အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အပိုင်း (၄၃)
ဒါက ဟွားဆန်းပဲလေ ( ၃)
"အား..အေးလိုက်တာ.."
တောင်ပေါ်၏ အာရုံဦးနှင့် မြေပြန့်၏ အာရုံဦးက အအေးဓါတ်ခြင်း မတူပေ။ တောင်ပေါ်၏ အေးစက်စက်အအေးဓါတ်က အရိုးများပင် ခဲသွားတော့မလား ထင်ရလေသည်။
အေးခဲလွန်းနေသောနံနက်ခင်းတွင် တတိယတန်းတပည့်ငယ်များက အိပ်ဆောင်မှထကာ လေ့ကျင့်ရေးခန်းမသို့ ထွက်လာကြလေသည်။
" ငါ အခုတကယ်ကို နိုးနေပြီ"
"ငါလည်း နိုးနေပါပြီ...ဒါပေမယ့် ငါနိုးနေတာကို ငါ့ခန္ဓာကိုယ်ကတော့ မသိသေးတဲ့ပုံပဲ...
အား ပင်ပန်းလိုက်တာ"
" မင်း တရားထိုင်သင့်တယ်.."
"ဘယ်သူက ညမှာတရားထိုင်လို့လဲ"
"အေးပါ..ဟုတ်ပါပြီ"
စကားခေါင်းစဉ်များကို အမျိုးမျိုးပြောင်းလဲကြရင်း ဂိုဏ်းသားတပည့်များက အားကစားရုံဘက်မှတဲများအတွင်းမှ သူတို့အတွက်ပြင်ဆင်ထားသော သဲအိတ်နှင့် ကျောက်ခဲအိတ်များကို သယ်လာကြလေသည်။
"စကားမစပ်...ငါတို့ ဒီလိုဘယ်လောက်ကြာအောင် လေ့ကျင့်ရမှာလဲ"
"မင်းကို ရပ်လို့လာမပြောမချင်းဘဲ"
"ဘယ်သူက လာပြောမှာလဲ"
"ငါလည်း မသိဘူး"
တပည့်ဂိုဏ်းသားလေးများ၏ အတွေးထဲတွင် လူတစ်ယောက်က ရောက်လာလေသည်။
အဲ့မျိုးမစစ်ခွေးသားလေးကတော့...
ကလိမ်ကကျစ် နွားလေး လာပြောမှ ရမှာတဲ့လား....
သူတို့အားလုံးသည် ချွန်းမြောင်နှင့် အဆင့်တူသည့်ဂိုဏ်းသားများဖြစ်သော်လည်း ချွန်းမြောင်က သူတို့အားလုံးအာ အပြည့်အဝ ချုပ်ကိုင်ကာ ဖိနှိပ်ထားလေသည်။ လေ့ကျင့်ရေးများကခက်ခဲသော်လည်း
ချွန်းမြောင်၏ ပညာပေးခြင်းကို ခံရမည်ဆိုး၍ မည်သူကမှလည်း အထွန့်မတက်ရဲကြပေ။
ချွန်းမြောင်အား ဦးစွာပထမဆန့်ကျင်ခဲ့ကြသည့် ဂျိုဂုနှင့် ယွန်းဂျွန်ကပင် သူတို့ထက်နာခံစွာနှင့် လေ့ကျင့်ရေးများကို ရိုရိုကျိုးကျိုးလုပ်နေကြသည့်အခါတွင်မူ တခြားသူများက ပို၍ပင် မတော်လှန်ရဲကြတော့ပေ။ ထိုနှစ်ယောက်ကပင် ချွန်းမြောင်နှင့် အလိုတူအလိုပါဟုပင် ခံစားလာရလေသည်။
"ဒါနဲ့ ဒီရက်ပိုင်းတွေထဲ သူထူးဆန်းနေတယ်လို့ မထင်ဘူးလား"
"ဘာ.."
"သူ့ကြည့်ရတာ နေမကောင်းသလိုပဲ...လေ့ကျင့်ရေး လာဆင်းတာလည်း မတွေ့မိဘူး"
"ဟုတ်သားပဲ"
အစောပိုင်းရက်များတွင်မူ ချွန်းမြောင်သည် သူတို့နှင့်အတူလာကာ လေ့ကျင့်ရင်း တခြားသူများကိုလည်း လေ့ကျင့်ရေးဟု ခေါင်းစဉ်တပ်ကာ နှိပ်စက်တတ်သော်လည်း ယခုရက်ပိုင်းတွင်မူ မတွေ့ရချေ။
"ဒါဆို နေမကောင်းတဲ့သတင်းက တကယ်ကြီးလား"
"တကယ်ကြီးလားဟ"
"ပြောကြတာတော့ ချီပြိုကွဲတာဆိုလားပဲ"
"ဟာ..မဖြစ်နိုင်တာ"
"ဟ..ဖြစ်နိုင်ပါတယ်ဟ...မင်း စဉ်းစားကြည့်စမ်း...သူ တစ်ရက်တခြားပိုပြီးလည်း ပိန်ပိန်ပြီး အားနည်းလာတာတွေ့တယ်မို့လား... ပြီးတော့ နေကောင်းပုံလည်း မရဘူး..
လေ့ကျင့်တာလည်း မလာဘူးလေ..အဲ့တာနေမကောင်းလို့ပေါ့"
"အေး...ဖြစ်နိုင်တယ်ဟ"
"သူလိုလူက အပျင်းတစ်ပြီး မလာတာတော့ မဖြစ်နိုင်ဘူး... တစ်ရက်သုံးကြိမ်လေ့ကျင့်တဲ့သူကြီးဆိုတော့လေ"
"မင်းပြောတာ နားထောင်ကြည့်တော့လည်း ဖြစ်နိုင်သလိုလိုတော့ ရှိသားဟ"
ဂိုဏ်းသားများအားလုံးက အပြောင်းအလဲတစ်ခုကာ မျှော်လင့်ကာ စိတ်ဝင်စားစွာ နားထောင်နေကြလေသည်။
"အာ့ဆို ငါတို့ကရော ဆက်ပြီးလေ့ကျင့်နေရဦးမှာလား"
"....."
တတိယတန်းတပည့်ဂိုဏ်းသားလေးများ၏ မျက်နှာများက ရုတ်တရက်ကြီး အကြပ်ရိုက်ပုံပေါ်သွားကြလေသည်။
အမှန်တိုင်းဆိုရမည်ဆိုလျှင်ဖြင့် သူတို့သည် လေ့ကျင့်ရေးတွင် ညည်းညူနေရင်း အသားကျနေပြီဖြစ်သည်။ လေ့ကျင့်ရေးစစဉ်အခါက အတင်းအကြပ် တွန်းအားပေးကာ စတင်ခဲ့ခြင်းဖြစ်သော်လည်း ယခုတွင်မူ သူတို့သည်လည်း လေ့ကျင့်ရခြင်း၏ အကျိုးဆက်များကို သိလာကြပြီဖြစ်လေသည်။ ချီကျင့်ကြံရခြင်းမတူဘဲ
ကိုယ်ကာယလေ့ကျင့်ရေးကအမှန်ပင် ထိရောက်လေပြီး သူတို့ ယခင်ကထက် ပို၍သန်မာလာသည်ကို သတိထားမိလေသည်။ ထို့ပြင် ပို၍လည်း တည်ငြိမ်ကာ သိုင်းကွက်ဖော်ရာတွင်လည်း ပို၍မှန်ကန်လာခဲ့လေသည်။
လေ့ကျင့်ရေးက ပင်ပန်းဆင်းရဲသည်မှန်သော်လည်း သူတို့အတွက်မူ လေ့ကျင့်ရသည်က ကျင့်သားရကာ အဆင်ပြေနေပြီဖြစ်သည်။ သို့သော်လည်းပဲ ချွန်းမြောင်၏ ကျန်းမာရေးသတင်းကမူ သူတို့၏ စိတ်များကို ကယောက်ကယက်ဖြစ်စေပြီး သက်သက်သာသာနေခဲ့ရသည့် အချိန်ကို ပြန်သွားလိုစိတ်များ တဖွားဖွားပေါ်လာစေတော့သည်။
ငါတို့နေ့တိုင်း နားချိန်လေးတစ်ချိန်တောင် မရဘူး...ဒါပေမယ့်...
တခါတည်းလေးပဲဖြစ်ဖြစ်ပါ....တစ်ခါလေးပါပဲ
အလွန်အကျွံလေ့ကျင့်တာက ကိုယ်ခန္ဓာအတွက် မကောင်းဘူးဆိုတော့ နည်းနည်းလောက်ပြီး လေ့ကျင်ရင်လည်း ရမှာပါ...
လူတိုင်း၏ အတွေးများက တတိတိနှင့် ပြောင်းလဲလာကြလေတော့သည်။
ချွန်းမြောင်လည်း ဒီမှာရှိနေတာမှ မဟုတ်တာ ..ငါတို့ နားလို့ရမှာပါ...
အကြံဆိုးများက လေ့ကျင့်ရေးခန်းမမရောက်မှီပင် တဖွားဖွားပေါ်လာကြပြီး မနက်ခင်းလေ့ကျင့်ရေးကို ပင်ပန်းဆင်းရဲကာ ဒုက္ခခံနေရသည်ဟု ရုတ်တရက်ကြီး ထင်လာကြလေတော့သည်။ ကလေးများဖြစ်၍ စိတ်ပြောင်းလွယ်ကာ သက်သက်သာသာနေချင်သည်က အဆန်းတော့မဟုတ်ပေ။
"ကြည့်...ဒီနေ့လည်း သူမရှိဘူး"
"သူက တကယ်ကြီး တော်တော်ြဖစ်နေတာလား"
" အာ့ဆို ငါတို့ ပြန်လို့ရတယ်ပေါ့"
ဆုံးဖြတ်ချက်များက ယိုင်နဲ့နဲ့ ဖြစ်လာကြပြီဖြစ်သည်။
သူတို့ လေ့ကျင့်ရေးကို လာရသည်က အကြောင်းပြချက်သုံးခုကြောင့်သာ ဖြစ်လေသည်။
နံပါတ်တစ်.....ချွန်းမြောင်ကို ကြောက်၍ဖြစ်သည်။
နံပါတ်နှစ် .....သူတို့၏ အဆောင်မှုးက ချွန်းမြောင်အား အာဏာလွှဲကာ သူတို့အား ကာကွယ်မပေးသောကြောင့် ဖြစ်သည်.။
နံပါတ်သုံး .... ချွန်းမြောင်၏ ခွန်အားအား ကြောက်သောကြောင့်ပင် ဖြစ်လေသည်။
အကြောင်းပြချက် သုံးချက်လုံး၏ အရင်းအမြစ်ကြီးက အသည်းအသန်ဖြစ်နေသည်ဆိုသော သတင်းသည် သူတို့အတွက်မူ သာမန်မဟုတ်ပေ။ ယခုတွင်မူ ကြောက်ရသည့်သူက မရှိတော့ပေ။ လေ့ကျင်ရေးလာရသည့် အကြောင်းပြချက်ကြီးများက ရုတ်တရက်ကြီး ပျောက်ကွယ်သွားလေပြီဖြစ်သည်။
ဆိုတော့ ငါတို့ ပြန်လို့ရပြီပေါ့...
သူက တကယ့်ကို အရိုးပေါ်အရေတင် ဖြစ်နေပြီ..အခြေအနေ အတော်ဆိုးတာ..
ခုချိန် ငါတို့အားလုံးပေါင်းပြီး သူ့ကိုပြန်တိုက်လိုက်ရင် နိုင်မလားပဲ...
