အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အခန်း ၂၂: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၂)A
"နား....နားလည်ပါပြီ"
"စကားသေချာပြောစမ်းပါ...ခင်ဗျားအသံကြားရတာ နားဝင်ဆိုးလိုက်တာ"
"ငါ...နားလည်ပါပြီ"
"အင်း"
ဓားပြချွန်းမြောင်သည် မြေကြီးပေါ်၌ ပလ္လင်ခွေထိုင်လိုက်၏။
"ဒါဆိုရင်"
"ဟုတ်ကဲ့"
"ဟွာဆန်းက ယန်တစ်သိန်း မင်းတို့ဆီက ချေးထားတယ်လို့ မင်းတို့ပြောခဲ့တယ်"
"ဟုတ်ကဲ့"
"ယန်တစ်သိန်းနော်"
"ဟုတ်ကဲ့..."
ယုဂျွန်ဆန်း ငိုချင်လာသည်။
'ငါ အဲ့ဒါကို ဘယ်နှစ်ခါပြောရမှာလဲ အရူးကောင်ရဲ့'
အကယ်၍ တစ်စုံတစ်ယောက်တွင် မကျေနပ်မှုရှိနေပါက စကားပြောဆိုဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းသင့်သည်။ သို့ရာတွင် ထိုဓားပြကမှု သူ့အား အနိုင်ကျင့်နေပေ၏။
"မဟုတ်သေးပါဘူး"
"ဟုတ်ကဲ့"
"ဟွာကျေးရွာမှာရှိတဲ့ လုပ်ငန်းတွေအများကြီး စုပေါင်းလိုက်ရင်တောင် ယန်တစ်ထောင်ပြည့်မှာမဟုတ်ဘူး...ဒါတောင် မင်းတို့က ဟွာဆန်းကို ယန်တစ်သိန်းချေးထားတယ်လို့ ပြောသေးတယ်"
"အာ...ဒါက..."
ချွန်းမြောင်သည် ထိုကိစ္စနှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်နေသည်ကို နားလည်သွားသော ယုဂျွန်ဆန်းက အပြုံးနှင့်အဖြေပေးလိုက်၏။
"အတိုးနှုန်းတွေ ဘယ်အချိုးအစားရှိတယ်ဆိုတာ မင်း သိလား...တကယ်လို့ မင်းက ငွေကြေးကို မြင့်မားတဲ့အတိုးနှုန်းနဲ့ချေးငှါးမိရင် အရင်းပြန်မဆပ်မချင်း အတိုးက အဆက်မပြတ်တက်နေမှာပဲ...ဟီး ဟီး...အဲ့ဒါက မင်းသတိမထားမိခင်မှာဘဲ ငွေပမာဏက အလျှင်အမြန်ကြီးထွားလာလိမ့်မယ်"
ဖြောင်း...
"အား..."
ယုဂျွန်ဆန်းသည် အရိုက်ခံရသဖြင့် သူ့ခေါင်းသူ ပြန်ဆုပ်ကိုင်လိုက်၏။
"အဲဒါနဲ့ပတ်သက်ပြီး ဂုဏ်ယူဝင့်ကြွားနေတာကို ရပ်လိုက်စမ်း...မင်းဖင်ကိုပဲပြန်ကြည့်နေ"
ဟူး...
ချွန်းမြောင်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။
'အင်း...ဒါက သူ့ကို အပြစ်တင်လို့ရမယ့် အချက်မျိုးမဟုတ်ဘူး'
ဖြစ်နိုင်သည်က ထိုအကြွေးသည် မျိုးဆက်အစဥ်အဆက် စုပုံတင်လာခြင်းဖြစ်ပေမည်။
'အမှန်ပဲ'
ယခုချိန်မှ ငွေကြေးပမာဏအမြောက်အများအား ချေးယူသည်ဟူသည်မှာ ဖြစ်နိုင်ချေမရှိချေ။ ဟွာဆန်းသည် ပြိုလဲစပြုလာစဥ်အချိန်တွင် ငွေကြေးအမြောက်အများလိုအပ်ခဲ့ပေမည်။ သူတို့က တပည့်များ ဂိုဏ်းမှထွက်ခွါခြင်းကို ဟန့်တားရန်နှင့် ဂိုဏ်း၏အမည်နာမကို ထိန်းသိမ်းရန် ငွေကြေးလိုအပ်ပေမည်။
"စကားမစပ်"
"ဟုတ်ကဲ့"
"မင်းကိုယ်မင်း ဟွာကျေးရွာရဲ့ပိုးထည်ကုန်သည်တစ်ယောက်လို့ ပြောခဲ့တယ်မလား"
"ဟုတ်ကဲ့"
"အဲ့ဒီလုပ်ငန်းကို မင်း ဘယ်အချိန်ကဝယ်လိုက်တာလဲ"
"ဟမ်...မင်း ဘာကိုဆိုလိုချင်တာလဲ....ငါတို့မိသားစုက အဲ့ဒီပိုးထည်ဆိုင်ကို မျိုးရိုးစဥ်ဆက်ပိုင်ဆိုင်ခဲ့တာလေ"
"မင်းတို့ ပိုင်ဆိုင်တာလား..."
"ဟုတ်တယ်...ငါသိသလောက်တော့ ဒီဆိုင်ကိုတည်ထောင်ခဲ့သူက ငါ့ရဲ့အဖိုးပဲ"
ချွန်းမြောင်က ခါးခါးသီးသီး ပြုံးလိုက်မိသည်။
'အဲ့ဒါက ဖြစ်နိုင်လို့လား'
ထိုပိုးထည်ဆိုင်သည် အစကဏဦးတွင် ဟွာဆန်း၏လုပ်ငန်းများအနက်မှတစ်ခုဖြစ်သည်။
ထို့နောက်တွင်.....
ဟွာကျေးရွာအတွင်းရှိ မူလလုပ်ငန်းများအားလုံး အောင်မြင်ခဲ့သလော။
'အမှန်ပဲ'
ထိုကိစ္စက အဓိပ္ပါယ်ရှိသည်။ ဟွာဆန်းမတည်ထောင်မီ အစကဏဦးတွင် ဟွာကျေးရွာဟုခေါ်သောရွာသည် လယ်ကွင်းများဖြင့် ပြည့်နှက်နေသည်။
ဟွာဆန်း နာမည်ကြီးလာသည်နှင့်အမျှ အလည်အပတ်လာရောက်သူများ တိုးပွါးလာပြီး ထိုကျေးရွာသည်လည်း ပြောင်းလဲသွားပေ၏။ ဟွာဆန်းသည် ဂိုဏ်းပိုင်ငွေကြေးများကိုအသုံးပြု၍ ကျေးရွာဖွံဖြိုးတိုးတက်စေရန်ပြုလုပ်ပြီး လုပ်ငန်းများ တည်ထောင်ခဲ့သည်။
ဟွာကျေးရွာအတွင်းရှိ အောင်မြင်ထွန်းကားသော လုပ်ငန်းဟူသမျှမှာ ဟွာဆန်း၏လက်အောက်ခံများပင်။
ယခုလက်ရှိချိန်၌ မည်သို့ဖြစ်သွားရသနည်း။ ပိုးထည်ဆိုင်သည် သူ၏အဖိုးဖြစ်သူထံမှ အမွေဆက်ခံခဲ့ခြင်းဟုပင် ယုဂျွန်ဆန်းက ပြောနေသည်။
ယုဂျွန်ဆန်း၏အသက်အရွယ်အရဆိုလျှင် သူ၏အဖိုးဖြစ်သူသည် အတိတ်တွင် ချွန်းမြောင်၏အသက်အရွယ်ပတ်လည်ခန့် ဖြစ်နိုင်သည်။ ချွန်းမြောင်ပင်လျှင် တခြားတပည့်များနှင့်အတူ ထိုပိုးထည်ဆိုင်အားသွားရောက်၍ တူညီဝတ်စုံများဝယ်ခဲ့သည်ကို အမှတ်ရသေး၏။
'တနေရာရာကတော့ မှားနေပြီ'
"ငါ အဖြေတချို့လိုအပ်တယ်"
"ကျေးဇူးပြုပြီး ဘာမဆိုမေးပါ"
"ဒါဆို ဟွာဆန်းလဖက်ရည်ဆိုင်ကို ဘယ်သူပိုင်တာလဲ"
"ဒါက ပိုင်ရှင်ယုပါ"
"ဒါဆိုရင် အဲ့ဒီဆိုင်ကိုလည်း သူတို့ရဲ့မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်ခဲ့တာပဲလား"
"ငါ သိသလောက်တော့ အမှန်ပဲ"
"ဟွာကျေးရွာရဲ့ထိပ်တန်းလုပ်ငန်းငါးခုလုံး အတူတူပဲလား"
"ဟုတ်တယ်...သူတို့အားလုံးလည်း အတူတူပဲ"
ထိုအဖြေကိုကြားချိန်တွင် ချွန်းမြောင် ပြုံးလိုက်မိတော့သည်။ သူ ထပ်မံ၍ မေးမြန်းရန်မလိုတော့ချေ။ မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို သူ သိရှိသွားလေပြီ။
ဟွာဆန်းနိမ့်ကျလာသောအချိန်တွင် ထိုလူများသည် ဂိုဏ်းနှင့်ပတ်သက်ဆက်နွယ်မှုကို ဖြတ်တောက်ခဲ့ခြင်းဖြစ်ပေမည်။
"အား...ငါ...."
သူ မည်မျှခက်ခက်ခဲခဲကြိုးပမ်းနေပါစေ အရေးမပါတော့ချေ။ သူ၏မျက်နှာပေါ်ရှိ ကြေကွဲနေသော ချဥ်တူးတူးအမူအယာကိုပင် ထပ်မံ၍ထိန်းသိမ်းမထားနိုင်တော့ပေ။
ဟွာဆန်းသည် လုပ်ငန်းများကို ဂိုဏ်းသားများကိုယ်တိုင် ဆောင်ရွက်ခြင်းမရှိဘဲ ဂိုဏ်းမှယုံကြည်ရသော တာဝန်ခံများကိုသာ ဆောင်ရွက်စေသော အကြောင်းရင်းနှစ်ချက်ရှိသည်။
ပထမအချက်မှာ ဟွာဆန်းသည် ဂုဏ်သတင်းကြီးမားမှုကို အလေးထားသော်လည်း ဂိုဏ်း၏တပည့်များအား သိုင်းပညာလမ်းကြောင်းကို လျှောက်လှမ်းရန်အား အဓိကဦးစားပေးသောဂိုဏ်းဖြစ်သည်။ အကယ်၍ ပိုးထည်ဆိုင် အဝတ်အစားဆိုင်နှင့် လဖက်ရည်ဆိုင်များ လည်ပတ်နေသည်ကို လူစိမ်းများသိရှိသွားပါက ဂိုဏ်း၏ဂုဏ်သတင်းနှင့် နည်းလမ်းများအပေါ် ဝေဖန်မှုများရှိလာနိုင်သည်။
ဒုတိယအချက်မှာ...
