← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အပိုင်း ၃၄( က)

ဒီခွေးသားက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား.(၄)

" ဘယ်အချိန်ကတည်းက ရောက်နေတာလဲဟ...."

ကောင်းမန်းယွန်း အမှန်တကယ်ပင် လန့်သွားလေသည်။ လူ ချဉ်းကပ်လာသည့် အရိပ်အယောင်ကိုပင် မခံစားလိုက်ရဘဲ တစ်စုံတစ်ယောက်က ကိုယ့်ရှေ့တွင် မားမားကြီး လာရပ်နေသည်က အမှန်ပင် လိပ်ပြာလွင့်လောက်သည်။

" မင်းက ဘယ်သူလဲ......"

ကောင်းမန်းယွန်းက သူကြားလိုက်ရသောအသံပိုင်ရှင်သည် ကလေးမှန်းသိသောအခါတွင်မူ လေသံကမာကာ ခြိမ်းခြောက်သည့်အငွေ့အသက်များ သန်းလာလေတော့သည်။

တကိုယ်လုံးအား အမည်းရောင်အဝတ်စကို တင်းနေအောင် ပတ်ထားရုံသာမက မျက်နှာကိုပါ အမည်းရောင်အဝတ်စနှင့် စည်းထားသောထိုကလေးသည် လက်တစ်ဖက်တွင်လည်း ဓါးကို ဟန်ပါပါကိုင်ထားလေသည်။

"........”

ထိုကလေးက အသိသာကြီးပင်။ ဓါးပြသာ ဖြစ်ပေလိမ့်မည်။

သို့သော်...

ကောင်းမန်းယွန်းသည် စိတ်ပျက်လက်ပျက်နှင့် မျက်လုံးကို အပေါ်သို့လှန်ကြည့်လိုက်သောအခါ တိမ်ကင်းစင်နေသော ကောင်းကင်ကြီးကို တွေ့ရလေသည်။

ဒီကလေးက ရူးနေတဲ့ မျိုးမစစ်နောက်တယောက်လား....

ဓါးပြတွေက ဘယ်ကတည်းက နေ့ခင်းကြောင်တောင်ကြီးမှာ အဖော်လည်းမပါ တစ်ယောက်တည်း ဓါးပြထွက်တိုက်ကြတဲ့ အခြေအနေရောက်သွားတာလဲ။ ဒါက ဖြစ်ရောဖြစ်နိုင်လို့လား...

" မင်း ဘာပြောလိုက်တာ...."

ကောင်းမန်းယွန်းက အတွေးလွန်နေသည်မို့ ဘေးတွင်ရှိသော လူက ဓါးပြအား လှမ်းကာမေးလိုက်လေသည်။

" ငါပြောတာက .....အဟွတ်...အဟွတ်....အဟွတ်....

အမလေး....အဟွတ်....အဟွတ်....ဪ ....အဟွတ် .....သောက်ချေးလိုပဲဟေ့"

"......."

ကောင်းမန်းယွန်းက တစ်ယောက်တည်းပင် ချောင်းဆိုးရင်း ကမ္ဘာပျက်နေရှာသော ဓါးပြအား လှမ်းကြည့်လိုက်လေ၏။

ဒီ ဓါးပြက ဒီနေရာတင်ပဲ သေတော့မှာလားဟ......

အဖိုးကြီး တစ်ယောက်ယောက်များလား.....ဒီလောက် ရောဂါသည်းနေပုံရရင်..

အရိုးပေါ်အရေတင်နေသော ခန္ဓာကိုယ် ၊ ပိန်လှီလွန်းနေသော ခါးနှင့် ထိုအဖိုးကြီးက အဝတ်ပတ်ထားသည့် အရိုးစုကြီးသဖွယ်ပင် ။ သေးလှီပိန်ချုံးလွန်းနေသည်။ တချက်တချက် လှုပ်ရှားလိုက်တိုင်းပင် လက်ကောက်ဝတ်ရှိ အရိုးငေါငေါက ထွက်ထွက်လာကာ ချိနဲ့နေသူမှန်း သိသိသာသာပြသနေလေသည်။ သူ၏ မျက်နှာအား ဖုံးကွယ်ထားသော်လည်း မြင်နေရသော မျက်လုံးများက ပင်ပန်းဆင်းရဲမှုဒဏ်ကို ခံနေရသည့်အရိပ်အယောင်များကို အပြည့်အဝ ပြသနေလေသည်။

အဖိုးကြီးလား ........သေခါနီး ကလေးတစ်ယောက်လား.........

မဖြစ်နိုင်ပေ ။ ကလေးတစ်ယောက်ကတော့ လုံးလုံး မဖြစ်နိုင်သည့် ကိစ္စပင်။

"မင်းက ဘာလုပ်တာလဲ.......... ကြည့်ရတာ ဖြတ်သွားဖြတ်လာလုပ်တဲ့ သူနဲ့လည်း မတူဘူး........"

မျက်နှာအား စည်းထားသည့် လူကမူ ချောင်းသာဆိုးနေလေပြီး ခေါင်းကိုသာ တွင်တွင်ရမ်းနေလေတော့သည်။ ကောင်းမန်းယွန်း၏ မေးခွန်းကို မဖြေနိုင်သေးပေ။

" ချီး...ချီး.....

ဒီလိုနဲ့ ငါကတော့ သေတော့မှာပဲ"

"....."

" အခုက ဘာတွေဖြစ်နေတာလဲ..."

"မင်းက ဘာလဲ.."

"မင်းကို ဘာမှန်းကို မသိဘူးဖြစ်နေတယ်...'

ကောင်းမန်းယွန်း၏ အမေးစကားများကြောင့် ချွန်းမြောင် စိတ်ပေါက်ပေါက်နှင့် ဖြေလေတော့သည်။

" နေ့လည်ကြီးမှာ ဝတ်စုံအမည်းကြီးဝတ်ထားတဲ့ လူတစ်ယောက်က မင်းကို လာပြီးတားနေမယ်ဆိုရင် အဲ့လူက ဘာလို့ မင်းထင်လဲ..."

" ရူးနေတဲ့ လူလို့ ထင်မှာပေါ့.."

"....."

"အာ့ဆို စိတ်ကစဉ့်ကလျားဖြစ်နေတဲ့သူလား...."

" မဟုတ်ရင်....ဓါးပြလား ....ဓါးပြ...."

"ဟာ....တကယ်ကြီး ဓါးပြလား .... ငါဖြင့် ယုံတောင် မယုံနိုင်ဘူး"

ဓါးပြဆိုသော ဂုဏ်ပုဒ်ကြောင့် ကောင်းမန်းယွန်း၏ မျက်နှာမှ အပြုံးများက မရှိတော့ပေ။ ကြွက်ပင်ဖမ်းနိုင်ပုံမရသော သူ၏ရှေ့မှ ဓါးပြကမူ ခပ်တည်တည်ပင် ။ အတည်ပင်ဓါးပြပုံစံဖမ်းနေလေသည်။

ကောင်းမန်းယွန်းသည်လည်း ရွတ်နောက်နောက်ဖြစ်နေရာမှ အတည်ကြီးဖြစ်လာလေသည်။ ပုံပန်းသဏ္ဍာန်တွင် မည်သို့ပင် ဖြစ်နေစေကာမူ ဓါးပြသည်ဓါးပြသာ ဖြစ်လေသည်။ ဓါးကိုကိုင်စွဲထားသည့်လက်တွင် မည်သည့်အားအင်မှ မခံစားရသော်လည်း ဓါးပြသည်ဓါးပြသာဖြစ်လေသည်။ သာမန်လူတစ်ယောက်အနေနှင့်မူ ဤကဲ့သို့သော အဝတ်မျိုးကို ဝတ်ကာ နေ့ခင်းကြောင်တောင်ကြီး သွားလာနေမည် မဟုတ်ပေ။ ရူးနေသည့်သူကသာ ဝတ်ကောင်းဝတ်ပေလိမ့်မည်။

" ဒီမှာ...အဖိုးကြီး..."

ကောင်းမန်းယွန်းက သူ၏လက်ကို ဝှေ့ယမ်းပြကာ ခေါ်လိုက်လေသည်။

"ခင်ဗျားကလည်း ခင်ဗျားရဲ့ စည်းစိမ်တွေကို ဆုံးရှုံးထားတဲ့ပုံပဲ...

ဒီလိုပါပဲ ဘဝဆိုတာက ...မမြင်နိုင်တဲ့ ကံစမ်းမဲလိုပဲ

ဒါပေမယ့် ခင်ဗျားရဲ့အချိန်တွေကို ဒီမှာလာပြီး ဖြုန်းမနေပါနဲ့"

" ဒီသူဌေးကြီးတွေကို ကြည့်လိုက်ပါ...အဟွတ်...အဟွတ်...

မမြင်နိုင်တဲ့ ကံစမ်းမဲက မင်းတို့ဆိုတာ အသေချာပဲ...အဟွတ်...အဟွတ်...အဟွတ်...ငါရဲ့ ဆုမဲကြီးက မင်းတို့ ...အဟွတ်...အဟွတ်…ပဲနေမှာ"

"ခင်ဗျားဘာပြောလိုက်တာလဲ.........နားမလည်ဘူး"

မျက်နှာအား အဝတ်စည်းထားသောထိုလူက စကားပြောတိုင်း ချောင်းဆိုးနေသည်မို့ သူက လေရှည်ချင်ပုံ မရတော့ပေ။ သူ၏ခါးကိုကိုင်းကာ ခဏမျှနားနေလိုက်ပြီး တောင်ဝှေ့သဖွယ်သုံးနေသော သူ၏ဓါးကိုထုတ်ကာ ကောင်းမန်းယွန်းဆီသို့ ရွယ်ထားလိုက်လေသည်။

"ငါက မင်းတို့ပစ္စည်းတွေကို ဓါးပြတိုက်ဖို့ ရောက်လာတာမဟုတ်ဘူးကွ...

ငါ့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ ရောက်လာတာ"

" ဟမ်......ခင်ဗျားဘဲ စောနကပြောတော့ ဓါးပြဆို..."

"အေးလေ....ချောင်းဆိုးနေလို့ ကောင်းကောင်းတောင် မပြောလိုက်ရဘူး"

"ငင့်..."

ကောင်းမန်းယွန်းကမူ ဤရူးကြောင်ကြောင် ဓါးပြကြောင့် မျက်မှောင်ကြုံမိလေတော့သည်။

ဘာတုန်း....ဒီဓါးပြက ဓါးပြမတိုက်ဘူးဆိုတော့ တုတ်တချောင်းနဲ့ တောင်းစားမယ့်သဘောလား...

"ခင်ဗျားဟာ ခင်ဗျား ဘာကြီးဖြစ်ဖြစ်...ကျုပ်တို့ ဘာမှမလုပ်ခင် ထွက်သွားတာကောင်းလိမ့်မယ်နော်..."

" တခုခုလုပ်ချင်လို့လား ...ရမယ်ထင်ရင် စမ်းကြည့်လေ..."

"ခင်ဗျားတကယ်ကြီး ပြောနေတာလား..."

ထိုအချိန်တွင် ကောင်းမန်းယွန်းသည် လေကြီးနေသော အဖိုးကြီးဓါးပြအား ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်လေတော့သည်။ ထိုဓါးပြအဖိုးကြီးကမူ သူ့အား ဓါးနှင့်ပင် အသင့်အနေအထားပြင်ကာ ရွယ်ထားလေသေးသည်။

" မင်းက ခေါင်းတစ်လုံးပိုပါပုံ ရတယ်။ ငါပြောတာကို နားမလည်ဘူးဆိုတော့"

ထိုစကားကြောင့် ကောင်းမန်းယွန်းက ရယ်နေရာမှ တန့်သွားလေသည်။ ကောင်းမန်းယွန်း၏ မျက်နှာက ချက်ချင်းဆိုသလိုပင် တည်သွားလေပြီး လေသံကလည်း ချက်ချင်းပင် ခက်ထန်သွားလေသည်။

"ခင်ဗျား ဟွားဆန်းကမို့လား...."

ထိုမေးခွန်းကြောင့် အခြားကုန်သည်များကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာကြလေသည်။

" ဟွားဆန်းကတဲ့လား..."

" တကယ်ကြီးပဲ ဟွားဆန်းကလား.....ခန်းမသခင်ကောင်း...."

ကောင်းမန်းယွန်း ထိုပူညံပွစိကုန်သည်များကို ပြန်မဖြေအားပေ။ သူ၏ အာရုံက ထိုဓါးပြအဖိုးကြီးထံတွင်သာ ရောက်နေလေသည်။

မျက်နှာဖုံးနှင့် လူကမူ ခေါင်းငြိမ့်ပြလေသည်။

"မင်းက သဘောပေါက်လွယ်သားပဲ..."