တပည့်ငယ်လေးများ၏ မျက်လုံးများက မျှော်လင့်ချက်များနှင့် တလက်လက်တောက်ပလာကြလေသည်။ ဤသည်ကို မြင်သောဂျိုဂုကမူ သက်ပြင်းသာချနိုင်လေသည်။
"ဆရာတူအကိုကြီး"
"သူတို့ကို လွှတ်ထားလိုက်"
ယွန်းဂျွန်က ပြုံးကာပြောလာလေသည်။
" အဲ့တာမှ အမှန်တရားကို သူတို့သိသွားမှာ"
ကျွီ.....
တံခါးဖွင့်သံကြောင့် လူတိုင်းက ခေါင်းလှည့်ကာကြည့်လိုက်ကြပြီး လေ့ကျင့်ရေးသို့ လာရန်လိုအပ်နေသည့် တစ်ဦးတည်းသော သူက ဇီးပန်းဖြူ လေ့ကျင့်ရေးခန်းမ၏ တံခါးကို ဖွင့်လာလေသည်။ တံခါးက ပွင့်လာလေပြီး လူတစ်ဦးဝင်လာသည်နှင့် လေ့ကျင့်ရေးခန်းမက ဆူညံသွားလေတော့သည်။
ဟာ....ဒါက ဘယ်လိုဖြစ်ရတာလဲ...
သေပါပြီ....ငါတော့ သေပါပြီ....
လက်လက်ထကာ တောက်ပနေသောမျက်နှာကြီးနှင့် တစ်စုံတစ်ဦးက တပည့်ဂိုဏ်းသားလေးများကို ရွှန်းရွှန်းစာစာကြီး ပြုံးပြနေလေသည်။ ထိုပြုံးပြနေသည့်လူကြောင့်ပင် တပည့်ဂိုဏ်းသားလေးများအားလုံးက ပြုးပြာကာ စိတ်ညစ်သွားကြလေတော့သည်။
ဟုတ်ပေသည်...
ထိုလူက ပြိုင်စံမပေါ် ဟွားဆန်းကျော် ချွန်းမြောင်ပင် ဖြစ်လေ၏။
မနေ့ကထိပင် လေ့ကျင့်ရေးသို့ ပေါ်မလာသောထိုလူက ယနေ့တွင်မူ လေ့ကျင့်ရေးခန်းမသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပြီဖြစ်လေသည်။
ဘာလို့ သူဖြစ်နေရတာလဲ...
သူ့မျက်နှာကို ဆီတွေများ သုတ်လာတာလား..
ဂျင်ဆင်းတွေများ စားထားတာလားဟ ....
တတိယတန်းတပည့်လေးများကမူ မယုံနိုင်သောမျက်လုံးများနှင့်သာ ချွန်းမြောင်ကို ပြုးကျယ်စွာ ကြည့်နေကြလေသည်။
မနေ့ကထိပင် ချိနဲ့ကာ နေ့လားညလားမကွဲသောသူသည် ယနေ့တွင်မူ ကျန်းမာဝဖြိုး အလှတိုးနေသည်က အဓိပ္ပါယ် မရှိသောကိစ္စပင် ။ မည်သို့ပင်တွေးစေကာမူ လုံးဝလုံးဝလုံးဝ မဖြစ်နိုင်ပေ။ သို့သော်လည်း ချွန်းမြောင်ကမူ အင်အားပြည့်ကာ ဆီလူးထားသကဲ့သို့တောက်ပြောင်သော မျက်နှာကြီးနှင့် သူတို့ရှေ့တွင် မိန့်မိန့်ကြီး ရှိနေလေသည်။ သူတို့၏ ပုန်ကန်တော်လှန်မည်ဟူသောအတွေးသည် မစခင်ကပင် အဆုံးသတ်သွားခဲ့ပြီဖြစ်လေသည်။
ငါတို့တော့ သွားပါပြီ..
အခုတော့ လေ့ကျင့်ရေးက လုပ်ကိုလုပ်ရတော့မယ်...
အိမ်မက်ကောင်းလေး မက်ခဲ့ရလို့ ကျေးဇူးပါ...
ချွန်းမြောင်သည် မျှော်လင့်ချက်မဲ့နေသော မျက်နှာထားများနှင့် ကလေးများကို တချက်ကြည့်ကာ သူတို့၏ရှေ့သို့လျှောက်လာပြီး စကားပြောလိုက်လေသည်။
"အဟမ်းးးအဟမ်းးး"
"လူကြီးမင်းတို့..."
"......"
"ဒီနည်းပြက မင်းတို့ကို မကူညီပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်...ဒီရက်ပိုင်းမှာ ကျန်းမာရေးအခြေအနေကြောင့် မင်းတို့ကို လှည့်မကြည့်နိုင်ခဲ့တဲ့အတွက် အပြစ်မကင်းသလိုလည်း ခံစားရပါတယ်....တာဝန်လည်း မကင်းသလို ခံစားရပါတယ်"
"အာ...မဟုတ်တာ"
"ရပါတယ်...ဖြစ်တာက ဖြစ်ပြီးနေပြီပဲကို"
"ကျွန်တော်တို့ အဆင်ပြေပါတယ်...တော်တော်လေးကို အဆင်ပြေတာပါ"
ကလေးများက တစ်ယောက်တစ်ပေါက်အော်ကာ ပြောနေသော်လည်း ချွန်းမြောင်ကမူ စိတ်မကောင်းသည့် မျက်နှာထားနှင့် ခေါင်းကိုခါကာ ဆက်ပြောလေသည်။
" မဟုတ်တာ...မင်းတို့အားလုံးက ငါမရှိတဲ့အချိန်မှာတောင် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့ကြသေးတာပဲ..
ငါက မင်းတို့ရဲ့ မျှော်လင့်ချက်ကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး...တကယ့်ကို ဒါက အပြစ်တစ်ခုလိုပါပဲ..
ငါ တကယ်စိတ်မကောင်းဖြစ်ရပါတယ်"
လေထုက တဖြည်းဖြည်း ထူးဆန်းလာလေတော့သည်။
သူ အဲ့လိုကြီးမလုပ်လည်း မလုပ်လည်းရပါတယ်...
သူတကယ်ကြီး အဲ့လိုတွေပြောနေမှ ရမှာလား...
ပြောနေတာကြီးက နိမိတ်မကောင်းတဲ့ ခံစားချက်တွေ ရလာသလိုပဲ....
"ဘာပဲပြောပြော.."
"..........."
"ကျွန်တော်က ကျွန်တော်ရဲ့ ပျက်ကွက်မှုအတွက် ပြန်ပြီးမပေးဆပ်ပဲ မနေနိုင်တာမို့လို့ လေ့ကျင့်ရေးလုပ်ဖို့ ပျက်ကွက်ခဲ့တဲ့ နေ့တွေအစား ကျွန်တော်တို့ ပိုပြီးလေ့ကျင့်ကြမယ်"
"ဒီခွေးသား....မျိုးမစစ်ကတော့..."
"ဒီချီးကောင်နဲ့ကတော့ သေသွားတာပဲကောင်းမယ်ထင်တယ်"
"အဲ့သောက်ကောင်ကို ငါပဲသွားသတ်လိုက်ရတော့မလား"
အားလုံးက စိတ်ထဲတွင် ကြိတ်ကာကျိန်ဆဲနေကြသည်ကို သိသော်လည်း ချွန်းမြောင်ကမူ အရေးမစိုက်ပေ။
ခပ်တည်တည်ပင် ။
" မင်းတို့လည်း ငါ့လိုပဲ ထပ်တူတွေးထားကြမယ်လို့ ထင်ပါတယ်....
ပြီးတော့ ဟွားဆန်းရဲ့ အနာဂတ်က မင်းတို့ရဲ့ လက်ထဲမှာရှိနေတယ်ဆိုတာလည်း ခေါင်းထဲကို ထည့်ထားကြပါ..
ပြီးတော့ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစား ရှိကြပါ... ဆိုတော့ကာ..."
ချွန်းမြောင်က စကားစကို ရပ်ကာ နေရာတစ်ခုအား လက်ညှိုးထိုးကာ ညွှန်ပြလေသည်။ လက်ညှိုးညွှန်ရာ ကြည့်လေတော့ ကြာပန်းတောင်ထိပ်က မားမားကြီး ရှိနေလေသည်။
"..........."
"စ........"
".........."
"အရင်သွား ...အရင်ရောက်...အရင်လုပ်....
နောက်ကျမှ ရောက်တဲ့လူတစ်ဝက်က နောက်တစ်ကြိမ် ထပ်လုပ်ရမယ်"
"............."
"မင်းတို့ အခုမသွားကြသေးဘူးလား"
ထိုအချိန်မှာပင် လူအုပ်ထဲက တစ်ယောက်က အော်လိုက်လေပြီး အလင်းလိုအလျင်နှင့် ပြေးသွားလေတော့သည်။ ပြေးသွားသည့်သူက အခြားသူမဟုတ်။ အကြီးဆုံးသော ဆရာတူအကိုကြီး ယွန်းဂျွန်ပင် ဖြစ်လေသည်။
"ဆရာတူအကိုကြီးလား"
ယွန်းဂျွန်းက ကြာပန်းတောင်ထိပ်သို့ မီးတောက်မတတ် အရှိန်နှင့်ပြေးသွားသည်ကို မြင်လေတော့ နောက်တစ်ယောက်ကလည်း သူ့နောက်က ထပ်ကြပ်မကွာ လိုက်သွားလေသည်။
ဒုတိယဆရာတူအကိုကြီး ဂျိုဂုပင် ဖြစ်လေသည်။
"မဟုတ်ဘူးလေ...ဆရာတူအကိုကြီး ....."
"ပြေးကြဟေ့...ပြေးကြဟ"
ထိုသို့နှင့် ကျန်နေသောတပည့်များကလည်း ခြေကုန်သုတ်ကာ စတင်ပြေးကြလေတော့သည်။
"သူက တစ်ညထဲနဲ့ ဘယ်လိုပြန်ကောင်းသွားတာတုန်း"
"ငါလည်း ဘယ်လိုလုပ် သိမှာလဲ"
" ဆရာတူ အကိုကြီး ....ကျွန်တော်တို့ သူ့ကိုဝိုင်းပြီး တိုက်လိုက်သင့်တာကို"
"ထက်မြက်တဲ့ယောက်ျားဆိုတာ မှန်ကန်တဲ့အချိန်ကို ရွေးတတ်ရတယ်ကွ... အခုက အဲ့အချိန်မကျသေးဘူး"
"ငါတော့ ချမ်းလို့သေတော့မယ်ထင်တယ်"
"ဘာ"
"ပြေးကြစမ်းပါ....လေပေါမနေကြနဲ့...ပြေးဟ"
တပည့်ဂိုဏ်းသားများ အားလုံးက သူ့ထက်ငါ အရင်ရောက်ရေးကို ဦးစားပေးကာ ပြေးနေကြလေသည်။ လေ့ကျင့်ရေးပြီးမှသာ ထမင်းစားရမည်ဖြစ်ပြီး နောက်တစ်ပတ် ထပ်ပြေးရလျှင်လည်း လွယ်မည်မဟုတ်ပေ။
နောက်တကြိမ်သာဆိုပါက သေချာပေါက် လေးဘက်ထောက်ကာ ပြေးရတော့မည်ထင်သည်။
လူတိုင်းက အရိုးကြေကြေ အရည်ခမ်းခမ်းပြေးနေကြပြီး အေးခဲနေသည့်အချိန်ကြီးမှာပင် ချွေးသီးချွေးပေါက်များ ကျနေကြတော့သည်။ သူတို့သည် ချွန်းမြောင်၏ ကျန်းမာရေးက နေ့ချင်းညချင်းပင် ကောင်းလာကာ သူတို့အတွက် မျှော်လင့်ချက် မရှိတော့သည်ကို ယခုအချိန်ထိ မယုံနိုင်ကြသေးပေ။ မစခင်ကပင် ပျက်စီးသွားသော တော်လှန်မှုလေးအား နှမြောတသချိန်ပင် ရှိမနေပေ။ ကြာပန်းတောင်ထိတ်သို့ ရောက်အောင် အရင်ပြေးနေရလေသည်။
ချွန်းမြောင်ကမူ ပြေးနေသောကလေးများကိုကြည့်ကာ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်လေသည်။
"ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ မျိုးမစစ်လေးတွေလဲ"
သူတို့တွေက ငါ့ကို အာခံပုန်ကန်ဖို့တောင် တွေးလိုက်ကြသေးတယ်...
