အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အပိုင်း ၄၀
သူတောင်းစားနဲ့တူတဲ့ခေါင်းဆောင် (၅)
ချွန်းမြောင် မလျော့သောဇွဲတို့နှင့် ခေါင်းကိုမော့ကာ အံကိုတင်းတင်းကြိတ်လိုက်ပြီး လည်ပင်းကို ဆန့်ထုတ်လိုက်လေသည်။
နည်းနည်းလေးပဲ......နောက်ထပ်နည်းနည်းလေးပဲ
နည်းနည်းဆို ရပါပြီ။
"........"
လည်ပင်းလေး လန်ကာ ချောက်ကမ်းပါးထိပ်ကို အခြေအနေကြည့်ချင်နေရုံလေးပင်ဖြစ်လေသည်။
တုံးတိကြီး ဖြစ်နေသော ချောက်ကမ်းပါးစွန်း...
အောက်ဘက်တွင် ဆိုင်းနေသောမြူများမှလွဲ၍ တောင်ထွတ်ကိုပင် မမြင်နိုင်သော ခြောက်ခြားဖွယ်ရာ ကမ်းပါးစွန်းရှေ့တွင် သူရောက်နေခြင်းပင် ဖြစ်၏။
"ရူးကြောင်ကြောင်နဲ့ကွာ"
ချွန်းမြောင် တိုးတိုးရေရွတ်ရင်း ရယ်လိုက်လေသည်။
ဟွားဆန်းရှိလူများကမူ ဤချောက်ကမ်းပါးအား အန္တာရာယ်ချောက်ကမ်းပါးဟု ခေါ်ကြလေသည်။ တောင်ငါးတောင်အနက် အမြင့်ဆုံးနှင့် အန္တာရယ်အများဆုံး တောင်ထိပ်ပင် ဖြစ်သည်။ ချွန်းမြောင်ရှာနေသည့် နေရာကမူ ဤတောင်ထွတ်၏ တောင်ခါးပန်းလောက်တွင် ရှိလေသည်။
လောကကြီးတွင် အလျိုု့ဝှက်ဆုံးသောနေရာဖြစ်ပြီး ဟွားဆန်းရှိလူများပင် ထိုနေရာကိုမသိကြချေ။ ပြောရလျှင်မူ ချွန်းမြောင်မှလွဲ၍ မည်သူမျှပင် မသိသောနေရာဖြစ်လေသည်။
"ငါလေးတစ်ယောက်ပဲ သိတဲ့နေရာလေးပေါ့...ဟိဟိ"
တောင်ခါးပန်းနားတွင် ဂူငယ်လေးတစ်ဂူရှိပြီး မည်သူကမှ ဤတောင်ထွတ်သို့ တက်လာခြင်းမရှိသောကြောင့်သော်လည်းကောင်း၊ တောင်ခြေမှလည်း တက်လာသည့်သူမရှိဖူးသောကြောင့်သော်လည်းကောင်း ထိုဂူ၏ တည်ရှိမှုကို မည်သူကမှ မသိကြချေ။
ထို့ပြင် ဟွားဆန်း၏ဂိုဏ်းသားများကိုလည်း ဤအန္တာရယ်တောင်ထိပ်တွင် ကျင့်ကြံခြင်းကို တားမြစ်ထားသောကြောင့် ချွန်းမြောင်မှလွဲ၍ ဤနေရာကိုမည်သူမှ မသိကြပေ ။ ဟွားဆန်းရှိ တစ်ဦးတည်းသော အမိန့်မနာခံတတ်သူသည် ချွန်းမြောင်ဟူသော သူတစ်ယောက်သာ ရှိလေသောကြောင့်လည်း ပါမည်ထင်သည်။
ထို့ကြောင့်ပင် ဤနေရာမှ မည်သူမှ ရှာမတွေ့နိုင်သော သူ၏စားကျက်ဖြစ်လာလေသည်။
"ဒီနေရာလေးက ငါ့အတွက် အများကြီးကို အဆင်ပြေခဲ့တာ"
ချွန်းမြောင် သေရည်ခိုးသောက်လာသည့် အခါတွင်လည်းကောင်း၊ အသားခိုးစားသည့်အခါတွင်လည်းကောင်း၊ တရေးအိပ်ကာ လေ့ကျင့်ရေးနားသည့်အခါများတွင်လည်းကောင်း ဤနေရာသို့လာကာ ဆရာတူအကိုကြီးလက်မှ လွတ်အောင်ရှောင်တတ်လေသည်။
"ဆရာတူအကိုကြီး"
အကိုကြီး ငါ့ကို ဘယ်လိုများစိတ်ရှည်ခဲ့တာလဲ။
ပြန်တွေးကြည့်သောအခါတွင်မူ သူ၏လုပ်ရပ်များကို အပြစ်ပေးခံရ၍ပင် သေနိုင်လေသည်။ သို့သော် ဆရာတူအကိုကြီးကမူ ပျစ်တောက်ပျစ်တောက် ပြောသည်သာရှိခဲ့လေသည်။ ပြင်းပြင်းထန်ထန်အပြစ်မျိုး မပေးပေ။ သူ့လက်ထက်တွင်သာ သူကဲ့သို့ တပည့်မျိုး ရှိပါက ထိုတပည့် သူရိုက်သည်နှင့်ပင် အသက်ထွက်ပေလိမ့်မည်။ အတိတ်အား တွေးမိသောအခါ သူ့ကိုယ်သူပင် သေအောင်ရိုက်နှက်ကာ ဆုံးမချင်စိတ်များ ပေါက်လာလေသည်။
"ငါ ဘယ်လိုတောင် ရူးရူးမိုက်မိုက်တွေ လုပ်ခဲ့တာလဲ"
ချွန်းမြောင် သက်ပြင်းတစ်ချက်သာ ချလိုက်ရင်း လက်ရှိကိုသာ အာရုံစိုက်လိုက်လေတော့သည်။
ချောက်ကမ်းပါးစွန်းကို မော့ကြည့်နေရသည်က ဇက်ပင်ပြုတ်တော့မလားပင်။ ကြည့်ရသည်က သူကဲ့သို့သော အရူးတစ်ယောက်သော်မျှ နှစ်တစ်ရာကျော်အတွင်း ပေါ်ပေါ်ခဲ့ပုံမရပေ။ တောင်ခါးပန်းဆီသို့ တက်ရန်ကြိုးစားထားသည့် ခြေရာလက်ရာမျိုး မတွေ့ရပေ။
လက်ရှိချွန်းမြောင်၏ အခြေအနေသည် အားနည်းကာ ထိရှလွယ်သောအခြေအနေဖြစ်လေ၏.။ ဇီးပန်းပွင့် ဓါးသူရဲကောင်း ချွန်းမြောင်ဘဝတုန်းကမူ သူသည် ထိုတောင်ခါးပန်းရှိ ဂူထဲသို့ သွားရသည်က အပန်းကြီးသောကိစ္စမဟုတ်ပေ။ တချက်ခုန်လိုက်သည်နှင့် လိုရာပန်းတိုင် ဂူထဲသို့ တန်းတန်းမတ်မတ်ရောက်သွားလေသည်။ လက်ရှိတတိယတန်း အငယ်စားတပည့်လေး ချွန်းမြောင်အနေနှင့် ထိုသို့တချက်သာ ခုန်လိုက်ပါက သေချာပေါက်ရင် သေလမ်းကြွသွားရမည်က ဧကန်ပင်ဖြစ်လေသည်။
ဘာလို့ ကလေးတစ်ယောက်ရဲ့ ကိုယ်ထဲမှာမှ လာပြီးဝင်စားရတာတုန်း.....ဘာလို့လဲ...ဘာလို့လဲ.....
ချောက်ကမ်းပါးစွန်း၏ အောက်ခြေက ချောမွေ့မတ်စောက်လွန်းကာ ခြေနင်းတွယ်တက်ရန် နေရာများရှိမနေပေ။ ဤတောင်က အမြဲထိုအတိုင်းပင်။
"ငါ တကယ်ကြီးကို ဒီနေရာမှာထားခဲ့တာပဲ။ တကယ်ကြီးကိုလေ"
ချွန်းမြောင်သည် အရင်ဘဝက ဤနေရာအားရွေးကာ စားကျက်ရိပ်မြုံလုပ်ခဲ့သော သူ့ကိုယ်သူနောင်တရမိလေသည်။ သူ အသက်ကို ပြင်းပြင်းရှုကာ တောင်ခါးပန်းဆီသို့ မှန်းကာကြည့်လိုက်ပြန်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါရအောင်တက်ရမှာပဲ"
နောက်ပြန်ဆုတ်ရန် အခွင့်အရေးမရှိပေ။ အသက်နှင့်ရင်းရလျှင်ပင် သေချာပေါက် ဤတောင်ကို တက်ရပေမည်။ သူ၏ မှတ်ဉာဏ်များအရ သူသည် ထိုဂူထဲတွင် ဇီးပန်းပွင့်ဆေးလုံးများသာမက တခြားသောဆေးလုံးများစွာကိုလည်း ဖွက်ထားခဲ့လေသည်။ အရက်နာကျသည်ကို ဖြေရန်ဆေးလုံးများသာမက တခြားသောဆေးလုံးများကိုပါ သူဖွက်ထားခဲ့သည်က သေချာသည်မို့ ထိုနေရာသို့သွားကာ ထိုဆေးလုံးများကို ယူကိုယူရပေမည်။ သူ့တွင် အခြားနည်းလမ်းမရှိပေ။ သူ ထိုကဲ့သို့ ရူးကြောင်ကြောင်နှင့်ဆေးလုံးများကို သိမ်းထားတတ်သည့် သူ့ကိုယ်သူလည်း ကျေးဇူးတင်မိသွားလေသည်။ အတိတ်ဘဝက ရူးမိုက်မှုက ယခုဘဝရဲ့ ကယ်တင်ရှင်ကြီး ဖြစ်သွားနိုင်သောကြောင့်ပင်။
"ဘယ်လောက်ပဲ ငါရူးကြောင်ကြောင်နိုင်တယ်ပြောပြော သိပ်တော့မဆိုးသေးလှပါဘူး"
နောက်ဆုံးတွင်မူ ချွန်းမြောင်သည် စိတ်ပိုင်းဖြတ်က တောင်နှင့်မျက်နှာချင်းဆိုင်တွင်ရှိသော တောထဲသို့ ပြေးဝင်သွားလေတော့သည်။ တောထဲမှ ပြန်ထွက်လာသောအခါတွင်မူ လက်ထဲတွင် စပျစ်နွယ်များကို ကြိုးတစ်ချောင်းသဖွယ် ရစ်ထားသော ကြိုးစရှည်ကြီးတစ်ချောင်းပါလာလေသည်။ သူ၏ လက်ရှိအခြေအနေနှင့်မူ အကူအညီမပါဘဲတက်ရန်က မည်သို့မှပင် မဖြစ်နိုင်သောကိစ္စပင်ဖြစ်လေသည်။ ကလေးတစ်ယောက်အနေနှင့် တောင်တက်ရသည်က အတော်ပင်ခက်ခဲကြမ်းတမ်းသော ကိစ္စပင်ဖြစ်လေသည်။
တောင်ထိပ်သို့တက်ရသည့် ဒုက္ခက သာမန်မဟုတ်ပေ။ တောင်ပေါ်ရောက်သောအခါတွင်မူ အဆင်းဒုက္ခကရှိနေလေသည်။ တောင်ဆင်းက တောင်တက်ရသည်ထက် ပို၍ ဒုက္ခများမည်က သေချာလေသည်။ ပို၍ပို၍ပင် အန္တာရယ်များပေလိမ့်မည်။
ချွန်းမြောင်သည် အောက်သို့တချက်ကြည့်လိုက်ပြီး တံတွေးမြိုချလိုက်လေ၏။ သူ အောက်ခြေမြေပြင်ကိုပင် မမြင်ရချေ။ မတော်တဆပြုတ်ကျခဲ့ပါက အရိုးတခြား အသားတခြားနှင့် အလောင်းပင် ကောက်ရမည်မဟုတ်ပေ။ အဆုံးမဲ့ချောက်ကမ်းပါးကြီးပင်။ သူကြောက်လန့်တကြားနှင့် နောက်ပြန်ဆုတ်လိုက်ပြီး ရင်ဘက်ကို ဖိလိုက်လေသည်။
"အားးးချီးချီး...ငါ တုန်တောင်တုန်နေပြီ"
အတိတ်ဘဝတုန်းကမူ အိုအေစစ်သဖွယ်သွားလာခဲ့သောနေရာသည် ယခုတွင်မူ ငရဲတံခါးဝကို ဖြတ်ကျော်နေရသည့်အလားပင်။ သူ၏ အလေးချိန်ကို နွယ်ပင်ကြိုးက ခံနိုင်မည်လား သူတွေးကာစိုးရိမ်နေလေပြီဖြစ်သည်။ တောင်အောက်ကိုကလည်း ဆင်းကိုဆင်းရမည်ဖြစ်ပြီး သူ့တွင် ရွေးစရာမရှိပေ။
"ငါမှာ့ အသက်ကတစ်သက်ထဲရှိတာ ....မဟုတ်ဘူး..မဟုတ်ဘူး...နှစ်သက် ...
