အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
အပိုင်း ၃၇
သူတောင်းစားနဲ့တူတဲ့ ခေါင်းဆောင် (၂)
ဟွားဆန်းတွင် အပြောင်းအလဲများ မရှိခဲ့သည်က ကြာခဲ့ပြီဖြစ်သည်။ လေညင်းတွေကလည်း မပြောင်းလဲသလို အဆောက်အဦးတွေက မပြောင်းလဲပေ။ ဟွားဆန်းမှ အရာအားလုံးက နဂိုအတိုင်းသာ ရှိနေသော်လည်း ဟွားဆန်းရှိလူများကမူ ပြောင်းလဲသွားကြပြီဖြစ်သည်။
"အား..."
ဂျိုဂု သူ၏ ဝတ်စုံအား ချွတ်လိုက်လေသည်။ ဝတ်စုံအောက်တွင် ချွေးများက ရွဲနစ်နေပြီး ရေချိုးထားသည့်အလားပင်ဖြစ်နေသည်မို့ သူချွတ်ကာ လွှင့်လိုက်လေသည်။ မနက်ခင်းလေ့ကျင့်ခန်းပြီးသောအခါတွင်မူ သူ၏တကိုယ်လုံးက ချွေးများစိုရွဲနေပြီး အဝတ်အစားများ မလှဲဘဲနေ၍ မရပေ။
"ငါ့ကောင်ရာ.........ဒီနေ့လေ့ကျင့်ခန်းက တကယ်ခက်တာပဲ......"
" တကယ်ကြီးကွာ.....မနက်မိုးလင်းကတည်းက လုပ်နေရတာတော့ လွန်ပါတယ်ကွာ........"
ထိုစကားများကို ကြားလိုက်ရတော့ ဂျိုဂုခါးသက်သက်ပြုံးလိုက်လေသည်။ သူဘေးနားတွင် ရှိနေသောလူများကလည်း ရေချိုးရန်စဉ်းစားနေကြပုံ ရလေသည်။ ထို့ကြောင့်ပင် သူတို့အားလုံး အနီးရှိစမ်းချောင်းသို့ သွားကာ ရေချိုးလိုက်ကြပြီး သူတို့၏ ချွေးစိုနေသောအဝတ်များကို လျှော်ဖွပ်ကြလေ၏။
ဂျိုဂုသည် အဝတ်အစားလှဲပြီးနောက်တွင်မူ သူ၏ လျော်ဖွပ်ထားသော အဝတ်များကိုယူကာ ပြောလိုက်လေသည်။
"ကဲ.....လာ ....သွားကြစို့"
"ဟုတ်ကဲ့ ......ဆရာတူအကိုကြီး"
အခြားသူများကလည်း သူတို့၏ဝတ်စုံများကို ယူလိုက်ပြီး ထွက်လာခဲ့ကြလေသည်။ အခြားတတိယတန်းမှ စည်းကမ်းထိန်းသိမ်းရေးများက လေ့ကျင့်နေကြဆဲဖြစ်သော်လည်း သူတို့ဆက်ကာ လေ့ကျင့်နေသည်က သိုင်းပညာအား သင်ယူချင်စိတ်ပြင်းထန်လွန်းလှ၍တော့ မဟုတ်ချေ။ ယွန်းဂျွန်နှင့် ဂျိုဂုတို့ပင် ထိုနည်းလည်းကောင်း ဖြစ်လေသည်။
သို့သော် ယခုတွင်မူ မည်သူကမှ လေ့ကျင့်ရေးအား စိတ်အားထက်သန်မှုမရှိသော်လည်း မိုးသောက်သည်နှင့် လေ့ကျင့်ရန် ထွက်လာကြပြီဖြစ်လေသည်။ ပါးစပ်ကသာ ဆင်ခြေဆင်လက်မျိုးစုံပြောကာ ညည်းညူနေကြသော်လည်း မည်သူကမှမူ လေ့ကျင့်ရေးအား မလုပ်ဘဲ မနေကြပေ။ စိတ်မပါကြသော်လည်း အားလုံးပါဝင်ကာ လုပ်ဆောင်နေကြသည့် ဤအခြေအနေကို မည်သို့ပြောရမည်မှန်းပင် မသိချေ။
အခုမှပဲ သိုင်းပညာသင်တဲ့ဂိုဏ်းနဲ့ တကယ်တူတော့တယ်။
ဂျိုဂု သူ၏အတွေးကို သူသဘောကျစွာ ခါးသက်သက်ပြုံးလိုက်လေသည်။ လမ်းလျောက်နေသော ဂိုဏ်းသားများအားလုံးကလည်း တကယ့်သိုင်းပညာဂိုဏ်းမှ ပညာသင်ကျောင်းသားကြီးများ အတိုင်းပင်။ ယခုဟွားဆန်းသည် မကြာသေးမှီက ဟွားဆန်းနှင့်ပင် မတူတော့သလိုပင်။
" ဟေ့....ဘာတွေ ဒီလောက်ပြုံးနေတာလဲ..."
သူ၏ နောက်ကစကားသံကြောင့် ဂျိုကုက နောက်ကိုလှည့်ကြည့်လိုက်သောအခါ သူ၏ဆရာတူအကိုကြီး ယွန်းဂျွန်းကို တွေ့လေသည်။
" ဆရာတူအကိုကြီး....အင်း...တွေးနေတာက နည်းနည်းတော့ ထူးဆန်းနေမလားပဲ...
ကျွန်တော်အခုတွေးနေတာက အခုမှပဲ လူတိုင်းက တကယ့်သိုင်းပညာသင်တဲ့ဂိုဏ်းက တပည့်တွေနဲ့ တူတော့တယ်လို့ တွေးနေတာ ....နည်းနည်းတော့ တမျိုးပဲနော်"
"အာ.....အဲ့လိုလား"
" အင်း...ကျွန်တော့်အတွေးက နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေတယ် မို့လား....
အဲ့လို ထင်လား"
"ဟင့်အင်း ...မထင်ပါဘူး...ငါလည်း မင်းလိုပဲ တွေးနေတာ"
"ဟား...တကယ်ကြီးလေ...ဟားးးဟားးး
ကျွန်တော် ပျော်သွားပြီ"
ဂျိုဂုလည်း အဖော်ရှိသွားကာမှ အားပါးတရ ရယ်လေတော့သည်။
များမကြာသေးသော အချိန်များအထိ သူသည် ဟွားဆန်းတွင် ထိုကဲ့သို့ လေ့ကျင့်ရေးများ အပြင်းအထန်လုပ်ရလိမ့်ဟု မထင်ခဲ့ပေ။ သူသည် အဆောင်တွင် လူတွင်ကျယ်လုပ်ကာ အနည်းငယ်သော လေ့ကျင့်ရေးကို စိတ်မပါတပါလုပ်ပြီး အဆောင်တွင်နားနေရန်သာ စိတ်အားထက်သန်ခဲ့လေသည်။ သူ၏ မူလရည်ရွယ်ချက်သည်က အချိန်မြန်မြန်ကုန်ကာ အိမ်သို့မြန်မြန်ပြန်ရရန်သာ ဖြစ်လေသည်။ သူသည်သာမဟုတ် ဟွားဆန်းရှိ ကျောင်းသားတိုင်း၏ ရည်ရွယ်ချက်ကလည်း ထိုသို့ပင် ဖြစ်လေသည်။ ယခုတွင်မူ သိုင်းပညာများနှင့် လေ့ကျင့်ရေးများကို စိတ်အားထက်သန်စွာ လုပ်နေကြလေပြီ။ ထိုသို့လုပ်ရသည့်အပေါ်တွင်လည်း သူက ကျေနပ်နေလေ၏။ ဤသည်ကို မည်သို့သော ပြောင်းလဲမှုဟု ခေါင်းစဉ်တပ်ရမည်ပင် မသိချေ။ သူသည်သာ မဟုတ် ဂိုဏ်းသားအားလုံးကပါ သိသိသာသာပြောင်းလဲလာကြခြင်း ဖြစ်လေသည်။
ဒီလိုပြောင်းလဲလာတာက သူ့ကြောင့်ပဲ။
ဂျိုဂု ချွန်းမြောင်၏ ထူးထူးဆန်းဆန်း အမူအရာများကို ပြန်တွေးမိသွားလေသည်။ ချွန်းမြောင်သည် ဟွားဆန်းအား စတင်ကာ ပြောင်းလဲနေပြီဖြစ်လေသည်။ ချွန်းမြောင်၏ အစပြုပြောင်းလဲမှုက လေပြေလေးတိုက်စတွင် လူများသတိမထားမိသော်လည်း လေမုန်တိုင်း ဖြစ်သောအခါတွင်မူ အားလုံးထိတ်လန့်တုန်လှုပ်ရသကဲ့သို့ ဟွားဆန်းအား လုံးလုံးပင် ပြောင်းလဲသွားစေပေလိမ့်မည်ဟု သူထင်လေသည်။ ယနေ့ လေ့ကျင့်ရေးကို တစ်စုံတစ်ယောက်၏ လှုံဆော်မှုမပါဘဲ သွားနေကြသော ဂိုဏ်းသားများက ပြောင်းလဲမှု၏ သက်သေပင် ဖြစ်လေသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုကြီး၏ အစဖြစ်လေသည်။
ဂျိုဂုသည် တောင်ပေါ်သို့ လမ်းလျောက်လာရင်းမှပင် တောင်ထိပ်သို့ ရောက်လာလေပြီဖြစ်သည်။ တောင်ပေါ်သို့ ရောက်သည်နှင့် သူသည် ရင်ကိုကော့ ခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားစွာနှင့် အသက်ရှုလိုက်ပြီး ကျေနပ်ဂုဏ်ယူသည့် ခံစားချက်ကို ကောင်းကောင်းကြီး ခံစားနေလေ၏။
သို့သော် သူ၏ ဂုဏ်ယူမှုလေးက ကြာကြာမခံလိုက်ပေ။
"ဟေ့......ဟေ့.......မင်းတို့ အဲ့တာကို ထိလို့မရဘူးလေ......"
"ဖယ်ကြစမ်း.......ဖယ်ကြစမ်း... လမ်းဖယ်ကြဟေ့......
ဒါတွေအကုန် အထဲရောက်ပြီးမှ ငါတို့က အလုပ်စလုပ်လို့ ရမှာ...ဖယ်ကြဟ.....
ဪ ....ဖယ်ပါဆိုမှ....ကန်းနေတာလား....မကြားတာလား.....လမ်းဖယ်ကြဟ"
" ဟေ့...မင်း ..အေးအေး.....ဒီလိုမှာသာ လဲလိုက်လို့ကတော့နော်....ဒီတစ်လလုံးစာ တပြားမှ မရဘူးမှတ်......
ဒါကို ပေါက်ပေါက်ရှာရှာ အပေါ်တက်ပြီး ကိုင်နေရအောင် မင်းက လျော်နိုင်နေပြီလား"
ဂျိုဂု ဆူဆူညံညံအသံများကြောင့် ဖြစ်ပျက်နေသော အရာများကို စပ်စုလိုက်လေသည်။
"....."
သူ အကြည့်ပင် မလွဲနိုင်ချေ။ ဘယ်မှ ညာ၊ ညာမှ ဘယ် လိုက်ကြည့်နေရလေသည်။
ဘာလားဟ။ ဒီလူတွေက ဘာတွေလဲ။
တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသောလူများက ဟိုမှဒီ ဒီမှဟိုသို့ ပျားပန်းခတ်သွားလာနေကြလေသည်။ လူတိုင်းကလည်း သူ မမြင်ဖူးသော ပစ္စည်းကိရိယာအမျိုးမျိုးကို ကိုင်ဆောင်ထားကြလေသည်။
" ဟေ့........မင်း ....အဲ့ဘက် မဟုတ်ဘူး....ဒီဘက်"
လူစိမ်းအုပ်စုကို ညွှန်းကြားနေသည့် ရင်းနှီးနေသော အသံကို ကြားလိုက်ရလေသည်။ ယုအန်းပင်။
"....ဆရာတူအကိုကြီးလား..."