မင်းတို့ ဘိုးဘေးကြီးငါက မင်းတို့ပြောသမျှကို မကြားဖူးထင်နေတာလားကွ....
အကုန်ကြားတယ် ..ချီးထုပ်လေးတွေရယ့်
ချီစွမ်းအင်သန့်စင်သွားသည့် အကျိုးဆက် ယခင်ကထက်ပင် ကိုယ်ခန္ဓာအခြေအနေကောင်းမွန်လာပြီး အကြားအာရုံများပါ ထက်မြက်လာကာ ယခင်ကထက် ပို၍နိုးနိုးကြားကြား ရှိလာခြင်းပင်။
"ကောင်းလိုက်တာကွာ"
ဖြစ်ကြောင်းကုန်စင်အား ကြားလိုက်ရသော ချွန်းမြောင်အနေနှင့် ထိုသို့သော အာခံမှုကို လက်ခံပေးနေရန် အကြောင်းမရှိပေ။ အရာအားလုံးအား ဆင်ခြေပေးကာ ရှောင်ရှားနေသူသည် အတိတ်တွင် လူတော်တစ်ယောက် နာမည်ကျော်တစ်ယောက် အောင်မြင်သူတစ်ယောက်ဖြစ်လာရန်အကြောင်းမရှိပေ။ ဟွားဆန်းတွင် လွတ်လွတ်လပ်လပ် သက်တောင့်သက်သာနေလိုလျင် ထိုသို့အခွင့်အရေးနှင့်ထိုက်တန်သော စွမ်းရည်နှင့် ယုံကြည်မှုကို ဖော်ထုတ်ပြသရန် လိုအပ်လေသည်။ လက်သီးပုန်းသာ ပြနေမည်ဆိုလျှင် နောက်လိုက်ဘဝနှင့်သာ အဆုံးသတ်ရမည် ဖြစ်လေသည်။
"မင်းတို့အတွက် စွမ်းရည်တွေကို ငါဖန်တီးပေးနေတာပါ"
ချွန်းမြောင် ပြုံးလိုက်လေသည်။ ချွန်းမြောင်သည် အတိတ်ဘဝတွင် သန်မာကာ ထူးချွန်ခဲ့သော်လည်း ဟွားဆန်း၏ ဂုဏ်သရေကိုမူ မဖော်ဆောင်နိုင်ခဲ့ပေ။ ဤသည်က တစ်ဦးတစ်ယောက်တည်း ထူးချွန်နေရုံနှင့် ပြီးပြည့်စုံမှုမရှိဆိုသည်ကို သိစေခဲ့သော အဓိကအချက်ပင်ဖြစ်သည်။ မရေမတွက်နိုင်သောလူများစွာသည် လောကကြီး၏ အထိတ်အထိပ်နေရာကိုယူကာ လောကအား ကယ်တင်ခဲ့ကြသော်လည်း သူတို့၏ သမိုင်းရာဇဝင်များက မထင်ရှားခဲ့ကြပေ။ တစ်ဦးတစ်ယောက်တည်းဆိုပါက မေ့ပစ်ရန်ဖြစ်ရန်လွယ်လေပြီး နေရာလည်း မရနိုင်ပေ။ သို့ဖြစ်၍ ဂိုဏ်းတစ်ခုလုံးရှိလူများက ထူးချွန်ထက်မြက်ကာ သမိုင်းဝင်မည့်သူများ ဖြစ်နေရန် လိုအပ်ပေသည်။
ရှင်းရှင်းပြောရလျှင်မူ ဂိုဏ်းတစ်ဂိုဏ်း၏ သမိုင်းလှလိုလျှင် ထိုဂိုဏ်းရှိ ဂိုဏ်းသားများအားလုံးက ဂိုဏ်းဂုဏ်ဆောင် ထူးချွန်သူများဖြစ်ရန် လိုအပ်ပေသည်။ ဤသည်ကပင် ကလေးများအား ချွန်းမြောင် အပြင်းအထန် လေ့ကျင့်ပေးနေရခြင်း၏ အကြောင်းအရင်းဖြစ်လေသည်။
ရှောင်လင်ဂိုဏ်းအား အကောင်းဆုံးဂိုဏ်းများအဖြစ် ကျော်ကြားခြင်းသည် ရှောင်လင်ကျောင်းသားတစ်ယောက်တည်း ကွက်ကာထူးချွန်နေ၍ မဟုတ်။ အားလုံးက တညီတညာတည်း ထူးချွန်နေသောကြောင့် ဖြစ်လေသည်။ စုပေါင်းအင်အားကို မည်သူကမှ မတွန်းလှန်နိုင်ပေ။
ဟွားဆန်းပင်လျှင် မတွန်းလှန်နိုင်ခဲ့ချေ။
ဒီတစ်ကြိမ်တော့ အဲ့လိုအဖြစ်မခံနိုင်တော့ဘူး။
အတိတ်ဘဝတွင်မူ သူသည် ဆရာတူအကိုကြီးနှင့် အကြီးအကဲများ၏နည်းလမ်းများကို လိုက်နာခဲ့သော်လည်း ယခု သူ၏လက်ထက် ဟွားဆန်းအား ပြန်လည်တည်ထောင်သည့်အချိန်တွင်မူ သူ၏ကိုယ်ပိုင်နည်းလမ်းများကိုသာ သုံးပေတော့မည်။ ထိုသို့လုပ်ခြင်းက အချိန်ယူရမည်ဖြစ်သော်လည်း အဆုံးသတ်တွင်မူ ပို၍ ကောင်းမွန်ခမ်းနားသော ဟွားဆန်းကို ပုံဖော်နိုင်လိမ့်မည်ဖြစ်သည်။ သူ၏ ဆရာတူအကိုကြီးကတော့ သေချာပေါက်ပင် ထိုနည်းလမ်းကို သဘောကျမည် မဟုတ်ပေ။
" ဒီလိုလုပ်တာ မကျေနပ်ရင်လည်း လူ့ဘဝကို ပြန်လာခဲ့လိုက်လေ"
အတွေးများဆုံးသွားသည့်အခါတွင်မူ ချွန်းမြောင်သည် လက်ကို ပါးစပ်နားသို့ကပ်ကာ အော်လိုက်လေသည်။
"နောက်ဆုံးရောက်တဲ့သူက မနက်စာမစားရဘူးနော်"
ငှက်ဆိုးထိုးသံသဖွယ် ကြေငြာသံဆိုးကြီးကြောင့် ကလေးများက ငိုမဲ့မဲ့ပင် ဖြစ်သွားကြလေတော့သည်။
အပိုင်း (၄၄)
ဒါက ဟွားဆန်းပဲလေ( ၄)
"အဟွတ်...အဟွတ်"
သက်ပင့်ရှိုက်လိုက်သည်နှင့် အေးခဲနေသောလေထုက အဆုတ်တွင်းသို့ အလုအယက်ဝင်ရောက်လာလေသည်။ ဂျိုဂု၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး မောဟိုက်နေကာ မြေပြင်ပေါ်သို့ ယခုပင် လဲကျတော့မလား ထင်ရလေသည်။
သေမတတ်ပဲဟေ့...
သူ၏ကိုယ်အတွင်း အင်အားတစ်စက်ပင် မကျန်တော့သည့်အလားပင်။ ကောင်းကင်ကလည်း အခုမှသာ ရောင်နီလာကာ လိမ္မော်ရောင်ပြေးကာ အလင်းဆောင်လာလေသည်။ ထိုမြင်ကွင်းကြောင့် အနည်းငယ်ပင် အမောပြေသွားသလိုပင်။ အခြားသောသူများ၏ အခြေအနေကို ကြည့်ရန် ဂျိုဂုဘေးဘီကို ကြည့်လိုက်လေသည်။
တိုက်ပွဲကျနေကြသည့် သူချည်းပင်။ အပြေးအလွှားတိုက်ပွဲဝင်လာရသည်မို့ မောဟိုက်တုန်ရင်ကာ မြေပြင်ပေါ်တွင် လဲသူကလဲ ၊ နားသူကနားနှင့် အတုန်းအရုန်းပင်။ စစ်မြေပြင်မှ လူသေလောင်းများအတိုင်းပင်။
ယွန်းဂျွန်တစ်ယောက်သာလျှင် ကျောမတ်မတ်ထိုင်ကာ ဣန္ဒြေရရ အမောဖြေနေလေသည်။
ဆရာတူအကိုကြီးကတော့ ဆရာတူအကိုကြီးပင်။
ဂျိုဂုသည် ယွန်းဂျွန်ထက်သိုင်းပညာတွင်လည်းကောင်း ၊ ဓါးရေးတွင်လည်းကောင်း ပို၍ကောင်းမွန်လေသည်။ သို့သော်လည်း ယခုအချိန်မှသာ ယွန်းဂျွန်းက ဆရာတူအကိုကြီးဖြစ်နေရသည့်အကြောင်းရင်းကို ကောင်းစွာနားလည်သွားလေတော့သည်။ ဂျိုဂုသည် ယွန်းဂျွန်ထက် ရုပ်ပိုင်းဆိုင်ရာများ ပို၍ကောင်းမွန်သော်လည်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင်မူ ယွန်းဂျွန်ကို မည်သို့မှပင် မယှဉ်နိုင်ချေ။ ဆရာတူအကိုကြီး၏ စိတ်ဓါတ်ကြံ့ခိုင်မှုက သာမန်မဟုတ်ပေ။ ဤသို့သော ညင်းပန်းနှိပ်စက်မှုမျိုး ကြုံရပြီးသည်ကိုပင် ဟန်မပျက်နေနိုင်သော သူ၏ စိတ်ဓါတ်ကမူ အလွန်ပင် စံတင်လောက်ပေသည်။
ဂျိုဂု မလေးစားဘဲ မနေနိုင်တော့ပေ။
ဂျိုဂု အခြားတပည့်ငယ်လေးများကို လှည့်ကာ ကြည့်လိုက်လေ၏။
"အဆင်ပြေကြတယ်မို့လား....ထပ်ပြေးကြဦးမလား"
"..........."
အသံလာရာကြည့်လေတော့ သူ့ထက်သုံးဆမျှကြီးသော သဲအိတ်ကိုထမ်းကာ ထိုင်ထလုပ်နေသော ချွန်းမြောင်ကို တွေ့လေသည်။
"အား...ယား....ယိ....သဲအိတ်ကလည်း ပေါ့လိုက်တာ ...ဘာလို့ ဒီလောက်ပေါ့နေရတာတုန်း..
ဟေ့.....မင်းတို့ လေ့ကျင့်လို့ပြီးသွားရင်လည်း မင်းတို့သဲအိတ်လေးတွေ ငှားကြပါဦး...
ဟ....ဘာလို့ မင်းတို့အကုန်လုံးက အိပ်နေကြတာတုန်း"
ဒီမကောင်းဆိုးဝါးနဲ့ စပ်ကျထားတဲ့ မျိုးမစစ်လေးကတော့ ....
