အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အပိုင်း၃၁ (က)
ဒီခွေးသား ....မင်းက တောင်ပိုင်းအစွန်အဖျားဂိုဏ်းက မို့လား?
"ဘာလဲ"
"မင်း ငါ့ကို အဲ့မျက်နှာနဲ့ လာမကြည့်နဲ့ ။ ငါလုပ်နေတဲ့အရာတွေက ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ ငါလည်းသိတယ်"
ယုဂျွန်ဆန်းက သူ၏လက်ကိုဝှေ့ယမ်းကာ စိတ်ရှုပ်ဟန်နှင့် ပြောလိုက်လေသည်။
"သိတယ်ဆို ဘာလို့ အဲ့လိုတွေ လုပ်နေတာလဲ"
" ဒီမှာ ....ခန်းမ သခင်ကောင်း"
" ခင်ဗျားက ဟွားကျေးရွာက လူမှ မဟုတ်တာ"
ယုဂျွန်ဆန်း၏ စကားကြောင့် ခန်းမသခင်ကောင်း၏ မျက်နှာက အံဩသည့်ပုံဖြစ်သွားလေသည်။ ဘာလဲ...ဘာလဲ ...အခုကရော ဘာဖြစ်ရပြန်ပြီတုန်း?
"ခင်ဗျားက အရင်ခန်းမပိုင်ရှင်ရဲ့ သမက်တော်မှ ဟွားကျေးရွာကို ရောက်လာတဲ့သူကို ။ ဟွာ ရွာမှာမွေး ၊ ဟွာရွာမှာ ကြီးလာတဲ့သူတွေအတွက် ဟွားဆန်းက ဘယ်လိုအဓိပ္ပါယ်ရှိတယ်ဆိုတာ ခင်ဗျားမသိပါဘူး"
" မဟုတ်ဘူး"
ခန်းမသခင်ကောင်းက အော်ဟစ်လိုက်လေသည်။ ဒီသောက်ချေးက ခုမှ ဘာတွေထဖြစ်နေတာတုန်း ?။ သူ ဟွားရွာမှာ မမွေးတော့ရော ဘာဖြစ်လဲ။ အဲ့တာက သောက်ပြစ်မှ မဟုတ်တာ။
" နားထောင် ...ခန်းမသခင်ကောင်း"
"တော်ပြီ ...တော်ပြီ။ မပြောနဲ့တော့ .။ မင်း ဘာပြောမယ်ဆိုတာ ငါသိပြီးသား"
သခင်ကောင်းက ဇွတ်ပင်ပိတ်ကာ တားဆီးနေသော်လည်း ယုဂျွန်ဆန်းကမူ မရပ်တန့်ချေ။
" ဟွားကျေးရွာကို ရောင်းလိုက်ရရင်တောင်မှ ငွေကအရာရာပဲဆိုတာ ၊ ပထမဦးစားပေးဆိုတာ ငါသိပါတယ်"
ယုဂျွန်ဆန်းသည် ပြောနေရင်းမှပင် သက်ပြင်းရှည်ကြီးကို ချလိုက်လေသေးသည်။ ခန်းမသခင်ကောင်းကမူ ဇဝေဇဝါမျက်နှာနှင့် သူ့အား ကြည့်နေလေသည်။ ယုဂျွန်ဆန်းဆက်ကာပြောမည့်အရာများကို သူ မခန့်မှန်းနိုင်တော့ချေ။
" ဒါပေမယ့် ငါက ဟွားကျေးရွာက လူတစ်ယောက် ."
" ဒီရွာမှာမွေး ၊ဒီရွာမှာကြီး ..ဒီဟွားတောင်တန်းကြီးပေါ်က ဒဏ္ဍာရီတွေကို အိပ်ရာဝင်ပုံပြင်တွေလို နားထောင်ပြီး ကြီးပြင်းခဲ့ရတာ ။ အချိန်တန်လို့ အရွယ်ရောက်လာရင် ဟွားဆန်းဂိုဏ်းထဲကိုဝင်ပြီး ကမ္ဘာကြီးရဲ့ သူရဲကောင်းတွေလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ရတာ။ အရည်အချင်းမမှီကြလို့သာ ၊ မမှီကြတဲ့သူတွေသာ ဂိုဏ်းထဲမဝင်ဘဲ နေခဲ့ကြရတာ ။ ငါတို့အတွက် ဟွားဆန်းဆိုတာ ဒီလိုမျိုးပဲ။ ဟွားဆန်းက လူတွေက ထာဝရ သူရဲကောင်းပဲ။ သူတို့တွေကြောင့်သာ မဟုတ်ရင် ၊ သူတို့သာ ငါတို့အတွက် အသက်တွေပေးပြီး မကယ်တင်ခဲ့ကြရင် မင်းတို့ငါတို့ဆိုတာ ဒီလိုရှိနေမှာတောင် မဟုတ်ဘူး"
ခန်းမသခင်ကောင်းကမူ ခေါင်းပင်ကိုက်လာလေပြီ။ ဒီသောက်အဓိပ္ပါယ်မရှိတဲ့ ရာဇဝင်တွေက ခုမှ ဘယ်ကမ္ဘာက ရောက်လာရတာလဲ?
ယုဂျွန်ဆန်းကမူ ဆက်ကာပြောနေလေသေးသည်။
"ငါမှ မဟုတ်ဘူး။ ငါ့အဖေ ၊ ငါ့အဖိုး ၊ ငါ့ဘိုးဘေးအဆက်ဆက်ကလည်း ဒီလိုပဲ ကြီးပြင်လာကြတာပဲ။ ဟွားဆန်းဆိုတာ ရှန်းရှီနယ်မြေနဲ့ ဟွားကျေးရွာရဲ့ ဂုဏ်ဆောင် ၊ ရတနာ ၊ ဆုလာဘ်ပဲ။ ပြီးတော့ ....ငါတို့ မင်းတို့မှ မဟုတ်ဘူး။ ငါတို့တွေရဲ့ ဘိုးဘေးတွေရဲ့ ရတနာ ဂုဏ်ဆောင်ဆိုလည်း ဟုတ်တယ်"
ခန်းမသခင်ကောင်း ဒေါပွလာလေပြီ။
" ဆိုတော့ .....မင်းက ဘာပြောချင်တာလဲ"
" ငါတို့ ဟွားဆန်းကို ဖျက်စီးလိုက်ကြပြီးတော့ ငွေရတော့ရော ဘာလုပ်ရမှာလဲ။ ငါတို့ သေသွားတဲ့အခါကျ ဘိုးဘေးတွေက ငါတို့လို ဟွားဆန်းကို ဖျက်စီးလိုက်တဲ့ သူတွေကို ဒီတိုင်းထားမယ်ထင်နေလား။ နေ့တိုင်း အချိန်တိုင်း အရိုက်ခံနေရလို့ ကလေးဘဝတုန်းကလို တချိန်လုံးငိုနေရမှာ"
ယုဂျွန်ဆန်း၏ စကားကြောင့် ရယ်သံအုပ်အုပ်က ထွက်လာလေသည်။ ခန်းမသခင်ကောင်းက နောက်သို့လှည့်ကြည့်လိုက်သောအခါတွင်မူ ရယ်သံများက တိတ်ကျသွားလေပြီး ခေါင်းများက ပို၍ ငုံ့သွားကြလေသည်။
"အဲ့တော့ မင်းက ဒီလိုခံစားချက်လေးတွေအတွက်နဲ့ အနာဂတ်ကို လက်လျော့လိုက်တော့မလို့ပေါ့။ အဲ့လိုလား"
" ဘာ လက်လျော့ လိုက်တာလဲ။ အဓိပ္ပါယ်မရှိတာ ။ မင်းလည်း ဂိုဏ်းခေါင်းဆောင်ပြောနေတာကို ကြားတာပဲလေ။ သူ ပြီးရင် ပြန်ပေးမှာပေါ့"
" မင်းက သူပြောတာကို ယုံနေတာလား?"
" မယုံစရာလည်း အကြောင်းမရှိဘူးလေ ။ ပြီးတော့ ဒီငွေတွေနဲ့ ငါတို့ ဘယ်မှသွားပြီး ဘာမှ လုပ်လို့ရနေတာလဲ ဟုတ်မှမဟုတ်တာ"
" မင်းကသာ ငွေတွေရသွားရင် အဝေးကို ထွက်သွားလို့ရမှာ။ မင်းအတွက်ဆို ငွေဖြုန်းစရာနေရာတွေကလည်း ပေါ သေးတယ်။ ဟန်ကျိုးသွားပြီး ဒီငွေတွေနဲ့ တသက်လုံးနေသွားဆိုလည်း မင်းက နေသွားလို့ရပြီလေ။ ငါတို့ကျ ဘာရှိမှာလဲ။ ဘဝတစ်ခုလုံး ဒီဟွားကျေးရွာမှာပဲ ကုန်ဆုံးလာတာ ။ ဒီငွေတွေ ဘယ်နားသွားသုံးရမှာလဲ။ အရက်သောက်ရင်လည်း ငါသာသေသွားမယ်။ ငွေကကုန်မှာ မဟုတ်သေးဘူး။ ငွေတွေ အခုမရသေးလည်း ငါ့အတွက်က မထူးသွားဘူးလေ"
ယုဂျွန်ဆန်းသည် မိမိကိုယ်ကို သဘောကျစွာပင် ပြုံးလိုက်လေသည်။ သူသည် သူ၏ အကြွေးများအား ရလိုဇောနှင့် တောင်ထိပ်သို့ သက်စွန့်စံဖျားပင် တက်လာခဲ့လေပြီး ဂိုဏ်းခေါင်းဆောင်၏ စကားများအား မကြားခင်အချိန်အထိ သူ၏ ငွေများကို အသည်းအသန်လိုချင်နေသည်က အမှန်ပင် ဖြစ်လေသည်။ ယခုကမူ သူသည် ဂိုဏ်းခေါင်းဆောင်ဘက်မှ ရပ်တည်ကာ ကူပင်ပြောပေးနေလိုက်သေးသည်။ ဤသို့သောအခြေအနေကို မည်သို့ ခေါင်းစဉ်တပ်ရမည်ပင် မသိချေ။ သူ့ကိုယ်သူလည်း နားမလည်ချေ ။ အဘယ်သို့သော တွန်းအားက သူ့အား ထိုသို့ပြုလုပ်နေစေသည်ပင် မသိချေ။
" ငါလည်း ရူးသွားပြီ ထင်ပါတယ်"
ယုဂျွန်ဆန်းသည် သူ၏စိတ်ရင်းမှန်အား သူကိုယ်တိုင်ပင် မသိတော့ချေ။ ဤသည်က ဟွားဆန်းအပေါ်တွင်ထားသော သူ၏ လေးစားမြတ်နိုးမှုပေလား?
