← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း ၂၅: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၅)A

"အဲ့ဒါမတိုင်မီ ငါ ပတ်ဝန်းကျင်ကို အရင်ဆုံးစစ်ဆေးရမယ်'

ချွန်းမြောင်သည် ခေါင်းခါယမ်းပြီး တံခါးအနီးမှထွက်ခွါလိုက်၏။ သူ တံခါးဖွင့်လိုက်သည်နှင့် အသက်ဝင်လာနိုင်သည်ကို ရှောင်ရှားနိုင်ရန် သူ အသေအချာပြုလုပ်ရပေမည်။

သူ၏ဆရာတူအကိုအကြောင်း သူ ကောင်းစွာသိရှိသည်။ ထိုလူအိုကြီးသည် သူကိုယ်တိုင်မှလွဲ၍ တခြားသူများ မဝင်ရောက်နိုင်ရန် ထောင်ချောက်များ တပ်ဆင်ထားပေလိမ့်မည်။ ဆရာတူအကိုသည် စေ့စပ်လွန်းသော သူတောင်းစားကြီးဖြစ်ပေ၏။

'ငါ ထူးထူးဆန်းဆန်း ဘာတစ်ခုမှ မမြင်မိဘူး'

ချွန်းမြောင်၏အကြည့်သည် စင်္ကြန်လမ်း၏ထိပ်ရှိ အပေါက်တစ်ခုအပေါ်သို့ ကျရောက်သွားသည်။ ထိုအရာကိုကြည့်ရသည်မှာ ရှိသင့်သောစက်ပစ္စည်းတချို့ ပျောက်ဆုံးနေပုံရသည်။

ထိုအပေါက်သည် ကလေးတစ်ယောက်၏လက်သီးဆုပ်ပမာဏခန့် ကြီးမားသည်။ အပေါက်တစ်ပေါက်တည်းမဟုတ်ဘဲ အကွာအဝေး အတိတကျ ခြားနားထားသော အပေါက်ငယ်များစွာရှိနေသည်။

ထွီ..

မူလက ထိုနေရာသည် မီးတိုင်များထားရှိသောနေရာဖြစ်ပေမည်။ ဤစင်္ကြန်လမ်းသည် ယခုကဲ့သို့ မှောင်မိုက်နေရမည့်အစား တောက်ပစွာလင်းလက်နေသင့်သည်။

ဂိုဏ်း၌ငွေကြေးနည်းပါးလာချိန်တိုင်း များပြားလာသောအကြွေးများကိုကာမိရန် မီးတိုင်တစ်ခုပြီးတစ်ခု ဖြုတ်၍ရောင်းစားခဲ့ပေမည်။ စင်္ကြန်လမ်းသည် တဖြည်းဖြည်း မှောင်မည်းလာပြီး ဂိုဏ်းသည် စိန်ခေါ်မှုတစ်ခုနှင့်ရင်ဆိုင်ရတိုင်း မီးတိုင်၏အလင်းရောင်များ လျော့ပါးပျောက်ကွယ်သွားတော့သည်။

ဂိုဏ်းခေါင်းဆောင်သည် မှောင်မည်းနေသော စင်္ကြန်လမ်းအတွင်းသို့ ဝင်ရောက်လာချိန်တိုင်း မည်သည့်အရာအား တွေးတောနေခဲ့သနည်း။ မီးတိုင်များ ရောင်းချလိုက်ခြင်းကြောင့် ဟွာဆန်း၏မျှော်လင့်ချက်များ ဆိတ်သုဥ်းသွားရသလော။ ဤစင်္ကြန်လမ်းမှ အလင်းရောင် တဖြည်းဖြည်းမှေးမှိန်လာသည်နှင့်အမျှ ဟွာဆန်း ဆက်လက်ရှင်သန်ရေး ဖြတ်တောက်ခံရတော့မည်ဟု သူ တွေးတောနေခဲ့သလော။

ဟူး...

ချွန်းမြောင်က ခေါင်းကုတ်လိုက်သည်။

"ငါ မမြင်လိုက်ရရင် ပိုကောင်းလိမ့်မယ်"

လေးလံတယ်...အရမ်းကြီး လေးလံတယ်...

သူ ထိုအရာအား သိရှိပေ၏။ အကြောင်းအရင်းမှာ သူသည် အရူးတစ်ယောက် မဟုတ်ခြင်းကြောင့်ပင်။ ဂိုဏ်းခေါင်းဆောင်နှင့်ဆရာတူအကိုများသည် သူတို့ထမ်းပိုးထားရသော ဝန်ထုပ်ဝန်ပိုးကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း သူတို့ မည်သို့ခံစားနေရမည်ကို ချွန်းမြောင် ခန့်မှန်းနိုင်၏။ သူတို့အားလုံး ညအချိန်ပုံမှန် အိပ်စက်နိုင်ပုံပင်မရချေ။ သူတို့၏မျိုးဆက်တွင် ဟွာဆန်း၏အမည်နာမ တဖြည်းဖြည်းကျဆင်းလာရသည်ဟူသောအချက်က သူတို့၏စိတ်နှလုံးသားများအား လေးလံစွာဖိစီးထားသည်။

ထို့ပြင် သူတို့၏ဘဝသက်တမ်းတလျှောက်လုံး ဤဖိအားများအောက်၌ အသက်ရှင်နေထိုင်ခဲ့ရ၏။

'ဒါက မမျှတဘူး'

လူတစ်ယောက်အဖို့ ဤကဲ့သို့ကိစ္စများအား တစ်ကိုယ်တည်း သယ်ဆောင်ထားရသည်မှာ ခက်ခဲလှ၏။ ချွန်းမြောင် ဇီးပန်းပွင့်ဓားသူတော်စင်အဖြစ် လူသိများကျော်ကြားခဲ့စဥ်တွင် ဟွာဆန်း၏အမည်နာမနှင့်ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ခဲ့သည်။ သို့ရာတွင် ဟွာဆန်း၏အမည်နာမသည် ချွန်းမြောင်၏အချိန်ကောင်းများမတိုင်မီ ရှေးပဝေသဏီကပင် ခမ်းနားကြီးကျယ်ခဲ့ပြီးဖြစ်သည်။

ချွန်းမြောင်က တောက်တစ်ချက်ခေါက်ပြီး တံခါးအနီးသို့သွားလိုက်သည်။ သူ ငုတ်တုတ်ထိုင်၍ ညည်းညူမှုပြုလုပ်ပြီးဖြစ်သည်။ ယခု တံခါးအား ကြိုးစားဖွင့်ကြည့်ရန် အချိန်သို့ရောက်ရှိလေပြီ။

"ဒါပေမယ့်...ငါ ဒါကို ဘယ်လိုဖွင့်ရမှာလဲ"

ချွန်းမြောင်က ခေါင်းကို ဘယ်ညာတိမ်းစောင်းလိုက်၏။ တံခါး၌ မည်သည့်လက်ကိုင်မျှ ရှိမနေချေ။ တံခါးအလယ်ရှိ ဆက်ကြောင်းရှည်တစ်ခုကသာ ထိုအရာသည် တံခါးတစ်ချပ်ဖြစ်ကြောင်း သူ့အား သိရှိစေသည်။ ထိုဆက်ကြောင်းသာမရှိပါက နံရံတစ်ချပ်သာဖြစ်နေပေမည်။

"ဒီအစင်းကြောင်းတွေက ဘာတွေလဲ"

အလယ်ဗဟိုရှိ ရှည်လျားသောဆက်ကြောင်းသည် တံခါးဟုဖော်ပြနေသော အမှတ်သင်္ကေတဖြစ်သည်။ ထိုသို့ဆိုလျှင် ရှုပ်ယှက်ခတ်နေသော အလျှားလိုက်နှင့်ဒေါင်လိုက် အစင်းကြောင်းများသည် မည်သည့်အရာများဖြစ်သနည်း။ ထိုအရာများကိုကြည့်ရသည်မှာ တစ်စုံတစ်ယောက်သည် ဓားပညာကိုလေ့ကျင့်ရန် နံရံအဖြစ် အသုံးပြုထားပုံရသည်။

"ဒါက တကယ်ပဲ တံခါးတစ်ချပ်လား"

ချွန်းမြောင်သည် သူ၏လက်ကို နံရံလော တံခါးလော မသိရသေးသောနေရာပေါ်သို့ တင်ပြီး အတွင်းသို့ သူ၏စွမ်းအားကို ထည့်သွင်းလိုက်၏။ သို့သော် အချိန်တခဏအကြာမှာပင် သူက လက်လွှက်၍ နောက်ပြန်ဆုတ်လိုက်သည်။

"ရူးချင်စရာပဲ"

စွမ်းအားများ ဝင်ရောက်နိုင်ခြင်းမရှိချေ။ သာမာန်နံရံတစ်ချပ်သာဖြစ်ပါက ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပျက်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဤတံခါး၏နောက်၌ တစ်စုံတစ်ခုရှိနေသည်။

'နှစ်တစ်ထောင် အေးစက်သံလား'

အနည်းဆုံး တစ်လက်မခန့်ထူထဲပေ၏။

"ဒါကြောင့် ငွေတွေအားလုံး ကုန်ဆုံးသွားတာနေမယ်"

အဖိုးတန်ရှားပါးသောသံဖြင့် သိုလှောင်ရုံတံခါး တည်ဆောက်ခြင်းသည် အလွန်အကုန်အကျများပေမည်။

"ဒါကြောင့် ဂိုဏ်းခေါင်းဆောင် ဒါကိုဖွင့်ဖို့ စဥ်းတောင်မစဥ်းစားနိုင်တာပဲ"

ဤအရာသည် လောကကြီးအတွင်းရှိ အကောင်းဆုံးသတ္တုပင်။ ထိုသတ္တုရိုင်းမှ သွန်းလုပ်ထားသောဓားတစ်လက်သည် ရတနာဓားတစ်လက် ဖြစ်ပေလိမ့်မည်။ ထိုသတ္တုဖြင့်ပြုလုပ်ထားသော ချပ်ဝတ်တစ်ခုသည်လည်း မယုံနိုင်သည်အထိ ခုခံမှုအားကောင်းသော ပြိုင်ဘက်ကင်းသံချပ်ကာအဖြစ်သို့ ပြောင်းလဲသွားပေမည်။

ထိုအရာသည် အလေးချိန်တူသောရွှေထက်ပင် အဖိုးများစွာပို၍ထိုက်တန်သော ရှားပါးရတနာဖြစ်ပေ၏။ မည်သည်ကြောင့် သိုလှောင်ရုံအား ဤကဲ့သို့သတ္တုမျိုးနှင့် တည်ဆောက်ထားခဲ့သနည်း။

ဟူး...