ဂျိုဂု အံကိုကြိတ်ကာ တိုးတိုးလေး ကျိန်ဆဲလိုက်လေသည်။ ယနေ့ပြုလုပ်ရသော အပြေးလေ့ကျင့်ခန်းကမူ သူတို့အတွက် အတော်ပင်ပြင်းထန်ကာ ကြမ်းတမ်းလွန်းလှလေသည်။ ချွန်းမြောင်ကမူ သူ၏နလန်ထနေ့ရက်များတွင် ဂိုဏ်းသားတပည့်များနှင့် လေ့ကျင့်ရေးအသစ်စရသည့်အတွက် အတော်ပင် စိတ်လှုပ်ရှားနေသည့်ပုံပင်။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ချွန်းမြောင်အား အာမခံရဲပေ။ ထိုထက်ငါးဆမက ပင်ပန်းသော လေ့ကျင့်ခန်းအား လုပ်ခိုင်းလျှင်လည်း အာခံရဲမည် မဟုတ်ပေ။ သူတို့၏ စောဒကတက်ကာ ငြင်းဆန်ချင်စိတ်များကို သူတို့၏ ရင်တွင်း၌သာ သိမ်းထားကြပေလိမ့်မည်။ အလွန်အမင်းပင် မကျေမနပ်ဖြစ်နေလျင်တောင်ပင် ဦးနှောက်ရှိသူများကတော့ ချွန်းမြောင်ကိုတော့ ပြောရဲကြလိမ့်မည် မဟုတ်ပေ။
အများတကာထက် လေ့ကျင့်ခန်းကို ပင်ပင်ပန်းပန်းလုပ်နေသောချွန်းမြောင်ကမူ တချက်လေးပင် ညည်းညူခြင်းမရှိဘဲ သူ၏လေ့ကျင့်ရေးကိုသာ ဆက်လုပ်နေလေသည်။
"အာ...အခုက ဒီလောက်နဲ့ပဲ ပြီးသွားကြပြီလား"
ချွန်းမြောင်က သူ၏သဲအိတ်များကိုချကာ တပည့်ဂိုဏ်းသားဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"မင်းတို့က ဒီလောက်နဲ့ပဲ နားလိုက်ကြပြီလား.... ဒီခေတ်ကလေးတွေ အတော်ကို ပျော့ကြတာပဲ...
ရည်မှန်းချက်လေးလည်း ထားကြပါဦး..... ငါငယ်ငယ်တုန်းကဆို မင်းတို့လို မဟုတ်ဘူး"
ဘာသောက်စကားပြောလိုက်တာလဲ ခွေးလေးရယ်...
မင်းက ငါတို့ထဲမှာ အငယ်ဆုံးလေ.....
အငယ်ဆုံးသူတစ်ယောက်က သူ့ထက်ကြီးသောကလေးများကို ကလေးဟု ခေါ်ခြင်းက ဖြစ်သင့်သောအရာ ပေလား..
"ကဲ...ကဲ...ဟုတ်ပါပြီ...ဒီနေ့ လေ့ကျင့်ခန်းကတော့ ဒီလောက်ပါပဲ....နောက်ထပ် လုပ်စရာဆိုလို့ မနက်စာစားကြပြီးရင် နေ့လည်ပိုင်းလေ့ကျင့်ရေးကို မပျက်မကွက် တက်ဖို့ပဲ... မလာတာပဲ ဖြစ်ဖြစ်
ပျက်ကွက်တာပဲ ဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် နေ့လည်လေ့ကျင့်ရေးကို မလာတဲ့သူက မနက်ဖြန်ကျရင် အားလုံးထက် နှစ်ဆပိုလုပ်ရမယ်....အားလုံး ရှင်းကြလား"
မကောင်းဆိုးဝါးကောင်..
နတ်ဆိုးကောင်...
မျိုးမစစ် သူတောင်းစား....
လူတိုင်းက သူတို့၏စိတ်ထဲတွင် ကြိတ်ကာ ကျိန်ဆဲနေကြသော်လည်း ခေါင်းကမူ တဆတ်ဆတ်ငြိမ့်ကာ ချွန်းမြောင်ပြောသည်ကို ထောက်ခံနေရလေသည်။ ဘယ်လိုတောင် သောက်အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်တုန်း။
"အာ့ဆိုလည်း ....သွားပြီး နားကြတော့ .....ယူလာတဲ့လေ့ကျင့်ရေးပစ္စည်းတွေလည်း ပြန်သယ်သွားကြဦး"
သူတို့အား ပြောပြီးသည်နှင့် ဇီးပန်းဖြူ အဆောင်ဘက်သို့ သွားလေသော် ချွန်းမြောင်ကို ကြည့်ကာ အားလုံးက သက်ပြင်းချလိုက်ကြလေသည်။
အသား.....
အသားဟင်းက ပေါ်လာပြန်လေပြီ....
ယခုရက်ပိုင်းတွင် ဟွားဆန်းက ငွေအတော့်ကို သုံးနေသည့်ပုံပင်။ ဟင်းပွဲတိုင်းတွင် အသားဟင်းက ပါလေပြီး စားဖိုမှုးပင် ပြောင်းထားသလားပင်။ စားပွဲပေါ်တွင် တည်ခင်းထားသော ဟင်းပွဲတိုင်းကို ကြည့်ကာ ကလေးများက မည်သည့်ဟင်းပွဲကိုမှ မထိကြချေ။
"စားကြလေ..."
ယွန်းဂျွန်က လေသံပျော့လေးနှင့် ခွင့်ပြုလိုက်သော်လည်း မည်သူကမှ မလှုပ်ပေ။
"ဒီနေ့ပါ ဒါတွေထပ်စားရရင် အန်မိတော့မယ်ထင်တယ်"
"ဟင်းတွေထဲမှာ အသားပါတယ်လို့ တွေးလိုက်ရုံနဲ့တင် အန်ချင်သလို ခံစားရတယ်...သေတောင် သေတော့မလားပဲ"
မည်သူကမှ စားချင်စိတ်လည်း မဖြစ်သလို စားချင်နေကြပုံလည်း မရပေ။
"ဆရာတူအကိုကြီး"
"အင်း...."
"ဒါကြီးကတော့ အရမ်းလွန်နေပြီလို့ မခံစားရဘူးလား"
ယွန်းဂျွန်းသည် မေးခွန်းအား မဖြေသကဲ့သို့ မေးနေသည့်မေးခွန်းများကိုလည်း မတားမြစ်ပေ။
"ဒီဟာ....မဟုတ်ဘူး...ငါပြောချင်တာက လေ့ကျင့်ရေးလုပ်ခိုင်းတယ်ဆိုတာ ငါတို့ကောင်းဖို့အတွက်ပါ..
ငါတို့ ဟွားဆန်းကို ရောက်ကတည်းက လေ့ကျင့်ရေးကို ဘယ်သူမှလည်း အပတ်တကုတ် မလုပ်ခဲ့ကြဘူး..
တကယ်တော့ ဟေးလေးဝါးလေးနေရင်း အချိန်ကုန်နေတာထက်စာရင် လေ့ကျင့်ရေးလုပ်နေတာက ပိုပြီးတော့ အကျိုးရှိတယ်လို့ မခံစားရဘူးလား"
" ဒါပေမယ့်"
"ဘာပဲပြောပြော... ဒီနေ့လေ့ကျင့်ရေးအသစ်ကတော့ အရမ်းကိုလွန်လွန်းတယ်.....
တကိုယ်လုံးလည်း နာမနေတဲ့နေရာ မရှိဘူး..."
အားလုံးလိုလိုက ထိုကဲ့သို့ပင် ခံစားနေရတာဖြစ်ပြီး ယွန်းဂျွန်အား သူတို့အစား အရေးဆိုပေးစေခြင်နေကြလေသည်။
"ဆရာတူအကိုကြီး.....ဒီပုံအတိုင်းဆို ကျွန်တော်တို့ သေသွားလိမ့်မယ်"
"ကျွန်တော်ဘယ်လောက်ပဲတင်းထား တင်းထား တစ်ရက်ထက်တစ်ရက် ပိုပိုပြီးတော့ သေတော့မယ့် ခံစားချက်ပဲ ရလာတယ်"
"ကျွန်တော်ဆို အခန်းထဲကို ဝင်လိုက်တာနဲ့ အသေကောင်လို အိပ်မောကြသွားတာ ......အိပ်ယာဝင်တဲ့အချိန်တိုင်း အိပ်နေရင်းနဲ့ သေသွားမှာကိုတောင် ကြောက်နေပြီ....အဟင့်...အဟင့်"
"ကျွန်တော်ဆို တူတောင် မကိုင်နိုင်တော့ဘူး...လက်တွေက အရမ်းကို တုန်နေတာ"
ယွန်းဂျွန်က သက်ပြင်းချလိုက်လေသည်။
"ဘာလို့ပြောနေကြတာတုန်း..."
"ဘာလို့ရမှာလဲ....အကိုကြီးက ချွန်းမြောင်ကို ပြောလို့ရတဲ့ တစ်ယောက်တည်းသောလူလေ..."
"ဟုတ်တယ်လေ....အကိုကြီးက ဆရာတူအကိုကြီးပဲဟာ"
ယွန်းဂျွန်က မျက်မှောင်ကြုတ်မိသွားလေသည်။
မင်းတို့ မှားနေပြီ...သောက်ကလေးတွေရယ့်...
ယွန်းဂျွန်နှင့် ဂျိုဂုသည်လည်း ဤပြင်းထန်သောလေ့ကျင့်ရေးများအကြောင်းကို တချိန်ကဆွေးနွေးကြဖူးလေသည်။ ယခုအချိန်မှမူ သူပြန်ကာ နောက်မဆုတ်နိုင်တော့ပေ။ ဤမျှလေ့ကျင်ခဲ့ပြီးမှ အရှုံးပေးကာ လက်လျော့ရသည်က မဖြစ်သင့်သည့်ကိစ္စပင်။
လေ့ကျင့်ရေးဆင်းနေစဉ်ကာလများအတွင်း ပင်ပန်းဆင်းရဲသည်ကို သူသိလေသည်။ သို့သော် ထိုပင်ပန်းမှုကပင် နောက်လေ့ကျင့်ရေးကို လွယ်ကူသွားစေမည့် ခြေလှမ်းဖြစ်ပေသည်။ အနာမခံလျှင် အသာမစံရပေ။ အနာခံမှသာ အသာစံရပေမည်။ လေ့ကျင့်ရေးများကို အားသွန်ခွန်စိုက်လုပ်ခိုင်းနေသော ချွန်းမြောင်ကလည်း အကြောင်းရင်းခိုင်ခိုင်လုံလုံမရှိပါဘဲနှင့် သူတို့အား ထိုသို့လေ့ကျင့်ရေးများ မလုပ်ခိုင်းနိုင်ဟု ယွန်းဂျွန်ယုံကြည်ထားသည်။ ယွန်းဂျွန်သည်လည်း ထိုသို့လေ့ကျင့်ရေးများ ဆင်းနေရသည့်အတွက် ပင်ပန်းသည်ပင်။ နေ့စဉ်ပင် ဘဝ၏ နောက်ဆုံးနေ့ရက်များကို ရောက်နေပြီဟုပင် ခံစားရလေသည်။
မနက်ခင်း လေ့ကျင့်ရေးဆင်းရမည်ကို သူလည်းကြောက်သည်။ သို့သော် နားလိုက်၍ ရလာမည့်အကျိုးဆက်ကို ပို၍ကြောက်ရွံလေသည်။ ထို့ကြောင့်ပင် အားတင်းကာ လေ့ကျင့်နေခြင်းဖြစ်လေသည်။
ယွန်းဂျွန် တွေဝေသွားပြီး ဂျိုဂုကို လှမ်းကြည့်လိုက်လေသည်။
"ဂု...."
"ဟုတ်ကဲ့ ...ဆရာတူအကိုကြီး"
"မင်းရော ဘယ်လိုထင်လဲ"
"ကျွန်တော်လား...."
