်သည်များသည် ဟွာကျေးရွာသို့လာရောက်ရန် တန်းစီနေကြပြီး ဟွာဆန်းဂိုဏ်းအား မြင်တွေ့လိုသူများမှာလည်း ဆက်တိုက်ဆိုသလို ရောက်ရှိလာခဲ့ကြ၏။
ဟွာကျေးရွာသည် သူတို့၏ကုန်စည်များဝယ်ယူမည့် ဖောက်သည်ပြတ်လပ်မည်ကို စိုးရိမ်ပူပန်စရာမလိုသဖြင့် ကျေးဇူးတင်သည့်အနေဖြင့် ဟွာဆန်းဟူသောအမည်ကို အမှီသဟဲပြု၍ ကျေးရွာနာမည်ကိုပင် ဟွာကျေးရွာဟု ပေးခဲ့ခြင်းပင်။
သို့ရာတွင် အချိန်သည် လူသားအားလုံးကို အရူးဖြစ်အောင် ပြုလုပ်နိုင်သည်။
ဟွာဆန်းသည် နိမ့်ပါးစပြုလာပြီး ဂိုဏ်း၏အမည်နာမသည် လူတို့၏မှတ်ဥာဏ်များအတွင်းမှ လွင့်ပြယ်စပြုလာရာ ဟွာကျေးရွာအတွင်းရှိ ဘဝရပ်တည်မှုများမှာလည်း ယိုင်နဲ့စပြုလာသည်။ သို့ရာတွင် ပင်မအခြေစိုက်စခန်းဖြစ်သော ထဲဟွာခန်းမမှာမူ အခိုင်အမာရပ်တည်နေနိုင်ဆဲပင်။ ယခုလက်ရှိအချိန်တွင်လည်း ထိုဂုဏ်သိက္ခာကြီးမားသော အဆောက်အအုံ၏ထိပ်ဆုံးထပ်၌ ကုန်သည်အများ စုဝေးရောက်ရှိနေသည်။
"ဟား ဟား ဟား"
ကျယ်လောင်သော ရယ်မောသံကြီး ထွက်ပေါ်နေပေ၏။
"ဂိုဏ်းခေါင်းဆောင်ကိုကြည့်ရတာ ပျာယာခတ်သွားပုံပဲ...မင်းတို့ သူ့ရဲ့မျက်နှာကို မြင်လိုက်ကြလား"
"တော်တော်စိတ်ရှုပ်စရာကောင်းတယ်...ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါတို့ ရာဇသံပေးနိုင်ခဲ့ပြီ"
"ဟုတ်တယ်...ဒါက အရမ်းလွန်သွားပြီလေ...သူတို့ဂိုဏ်းတစ်ဂိုဏ်းတည်း ယူသုံးထားတဲ့ ငွေဒင်္ဂါးတွေက ယန်တစ်သိန်းတောင်ရှိတယ်...ဒီလိုကြွယ်ဝချမ်းသာမှုမျိုးနဲ့ဆိုရင် တခြားဂိုဏ်းတွေ နှစ်ဆချမ်းသာနေလောက်ပြီ...သူတို့ရဲ့လုပ်ဆောင်ချက်တွေလည်း အနည်းဆုံးနှစ်ဆမက တိုးတက်လာသင့်တယ်...ငါတို့ဘိုးဘေးတွေနဲ့ဂိုဏ်းရဲ့ဆက်ဆံရေးကြောင့် သူတို့ကိုလက်ကမ်းကူညီခဲ့တာ...အနည်းဆုံးတော့ သူတို့အားနာစိတ်ရှိရင် ကြံဆပြီးပြန်ပေးသင့်တယ်"
"အမှန်ပဲ...ယော်ကျားတစ်ယောက်ဆိုတာ ဂုဏ်သိက္ခာရှိရမယ်"
ထဲဟွာခန်းမပိုင်ရှင် ကောင်းမုံယွမ်က အပြုံးနှင့်အတူ ခေါင်းညိမ့်ပြသည်။
"ငါက ဒီနေရာမှာနေတဲ့ ကုန်သည်တစ်ယောက်ဖြစ်နေတော့ ငါရဲ့ဘိုးဘေးတွေနဲ့ ဆက်နွယ်နေတဲ့နေရာကို အခက်အခဲတွေ့စေမယ့် ဒီလိုအမိန့်မျိုးပေးရတာ စိတ်မပျော်ရွှင်ဘူးလို့တော့ ငါ ဝန်ခံပါရစေ"