သူ၏တွေးတောရမှုကို အမှီပြုပါက ထိုအရာသည် ရူးသွပ်မိုက်မဲပုံရသည်။ သို့ရာတွင် ဤလုပ်ရပ်တစ်ခုတည်းမှနေ၍ ဂိုဏ်းခေါင်းဆောင်၏အကျင့်စရိုက်ကို ရှုမြင်နိုင်ပေ၏။ ဤကဲ့သို့အဖိုးတန်သတ္တုမျိုးအား တံခါးအဖြစ် အသုံးပြုထားခဲ့သည်။

ချွန်းမြောင်သည် လက်ရှိဂိုဏ်းခေါင်းဆောင် မည်သည်ကြောင့် ဤနေရာအား မဖွင့်နိုင်သည်ကို နားလည်သွားပေ၏။ နှစ်တစ်ထောင်အေးစက်သံသည် လောကကြီးအတွင်း၌ မာကျောမှုအရှိဆုံးသတ္တုဖြစ်သည်။ ချွန်းမြောင်ပင်လျှင် ထိုသံအား ဖြတ်တောက်ခြင်း မပြုနိုင်ချေ။

အကယ်၍ ဤသတ္တုသည် တစ်လက်မအထူခန့်ရှိနေပါက ဖြတ်တောက်နိုင်ရန် သူ၏နည်းစနစ်များကို အသုံးပြုရမည်ဖြစ်ရာ အတိတ်ရှိ သူ၏အထွတ်အထိပ်အခြေအနေထိ ပြန်ရောက်သွားမှသာ ရပေလိမ့်မည်။ ထို့ကြောင့် ယခုချိန်တွင် ဤတံခါးအား ပိုင်းဖြတ်လိုပါက လောကကြီးအတွင်း၌အကောင်းဆုံးဓားသမား သို့မဟုတ် ထိုလူစားမျိုးနှင့် တန်းတူအရည်အချင်းရှိသည့်လူမျိုးသာ ရပေမည်။

သို့ရာတွင် ထိုကဲ့သို့ထိပ်သီးကျင့်ကြံသူတစ်ယောက်သည် သိုလှောင်ရုံတံခါးကိုဖွင့်ပြီးနောက် အတွင်းရှိပစ္စည်းများကို တို့ထိခြင်းမရှိဘဲ ထွက်ခွါသွားမည်လော။

'လုံးဝ မဖြစ်နိုင်ဘူး'

ထက်မြက်မှုကင်းမဲ့နေသော ဟွာဆန်းသည် လွယ်လင့်တကူ အမြတ်ထုတ်နိုင်သောနေရာပင်။ ထို့ကြောင့် စွမ်းအားရှိသူများသည် ဟွာဆန်းအား ထည့်သွင်းစဥ်းစားခြင်းမပြုဘဲ သူတို့အလိုရှိသမျှအား ယူဆောင်သွားနိုင်သည်။

အကယ်၍ ပြင်ပမှလူစိမ်းများကိုသာ လက်လွတ်စပါယ်အကူအညီတောင်းလိုက်ပါက ဟွာဆန်းသည် အလုံးစုံပျက်သုဥ်းခြင်းနှင့် ရင်ဆိုင်ရပေမည်။

'ဂိုဏ်းခေါင်းဆောင်ရဲ့ရွေးချယ်မှုက အမှားမရှိဘူး...လက်ရှိနိမ့်ပါးနေတဲ့ အခြေအနေကိုရှောင်ရှားဖို့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ကို ခေါ်လိုက်တာက ဝံပုလွေကိုရှောင်ချင်လို့ ကျားကိုခေါ်သွင်းလိုက်သလိုဖြစ်သွားမယ်'

သိုလှောင်ရုံအတွင်း၌ ရှိသောအရာသည် ဂိုဏ်းအတွက်မရှိမဖြစ် အရေးပါနေသော်လည်း သိုလှောင်ရုံအား တည်ဆောက်ထားသော သတ္တုပင်လျှင် ရုန်းရင်းဆန်ခတ်မှုကို ဆွဲဆောင်နိုင်သောအရာဖြစ်နေသည်။ ဤသတင်းအချက်အလက်ကိုသာ လူသိရှင်ကြား ထုတ်ပြန်လိုက်ပါက ထောင်နှင့်ချီသော သူခိုးဓားပြများကို ရောက်ရှိလာစေပေမည်။

"ပြဿနာက...ငါ ဒါကို မဖြတ်တောက်နိုင်တာပဲ...."

ချွန်းမြောင်၏မျက်နှာ အနည်းငယ်ရှုံမဲ့နေသည်။ အကယ်၍ အတိတ်ရှိသူသာဆိုပါက လက်ဗလာသက်သက်ဖြင့်ပင် ဤတံခါးအားဖွင့်နိုင်သည်။ သူသည် အတိတ်တွင် ဓားပညာ၏အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။

"ကိစ္စမရှိပါဘူး"

သူ၏အတိတ်ဘဝအကြောင်း အတွေးများအားလုံးကို ဖယ်ထုတ်လိုက်သည်။

ချွန်းမြောင်သည် နံရံပေါ်ရှိ အမှတ်သင်္ကေတများကို ကြည့်လိုက်၏။ ဤနေရာသည် တံခါးတစ်ချပ်ဖြစ်ပြီး သူ၏ဆရာတူအကို ဝင်ထွက်သွားလာနိုင်သဖြင့် ဖွင့်ရန်နည်းလမ်းတစ်ခု ရှိရပေမည်။

ဆရာတူအကိုဂျန်မွန်းသည် ချွန်းမြောင်ထက်ပို၍ သန်မာအားကောင်းခြင်း မရှိချေ။ ထို့ကြောင့် သူ၏နည်းလမ်းမှာ.....

"အမ်...ဒါက...."

ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့် ဓားနည်းစနစ် ဖြစ်နေသလော။

နံရံပေါ်က အမှတ်သင်္ကေတတွေ...မဟုတ်သေးဘူး...ဒါက ဓားတစ်ချောင်းကလာတာ....

တချို့အမှတ်သင်္ကေတများသည် ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်နှင့် ဆင်တူယိုးမှားရှိသည်။ သဲလွန်စတစ်ခု ရှာဖွေတွေ့ရှိခဲ့သဖြင့် တခြားအမှတ်သင်္ကေတများကိုလည်း သူ ကောင်းစွာမှတ်မိနိုင်သည်။

"ဒါက မျှခြေဓားနည်းစနစ်...ပြီးတော့ ဒီတစ်ခုက ဇီးပန်းပွင့်ဓား"

တိမ်သောဖြတ်တောက်ရာမှသည် နက်ရှိုင်းသောဖြတ်တောက်ရာအထိ အစင်းကြောင်းများရှိနေသည်။

ဤတံခါးပေါ်၌ရေးထွင်းထားသည်မှာ ဟွာဆန်းမှတပည့်များ၏ ပြိုင်ဘက်ကင်းနည်းစနစ်များပင်။

'ဒါကြောင့် ဂိုဏ်းခေါင်းဆောင် မဖွင့်နိုင်တာပဲ'

အကြောင်းအရင်းမှာ ဇီးပန်းပွင့်ဓားသည် ဂိုဏ်းမှပျောက်ကွယ်သွားသော ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်ကို ဆိုသည်။ တံခါးပေါ်ရှိ ဖြတ်တောက်ရာများမှတဆင့် ဓားနည်းစနစ်ကို သိရှိနိုင်သော်လည်း ဂိုဏ်းခေါင်းဆောင်သည် ထိုနည်းစနစ်များကို နားလည်သဘောပေါက်ပြီး သင်ယူနိုင်မည်မဟုတ်ချေ။

"ဒီ အတိမ်အနက်က..."

ချွန်းမြောင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ထိုအမှတ်သင်္ကေတများသည် မျှခြေဓားနည်းစနစ်နှင့် ဝါးရွက်ဓားနည်းစနစ်တို့ဖြင့် စတင်ခဲ့ပြီး ထို့နောက်တွင် ဇီးပန်းပွင့်နှစ်ဆယ့်လေးပွင့်ဓားနည်းစနစ်ရှိနေသည်။

အခန်း ၂၅: မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား (၅)B

ထိုအရာသည် ဤတံခါးအားဖွင့်ရန်နည်းလမ်း ဖြစ်ပေ၏။ အကယ်၍ ဓားနည်းစနစ်များကို လမ်းကြောင်းများတလျှောက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလိုက်ပါက တံခါးအလိုလိုပွင့်လာပေမည်။ ဤကဲ့သို့အရာမျိုးအား မည်သို့ဖန်တီးခဲ့သည်ကို ချွန်းမြောင် နားမလည်ချေ။

သို့ရာတွင် ပြဿနာအား ဖြေရှင်းနိုင်လေပြီ။ ယခုလက်ရှိအချိန်၌ ပြဿနာတစ်ရပ်သာ ဖြေရှင်းရန်ကျန်တော့သည်။

"ငါ ဘယ်လိုလုပ်ရမလဲ"

အကယ်၍ အတိတ်တွင်သာဖြစ်ပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ချေ။ သူ မဟုတ်လျှင်ပင် အတိတ်ရှိ ဟွာဆန်းမှ မည်သည့်တပည့်မဆို ဤတံခါးအား အခက်အခဲမရှိ ဖွင့်နိုင်ပေမည်။ သို့ရာတွင် လက်ရှိချွန်းမြောင်သည် ဓားနည်းစနစ်အား ကောင်းစွာသင်ယူရခြင်းမရှိသေးသော ကလေးတစ်ယောက်ဖြစ်နေသည်။

သူ ဓားအစင်းရာများအား ဖော်ဆောင်နိုင်၏။ သို့ရာတွင် ဓားနည်းစနစ်များ ဆက်တိုက်ထုတ်ရန် လိုအပ်သော စွမ်းအင်ပမာဏမှာ သူ့အတွက်မဖြစ်နိုင်ချေ။

ဟူး...

ချွန်းမြောင်က ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

'မဖြစ်နိုင်တာ မရှိဘူး"

အကယ်၍ မဖြစ်နိုင်သောအရာရှိနေလျှင် သူ ဖြစ်အောင်လုပ်ရပေမည်။ လောကကြီးအတွင်း၌ ဖြေရှင်း၍မရသော ပြဿနာဟူ၍မရှိချေ။

ချွန်းမြောင်က အံ့တင်းတင်းကြိတ်ပြီး သူ၏လက်နှစ်ဖက်ကို သူ၏ဒန်တျန်ပေါ်သို့ တင်လိုက်သည်။

"ငါ တကယ့်ကို ဒီလိုမျိုးမလုပ်ချင်ဘူး"

ဤနည်းလမ်းဖြင့် သူ မဖြေရှင်းလိုချေ။ သူ၏စွမ်းအားများကို အလွန်အကျွံအသုံးပြုရန်လည်း ဆန္ဒမရှိပေ။ သို့ရာတွင် ဤသည်က သူ စဥ်းစား၍ရသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်နေပေ၏။

'ဒါပြီးရင်တော့ ငါ ပြန်ကောင်းဖို့ တစ်လလောက်ကြာမယ်ထင်တယ်"

ချွန်းမြောင်က တွေဝေစဥ်းစားပြီးနောက် ဒန်တျန်၏အနက်ရှိုင်းဆုံးအပိုင်းတွင်ရှိနေသော သူ၏မူလချီကို ဖိနှိပ်လိုက်သည်။

အစစ်အမှန်မူလချီ...

လူသားတိုင်း မွေးဖွားလာစဥ်ကတည်းက ရှိခဲ့သောစွမ်းအားမျိုးပင်။

ထိုအရာသည် ကျင့်ကြံရာမှရရှိလာသော အတွင်းအားစွမ်းအင်မျိုးနှင့် ကွဲပြားခြားနားပေ၏။ အကယ်၍ လူတစ်ယောက်သည် အတွင်းအားစွမ်းအင်များကို အကုန်အစင်အသုံးပြုလိုက်လျှင်ပင် ထိုလူ သေဆုံးမည်မဟုတ်ချေ။ ထိုသူသည် ကူကယ်ရာမဲ့မှုနှင့်အားနည်းမှုတို့ကို ခံစားရနိုင်သော်လည်း သူ၏ဘဝကို အနှောက်အယှက် ဖြစ်စေမည်မဟုတ်ပေ။ အကြောင်းအရင်းမှာ ထိုစွမ်းအားသည် လူသားများက ကျင့်ကြံခြင်းမှ ရရှိလာသောအရာဖြစ်ခြင်းကြောင့်ပင်။

သို့ရာတွင် အစစ်အမှန်မူလချီကမူ ကွဲပြားခြားနားပေ၏။

အစစ်အမှန်မူလချီကုန်ခမ်းသွားသူတစ်ယောက်သည် သူ၏အသက်အား ကြာရှည်ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။ တခြားတစ်နည်းပြောင်းဆိုရလျှင် အစစ်အမှန်မူလချီသည် လူသားများအတွက် မရှိမဖြစ်လိုအပ်သောအရာဟုဆိုနိုင်သည်။

သိုင်းပညာအထွတ်အထိပ်သို့ရောက်ရှိနေသူများသည် အစစ်အမှန်မူလချီကို သူတို့၏ကိုယ်ပိုင်ခွန်အားအဖြစ် အသုံးပြုနိုင်သည်။ သို့ရာတွင် သူတို့၏အသက်ကို ထိန်းသိမ်းနိုင်ရန်အတွက် အစစ်အမှန်မူလချီ တည်ရှိနေခြင်းဖြစ်သည်။ အစစ်အမှန်မူလချီ၏စွမ်းအားကို အသုံးပြုနိုင်ရန် တန်ကြေးတစ်ခု ပေးချေရပေမည်။

