← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း (၄၆)

မှားနေရင်လည်း အာမခံနဲ့( ၁)

"ဒါ...ဒါက ဘာလဲ"

အန်ဂွန်းက အံဩတကြီးနှင့် ဟွမ်းဂျွန်ကို ကြည့်လိုက်လေသည်။ ဟွမ်းဂျွန်ကမူ အဝေးက တောင်တန်းကြီးများကို ငေးကြည့်နေပြီး ပြောစရာစကားလုံးများပင် ပျောက်ဆုံးနေသည်ပုံပင်။

"ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ"

အမှာထားခဲ့သောစာအား မြင်ပြီးသည့်နောက်တွင်မူ သူက အလွန်ပင် စိတ်ရှုပ်ထွေးနေသည့်ပုံပင်။

ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သင်ကြားခဲ့သော ဟွာဆန်း၏ အခြေခံလေ့ကျင့်ခန်းများဖြစ်လေပြီး အခြေခံဓါးရေးသင်ကာစသူပင် သင်ကြားရသော သင်ခန်းစာများလည်း ဖြစ်ပေသည်။ ထိုသင်ခန်းစာများကို ဖတ်ကာ လှုပ်ရှားမှုဟန်ရေးများကို အရင်မှတ်သားရပြီးမှသာ သိုင်းပညာကို စတင်သင်ကြားရခြင်း ဖြစ်လေသည်။

သို့သော် ရာစုနှစ်တစ်ခုကြာခဲ့ပြီးသည့်နောက်တွင်မူ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီဖြစ်လေသည်။ ဟွာဆန်းသည် နည်းပညာပိုင်းဆိုင်ရာ သင်ကြားရေးစာအုပ်များ ပျောက်ဆုံးခဲ့ပြီး ဟွာဆန်းတွင် အစဉ်အမြဲနေသည့် ဂိုဏ်းသားများလည်း မရှိတော့ပေ။ ထို့ကြောင့် အချိန်ပေး၍ နှစ်အတော်ကြာသင်ယူရသော သင်ရိုးများနေရာတွင် လွယ်ကူကာ အချိန်အနည်းငယ်သာ ပေးရသော သင်ရိုးများနှင့် အစားထိုးခဲ့ကြလေသည်။ ထိုသင်ရိုးနှင့် လေ့ကျင့်သင်ကြားခဲ့သည်ကပင် အတော်ကြာနေပြီဖြစ်လေသည်။ ထို့အပြင် 'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ကို မသင်ကြားတော့၍ မည်သူကမှလည်း ဂရုတစိုက်မေးမြန်းခြင်း မရှိကြပေ။

"ဂိုဏ်းချုပ်...အခုသင်ရိုးက ကျွန်တော်တို့အားလုံး မြန်မြန်ပြီးအောင်လို့ ဆုံးဖြတ်ချက်ချပြီး သင်ခဲ့ကြတာ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်...ဒါပေမယ့်"

ဟွမ်းဂျွန်က သက်ပြင်းရှိုက်လိုက်လေ၏။

"ဒါကြောင့်လည်း မင်းရဲ့ယူဆချက်ကို မေးဖို့ ဒီနေရာကို ငါရောက်နေတာပေါ့....မင်း ပြောသလိုပါပဲ အားလုံးက ဟွာဆန်းကောင်းဖို့ 'အမှန်ဟန်ချက် ခြောက်ဖြာ' ကို အစားထိုးသင်ခဲ့ကြတယ်ဆိုပေမယ့် ဘိုးဘေးတွေရဲ့ စကားကိုလည်း ပယ်ရှားတယ်ဆိုတာက မဖြစ်သင့်ဘူးလေ"

"........"

အန်ဂွန်းက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။

ဤသည်က အကြံပြုစာမဟုတ်။ အမိန့်ပေးစာပင် ဖြစ်သည်။ ဘိုးဘေးများက မှာကြားထားခဲ့သည့် အမိန့်စာပင်။ ကမ္ဘာပေါ်ရှိ ဂိုဏ်းတိုင်းက ရှေးအစဉ်အဆက် ဂိုဏ်းချုပ်ကြီးများ၏ စကားကိုမြေဝယ်မကျ နာခံရသည်က ထုံးစံပင်။ မည်သူ မည်သည့်ဂိုဏ်းကမှ ဘိုးဘေးများ၏စကားကို တော်လှန်ရဲသည်ဟူက မရှိပေ။

"အင်း...."