"မင်း နောင်တရလိမ့်မယ်"
"ဒါပေါ့ ။ ငါ နောင်တ ရတာပေါ့။ ဒါပေမယ့် ငါဘာကို နောင်တရသလဲဆိုတာတော့ မင်းနားလည်မှာ မဟုတ်ပါဘူး။ ငါ့မှာသာ နောင်တရရတဲ့ အကြောင်းရင်းက သပ်သပ်ရှိနေတာ။ ချီးပဲ....အဲ့တာတွေ မင်းနားမလည်ပါဘူး"
ယုဂျွန်ဆန်းက အသက်ရှုသံများပင် ကြမ်းလာကာ အသံကလည်း မာလာလေသည်။ သခင်ကောင်းကမူ ယုဂျွန်ဆန်းအား ရှုပ်ထွေးသော မျက်နှာနှင့် ကြည့်နေလေသည်။
"ငါ့လက်နဲ့ ဟွားဆန်းကို ဖျက်စီးမိလို့ ငါ့ကိုယ်ငါ မကျေနပ်ဘူး ။ နားထောင် ....ခန်းမသခင်ကောင်း ။ ငါ ငါ့ကိုယ်ငါ ငွေလုံလုံလောက်လောက်ရှာနိုင်သုံးနိုင်တယ်။ အခု ဟွားဆန်းကို ငါကာကွယ်လိုက်ရင် အချိန်တန်ရင် ငါ့ငွေတွေ ငါပြန်ရမှာပဲ ။ အဲ့အချိန်ကျမှ ငွေတွေယူလည်း ငါ့ဘဝက တသက်လုံးအေးအေးနေသွားလို့ ရတယ်။ ဒါပေယ့် ဟွားဆန်းသာ မရှိတော့ရင် ၊ပျက်စီးသွားရင် ငါ နေ့စဉ်နဲ့အမျှ နောင်တရနေရမှာ ။ ငါ့ငွေတွေကို မြင်တဲ့အချိန်တိုင်း နောင်တတွေ ရနေရမှာ ။ ငါ့ဘဝတစ်လျောက်လုံး ဒီလိုအပြစ်ရှိတဲ့စိတ်နဲ့ ငါရှင်သန်မသွားနိုင်ဘူး။ ဒါကြောင့် ငါ့ရဲ့ဆုံးဖြတ်ချက်ကို ငါပြောင်းလိုက်တာပဲ"
ခန်းမသခင်ကောင်းကမူ အံကိုတင်းတင်းကြိတ်ကာ ဒေါသကိုမြိုသိပ်ထားရလေသည်။ ဒီကောင်က ရူးသွားတော့တာလားပဲ။ သူအနေနှင့်ပင် ယုဂျွန်ဆန်းပြောနေသည်များကို နားမလည်သကဲ့သို့ အဓိပ္ပါယ်ရှိသည်ဟုလည်း မထင်ပေ။ ထို့ပြင် သူ့အား နားလည်ပေးရန် အကြောင်းလည်း မရှိပေ ။ မီးပုံထဲသို့ ကိုယ့်သဘောနှင့်ကိုယ် တိုးနေသောပိုးဖလံအား တားရန်တာဝန် သူ့တွင် မရှိပေ။ လူတစ်ယောက်စိတ်ပြောင်းသွားသည်က အခြေအနေတစ်ခုလုံးပြောင်းလဲသွားခြင်း မဟုတ်ပေ။
အပိုင်း၃၁(ခ)
ဒီခွေးသား .....မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား (၁)
"ကောင်းပြီ။ မင်းကြိုက်တာ မင်းလုပ်။ မင်းတစ်ယောက်တည်း စိတ်ပြောင်းသွားလို့ ဘာမှပြောင်းလဲသွားမှာမှ မဟုတ်တာ"
" သူတစ်ယောက်တည်းပါလို့ ဘယ်သူပြောတာလဲဟေ့"
ခန်းမသခင်ကောင်းက နောက်သို့ လှည့်ကာကြည့်လိုက်လေသည်။
"ပိုင်ရှင် ဆိုး"
ဆိုးမင်ဂျုန်က လမ်းလျှောက်ကာ ထွက်လာလေပြီး ယုဂျွန်ဆန်း၏ ဘေးတွင်ရပ်လိုက်လေသည်။
" ခင်ဗျား ဘာလုပ်နေတာလဲ"
"ငါ ဘာလုပ်တာလဲ မင်းမမြင်ဘူးလား"
ခန်းမသခင်ကောင်း ၏ နဖူးကြောများပင်ထောင်တက်လာလေသည်။ ယုဂျွန်ဆန်း၏ ဘက်တော်သားဖြစ်သွားသည်က ထိုတစ်ယောက်ပင် မကချေ။ စုစုပေါင်း ငါးဦးထွက်လာလေသည်။ လူအယောက်နှစ်ဆယ်ရှိသည့်အနက် ငါးယောက်က ယုဂျွန်ဆန်း၏ စကားကိုထောက်ခံကာ အကြွေးများစောင့်ဆိုင်းပေးမည့်သူများ ဖြစ်သွားကြလေတော့သည်။
ခန်းမသခင်ကောင်းကမူ သူ၏ခေါင်းကို တွင်တွင်ခါကာ ပြောလေသည်။
"ဘုရား....ဘုရား။ ငါ့ဘဝမှာ ဒီလိုသနားစရာကောင်းအောင် ဉာဏ်နည်းတဲ့သူတွေ တခါမှ မတွေ့ဖူးဘူး။ ကုန်သည်တွေ ဖြစ်ပြီး ဘယ်လိုများ မတွေးတတ်ရတာလဲ"
ခန်းမဆောင်သခင် သူ၏ စိတ်များကို ထိန်းလိုက်လေသည်။ ထိုလူများသည် ဟွားဆန်းအပေါ်တွင်ထားသည့် လေးစားသမှုကြောင့် ဤသို့သော အကြောင်းအရာများ ဖြစ်လာသည်ဟု သူထင်လေသည်။ သို့သော်လည်း ထိုလူများသည် စိတ်ခံစားချက်ကြောင့် ဒုက္ခတော့ ရောက်ကြပေလိမ့်ဦးမည်ဟု သူထင်သည်။ စီးပွားရေးက စီးပွားရေး ။ လေးစားမှုက လေးစားမှုပင် ။ လူမှုရေးရာခံစားချက်များနှင့် စီးပွားရေးအား သဲကွဲသည့် လူများကသာ အနာဂတ်တွင် အောင်မြင်သော ကုန်သည်ကြီးများ ဖြစ်လာကြပေလိမ့်မည်။ ထိုလူများကမူ တဖြည်းဖြည်းပင် သူတို့၏ အကြွေးများ ရေစုန်မျောသွားသည်မို့ ထိုအခါမှ နောင်တရကြကာ သူသည်လည်း ဟွားဆန်း၏ အခြေအနေမှန်ကို တကူးတကပြောပြကာ လူဆိုးလုပ်ရန် လိုအပ်မည် မဟုတ်တော့ပေ။ သူတို့ထိုက်နှင့် သူတို့ကံ ခံကြပါလေ့စေ။
ခန်းမသခင်ကောင်းသည် ထိုလူတသိုက်အား လှမ်းကြည့်လိုက်လေတော့ ထိုသူများက စိတ်လက်ပေါ့ပါးနေကြသည့်ပုံပင်။
"သောက်ရူးတွေ"
ဒီဂိုဏ်းကို ကယ်တင်မိလိုက်လို့ မင်းတို့ ဘယ်အချိန်ထိ နောင်တမရဘဲနေဦးမလဲဆိုတာ ငါကြည့်ဦးမယ်။
ဟွားဆန်းကြီး ရှိနေတော့လဲ ဘာအရေးလဲ။ မရှိတော့ရင်ရော ဘာအရေးလဲ။ အကြွေးတွေ ပြန်မရမှ နောင်တရမှ သိမယ်။ အဲ့အချိန်ကျမှ ဒူးနဲ့မျက်ရည်မသုတ်ကြနဲ့။
ခန်းမသခင်ကောင်းက ဆုံးဖြတ်ချက်တစ်ခုအား ချကာ ကျန်သည့်သူများကို လှည့်ကာ မေးလိုက်လေသည်။
"နောက်ထပ် ဘက်ပြောင်းချင်တဲ့သူတွေ ရှိသေးလား?"
ကျန်သည့်လူများက ဟွမ်းဂျွန်အား တချက်လှမ်းကြည့်လိုက်ကြပြီး ခေါင်းခါပြကြလေသည်။
"ဂိုဏ်းခေါင်းဆောင်"
"............."
ခန်းမသခင်ကောင်းက ပြုံးလိုက်လေသည်။
" ဟွားဆန်းရဲ့ ဂုဏ်သတင်းက အဲ့လောက်ကြီးမားလိမ့်မယ်လို့ ကျွန်တော် တကယ်မထင်ထားခဲ့ဘူး။ ဒါပေမယ့် ဒီလောက်ပါပဲ။ ကျန်တဲ့သူတွေကတော့ သူတို့ရဲ့အကြွေးတွေကို ရက်မဆိုင်းပေးချင်ကြတော့ဘူး။ အဲ့တော့ အခု...ကျွန်တော်တို့ဆီက ချေးထားတဲ့ပိုက်ဆံတွေကို အခုပြန်ပေးတော့"
ဟွမ်ဂျွန်းက ပြုံးပြလိုက်လေသည်။ သို့သော် ခန်းမသခင်ကောင်းအား ပြုံးပြသည်မဟုတ်ဘဲ သူ၏နောက်တွင်ရပ်နေသူများကို ပြုံးပြလိုက်ခြင်းဖြစ်လေသည်။
"အဲ့ဘက်ထဲက တကယ်ပဲ ဘယ်သူမှ ကျွန်တော်တို့ကို မကူညီချင်ကြတော့ဘူးလား"
".........."
မည်သူကမှ အသံထွက်မလာသည်မို့ ဟွမ်ဂျွန်းက ပြုံးကာ ခေါင်းကိုငြိမ့်လိုက်လေသည်။
"ကဲ ...ဒါဆိုလည်း ရှောင်လွဲလို့မရတော့ဘူး"
"ဂိုဏ်းခေါင်းဆောင်...."
"ခန်းမသခင်ကောင်း ။ စကားကို ဖြတ်မပြောပါနဲ့"
ဟွမ်းဂျွန်၏ တားမြစ်သံက တိုးညှင်းသော်လည်း ဖိအားတစ်ခုပါနေသည်မို့ ကောင်းမန်းယွန်းသည် ထိတ်လန့်သွားပြီး အသံထွက်မလာတော့ချေ။
ဟွမ်းဂျွန်က သူ့အား တောက်တောက်ပပပြုံးပြနေသော ယုဂျွန်ဆန်းတို့ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။
"ဟွားဆန်းဂိုဏ်းအတွက် ရပ်တည်ပေးတဲ့သူနည်းနည်းလေးပဲ ရှိနေသေးရင်တောင် လုံလောက်ပါတယ်။ ဘာပဲပြောပြော အဲ့တာက တလောကလုံးက ဟွားဆန်းကို ဖျက်စီးနေချင်ကြတာဆိုတဲ့ အဓိပ္ပါယ် မဟုတ်တော့ဘူးလေ"
ခန်းမသခင်ကောင်းက မည်သည်မှ ဝင်မပြောရဲပဲ ကြည့်နေလေသည်။ ဟွမ်းဂျွန်ကမူ ကျယ်လောင်စွာ ခေါ်လိုက်လေသည်။
"ယုအန်း.............."
"ဟုတ်ကဲ့ပါ။ ဂိုဏ်းခေါင်းဆောင်"
"ယူခဲ့လိုက်တော့"
"ဟုတ်ကဲ့"
ယုအန်းက ဦးညွတ်အရိုအသေပေးကာ မြန်မြန်သွက်သွက် လျောက်သွားလေသည်မို့ ခန်းမသခင်ကောင်းက စတင်ကာ သံသယဝင်လာလေတော့သည်။
သူတို့မှာ တကယ်ပဲ ပိုက်ဆံရှိတာလား?
မဖြစ်နိုင်ပေ။ ဂိုဏ်းခေါင်းဆောင်တွင် ငွေက လုံးလုံးပင် မရှိနိုင်ပေ။ မရှိနိုင်ရန်လည်း သူက လက်လှမ်းမှီသမျှ လှမ်းကာ ပိတ်ထားလေသည်။ ငွေရပေါက် ရလမ်း မရှိပေ။
ဂိုဏ်းခေါင်းဆောင်က တမင်ပင် ဉာဏ်ဆင်ကာ ကလိမ်ကကျစ်လုပ်နေသည်သာ ဖြစ်ပေလိမ့်မည်။
ကောင်းမန်းယွန်း အတွေးများနေစဉ်မှာပင် ယုအန်းက ပြန်ရောက်လာလေပြီ။ သူက ရှေ့မှ လျှောက်လာခဲ့ပြီးနောက်တွင်မူ လူသုံးယောက်က လိုက်လာလေသည်။
"သေတ္တာတစ်လုံးပါလား?"
ထိုလူများက ယုအန်းနှင့်ပင် ရွယ်တူဖြစ်ပုံရပြီး ဂိုဏ်း၏ အကြီးအကဲများထဲမှ လူများဖြစ်ပေလိမ့်မည်။ သူတို့ထဲက တစ်ယောက်ကမူ အတော်ပင်ကြီးမားသော သေတ္တာကြီးအား သယ်လာလေသည်။
"ဂိုဏ်းခေါင်းဆောင်။ ကျွန်တော်တို့ ယူလာပါပြီ"
"အဲ့မှာ ချထားလိုက်"
"ဟုတ်ကဲ့"
သေတ္တာအား ကြမ်းပြင်ပေါ်တွင် ချကာထားလိုက်ကြလေသည်။ ကောင်းမန်းယွန်းက အချိန်ဆွဲမနေတော့ဘဲ သေတ္တာအား ဆွဲကာကြည့်လိုက်လေသည်။
"ဒါက....?"
" ဒီသေတ္တာထဲမှာ မင်းတို့ရဲ့ အနာဂတ်တွေ ရှိပါတယ်။ ကိုယ်တိုင်ပဲ ယူကြည့်လိုက်ကြပါ"
ခန်းမသခင်ကောင်းကမူ သေတ္တာအတွင်းရှိနေသော အရာများကိုလည်း မယုံကြည်နိုင်သေးပေ။
ဒီအဖိုးကြီး ငါ့ကို လာပြီးလှည့်စားနေတာလား?
ဟွမ်းဂျွန်အား ကြည့်လိုက်လေတော့လည်း အတည်ပင် လုပ်ဆောင်နေသည့်ပုံပင်။ လှည့်စားကာ ဉာဏ်များထားပုံမရ။
ဒါဆို ဒီသေတ္တာထဲမှာ တကယ်ဘဲ ငွေတွေရှိတယ်လား?
ကောင်းမန်းယွန်း၏ စိတ်ထဲတွင် အတွေးပေါင်းတစ်သိန်းတစ်သောင်းက ရောယှက်နေပြီး စိတ်မရှည်တော့ပေ ။
ဒါက တွေးနေရမယ့် အချိန်မဟုတ်ဘူး။ လက်တွေ့ ကြည့်ရမယ့်အချိန်ပဲ.။
ထို့နောက်တွင်မူ ခန်းမသခင်ကောင်းသည် သေတ္တာအား ဖြေးညင်းစွာဖွင့်ကာ သေတ္တာအတွင်းရှိ ပစ္စည်းများကို ကြည့်လိုက်လေတော့သည်။
" ဒါတွေက ......"