အခုက ငါ့ရဲ့ ဒုတိယမြောက်အသက်ပဲ ...ငါသေလို့မဖြစ်ဘူး"
ချွန်းမြောင်သည် သူ၏လက်ထဲတွင်ကိုင်ထားသော ကြိုးကိုယူကာ အနီးရှိကျောက်တုံးတွင် ချည်လိုက်လေသည်. ။ ထို့နောက်တွင်မူ ကြိုးစအား ခိုင်ခန့်မှုရှိမရှိ အကြိမ်ရေများစွာဆွဲကြည့်လိုက်ပြီး ချောက်ကမ်းပါးစွန်းတွင် ရပ်လိုက်လေသည်။
ဟွားဆန်းကို ကယ်တင်ရသည်က ခက်ခဲလှပေသည်။ အသက်နှင့်ပင်ရင်းကာ စွန့်စားရလိမ့်မည်ဟု အမှန်တကယ်ပင် သူမထင်ထားချေ။
"ချီးပဲ"
ချွန်းမြောင် ဆဲဆိုပြီးနောက် တောင်အောက်သို့ စတင်ကာ ဆင်းလေတော့သည်။
ဤတောင်သည် အတက်လည်းမလွယ်သကဲ့သို့ အဆင်းလည်းခက်လှပေသည်။ ပြောင်ချောချော တောင်နံရံက ခြေတင်ရန်အစွန်းလေးများပင် ရှိမနေဘဲ သူ ကြိုးစကို အားပြုကာ အတော်ပင်ထိန်းကာ ဆင်းနေရလေ၏။ ချွန်းမြောင် ကြိုးအား အားပြုကာ တောင်နံရံတွင် ဖားသဖွယ် ကပ်ထားရလေသည်။
"အား..ချီး..ချီး...ချီးပဲ ။ ဒီလိုမှန်းသိ ကျွမ်းဘားထိုးတာသင်ထားလိုက်ပါတယ်ဟ"
လောကကြီးတွင် ချွန်းမြောင် မတတ်သည့် ပညာများလည်း ရှိပေသေးသည်။ အရင်ဘဝက ထိုပညာအား သူမသင်ခဲ့ပေ။ ယခုမူ မသင်ခဲ့သည့် ကောင်းကျိုးကို ခံစားနေရပြီဖြစ်သည်။
ချွန်းမြောင် အားပြုထားသော ကျောက်တုံးလေးက လှုပ်လာလေသည်။
တုတ်..တုတ် ..တောက်
ချွန်းမြောင် သူ၏ခြေထောက်အောက်မှ ပြုတ်ကျသွားသော ကျောက်တုံးလေးအား လိုက်ကာကြည့်လိုက်လေသည်။ ကျောက်တုံးလေးက အောက်ရှိ ကျောက်စွန်းများကို တစ်ချက်နှစ်ချက် ရိုက်ခတ်ပြီးနောက်တွင်မူ အဆုံးမရှိသော ချောက်ထဲသို့ ကျသွားလေတော့သည်။
တောက်...တောက်..တောက်
ကျောက်ခဲပြုတ်ကျရာမှ ထွက်လာသောအသံသည် ချောက်အတွင်းပဲ့တင်ထပ်နေပြီး ချွန်းမြောင်အား တမင်ပင် ကြောက်စိတ်သွင်းနေသည့်အလားပင်။
"အမလေး"
ကျောက်တုံး ချောက်ကမ်းပါး၏ အောက်ခြေသို့ ရောက်သွားရန်က အတန်ငယ်ပင် ကြာလိုက်လေသည်။ ချွန်းမြောင်သာ ပြုတ်ကျပါက အလောင်းပင်ကောက်မရမည်ကို တွေးမိသွားသောအခါ သူတံတွေးတချက် မြိုချမိသွားလေသည်။
ဇီးပန်းပွင့်ဓါးသူရဲကောင်းက ဘယ်အရာကိုမှ မကြောက်တတ်ဘူး။ ကောင်ကင်ဘုံနတ်ဆိုးကိုတောင် ရင်ဆိုင်ခဲ့သေးတာ ဘာကို ကြောက်ရမှာလဲ။ ဒီလောက်လေးပြုတ်ကျတာကို ကြောက်နေရင် သူရဲကောင်းမဟုတ်တော့ဘူး။ ကောင်းကင်ဘုံနတ်ဆိုးကိုတောင် နှိမ်နင်းနိုင်ခဲ့သေးတာ ဒီတောင်တက်တာလောက်တော့ သေစရာလား။
ချွန်းမြောင် ဒီနေရာမှ ပြုတ်ကျကာ သေသွားသည်ဟု တွေးကြည့်လိုက်လေသည်။
မဖြစ်ပေ တမလွန်တွင် သူဆရာတူအကိုကြီးကို မျက်နှာပင်ပြရဲမည်မဟုတ်ပေ။ ကောင်းကင်ဘုံနတ်ဆိုးကိုပင် နှိမ်နင်းခဲ့သည့် ဇီးပန်းပွင့်သူရဲကောင်းသည် တောင်ပေါ်မှ ပြုတ်ကျကာ သေသည်ဆိုသည်က လူကြားကောင်းသော သတင်းမဟုတ်ပေ။ တမလွန်တွင် သူအရှက်ရပေလိမ့်မလည်။
"ချီးလိုပဲဟေ့"
ချွန်းမြောင် ကြောက်နေသော်လည်း နံရံတွင် တောက်တဲ့တစ်ကောင်ကဲ့သို့ တွယ်ကပ်ရင် ဖြည်းဖြည်းချင်းစီရွေ့လိုက်လေသည်။
'ဒီအောက်မှာ ရှိမယ်ထင်တယ်'
တောင်ခါးပန်းတွင် ဂူဖြစ်နေရန်အတွက် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုရှိလေသည်။
' အဲ့ထဲကို ဝင်တာက ပိုကောင်းမယ်ထင်တယ်။ ဝင်ဖိုဆို ငါခုန်ရမှာပေါ့'
ချွန်းမြောင်က စဉ်းစားပြီးသည်နှင့် အသက်ကို ဝဝရှုလိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်လေသည်။
"ငါက ဇီးပန်းပွင့် ဓါးသူရဲကောင်း"
ဒါလေးကို ကြောက်မနေဘူး။ သူ ကိုယ့်ကိုယ့်ကိုယ်အားပေးပြီးသည်နှင့် ကြိုးကိုလွဲကာ ခုန်လိုက်လေပြီး တချိန်တည်းမှာပဲ အော်ငိုလေတော့သည်။
"အားးးငါကြောက်တယ်....အားးးအားးကြောက်တယ်လို့ ...အီးဟီးးး"
ချွန်းမြောင်က အနည်းငယ်လှမ်းသော ကျောက်တုံးပေါ်သို့ ရောက်သွားပြီး ထိုကျောက်တုံးပေါ်တွင် တဆတ်ဆတ်တုန်နေလေသည်။
တုတ်...တုတ်...တုတ်....
ဟမ်..ဘာလားဟ
ချွန်းမြောင်အပေါ်ကို မော့ကြည့်လိုက်လေတော့ သူ့ကြိုးချည်ထားသော ကျောက်တုံးကြီးက ချောက်ကမ်းပါးစွန်းတင် တင်နေလေသည်။
"ဟမ်....မဟုတ်ရဘူးလေ"
တုတ်..တုတ်..
ကျောက်စလေးများက ပဲ့ကာ ချကာလေသည်။
".........."
ဟာ...မဖြစ်ရဘူးလေ..
အကူအညီလေး နည်းနည်းပါးပါးဖြစ်စမ်းပါ...သောက်ကျောက်တုံးရဲ့...
ဂုန်း...ဂုန်း...ဂလုန်း
ကျောက်တုံးက လုံးလုံးပင် ပြုတ်ကျလာကာ ကျောက်တုံးနှင့်တွဲချည်ထားသော ချွန်းမြောင်လည်း ကျလေတော့သည်။
"အိုးးးးဘုရားရေ...ဘုရား...အား ...လုပ်ကြပါဦး"
ချွန်းမြောင်ကမူ ခြေကားယားလက်ကားယားနှင့် ပြုတ်ကျနေပြီဖြစ်သည်။
ငါ ဒီကနေကျရင်တော့ သေပါပြီ။
သေချာပေါက်ကို သေမှာ။ သေမှာရယ်။
ငါသေရတော့မှာလား ..။ သေရတော့မှာပေါ့လေ။ ချွန်းမြောင်ဆိုတဲ့ ငါလေးက သေတော့မှာပေါ့။
အုန်း..
ချွန်းမြောင်၏ ခါးတွင်ချည်ထားသော ကြိုးစက တင်းသွားပြီး သူ၏ခန္ဓာကိုယ်ကလေထဲတွင် တန်းလန်းကြီးဖြစ်နေလေသည်။ ကျောက်တုံးက ညှိသွားကာတင်နေပြန်လေသည်။
ကြိုးက ကျထားသည့်အရှိန်နှင့်မို့ ဟိုဟိုဒီဒီလည်း ဒန်းစီးသကဲ့သို့ လွဲနေလိုက်သေးသည်။
ဟုတ်ပြီ...