"ခန်းမသခင်ကောင်း...မင်း ဘာပြောချင်တာလဲ...ခန်းမသခင်ကောင်းက တက်နိုင်သမျှလုပ်ပေးပြီးပြီလေ....သူတို့က စာချုပ်ကိုချိုးဖျက်ပြီး အကြွေးပြန်ဆပ်ရမယ့်နေ့ကို အကြိမ်ကြိမ်လွဲချော်နေပေမယ့်...မင်းက သူတို့အကြွေးပြန်ဆပ်ရမယ့်ရက်ကို အကြိမ်ပေါင်းများစွာ သက်တမ်းတိုးပေးပြီး အခွင့်အရေးအများကြီးပေးခဲ့တယ်"
"အမှန်ပဲ...အဲ့ဒီအတွက်ကြောင့် မင်းကို ဘယ်သူကမှ အပြစ်တင်မှာမဟုတ်ဘူး...မင်း ပြသခဲ့တဲ့ သနားကြင်နာမှုကြောင့် ငါတို့က မင်းကို ရိုသေလေးစားမိတယ်"
"ငါ့ကိုထောက်ခံပေးတဲ့ ဒီလိုစကားမျိုးကြားရတာ ငါ အရမ်းဝမ်းသာမိတယ်"
ခန်းမသခင်ကောင်းသည် ထိုင်ခုံပေါ်၌မှီ၍ လဖက်ရည်ခွက်အား သောက်လိုက်သည်။ သူ၏စိတ်အတွင်းမှနေ၍ သူ့နံဘေးပတ်ဝန်းကျင်ရှိလူများကို ပြက်ရယ်ပြုနေပေ၏။
'ဘယ်လောက်တောင် သက်တောင့်သက်သာရှိလိုက်လဲ'
ဤကဲ့သို့ ရိုးရှင်းသောဘဝနှင့် နေထိုင်နိုင်သည့်အတွက် သူ ကံကောင်းပေသည်။
'ဟွာဆန်းက အကျိုးအမြတ်တွေနဲ့ပြည့်နေတဲ့ နေရာပဲ'
ဟွာဆန်း၏အစစ်အမှန်စွမ်းအားသည် ယခုလက်ရှိအင်အားစုမှ ဖြစ်ပေါ်လာခြင်းမဟုတ်ချေ။ ဟွာဆန်း၏အရေးကြီးဆုံးအရာမှာ ဂိုဏ်း၌ရှိခဲ့သော သမိုင်းကြောင်းအစဥ်အလာပင်။
ဂိုဏ်းတစ်ဂိုဏ်းသည် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိလာခဲ့ပါက ဂိုဏ်းနှင့်ဆက်ဆံလိုသည်ဖြစ်စေ မဆက်ဆံလိုသည်ဖြစ်စေ ဂိုဏ်းနှင့်ဆက်နွယ်နေသည့် လူများစွာရှိသည်။ အနည်းဆုံး ရှန်းရှီးစီရင်စုအတွင်းတွင် ဟွာဆန်းနှင့်ဆက်နွယ်မှုမရှိသောလူကိုရှာဖွေရန် လွန်စွာခက်ခဲသည်။
ယခုလက်ရှိ ဟွာဆန်းသည် အတိတ်ရှိဂုဏ်ကျက်သရေနှင့် နှိုင်းယှဥ်ပါက အမှုန်အမွှားပင်။ အကယ်၍ ဟွာဆန်း အပြီးတိုင်ပြိုလဲသွားပါက လူနည်းစုကသာ စိတ်ဆိုးဒေါသထွက်ကြပေမည်။
သို့ရာတွင် အရေးအကြီးဆုံးကိစ္စမှာ နောက်ထပ် မည်သည့်ကိစ္စများ ဖြစ်ပျက်လာမည်နည်းဟူသည့်အရာပင်။
ဟွာဆန်း ပြိုလဲသွားကြောင်း လူအများသိရှိသွားချိန်တွင် သူတို့က 'ဘာကြောင့်လဲ'ဟူသည့်အချက်ကို စူးစမ်းရှာဖွေကြလိမ့်မည်။ အကယ်၍ အကြောင်းပြချက်သည် သင့်လျော်မှုမရှိဘဲ လုံလောက်သည့်ဆင်ခြေမျိုးမပေးနိုင်ပါက ဟွာကျေးရွာသည် တမဟုတ်ချင်း ပျက်စီးသွားပေမည်။