ပိုင်ဆိုင်ကြောင်းစာချုပ်တွေ ???????????
ဒီစာအုပ်တွေက ပိုင်ဆိုင်ကြောင်းစာချုပ်တွေလား?
" ဂိုဏ်းခေါင်းဆောင်။ ခင်ဗျား ကျွန်တော်တို့ကို ဘာတွေလာလုပ်နေတာလဲ"
" ငါ ဘာလုပ်နေတာလဲ ဟုတ်လား။ မင်းတို့ တောင်းနေတာကိုပဲ ငါပေးနေတာလေ"
"ကျွန်တော်တို့ တောင်းတာ ....ဟုတ်လား"
ခန်းမသခင်ကောင်းက စိတ်ကို ငြိမ်ငြိမ်ထားကာ စာအုပ်တစ်ချုပ်ကို ဆွဲထုတ်လိုက်ပြီး မာတိကာမှ စကာဖတ်လေတော့သည်။
စာရွက်လှန်သည့် အသံများက ခန်းမထဲတွင် စိုးမိုးနေပြီး အခြားမည်သည့်အသံမှ ထွက်မနေပေ။ သခင်ကောင်း၏ မျက်နှာအမူအရာကမူ စာရွက်များ တစ်ရွက်ပြီးတစ်ရွက်လှန်လိုက်သည်နှင့် ပို၍ပို၍ ပျက်ယွင်းလာလေတော့သည်။ အဆုံးသတ်တွင်မူ မျက်နှာက အကြီးအကျယ်ပင် ပျက်ယွင်းနေပြီမို့ နောက်တွင်ရပ်နေကြသော ကုန်သည်များကလည်း အခြေအနေအားသိနိုင်ရန် ရှေ့သို့ တိုးလာကြလေသည်။
"ဘာတွေလဲ....ဘာတဲ့လဲ"
"ငါတို့လည်း ကြည့်ဦးမယ်"
ခန်းမသခင်ကောင်းက စကားနှင့်ပင် ပြန်မဖြေနိုင်ချေ။ သေတ္တာကိုသာ မျက်စပစ်ပြလိုက်လေသည်။ စာအုပ်များစွာက သေတ္တာထဲတွင် ရှိနေသည်မို့ လူစေ့မျှ ယူကြည့်ကာ ဖတ်နိုင်လေသည်။
" ဒါတွေက ဘာတွေလဲ"
"ဒါတွေက စာရင်းဟောင်းတွေ ပိုင်ဆိုင်ကြောင်းစာချုပ်တွေ မို့လား"
ထိုသူ၏ စကားအား ဟွမ်းဂျွန်က ခေါင်းညိမ့်ကာ ထောက်ခံလေသည်။
"ဟုတ်ပါတယ်"
"ဒီစာရင်းဟောင်းတွေကို ကျွန်တော်တို့ကို ဘာလို့ခုမှ လာပြနေတာလဲ"
ဟွမ်းဂျွန်က ပြုံးပြုံးလေးနှင့်ပင် ထိုလူများ၏ မေးခွန်းကို ဖြေလေသည်။
"အခု မင်းတို့ ကြည့်နေကြတဲ့ စာရင်းတွေက ဟွားဆန်းရဲ့အပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ စာရင်းတွေပါ"
" ဘာ....ဘယ်လို....."
"ခန်းမသခင်ကောင်း ခင်ဗျားစစ်ကြည့်ရင် စစ်ကြည့်လိုက်ပါဦး"
ဟွမ်းဂျွန်၏ အသံက ရှင်းလင်းပြတ်သားစွာ ထပ်ထွက်လာလေသည်။
" ဒီစာရင်းစာအုပ်တွေထဲမှာဆိုရင် ဟွားဆန်းဂိုဏ်းက ပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်းတွေ အကုန်လုံးကို ဖော်ပြထားပါတယ်။ "
"ဟမ်...."
" အာ...မဟုတ်တာ။ ခင်ဗျား ဘယ်လိုပြောလိုက်တာလဲ။ ဘာပြောချင်တာလဲ။ ဂိုဏ်းခေါင်းဆောင်"
" တိတ်ကြစမ်း"
ဟွမ်းဂျွန်က အော်လိုက်သည်မို့ အားလုံးက ကြောက်ရွံကာ အသံတိတ်သွားလေသည်။
"ငါတို့ ဟွားဆန်းဂိုဏ်းက မင်းတို့အပေါ်မှာ သိပ်ကို ရက်ရောကြင်နာပေးခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ ကြင်နာမှုကို မင်းတို့က ဒီလိုပုံစံနဲ့ ပြန်ပြီးပေးဆပ်လိုက်ကြတယ်။ မင်းတို့အပေါ် ဘယ်လောက်ပဲ ကောင်းခဲ့ပါစေ မင်းတို့က သခင်ကို ပြန်ကိုက်တတ်တဲ့ ခွေးတွေလိုပဲ။ သစ္စာမစောင့်သိကြဘူး"
ဟွမ်းဂျွန်၏ စကားလုံးများက ထက်ရှကာ နာကြင်စေလေသည်။
"ဒါကြောင့် ဒီစာရင်းတွေထဲကအတိုင်း ပါဝင်တဲ့လုပ်ငန်းတွေကို မင်းတို့တွေဆီကနေ ပြန်ယူရုံရင်မကဘူး အဲ့ဒီလုပ်ငန်းတွေရဲ့ အောက်ကနေ တိုးပွားလာတဲ့ စည်းစိမ်ဥစ္စာတွေကိုပါ ပြန်သိမ်းယူမယ်"
နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ သူတို့၏ ဘဝအိမ်မက်များက မျက်စိတမှိတ်အတွင်းမှာပင် ပျက်စီးသွားကြလေတော့သည်။
အပိုင်း ၃၂(က)
ဒီခွေးသား .....မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား....
မည်သူမျှ အသံမထွက်နိုင်ကြတော့ပေ။ ဟွမ်းဂျွန်၏ ကြေငြာမှုကြောင့် သူတို့အားလုံး တုန်လှုပ်နေကြသည်။ သူတို့သည် မထင်မှတ်ထားသောအခြေအနေတွင် အလဲထိုးခံလိုက်ရပြီး တုံ့ပြန်ရန်လည်း အင်အားမရှိပေ။ ကြီးမားသော ဖိအားတစ်ခုက သူတို့အပေါ်တွင် ဖိနှိပ်ထားသလိုပင်။ သူတို့အားလုံးသည် အာစေးမိနေသူများကဲ့သို့ အသံပင်ထွက်မလာကြချေ။
"ဂိုဏ်း.....ဂိုဏ်းခေါင်းဆောင်"
" ဂိုဏ်းခေါင်းဆောင်က ဘာတွေပြောနေတာလဲ"
စောဒကတက်သံတစ်သံက တီးတိုးထွက်လာလေသည်။ ကုန်သည်များသည် တဖက်တွင် ဂိုဏ်းခေါင်းဆောင်ကိုလည်း ကြောက်နေရပြီး တဖက်တွင် မိမိတို့၏ ပိုင်ဆိုင်မှုဟု ယူဆထားသော စည်းစိမ်များနှင့် လုပ်ငန်းများ ပျောက်ပျက်သွားမည်ကိုလည်း ကြောက်နေရလေ၏။ ဟွမ်းဂျွန်၏ မျက်နှာပေါ်တွင် တကြိမ်တခါမှ မမြင်ဖူးသော တင်းမာမှုများနှင့် အရှိန်အဝါတစ်ခုက ဖုံးလွှမ်းနေသဖြင့် သူတို့က ပို၍ပင် ကြောက်ရွံနေကြသည်။
" ငါပြောလိုက်တာက မင်းတို့ကြားလိုက်ကြတဲ့အတိုင်းပဲ"
" ဒါပေမယ့်.......ဒါပေမယ့်လည်း"
"အခု ဘာတွေဖြစ်နေတာလဲ ဆိုတာ ကျွန်တော်တို့ နားမလည်နိုင်တော့ဘူး"
"တိတ်ကြစမ်း"
ခန်းမသခင်ကောင်းက သူ၏နောက်တွင်ရပ်ကာ ပြာတောက်နေကြသော လူတစ်စုအား အေးစက်စွာ အော်လိုက်၏။
ဟွမ်းဂျွန်းနှင့် ကောင်းမန်းယွန်းက အကြည့်ချင်းဆုံလိုက်သည်နှင့် သူတို့၏ မျက်လုံးများမှ မီးတောက်များပင် ထွက်လာတော့မည့် အလားပင်။
"ခန်းမ သခင်ကောင်း ....ပြောစရာရှိနေလို့လား ပြောပါ"
လေထုက ပိုကာ သိပ်သည်းကာ ဖိအားများပြီး ပြင်းထန်လာသည်။ ဟွမ်းဂျွန်သည် ယခင်အချိန်များတွင် ဂိုဏ်း၏အခက်အခဲကြောင့် မာန်စွယ်ချိုးကာ နှိမ့်နှိမ့်ချချနေခဲ့သော်လည်း ယခုတွင်မူ ဟွားဆန်းအင်အားကို အပြည့်အဝပြသနိုင်သည့် ခေါင်းဆောင်တစ်ယောက်၏ အသွင်က အပြည့်အဝပေါ်နေလေပြီ။
ကောင်းမန်းယွန်း၏ ဟိတ်ဟန်က ဟွမ်းဂျွန်းအား မခြိမ်းခြောက်နိုင်တော့ပေ။
"ဒီဟာသက တော်တော်ရယ်ရတာပဲ"
"ဟာသလို့ ပြောလိုက်တာလား"
"ဟုတ်တယ်လေ"
ကောင်းမန်းယွန်း၏ ဉာဏ်နီဉာဏ်နက်များက စလာလေပြီ။ ဟွမ်းဂျွန်ကမူ သက်သေအပြည့်ရှိသည်ကိုပင် လောဘမသတ်သေးသော ကောင်းမန်းယွန်းအား စိတ်ပျက်သောအကြည့်နှင့်သာ ကြည့်နေလေ၏။
" စိတ်မကောင်းပေမယ့် ပြောပါရစေ။ ဟွားဆန်းရဲ့ ဂိုဏ်းချုပ် ကျုပ်က ဟာသမပြောတတ်ပါဘူး"
ကောင်းမန်းယွန်းကလည်း အရှုံးမခံချေ။
" တကယ်ကြီးလေ...ဒီစာရင်းတွေအရဆိုရင် ဟွားကျေးရွာက လုပ်ငန်းအားလုံးလိုလိုက ဟွားဆန်းရဲ့ လုပ်ငန်းတွေကြီးပဲ လေ....တကယ်သာ ဟွားဆန်းပိုင်တွေဆိုရင်တော့ ရွာသားတွေဆီကနေ ပြန်ပြီးတော့ သိမ်းယူတာက သဘာဝကျပါတယ်"
"ခင်ဗျားက အခြေအနေကို ကောင်းကောင်းသဘောပေါက်လွယ်တာပဲ ...ခန်းမသခင်ကောင်း"
ဟွမ်းဂျွန်း၏ စကားကြောင့် ကောင်းမန်းယွန်းက ပြုံးလိုက်သည်။ ဖြူဖြူစင်စင်အပြုံးမျိုးမဟုတ်ဘဲ ကောက်ကျစ်တော့မည့် မြေခွေးတစ်ကောင်၏ အပြုံးမျိုးဖြစ်လေသည်။
" ဒါပေါ့ ...ဂိုဏ်းခေါင်းဆောင် ပြောတာကို ကျွန်တော်လက်ခံတာပေါ့...ပိုင်ရှင်အစစ်ဆိုရင် ပြန်ပေးရမှာပဲလေ...ဒါပေမယ့်........တစ်ခုတော့ ရှိတာပေါ့... ကျွန်တော် တွေးနေတာက ဒီစာရင်းတွေက ဂိုဏ်းခေါင်းဆောင်တို့က အတုလုပ်ထားတာ ဖြစ်နေရင်ရော"
" ဒီစာရင်းတွေက အစစ်တွေပါလို့ ဂိုဏ်းခေါင်းဆောင်က ကျွန်တော်တို့ကို ဘာနဲ့သက်သေပြမှာလဲ"
" မင်း ...ဘယ်လို ပြောလိုက်တာလဲ"
ဟွမ်းဂျွန်က မျက်မှောင်ကို ကြုံ့ကာ ကောင်းမန်းယွန်း၏ စကားများကို တုံပြန်လေသည်။
" ဒီစာရင်းတွေကို ငါတို့ ဟွားဆန်းက အတုလုပ်ထားတယ်လို့ ပြောချင်တာလား? ။ ငါတို့ ဟွားဆန်းက ဘယ်တော့မှ အဲလိုသိက္ခာမဲ့တဲ့ အလုပ်မျိုးမလုပ်ဘူး"
ကောင်းမန်းယွန်းကမူ မျက်နှာတချက်မဲ့ကာ ဟွမ်းဂျွန်းအား ဒဲ့ပင်တိုက်ခိုက်လေတော့သည်။
"ဒါပေမယ့် အခုဟွားဆန်းက ဟိုယောင်ယောင် ဒီယောင်ယောင်လူတွေနဲ့ ဖွဲ့စည်းထားတာလေ... စာရင်းတွေက အစစ်ဆိုတာ သက်သေမပြနိုင်ဘဲ ဘယ်လိုယုံကြည်ပြီး လုပ်ငန်းတွေ ပုံအပ်ရမှာလဲ"
"ဟုတ်တယ်.....အဲ့တာ မှန်တယ်"
" အဲ့လိုလုပ်တာကမှ အဓိပ္ပါယ်ရှိတာ"
ကျန်သည့်ကုန်သည်များကလည်း ခန်းမသခင်ကောင်း၏ စကားအား ဝိုင်းကာထောက်ခံကြလေသည်။ မည်သို့ပင် ဟွားဆန်း၏ ပိုင်ဆိုင်မှုများဟု သိရစေကာမူ ပြန်မပေးချင်ကြပေ။ သို့ဖြစ်၍ ကောင်းမန်းယွန်း၏ စကားကို ဝိုင်းကာ အားပေးကြလေသည်။ ပြန်မပေးရရေးသည် သူတို့အရေးပင် ဖြစ်လေသည်။
ဟွမ်းဂျွန်သည် ထိုသူများအား ကြည့်ကာ ဟွမ်းယုံ အား အချက်ပြကာ ခေါင်းညိမ့်ပြလိုက်လေသည်။
" ဘဏ္ဍာရေး အရာရှိ"
" ဟုတ်ကဲ့...ပြောပါ ဂိုဏ်းခေါင်းဆောင်"
" မင်းရော ဘယ်လိုထင်လဲ"
" သူတို့ပြောတာကလည်း သဘာဝကျပါတယ်."