အစစ်အမှန်မူလချီအား အလွန်အကျွံအသုံးပြုပါက အသက်ဆုံးရှုံးသွားနိုင်သည်။

အကယ်၍ ထိုစွမ်းအားကို သတိထား၍အသုံးပြုလျှင်ပင် အတိုင်းအတာတစ်ခုထိ ထိခိုက်နစ်နာစေပြီး ထိုလူသည် လပေါင်းများစွာကြာသည့်တိုင် ပုံမှန်ဘဝဖြင့် နေထိုင်နိုင်မည်မဟုတ်ချေ။

'ငါ နည်းနည်းလေးပဲ သုံးမှာ...တကယ်ပါ...ဒါက နည်းနည်းလေးပါပဲ'

အကယ်၍ ဟွာဆန်းအား မကယ်တင်နိုင်မီ သူ သေဆုံးသွားပါက မည်သို့အဓိပ္ပါယ်ရှိတော့မည်နည်း။

ယခုလက်ရှိအချိန်၌ ချွန်းမြောင်သည် ဟွာဆန်းတွင် ပုန်းအောင်းနေသည့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်သည်။

'ငါ အစစ်အမှန်မူလချီကို နှိုးဆွပြီး အများကြီးထုတ်မသုံးမိအောင် သေချာလုပ်ရမယ်...သုံးဖို့လုံလောက်ရင်တော်ပြီ...လုံလောက်ရုံလေးပဲ'

ချွန်းမြောင်၏အစစ်အမှန်မူလချီသည် ငုတ်လျှိုးနေရာမှ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ သူက ထိုစွမ်းအားများအား ဒန်တျန်အတွင်းသို့ တွန်းပို့လိုက်၏။

'ဒါက ငါတွေးထားတာထက် နည်းနည်းပိုများတယ်'

ချွန်းမြောင်သည် သူ၏အတွေးများကို ဖယ်ထုတ်ပြီး ဓားကိုဆုပ်ကိုင်လိုက်၏။

ဒါ ဖြစ်နိုင်မလား....

ဒါက...

အစစ်အမှန်မူလချီနှင့်အတွင်းအားစွမ်းအင်တို့ ရောယှက်နေသည့် ခမ်းနားကြီးကျယ်သောစွမ်းအားက ချွန်းမြောင်၏ခန္ဓာကိုယ်တလျှောက် စီးဆင်းသွားသည်။ ထိုစွမ်းအားသည် သူ၏အားနည်းသောခန္ဓာကိုယ်တလျှောက် ဖြတ်သန်းစီးဆင်းနေသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

အီး...

ညည်းညူသံတစ်သံက ချွန်းမြောင်၏နှုတ်ခမ်းမှ လွတ်ထွက်သွားသည်။ သူ၏ဆုံးဖြတ်ချက်ကိုပင် သံသယပြန်ဝင်လာသည်အထိ ကြောက်မက်ဖွယ်နာကျင်မှုကို သူ ခံစားနေရ၏။

'တစ်ခါတည်းပဲ...ငါ ဒီတစ်ခါပဲလုပ်ဖို့ လိုအပ်တာ'

သူ၏လက်ချောင်းထိပ်မှနေ၍ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။

ဤဘဝတွင် သူသည် သိုင်းပညာရပ်များအား သင်ယူထားခြင်းမရှိချေ။ သူ၏အတိတ်မှမှတ်မိသည်များကို အတူယူ၍ ပြန်လည်အသုံးချရုံသက်သက်ပင်။ ကလေးတစ်ယောက်၏ခန္ဓာကိုယ် ဖြစ်နေခြင်းကြောင့် ပို၍ပင် ရင်းနှီးကျွမ်းဝင်မှုမရှိသကဲ့သို့ ခံစားနေရသည်။

ချွန်းမြောင်၏လက်သည် အလင်းတန်းတစ်ခုကဲ့သို့ လေထုအား ဖြတ်သန်းသွားသည်။

ဝိုးတဝါးခရမ်းရောင်အလင်းတန်းသည် နံရံအား ထွင်းဖောက်သွားပေ၏။

ဂျစ်...ဂျစ်...

နံရံအား ကုတ်ခြစ်နေသည့်အသံများ စင်္ကြန်လမ်းအတွင်း၌ ပဲ့တင်ထပ်နေသည်။ ချွန်းမြောင်သည် ဤကဲ့သို့နောက်တစ်ကြိမ် ထပ်မလုပ်နိုင်တော့သဖြင့် တံခါးအား တစ်ကြိမ်တည်းဖြင့်ဖွင့်နိုင်ရန် ကြိုးပမ်းနေရ၏။ သူ၏လုပ်ဆောင်ချက်များ နှေးကွေးနေသည့်တိုင် သူ၏ခန္ဓာကိုယ်အခြေအနေအား ကျေးဇူးတင်နေရသည်။

ဂျစ်..

သူ လှုပ်ရှားလိုက်ချိန်တိုင်း အလွန်နာကျင်သည်။ သို့ရာတွင် ချွန်းမြောင်သည် ရပ်တန့်ခြင်းမရှိဘဲ သူ၏လက်လှုပ်ရှားမှုကို ထိန်းသိမ်းထားသည်။ သူ အလွန်အကျွံ လှုပ်ရှားနေသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ကြွက်သားများကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားနေရသည်။ သူ၏မျက်နှာသည်လည်း အချိန်မရွေး ပေါက်ကွဲသွားတော့မည်ကဲ့သို့ နီမြန်းနေပေ၏။

'ငါက ဇီးပန်းပွင့်ဓားသူတော်စင်ပဲ'

အကယ်၍ သူထံ၌ အရည်အချင်းမရှိပါက သူ့ခန္ဓာကိုယ်အား သူ၏မာန်မာနတစ်ခုတည်းဖြင့် လှုပ်ရှားရပေမည်။

ချွန်းမြောင်က နှုတ်ခမ်းကိုက်ပြီး သူ၏အသိစိတ်ကို ရှေ့သို့တွန်းပို့လိုက်သည်။ သူက နောက်ဆုံးရုန်းကန်မှုကို ပြုလုပ်လိုက်၏။

သူ၏လက်များက လေထုအတွင်း၌ ရပ်တန့်သွားသည်။

'ပြီးပြီလား"

သူ၏ခြေထောက်များ တုန်ရီနေပြီး နှလုံးခုန်နှုန်း အလွန်အမင်းမြန်နေသဖြင့် သူ၏ခန္ဓာကိုယ်အား မတ်မတ်ရပ်နိုင်ရန် ကြိုးစားအားထုတ်နေရသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်၏လက်ရှိအခြေအနေအား ဂရုစိုက်ရန် သူထံ၌ အချိန်မရှိချေ။ အကယ်၍ တံခါးသာ ပွင့်မလာပါက သူ ဘေးဒုက္ခကြီးနှင့် အမှန်တကယ်ရင်ဆိုင်ရပေမည်။

ကျွီ...

ထူးဆန်းသောအသံတစ်သံအား သူ ကြားလိုက်ရ၏။ တစ်စုံတစ်ခု ပွင့်သွားသောအသံပင်။

ထို့နောက် ဧရာမတံခါးကြီး ပွင့်သွားသည်။ တံခါးကြီးအပြည့်အဝ ပွင့်သွားမည်ဟု သူ ထင်ခဲ့သော်လည်း ဆက်ကြောင်းနေရာမှ အနည်းငယ်သာဟသွားသည်။

သို့ရာတွင် ဤသည်က....

အား...

ရုတ်တရက် ချွန်းမြောင်က ရှေ့သို့ကွေးညွှတ်ပြီး သူ၏ဝမ်းဗိုက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ပါးစပ်မှနေ၍ သွေးများအန်ထွက်လာသည်။ သူ ပြန်လည်မျိုမချနိုင်သည်အထိ အရှိန်ပြင်းပြင်းနှင့် သွေးများအန်ထွက်လာပေ၏။

အီး...

ချွန်းမြှောင်က နှုတ်ခမ်းကို သူ၏အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် သူ တွေးထင်ထားသည်ထက်ပို၍ အတွင်းဒဏ်ရရှိသွားပုံပေါ်သည်။ အကယ်၍ ထိုသို့သာဖြစ်ပွါးပါက သူ၏အတွင်းဒဏ်များ ပျောက်ကင်းရန် သူ နှစ်လခန့် အနားယူရပေမည်။

"ဟူး...ဟွာဆန်းကို ပြန်ရှင်သန်လာအောင်လုပ်ဖို့က ကြောက်ဖို့ကောင်းလောက်အောင် ခက်ခဲတာပဲ"

ချွန်းမြောင်သည် သူ၏ပါးစပ်အတွင်း၌ ကျန်ရှိနေသောသွေးများကို ထွေးထုတ်ပြီး သူထံ၌ ကြွင်းကျန်သောခွန်အားအနည်းငယ်ကို အသုံးပြု၍ တံခါးအား တွန်းဖွင့်လိုက်သည်။

ကျွီ....

ခေတ်အဆက်ဆက် ပိတ်ဆို့ထားသော တံခါးသည် နောက်ဆုံး၌ ဘေးတစ်ဖက်တစ်ချက်သို့ကပ်၍ ကျယ်ပြန့်စွာပွင့်သွားသည်။

'အခု...ဆရာတူအကို ဘာတွေဖွက်ထားလဲဆိုတာ ငါ စစ်ဆေးနိုင်ပြီ"

ကောက်ကျစ်သောအပြုံးနှင့်အတူ ချွန်းမြောင်က သိုလှောင်ရုံအတွင်းသို့ ဝင်သွားလေ၏။

အခန်း ၂၆:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(1)A

သိုလှောင်ခန်းသည် ချွန်းမြောင် မျှော်လင့်ထားသည်ထက် ပို၍ကျဥ်းမြောင်းပေ၏။ ထိုကိစ္စမှာလည်း သဘာဝကျသည်။ အကယ်၍သာ နှစ်တစ်ထောင်အေးစက်သံဖြင့် ကြီးမားကျယ်ပြန့်သော သိုလှောင်ခန်းကြီးကို တည်ဆောင်လိုက်ပါက ဟွာဆန်း၏ဘဏ္ဍာရေးအခြေအနေ ယိုပေါက်ကြီးဖြစ်သွားပြီး ဤမျှပင် ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ချေ။

"သူက ငွေမရှိဘူးလို့ နေ့တိုင်းညည်းညူနေခဲ့တယ်...ခုကျတော့ ဒီလိုအရာမျိုးကြီးတည်ဆောက်ဖို့ ဖြုန်းတီးခဲ့တာလား"

ချွန်းမြောင်၏ဒေါသများ တလိမ့်လိမ့်ထိုးတက်လာသော်လည်း သူ မည်သည့်အရာအား လုပ်ဆောင်နိုင်မည်နည်း။ လူသေတစ်ယောက်နှင့် သူ မည်သည့်အရာမျှ ပြုလုပ်၍မရချေ။

ချွန်းမြောင်က သိုလှောင်ရုံအတွင်းသို့ဝင်ပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာ၌ ပစ္စည်းအမြောက်အများ သိုလှောင်သိမ်းဆည်းထားပေ၏။ သူ အရင်ဆုံး မည်သည့်အရာကို စစ်ဆေးသင့်သနည်း။

"ငွေ..."

ချွန်းမြောင်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အခန်းအား ကြည့်ရှုစစ်ဆေးလေသည်။

'ဒီနေရာမှာပဲရှိနေရမယ်...ဆရာတူအကို ခြိုးခြံချွေတာပြီး စုဆောင်းခဲ့တဲ့ငွေတွေ...တောက်ပနေတဲ့ ရွှေတုံးတွေ...ရတနာတွေနဲ့ တောက်ပလင်းလက်နေမှာပဲ'

"ဒါက ဒီနေရာမှာပဲရှိရမယ်"

ချွန်းမြောင်သည် အခန်းကို ဆက်လက်၍ စစ်ဆေးကြည့်ရှုလိုက်၏။

ဘာလို့လဲ...ငါ ဘာလို့ အဲ့ဒါတွေကို မတွေ့ရတာလဲ...