ယွန်းဂျွန်ကလည်း ဂျိုဂု၏အကြည့်ကို နားလည်စွာဖြင့် အလုပ်ရှုပ်နေသော ယုအန်းဆီသို့ လျောက်လာခဲ့လေတော့သည်။
"အကြီးအကဲယုအန်းလား”
"ဟော့ ........ယွန်းဂျွန်းပါလား"
"ဒါတွေက ဘာတွေလဲ"
"ဪ......ဒါတွေလား"
ယုအန်းက ဝင်းဝင်းပပကြီးပြုံးလာလေသည်။ ပုံမှန်အားဖြင့် ယုအန်းသည် အကြောင်းအရာများကို ရှည်ရှည်ဝေးဝေး ရှင်းပြကာ စကားဖောင်ဖွဲ့ရသည်ကို မကြိုက်သော်လည်း ယခုတွင်မူ စိတ်အခြေအနေက အတော်ပင် ကောင်းနေလေသည်ဖြစ်၍ ယွန်းဂျွန်းအား မေးသမျှကို စိတ်ရှည်ရှည်ဖြေပေးချင်နေသည်။
" သူတို့က အလုပ်သမားတွေလေ"
"အလုပ်သမားတွေလား........"
"ဟုတ်တယ်လေ....မင်းသိတဲ့အတိုင်းပဲ ..ငါတို့ဟွားဆန်းမှာက အဆောက်အအုံအဟောင်းတွေ ပေါတယ်မို့လား....."
"အင်းလေ.........."
အဟောင်းဆိုသည်ထက် ရှေးကျသည်ဆိုသည်က ပို၍မှန်မည်ထင်၏။ ဟွားဆန်းဂိုဏ်းဝင်ပေါက်ဝရှိ ဟွားဆန်းဟူသော ဆိုင်းဘုတ်ကပင် ပျက်စီးနေပြီး အဆောက်အအုံတော်တော်များများကလည်း ပြိုပျက်ကာ ဆွေးမြေ့နေပြီဖြစ်သည်။ ဂိုဏ်းသားများနေရာအဆောင်နှင့် လေ့ကျင့်သည့်ခန်းမသည်ပင် အတော်လေးပြုပြင်ထား၍ မပျက်စီးသေးသော်လည်း အတော်တော့ ဟောင်းနွမ်းနေပြီဖြစ်သည်။ ပြုပြင်နိုင်ခြင်း မရှိသည့် တခြားအဆောက်အဦးများကမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"အခု ငါတို့ဂိုဏ်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ငါတို့ ဒီနေရာတွေကို ပြန်ပြီးပြုပြင်နိုင်သွားပြီ....
ငါတို့ ဒီနေရာကို ပြန်ပြီး မွန်းမံ့ပြင်ဆင်ကြဖို့ လုပ်နေကြတာ"
"ဟမ်......."
"သွား ...ဒီမှာပဲ ရပ်ကြည့်မနေကြနဲ့........သွားပြီးတော့ ပစ္စည်းသယ်ဖို့ ကူညီ.....
အလုပ်သမားတွေ ကြည့်ရတာ ဒီနေရာကို ပစ္စည်းတွေသယ်ရတာ ခက်နေတဲ့ပုံပဲ........
နီးနီးနားနားမှာ ရှိတဲ့သစ်ပင်တွေခုတ်ပြီး သစ်လေးဘာလေးလည်း ရှာကူကြ ...သူတို့က ဒီတောင်ပေါ် နယ်မကျွမ်းတော့ မင်းတို့လောက် များများရှာတတ်မှာ မဟုတ်ဘူး......."
"ဟုတ်ကဲ့ပါ...."
"အာ့ဆို သွားသွား...မြန်မြန် သွားကြ..........လုပ်လုပ် ..ခပ်သွက်သွက်လေး လုပ်ကြ"
ယုအန်းက အပြုံးမျက်နှာကြီးနှင့် လူတိုင်းကို လှုံဆော် ဆော်ဩပေးနေလေသည်။ ဂျိုဂု မျှော်လင့်ထားသည့် ပြောင်းလဲမှုသည် ထင်ထားသည်ထက်ပင် စော၍ ဖြစ်လာခဲ့ပြီဟု ပြောရပေတော့မည်။
"ဘာတွေ ဖြစ်နေကြတာလဲ"
"...ငါ အိမ်မက်များ မက်နေတာလား"
"ဘယ်လိုပဲ ကြည့်ကြည့် ဒါကအသားဆိုတာကို ငါမယုံနိုင်ဘူး"
အခြားဆရာတူအကိုကြီးများကလည်း ဂျိုဂုကဲ့သို့ပင်။ အားလုံး၏ မျက်လုံးများက စားပွဲပေါ်ရှိ ဟင်းခွက်များထံမှ မခွာကြပေ။ ထူးခြားဆန်းပြားလွန်းသည့် အရာက စားပွဲပေါ်တွင် ရှိနေလေသည်။
အသားဟင်းခွက်က စားပွဲအလယ်တွင် မိန့်မိန့်ကြီး ရှိနေလေသည်။
"ငါတို့ကို တကယ်ကြီး အသားကျွေးတာလား"
"သိုင်းကျင့်ရင်း ကံအကောင်းလွန်ပြီး အကောင်တစ်ကောင်ကောင်ကို သတ်မိလို့ ငါတို့ကို ချက်ကျွေးလိုက်တာများလား..........ငါတို့တော့ ကံဇာတာတွေ တက်လာပြီထင်တယ်"
" တစ်ခုခုတော့ မှားနေတာ သေချာတယ်......ဘာလားပဲ"
" ........"
ဂျိုဂုကမူ ဂုဏ်ယူပြုံးပြီး ပြုံးနေလေပြီဖြစ်သည်။
ဟွားဆန်းတွင် အသားမစားရဟူသော တားမြစ်ချက်မျိုး မရှိပေ။ လွန်ခဲ့သောနှစ်များက အသားစားခြင်းကို ရှုံချသော အဆိုအမိန့်များ ရှိသည်ဟု ဆိုသော်လည်း မစားရ ဟု လုံးလုံးတားမြစ်ထားခြင်းတော့ မဟုတ်ပေ။
ယခုတွင်မူ အသားဟင်းပွဲက စားပွဲပေါ်တွင် မိန့်မိန့်ကြီး ရှိနေလေပြီဖြစ်သည်။ အသားစားရန်ခွင့်ပြုသည်နှင့် စားပွဲပေါ်တွင် အသားဟင်းထားပေးခြင်းက မတူသော်လည်း ဟွားဆန်းတွင် အသားမစားသည့် ဥပဒေသ ရှင်သန်လာသည်က ကြာမြင့်ပြီဖြစ်လေသောကြောင့် ဟွားဆန်း၏ တပည့်ဂိုဏ်းသားများကမူ ဤသည်က ပထမဆုံးအကြိမ်အဖြစ် ထမင်းဝိုင်းတွင် အသားဟင်းမြင်ဖူးခြင်းဖြစ်လေသည်။
"ငါ ဒါကို စားလိုက်လို့ ရလား"
" စားကြစို့ .....ဟင်းတွေ အေးကုန်လိမ့်မယ်"
"ဟုတ်ကဲ့"
ဂျိုဂု ထမင်းဝိုင်းတွင် ထိုင်လိုက်ပြီး ဟင်းခွက်များကို ငေးငိုင်ကာ ကြည့်နေလေသည်။ အခြားသော ဆရာတူအကိုများကမူ ဂျိုဂု၏ ဘေးတွင်ထိုင်နေသော ယွန်းဂျွန်းအား တလက်လက်တောက်ပသော မျက်လုံးများနှင့် ကြည့်နေလေသည်။ ယွန်းဂျွန်းကမူ သူ့၏ လှုပ်ရှားမှုကို စောင့်နေကြသော ဂိုဏ်းသားများ၏ အရိပ်အခြေကို နားလည်စွာ သူ၏တူကို မြောက်ကာ အသားခွက်ကို နှိုက်လိုက်လေသည်။ ထို့နောက်တွင်မူ ထိုအသားဖတ်အား ပါးစပ်ထဲသို့ ထည့်ကာ စားလိုက်လေတော့သည်။
ချွပ်ချွပ်ချွပ်ချွပ်...........
တူများက အသားဟင်းခွက်နားတွင် ဝဲပျံကာ အသားဟင်းခွက်လေး အနားမနေရတော့ပေ။
အချို့လူများသည် ထမင်းမစားတော့ပေ။ အသားဟင်းများကိုသာ စားပြီးရင်း စားနေကြတော့သည်။ ဂျိုဂုသည် ဤသည်ကို မြင်သောအခါ ငေါက်ငမ်းရန် ပြင်လိုက်သော်လည်း မငေါက်ဖြစ်ပေ။ သူ၏ တူကိုလည်း မနားမနေ အလုပ်ပေးကာ အသားဟင်းအား နှိုက်ကာ စားလေတော့သည်။
ငါနှေးလို့ကတော့ ဘာတစ်ခုတောင် စားလိုက်ရမှာ မဟုတ်ဘူး။
အမလေး...ငါ့အသားတွေတော့ ကုန်တော့မှာပဲ။
အသား...အို...အသားလေး.....
အသားဟင်း၏ ရနံ့များက ထမင်းဝိုင်းတိုင်းတွင် ပျံ့လွှင့်နေပြီး အားလုံးက မြိန်ရေယှက်ရေစားနေကြသည်ကို မြင်သောအခါ ယွန်းဂျွန်းက သူ၏မျက်လုံးကို မှိတ်လိုက်လေသည်။
ဟွားဆန်း....
သူသိထားသော ၊ သူရင်းနှီးသော ဟွားဆန်းသည် တစ်ဆတစ်ဆနှင့် ထူးဆန်းကာ ပြောင်းလဲလာပြီဖြစ်သည်။
" အသက်ရှည်ရှည် နေကြလေ ၊ အတွေ့အကြုံများများ ကြုံရလေဆိုတဲ့ စကားက တကယ်မှန်တာပဲ"
"ဟုတ်ပ..."
"ခုလည်း ချက်ချင်းကြီး အဆောက်အအုံတွေပြင် .....အသားတွေ ကျွေးတာတွေ ကြုံနေရပြီ...
ဝတ်စုံအသစ်နှစ်စုံကလည်း ရလိုက်သေးတယ်...."
"ဟုတ်ပ....ဟုတ်ပ....."
ယွန်းဂျွန်က ရုတ်ချည်းပြောင်းလဲသွားသော ဖြစ်ရပ်များကို တွေးတောနေလေသည်။ ယွန်းဂျွန်းက အတွေးကမ္ဘာတွင် နစ်နေသည်ကို မြင်သောအခါ ဂျိုဂုက မေးလိုက်လေသည်။
"အကိုကြီး ဘာတွေ တွေးနေတာလဲ"
"ငါ တွေးနေတာက ပိုက်ဆံရှိတာ အတော်ကောင်းတာပဲလို့ "
"ဟားးးဟားးးဟားးမင်းကတော့ ပြောတတ်ပါပေတယ်"
ဂျိုဂုသည် ယွန်းဂျွန်း၏ အဖြေကြောင့် အူလှိုက်သည်းလှိုက်ပင် ရယ်လေတော့သည်။ ဂျိုဂုတို့၏ စကားကို မကြားလိုက်သော အခြားသူများကမူ ရုတ်တရက်ထရယ်နေသော သူတို့အား အထူးအဆန်းပင် ကြည့်လာလေသည်။
" ပိုက်ဆံတွေ ဘယ်လောက်ရှိရှိ ဂိုဏ်းချုပ်ကြီးတွေက အဲ့လောက်မြန်မြန်ကြီး ပြောင်းလဲမှုတွေ စလုပ်လိမ့်မယ်လို့ ငါမထင်ထားဘူး...."
"မင်းတို့က ဂိုဏ်းခေါင်းဆောင်တွေက ငါတို့ကို တမင်ဆင်းရဲချင်ယောင်ဆောင်ပြီး ကောင်းကောင်းမွန်မွန် မကျွေးတာလို့ ထင်နေတာလား.... အဲ့လိုက ဖြစ်ရောဖြစ်နိုင်လို့လား ."