ဟွာဆန်းနှင့်ဆက်နွယ်နေသော လူအများစုမှာ အဆင့်အတန်းမြင့်မားသူများဖြစ်သည်။
'ဒါပေမယ့် အဆင်ပြေသွားပါလိမ့်မယ်'
အကြောင်းအရင်းမှာ သူ၏အကြံအစည်သည် ကာလရှည်စီမံကိန်းဖြစ်ပြီး အကျိုးသက်ရောက်မှုရှိခြင်းကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ ဟွာဆန်းသည် ပွက်ပွက်ဆူလာပြီး ဘဲပေါင်းတစ်ကောင်ကဲ့သို့ သူ တူဖြင့် အသာအယာကိုက်ဖဲ့စားနိုင်ပေမည်။
"ဒါပေမယ့် ခန်းမသခင်ကောင်း"
"အင်း"
"မင်း ဟွာဆန်းကို ဘာလုပ်ဖို့ကြံစည်ထားလဲ"
"အဲ့ဒါလား"
ခန်းမသခင်ကောင်းက ပြုံးလိုက်သည်။
"ဟွာဆန်းက မင်းတို့တွေးထင်ထားတာထက် အဓိပ္ပါယ်အများကြီးပိုရှိတယ်...ဂိုဏ်းက အိုမင်းဟောင်းနွမ်းပြီးပျက်စီးနေပေမယ့် အကျိုးအမြတ်ကောင်းတစ်ခုပဲ"
"ငါ အဲ့ဒါကို နားမလည်ဘူး"
'ငအတွေ'
ခန်းမသခင်ကောင်း၏အမူအယာသည် ရှုံမဲ့လုနီးပါးဖြစ်နေသော်လည်း အပြင်ပန်းတွင် ချစ်ခင်ရင်းနှီးသောအသွင်အပြင် ဆောင်ယူထားသည်။
"ဟွာဆန်း ရထားတဲ့ နာမည်ဂုဏ်သတင်းရဲ့စွမ်းအားကို မင်းတို့ လျှော့မတွက်ကြနဲ့...တကယ်လို့ ဟွာဆန်းကို အလည်အပတ်သွားရောက်လို့ရတဲ့ နေရာတစ်ခုအနေနဲ့ အသုံးပြုလိုက်ရင်တောင် လူအများကြီး လာရောက်လည်ပတ်ကြလိမ့်မယ်"
"ဒါပေမယ့်...."
ပိုးထည်ကုန်သည် ယုဂျွန်ဆန်းသည် စကားပြောဆိုနေစဥ်တွင် သူ၏အမူအယာ အားနည်းချည့်နဲ့နေသည်။
"ဟွာဆန်းကို ပြန်တည်ဆောက်ရင် ဘယ်လောက်တောင်ကုန်ကျလိမ့်မလဲ...အဲ့ဒါကိုလုပ်မယ့်အစား တခြားတစ်ခုခုလုပ်ရင် ပိုမကောင်းဘူးလား"
"ငါတို့ ဟွာဆန်းကနေ ဘာမှထပ်ရမှာလည်းမဟုတ်ဘူးလေ"
"ကျွတ်..."
ခန်းမသခင်ကောင်း၏နှုတ်ခမ်း စူထွက်လာသည်။
"မင်း အများကြီးစိုးရိမ်ပူပန်နေစရာမလိုဘူး...အခုချိန်မှာ ငါ ဘာကိုမှ ထုတ်ဖော်မပြောချင်ပေမယ့် ငါတို့ရရမယ့် ငွေတွေအတွက် မနစ်နာစေနိုင်မယ့် နေရာတစ်ခု ဟွာဆန်းမှာ ရှိနေသေးတာသေချာတယ်"
"မင်း အဲ့ဒီလိုထင်တာလား...ဟွာဆန်းမှာ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့...."