ယွန်းဂျွန်က ဂျိုဂုအား မေးလိုက်သည်မို့ လူတိုင်း၏ အာရုံက ဂျိုဂုထံသို့ ကျရောက်လာလေသည်။ တပည့်များအကြားတွင် ဂျိုဂုသည် ဒုတိယအကိုကြီးပင်မို့ မျှော်လင့်ချက်ထားကြသည်လည်း ပါပေသည်။
"ပြောရရင်တော့ အခုပြောနေကြတာက နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်သလိုပဲ"
"ဟမ်....."
"လေ့ကျင့်ရေးက တစ်ရက်ထက်တစ်ရက် ပိုပြင်းထန်ပြီး ပိုပိုခက်လာတာကို လက်ခံပါတယ်...
ခန္ဓာကိုယ်ကလည်း ပိုပိုပြီးတော့ ပင်ပန်းလာသလိုခံစားရတယ်....ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ကြိုက်ပေမယ့် အခုဟာက အရမ်းလွန်နေပြီ"
"အင်း...."
"အိုးကောင်းချင်ရင် နာနာရိုက်တဲ့.... ဒါပေမယ့် ငါတို့က အိုးတွေမှ မဟုတ်တာ ...လူတွေ..
ရိုက်လေ ကျိုးလေပဲ..."
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
"အဓိကပြဿနာက......"
ဂျိုဂု သူရှေ့ဆက်ပြောမည့်စကားကို ပြောသင့်မပြောသင့် ခဏမျှ စဉ်းစားလိုက်လေသေးသည်။
"အဲ့ ခွေးသားလေး.....အယ်....မှားလို့.....ချွန်းမြောင်ကလည်း ဒါကိုသိမှာပဲ "
"အင်း"
ယွန်းဂျွန်က ထောက်ခံကာ နားထောင်လေနေ၏။
ဂျိုဂုနှင့် သူက အတွေးအတူတူပင်ဖြစ်သည်။ အကြောင်းရင်းမရှိပါဘဲနှင့် ထိုသို့သောလေ့ကျင့်ရေးကို လုပ်ခိုင်းမည် မထင်ပေ။ ဤလေ့ကျင့်ရေးကို လုပ်ခိုင်းရသည့် အကြောင်းပြချက်ကောင်းကောင်းကတော့ ချွန်းမြောင်တွင် သေချာပေါက်ရှိနေပေလိမ့်မည်။
"အခုလောလောဆယ်တော့ ခဏလောက်သည်းခံပြီး လေ့ကျင့်ရေးကို ဆက်လုပ်နေကြပြီးမှ ဘာမှဖြစ်မလာဘူး..
ပြောင်းလဲမှုတွေ ရှိမလာဘူးဆိုရင်တော့ ငါတို့ သူ့ကို ပြောကြတာပေါ့....ဟုတ်ပြီလား"
"အဲလိုပဲ လုပ်ကြရအောင်"
ယွန်းဂျွန်နှင့် ဂျိုဂု၏စကားကို လူတိုင်းက လက်ခံကာ သဘောတူလိုက်ကြလေသည်။ လောလောလတ်လတ်အနေနှင့် လူတိုင်းက စိတ်ဖြေစရာရသွားကြပြီး ကျေနပ်သွားကြလေသည်။
"အခုတော့ စားလိုက်ကြရအောင်...မစားနိုင်ရင်လည်း ကြိတ်မှိတ်ပြီးသာ မြိုချလိုက်....
ငါတို့ နေ့လည်ကျရင်လည်း လေ့ကျင့်ရဦးမှာ..အားရှိဖို့ လိုတယ်...မဟုတ်ရင် ကောင်းကောင်းမလေ့ကျင့်လို့ဆိုပြီး အကြီးအကဲက အပြစ်ပေးနေဦးမယ်"
"ဟုတ်ကဲ့...."
"အစားအသောက်များအတွက် ကျေးဇူးတင်ပါတယ်"
လူတိုင်းက တူများကို တုန်တုန်ချိချိလက်များနှင့်ကိုင်ကာ စတင်ကာ စားကြလေသည်။ ဂျိုဂုကမူ ကလေးများ၏မျက်နှာကိုကြည့်ကာ စိတ်မကောင်းပေ။
"အား...ကျွတ်...ကျွတ်....."
ဂျိုဂုက သူ၏အိပ်ယာထဲတွင် လှဲကာအိပ်လိုက်လေသည်။
ငါတော့ ဒီလိုနဲ့ပဲ သေရတော့မယ်ထင်ပါရယ့်.......
ရေချိုးရန် တွေးမိသော်လည်း အိပ်ယာထဲမှ မထွက်ချင်ပေ။ ဟိုလှည့်ဒီလှည့်လုပ်ကာ အကြောဆန့်လိုက်ပြီး မိမိကိုယ်ကို ရေထချိုးရန် အားပေးလိုက်လေသည်.။ ထို့နောက်တွင်မူ ရေချိုးကာ အဝတ်များကိုပင် လျှော်ဖွပ်လိုက်ပြီး အဆောင်သို့ ပြန်လာခဲ့လေသည်။ ရေချိုးလိုက်သည်ကြောင့်ပင် မျက်ခွံများက ပိုကာလေးလံနေပြီး အင်အားများလည်း တစက်မှပင် မရှိတော့သလိုပင်။ လမ်းလျှောက်နိုင်နေသေးသည်ကိုပင် ကျေးဇူးတင်ရပေမည်။
ဂျိုဂုသည် အိပ်ယာအတွင်းသို့ နောက်တကြိမ်ပြန်ဝင်လိုက်ပြန်သည်။
နောက်တစ်ရက် အိပ်ယာနိုးတာနဲ့ ငါ လေ့ကျင့်ရေး လုပ်ရဦးမှာပါလား....
ဂျိုဂုသည်လည်း လေ့ကျင့်ရေးလုပ်နေရသည်ကို အလွန်တရာကျေနပ်နေသည်တော့ မဟုတ်ပေ။
အားလုံးပြီးဆုံးသွားချိန်တွင် ရလာမည့်အကျိုးဆက်ကြောင့်သာ သည်းခံပြီးနေရခြင်း ဖြစ်လေသည်။
အသာစံရန် အနာခံမည် ပင်။
သို့သော်လည်း စိတ်ကိုတင်းထားသည့် ကြားထဲမှပင် တနေ့တခြား သံသယများလည်း ပေါ်ပေါက်လာရသည်။
ပိုပြီးမသန်မာလာခင် လေ့ကျင့်ရေးလုပ်ရင်း သေသွားရင်ရော....
ဒီလေ့ကျင့်ရေးတွေကြားထဲမှာ အသက်ဆက်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား...
သူ၏ အတွေးများကို သတိထားမိသောအခါ ဂျိုဂုက ရှက်သွားလေသည်။ အကြီးပီပီ ဦးဆောင်မည်မရှိဘဲ သူကပါ ရောထွေးကာ လေ့ကျင့်ရေးကို ကြောက်ရွံနေသည်က ဆရာတူအကိုကြီးတစ်ယောက်အနေနှင့်် မဖြစ်သင့်သော ကိစ္စပေ။ ထို့နောက်တွင်မူ ဟိုတွေးဒီတွေးနှင့်ပင် သူအိပ်ပျော်သွားလေတော့သည်။
"ဆရာတူအကိုကြီး..."
".......အင်း........"
"ဆရာတူအကိုကြီး....ထလို့....ထပါဦးဆို....ဆရာတူအကိုကြီး"
"အင်...ဟင်."
ဂျိုဂု မျက်လုံးများကို အိပ်မှုန်စုံမွှားနှင့် ဖွင့်လိုက်လေသည်။ လူတစ်ယောက်က သူ၏မြင်ကွင်းထဲတွင် ပေါ်လာလေသည်။
"ဘယ်သူလဲ"
ဂျိုဂုအား ဖိထားသောလက်လေးကြီးကြောင့် ဂျိုဂုကောင်းစွာနိုးလာလေတော့သည်။
"ပြဿနာတက်အောင် လုပ်မနေနဲ့ .....တိုးတိုးလေး ထပါဆို"
"ချွန်းမြောင်လား"
"အင်း"
ညကြီးအချိန်မတော် ဒီသောက်ရူးက ငါ့အခန်းကို ဘာလာလုပ်တာတုန်း...
တံခါးကိုရော ဘယ်လိုဖွင့်လာတာတုန်း....သောက်ကျိုးနည်း....
"ဘာလဲ....ဘာလာလုပ်လာတာလဲ"
ဂျိုဂု စိတ်ရှုပ်စွာနှင့် နိုးလာလေသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ထားသော်လည်း ခန္ဓာကိုယ်ကမူ လေးလံနေတုန်းပင်.။ ထိုအချိန်မှာပင် ချွန်းမြောင်က ဂျိုဂုအား အရာတစ်ခုပေးလာလေသည်။
"ဒီမှာ"
"ဒါက ဘာလဲ"
"ဖျတ်လတ်ခြင်း ဆေးလုံး"
"ဘာကြီး..."
"ရှုူး...တိုးတိုးပါဆိုမှ"
ဂျိုဂုက အံဩတကြီးထအော်ပြီးမှ သူ၏ပါးစပ်ကိုပြန်ကာ ပိတ်လိုက်လေသည်။
"ဒါက ရဖို့မလွယ်ဘူးနော်....ဆရာတူအကိုကြီးမို့လို့သာ ကျွန်တော်က ပေးတာ"
"ဒါက အစစ်...အစစ်ကြီးလား"
"ကျွန်တော်ကို အကိုကြီးကို လှည့်စားမယ့်သူလား ....အစစ်ဟုတ် မဟုတ် အနံ့ခံကြည့်ပါလား"
ဤဆေးလုံးကအစစ်ပင်...
သင်းပျံ့သောရနံ့က ကိုင်ထားရုံနှင့်ပင် ပြင်းပြင်းပျပျ ရနေလေသည်။ ချွန်းမြောင်အား မေးသည်က သူ့မြင်နေရသည်ကိုပင် မယုံနိုင်၍ မေးခြင်းဖြစ်သည်။
ဖျတ်လတ်ခြင်း ဆေးလုံးတဲ့လား...
ဒီဆေးလုံးအတွက် စစ်တောင်ခင်းကြတယ်ဆိုပြီး သူကြားဖူးခဲ့တာလေ..
ဒီဆေးလုံးကို စားလိုက်တာနဲ့ ချီတွေတိုးပွားလာပြီး အင်အားတွေ ကြီးလာတယ်လို့ ပြောကြတာလေ....
ဒါကို ဒီကောင်လေးက လွယ်လွယ်လာပေးနေတာတဲ့လား...
"ဒီဆေးလုံးမှာ အဆိပ်တော့ မခတ်ထားပါဘူးနော်"
"မဟုတ်ဘူး...မဟုတ်ဘူး...အဲ့လို ပြောချင်တာ မဟုတ်ဘူး"
ဂျိုဂုက အလွန်အမင်းစိတ်လှုပ်ရှားနေ၏။
"မင်း ဒါကို ဘာလို့ ငါ့ကိုပေးတာလဲ...မင်း မသုံးဘူးလား"
"ဆရာတူအကိုကြီးက သုံးဖို့ လိုနေတာလေ"
"........."