ချွန်းမြောင်သည် သူ၏မျက်လုံးကိုပွတ်သပ်၍ သိုလှောင်ခန်းအား တစ်ဖန်ထပ်၍ကြည့်လိုက်သည်။ သူ၏မျက်လုံးအား အကြိမ်ရေ မည်မျှများများပွတ်သပ်နေပါစေ ရတနာများမဆိုထားနှင့် တောက်ပနေသောအရာတစ်စုံတစ်ခုကိုပင် သူ ရှာဖွေတွေ့ရှိခြင်းမရှိချေ။

ဒီလိုမျိုး မဖြစ်သင့်ဘူးလေ...

"မ...မဟုတ်ဘူး"

ဆရာတူအကိုဂျန်မွန်းသည် အလွန်ခြိုးခြံချွေတာသူဖြစ်သဖြင့် သူသည် တခြားဂိုဏ်းခေါင်းဆောင်များထက်ပို၍ ငွေကြေးအမြောက်အများစုဆောင်းမိပေမည်။

မျှော်မှန်း၍မရသော အနာဂတ်အတွက် ဟွာဆန်းကို ထောက်ပံပေးနိုင်ရန် ငွေကြေးပမာဏနချို့ကို သိမ်းဆည်းထားမည်မှာ ဆရာတူအကို လုပ်လေ့လုပ်ထရှိသော ကိစ္စပင်။

"ဒါပေမယ့် ဒီနေရာမှာ ဘာငွေကြေးဥစ္စာမှရှိမနေဘူး"

သူ အကြီးအကျယ်ရှုံးနိမ့်သွားသကဲ့သို့ ခံစားနေရ၏။

ဟူး...ခွေးသူတောင်းစားကြီး...ဘာရံပုံငွေကိုမှ သိမ်းဆည်းမထားခဲ့ဘူးလား...

ချွန်းမြောင်က သူ၏မျက်နှာအား ပွတ်သပ်လိုက်သည်။ အကယ်၍သာ သိမ်းဆည်းထားသော အရေးပေါ်ရံပုံငွေများရှိနေပါက ကိစ္စများစွာတွင် သူ အသုံးပြုနိုင်သည်။

ဟွာဆန်းပြန်လည်ရှင်သန်ရန်....အရက်ဝယ်ရန်...ထို့ပြင် အရက်အိုးများ ပို၍ဝယ်ရန်...

"အာ မဟုတ်သေးဘူး...ငါက ဟွာဆန်းရဲ့ရှင်သန်ရေးကို အဓိကအာရုံစူးစိုက်ရမှာလေ"

ချွန်းမြောင်သည် သူ၏လိုလားတောင့်တမှုများကိုစွန့်လွှက်ပြီး သူ၏ခေါင်းကိုပြန်လှည့်လိုက်၏။ ငွေကြေးဥစ္စာများထက် ပို၍အရေးကြီးသောအရာများ ဤနေရာ၌ရှိနေသည်။

"ဒါပဲဖြစ်ရမယ်"

နံရံတစ်ဖက်ပေါ်၌ စာအုပ်များ အစီအရီတင်ထားသော စာအုပ်စင်တစ်ခု ရှိနေပေ၏။

ချွန်းမြောင်က ထိုစာအုပ်စင်နားသို့ အလျှင်စလို လျှောက်လှမ်းသွားလိုက်သည်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့"

သူသည် အလယ်မှစာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး အတွင်းရှိအကြောင်းအရာများကို စစ်ဆေးဖတ်ရှုလိုက်သည်။ စာကြောင်းတစ်ကြောင်း ဖတ်ပြီးသည်နှင့် သူ၏မျက်နှာပေါ်၌ တောက်ပသောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

"အမှန်ပဲ"

သူ မျှော်လင့်ထားသည့်အတိုင်း ပထမစင်တွင်ရှိနေသော စာအုပ်များမှာ ဆရာတူအကိုသိမ်းဆည်းထားသည့် ဟွာဆန်းနှင့်သက်ဆိုင်သောစာအုပ်များပင်။ ထိုစာရွက်စာတမ်းများကို ယေဘုယျအားဖြင့် ဂိုဏ်းခေါင်းဆောင်၏နေအိမ်တွင် သိမ်းဆည်းထားလေ့ရှိသော်လည်း အရေးပေါ်ကိစ္စများတွင်အသုံးပြုနိုင်ရန် မိတ္တူများအား ဤနေရာ၌ထိန်းသိမ်းထားခြင်းဖြစ်ပေမည်။

ချွန်းမြောင်၏ခေတ်မှ စာရင်းဇယားများပင်မကဘဲ ယခင်မျိုးဆက်များမှ စာရင်းဇယားများပင် ရှိနေသည်။ ဤအချက်အလက်များနှင့်ဆိုလျှင် ထိုလူရှုပ်များ၏နောက်ကျောများကို သူ ရိုက်ချနိုင်ပေမည်။

"အဲ့ဒီခွေးသူတောင်းစားတွေက သေသင့်တယ်"

ဤစာရင်းဇယားများသည် တံခါးကိုဖြတ်ကျော်နိုင်ရန် သူ အားထုတ်ခဲ့ရသော ကြိုးပမ်းမှုနှင့် ထိုက်တန်ပေ၏။

ထို့နောက် ဒုတိယစင်ပေါ်၌...

အို...

မဖြစ်နိုင်ဘူး...

ချွန်းမြောင်သည် သတိလက်လွတ် အော်ဟစ်လိုက်လုနီးပါးပင်။

ဟွာဆန်းဂိုဏ်း၏လျှို့ဝှက်ကျင့်စဥ်များ ဤနေရာ၌ရှိနေသည်။

ဟမ်...

ချွန်းမြောင်က ခေါင်းစောင်း၍ ကြည့်လိုက်၏။

"ဒါက တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ"

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကျင့်စဥ်များသည် သူ သင်ယူခဲ့သော သိုင်းပညာရပ်များနှင့် ကွဲပြားခြားနားပေ၏။ ဟွာဆန်းရှိ လျှို့ဝှက်ပညာရပ်များသည် သေလုနီးပါးကောင်းမွန်ပြီး ဤနေရာ၌ သိမ်းဆည်းထားခဲ့သည်။

ဟူး...

ချွန်းမြောင်က သူ့ပါးသူ ပြန်ကုတ်နေလေ၏။

"အဲ့ဒီ ရူးသွပ်နေတဲ့ ခွေးသူတောင်းစားအိုကြီးတွေကတော့..."

ဤပညာရပ်များကို အနာဂတ်မျိုးဆက်သစ်တပည့်များထံသို့ လက်ဆင့်ကမ်းရန် ဆုံးဖြတ်ထားပုံမရသော်လည်း သူတို့က စွန့်လွှက်ခြင်းမပြုနိုင်သည်မှာလည်း သိသာထင်ရှားနေ၏။ ကြည့်ရသည်မှာ ဆရာတူအကိုသည် လျှို့ဝှက်ကျင့်စဥ်များအား အပြည့်အဝဖယ်ရှားပစ်ရန် တွန့်ဆုတ်နေခဲ့ပုံရသည်။

ထိုအရာများအား စွန့်ပစ်လိုက်ပါက ဟွာဆန်း၏အနာဂတ်ကို ထိခိုက်နစ်နာစေမည်ဟု တွေးတောမိသဖြင့် ဤနေရာ၌ထိန်းသိမ်းထားရန် သူ တွေးတောခဲ့ပုံရသည်။

ပထမစင်ရှိ စာရင်းဇယားစာအုပ်များသည် လူအိုကြီး၏ တာဝန်ယူတာဝန်ခံတက်မှုကို ပြသနေပြီး ဒုတိယစင်သည် သူ၏မေတ္တာစေတနာနှင့်စွန့်လွှက်အနစ်နာခံတက်မှုကို ကိုယ်စားပြုသည်။

"ဆရာတူအကို..."

ချွန်းမြောင်၏မျက်လုံးအတွင်း၌ မျက်ရည်များ ရစ်ဝိုင်းလာပေ၏။

"ဘာမှမစိုးရိမ်ပါနဲ့...ဟွာဆန်းကို နဂိုမူလအတိုင်းပြန်ဖြစ်အောင် ငါ သေသေချာချာလုပ်ပေးမယ်"

မဟုတ်သေး...သူ ဟွာဆန်းအား ယခင်ထက်ပို၍ ခမ်းနားကြီးကျယ်အောင် ပြုလုပ်ရပေမည်။

ချွန်းမြောင်သည် သူ၏ရည်မှန်းချက်ပန်းတိုင်အား တွေ့ရှိသွားသဖြင့် လျှို့ဝှက်ကျင့်စဥ်များအား ပြန်လည်ကြည့်ရှုလိုက်သည်။

သူ အလျင်လိုနေစရာအကြောင်းမရှိဘဲ အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ အရေးကြီးဆုံးအချက်မှာ ဤနည်းစနစ်များအားလုံးကို မည်သို့အသုံးပြုရမည်အား ချွန်းမြောင် သိရှိနေခြင်းပင်။ တခြားသူများဆိုလျှင် တွေဝေစဥ်းစားနေမည်ဖြစ်သော်လည်း ချွန်းမြောင်ကမူ ဤလျှို့ဝှက်ကျင့်စဥ်များအကြောင်းကို ထိန်းသိမ်းထားရန် အစီအစဥ်မရှိချေ။

နောက်ဆုံး၌....

တတိယစင်ပေါ်တွင် စာလိပ်တစ်လိပ်သာရှိနေပြီး တခြားမည်သည့်အရာမျှ ရှိမနေချေ။

"ဒါက ဘာလဲ"

ချွန်းမြောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ကိုဆန့်ထုတ်ကာ စာလိပ်ကိုဖွင့်၍ စတင်ဖတ်ရှုလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်ထံမှပေးစာ"

တကယ်လို့ တစ်ယောက်ယောက်က ဒီစာကိုဖတ်နေရင် နောက်မျိုးဆက်ရဲ့ဂိုဏ်းခေါင်းဆောင် ဖြစ်နေပြီမလို့ပဲ...တစ်ခါတစ်ရံမှာ စာကြောင်းတစ်ကြောင်းက စကားလုံးတွေအများကြီးပြောတာထက် ပိုပြီးတန်ကြေးရှိတယ်...ဒါကြောင့် ငါက ဒီစာကို ချန်ထားခဲ့တာပဲ....

ဟွာဆန်းရဲ့ဂိုဏ်းခေါင်းဆောင်ရာထူးက ဦးဆောင်သူအဖြစ်တည်ရှိရမယ့် အဆင့်အတန်းမျိုးမဟုတ်ဘူး...

ဂိုဏ်းခေါင်းဆောင်ဖြစ်လာတဲ့သူတိုင်း သိထားရမှာက ဟွာဆန်းကိုဦးဆောင်တဲ့လူတွေက အဖိုးတန်တပည့်တွေဖြစ်ပြီးတော့...သူတို့က ဟွာဆန်းကို ရှင်သန်ကြီးထွားအောင် ပြုလုပ်ပေးမယ့်သူတွေပဲ...ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်က သူတို့ကို ကာကွယ်ပေးပြီး သူတို့ရဲ့စိတ်ဆန္ဒတွေကို အကောင်အထည်ဖော်နိုင်ဖို့ ထောက်ပံပေးရမယ်....

အခုချိန်မှာ မင်းက ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီ...မင်းရဲ့ကိုယ်ပိုင်စိတ်ဆန္ဒတွေကို ဘေးဖယ်ထားပြီး ဂိုဏ်းရဲ့အကျိုးအတွက် လုပ်ဆောင်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်...ဟွာဆန်းက ရိုးရှင်းတဲ့ဂိုဏ်းတစ်ဂိုဏ်းပဲ...ဘယ်လိုလူမျိုးကမှ ဂိုဏ်းကို ဦးဆောင်လို့ ထိန်းချုပ်လို့မရဘူး...