သူတို့ပြောသည်ကလည်း မှန်ပေသည်။
အသားသည် တားမြစ်ထားသော အရာမဟုတ်။ ဈေးကြီး၍ မကျွေးသော အရာသာဖြစ်လေသည်။ ဈေးကြီးသောကြောင့် သူတို့အား မကျွေးခြင်းသာ ဖြစ်ပေလိမ့်မည်။
"ငွေ မရှိရင် လုပ်နိုင်တာလည်း မရှိဘူး....
အခု ဂိုဏ်းမှာ ငွေရှိလာပြီ....အဲ့တော့ အကုန်လုံးကို လုပ်နိုင်နေပြီ
ဒါပဲလေ....ဘာတွေ ထူးထူးဆန်းဆန်းတွေးနေကြတာလဲ"
ဂျိုဂုကလည်း ထိုစကားကိုထောက်ခံကာ ခေါင်းငြိမ့်ပြလေသည်။
" မင်းတို့ အကြီးအကဲ ယုအန်းမျက်နှာပေါ်က အပြုံးကြီးကို မြင်တယ်မို့လား...... ပြုံးနေတာ ရပ်တောင် မရပ်နိုင်ဘူးလေ"
ဟုတ်ပေသည်။
ယုအန်း အလွန်အမင်းပင်ပျော်ရွှင်နေသည်ကို သူတို့အားလုံးမြင်ကြလေသည်။ ယုအန်း ဤမျှပြုံးနေသည်ကို သူတို့အားလုံး ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးကြခြင်းလည်း ဖြစ်ပေသည်။ မည်သူက မပြုံးစဖူး အလွန်အကြူးပြုံးနေသည့် ယုအန်း၏ မျက်နှာကြီးကို လျစ်လျှူရှုကာ နေနိုင်ကြမည်နည်း။
ဟွားဆန်းက အရွေ့တစ်ခုနှင့် သိသိသာသာကြီးပင် ပြောင်းလဲလာပြီဖြစ်သည်ကို လူတိုင်း သတိထားမိကြလေသည်။
" ဆရာတူအကိုကြီး......"
"အင်း....."
" အခု ဘာတွေဖြစ်နေတာလို့ထင်လဲ"
မေးခွန်းက အဓိပ္ပါယ်များစွာပါသော မေးခွန်းဖြစ်သော်လည်း ယွန်းဂျွန်းကမူ ဂျိုကု၏ ဆိုလိုရင်းကို နားလည်လေသည်။
" မင်းတို့လည်း သိတော့ သိထားကြမှာပါ....ဟွားဆန်းက ပြောင်းလဲနေပြီဆိုတာကိုလေ"
"အင်း"
" ဆိုတော့ ...ငါတို့က အပြောင်းအလဲတွေအတွက် အဆင်သင့်ပြင်ထားရမယ်"
" အဆင်သင့်ပြင်ရမှာလား'
"ငါ အခုပြောနေတာက ငွေအကြောင်းမဟုတ်ဘူး.....
မင်းတို့လည်း ဒါတွေကို မြင်သင့်သလောက် မြင်ထားပြီးကြပါပြီ....အဲ့ဒီသေတ္တာကြီး တွေ့လိုက်ထဲက ပြောင်းလဲမှုတွေ ရှိလာတယ်ဆိုတာ"
"ဟုတ်တယ်....ဟုတ်တယ်....အဲ့ထဲမှာ စာအုပ်တွေပါတဲ့ သေတ္တာကြီးလေ"
သေတ္တာဆိုသည်နှင့် ဂိုဏ်းခေါင်းဆောင်ကြီးက အချို့သော သိုင်းပညာများ၏ အမည်များကို ရေရွတ်ကာ ပျော်ရွှင်နေသော မျက်နှာကြီးက အားလုံး၏ စိတ်ထဲတွင် ပေါ်လာကြလေသည်။
" ဟွားဆန်းက ပြောင်းလဲနေပြီ....
ငါတို့တွေလည်း ဒီပြောင်းလဲမှုကို မရှောင်နိုင်ကြဘူး.....ငါတို့တွေ ဒီထက်ပိုပြီး သန်မာလာဖို့လည်း လိုအပ်တယ်....
မဟုတ်ရင်တော့ ငါတို့က ဘာမှမပြောင်းလဲနိုင်ဘဲနဲ့ ဂိုဏ်းမှာ ရှေ့ဆက်ရတဲ့နေ့တွေက ပိုပြီး ခက်ခဲလာလိမ့်မယ်"
ဂျိုဂုက ယွန်းဂျွန်း၏ စကားကို ထောက်ခံစွာနှင့် ခေါင်းငြိမ့်လိုက်ပြန်သည်။
ဒီအပြောင်းအလဲတွေ အားလုံးက သူ့ကြောင့်ပဲ ဖြစ်ပေါ်လာရတာပဲ။
ဂျိုဂု၏ စိတ်ထဲတွင် ချွန်းမြောင်၏ အခြေအနေအားလုံးအား ပြောင်းပြန်လှန်ကာ ပြောင်းလဲနိုင်မှုကို မတွေးဘဲ မနေနိုင်ချေ။ သေတ္တာကြီးရှေ့တွင် အရူးသဖွယ် ဖြစ်နေသည့် လုပ်ရပ်က မေ့မရသည့်ကိစ္စများတွင် ထိပ်ဆုံးက ရပ်တည်နေလေပြီး ထိုစဉ်က ပုံရိပ်ကို ပြန်တွေးမိကာ ယောင်ယောင်ယမ်းယမ်းပင် ခေါင်းခါမိလေ၏။
" သူ ဘာတွေလုပ်ခဲ့တာလဲ...........
ငါတို့တွေ မသိကြဘူး"
သူဟု အမည်တပ်ကာ ပြောဆိုခြင်း မရှိသော်လည်း လူတိုင်းကမူ သူ ဟူသော နာမ်စားက မည်သူ့အား ရည်ညွှန်းသည်ကို ကောင်းကောင်းကြီး သိကြလေသည်။
" အဓိက အကြောင်းအရင်းကတော့ ငါတို့မှာ သူရဲ့ လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနိုင်တာလည်း မရှိဘူး......
အဲ့တော့ ငါတို့ သတိကြီးကြီးထားရမယ်........ အဲ့လိုမဟုတ်ဘဲနဲ့ ဒီရှုပ်ထွေးတဲ့ အခြေအနေအတိုင်း လိုက်လျောညီထွေ မနေနိုင်ဘူးဆိုရင် အဆုံးမှာ ဒုက္ခရောက်ရမယ့် သူက မင်းတို့ ကိုယ်တိုင်ပဲ"
" ဆရာတူအကိုကြီး ..စိတ်ချပါ"
"ဟုတ်ပါတယ်....ဟုတ်ပါတယ် အကိုကြီး"
ယွန်းဂျွန်ကမူ ပြုံးကာ သူ၏အဆောင်သို့ ပြန်သွားလေပြီဖြစ်သည်။ ဂျိုဂုကမူ ယွန်းဂျွန်နှင့် အနည်းငယ်မတူသော အတွေးလေးကို ရင်ဝယ်ပိုက်ကာ နောက်မှလိုက်လာလေသည်။
ကြိုတင်ခန့်မှန်းဖို့ နည်းလမ်းမရှိဘူး.......
ဂျိုဂုကမူ ထို့သို့ မတွေးပေ။ ချွန်းမြောင်သည် ဟွားဆန်း၏ တပည့်ဂိုဏ်းသားတစ်ဦးနှင့်လည်း မတူသကဲ့သို့ ဂိုဏ်းချုပ်နှင့် အကြီးအကဲ များကပင် ထိန်း၍ မရချေ။
"စကားမစပ်....."
" အင်း"
" သူက ဘယ်မှာတုန်း ....သူ့ကို မနက်လင်းကတည်းက မတွေ့မိသေးဘူး"
" မင်း မကြားသေးဘူးလား.........ဂိုဏ်းချုပ်က သူ့ကို မနေ့ကတည်းက ရှာနေတာလေ
အခု ဂိုဏ်းချုပ်ရဲ့ အဆောင်မှာ ရှိနေလောက်မှာပေါ့"
" ဂိုဏ်းချုပ်လား..........ဂိုဏ်းချုပ်က သူ့ကို ဘာလုပ်ဖို့ ရှာနေတာတုန်း"
"အဲ့တာတော့ ငါလည်း ဘယ်သိမှာလဲ"
ယွန်းဂျွန်က သူ့၏အမေးကို ဖြေကာ သူပုခုံးအား ပုတ်ပေးလာလေသည်။ ဂျိုဂုကမူ သက်ပြင်းသာ ချနိုင်လေတော့သည်။
သူ့ကိုတော့ ငါ ဒီတသက် နားလည်နိုင်မယ် မထင်တော့ဘူး.
အပိုင်း ၃၈
သူတောင်းစားနဲ့တူတဲ့ ခေါင်းဆောင် (၃)
"မင်း အဆင်ပြေရဲ့လား..."
" ဟုတ်...အဟွတ်....အဟွတ် ..
ကျွန်တော် အဆင်ပြေပါတယ်"
"တကယ်ရော အဆင်ပြေရဲ့လား.."
" ဂိုဏ်းချုပ်မြင်နေတာပဲ မဟုတ်ဘူးလား.."
ဟွမ်းဂျွန်းက မျက်မှောင်ကြုတ်ကာ ချွန်းမြောင်ကို ကြည့်နေ၏။ စကားလည်း မဆိုမိပေ။ မကြာခင် အသက်ထွက်တော့မည်အလား သွေးစုတ်ဖြူရော်ကာ အရိုးပေါ်အရေတင်နေသော ဒီလူသားသည် ချောင်းဆိုးနေရင်းပင် အသက်ထွက်သွားတော့မလားပင်။
သူ့ကျန်းမာရေးက ဘယ်လောက်တောင် ဆိုးဝါးနေပါလိမ့်.......
မည်သို့ပင် ကြည့်စေကာမူ သူ၏ပုံစံက အငတ်ဘေးဆိုက်နေသော ကလေးတစ်ယောက်နှင့်တူလေပြီး တခြားဂိုဏ်းသားများက သူ၏ အစားအသောက်များကို လုယူစားသောက်ထားသည်ဟုပင် အထင်မှားခြင်စရာပင်။
သူက ဒီနေရာနဲ့လည်း ရင်းနှီးနေပုံပေါက်လိုက်တာ။ အခုမှ ရောက်ဖူးတဲ့သူနဲ့ ဘယ်လိုကြည့်ကြည့်ကို မတူဘူး။
ဟွမ်ဂျွန်း ခေါင်းကိုလှည့်ပြီး ယုအန်းကို မေးလိုက်လေသည်။
"သမားတော်က ဘာပြောလဲ.."
" ဒါက ချီစွမ်းအင်ကြောင့်လို့ ပြောပါတယ်"
"ချီစွမ်းအင်လား"
"ဟုတ်ပါတယ်.....
သမားတော် ပြောသွားတာကတော့ လေ့ကျင့်ခန်းတွေ အလွန်အကျွန်လုပ်နေလို့ သူရဲ့ သန့်စင်တဲ့ချီစွမ်းအင်အပေါ် ထိခိုက်မှုတွေ ရှိလာတာလို့ ပြောသွားပါတယ်"
"ဟေ......."
ဟွမ်ဂျွန်း ချွန်းမြောင်ကို တချက်လှမ်းကြည့်လိုက်လေသည်။
"ကလေး......မင်းက မင်းရဲ့ ချီစွမ်းအင်တွေ ထိခိုက်အောင်အထိပါ လေ့ကျင့်နေတယ်....
ဘာလို့ အဲ့လိုတွေလုပ်နေတာလဲ"
ဟယ်အေ...လေ့ကျင့်ရေးကြောင့် မဟုတ်ပါဘူးဟဲ့.
ငါ့ဖင်ကြီးပဲ လေ့ကျင့်နေလိုက်...