"တခြားစကားပြောင်းပြောရအောင်"
"အမ်...."
ယုဂျွန်ဆန်းက နားလည်သဘောပေါက်သွားပုံဖြင့် ခေါင်းညိမ့်လိုက်၏။
ဟွာဆန်း၏တည်ရှိမှုကို ဖျက်ဆီးလိုသော ဂိုဏ်းတစ်ဂိုဏ်းသည် မြင့်မားသောစျေးနှုန်းဖြင့် သူတို့အား ကမ်းလှမ်းကြပေမည်။ သူတို့သည် ဟွာဆန်းအားဖျက်ဆီးလိုသော ဂိုဏ်းနှစ်ဂိုဏ်းအကြောင်းကို တွေးတောထားပြီးဖြစ်သည်။
"ဒါကြောင့် ဘာမှစိုးရိမ်မနေနဲ့...ငါတို့ရဲ့ငွေတွေ ပြန်ရလိမ့်မယ်"
"ဟား ဟား...ငါ အကြောင်းမဲ့ စိုးရိမ်ပူပန်မိသွားတယ်...ခန်းမသခင်ကောင်း ငါ မင်းကိုအမြဲတမ်း ယုံကြည်ပြီးသားပါ"
"အမှန်ပဲ...ငါတို့ကုန်သည်တွေအားလုံး မင်းကိုယုံကြည်လို့ မင်းနောက်ကို လိုက်ခဲ့တာပဲ"
ကောင်းမုံယွမ်က ပြုံးပြီး ခေါင်းညိတ်လိုက်၏။ သို့ရာတွင် သူ၏စိတ်နှလုံးသားအတွင်း၌ ကွဲပြားခြားနားသောအတွေးများရှိနေသည်။
"ငါက ဒီလူတွေနဲ့လက်တွဲပြီး အလုပ်ဆက်လုပ်လို့ မဖြစ်တော့ဘူး"
ဤနေရာသည် ပျက်သုဥ်းလုဆဲဆဲကုန်းမြေပင်။ လောကကြီးအတွင်း၌ ဟွာဆန်း၏နာမည်ဂုဏ်သတင်း မြင့်တင်နေချိန်တွင် ဤနေရာသည် စည်ပင်ထွန်းကားသော်လည်း ယခုချိန်၌ မည်သည့်အရာမျှ မကျန်ရှိတော့ချေ။ ဟွာဆန်းနှင့်သူတို့၏ နက်ရှိုင်းသောဆက်နွယ်မှုကြောင့် ဟွာကျေးရွာ၌ နေနေရသော်လည်း ယခုချိန်၌ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာကာ မကြာမီအချိန်တွင် အခွံအလွတ်ကြီးအဖြစ်သာ ကျန်ရှိပေတော့မည်။
ပထမဦးဆုံးအနေဖြင့် ဟွာကျေးရွာသည် အဓိကဆွဲဆောင်မှုရှိသောနေရာ မဟုတ်တော့သဖြင့် လူအမြောက်အများ မလာကြတော့ချေ။ မည်သို့ပင်ဆိုစေကာမူ သူတို့ ဤနေရာ၌ နေနိုင်သည့်တစ်ခုတည်းသော အကြောင်းအရင်းမှာ ဟွာဆန်း ခမ်းနားတောက်ပနေစဥ်က သူတို့ရရှိထားသော ငွေကြေးများကြောင့်ပင်။
အကယ်၍ ဟွာဆန်းသာ အပြီးအပိုင်ပျောက်ကွယ်သွားပါက ဟွာကျေးရွာသည်လည်း ဆိတ်သုဥ်းသွားပေမည်။
'အရမ်းနောက်မကျခင်...ငါ စီစဥ်စရာရှိတာစီစဥ်ပြီး ထွက်သွားရမယ်'
အကယ်၍ သူ ဟွာဆန်းအား ရောင်းချပြီး ငွေကြေးအမြောက်အများရရှိလာပါက တခြားတစ်နေရာသို့ ပြောင်းရွှေ့ပြီး အခြေချနေထိုင်နိုင်ပေမည်။ ထိုသို့ပြုလုပ်ရန်....