"ကျုပ်တို့အထင်ပြောရရင်တော့ ကျုပ်တို့နဲ့ ဟွားဆန်းက ပြီးပြီးပြတ်ပြတ်ဖြစ်ခဲ့ပြီ ထင်တာပဲ......ဟုတ်တယ်မို့လား"

"ဟွားဆန်းနဲ့က ပြီးသွားပေမယ့် ငါနဲ့က မပြီးသေးဘူး ...မင်းတို့နဲ့ စာရင်းရှင်းဖို့ ကျန်သေးတယ်..."

"ဂိုဏ်းချုပ်က ခင်ဗျားကို လွတ်လိုက်တာလား..."

" သူက အဲ့လိုမျိုးလုပ်မယ့်သူပုံပေါက်နေလို့လား..."

"ဟင့်အင်း...မပေါက်ဘူး"

ကောင်းမန်းယွန်းက ဂိုဏ်းချုပ်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းကြီး သိထားလေသည်။ သူ၏ကိုယ်ပိုင်တရားမျှတမှုအတွက် ထိုသို့ လူလွတ်ကာ လုပ်ကြံခိုင်းမည့်သူမဟုတ်သည်က အသေအချာပင်. ။ အကယ်၍ သူတို့အား ထိခိုက်စေချင်ပါက နယ်နှင်ဒဏ်မပေးဘဲ ထောင်ထဲထည့််လျှင်လည်း ရသည်ကိုပင် တမင်ဖြေလျော့ကာ လွတ်ပေးလိုက်သည်မို့ ဤသို့လုပ်ရန် အကြောင်းမရှိပေ။

"ခင်ဗျားက ဟွားဆန်းကလို့လဲ ပြောသေးတယ်...

ဂိုဏ်းခေါင်းဆောင်က လွတ်လိုက်တာ မဟုတ်ဘူးလို့လည်း ပြောတယ်...ခင်ဗျားအဲလိုလုပ်တာ ဂိုဏ်းချုပ်သိသွားမှာ မစိုးရိမ်ဘူးလား...သူ့ကို ဆန့်ကျင်လို့ ရလို့လား..."

"ရတယ်...ဘာမှ မဖြစ်ဘူး...

ဘာလို့လဲဆို‌တော့ ငါကကမ္ဘာပေါ်က ဘယ်သူ့စကားမှ နားမထောင်မယ့်ကလေးမို့လို့ပဲ..."

ကောင်းမန်းယွန်း အံဩသွားလေ၏။

ကလေးတဲ့လား...

ပိန်ပိန်သေးသေးလေးဆိုပေမယ့် လူကြီးတွေလိုဝတ်ပြီး လူကြီးစကားတွေပြောနေတဲ့ ဒီကောင်ကြီးကလေ...

ဂိုဏ်းချုပ်နဲ့ယှဉ်ရင်တောင် သူက ပိုအိုတဲ့ပုံနဲ့ အဖိုးကြီးတွေလိုပဲ ပြောနေတဲ့ ဒီဓါးပြကလေ...

မသိရင် သူကပဲ ဟွားဆန်းရဲ့ အကြီးတကာ့အကြီးဆုံးကြီးလို ပြောနေတဲ့ ဒီကောင်ကြီးကလေ...

သောက်ကလေးတစ်ယောက်တဲ့လား…

ဘယ်ကလေးက သူ့လို့ သောက်ရူးထတာတွေ လုပ်လို့လဲ...

ကောင်းမန်းယွန်း မတွေးတတ်တော့ပေ။ အမှန်တကယ် ကလေးလေပေလား...

ဂိုဏ်းချုပ်ထက်ပင် ကြီးသော ဂိုဏ်းမှ လူအိုကြီးတစ်ယောက်ပေလား...

မည်သို့ ယူဆရမည်မှန်းပင် မသိတော့ချေ။

သူ၏ အမူအရာများက ပိုပိုကာ ရှုပ်ထွေးလာတော့သည်။

" ဟွားဆန်းဂိုဏ်းရဲ့ ဂိုဏ်းသားဟောင်းတွေက အဲ့လောက်သေးသိမ်နုံစုတ်မယ်လို့ ကျုပ်တကယ်မထင်ထားဘူး....."

"နုံစုတ်တယ်...ဟုတ်လား..."

မျက်နှာအား ဖုံးထားသူက နှာမှုတ်ကာ ပြောလေသည်။

" ခင်ဗျားက နုံစုတ်လို့ပဲ ကျုပ်တို့ရဲ့ ကျန်တဲ့ပစ္စည်းလေးကို ဒီလိုလာပြီး ဓါးပြတိုက်နေတာလေ...

ခင်ဗျားရဲ့ ဆရာတူအကိုကြီးတွေသာ ဒါကိုသိလို့ကတော့ ခင်ဗျားကို ဘယ်လိုထင်ကြမလဲ..."

" ဆရာတူအကိုကြီးတွေလား..."

မျက်နှာဖုံးအောက်မှ အပြာရောင်မျက်လုံးများက ကျဉ်းမြောင်းသွားလေသည်။ ချွန်းမြောင် စဉ်စားသွားရလေပြီ။

ဒီကောင်က ဂိုဏ်းတွေရဲ့ သဘောတရားနဲ့ အခေါ်အဝေါ်တွေကို နားလည်နေတယ်...

သာမန်ကုန်သည်အနေနှင့် ထိုသို့သော ဂိုဏ်းများ၏ အခေါ်အဝေါ်နှင့် ဆရာတူအကိုများအပေါ်ထားရသည့် ရိုသေကိုင်းရှိုင်းမှုကို နားလည်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက သိရုံတင်သာမက သူ့အား တားဆီးရန်အတွက် ဆရာတူအကိုကြီးများ၏ အရှိန်ကိုပင် ယူကာ သုံးလိုက်လေသေးသည်။ ကြည့်ရသည်ကတော့ တခုခုတော့ ရှိနေဟန်ရလေပြီဖြစ်သည်။ တချို့သောအရာများသည် မည်မျှပင် ဖုံးကွယ်ထားစေကာမူ တချိန်ချိန်တွင်တော့ သေချာပေါက် ပေါ်ပေါက် လာပေလိမ့်မည်။

အပိုင်း ၃၄(ခ)

ဒီခွေးသားက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား( ၄)

" အဲ့လိုဆိုလည်း ပိုကောင်းတာပဲ"

ချွန်းမြောင် သူ၏ဓါးကို အသင့်ပြန်ပြင်လေသည်။

" ဂိုဏ်းခေါင်းဆောင်က မင်းတို့ကို ဒီလိုလွယ်လွယ်လွတ်ပေးလိုက်တာက သူကပဲ တုံးလို့လား ဒါမှမဟုတ် လောကကြီးအကြောင်းတွေကို ကောင်းကောင်းမသင်ယူရသေးလို့လား တော့ ငါမသိဘူး... ငါကတော့ မင်းတို့ကို အရိုးတစ်ချောင်းချင်းစီ ချိုးပစ်မှာသေချာတယ်.... ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့် မင်းတို့ကို ငါသက်ညှာပေးလိုက်မယ်...လှည်းတွေကို ထားခဲ့ပြီးတော့ ဒီနေရာကသွားကြတော့ ...ဒါဆိုရင် မင်းတို့ကို အန္တာရယ်မပြုဘဲ လွတ်ပေးလိုက်မယ်..."

"ဟားးးဟားးးဟားးး

ခင်ဗျားက ဟာသပြောတတ်တာပဲ..........."

ကောင်းမန်းယွန်းက အရယ်ပင်မရပ်နိုင်တော့ချေ။

"အဖိုးကြီး ...ကျုပ်က ခင်ဗျားကို မယှဉ်ရဲလို့ ပစ္စည်းတွေကို ထားခဲ့ပြီးတော့ သွားမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား..."

"အေးလေ..."

ကောင်းမန်းယွန်း ခပ်တည်တည်ပင် ပြန်ပြောနေသော အဖိုးကြီးကြောင့် ကြောင်ပင်ကြောင်အသွားလေသည်။

အဖိုးကြီးကတော့ တကယ်ထူးဆန်းလေသည်။ လူပုံကသာ ရှုနာရှိုက်ကုန်းဖြစ်နေသော်လည်း လေကမူ မလျော့ချေ ။ အမှန်ပင် တော်လေသည်လား ။ လေပင် သက်သက်ကြီးနေသည်လားတော့ မသိချေ။ အဖိုးကြီးစကားတစ်ကြိမ်ပြောလေတိုင်း သူတစ်ခါအံဩရသည်ကတော့ အမှန်ပင် ဖြစ်လေသည်။

"ကောင်းပြီလေ.....ခင်ဗျားက ကိုယ့်ဒုက္ခကိုယ်ရှာလိုက်တာပဲ...

..ကျုပ် အလျော့ပေးနေတယ်ဆိုတာက ခင်ဗျားကို မထိခိုက်စေချင်လို့ပဲ...တားမရမှတော့လည်း ကြည့်ရတာပေါ့...

ဝတ်စုံမည်းဝတ်ရုံနဲ့တင် သူ့ကိုယ်သူဟုတ်လှပြီထင်နေတဲ့ လူတစ်ယောက်ကို ကျုပ်ဘယ်လို ပညာပေးတတ်လဲဆိုတာ ခင်ဗျားမြင်လာရမှာပါ........"

" ဟားးဟားးးအပြောကတော့ ....အဟွတ်..........အဟွတ်...

လေကလည်း ကြီးပါ့ကွာ.......အဟွတ်......အဟွတ်.............အမလေး....ငါတော့ သေတော့မှာပဲ..."

ဓါးပြဟုဆိုသည်က ဓါးကိုပင် ပြန်ချကာ ချောင်းတဟွတ်ဟွတ်ဆိုးနေသည်မို့ ကောင်းမန်းယွန်း အနည်းငယ်ပင် သနားလာလေသည်။ အခြေအနေပေးလျှင် ကူပင်ကူညီလိုက်ချင်သေး၏။ ချောင်းကလည်း ဆိုးရလွန်း၍ မျက်ရည်များပင် ထွက်လာလေပြီး ခါးပိန်ပိန် ဗိုက်ချပ်ချပ်လေးကလည်း ဖောင်းလိုက်ပိန်လိုက်နှင့် အသည်းအထန် လှုပ်ရှားနေလေသည်။

" အဖိုးကြီး...ခင်ဗျားသာ နောက်ကြောင်းပြန်လှည့်ရင် အခုချိန်မှီသေးတယ်နော်...

ခင်ဗျားကို ကျူပ်တို့ အန္တာရယ်မပြုချင်ဘူး...ခင်ဗျားကို ကြည့်ရတာလည်း အသက်တောင် အလောရှင်နေရတဲ့ပုံနဲ့...

အဲ့တော့ အရမ်းကြီးလောဘကြီးမနေဘဲ လာလမ်းအတိုင်းသာ ပြန်လှည့်လိုက်တော့...

အခုတောင် ခင်ဗျားက သေလုနီးပါး ဖြစ်နေပြီ..."

ချွန်းမြောင်ကမူ သူ့အခြေအနေ သူသိလေသည်။ မည်သို့ပင် စိတ်ဆောင်ထားစေကာမူ လက်ရှိသူ၏ ခန္ဓာကိုယ်က ကလေးတစ်ယောက်ပေမို့ ကိုယ်တွင်းက သန့်စင်လွန်းသောချီစွမ်းအင်များကို အလွန်အကြူး လက်မခံနိုင်သေးပေ။ ထို့ပြင် မကြာသေးခင်က ရခဲ့သော ဒဏ်ရာများကလည်း မသက်သာသေးသည်မို့ ဝေဒနာကို အတော်လေးပင် ခံနေရလေသည်။ ခန္ဓာကိုယ်အား ကောင်းမွန်စွာ အနားပေးကာ သုံးလခန့်သက်သက်သာသာ နေရန်လိုအပ်သည်ကို သိသော်လည်း ဤခွေးသားများကို အလွတ်မပေးနိုင်၍ ယခုကဲ့သို့ ဒုက္ခခံကာ လမ်းပေါ်ထွက်လာရခြင်း ဖြစ်လေသည်။ သူ၏အသွင်သဏ္ဍာန်ကြောင့် သူ့အား ဤလူများက အဖိုးကြီးဟုပင် ထင်နေလိုက်လေသေးသည်။ ကောင်းပေစွ...

" ငါကတော့ ဘာမှ ပြောစရာမရှိဘူး ...ထားခဲ့ဆို ထားခဲ့ပဲ.."

ချွန်းမြောင်သည် သူ၏ဓါးကို တဖန်ပြင်လိုက်ပြန်လေသည်။

" ကောင်းကောင်းလေး ဆုံးမခံချင်တဲ့ သူတွေက ဒီနေရာမှာပဲ ဆက်နေကြ ...