ချွန်းမြောင်သည် ဟွားဆန်းသို့ ရောက်ကတည်းကပင် ကောင်းကောင်းကန်းကန်း လေ့ကျင့်ရေးမလုပ်ရသေးပေ။
သို့သော်လည်း သမားတော်ပြောသွားသည်များကလည်း မှန်ပေသည်။ သူ၏ အထိခိုက်မခံသော ခန္ဓာကိုယ်လေးသည် နည်းနည်းလေး လှုပ်မိရှားမိသွားသည်နှင့် ချီစွမ်းအင်ကို ထိခိုက်စေကာ အတွင်းဒဏ်ရာပေးလေတော့သည်။ ထို့ကြောင့် သမားတော်က လေ့ကျင့်ရေးကြောင့် ချီထိခိုက်ခြင်းဟု ပြောသွားခြင်းဖြစ်လေသည်။
သိုင်းပညာအား စတင်ကာလေ့ကျင့်ကာစ ကလေးတစ်ယောက်သည် ချီစွမ်းအင်ကို မထိန်းသိမ်းတတ်သည်ကလည်း သဘာဝကျပေသေးသည်။ ထို့ကြောင့် လေ့ကျင့်ရေးကြောင့် ချီပျက်ပြားထိခိုက်ခြင်းဆိုသည်က ယုတ္တိရှိသော ရှင်းပြချက်တစ်ခုပင်.။
တချို့နေရာများက အနည်းငယ်လွဲချော်နေသော်လည်း သူ ကိုယ်တိုင်သာ ပြုပြင်ဖြေရှင်းလိုက်ရန် တွေးထားလိုက်လေ၏။
"တောင်းပန်ပါတယ်....ဂိုဏ်းချုပ်...
ကျွန်တော်က တတ်နိုင်သမျှ မြန်မြန် သိုင်းပညာကို သင်ယူနိုင်အောင်လို့ စိတ်လောသွားလို့ပါ..."
"ဒီကလေးကတော့ တကယ့်ကို ကြိုးစားသဟေ့..."
ဂိုဏ်းချုပ်သည် ခေါင်းကိုတငြိမ့်ငြိမ့်လုပ်ရင်း ချွန်းမြောင်အား အရင်ကထက်ပင်ပို၍ သဘောကျလာလေသည်။
သိုင်းပညာအား အမှန်တကယ်ပင် တတ်နိုင်သမျှ သင်ယူချင်သည်က သူ၏ ဆန္ဒအမှန်ပင်ဖြစ်လေသည်။
" အစားကောင်းကောင်းစားပြီး အစာအိမ်ကို အားမွေးပေး....မင်းအခုလိုလုပ်နေတာတွေက မင်းကိုပိုပြီး နေမကောင်းဖြစ်စေတယ်.."
"ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ဂရုစိုက်..."
"ဟုတ်ကဲ့..ဟုတ်ကဲ့ပါ"
ဟွမ်းဂျွန်က ကျေနပ်စွာပြုံးလိုက်လေသည်။ သူ၏ မျက်စိရှေ့တွင်ရှိနေသော ဤကလေးသည် ဟွားဆန်း၏ လာဘ်ကောင်ကလေးဖြစ်နေရုံသာမက ဟွားဆန်းနှင့် သိုင်းပညာတွင်လည်း စိတ်ရောကိုယ်ပါလုံးလုံးနှစ်မြုပ်ထားသည့် အဖိုးတန်လေး ဖြစ်နေလေသည်။
"ဟုတ်ပါပြီ..လက်ဖက်ရည်သောက်ဦးမလား"
"ကျွန်တော် လက်ဖက်ရည်မကြိုက်ဘူးဗျ"
ချွန်းမြောင်စိတ်ထဲမှ ရေရွတ်ကာ ပြောလိုက်လေသည်။
ငါတကယ်ကြိုက်တာက သေရည်ကွ....
လက်ဖက်ရည်၏ အရသာသည် ချွန်းမြောင်အနေနှင့်မူ အတော်ပင်ပြင်းလွန်းသည်ဟု ခံစားရလေသည်။ သေရည်နှင့် မတူညီသည်က သောက်လိုက်ပြီး၍ လျှာနှင့်လည်ချောင်းပေါ်တွင် အရသာက ပြင်းပြင်းရှရှပေါ်မနေဘဲ အရွက်ရေစိမ်သည့်အရသာမျိုးသာရ၍ လက်ဖက်ရည်ကို တကယ်ပင် ချွန်းမြောင် မကြိုက်ပေ။ သေရည်ကိုသာ စွဲလမ်းနှစ်သက်လေသည်။ သူ၏ ဆရာတူအကိုကြီးကမူ သူသေရည်ကို နှစ်သက်လွန်း၍ ဘာကြောင့် ဤသေရည်အား ထိုမျှကြိုက်သနည်းဟု မေးမြန်းစဉ်းစားဖူးလေသည်။
ဟွားဆန်းက ဂိုဏ်းချုပ်တိုင်းက လက်ဖက်ရည်ကြိုက်ရမယ်ဆိုတဲ့ စည်းကမ်းချက်များ ရှိနေတာလား ...။
အတိတ်အချိန်များတုန်းကလည်း ဂိုဏ်းချုပ်တိုင်းလိုလိုက လက်ဖက်ရည်ကို နှစ်သက်ကြသူများဖြစ်လေသည်။
ဤကဲ့သို့ အစဉ်အဆက်လိုက်ကြီး လက်ဖက်ရည်ကြိုက်နေသည်က မဖြစ်သင့်သည့်ကိစ္စဟု ချွန်းမြောင်တော့ ယူဆလေသည်။ အဲ့လိုအကြိုက်မျိုးကြီးက တကယ်ရော ရှိလို့လား......။
ဂိုဏ်းချုပ်ကမူ လက်ဖက်ရည်ခွက်အား သေသေချာချာယူကာ ချွန်းမြောင်အား ကမ်းပေးလာသည်မို့ ချွန်းမြောင် လက်နှစ်ဖက်နှင့် လက်ဖက်ရည်အား လက်ခံယူလိုက်ရလေသည်။
" လက်ဖက်ရည် မကြိုက်ဘူးဆိုလို့ စိတ်မကောင်းပေမယ့် အရသာလေးတော့ တစ်ခွက်လောက်မြည်းကြည့်ပါဦး"
"ဟုတ်ကဲ့ပါ"
ချွန်းမြောင်က လက်ဖက်ရည်အား တစ်ကျိုက်တည်းသောက်ချလိုက်ပြီး အနံ့အရသာပင် ခံမနေတော့ချေ။ လက်ဖက်ရည်၏ အနံ့အရသာက သင်းပျံ့ကာ ခါးစိမ့်လေးဖြစ်သော်လည်း ချွန်းမြောင်အတွက်မူ ရေနွေးတစ်ခွက်နှင့်ပင် မထူးသည်မို့ အရသာခံမနေတော့ပေ။ ဟွမ်းဂျွန်းကမူ ချွန်းမြောင်အား ငိုရခက် ရယ်ရခက်မျက်နှာနှင့်ကြည့်ကာ သူ၏လက်ဖက်ရည်ခွက်ကိုလည်း ချထားလိုက်လေသည်။
"ဘယ်လိုအရသာရှိလဲ"
"အေးနေပြီ"
"........."
ချွန်းမြောင်၏ အမှန်တိုင်းဖြေလိုက်သည့် အဖြေကြောင့် ဟွမ်းဂျွန်းရင်ခံသွားလေသည်။
"အဟမ်း...ဟုတ်ပါပြီ"
ဟွမ်းဂျွန်က ဖြစ်ပေါ်လာသော ရင်ခံမှုကို ချောင်းတချက်ဟန့်ကာ ဟန်လုပ်ချေဖျက်လိုက်ပြီး သူ၏အမူအရာကိုလည်း ပြန်ထိန်းလိုက်လေသည်။
"တကယ်တော့ ငါဒီနေ့မင်းကို ခေါ်လိုက်တယ်ဆိုတာက မင်းရဲ့လုပ်ဆောင်မှုအတွက် ဆုချီးမြှင့်ချင်လို့..
ဟွားဆန်းက ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးခဲ့လို့ မင်းကိုကျေးဇူးတင်ပါတယ်....မင်းက တကယ့်ကို ချီးကျူးထိုက်တဲ့ အလုပ်ကို လုပ်ခဲ့တာပဲ"
"ကျွန်တော် ဘာမှထွေထွေထူးထူး မလုပ်ခဲ့ပါဘူး..."
"ဘယ်လိုပြောလိုက်တာလဲ...မင်းသာ ဒါတွေကို ရှာမတွေ့ခဲ့ဘူးဆိုရင် ခုချိန် ငါတို့အားလုံးလမ်းပေါ်ရောက်နေလောက်ပြီ"
"ကျွန်တော်က ဒီတိုင်းပဲလေး လမ်းလျောက်ရုံပါ...ပြီးတော့ သေတ္တာကို မတော်တဆတွေ့ခဲ့ရုံပါပဲ"
"ဟားဟား...ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ"
ဟွမ်းဂျွန် ခေါင်းကို ခါရင်ပြောလိုက်လေသည်။
"လောကကြီးမှာ မတော်တဆဆိုတာ မရှိဘူး....အရာအားလုံးက ကြောင်းကျိုးဆက်စပ်ပြီး ဖြစ်ပေါ်လာတာပဲ"
ချွန်းမြောင် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ရလေသည်။ ဟွမ်းဂျွန်သည် သူ့ကိုယ်သူပင် ပြောသလိုလိုနှင့် ချွန်းမြောင်အား တိုက်ရိုက်ပြောနေခြင်းပင်။
ဂိုဏ်းချုပ်က အမြင်တော့ စူးရှသားပဲ ဟုချွန်းမြောင် ရင်ထဲမှကြိတ်ကာ ချီးကျုးလိုက်လေသည်။
"ဟုတ်တယ်မို့လား..ယုအန်း"
"ဟုတ်ပါတယ်...ဂိုဏ်းချုပ်
တိုက်ဆိုင်မှုပဲဆိုရင်တောင် အကြောင်းအရာတွေက အချိတ်အဆက်မိမိ ဖြစ်ပေါ်လာတာမျိးပါ...
ပြီးတော့ သေတ္တာထဲက ပိုင်ဆိုင်မှုတွေကို မင်းက လောဘမတက်ဘဲ ဂိုဏ်းချုပ်ကို သတင်းပေးပြီး အပ်နှံလိုက်ကတည်းက မင်း ဟွားဆန်းအပေါ်မှာ စိတ်ရောလူပါ နှစ်မြှုပ်ထားတာကို သိမြင်လိုက်ရပါတယ်..
ဘယ်လိုလုပ် မင်းရဲ့ ဟွားဆန်းအပေါ်ထားတဲ့ မြတ်နိုးမှုကို လျစ်လျူရှုရဲပါ့မလဲ"
"ဟုတ်တယ်...."
ဟွမ်းဂျွန်က သူ၏ မှတ်ဆိတ်မွှေးများကို ပွတ်ကာ ချွန်းမြောင်အား နွေးထွေးသော အကြည့်များနှင့် ကြည့်နေလေသည်.။
"ဟွားဆန်းကို ဒီလိုအခြေအနေပြန်ရောက်အောင် ကြိုးစားပေးခဲ့တဲ့သူကို ဆုချတယ်ဆိုတာက သဘာဝကျပါတယ်... ငါတို့ကလည်း မင်းကို ဂုဏ်ပြုပေးချင်တယ်...
ဒါကြောင့် မင်းကို ဒီကိုခေါ်လိုက်ရတာပဲ"
"ဆုချမှာလား"
"ဟုတ်တယ်....မင်းလိုချင်တာ တစ်ခုခုများရှိလား"
ချွန်းမြောင်အနည်းငယ် စဉ်းစားသွားရလေပြီ။
သူလိုချင်နေသည့် အရာများ ရှိလေမလား။
"တကယ်လို့ မင်းရှာတွေ့ခဲ့တဲ့ထဲက ငွေပြန်လိုချင်တယ်ဆိုရင်လည်း ငါတို့တွေ တချို့တဝက်ပြန်ခွဲဝေပေးလို့ ရပါတယ်"
"ငွေက မလိုပါဘူး"
"ဟင်..."
ဟွမ်းဂျွန် အလွန်ပင် အံ့အားသင့်သွားလေသည်။ ဤကလေးက လောဘနည်းလွန်းလှပေသည်။
"မင်းက စည်းစိမ်ချမ်းသာတွေ မလိုဘူးလား"
"ဟုတ်ပါတယ်.....ဟွားဆန်းက ကျွန်တော့်ကို နေစရာ ၊ စားစရာ ၊ ဝတ်စရာ အကုန်ထောက်ပံ့ပေးပြီးသားပါ...