"ဟမ်..."
ထိုအချိန်မှာပင် ကောင်းမုန့်ယွမ်၏အကြည့်က တစ်နေရာသို့ ရောက်ရှိသွားသည်။
အခန်း ၂၁: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၁)B
"ဘယ်သူလဲ"
သူ အော်ဟစ်လိုက်သည်နှင့် အစောင့်အကြပ်များ အပြေးရောက်ရှိလာသည်။
"အဲ့ဒီနေရာမှာ ဘယ်သူရှိနေတာလဲ"
"တစ်ယောက်ယောက် ရှိနေတာလား"
ကောင်းမုံယွမ်သည် အဖြေပြန်ပေးခြင်းမပြုဘဲ အစောင့်များပြန်အလာကို စောင့်နေလေ၏။
အချိန်တခဏအကြာမှာပင် အစောင့်များ ပြန်ရောက်လာသည်။
"ဘယ်သူမှ မရှိဘူး"
“…”
ကောင်းမုံယွမ် မည်သည့်စကားမျှ မဆိုနိုင်သေးမီမှာပင် ယုဂျွန်ဆန်းက အပြုံးနှင့်ပြောဆိုလိုက်၏။
"ခန်းမသခင်ကောင်း...ငါတို့က ထဲဟွာခန်းမရဲ့ထိပ်ဆုံးထပ်မှာ မဟုတ်ဘူးလား...ဒီနေရာကို ဘယ်သူရောက်လာနိုင်မှာမလို့လဲ"
"ဟုတ်တယ်...တကယ်လို့ ဒီနေရာကို တစ်ယောက်ယောက်ရောက်လာတယ်ဆိုရင်တောင် အစောင့်တွေ ရှာတွေ့မှာပဲလေ...ဘယ်နေရာမှာ ပုန်းအောင်းနေစရာရှိလို့လဲ"
ကောင်းမုံယွမ်က ခေါင်းညိမ့်ပြသည်။
'ငါ သတိထားတာများ လွန်ကဲသွားတာလား'
ထိုကိစ္စက ဖြစ်နိုင်သည်။ သူ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသော စိတ်ဆန္ဒများ ဖြစ်မြောက်လာရန် သူ အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုတော့ချေ။
"ငါ ပင်ပန်းသွားလို့ထင်တယ်...ငါက နည်းနည်းထပ်ပြီး ပျော်ရွှင်ချင်သေးပေမယ့် ငါတို့ရဲ့ပျော်ရွှင်မှုကို ဒီနေရာမှာပဲ အဆုံးသတ်သင့်တယ်လို့ ငါ ထင်တယ်"
လူတိုင်း ထိုစကားကို သဘောတူသည့်အနေဖြင့် မတ်တတ်ထရပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏စိတ်များ အလွန်အမင်း လှုပ်ရှားခဲ့ရသဖြင့် လွယ်လင့်တကူ ဖြေဖျောက်နိုင်ရန် ခက်ခဲလှ၏။
ကြည့်ရသည်မှာ သူတို့အားလုံး အနားယူရန် လိုအပ်နေသည်။
"ဟူး"
ယုဂျွန်ဆန်းသည် လမ်းအတွင်း၌ ယိုင်တိုင်တိုင်နှင့် လမ်းလျှောက်နေသည်။
"တအား နေလို့ကောင်းတာပဲ"
ညက သူ အရက်သောက်သည်မှာ အနည်းငယ်ရေချိန်လွန်သွားပုံရသည်။ သူ၏စိတ်လှုပ်ရှားမှု ရပ်တန့်သွားခြင်း မရှိတော့ချေ။
မည်သည့်ကြောင့်နည်း။
'ဒါဆို ငါ့ဆီကို ငွေတွေအများကြီး ရောက်လာတော့မှာပဲ'
ဟွာဆန်းမှနေ၍ သူတို့ရရမည့် ငွေကြေးပမာဏမှာ လွန်စွာများပြားသည်။ ချေးငွေအပေါ်ရှိ အတိုးနှုန်းပမာဏသည် ကာလရှည်ကြာစွာ ထပ်ပေါင်းလာသဖြင့် ကဏဦး သူ ထုတ်ပေးခဲ့ရသောငွေသည် အသေးအဖွဲပမာဏသာရှိသည်။
အကယ်၍ ထိုအတိုင်းသာ ငွေများရရှိလာပါက သူ ထပ်မံ၍ အလုပ်လုပ်ရန် လိုတော့မည်မဟုတ်ဘဲ သူ၏ဘဝတလျှောက်လုံး အေးအေးချမ်းချမ်း အနားယူနိုင်ပေမည်။
ခန်းမသခင်ကောင်းသည် ယုံကြည်စိတ်ချရသောလူတစ်ယောက် မဟုတ်သော်လည်း သူသည် ငွေရေးကြေးရေးကိစ္စများအား အလွန်အလေးအနက်ထားသည်။ သူ နောက်ကွယ်၌ မည်သည့်ကိစ္စများ ကြံစည်နေပါစေ ကိစ္စမရှိချေ။ ယုဂျွန်ဆန်းအတွက်မူ ငွေများရရှိရန်သာ အရေးကြီးပေ၏။
"လမင်းကြီးက တောက်ပနေတယ်...ဘာလဲ...လမထွက်ဘူးလား...အာ.."