ကိုယ့်အသက်ကို တန်ဖိုးထားတဲ့လူတွေက လက်ဗလာနဲ့ထွက်သွားကြ.....

နောက်ထပ်ကျန်နေခဲ့တဲ့သူတွေကို ပါးစပ်နဲ့ မပြောတော့ဘူး...လက်နဲ့ပဲ ပြောမယ်.....

ငါ့ရဲ့ စိတ်ရှည်ပေးတာက ဒီလောက်အကုန်ပဲ...ငါ့ ဒေါသကို စမ်းကြည့်ချင်နေတာဆိုရင်တော့ မင်းတို့သဘောပဲ..."

" ခင်ဗျားလည်း လေကတော့ အတော်ကြီး...

ဒါ နောက်ဆုံးသတိပေးခြင်းပဲ...ပြီးမှတော့ ကျုပ်အဆိုးမဆိုနဲ့..."

ကောင်းမန်းယွန်းသည်လည်း ဖြောင့်ဖြမနေတော့ပေ။ တောင်းဆိုသည့်အတိုင်းသာ ရင်ဆိုင်ကြသည်ပေါ့။ သူသည်ကတော့ ဤဓါးပြအဖိုးကြီးအား ညှာတာရန် စိတ်ကူးမရှိတော့ပေ။ ကောင်းမန်းယွန်းသည် သူနောက်ရှိကုန်သည်များအား လှည့်ကာ ပြောလိုက်လေတော့သည်။

" မင်းတို့ လွတ်ရာမှာ သွားပုန်းနေကြ..."

ကောင်းမန်းယွန်းသည် တိုက်ပွဲခေါ်သံကို တုန့်ပြန်လိုက်ပြီဖြစ်သည်။ သူသည် ဤသို့သောအဖိုးကြီးတစ်ယောက်အား ကြောက်ရွံနေရန် အကြောင်းမရှိပေ။ သူထံတွင် လျှို့ဝှက်သက်တော်စောင့် အဖွဲ့ရှိလေပြီး ထိုသူများက အလွန်ပင် သိုင်းပညာတွင် ထူးချွန်ကြသူများ ဖြစ်လေသည်။ သူတို့၏ ဖြစ်တည်မှုအား သာမန်လူများအနေနှင့် မသိနိုင်ကြပေ။

"ထွက်လာခဲ့ကြစမ်း..."

ကောင်းမန်းယွန်း၏ စကားဆုံးသည်နှင့် စစ်သည်များက မြက်ပြင်များဖုံးကွယ်ထားသော မြေကြီးများထဲမှ ထွက်လာကြလေသည်။

" ဟာ..."

" ဒီလူတွေက ဘယ်အချိန်ကတည်းက ရှိနေတာလဲ..."

ကုန်သည်များကမူ တစ်နေရာထဲတွင် စုနေကြပြီး သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံတုန်လှုပ်မှုများကလည်း အထင်းသားပင်။ ကြောက်လည်းကြောက်သင့်ပါပေသည်။ သူတို့၏နောက်သို့ တလျောက်လုံးထိုသူများ လိုက်ပါလာသည်ကို သူတို့လုံးလုံးပင် သတိမထားမိကြချေ။

" နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးမယ်။ ခင်ဗျား သွားတော့ ..."

ကောင်းမန်းယွန်းက ဤရှုနာရှိုက်ကုန်း အဖိုးကြီးအား မရက်စက်ချင်ပေ။ ထို့ကြောင့် ထွက်ပြေးနိုင်ရန် အခွင့်အရေးပေးနေခြင်းပင်။ သို့သော် ဓါးပြအဖိုးကြီးကမူ အန္တာရယ်အား မြင်ပုံမရပေ။ မထွက်သွားဘဲ ရပ်သာနေလေသည်။

ထိုစဉ်မှာပင် ကောင်းမန်းယွန်း၏ ပုခုံးထက်၌ ဓါးသံတစ်သံကထွက်လာလေသည်။

ဝှစ်...

ခုန်ဝင်သွားကြသော စစ်သည်များသည် ချက်ချင်းဆိုသလိုပင် ချေမွခံလိုက်ရလေသည်။ ထိုမြင်ကွင်းအား မြင်လိုက်ရသော ကောင်းမန်းယွန်းကမူ ဒူးများပင်တုန်လာလေသည်။

"စကားမစပ်....."

ဖြန်းးး

"ဒီခေတ်ကလေးတွေက...."

ဒုန်...

"တအား အပြောကြီးပဲ..."

ဘန်းး

"ငါ့တုန်းကဆို အဲ့လိုမဟုတ်ဘူး..."

အုန်းးး

ကောင်းမန်းယွန်း၏ သက်တော်စောင့်ငါးယောက်ကမူ လက်ပင်မလှုပ်လိုက်ရ ၊ အလဲသိပ်ခံလိုက်ရလေတော့သည်။ ကောင်းမန်းယွန်းသည် သူ၏ အလဲထိုးခံလိုက်ရသော သက်တော်စောင့်များကိုကြည့်ကာ နားမလည်နိုင်တော့ပေ။ ဤသည်က ဓါးပြအိုလေးတစ်ယောက်ပင်ဖြစ်လေသည်။ ဤသည်ကိုပင် မယှဉ်နိုင်ကြလေသလားပင်။

"ကဲ....."

ချွန်းမြောင်သည် သူ၏ဓါးကို ပြန်သိမ်းလိုက်ပြီး ဓါးကို ပုခုံးပေါ်သို့တင်ကာ ကောင်းမန်းယွန်းကို ကြည့်လိုက်လေ၏။

ကောင်းမန်းယွန်း၏ အမြင်အရဆိုလျှင် ဤဓါးပြက အားနည်းကာ ချူချာလွန်းသည်က အသိသာကြီးပင် ။ သို့သော်လည်း သူ၏ အားကောင်းမောင်းသန် သက်တော်စောင့်များအားလုံးကို တစ်ယောက်ထဲ အနိုင်ယူလိုက်သည်က မယုံကြည်နိုင်လောက်အောင်ပင်။ ထို့ပြင် ဓါးပြသည် ချူချာနေသော သူ၏လှုပ်ရှားများက ရှင်းလင်းကာ အလဲသိပ်နိုင်သည့် အားအင်များလည်း ပြည့်ဝနေလေသည်။ ကောင်းမန်းယွန်းသည် မြေပြင်ပေါ်တွင် အလူးအလဲဖြစ်နေသော သူ့လူများကိုသာ သနားသဖြင့် ကြည့်လိုက်မိတော့လေတော့သည်။

" ကလေး"

ချွန်းမြောင် ပြုံးကာ ဆက်ပြောလေသည်။

" မင်းကြည့်ရတာတော့ သိပုံမရဘူး။ အရင်တုန်းက ငါ့ကို အာခံတဲ့သူတွေဆို သူတို့ရဲ့ ခြေလက်တွေကို ဘယ်သောအခါမှ အကောင်းတိုင်း ပြန်ရရိုးထုံစံမရှိဘူး။ နောက်ဆို မင်းတို့အကြီးအကဲတွေ ပြောတာကို လိမ်လိမ်မာမာနားထောင်သင့်တယ်။ တချို့ တိုင်းရင်းဆေးတွေနဲ့တော့ မင်းတို့ ကုရင်ကုလို့ရမှာပါ"

ချွန်းမြောင်က ဓါးကို ပုခုံးပေါ်သို့တင်ကာ လေလေးချွန်ရင်း ကောင်းမန်းယွန်း၏ နားသို့လျောက်လာလေသည်။ ချွန်းမြောင် ကပ်လာသည်ကို မြင်သောသက်တော်စောင့်များကမူ နောက်သို့ တဖြည်းဖြည်းဆုတ်သွားလေသည်။ အရှိန်အဝါကိုက ကြောက်စရာကောင်းနေလေ၏။

"ပြန်လာကြစမ်း......သုံးစားမရတဲ့ အမှိုက်တွေ"

ကောင်းမန်းယွန်းသည် သက်တော်စောင့်များကို အော်လိုက်ရင်း အံကိုတင်းတင်းကြိတ်ထားလေသည်။

သူလန့်လည်း လန့် ၊ ကြောက်လည်းကြောက် ဖြစ်နေလေသည်။

ဟွားဆန်းတွင် ဤသို့သော ဖုံးကွယ်ထားသည့် သိုင်းပညာရှင်တွေ ရှိနေသေးမှန်း သူတကယ်ပင် မသိခဲ့ချေ။

သူထင်ထားခဲ့သည်က ဟွားဆန်းသည် သက်တမ်းလွန်နေသော ကျားနာကြီးတစ်ကောင်ဖြစ်လေပြီး မာန်စွယ်ကျိုးနေပြီဟူ၍ ဖြစ်လေသည်။ သို့သော်လည်း ကျားကကျားပင်ဖြစ်သည်။ မာန်စွယ်ကျိုးသော်လည်း ကျားတစ်ကောင်၏ မာန်နှင့် အရှိန်အဝါက ရှိနေလေသေးသည်ကို ထိုလူကိုတွေ့မှသာ ကောင်းမန်းယွန်း သိလေတော့သည်။

"ခင်ဗျားက ဘာလို့ အခုချိန်မှ ဘာလို့ပေါ်လာတာလဲ......

ခင်ဗျားသာ စောစောစီးစီးပေါ်လာခဲ့ရင် ဟွားဆန်းက ဒီလိုအခြေအနေမျိုးတွေ ကြုံရမှာမဟုတ်ဘူး ..."

ချွန်းမြောင်က ထိုစကားအား ပြန်ပြောရန်ပြင်လိုက်သော်လည်း ကောင်းမန်းယွန်းက အပြောမခံဘဲသူသာ ဆက်ပြောလေသည်။

" ဒါပေမယ့် ခင်ဗျားက အချိန်မှားပြီး ရောက်လာတာပဲ...

ကျုပ် က ဟွားဆန်းအပေါ်မှာ ကောင်းခဲ့ပေမယ့် ဒီလိုအခြေအနေမျိုးနဲ့ပဲ အဆုံးသတ်ရတယ်...

တကယ်လို့သာ ခင်ဗျားသာ ကျုပ်လက်ထဲမှာ သေသွားခဲ့ရင် ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်ကြီး ခဏလောက်တော့ ပူဆွေးနေရမှာပဲ....ဆိုတော့ ခင်ဗျား သေဖို့သာ ပြင်ပေတော့...."

ကောင်းမန်းယွန်းက သူ၏စွမ်းအင်များကို ရုတ်တရက်တိုးမြှင်လိုက်လေသည်။

အနီးအနားရှိ မြက်ပြင်များက ပြင်းထန်သောလေလှိုင်းကြောင့် ယိမ်းနွဲ့ကုန်ကြပြီး စွမ်းအင်များအားလုံးက စုပ်ယူခံလိုက်ရလေသည်။ ကောင်းမန်းယွန်း၏ အင်အားကလည်း သာမန်ကုန်သည်တစ်ယောက်၏ အင်အားမျိုးမဟုတ်တော့ချေ။ ပြောင်းလဲသွားချေပြီ။

" မင်းက တစ်ခုခုပဲဆိုတာ ငါအစောကြီးထဲက ကြိုသိသားပဲ"

ချွန်းမြောင်၏ မျက်လုံးများကမူ အရောင်များပင် တောက်နေလေသည်။ စပ်စုလိုစိတ်ကြောင့် ဖြစ်ပေလိမ့်မည်။

" သိပ်တော့ မစိုးရိမ်ပါနဲ့... အလွန်ဆုံးဖြစ်မှ သေတာလောက်ပါပဲ..."