ဟွာဆန်း အလိုရှိသည်မှာ ချမ်းသာကြွယ်ဝမှုများကို အပိုင်စီးရန်မဟုတ်ဘဲ လူအားလုံး အတူတကွယှဥ်တွဲ၍ ကောင်းမွန်စွာနေထိုင်နိုင်ရန်ပင်။ ဟွာကျေးရွာသည် ဟွာဆန်းနှင့် ပတ်သက်ဆက်နွယ်နေသူများမဟုတ်လော။ အကယ်၍ သူတို့အားလုံး ကောင်းမွန်စွာ အတူတကွနေနိုင်ပါက ပျော်ရွှင်ချမ်းသာမှုများ ရရှိပေမည်။ ထို့ထက်ပို၍ ဟွာဆန်းသည် လိုချင်တပ်မက်စိတ်မရှိချေ။
'ဆရာတူအကို...ဒါက လူသားတွေ ဘယ်လိုမျိုးဆိုတာပဲ'
ဘိုးဘေးများ၏ဆုံးမမှုများနှင့်စာပေကျမ်းဂန်များအတွင်းတွင် လူအများသည် သနားကြင်နာမှုကို ပြန်လည်ပေးဆပ်သင့်သည်ဟု ပါရှိပေ၏။ အကြောင်းအရင်းမှာ လူတို့သည် ကျေးဇူးပြန်ဆပ်ရန် ပင်ကိုယ်အသိမရှိကြခြင်းကြောင့်ပင်။
မဟုတ်သေး...အမှန်အားဖြင့် သူတို့ ကျေးဇူးပြန်မဆပ်ခြင်းကို ချွန်းမြောင် ဝမ်းမြောက်ဝမ်းသာဖြစ်မိ၏။ အကယ်၍ အကျိုးကျေးဇူး ကြီးမားစွာရရှိနေပါက မည်သူမဆို ကျေးဇူးရှင်၏နောက်ကျောကို ဓားနှင့်ထိုးရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။
ဂိုဏ်းသည် ထိုလူများအား အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် လုပ်ငန်းများတည်ထောင်ပေးခဲ့သည်။ သို့ရာတွင် ပြန်လည်ပေးဆပ်မည့်အစား သူတို့သည် ဂိုဏ်းဖရိုဖရဲဖြစ်မှုကို အခွင့်ကောင်းယူ၍ လုပ်ငန်းများကို လက်လွှဲယူခဲ့ကြသည်။
ထို့ပြင် သူတို့ လုပ်ဆောင်နေသောအရာသည် မှားယွင်းသည်ဟု သိရှိကြသော်လည်း သူတို့က ပျော်ပျော်ရွှင်ရွှင် နေနေကြသည်။ ဝန်ထုပ်ဝန်ပိုးများအားလုံးကို ဟွာဆန်းဂိုဏ်းပေါ်၌သာ တင်ဆောင်ထားပေ၏။
"အား"
ဖြောင်း...
ချွန်းမြောင်သည် ယုဂျွန်ဆန်းအား အားကုန်ကန်ထုတ်လိုက်ရာ မြေပြင်ပေါ်၌ ဂေါ်လီလုံးတစ်လုံးကဲ့သို့ လူးလှိမ့်နေရသည်။
ဟူး...
ချွန်းမြောင်က ယုဂျွန်ဆန်းအားကြည့်ပြီး သက်ပြင်းချလိုက်၏။
'ဒီတစ်ယောက်ကို ငါ ဘယ်လိုလုပ်ရမလဲ'
ယုဂျွန်ဆန်းသည် မည်သို့ဖြစ်တည်လာမှန်းပင် သူ မသိရှိသော အခွင့်အရေးကောင်းတစ်ခု ရရှိထားသည်။ ပိုးထည်ဆိုင်သည် သူ၏မိသားစု မျိုးရိုးစဥ်ဆက်ပိုင်ဆိုင်ခဲ့သောလုပ်ငန်းဟုသာ သူ အမှန်တကယ်တွေးထင်ထားပုံရသည်။
'ငါ ဘာလုပ်သင့်လဲ'
ချွန်းမြောင် ကျဥ်းထဲကျပ်ထဲ ရောက်နေပေ၏။ တခြားအချိန်ဆိုလျှင် သူ ထိုလူကြီးကို အညိုအမဲစွဲသည်အထိ ရိုက်နှက်ပြီး အသက်ထွက်သည်အထိ ကန်ကျောက်ဖြစ်ကာ မည်သည့်အရာကိုမှ မဖြစ်ပျက်ခဲ့သကဲ့သို့ သူ ပြန်သွားပေမည်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ကိစ္စများသည် ထိုသို့ရိုးရှင်းမည်မဟုတ်ချေ။
ဟွာဆန်းသည် ဂုဏ်သိက္ခာကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ယခုလက်ရှိချိန်၌ ဟွာဆန်း၏အမည်နာမသည် မှေးမှိန်နေသော်လည်း အတိတ်ရှိ ဟွာဆန်း၏ပုံရိပ်များမှာ ချွန်းမြောင်အတွက် မပြောင်းမလဲကြွင်းကျန်နေသည်။
နတ်ဆိုးအင်အားစုများသည် လူများအား အကြောင်းပြချက်မရှိ တိုက်ခိုက်နိုင်သော်လည်း ဂုဏ်သိက္ခာရှိသောဂိုဏ်းတစ်ဂိုဏ်းသည် သင့်လျော်စွာ ပြုမူနေထိုင်ပြီး ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်ရပေမည်။
ချွန်းမြောင် အထိန်းအကွပ်မဲ့ ပြုမူမည့်နေ့သည် ဟွာဆန်း အပြီးအပိုင်ပြိုလဲသွားသောနေ့ဖြစ်ပေမည်။
"တကယ်လို့ ဒါကလှည့်စားမှုဆိုရင်တောင် ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ်"
မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်ကို သူ သိနိုင်သော်လည်း ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေနိုင် န်မှာ လွန်စွာရှုပ်ထွေးပွေလီသည်။ သူသည် ထိုလူများအား ခြိမ်းခြောက်ခြင်းမပြုဘဲ လုပ်ငန်းများအား ပြန်လည်ရယူနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရပေမည်။
ထိုကိစ္စသည် အပြောလွယ်သော်လည်း လုပ်ဆောင်ရန် ခက်ခဲလှ၏။
အခန်း ၂၂: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၂)B
"ဟာကွာ..."
ချွန်းမြောင်က ခေါင်းကုတ်ပြီး ယုဂျွန်ဆန်းအား စောင်းငဲ့ကြည့်လိုက်သည်။
"ဟေး...ဒီတော့....."
ထိုအချိန်မှာပင်..
"ရပ်လိုက်စမ်း"
"ဟမ်"
အသံတစ်သံ ကြားရသဖြင့် ချွန်းမြောင်က လှည့်ကြည့်လိုက်၏။
"အမ်...မင်း နိုးနေတာလား"
သူ ရိုက်နှက်လိုက်သဖြင့် လွင့်ထွက်သွားသော ယုဂျွန်ဆန်း၏သက်တော်စောင့်တစ်ယောက်သည် သတိပြန်ဝင်လာပြီး ချွန်းမြောင်အား သူ၏ဓားဖြင့် ချိန်ရွယ်ထားသည်။
ချွန်းမြောင်သည် ထိုလူအား ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့သည်မှာ သေချာပေ၏။ သို့ရာတွင် ထိုလူသည် အလျှင်အမြန် သတိပြန်ရလာသဖြင့် တခြားသူများထက်ပို၍ သန်မာသူဖြစ်ပေမည်။
"ခွေးမသား..."
သက်တော်စောင့်က ဆဲဆိုလေသည်။
"သူရဲဘောကြောင်ပြီး ခိုးကြောက်ခိုးဝှက်တိုက်ခိုက်သွားတယ်"
'ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား..ငါကလေ...'
ချွန်းမြောင်က ဝေခွဲရခက်သောအမူအယာဖြင့် ထိုသက်တော်စောင့်အား ကြည့်လိုက်သည်။
"ဟေး...မင်း ငါ့ဆီအရင်ဆုံး ပြေးလာတာလေ"
"မင်းက သူရဲဘောကြောင်တဲ့ကောင်"
"အာ..ကောင်းပြီ...ကောင်းပါပြီ...မင်း ဘာပြောချင်တာလဲ"
ချွန်းမြောင်သည် ထိုလူနှင့် စကားများစွာမပြောလိုချေ။
"မင်း ဘယ်သူလဲ"
"အမ်..."
"မင်းရဲ့အရည်အချင်းကိုကြည့်ရင် မင်းက သာမာန်လူမဟုတ်တာ သေချာတယ်...မင်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရမယ်"
ဤအခြေအနေသည် အဓိပ္ပါယ်ကင်းမဲ့လှ၏။ အကယ်၍ သူ၏သရုပ်မှန်ကို ထုတ်ဖော်ပြသရန် ကြံစည်ထားပါက သူ မျက်နှာဖုံးစွပ်ထားမည်မဟုတ်ချေ။
"ငါ့ရဲ့သရုပ်မှန်ကိုသိရင် မင်း ဘာလုပ်မလို့လဲ"
"ငါ့ရဲ့ဓားချက်အောက်မှာ ဘယ်သူသေသွားတာလဲဆိုတာ ငါသိဖို့လိုအပ်တယ်"
"ဘာ....ငါ မင်းကို ခုဏလေးကတင် ကန်ထုတ်ခဲ့တာလေ"
သူ သေချင်ယောင်ဆောင်နေသင့်သည်။ မည်သည်ကြောင့် သူ နိုးထလာပြီး အရူးတစ်ယောက်ကဲ့သို့ စကားပြောဆိုနေသနည်း။ ထိုသူသည် ထပ်မံ၍ အရိုက်ခံချင်နေပုံရသည်။
'ငါ ပြန်ဝင်စားလာပြီးနောက်မှာ ကလေးတွေအားလုံးက ရူးသွပ်မိုက်မဲသွားပြီလား'
"တကယ်လို့ ငါသာ သတိထားနေရင်...ဒီလိုမျိုးရိုက်နှက်ခံရမှာ မဟုတ်ဘူး...ငါ သက်တော်စောင့်တစ်ယောက်ဖြစ်လာတာ အချိန်အတော်ကြာနေပြီ...ဒီလို အနိုင်ကျင့်အရှက်ခွဲခံရတာကို ငါ သည်းမခံနိုင်ဘူး....ငါ ဘယ်သူလဲဆိုတာ မင်းသိလား"
"ငါက ဂျန်ပင်းပဲ...မင်း အများကြီးမသိဘူးဆိုရင်တောင် ငါ့နာမည်ကိုတော့ ကြားဖူးနေရမယ်"
"အာ..တောင်းပန်ပါတယ်...ငါက မင်း ထင်ထားသလိုမျိုး ဗဟုသုတမကြွယ်ဝဘူး'
“…”
ဂျန်ပင်း၏မျက်လုံး ပြူးကျယ်သွားသည်။ သူသည် ငွေကြေးရှာဖွေရန် ဤနေရာ၌သက်တော်စောင့်တစ်ယောက် လုပ်နေသော်လည်း သူ၏နာမည်သည် ရှန်းရှီးစီရင်စုအတွင်း၌ လူသိများကျော်ကြားသည်။ သို့ရာတွင် ထိုဓားပြသည် သူ၏နာမည်ကိုပင် မကြားဖူးဟု ဆိုသလော။
"မင်းက လူပါးဝတဲ့ခွေးမသားပဲ"
ဂျန်ပင်းသည် သူ၏ဓားအားဆုပ်ကိုင်၍ ချွန်းမြောင်အား ချိန်ရွယ်လိုက်သည်။
"မင်းမသေခင် မင်းရဲ့နာမည်ကိုပြောသွားဖို့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"
"ဟူး..."
ချွန်းမြောင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်မိ၏။
လက်ရှိလောကကြီးအတွင်း၌ လူအလူနုံများ မည်သည်ကြောင့် အလွန်များပြားနေရသနည်း။
"ဟေး...ဒါပေမယ့် မင်းရဲ့လက်ရှိအပြုအမူကိုကြည့်ရတာ သက်တော်စောင့်တစ်ယောက်အနေနဲ့ အံ့ဝင်ခွင်ကျဖြစ်နေတယ်လို့ ငါ မထင်ဘူး...မင်းကို ဘယ်လိုပဲကြည့်ကြည့် ငါတောင် မင်းထက်ပိုပြီး သက်တော်စောင့်နဲ့ တူလိမ့်အုံးမယ်"
"ငါက သက်တော်စောင့်ကောင်းတစ်ယောက်ပဲ"
'အမ်...ကောင်းပြီလေ...တောင်းပန်ပါတယ်...ခေါင်းပူပြီး ဦးနှောက်မရှိတဲ့ကောင်ပဲ'
"အသင့်ပြင်ထားတော့"
ဂျန်ပင်းက ဓားကိုကိုင်မြှောက်ပြီး ပြေးဝင်လာစဥ်တွင် ချွန်းမြောင်က ကျွတ်စုပ်လိုက်မိသည်။
ဂျန်ပင်း၏ခန္ဓာကိုယ်သည် ချွန်းမြောင်ထက်ပို၍ တုတ်ခိုင်သည်မှာ သိသာထင်ရှားလှ၏။ သူတို့နှစ်ယောက်၏ ခွန်အား အရှိန်နှင့် အတွင်းအားတို့ကို နှိုင်းယှဥ်၍မရချေ။ ယေဘုယျစံနှုန်းနှင့်ဆိုပါက ဂျန်ပင်းသည် ပို၍သန်မာနိုင်ပြီး သူတို့နှစ်ယောက်အား နှိုင်းယှဥ်ခြင်းပင်လျှင် သူ့အတွက် အရှက်ရစရာပင်။
ထိုသို့ဆိုလျှင် ချွန်းမြောင်သည် အားနည်းသူဖြစ်သလော။
ခွန်အား...အရှိန်နှင့် အတွင်းအား...