ယုဂျွန်ဆန်းက ပြုံးပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်၏။ သူသည် လမ်းမကျယ်အတွင်း၌ လမ်းလျှောက်နေရမည့်အစား အမူးလွန်နေသဖြင့် မှောင်မိုက်ပြီးချောင်ကျသော လမ်းကျဥ်းလေးအတွင်းသို့ ရောက်ရှိသွားသည်။ ဤနေရာသည် အလွန်ထိတ်လန့်ဖွယ် ကောင်းလှ၏။
ဟား ဟား...
သူ၏အတွေးများက ရှင်းလင်းနေခြင်းမရှိချေ။ အကယ်၍ ယခုချိန်၌ လုယက်သူတစ်ယောက်သာ ရောက်လာပါက...
"မင်းက ဒီနေရာမှာ စောင့်နေတာလား"
“…”
ယုဂျွန်ဆန်းသည် သူ၏မျက်လုံးများကို မှိတ်ချည်ဖွင့်ချည်လုပ်နေသည်။
မှောင်မိုက်နေသောလမ်းကြားလေးအား တစ်စုံတစ်ယောက်မှ ပိတ်ဆို့ထားသည်။ ထိုသူသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာဖုံးအုပ်ထားပေ၏။ အမှန်အားဖြင့်...
'ဓားပြတစ်ယောက်နဲ့ တူသလိုပဲ"
ချွန်းမြောင်သည် ဓားပြတစ်ယောက်ဖြစ်ရန် သူ၏ခန္ဓာကိုယ်မှာ အလွန်သေးငယ်နေသော်လည်း သူ၏ရည်ရွယ်ချက်မှာ သိသာထင်ရှားပေ၏။
'သူက ဓားပြတစ်ယောက်ဆိုတာ သူ့ရဲ့အဝတ်အစားတွေကနေ ဖော်ပြနေတယ်'
ဓားပြများသည် လုယက်မှုကျုးလွန်ရာ၌ ဤကဲ့သို့အဝတ်အစားများ ဝတ်ဆင်ဆဲဖြစ်သလော။ ဤအရာက အလွန်သိသာထင်ရှားနေသည်မဟုတ်လော။
ယုဂျွန်ဆန်းက အပြုံးနှင့်အတူ သူ၏ပါးစပ်ကိုဖွင့်ဟလိုက်၏။
"ငါ လုယက်ခံနေရတာလား"
"ငါ ငွေတွေကို ဂရုမစိုက်ဘူး"
ဓားပြက ခြေတစ်လှမ်းရှေ့တိုးလာသည်။
"တကယ်လို့ မင်း ငါရဲ့မေးခွန်းတွေကို အဖြေပေးနိုင်မယ်ဆိုရင်...ငါ မင်းကို အေးအေးဆေးဆေး လွှက်ပေးမယ်"
"ဟိုး...ဟိုး..."