ဘဝရဲ့အခက်တွေနဲ့ မင်းရဲ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကြောင့် ပင်ပန်းနေရင်တောင် ဟွာဆန်းကို ပြိုလဲမသွားစေဖို့ အမှတ်ရပေးပါ....

ဟွာဆန်းက အမြဲတမ်း ဟွာဆန်းအနေနဲ့ရှိနေရမယ်...ဆုတ်ယုတ်နေတာပဲဖြစ်ဖြစ် အောင်မြင်ကျော်ကြားတာပဲဖြစ်ဖြစ် ဟွာဆန်းကတော့ တည်ရှိနေရမှာပဲ....ဂိုဏ်းခေါင်းဆောင်တွေဖြစ်နေတဲ့ ငါတို့က ငါတို့ရဲ့မျိုးဆက်မှာ ဂိုဏ်းကတပည့်တွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ရမယ်...

ငါတို့ရဲ့ဘိုးဘေးတွေ ကာကွယ်ခဲ့တဲ့ ဟွာဆန်းရဲ့စိတ်ဆန္ဒကို နောင်မျိုးဆက်တွေအထိ လက်ဆင့်ကမ်းပေးနိုင်ပါစေလို့ ငါ ဆုတောင်းလိုက်ပါတယ်....ငါတို့ရဲ့မျိုးဆက်တွေ ထာဝရတည်မြဲနိုင်ဖို့အတွက် တပည့်တွေကို ဂရုတစိုက်ပျိုးထောင်ပေးပါ.....

အရင်မျိုးဆက်ရဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ငါက လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေကို မင်းအတွက်ထားခဲ့တော့မယ်...

မဟာဟွာဆန်းဂိုဏ်း၏ နှစ်ဆယ့်တစ်ဆက်မြောက်ဂိုဏ်းချုပ် ဂျန်မွန်း....

“…”

ချွန်းမြောင်က ထိုစာလိပ်အားဖတ်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူ သိရှိပေ၏။ ဤစာသည် ဆရာတူအကိုဂျန်မွန်း သူ့အတွက် ရေးသားထားခြင်းမဟုတ်သည်ကို သူ သိနေသော်လည်း ထူးဆန်းစွာဖြင့် သူသည် တခြားသူများထက်ပို၍ ဤစာအားဖတ်ရန်လိုအပ်သူတစ်ယောက်ဖြစ်နေသည်။

"ဟူး....ဒီလူအိုကြီးက တကယ့်ကို စိတ်ပျက်ဖို့ကောင်းတာပဲ"

ချွန်းမြောင်က သက်ပြင်းချပြီး သူ၏လက်အတွင်းရှိစာလိပ်ကို သိမ်းဆည်းလိုက်သည်။

တခြားပစ္စည်းများအား သူ ဟွာဆန်းသို့ ပေးအပ်မည်ဖြစ်သော်လည်း ဤစာလိပ်ကမူ မပါဝင်ချေ။

"ကောင်းပြီလေ...ဒါဆိုရင်..."

ချွန်းမြောင်က ပြုံးပြီး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်၏။

"ဒီနေရာမှာ အများကြီးရှိမနေပေမယ့် လုံလောက်ပါတယ်"

ရှေးဦးစွာ ဟွာဆန်းအတွက် မရှိမဖြစ်လိုအပ်သော စာရင်းဇယားများကို သူ ရရှိခဲ့သည်။ သူထံ၌ ဤစာရင်းဇယားများသာရှိနေပါက လုပ်ငန်းများအားလုံးအား ပြန်လည်ရယူနိုင်ပြီး ဟွာဆန်းအား အကြွေးနွံအတွင်းမှ ဆွဲထုတ်နိုင်ပေမည်။

ထို့နောက် ပြင်ပသို့ ပြန်လှည့်ထွက်ခွါရန် ဟန်ပြင်နေသော ချွန်းမြောင်က ရုတ်တရက်ရပ်တန့်လိုက်သည်။

'ခဏနေပါဦး"

တစ်စုံတစ်ခု ထူးဆန်းနေသည်။

'ဘာလို့ တစ်ခုခုလိုနေသလိုမျိုး ငါ ခံစားနေရတာလဲ'

မည်သည့်အရာ ထူးဆန်းနေသည်ဟု သူ တိတိကျကျမပြောနိုင်သော်လည်း တစ်စုံတစ်ခုမှားယွင်းနေသည်ဟု သူ ခံစားနေရ၏။

မည်သည်ကြောင့် သူ ထိုသို့ခံစားနေရသနည်း။

အခန်း ၂၆:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(1)B

"နေပါဦး"

တတိယစာအုပ်စင်...

ချွန်းမြောင်က သူ၏ခေါင်းကို ပြန်လှည့်လိုက်သည်။

သူ၏ဆရာတူအကိုဂျန်မွန်းသည် ဟွာဆန်း၏နှစ်ဆယ့်တစ်ဆက်မြောက်ဂိုဏ်းချုပ်ပင်။ ထိုလူအိုကြီးသည် ပစ္စည်းများကို အစီအစဥ်တကျနှင့်သပ်သပ်ရပ်ရပ်ထားခြင်းကို အစွဲအလမ်းကြီးသူဖြစ်သည်။

သန့်ရှင်းသပ်ရပ်မှုသက်သက်ပင်မဟုတ်ဘဲ သူ၏အခန်းအတွင်းရှိပရိဘောဂများ အနည်းငယ်လွတ်နေလျှင်ပင် သည်းခံနိုင်သူမဟုတ်ချေ။

သို့ရာတွင်...

စင်အပြည့်နှစ်စင်နှင့် စင်အလွတ်တစ်စင် ရှိနေခဲ့သည်။

"မဟုတ်ဘူး...မဟုတ်သေးဘူး...လူအိုကြီးက သေတောင်စိတ်လျှော့မယ့်သူမျိုး မဟုတ်ဘူး"

သူ လူအိုကြီးနှင့်အချိန်အတော်ကြာ အတူနေထိုင်ခဲ့သဖြင့် ထိုအကြောင်းကိုကောင်းစွာသိရှိသည်။

ချွန်းမြောင်က စင်အလွတ်ထံသို့ အပြေးသွားလိုက်၏။

"ဒီနေရာမှာ တစ်ခုခုရှိရမယ်"

သူ အတိအကျပြောနိုင်သည်မှာ ဤစင်အလွတ်သည် လူအိုကြီးအား စိတ်အနှောက်အယှက်ဖြစ်စေပေမည်။ စာလိပ်တစ်ခုတည်းအတွက်ဖြင့် စင်တစ်ခုလုံးအား အသုံးပြုထားခြင်းသည် လူအိုကြီးအတွက် အဆင်ပြေနိုင်မည်မဟုတ်ချေ။ သူသိထားသော ဆရာတူအကိုသည် ဤကဲ့သို့လူစားမျိုးမဟုတ်ချေ။

အကယ်၍သာ ဤနေရာသို့ရောက်လာသူသည် ချွန်းမြောင်မဟုတ်ဘဲ တခြားတစ်ယောက်ဖြစ်နေပါက သူတို့သည် အများကြီးစဥ်းစားကြမည်မဟုတ်ပေ။ သို့ရာတွင် ယခုလက်ရှိချိန်၌ ချွန်းမြောင်သည် ဤနေရာသို့ ရောက်ရှိနေခဲ့၏။

သူသည် စာအုပ်စင်ကို မဆိုင်းမတွဆုပ်ကိုင်ပြီး နံဘေးသို့ရွှေ့လိုက်၏။

'ဘေးပတ်ဝန်းကျင်မှာ ဘာမှမရှိဘူး'

စင်၏နောက်၌ နှစ်တစ်ထောင်အေးစက်သံနံရံမှလွဲ၍ မည်သည့်အရာမျှရှိမနေချေ။ သို့ရာတွင် အောက်၌ ရှိနေလျှင်ကော....

အခန်းကြမ်းပြင်ကို သံဖြင့်ဖုံးအုပ်ထားပုံရသည်။ စင်ကိုရွှေ့ပြီးနောက် ချွန်းမြောင်သည် သူ၏လက်ကို ကြမ်းပြင်ပေါ်တင်၍ စွမ်းအားများ ထည့်သွင်းလိုက်သည်။

'တကယ်လို့ ငါသိထားတဲ့လူအိုကြီးသာဆို...ဒီနေရာမှာပဲရှိရမယ်'

အကယ်၍ သံသယဖြစ်ဖွယ်နေရာတစ်ခုရှိနေပါက ဤနေရာတွင်သာရှိရပေမည်။

မည်သည့်အရာမျှ ဖြစ်ပေါ်လာခြင်းမရှိချေ။ သူ၏စွမ်းအားများ လုံလောက်စွာအားကောင်းခြင်းမရှိ၍သာ တစ်စုံတစ်ခုမှ မခံစားရခြင်းဖြစ်သည်ဟု သူ တွေးတောနေမိ၏။

"ငါ မှားများမှားနေလား"

ဤအချိန်အခိုက်အတန့်၌ သူ၏စိတ်ရှုပ်ထွေးနေပြီး လက်လွှက်အရှုံးပေးလိုစိတ်များ ဖြစ်ပေါ်လာသည်။

အမ်...

ဘာလဲဟ...

အား...........

ချွန်းမြောင်သည် သူ့အားကြမ်းပြင်အောက်မှ တစ်စုံတစ်ခုက စုပ်ယူလိုက်သည်ဟု ခံစားလိုက်ရ၏။

ဝုန်း....

နောက်ဆုံး၌ တစ်စုံတစ်ခုပြိုကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချွန်းမြောင်သည် ဟန်ချက်ပျက်သွားကာ နောက်သို့လဲကျသွားပြီး ယခင်သူရပ်နေသောနေရာမှနေ၍ အောက်သို့ပြုတ်ကျသွားသည်။

ဒုန်း...ဒုန်း...

သူ၏ခေါင်း အကြိမ်များစွာ ဆောင့်မိတိုက်မိပြီး သူရှေ့၌ ကြယ်ရောင်များတဖျက်ဖျက်လက်နေသကဲ့သို့ သူ ခံစားနေရသည်။

'အသံအရမ်းမကျယ်ပါလား'

သူ၏မသိစိတ်မှနေ၍ သိုလှောင်ခန်းတံခါးအား ကြည့်လိုက်မိသည်။ သို့ရာတွင် မည်သူမျှ သတိပြုမိပုံမရချေ။ ဤနေရာသည် ပြင်ပနှင့်ချိတ်ဆက်ထားသော်လည်း ရှည်လျားသောစင်္ကြန်လမ်းကြောင့် အသံဗလံများ ကြားရပုံမပေါ်ပေ။

ချွန်းမြောင်က ခုန်ထပြီး ရှေ့သို့အပြေးသွားလိုက်သည်။ တစ်စုံတစ်ခု ပွင့်လာမည်မှာ သေချာပေ၏။ ချွန်းမြောင်သည် သူပြုတ်ကျလာသောအပေါက်ကို ကြည့်ရှုစစ်ဆေးလိုက်၏။

"ဒါဆိုရင်..."

ဆရာတူအကိုလား...

"မင်းက တကယ့်ကိုယုတ်မာတဲ့ခွေးသူတောင်းစားကြီးပဲ'

ဂိုဏ်းခေါင်းဆောင်မှလွဲ၍ တခြားတစ်စုံတစ်ယောက် အခန်းအတွင်းသို့ဝင်လာချိန်တွင် ကြမ်းပြင်နှစ်ထပ်ရှိမည်ဟု မည်သူမျှတွေးတောမိမည်မဟုတ်ချေ။

ဤနေရာအားဖွင့်ရန် ခက်ခက်ခဲခဲကြိုးစားခဲ့ပြီးနောက် ဖုံးကွယ်ထားသောတခြားလျှို့ဝှက်ချက်ရှိနေအုံးမည်ဟု မည်သူကမျှတွေးတောမိမည်မဟုတ်ပေ။ ချွန်းမြောင်ပင်လျှင် အကယ်၍ သူ၏ဆရာတူအကိုအကြောင်းကိုသာ နက်နက်နဲနဲနားမလည်ထားပါက နားလည်သဘောပေါက်မည်မဟုတ်ချေ။

ဝင်ပေါက်၌ အလင်းရောင်ဖြာထွက်နေသည်။ ကြည့်ရသည်မှာ အလင်းရောင်သည် ချွန်းမြောင်အား လမ်းပြနေသကဲ့သို့ပင်။

ချွန်းမြောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ပေါက်အတွင်းသို့ဝင်လိုက်သည်။ ထိုဝင်ပေါက်သည် ကလေးတစ်ယောက်၏ခန္ဓာကိုယ်အတွက်ပင် အလွန်ကျဥ်းမြောင်းသည်။ သူ ဝင်ပေါက်မှတဆင့်သွားနေရာ အလွန်ကျဥ်းမြောင်းသဖြင့် သူ၏နောက်ကျော့ ဖြောင့်ဖြောင့်ရပ်ရန်ပင် ခက်ခဲနေပေ၏။

ချွန်းမြောင်၏ရှေ့၌ ပိတ်ထားသောတံခါးတစ်ချပ်ရှိရာ သူ၏လက်ကိုဆန့်တန်း၍ ဖွင့်လိုက်သည်။

"ဖြည်းဖြည်း...ဖြည်းဖြည်း.."