ချွန်းမြောင်က ကောင်းမန်းယွန်းဆီသို့ လျောက်လာလေပြီး ကောင်းမန်းယွန်းကလည်း ချွန်းမြောင်ဆီသို့ အပြေးဝင်လာလေသည်။

အပိုင်း ၃၅(က)

ဒီခွေးသားက တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား.....(၅)

အသည်းအသန်တိုက်ခိုက်ကြတော့မည့် ထိုလူနှစ်ဦးအား တားဆီးမည့်လူများက ရှိမနေပေ။ ကောင်းမန်းယွန်းသည် ကုန်သည်တပိုင်း သိုင်းသမားဖြစ်သော်လည်း သူ၏ သိုင်းပညာက အလွန်အမင်းကောင်းမွန် ခိုင်မာနေသည် မဟုတ်သော်လည်း သိုင်းပညာရှင်များသည် မိမိ၏ ရန်သူကို အထင်သေးရန် မသင့်ပေ။

သို့သော်လည်း ကောင်းမန်းယွန်းအနေနှင့် ဓါးပြက သူ၏သက်တော်စောင့်များကို တချက်တည်းနှင့်ခြေမွလိုက်သည်ကို မြင်ရသောအခါ သူသတိကြီးကြီးထားကာ ထိုဓါးပြအား ရှင်းပစ်တိုက်ထုတ်ရန်မှ တခြားသောလုပ်စရာ မရှိတော့ပေ။ အကောင်းဆုံးတိုက်ခိုက်ခြင်းကသာလျှင် သူ၏အသက်ကိုလည်း ကယ်တင်ရာ ရောက်ပေလိမ့်မည်။ သို့ရာတွင်မူ ဤဓါးပြက ထူးဆန်းလွန်းနေသည်ဟု သူထင်၏။

ကျားးး

ကောင်းမန်းယွန်းက လက်သီးတွင် အားအပြည့်သုံးကာ ထိုးချလိုက်လေသည်။ လက်အား အားယူကာ မထုတ်ရသေးခင်မှာပင် ရိုက်ချခံလိုက်ရပြီး သိုင်းကွက်ဖျက်ခံလိုက်ရလေသည်။ သူက သိုင်းကွက်ပြောင်းကာ တိုက်လိုက်သည့်အချိန်တိုင်းတွင် ဓါးပြကောင်က လိုက်ကာ ကာပြီး သိုင်းကွက်တိုင်းက ဖျက်ခံနေရလေသည်။ သို့သော်လည်း ထိုဓါးပြက တချက်လေးပင် သူ့အား မတိုက်ခိုက်သေးပေ။ ဟိုဘက်ရှောင် ၊ ဒီဘက်ခုန်နှင့် သူ၏ တိုက်ခိုက်မှုများကို ရှောင်ရုံလေးသာ ရှောင်နေလေသည်။ ကြောင်က ကြွက်အား ကစားနေသည့်အလားပင်။

ယားးး

ကောင်းမန်းယွန်းက သူ၏ အင်အားများကို တဖန်ပြန်စုလိုက်လေသည်။

" ခွေးသားးး........သေပေတော့........"

ကောင်းမန်းယွန်းက ရေကူးခြေလှမ်းသိုင်းကို သုံးကာ ဓါးပြဆီသို့ ဦးတည်လိုက်ပြီး အားကုန်ထိုးကြလိုက်လေသည်။ ဓါးပြကမူ ဝေးဝေးပင် မရှောင်ဘဲ ကိုယ်ကိုယ်သာ ဘေးဘက်သို့ ခပ်ရို့ရို့လေး ရှောင်လိုက်လေသည်။ အားပြင်းလွန်းသည့် အရှိန်ကြောင့် ဓါးပြ၏ အင်္ကျီများပင် လှုပ်ကာလွင့်သွားသော်လည်း လူကိုကမူ ထိပင်မထိချေ။

"မင်းက တော်တော်နှေးတာပဲ"

ဟတ်..

ကောင်းမန်းယွန်း အသံကြောင့်လှည့်ကြည့်ရုံရှိသေးသည် သူ၏ မေးရိုးတဖက်က ပူထူသွားပြီး နောက်သို့လှန်သွားလေသည်။

ချီး......ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ...

ကျားးး

ကောင်းမန်းယွန်းသည် ဒန်တျန်များမှ စွမ်းအင်များကို တဖန်ပြန်လည်ကာ စုဆောင်းလိုက်ပြီး လက်သီးတွင်စုကာ လက်သီးအား စွမ်းအားမြင့်လက်နက်သဖွယ် ပြင်ဆင်ထားလိုက်လေသည်။ ထို့နောက်တွင်မူ အရိပ်လေးမြင်နေရသည့် နေရာများကိုပင်မချန် မဲမဲမြင်ရာ တိုက်ခိုက်လေတော့သည်။ သို့သော်...

မည်သို့သော စွမ်းအင်နှင့် သိုင်းပညာရှင်မျိုးမို့ သူ၏ သိုင်းကွက်တိုင်းကို ကာဆီးပိတ်ပင်ထားနိုင်သည် မသိပေ။ သူသည်သာလျှင် အားကုန်လူပန်းဖြစ်လာသည်။ ကိုရွှေဓါးပြက တချက်ပင် မထိသေး။ မဖြစ်တော့ချေ။ အစွမ်းကုန်ကြိုးစားကာ သူလုံးပန်းရပေတော့မည်။

ဖောင်းးး

တစ်စုံတစ်ရာ ပေါက်ကွဲထွက်လာသော အသံသည် ကောင်းမန်းယွန်းထံမှ ထွက်လာခြင်းဖြစ်လေသည်။ မျက်စိရှေ့တွင် ရှိနေသော ဓါးပြအား အပြတ်ရှင်းနိုင်ရန်အတွက် အင်အားများကို တိုးမြှင့်နေရခြင်းသည် သူ့အား သတ်နေသလိုပင်။ ကြွက်သားများကလည်း ပြတ်ထွက်တော့မလားပင် ထင်ရလောက်သည်အထိ ဆန့်ထွက်လာလေသည်။ ကြွက်သားများက ထပ်ကာထပ်ကာ ဆန့်ထွက်နေပြီး အင်အားများက ပိုပိုကာ တိုးလာလေတော့သည်။

ကောင်းမန်းယွန်း၏ ခွန်အားများသည် အဆမတန်ပင် တိုးလာသောကြောင့် စွမ်းအားအပြည့်ကန်ချက်တစ်ချက်နှင့်ပင် ဤဓါးပြအား ပွဲသိမ်းမည်ဟု သူ ဆုံးဖြတ်လိုက်လေသည်။ ဓါးပြကြည့်ရသည်က သူ့ကန်ချက်အား ရှောင်ရှားမည့်ပုံလည်း မပေါ်ပေ။ ထို့ကြောင့် သူ နောက်ခြေတလှမ်းဆုတ်ကာ အားအပြည့်နှင့် ပြေးဝင်သွားလေတော့သည်။ ညစ်ချေးသော ဓါးပြသည် သူ့ကန်ချက်အား မရှောင်မလိုလိုနှင့် ယိမ်းတိမ်းတိမ်းလေး ရှောင်လိုက်သောကြောင့် ကန်ချက်က မထိဘဲ လွဲသွားလေသည်။

သောက်ပလုတ်တုတ်.......

ဒီဓါးပြက ဘာကောင်တုန်းဟ

ကောင်းမန်းယွန်း စိတ်အေးအေးမထားနိုင်တော့ပေ။

သူ၏ အလျင်သည် ပြောဖွယ်ရာ မရှိ၊ သူ၏ အင်အားသည် အပြစ်ဆိုဖွယ် မရှိ၊ ဓါးပြအား တိုက်နိုင်လားဆိုလျှင် ထိပင်မထိ ။ ကောင်းလွန်းလှပေသည်......စိတ်ပျက်ဖို့ ပင်........။

ဓါးပြသည်က မြန်လည်းမမြန် ၊သန်လည်း မသန်ဘဲနှင့် သူ့အား လူဆယ်ယောက်လောက်နှင့်ပင် တိုက်ခိုက်နေရသည်ဟု ထင်လာစေသည်။ ဒါကို မည်သို့သောအခြေအနေဟု ပြောရမည်မှန်းပင် မသိတော့ချေ။ သူသည်သာလျှင် ခြေကုန်လက်ပန်းကျကာ ပြိုင်းလာသော်လည်း ဓါးပြကမူ အေးအေးလူလူပင် ရှိနေလေသေးသည်။ သူ၏ တတ်သိသမျှသော သိုင်းကွက်များ ၊ စွမ်းအားများကို အလုံးစုံသုံးထားသည်ကိုပင် ထိုဓါးပြက မဖြုံခြင်းဖြစ်လေ၏။

သူတို့နှစ်ယောက်အဖြစ်က စိန်လိုက်ပြေးတမ်း ကစားနေကြသည့်အလားပင်. ။ သူက လိုက်လျှင် ဓါးပြက ကပ်သီးလေး ပြေးသည်။ မိလည်းမမိ ၊ ထိလည်း မထိပေ။ ဤသို့နှင့် သူသည်သာ ဖတ်ဖတ်မောလာလေတော့သည်။

ဓါးပြအား ရှုပါလေ။

အားအင်စိုက်ထုတ်ထားခြင်း မရှိပါဘဲ အပြည့်အဝ တိုက်ခိုက်နိုင်နေလေသည်။ ဤသည်က သိုင်းပညာရှင်တိုင်း၏ အိမ်မက်ပင် ဖြစ်လေသည်။ လူလေလား ၊ မှင်စာလေလားပင်။ ကောင်းမန်းယွန်း တိုက်ခိုက်လိုက်သည့်အချိန်တိုင်းတွင် လေကိုသာ ထိပြီး လူကို မထိသည်မို့ ဝိဉာဉ်ပင်လေလားဟု ထင်မိလာလေသည်။ သေချာပါသည်။ ဤဓါးပြသည် မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။

အံဩစရာကောင်းသည်တစ်ခုက ကောင်းမန်းယွန်း၏ သိုင်းကွက်တိုင်းကို သိနေပြီး ကြိုတင်ကာလည်း ရှောင်ရှားနိုင်လေသည်။ ဤသည်ကတော့ အမှန်ပင် အံ့အားသင့်ဖွယ်ရာပင် ။ သူ၏ စိတ်အကြံများအား ကြိုတင်ကာ သိနေသည့်အလားပင်။

အဆုံးသတ်တွင်မူ ကောင်းမန်းယွန်းသည် ဤဓါးပြ၏ စွမ်းအားနှင့်သိုင်းပညာကို မခန့်မှန်းနိုင်တော့ပေ။ အမှန်ပင် အင်အားကြီးလွန်းလှပေသည်။ အစကတည်းက ပုံမှန်မဟုတ်သည်ကို သူသတိမထားမိခဲ့ခြင်းဖြစ်လေသည်။ မှားချေပြီ ။ ထို့အပြင် ဟွားဆန်းတွင် ထိုကဲ့သို့သော အင်အားကြီးသူတစ်ယောက် ရှိနေသည်မှန်းသာ သူကြိုသိခဲ့လျှင် ဤသို့သော လုပ်ရပ်များကိုလည်း သူလုပ်ခဲ့မည် မဟုတ်ပေ။ ယခုမူ လွန်ခဲ့ချေပြီ။

"ဟတ်ချိုးးး"

ဓါးပြသည် သူတိုက်ခိုက်နေသည်များကို ရှောင်ရှားရင်းမှပင် ခါးကိုကိုင်း ကိုယ်ကိုညွှတ်ကာ ရင်ဘက်ကိုဖိရင်း နှာထချေလေသည်။

" အမလေး...ဒီချီးခန္ဓာကိုယ်နဲ့တော့...

ခါးနာလိုက်တာ ...အမလေး..အမလေး...ခါးနာလိုက်တာ"

"......."

ဓါးပြက သူ့ခါးအားကိုင်ကာ အတော်ပင်ညည်းညူနေလေသည်။ ဤမြင်ကွင်းက အတော်ပင် ကကျိုးကကြောင်နိုင်သည်ဟုတော့ ပြော၍ရလေသည်။ သူအသေတိုက်ခိုက်နေစဉ်က တုတ်တုတ်မျှပင် မလှုပ်ခဲ့သော ဓါးပြသည် ယခုတွင်မူ နှာချေရုံနှင့်ပင် အသက်ထွက်မတတ်ဖြစ်နေလေသည်။ ဒါက ဖြစ်ရောဖြစ်သင့်ရဲ့လား။

ကောင်းမန်းယွန်း သူ၏ရှေ့တွင်ဖြစ်နေသောအရာများကို သူမျက်လုံးနှင့်ပင် မယုံနိုင်တော့ချေ။ စွမ်းအားကြီးမြတ်သော မဟာဓါးပြကြီးသည် နှာချေရလွန်း၍ မျက်နှာတွင်စည်းထားသော အဝတ်ပင် ပါးစပ်နေရာတွင် စိုနေလေ၏။ ကျောပြင်တွင် ချွေးများက စိုရွဲနေပြီး အဝတ်တစ်စုံလုံးကလည်း ရေညှစ်ချလို့ရအောင်ထိပင် ချွေးများစိုနစ်နေလေသည်။ သေလုမျောပါး ရုန်းကန်နေရပြီး နှာချေချောင်းဆိုးရင်းပင် အသက်ထွက်သွားတော့မလား ထင်ရလေသည်။

အပိုင်း ၃၅(ခ)

ဒီခွေးသားကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကမို့လား( ၅)

ထို ဓါးပြသည် ဒီတောင်ကိုပင် ကျော်နိုင်ပါလေတော့မလား။ ယခုပင် အသက်ထွက်တော့မလားပင် ထင်ရအောင်ပင် ဟောဟဲဆိုက်ကာ မောနေလေပြီဖြစ်လေသည်။

"ကျွတ်........ကျွတ်............"