ချွန်းမြောင် ကြိုးတွင် တန်းလန်းပါနေရင်းမှ အကြံရသွားလေ၏။ ပြုတ်ကျသည့်အချိန်ကလည်း ကြာပြီမို့ အရှိန်ကလည်း ငြိမ်သွားပြီဖြစ်လေသည်။ ငှက်တွေကလည်း ပျံရင်းသေ ၊ လူဆိုတာလည်း ကြံရင်းသေ။
ခရုမှာလည်း အဆန်နဲ့ လူတွေမှာလည်း အကြံနဲ့ပါကွ။
သူ၏ ကြိုးက ဒီထက်ပို၍ ခိုင်ခန့်ပါဖို့တော့ သူမျော်လင့်မိလေသည်။ ချွန်းမြောင်၏ မျက်လုံးများက အရောင်တလက်လက်တောက်ပနေပြီး မလှမ်းမကမ်းတွင် ရှိသော တောင်စွန်းလေးကို ခုန်ရန်ပြင်လိုက်လေသည်။ ထိုအစွန်းလေး၏ အောက်တွင် သူ၏လျို့ဝှက်ဗိမ္မာန်လေးရှိပြီး ထိုအစွန်းသို့ ရောက်လျှင် သူ၏ ပန်းတိုင်သိူ့ ရောက်ပြီဖြစ်လေသည်။
ချွန်းမြောင် သူ၏ကြိုးအရှည်နှင့် တောင်စွန်းရှိရာနေရာသို့ အကွာအဝေးကို ချိန်လိုက်လေသည်။ အကွာအဝေးက ကွတ်တိပင် ရောက်မည်ဟု သူခန့်မှန်းလေသည်။ ကောင်းကင်ဘုံက ငါ့ဘက်ကတော့ ရှိနေသေးတာပဲ..အဟဲ။
ချွန်းမြောင်ကြိုးကို တင်းတင်းကိုင်ကာ အသက်ကို တဝကြီးရှုလိုက်လေသည်။ သူသည် ကြိုးကို အရှည်နှင့်လွဲလိုက်မည်ဖြစ်ပြီး ကြိုးဟိုဘက်သို့ ယိမ်းသည့်အချိန်တွင် တောင်စွန်းကို အမိကိုင်ကာ ကူးရမည်ဖြစ်လေသည်။
"ကျား......."
ချွန်းမြောင် သူ၏ကိုယ်ကိုလွဲကာ ကြိုးကို ဘယ်ညာလွဲယမ်းလိုက်ပြီး ခုန်ကူးလိုက်လေတော့သည်။ လူကိုယ်က ထိုတောင်စွန်းသို့ ရောက်သွားသော်လည်း တောင်စွန်းကျောက်သားက ချောနေသည်မို့ လက်က မမြဲဘဲ ကြိုးနှင့် တဖက်သို့ ပြန်ပါသွားလေသည်။
"ဟုတ်ပြီ....နောက်တစ်ကြိမ်ပေါ့"
ချွန်းမြောင် နောက်တစ်ကြိမ် ကိုယ်ကိုလွဲကာ တောင်စွန်းဆီသို့ ခုန်လိုက်ပြန်သည်။
တတ်...တက်တက်
"ဘာတုန်းဟ"
ချွန်းမြောင် ကြားလိုက်ရသောအသံကြောင့် ခေါင်းနားပန်းကြီးသွားပြီး အသံလာရာကို အမြန်ပင် လိုက်ရှာလေတော့သည်။ ကောင်းလှပေသည်။ ကျစ်ထားသော ကြိုးစသည် တစ်စစီပြေကာ ပြတ်နေပြီဖြစ်လေသည်။
"အားးးးးး"
မဟုတ်ဘူးလေ...မဟုတ်ဘူးလေ
မဖြစ်ရဘူးလေ
ကြိုးက တစ်စချင်းစီ ပြတ်နေပြီး ကြိုးပြတ်သည့်အရှိန်ကြောင့် ချွန်းမြောင်သည်လည်း လှုပ်ခါနေပြီဖြစ်သည်။
"ကယ်တော်မူကြပါ...ဒီလိုနဲ့ သားသားသေတော့မယ် ထင်လို့ပါ....အဟင့်..အဟင့် ...ဗြဲ....ကယ်ကြပါလို့"
ချွန်းမြောင်သည် ကြိုးကို အရှိန်နှင့်လွဲကာ တောင်စွန်းနားသို့ တဖန်ပြန်၍ ကပ်သွားလေသည်။ ချောနေသော တောင်စွန်းလေးအား ကုတ်မိစေရန် သူက အတွင်းချီစွမ်းအားကို မြင့်ကာ လက်သို့ ပို့ပြီး မြဲမြဲကိုင်နိုင်ရန်ကြိုးစားလိုက်လေသည်။
ကျွတ်....
အတွင်းချီစွမ်းအင်ကြောင့် လက်ရိုးက ကျိုးသွားလေသည်။
"အာ...ချီးချီး"
တစ်ဖက်ကျိုးလည်း နောက်တစ်ဖက်ပေါ့။ နောက်တစ်ဖက်သို့ အတွင်းချီစွမ်းအင်များပို့ကာ မြဲအောင်ထိန်းရန်ကြိုးစားလိုက်လေတော့ နောက်တစ်ဖက်ပါ ထပ်ကျိုးသွားလေသည်.။
ကောင်းကွာ.....
"မင်းတို့က အရမ်းကို ချစ်နေရတဲ့ အရိုးကျိုးညီနောင်ပေါ့လေ.....
တစ်ဖက်ကျိုးရတာ အားမရလို့ နောက်တစ်ဖက်ပါ လိုက်ကျိုးတာပေါ့...
ဒီလောက်လွယ်လွယ်ကျိုးတဲ့အရိုးမျိုး ဒီတစ်ခါပဲကြုံဖူးတယ်... ဘယ်လိုခန္ဓာထဲကို ငါရောက်လာတာလိမ့်"
နည်းနည်းလေးပဲ တောင့်ခံလိုက်စမ်းပါ..
လက်သုံးမရမှတော့ ကိုယ်ကိုသုံးပေါ့။ ချွန်းမြောင် လက်ကျိုးနှစ်ဖက်က အပတ်တကုတ်ပင် ကျောက်စွန်းကို ကျိုးရက်နှင့်တွယ်နေလေပြီး ကိုယ်ပါကပ်တွယ်ရန် ကြိုးစားရလေတော့သည်။ ရှိရှိသမျှသော အားအင်တို့ကို သုံးကာ ကိုယ်ပါ တွယ်ကပ်လိုက်မှသာ ကျောက်စွန်းပေါ်သို့ ကိုယ်ရော လက်ပါတင်နိုင်သွားလေတော့သည်။
"အား....အား....အား...ပူတယ်...ပူတယ်ဟ"
ကျောက်စွန်းကို အမိအရတွယ်ကာ ကပ်လိုက်သည်နှင့် ကျောက်စွန်း၏ အပူချိန်ကို ခံစားရလေပြီး အလွန်ပင် ပူသွားလေတော့သည်။ သို့သော်လည်း အောက်သို့ပြုတ်ကျကာ သေသွားသည်နှင့်စာလျှင် ပူသည်က ကိစ္စမဟုတ်သည်မို့ သူ ပေကပ်ကာသာ ကျောက်စွန်းပေါ်သို့ တက်လိုက်လေတော့သည်။
နောက်ဆုံးတွင်မူ သူ၏လျှို့ဝှက်နေရာလေးသို့ ရောက်ရှိရှာတွေ့ခဲ့ပြီဖြစ်လေသည်။
အမှန်တကယ် မတွေ့သေးသော်လည်း ခရီးတဝက်ရောက်လာပြီဟုတော့ ပြော၍ရပေသည်။ လှုပ်လီလှုပ်လဲ့ ကျောက်တုံးလေးပေါ်ထက်စာလျှင် ဤတောင်စွန်းက ပို၍စိတ်ချရသည့်နေရာသို့ ရောက်ခဲ့ပြီဖြစ်၍ ချွန်းမြောင် အနည်းငယ်တော့ စိတ်အေးသွားလေသည်။
"ဟ...ဟ...ဒါက မြေကြီးလား"
ဟုတ်သည်။ မြေပြင်ပင်။ ဤသည်က မြေကြီးပြင်ကြီးပင်။ အက်ကြောင်းကွဲနှင့်ဆက်နေသော မြေကြီးပြင်ကြီးပင်။
ဟားးးးးဟားးးးးဟားးးးးး
ငါ အသက်ရှင်ပြီကွ....
ချွန်းမြောင် မြေပြင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ အရူးလိုတဟီးဟီး ရယ်နေလေတော့သည်။
အသက်မသေဘဲ ချောချောမွေ့မွေ့ရောက်လာသည်သာမက ဂူပေါက်ဝကိုပင် တည့်တည့်တိုင်တိုင်ရောက်မည့် မြေကြီးနေရာသို့ ရောက်လာသည်မို့ ချွန်းမြောင်အူမြုးသည်က မရပ်နိုင်တော့ပေ။ မရဏတံခါးဝမှ သူလွတ်မြောက်လာခဲ့လေပြီဖြစ်သည်။
ကံတရားကို သူကျေးဇူးတင်လိုက်ရင်း ခန္ဓာကိုယ်ကို အားပြုကာ ထလိုက်လေသည်။ ထို့နောက်တွင်မူ ရဲရဲနီနေသော မျက်လုံးများနှင့် ကြုံးဝါးလိုက်လေသည်။
" ဘယ်လိုအခက်ခဲတွေပဲရှိရှိ ငါက ရအောင်လုပ်နိုင်တယ်ဆိုတာ မြင်ပြီမို့လား....မျိုးမစစ်ချီးတောင်စွန်းကြီးရယ့်"
အပိုင်း (၄၁)
ဒါက ဟွားဆန်းပဲလေ...(၁)
"အဟွတ်...."
ဂူက မည်းမှောင်ကာ ပိတ်ပိန်းနေလေသည်။ အဝတ်များကို ဖြဲကာစည်းထားသော လက်နှစ်ဖက်က ဂူကြမ်းပြင်ကို ထိကာလမ်းရှာရင်း ဂူထဲသို့ ဝင်လာခဲ့လေသည်။
" အာာာ....ဒုက္ခပါပဲ"
တစ်စထက်တစ်စများလာသော ဖုန်များကြောင့် လူရုပ်ပင်ပေါက်လေတော့မည် မဟုတ်ပေ။
"အာ..."
ချွန်းမြောင် ဂူကြမ်းပြင်ကို လက်နှင့်စမ်းကာ ဂူထဲသို့တွားသွားရင်း ဝင်လာတော့လေသည်။
"အဟွတ်...အဟွတ်..အမလေး ငါတော့ ချီးလူးတဲ့ ဇီးပန်းပွင့်သူရဲကောင်းဖြစ်နေပြီ"
ငါ ဘာလို့ဒီလိုနေရာမျိုးမှာမှ လာပြီးဖွတ်ထားခဲ့ရတာလဲ။ ငါက အရင်ဘဝကတည်းက ရူးနေတာများလား။ လေ့ကျင့်ရေးတွေများလို့ ငါလေး ရူးသွားတာပဲဖြစ်ရမယ်။ ဟု..ဟု..
ဘာပဲဖြစ်ဖြစ် ငါကဇီးပန်းပွင့်သူရဲကောင်းလေ ...ငါမလုပ်နိုင်ဘူးဆိုတာ ရှိပါ့မလား.......
"အားးးးအား...သေတော့မှာပဲ"
ချွန်းမြောင် ဂူကြမ်းပြင်အား လက်နှင့်စမ်းကာ တွားသွားနေရသည်က လွယ်သည်မဟုတ်ပေ။ ကျိန်စာသင့်နေသည့်လူလိုပင် ခံစားလာရလေသည်။ ယခင်တုန်းကတွင်မူ ဂူအနှံ့အား သူ့ခြေသူ့လက်နှင့် မျက်စိမှိတ်ပင် သွားလာနိုင်သော်လည်း ယခုတွင်မူ ဂူက သူနှင့်အစိမ်းသက်သက်ပင် ဖြစ်နေလေသောကြောင့် ငိုပင်ငိုချင်လာလေသည်။ ဂူက တကယ်ကြီးပင် အခြေအနေပြောင်းသွားချေပြီ။
ကျိုးနေသောလက်နှစ်ဖက်နှင့် တောင်စွန်းကိုတွယ်ကပ်ကာ ဂူထဲဝင်ရသည်က လွယ်သည့်ကိစ္စမဟုတ်ပေ။ သာမန်စဉ်းစားဉာဏ်ရှိသောသူဆိုလျှင် ထိုသို့သောကိစ္စကို စဉ်းစားမည်မဟုတ်ပေ။ တော်သေးသည်က ချွန်းမြောင်သည် ဦးနှောက်ပါသော်လည်း မသုံးသောသူဖြစ်နေ၍သာ ထိုသို့လုပ်ရဲခြင်းဖြစ်လေသည်။
"ဟုတ်တယ်...ဘာပဲပြောပြော ငါသာ ဂူကို မရှာခဲ့ရင် အချိန်ပိုကုန်တာပဲ အဖတ်တင်မှာ ...