"မင်း ဘယ်လိုထင်လဲ"

"ကျွန်တော်က ဘယ်လိုထင်တတ်မှာလဲ"

"မင်းက ဟွာဆန်းက ကလေးတွေကို လက်တွေ့သင်ကြားပေးနေရတဲ့သူ... ဆိုတော့ မင်းရဲ့ ဆုံးဖြတ်ချက်က ကလေးတွေရဲ့ အနာဂတ်အပေါ်မှာ မူတည်သွားမှာပဲ... တကယ်လို့ ဒါကြီးက မလိုအပ်ဘူးလို့ ထင်ရင်လဲ မင်းစိတ်ထဲမှာရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောလို့ရတယ်"

ဟွမ်းဂျွန်၏ စကားကြောင့် အန်ဂွန်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"ဒီသင်ရိုးက ခက်တယ်"

လူသားတိုင်းက သမရိုးကျဖြစ်စဉ်တစ်ခုမှ ခွဲထွက်တာ ပြောင်းလဲရမည်ကို ကြောက်ရွံကြသည်က သဘာဝပင်ဖြစ်သည်။ ပြောင်းလဲလိုက်ခြင်းကြောင့် တွေ့ကြုံလာရမည့် ဆင်းရဲဒုက္ခကိုလည်း ကြောက်ရွံသကဲ့သို့ အပြောင်းအလဲများ၏ ရိုက်ခတ်မှုကိုလည်း ကြောက်ကြသည်။ အများအားဖြင့် ပြဿနာမှ ရှောင်လွဲကာ ပိုနေမြဲ ကျားနေမြဲသာ နေလိုကြပြီး အပြောင်းအလဲကို မလိုချင်ကြပေ။ သို့သော်လည်း ပြောင်းလဲချိန်ရောက်လျှင် ပြောင်းလဲရမည်ကလည်း နိယာမပင်ဖြစ်ပြီး ရှောင်လွဲနေ၍ မရပေ။ ပြဿနာရှောင်လွဲနေခြင်းသည် အဖြေမဟုတ်ပေ။ အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုကို ရှာဖွေကာ ပြဿနာအား ထိပ်တိုက်ရင်ဆိုင်ရမည်ပင်။

အန်ဂွန်တွင် ယခုပြဿနာအတွက် အကောင်းဆုံးအဖြေ ရှိနေမလား ...မရှိနေမည်လားကိုတော့ သူကိုယ်တိုင်လည်း မသိပေ။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ 'အမှန်ဟန်ချက် ခြောက်ဖြာ' ကို သင်ခဲ့ကြတယ်ဆိုတာက ကျွန်တော့်ဟွာဆန်းမှာ အချိန်သိပ်မရှိတော့ဘူးလို့ ယူဆခဲ့ကြတာ ကြောင့်ပါ"

"အင်းးးဟုတ်တယ်"

"မင်းလည်း ငါ မင်းကို ဘာလို့မေးနေရလဲဆိုတာ မင်းသိမှာပါ....ငါတို့ ဟွာဆန်းမှာ အလားအလာ ရှိသေးတယ်လို့ မင်းထင်လား"

"အလားအလာတဲ့လား"

အန်ဂွန်း မျက်မှောင်ကြုတ်ကာ ခေါင်းရှုပ်သွားလေသည်။ ဤမေးခွန်းက အလွန်ပင် ဖြေရခက်သော မေးခွန်းမျိုးပင်။ ဟွာဆန်းသည် သူ၏အကြီးမားဆုံးပြဿနာဖြစ်သည့် ငွေရေးကြေးရေးပြဿနာကို ဖြေရှင်းပြီးသွားသော်လည်း အခြားပြဿနာများကမူ ရှိသေးလေသည်။

"ဂိုဏ်းချုပ်ရဲ့ မေးခွန်းအတွက် ကျွန်တော့်မှာ တိတိကျကျ အဖြေတစ်ခု ရှိမနေတဲ့အတွက် တောင်းပန်ပါတယ်"

အန်ဂွန်းက ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချကာ သူ၏ယူဆချက်ကို ဖြေလိုက်လေတော့သည်။

" ကျွန်တော် ဒါကိုပြောင်းသင်ဖို့ကို ငြင်းဆန်ပါတယ်"

"ဘယ်လိုဖြစ်လို့ ငြင်းရတာလဲ"

"မလွယ်လို့ပါ..."