"ဘယ်သူမှ မတွေ့ခင် မြန်မြန်စားလိုက်စမ်းပါ......ကျွန်တော် ဒီဆေးလုံးကို အကိုကြီးကိုပေးတယ်ဆိုတာ လုံးဝလျှို့ဝှက်ချက်နော်...ဆရာတူအကိုကြီး တစ်ယောက်တည်းကိုပဲ ပေးတာ..သိလား"
".......မင်း"
ဂျိုဂု ပြန်ပင်မပြောနိုင်တော့ချေ။
အိပ်နေသည်ကို ရုတ်တရက်လာနှိုးကာ ဖျတ်လတ်ခြင်းဆေးလုံးကို လာပေးသည်။
မည်သူကိုမှ မပြောရန် နှုတ်ပိတ်သည်။
ထို့ပြင် ဤဆေးလုံးကလည်း ချွန်းမြောင်ထံတွင် တကယ်ရှိနေသည်။
မေးခွန်းများစွာ သူ့ထံတွင် ရှိနေသော်လည်း မည်သည့်မေးခွန်းက စကာမေးရမည်မှန်း မသိတော့ပေ။
"စားတာ စားလိုက်စမ်းပါ....ပြီးရင် ဘာဆက်လုပ်ရမလဲ ပြောပေးမယ်"
"ငါတကယ်ပဲ ဒါကို စားလိုက်လို့ ရလို့လား"
"ဆရာတူအကိုကြီးကို ကျွန်တော်တကယ်ပေးတာပါ"
ချွန်းမြောင်သည် စိတ်မရှည်စွာနှင့် သူ့လက်ထဲမှ ဆေးလုံးကို ဂျိုဂု၏အာခေါင်ထဲထိသို့ ပစ်ထည့်လိုက်လေတော့သည်.။
ဆေးလုံးက ပါးစပ်ထဲသို့ ရောက်သွးသည်နှင့် အရည်ပျော်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ သန့်စင်သော စွမ်းအင်များ စီးဝင်လာသလိုပင်။ ဖျတ်လတ်ခြင်း ဆေးလုံးအစစ်ဖြစ်သည်ကို သက်သေပင် မလိုတော့ချေ။
"ကျွန်တော်ပြောပြမယ်နော်....ဆေးလုံးက စွမ်းအင်တွေကို စုပ်ယူတဲ့နေရာမှာ အလျင်စလို မလုပ်နဲ့...
အချိန်ယူပြီး ဖြည်းဖြည်းချင်း စုပ်ယူ...တစ်လကျော်လောက်တော့ ကြာလိမ့်မယ်"
"အင်း...ငါသိပြီ"
"အာ့ဆို ဟိုဘက်လှည့်....ကျွန်တော် ပြန်တော့မယ်"
ဂျိုဂုသည် ချွန်းမြောင်အား မျက်ရည်ဝဲနေသော မျက်လုံးများနှင့်ကြည့်ကာ တဖက်သို့လှည့်သွားလေသည်။
ချွန်းမြောင်ကမူ ဂျိုဂု၏ ကျောပြင်ကျယ်ကို ကြည့်ကာ ခပ်ညစ်ညစ်လေးပြုံးလိုက်လေသည်။
ရေငတ်နေတဲ့သူကို ရေတွင်းထဲပစ်ချပေးသလိုက်မျိုးပေါ့...
သူတို့လေးတွေ အထူးတလည်ခံစားသွားရစေချင်လို့ပါ.....
နောက်နေ့မနက် လေ့ကျင့်ရေးခန်းမတွင်မူ သူ၏ဆရာတူအကိုကြီးများက သူ့အား ထိုသို့သော မျက်ရည်လည်ရွဲမျက်လုံးများနှင့် ကြည့်ကြတော့မည်ကို တွေးမိသောအခါ ချွန်းမြောင် ရယ်ချင်သွားလေတော့သည်။
အပိုင်း (၄၅)
ဒါက ဟွားဆန်းပဲလေ(၅)
နောက်တစ်ရက်နံနက်ခင်းတွင် ဖြစ်သည်။
မဟုတ်သေး.......အတိအကျပြောရလျှင် နံနက်ခင်းဟုခေါ်ရန် အလွန်စောသေးသောအချိန် ဖြစ်လေသည်။
အဆောင်ခန်းမ၏ တံခါးကြီးက ပွင့်လာလေသည်။
"မနက်ရောက်နေပြီပဲ"
"အား...ပင်ပန်းလိုက်တာ"
"အိုးးးးးးး"
"ငါတော့ သေတော့မှာပဲ"
နံနက်ခင်းတစ်ခုရောက်လာသည်နှင့် တခြားနံနက်ခင်းများနှင့် ကွဲပြားမှုမရှိစွာပင် စတင်လေတော့သည်။
သို့သော်.....ယခုမနက်တွင်မူ ယခင်နံနက်ခင်းများနှင့်မတူစွာ ကွဲပြားမှုတစ်ခုရှိနေလေသည်။
ယခင်ဆိုလျှင် လူသေကောင်များကဲ့သို့ လေးလံနေသောခြေလှမ်းများက ယခုတွင်မူ အနည်းငယ် သွက်လက်နေလေသည်။ ညည်းညူသံများကလည်း တိတ်ဆိတ်ကာ လှုပ်ရှားနေသောအသံများမှလွဲ၍ တခြားသောအသံများ ထွက်မနေပေ။
မတူကွဲပြားသော စိတ်ခံစားချက်များက သူတို့၏မျက်လုံးတွင် အရိပ်ထင်ကာ နေကြလေ၏။
"လာစမ်းပါ...ဒီနေ့ အသေအလဲကို လေ့ကျင့်ပစ်မယ်"
"လာထား....လာထား...ဒီနေ့ကတော့ အသေအကြေကြိုးစားပြီပဲ"
"လေ့ကျင့်ရေးတွေက ခက်ခဲနေရင် ငါက နှစ်ဆပိုပြီး ကြိုးစားလိုက်မယ်...ဘာမှတ်နေလဲ"
လူတိုင်းက စကားအပိုများ ပြောဆိုမနေကြဘဲ သိုလှောင်ရုံသို့သွားကာ လေ့ကျင့်ရေးပစ္စည်းများကို သွားယူနေကြလေသည်။
ဟ...ဒါက ပေါ့လှချည်လား..
ကြည့်ရတာ မနေ့ကထက် ငါပိုပြီး ခွန်အားတွေတိုးလာပြီ ဖြစ်ရမယ်...
ဆေးလုံးက ငါတစ်ယောက်တည်းအတွက်ပဲ ရတော့ ဆရာတူအကိုကြီးတွေအတွက် စိတ်မကောင်းဖြစ်လိုက်တာကွာ....
ဟုဟုဟု....ဆရာတူညီလေး ချွန်းမြောင်က ငါ့ကိုဒီလိုအဖိုးတန်ဆေးမျိုးပေးတယ်...ရင်ထဲထိသွားပြီကွာ...
တပည့်ဂိုဏ်းသားများအားလုံးက တစ်ဦးကိုတစ်ဦး စိတ်မကောင်းဖြစ်စွာ ကြည့်နေကြလေသည်။
သူတို့ကို ဆေးမပေးဘဲ ငါတစ်ယောက်တည်းပဲရတာသိရင် သူတို့စိတ်ဆိုးကြမလား ...မသိဘူး...
စိတ်မကောင်းဖြစ်လိုက်တာကွာ...ဒါပေမယ့်လည်း မတတ်နိုင်ဘူးလေ...ဒါကလည်း လွယ်လွယ်နဲ့မရနိုင်တဲ့ဆေးလုံး ဖြစ်နေတာကို..
တကယ်ကြီး ဘယ်သူမှကို ထပ်မရတော့တာလား..
အားလုံးက အတွေးကိုယ်စီနှင့် ဗျာများနေကြပြီး အခြားသူများအား မေးချင်ပြောချင်သော်လည်း ချွန်းမြောင်က သေသေချာချာပင် မှာထားသည်မို့ ပြောမထွက်ကြပေ။
ငါ့အတွက် ငါဝမ်းသာပေမယ့် မင်းတို့အတွက် စိတ်မကောင်းပါဘူး သူငယ်ချင်းတို့ရာ.....
တတိယတန်းတပည့်များက တစ်ဦးအတွက်တစ်ဦး စိတ်မကောင်းဖြစ်ကာ မျက်နှာမပြဝံ့ဖြစ်နေကြသော်လည်း အမှန်စင်စစ်ကမူ ဟွားဆန်းရှိ တတိယတန်းတပည့်တိုင်း ဆေးလုံးတစ်လုံးစီ ရခြင်းဖြစ်လေသည်။ သို့သော် ထိုအမှန်တရားကို ချွန်းမြောင်မှလွဲ၍ မည်သူမျှ မသိကြပေ။
အဘယ်ကြောင့် ထိုသို့လုပ်သနည်း...
အဖြေက ရိုးရှင်းပါပေသည်။ ဖျတ်လတ်ခြင်းဆေးလုံးသည် အလွယ်တကူရနိုင်သော အရာမဟုတ်သကဲ့သို့ တကြိမ်တည်းနှင့် များစွာရနိုင်သော ဆေးလုံးလည်း မဟုတ်ပေ။ ငွေများစွာပုံပေးလျှင်ပင် တစ်လုံးရရန်မလွယ်သောဆေးလုံးကို အလုံးများစွာပိုင်ဆိုင်ထားသည်ဆိုသည်က မည်သို့မှပင် ယုတ္တိမရှိသောအရာပင် ဖြစ်သည်။ ထို့ပြင် ထိုဆေးလုံးများကို လူတိုင်းအား စေတနာထက်သန်စွာ ဝေပေးနေသည်ဆိုပါက မည်သူကမှ ယုံကြည်မည် မဟုတ်ကြတော့ပေ။ ထို့ကြောင့်ပင် ချွန်းမြောင်က အကြံထုတ်ကာ လုပ်ဆောင်လိုက်ခြင်း ဖြစ်ပေသည်။
ဒီလိုအဖိုးတန်တဲ့ ဆေးလုံးမျိုး ငါ့ကိုတကယ်ကြီးပေးတယ်....
အား.. ငါ့ကိုယ်ထဲမှာပူပြီး စွမ်းအားတွေ တိုးနေသလိုပဲ....
ကလေးများအားလုံးက ဆေး၏စွမ်းဆောင်ရည်ကို ကောင်းစွာနားလည်ကြသည်မို့ ဖျတ်လတ်ခြင်းဆေးလုံး၏ အလုပ်လုပ်ပုံကိုလည်း ယုံကြည်မှုရှိကြလေသည်။ နွေးထွေးသော စွမ်းအင်များက သူတို့၏ခန္ဓာကိုယ်ထဲတွင် ဖြည်းဖြည်းချင်းတိုးနေသည်ကိုလည်း ခံစားမိကြသည်မို့ လေ့ကျင့်ရေးလုပ်ရာတွင်လည်း ယုံကြည်ချက်များ ရှိနေကြလေသည်။ ချီစွမ်းအင်က အပြည့်အဝ မတိုးပွားလာသေးသော်လည်း သူတို့၏ပင်ပန်းနွမ်းနယ်မှုများကမူ လျော့ကျသွားပြီဖြစ်၍ အတွင်းချီစွမ်းအင်များလည်း တိုးပွားလာပြီဟု ပြော၍ရနိုင်ပေသည်။ လေ့ကျင့်ရေးလုပ်ချင်စိတ်များကိုလည်း လှုံဆော်ခံနေရပြီး ပင်ပန်းသည်ဟုလည်း မခံစားမိကြချေ။
ကျွီ ....
ချွန်းမြောင်က တံခါးကို ဖွင့်ကာဝင်လာသည်နှင့် ကလေးများအားလုံးက အစီအတန်းလိုက် ရပ်လိုက်ကြလေသည်။ ထိုအခြင်းအရာကိုကြည့်ကာ ချွန်းမြောင်ကမူ မပြုံးဘဲမနေနိုင်တော့ပေ။
ကောင်းတယ်...
တလက်လက်တောက်ပကာ မျှော်လင့်ချက်ပြည့်ဝနေသောမျက်လုံးများ..