ဓါးပြက သူ၏ကျောကိုဆန့်ကာ ညည်းညူလေတော့၏။

"အား...မင်းနဲ့ ဆက်ပြီး ကစားချင်သေးပေမယ့် ငါက မရတော့ဘူး.......... တော်တော်အားနည်းနေပြီ......... ကျွတ်...ကျွတ် ...ဒီခန္ဓာကိုယ်နဲ့တော့"

ဓါးပြ၏ ထိုစကားကြောင့် ကောင်းမန်းယွန်း၏ မျက်နှာကြီးက နီရဲလာလေသည်။ သူကမူ အတည်ကြီးပင် စွမ်းအားများပင်ထုတ်ကာ တိုက်ခိုက်နေသည်ကို ဤဓါးပြက အပျင်းပြေကစားနေရုံအဆင့်သာ ရှိသေးလေသည်လား။ ဒီလောက်တိုက်ခိုက်နေသည်ကိုပင် ဆံချည်တစ်မျှင်တောင် မထိခိုက်သေး၍ပဲ အပြောကြီးနေသည်လား။ မည်သို့ပင်ဆိုစေကာမူ ဤသို့ပြောသည်ကြီးက သူ့အား စော်ကားရာကြပေသည်။ အနည်းဆုံးတော့ အရှက်မကွဲအောင် ပြောပေးလည်း ဖြစ်နေသည့်ကိစ္စကိုပင် သက်သက်ကြီး အရှက်ရအောင် ပြောနေလေသည်။ ဤဓါးပြအား ပညာကောင်းကောင်းပေးကာ ဟွားဆန်းအား ခေါ်သွားမည်ဟုပင် တွေးထားသည်ကို သိ၍ တမင်ပြောနေလားပင် ထင်ရလေသည်။

" ခင်ဗျားဘာလို့ ဒီလောက်တော်နေတာကို ဘာလို့ခုမှရှေ့ထွက်လာတာလဲ...."

" မင်းမသိလည်း ရတဲ့ကိစ္စပဲ .......ငါ့ကို လာပြီးမစပ်စုနဲ့"

ချွန်းမြောင်က ဓါးကို လှည့်ကာ သိမ်းလိုက်လေသည်။

" ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်ဘဝကို ရှင်သန်နေတဲ့သူက ဘာလို့ မင်းမေးခွန်းတွေကို အကုန်လိုက်ဖြေနေရမှာလဲ"

"......."

" ငါကပဲ မေးခွန်းတွေ မေးမယ့်သူပဲ.......မင်းမှာ မေးလို့ရမယ့် အခွင့်အရေး မရှိဘူး....

မင်းလို သာမန်ကုန်သည်တစ်ယောက်က သိုင်းပညာဒီလောက်ကောင်းနေတာ သာမန်လို့ ငါမထင်ဘူး....

ဘာကိစ္စ ၊ ဘာတာဝန်ရှိလို့ ဟွားကျေးရွာမှာ ကုန်သည်တစ်ယောက်လို လာနေတာလဲ ငါ့ကိုပြောစမ်း...."

"သိုင်းတတ်တဲ့သူ ကုန်သည်မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းရှိလို့လား...."

"အကျိုးအမြတ်အတွက်နဲ့ ကုန်သည်ယောင်ဆောင်တဲ့သိုင်းသမားနဲ့ သိုင်းပညာတတ်တဲ့ ကုန်သည်က မတူဘူးလေ.....ညီလေး...

မင်းလို သိုင်းပညာအဆင့်နဲ့ဆို မင်းက ဂိုဏ်းတစ်ခုခုမှာ အနာဂတ်ကောင်းကောင်း ရနိုင်တဲ့ကောင်ပဲလေ......

မင်း ငါပြောချင်တာကို နားလည်တယ်မို့လား......"

ချွန်းမြောင် လေပေါရလွန်း၍ အာပင်ခြောက်လာ၏။

"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲဆိုတာ အမှန်တိုင်းပြောစမ်း"

" ဟ ......ဘာတွေ ထပ်ပြောခိုင်းနေတာလဲ......

ပြောပြီးပြီလေ....သိုင်းတတ်တဲ့ ကုန်သည် ....ဒီတိုင်းရိုးရိုးကုန်သည်ပါပဲဆို"

ချွန်းမြောင် ကောင်းမန်းယွန်းအား စူးစိုက်ကာကြည့်လိုက်လေသည်။

"ငါသိပြီ....ငါသိပြီ......

မင်းက ပါးစပ်နဲ့ ရိုးရိုးမေးလို့ မရဘူးပဲ........ရိုက်ရမှာ ပင်ပန်းလို့ ကောင်းကောင်းမွန်မွန်မေးနေတာကို မင်းက အထင်မှားနေတဲ့ပုံပဲ......ဒါက မင်းရဲ့ ကိစ္စဆိုတော့ မင်းက မပြောပြချင်ဘူး ဖြစ်နေတာပေါ့....ဟုတ်တယ်မို့လား...."

"အင်....ဟုတ်တယ်...."

"ငါလည်း အဲ့လိုတော့ ထင်သားပဲ...အဲ့တာဆိုတော့လည်း မင်းက ဘယ်ပြောလို့ဖြစ်ပါ့မလဲ ...ငါကလည်း စောနက ပြောသလိုပဲ... ငါ့စကားနဲ့ပြောမရတဲ့သူတွေဆို ခြေကျိုးလက်ကျိုးဖြစ်အောင် ဆုံးမတတ်တာ ဆိုတော့ ဘယ်လိုလုပ်ကြမလဲ...မင်းတော့ သေအောင်ရိုက်ပြီး ဆုံးမခံရတော့မယ်..."

ချွန်းမြောင်က နှာခေါင်းကို ကုတ်ကာ ပြောလေသည်။

" ပြဿနာက ရှိနေပြီဆိုတော့လည်း ရှင်းရတော့မှာပေါ့...ဒီလိုအခြေအနေမှာ ငါဘာလုပ်မယ်လို့ မင်းထင်လဲ... "

"ကျုပ်ဘယ်လိုလုပ်သိမှာလဲ..."

"ငါတို့ သဘောတူညီချက်တစ်ခုလုပ်ရအောင်"

ချွန်းမြောင်၏ စကားကြောင့် ကောင်းမန်းယွန်း၏ မျက်လုံးများက အရောင်တောက်လာလေသည်။

"ဘယ်လိုပြောလိုက်တာ..."

" သဘောတူညီမှု လုပ်ကြရအောင်လို့ ...

မင်းက ငါဘယ်လိုမေးမေး မင်းကိစ္စဆိုတော့ မင်းက မပြောနိုင်ဘူးလို့ ပြောတယ်လေ......

အဲ့တော့ မင်းပါးစပ်ကို လုံးဝမဟပါဘူးလို့ ကတိပေး...ငါက မင်းမပြောမလာမချင်း ရိုက်ပေးမယ်လို့ ကတိပေးတယ်…"

"......"

"တကယ်လို့ ငါမင်းကို သေအောင်ရိုက်နေတဲ့အတွင်းမှာ မင်းစိတ်ပြောင်းသွားပြီး ပြောချင်လာပြီဆိုရင် မင်းလက်ကို မြောက်လိုက်....

ငါကတော့ မင်းပြောဖို့ကိုပဲ မြန်မြန်တွေးလိုက်သင့်တယ်လို့ အကြံပေးချင်တယ်...

တော်ကြာ ငါလက်လွန်သွားမှ မင်းပြောချင်စိတ်ပေါ်လာရင်ကြ အဆင်မပြေတော့ဘူး...ဟုတ်ပြီလား..."

"သောက်အဓိပ္ပါယ် မရှိ....ကျုပ်က ဘာလို့ အရိုက်ခံရမှာလဲ...ဖြစ်နိုင်တာပဲ ပြော..."

"ဖြစ်နိုင်တယ်ဟ...ခွေးသားရ ...

မင်းဖေဖေ မင်းကို အခုပဲ ရိုက်တော့မှာ...ခွေးရိုက်သိုင်းမှာ ငါကတဂိုဏ်းလုံးမှာတောင် အတော်ဆုံး "

ချွန်းမြောင်သည် စကားဆုံးသည်နှင့် ကောင်းမန်းယွန်းနားသို့ ကပ်လာလေသည်။ ကောင်းမန်းယွန်းက ပြေးသော်လည်း ချွန်းမြောင်က ပို၍မြန်လေသည်မို့ နောက်မှကပ်ရက်လေး လိုက်လေ၏။ သူ၏ ဓါးကို ဓါးအိမ်မှ မချွတ်ဘဲ ကောင်းမန်းယွန်း၏ ခြေသလုံးအား လှမ်းရိုက်ရန် ရွယ်လိုက်သည်မို့ ကောင်းမန်းယွန်းက အကင်းပါးစွာ ဒူးအား လက်နှင့်ကာလိုက်လေသည်။

ဖြန်းးး

ဓါးရိုက်ချက်က ပုခုံးထက်တွင် ကျလာ၏။

"အ့...."

ရုတ်တရက် ရိုက်ခံလိုက်ရမည်ဟု ကောင်းမန်းယွန်းက မထင်ထားပေ။ ဒူးကို ရွယ်ပြီး ပုခုံးကို ရိုက်တယ်။

ဘယ်လိုတောင် ညစ်လိုက်တဲ့လူလဲ......ဒူးကို ရွယ်ပြီး ပုခုံးကောက်ရိုက်က ဖြစ်သင့်လို့လား။

သိုသော်လည်း ကောင်းမန်းယွန်း ရှည်ရှည်ဝေးဝေးတွေးနေရန် အချိန်မရပေ။ ဓါးပြကောင်၏ ရိုက်ချက်များက ဆက်ကာ ကျရောက်လာလေသည်။

ယခုတကြိမ်တွင်မူ ဓါးက ခေါင်းအား ချိန်လာသည်မို့ လက်နှင့် ခေါင်းအားကွယ်ကာ ကိုင်းချလိုက်လေသည်။

ဓါးအိမ်မချွတ်ရသေးသော ဓါးက လည်ပင်းပေါ်သို့ ကျလာလေသည်။ ဓါးအိမ် မချွတ်ထား၍သာ တော်တော့သည်။ မဟုတ်လျှင် အသက်နှင့်ခန္ဓာ အိုးစားကွဲပေတော့မည်။ ကောင်းမန်းယွန်း ကြောက်ကြောက်လန့်လန့်နှင့် ဓါးပြအား ကြည့်လိုက်လေတော့ အေးစက်စက် မျက်ဝန်းများကို တွေ့လေသည်။

ထိုမျက်ဝန်းများကြောင့် ကောင်းမန်းယွန်း အလွန်ပင် ကြောက်လန့်သွားလေသည်။

မျက်လုံးများက အသူရာချောက်ကဲ့သို့ပင် နက်ရှိုင်းနေပြီး အငွေ့အသက်လည်း ကင်းမဲ့နေလေသည်။ ကောင်းမန်းယွန်း ထိုကဲ့သို့သော မျက်လုံးပိုင်ရှင်များကို ကောင်းကောင်းကြီးပင် မြင်ဖူးလေသည်။

" သတ်ဖြတ်သူ "

များပင် လက်ရဲသည် သေရဲသတ်ရဲသူများ ဖြစ်လေသည်။

ဤဓါးပြသည် သတ်ဖြတ်သူသာ သေချာပါက သူကောင်းမန်းယွန်းအား အမှန်တကယ်ပင် သတ်လိုက်နိုင်လေသည်။ လက်တွန့်နေမည် မဟုတ်ပေ။ ကောင်းမန်းယွန်း ကြောက်လွန်း၍ ချွေးစေးများထွက်ကာ မျက်ရည်များပင် ကျလာလေတော့သည်။ သူ တစ်ခုခုလုပ်မှသာ ဖြစ်လေတော့မည်။ သူ ဤနေရာတွင်ပင် အသေမခံနိုင်ချေ။ ဟုတ်သည် သူသေ၍ မဖြစ်ပေ။ သေချာပေါက် ရှင်သန်မှသာ ဖြစ်လေတော့မည်။

ချွန်းမြောင်၏ ရိုက်ချက်များကလည်း ခေါင်းမှခြေအနှံ စီးဆင်းပြန့်နှံနေသလိုပင်။ သေရတော့မည်ကိုလည်း အသေအလဲပင် ကြောက်ရွံလာလေပြီ။ တစ်ခုခုလုပ်မှ ဖြစ်တော့မည် မဟုတ်လျှင် အမှန်တကယ် ရိုက်ခံရသည့်ဒဏ်နှင့် သေသွားပေလိမ့်မည်။ တစ်ခုခု လုပ်ကိုလုပ်ရပေတော့မည်။

ရုတ်တရက်ဆိုသလိုပင် ကောင်းမန်းယွန်း၏ လက်မှ အပြာရောင်အလင်းတန်းများက ဖြာထွက်လာလေသည်။ အားပြင်းသော အရှိန်တစ်ခုကလည်း ချွန်းမြောင်၏ ဓါးဆီကို လာရိုက်ခတ်ကာ ချွန်းမြောင်ပင် နောက်ပြန်လှန်သွားလေသည်။

"...."