သာမာန်လူများကို ဤစံနှုန်းဖြင့် အကဲဖြတ်နိုင်သော်လည်း ချွန်းမြောင်အတွက် လုံလောက်မှုမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ချွန်းမြောင်ထံ၌ ဓားကို ဘဝတလျှောက်လုံး ဆွဲကိုင်ခဲ့သည့် ပေါကြွယ်ဝသောအတွေ့အကြုံများရှိနေသည့်အပြင် ဇီးပန်းပွင့်ဓားသူတော်စင်ဖြစ်ခဲ့သော မှတ်ဥာဏ်များလည်းရှိနေသည်။
ရွှပ်...
ချွန်းမြောင်၏ဓား နှေးကွေးစွာရွေ့လျားသွားသည်။ ဂျန်ပင်း၏ပြင်းထန်သောဓားချက်နှင့် နှိုင်းယှဥ်ကြည့်ပါက ချွန်းမြောင်၏ဓားချက်သည် အားအင်ကင်းမဲ့နေပြီး ပစ်မှတ်သေတစ်ခုကိုပင် ထိခတ်နိုင်ရန် ရုန်းကန်နေရပုံပေါ်သည်။
ချွမ်...
သို့ရာတွင် အလွန်အစွမ်းအစမဲ့ပုံရသော ချွန်းမြောင်၏ဓားချက်သည် ဂျန်ပင်း၏ဓားထံသို့ ရွေ့လျားသွားသည်။
"ဟမ်..."
ဤအချိန်အခိုက်အတန့်တွင် ဂျန်ပင်း ထိတ်လန့်တုန်လှုပ်သွားသည်။ ချွန်းမြောင်၏နှေးကွေးသောဓားချက် သူထံနီးကပ်လာသည်နှင့်အမျှ အလွန်ကြီးမားသော ခွန်အားတစ်ရပ်က သူ၏လက်မောင်းအားဖြတ်သန်းသွားပြီး သူ့အားတွန်းထုတ်လိုက်၏။
ဘုန်း...
ထိုခွန်အားကို သူ၏ခန္ဓာကိုယ်မှတောင့်မခံနိုင်သဖြင့် ဂျန်ပင်း လေထုအတွင်းသို့ မြောက်တက်သွားလေ၏။
"နှံ့နှံ့စပ်စပ် လေ့လာသင်ယူပြီးမှ ပြန်လာခဲ့စမ်း"
ချွန်းမြောင်၏ဓားချက်က လင်းလက်တောက်ပနေသည်။ ထိုဓားချက်သည် ဇီးပန်းပွင့်များကဲ့သို့ ကွက်ကွက်ကွင်းကွင်းမရှိသော်လည်း ပန်းအဖူးအငုံများကဲ့သို့ အုံ့ဆိုင်းနေပေ၏။
ဘုန်း...
ဂျန်ပင်း၏ခန္ဓာကိုယ်သည် ဆွေးမြည့်နေသောသစ်ပင်တစ်ပင်ကဲ့သို့ မြေပြင်ပေါ်ပြိုလဲကျသွားတော့သည်။
"ထွီ"
ချွန်းမြောင်က တံ့တွေးတစ်ချက်ထွေးပြီး ဓားကို သွားရောက်ကောက်ယူလိုက်၏။
ပြိုင်ဘက်၏ခွန်အားကိုအသုံးပြုပြီး တိုက်ခိုက်ခြင်းကိုပင် ခုခံကာကွယ်နိုင်စွမ်းမရှိသော ကလေးတစ်ယောက်သည် ချွန်းမြောင်အတွက် ပြိုင်ဘက်မဖြစ်နိုင်ချေ။
"မင်း ထပ်ပြီးလေ့လာ...."
ထိုအချိန်မှာပင်...
"တ...တကယ်တော့...."
"အမ်"
သူ လှည့်ကြည့်လိုက်စဥ်တွင် ယုဂျွန်ဆန်းသည် သူ့အား ပါးစပ်အဟောင်းသားဖြင့် စူးစိုက်ကြည့်နေပြီး ကြက်သေသေနေသည်မှာ သိသာထင်ရှားလှ၏။
'အား...သောက်ချေးပဲ"
ဤအချိန်အခိုက်အတန့်တွင် သူ လုပ်ဆောင်ခဲ့မိသောအမှားကို ချွန်းမြောင် သိနားလည်သွားသည်။
ယုဂျွန်ဆန်းသည် ဤနေရာ၌ သူ၏ဘဝတလျှောက်လုံး နေထိုင်ခဲ့သူဖြစ်သည်။ ချွန်းမြောင်၏ ပန်းပွင့်ချပ်များမွေးဖွားသည့်နှင့်တူသော ဓားပညာကို သူ မှတ်မိသွားသည်မှာ အံ့အားသင့်စရာမရှိချေ။ အမှန်အားဖြင့် သူသည် ဤနေရာ၌ အစဥ်အမြဲနေထိုင်သူဖြစ်သဖြင့် ဟွာဆန်း၏နည်းစနစ်များနှင့် အကျွမ်းဝင်ပြီးဖြစ်ပေမည်။ ထို့ကြောင့် သက်သေအထောက်အထားသည် လက်ဆုပ်လက်ကိုင်မပြနိုင်သော်လည်း ယုံမှတ်နိုင်လောက်ပေပြီ။
"ငါ မျှော်လင့်ထားသလိုပဲ...မင်းက ဂုဏ်သိက္ခာကြီးမားတဲ့ဂိုဏ်းတစ်ဂိုဏ်းကပဲ...ငါ ဒါကို မျှော်လင့်ထားပေမယ့်....."
မျက်နှာဖုံးအောက်ရှိ ချွန်းမြောင်၏မျက်နှာ ရှုံမဲ့နေပေ၏။
'သူ ဒါကို ဖော်ထုတ်နိုင်သွားပြီလား'
ထိုလူ၏ပါးစပ် မည်သည့်အချိန်မျှ မဖွင့်ဟနိုင်အောင် သူ အသေအချာလုပ်ဆောင်ရပေမည်။
"ဒီလို သန့်ရှင်းပြီး ကြီးကျယ်ခမ်းနားတဲ့ဓားပညာမျိုးက အဆင့်မြင့်သိုင်းပညာရပ်ပဲ....အရာအားလုံးရဲ့အထက်မှာရှိပြီးတော့ နူးညံသိမ်မွေ့ပြီး သနားကြင်နာတက်တဲ့ ခံစားမှုမျိုးရစေတယ်"
'ဘာလဲ...သနားကြင်နာမှုတဲ့လား"
တစ်စုံတစ်ခု မှားယွင်းနေလေပြီ။ ဤအခြေအနေအား မည်ကဲ့သို့ရင်ဆိုင်ဖြေရှင်းရမည်ကို ချွန်းမြောင် တွေဝေစဥ်းစားနေမိသည်။ သူ စောင့်ကြည့်နေစဥ်မှာပင် ယုဂျွန်ဆန်းက ယုံကြည်ချက်ရှိရှိ အော်ဟစ်ပြောဆိုလေ၏။
"အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဒီလိုအရည်အချင်းမျိုးရအောင် ပြုစုပျိုးထောင်ပေးနိုင်တာ နေရာတစ်နေရာပဲရှိတယ်...အဲ့ဒါက..."
"အိုး...မဟုတ်ဘူး..."
"တောင်ဘက်အစွန်အဖျားဂိုဏ်းပဲ"
“…”
ချွန်းမြောင်သည် ကြောင်စီစီမျက်လုံးဖြင့် ယုဂျွန်ဆန်းအား ကြည့်နေသည်။
'တောင်ဘက်အစွန်အဖျားဂိုဏ်းလား...ဘာလို့ သူတို့ဖြစ်ရမှာလဲ'
"မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား"
"အမ်..."
သူက အလျှင်အမြန် တုံပြန်ပြောဆိုခြင်းမပြုမီ အချိန်တခဏကြာ စဥ်းစားလိုက်သည်။
"ဟုတ်...ဟုတ်တယ်"
"ငါ သိပြီ"
ယုဂျွန်ဆန်းက ချွန်းမြောင်အား ဦးညွှတ်၍အရိုအသေပြုလိုက်သည်။
"မင်းသိချင်တဲ့ ဘာမဆို ငါ့ကိုမေးပါ...ငါ သိတာမှန်သမျှ အကုန်ဖြေပေးမယ်"
"ကျေးဇူးပဲ"
ယုဂျွန်ဆန်းအား သူ အလွန့်အလွန် ကျေးဇူးတင်နေမိ၏။
'အိုး...ငါ...ဟား ဟား ဟား....'
အခန်း ၂၃: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၃)A
"သူဘာလို့ ဒီလောက်ထိ နောက်ကျနေတာလဲ"
ဂျိုဂုက စိတ်လှုပ်ရှားစွာ ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေသည်။
အဝေးတစ်နေရာတွင် နေမင်းကြီးကမြင့်တက်စပြုနေပြီး အာရုဏ်တက်ချိန်နီးကပ်လာသော်လည်း ချွန်းမြောင်ပြန်လာသော အရိပ်အယောင်ကို မမြင်တွေ့ရသေးချေ။ အကယ်၍ ချွန်းမြောင်သာ နံနက်ခင်းလေ့ကျင့်ခန်းဆင်းချိန်အမီ ပြန်ရောက်မလာပါက သူပျောက်ကွယ်နေခြင်းကို အကြီးအကဲများ သိရှိသွားပေမည်။
ထို့နောက် အဓိကရုဏ်းများ ဖြစ်ပေါ်လာပေလိမ့်မည်။
ဟွာဆန်း၏တပည့်များကို ခွင့်ပြုချက်မရှိဘဲ တောင်အောက်ဆင်းခြင်းအား တားမြစ်ထားသည်။ ချွန်းမြောင်သည် သံသယဖြစ်ဖွယ် ဝက်စုံနက်ကို သူ၏ခန္ဓာကိုယ်၌ဝတ်ဆင်ထားပြီး တောင်အောက်ဆင်းသွားသည်ကို အကြီးအကဲများ ရှာဖွေတွေ့ရှိသွားပါက မည်သို့ဖြစ်ပျက်သွားမည်နည်း။
'ဒါက ငရဲပဲ'
ထိုသို့ဖြစ်ရပ်မျိုးအား မည်သည့်အချိန်မျှ မကြုံတွေ့ရစေရန် သူ မျှော်လင့်မိသည်။
"စိတ်အေးအေးထား"
"ဒါပေမယ့် ဆရာတူအကို...."
ယွန်းဂျွန်က ခေါင်းခါယမ်းပြသည်။
"သူက ရူးသွပ်မိုက်မဲတဲ့ လူစားမျိုးမဟုတ်ဘူး...မတော်တဆတစ်ခုခု မဖြစ်ပွါးသေးသရွေ့ အရမ်းနောက်မကျခင် သူ ပြန်ရောက်လာမှာပါ"
သူ မည်မျှထိ တွေးတောကြည့်ပါစေ ထိုနတ်ဆိုးကောင်သည် မည်သည့်ဆိုးဆိုးရွားရွားကိစ္စမျှ ဖြစ်ပျက်မည့်ပုံမရချေ။ အဆိုးဆုံးအနေဖြင့် သူ အနည်းငယ်နောက်ကျနေရုံသာပင်။
"ဒီနေရာမှာ လူတွေ သူ့ကိုစောင့်နေရတယ်ဆိုတာ သူ မသိဘူးလား"
"ဟုတ်တယ်"
'သူ များလား'
ဂျိုဂု၏စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာစဥ်မှာပင် အခန်းတံခါးပွင့်သွားသည်။
ကျွီ...