မျက်လုံးများတလက်လက်တောက်ပနေပုံက ကောင်းကင်တခွင်က ကြယ်များထက်ပင် အရောင်ထွက်မည်ထင်ရလေသည်။
ချွန်းမြောင်အတွက် အလဟသဖြစ်သွားသောဆေးလုံးများသည် ယခုတွင်မူ ကောင်းစွာအသုံးဝင်သွားလေပြီဖြစ်သည်။ ချွန်းမြောင်အတွက်မူ ဆုတ်ယုတ်မှုမရှိသော်လည်း ဤကလေးများအတွက်မူ သိန်းထီပေါက်ကာ ကံထူးသည်ထက်ပင် ပို၍ကံထူးသည့်အဖြစ်မျိုးကြုံကြရသည့်အဖြစ်မျိုးပင်။ တန်ဖိုးဖြတ်ကာ ဝယ်၍မရနိုင်သော အဖိုးတန်ရှားပါးဆေးလုံးကိုပင် သူတို့အားပေးသည်ဆိုသော ကျေးဇူးတင်စိတ်ကလည်း အလိုလိုပင်ဖြစ်သွားပြီး ချွန်းမြောင်အား အမြင်မကြည်ခြင်းလည်း မရှိကြတော့ပေ။ သူတို့အပေါ်တွင် အမှန်တကယ်ပင် စေတနာထားနေသည်ဟု ထင်မှတ်ကာ ယုံကြည်မှုပင် တည်ဆောက်နိုင်သွားလေသည်။
ပြောရရင်တော့ ချွန်းမြောင်ကလည်း လူကောင်းတစ်ယောက်ပါလေ...ငါတို့က အထင်မှားခဲ့တာပဲ...
အဟင့်...ဆေးလုံးက အရမ်းအစွမ်းထက်တာပဲ...ဒီလိုဆေးလုံးမျိုးကိုသူမသုံးဘဲ ငါ့ကိုပေးတယ်...
ကူညီတတ်လိုက်တာ ..ဆရာတူညီလေးရာ...
မင်းရဲ့ သစ္စာရှိတာကြီးက ပြင်းထန်လှချည်လားကွာ...
ဂိုဏ်းသားများ အားလုံးက ချွန်းမြောင်အား နွေးထွေးသောမျက်လုံးများနှင့် ကြည့်နေကြပြီး အကြည့်များက နွေးထွေးလွန်း၍ ချွန်းမြောင်ပင် အနေခက်လာလေသည်။
ဆိုတော့ ဒါက ငါ သူတို့ကို ဖျတ်လတ်ခြင်းဆေးလုံးပေးလိုက်လို့ ဖြစ်သွားကြတဲ့ပုံတွေပေါ့လေ....
ချွန်းမြောင်သည် ကလေးများအား ငိုအောင်လုပ်ပြီးလျှင် အငိုတိတ်အောင် မည်သို့လုပ်ရမည်ကို ကောင်းစွာပင်သိလေသည်။
"ကဲ....ဒါဆို ကျွန်တော်တို့ ဒီနေ့အတွက် လေ့ကျင့်ရေး စလိုက်ကြတော့မလား"
"ဟိုးမှာ..."
ချွန်းမြောင်က ကြာပန်းတောင်ထိပ်ကို ညွှန်ပြလိုက်လေသည်။
"အဲ့ဒီနေရာကို သွားကြပါ"
"အဟားးး"
"ဒီနေ့ကတော့ ငါပထမဖြစ်မယ့််နေ့ပဲ"
"ဖယ်ကြစမ်း..ဖယ်ကြစမ်း.....ငါလာနေပြီ...ပထမလျောင်းလျာကို လာမရှုပ်ကြနဲ့"
ဆရာတူအကိုကြီးများအားလုံးက ကြာပန်းတောင်ထိတ်သို့ အပြေးအလွှားပြေးသွားကြသည်ကို မြင်သောအခါတွင်မူ ချွန်းမြောင် အားပါးတရပင် အော်ရယ်မိလေတော့သည်။
ထူးဆန်းလှချည်လားဟ...
အန်ဂွန်း သူ၏မျက်လုံးများကို မှေးကျဉ်းကာ ကြည့်လိုက်လေသည်။
သူ၏မျက်စိရှေ့တွင်ရှိနေသော တတိယတန်းတပည့်များသည် သူတို့၏သစ်သားဓါးများကို ပုံမှန်အတိုင်းပင် ကိုင်ဆောင်ကာ လေ့ကျင့်နေကြခြင်း ဖြစ်လေသည်။ ဤမြင်ကွင်းက သူမြင်ဖူးနေကြဖြစ်ပြီး အဆန်းမဟုတ်ပေ။
သို့သော် ဆန်းနေသည့်အရာက ရှိလေသည်။
သူတို့ဓါးကိုင်တာတွေက တည်ငြိမ်လှချည်လား..
ဓါးရေးလေ့ကျင့်နေခြင်းက အတူတူပင်ဖြစ်လင့်ကစား ယခင်နှင့်ယခု မတူတော့သည်က တိကျမှုနှင့် တည်ငြိမ်မှုဖြစ်လေသည်။
အန်ဂွန်း မျက်လုံးနှင့် သေချာစွာ စူးစိုက်ကြည့်လိုက်လေသည်။
ခန္ဓာကိုယ်အနေအထားတွေလည်း ပြောင်းလဲနေတယ်။
ခြေဖဝါးတွင် ခန္ဓာကိုယ်၏ မျှချေကရှိလေပြီး ခြေငြိမ်လျှင် သိုင်းကွက်ဖော်ရာတွင် လူကလည်းပိုမိုတည်ငြိမ်လာကာ တိကျမှန်ကန် ကောင်းမွန်သောသိုင်းကွက်များ ဖြစ်လာမည်ဖြစ်လေသည်။
ခြေငြိမ်လျှင် လက်ငြိမ်မည်ဖြစ်ပြီး လက်ငြိမ်လျှင် ဓါး၏ဦးတည်ချက်ကပင် ပို၍ငြိမ်လာမည်ဖြစ်သည်။ ခုတ်ရာတခြား ရှရာတလွဲဆိုသည်များ ဖြစ်ရန်မလိုတော့ပေ။ ဦးတည်သည့်အရာကိုသာ ခုတ်မိရှမိသော ဓါးချက်များ ဖြစ်လာပေလိမ့်မည်.။ ကောင်းလှပေသည်။
တတိယတန်းကလေးများ၏ ပြောင်းလဲမှုသည် အန်ဂွန်းအာ အလွန်ပင်အံ့အားသင့်စေသည်။
ဒီလောက်အချိန်တိုလေးအတွင်းမှာ ဒီလိုပြောင်းလဲသွားတယ်ဆိုတာ ဖြစ်နိုင်လို့လား...
အန်ဂွန်း၏ တွက်ချက်မှုအရဆိုလျှင် ဤသို့သော ဓါးရေးအဆင့်သို့ရောက်ရန်အတွက် အနည်းဆုံး တစ်နှစ်ကျော်မျှ အချိန်ယူရမည်ဖြစ်ပြီး ဤမျှအချိန်လေးနှင့်က လုံးလုံးမဖြစ်နိုင်သောကိစ္စပေ။ အချိန်တစ်လနှင့်ပင် ပြောင်းလဲသည်ဆိုသည်က မယုံကြည်နိုင်ဖွယ်ရာ ကြီးပင်။ ကုန်ကုန်ပြောရလျှင် အချိန်နှစ်နှစ်ကျော် သုံးနှစ်ကြာအောင် သင်ယူရသည်ကို သူလက်ခံနိုင်လေသေးသည်။
"ကျားး"
ဓါးများက လေဟုန်ကိုခွင်းကာ ခုတ်ပိုင်းလိုက်ကြသည်။
ခြေကိုမြောက်ကာ လေကိုခုန်ခုတ်လိုက်သော ခြေကွက်များက ရှင်းလင်းသပ်ရပ်ကာ လဲသူမရှိ၊ ပြိုသူ မရှိ,၊ စနစ်တကျပင် ပြန်ကျကာ သိုင်းကွက်မပျက်ပေ...
"အလို..."
အန်ဂွန်း အာမေဋိတ်ပင် တမိသွားလေသည်။
ကျောင်းသားတပည့်ငယ်လေးများက အလွန်ပင် ယုံကြည်နိုင်ဖွယ်မရှိသောအရှိန်အဟုန်နှင့် တိုးတက်လာကြလေသည်။ ထိုသို့ ရုတ်တရက်ကြီးတိုးတက်လာရသည့်အကြောင်းအရင်းကိုလည်း သူတကယ်ပင် နားမလည်နိုင်တော့ပေ။
နံနက်ခင်း လေ့ကျင့်ရေးကြောင့်များလား....
အွန်ဂွန်း ချွန်းမြောင်သို့ လှည့်ကာကြည့်လိုက်လေသည်။ ချွန်းမြောင်က သူ၏ဓါးအား နောက်တွင်ထားကာ လေ့ကျင့်နေလေသည်။
ထို့သို့ ပြောင်းလဲသွားရသည့်အရင်းအမြစ်သည် ချွန်းမြောင်ကြောင့်ဟုပင် သူထင်နေလေသည်။
ချွန်းမြောင်၏ နံနက်ခင်းလေ့ကျင့်ရေးကလည်း နေ့တိုင်းပင် ပြင်းပြင်းထန်ထန်ရှိနေပြီး ကျောင်းသားများအား ရုတ်တရက်ကြီး အမှန်တကယ်ပင် သန်မာစေလာသည့်အလားပင်။
ဒီလေ့ကျင့်ရေးက တကယ်ကြီးကို ထိရောက်မှုရှိတာလား။
အန်ဂွန်းက ကလေးများအား ထိုသို့နံနက်ခင်းလေ့ကျင့်ရေးကို ခွင့်ပြုထားခဲ့ခြင်းသည် သူတို့ကိုယ်တိုင်ကလည်း လေ့ကျင့်ရေးလုပ်ရန် ဆန္ဒရှိသည်ဆိုသောကြောင့်ပင်။ သို့သော်လည်း အမှန်တကယ်တိုးတက်မှု ရှိလာမည်ဟု မထင်ထားခဲ့ပေ။ ကျောင်းသားများကိုကြည့်ကာ အန်ဂွန်းကိုယ်တိုင်ပင် လေ့ကျင့်ရေးအနည်းငယ် လုပ်ရန်တွေးမိလာလေတော့သည်။
ငါပါ သူတို့နဲ့အတူတူလုပ်ရင် သူတို့လည်းပိုပြီးတော့ တက်တက်ကြွကြွရှိလာကြမယ်ထင်တယ်...
မည်သို့ပင်ဆိုစေကာမူ ကျောင်းသားများကမူ သူတို့၏တိုးတက်မှုကို ကိုယ်တိုင်သတိထားမိလာကြပြီး မိမိတို့ကိုယ်ကိုယ် ကျေနပ်ကာ လေ့ကျင့်ရေးတွင် ပိုမိုစိတ်ပါလာကြလေသည်။
"ဟားးးးဟားးးးဟား"
ထူးဆန်းလှပေသည်။
အဆုံးသတ်တွင်မူ ဇီးပန်းဖြူဆောင်မှ ကျောင်းသားများ လေ့ကျင့်ရေးအား စိတ်ပါလာသည့်ရက်က ရှိလာခဲ့ပေပြီ။
တကယ့်ကို ထူးဆန်းအံဖွယ်ပါပဲ။
စိတ်အားထက်သန်စွာ လေ့ကျင့်နေကြသော ကလေးများကို ကြည့်ကာ အန်ဂွန်းက ကလေးများ လေ့ကျင့်ရေးတွင် အမြဲစိတ်ပါနေစေရန်သာ ဆုတောင်းမိလေတော့သည်။ ကြိုးကြိုးစားစား လေ့ကျင့်နေကြသောကလေးများကိုလည်း ကြည့်ကာ ကလေးများ၏လေ့ကျင့်ရေးကို အားကြိုးမာန်တက် မလုပ်ပေးမိခဲ့သော သူကိုယ့်သူလည်း နောင်တရလေသည်။
ဒီကလေးတွေက ဟွားဆန်းရဲ့ အနာဂတ်ဆိုတာ သိသိကြီးနဲ့ ငါ သူတို့ကို လျစ်လျူရှုခဲ့မိတယ်...