ကောင်းမန်းယွန်းက ဓါးပြသေသွားပြီအထင်နှင့် ဘေးအားကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သည့်အရာမှ ရှိမနေပေ။

ဟမ်.....ဓါးပြက ဒီမှာ မဟုတ်ဘူးလား...

ကောင်းမန်းယွန်း အလန့်တကြားနှင့် ဓါးပြအား ဘေးပတ်ပတ်လည်တွင်ထကာ ရှာလေတော့သည်။

ထိုစဉ်မှာပင် ဓါးပြက သူဓါးအား ဓါးအိမ်မှ ဆွဲထုတ်ကာ ကောင်းမန်းယွန်းဆီသို့ ပြေးဝင်လာလေတော့သည်။

"ထိုက်ချိ ခွဲဖြာလက်ဝါးသိုင်း ..."

"......"

"သောက်ခွေးသား...မျိုးမစစ် ..."

"မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကပေါ့လေ............"

ကောင်းမန်းယွန်းသည် သူအမှားကြီးကြီးလုပ်လိုက်မိပြီကို သိကာ အလွန်အမင်းပင်ကြောက်ရွံသွားလေတော့သည်။

အပိုင်း ၃၆ (က)

သူတောင်းစားနဲ့တူတဲ့ ခေါင်းဆောင် (၁)

"...."

ကောင်းမန်းယွန်း အမြန်ထကာ ပြေးရန်ပြင်တော့သည်။ သူ ဤသိုင်းပညာအား သုံးလိုက်သည်က သွေးဆာနေသောဓါးပြအား သတ်ရန်ဖြစ်ပြီး ရန်စရန်မဟုတ်ပေ။ ယခုမူ သူ၏ လျို့ဝှက်ချက်ကိုပါ ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားပေပြီ။ ဤနေရာတွင် ဆက်နေပါက အသက်ရှင်မည်မဟုတ်သည်က သေချာနေပြီဖြစ်၏။

"ဘ....ဘာ....ခင်ဗျားဘာပြောလိုက်တာလဲ....?"

" ဟားးးဒီသောက်ရူးကိုလည်း ကြည့်ပါဦး"

ချွန်းမြောင်နှာခေါင်းရှုံကာ ပြောလိုက်လေ၏။

"မင်း ငါ့ကို ကန်းနေတယ်လို့များ ထင်နေတာလား...

ငါက ထိုက်ချိခွဲဖြာ လက်ဝါးသိုင်းကို မသိနိုင်တဲ့ပုံ ပေါက်နေလို့လား...ဟမ်"

"...."

ချွန်းမြောင်က မကျေနပ်စွာပြောလေသည်။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...သောက်ရမ်းထူးခြားဆန်းကြယ်ချက်...

ဟွားကျေးရွာမှာ ရှိတဲ့ကုန်သည်တွေကို ဦးဆောင်ပြီး ဟွားဆန်းကို သိမ်းဖို့လုပ်တဲ့ကောင်က တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ သိုင်းပညာကို သုံးတတ်တယ်တဲ့.... ဘယ်လောက်တောင် ထူးဆန်းနေလိုက်လဲ.....

ထိုက်ချိခွဲဖြာလက်ဝါး သိုင်းပညာကို မင်းကောင်းကောင်းကြီးကို သင်ထားရတဲ့ ပုံပါလား....ဟင်..."

ကောင်းမန်းယွန်းကမူ ဇောချွေးများပင် ပြန်နေချေပြီ။ အစောပိုင်းက ရိုက်ခံထားရသော ဒဏ်ရာများကပင် မနာတော့သလိုပင်။ ကြောက်စိတ်က စိုးမိုးနေ၍ အရာအားလုံးကိုပင် မခံစားမိတော့သကဲ့သို့ ဖြစ်လာ၏။

ချီးပဲ....သူ ဒီထက်ပိုပြီး ဂရုတစိုက်နဲ့ ပစ်လိုက်ရမှာ....

ဓါးပြကောင်က သူ၏လည်ပင်းအား ဓါးနဲ့ခုတ်လိုက်သည်မို့ ဓါးအိမ်မချွတ်ထားသည်ကို မေ့ကာ ကြောက်အားလန့်အားနှင့် ထိုက်ချိခွဲဖြာလက်ဝါးသိုင်းကို သုံးမိသွားခြင်းဖြစ်လေသည်။ သုံးမိသည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် ဟွားဆန်းက လူရှေ့တွင်မှ ဖြစ်နေလေသည်။ ကောင်းကင်ဘုံက ဒီနေ့အား သူ၏ သေနေ့အဖြစ် သတ်မှတ်ထားပြီးပုံ ရလေသည်။

"မင်းကို တောင်ဘက်အစွန်အဖျားဂိုဏ်းက လွှတ်လိုက်တာလား...."

"......"

ကောင်းမန်းယွန်ကမူ လုံးလုံးပင်မဖြေ တေမိလုပ်နေလေသည်။ အကယ်၍ သူဖြေခဲ့လျှင်လည်း ဤသည်က ဆင်ခြေသက်သက်သာ ဖြစ်ပေလိမ့်မည်။ အချိန်တွေကိုသာ နောက်ပြန်ဆုတ်၍ ရပါက သူထိုသို့သော အခြေအနေထိရောက်အောင်လုပ်ခဲ့မည် မဟုတ်ပေ။ ဤလူအိုကြီးအား အထင်သေးကာ လျော့တွက်ခဲ့မိသည်က သူ၏ အမှားပင်။ ယခုတွင်မူ ပါးစပ်ပိတ်နေသည်ကသာ နောက်ထပ်အမှားများထပ်မဖြစ်စေတော့မည်ဖြစ်၍ ပါးစပ်သာပိတ်၍နေလေတော့သည်။ သူထံမှ တစ်လုံးတစ်လေပင် ထွက်သွား၍ မဖြစ်ပေ။ ထွက်ခဲ့လျင်လည်း ဤဓါးပြကမသတ်လျှင် ဂိုဏ်းကသတ်လိမ့်မည်မို့ သူ ရေငုံနှုတ်ပိတ်နေရန်သာ ဆုံးဖြတ်ထားလိုက်လေတော့သည်။

"ဪ....မင်းက လုံးဝကို ပါးစပ်ပိတ်နေတော့မှာပေါ့...ဟုတ်ပါပြီ"

ချွန်းမြောင်က ပြောနေရင်းနှင့် ကောင်းမန်းယွန်းနားသို့ ကပ်လာ၏။

" သစ္စာရှိတာကတော့ တော်တော်ကောင်းတဲ့ လုပ်ရပ်ပဲ...

မင်းရဲ့ ရွေးချယ်မှုကို ငါလေးစားပါတယ်....ဒါပေမယ့် ဒီနေရာမှာ လွဲနေတာလေး နည်းနည်းတော့ ရှိနေတယ်...."

"....?"

"ဘာလွဲနေလဲဆိုတာ မင်းသိလား"

"ဘာလဲ..."

"ငါ မင်းကို မပြောပြပါဘူး…"

"......."

တောင်ဘက်အစွန်အဖျားဂိုဏ်းသည်လည်း သာမန်ဂိုဏ်းတစ်ခုတော့ မဟုတ်ချေ။ ဟွားဆန်း၏ ရွှေရောင်နေ့ရက်များ ကတည်းပင် ရှိခဲ့သောဂိုဏ်းတစ်ခုဖြစ်ပြီး ယခုတွင်မူ ဂိုဏ်းကြီးဆယ်ဂိုဏ်းအတွင်းသို့ပါ ပါဝင်လာပြီဖြစ်လေသည်။ ထိုသို့သော ဂိုဏ်းမျိုးက အမှုမဲအမှတ်မဲ့ ထိုသို့သောလုပ်ရပ်များကို ပြလုပ်မည်မဟုတ်သည်ကတော့ သေချာပေသည်။ ဤသည်ကလည်း ချွန်းမြောင်၏ အတွေးမျှသာြဖစ်ပြီး ကောင်းမန်းယွန်းထံမှ ရနိုင်သမျှသော သတင်းများကို စုဆောင်းရန်ပြင်လိုက်လေသည်။ သို့သော်လည်း ကောင်းမန်းယွန်းက အဆင့်တစ်ခုမျှသာ ရှိသည်မို့ သူ့ထံမှရနိုင်သောသတင်းကလည်း အကန့်အသတ်နှင့်သာ ဖြစ်ပေလိမ့်မည်။ အများကြီးတော့ မျှော်လင့်ထား၍ မရပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းက အဘယ်ကြောင့် ကောင်းမန်းယွန်းအား စေလွတ်ကာ ထိုသို့လုပ်ဆောင်ခိုင်းသည်ကိုတော့ သေချာသိရရန် လိုအပ်ပေသည်။

" ဟား...ဟ.......မင်းတို့ မျိုးမစစ်ဂိုဏ်းကကောင်တွေ......

ဟိုးအရင်တွေတုန်းက သိုင်းပညာရှင်တွေက ဒီလောက်ရက်စက်တာ ....မင်းသုံးလိုက်တဲ့ သိုင်းပညာစွမ်းအားက ဟာသလောက်ပဲ ရှိတယ်.....

ငါ့အထင်ပြောရရင်တော့ ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းက တခြားဂိုဏ်းတစ်ခုရဲ့ သိုင်းပညာတွေကို ခိုးထားရုံမကဘူး ဂိုဏ်းတစ်ခုလုံးကိုပါ ခိုးပြီးသိမ်းပစ်ချင်နေပုံ ရတယ်....ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ.....သောက်ရှက်လုံးဝ မရှိတဲ့ဂိုဏ်းပဲ...."

ချွန်းမြောင်၏ ခနဲ့တဲ့တဲ့ စကားများကြောင့် ကောင်းမန်းယွန်းပါးစပ်ပိတ်ကာ မနေနိုင်တော့ပေ။ သူ၏ ဂိုဏ်းအား ထိုမျှပြောဆိုနေသည်ကို သူရေငုံနှုတ်ပိတ်ကာ နားထောင်မနေနိုင်ပေ။

"ဟုတ်လား…ဘာပဲပြောပြော အဲ့ဂိုဏ်းက ဟွားဆန်းထက်တော့ ပိုကောင်းနေသေးတယ်လေ........"

"အို့....ဟုတ်လား....."

"ခင်ဗျားကြီး သိထားရမှာ တစ်ခုရှိတယ်....ဟွားဆန်းက အခုဆိုရင် အကုန်လုံးဗလာပဲ...

ကြွယ်ဝချမ်းသာမှု...ပိုင်ဆိုင်မှု .....ဘာဆိုဘာမှ မရှိ

တကယ့်ကို အခွံသက်သက်ဂိုဏ်းပဲ...

ကြားထဲ သိုင်းပညာတွေပါ ပျောက်ဆုံးနေသေးတယ်....

အနာဂတ်မှာ ဟွားဆန်းဂိုဏ်းဟေ့ ဆိုပြီး ခေါင်းမော့နိုင်စရာအကြောင်း ဘာဆိုဘာမှကို မရှိတော့တာ...

ဂိုဏ်းက လုံးဝပျောက်ကွယ်သွားဖို့ပဲ ကျန်တော့တယ်...."

"ဪ..."

ချွန်းမြောင်ကမူ ကောင်းမန်းယွန်းပြန်ပြောသမျှကို မျက်လုံးဝိုင်းလေးနှင့်သာ နားထောင်ပေးနေ၏။

" ကျုပ်က အသက်ယဲ့ယဲ့ပဲ ကျန်တော့တဲ့ ဟွားဆန်းကို ကယ်တင်ပေးဖို့ကြိုးစားခဲ့တာ...

ပြောရမယ်ဆိုရင် အဲ့တာအတွက် ကျုပ်ကိုတောင် ခင်ဗျားတို့ ကျေးဇူးတင်သင့်သေးတယ်...

ခင်ဗျားလိုလူတွေကြောင့် ဟွားဆန်းက သေချာပေါက် ပျက်သုန်းသွားမှာပဲ...

ဟွားဆန်းက ကြာမှာမဟုတ်တော့ဘူး...

ပြီးတော့ ဂိုဏ်းရဲ့အသက်ဖြစ်တဲ့ သိုင်းပညာတွေကလည်း လုံးဝပျောက်ကွယ်သွားပြီဆိုတော့ ဟွားဆန်းက မြေမြုပ်သင်္ဂြိုလ်ဖို့ပဲ လိုတော့မှာ..."

" မင်းကို ဘယ်သူပြောလဲ..."

"ခင်ဗျား ကျုပ်ပြောတာကို နားမလည်လိုက်ဘူးလား..."