ဘာမှ ထပ်မလိုတော့ပါဘူး...ပြီးတော့ ငွေတွေ ယူပြီးတော့ ဘယ်နေရာမှာသွားသုံးရမှာလဲ....
ဟွားဆန်းမှာ ကျွန်တော် ငွေသုံးရမယ့်နေရာလည်း ရှိမနေဘူး...ကျွန်တော်ငွေမလိုချင်ပါဘူး.."
" ဟား....ဒါဆိုလည်း ဟုတ်ပါပြီ"
ဟွမ်းဂျွန်က ရိုးသားကာ လောဘနည်းလွန်းသော ဤကလေးကြောင့် မပြုံးဘဲ မနေနိုင်တော့ပေ။
ချွန်းမြောင်ကမူ မည်သည့်အရာအား တောင်းဆိုရမည်ကို ခေါင်းစားနေပြီဖြစ်သည်။
တောက် ကျင့်စဉ် တောင်းလိုက်ရင် ကောင်းမလား။
ငွေကတော့ သူ လိုကိုမလိုပေ။ ယခုအချိန်တွင် ငွေသုံးရန်မလိုသေးသော်လည်း အနာဂတ်တွင် ငွေသုံးရမည့်ကိစ္စများ ရှိလာနိုင်ပေသည်။ သို့သော်လည်း သူငွေမလိုပေ။
ငွေများအား ဆုအဖြစ်ချီးမြှင့်သည်ကို ငြင်းလိုက်ပါက ဂိုဏ်းချုပ်က သူ့အား လောဘမရှိ ၊ သိုင်းပညာတွင်သာ စိတ်လုံးလုံးနှစ်ထားသော ကလေးဟုသာ ထင်သွားမည်ကို ကောင်းစွာသိလေသည်။ ထို့ကြောင့် ငြင်းလိုက်ခြင်းပင်။
အမှန်တကယ်တွင်မူ ချွန်းမြောင် တွေးနေသည်က ထိုသို့မဟုတ်ပေ။
ဂိုဏ်းချုပ် သူ့အား ငွေပေးတော့ရော မည်မျှပေးနိုင်မည်နည်း။ မူးစုမတ်စုလေးတော့ မလိုချင်ပေ။
သူ့ထံတွင် အမှန်တကယ်ရှိသော ငွေပမာဏအား ဂိုဏ်းချုပ်သိပါက ထိုနေရာတွင်သာ သတိလစ်သွားပေလိမ့်မည်။ သူသည် ဟွားကျေးရွာတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဟွားဆန်း၏ ကြွယ်ဝချမ်းသာမှုဆိုသည်က သူ့အတွက် ဟာသမျှသာ ဖြစ်လေသည်။ သို့ဖြစ်၍ သူ ငွေမလိုပေ။
"ဒါဆိုရင် မင်းဘာလိုချင်လဲ....ပုံမှန်ဆိုရင် သင်ခွင့်မရှိတဲ့ သိုင်းပညာတွေကို သင်ယူချင်လား"
"ဟင့်အင်း ....အဲ့တာတွေလည်း ကျွန်တော် မလိုချင်ပါဘူး"
"ဟမ်...အဲ့လိုလား"
"ဟုတ်ပါတယ်.."
"ဒါဆို မင်းက ဒီသိုင်းပညာ နည်းစနစ်တွေကို ဒီတိုင်း ရှာနေတာလား"
ချွန်းမြောင် သူ၏ခေါင်းကို ခါလိုက်လေသည်။
" အဲ့လိုလည်း မဟုတ်ပါဘူး...
နည်းစနစ်တွေနဲ့ စနစ်တကျ လေ့ကျင့်တာ အချိန်တစ်ခုရောက်တဲ့အခါ တိုးတက်မှုက ပိုကောင်းလာပြီး သိုင်းပညာကိုလည်း ချဉ်းကပ်ရတာ တစ်ဆင့်ပိုလွယ်သွားစေပါတယ်...
ဒါတွေကို ဂိုဏ်းသားတော်တော်များများက သတိမထားမိ ၊ မသိကြပေမယ့် ကျွန်တော်ကတော့ နည်းစနစ်တွေရဲ့ တန်ဖိုးကို ကောင်းကောင်းကြီး သိပါတယ်"
"ဒီလိုဆိုလည်း မင်းက ဘာလိုချင်တာလဲ"
"ဂိုဏ်းချုပ် ကျွန်တော့်ကို အစားကောင်းကောင်းစားပြီး အားမွေးဖို့ ပြောခဲ့တယ်နော်"
" အင်း.......ငါပြောခဲ့တယ်လေ"
"ကျွန်တော့်အထင်တော့ သိုင်းပညာကလည်း အလားတူပါပဲ...
ဖြေးဖြေးချင်း ကျင့်ယူပြီး သင်ယူအဆင့်တက်လို့ ရပါတယ်"
"ဒါပေါ့ ....ဒါပေါ့...မင်းပြောတာမှန်ပါတယ်"
ဟွမ်းဂျွန် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။
သူ ဤကလေးနှင့်စကားပြောဖြစ်လေ ဤကလေးအား သူပိုသဘောကျလာလေဖြစ်သည်။ ကလေးတစ်ယောက်က တောက်ကျင့်စဉ်လမ်းကြောင်းတွင် ဖြတ်လမ်းမရှိသည်မို့ ရိုးရိုးကျင့်ကြံကာ အချိန်ယူရသည့် သဘောတရားကို နားလည်ထားလိမ့်မည်ဟု သူမထင်ထားပေ။
သူ ဒါတွေကို ဘယ်နေရာကနေ သင်ယူခဲ့ရတာပါလိမ့်။
ဟွမ်းဂျွန်သည် အတော်ပင် စိတ်ကျေနပ်နေသည်ကို မဖုံးကွယ်ထားနိုင်တော့ပေ။
ချွန်းမြောင်ကမူ စိတ်ထဲမှ ကျိန်ဆဲနေလေတော့သည်။
ဘယ်သူက ဘယ်သူ့ကို သိုင်းပညာတွေ လက်ဆင့်ကမ်းခဲ့တာလဲ....အရူးကောင်ရဲ့
ငါ မျှဝေခဲ့တာတွေကို ငါ့ကိုပြန်ပြီး လာသင်ချင်နေတယ်ပေါ့...ဖုန်ရှုလိုက်...
ချွန်းမြောင်ကမူ သိုင်းပညာနည်းစနစ်ဆိုသည်က သူအရိုးစွဲနေသောအရာများဖြစ်၍ လိုချင်မနေပေ။ ရှိနေပြီးသောအရာကို ထပ်ယူမည့်အစား ပိုကောင်းသောအရာကို ထပ်၍ ရချင်သည်ကိုကပင် လူ့သဘာဝပေမို့ ချွန်းမြောင် သေချာစဉ်းစားနေရခြင်းဖြစ်သည်။ ထို့ပြင် သူ့ထံတွင် ဂိုဏ်းချုပ်အား မအပ်ဘဲထိန်ချန်ထားသည့် သိုင်းပညာနည်းစနစ်စာအုပ်များကလည်း ရှိနေသေးသည်။ စာအုပ်အားလုံးအား တပြိုင်နက်တည်း ရသွားလျှင် တန်ဖိုးမထားမည်ဆိုးသောကြောင့် ထိုသို့လုပ်ရခြင်း ဖြစ်လေသည်။
အကုန်လုံးကို ဂရုတစိုက်နဲ့ သေသေချာချာလေး လုပ်ပေးဖို့လိုနေလို့ပါ။ ဆရာတူအကိုကြီး ကျွန်တော့်ကို အပြစ်မတင်ပါနဲ့....။
သူသည် အတိတ်ဘဝတုန်းက ဆရာတူအကိုကြီး၏ စကားများကို တဖက်နားကဝင် တဖက်နားကထွက်နှင့် ကလန်ကဆန် လုပ်မိသောကြောင့် နောင်တရသည်။ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ရသည့် တာဝန်နှင့်် ဒုက္ခများကို နားမလည်ဘဲ အမြဲပင် ပြဿနာရှာနေမိခဲ့၍ နောင်တရသည်။ ယခုတွင်မူ သူ၏နောင်တများအတွက် အကောင်းဆုံးပေးဆပ်ရန် ကံကြမ္မာက အခွင့်အရေးပေးခဲ့ပြီဖြစ်လေသည်။
"မင်းမှာ လောဘမရှိတာကတော့ ကောင်းပါတယ်...
ဒါပေမယ့် မင်းကို ဆုတော့ပေးရမှာဆိုတော့ တခြားမင်း လိုချင်တာ ဘာများရှိသလဲ"
ချွန်းမြောင် သူလိုသည့်အရာကို စဉ်းစားရင်းနှင့် အတွေးရသွားလေသည်။
သူလိုသည့်အရာ.... သူလိုသည့်အရာ
စဉ်းစား၍ ရလေပြီ။ သူလိုနေသည့်အရာက လွတ်လပ်မှုပင်။ အရေးကြီးကိစ္စများ ရှိလာလေတိုင်း ယခုထက်ပိုကာ မြန်မြန်ဆန်ဆန်သွားရရန် လိုအပ်လေသည်။
"ဂိုဏ်းခေါင်းဆောင်.....ကျွန်တော်က သိုင်းပညာလေ့ကျင့်ရတာကို တကယ်မပျင်းပါဘူး"
"ငါ မင်းကို မြင်တာနဲ့ သိပါတယ်"
".........."
ချွန်းမြောင်က ချောင်းဟန့်ကာ ဆက်ပြောလေသည်။
"ဒါပေမယ့် သိုင်းပညာလေ့ကျင့်တဲ့နေရာမှာ အကန့်အသတ်လေးတစ်ခုတော့ ထားချင်တယ်...တခါတလေတော့ ဟွားဆန်းကနေ အပြင်ကမ္ဘာကြီးကိုထွက်ပြီး လေ့လာချင်တယ်.....
ဆိုတော့ ကျွန်တော်တောင်အောက်ဆင်းချင်တဲ့အချိန်တိုင်း တောင်အောက်ကိုဆင်းခွင့်ပေးပါ...."
"ဟမ်...."
ဟွမ်းဂျွန် ချွန်းမြောင်၏ တောင်းဆိုမှုကြောင့် မျက်မှောင်ကြုံသွားလေသည်။
"ငါ မင်းရဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်ပါတယ်...
ဒါပေမယ့် မင်းရဲ့တောင်းဆိုမှုက ဟွားဆန်းရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်......
မင်းကို ငါတို့က ဒီတောင်းဆိုမှုကို လိုက်လျောလိုက်မယ်ဆို တခြားတပည့်ဂိုဏ်းသားတွေကြားထဲမှာ ပြောစရာဖြစ်လာလိမ့်မယ်.....
ငါ မင်းရဲ့တောင်းဆိုမှုကို စဉ်းစားပါရစေဦး"
"ဟုတ်ကဲ့ပါ....ဂိုဏ်းချုပ်"
"နောက်ထပ်တောင်းဆိုစရာရှိသေးလား"
"ဂိုဏ်းချုပ်..."
"အင်း....."
" ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အခြေအနေမကောင်းတာကို ဂိုဏ်းချုပ်လည်း မြင်မှာပါ"
"အင်း....လူတိုင်း မြင်ပါတယ်..မင်းခန္ဓာကိုယ် အခြေအနေမကောင်းတာက"
"ပြီးတော့ သမားတော်ကလည်း ကျွန်တော့်ချီတွေက ပျက်စီးနေတယ်လို့ ပြောသွားတယ်လေ"
"အင်း ...ငါကြားလိုက်တယ်"
"အဲ့တာဆို ကျွန်တော့်ကို 'ဖျတ်လတ်ခြင်း' ဆေးလုံးပေးလို့ရမလား"
"ဖျတ်လတ်ခြင်း ဆေးလုံးလား"
"ဟုတ်ပါတယ်...ဟွားဆန်းရဲ့ ဖျတ်လတ်ခြင်းဆေးလုံးပါ...ဂိုဏ်းတော်တော်များများမှာ အဲ့လိုဆေးလုံးတွေ ရှိကြတာပဲ မို့လား"
ဟွမ်းဂျွန်က ချွန်းမြောင်၏ စကားကြောင့် ရယ်လိုက်လေသည်။
"ဟားဟားးးးဖျတ်လတ်ခြင်း ဆေးလုံးတဲ့လား.....ဟုတ်ပါပြီ...ကြားရတာကောင်းလိုက်တာ..ဟားဟား..