ဂျိုဂုနှင့်ယွန်းဂျွန်သည် အလျှင်အမြန် လှည့်ကြည့်လိုက်၏။
"ဆရာတူညီလေး"
ချွန်းမြောင်က တံခါးဖွင့်ပြီး အခန်းအတွင်းသို့ဝင်လာသည်။
ချွန်းမြောင်သည် သူ၏မျက်နှာဖုံးကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး သူ၏ဝတ်စုံနက်ကို ချွတ်လိုက်၏။ သူ တံခါးအားပိတ်ပြီးသည်နှင့် ဟွာဆန်း၏ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။
"ဘာမှမဖြစ်ခဲ့ဘူးမလား"
"အဲ့ဒါ ငါလည်းမေးမလို့ပဲ...တစ်ခုခု ဖြစ်ခဲ့သေးလား"
"ဘာဖြစ်ခဲ့မှာမလို့လဲ"
ချွန်းမြောင်၏မျက်နှာထက်၌ ကျီစယ်သည့်သဘောရသော အပြုံးမျိုးရှိနေသည်။
"ငါက ကောင်းကောင်းဆက်ဆံခံရပြီး တခြားသူတွေကိုတောင်မှ ကောင်းကောင်းဆက်ဆံခဲ့သေးတယ်"
"ဘယ်...ဘယ်သူကိုလဲ"
"သူနာမည်က ဘယ်သူပါလိမ့်...ယုလား...ဘာဖြစ်ဖြစ် သူက ပိုးထည်ဆိုင်ပိုင်ရှင်လေ"
"အမ်..."
ချွန်းမြောင်၏စကားကိုကြားချိန်တွင် ဂျိုဂုနှင့်ယွန်းဂျွန်တို့နှစ်ယောက်လုံး တုန်လှုပ်ချောက်ချားသွားသည်။ သူတို့၏တုံ့ပြန်မှုကိုကြည့်ပြီး ချွန်းမြောင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရသွားပေ၏။
'ဒါက ရယ်စရာမဟုတ်ဘူး...အလေးအနက်ထားရမှာ'
ယုဂျွန်ဆန်းသည် ချွန်းမြောင်အား ဟွာဆန်း၏အကြွင်းအကျန်များကိုရှင်းလင်းရန် တောင်ဘက်အစွန်အဖျားဂိုဏ်းမှလာသူဟု အထင်လွဲမှားပြီး သူသိသမျှ သတင်းအချက်အလက်များကို လိုလိုလားလားထုတ်ပြောခဲ့သည်။
သူက ချွန်းမြောင်၏မျက်နှာသာပေးမှုကိုရရှိစေရန် အကောင်းဆုံးကြိုးစားခဲ့သည်။
ဟူး...
အရာအားလုံး လွယ်လင့်တကူပြီးဆုံးသွားသော်လည်း တစ်ချိန်တည်းမှာပင် သူ ခါးသည်းမှုကို ခံစားရသည်။
မဟာဂိုဏ်းကြီးများစာရင်း၌ မပါရှိတော့သော်လည်း ဟွာဆန်းသည် ခံ့ညားသောသမိုင်းကြောင်းရှိနေဆဲပင်။ သို့ရာတွင် ယုဂျွန်ဆန်းက ထိုကိစ္စကို အလေးထားပုံမရချေ။ ချွန်းမြောင်၏ဓားပညာကိုမြင်ပြီးသည့်တိုင် ထိုသူသည် ဟွာဆန်းဟူသောအမည်နာမအား စိတ်အတွင်း၌ ထင်ဟပ်လာပုံမပေါ်ပေ။
မကြာသေးသောနှစ်ကာလများတွင် ဇီးပန်းပွင့်ဓားနည်းစနစ်ပျောက်ဆုံးသွားခဲ့သည့်တိုင် ထိုအရာက ဟွာဆန်း၏အမှတ်သင်္ကေတအဖြစ် အထင်ကရရှိနေဆဲပင်။ သို့ရာတွင် ဟွာကျေးရွာ၌ ဘဝတလျှောက်လုံးနေထိုင်ခဲ့သည့် ယုဂျွန်ဆန်းသည် ထိုဓားနည်းစနစ်အား မည်သည်ကြောင့် မမှတ်မိရသနည်း။
ဟွာဆန်း၏သမိုင်းကြောင်းအစဥ်အလာအား မည်သူမျှ အမှတ်မရတော့ချေ။ ချွန်းမြောင်သည် သူစိတ်နှလုံးသားအတွင်းရှိ ခါးသည်းမှုများအား ဖယ်ရှား၍မရတော့ချေ။
'ကောင်းပြီလေ...နာကျည်းခါးသည်းစရာတွေက အမြဲတမ်းခါးသည်းနေမှာပဲ...ဒါက ငါလုပ်ရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်အောင် ကူညီပေးနိုင်တယ်'
သူ၏သရုပ်မှန် ပေါ်ပေါက်သွားမှုမရှိခြင်းကို သူ ဝမ်းသာနေမိ၏။
"ဘာတွေဖြစ်ခဲ့တာလဲ"
"တောက်"
ဂျိုဂု၏အမေးစကားကိုကြားချိန်တွင် ချွန်းမြောင်က တောက်ခေါက်လိုက်၏။
"ဒါက ကလေးတွေသိရမယ့် ကိစ္စမျိုးမဟုတ်ဘူး"
"မင်းလည်း ကလေးတစ်ယောက်ပဲလေ"
"ဟုတ်ပြီ...ဟုတ်ပါပြီ...လူစုလိုက်ကြတော့...ငါတို့ လေ့ကျင့်ဖို့လိုအပ်တော့"
"ဒီနေ့ရောပဲလား"
ချွန်းမြောင်က မျက်လုံးလှန်၍ ကြည့်လိုက်သည်။
"နားထောင်အုံး ဆရာတူအကို"
"ဟုတ်ကဲ့"
"မိုးရွာရွာ နှင်းခဲခဲ ဒါမှမဟုတ် လေပြင်းတိုက်နေပါစေ...ဒီနေ့ကနေစပြီး ငါတို့လေ့ကျင့်မှုကို တစ်ရက်မှပျက်ကွက်လို့မရဘူး...နှင်းတွေထူထပ်တာ ဒါမှမဟုတ် လေအေးတွေတိုက်နေတာကိုမပြောနဲ့...တကယ်လို့ ငါတို့ဘေးပတ်ဝန်းကျင်က ဟွာဆန်းတောင်ပြိုကျနေရင်တောင် တစ်ရက်မှအနားယူလို့မရဘူး"
ဂျိုဂုက တောင့်တင်းနေသော မျက်နှာအမူအယာဖြင့် ခေါင်းညိတ်ပြသည်။
'ငါ ဆုံးဖြတ်ထားပြီးပြီပဲ"
မည်သို့ပင်ဆိုစေကာမူ သူသည် ချွန်းမြောင်၏စကားကိုလိုက်နာရန် ဆုံးဖြတ်ထားပြီးလေပြီ။ အကယ်၍ လေ့ကျင့်ခြင်းဖြင့် သူ သန်မာမှုကိုရရှိနိုင်ပါက သူ လုပ်ဆောင်ရပေမည်။ အမှန်အတိုင်းပြောဆိုရပါက အနားယူမှုမရှိဘဲ လေ့ကျင့်ခြင်းသည် သူ မျှော်လင့်ထားသောအရာပင်။
"ငါ လူစုလိုက်မယ်...မင်းကရော..."
"အာ...ငါလာနိုင်မှာမဟုတ်ဘူး"
"ဟမ်.."
ချွန်းမြောင်က ယွန်းဂျွန်ကိုကြည့်ပြီး ပြောဆိုသည်။
"ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ မင်း သိတယ်မလား"
"ဟုတ်ကဲ့"
"ဒါဆိုလည်း လုပ်လိုက်တော့"
"မင်းကရော..."
"ငါ တခြားအလုပ်လုပ်စရာရှိသေးတယ်"
ချွန်းမြောင်က လက်ဝှေ့ယမ်းပြလိုက်သဖြင့် ယွန်းဂျွန် သက်ပြင်းချလိုက်သည်။
"အင်း...ဒီနေ့တော့ မင်း သူတို့ကို တာဝန်ယူပြီးလေ့ကျင့်ပေးလိုက်...ဒါပေမယ့် မင်း ဒီနေ့တစ်နေ့ပဲ ကင်းလွတ်ခွင့်ရမှာနော်"
ယွန်းဂျွန်၏မျက်နှာပေါ်တွင် လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဒီလေ့ကျင့်ရေးကို မင်းကြောင့် မပေါ့လျော့စေနဲ့...တကယ်လို့ မင်း လမ်းတစ်ဝက်မှာတင် အဆုံးသတ်ဖို့ အစီအစဥ်မရှိဘူးဆိုရင် မင်းက စံပြအနေနဲ့ လုပ်ပြရမယ်"
"ငါ သိပြီ"
အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်မှ တတိယတန်းစားတပည့်များသည် ချွန်းမြောင်အားကြောက်ရွံခြင်းကြောင့် အထွန့်မတက်ဝံ့ကြဘဲ ကြိတ်မှိတ်၍လေ့ကျင့်ရေးဆင်းနေရသည်။ ယွန်းဂျွန်သည် ဆရာတူအကိုကြီးဖြစ်သော်လည်း ချွန်းမြောင်သာမရှိလျှင် သူ လုပ်ဆောင်နိုင်သောအရာများမှာ အကန့်အသတ်ရှိသည်။
"သေသေချာချာလုပ်ကြ"
ယွန်းဂျွန်နှင့်ဂျိုဂု ထွက်ခွါသွားသည်နှင့် ချွန်းမြောင်က အိပ်ယာပေါ်၌ လဲလျောင်းလိုက်သည်။
"အခု ငါ ဘာလုပ်ရမလဲ"
သူ တွေဝေစဥ်းစားနေရင်း ခေါင်းတဆစ်တစ်ကိုက်လာပေ၏။
သူ ဆွံအနေမိသည်။ ရန်သူများကို အမြစ်ပြတ်သုတ်သင်ရန် ခက်ခဲခြင်းမရှိသော်လည်း တစ်စုံတစ်ယောက်သည် ချွန်းမြောင်နှင့်ဟွာဆန်းအား ဆက်စပ်တွေးတောမိသွားနိုင်သည်။
အကယ်၍ ထိုကိစ္စသည် သူ၏ဂုဏ်သိက္ခာတစ်ခုတည်းကိုသာ ထိခိုက်စေပါက တွန့်ဆုတ်မှုမရှိ သူ ပြုလုပ်မည်ဖြစ်သော်လည်း သူက ဟွာဆန်း၏တပည့်တစ်ယောက် ဖြစ်နေသည်။
အကယ်၍ သူ တစ်နည်းနည်းဖြင့် ကြိုးစားလိုက်ပါက ချွန်းမြောင်ကဲ့သို့ကလေးတစ်ယောက်သည် တစ်ကိုယ်တည်း ထိုကိစ္စများအားလုပ်ဆောင်ရန်မှာ မဖြစ်နိုင်ဟု လူအများက ပြောဆိုကြပေမည်။ ဟွာဆန်းဂိုဏ်းသည် အပြစ်အားလုံး ခံယူရမည်ဖြစ်သည့်အပြင် ကလေးတစ်ယောက်အား ဖိအားပေး၍ ပြစ်မှုများကျူးလွန်စေသည်ဟူသော ရာဇဝတ်မှုကိုပါ ခံယူရလိမ့်မည်။
ချွန်းမြောင်သည် ထိုရလဒ်ထက်ပိုကောင်း၍ တရားမျှတသောအခြေအနေကို လိုအပ်ပေ၏။
"အကြောင်းပြချက်...အကြောင်းပြချက်...ဟာကွာ"
ချွန်းမြောင်သည် စိတ်ရှုပ်ထွေးမှုကြောင့် သူ့ဆံပင်သူ ပြန်ဆုပ်ကိုင်လိုက်သည်။
"ဒါက အဓိပ္ပါယ်ကိုမရှိဘူး...သောက်ချေးပဲ"
ဟွာကျေးရွာရှိလုပ်ငန်းများအားလုံးသည် ဟွာဆန်း၏ပိုင်ဆိုင်မှုပင်။ သို့ရာတွင် ထိုလူစုသည် ဟွာဆန်းအား အပိုင်သိမ်းရန်ပင် ကြိုးပမ်းနေကြသည်။ သူ၏ရင်ဘတ်တစ်ခုလုံး ဒေါသကြောင့် ဗလောင်ဆူနေပေ၏။
ထိုလုပ်ငန်းများသည် ဟွာဆန်း၏ပိုင်ဆိုင်မှုဖြစ်ပြီး ကုန်သည်များသည် စာရင်းများလိမ်ကာ လုပ်ငန်းများအား ခိုးယူခဲ့ကြောင်း သူ သက်သေပြရပေမည်။
သူ သက်သေပြနိုင်ပါက ယန်တစ်သိန်းကိုလည်း ပြန်လည်ပေးဆပ်နိုင်ပေမည်။
မဟုတ်သေး...ဟွာဆန်းသည် ကုန်သည်များအား ငွေကြေးပြန်လည်ပေးဆပ်ရန်မလိုချေ။ အကြောင်းအရင်းမှာ ငွေများသည် မူလကတည်းက ဟွာဆန်း၏ပိုင်ဆိုင်မှုပင်။ ကုန်သည်များသည် ဂိုဏ်း၏ငွေကြေးများကို အသုံးပြု၍ အမြတ်အစွန်းရှာဖွေနေသူများ ဖြစ်ပေ၏။ ဟွာဆန်းအား အကြွေးပြန်ဆပ်ရန် မည်သူတောင်းဆိုနိုင်သနည်း။
အခန်း ၂၃: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၃)B
ထို့ကြောင့် လုပ်ငန်းများသည် ဟွာဆန်း၏ပိုင်ဆိုင်မှုဖြစ်ကြောင်း သူ သက်သေပြနိုင်ပါက အရာအားလုံး ဖြေရှင်းပြီးဖြစ်သွားပေမည်။
"အဲ့ဒီလောက်လွယ်နေရင်...ငါ ဒီနေရာမှာတောင် ရှိမနေဘူး"
အကယ်၍ ဟွာဆန်း၌သာ လုပ်ငန်းစာရင်းစာအုပ်များရှိနေပါက ယခုလောက်ထိ ဒုက္ခရောက်မည်မဟုတ်ချေ။ ထိုကိစ္စတွင် သက်သေအထောက်အထား ကျန်ရှိနေလျှင် တစ်စုံတစ်ယောက် ရှာတွေ့နှင့်ပြီးဖြစ်ပေမည်။ ဟွာဆန်း၏တပည့်များသည် ရူးသွပ်မိုက်မဲသူများမဟုတ်ဘဲ ဥာဏ်ကောင်းသူများဖြစ်ပေ၏။
အခြေအနေကို မှန်းဆကြည့်ပါက နတ်ဆိုးဂိုဏ်းမှတိုက်ခိုက်ခြင်းခံရချိန်တွင် စာရင်းစာအုပ်များအားလုံး ပျက်စီးသွားခြင်းဖြစ်ပေမည်။
"ဒါကလည်း ငါ့ကြောင့်ပဲလား"
သူ အလွန်အမင်း နာကျင်ခံစားနေရ၏။ ချွန်းမြောင်က သူ၏အိပ်ယာထက်၌ လူးလိမ့်နေသည်။
"မဟုတ်သေးဘူး...ဆရာတူအကိုက အရေးအကြီးဆုံးပစ္စည်းတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာပဲ အမြဲတမ်းသိမ်းဆည်းထားတာ...လုံခြုံစိတ်ချရတဲ့နေရာ..."