လေ့ကျင့်ရေးကို အားစိုက်ခွန်စိုက် မလုပ်ပေးခဲ့မိဘူး။
ငါ ဆရာ မပီသလိုက်တာ..
အန်ဂွန်းစဉ်းစားမိလေ ဆရာတစ်ယောက်အနေနှင့် အရှက်ရလေ ဖြစ်လာလေ၏။
သူ ဆရာတစ်ယောက်အနေနှင့် တာဝန်မကျေပွန်ခဲ့ပေ။
"ယားးး"
ဂိုဏ်းသားများ အားလုံး၏ ဓါးက ကောင်းကင်သို့ တညီတညွတ်တည်း ညွှန်ချိန်ထားကြလေသည်။
ဤသည်ကိုမြင်သောအခါ အန်ဂွန်းက ခေါင်းကို ငြိမ့်ကာ ပြောလေသည်။
"တော်တယ်...တော်ကြတယ်။
မင်းတို့ ဓါးရေးတွေက သိပ်ကိုကောင်းလာကြပြီ"
အန်ဂွန်းအနေနှင့် တပည့်များကို တကြိမ်တစ်ခါမျှ မချီးကျူးဖူး၍ မည်သို့ဆက်ကာ ပြောရမည်မှန်းပင် မသိတော့ချေ။ ချွန်းမြောင်ဆီသို့ တချက်သာ ခိုးကြည့်လိုက်လေသည်။
ထူးဆန်းလှပါပေသည်။
ဟွားဆန်းသည် အတိတ်တွင်က အပြောင်းအလဲများ မရှိခဲ့ပေ။
သို့သော်လည်း ထိုကလေးရောက်လာသည့်အချိန်မှပင် စကာ အပြောင်းအလဲများက တစ်ခုပြီးတစ်ခုဖြစ်လာလေသည်။ ဂိုဏ်း၏ အကြီးမားဆုံးပြဿနာဖြစ်သော ငွေရေးကြေးရေးပြဿနာသည်
လည်းပဲ ပြေလည်သွားသကဲ့သို့ ဂိုဏ်းသားတပည့်များ၏ လေ့ကျင့်ရေးကလည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။
ချွန်းမြောင် ထိုကလေးသည်လည်းပဲ ဂိုဏ်းသားကလေးငယ်များ၏ တိုးတက်မှုကို သတိထားမိမလားပင်။ ထိုပြောင်းလဲမှုအားလုံးသည် ချွန်းမြောင်၏ ကြိုးပမ်းမှုပေကြောင့်လား...တိုက်ဆိုင်မှုပေပဲလား...မသဲကွဲပေ။
အန်ဂွန်း အားလုံးကို ကြည့်ကာ ပြောလိုက်လေသည်။
"မင်းတို့အားလုံးလည်း သိကြတဲ့အတိုင်းပဲ...စည်းမျဉ်းတွေအရဆိုရင် မင်းတို့ဟာ 'တိုက်ချိ ရှုပ်ထွေးဓါးသိုင်း' ကို သင်ကြားရတော့မှာ ဖြစ်တယ်.....မင်းတို့အားလုံး ကြိုးကြိုးစားစားလေ့ကျင့်နေတာကို မြင်ရတော့ ဆရာ့အနေနဲ့စည်းမျဉ်းတွေကို ဘေးချိတ်ပြီးတော့ အဆင့်မြင့်ဓါးသိုင်းပညာကို ဆက်သင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ"
"အူး....ဟူး....."
"ရေးးးး"
"တိုက်ချိ ရှုပ်ထွေးဓါးသိုင်းကွ"
ကျောင်းသားများက ဝမ်းသာအားရ အော်ဟစ်နေကြသည်ကို တွေ့သောအခါတွင်မူ အန်ဂွန်းပြုံးမိသွားလေသည်။
ကြိုးစားသူများကို ချီးမြောက်သည်က မင်္ဂလာတစ်ပါးပင်။ ဤကလေးများသည် သူတို့ဟွားဆန်း၏ အနာဂတ်များပင် ဖြစ်လေပြီး ကြိုးစားကြသည့် ထိုကလေးများကို မြေတောင်မြှောက်ပေးသည်က သဘာဝကျလေသည်။
"အဲ့တာကြောင့် မပျင်းမရိနဲ့ ဆက်ပြီးတော့ ကြိုးစားကြပါ"
"ဟုတ်ကဲ့ပါ...ဆရာ"
"ဟုတ်ပြီ...ဆက်ပြီး လေ့ကျင့်ကြတော့"
ကလေးများ၏ အသံများနှင့် သက်ဝင်လှုပ်ရှားနေသော လေ့ကျင့်ရေးခန်းမကြီးကိုကြည့်ကာ အန်ဂွန်းပြုံးသာပြုံးနေမိလေတော့သည်။
ထိုအချိန်မှာပင် ခန်းမထဲသို့ လူတစ်ချို့က အလျင်အမြန်ပင် လာခဲ့လေသည်။
"အန်ဂွန်း ဒီမှာရှိလား"
အန်ဂွန်းက မေးသံကြောင့် ခေါင်းလှည့်ကာ ကြည့်လိုက်လေတော့ အလွန်ပင် အံဩသွားလေသည်။
"ဂိုဏ်း...ဂိုဏ်းချုပ်"
အန်ဂွန်း ဂိုဏ်းချုပ်ကို တွေ့လိုက်ရသောကြောင့် အလွန်ပင် အံဩသွားလေသည်။ ဂိုဏ်းချုပ်သည် လေ့ကျင့်ရေးခန်းမသို့ လာလေ့မရှိပေ။ မဟုတ်..။ လာကို မလာသည်ပင်။
" မင်းက အရမ်းကို အလုပ်ကြိုးစားတာ ငါသိပါတယ်......ဒါပေမယ့် ငါမင်းကို ပြောစရာလေး နည်းနည်းရှိနေတယ်.. အချိန်လေး နည်းနည်းပေးလို့ ရမလား"
"ဟုတ်ကဲ့...ရပါတယ် ...ဂိုဏ်းချုပ်"
အန်ဂွန်းက ဂိုဏ်းချုပ်နှင့်စကားပြောရန် ထွက်ခဲ့လေသည်။
"မင်းတို့ ဆက်ပြီး ဓါးရေးလေ့ကျင့်နေကြဦး"
"......"
ဟွမ်းဂျွန်ကမူ ခန်းမအပြင်ဘက်တွင် အန်ဂွန်းအား စကားပြောရန်စောင့်နေလေသည်။
"အန်ဂွန်း"
"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"
"ပြဿနာတက်နေပြီ"
ဟွမ်းဂျွန်က စာအုပ်တစ်အုပ်ကို သူ၏အင်္ကျီလက်ထဲမှ ထုတ်လိုက်ပြီး အန်ဂွန်း၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ အန်ဂွန်းက စာအုပ်ကို လှမ်းယူလိုက်ပြီး မေးလိုက်လေသည်။
"ဒါက ဘာကြီးလဲ"
"ဒီစာအုပ်က ငါတို့ရှာတွေ့တဲ့ သေတ္တာထဲက တွေ့ထားတာ"
"ဪ"
ဟွမ်းဂျွန်က စကားပြောရန် ခဏမျှ တုံ့ဆိုင်းနေလေသည်။ အန်ဂွန်းကမူ ထိုစာအုပ်ကို ဖွင့်ကာ ဖတ်လိုက်လေသည်။
"ဂိုဏ်းချုပ် ...ဒါက ဟန်ချက်ထိန်းခြင်း ခြောက်ဖြာ နည်းပညာ စာအုပ်မို့လား"
"ဟုတ်တယ်...အဲ့တာပဲ"
အန်ဂွန်း မျက်မှောင်ကြုတ်မိသွားလေသည်။
'ဟန်ချက်ထိန်ခြင်း ခြောက်ဖြာ နည်းပညာ' သည် ဟွားဆန်း၏ အခြေခံနည်းပညာစာအုပ်တစ်အုပ်ဖြစ်လေသည်။ သို့သော်လည်း ထို စာအုပ်က ဟွားဆန်းတွင် ပျောက်ဆုံးနေသည်က ကြာပြီဖြစ်သည်မို့ အစားထိုးသင်ကြားနေသည်ကပင် ကြာလေပြီဖြစ်သည်။
"ဒါစာအုပ်ကို ဂိုဏ်းချုပ်က ဘာလို့..."
"မင်း ဒီစာအုပ်ထဲမှာ တစ်ခုခုမတွေ့မိဘူးလား"
"ဟုတ်"
" ငါလည်း ဒီစာအုပ်ကို ပထမဆုံးအကြိမ်ဖတ်တုန်းက ဒီထဲက စာတစ်စောင်ကြောင့် တော်တော်ကို ပြူးပြူးပြာပြာ ဖြစ်သွားရတာ"
"ဘယ်လို...."
" နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်....အဲ့မှာ ရေးထားတဲ့ စာတစ်စောင်ရှိတယ်"
အန်ဂွန်းက ဂိုဏ်းချုပ်၏စကားကြောင့် စာအုပ်ကို အမြန်ပင် လှန်ကာကြည့်လိုက်လေသည်။ ရေးထားသော စာကို မြင်သောအခါတွင်မူ သူ၏မျက်နှာက ရှုံတွသွားလေတော့သည်။ အန်ဂွန်း၏ လက်များပင် တုန်လာလေတော့သည်။
စာတစ်စောင်က ဤသို့စလေသည်။
အောင်မြင်လိုသော သူအပေါင်းသို့ ......
ဟွားဆန်းရှိ လူတိုင်း နည်းပညာမှားကာ တိုးတက်မှုမနှောင့်နှေးစေရန်အလို့ငှာ ဤစာကို ရေးလိုက်ပါသည်။
အိမ်တစ်အိမ် တည်ဆောက်ရာတွင် အခြေခံအုတ်မြစ် ခိုင်မာမှသာ တည်ဆောက်သော အိမ်သည် ခိုင်မာကဲ့သို့ပင်
သိုင်းပညာသည်လည်း အခြေခံသေချာမှသာ နောင်တွင်လေ့ကျင့်သော သိုင်းပညာများက အစွမ်းထက်ကာ ထိရောက်မှုရှိလိမ့်မည် ဖြစ်သည်။
ဟန်ချက်ထိန်းခြင်း ခြောက်ဖြာနည်းပညာသည် ဟွားဆန်း၏ နောက်ခံကျောရိုးဖြစ်သည့် အခြေခံအုတ်မြစ် သိုင်းပညာပင် ဖြစ်လေသည်။ သို့ဖြစ်၍ ဟန်ချက်ထိန်းခြင်း ခြောက်ဖြာနည်းပညာအား ထိန်ချန်သင်ကြားခြင်း ၊ သင်ရိုးမှ ဖြုတ်ပစ်ခြင်းတို့သည် ဟွားဆန်း၏ ပင်မကျောရိုးအား ရိုက်ဖြုတ်လိုက်ခြင်းပင် ဖြစ်၍ ထိုသို့ပြုလုပ်ခြင်းကို အထူးပင်သတိပြု၍ ရှောင်ရှားကြကုန်....
အစကောင်းမှ အနှောင်းသေချာမည်ကို စိတ်တွင်စွဲ၍ လုပ်ဆောင်ကြကုန်.....
ချစ်လှစွာသော အောင်မြင်လိုသူအပေါင်းတို့.........