ခန္ဓာကိုယ်ကို မူလအခြေအနေကို ပြန်ရောက်စေတဲ့ ဖြည့်စွတ်စာ ....သူ့ထက်ကောင်းတဲ့ ဖြည့်စွတ်စာမရှိတော့တဲ့ ဖျတ်လတ်ခြင်း ဆေးလုံးတဲ့လား...ဟားဟား"
"ဟုတ်ပါတယ်...အဲ့တာပါပဲ"
"ဟုတ်ပါပြီ...မင်းလုပ်ခဲ့တဲ့ အရာရဲ့ ကောင်းကျိုးကို မင်းပြန်ခံစားရမှာပါ...
မင်းလုပ်ခဲ့တာတွေက လုံလောက်ပါတယ်"
ဟွမ်းဂျွန် ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
"မင်း ဟွားကျေးရွာကို သွားချင်တယ်လို့ ပြောခဲ့တယ်နော်"
"ဟမ်......."
"ဒါပေါ့ မင်း သွားလို့ရတယ်....ဟွားဆန်းရဲ့ စည်းကမ်းတွေကို ဆန့်ကျင်ပြီးတော့ မင်းကို မင်းသွားချင်တဲ့အချိန်တိုင်း ဟွားရွာကို သွားခွင့်ပြုလိုက်ပြီ.........
ယုအန်း"
"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"
"ဒီနေ့ကစပြီး ဟွားဆန်းဂိုဏ်းချုပ်ရဲ့ အမိန့်အာဏာနဲ့ ချွန်းမြောင်ကို သူဆန္ဒရှိတိုင်း ဟွားကျေးရွာကို ဆင်းခွင့်ပြုလိုက်ပြီ....တခြား ဘယ်သူ့ဆီကမှ ခွင့်တောင်းနေစရာမလိုတော့ဘူး"
"ဟုတ်ကဲ့ပါ"
"ဒါပေမယ့်လည်း ချွန်းမြောင် မင်းက ဟွားဆန်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်နေတုန်းပဲမို့ မင်းလုပ်သမျှတိုင်းကို တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်....ပြီးတော့ ရွာသားတွေနဲ့ ပြဿနာတစ်စုံတစ်ရာ တက်တာမျိုးကို ရှောင်ရမယ်...
နားလည်ရဲ့လား"
"ဟုတ် ..နားလည်ပါတယ်....ဒါပေမယ့် .....ဟိုလေ..."
ချွန်းမြောင်က ဖျတ်လတိခြင်း ဆေးလုံးအကြောင်းကို အစဖော်ကာ ပြန်မေးချင်နေလေသည်။
"ဖျတ်လတ်ခြင်းဆေးလုံးလေးကရော.........."
"ပြီးတော့ မင်းကို ခွင့်ပြုထားတယ်ဆိုပြီး လေ့ကျင့်ရေးတွေကိုတော့ ပျက်ကွက်လို့ မဖြစ်ဘူး ...ကြားလား"
"....."
"ဟားးးဟ.....ဒါဆို အခုမင်းသွားလို့ရပြီ"
"အာ...မဟုတ်သေးဘူးလေ....ဂိုဏ်းချုပ်...
ဖျတ်လတ်ခြင်း...."
"ငါ မင်းကို အများကြီးမျှော်လင့်ထားတယ်နော်....နောက်လည်း ဆက်ကြိုးစားနေရမယ်"
"ဟုတ်ကဲ့"
"ကောင်းတယ်"
"ဂရုစိုက်ပါ ....ဂိုဏ်းချုပ်"
ချွန်းမြောင်သည် သူ့အား မတရားပင်ပြုံးပြနေသော ဂိုဏ်းချုပ်ကို ဦးညွှတ်အရိုအသေပေးကာ ထွက်လာခဲ့လေတော့သည်။
ချီးလိုပဲ....ငါတော့ နှပ်ချခံလိုက်ရပြီ။
ဒီလောဘကြီးတဲ့အဖိုးကြီးက ငါ့ကို ဆေးလုံးလေးတစ်လုံးတစ်လေတောင် မပေးချင်ဘူး။
ချီး..ချီးးး
ဟင့်...ဟင်.. ။
ငါ့မှာတောင် ဖျတ်လတ်ခြင်းဆေးလုံးမရှိတာ မင်းကိုတစ်လုံးပေးရမတဲ့လား ...ခွေးမျိုးလေးရယ့်။
အပိုင်း ၃၉
သူတောင်းစားနဲ့တူတဲ့ ခေါင်းဆောင် ( ၄)
ချွန်းမြောင် ထွက်သွားသောအခါတွင်မူ ခန်းမထဲတွင် ဟွမ်းဂျွန် ၊ ယုအန်းနှင့် ဟွမ်းဆန်းတို့သာ ကျန်ခဲ့လေသည်။
"မင်းတို့ ဘယ်လိုထင်ကြလဲ"
ယုအန်းကမူ ဟွမ်းဂျွန်၏ မေးခွန်းကြောင့် ပြုံးလိုက်ပြီး ဖြေလိုက်လေသည်။
"သူ့ကို ကြည့်ရတာ သိုင်းပညာတွေကို ကောင်းကောင်းနားလည်ထားတဲ့ပုံပဲ"
" မင်းလည်း ငါ့လိုပဲတွေးနေတာပဲ"
ဟွမ်းဂျွန် ယုအန်း၏ အဖြေကို သဘောကျစွာနှင့် ပြုံးလိုက်လေသည်။
ချွန်းမြောင်က သာမန်ကလေးများနှင့် မတူညီသည်ကတော့ အမှန်ပင်ဖြစ်သည်။ ထို့ပြင် သူ၏ကျေးဇူးနှင့်ပင် ဟွားဆန်းသည် ဒုက္ခနွံထဲမှ လွတ်မြောက်ခဲ့လေပြီး ထူထူထောင်ထောင် အခြေအနေကို ရောက်လာခဲ့ခြင်းဖြစ်လေသည်။ ဟွမ်းဂျွန်၏ အမြင်အရဆိုလျင်ချွန်းမြောင်က အထူးအခွင့်အရေးများပင် ရသင့်နေလေသေးသည်။ သို့သော် ထိုယူဆချက်က ပြင်ပလောကကတွင်တော့ အမှန်တကယ်ကျင့်သုံးရန် အဆင်မပြေပေ။
"သူက ကလေးတစ်ယောက်ဖြစ်နေတာတောင် သူ့ရဲ့စကားလုံးတိုင်းက လေးနက်မှုတွေ ရှိတယ်........
သူ့ရဲ့ စကားတွေကအမြဲကျိုးကြောင်းဆီလျော်ပြီး သူတို့အသက်အရွယ်ကလေးတွေ မတွေးနိုင်တာမျိုးတွေချည်းပဲ"
"ဟုတ်တယ်...အဲ့တာတော့ အမှန်ပဲ"
ယုအန်းကလည်း ချွန်းမြောင်ပေါ်တွင်ထားသောအတွေးများက ဟွမ်းဂျွန်၏အတွေးများနှင့်ထပ်တူပင် လေးနက်လေသည်။
ချွန်းမြောင်နှင့်စကားပြောသည့်အခါတိုင်းတွင်လည်း ကလေးတစ်ယောက်နှင့် ပြောနေသည်ဟု မခံစားရပေ။ ချွန်းမြောင်သည် သူ၏စကားများကို မပြောခင် ချင့်ချိန်ပြီးမှ ပြောဟန်လည်း ရသည်။ ကလေးတစ်ယောက်အနေနှင့် ဤသို့ချင့်ချိန်စဉ်းစားတတ်သည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။
အဲ့တာက ဖြစ်ရောဖြစ်နိုင်လို့လား။
ငါတစ်ယောက်ပဲ စိတ်ထင့်ပြီး ထင်နေတာလား။
ပြောရမည်ဆိုလျှင် ချွန်းမြောင်နှင့်စကားပြောရသည်က အတွေ့အကြုံများသော လူတစ်ယောက်နှင့် ပြောနေရသလိုပင်။
သိုင်းပညာတွင် စိတ်နှစ်နစ်မြောခြင်းကြောင့် ရရှိလာသော တည်ငြိမ်ရင့်ကျက်မှုဟု ခေါင်းစဉ်တပ်ရမလားပင် မသိချေ။
ယုအန်းက သူ့ခေါင်းကို ဖြေးဖြေးညိတ်ကာ ပြောလိုက်လေသည်။
"ကလေးတစ်ယောက်နဲ့ မတူဘဲ သူ့အတွေးတွေက တကယ်လေးနက်တယ်....
သူ ဘာပြောသင့်တယ် မပြောသင့်ဘူးဆိုတာလည်း ဝေဖန်ပိုင်းခြားနိုင်တယ်... ပြောရရင်တော့ သူက တကယ့်ကို အရိပ်အခြေသိပြီး ထူးချွန်ထက်မြက်လွန်းတဲ့ ကလေးပဲ"
"ဟုတ်တယ်"
"ကိစ္စကြီးငယ်သာ မရှိခဲ့ဘူးဆိုရင် သူက တချိန်မှာ ဟွားဆန်းရဲ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်.."
ဟွမ်းဂျွန်ကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့်သဘောကျနေပြီး ဟွမ်းဆန်းကို ကြည့်လိုက်လေသည်။
ဟွမ်းဆန်းကမူ သူတို့စကားပြောနေသည့်တလျောက်လုံး တစ်လုံးတစ်ပါဒမှ ဝင်မပြောဘဲ နားသာနားထောင်နေလေသည်။
"မင်းရော ဘယ်လိုထင်လဲ"
"ကျွန်တော် လူတွေကို မခန့်မှန်းတတ်ပါဘူး....ဂိုဏ်းချုပ်"
"အခုက မင်းကို ခန့်မှန်းခိုင်းနေတာ မဟုတ်ပါဘူး ...သူနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ မေးတာပါ"
"ခံစားရတာလား..."
ဟွမ်းဆန်းက သူ၏မျက်လုံးကိုပိတ်ကာ စဉ်းစားလိုက်လေသည်။ ထို့နောက်တွင်မူ ဖြေးဖြေးချင်းပြောလာလေ၏။
"အဲ့ကလေးက ကလေးတစ်ယောက်နဲ့ မတူဘူး"
"........"
"ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ့ကလေးတွေက အတွေးအခေါ်တွေ အရမ်းလေးနက်ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်.....ဒါပေမယ့် အဲ့ဒီလေးနက်တာက ကလေးတစ်ယောက်လိုပဲ လေးနက်ရမှာဖြစ်ပြီး အရွယ်ရောက်ပြီးသားသူတွေလို ဖြစ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး....
ဟွမ်းဆန်းက ပြောနေရင်းနှင့် ဘေးဘီဝဲယာကို တချက်ကြည့်လိုက်ပြီးမှ ဆက်ပြောလေသည်။
"ဒါပေမယ့် ဒီကလေးက သာမန်နဲ့မတူဘဲ တမင်လုပ်ယူထားတာမဟုတ်ဘဲ အရွယ်ရောက်ပြီးသာလူလို တွေးခေါ်ပြုမူနေတယ်ဆိုတော့ သူ့မှာ ဖုံးကွယ်ထားတဲ့အရာတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်"
"သူက တစ်ခုခုဖုံးကွယ်ထားတယ်လို့ မင်းထင်နေတာလား"
"ကျွန်တော်ပြောချင်တာက အဲ့ဖုံးကွယ်ထားတာက ဆိုးဝါးတာတော့ မဖြစ်နိုင်ပါဘူး ...ဒါပေမယ့်"
ဟွမ်းဆန်းက စကားအားဆက်ကာမပြောတော့ဘဲ ရပ်ထားလိုက်လေသည်။
"ငါ နားလည်ပြီ"
ဟွမ်းဂျွန်က ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။
"မင်း ဘာတွေတွေးနေလဲဆိုတာ ငါသိပါတယ်....အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့...