ငွေကြေးနှင့်စာရင်းစာအုပ်တွေ...ဘယ်နေရာမှာလဲ...
ဝုန်း...
ချွန်းမြောင်သည် အိပ်ယာပေါ်မှ ခုန်ထလိုက်၏။
နေရာတစ်နေရာလား....
နေရာ...
'ဖြစ်နိုင်တာက....'
ဆရာတူအကိုသည် သူ၏စာအုပ်များကို လွယ်လင့်တကူ ပစ်မှတ်ထားနိုင်သောနေရာမျိုး၌ သိမ်းဆည်းထားမည့်သူမျိုး ဖြစ်သလော။
'ငါ မှတ်မိဖို့ ကြိုးစားရမယ်'
ချွန်းမြောင်သည် ဆရာတူအကိုဂျန်မွန်း၏အရေးကိစ္စများကို စိတ်ပါဝင်စားခြင်းမရှိချေ။ ဂိုဏ်းတစ်ခုလည်ပတ်ရန် ငွေကြေးလိုအပ်သည်ကို သူ သိရှိသော်လည်း သူရဲကောင်းတစ်ယောက်သည် ထိုကဲ့သို့ လောကီရေးရာများကို တွယ်ငြိမနေသင့်ဟု တွေးထင်ခဲ့မိသည်။
သို့ရာတွင် ဟွာဆန်းရှိကလေးများ အသက်ရှင်နေထိုင်နိုင်ရန် ရုန်းကန်နေရသည်ကို ကြည့်ပြီး သူ၏အတိတ်ဘဝမှအတွေးများ မှားယွင်းခဲ့သည်ဟု သူ ခံစားနေရ၏။
ချွန်းမြောင်သည် ထိုကဲ့သို့ကိစ္စများကို စိတ်ပါဝင်စားမှုမရှိသဖြင့် ဆရာတူအကိုဂျန်မွန်းသည် မည်သည့်စာအုပ်ကိုမှ သူ့အားပြသခြင်းမရှိခဲ့ချေ။ အမှန်အားဖြင့် ဆရာတူအကို စီစဥ်လိုက်ချိန်တိုင်း စတင်မပြောမီမှာပင် ချွန်းမြောင်က အဝေးရှောင်ထွက်သွားလေ့ရှိသည်။
"ထွက်သွားတာလား..."
သူ ဝိုးတဝါးမှတ်ဥာဏ်များအား ပြန်လည်ဖော်ထုတ်လိုက်မိ၏။
ဆရာတူအကိုဂျန်မွန်း၏အခန်းတွင် စာရင်းစာအုပ်သုံးအုပ်ထက်ပိုမရှိချေ။ ဟွာဆန်းဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်းအနေဖြင့် စာရင်းစာအုပ်အမြောက်အများ ရှိရပေမည်။ ထိုသို့ဆိုလျှင် တခြားစာရင်းစာအုပ်များကို မည်သည့်နေရာ၌ သိမ်းဆည်းထားနိုင်သနည်း။
'တခြားတစ်နေရာ ရှိရမယ်'
ဆရာတူအကို၏အခန်းအတွင်း၌ သိမ်းဆည်းထားရန် နေရာမရှိချေ။ သူသည် မဟာအကြီးအကဲနှင့်ဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့သူ ဖြစ်သော်လည်း သူ၏အခန်းသည် ထူးထူးခြားခြားဗလာဟင်းလင်းဖြစ်နေခဲ့သည်။ ချွန်းမြောင် ထိုအကြောင်းအား အမှတ်ရသေး၏။ ဆရာတူအကိုဂျန်မွန်း၏အခန်း၌ စာအုပ်များသိမ်းဆည်းရန် မည်သည့်စာအုပ်စင်မျှမရှိချေ။
ထို့ပြင် ဆရာတူအကိုသည် စာအုပ်များအား သေတ္တာတစ်ခုအတွင်း၌ သိမ်းဆည်းထားလျှင်ပင် ထိုအခန်းအား ဝင်ရောက်နိုင်သူ သုံးယောက်သာရှိသည်။ တခြားစာရင်းစာအုပ်များ မည်သည့်နေရာ၌ ရှိနေနိုင်သနည်း။
"ဒါဆို...အဲ့ဒါက အမှန်ပဲလား"
ကောလဟာလများအရ ဂိုဏ်းခေါင်းဆောင်များသာသိရှိသော လျှို့ဝှက်သိုလှောင်ခန်းရှိသည်ဟု သူ ကြားဖူးသည်။ ထိုကိစ္စသည် အလွန်ကျော်ကြားခဲ့သော ကောလဟာလပင်။
သာမာန်အားဖြင့် ချွန်းမြောင်သည် ကောလဟာလကို အမှန်အတိုင်းသိရှိရန် စုံစမ်းစစ်ဆေးလေ့ရှိသော်လည်း ထိုကိစ္စကိုမူ စိတ်ပါဝင်စားခြင်းမရှိသဖြင့် သူ စုံစမ်းခြင်းမပြုခဲ့ချေ။
'နေပါဦး...ဖြစ်နိုင်တာတော့..."
ဟွာဆန်းသည် ရှန်းရှီးစီရင်စုတွင် ဂုဏ်သိက္ခာကြီးမားသောဂိုဏ်းတစ်ဂိုဏ်းဖြစ်၍ တစ်ခါတစ်ရံတွင် ထူးဆန်းသောပစ္စည်းများ လက်ဆောင်ရလေ့ရှိသည်။ ဥပမာအနေဖြင့် မည်သူမျှ သင်ယူခြင်းမပြုနိုင်သော တားမြစ်သိုင်းကျင့်စဥ်များ သို့မဟုတ် ဂိုဏ်းမှအကြီးအကဲများသာ သိရှိနိုင်သောလျှို့ဝှက်ချက်များ ပါဝင်တက်သည်။ ရံဖန်ရံခါ ဒဏ္ဍါရီလာဓားများနှင့်ရတနာများပင် ရရှိတတ်၏။
ထိုအရာများအားလုံး မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း။
အကယ်၍ ဤနေရာ၌ ထိုပစ္စည်းများသာရှိနေလျှင် ချွန်းမြောင် လျစ်လျှူရှုမထားနိုင်ချေ။ ထိုပစ္စည်းများအား ရောင်းချ၍လည်းမရပေ။ ဟွာဆန်းဂိုဏ်းအတွင်းရှိ တချို့ပစ္စည်းများသည် ပြင်ပသို့ထွက်ပေါ်သွားပါက မုန်တိုင်းတစ်ခု ဖြစ်ပွါးစေနိုင်သည်။ အကယ်၍ လက်ရှိဂိုဏ်းခေါင်းဆောင်သာ ထိုပစ္စည်းများအား ရောင်းချပြီးဖြစ်ပါက သတင်းစကားများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပြီးဖြစ်ပေမည်။
ဒါဆို ဘယ်နေရာမှာလဲ...
တစ်နေရာရာမှာတော့ ရှိကိုရှိရမယ်...
စာအုပ်နှင့်ရတနာများကို သိမ်းဆည်းထားသော လျှို့ဝှက်သိုလှောင်ခန်းသည် ဤနေရာနှင့် များစွာဝေးကွာမည်မဟုတ်ချေ။
သိုလှောင်ခန်းအား ပွင့်လင်းမြင်သာသောနေရာ၌ ထားမည်မဟုတ်ပေ။ ထို့ကြောင့် မည်သူမျှမသိရှိသော သိုလှောင်ခန်းတစ်ခန်း ဟွာဆန်း၌ ဧကန်မုချရှိရပေမည်။
သို့ရာတွင် ထိုကိစ္စသည် ဖြစ်နိုင်ချေရှိသလော။
သိုင်းပညာရှင်များ ပုရွက်ဆိတ်အုံကဲ့သို့ ကူးလူးသွားလာနေသော ဂိုဏ်းတစ်ဂိုဏ်းအတွင်း၌ မည်သည့်နေရာတွင် လျှို့ဝှက်သိုလှောင်ခန်း တည်ဆောက်ထားနိုင်သနည်း။
ချွန်းမြောင်သည် အိပ်ဆောင်တံခါးကိုတွန်းထိုးပြီး ကမူးရှုးထိုး ပြေးထွက်သွားသည်။
ဖြစ်နိုင်ချေရှိသော နေရာတစ်နေရာသာ ရှိတော့သည်။
လျှို့ဝှက်သိုလှောင်ခန်းသည် ဂိုဏ်းခေါင်းဆောင်၏အဆောင်အနီး၌ ရှိရပေမည်။ အကယ်၍ လျှို့ဝှက်သိုလှောင်ခန်း အဆောင်ပြင်ပ၌ရှိနေလျှင်ပင် မည်သူမျှသတိပြုမိမည်မဟုတ်ချေ။ ဂိုဏ်းခေါင်းဆောင်၏ခွင့်ပြုချက်မရှိဘဲ ထိုနေရာသို့ မည်သူမျှဝင်ရောက်ခြင်းမပြုနိုင်သဖြင့် ထိုနေရာ၌သာ လျှို့ဝှက်သိုလှောင်ခန်း ရှိနေနိုင်သည်။
'ဂိုဏ်းခေါင်းဆောင်ရဲ့အဆောင်က အတိတ်တုန်းကအတိုင်းပဲ...ဘာမှပြောင်းလဲမှုမရှိဘူး'
ပြင်ပသို့ အပြေးထွက်လာသော ချွန်းမြောင်၏မျက်လုံး ပြူးကျယ်သွားသည်။ ဂိုဏ်းခေါင်းဆောင်၏အဆောင်နောက်၌ ပြေပြစ်သောတောင်ကုန်းတစ်ကုန်းရှိနေသည်။
'တကယ်လို့ ဒီနေရာမှာ သိုလှောင်ခန်းတစ်ခန်း တည်ဆောက်မယ်ဆိုရင်...တခြားသူတွေ ကွက်ကွက်ကွင်းကွင်း မြင်နေရလိမ့်မယ်'
သို့ရာတွင် တခြားသူများ၏အမြင်ကိုရှောင်ရှားရန် နည်းလမ်းတစ်ခုရှိနေသည်။
မြေအောက်သိုလှောင်ခန်း...