"မဟုတ်ဘူး..ငါ မင်းကိုမေးချင်တာက ဟွားဆန်းမှာ သိုင်းပညာတွေ မရှိတော့ဘူးဆိုတာ မင်းကို ဘယ်သူပြောလဲလို့...."

"......."

ကောင်းမန်းယွန်းက ချွန်းမြောင်အား မယုံကြည်သောမျက်လုံးများနှင့် ကြည့်လိုက်လေသည်။ အခြားသူတစ်ယောက်၏ ပါးစပ်မှ ထိုစကားထွက်လာလျှင်မူ သူနှာခေါင်းရှုံကာ ဟားတိုက်ရယ်မောလိုက်မည် ဖြစ်သော်လည်း ဤလူထံမှ ထွက်လာသောအခါတွင်မူ သူ မရယ်ရဲပေ။ သူပဲ အမှတ်မှားနေသလားဟူသော သံသယကသာ ဝင်လာလေသည်။ ကောင်းမန်းယွန်း၏ အမြင်အရဆိုလျှင် ဤဓါးပြသည် ဟွားဆန်းဂိုဏ်းမှ ဂိုဏ်းသားအဟောင်းတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

"မင်းတို့ မျိုးမစစ်တွေက ဟွားဆန်းကို ကယ်တင်နေတာ မဟုတ်ဘူး...

ဟွားဆန်းကို အမြစ်ဖြုတ်နေကြတာ.....ဟွားဆန်းက လွယ်လွယ်နဲ့ ပျက်သုန်းသွားစရာ အကြောင်းလည်း မရှိဘူး.... အေး......ပျက်သုန်းသွားခဲ့ရင်တောင် ပျက်သုန်းကာမှ ပျက်သုန်းရောပဲ.....အခုတော့ မဟုတ်သေးဘူး

မင်းတို့လို ချီးကောင်တွေကသာ ဟွားဆန်းကို အသက်ရှင်လျက် မြေမြုပ်ပစ်ဖို့ ကြိုးစားနေကြမို့လား...."

"........"

" ပြီးတော့ မင်းတို့ခွေးမျိုးတွေက ဟွားဆန်းကို တရားမျှမျှနဲ့ သိမ်းလိုက်တဲ့ပုံဖြစ်အောင် ဇာတ်လမ်းလေးတွေဆင်ပြီး ဟွားကျေးရွာလူတွေရဲ့ လက်ကိုတောင်ငှားလိုက်သေးတယ်...

အကြောင်းမသိရင်တော့ တကယ့်ကို လေးစားလောက်ပါပေတယ်.... ခက်တာက ငါကလည်း မင်းတို့တောင်ပိုင်းခွေးတွေရဲ့ အကြံကို သိလောက်အောင်ကို‌ တော်နေတာပဲ...."

စကားစစ်ထိုးပွဲက ပိုပြီးအရှိန်ရလာလေလေ ချွန်းမြောင်နှင့် ကောင်းမန်းယွန်းက ပို၍နီးကပ်လာလေသည်။ စကားများကြောင့်ပင် နာကြင်၍ သေနိုင်ကြတော့မည့်အလားပင်။ သံတမန်များလိုပင် စကားနှင့် စစ်ပွဲဆင်နေကြလေပြီဖြစ်၏။

ဟွားဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် အတော်များများ တူညီကြလေပြီး ဂိုဏ်းနှစ်ဂိုဏ်းလုံးကလည်း ဓါးရေးကို အဓိကထားကြသော ဂိုဏ်းများဖြစ်လေသည်။ အရာတော်တော်များများက တူညီကြသည်မို့ ဂိုဏ်းနှစ်ဂိုဏ်းက အလိုလိုနေရင်းပင် ရန်သူများဖြစ်သွားကြလေပြီး တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းသည့် ရန်ပွဲများလည်း ဆင်နွဲခဲ့ကြဖူးလေသည်။

အတိတ်ဘဝတုန်းကဆိုလျှင် ချွန်းမြောင်သည် ပျင်းရိလာသည့်အခါတိုင်း တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဂိုဏ်းသားများနှင့် အမြဲလိုလိုပင် ရန်သွားဖြစ်လေ့ရှိပေသည်။ တိတိကျကျပြောရလျှင်ဖြင့် သူက တမင်သက်သက် ရန်သွားစကာ တမင်ပင် ဓါးရေးသွားစမ်းခြင်း ဖြစ်လေသည်။

"ကျုပ်က တောင်ဘက်အစွန်အဖျားဂိုဏ်းသား မဟုတ်ဘူး...."

"ဪ ,....ဟုတ်လား..."

"ဟုတ်တယ်...ခင်ဗျား အထင်မှားနေတာ ...

စောနက ခင်ဗျားမြင်လိုက်တဲ့သိုင်းပညာကလည်း ဒီတိုင်းမတော်တဆသင်ထားတဲ့ သိုင်းပညာ...."

"အာ......ဟုတ်လား......

ငါလည်း မင်းကို အံဩစရာလေးတစ်ခုလောက် ပြောပြရမလား..."

"ဘာပြောမှာလဲ...."

"ငါလည်း ဟွားဆန်းက လူမဟုတ်ဘူး...ယုံတယ် မို့လား........ဟီးးးးဟီး"

"ခင်ဗျား........ခင်ဗျား.....ခွေးသားကြီး"

"........"

ချွန်းမြောင်းက ကောင်းမန်းယွန်း၏ တုံပြန်မှုကို စွေစောင်းကာ ကြည့်လိုက်လေသည်။ သူတို့ နှစ်ယောက်က တော်တော်ပင် နီးနေပြီဖြစ်လေသည်။

"ဒါနဲ့....မင်းက ငါ့ကို မင်းရဲ့သိုင်းပညာကို ပြတော့ အပြန်အလှန်အနေနဲ့ ငါလည်း မင်းကို ပြစရာရှိတယ်....

မင်းအဲ့တာကို သိရင်တော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းပြီးတော့ မသိရင်တော့ ရှက်စရာပဲ...."

စကားဆုံးသည်နှင့် ချွန်းမြောင်က သူ၏ဓါးကို ထုတ်လိုက်လေသည်။

"မင်းကို ဘယ်သူလွှတ်လိုက်တာလဲ....."

ချွန်းမြောင်၏ လေသံက အတည်ကြီးပင်ဖြစ်သွားလေပြီ။ စောနကကဲ့သို့ ရွတ်နောက်နောက် လေသံမဟုတ်တော့ပေ။ ပြုံးတုံးတုံးမျက်နှာပေးကလည်း ပျောက်ကွယ်သွားလေပြီး အမှန်ပင် ရက်စက်တော့မည့် ပုံပင်။ သူ၏ နာနေသောခါးကလည်း တဖြောင့်တည်းဖြစ်နေပြီး ဓါးကိုကလည်း အခြေခံသိုင်းကွက်ပုံစံနှင့်ကိုင်ထားသည်က စနစ်ကျကာ ကြည့်ကောင်းနေလေသည်။

ကောင်းမန်းယွန်းကမူ အံ့အားသင့်သွားလေသည်။

ပြီးပြည့်စုံသော သိုင်းကွက်ဖော်မှု ဖြစ်ပြီး ဟာကွက်တစ်ကွက်ပင် ရှိမနေချေ။

လေညှင်းသွဲ့သွဲ့ကလည်း ချွန်းမြောင်တို့နားတွင် တဖြူးဖြူးတိုက်ခတ်လာလေသည်။ ထို့နောက်တွင်မူ လေနှင့်အတူ ဇီးပန်းပွင့်ရနံ့သင်းသင်းက ပျံ့လွှင့်လာလေသည်။

"ဇီးပန်းပွင့်တွေက နှင်းတွေကြားထဲမှာ ပွင့်ကြတဲ့အခါ သင်းပျံ့တဲ့ ရနံ့ကို ကောင်းကောင်းကြီး ထုတ်လွှတ်တယ်...

အခုက ဆောင်းဝင်နေပြီဆိုပေမယ့် ဟွားဆန်းမှာတော့ နွေက ကျန်နေတုန်းပဲ...

နွေဦးရောက်လာရင်တောင် ဟွားဆန်းက ဇီးပန်းပွင့်တွေက အဆက်မပြတ်ဖူးပွင့်နေကြဦးမှာ....."

ချွန်းမြောင်၏ ဓါးဦးက လှည့်လာသည်ကို ကောင်းမန်းယွန်း မြင်လိုက်လေသည်။

ချီးပဲဟ....

လှုပ်ရှားမှုသေးသေးလေးမှ စလိုက်သော တုန်ခါမှုသည် စက်ဝန်းများအတိုင်းလိုက်ကာ ပို၍ပို၍ ပြင်းပြင်းထန်ထန် လှုပ်ရှားလာလေသည်။ လှုပ်ရှားမှုများက တဖြည်းဖြည်းနှင့် ကြီးထွားဆက်လက်လာပြီး ကောင်းကင်တွင် ပန်းပွင့်သဏ္ဍာန်များက ထူးခြားအံဖွယ် ပေါ်ပေါက်လာလေသည်။ ဓါးဦးကလေး လှုပ်ရှားလိုက်မှုက ကောင်းကင်ကြီးကိုပင် ပြောင်းလဲသွားစေသလိုပင်။

များစွာသော ဇီးပန်းပွင့်များက ချွန်းမြောင်၏ ဓါးဦးမှ ထွက်ကာလာလေပြီး ဩကာသလောကတစ်ခုလုံး ဇီးပန်းပွင့်များနှင့် ဖုံးလွှမ်းသွားတော့မလားပင် ထင်ရလေသည်။ အေးခဲခြောက်ကပ်သော ဆောင်းရာသီကို ကျော်ဖြတ်ပြီး၍ လှပနွေးထွေးသော နွေဦးတွင် ဇီးပန်းပွင့်များက တောတောင်အပြည့်ဖုံးကာ အလှဆင်တော့မလားပင် ထင်ရလေသည်။

ဒါက ပုံရိပ်ယောင်တွေ များလား.....

လေက ခပ်မြူးမြူးလေးတိုက်ခတ်လာပြီး ဇီးပန်းပွင့်များကို သယ်ဆောင်ကာ ကောင်းမန်းယွန်းက ခေါင်းပေါ်သို့ ပန်းများရောက်လာလေပြီး သူ့အား ထွေးပွေ့ဖက်သွယ်ကာ အမြင့်သို့ တဖြည်းဖြည်းသယ်ဆောင်သွားလေသည်။ ကောင်းမန်းယွန်းအား သယ်ဆောင်ထားသော ဇီးပန်းပွင့်များက ပုံရိပ်ယောင်ဟု ထင်နေသော သူ၏သံသယများကို အဝေးသို့ လွင့်စင်သွားစေပြီး ဇီးပန်းပွင့်တွေကိုသာ ကောင်းမန်းယွန်း ကြည်နေမိလေတော့သည်။

အုန်းးး

အမြင့်တစ်နေရာမှ ပြုတ်ကျလာသောအသံတစ်ခု ဖြစ်လေပြီး အသံနှင့်ပင် ထိုကျလာသည့်အရာက ရစရာရှိမည်မဟုတ်တော့သည်ကို သိသာလေသည်။ ကောင်းကင်တခွင်တွင် အစောပိုင်းက ပြည့်နေသော ဇီးပန်းပွင့်များကလည်း မရှိတော့ပေ။ ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

ချွန်းမြောင်ကမူ သူ၏ ဓါးကို သိမ်းကာ ဘေးသို့ ကြည့်လိုက်လေတော့သည်။

အပိုင်း ၃၆(ခ)

သူတောင်းစားနဲ့တူတဲ့ ခေါင်းဆောင် (၁)

ချွန်းမြောင်က ဓါးကိုသိမ်းကာ ပြန်လှည့်လာလေသည်။

"အဟွတ်....."

ဇီးပန်းပွင့် သိုင်းကွက်ဖော်ရာတွင် အင်အားများကို အသုံးပြုလိုက်ရခြင်းကြောင့် သွေးတစ်ပွက်အန်လာခြင်းဖြစ်လေသည်။ ချွန်းမြောင်က သူ၏မျက်နှာကို ဖုံးထားသော အဝတ်စကို ဖယ်ကာ သွေးတစ်ပွက်ကို အန်ထုတ်လိုက်လေသည်။

ငါကတော့ ဒီလိုနဲ့သေတော့မှာပဲ....။

ချွန်းမြောင်၏ လက်ရှိခန္ဓာကိုယ်သည် အလွန်ပင်အားနည်းပြီး ချိနဲ့လွန်းနေလေသည်။ အတိတ်တုန်းက ဆိုလျင်မူ ဤသို့သောသိုင်းကွက်ဖော်ခြင်းများကို ချွေးတစ်စက် အားတစ်စက်မျှပင် မသုံးရဘဲလုပ်နိုင်ခဲ့သော်လည်း ယခုတွင်မူ အသက်ပင်လုရမတတ်ပင်။

အခြေခံ အုတ်မြစ်ချထားတာတော့ ကောင်းပါရယ့်။ ဒါပေမယ့် ငါကတော့ သေတော့မလားပဲ။ အမလေး.....