မင်းက သူ့ကို ကလေးတစ်ယောက်မဟုတ်ဘူးလို့ ထင်နေတာမို့လား"
"ဟုတ်ပါတယ် ..ဂိုဏ်းချုပ်"
"ငါတို့ ဟွားဆန်းက လူတွေကို အသုံးချတဲ့သူတွေ မဟုတ်ဘူး ...ပြုစုပျိုးထောင်ပြီး မြေတောင်မြှောက်ပေးတဲ့သူတွေ...
ကောင်းတဲ့မျိုးစေ့ဆိုရင် အပင်သန်လာအောင် စောင့်ရှောက်ရမှာဖြစ်ပြီး မကောင်းတဲ့မျိုးစေ့ဆို အတတ်နိုင်ဆုံးကောင်းမွန်သွားအောင် လမ်းကြောင်းပျိုးထောင်ပေးရမှာ...
ဒါ ငါတို့တွေရဲ့ တာဝန်ပဲ"
"ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်"
"ယုအန်း"
"ဟုတ်ကဲပါ ......ဂိုဏ်းချုပ်"
"ဆောက်လုပ်ရေးတွေက အခြေအနေဘယ်လိုရှိလဲ"
"တောင်ပေါ်မှာ ရှိနေတဲ့အဆောက်အဦးတွေကို ပြင်တာက လက်ကျန်ပစ္စည်းပြတ်နေလို့ အမြန်ပြီးဖို့တော့ မလွယ်ပါဘူး...... တတ်နိုင်သလောက်တော့ တောင်ပေါ်က သစ်ပင်တွေရောဖြတ်ပြီး သစ်သားစုနေပေမယ့် သစ်ပင်ခုတ်တာရော အခြောက်ခံပြီး ပျဉ်ထိုးဖို့ရောကျ အချိန်လိုပါတယ်...
အမြန်ကြီး ပြီးဖို့က မဖြစ်နိုင်ပါဘူး"
" ငါ သိပြီ "
ဟွမ်းဂျွန်က သူ၏နှုတ်ခမ်းမွှေးများကို ဟန်ပါပါပွတ်လိုက်ပြီး အတည်ပေါက်မျက်နှာကြီးနှင့်် မေးလိုက်လေသည်။
"မင်း ငွေတွေအားလုံးကို ငါတစ်ယောက်ထဲသိမ်းထားတာ ကျေနပ်ရဲ့လား"
"အဲ့လိုမရှိပါဘူး ဂိုဏ်းချုပ်"
"အားလုံးပဲ မှတ်ထားကြပါ...အခုဆိုရင် ဟွားဆန်းက တဖန်ပြန်ပြီးမွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းက ဂိုဏ်းအတွက် သင့်တော်ကောင်းမွန်တဲ့ စိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေးရှိအောင် ကြိုးစားပြီးပြောင်းလဲကြရမယ်.... ဟွားဆန်းကို ထိခိုက်အကျိုးယုတ်စေမယ့်အရာမျိုးတွေ မဖြစ်ရအောင် ဂရုစိုက်ကြရမယ်.... ဒါက ဟွားဆန်းက ပြန်လည်ချမှတ်လိုက်တဲ့ စည်းကမ်းနဲ့ ဆုံးဖြတ်ချက်ပဲ"
"ဂိုဏ်းချုပ်ရဲ့ လုပ်ရပ်တွေက မှန်ကန်လှပါပေတယ်"
ဟွမ်းဂျွန်ကလည်း ခေါင်းညိမ့်လိုက်လေသည်။
"အကြီးအကဲ"
"ဟုတ်ကဲ့ ..ပြောပါ ဂိုဏ်းချုပ်"
ဟွမ်းဆန်းက ဦးညွတ်ကာ အရိုအသေပေးရင် ဖြေလိုက်လေသည်။
"သိုင်းပညာကျမ်းတွေထဲက သိုင်းပညာတွေရဲ့ အဓိပ္ပါယ်နဲ့ နည်းစနစ်တွေကို အနက်ပြန်ဆိုနေတာ တတ်နိုင်သလောက် မြန်မြန်လေးလုပ်ပေးပါ... ..တွန်းအားပေးတာတော့ မဟုတ်ပေမယ်
ဟွားဆန်းရဲ့ ကံကြမ္မာက ဒီနည်းလမ်းတွေကို တပည့်ဂိုဏ်းသားတွေဆီ မြန်မြန်ဖြန့်ဝေပြီး ပြောင်းလဲပေးနိုင်တဲ့အပေါ် မူတည်နေလို့ပါ"
" အတတ်နိုင်ဆုံးကြိုးစားပြီး အမြန်ဆုံးပြီးအောင် ဆောင်ရွက်ပေးပါ့မယ်"
"ကျုပ် မင်းကို ယုံပါတယ်"
အလေးအနက်ထားကာ ပြောနေသော ဟွမ်းဂျွန်အား ကြည့်ကာ ဟွမ်းဆန်းက အကြပ်ရိုက်လာလေသည်။
ငါ ပြောလိုက်ရင် ကောင်းမလား။
မဖြစ်ဘူး ....ငါပြောလိုက်လို့ မဖြစ်ဘူး။
အခုတောင် ဂိုဏ်းချုပ်က ဟွားဆန်းရဲ့အနာဂတ်အတွက် အရမ်းကို မျှော်လင့်နေတာ ငါပြောလိုက်လို့ မဖြစ်ဘူး။
ငါပြောလိုက်ရင် ဂိုဏ်းချုပ်အရမ်းကို အာရုံထွေပြားသွားလိမ့်မယ်။
ဒါပေမယ့်လည်း မပြောရင်ကျ........
ဟွမ်းဆန်း သက်ပြင်းသာချမိလေတော့သည်။
ဟွမ်းဆန်း ထိုအကြောင်းအရာကို သတိထားမိသည့်အချိန်က သူကိုယ်တိုင်လည်း အလွန်အမင်းပင် အံဩတုန်လှုပ်သွားသေးသည်။ သူ၏သံသယများကို မည်သို့ပင်ကြိုးစားထိန်းချုပ်ထားစေကာမူ ထိုစာအုပ်များကို အနက်ပြန်နေသည့်အချိန်တိုင်း သံသယများက မဝင်ဘဲမနေနိုင်ပေ။
နှစ်ရာကျော်ကြာနေပြီဖြစ်သော စာအုပ်များသည် သန့်ရှင်းသပ်ရပ်ကာ အလွန်ပင်ကောင်းမွန်နေသေးသည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။ ဤကိစ္စတွင် လျို့ဝှက်ချက်များစွာနှင့် ဝှက်ဖဲများက များစွာရှိနေလေသည်. ။ သူ၏ ထင်မြင်ချက်သာမှန်ကန်လျှင် ဤစာအုပ်များသည် မကြာသေးမှီကမှ လောလောလတ်လတ်ရေးထားသော စာအုပ်များဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် မည်သူက ရေးသနည်း။ လက်သည်က မည်သူနည်း။
ဟွားဆန်း၏ အရေးကြီးသိုင်းပညာများကို ပြန်လည်ရေးသားပေးထားသူက မည်သူနည်း။ မည်သူက ဤကဲ့သို့ ရေးသားနိုင်သနည်း။
ထိုအချက်ကပင် အဓိပ္ပါယ်မရှိဖြစ်နေခြင်း ဖြစ်လေသည်။ ထိုသို့ ဟွားဆန်း၏ အဖိုးတန်သိုင်းပညာများကို သိနေပါက ထိုကဲ့သို့ စာရေးကာပေးခြင်းထက် လူကိုယ်တိုင်လာပြောကာ လမ်းညွှန်ပေးကာက ဂိုဏ်းချုပ်အပါအဝင် ဟွားဆန်းဂိုဏ်းတစ်ခုလုံးက ထိုလူအား ဘုရင်သဖွယ်ပင် ရိုသေလေးစားကာ စေလိုရာစေ ဆက်ဆံကြပေဦးမည်။ ယခုမူ လူကိုယ်ထင်ပြလာခဲ့ခြင်း မရှိပေ။ ဤသည်က ဟွားဆန်းက နောက်ကွယ်မှ လူသိမခံလိုဘဲ ကာကွယ်ပေးချင်နေသူတစ်ယောက် ရှိနေသည့် အဓိပ္ပါယ်ပင်။
ဟွမ်းဆန်း ခေါင်းကို ပြင်းပြင်းခါလိုက်လေသည်။
သူ အတွေးလွန်နေသည်ပဲ ဖြစ်ပါလိမ့်မည်။
သူသည် သိုင်းပညာစာအုပ်များကို သံသယရှိနေသောကြောင့် အဖန်တလဲလဲ စစ်ဆေးပြီးသော်လည်း ဟာကွက် မှားကွက် မရှိပေ။ အံဩဖွယ်ရာကောင်းလှပေသည်။ တစ်စုံတစ်ရာ လွဲချော်နေသော အမှားသေးသေးလေးပင်ရှိမနေပေ။
ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ်တော့ ပြန်စစ်ကြည့်လိုက်ပါဦးမယ်။
အဲ့လိုစစ်လို့ အမှားတစ်ခုခုရှာတွေ့မှပဲ ခေါင်းဆောင်ကို ပြန်ပြောလိုက်တော့မယ်။
"ထွီ......ဒီဂိုဏ်းကတော့ သူတောင်းစားတောင် လာတောင်းမှာ မဟုတ်ဘူး"
ချွန်းမြောင် မကျေမနပ်နှင့် အနီးရှိကျောက်ခဲတစ်လုံးကို ကန်လိုက်လေသည်။
"ဖျတ်လတ်ခြင်း ဆေးလုံးကျ မပေးဘဲ အရေးမပါတဲ့ ချီးလိုဟာတွေပဲ လုပ်နေလိုက်"
ချွန်းမြောင်၏ ခန့်မှန်းချက်အရဆိုလျင် ဂိုဏ်းချုပ်တွင်လည်း ဖျတ်လတ်ခြင်းဆေးလုံး ရှိနေပုံမရပေ။
မျှော်လင့်ချက်မဲ့ချေပြီ။
ယခင်က ဂိုဏ်းတွင် ငွေမရှိသောကြောင့် ဖျတ်လတ်ခြင်းဆေးလုံး မရှိသည်က သဘာဝကျပေသည်။ သို့သော် ယခုတွင်မူ ငွေရှိလာပြီဖြစ်၍ သူစိတ်ရှည်ရှည်နှင့် ဆေးလုံးရှိလာမည့်အချိန်အထိ စောင့်ရန်သာတတ်နိုင်လေတော့၏။
ဆိုတော့ ငါက ဆေးလုံးရှိလာမည့်အချိန်ကို ထိုင်စောင့်ရုံပဲပေါ့။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းချုပ်သည် သူ့အား ဆေးလုံးအကြောင်းပင် ပါးစပ်ပင်အဟမခံလိုက်သော်လည်း ဟွားကျေးရွာသို့ သွားခွင့်ကမူ ရခဲ့ပြီဖြစ်လေသည်။ ဆိုးတော့ မဆိုးလှချေ။ ပြောရင်းတွေးရင်းပင် သူ၏ အစာအိမ်က နာလာပြန်၏။
အကယ်၍ တစ်စုံတစ်ယောက် ဟွားဆန်းအား ဖျက်ဆီးချင်ပါက ထွေထွေထူးထူး နည်းလမ်းရှာကာ ကြိုးစားနေရန်မလိုပေ။ ဟွားဆန်းသည် နဂိုကပင် သိုင်းပညာမရှိ၊ ဆေးလုံး သုံးည ၊ လူဗလာ ၊ ငွေနိတ္တိနှင့် ပျက်စီးနှင့်ပြီးသားပင် ဖြစ်လေသည်။
ဒီထက်ဆိုးတဲ့အခြေအနေတောင် ဒီလောက်ဆိုးမှာ မဟုတ်တော့ဘူး။ ကောင်းလိုက်တဲ့ ငါရဲ့ကံ။