တံခါးထံမှ မည်သည့်အသံမျှ ထွက်မလာစေရန် သူ ဂရုတစိုက်ဖွင့်လိုက်၏။

ထို့နောက်...

ချွန်းမြောင်၏မျက်လုံး ပြူးကျယ်သွားသည်။ သူ၏အသက်ရှုနှုန်းမြန်လာပြီး သူ၏နှလုံးခုန်နှုန်းလည်း ကဆုန်စိုင်းခုန်စပြုလာသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏မျက်နှာသည် သွေးများယိုစီးကျနေသကဲ့သို့ နီမြန်းနေပေ၏။

"ဟား ဟား ဟား ဟား ဟား"

သူ သေလုမတက် ဝမ်းသာလုံးဆို့နေသည်။

သူရှေ့၌ ပျော်ရွှင်မှုအစစ်အမှန်ကြီး ရှိနေပေ၏။ ရွှေတုံးများကို နံရံတစ်ဖက်၌ သပ်သပ်ရပ်ရပ်စီထားပြီး ကျန်တစ်ဖက်၌ ရတနာအမျိုးမျိုးကို အစီအစဥ်တကျထားထားသည်။

"ဒါက ငါ့ရဲ့သင်္ချိုင်းလား"

အမျိုးအမည်မသိရသော ရတနာများစွာ ဤနေရာ၌ ရှိနေ၏။

ဟီး ဟီး ဟီး ဟီး...

ရယ်မောသံကြီးက အဆက်မပြတ်ထွက်ပေါ်နေသည်။ ချွန်းမြောင်သည် မရယ်မိရန်ကြိုးစားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်၍မရချေ။

ဟား ဟား ဟား ဟား...

"နောက်ဆုံးတော့ ငါ ချမ်းသာပြီ"

ဟွာဆန်း၏နှစ်ဆယ့်တစ်ဆက်မြောက် ဂိုဏ်းချုပ် ဂျန်မွန်းသည် ဤရတနာများကို ကာကွယ်ရန် လွန်ကျူးသောအစီအမံများစွာကိုဖန်တီးခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ဟွာဆန်း၏အနာဂတ်ကံကြမ္မာသည် လုံးဝဥသုန်မရောက်သင့်သော လူတစ်ယောက်၏လက်တွင်းသို့ အခိုင်အမာကျရောက်သွားလေပြီ။

အခန်း ၂၇:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(2)A

ဟူး...

ဟွမ်းဂျွန်သည် ပြတင်းပေါက်အား ဖြတ်သန်း၍ဝင်လာသော နေရောင်ခြည်အားကြည့်၍ တိုးညှင်းစွာသက်ပြင်းချလိုက်သည်။

တချို့လူများအတွက် ရောင်နီလာခြင်းသည် သာယာသောနေ့တစ်နေ့အား အစပျိုးခြင်းဖြစ်နိုင်သည်။ သို့ရာတွင် ငွေချေးယူထားသောအခြေအနေ၌ အသက်ရှင်နေထိုင်ရသူများအတွက် နောက်တစ်နေ့အားရောက်ရှိသွားပြီဟု ပြသနေသော နေရောင်ခြည်ထက် နာကျည်းစရာမရှိတော့ချေ။

"မနက် ထပ်ရောက်လာပြန်ပြီ"

နေ့သစ်တစ်ရက် တစ်ဖန်ထပ်၍ အစပျိုးလာလေပြီ။ သူ မြောက်များစွာသော အကြွေးများအား ပြန်ဆပ်ရန် အချိန်နှစ်ရက် ကုန်ဆုံးပြီးဖြစ်ကာ နောက်ထပ်ငါးရက်သာကျန်တော့သည်။

ငါးရက်...နောက်ထပ်ငါးရက်သာ ကျန်ရှိတော့၏။

ဟွမ်းဂျွန်က တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။

'ငါးရက်...'

အကယ်၍ ဤတိုတောင်းသောအချိန်ကာလအတွင်း ယန်တစ်သိန်းကို သူ ပြင်ဆင်မထားနိုင်ပါက ဟွာဆန်းသည် ကြွေးရှင်များ၏လက်တွင်းသို့ ကျရောက်သွားပေမည်။

ဘဝတွင် အစားအစာ အဝတ်အထည်နှင့် အမိုးအကာဟူ၍ မရှိမဖြစ်လိုအပ်သော အရာသုံးခုရှိသည်။

အကယ်၍ နေစရာအမိုးအကာများ ဆုံးရှုံးသွားပါက ဟွာဆန်း၌နေထိုင်နေသူတို့သည် သူတို့၏ဘဝအါးရှေ့ဆက်ရန် တခြားနည်းလမ်းများကိုရှာဖွေ၍ ကြိုးစားအသက်ရှင်နိုင်ပေမည်။ ဟွာဆန်းဂိုဏ်းကမူ ဟွာဆန်းဟူသော အမည်နာမနှင့် ဆက်လက်တည်ရှိနိုင်မည်မဟုတ်တော့ချေ။

ဟွာဆန်း၏အမည်နာမအားသယ်ဆောင်ပြီး ဂိုဏ်း၏ဆန္ဒကို အောင်မြင်အောင်လုပ်ဆောင်လိုသော လူတချို့ ရှိကောင်းရှိနိုင်သည်။ ဟွာဆန်းသည် ဂုဏ်သတင်းကြီးမားသော ဂိုဏ်းတစ်ဂိုဏ်းအဖြစ် နှစ်ပေါင်းများစွာတိုင် ရပ်တည်နိုင်ခဲ့သည်။ တစ်စုံတစ်ယောက်သည် ဟွာဆန်း၏အမည်နာမအား စောင့်ထိန်းလိုမည်မှာ သေချာပေ၏။

တပည့်ထောင်ပေါင်းများစွာရှိသည့် တောင့်တင်းခိုင်မာသော ဂိုဏ်းတစ်ဂိုဏ်းသည် တစ်နေ့၌ ပျက်စီးသွားပြီး တပည့်အနည်းငယ်ကိုသာ နေစရာနေရာပေးနိုင်ခဲ့သည်။ အကယ်၍ ဂိုဏ်း၏နေရာကိုပင် ဆုံးရှုံးပြီး လူအားလုံးနှင်ထုတ်ခံရပါက ဂိုဏ်းအပြည့်အဝ ပျက်စီးပြိုလဲသွားပြီဟု ပြောနိုင်သည်မဟုတ်လော။

ဤနေရာ၌ ဆက်လက်မနေထိုင်နိုင်တော့သဖြင့် သူတို့ထံ၌ ရွေးချယ်စရာ မကျန်ရှိတော့ဘဲ လူစုခွဲရပေမည်။ သူနောက်သို့ အချိန်တစ်ခုကြာသည်အထိ လူတချို့လိုက်ပါလာမည်ဖြစ်သော်လည်း သူတို့၏ဘဝများခက်ခဲလာနှင့်အမျှ တခြားနေရာများသို့ ထွက်ခွါသွားပေလိမ့်မည်။

ထို့နောက် တဖြည်းဖြည်းနှင့်...

'မဟုတ်ဘူး'

ဟွမ်းဂျွန်က သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။

"ဒီအချိန်က ငါ ပျော့ညံပြီး တွေးတောနေရမှာမဟုတ်ဘူး'

သူထံ၌ အချိန်ငါးရက်ကျန်ရှိသည်။ အကယ်၍ လိုအပ်သောငွေကြေးပမာဏကို ရှာဖွေနိုင်ပါက ဟွာဆန်းအား ကာကွယ်နိုင်ပေမည်။

သူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပေ၏။ ထို့ကြောင့် ဟွာဆန်း ပျောက်ကွယ်သွားသည့်နေ့ထိတိုင် သူ လက်လျှော့အရှုံးမပေးနိုင်ချေ။ လူတိုင်း၌ လက်လျှော့အရှုံးပေးရန် အခွင့်အရေးရှိသော်လည်း သူထံ၌မရှိချေ။

ဟွမ်းဂျွန်က သူ၏လက်ကိုမြှောက်ပြီး သူ့မျက်နှာအား ပွတ်သပ်လိုက်၏။ ဟွာဆန်းနှင့်အပ်တစ်ချောင်းစာတမျှ ပါးလွှာသော ဆက်ဆံရေးရှိသူတိုင်းထံ သူ ဆက်သွယ်ရပေမည်။ ဟွာဆန်းနိမ့်ပါးလာသောသတင်းသည် လောကကြီးတခွင်၌ ပျံ့နှံ့ပြီးဖြစ်သည်။ သူသည် ဟွာဆန်းအား ကူညီရန်ဆန္ဒရှိသော စွမ်းဆောင်နိုင်သည့်ပုဂ္ဂိုလ်တစ်ယောက်အား ရှာဖွေရန်လိုအပ်သည်။

လူပုဂ္ဂိုလ်တစ်ယောက်သာ....

ဟွမ်းဂျွန်က ပြက်ရယ်ပြုရယ်မောလိုက်၏။

'ငါတို့ကိုကူညီမယ့်လူလား'

အကယ်၍ တစ်စုံတစ်ယောက်သာ ကူညီပေးလိုပါက သူတို့ ပြုလုပ်ပြီးဖြစ်ပေမည်။ ဟွာဆန်းသည် ယခုချိန်ထက်ပိုပြီး မျှော်လင့်ချက်မြင့်မြင့်မားမား ရှိနေသေးစဥ်အချိန်မှာပင် မည်သူတစ်ဦးတစ်ယောက်ကမျှ အကူအညီပေးခဲ့ခြင်းမရှိချေ။

ယခုလက်ရှိချိန်တွင် ပျက်စီးပြိုလဲစပြုနေသော ဂိုဏ်းတစ်ဂိုဏ်းထံသို့ မည်သူက ယန်တစ်သိန်းချေးငှါးမည်နည်း။

'ဒါက အရမ်းလေးလံတဲ့ ဝန်ထုပ်ဝန်ပိုးပဲ'

ဤကိစ္စအား ရှောင်လွှဲ၍လည်းမရ လျစ်လျှူရှုထား၍လည်းမရချေ။ သို့ရာတွင် ဟွမ်းဂျွန်သည် နေ့တစ်နေ့ကုန်လွန်တိုင်း သူ့ခန္ဓာကိုယ်ပေါ်ရှိဖိအား ပိုမိုများပြားလာသကဲ့သို့ ခံစားနေရ၏။

ဟွာဆန်းသည် သူ၏မျိုးဆက်တွင် ပြိုလဲသွားမည်ကို သူ အစဥ်အမြဲ ထိတ်လန့်ကြောက်ရွံနေရသည်။ သူသည် အိပ်မပျော်သောညတစ်ညကို ရုန်းကန်ဖြတ်သန်းပြီး နောက်တစ်နေ့မနက်နေထွက်ချိန်အား မရောက်စေရန် ဆုတောင်းပြီးရင်းဆုတောင်းနေရ၏။

ထိုအချိန်မှာပင်...

"ဂိုဏ်းခေါင်းဆောင်..."