အခုရှာလိုက်တော့ ခြောက်လမကြာတော့ဘူးပေါ့"
ချွန်းမြောင်သည် ဂူကြမ်းပြင်တွင် လဲလျောင်းရင်းပင် ပါးစပ်မှလည်း ရောက်တတ်ရာရာများကို အော်ဟစ်ကာ သူ့ကိုယ်သူ အားပေးနေလေသည်။
" အာ......ဒီကအဖိုးကြီးကတော့ သေတော့မယ်ထင်တယ်"
လက်ရှိတွင် သူသည် ကလေးတစ်ယောက်သာဖြစ်နေသေးသော်လည်း သူ့ကိုယ်သူကမူ အားလုံးထက်အသက်ကြီးနေသည့်သူဟုပင် သူခံစားရလေသည်။ သို့သော်လည်း ဝင်စားထားသည့်ကိုယ်က ငယ်ငယ်လေးသာ ရှိသေး၍ သေမဖြစ်ပေ။ ဆက်လက်ကာ အသက်ရှင်အောင် ကြိုးစားရပေဦးမည်။ နောက်တစ်ကြိမ် ပြန်ထွက်လျှင်မူ ပို၍ ခိုင်ခန့်သော ကြိုးကို လိုအပ်ပေလိမ့်မည်။ ထိုသို့ မလုပ်လျှင် သူသည် သေမင်းနိုင်ငံသို့ လက်မှတ်မလိုဘဲ တိုက်ရိုက်ပင် ရောက်သွားပေလိမ့်မည်။ လောလောဆယ်တွင်မူ သူမသေသေးသည်ကိုပင် ဝမ်းသာနေရလေသည်။
"အဟွတ်"
ချွန်းမြောင် နာနေသောသူ့ခါးကို လျစ်လျူရှုကာ ထလိုက်ပြီး ဘေးဘီကိုကြည့်လိုက်လေသည်။ ဘာမှ မမြင်ရပေ။
ဒဏ်ရာများကြောင့် နာကျင်မှုက ဖုံးလွှမ်းနေပြီး မမြင်ရခြင်း မဟုတ်ပေ။ မှောင်နေ၍ မြင်ကိုမမြင်ရခြင်းဖြစ်လေ၏။
"အယ်....ဒါလေးက ဟိုဟာလေးများ ဖြစ်နေမလား"
ချွန်းမြောင် သူ၏လက်ကို ဆန့်ထုတ်ကာ အနားတွင် ရှိနေသောအရာကို စမ်းလိုက်လေသည်။ အထည်စတချို့ကို စမ်းမိလေသည်။
"ဟုတ်ပြီ"
ချွန်းမြောင် သူလက်လှမ်းမှီနေသော အဝတ်ကို ဆွဲကာယူလိုက်လေပြီး အဝတ်နှင့် လက်လှမ်းမှီသမျှကို ပွတ်တိုက်လိုက်လေသည်။ နိုင်လွန်စဖြစ်သောကြောင့် မီးစဖွားသေးသေးလေးက ထွက်လာလေပြီး ဂူအတွင်းတွင် အလင်းအနည်းငယ်ရှိလာလေသည်။ ထိုမီးပွားသေးလေးအား ကြည့်ကာ ချွန်းမြောင် ပြုံးလိုက်လေသည်။
"ငါလေးကတော့ တကယ့်ကို တစ်ခုခုပဲ...သောက်ရမ်းတော်လွန်းနေတယ်"
မီးပွားလေးက တဖြည်းဖြည်းကြီးလာကာ အလင်းသဲ့သဲ့ရလာလေသည်။
သို့သော်လည်း မီးပွားက မီးပွားလေးပင် ။ ထပ်မပွားလာပေ။ ဂူက လေနည်းလေပြီး မီးကောင်းကောင်းလင်းရန် လေမလုံလောက်ပေ။ လေပိတ်သည်ဟုလည်း ထင်ရပြီး သာမန်လူများအနေနှင့်မူ ဤသို့သောနေရာမျိုးတွင် လာကာသေရည်သောက်လိမ့်မည် မဟုတ်ပေ။ သို့သော် သူက ချွန်းမြောင်ဖြစ်လေသည်။ သူ့တွင် မဖြစ်နိုင်သည်က မရှိပေ။
ဒါကြောင့်ပဲ ငါလေးကဟွားဆန်းရဲ့ အတော်ဆုံးတွေထဲက လူတစ်ယောက်ဖြစ်နေတာပေါ့။
ငါ ဒီနေရာကို မီးအိမ်လေး ဘာလေးများ ယူမလားဖူးဘူးလား။
သူသည် အတိတ်ဘဝ ပစ္စည်းတော်တော်များများကို ဤနေရာသို့သယ်လာခဲ့ဖူးလေသည်။ တစ်ကြိမ်လာလေတိုင်း ဟွားဆန်းက ပစ္စည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပျောက်ပျောက်သွားတတ်သော်လည်း မည်သူကမျှ သတိမထားမိပေ။ သူ၏ဆရာတူအကိုကြီးနှင့် ဘဏ္ဍာထိန်းသာ သူ ဤနေရာသို့သယ်လာခဲ့သော ပစ္စည်းများ စာရင်းကို သိပါက ထိုနေရာတွင်သာ သွေးအန်ပေလိမ့်မည်။
"အတိတ်တုန်းက အဖြစ်ပျက်တွေကို မှတ်မိနေတာ ဘယ်လောက်တောင် ကောင်းလိုက်လဲ"
အတိတ်အကြောင်းများကို စားမြုံပြန်ကာ တွေးနေရင်းမှ သူအလွန်ပင် ကြမ်းတမ်းကာ မကြင်နာတတ်ခဲ့သည်ကို သတိရသွားလေသည်။
တော်...တော်....တော် ...အဲ့တာတွေက မေ့နေတာပဲကောင်းတယ်။
ချွန်းမြောင် ခေါင်းရမ်းကာ အတွေးများကို မောင်းထုတ်လိုက်ပြီး ဂူထဲသို့ လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
"အင်း....."
ဂူထဲအနေအထားက ကျဉ်းလဲမကျဉ်း ကျယ်လည်းမကျယ်ပေ။ ဂူထဲတွင် အိပ်ယာတစ်ခု ၊ လက်ဖက်ရည်စားပွဲငယ်တစ်လုံးနှင့် သေတ္တာတစ်လုံးလည်း ရှိလေသည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် ထိုပစ္စည်းများ အကောင်းပကတိ ရှိနေခြင်းက ပုံမှန်တော့မဟုတ်ဟု သူ ခံစားရလေသည်။
"အင်း...ပစ္စည်းတွေကတော့ ဒီလိုနဲ့ပဲ အဆုံးသတ်သွားမှာပါ"
ရုတ်တရက်ဆိုသလိုပင် ချွန်းမြောင်အတွေးပေါက်သွားလေသည်။
အကယ်၍ သူသည်သာလျှင် ပြန်လည်မရှင်သန်ခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ ဟွားဆန်းမှ တစ်ဦးတစ်ယောက်ကသာ ဤနေရာကိုရှာတွေ့ခဲ့ပါက လျို့ဝှက်ဆေးသမားတော်ကြီးများ၏ လျှို့ဝှက်နေရာဟူ၍ပင် နာမည်ထွက်ကာ အုတ်အော်သောင်းနင်း ဖြစ်သွားလောက်ပေသည်။ တစ်ယောက်ယောက်သာ တောင်ထွတ်မှ ပြုတ်ကျကာ ဤနေရာသို့ရောက်လာမည်ဆိုပါက မည်သို့ဖြစ်လာမည်နည်း။
"အဟွတ်....ဒီတောင်ကတော့ ကောင်းကျိုးကို မပေးဘူး"
ချွန်းမြောင်၏ သေရည်သောက် ၊ အနားယူလုပ်ရာနေရာက နှောင်းလူများအကြားတွင် သမိုင်းဝင်နေရာကြီးဖြစ်လာသည်ဟု တွေးမိလိုက်သောအခါ ချွန်းမြောင် ထူးထူးဆန်းဆန်းပင် ခံစားသွားရလေသည်။ ထို့အပြင် လူများသည် နောက်တမျိုးလည်း ထင်ကောင်းထင်နိုင်ကြလေသေးသည်။ ဟွားဆန်းအား ဆန့်ကျင်သူတစ်ယောက်က ဤနေရာတွင်နေခဲ့သည်ဟုလည်း သူတို့ထင်ကောင်းထင်ကြပေလိမ့်မည်။ ထိုသို့ထင်ကြလျှင်ရော။ သူကဲ့သို့ ဇီးပန်းပွင့်သူရဲကောင်း၏ နေရာလေးအား ဂိုဏ်းဆန့််ကျင်သူတစ်ယောက်အဖြစ် အထင်မခံနိုင်ပေ။
"ဘယ်သူကမှတော့ တောင်စွန်းတွေကို တောခိုဖို့ မသုံးကြပါဘူးနော်....ဟုတ်တယ်မို့လား"
ချွန်းမြောင် သေတ္တာရှိရာသို့ တိုးကာတိုးကာ သွားလေသည်။ လက်ကလည်း အတော်ပင်နာလာပြီမို့ သေတ္တာအဖုံးအား ထိန်းကာဖွင့်လိုက်လေသည်။ နှစ်ရာချီတင်နေသောဖုန်များက အလိပ်လိပ်တက်လာပြီး မွှန်ပင်မွှန်နေတော့သည်။
"အမလေး....အဟွတ်....အဟွတ်...အဟွတ်"
သေတ္တာဖွင့်လိုက်သည်နှင့် အရင်ဆုံးထွက်လာသည့်ပစ္စည်းက သေရည်အိုးတစ်လုံးပင် ဖြစ်လေသည်။ အမျိုးအစားစုံလင်သော သေရည်အိုးများက သေတ္တာထဲတွင် အစီအရီပင် ရှိနေလပြီး ချွန်းမြောင်အား လာပါ၊သောက်ပါ၊ သုံးဆောင်ပါဟု ခေါ်နေသကဲ့သို့ပင် ။ သွားရည်များပင် ကျလာလေတော့သည်။
"မဟုတ်ဘူး...မဟုတ်ဘူး....စိတ်ထိန်းစမ်း....သေရည်က အဓိကဦးစားပေး မဟုတ်ဘူး..