အကယ်၍ လူနေအဆောင်များကြား၌ မြေအောက်သိုလှောင်ရုံ တည်ဆောက်ထားမည်ဆိုပါက စိတ်အာရုံမြင့်မားသော သိုင်းပညာရှင်များ ရှာဖွေတွေ့ရှိနိုင်သည်။ သို့ရာတွင် ဤနေရာမှနေ၍ လမ်းကြောင်းတစ်ခုစတင်ပြီး တောင်များအောက်၌ သိုလှောင်ရုံ တည်ဆောက်ထားခြင်းဆိုလျှင် ဖြစ်နိုင်ချေရှိသလော။
'သရဲတစ္ဆေကလွဲရင်...ဘယ်သူမှ ဒါကိုသိမှာမဟုတ်ဘူး'
ချွန်းမြောင်က ပြုံးလိုက်သည်။
'အမှန်ပဲ'
သူ ထိုအကြောင်းအား တွေးတောမိစဥ်တွင် ထူးဆန်းမှုတစ်ခုကို ခံစားရသည်။ များသောအားဖြင့် တခြားဂိုဏ်းများတွင် ဂိုဏ်းခေါင်းဆောင်များသည် ဗဟိုအချက်အချာကျသောနေရာ၌ နေထိုင်လေ့ရှိသည်။
အကယ်၍ ဧကရာဇ်မင်း၏နန်းတော်အား ထောင့်တစ်နေရာ၌ တည်ဆောက်ထားပါက ထူးဆန်းနေမည်မဟုတ်လော။
ဟွာဆန်းဂိုဏ်းခေါင်းဆောင်၏နေရာသည် အစွန်အဖျား၌တည်ရှိသည်။ ဂိုဏ်းခေါင်းဆောင်၏အဆောင်နောက်၌ မည်သည့်အဆောင်မျှမရှိတော့ချေ။
ဂိုဏ်းခေါင်းဆောင်၏အဆောင်နောက်ရှိ တောင်ကုန်းပေါ်၌ ဥယျာဥ်ငယ်တစ်ခုကို မြင်တွေ့ချိန်တွင် ချွန်းမြောင်က ပြုံးလိုက်သည်။
"ကြည့်ရတာတော့ ရတနာမုဆိုးလုပ်ရတာ ငါ့အတွက် အရမ်းမရှုပ်ထွေးပုံပဲ"
ဆရာတူအကိုဂျန်မွန်းက နှုတ်ခမ်းကိုက်၍ သူ့အားလက်သီးဖြင့်ချိန်ရွယ်နေသည်ဟု သူ ခံစားလိုက်ရ၏။
"ကျေးဇူးပြုပြီး နားလည်ပေးပါ ကျွန်တော်ရဲ့ချစ်လှစွာသော ဆရာတူအကို....ဟွာဆန်းကိုကယ်တင်ဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးမဟုတ်ဘူးလား...တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဒီရတနာတွေကို ကျွန်တော်မထိဘဲ အခုလက်ရှိဂိုဏ်းခေါင်းဆောင်ကို လက်လွှဲပေးမယ်လေ"
တကယ်လို့ ဖြစ်နိုင်ရင်...ဖြစ်နိုင်ရင်ပေါ့...
အမှန်အားဖြင့် သူ အလိုရှိသောအရာများအား ယူဆောင်ပြီးမှသာလျှင်.....
'တကယ်လို့ မင်း စိတ်ဆိုးဒေါသထွက်နေရင်လည်း အသက်ပြန်ရှင်လာခဲ့လေ'
"ဟီး ဟီး ဟီး ဟီး"
ချွန်းမြောင်သည် အောင်ပွဲခံသည့်အပြုံးမျိုးဖြင့် အားရပါးရရယ်ပြုံးနေတော့၏။
အခန်း ၂၄: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၄)A
အား...
ချွန်းမြောင်က ကြမ်းပြင်ပေါ်၌ ထိုင်ချလိုက်၏။
"ငါ သေတော့မလို ခံစားနေရတယ်"
ဤသည်က လွယ်ကူသော လုပ်ငန်းတာဝန်မဟုတ်ချေ။ ဥယျာဥ်သည် သေးငယ်သော်လည်း တောင်ကုန်းပေါ်၌ တည်ရှိနေသည်။ ထို့ကြောင့် ဤကဲ့သို့နေရာတစ်ခုအား လှန်လှောရှာဖွေရန်မှာ လွယ်ကူသည်ဟူသောစကားနှင့် အလှမ်းကွာဟသည်။
ထို့ပြင် ဆရာတူအကိုများ၏မျက်လုံးများအားရှောင်ရှားရန် ညအမှောင်ကိုအခွင့်အရေးယူ၍ သူ ခိုးကြောင်ခိုးဝှက်လုပ်ဆောင်နေရ၏။
"ဒီခန္ဓာကိုယ်နဲ့ကတော့ သောက်ချေးပဲ'
သူ ဤခန္ဓာကိုယ်နှင့် လိုက်လျောညီထွေမရှိချေ။ အတိတ်တွင် သုံးရက်သုံးညလုံး သူ အလုပ်ဆက်တိုက်လုပ်လျှင်ပင် သူ အသက််မရှုဘဲနေနိုင်သည်။ သို့ရာတွင် သူ၏ ယခုလက်ရှိအလွန့်အလွန်အားနည်းနေသော ခန္ဓာကိုယ်သည် လေကိုအဆက်မပြတ်ရှုသွင်းနေရ၏။
ကုန်သည်များနှင့်ရင်ဆိုင်ဖြေရှင်းရန် သူ သွားခဲ့စဥ်ကလည်း အလားတူပင်။ သူ တောင်အတက်အဆင်းလုပ်ရခြင်းသည် သက်တော်စောင့်များနှင့်ရင်ဆိုင်တိုက်ခိုက်ရသည်အထိ ဆယ်ဆမက ပို၍ခက်ခဲခဲ့သည်။
သူ၏လက်ရှိခန္ဓာကိုယ်ဖြင့် မည်သည့်လုပ်ငန်းမျှ လွယ်ကူခြင်းမရှိချေ။
ရှုး....
ချွန်းမြောင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏လက်မှတဆင့် အတွင်းအားများကို မြေပြင်အတွင်းသို့ တွန်းပို့လိုက်သည်။
ညသန်းခေါင်ယံအချိန်ကြီးတွင် သူ မည်သည့်အရာများ လုပ်နေရသနည်း။
"ဟာ....သောက်ချေးပဲ"
သိုလှောင်ရုံသည် မြေအောက်တစ်နေရာရာ၌ တည်ရှိသည်။ သို့ရာတွင် ပြဿနာမှာ မည်သည့်နေရာ၌ရှိမှန်း သူ အတိအကျမသိခြင်းပင်။
နည်းလမ်းတစ်လမ်းသာ ရှိပေသည်။ ဤနေရာရှိ နေရာတစ်ခုစီတိုင်းအား သူ စေ့စေ့စပ်စပ် လှန်လှောရှာဖွေရပေမည်။
ထိုအကြောင်းကြောင့် ချွန်းမြောင်သည် ဥယျာဥ်တလျှောက်တွားသွားကာ နေရာလပ်မကျန် သိုလှောင်ရုံအား ရှာဖွေနေရ၏။
သူ သိုလှောင်ရုံရှာဖွေရသည်မှာ လွယ်သည်ဟူသောစကားနှင့် ဝေးကွာသည်။
ရှာဖွေရသည်မှာ အလွန်ခက်ခဲလှ၏။
"ဒါက ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာနေရသလိုပဲ"
ချွန်းမြောင်က သက်ပြင်းမောကြီးတစ်ချက် ရှိုက်လိုက်မိသည်။
အတိတ်တွင် သူ၏လက်တစ်ဖက်မြှောက်ရုံမျှဖြင့် တောင်ငယ်တစ်လုံးအား လွယ်လင့်တကူ စစ်ဆေးနိုင်သည်။ သို့ရာတွင် သူ၏လက်ရှိအကန့်အသတ်ဖြင့် စွမ်းအားပမာဏအနည်းငယ် ပစ်ထုတ်ရန် လက်နှစ်ဖက်လုံးလိုအပ်သည်။
"အား...ငါ တကယ်ကို သေတော့မှာပဲ"
စွမ်းအားများကို အဆက်မပြတ်အသုံးပြုရန်မှာ သူ့အတွက်မဖြစ်နိုင်ချေ။ သူ၏ဒန်တျန်သည် သေးငယ်လွန်းသဖြင့် တစ်ကြိမ်အသုံးပြုတိုင်း စွမ်းအားများအလျှင်အမြန် ကုန်ဆုံးနေသည်။ သူက စွမ်းအားကုန်ခမ်းချိန်တိုင်း မြေပြင်ပေါ်၌ထိုင်ချပြီး ပြန်လည်ကျင့်ကြံ၍ဖြည့်တင်းနေရ၏။
'တကယ်လို့ ဒီနေရာမှာ သိုလှောင်ရုံမရှိရင်ကော...ငါ ရူးသွပ်မိုက်မဲတဲ့ကိစ္စကိုများ လုပ်နေမိတာလား'
သူ၏ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေသဖြင့် ထိုကဲ့သို့အတွေးများဝင်လာသည်ကို ဖယ်ထုတ်နိုင်ခြင်းမရှိချေ။ ချွန်းမြောင်က အတွေးရိုင်းများကို ရှင်းလင်းနိုင်ရန် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
စိတ်ဆန္ဒရှိနေသ၍ နည်းလမ်းတစ်ခုရှိပေမည်။
"ဒါက ဒီနေရာမှာပဲ ရှိကိုရှိရမယ်"
ဆရာတူအကို၏စရိုက်အရ ဆုံးဖြတ်ရလျှင် တခြားအရာများနှင့်အတူ စာရင်းစာအုပ်များ လုံခြုံစွာရှိနေပေမည်။ ထို့ကြောင့် သူထံ၌ ဆက်လက်ရှာဖွေရန်ဟူသော နည်းလမ်းတစ်ခုသာရှိသည်။
စိန်တစ်ပွင့်တွေ့ရှိနိုင်ရန် သဲကန္တရအား ပိုက်စိပ်တိုက်ရှာဖွေနေရသည်နှင့် အလားတူညီပေ၏။ သို့ရာတွင် ယခုကိစ္စသည် ကမ်းခြေ၌ ကျောက်တုံးကြီးတစ်တုံးရှာဖွေရသည်နှင့် ပို၍တူညီသည်။ ဤမျှော်လင့်ချက်ကြောင့် သူ ရှေ့သို့ဇွတ်တိုးရှာရန် လုံလောက်သည်။ မည်သည်ကြောင့် သူ၏ရှာဖွေခြင်း ကျဆုံးရမည်လော။
တစ်ဖန် ထပ်၍...
"ဟာကွာ...'
ထပ်မံ၍....
"ငါ သေတော့မယ်"
နောက်တစ်ခေါက်...
"မရှိဘူးလား...ကောင်းပြီလေ...ငါ့မှာ အလုပ်မှမရှိတာ"
နောက်တစ်ခေါက်...