ဟွမ်းဂျွန်က သူ၏အမူအယာကို ပြုပြင်ပြောင်းလဲလိုက်သည်။ သူ မည်မျှပင်စိတ်ဓာတ်ကျနေပါစေ သူ၏တပည့်များအား ပြသခြင်းမပြုနိုင်ချေ။ အကယ်၍ မနက်ဖြန်၌ ဟွာဆန်း ပြိုလဲသွားလျှင်ပင် တပည့်များ၏နံဘေး၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့သော မြင့်မြတ်သည့်ဂိုဏ်းခေါင်းဆောင်တစ်ယောက်အဖြစ်သာ သူ့အား အမှတ်ရနေစေရမည်။

"ဘာကိစ္စလဲ..."

"ဂိုဏ်းခေါင်းဆောင် ထွက်ကြည့်သင့်တယ်လို့ ကျွန်တော် ထင်တယ်"

"ဟမ်"

ဟွမ်းဂျွန်က ခေါင်းစောင်း၍ကြည့်ပြီး ပြင်ပသို့ထွက်လိုက်၏။ သူ၏အဆောင်ပြင်ပ၌ ယွမ်ဂွန်းက မတ်တတ်ရပ်၍ စောင့်ဆိုင်းနေသည်။

"ယွမ်ဂွန်လား"

ဟွမ်းဂျွန်က မျက်မှောင်ကြုတ်လိုက်၏။ ပြင်ပမှလူသည် ယုအန်အမ်းမဟုတ်ဘဲ ယွမ်ဂွန်းဖြစ်နေသည်။ ယွမ်ဂွန်းသည် အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်၏ အုပ်ချုပ်သူမဟုတ်လော။ သူ ဤနေရာသို့ရောက်ရှိလာသဖြင့် အိပ်ဆောင်များအတွင်း၌ တစ်စုံတစ်ခုဖြစ်ပျက်နေပြီဟု အဓိပ္ပါယ်ရသည်။

သို့ရာတွင် ဂိုဏ်းခေါင်းဆောင်၏တိုက်ရိုက်အာရုံစူးစိုက်မှု လိုအပ်လောက်သည်အထိ အိပ်ဆောင်များအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နိုင်သနည်း။

ဤအချိန်သည် မနက်ရောင်နီလာချိန်သာရှိသေးသဖြင့် အလွန်စောနေဆဲမဟုတ်လော။

"ဘာကိစ္စ ဖြစ်သွားလို့လဲ"

"ဂိုဏ်း...ဂိုဏ်းခေါင်းဆောင်..."

ယွမ်ဂွန်း၏မျက်နှာအမူအယာက ထူးဆန်းနေသည်။ သူကိုကြည့်ရသည်မှာ အံ့အားသင့်နေပုံရပြီး အနည်းငယ်လည်းမောပန်းနေပုံရသည်။

'ဘာတွေများ ဖြစ်သွားလို့လဲ'

ကလေးများအား ဆုံးမသွန်သင်ရခြင်းသည် မောပန်းပြီး စိတ်ရှည်သည်းခံရန်လိုအပ်ကြောင်း သူ ကောင်းစွာသိရှိသည်။ ဤလုပ်ငန်းတာဝန်အတွက် ရွေးချယ်ခြင်းခံထားရသော ယွမ်ဂွန်းသည် ယေဘုယျအားဖြင့် အလွန်အေးဆေးတည်ငြိမ်ပြီး စိတ်ချုပ်ထိန်းနိုင်သော လူတစ်ယောက်ပင်။

မည်သို့ပင်ဆိုစေကာမူ ယွမ်ဂွန်းပင်လျှင် သူ၏အမူအယာကို တည်ငြိမ်စေရန်ရုန်းကန်နေရရာ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို သူ နားမလည်တော့ချေ။

"ကျွန်တော် အသေးစိတ်အချက်အလက်တွေကို လမ်းတလျှောက်လုံး ပြောပြပေးပါမယ်...ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် အဲ့ဒါကိုကြည့်ဖို့ လိုအပ်တယ်"

"ငါ့ကို လမ်းပြပေး"

ဟွမ်းဂျွန်သည် မေးမြန်းခြင်းမရှိ နောက်သို့လိုက်သွားလေ၏။ သူသည် ယွမ်ဂွန်းထံ၌ အလေးအနက်ထားသောအမူအယာမျိုး ရှိနေသဖြင့် မေးမြန်းလိုသော်လည်း နောက်သို့လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းခေါင်းဆောင်"

ယွမ်ဂွန်းသည် အလျှင်အမြန်သွားနေသဖြင့် ဟွမ်းဂျွန်သည် နှောင့်နှေးခြင်းမရှိဘဲ သူ့နောက်မှ လိုက်သွားရသည်။

'ငါတို့ ဘယ်ကိုသွားနေတာပါလိမ့်"

ဟွမ်းဂျွန်က ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ဦးတည်နေသောနေရာသည် အိပ်ဆောင်များထံသို့ မဟုတ်ချေ။ ဤနေရာသည် အိပ်ဆောင်များ၏နောက်တွင်ရှိသော ပဒုမ္မာတောင်ထိပ်ပင်။ မည်သည်ကြောင့် ဤနေရာဖြစ်သနည်း။

သို့ရာတွင် ယွမ်ဂွန်းသည် စကားတစ်လုံးမျှမဆိုဘဲ တောင်ပေါ်သို့ အားကုန်ထုတ်၍တက်နေသည်။

'ငါ တွေ့ရရင် သိမှာပဲလေ'

ယွမ်ဂွန်းနှင့်အတူသွားနေရင်း တောင်တက်လမ်းတစ်ဝက်ခန့်အရောက်တွင် တတိယတန်းစားတပည့်များ လမ်းနံဘေးဝဲယာ၌ ပြန့်ကျဲနေသည်ကို သူ တွေ့မြင်မိသည်။

ဟမ်...

မည်သည်ကြောင့် ကလေးများ ဤနေရာသို့ ရောက်နေရသနည်း။ မည်သည်ကြောင့် သူတို့အားလုံး နေရာအနှံ့ ပြန့်ကျဲနေသနည်း။

ဟွမ်းဂျွန်၏မျက်လုံး ပြူးကျယ်သွားသည်။ ကလေးများသည် တောင်တက်လမ်း၏လက်ဝဲ လက်ယာ၌ လဲလျောင်းနေကြ၏။ သူတို့၏ဂိုဏ်းခေါင်းဆောင် ရောက်လာသည့်တိုင် သူတို့၏ခေါင်းများကိုမော့၍ နှုတ်ဆက်ခြင်းပင်မပြုနိုင်ဘဲ မြေပြင်ပေါ်၌ ပက်လက်လှန်၍ လေကိုသာအငမ်းမရရှုသွင်းနေကြသည်။

"ဒါ...ဒါက ဘာဖြစ်နေတာလဲ"

အခြေအနေကိုနားလည်သွားသော ယွမ်ဂွန်းက အော်ဟစ်လိုက်သည်။

"မင်းတို့ကောင်တွေ...ဂိုဏ်းခေါင်းဆောင် ရောက်နေတယ်လေ...မင်းတို့ ကျင့်ဝတ်အတိုင်း မပြုမူနိုင်ကြဘူးလား"

"သူတို့ကို ထားလိုက်ပါ"

"ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်..."

"အဲ့ဒါထက် ကလေးတွေက ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်နေရတာလဲ"

"ဒါက....."

ယွမ်ဂွန်းသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ပြီး မေးမြန်းလိုက်၏။

"ချွန်းမြောင်...ချွန်းမြောင် ဘယ်မှာလဲ"

အခန်း ၂၇:ဟွာဆန်းက ကံကြမ္မာကောင်းတစ်ခု ရရှိသွားပြီ(2)B

ချွန်းမြောင်....မည်သည်ကြောင့် ထိုနာမည်သည် ဤနေရာ၌ ထွက်ပေါ်လာရသနည်း။ ဟွမ်းဂျွန်သည် မည်သို့မျှနားမလည်နိုင်တော့သဖြင့် ယွမ်ဂွန်း၏မျက်နှာကိုကြည့်လိုက်သည်။ ချွန်းမြောင်သည် လတ်တလောအချိန်ကာလကမှ ဂိုဏ်းသို့ဝင်ရောက်လာသူဖြစ်ရာ မည်သည်ကြောင့် သူ့အား ခေါ်နေရသနည်း။

"ကျွန်တော် ဒီမှာပါ"

သူ၏မေးခွန်းများ အဖြေမရမီမှာပင် အသံတစ်သံထွက်ပေါ်လာသည်။

ဟွမ်းဂျွန်က အသံထွက်ပေါ်လာသောနေရာအား လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံး ပြူးကျယ်သွားသည်။

"မင်း...ဘာလို့လဲ...ဟမ်..."

ကို့ရို့ကားယားနိုင်ပြီး ထိတ်လန့်ဖွယ်အခြေအနေသို့ရောက်ရှိနေသော ကလေးတစ်ယောက်က သစ်ပင်နောက်မှထွက်လာသည်။ ထိုကလေး၏မျက်နှာသည် စက္ကူတစ်ချပ်ကဲ့သို့ ဖြူဖွေးနေပြီး သူ၏နှုတ်ခမ်းသည် လူသေကောင်နှုတ်ခမ်းကဲ့သို့ ပြာနှမ်းနေသည်။ သူ၏မျက်လုံးအောက်ရှိ မျက်ကွင်းချိုင့်နေသောအရိပ်သည် သူ့မေးစေ့အထိပင် ရောက်ရှိနေပုံရသည်။

သူ့ကိုကြည့်ရသည်မှာ လူသားတစ်ယောက်နှင့်ပင် မတူညီတော့ချေ။

အကယ်၍ ထိုကလေးသည် လဲကျပြီး ပွဲချင်းပြီးသေဆုံးသွားလျှင်ပင် ထူးဆန်းသည်ဟုမဆိုနိုင်ချေ။

"ဘာဖြစ်ခဲ့တာလဲ"

"အာ...ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော်လေ့ကျင့်တာ နည်းနည်းလွန်သွားတယ်..."

'ဒါက ဘယ်လိုကြီးလဲ'

အကယ်၍ လူတစ်ယောက်သည် လေ့ကျင့်ရုံဖြင့် ယခုကဲ့သို့ ပုံပန်းသွင်ပြင်ပေါက်သွားပါက ယခုအချိန်ထိ တပည့်တစ်ယောက်တစ်လေမျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်ချေ။ လေ့ကျင့်ခြင်းသည် တပည့်များအား သန်မာစေရန်ဖြစ်ပြီး အားနည်းသွားစေရန်မဟုတ်ပေ။ သူ ယုံကြည်နိုင်ဖွယ် အကြောင်းပြချက်ကို ပေးသင့်သည်မဟုတ်လော။

ဤအချိန်အခိုက်အတန့်မှာပင် ယွမ်ဂွန်းက စကားပြောဆိုလိုက်သည်။

"ဒါက အခုချိန်မှာ အဓိကအချက်မဟုတ်ဘူး"

ဟွမ်းဂျွန်က သူ၏မျက်လုံးကို အချိန်တခဏကြာ စုံမှိတ်လိုက်မိသည်။ ကိစ္စမရှိဘူးဟု ဆိုလိုသလော။

"မင်း ဘာလို့ ဒီလိုမျိုးပြောရတာလဲ"

ကလေးများအား စောင့်ရှောက်ပေးရသော တာဝန်ခံသည် ဤကဲ့သို့ကိစ္စမျိုးအား မဆင်မခြင် ပြောဆိုရသလော။

အဖြူရောင်ဇီးပန်းပွင့်အိပ်ဆောင်သည် ဟွာဆန်း၏အနာဂတ်ပင်။ ထိုကလေးများသည် ဟွာဆန်း၏အနာဂတ်ကို ဦးဆောင်မည့် တပည့်များဖြစ်သည်။ ကလေးများအား လေ့ကျင့်သင်ကြားပေးရသောသူတစ်ယောက်က ဤစကားမျိုးပြောဆိုသည်မှာ....