စိတ်ထိန်း"
ချွန်းမြောင် နှမြောတသဖြစ်စွာနှင့်ပင် သေရည်ပုလင်းများကို အပြင်သို့ထုတ်လိုက်ပြီး သေတ္တာထဲသို့ ဆက်ကာ ရှာလေတော့ သေတ္တာအသေးလေးတစ်လုံးထပ်ထွက်လာလေသည်။
ဒါပဲလေ...ဒီဟာပဲ....ဟဟ
ချွန်းမြောင် သေတ္တာငယ်လေးအား အမြန်ပင်ဆွဲယူကာ ထုတ်လိုက်လေသည်။ သေတ္တာက သူမှတ်မိသည်ထက်ပင် လေးနေလေသေးသည်။
"ဖူးးး"
ချွန်းမြောင် လေပူတချက်မှုတ်ထုတ်ကာ သေတ္တာငယ်ကို ဖွင့်လိုက်လေသည်။ အဖုံးပွင့်သွားသည်နှင့် ပြင်းထန်းသော ဇီးပန်းပွင့်ဆေးလုံးနံ့က ထွက်လာလေပြီး ဂူတစ်ဂူလုံးပင် အနံ့များ ဖုံးသွားလေတော့သည်။
ဇီးပန်းတောကြီးထဲသို့ ရောက်သွားသကဲ့သို့ပင်။
သေတ္တာငယ်ထဲတွင် ဆေးလုံးများက အပြည့်အသိပ်ပင် ထည့်ထားလေပြီး နှင်းကဲ့သို့ ဖွေးဖွေးဖြူသောအရာများနှင့်သာ သေတ္တာတစ်ခုလုံးက ပြည့်နေလေသည်။
"ဝေါင်းးးးးး"
အလွန်အမင်းပင် စိတ်လှုပ်ရှားကာ ကျေနပ်နေသော အရိပ်အယောင်များက ချွန်းမြောင်၏ မျက်နှာတွင်အရိပ်ထင်နေလေသည်။ သေတ္တာအား မထိခိုက်မပွန်းပဲ့စေရန်ထည့်ထားသော အကာအကွယ်များကပင် ဇီးပန်းပွင့်ဆေးလုံးများဖြစ်နေလေသည်။
"ရူးလိုက်တာ"
ဇီးပန်းပွင့်ဆေးလုံးတွေ ဘယ်လောက်ပဲများများ ထိုကဲ့သို့သုံးခြင်းကတော့ ဖြုန်းတီးရာကျလွန်းသည်ဟု သူထင်မိလေသည်။ ပြန်တွေးကြည့်ရလျှင်မူ အတိတ်ဘဝကသူသည် အတော်ပင်တင်စီး မာနကြီး အလိုကြီးကာ တစ်ဘို့တည်းကိုသာ ကြည့်ခဲ့သူတစ်ယောက်ဖြစ်လေသည်။ ဇီးပန်းပွင့်ဆေးလုံးများကို ထိုသို့ ပြီးစလွယ်သုံးထားသည်ကို ဆရာတူအကိုကြီးသာ မြင်ပါက သူ့အားနေရာတွင်ပင် လည်ပင်ထညှစ်ပေလိမ့်မည်။
"ဆရာတူအကိုကြီး....တန်ဖိုးကြီးတဲ့ ဒီဆေးလုံးတွေကို ကျွန်တော် တန်ဖိုးမထားခဲ့မိပါဘူး..."
ချွန်းမြောင်သည် သူ၏ဆိုးမိုက်ခဲ့မှုများကြောင့် သေလွန်သွားပြီးကြသောသူများကို တောင်းပန်လိုက်လေသည်။
ဟွားဆန်းတွင် ဇီးပန်းပွင့်ဆေးလုံးသာမက အခြားသောအဖိုးတန်သည့် ဆေးလုံးများစွာရှိပေသည်။ အဖိုးတန်ဆုံးသော ဆေးလုံးများကို ချွန်းမြောင်ထိ၍ မရပေ။ တခြားသောဂိုဏ်းများကဲ့သို့ပင် ဂိုဏ်း၏အာဏာအရှိဆုံးလူများကသာ ထိုဆေးလုံးများကို ထိန်းသိမ်းထားကြလေပြီး သမားတော်နှင့် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်ပါမှသာ ထိုဆေးလုံးကို စားသုံးခွင့်ရကြလေသည်။
ဇီးပန်းပွင့်ဆေးလုံးကမူ လူတိုင်းထုတ်ယူနိုင်လေပြီး သုံးစွဲနိုင်လေသည်။ မည်သူ့ခွင့်ပြုချက်မှ မလိုအပ်ပေ။ တခြားသော အဖိုးတန်ဆေးလုံးများကမူ ဂိုဏ်း၏အာဏာရှိသော အကြီးအကဲများကသာ ထိန်းသိမ်းထားကြလေသည်။
ချွန်းမြောင်ကဲ့သို့ ဂိုဏ်း၏ အာဏာရှိသော အကြီးအကဲများ
ချွန်းမြောင်ကဲ့သို့ ဂိုဏ်းတွင် အသန်မာဆုံးသော အင်အားအကြီးဆုံးဖြစ်သော အကြီးအကဲများ
ချွန်းမြောင်ကဲ့သို့ ဂိုဏ်းတွင် ပြဿနာအရှာနိုင်ဆုံးသော .........
တခြားသူများ၏ နောက်ကွယ်မှ ပြောဆိုကြသံများက သူ၏နားတွင် ယခုပင်ပြောနေသကဲ့သို့ ပဲ့တင်ထပ်လာသလိုပင်။ သူသည် ဟွားဆန်း၏ ပြဿနာအိုးကြီးလည်း ဖြစ်ခဲ့ပေသည်။
ချွန်းမြောင် အတိတ်တွင် နစ်မြောမနေချင်တော့ပေ။ အတွေးများကို လက်စသတ်လိုက်ပြီး ပစ္စုပ္ပန်ကိုသာ ဦးတည်လိုက်လေတော့သည်။ ယခုတွင်မူ ချွန်းမြောင်လိုသည့်အရာများကို ရပြီဖြစ်လေသည်။ ဇီးပန်းပွင့်ဆေးလုံးနှင့်သာဆိုလျှင် ချိနဲ့နေသော သူ၏ခန္ဓာကိုယ်ကို ပြုပြင်နိုင်မည်ဟု သူခံစားရလေသည်။
ချွန်းမြောင်သည် နှင်းဇီးပန်းပွင့်ဆေးလုံးဖြူလေးတစ်လုံးအား ဂရုတစိုက်ထုတ်ကာ ယူလိုက်လေသည်။ အတိတ်က အရက်နာကျလျှင်သောက်ခဲ့သောဆေးလုံးကို ယခုတွင်မူ ခန္ဓာကိုယ်အား ကုသဖို့ သုံးရပေတော့မည်။ အတိတ်က မည်သို့ပင်ဖြစ်ခဲ့စေကာမူ ယခုတွင်တော့ အဖိုးအနဂ္ဂထိုက်တန်သော ဆေးလုံးများဖြစ်ပေသည်။ အဖိုးဖြတ်၍ မရနိုင်ပေ။
"ရင်တွေတောင် တုန်လာပြီ"
ချွန်းမြောင်သည် သေတ္တာငယ်လေးအား သေတ္တာကြီးထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏လက်ထဲမှ ဇီးပန်းပွင့်ဆေးလုံးအား ပြန်ကာကြည့်လိုက်လေသည်။ သန့်စင်သော ရနံ့သင်းသင်းလေးက နှာခေါင်းဝတွင် ကျီဆယ်နေပြီး အနံ့နှင့်ပင် ပို၍သက်သာလာသကဲ့သို့ ခံစားရလေသည်။
"အဲ့တာကြောင့် လူတွေက တကယ်ဒုက္ခမရောက်သေးသရွေ့ တန်ဖိုးကို မသိနိုင်ဘူးလို့ ပြောကြတာကိုး"
ဟွားဆန်း၏ ရွှေရောင်နေ့ရက်များ ရှိစဉ်အခါက ဟွားဆန်းသည် အရာအားလုံး၏ ထိပ်တွင်ရပ်တည်ခဲ့ပြီး ဟွားဆန်းတွင် ပေါပေါလောလောရနိုင်ခဲ့သော ဇီးပန်းပွင့်ဆေးလုံးများပင် အပြင်လောကတွင် တန်ဖိုးများစွား ထိုက်တန်ခဲ့လေသည်။ တခြားဆေးလုံးများဆိုလျှင်မူ အမည်ကြားဖူးရရုံနှင့်ပင် မဟာကံကောင်းမှုဖြစ်နေလေပြီ။
ဤသို့အဖိုးတန်ခဲ့သည်ကိုပင် သူက တောင်ပုံရာပုံဖြုန်းတီးခဲ့လေသေးသည်။ ချွန်းမြောင်မှမဟုတ် ။ ဟွားဆန်းရှိလူတိုင်းက ဇီးပန်းပွင့်ဆေးလုံးများကို အတိုင်းထက်အလွန်ပင် ဖြုန်းတီးခဲ့ကြသည်ချည်းပင်။ ထို့သို့ ဖြုန်းတီးကြခြင်းကြောင့် ဆေးလုံးများပြတ်လတ်ခြင်းလည်း မရှိခဲ့သကဲ့သို့ အပြစ်တင်ပြောဆိုခြင်းလည်း မရှိခဲ့ပေ။ ပြောဆိုရန်လည်း အာရုံမရခဲ့ကြပေ။
ယခုတွင်မူ တန်ဖိုးကို သိနေရလေပြီဖြစ်သည်။
"ဘုရား...ဘုရား ..ဘဝအလှည့်အပြောင်းတွေက ကြောက်ဖို့ကောင်းလိုက်တာ"
ဤသို့သော ဒုက္ခများကို ခံစားနေရသည်ထက်စာလျှင် သေသွားသည်က ပိုကောင်းသည်ဟု ချွန်းမြောင် ထင်လေသည်။ ချွန်းမြောင်သည် ပြန့်ကြဲနေသောအတွေးတို့ကို ပြန်စုကာ ထိုင်ချလိုက်လေသည်။ ယခုအချိန်သည်က သူ၏ ယိုင်နဲ့နဲ့ခန္ဓာကိုယ်အား ပြုပြင်မွန်းမံရမည့်အချိန်ပင်ဖြစ်လေသည်။
သူခြေချင်းထပ်ကာ ထိုင်လိုက်ပြီး ဇီးပန်းပွင့်ဆေးလုံးအား ပါးစပ်တွင်းသို့ ပစ်ထည့်လိုက်လေတော့သည်။ မွှေးပျံ့သောသင်းရနံ့တစ်ခုက ခံတွင်းအတွင်း ပျံ့နှံလာသည်နှင့် သူ၏ပရမ်းပတာအတွေးများကို မောင်းထုတ်ကာ တရားစတင်ထိုင်လိုက်လေတော့သည်။
ဆေးလုံးအား စားလိုက်သည်နှင့် သူ၏ခွန်အားများက ချက်ချင်းတိုးလိမ့်မည် မဟုတ်ပေ။ ဆေးလုံး၏အာနိသင်များကို ချီစွမ်းအင်ကစုပ်ယူလိုက်ပြီးမှသာ ခွန်အားများ တိုးလာမည်ဖြစ်လေသည်။
ထိုဖြစ်စဉ်တွင် ပြဿနာလေးအနည်းငယ်က ရှိနေလေသည်။
ဆေးအား စားသုံးလိုက်သူသည် အရွယ်မရောက်သေးလျှင် ဆေး၏အာနိသင်များကို ကိုယ်တွင်းရှိချီစွမ်းအင်များက အပြည့်အဝစုပ်ယူနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် သူတို့၏ချီစွမ်းအင်များကို ကောင်းမွန်စွာထိန်းချုပ်အသုံးချနိုင်ခြင်း မရှိသောကြောင့် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် အရွယ်ရောက်ပြီးသာလူများအတွက်မူ ဆေးကအပြည့်အဝပင်ကောင်းမွန်လေသလားဟု မေးကြပေလိမ့်မည်။ မဟုတ်ပေ။ အရွယ်ရောက်ပြီးလူများက သူတို့၏ခန္ဓာကိုယ်တွင် လုံလောက်သော ခွန်အားနှင့် ကိုယ်ပိုင်သီးသန့်စွမ်းအင်ကို တည်ဆောက်နိုင်မှသာ ဆေးအာနိသင်ကို အပြည့်အဝရပေလိမ့်မည်။
ဇီးပန်းပွင့်ဆေးလုံးသည် မပြည့်ဝသောချီစွမ်းအင်ကို ဖြည့်တင်းပေးသည့်အလုပ်မှလွဲ၍ တခြားသောမည်သည့်အကျိုးအာနိသင်မှ မပေးပေ။ ထို့ပြင် အားပြည့်ကာ ချီစွမ်းအင်ပြည့်ဝနေသူများထံတွင်လည်း အလုပ်ဖြစ်မည်မဟုတ်ပေ။
လူတွေက ဆေးလုံးကနေသာ အစွမ်းတွေရနေလို့ကတော့ ရှောင်လင်ဂိုဏ်းက မျိုးမစစ်လေးတွေ မြေလျိုးမိုးပျံပြီး တစ်လောကလုံးကို သူတို့သိမ်းထားပေတော့မယ်။
ငယ်ရွယ်သောသူများက ဆေးအာနိသင်ကို အပြည့်မရနိုင်ဟု ဆိုထားသော်လည်း ချွန်းမြောင်အနေနှင့်မူ မတူပေ။
ဆေးအာနိသင်ကို ဖင်ထဲပါ စွဲအောင် ငါက ယူပြမယ်....