ချွန်းမြောင်သည် အဝတ်စနှင့်မျက်နှာအား ပြန်အုပ်ကာ ကျန်နေသေးသည့်ကိစ္စများကို ရှင်းရန် ကုန်သည်များဆီသို့ လာခဲ့လေသည်။

"ကဲ.....ဟုတ်ပြီ........"

ချွန်းမြောင်က ဆက်မပြောသေးဘဲ ကုန်သည်များကို တချက်ကြည့်လိုက်လေသည်။

"........."

ကုန်သည်များကလည်း ချွန်းမြောင်အား သရဲတစ္စေတစ်ကောင်သဖွယ် ကြောက်ကြောက်ရွံရွံနှင့် ကြည့်နေကြလေသည်။ သူတို့ကိုတော့ ဒီလူက ဘာမှ မလုပ်လောက်ဘူးမို့လား။

သူတို့သည် ဤကဲ့သို့သော ကောင်းကင်မှ ဇီးပန်းပွင့်များ ကျလာသည်ကို ကြားလည်းမကြားဘူး ၊ မြင်လည်း မမြင်ဘူးပေ။ ထိုကဲ့သို့ အစွမ်းအစရှိသော သိုင်းပညာရှင်များရှိခဲ့ဖူးသည်ဟု ပါးစပ်ရာဇဝင်များရှိပြီး ထိုသိုင်းပညာရှင်များ အားလုံးကလည်း သေဆုံးကြပြီဟူ၍ သိထားကြလေသည်။ သို့သော်လည်း ဤလူသားက သူတို့၏ရှေ့သို့ ရာဇဝင်တွင်သာ ရှိသောအရာများကို ယူဆောင်လာခဲ့ပြီး ဖြစ်လေသည်။

ဟွားဆန်းအား အတင်းအဓ္ဓမ သိမ်းယူရန်ကြိုးစားသည့်အတွက်ကြောင့် သူတို့အား ဤလူက အကြွေးပြန်ယူရန် လာသည်တော့ မဟုတ်လောက်ပါဘူးနော်။

" ကဲ...လာ....ဘယ်သူ အရင်ဆုံး အရိုက်ခံမလဲ"

"..........."

"ကဲ....ဒါဆို ပြောင်းမေးမယ်...ဘယ်သူအရင်ဆုံး ထွက်သွားမလဲ..."

"ကျွန်တော်...ကျွန်တော်..."

"ကျွန်တော်လည်း သွားမယ်..."

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုလည်း လွတ်ပေးပါ...."

ချွန်းမြောင် သူ၏ခေါင်းကို ငြိမ့်ရုံငြိမ့်ပြလိုက်လေသည်။

" ကောင်းတယ်....ကောင်းတယ်..

အတော်လေး နားလည်လွယ်ပြီး ပူးပေါင်းပေးကြတာပဲ"

ကုန်သည်များက သူတို့၏လှည်းများကို ထားကာ အဝေးသို့ သွားရန် အလျင်အမြန်ပင် ပြင်ဆင်ကြလေတော့သည်။ သို့ရာတွင်မူ ချွန်းမြောင်က ထိုလူများအား လွယ်လွယ်လွတ်ပေးရန် ဆန္ဒမရှိချေ။

"ရပ်လိုက်ကြစမ်း...."

"......."

ကုန်သည်များက ချက်ချင်းဆိုသလို ကြောင်အကာ တုန့်ဆိုင်းကုန်ကြလေသည်။

" မင်းတို့ အခုလိုမျိုး အကုန်ထွက်သွားကုန်ကြရင် ငါက မင်းတို့လှည်းတွေနဲ့ ဘာလုပ်နေခဲ့ရမှာလဲ...

ခေါင်းလေးသုံးပြီး စဉ်းစားကြည့်ကြစမ်းပါ..."

".........."

ကုန်သည်များကမူ ချွန်းမြောင်အား အနိုင်ကျင့်ခံနေရသောမျက်လုံးလေးများနှင့် ကြည့်လာလေသည်။

ဒီဓါးပြက သူတို့ကို အနိုင်ကျင့်လို့ မပြီးတော့ဘူးလား...။

သူတို့ရဲ့ကံက ဘယ်လိုတောင်ဆိုးဝါးနေလို့ ဒီလိုအဖြစ်မျိုးတွေ ကြုံနေရတာလဲ။

မိုးနတ်မင်း ကယ်ပါ...

စိတ်ထဲတွင်သာ မျိုးစုံအောင် ပြောဆိုကြိမ်းဝါးဆုတောင်းနေကြသော်လည်း ကုန်သည်များသည် လက်တွေ့တွင်မူ အသံတစ်သံပင် ထွက်မလာချေ။

"မင်း..."

"ဟုတ်ကဲ့...."

"မင်းတို ...မင်းတို့ရဲ့ လှည်းတွေထဲမှာ ငွေဘယ်လောက်စီပါလဲ သွားကြည့်စမ်း.......။ အခုပဲ သွားကြည့်လိုက်။ နောက်ဆုံးမှ ပြီးတဲ့သူကတော့ သူ့လိုပဲ ဘဝဆုံးရမယ်မှတ်.."

ချွန်းမြောင်က ကံဆိုးသူမောင်ရှင် ကောင်းမန်းယွန်းကျသွားရာ နေရာသို့ ညွှန်ပြကာ ကုန်သည်များကို ခြိမ်းခြောက်လိုက်လေသည်။

ခြိမ်းခြောက်မှုက အတော်ပင် ထိရောက်လေသည်ဟု ပြောရမည်။

ကုန်သည်များက နောက်တစ်ခွန်းပင် ထပ်ပြောရန် မလိုတော့ပေ။ သူတို့၏ လှည်းများဆီသို့ သွားကာ ပါလာသော အသပြာများကို အပြေးအလွှားရေတွက်ကြလေတော့သည်။

"ယွမ် ရှစ်ရာ"

"ယွမ် နှစ်ထောင့်ရှစ်ရာ ...."

" ဟို....ဟို ..ယွမ် ရှစ်ထောင်"

"ဘာ....မင်းဒီလောက်အများကြီး သယ်လာတယ်.....ဟုတ်လား"

"အဲ့တာက အခုအရေးကြီးလို့လား"

ကုန်သည်များသည် အချင်းချင်းအော်ဟစ်ကာ နေကြလေတော့သည်။ ချွန်းမြောင်ကမူ ရန်ဖြစ်အော်ဟစ်နေသော ကုန်သည်များကို ကြည့်ကာ မျက်မှောင်သာ ကြုံ့နေလေတော့သည်။

"ဟေ့....."

"ဟုတ်..."

" မင်းတို့တွက်နေတဲ့ထဲမှာ လှည်းတန်ဖိုးနဲ့ မြင်းတွေတန်ဖိုးရော ပါကြရဲ့လား"

"......"

"ပြန်တွက်ကြစမ်း…"

"ဟုတ်ကဲ့..."

ချွန်းမြောင် ခေါင်းငြိမ့်ကာ ကုန်သည်များကို ဆက်ကြည့်နေလိုက်လေသည်။

"တွက်လို့ပြီးသွားရင် ငါ မင်းတို့ထဲက လူတစ်ယောက်ကို မြင်းငှားပေးလိုက်မယ်....

အနီးဆုံးမြို့ကိုသွား ....ပြီးရင် လူရှာခဲ့....ငါ ဒီဟာတွေအကုန်လုံးကို ရောင်းမယ်"

ကုန်သည်များက ချွန်းမြောင်၏ စကားကြောင့် ရက်စက်လှချည်လား ဟူသော အကြည့်နှင့် ကြည့်လာကြလေ၏။

သူတို့သည် သူတို့ဘဝတစ်လျောက်လုံး ငွေကိုသာ ကျားကုတ်ကျားခဲ ရှာလာခဲ့သော်လည်း ဤမျှလောဘကြီးကာ ရက်စက်သောသူကို မတွေ့ခဲ့ဖူးပေ။ ဒီဓါးပြလိုလူကို ယခုမှသာ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်လေသည်။

"ငွေတွေကို ထိန်ချန်ထားတာ ဖွတ်ထားတာ မလုပ်ဘဲ တခါတည်း အကုန်လုံးယူလာခဲ့ကြ ...

ဖွတ်ထားတာတွေ တွေ့လို့ကတော့ မင်းတို့အားလုံး ဒီနေရာတင်ပဲ အသက်ထွက်သွားမယ်...ကြားကြလား"

"ဟုတ်ကဲ့..."

" မင်းတို့ထဲက ဘယ်သူသွားမလဲ"

"ဟို...ဟိုဟာ"

"ဘာလဲ..."

ကုန်သည်တစ်ယောက်က မေးလာလေသည်။

"အဲ့ သွားတဲ့တစ်ယောက်က ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ"

ချွမ်းမြောင် ဟားတိုက်ကာ ရယ်လိုက်လေသည်။

"ထွက်ပြေးသွားလို့ ဘာကောင်းတာရှိမှာလဲ"

"........."

"မင်းတို့မှာ အခု ပိုက်ဆံရှိကြသေးလား"

"မရှိတော့ပါဘူး"

"ပြီးတော့ မင်းတို့ရဲ့ လုပ်ငန်းတွေကလည်း အသိမ်းခံလိုက်ရပြီ"

"ဟုတ်ပါတယ်"

" အဲ့တာမှတော့ အခုချိန်ထွက်ပြေးလည်း ဘာထူးမှာလဲ...

ဒီကို ပြန်လာတာကမှ အနည်းဆုံး တခုခုပြန်ရဖို့ မျှော်လင့်ချက်ရှိသေးတာကို.....ဟုတ်တယ်မို့လား"

"တကယ်လို့ မင်းတို့က ငါအခုလိုလုပ်နေတာကို အစိုးရရုံးတွေကို တိုင်ချင်တယ်ဆိုလည်း...."

"စမ်းကြည့်လိုက်...."

ချွန်းမြောင်က သူ၏ခြေထောက်တစ်ဖက်ကိုမကာ မြေပြင်ပေါ်သို့ ပေါက်ချလိုက်လေသည်။

အုန်းးး

အသံကျယ်ကြီးနှင့်အတူ မြေပြင်ကြီးက အက်ကာကွဲသွားလေသည်။

"တိုင်လိုက်...ပြီးရင်‌တော့ မင်းပြန်လိုက်မလာခဲ့နဲ့...

ဘာလို့လဲဆိုတော့ ငါက ကုန်းအဆုံးရေအဆုံးလိုက်ရှာပြီး မျိုးမစစ်ကို‌ အသေသတ်မှာမို့လို့ပဲ...

မင်တို့ နည်းနည်းလေးသာ အတွေးမှားလိုက်တာနဲ့ မင်းတို့ဘဝက သွားပြီပဲ"

"......"

ကုန်သည်များသည် တိုင်ကြားမည့်အကြံကိုလည်း လက်လျော့လိုက်ရ၏။

သူတို့၏ မိသားစုများကလည်း ဤနေရာတွင် ကျန်ရစ်ခဲ့မည်ဖြစ်၍ သူတို့ကိုထားရစ်ကာလည်း သူတို့ ထွက်မပြေးနိုင်ကြပေ။ ဓါးပြကောင်၏ ရက်စက်မှုအပေါင်းကိုသာ ခါးစည်းခံနေကြလေတော့သည်။

"သွားတော့..."

"ဟုတ်ကဲ့..."

ဟွားဆန်းဂိုဏ်းသည် ၎င်း၏ သဘောမနောကောင်းစွာနှင့် လူများအပေါ် သက်ညှာတတ်ကြောင်း သတင်းကြီးလေသည်။ သို့သော် ဟွားဆန်းဂိုဏ်းမှ လူတိုင်းကတော့ သဘောကောင်း မနောကောင်း ဖြစ်ပုံမရပေ။ ဤဓါးပြအား ကြည့်ရုံနှင့်ပင် သိနိုင်လေသည်။

ထိုနေ့ညနေ နေမဝင်ခင်အချိန်လေးတွင် မျက်နှာဖုံးနှင့် လူတစ်ယောက်သည် စာအုပ်ကြီးကဲ့သို့ပင် ထူထဲသော ငွေစာရင်းစာရွက်ကြီးများကို ကိုင်ကာ ဟွားတောင်ပေါ်သို့ အပျော်ကြီးပျော်ပြီး တက်လာလေသည်။ ထို့ပြင် သူ၏ ချွေးရော သွေးပါရင်းကာ ရှာခဲ့ရသော ထိုငွေများကို ဂိုထောင်ထဲတွင် ဖွက်ထားလိုက်လေတော့သည်။

All Chapters