"မရှိဘူးလား"
မဟုတ်သေး...သူ အချိန်ခဏစောင့်ဆိုင်းကြည့်လိုက်သည်။ ချွန်းမြောင်၏မျက်လုံး ပြူးကျယ်သွားသည်။ အတည်ပြုနိုင်ရန်အတွက် သူ၏စွမ်းအားကို ပို၍ညှစ်ထုတ်လိုက်၏။
'လှိုဏ်ခေါင်းလား...'
တစ်စုံတစ်ခု ထူးခြားနေသည်ဟု သူ ခံစားမိသည်။ သူ၏အောက်၌ လေဟာနယ်အလွတ်တစ်နေရာ ရှိနေပေ၏။ ထိုနေရာသည် သိုလှောင်ရုံ သို့မဟုတ် သဘာဝအတိုင်းတည်ရှိနေသောနေရာ ဟုတ် မဟုတ်ကို သူ မဆုံးဖြတ်နိုင်ချေ။ သူ၏အတွင်းအားသည် ဤနေရာအား အတည်ပြုနိုင်ရန် လွန်စွာအားနည်းနေသည်။
သို့ရာတွင် ဤနေရာသည် လေဟာနယ်အလွတ်တစ်ခုဖြစ်သည်ဟု သူ သေချာပြောနိုင်၏။
ထိုသို့ဆိုလျှင်...
"တူးထုတ်ရမယ်"
ချွန်းမြောင်သည် မြေပြင်ပေါ်သို့ တံတွေးထွေးပြီး မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် သူ၏နောက်ရှိ ပေါက်တူးကို ဆုပ်ကိုင်ခဲ့သည်။
ဒေါင်...
ပထမပေါက်တူးချက်...
ဒေါင်...
ဒုတိယအချက်...
အီး....
တတိယအချက်...
ပေါက်တူးငါးကြိမ်ပေါက်လိုက်ခြင်းသည် သူ၏လက်မောင်းနှင့်ခြေထောက်များအား တုန်ရီသွားစေ၏။ သူ၏နောက်ကျောလည်း နာကျင်နေသည်။
သိုင်းပညာကိုသင်ယူထားသူတိုင်းသည် နာကျင်မှုဝေဒနာကို ခံနိုင်ရည်ရှိကြသည်။ သို့ရာတွင် ယခုကဲ့သို့ အလုပ်ကြမ်းလုပ်ရာမှရသည့် နာကျင်မှုနှင့် ပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်း တိုက်ပွဲမှရရှိသည့်ဒဏ်ရါများမှနာကျင်မှုမျိုးသည် မတူကွဲပြားပေ၏။ ကံအကြောင်းမလှစွာဖြင့် ချွန်းမြောင်သည် အလုပ်ကြမ်းလုပ်ရခြင်း၏နာကျင်မှုအား ခံနိုင်ရည်စွမ်းမရှိချေ။
အကယ်၍ သူ ခံနိုင်ရည်ရှိလျှင်ပင် ကလေးတစ်ယောက်၏ခန္ဓာကိုယ်ဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
ကျန်းမာသန်စွမ်းပြီး အရွယ်ရောက်ပြီးသူတစ်ယောက်ပင် မာကျောသောမြေအားတူးထုတ်ရန် ခက်ခဲလှသည်။ ထို့ပြင် မည်သည့်လှည့်စားမှုကိုမျှ သူ အသုံးမပြုနိုင်ချေ။ ဤကိစ္စသည် သူ၏ခွန်အားနှင့်ဇွဲလုံလသက်သက်ဖြင့်သာ ပြုလုပ်နိုင်သောအရာမျိုးဖြစ်ပေ၏။
"ထွီ..."
ချွန်းမြောင်သည် သူ၏ပါးစပ်အတွင်းသို့ဝင်လာသော အညစ်အကြေးများကို ထွေးထုတ်လိုက်သည်။
"အခုချက်ချင်း လာခဲ့စမ်းပါ...မင်းရဲ့အောင်မြင်မှုအတွက်ပဲဖြစ်ဖြစ် ငါအတွက်ပဲဖြစ်ဖြစ်ပေါ့...ကြည့်လိုက်ရအောင်"
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ဇီးပန်းပွင့်ဓားသူတော်စင်မှ တူးဖော်ခဲ့ခြင်းဟူသောအမည်ကို ရရှိပေမည်။
အား...
ချွန်းမြောင်သည် ပေါက်တူးကိုကိုင်၍ ပြင်းပြင်းထန်ထန် ပေါက်လိုက်တော့သည်။ အကယ်၍ မြေအောက်၌ နေရာလွတ်တစ်နေရာရှိနေပါက သူ ရှာဖွေတွေ့ရပေမည်။
ဒေါင်..ဒေါင်..ဒေါင်...တောင်.....
"အ...အ...အဆင်ပြေပြီလား"
အမ်...
တောင်ဟူသော အသံထွက်ပေါ်လာသလော။ ချွန်းမြောင်သည် အလျှင်အမြန်ခေါင်းငုံ၍ မြေပြင်ကိုကြည့်လိုက်သည်။ မြေကြီးများကို လက်နှင့်ယပ်ကြည့်ပြီးနောက် သူ၏လက်အောက်၌ တစ်စုံတစ်ခုရှိနေသည်ကို ခံစားရ၏။
'အုတ်လား'
ချွန်းမြောင် မျက်စိမျက်နှာပျက်သွားသည်။ သူ၏လက်အောက်ရှိထူးဆန်းမှုကို ခံစားရပြီးနောက် အလယ်၌ အက်ကွဲကြောင်းတစ်ကြောင်းကို တွေ့မြင်မိသည်။ ထိုအရာကိုကြည့်ရသည်မှာ အုတ်တစ်ချပ်နှင့် တူညီပေ၏။
ဤနေရာအောက်၌ အုတ်ခဲအားတွေ့ရခြင်းမှာ ကောင်းသောအမြင်နှင့်ကြည့်လျှင် လူတို့ဖန်တီးဆောက်လုပ်ထားသော တစ်စုံတစ်ခုဟု ဆိုလိုနေသည်။
သို့ရာတွင် ချွန်းမြောင်ထံ၌ ကွဲပြားခြားနားသောအတွေးရှိသည်။ အကယ်၍ ဤနေရာသည် ဟွာဆန်း၏သိုလှောင်ရုံဖြစ်ပါက သာမာန်အုတ်များဖြင့် ပြီးစလွယ်တည်ဆောက်ထားခြင်းမျိုး မဖြစ်သင့်ချေ။
အုတ်တစ်ချပ်....
'လောလောဆယ်တော့...ငါ ဆက်လုပ်ရမယ်'
ချွန်းမြောင်သည် သူ၏စိတ်ပျက်မှုကို ချိုးနှိမ်လိုက်၏။ သူ၏မျက်စိဖြင့် တပ်အပ်မမြင်သရွေ့ သူ သေချာမပြောနိုင်ချေ။ အရေးကြီးဆုံးအရာမှာ ဤနေရာအား သူကိုယ်တိုင် မြင်တွေ့ရန်လိုအပ်သည်။
မြေကြီးများအားဖယ်ရှားပြီးချိန်တွင် အုတ်များအား ရိုးရှင်းသောပုံစံဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရသည်။ ညအချိန်ဖြစ်နေသဖြင့် သူ ကောင်းစွာမမြင်နိုင်သော်လည်း အောက်ဘက်၌ တစ်စုံတစ်ခုရှိနေသည်ဟု သူ အတက်ပြောနိုင်သည်။
'ကြည့်လိုက်ရအောင်'
ချွန်းမြောင်သည် အုတ်ခဲများထဲမှတစ်ခဲကို ဂရုတစိုက် ဆုပ်ကိုင်လိုက်၏။ နှစ်ပေါင်းများစွာဖြတ်သန်းပြီးဖြစ်သဖြင့် အုတ်များသည် တစ်ခုနှင့်တစ်ခု မြဲမြံစွာတွယ်ကပ်နေသည်။ သူက အုတ်တစ်ချပ်ကို မကွဲစေရန် သတိထား၍ အားဖြင့်ဆွဲထုတ်လိုက်သည်။
"ကောင်းလိုက်တာ"
ချွန်းမြောင်သည် အုတ်ခဲကိုဂရုတစိုက်ဆွဲထုတ်ပြီး သူတူးထားသော အပေါက်အတွင်းသို့ ခေါင်းငုံကြည့်လိုက်၏။
"ကောင်းပြီ...ဒီနေရာမှာ...."
ချွန်းမြောင်က ခေါင်းပြန်မော့ပြီး မျက်မှောင်ကြုတ်နေသည်။
အောက်၌ မည်သည့်အရာမျှ ရှိမနေချေ။ သူ မြင်တွေ့ရသမျှသည်.....
အခန်း ၂၄: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၄)B
'မဟုတ်သေးဘူး...အာ...စင်္ကြန်လမ်းလား'
သူ၏လက်သီးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်သည်။
သူ မမှားချေ။ သူ စေ့စေ့စပ်စပ် ရှာဖွေပြီးနောက် တစ်စုံတစ်ခုအား တွေ့ရှိခဲ့သည်။ သူရှာတွေ့သောနေရာသည် သိုလှောင်ရုံမဟုတ်သော်လည်း ထိုနေရာသို့ဦးတည်သွားနိုင်သော လမ်းဖြစ်ပေ၏။ သူ၏အတွင်းအား ကင်းမဲ့နေမှုကြောင့် သိုလှောင်ရုံနှင့်စင်္ကြန်လမ်း၏ကွာခြားချက်ကို ခွဲခြားခြင်းမပြုနိုင်ချေ။
သို့ရာတွင် ဤနေရာအား ရှာတွေ့ခြင်းသည် သိုလှောင်ရုံသို့သွားသည့်လမ်းကို သူ တွေ့ရှိပြီးပြီဟု ဆိုလိုသည်။
'ကောင်းတယ်'
ချွန်းမြောင်က အုတ်ခဲများကို ထပ်မံဖယ်ထုတ်ရန် ကြိုးစားလိုက်သည်။
ရှပ်...
အောက်မှနေ၍ တိုးညှင်းသော ခြေလှမ်းလှမ်းသံတစ်သံ ထွက်ပေါ်နေပေ၏။
'ဟမ်...'
စင်္ကြန်လမ်းကိုဖြတ်၍ တစ်စုံတစ်ယောက် လမ်းလျှောက်နေသဖြင့် ချွန်းမြောင်က ထိတ်လန့်တကြားအော်ဟစ်လိုက်လုနီးပါးပင်။
'ဂိုဏ်းခေါင်းဆောင်လား'
သူက ခေါင်းခါယမ်းပြီး သူဆွဲထုတ်ထားသော အုတ်ချပ်များကို အလျှင်အမြန် ပြန်လည်ဖုံးအုပ်လိုက်သည်။ သို့ရာတွင် ကြီးမားသောပြဿနာ ရှိနေပေ၏။
'သေစမ်း'
အုတ်ခဲများဖယ်ရှားထားရာမှ ဖြစ်သွားသောအက်ကွဲကြောင်းများမှတဆင့် အလင်းရောင်တချို့ ယိုစိမ့်ထွက်နေသည်။ ချွန်းမြောင် ကြောက်စိတ်မွှန်သွားပြီး အုတ်ခဲများအား အလျှင်အမြန်ပြန်လည်ဖုံးအုပ်ကာ သူ၏အသက်ရှုခြင်းကိုပိတ်ဆို့၍ ထိုအပေါ်သို့ သူ၏ခန္ဓာကိုယ်ကို ပစ်လှဲချလိုက်၏။
'ဘာလို့ အခုချိန်ကျမှလဲ"
သူ ဖမ်းမိသွားနိုင်သည်။ သူ ဤနေရာသို့ ရောက်ရှိနေသည်ကိုသာ ဂိုဏ်းခေါင်းဆောင်တွေ့ရှိသွားပါက သူ မည်သည့်စကားမျိုး ပြောဆိုနိုင်အုံးမည်နည်း။
သူ ဖမ်းမိခံ၍မရချေ။
ရှပ်...ရှပ်...