သူဆိုသည်က ချီကို ကောင်းစွာထိန်းချုပ်နိုင်သည့်အပြင် ချီစွမ်းအင်ကို ထိန်းချုပ်သည့် အတွေ့အကြုံများလည်း အတိတ်တွင်များစွာရှိခဲ့လေသည်။
ချီစွမ်းအင်များက အစာအိမ်တွင်းသို့ ရောက်သည်နှင့် ချီစွမ်းအင်က ကိုယ်ခန္ဓာအနှံ့ပြန့်လာလေတော့သည်။ ကိုယ်တွင်းမှစွမ်းအင်များကလည်း တရိပ်ရိပ်တက်လာလေပြီး မခံစားရတာ ကြာမြင့်ပြီဖြစ်သော ချီလှည့်လည်စီးဆင်းမှုကြီးက စတင်လာလေတော့သည်။
အံဩဖို့ကောင်းလိုက်တာ..
ဒန်တျန်များတစ်လျောက် ချီစွမ်းအင်များက စီးဝင်နေပြီး ချီစွမ်းအင်ပိုလျှံကျိုးပျက်ခြင်းကလည်း ဖြစ်မလာပေ။ ချွန်းမြောင်က ချီစွမ်းအင်များကို ထိန်းချုပ်ကာသူ၏ ကနဦးချီစွမ်းအင်များကို ပြုပြင်နေလေသည်။ ချွန်းမြောင်၏ စိတ်က တိကျကာစူးရှနေပြီး ဒန်တျန်များပိုမိုကောင်းမွန်လာစေရန်အတွက် ချီစွမ်းအင်များကို ထပ်ကာထပ်ကာ ဖြည့်တင်းသန့်စင်ပေးနေလေသည်။
ဖြေးဖြေးညင်ညင်သာသာနှင့် ဂရုတစိုက်လေးပင် စိတ်ရှည်လက်ရှည် သန့်စင်ဖြည့်တင်းပေးနေခြင်းဖြစ်လေသည်။ ချွန်းမြောင်၏ စိတ်က ချီစွမ်းအင်များကို လက်ရှိရာသို့ ပို့ဆောင်လိုက်ပြီး ကုသရန်ပြင်ဆင်လိုက်လေသည်။ သူ၏ မူလရည်ရွယ်ချက်က ဒန်တျန်ကို ချီစွမ်းအင်ဖြည့်တင်းရုံသက်သက်မဟုတ်ဘဲ ကနဦးချီစွမ်းအင်များအစပြုရာ ဒန်တျန်၏ ဗဟိုချက်အထိ သန့်စင်ဖြည့်တင်းရန်ဖြစ်လေသည်။
မဟုတ်ဘူး...ငါ မလုပ်နိုင်လောက်ဘူး...
ချွန်းမြောင်သည် ဒန်တျန်အတွင်းသို့ ချီစွမ်းအင်များ ပို့လွတ်နေရာမှ ရုတ်တရက်ရပ်တန့်လိုက်လေသည်။
ဒါကတွေ မသန့်စင်ပါလား။
ပုံမှန်အားဖြင့် ဆေးလုံးများသည် အထပ်ထပ်သန့်စင်ကာ ထုတ်လုပ်ထားသော ဆေးလုံးများဖြစ်သောကြောင့် သန့်စင်သောချီစွမ်းအင်ကိုသာ ထုတ်ပေးရမည်ဖြစ်သော်လည်း ယခုကမူ ချွန်းမြောင်၏ ကုသမှုအတွက် သုံးနိုင်ရန်အထိ သန့်စင်မနေပေ။ ရေကြည်နှင့် ရေနောက်ကွဲနေသကဲ့သို့ ဖြစ်နေလေသည်။ ရေကြည်ကဲ့သို့ သန့်စင်နေသော သူ၏ချီစွမ်းအင်များအတွက် ဆေးလုံးအတွင်းမှချီများက သန့်စင်မနေပေ။ ထို့ကြောင့် ချွန်းမြောင်ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။
"ငါ ဒါကိုသန့်စင်ပစ်ရမယ်"
ချီများကို မသန့်စင်ပါက သူစုပ်ယူလိုက်သော ချီစွမ်းအင်များကလည်း အလဟဿပင်ဖြစ်ကာ သူဤနေရာသို့ လာခဲ့ရသည်ကလည်း အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။ ထို့ပြင် သူကိုယ်တိုင်ကလည်း ပြည့်စုံကာ ခိုင်မာသော အခြေခံအုတ်မြစ်ချထားရန်က လိုနေသည်မို့ ချီစွမ်းအင်များကို သန့်စင်လိုက်ရန်သာ တတ်နိုင်လေတော့သည်။
ဒါတွေကို အရင်လုပ်ပြီးမှ ကျန်တာတွေ ဆက်ကြည့်တာပေါ့....
ချီစွမ်းအင်များက သူ၏ခန္ဓာကိုယ်တဝိုက်တွင် လှည့်လည်ကာ လည်ပတ်နေလေသည်။
ထို့ပြင် ခန္ဓာကိုယ်မှလည်း ချီများက နည်းနည်းချင်းစီ ထွက်လာနေ၏။
ခန္ဓာကိုယ်တွင်းမှ မသန့်စင်မှုများနှင့် ဆေးလုံးအတွင်းမှ မသန့်စင်သောချီများကို ကိုယ်ပြင်ပသို့ ဖြည်းညင်းစွာ တွန်းထုတ်နေပြီး ခွန်းမြောင်၏ ခန္ဓာကိုယ်တွင်လည်း ချွေးသီးချွေးပေါက်များ တဒီးဒီးကျလာလေတော့သည်။
အပိုင်း ၄၂
ဒါက ဟွားဆန်းပဲလေ(၂)
ငါကတော့တကယ်ကို သေတော့မှာပဲ။
ချီစွမ်းအင်က တစစီကွဲထွက်ကုန်သည်။ ချွန်းမြောင်က တတ်နိုင်သမျှ ချီစွမ်းအင်များကို အသုံးပြုနိုင်ရန်ကြိုးစားနေသော်လည်း အသုံးဝင်သည့် သန့်စင်သောချီဓါတ်များက မရှိတော့ပေ။ အသားတုံးကြီးက ပါးစပ်နားရောက်မှ ပုတ်ချခံလိုက်ရသည့်အလားပင်။ ချီစွမ်းအင်များက လိုအပ်သလောက်မရရှိဘဲ ခန္ဓာကိုယ်ပြင်ပသို့သာ တွန်းထုတ်ခံနေရလေသည်။
ဟမ်...ပြောတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ချီကို ဖြည့်စွမ်းပေးတဲ့ဆေးလုံးဆို ....
ဘဇာကြောင့် အကုန်လုံးတွန်းထုတ်စွန့်ပစ်ခံနေရတာလဲ။
ဒီဆေးလုံးကိုဖော်တဲ့ဆေးဆရာသာ သူ့ဆေးဒီလိုဖြစ်နေတာကို တွေ့လို့ကတော့ လျှာကိုက်ပြီးတော့ သတ်သေသွားလောက်တယ်။
ငါ့ကို အားလုံးရှုံးစေချင်နေတာလား။
ဒီသောက်အခြေခံအုတ်မြစ်ချတာကတော့...
ချွန်းမြောင်က အသန့်စင်ဆုံးချီစွမ်းအင်များကို စုစည်းကာသူ၏ဒန်တျန်များထဲသို့ လွဲပြောင်းရန် ပြင်ထားသော်လည်းချီစွမ်းအင်များသူထင်ထားသလောက်မရပေ။ မူရင်းအာနိသင်အရဆိုလျှင်ဆေးလုံးတစ်လုံးနှင့်ပင် ချီစွမ်းအင်များကို အလုံအလောက်ရရှိရုံသာမက ထပ်ကာထပ်ကာပင် အသုံးပြုနိုင်ရမည်ဖြစ်သော်လည်း ယခုမူ ထိုကဲ့သို့ဖြစ်မနေပေ။ ချွန်းမြောင် အခြေခံအုတ်မြစ်ချရန်ပင် လုံလောက်မှုရှိမနေပေ။
သန့်စင်သောချီစွမ်းအင်က အနည်းအကျဉ်းသာရလေပြီး သူ၏ ဒန်တျန်ထဲသို့ လွဲပြောင်းလိုက်လေသည်။
ဝုန်းးးး
မကြာမီမှာပင် လွဲပြောင်းလိုက်သောချီစွမ်းအင်များက ချွန်းမြောင်၏ ဒန်တျန်အတွင်းရှိနေသော ချီစွမ်းအင်များနှင့်
ပေါင်းစပ်ပြီး ကိုယ်တွင်းချီ လှည့်လည်စီးဆင်းမှုဖြစ်လာလေသည်။ မျက်စိတမှိတ်အတွင်းမှာပင် အပြောင်းအလဲ
ဖြစ်ပေါ်လာပြီး ချွန်းမြောင်၏ ခန္ဓာကိုယ်က လေပေါ်သို့ စတင်မြောက်တက်လာလေသည်။ ချွန်းမြောင်သည်ပင်
သတိမထားမိချေ။
သာမန်ဆိုလျှင် ထိုသို့သောဖြစ်ရပ်မျိုးသည် အတွင်းစွမ်းအားမြင့်မားသောသူများတွင်သာ ဖြစ်လေ့ဖြစ်ထရှိပြီး
ချွန်းမြောင်ကဲ့သို့ အခြေခံအုတ်မြစ်ချကာစ သူတွင် ဖြစ်လေ့မရှိပေ။ ယခုတွင်မူ ချွန်းမြောင်၏ ချီစွမ်းအင်များက
အလွန်ပင် သန့်စင်နေသောကြောင့် ချီစွမ်းအင်တုန့်ပြန်မှုဖြစ်ပြီး ထိုသို့ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ဝုန်းးးး
အလွန်ပင်သန့်စင်ကာ နူးညံ့လွန်းသော ချီစွမ်းအင်များက ကိုယ်တွင်းတွင် နေရာအနှံ့စီးဆင်းနေပြီး တကြိမ်ပြီး
တကြိမ် လှည့်လည်နေလေတော့သည်။ ထို့နောက်တွင်မူ ကိုယ်တွင်းမှ မသန့်စင်သောစွမ်းအားများကို စစ်ထုတ်မှု
စတင်လေတော့သည်။
မဖြစ်ရဘူး....