ဟွမ်းယုံသည် ဟွမ်းဂျွန်၏ မေးခွန်းအား မျက်နှာတချက်ပင် မပြောင်းဘဲ ဖြေလိုက်လေသည် .။ ကုန်သည်များကလည်း ဟွမ်းယုံ၏ စကားကြောင့် အားတက်သွားကြသည်။
" ငါတို့ ဘာလုပ်သင့်လဲ"
" ဂိုဏ်းခေါင်းဆောင်...ဂိုဏ်းခေါင်းဆောင်တို့ ဦးတည်ထားတဲ့ ခေါင်းစဉ်ကိုက လွဲနေတာပါ"
"ဘယ်လို"
" တကယ်ဆိုရင် ဒီစာရင်းတွေက အတုလား အစစ်လား ဆိုတာကို ဆုံးဖြတ်ပေးလို့ရနိုင်တဲ့ဟာ မဟုတ်ပါဘူး...တရားဝင်လုပ်ထုံးလုပ်နည်းတွေကလည်း ဒီလိုမဟုတ်ပါဘူး"
" ဟုတ်လား...ဘယ်လိုကမှ တရားဝင်တာလဲ"
" ဒီနေရာမှာဆိုရင် ဘယ်လိုကမှ ဟွားဆန်းအပိုင်လဲဆိုတာကို သိနိုင်မလဲဆိုရင် ဒီစာရင်းစာအုပ်တွေရဲ့ နောက်တပိုင်းမှာ ကုန်သည်တွေအတွက် ဟွားဆန်းက ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေ ပါတဲ့ စာရင်းစာအုပ်တွေရှိပါတယ်... အဲ့စာအုပ်တွေကသာ ဒီလုပ်ငန်းတွေက ဟွားဆန်းရဲ့ ပိုင်ဆိုင်မှုဆိုတာကို သက်သေပြနိုင်မှာပါ"
ခန်းမသခင်ကောင်းက ထိုစကားကြောင့် မျက်လုံးများကျယ်သွားလေသည်။
" မင်းတို့ ပေးထားတဲ့စာရင်းစာအုပ်တွေလို့ ပြောလိုက်တာလား"
ခန်းမသခင်ကောင်း၏ စကားကို ဟွမ်းယုံက ခပ်အေးအေးပင်ထောက်ခံသည်။
" ဟုတ်ပါတယ် ... ဘာဖြစ်လို့ပါလဲ"
ဟွမ်းယုံ၏ စကားအား ကြားလိုက်သောအခါ ကောင်းမန်းယွန်း၏ မျက်နှာက ရေခဲရိုက်ခံထားရသူကဲ့သို့ ဖြစ်သွားလေတော့သည်။ ချွေးစေးများကလည်း သူ၏နဖူးမှ တဒီးဒီးယိုစီးကျလာလေ၏။
"ချီးပဲ...ချီးပဲ"
ကောင်းမန်းယွန်းနှင့် ကုန်သည်များသည် ဟွားကျေးရွာတွင် ရှိနေလျှင်မူ ထိုစာရင်းစာအုပ်များကို ဖျောက်ဖျက်ကောင်း ဖျောက်ဖျက်နိုင်ဦးမည်။ ယခုတွင်မူ သူတို့သည် ဟွားတောင်ပေါ်တွင် ရောက်နေလေသည်မို့ ဟွားရွာတွင် ဟွားဆန်းမှ လူများက မွှေနေတော့မည် ။ သူတို့၏ စာရင်းစာအုပ်များကိုလည်း အလွယ်တကူပင် ရရှိသွားမည်ဖြစ်ပြီး သူတို့တွင် ငြင်းဆန်ခုခံရန် အခွင့်အရေးမရှိတော့ပေ။ ဟွားဂိုဏ်းချုပ်သည် ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် သူတို့အား တမင်ပင် ဟွားဆန်းသို့ ခေါ်ထားသည်ကို ကောင်းမန်းယွန်း သတိထားမိသွားသည်။
"ဒီခွေးကြီးကတော့..."
ကောင်းမန်းယွန်းသည် ဒေါသတကြီးနှင့် ဟွမ်းဂျွန်အား ဆဲဆိုလိုက်၏။ ယခုအချိန်တွင် သူလုပ်နိုင်သည်က ဆဲဆိုခြင်းသာ ရှိတော့သည်။
" ဒီတရားဝင်စာရင်းတွေကို ဘယ်နေ့ကတည်းက တွေ့ထားတာလဲ"
" နှစ်ရက်ကျော်လောက်က"
ဟွားဆန်းဂိုဏ်းချုပ်သည် အမှန်တကယ်ကိုပင် အကွက်ကျကျနှင့် သူတို့အား တမင်လူစုကာ စာရင်းတိုက်နိုင်စေရန် ကြိုတင်ကြံစည်ထားခြင်း ဖြစ်လေသည်။ ယခုဆိုလျှင် သူတို့သည် မည်သို့မှ မတုံ့ပြန်နိုင်ဘဲ လုပ်ငန်းများကို ထိုးအပ်လိုက်ရပေတော့မည်။ ကောင်းပေစွ။ ဂိုဏ်းချုပ် ဟွမ်းဂျွန် တော်လှပါပေသည်။
" ဂိုဏ်းချုပ်.......ခင်ဗျား .....ခင်ဗျားကြီးက"
ခန်းမသခင်ကောင်းက ဟွမ်းဂျွန်အား ဆက်ကာဆဲဆိုရန် ပြင်လိုက်လေသည်။ ဟွမ်းဂျွန်က လေသံမာနှင့် အော်ဟစ်နေသော ကောင်းမန်းယွန်းအား ကြည့်ကာ အော်ဟစ်လိုက်၏။
" မင်းရဲ့ လေသံကို ပြင်လိုက်စမ်း...ကောင်းမန်းယွန်း"
ဟွမ်းဂျွန်က အလွန်ပင်သန်မာကောင်းမွန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသဖြင့် သူ့အား အမြဲပင် အထင်သေးနေခဲ့သော ကောင်းမန်းယွန်းပင် ရုတ်တရက်လန့်ဖြတ်ကာ ဦးညွှတ်မိသွားလေသည်။
ဤသည်ကပင် ဟွားဆန်း၏ အင်အားပင်။ ဤလူအိုကြီးထံတွင် ပုံရိပ်ထင်ကာ တောက်ပနေသည်က ဟွားဆန်း၏ ဂုဏ်ရှိန်ပင်။
" မင်းကို ငါ စကားပြောခွင့် မပေးထားဘူး"
ဟွမ်းဂျွန်သည် ခေါင်းငုံကာနောင်တရနေကြသော ကုန်သည်အုပ်စုကို ကြည့်ကာ အေးစက်စက်ပြောဆိုသည် ။ ကုန်သည်များကမူ ခေါင်းပင် မဖော်ဝံ့ကြတော့ပေ။ သူတို့၏ခေါင်းများ ကြမ်းပြင်ထဲသို့ပင် ဖောက်ဝင်တော့မည်ဟု ထင်မှတ်ရသည်။
" ဒုက္ခတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှပဲ မိတ်ဆွေစစ်ဆိုတာက ပေါ်လာတတ်တာ...ဒုက္ခရောက်နေတဲ့အချိန်မှာတောင် လည်ပင်းပေါ်တချိန်လုံး ဓါးတင်ထားတဲ့ ဒီလိုမိတ်ဆွေမျိုးတွေကို ငါတို့မလိုဘူး...မင်းတို့ ပြန်ကြတော့... အိမ်ပြန်ရောက်တာနဲ့ အရာအားလုံးက မင်းတို့ဆုံးဖြတ်ချက်အတိုင်း အဆုံးသတ်သွားပြီဆိုတာ သိလိမ့်မယ်"
ဟွမ်းဂျွန်က ပြောနေရင်းကပင် သက်ပြင်းတချက်ချလိုက်လေသည်။
" မင်းတို့ ငါတို့ကို ဆက်ခံခဲ့တာတွေကို မေ့ပစ်လို့မရပေမယ့် မင်းတို့ကို ညှာတာနဲ့အနေနဲ့ မင်းတို့ကို မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေထဲက နွားတစ်ရှဉ်းစီ ယူခွင့်ပေးလိုက်မယ်..ဒါ ငါတို့ရဲ့ သက်ညှာမှုအကုန်ပဲ"
"ဂိုဏ်းခေါင်းဆောင်..."
" ငါ့ကို ဘာမှထပ်မပြောနဲ့တော့...ဒါမင်းတို့အတွက် ငါပေးနိုင်တဲ့ အကြီးမားဆုံးသော သက်ညှာမှုပဲ"
ထိုအချိန်မှာပင် ဟွမ်းယုံက ပြောလာလေသည်။
"ဂိုဏ်းချုပ်....ဒီကလူတွေက ဟွားဆန်းပေါ်မှာ မရိုမသေလုပ် သစ္စာမရှိကြတဲ့သူတွေဆိုတာ မှန်ပါတယ်...ဒါပေမယ့် ဒီလိုမဟုတ်ဘဲ အခုကနေစပြီး ဟွားဆန်းအပေါ်မှာ ကောင်းပေးကြမယ်ဆိုရင်တော့ သူတို့ကို သက်ညှာပေးလိုက်ပါ"
ဟွမ်းဂျွန်က သူ၏လက်ကို ဝှေ့ယမ်းကာ ငြင်းဆန်လိုက်လေသည်။
"ငါတို့တွေက ကိုက်တတ်တဲ့တိရစ္တာန်တစ်ကောင်ကို အရေးမယူဘဲလွတ်ပေးလိုက်မယ်ဆိုရင် အဲ့တိရစ္ဆာန်က သားရဲကြီးဖြစ်ပြီး ငါတို့ကို ဝါးမြိုသွားလိမ့်မယ်...ငါဆုံးဖြတ်ချက် ချပြီးပြီ... ဒါကြောင့် ငါ့ကိုနောက်ထပ်ဘာမှ လာမပြောနဲ့တော့"
" နားလည်ပါပြီ။ ဂိုဏ်းချုပ်"
"မင်းတို့တွေ ပြန်ကြတော့... မင်းတို့တွေကို ဆက်ပြီးတော့ မမြင်ချင်တော့ဘူး"
ကောင်းမန်းယွန်းကမူ ဟွမ်းဂျွန်အား ချက်ချင်းပင် သတ်ချင်နေသည့်အလားပင်။ သူက အံကိုတင်းတင်းကြိတ်ကာ ဟွမ်းဂျွန်ကို ဒေါသတကြီး ကြည့်နေလေ၏။
" ဂိုဏ်းခေါင်းဆောင်...ခင်ဗျားက ဒီလိုပုတ်ပွနေတဲ့နှလုံးသားကို သကာဆမ်းထားတဲ့စကားတွေနဲ့ ဖုံးကွယ်ထားခဲ့တာလား"
" ပုတ်ပွနေတဲ့ နှလုံးသား...ဟုတ်လား?"