ယုဂျွန်ဆန်းက ရယ်မောလိုက်၏။
"ငါ မင်းကို အဖြေမပေးချင်တာ မဟုတ်ဘူး...ဒါပေမယ့် ဒါက မင်းအတွက် နည်းနည်းတော့ခက်ခဲလိမ့်မယ်ထင်တယ်"
ထိုစကားနှင့်အတူ သူက ခေါင်းမော့လိုက်သည်။
"မင်း မြင်တဲ့အတိုင်းပဲ...ငါနဲ့အတူ လူတွေအများကြီးပါလာတယ်...ဘာလို့လဲဆိုတော့ ငါ တစ်ယောက်တည်းလမ်းသွားရင် လုံခြုံစိတ်ချမှုမရှိသလို ခံစားရလို့ပဲ"
ဝှီး...
ဓားများကိုကိုင်ဆောင်ထားသော လူတစ်စုသည် ပေါ့ပေါ့ပါးပါးအသံတစ်သံနှင့်အတူ ထွက်ပေါ်လာသည်။ သူတို့သည် ယုဂျွန်ဆန်းအား လျှို့ဝှက်စောင့်ကြပ်ပေးနေသော အစောင့်များဖြစ်ပေ၏။
"ငါက မင်းရဲ့မေးခွန်းတွေကို အဖြေပေးရမှာ သဘောကျပါတယ်...ဒါပေမယ့် ဒီလိုလုပ်တာက ကုန်သည်တစ်စုလုံးကို ပျော်ရွှင်စေမယ်လို့ ငါ မထင်ဘူး"
ဓားပြသည် ထိုလူကြီးအား စိုက်ကြည့်နေသည်။ ယုဂျွန်ဆန်း ပါးစပ်ပိတ်လိုက်စဥ်မှာပင် သူ၏သက်တော်စောင့်တစ်ယောက်က မေးမြန်းလိုက်၏။
"ကျွန်တော်တို့ ဘာလုပ်ရမလဲ...သူ့ကို သတ်လိုက်ရမလား"
"အင်း.."
ယုဂျွန်ဆန်းက သူ၏မုတ်ဆိတ်မွှေးများကို ဆွဲနှုတ်နေလေသည်။
"သူက ဝတ်စုံနက်ကိုဝတ်ပြီး ဒီနေရာကိုလာတာ ငါ့ကိုလုယက်ဖို့ မဟုတ်ဘူး...တခြား ရည်ရွယ်ချက်ရှိပုံရတယ်"
"ကျွန်တော်လည်း ဒီလိုပဲထင်တယ်"
"ဒါဆိုရင် သူ့ရဲ့ရည်ရွယ်ချက်ကို ငါ ကြားချင်တယ်...သူကို ဖမ်းလိုက်ကြ...ဒါဆို ငါ သူနဲ့စကားပြောလို့ရပြီ"
"ဟုတ်ကဲ့"
ထိုစကားသံနှင့်အတူ သက်တော်စောင့်များက ရှေ့သို့တဟုန်ထိုး ပြေးလာကြသည်။
"ခဏနေပါဦး"
ဓားပြသည် သူ၏လက်ဖဝါးတစ်ဖက်ကိုမြှောက်၍ သက်တော်စောင့်များအား ဟန့်တားလိုက်သည်။
"ဘာလဲ"
"တကယ်လို့ ဖြစ်နိုင်ရင် ငါလည်း ဒီလိုမျိုးမလုပ်ချင်ဘူး...ငါ သိချင်တာကို မင်း ဖြေပေးရုံပဲလေ...အရာရာတိုင်း ကောင်းကောင်းအဆုံးသတ်သွားမှာ..ဒါဆိုရင်..."