ဤသည်က ချွန်းမြောင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ သူက ဆုံးရှုံးသွားသော ချီများကို ပြန်လည်ဖြည့်တင်းပြီး
သူ၏ အင်အားကို တည်ဆောက်ကာ ခန္ဓာကိုယ်ကို အနည်းငယ်ကောင်းမွန်လာစေရန်သာ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ကျိုးနေသောသူ၏ လက်ကောက်ဝတ်နှစ်ခုက ပြန်ဆက်သွားပြီး ဘာမှမဖြစ်ခဲ့သည့်ပုံပင်
ပြန်ကောင်းသွားလေသည်။
ချီးးးးးး
ချွန်းမြောင်၏ ကိုယ်မှစီးကျနေသောချွေးများနှင့် အညစ်အကြေးများကမူ စမ်းရေသဖွယ်စီးဆင်နေပြီဖြစ်သည်။
သွေးကြောများအပါအဝင် ဒန်တျန်များကပါ တဖြည်းဖြည်းကျယ်လာပြီး ချီစွမ်းအင်များက အရှိန်အဟုန်နှင့်
လှည့်လည်စီးဆင်းနေတော့သည်။
ချွန်းမြောင် ခေါင်းကို ခါလိုက်ပြီး ယခုဖြစ်နေသည့်အရာကို အမြန်ပင် သိရရန်ကြိုးပမ်းလိုက်လေသည်။
"ကောင်း...ကောင်းကင်အမြင်ပွင့်လင်းခြင်းလား"
အောက်ခြေအရောက်ဆုံး ဒန်တျန်များ ပွင့်လာခြင်း
ချက်တွင်ရှိနေသော ဒန်တျန်များက ရင်ဘက်အလယ်က ဒန်တျန်များကို တိုက်တွန်းပွင့်စေကာ အထက်ဒန်တျန်
များ အားလုံးကို ပွင့်လင်းစေသောနည်းနှင့် ချီကိုတည်ဆောက်ပေးခြင်း။ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး
အန္တာရယ်လည်း များလှပေသည်။
အရာအားလုံးက သူ၏ဖြစ်စဉ်အတိုင်းသာ တစ်ဆင့်ချင်းသွားရမည်ဖြစ်ပြီး ထိုသို့အစဉ်လိုက်ဖြစ်မှသာလျှင်လည်း
အန္တာရယ်ကင်းရှင်းမည် ဖြစ်သည်။ ကလေးတစ်ယောက်သည် လေးဘက်ထောက်သွားသည့်အရွယ်ကို
ကျော်ဖြတ်ပြီးမှ လမ်းလျှောက်ကာ ပြေးလွှားဆော့ကစားနိုင်သည့် အခြေအနေကိုရောက်မည်ဖြစ်ပြီး
လေးဘက်ထောက်အရွယ်နှင့်ပင်ပြေးလွှားဆော့ကစားချင်နေပါကသူ၏သဘာဝကိုကျော်လွန်ကာအဆင်မပြေပေ
ပြေးရန်ကြိုးစားလိုက်သည်နှင့် လဲကျတာ ထိခိုက်ဒဏ်ရာရပေလိမ့်မည်။ ယခုတွင်လည်း ထိုကဲ့သို့ပင် ။
ငါ ဒါကို ရပ်လိုက်ဖို့ လိုတယ်။
ချီစွမ်းအင်များက ချွန်းမြောင်တကိုယ်လုံး ဟိုဟိုဒီဒီပြေးလွှားနေကာ ထိုသို့သာ ဆက်ဖြစ်နေပါက ထိုချီစွမ်းအင်
ကပင် သူ၏ခန္ဓာကိုယ်အား ဖျက်စီးသွားပေလိမ့်မည်။ အခြေအနေက အချိန်ခဏလေးအတွင်းမှာပင် ဆိုးဆိုးဝါးဝါး
ဖြစ်လာလေသည်။ ခန္ဓာကိုယ်ကုသခြင်းဖြစ်စဉ်က မည်သည့်ဖြစ်စဉ်အဖြစ် အဆုံးသတ်မည်ကို မှန်းမရတော့ပေ။
ချွန်းမြောင်က ချီများကို တားဆီးပိတ်ပင်ထားခြင်သော်လည်း ချီများကမူ သူပုန်ထကာ ကိုယ်အနှံ့လှည့်လည်
နေလေသည်။
ဒီချီးချီတွေကလည်း.....ငါပြောတာကို မကြားဘူးလား..။ သောက်ချေးချီတွေရယ့်...
မင်းတို့က ငါ့စွမ်းအားတွေ ငါ့အပိုင်တွေ ...အဲ့တာကိုတောင် ငါက ထိန်းလို့မရတော့ဘူးလား...ချီး..ချီး...ချီး
ချွန်းမြောင် စိတ်ထဲမှ ကျိန်ဆဲလိုက်သောအခါ ချီစွမ်းအင်များက သခင်၏စကားကို နားလည်သကဲ့သို့ လှည့်နေရာမှ
ငြိမ်ကျသွားလေသည်။ သို့သော် မကြာလိုက်ပေ ...ပို၍ပြင်းသောအရှိန်နှင့် လှည့်လည်လာတော့သည်။
ရပ်စမ်း....ရပ်ကြစမ်း
ချီလှည့်လည်မှုကို ပိတ်လိုက်ပါက သူပင် နာကြင်ရမည်ဖြစ်သောကြောင့် တတ်နိုင်သမျှ ထိန်းနေသော်လည်း
အရာမထင်ပေ။
နောက်ဆုံးတွင်မူ သူစိတ်ဆုံးဖြတ်ကာ ချီစီးဆင်းမှုကို တားဆီးရန် ကြိုးစားလိုက်လေတော့သည်။
"မင်းက တောက်ဘုန်းကြီးလား ....သိုင်းပညာရှင်လား"
"ဆရာတူအကိုကြီးလား"
သူ၏ ဆရာတူအကိုကြီး၏ အသံက သူ့စိတ်တွင်ပဲ့တင်ထပ်လာလေသည်။ ဘာလို့လဲ။
မဟုတ်..မဟုတ်...ဤသည်က ဆရာတူအကိုကြီး သူ့အားအတိတ်တွင် ပြောခဲ့ဖူးသည့်အကြောင်းအရာများကို
ပြန်ကြားနေခြင်းပင်။
"သိုင်းပညာရှင်တွေက စီးဆင်းမှုကို ဖိနှိပ်တယ်.... ထိန်းချုပ်တယ်...
ဒါပေမယ့် တောက်ကျင့်ကြံသူတွေက စီးဆင်းတယ်...မျောပါတယ်
....ဒါတွေကို ဖြစ်ခွင့်ပေးလိုက်ရမှာ....မသိတော့ဘူးလား ..ငတုံးရဲ့..
မင်း သင်ယူခဲ့တာတွေကို ဘယ်ကမ္ဘာမှာ ချန်ထားခဲ့တာလဲ....စီးဆင်းနေတဲ့ရေကို ဆည်ဆောက်ပြီး တားမလား..
အလိုက်သင့်လေး စီးဆင်းခွင့်ပြုမလားဆိုတာကို မင်းစဉ်းစား....ဘယ်လိုလဲတားဆီးခံထားရပါစေ ...
သူ့အချိန်ရောက်လာရင်တော့ ဆည်ဆောက်ထားလည်း ကျိုးမှာပဲ......ဆိုတော့ ဘာလုပ်ရမလဲ မင်းစဉ်းစား"
ချွန်းမြောင်၏ ခန္ဓာကိုယ်က ဆတ်ကနဲတုန်သွားလေသည်။
"သဘာဝအတိုင်း ဖြစ်ခွင့်ပေးလိုက်ပါ...ဖြစ်ပျက်နေတဲ့အရာအားလုံးအတိုင်း မင်းအလိုက်သင့်လေး စီးမျောပါ,,
ခံစားပါ..သဘာဝတရားကို မင်းတားဆီးလို့ မရပါဘူး...မင်းကိုယ်တိုင်ကလည်း သဘာဝတရားကြီးရယ့် အစိတ်
အပိုင်းလေး တစ်ခုပဲလေ... သောက်ရူးလိုလို သောက်ပေါလိုလိုနဲ့ မိခင်သဘာဝတရားကြီးကို အံတုဖို့လုပ်နေတာ
ရပ်လိုက်ပါတော့"
သူ၏ ဆရာတူအကိုကြီးပြောခဲ့ဖူးသော စကားများကိုသတိရသွားသောအခါတွင်မူ ချွန်းမြောင်သည် ချီ
စီးဆင်းမှုကို မတားဆီးတော့ပေ။ လွတ်လွတ်လပ်လပ်သာ လွတ်ထားလေတော့သည်။ သူ လွတ်ချလိုက်သည်နှင့်
ကသောင်းကနင်းနှင့် ကြမ်းတမ်းထကြွနေသော ချီများက ကိုယ်တွင်းတွင် ညင်သာသိမ်မွေ့စွာ လှည့်နေကြ၏။
ထိုသို့ စီးဆင်းနေရင်းမှပင် လှည့်လည်မှုက ပိုမိုကျယ်ပြန့်ကြီးမားလာပီး မြစ်တစ်ခုကဲ့သို့ပင် ဖြစ်လာလေသည်။
ဒါက ဘယ်လောက်ကြာအောင် ဖြစ်နေမှာလဲ။
ငါလည်း မသိဘူး ။ မျက်လုံးဖွင့်လိုက်တာပဲ ကောင်းမယ်။
ချွန်းမြောင် ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်က လေပေါ်ဝဲနေရာမှ ပြုတ်ကျလာလေ၏။
"အောင်မလေးဗျ"
"ဘာက ဘယ်လိုတွေဖြစ်ကုန်လို့ ငါက လေပေါ်ပျံနေတာတုန်း"
ချွန်းမြောင်သည် သူထိုကဲ့သို့ လေပေါ်ပျံနေမည်ဟု တကြိမ်မျှ မတွေးဖူးပေ။ ယခုမူ ပြုတ်ကျ၍ နာသွားသော
မြီးညှောင့်ရိုးကို ပွတ်ကာနေရလေပြီ။
"ဟူး...ဘာပဲပြောပြော အကုန်လုံးနီးပါးတော့ လုပ်ပြီးသွားပြီပဲ"
အန္တာရယ်အများဆုံးအချိန်ကို သူအောင်မြင်စွာ ကျော်ဖြတ်ခဲ့ပြီဖြစ်လေသည်။ အခန့်မသင့်လည် အသေးငယ်
ဆုံးသော ချီပျက်ပြားမှုလေးကပင် သူ့အား အသက်နှုတ်သွားနိုင်သော်လည်း ယခုမူ သူကျော်လွှားနိုင်ခဲ့ပြီဖြစ်၏။
ယခုတွင်မူ တောင်ထိပ်မှ ပြုတ်ကျလည်း ကြောက်စရာကောင်းမည် မဟုတ်တော့ပေ။ ကြိုးစားမှုရလဒ်ကို
ကောင်းကောင်းကြီး ခံစားရပေပြီ။
ချွန်းမြောင်သည် သူ၏ကျိုးနေသော လက်နှစ်ဖက်အား ကြည့်လိုက်လေသည်။ လက်များက ပြန်ကောင်းနေပြီး
အရင်ကထက်ပင် ပို၍တောင့်တင်းသန်မာလာပုံ ရလေသည်။ မသန့်စင်သော အင်အားများနှင့် အညစ်အကြေးများ
စွန့်ထုတ်လိုက်၍ သူ၏ခန္ဓာကိုယ်က လျော်ဖွပ်ထားသော အဝတ်ကဲ့သို့ သန့်စင်နေလေသည်။ ဤသည်က ဒုတိယ