ဟွမ်းဂျွန်က ပြုံးလိုက်သည်။
" သေချာတာပေါ့...ပုတ်ပွနေတဲ့ နှလုံးသားလို့ မင်းပြောလို့ရပါတယ်...ဒါပေမယ့် မင်းနဲ့ယှဉ်ရင်တော့ ပမွှားပဲ ရှိပါသေးတယ်"
"ကျွန်တော် ဒီအကြွေးကို သေချာပေါက်ပြန်ဆပ်ပြမယ်"
"ဟုတ်ပါပြီ"
"ယုအန်း သူတို့ကို ခေါ်သွားလိုက်တော့"
ကောင်းမန်းယွန်းကမူ တဖက်သို့လှည့်ကာ ယုအန်းကိုပင် မစောင့်ဘဲ ရှေ့မှသွားနှင့်လေသည်။ ကုန်သည်များကမူ ဟွမ်းဂျွန်အားတလှည့် ကောင်းမန်းယွန်းအား တလှည့်ကြည့်ကာ ကောင်းမန်းယွန်းနောက်မှ အမြန်လိုက်သွားကြလေတော့သည်။ သူတို့သည် တောင်အောက်သို့ဆင်းကာ အခြေအနေကြည့်ရပေဦးမည်။
ဟွမ်းဂျွန်ကမူ ထွက်သွားသောသူများကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေတော့သည်။
အပိုင်း ၃၂ (ခ)
ဒီခွေးသားက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား...
"ဂိုဏ်းခေါင်းဆောင်.......ခင်ဗျားက တော်တော်လေးကို ကြိုးစားထားတာပဲ"
"အဟင်း...."
ဟွမ်းယုံသည် ဟွမ်းဂျွန်အား ချီးကျူးလိုက်လေသည်။
"အခုတော့ ဟွားဆန်းက လွတ်လပ်သွားပြီပေါ့။ ကောင်းလိုက်တာ"
" သိပ်လည်း ပျော်မနေနဲ့ဦး...ငါတို့အခုမှ တောင်တစ်တောင်ပဲကျော်ရသေးတယ်( ပြဿနာအစလေးပဲ ဖြေရှင်းရသေးတဲ့ သဘောကို ပြောတာပါနော်)"
" ဒီထက်ပိုဆိုးတဲ့ ပြဿနာဆိုတာ ရှိသေးလို့လား... အခု အားလုံးဖြေရှင်းသွားပြီးပြီပဲကို"
ဟွမ်းဂျွန်းကမူ အလွန်အမင်း စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသော ဟွမ်းယုံကို ကြည့်၍ပြုံးနေလိုက်သည်။ ဟွမ်းယုံသည် ဤသို့မပျော်ရွှင်ရသည်မှာ ကြာမြင့်နေလေပြီ။ ဟွားဆန်း၏ အကြွေးများသည် လူတိုင်းပေါ်တွင် ဝန်ပိကာ ဂိုဏ်းရှိလူတိုင်းက ဆင်းရဲခြင်း၏ ဒုက္ခကို ခံစားခဲ့ကြရပြီး ယခုမှသာ ပျော်ရွင်နိုင်ကြခြင်းဖြစ်သည်။
" အဲ့ဒီကလေးကိုပဲ ကျေးဇူးတင်ကြရမှာပဲ"
ပြောရလျင်ဖြင့် ဟွားဆန်း၏ ဤသို့ခက်ခဲနေသော အချိန်တွင် ထိုကလေးက ရောက်လာခဲ့ပြီး အချိန်ကိုက်ဆိုသလိုပင် မြေအောက်မှ ရတနာများ စာရင်းမှတ်တမ်းများကို ရှာတွေ့ခဲ့လေ၏။ အမှန်တကယ်ကိုပင် မိုးကောင်းကင်၏ ကယ်တင်မှုပင်။ ထိုကလေးသည်လည်း ဟွားဆန်းအား ကံကောင်းခြင်းများကို ယူဆောင်လာပေးသော လာဘ်ကောင်လေးပင် ဖြစ်လေသည်။ ဟွမ်းဂျွန် ထိုအကြောင်းအား တွေးလိုက်မိသည်နှင့်တပြိုင်နက် ပြုံးမိသွားသည်။
ထို့နောက်တွင်မူ ဟွမ်းဂျွန်သည် ယုဂျွန်ဆန်းတို့အား သတိရကာ သူတို့ဘက်သို့လှည့်လိုက်၏။ ယုဂျွန်ဆန်းတို့ကလည်း ဟွမ်းဂျွန်က ရုတ်တရက်ကြီး လှည့်လာသည်မို့ ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။
" ခက်ခဲနေတဲ့ အချိန်မှာတောင် မင်းတို့က ဟွားဆန်းရဲ့ ကျေးဇူးတရားကို မမေ့ခဲ့ကြဘူး... သစ္စာရှိကြတဲ့သူတွေပဲ"
ဟွမ်းဂျွန်၏ မျက်နှာအမူအရာသည် ကောင်းမန်းယွန်းတို့အား နှင်ထုတ်လိုက်စဉ်ကနှင့် မတူစွာပင် နူးညံ့ပျော့ပြောင်းနေလေသည်။
" ဂိုဏ်းခေါင်းဆောင်....ကျွန်တော်တို့ကရော ဘယ်လိုဆက်ဖြစ်မှာလဲ"
" ဟွားဆန်းပိုင် ပစ္စည်းတွေကိုကတော့ ပြန်အပ်ရမှာပဲပေါ့..ဟွားဆန်းရဲ့ ပိုင်ဆိုင်မှုက ဟွားဆန်းရဲ့ပိုင်ဆိုင်မှုပါပဲ.....ဒါပေမယ့် မင်းတို့ရဲ့ လုပ်ငန်းတွေကိုတော့ ပြန်မသိမ်းပါဘူး...မင်းတို့ဆက်လုပ်ပြီးတော့ အမြတ်အစွန်းကို ခွဲဝေပေးပါ့မယ်"
ယုဂျွန်ဆန်းတို့သည် ဂိုဏ်းခေါင်းဆောင်၏ စကားကြောင့်အနည်းငယ် စိတ်အေးသွားကြ၏။ သူတို့သည် ပိုင်ရှင်ဘဝမှ အမြတ်ဝေစုသာ ရသည့် အလုပ်သမားဘဝသို့ရောက်သွားသော်လည်း သူတို့၏ လုပ်ငန်းနှင့်ပိုင်ဆိုင်မှုများ ဆုံးရှုံးကာတောင်အောက်သို့ ဆင်းသွားရသည့်လူများနှင့်ယှဉ်လျင်မူ ပို၍အဆင်ပြေသေးသည်ဟု ပြောနိုင်သည်။ ထို့ကြောင့် သူတို့ မကျေမနပ်ဖြစ်ကာ စောဒကတက်ကြခြင်း မရှိပေ။ ဂိုဏ်းချုပ်၏ စကားကို အေးအေးဆေးဆေးပင် လက်ခံလိုက်ကြသည်။
ယုဂျွန်ဆန်းက တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်သောအခါ ဟွမ်းယုံက ပြောလာလေသည်။
" အလွန်အကြုးဖြစ်လာတဲ့ ဝိသမလောဘကတော့ ဘဝကို ဆွဲချသွားကြတာပဲ"
" ကိုယ့်အပိုင် မဟုတ်တဲ့အရာကို အတင်းကြိုးစားပြီး သိမ်းယူတာကလည်း ဒုစရိုက်ဖြစ်သလို ဟွားဆန်းဂိုဏ်းက အားလုံးကို ဒုစရိုက်အလုပ်ကနေ ရှောင်ရှားဖို့ အခွင့်အရေးပေးခဲ့ပါတယ်... သူတို့ကသာ မတော်မတရား လောဘတက်ကြလို့ ဒီလိုအဖြစ်တွေနဲ့ ကြုံကြရတာပါ"
သက်ပြင်းချသံများသာ ထွက်လာလေပြီး မည်သည့်စကားသံမှ ထွက်မလာတော့ပေ။
မိမိစိုက်ပျိုးသည့်အရာများကို မိမိရိတ်သိမ်းရသည်က သဘာဝပင် ဖြစ်သည်။ လောဘပင်ကိုပျိုး၍ ဒုက္ခအသီးအပွင့်ကို ရိတ်သိမ်းကြရခြင်း ဖြစ်လေသည်။ မိမိပြုသောကံသည် မိမိထံသို့သာ ပြန်လာပေလိမ့်မည်။
ယုဂျွန်ဆန်းသည် စိတ်ထဲမှ ဖြစ်ပျက်သွားသော အဖြစ်အပျက်များကို ကြည့်ကာ တွေးနေလေတော့သည်။
ဘိုးဘေးတို့ရယ်....ခင်ဗျားတို့ ဘာတွေများ ရှုပ်ခဲ့ကြတာလဲဗျာ...ဤသည်က ဟွားဆန်းပိုင် လုပ်ငန်းများကို ဟွားဆန်းအခြေပျက်ချိန်တွင် မိမိတို့၏ အပိုင်သဖွယ် သိမ်းယူမောင်ပိုင်စီးခဲ့သည့် သူတို့ဘိုးဘေးများ၏ အပြစ်ပင်ဖြစ်သည်။
" ဘဏ္ဍာရေးမှုး ....."
"ဟုတ်ကဲ့ ...ပြောပါ ခေါင်းဆောင်"
" သူတို့က နောက်ဆုံးအချိန်အထိ ငါတို့ရဲ့ ဟွားဆန်းဂိုဏ်းပေါ် သစ္စာမဖောက်ဘဲ ဟွားဆန်းအတွက် ရပ်တည်ပေးခဲ့ကြတယ်မို့လား"
"ဟုတ်ပါတယ်..ဂိုဏ်းချုပ်"
"သူတို့အတွက် ဆွေးနွေးပေးလို့ ရရင်ဆွေးနွေးကြရအောင်...နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်နည်းလမ်းတော့ ရှာတွေ့မှာပေါ့...ငါတို့ရဲ့ သစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေအတွက် ငါတို့ကလည်း ကောင်းမွန်စစ်မှန်တဲ့ မိတ်ဆွေ ပြန်ဖြစ်ပေးရမယ်လေ"
"နားလည်ပါပြီ ဂိုဏ်းချုပ်"
ဟွမ်းယုံက ဟွမ်းဂျွန်ပြောသည့်စကားများကို ငါးယောက်သောကုန်သည်များအား ပြန်ပြောပြလိုက်သည်။
" ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးလို့ ရပါသေးတယ်"
ကုန်သည်တစ်စုကမူ နားမလည်သော အမူအရာများနှင့်သာ ဟွမ်းယုံခေါ်ရာနောက်သို့ လိုက်လာခဲ့လေသည်။
ကုန်သည်များအား ဟွမ်းယုံခေါ်သွားသည့်အခါတွင်မူ ခန်းမထဲတွင် ဟွမ်းဂျွန်တစ်ယောက်သာ ကျန်ခဲ့လေသည်။ သူသည် ဟွားဆန်းအား နေ့စဉ်နေ့တိုင်း မြင်နေကြည့်နေရသော်လည်း ဟွားဆန်းက ယနေ့မှပင် တမူထူးခြားနေသလိုပင်။
အကာအရံများနှင့် ပျက်စီးနေသော အဆောက်အအုံများကပင် အသက်ဝင်ကာ လှပနေသယောင်ပင်။
" လူတွေကို အပေါ်ယံကြည့်ရုံနဲ့တော့ ရင်ထဲက အရာတွေကို တကယ်မသိနိုင်ဘူးပဲ"
အရာအားလုံးသည် ဤကဲ့သို့ လွယ်လွယ်ပြီးမြောက်သွားမည်ဟု မထင်ရပေ။ ဟွားဆန်းသည် ရာစုနှစ်တစ်စုတိုင်အောင် တင်ကျန်နေသော အရိပ်မည်းကြီးအား ယနေ့တွင် ဖြေဖျောက်နိုင်ခဲ့လေပြီ။ တစ်ခုနှင့်တစ်ခုဆက်စပ်ကာ ဖြစ်တတ်သော အကြောင်းအကျိုးသဘောတရားများအရ သူတို့ဟွားဆန်းဂိုဏ်းတွင် ဆက်ကာဆက်ကာ အကောင်းများဖြစ်စေမည့် အကြောင်းတရားများကိုသာ လုပ်ဆောင်ရန် လိုအပ်တော့သည်။
ယခုတွင်မူ အစကောင်းနေပြီမို့ အနှောင်းသေချာရန်သာ သူကြိုးစားရပေတော့မည်။ ဟွားဆန်းသည် ယခင်နှစ်များနှင့်မတူဘဲ တဖန်ပြန်လည် ဦးမော့လာစေရမည်။
ထိုသို့ ဖြစ်လာပေလိမ့်မည်။
ဖြစ်လာမည်က သေချာပေသည်။
ဟွမ်းဂျွန်းသည် ကျေနပ်မှုအပြည့်နှင့် ပြုံးလိုက်လေသည်။
အဝေးတစ်နေရာ၌....
မကျေမချမ်းဖြစ်နေဟန်နှင့် ဒေါသပုန်ထနေသော လူတစ်ဦးရှိနေသည်။ ကလေးတစ်ဦးဆိုလျှင် ပို၍မှန်ပေလိမ့်မည်။
"မင်းတို့.....မင်းတို့.............."
" ဒီခွေးတွေ........."
ချွန်းမြောင်၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်နေသည်။
ဘာ...ဘာ...ဘယ်လို...ဘယ်လို
လှည်းတစ်ရှဉ်းဟုတ်လား...
သည်းခံခွင့်လွှတ်တတ်သူကြီးပေါ့....ဟုတ်လား...