မှောင်မည်းနေသောစင်္ကြန်လမ်းတလျှောက် လမ်းလျှောက်နေသော ခြေလှမ်းသံသည် တစတစနီးကပ်လာပေ၏။
'ဂိုဏ်းခေါင်းဆောင်ပဲဖြစ်ရမယ်'
မှောင်မိုက်သောစင်္ကြန်လမ်းကို ဖြတ်သန်းသွားသော ဂိုဏ်းခေါင်းဆောင်သည် သာမာန်ကာလျှံကာအတိုင်း ဆက်လက်လျှောက်လှမ်းသွားပေ၏။
ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းခေါင်းဆောင်သည် ချွန်းမြောင်ပုန်းအောင်းနေသည့်နေရာကို ဖြတ်သန်းသွားပြီးလေပြီ။ သို့ရာတွင် သူ သက်ပြင်းရဲရဲ မချရသေးချေ။ ဂိုဏ်းခေါင်းဆောင်က နေရာတစ်နေရာအရောက်၌ ရပ်တန့်လိုက်သည်။
'နံရံတစ်ခုလား'
သူ၏မျက်လုံးသည် အမှောင်ထုနှင့်ကျင့်သားရလာသည်နှင့်အမျှ အပေါက်ကိုဖြတ်၍ အတွင်းရှိအရာများကို သူ မြင်နိုင်သည်။ ဂိုဏ်းခေါင်းဆောင် ရပ်တန့်လိုက်သောနေရာ၌ ကြီးမားသောနံရံတစ်ချပ်ရှိနေသည်ကို သူ မြင်လိုက်ရ၏။
'မဟုတ်ဘူး..ဒါက နံရံမဟုတ်ဘူး'
သူ နံရံတစ်ချပ်ဟု ထင်လိုက်သော်လည်း မဟုတ်ချေ။ ရှည်လျားသောစင်္ကြန်လမ်း၏အဆုံး၌ တံခါးတစ်ချပ်ရှိနေသည်။ ဂိုဏ်းခေါင်းဆောင်သည် ထိုနေရာအားကြည့်ပြီး မတ်တတ်ရပ်နေလေ၏။
'ဒီအကြောင်းတွေ သူ အကုန်သိထားတာပဲ'
ချွန်းမြောင် မျှော်လင့်ထားသည့်အတိုင်း ဂိုဏ်းခေါင်းဆောင် သိရှိထားပြီးဖြစ်သည်။
ဂိုဏ်းခေါင်းဆောင်မှလွဲ၍ ဤနေရာအကြောင်းကို မည်သူမျှမသိနိုင်ချေ။ ဖြစ်နိုင်သည်မှာ ဤနေရာသည် ဂိုဏ်းခေါင်းဆောင်အစဥ်အဆက် လက်ဆင့်ကမ်းလာသော လျှို့ဝှက်နေရာဖြစ်နိုင်သည်။ သို့မဟုတ် သူ၏အဆောင်၌ တချိန်လုံးနေနေရင်း မတော်တဆရှာဖွေတွေ့ရှိခြင်းမျိုးဖြစ်နိုင်သည်။
အကယ်၍ ဂိုဏ်းခေါင်းဆောင်သည် သိုလှောင်ရုံနေရာအား မသိနေပါက ထူးဆန်းနေပေလိမ့်မည်။
ဤနေရာသည် စာအုပ်များနှင့်ရတနာပစ္စည်းများအား သိမ်းဆည်းထားသောနေရာဖြစ်ပေမည်။
ထိုအချိန်မှာပင်...
ဂိုဏ်းခေါင်းဆောင်သည် သူ၏လက်ကိုညင်သာစွာမြှောက်၍ တံခါးအားတို့ထိလိုက်သည်။ အဖိုးတန်အရာတစ်ခုကို ထိတွေ့ခံစားနေသကဲ့သို့ သူ၏လက်ချောင်းထိပ်ဖြင့် တံခါးအား ပွတ်သပ်ကြည့်နေသည်။
'သူ ဘာလုပ်နေတာလဲ'
ထိုလှုပ်ရှားမှုသည် အဓိပ္ပါယ်မရှိချေ။ သို့ရာတွင် ဂိုဏ်းခေါင်းဆောင်၏ဘေးပတ်လည်ရှိ လေထုသည် မှုန်မှိုင်းနေပြီး သူ၏အဓိပ္ပါယ်မရှိသော လှုပ်ရှားမှုသည် တချို့ရည်ရွယ်ချက်များအား သယ်ဆောင်ထားပုံရသည်။
သူက တံခါးကိုထိကြည့်ပြီး သူ၏ခေါင်းကိုအောက်ငုံကာ ထိုပုံစံအတိုင်း အချိန်အတော်ကြာ နေနေခဲ့သည်။
ချွန်းမြောင် သိနားလည်သွားလေပြီ။ သူ တစ်စုံတစ်ခု ပြုလုပ်နေခြင်းမဟုတ်ဘဲ သူ မည်သည့်အရာကိုမျှပြုလုပ်နိုင်မှုမရှိခြင်းပင်။
ချွန်းမြောင်သည် သူ ပြောခဲ့သောစကားလုံးများကို ပြန်ရုတ်သိမ်းလိုက်မိ၏။
ကျဥ်းမြောင်းတယ်...
အားနည်းတယ်...
ဟွာဆန်းဂိုဏ်းခေါင်းဆောင်၏နောက်ကျောပြင်သည် အစဥ်အမြဲ ကျယ်ပြန့်ပြီး နွေးထွေးနေသင့်သည်။ သို့ရာတွင် ယခုမူကား ဤလူကြီး၏နောက်ကျောပြင်သည် တာဝန်ဝတ္တရားများပိနေသော ရွာလူကြီးတစ်ယောက်ကဲ့သို့ ညွတ်ကွေးနေပေ၏။
သူသည် ကျဥ်းမြောင်းသောနောက်ကျောပြင်အား မည့်သူကိုမျှ အမြင်မခံဘဲ ဤစင်္ကြန်လမ်းအတွင်းမှသာ သူ၏အားနည်းချက်ကို ပြသထားသည်။ ပြင်ပလောကတွင် သူ၏အားနည်းမှုကို မည်သူကိုမျှမြင်တွေ့ခွင့်မပြုချေ။
ချွန်းမြောင်သည် ထိုလူအိုကြီး၏တုန်ရီနေမှုကို ခံစားနိုင်သည်။
ဟူး...
ယခု သူ နားလည်သဘောပေါက်သွားလေပြီ။
'သူ မဖွင့်နိုင်ဘူးပဲ'
ချွန်းမြောင်က နှုတ်ခမ်းကိုက်လိုက်မိ၏။ လူအိုကြီး၏နောက်ကျောပြင်သည် အေးစက်ပြီးနာကျင်မှုကို ဖော်ပြနေသည်။
ဟွာဆန်း ပြိုလဲခဲ့သည်။ ဂိုဏ်း၏နာမည်ဂုဏ်သတင်း ပျက်ပြားသွားပြီး ချမ်းသာကြွယ်ဝမှုမျိုးလည်း ဆုံးရှုံးခဲ့ရသည်။ ဂိုဏ်း၏လက်အောက်ခံလူများသည် ဂိုဏ်းအား အကျဥ်းအကျပ်ရောက်သည်အထိ တွန်းပို့နေပြီး ဂိုဏ်း၌ ကျန်ရှိသောအရာအနည်းငယ်ကိုပင် လိုချင်တပ်မက်နေကြ၏။ ထိုလူများသည် တစ်နေ့ထက်တစ်နေ့ ပို၍လိုချင်မက်မောလာကြပြီး သူတို့၏ဓားများသည်လည်း ပို၍ချွန်ထက်လာသည်။
ဤအချိန်တစ်ချိန်လုံး သူ မည်မျှထိ စိတ်ဓာတ်ကျနေခဲ့သနည်း။
သူ၏သက်တမ်းတလျှောက်တွင် ဟွာဆန်းပြိုလဲသည်ကို စောင့်ကြည့်ရုံမှလွဲ၍ မည်သည့်အရာကိုမျှမပြုလုပ်နိုင်သော ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေဖြင့် မည်မျှထိ သူ စိတ်ပျက်နေမည်နည်း။
သို့ရာတွင် လူအိုကြီးသည် ဤအကြောင်းများကို မည်သူကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမပြုနိုင်ချေ။ အကြောင်းအရင်းမှာ သူသည် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ တခြားသူများက သူ့အားမှီခိုနေရသည်။ သူ၏ဝန်ထုပ်ဝန်ပိုးများအား တခြားသူများပေါ်သို့ တင်ဆောင်ပေး၍မရသောလူတစ်ယောက် ဖြစ်နေပေ၏။
အရာအားလုံးပြိုလဲသွားလျှင်ပင် ဂိုဏ်းခေါင်းဆောင်သည် မြေကြီးအတွင်း၌အမြှစ်များ မြဲမြံစွာကုပ်တွယ်ထားသည့် ဧရာမသစ်ပင်ကြီးတစ်ပင်ကဲ့သို့ တခြားသူများအား မားမားမတ်မတ်ထောက်ပံပေးနိုင်ရပေမည်။
ထို့ကြောင့်...
သူသည် ဤနေရာ၌ နာကျင်မှုနှင့်ဝမ်းနည်းမှုကို ဖြေသိမ့်နိုင်ရန် တစ်ကိုယ်တည်း နည်းလမ်းရှာကြံနေရ၏။
သူ၏မျှော်လင့်ချက်များ ဆုပ်ကိုင်ထားသည့် ဤတံခါးကို ဆုပ်ကိုင်ထားသော်လည်း ဖွင့်ရန် သူ မတက်နိုင်ချေ။
ချွန်းမြောင်သည် ဂိုဏ်းခေါင်းဆောင်၏နောက်ကျောအား စူးစိုက်ကြည့်နေမိသည်။ သူ၏မျက်လုံးအတွင်း၌ လူအိုကြီး၏ပုံရိပ် စွဲထင်နေပေ၏။
ဂိုဏ်းခေါင်းဆောင်သည် အချိန်တခဏကြာ မလှုပ်မယှက်နေနေပြီးနောက် သူ၏ခေါင်းကိုမော့လိုက်သည်။
သူသည် တံခါးအား ပေါက်ထွက်လုမတက် စူးစိုက်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ နောက်သို့ပြန်လှည့်လိုက်သည်။ သူက စင်္ကြန်လမ်းမှတဆင့် တရွေ့ရွေ့ပြန်လည်ထွက်ခွါသွားတော့သည်။
ချွန်းမြောင်သည် ဂိုဏ်းခေါင်းဆောင်၏တည်ရှိမှု အပြည့်အဝပျောက်ကွယ်သွားချိန်ထိ သူ၏အသက်ရှုနှုန်းကို ထိန်းထားခဲ့သည်။ ထို့နောက် အုတ်ချပ်များကို ပြန်မပြီး အတွင်းသို့ ဖြည်းညှင်းစွာခုန်ဆင်းလိုက်၏။
သူ မမြင်လိုသောအရာတစ်ခုကို ဆန္ဒမရှိဘဲ သူ မြင်တွေ့ခဲ့ရသည်။
'ဒါတွေအားလုံးက ငါ့ရဲ့အပြစ်ပဲ'
သူသာမက သူ၏ခေတ်ကာလအတွင်းရှိ တခြားသူများလည်း အပြစ်ရှိပေသည်။ လောကကြီး၏အနာဂတ်သည် အရေးကြီးသော်လည်း ဟွာဆန်းဂိုဏ်း၏အနာဂတ်သည်လည်း အရေးပါသည်။ နတ်ဆိုးကောင်အား နှိမ်နင်းရန်မှာ အရေးကြီးသော်လည်း နောက်၌ကျန်ရစ်ခဲ့မည့် မျိုးဆက်သစ်ကလေးများအတွက်လည်း တွေးတောခဲ့သင့်သည်။
"အခုချိန်က အရမ်းနောက်မကျသေးပါဘူး"
အကယ်၍ အမှားရှိခဲ့လျှင် သူ ပြင်ဆင်၍ရသည်။ ယခုချိန်မှစ၍ ချွန်းမြောင်သည် ဟွာဆန်း၏ဆုံးရှုံးသွားသောအရာများအားလုံး ပြန်လည်ရရှိရန် ကူညီရပေမည်။
"ကောင်းပြီ...ဒါဆိုရင်..."
ချွန်းမြောင်က တံခါးအား ကြည့်လိုက်သည်။
"ငါ ဒီသောက်ရေးမပါတဲ့တံခါးကို အရင်ဆုံးဖွင့်လိုက်ရမလား"