အကြိမ် ချီသန့်စင်ခြင်းဖြစ်ပြီး နောက်တကြိမ်သာ ထပ်သန့်စင်ပါက သူ၏ ခန္ဓာကိုယ်အဆင့်သည် ပြိုင်ဘက်ကင်း
အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ အသိသာဆုံးသော အပြောင်းအလဲက သွေးကြောများပင်ဖြစ်ပြီး
တကိုယ်လုံးပင် လန်းဆန်းနေလေ၏။
ယခင်ကမူ သွေးကြောများသည် စိမ့်ချောင်းလေးစီးနေသကဲ့သို့သာ ဖြစ်ပြီး ယခုတွင်မူ မြစ်တစ်စင်း အတိုင်းပင်။
အတွင်းချီစွမ်းအင်များလည်း တိုးလာလေပြီး လက်သည်းခွံလောက်သာ ရှိသောချီစွမ်းအင်မှ နေ့ချင်းညချင်းပင်
တိုးပွားလာခြင်း ဖြစ်လေသည်။ ကနဦးချီစွမ်းအင်များကိုလည်း ပြန်လည်ဖြည့်တင်းခဲ့ပြီးဖြစ်လေသည်။
"ငါ့ရဲ့ ဒန်တျန်တွေလည်း ကြီးထွားလာပြီ"
သွေးကြောများကျဉ်းကာ ဒန်တျန်များလည်းသေးသော ခန္ဓာကိုယ်သည် သိုင်းပညာသင်ယူရာတွင် အကန့်အသတ်
ရှိလေပြီး ယခုတွင်မူ ထိုအကန့်အသတ်က ကျိုးပျက်သွားပြီဖြစ်သည်။ ဒန်တျန်များ၏ အရွယ်အစားသည်
ကြွက်မြီးလောက်သာ ရှိသေးသော်လည်း လက်ရှိအခြေအနေအထားအတွက်မူ လုံလောက်သည်ဟု
ဆိုရပေမည်။ ချွန်းမြောင် ကျေနပ်ပြုံးကြီး ပြုံးလိုက်လေသည်။
ဆရာတူအကိုကြီးသာ မကယ်ရင်တော့ ငါ့ဘဝက ပျက်ပြီပဲ။
အတိတ်ဘဝတွင် ဆရာတူအကိုကြီး၏စကားများကို တစ်လုံးတစ်လေမှပင် နားမထောင်ခဲ့သော်လည်း ယခုဘဝ
တွင်မူ သူပြန်ကာ နိုးထလာခဲ့ကတည်းကပင် ဆရာတူအကိုကြီး၏ စကားများက သူ့အတွက် အရေးကြီး အသက်
ကယ်ပေါက်ကြီးများပင် ဖြစ်လာခဲ့လေသည်။
ကျွန်တော်က ဓါးသမားတစ်ယောက်ပါ။ တောက်ကျင့်ကြံသူ တစ်ယောက်မဟုတ်ပါဘူး။ တောက်ကျင့်စဉ်
တွေကို ကျွန်တော်နားမလည်ခဲ့ဘူး။ ကျေးဇူးပါ ဆရာတူအကိုကြီး။
ဟွားဆန်းသည် တောက်ကျင့်စဉ်ကျင့်ကာ သိုင်းပညာသင်ကြားကြသူများ၏ နားခိုရာအိမ်ပင် ဖြစ်သည်။
သို့သော် သူကမူသိုင်းသမားဟူသော ခေါင်းစဉ်အောက်တွင်သာ နေသူဖြစ်လေပြီး
တောက် ကျင့်ကြံခြင်းကို မေ့ထားခဲ့လေသည်။
ထိုသို့သောပုံနှင့် ဟွားဆန်းအား ယခုအချိန်တွင် သူအမှန်တကယ် ကူညီနိုင်ပါ့မလားဟု တွေးမိလေသည်။
"တော်ပြီ..တော်ပြီ"
ချွန်းမြောင် သူ၏ခေါင်းကို ပွတ်ကာ အတွေးတို့ကို ပြောင်းလိုက်လေသည်။ စစ်မရောက်ခင် မြားကုန် ဆိုသလို
အတွေးနှင့်ပင် စိတ်ဓါတ်ကျမနေသင့်ပေ။ အရင်ဆုံးကြိုးစားကြည့်ရပေဦးမည်။
"တစ်နည်းနဲ့ အဆင်မပြေလည်း တစ်နည်းနဲ့ အဆင်ပြေသွားမှာပါ"
ချွန်းမြောင် ဂူပြင်ထွက်ရန်ပြင်လိုက်ပြီး ခြေလှမ်းလှမ်းလိုက်သည်နှင့် ခြေလှမ်းက သိသိသာသာပေါ့ကာ မြန်နေ၏။
ချွန်းမြောင်သည် သေတ္တာကိုဖွင့်ကာ အထဲမှ သေတ္တာအသေးကို ယူလိုက်ပြီး အင်္ကျီလက်ထဲသို့ ထည့်လိုက်လေ၏။
"တောက်..နှမြောစရာကောင်းလိုက်တာကွာ"
သက်စွန့်ဆံဖျားနှင့် လာခဲ့ရသော်လည်း ယခုမူ ဤဆေးလုံးများက သူ့အတွက် အသုံးမဝင်တော့ပေ.။
သုံးစွဲလျှင်လည်း ဆေးအာနိသင်က သူ့အပေါ်တွင် သက်ရောက်မှုရှိမည် မဟုတ်တော့ပေ။ ဆေးတစ်လုံးထဲသုံး
လိုက်ရသည်ကို တွေးမိသောအခါ ချွန်းမြောင် စိတ်တိုလာလေတော့သည်။
ချွန်းမြောင် မျက်စိကိုပိတ်ကာ စိတ်ကိုလျော့လိုက်လေသည်။ သူ့အတွက် အသုံးမဝင်တော့လျှင်လည်း အခြား
အသုံးဝင်လာနိုင်သော အခြေအနေများ ရှိလာနိုင်သေးသောကြောင့် သူ ဆေးလုံးသေတ္တာကို ယူလာခဲ့၏။
"ငါ အတော်ကို လောဘကြီးခဲ့တာပဲ ...ဘာပဲဖြစ်ဖြစ်လေ တစ်လုံးတော့ စားလိုက်ရပါသေးတယ်"
ကလင်..ကလင်..ကလောင်
ချွန်းမြောင်က သေရည်ပုလင်းနှစ်လုံးကိုလည်း ခါးတွင်တွဲကာ ချည်လိုက်လေသည်။ သောက်ချင်၍ မဟုတ်ပေ။
ရိုးရိုးသားသား ဝန်ခံရလျှင်ဖြင့် နှစ်ရာကျော်သက်တမ်းရှိသော သေရည်၏အရသာကို သူမြည်းစမ်းဖူးချင်၍
ဖြစ်သည်။ ချွန်းမြောင်သည် အလိုရှိသည်များကို ယူခဲ့ပြီးနောက်တွင်မူ ဂူပေါက်ဝသို့ထွက်လာခဲ့ပြီး ဂူထဲသို့
တချက်ပြန်ကြည့်လိုက်လေသည်။
"ရင်ထဲ တစ်မျိုးကြီးကွာ"
အတိတ်ကို ခြေရာကောက်ကာ ပြန်တွေးခံစားခြင်း..
ဟွားဆန်းက များစွာပြောင်းလဲသွားသော်လည်း ဤဂူကမူ မူလအတိုင်းပင်။ အပြောင်းအလဲ မရှိပေ။
ချွန်းမြောင် ဤဂူထဲတွင်ရှိနေသောအချိန်တွင် အတိတ်နေ့ရက်များကို ပြန်ရောက်သွားသကဲ့သို့ပင်
ခံစားရလေသည်။ သူ ထိုအချိန်များကို သတိရသည်။ သတိရသည်ထက်ပိုသော လွမ်းဆွတ်မှုဆို
ပို၍မှန်မည်ထင်သည်။ ချွန်းမြောင် ဂူထဲသို့ကြည့်ရင်း ပြုံးလိုက်လေသည်။
ငါ ဒီနေရာကိုတော့ နောက်ထပ်တစ်ကြိမ် နှစ်ကြိမ်တော့ ပြန်လာပါဦးမယ်။
သေရည်သောက်ရန်မဟုတ်ဘဲ အတိတ်ကိုအောက်မေ့ကာ သတိရရန်၊ စိတ်ရောလူပါအနားယူရန် ဤနေရာသို့
သူ ထပ်လာရန် ဆုံးဖြတ်လိုက်လေသည်။
"ဟုတ်ပြီ....ခဏခဏကြီးတော့လည်း မဟုတ်ဘူးပေါ့..
အတိတ်မှာပဲ တချိန်လုံးနစ်မွန်းနေလို့ မရဘူးလေ"
သူ ချွန်းမြောင်သည် အတိတ်တွင် ဇီးပန်းပွင့်ဓါးသူရဲကောင်းဖြစ်ခဲ့ပြီး ယခုတွင်မူ ဟွားဆန်း၏ တတိယတန်းစား
တပည့်ငယ်တစ်ယောက် ဖြစ်နေပြီဖြစ်လေသည်။ အတိတ်သည် မှတ်ကျောက်တစ်ခုသာဖြစ်ပြီး လက်တွေ့
ရှင်သန်ရသည်က ပစ္စုပ္ပန်တွင်သာ ဖြစ်လေသည်မို့ ယခုဘဝကိုသာ ပို၍သူအရေးပေးရပေမည်။ အတိတ်က
အမှားများကို ယခုဘဝတွင် ပြုပြင်ပေးဆပ်ရလေမည်။
ချွန်းမြောင်သည် ဂူအပြင်သို့ ထွက်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်က ပေါ့ပါးသွက်လက်နေပြီး စွမ်းရည်များ
လည်း ပြည့်ဝနေသည်။ တောင်ထိပ်သို့ ပြန်တက်ရန်က မခက်ခဲတော့ပေ။ သုံးလေးချက်ခုန်လိုက်သည်နှင့်
တောင်ထိပ်သို့ လွယ်လွယ်ကူကူပင် ရောက်သွားလေသည်။
"မဆိုးပါဘူး"
ချွန်းမြောင် အသက်ကို တဝကြီးရှုလိုက်သောအခါတွင်မူ လတ်ဆတ်သောလေအေးများက သူ၏နှာခေါင်းအတွင်း
သို့ အလုအယက်ဝင်လာကြလေသည်။
"အော့....."
အန်မိတော့မတတ်ပင် ဖြစ်သွားရလေသည်။
ပြင်းထန်ဆိုးဝါးလွန်းသောအနံ့သည် သူ၏ကိုယ်မှလာနေသည်ဖြစ်ပြီး ချွေးတလုံးလုံး ဖုန်အလိမ်းလိမ်းဖြစ်နေ၍
ထိုကဲ့သို့သော အနံ့မျိုးဖြစ်နေခြင်းပင်။
"ဒီခန္ဓာကိုယ်ကလည်း ဘယ်လိုဟာတွေ ထွက်လာတာတုန်းဟ...နံတာ"
ချွန်းမြောင် သူ၏အဝတ်များကို ချွတ်လိုက်ပြီး လက်ချောင်းကလေးနှင့်ကိုင်ကာ အနံ့သေချာစေရန် ပြန်ရှုကြည့်
လိုက်လေသည်. ။
"အိုးးးးဘုရားရေ...လူက ဒီလိုအနံ့မျိုးထွက်နိုင်လို့လား..
အနီးဆုံးချောင်းက ဘယ်နားမှာလဲ...အားအား..နံတယ်"
သူ ဟွားဆန်းသို့ မပြန်ခင် အဝတ်များကို လျှော်ဖွပ်ကာ ရေချိုးသွားရန် သေချာပေါက်လိုနေ၏။
ချွန်းမြောင်သည် တောင်ပေါ်တွင် တောနင်းကာ စမ်းချောင်းရှာလေတော့သည်။
ထိုနေ့က စမ်းချောင်းသို့ ရေသောက်ဆင်းကြသော တိရစ္ဆာန်လေးများကမူ ပြင်းထန်ကာအနံ့ဆိုးပြီး
အရသာပါပျက်နေသော ရေကြောင့် အသီးသီးစိတ်ကင်ဆာများ ရသွားကြလေတော့သည်။