"အေးပါ.....တွေ့မယ်...လာစမ်းပါ...မင်းတို့ကို တကယ့်သားရဲက ဘယ်လိုမျိုးလဲဆိုတာ ပြမယ်"
ဟွမ်းဂျွန်သည် ပိုင်ဆိုင်မှုများကိုသာ ပြန်လည်သိမ်းယူကာ ကုန်သည်များကိုမူ ဘေးမသီရန်မခ ပြန်လွှတ်လိုက်လေသည်။ သူ ချွန်းမြောင်ကမူ ဟွမ်းဂျွန်ကဲ့သို့ ထိုသူများကို အလွယ်တကူ အလွတ်ပေးကာ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။
အပိုင်း -၃၃ ( က)
ဒီခွေးသား.....မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကလား
"ဆရာတူအကိုကြီး......ဆရာတူအကိုကြီး"
"ဘာလဲ"
" အကိုကြီး ကြားပြီးပြီလား"
"ဘာကို ကြားရမှာလဲ"
"ဟာ...အရမ်းကို ပြန့်နေတဲ့သတင်းလေ...မကြားသေးဘူးလား"
" ငါ့ရဲ့ နားရွက်တွေကို မြင်လား...ကြားစရာရှိရင် ကြားမှာပေါ့"
ယွန်းဂျွန်၏ အမေးအား ဂျိုဂုက ရွဲစောင်းစောင်း ဖြေလေသည်။
" ဟွားကျေးရွာက ကုန်သည်တွေဆီမှာ တင်နေတဲ့အကြွေးတွေလေ ....အဲ့တာတွေက မရှိတော့ဘူးတဲ့...ပြီးတော့ အတိတ်တုန်းက ဟွားဆန်းက ပိုင်တဲ့ လုပ်ငန်းတွေလည်း အကုန်လုံးပြန်ရတယ်လို့ ပြောနေကြတာ"
"ငါသိပြီ...."
" အခု ဟွားကျေးရွာမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေကြတာတဲ့...မူရင်း စာရင်းတွေ ပေါ်လာပြီး အကုန်လုံးကိုလည်း ပြန်သိမ်းလိုက်ပြီတဲ့.... သိလား"
"ငါလည်း အဲ့တာတော့ ကြားထားတယ်"
" ဘုရားရေ.....အဲ့သတင်းကြားထားတာတောင် ဒီလောက်တည်ငြိမ်နေနိုင်တယ်... ဟား....ဒီနေရာရဲ့ အနာဂတ်မှာ အကြီးအကဲဖြစ်လာမယ့်သူမို့လို ဒီလိုတည်ငြိမ်နေတာဆိုပြီးတော့ လာမပြောနဲ့နော်"
ဂျိုကုက ယွန်းဂျွန်၏စနောက်မှုကြောင့် သူ၏ ရင်ဘက်အား ခပ်ဖွဖွထိုးလိုက်သည်။
" ဒါက တကယ်တော့ ကိစ္စကြီးတစ်ခုပဲ"
" အဲ့တာ ပြောတာလေ...တကယ်အံဩစရာကောင်းတယ်...ပြန်သိမ်းလိုက်တဲ့ လုပ်ငန်းတွေက ပြန်ရတဲ့ငွေ ဘယ်လောက်များလဲ သိလား...စည်းစိမ်တွေ မပါသေးဘဲ လုပ်ငန်းတွေကြီးပဲ သက်သက်ဆိုရင်တောင် ဟွားဆန်းဂိုဏ်းအဆက်ဆက် နောင်လာနောက်သားတွေအတွက် စိုးရိမ်ပူပန်စရာ မရှိဘူးတဲ့ဗျ"
" တကယ်ကြီးလား..."
ယွန်းဂျွန်သည် ဂျိုဂုအား ချဉ်တူးတူးမျက်နှာပေးနှင့် ကြည့်လိုက်၏။ ဆရာတူအကိုကြီးက လူကို နောက်စရာဟု ထင်နေသလော။
ယွန်းဂျွန်က ဟွားဆန်းတွင် ကျင့်ကြံသူအဖြစ်နေကာ အရိုးထုတ်သွားရန်ပင် အစီအစဉ်ရှိလာလေပြီ။ နဂိုကပင်ထိုသို့ အစီအစဉ်ရှိသော ဂျိုဂုကမူ အိမ်မက်များက ပို၍ပင် သေချာလာသည်။
"ဒါက ငါထင်ထားထက်တောင် ပိုများတာပဲ"
" ဆရာတူ အကိုကြီး...ဆရာတူအကိုကြီးက တနေ့ကျရင် ဟွားဆန်းဂိုဏ်းကို အုပ်ချုပ်တဲ့သူဖြစ်လာမှာလေ...အဲ့အချိန်ကျရင် ငွေကြေးပြတ်လတ်တဲ့ ဒုက္ခကြုံရမှာ မဟုတ်တော့ဘူး"
" ဟုတ်ပါပြီ...မင်းပြောတာကို ငါမှတ်ထားလိုက်ပါ့မယ်"
ဂျိုဂုသည် ထိုသတင်းအား ကြားထားသော်လည်း ဤမျှထိ အလေးအနက်ကြီး မတွေးထားပေ။ ပေးရန်ရှိသည့်အကြွေးများအား သူ့လက်ထက်အထိ သယ်မသွားရသည်နှင့်ပင် အတော်ကျေနပ်နေပြီဖြစ်လေ၏။ ကြားရသည်မှာ သူတွေးထားသည်ထက် တော်တော်ပင် များပြားပုံရသည်။
အဖြစ်အပျက်များက အံ့အားသင့်ဖွယ် ဖြစ်ပျက်သွားပြီးနောက်တွင်မူ မေးစရာမေးခွန်းများက ရှိလာလေပြီ။
" ဒါပေမယ့် ဒီလိုအခြေအနေက ရုတ်တရက်ကြီး ဖြစ်လာတာနော်...အရင်တုန်းကဆို ဂိုဏ်းချုပ်က အကြွေးတွေကို သိမ်သိမ်ငယ်ငယ်နဲ့ တောင့်ခံနေရရှာတာ.. ဒါတွေရှိရဲ့သားနဲ့ကို ဘာလို့ ဒုက္ခခံနေတယ်မသိဘူး"
"အဲ့တာက...."
ဂျိုဂု၏ မျက်နှာတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ပေါ်ပေါက်လာလေသည်။
" သူတို့တွေ စာရင်းစာအုပ်တွေ ပြန်တွေ့တယ်လို့ ပြောတယ်လေ"
"စာရင်းစာအုပ်တွေလား?"
" ဟုတ်တယ်လေ...ဟွားဆန်းရဲ့ လုပ်ငန်းတွေနဲ့ဆိုင်တဲ့ စာအုပ်တွေ...သူတို့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ ပြန်ရှာတွေ့တာတဲ့..အဲ့တာ......."
ဂျိုဂုက ပြောနေသည့်အကြောင်းအရာအား အလျင်အမြန်ပင် ရပ်တန့်လိုက်ခိုင်းလေ၏။ ယွန်းဂျွန်ကမူ မည်သည်ကြောင့် ရပ်တန့်ခိုင်းသည်ကို မသိပေ။ ယွန်းဂျွန်ရပ်တန့်သွားမှသာ ဂျိုဂုက စကားဆက်လာလေသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကမှ တွေ့တာ ဟုတ်လား"
"ဟုတ်တယ်လေ"
ယွန်းဂျွန်က ရုတ်တရက်ဆိုသလိုပင် ဂျိုဂုက သူ့အားရပ်တန့််ခိုင်းသည့်အကြောင်းကို နားလည်သလို ဖြစ်သွားလေသည်။
"ဒါက ရက်ပိုင်းလောက်က တွေ့ခဲ့တာဆိုရင် ကျွန်တော်တို့ မြင်ခဲ့တာက အဲ့ဒီစာအုပ်တွေများလား...ဟုတ်လောက်တယ် မို့လား"
"ဟုတ်တယ်.....အဲ့တာတွေပဲ"
ယွန်းဂျွန်နှင့် ဂျိုကုတို့သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငိုချင်သွားလေသည်။ ဤသည်က ပြန်တွေးကြည့်ရသည်ပင် အဆင်မပြေပေ။
" အဲ့သေတ္တာပဲ"
" အဲ့ဒီသေတ္တာထဲမှာ စာအုပ်တွေရှိနေတာပဲ ဖြစ်ရမယ်"
ဤဖြစ်ရပ်ကြီး တိုက်ဆိုင်လွန်းနေသည်က အသိသာကြီးပင်။ ထိုအချိန်က အရူးကောင်၏နံဘေးတွင် ရှိနေကာ သေတ္တာအား စစ်ဆေးသည့် ဂိုဏ်းခေါင်းဆောင်ကြီး၏ အမူအရာကလည်း ထူးဆန်းလွန်းနေသည်။
" ငါ တကယ်ကို အဲ့လိုကြီးတော့ မပြောချင်ပါဘူး... အဲ့လိုလည်း မပြောသင့်ဘူးလို့ ထင်တယ်...ဒါပေမယ့်....."
" ငါရောမင်းနဲ့ အတူတူပဲ...အဲ့လိုပဲ ထင်တယ်"
ဂျိုဂုနှင့် ယွန်းဂျွန်၏ မျက်နှာများက ထိုအချိန်ကို ပြန်တွေးမိကာ မဲမှောင်လာလေတော့၏။
"ဒါနဲ့ ...အဲ့ဒီတုန်းက အဲ့ဒီအရူးကောင်ရဲ့ ပုံစံက ....."
" ပြောရရင်တော့ သူက အဲ့ဒီတုန်းကလည်း အရမ်းထူးဆန်းတယ်"
ဟယ်......ဒါလေးက ဘာလေးလဲ..ဒီမှာ ဘာလို့ကျောက်တုံးတစ်တုံး ရှိနေတာလဲ...
အို..အမလေး.....ဘုရား...ဘုရား... ဒါက ကျောက်တုံး မဟုတ်ဘူးပဲ...တစ်ယောက်ယောက်က တစ်ခုခုကို ဒီမှာမြုပ်ထားတာများလား....ထူးဆန်းလိုက်တာ...
ဟား...ဟား....ဟား... ဟီး....ဟီး...အရမ်းထူးဆန်းတာပဲ....
ငါ တူးကြည့်လိုက်ရမလား.. ဟီး...ဟီး.. တူးလိုက်တာ ကောင်းမယ်ထင်တယ်နော်...
ဟီး...ဟီး....ဟီး....
ဒီနေရာမှာ ဘာတွေများ မြုပ်ထားပါလိမ့်နော်... ဟား......ဟား...
ထူးဆန်းတဲပစ္စည်းတွေများလား...ရတနာတွေများ ဖြစ်နေလား....
ယွန်းဂျွန်က သူ၏မျက်လုံးကို တင်းတင်းမှိတ်ချလိုက်သည်။
တစ်ခုခုလုပ်ချင်တယ်ဆိုရင်လည်း အနည်းဆုံးတော့ ပီပြင်အောင် သရုပ်ဆောင်ဦးမှပေါ့ အရူးကောင်ရယ်....ချီး....ချီး
သူသည် ထိုအရူးကောင်၏ သိသာသော သရုပ်ဆောင်ချက်များကို မည်သို့မှ မေ့၍ရမည် မဟုတ်တော့ပေ။ သုံးနှစ်သားကလေးကပင် သူ့ထက်ပို၍ သရုပ်ဆောင်ကောင်းလေဦးမည်။
တကယ့်ကို ထိုအရူးကောင်က တစ်ခုခုပင်။
ဟိုတူးဒီခြစ် ခဏမျှလုပ်ပြီးသောအခါတွင် သေတ္တာက ပေါ်လာလေသည်။ ထိုသေတ္တာထဲတွင် ဟွားဆန်း၏ စာရင်းစာအုပ်များက ရှိနေပြီး ဟွားဆန်း ငွေရေးကြေးရေးပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလေ၏။
"ငါတို့ ထင်ထားတဲ့ အတိုင်းပဲ"
"ဟုတ်တယ်မို့လား"
ဂျိုဂုနှင့်ယွန်းဂျွန်က တစ်ယောက်နှင့်တစ်ယောက်လှည့်ကြည့်လိုက်ကြလေသည်။
" သူ ဒါကြီးကို ဘယ်နေရာကနေ တွေ့လာတာတုန်း"
"ငါတို့ သိချင်တာတွေ များလာလေလေ...ငါတို့ မသိနိုင်တာတွေက ပိုများလေလေပဲ"
" ဟုတ်ပါ့"
ယွန်းဂျွန်သည် သူ၏ခေါင်းကို ခါလိုက်သည်။ ဖြစ်ပျက်သွားသောကိစ္စများတွင် ဆက်စပ်နေသော အသေးစိတ်အကြောင်းများက ပြည့်နေလေပြီး သေချာအသေးစိတ် မလေ့လာလျှင်ပင် သံသယဖြစ်ဖွယ်ကိစ္စများက အသိသာကြီးပင်။
သို့သော်လည်း ယွန်းဂျွန်သည် ချွန်းမြောင်အား သံသယမျက်စိနှင့်် မကြည့်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ချွန်းမြောင်သည် ဟွားဆန်းအပေါ်တွင် ပျက်လိုပျက်စီး စိတ်မရှိသည်က အသိသာကြီး ဖြစ်သောကြောင့်ပင်။
ယနေ့ဖြစ်ရပ်များသည် ဖြစ်လာမည်ဟုပင် မထင်ထားသော အခြေအနေမျိုးပင် ဖြစ်လေ၏။ ချွန်းမြောင်သည်သာ ထိုစာရင်းများအား မတွေ့ခဲ့လျင် ဟွားဆန်း၏ အနာဂတ်သည် မတွေးဝံ့စရာပင်။ မည်သို့သော အဖြစ်ဆိုးများနှင့် ကြုံတွေ့နေရမည် မသိနိုင်ချေ။
"ဒါနဲ့......"