"ဂိုဏ်းခေါင်းဆောင် အဲ့ဒါကိုကြည့်ဖို့ လိုအပ်တယ်...ဒီကောင်လေး ချွန်းမြောင်က ထူးဆန်းတာတစ်ခုခုရှာတွေ့ထားတယ်"

"ထူးဆန်းတာလား"

"မြန်မြန်...မြန်မြန်လေး...ဂိုဏ်းခေါင်းဆောင်"

ယွမ်ဂွန်းကို ကြည့်ရသည်မှာ ပျာယာခတ်နေပုံရသည်။

'ဘာလဲဟ...."

အကယ်၍သာ ယွမ်ဂွန်းနေရာ၌ တစ်စုံတစ်ယောက်သည် ဤကဲ့သို့သဘောထားမျိုး ပြသနေပါက ဟွမ်းဂျွန်သည် ထိုသူ့အား အော်ဟစ်ဆဲဆိုပြီး မောင်းထုတ်ပစ်ပေမည်။ သို့ရာတွင် သူသည် ယွမ်ဂွန်း၏အကျင့်စရိုက်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားသည်။ တည်ငြိမ်အေးဆေးသောစရိုက်ရှိသူတစ်ယောက်ပင်လျှင် ဤကဲ့သို့ပျာယာခတ်နေပါက ထိုကိစ္စသည် အလွန်အရေးကြီးပေလိမ့်မည်။

နောက်ဆုံး၌ ဟွမ်းဂျွန်သည် ချွန်းမြောင်နှင့်ယွမ်ဂွန်းတို့၏ နောက်မှလိုက်၍ သစ်တောအတွင်းသို့ ဝင်သွားတော့သည်။

"သူက ဘာဖြစ်ခဲ့....."

ဟွမ်းဂျွန် စကားဆက်မပြောနိုင်တော့ချေ။ မြေပြင်၏သေးငယ်သော အစိတ်အပိုင်းတစ်ခုပေါ်သို့ သူ၏အကြည့် ကျရောက်သွားသည်။ တူးဖော်ခံထားရသော မြေကြီးအတွင်း၌ တစ်ဝက်ခန့်ပွင့်နေသော သေတ္တာဟောင်းတစ်လုံးရှိနေသည်။

ဟွမ်းဂျွန်၏မျက်လုံးတစ်စုံသည် ကျွတ်ကျလုမတက် ပြူးကျယ်နေပေ၏။ သူ ထိုအရာများအား မြင်ရသည်။

သေတ္တာ၏အတွင်း၌ ရွှေရောင်တောက်ပနေသည်။ ဤကဲ့သို့ ရွှေရောင်အလင်းတန်းအား ထုတ်လွှက်ပေးနိုင်သော သတ္တုတစ်မျိုးသာရှိသည်။

သို့ရာတွင် ထိုရွှေတုံးများသည် သူ၏အာရုံကို ဖမ်းစားနိုင်ခြင်းမရှိချေ။ ရွှေတုံးများ၏နောက်၌ စာအုပ်များရှိနေသည်။

စာအုပ်များမှခေါင်းစဥ်များသည် သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ သူ၏စိတ်ဝိညာဥ်အား ဆွဲထုတ်သွားသလို ခံစားနေရ၏။

[မဟာဟွာဆန်းဂိုဏ်း၏ ဟွာကျေးရွာမှစာရင်းဇယားများ]

ရှည်လျားသော ခေါင်းစဥ်ပင်။

"ဒါ...ဒါ...ဒါက....."

ဟွမ်းဂျွန် စိတ်နှင့်လူ မကပ်တော့ချေ။ ဤအရာများ မည်သည့်နေရာမှ ရောက်ရှိလာသနည်း။ မည်သည်ကြောင့် သေတ္တာအတွင်း၌ ရွှေတုံးများရှိနေသနည်း။

မယုံကြည်နိုင်ဖွယ် ဖြစ်ရပ်မှန်ကြီးကြောင့် သူ အနီးကပ်ကြည့်ရန်ပင် တုန်လှုပ်ချောက်ချားနေသည်။ အကယ်၍ သူ၏လက်ဆန့်ထုတ်ပြီး ထိုပစ္စည်းများအား ဆုပ်ကိုင်လိုက်ပါက တံလျှပ်များကဲ့သို့ ပျောက်ကွယ်သွားမည်ကို သူ ကြောက်ရွံနေမိသည်။

"မင်း ဘယ်...ဘယ်လိုလုပ်ပြီး ဒါတွေကိုရှာတွေ့တာလဲ"

"ဒီကလေးက ဒါတွေကိုရှာတွေ့ခဲ့တာပါ"

"ကလေးကလား"

ဟွမ်းဂျွန်သည် လူသေကောင်နှင့်တူနေသောသူဘက်သို့ သူ၏ခေါင်းကို လှည့်ကြည့်မိသည်။ သေလုမျောပါးဖြစ်နေသော ချွန်းမြောင်က သူ၏ပါးစပ်ကို ဖွင့်ဟလိုက်၏။

"ကျွန်တော်...ကျွန်တော်က မနက်အာရုဏ်တက်ချိန်မှာ ထပြီးလေ့ကျင့်နေတာ..."

"ဘယ်လို..."

ခြင်သံကဲ့သို့ ညှောင်နာနာအသံထွက်နေသော ချွန်းမြောင်၏အသံကို နားထောင်ပြီး ဟွမ်းဂျွန်က ခေါင်းခါယမ်းလိုက်သည်။ ယွမ်ဂွန်းက ဂိုဏ်းခေါင်းဆောင်အား ကူညီရန်ဆုံးဖြတ်လိုက်၏။

"သူပြောတာက သူ ပဒုမ္မာတောင်ထိပ်ကို မနက်အာရုဏ်တက်ချိန်မှာ လေ့ကျင့်ဖို့ ရောက်လာခဲ့တယ်တဲ့"

"အာရုဏ်တက်ချိန်မှာ လေ့ကျင့်တာလား...ဘယ်အချိန်ကစပြီး ဒီလိုမျိုး စတင်လေ့ကျင့်ခဲ့တာလဲ"

"ကျွန်တော်တို့ အရင်ကတည်းက စတင်ခဲ့တာလေ...ဒီကလေး ဂိုဏ်းထဲဝင်လာတဲ့နေ့ကစတာပဲ"

"ဟမ်..."

ထိုကလေး ဂိုဏ်းအတွင်းဝင်ရောက်ခဲ့သည့်နေ့မှစ၍ စတင်ခဲ့သည်ဟု ဆိုသလော။ သူ ဝင်ရောက်ခဲ့သည်မှာ အချိန်မည်မျှ ကြာမြင့်သေးလို့နည်း။

'အာ...မဟုတ်သေးပါဘူး...ဒီလိုကိစ္စမျိုးကို ငါ ခုချိန်မှာ မစဥ်းစားသင့်သေးဘူး'

သူ အသေးစိတ်အချက်အလက်များအား နောက်ပိုင်းတွင် မေးမြန်းနိုင်သည်။

"ဒါဆိုရင်...မနက်ပိုင်းလေ့ကျင့်ရေးလုပ်ဖို့ ပဒုမ္မာတောင်ပေါ် မင်းတက်လာတဲ့အချိန်မှာ ဒါကိုတွေ့ခဲ့တာလား"

"အတိအကျပြောရရင် ကျွန်တော် အရမ်းပင်ပန်းနေလို့ ချုံပုတ်ထဲမှာအနားသွားယူဖို့ ဆုံးဖြတ်ခဲ့တယ်...ဒါပေမယ့် ကျွန်တော်ထိုင်လိုက်တဲ့နေရာက ထူးထူးဆန်းဆန်းကို မာကြောနေလို့ အာရုံပိုစိုက်ပြီး ကြည့်လိုက်မိတယ်...တစ်ခုခု ထိုးထွက်နေတာကိုမြင်မိလို့ ကျွန်တော်တူးထုတ်လိုက်ရာကနေ ဒီလိုမျိုးဖြစ်သွားတာပဲ"

"ဒါပေမယ့် သေတ္တာထဲမှာရှိတဲ့ ပစ္စည်းတွေက အရမ်း....ထူးခြားနေတော့...ကျွန်တော်ဟာကျွန်တော် စစ်ဆေးတာထက် အကြီးအကဲတွေကိုအကြောင်းကြားတာ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တွေးမိတယ်"

"မင်း အနားယူပါအုံး...ဘယ်လိုကလေးမျိုးက စကားတောင်မပြောနိုင်တဲ့အထိ ပြင်းပြင်းထန်ထန် လေ့ကျင့်လို့လဲ"

"လေ့ကျင့်တာက....အခြေခံအုတ်မြစ်ပဲ..."

"ငါ...ငါသိပြီ...မင်း အရင်ဆုံး အနားပြန်ယူလိုက်တော့...ငါ့ဟာငါ ဒါတွေကို စစ်ဆေးလိုက်မယ်"

ဟွမ်းဂျွန်သည် ခြောက်ကပ်နေသောတံတွေးကို ပြန်မျိုချပြီး သေတ္တာအနီးသို့ ချဥ်းကပ်သွားလိုက်၏။ သူ၏တုန်ရီနေသောလက်များကို သေတ္တာပေါ်သို့ တင်လိုက်သည်။ သို့ရာတွင် သူ ထိတွေ့လိုက်သည်မှာ ရွှေတုံးများမဟုတ်ဘဲ နောက်မှစာအုပ်များပင်။

"မဟာဟွာဆန်းဂိုဏ်း၏ ဟွာကျေးရွာမှစာရင်းဇယားများ"

ဟွမ်းဂျွန်သည် ထိုစာအုပ်ကို ထုတ်ယူပြီးသည်နှင့် အသိစိတ်ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး တီးတိုးရေရွတ်လိုက်၏။ သူ၏တုန်ရီနေသောလက်များက တုန်လှုပ်ချောက်ချားနေသော သူ့စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။

သူသည် စာအုပ်ကို ဖွင့်ပင်မကြည့်ချေ။ အကယ်၍ သူ စာအုပ်အား သတိလက်လွတ်ဖွင့်ကြည့်လိုက်ပါက သူမျက်စိရှေ့တွင် ဖုန်မှုန့်များအလား ကြေမွသွားမည်ကို သူ စိုးရိမ်နေမိသည်။

"မဟာဟွာဆန်းဂိုဏ်း၏မှတ်တမ်းများ"

ထိုအရာသည် ဟွာဆန်း၏သမိုင်းစဥ်လာနှင့် သက်ဆိုင်သောစာအုပ်ပင်။ ဤစာအုပ်သည် ဂိုဏ်း၏လုပ်ငန်းဆောင်တာများနှင့် ပတ်သက်သောအခန်းကဏ္ဍတွင် မပါဝင်သော်လည်း အရေးပါသောအရာဖြစ်ပေ၏။

ဟွမ်းဂျွန်သည် စာအုပ်များကိုဂရုတစိုက်ကိုင်တွယ်၍ ခေါင်းစဥ်တစ်ခုစီကို ဖတ်ကြည့်လိုက်သည်။

"ကြည့်...ကြည့်...ကြည့်ပါအုံး..."

သူ၏မျက်လုံး ပြူးကျယ်သွားပေ၏။

"သူတော်စင်ဓားခုနစ်လက်...."

သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

"ဂိုဏ်း...ဂိုဏ်းခေါင်းဆောင်....."

"အား..."

ဟွမ်းဂျွန်သည် အသိစိတ်လွတ်ကင်းသွားသကဲ့သို့ ခံစားနေရ၏။

"ဂိုဏ်းခေါင်းဆောင်..."

"ဂိုဏ်းခေါင်းဆောင်...စိတ်အေးအေးထား...."

လူများက သူ့အားအော်ခေါ်နေသည်ကို ကြားသော ဟွမ်းဂျွန်က သူ၏မျက်လုံးကိုမှိတ်ပြီး ပြုံးလိုက်၏။

သေတ္တာအတွင်းမှ ထွက်ပေါ်လာသောအရာများသည် ချမ်းသာကြွယ်ဝမှုနှင့်စာအုပ်များသက်သက် မဟုတ်ချေ။

ထိုအရာများသည် ဟွာဆန်း၏မျှော်လင့်ချက်ပင်။

All Chapters