ချွန်းမြောင် ဂိုဏ်း၏လက်ရှိအခြေအနေအား မကျေမနပ် မချင့်မရဲဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။
ဤသည်ကိုက သူ၏ကံကြမ္မာပင်။
သူ သူ၏အစာအိမ်နေရာကို အသာပွတ်ကာ နှုတ်ခမ်းကို သပ်လိုက်လေသည်။
ဘယ်လောက်တောင် နာကြင်စရာကောင်းလိုက်တဲ့ ချီးကျမှုလဲ။
ချွန်းမြောင်၏ ခန္ဓာကိုယ်ကလည်း သူမျှော်လင့်ထားသကဲ့သို့ မြန်မြန်ဆန်ဆန်ပြန်ကောင်းမလာပေ။ အဆင်ပြေသွားမည်ဟု မျှော်လင့်ထားသော်လည်း သူဝင်ထားရသည့် ကလေး၏ ခန္ဓာကိုယ်က မထင်ထားလောက်အောင်ပင် ချိနဲ့လွန်းနေသည်မို့ အတွင်းချီစွမ်းအားများ၏ ဒဏ်ကိုပင် မခံနိုင်ရှာဖြစ်နေလေသည်။ ပြဿာနာများက သူတွေးထားသည်ထက်ပင် ဆိုးလေ၏။
ဖြစ်နိုင်လျင်မူ အတိတ်ဘဝက သူ၏ခန္ဓာကိုယ်ကိုသာ ပြန်ရချင်နေတော့သည်။
အတိတ်ဘဝမှ ခန္ဓာကိုယ်...အတိတ်ဘဝမှ ခန္ဓာကိုယ်
နည်းလမ်းရချေပြီ။
အတိတ်ဘဝတွင်လည်း ချွန်းမြောင်သည် ကလေးများလည်း သူတို့၏ အတွင်းချီစွမ်းအားကို မြှင့်တင့်တည်ဆောက်နိုင်သည်ဟု ကြားသောကြောင့် အတွင်းချီစွမ်းအင်များ ကောင်းမွန်လာစေရန်သာ တစိုက်မတ်မတ် ကြိုးစားခဲ့ပြီး မိုးထိအောင် အဆင့်တက်ခဲ့ခြင်းဖြစ်လေသည်။ သူ၏ အဆင့်များက မိုးနတ်မင်းဖင်ပင် ဆောင့်မိတော့မတတ်ပင်။
အန္တာရယ်အလွန်များသော်လည်း အောင်မြင်မှုလည်း များသည်။ သေမြေကြီး ၊ ရှင်ရွှေထီး အခြေအနေပင်။
သို့သော် လူဆိုသည်က သေခါမှ အကြံလျော့ လက်လျော့ရသည့်အမျိုးပင်။ အခြားသူမစွမ်းဆောင်နိုင်သော်လည်း မိမိကတော့ စွမ်းဆောင်နိုင်ရမည်။ သို့ရာတွင်မူ ပြဿနာအရင်းအမြစ်က သူကိုယ်တိုင်ပင် ဖြစ်နေလေသည်။ သူ၏ ခန္ဓာကိုယ်က ပြန်လည်မကောင်းမွန်သေးသောကြောင့် မလေ့ကျင့်နိုင်ပေ။ မလေ့ကျင့်နိုင်၍ အဆင့်မတက်ပေ။ အဆင့်မတက်၍ သိုင်းပညာအဆင့်လည်း မတက်ပေ။ အဓိက ပြဿနာကြီးကတော့ သူကိုယ်တိုင်ပင်ဖြစ်နေလေသည်။
ထိုပြင့် သူသည် ဟွားဆန်းပြန်လည်ထူထောင်ရေးကိုသာ အာရုံစိုက်လုပ်ကိုင်နေပြီး သူကိုယ့်သူ ပြန်လည်ကာ ကောင်းမွန်လာအောင် မကြိုးစားမိပေ။ ဤသို့သာ ဆက်သွားပါက သူ၏ခန္ဓာကိုယ် အလုံးစုံကောင်းမွန်ရန်အတွက် နှစ်ဝက်ခန့်မျှ အချိန်ယူရပေလိမ့်မည်။
"မဖြစ်ဘူး.....အဲ့နှစ်ဝက်အတွင်းမှာ ငါသေသွားနိုင်တယ်"
သူသည် အရွယ်ရောက်ပြီးသားလူတစ်ယောက်၏ ကိုယ်အတွင်းဝင်စားမိပါက ကောင်းကောင်းကိုင်တွယ်နိုင်မည်ဖြစ်သော်လည်း ယခုကဲ့သို့ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကမူ သူ့အတွက် အချိန်မရွေး သေဘေးနီးနေစေသလိုပင်။ အားပြတ်နေသော လူငယ်လေးဆိုလျင်မူ ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ ပြန်လည်ကုသချိန် ခြောက်လခန့်ကပင် သူ့အတွက် ဆယ်စုနှစ်တစ်ခုစာမျှ ကြာမြင့်သည်ဟု ထင်စေပေလိမ့်မည်။
ချွန်းမြောင်သည် ယခုပင် ပြည့်စုံကောင်းမွန်သော အခြေခံအုတ်မြစ်တစ်ခုအား ကြိုးစားတည်ဆောက်ခြင်သော်လည်း သူ၏ ကိုယ်ကမူ အဆင်သင့်မဖြစ်သေး။ အဆင်မပြေသေးပေ။ မစောင့်နိုင်လွန်း၍ ပြန်လည်ကုသသည်က ကြာမြင့်လွန်း၍ သူဝင်စားထားသည့်ကိုယ်က လူသားတစ်ယောက်၏ ကိုယ်ပင် ဟုတ်ရဲ့လားဟု ထင်မိလေသည်။
"ငါတော့ နည်းလမ်းရှာဦးမှပါ"
ချွန်းမြောင် အသည်းအသန်ပင် ခေါင်းစားနေရလေပြီဖြစ်သည်။
"ငါ ဖျတ်လတ်ခြင်းဆေးလုံး ရဖို့လိုတယ်"
ဖျတ်လတ်ခြင်းဆေးလုံးကသာလျှင် သူ၏ကမောက်ကမဖြစ်ကာ ပျက်စီးနေသော ချီစွမ်းအင်များကို ပြန်လည်ပြုပြင်ပေးနိုင်မည်ဖြစ်သည်။ အခြားနည်းလမ်း မရှိနိုင်တော့ပေ။
အမှန်တကယ်တွင်မူ ချီပျက်စီးခြင်းအား ကုသနိုင်သည့်နည်းလမ်းက နှစ်နည်းရှိလေသည်။
တစ်နည်းသည် အခြားသူတစ်ယောက်မှ သူ့အား ချီစွမ်းအင်များ လွဲပြောင်းပေးရန်နှင့် တစ်နည်းက ဖျတ်လတ်ခြင်းဆေးလုံးကို စားသုံးရန်ဖြစ်သည်.။
ယခုလက်ရှိအခြေအနေနှင့်ဆိုလျှင် သူ့အား ချီစွမ်းအင်လွဲပြောင်းပေးနိုင်သူက မရှိပေ။ ဖျတ်လတ်ခြင်း ဆေးလုံးကိုသာ စားသုံးရပေမည်။ ဖျတ်လတ်ခြင်း ဆေးလုံးဆိုသည်က ငွေရှိတိုင်း ဝယ်၍မရနိုင်သကဲ့သို့ သူကဲ့သို့ ကလေးတစ်ယောက်အား ဟွားကျေးရွာက မည်သူက ထိုဆေးလုံးအားရောင်းပေမည်နည်း။ သို့သော်လည်း အခြားနည်းလမ်းက မရှိပေ။
"အားးးဒီလိုဆေးလုံးလေးတောင် မရှိဘူး....ချီးချီး ..ခွေးချီးပဲ....
ဘယ်ဂိုဏ်းက ဆေးလုံးတစ်လုံးတောင် မရှိတာမျိုး ကြုံဖူးလို့လဲ....ချီးထဲမှ....ချီးပဲ....ချီးပဲကွာ"
အတိတ်အချိန်တုန်းကမူ ဖျတ်လတ်ခြင်းဆေးလုံးများသည် ဟွားဆန်းတွင် တောင်ပုံရာပုံရှိလေပြီး တစ်လုံးမျှပင် ယူစားသည်က စကားနှင့်ပင် ခွင့်တောင်းရန် မလိုပေ။ ထို့ပြင် ဇီးပန်းပွင့် ဆေးလုံးများလည်း.......
"ဟမ်.....ဟမ်.....ဟမ်....ဇီးပန်းပွင့်ဆေးလုံးကလည်း ဆေးတွေပဲမို့လား"
ဇီးပန်းပွင့်ဆေးလုံးများသည် ကုသရေးဆေးလုံးဟုတော့ ဆို၍မရနိုင်ပေ။ အတိတ်ဘဝတုန်းကမူ ချွန်းမြောင်သည် အနည်းငယ်သန်မာလာသည့်အချိန်မှစ၍ ထိုဆေးလုံးများအား လှည့်ပင်မကြည့်တော့ချေ။ လှည့်ကြည့်သည့် အချိန်တစ်ချိန်တော့ ရှိလေသည်။ အရက်နာကျသည့် အချိန်ပင်။ သေရည်အသောက်များ၍ မအီမသာဖြစ်လျှင် ဇီးပန်းပွင့်ဆေးလုံးက အကောင်းဆုံးပင်ဖြစ်လေသည်။ သူ၏ဆရာတူအကိုကြီးသာ သိလျှင် သူအရိုက်ခံရမည်ဖြစ်သော်လည်း သူ သေရည်သောက်ပြီးသည့် ရက်တိုင်းတွင် ဇီးပန်းပွင့်ဆေးလုံးက မရှိမဖြစ်ပင်ဖြစ်သည်။ သို့သော် သူ၏ ခွန်အားအတွက်မူ ထိုဆေးလုံးက အထောက်အကူမဖြစ်ပေ။
ယခင်ဘဝက သူ့အတွက် အထောက်အကူမဖြစ်သော်လည်း ယခုဘဝ ယခုခန္ဓာကိုယ်အတွက်ဆိုလျင်မူ ထိုဆေးလုံးက အံကျပင်ဖြစ်လေသည်။ သူ၏ ချီစွမ်းအင်များ ပြန်လည်ကုသရာတွင် အတော်ပင် အသုံးဝင်ပေလိမ့်မည်။ ဇီးပန်းပွင့်ဆေးလုံးတွေက ဘယ်နေရာမှာများလဲ။ ဖွတ်ထားခဲ့လောက်သလား။
သေချာပေါက်ကို ဆရာတူအကိုကြီးက သူ့လက်ချက်ကို ကြောက်၍ ဖွတ်ထားလောက်မည်ပင်။ သေချာပေါက်ပင် ဖွတ်ထားသည်ပေါ့။
" ဟားးး"
ချွန်းမြောင်သည် ရပ်ကာစဉ်းစားနေရာမှ ခြေကုန်သုတ်ကာ လျှောက်လေတော့သည်။
"အရက်နာကျတာကို ဖြေဖို့ဆိုတော့....."
ချွန်းမြောင် ခေါင်းကို လှည့်လိုက်လေသည်။
"ငါ ဘာလို့ ဒါကိုစောစော မစဉ်းစားမိတာလဲ"
ဟုတ်သည်။
ဇီးပန်းပွင့်ဆေးလုံးများသည် ထိုနေရာတွင်သာ သေချာပေါက်ရှိပေလိမ့်မည်။
ဟွားဆန်း၏ ပြဿနာအိုး...မဟုတ်သေး ......ဟွားဆန်း၏ မဟာ ပြဿနာအိုး ချွန်းမြောင်၏ လျှို့ဝှက်ဖျတ်လတ်ခြင်းဆေးလုံး....ထိုဆေးလုံး
"တခါတလေကျတော့လည်း စိတ်ပုတ်စိတ်ယုတ်တွေက တကယ်လိုတာကွ....ဟီးးးးဟီး"
ချွန်းမြောင်သည် သူ၏အတိတ်ဖြစ်ရပ်များကို စားမြုံပြန်ကာ တွေးပြီးနောက်တွင်မူ သူ၏အဆောင်နှင့် အတန်ငယ်ကွာဝေးသော ချောက်ကမ်းပါးဆီသို့ ကမူးကရူးပင် ပြေးသွားလေတော့၏။