" ဆရာတူအကိုကြီး"
ဂျိုဂုက စကားပင် မဆုံးရသေး အပြင်မှ ခေါ်သံတစ်သံက ထွက်လာလေသည်။
" ဘာတွေ ဖြစ်နေကြတာလဲ"
" ချွန်းမြောင်ကို တွေ့မိသေးလား"
" သူ့ကို ဘာလုပ်ဖို့လဲ"
"ဂိုဏ်းချုပ်က သူ့ကို ရှာခိုင်းလိုက်လို့.. .အဲ့တာ ကျွန်တော်တို့ ရှာနေတာမတွေ့လို့... သူက သူ့အခန်းထဲမှာလည်း မရှိဘူး"
" ဟမ်..."
ကလေးများ၏ အပြောကို တည်တည်ငြိမ်ငြိမ် နားထောင်နေသော ယွန်းဂျွန်းသည်ပင် မျက်နှာကြီးမဲပုတ်လာလေ၏။
"အဲ့တာကြောင့် ဒီမှာလားလို့ လာရှာတာလား"
"ဟုတ်ကဲ့။ ကျွန်တော့်ကို သူ့ကို ဘယ်မှာမှ ရှာမတွေ့လို့"
" ဟမ်...မဟုတ်သေးဘူး"
ယွန်းဂျွန်သည် ထခုန်လိုက်ကာ ချွန်းမြောင်၏ အခန်းဆီသို့ ပြေးလေတော့သည်။
သူသည် တံခါးကို အလျင်စလိုတွန်းကာ ဖွင့်လိုက်လေပြီး အခန်းထဲတွင် လှည့်ပတ်ကာ ကြည့်လိုက်လေသည်။ ထို့နောက်တွင်မူ အဝတ်ဗီရိုကို ဖွင့်ကာ ကြည့်လိုက်၏။
" ဘာလဲ..ဘာဖြစ်လို့လဲ"
အနည်းငယ် နောက်ကျမှရောက်လာသော ဂျိုဂုက လှမ်းကာမေးလေသည်။
" မရှိတော့ဘူး..."
"ဟမ်....."
" အဲ့တာ မရှိတော့ဘူးလို့"
ယွန်းဂျွန်သည် ပွင့်နေသော အဝတ်ဗီရို ကို လက်ညှိုးထိုးကာ ပြလေသည်။ ချွန်းမြောင်၏ ဝတ်စုံက အဝတ်ဗီရိုထဲတွင် အခန့်သား ရှိနေလေသည်။
"ဘာ.... သူက သူ့အဝတ်အစားတွေကို ချွတ်ထားခဲ့တာလား...ဘယ်မှာလဲ"
ဂျိုဂုကလည်း အဝတ်ဗီရိုအား ကြည့်လိုက်ပြီးနောက်တွင်မူ သူ၏ မျက်လုံးအစုံက ပြူးကျယ်လာသည်။ ဟွားဆန်းဂိုဏ်း၏ ဝတ်စုံက ဗီရိုထဲတွင် အခန့်သားရှိနေပြီး ထိုဝတ်စုံကသာ ပျောက်နေလေသည်။
" ငါ့ကို...ငါ့ကို အဲ့တာကြီးဝတ်ပြီး ထွက်သွားတာလို့တော့ မပြောနဲ့နော်"
ယွန်းဂျွန်၏ မျက်နှာက အမူအရာပင် ထိန်းမရတော့ချေ။
" သူ ...သူ ...ထပ်ပြီး တခုခုလုပ်ပြန်ပြီ"
ဂျိုဂုနှင့် ယွန်းဂျွန်တို့က ချွန်းမြောင်သည် ဟွားဆန်း၏ ဆုလာဘ်ရတနာလေးလေလား...အဆိပ်ပင် လေလား မပြောနိုင်ကြတော့ပေ။
အပိုင်း ၃၃ (ခ)
ဒီခွေးသားက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား(၂)
" ဟူး...."
မိမိ၏ဆိုင်ရာ လှည်းရှေ့တွင် အသီးသီးရပ်နေကြသောလူများသည် တစ်ဦးနှင့်တစ်ဦး စိတ်ရှုပ်ထွေးသောမျက်နှာများနှင့် ကြည့်နေကြလေသည်။ လှည်းများထဲတွင် မိမိတို့၏ တသက်တာ စုဆောင်းရှာဖွေထားကြသည့် ပစ္စည်းဥစ္စာများထဲမှ တချို့တဝက်ကိုသာ သယ်လာကြနိုင်လေသည်။ သူတို့၏ လက်ကျန်ဘဝတွင် လုံလုံလောက်လောက် သက်သက်သာသာရှင်သန်နိုင်မည့် ငွေကြေးပမာဏမျှကို လူတိုင်းက ယူလာကြပြီး မရှိဘူးဆိုလျင်မူ ယွမ်သိန်းချီတော့ ပါလာကြလေသည်။ သို့သော်လည်းပဲ မြေပေါ်မြေအောက်ပိုင်ဆိုင်မှုများကိုမူ ထားရစ်ခဲ့ကြရ၍ စိတ်မသက်မသာ ဖြစ်ကာ ယခုမျှ သယ်လာနိုင်သည်ကိုပင် မကျေနပ်ကြချေ။ လှည်းတစ်ရှဉ်းဟု ဂိုဏ်းချုပ်က ဆိုလိုက်သော်လည်း အားလုံးက လှည်းတစ်စီးတိုက်မျှ မိမိနိုင်သည့် ပစ္စည်းဥစ္စာတို့ကို သယ်လာကြလေသည်။ ဂိုဏ်းချုပ်၏စကားအတိုင်း လှည်းတစ်ရှဉ်းပင် ဖြစ်လေပြီး ပစ္စည်းများပါလာကြသည်သာ ပိုလာလေ၏။
" တစ်ရက်ထဲနဲ့ကို....တစ်ရက်လေးအတွင်းမှာတင်...."
ဘဝသည် နေ့ပင်ညပျောက်ဆိုသည်က အမှန်ပင် ဖြစ်လေသည်။ နေ့လည်ခင်းအထိ ပိုင်ဆိုင်နေသော စည်းစိမ်ဥစ္စာများသည် မျက်စိတမှိတ်အတွင်းမှာပင် မပိုင်ဆိုင်တော့ချေ။ လက်ရှိဘဝမှ လက်မဲ့ဘဝသို့ ရုတ်ချည်းရောက်ရှိသွားလေသည်။ သူတို့၏ စည်းစိမ်များအား သိမ်းဆည်းပိုင်ဆိုင်သွားသည့် ဟွားဆန်းဂိုဏ်းအားလည်း မည်သို့မှပင် မတုံ့ပြန်နိုင်ခဲ့ချေ။
"အခုက ဘယ်လိုချီးတွေ ဖြစ်နေရတာလဲ......"
အခုကျ ဒီသောက်ရေးမပါတဲ့စာရင်းတွေက အစစ်ဖြစ်သွားပြီပေါ့။ ဟွားဆန်းဂိုဏ်း၏ လျှပ်တပြက်ရိုက်ချက်သည် သူတို့အပေါ်တွင် မတရားသဖြင့် နိုင်လွန်းလှပေသည်။ သူတို့အား ကြိုတင်ပြင်ဆင်ချိန်လေးပင် မပေးခဲ့ချေ။ မည်သူက သူတို့၏လုပ်ငန်းများသည် ဟွားဆန်းဂိုဏ်း၏အပိုင်ဆိုသည်ကို သူတို့အား အရိပ်အမြွက်မျှပင် မပြောပြဘဲနှင့် သိမည်နည်း။ သူတို့၏ ဘိုးဘေးများက ဤလုပ်ငန်းများကို မိမိတို့၏ ဘိုးဘွားပိုင်လုပ်ငန်းများသဖွယ် လက်ဝါးကြီးအုပ်ထားခဲ့ကြသည်ကို သူတို့ကလည်း သိခဲ့ကြသည် မဟုတ်ပေ။ ဖြတ်သန်းကြီးပြင်းလာသည့် ဘဝတစ်လျှောက်လုံး မိမိတို့၏ လုပ်ငန်းများဟူ၍သာ သိထားခဲ့ကြခြင်းဖြစ်လေသည်။
ယခုမှသာ ဟွားဆန်းဂိုဏ်းအပိုင်ဆိုကာ စာရင်းများထွက်လာကာ သူတို့၏စည်းစိမ်ဥစ္စာများကို သိမ်းယူသွားပြီး သူတို့အား ကျေးဇူးမသိတတ်သူများသဖွယ် ဟွားရွာမှလည်း ကန်ထုတ်လိုက်ခြင်းက အလွန်ပင် ရက်စက်လွန်းလှပေသည်။ လောကကြီးတွင် ဤကဲ့သို့သော မတရားလုပ်မှုများက ရှိသေးသည်လား...
နယ်နှင်ခံလိုက်ရသည့် ကုန်သည်တိုင်းက မျက်စိမျက်နှာပျက်နေကြလေသည်။ လှည်းကိုယ်စီကို ဆွဲကာ တစ်ဦးပြီးတစ်ဦးထွက်လာကြသည့် ကုန်သည်များကို မြင်သောအခါတွင်မူ သူတို့၏ အမူအရာများက ပိုမိုခါးသက်လာကြလေသည်။ ရင်ကွဲသည်ဆိုသည်က ဤသို့သော ခံစားချက်လေလားပင် ....
"ဒါက ဘယ်လိုသောက်ချေးအခြေအနေလဲ"
" ဘယ်လိုစကားနဲ့ ပြောရမလဲတောင် မသိတော့ဘူး..."
သက်ပြင်းချသံကြီးများကသာ ဟိုဟိုဒီဒီက ထွက်လာနိုင်လေသည်။
သူတို့ကုန်သည်တစ်သိုက်သည် စည်းစိမ်များ သိမ်းခံရသည်သာမက နယ်နှင်ဒဏ်ကလည်း ပေးခံရသေး၏။ ပိုင်ဆိုင်မှုတစ်ချို့တစ်ဝက်အား အပါယူလာနိုင်ကြသော်လည်း စိတ်ကျေနပ်ခြင်းတော့ မရှိပေ။ အရာအားလုံးအား မူလအခြေအနေအတိုင်းသာ ရှိနေစေချင်ကြလေသည်။
"ငါတို့က တကယ်ကြီး ဒီလိုပဲ ထွက်သွားကြတော့မှာလား....."
"မသွားရင်ရော ဘာထပ်လုပ်နိုင်သေးလို့လဲ......"
" ပြန်ပြီးတောင်းဆိုရင်ရော...."
" ပြန်တောင်းမယ်.... ဟုတ်လား...."
'ဇီးပန်းဝေဝေ' တည်းခိုဆောင်ပိုင်ရှင် ဂျင်ရီဆန်က ဂျိုဂွမ်မြောင်အား ဒေါသတကြီးနှင့် ကြည့်ကာ အော်လေတော့သည်။
" ငါတို့မျက်စိရှေ့တင် အကုန်လုံးဖြစ်သွားတာကို မင်းလည်း မြင်တာပဲ မဟုတ်ဘူးလား.....
.ငါတို့တွေက သူခိုးတွေ...သိလား ....ငါတို့ အားလုံးက သူခိုးတွေ......
ဂိုဏ်းချုပ်ကသာ မသက်ညှာပေးလိုက်ဘူးဆိုရင် ငါတို့တွေ ဒီလိုထွက်လာခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး.....အကုန်လုံး ထောင်နန်းစံနေရမှာကွ.....
ဒီလောက် သေချာနေတဲ့ သက်သေတွေကို မင်းက ဘာနဲ့ခံငြင်းချင်နေတာလဲ....."
ဂျင်ရီဆန်၏ စကားကြောင့် လူတိုင်းက စိတ်ပျက်အားငယ်သွားကြပြီး ပို၍လက်မှိုင်ချသွားကြလေသည်။
"ချီးပဲ...."
ဂျင်ရီဆန်က ထိုလူများအား ကြည့်ကာ စိတ်ပျက်စွာနှင့် လှည့်ထွက်လာခဲ့လေ၏။
" ငါတော့ သွားတော့မယ်....မင်းတို့ကတော့ မင်းတို့သဘောပဲ"
" ဟာ...တကယ် သွားတော့မလို့လား"
" မင်းတို့ ဂိုဏ်းချုပ်တို့ ပြောလိုက်တာကို မကြားလိုက်ဘူးလား.....