"အဲ့ဒီကောင်ရဲ့သောက်ရေးမပါတဲ့စကားတွေကို မင်းတို့ ဘယ်လောက်ကြာကြာ နားထောင်နေအုံးမှာလဲ...သူ့ကို ခေါ်လာခဲ့ကြစမ်း"
"ဟုတ်ကဲ့"
ရုတ်ချည်းဆိုသလိုပင် သက်တော်စောင့်များက ဓားပြဖြစ်သူကို ဝိုင်းရံလိုက်ကြ၏။
'သောက်ရူးတွေ'
ယုဂျွန်ဆန်းသည် ရက်စက်ကြမ်းတမ်းသော မြင်ကွင်းကိုကြည့်ပြီး စိတ်မသက်မသာခံစားရသဖြင့် မျက်နှာလွှဲလိုက်သည်။
သူတို့ထံ၌ ငွေကြေးပမာဏအမြောက်အများ တန်ကြေးရှိသော စာချုပ်တစ်ခုရှိနေသည်။ ထို့ကြောင့် သူငှါးရမ်းထားသော သက်တော်စောင့်များသည် သာမာန်ထက်ပို၍ စွမ်းဆောင်ရည်ကောင်းမွန်ပေ၏။ ဤတစ်ကြိမ်တွင် ထိုဓားပြသည် ကံကောင်းပုံမရချေ။
ချွမ်...ချွမ်...
ဝုန်း...
'ဟူး...ဓားပြလေး သနားစရာကောင်းလိုက်တာ"
ခွပ်...
ယုဂျွန်ဆန်းက မျက်မှောင်ကြုတ်လိုက်မိသည်။ လူတစ်ယောက်အား ရိုက်နှက်ခြင်းမှ ထွက်ပေါ်လာသောအသံသည် သာမာန်ထက်ပို၍ ပြင်းထန်နေပေ၏။
"သူ စကားပြောဖို့ လိုအပ်သေးတယ်လို့ ငါ မင်းတို့ကို ပြောမထားဘူးလား"
"ဟင်...တကယ်ပြောတာလား"
"အင်း...သေချာတယ်...ဟမ်..."
သူ၏မေးခွန်းအား မည်သူ ပြန်ဖြေလိုက်သနည်း။
ယုဂျွန်ဆန်းက နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
“…”
သူ၏သက်တော်စောင့်များသည် ဂဏန်းများကဲ့သို့ သူတို့၏ပါးစပ်များမှ အမြှုပ်တစီစီထွက်နေပြီး မြေပြင်ပေါ်၌ ပြန့်ကျဲနေသည်။ ဓားပြသည် သက်တော်စောင့်များအား ပြတ်ပြတ်သားသား ချေမှုန်းပြီးနောက် သူ့အနီးသို့ တည်ငြိမ်စွာ ချဥ်းကပ်လာပေ၏။
"လူတွေနဲ့သားရဲတွေရဲ့ ဘာသာစကားကို ခွဲခြားထားတယ်...မင်းကို စကားပြောဖို့ အခွင့်အရေးတစ်ခုပေးခဲ့ပေမယ့် မင်းကိုယ်မင်း သားရဲတစ်ကောင်ဖြစ်ဖို့ ရွေးချယ်ခဲ့တယ်"
“…”
ဓားပြက သူ၏လက်ညှိုးကိုတွန့်ကွေး၍ ယုဂျွန်ဆန်းအား ခေါ်လိုက်၏။
"ဒီနေရာကို အခုချက်ချင်းလာခဲ့စမ်း"
“…”
ယုဂျွန်ဆန်းသည် မျက်နှာဖုံးစွပ်လူထံသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသည်။
"တစ်ခါထပ်ပြောမယ်...တကယ်လို့ မင်း ကောင်းကောင်းဖြေနိုင်ရင် ဘာမှဖြစ်မှာမဟုတ်ဘူး...နားလည်လား"
"ဟုတ်ကဲ့"
အဖြေပေးသံက ချက်ချင်းထွက်ပေါ်လာပေ၏။
"ကဲ ဒါဆိုရင်..."
"အမ်"
"တကယ်လို့ စတွေ့ကတည်းက မင်း ဒီလိုမျိုးအဖြေပေးလိုက်ရင် ငါ ထွက်သွားမှာ...ဒါပေမယ့် မင်းက ငါ့ကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့မှတော့ အပြစ်ပေးရမှာပေါ့...ဟုတ်တယ်မလား"
"ဟင်..."
"မစိုးရိမ်ပါနဲ့...မင်း စကားပြောနိုင်အောင် ငါ သေသေချာချာ လုပ်ပေးပါ့မယ်"
“…”
ဤသည်က ယုဂျွန်ဆန်း၏ဘဝတွင် မှောင်မိုက်သောနေ့တစ်နေ့ပင်။