တစ်နာရီအတွင်း ဒီနေရာကမထွက်ရင် မထွက်တဲ့သူအကုန် ထောင်ထဲဝင်ရမယ်ဆိုတာ ....
ငါတို့ ဘယ်ကိုသွားမယ်စဉ်းစားတာထက် အရင်ဒီနေရာက ထွက်သွားဖို့ လိုအပ်တယ်"
အဆုံးတွင်မူ ကုန်သည်များအားလုံးက ဂျင်ရီဆန်၏ စကားကိုသာ အကူအညီမဲ့စွာ ခေါင်းငြိမ့်ထောက်ခံပြီး ဟွားကျေးရွာမှ ထွက်ခွာလာခဲ့ကြလေသည်။
အချိန်တစ်ခုကြာအောင်မျှ ထွက်ခွာလာခဲ့ပြီးသည့်နောက်တွင်မူ သူတို့၏ ဟွားဆန်းပိုင်နက်အပြင်သို့ ရောက်လာခဲ့ကြပြီ ဖြစ်လေသည်။ သို့ဖြစ်၍ သူတို့၏ လှည်းများကို အပင်ရိပ်များတွင် ရပ်ကာ ခဏမျှ ခရီးတထောက် နားကြလေသည်။
" ဒါကြီးက တကယ်ကို ဖြစ်လာပြီပဲ...."
"ငါတို့ ပြန်ပြီးခိုးဝင်လာမှာဆိုးလို့ ငါတို့တွေကို စောင့်ကြည့်နေတဲ့ အရာရှိတွေလည်း ရှိနေသေးတယ်....
ငါတို့ ခဏလောက်လေးတောင် ငြိမ်းငြိမ်းချမ်းချမ်း နေလို့မရပါလား....
ခဏလောက်လေးဖြစ်ဖြစ် စိတ်အေးလက်အေးလေး နေချင်လိုက်တာ..."
"ငြိမ်းငြိမ်းချမ်းချမ်း ....စိတ်အေးလက်အေးတဲ့လား"
"ငါတို့ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲ..."
ပြဿနာက တစ်ခုစလာပြီဆိုသည်နှင့် နောက်မှ အဖော်အပါးနှင့်ပါ လိုက်ပါလာတတ်လေသည်။ လက်ရှိပြဿနာပင် ရင်မအေးရသေး။ ရှေ့ဆက်၍ ဘာလုပ်မည်၊ ဘယ်သွားမည် ဆိုသော အနာဂတ်က ပြဿနာဖြစ်လာလေပြန်ပြီ။ အမှန်ကို ဆင်းရဲဒုက္ခအတိပင်။
တချို့သော ကုန်သည်များကမူ ကောင်းမန်းယွန်းအား မျက်စောင်းပစ်နေကြလေပြီဖြစ်သည်။ ကောင်းမန်းယွန်းသည် သူတို့၏ စကားများကို တစ်ခွန်းတစ်ပါဒမှ ဝင်ရောက်ကာ ပြောဆိုခြင်းမရှိဘဲ ဖြစ်ပျက်ခဲ့သောကိစ္စများက သူနှင့်မပတ်သက် မသက်ဆိုင်သည့်အလားပင်။ အေးအေးလူလူသာ ရှိနေလေ၏။
"ခန်းမသခင်ကောင်း...."
"အခု ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ...."
ရန်လိုနေသော အမေးစကားတစ်ခွန်းက ထွက်လာလေပြီဖြစ်သည်။ တစ်ယောက်က စလာလေပြီမို့ တခြားတစ်ယောက်ကလည်း မေးခွန်းတစ်ခုဆိုလာပြန်သည်။
"တစ်ခုခုတော့ ခင်ဗျားပြောဦးလေ..."
"ခင်ဗျားပဲ ခင်ဗျားကို ယုံလိုက်ရင် ရပြီဆိုပြီး ပြောခဲ့တာလေ.....
အခုကျ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ...."
" ကျွန်တော်တို့က ခင်ဗျားကို ယုံပြီး ခင်ဗျားပြောတဲ့အတိုင်းလုပ်ခဲ့တာလေ....
အခုကျ သူခိုးဓါးပြကောင်တွေဖြစ်ကုန်ပြီး ရာဇဝတ်ဘေးတောင် သင့်တော့မလို့.....
ခင်ဗျား ဒါတွေအတွက် ဘယ်လိုတာဝန်ယူပေးမှာလဲ...."
ဤသို့ ထိုသို့သော စကားများကြောင့် ကောင်းမန်းယွန်းက ခေါင်းထောင်လာလေသည်။ စကားကမူ ထွက်မလာပေ။ ဗလာသက်သက်မျက်လုံးများနှင့်သာ ကုန်သည်များအား ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများတွင် ဒေါသအရောင် နာကြဉ်းခံပြင်းရိပ်များ တစ်စိုးတစ်စိမှ ရှိမနေပေ။ ဗလာသက်သက်သာ ဖြစ်နေလေသည်။
" မင်းတို့က ငါ့ကို အပြစ်ပုံချနေတာလား....."
ထွက်လာသောလေသံကမူ အေးစက်စက် ရေခဲရိုက်သံပင်။ ထိုစကားသံကြောင့်ပင် သူ့အား ပြောဆိုနေကြသူများက တန့်ကာ အရှိန်သပ်သွားကြလေသည်။
" အာ...အဲ့လို မဟုတ်ပါဘူး။ ငါတို့က အဲ့လိုသဘောပြောချင်တာ မဟုတ်ပါဘူး..."
"ငါတို့ ပြောချင်တာက.....ဟိုကွာ....ရှေ့ဆက်ပြီး ဘာလုပ်မယ်ဆိုတဲ့ ဟိုပေါ့....အစီအစဉ်ပေါ့...ဟုတ်တယ်...အစီအစဉ် ....
အဲ့တာကို သိချင်တာပါ"
ကောင်းမန်းယွန်းက အေးစက်စက်နှင့် ရန်လိုလာသောအခါတွင်မူ လူတိုင်းက သူတို့၏ ရင်တွင်းမှ မကျေနပ်ချက်များကို မပြောရဲကြတော့ပေ။ အသံတိတ်ကာ ရေငုံနှုတ်ပိတ်နေကြတော့လေသည်။ ဖြောင့်ဖြစကားဆိုသူတချို့ကလည်း ကောင်းမန်းယွန်းအား ဖြောင့်ဖြချော့မော့နေကြလေသည်။
" မင်းတို့ .....သနားစရာ မျိုးမစစ်လေးတွေ"
"........."
"........"
ကောင်းမန်းယွန်း၏ ဆဲဆိုလိုက်သံကြောင့် လူတိုင်းက တုန်လှုပ်သွားကြလေသည်။ ကောင်းမန်းယွန်းက ထိုင်နေရာမှ မတ်တပ်ရပ်လိုက်လေသည်။
"မင်းတို့ကောင်တွေအကုန်လုံး ဟွားဆန်းနဲ့ ပြန်ပြီး အဆင်ပြေချင်နေကြတာမို့လား.....
တခြား ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးနေတဲ့ကောင်တွေ ရှိလားဟမ်......ပြောကြစမ်း ....
မင်းတို့တွေ....ငကြောက် သောက်ပျော့ကောင်တွေ....ဟွားဆန်းဖင်ကို ဘယ်လိုပြန်လျက်ရမလဲ တွေးနေကြတာလား....မင်းတို့တွေ ကောင်တွေ....တကယ် အဲ့လိုပဲ တွေးနေကြတာမို့လား...."
မည်သူကမှ အဖြေထွက်မလာပေ။ တကယ်ပင် ဟွားဆန်းဂိုဏ်းနှင့် ပြန်လည်သင့်မြတ်ရေးကိုပဲ သူတို့တွေးနေကြတာ ဖြစ်၏။ ထို့ကြောင့်ပင် ကောင်းမန်းယွန်း၏ ဆဲဆိုခြင်းကို ပြန်လည် မတုံ့ပြန်ရဲပေ။ ခါးစည်းကာသာ အဆဲခံနေရလေသည်။
"မင်းတို့ ခေါင်းထဲမှာ ဘာတွေများ ရှိနေကြတာလဲ..."
" အဲ့စာရင်းတွေက ဘယ်လိုလုပ် အစစ်တွေ ဖြစ်နိုင်မှာလဲ...."
"......"
" အကုန်လုံးက အတုတွေ။ သူတို့တွေ အတုလုပ်ထားကြတာ..."
" ဘာ..."
"မင်းတို့လည်း သိတဲ့အတိုင်းပဲ .......ဟွားဆန်းရဲ့ အဆက်အသွယ်နဲ့ဆို စာရင်းတွေကို အတုလုပ်လိုက်ဖို့ ခက်တာမှ မဟုတ်တာ ...
သူက အရာရှိတွေနဲ့ အပေးအယူလုပ်ပြီး စာရင်းတွေကို လုပ်ထားတာ သေချာတယ်..."
" ဪ .....အဲ့လိုလား"
" အာ့ဆို ငါတို့ ဘာဆက်လုပ်ကြမှာလဲ....."
"လျိုယန်မြို့ကို ငါတို့သွားကြမယ်။ ငါတို့အဲ့မှာ အရင်အခြေချကြမယ်......
ပြီးမှ ငါတို့လည်း ဟွားဆန်းကို ပြန်ပြီး ငါတို့ကို လုပ်ခဲ့သလိုမျိုး ပြန်ပြီး လုပ်ကြမယ်.....
ငါသေချာပေါက် ဟွားဆန်းနဲ့ ဂိုဏ်းခေါင်းဆောင် ကို ပြန်ပြီး အပြစ်ပေး ကလဲ့စားချေမယ်..."
" ဟိုးးအဲ့လိုလား"
"ခန်းမသခင်ကောင်း ပြောတာ ဖြစ်နိုင်တယ်…
ဒီလိုစာအုပ်တွေကို နှစ်ရာကျော်ကြာအောင် သိမ်းထားတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲကို"
" ငါတို့တွေ သူတို့ရဲ့ လုပ်ရပ်တွေကို ပြန်ပြီးတော့ ဖော်ထုတ်နိုင်ရမယ်...."
လူအုပ်ကြီး၏ ကြွေးကြော်သံက ကျယ်သထက်ကျယ်လာလေသည်။ သူတို့၏ စာရင်းများသည် အတု ဖြစ်စေ အစစ်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ။ အရေးကြီးသည်က သူတို့၏ လုပ်ငန်းများနှင့် စည်းစိမ်များ ပြန်လည်ရရှိရေးသာ ဖြစ်လေသည်။ အများညီလျှင် 'ဤ' ပင် ကျွဲဖြစ်လေသေးသည်။ သူတို့သည်သာ စုပေါင်းအင်အားနှင့် ဟွားဆန်းအား ဖိနှိပ်နိုင်လျှင် သူတို့၏ စည်းစိမ်များ ပြန်ရမည်ကလည်း သေချာပေသည်။ ကုန်သည်များက ကောင်းမန်းယွန်း၏ စကားများကြောင့် စိတ်အားတက်ကြွသွားကြလေတော့သည်။ ကောင်းမန်းယွန်းကမူ တက်ကြွလာကြသော ထိုလူများကို ကြည့်ကာ ပြုံး၍သာ နေလေ၏။
" အဲ့လိုဆိုရင်တော့ ... ကျွန်တော်တို့မှာ ဘာမှစိုးရိမ်ပူပန်စရာ မရှိတော့ဘူးပေါ့...
ကျွန်တော်က အားလုံးကို ဂရုစိုက်ပြီး စောင့်ရှောက်ပေးမှာမို့လို့ ကျွန်တော့်ကိုသာ ယုံကြည်ပေးကြပါ"
" ကျွန်တော်တို့ ခန်းမသခင်ကောင်းကို ယုံပါတယ်"
" ခန်းမသခင်ကောင်းကို အစကတည်းက ယုံပြီးသားပါ"
ကောင်းမန်းယွန်းကမူ စိတ်ထဲကသာ ကြိတ်လှောင်နေလေသည်။
ဒီမျိုးမစစ် သောက်ကြောက်တွေကတော့ ..
ဤကုန်သည်များသည် သူ့အတွက် အမှိုက်သာသာပင် ။ သို့သော်လည်း သူတစ်ယောက်တည်းဖြစ်နေသည်နှင့်စာလျှင် နောက်လိုက်နောက်ပါများ ရှိနေသည်က ပို၍ သက်တောင့်သက်သာ ဖြစ်လေသည်မို့ ဤလူများအား သူကန်မထုတ်ခြင်း ဖြစ်လေသည်။
သို့ရာတွင်မူ သူ လျိုယန်သို့ ရောက်သည်နှင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီဖြစ်လေသည်။ လျိုယန်တွင် သူ့အား ငွေကြေးအထောက်အပံ့ပေးနိုင်သည့် ကျောထောက်နောက်ခံများလည်း ရှိလေသည်။
" ဘယ်လိုတောင် အဓိပ္ပါယ် မရှိတဲ့ ချီးစကားတွေ လဲ .."
မရင်းနှီးသော အသံတစ်သံက ထွက်လာလေသောကြောင့် ကောင်းမန်းယွန်း ခေါင်းကိုလှည့်ကာ ကြည့်လိုက်လေသည်။