နည်းစနစ် နှစ်ခုက အမြင်အားဖြင့် တူသည်ထင်ရသော်လည်း စင်စစ်မူ တခြားစီပင်။ ကနဦးသင်ရိုးများကပင် စတင်ကာ အဆုံးထိ အလုံးစုံကွဲပြားလေသည်။ 'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' သည် တစ်ဦးချင်း၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် တည်ဆောက်ပြီးမှသာ တစ်ဆင့်ခြင်း တက်ကာ သင်ယူရသော်လည်း ' အမှန် ဟန်ချက် ခြောက်ချက်' ကမူ အားလုံးအား ရောသပြွန်းကာ မြန်မြန်သင် ၊ မြန်မြန်ပြီး ၊ မြန်မြန်တတ် ပင်။ တစ်ဦးတစ်ယောက်ချင်းစီ အာရုံစိုက်ထားရန်လည်းမလိုအပ်ဘဲ ရုန်းရုန်း ဝုန်းဝုန်းသွား၍ရသောနည်းပင်။ အနှစ်ချုပ်ရလျှင်မူ 'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' သည် အသေးစိတ်ကာ တိကျပြီး တစ်ဦးချင်းစီ၏ တိုးတက်အခြေခိုင်မှုကို မြင်နိုင်လေသည်။ အရည်အသွေးကို အဓိကထားသော နည်းပင်။

'အမှန်ဟန်ချက် ခြောက်ဖြာ' ကမူ အားလုံးအတူတကွ ရောယောင်ကာ သင်ခန်းစာများအားလုံးကို သင်ယူနိုင်ပြီး တစ်ဦးချင်းစီ၏ အရည်အသွေးကိုမူ မသိနိုင်ပေ။ အရေအတွက်ကို အဓိကထားသောနည်းဖြစ်သည်။

" ကလေးတွေဆိုတာက သင်ယူတာ သိပ်ကို မြန်ကြပါတယ်.....'အမှန်ဟန်ချက်ခြောက်ဖြာ' ကိုသင်ယူပြီးမှ

'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ကို ပြန်ပြောင်းသင်လိုက်မယ်ဆိုရင် သူတို့မှာရှိနေတဲ့ အခြေခံသင်ခန်းစာတွေ အားလုံးက ရောထွေးကုန်ပြီး ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပါလိမ့်မယ်..

သင်ရိုးတွေက စကတည်းက လေ့ကျင့်သင့်တာကို အခုမှပြန်ပြီးလုပ်ရမယ်ဆိုရင် သိပ်ကို နောက်ကျသွားပါပြီ...

ပြီးတော့ 'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ကိုသင်ယူမယ်ဆိုရင် ကလေးတွေက တည်ငြိမ်တဲ့ ခြေသိုင်းကွက်နဲ့ ခွန်အား ရှိဖို့လိုအပ်ပါတယ်......ဆိုတော့ ခုချိန်မှစပြီး သင်ဖို့အနေနဲ့ဆိုရင်

မဖြစ်နိုင်တော့ပါဘူး"

အန်ဂွန်းက ခေါင်းခါကာ ပြောလိုက်လေသည်။

" ဘိုးဘေးတွေရဲ့ စကားကို မပယ်ရှားသင့်ဘူးဆိုတာကို နားလည်ပေမယ့် အခုချိန်ကျမှ လုံးလုံးကြီး ပြောင်းလဲလိုက်ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပါ.....ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ ဘိုးဘေးတွေစကားကို လိုက်နာနေတာပဲလေ"

"မင်း တကယ်ပဲ အဲ့လိုယူဆ ဆုံးဖြတ်ထားတာလား"

"ဟုတ်ပါတယ်...ဂိုဏ်းချုပ်"

"'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ကို သင်ဖို့ ကလေးတွေ ဘာလိုတယ်လို့ မင်းပြောလိုက်တာ"

"တည်ငြိမ်တဲ့ခြေသိုင်းကွက်နဲ့ ခွန်အားပါ"

ဟွမ်းဂျွန်က ကလေးများလေ့ကျင့်နေရာ နေရာသို့ တချက်လှမ်းကြည့်လိုက်လေသည်။

"တည်ငြိမ်တဲ့ ခြေသိုင်းကွက်လား...."

".........."

"ပြီးတော့ ခွန်အား"

"..........."

"သူတို့လေ့ကျင့်နေတာ ကြည့်ရတာတော့ အခြေအနေကောင်းတဲ့ပုံပဲ...ဟုတ်တယ်မို့လား"

အန်ဂွန်းကမူ ကလေးများကို တည်ငြိမ်သောခြေသိုင်းကွက် ရရှိစေရန် တကြိမ်တခါပင် မလေ့ကျင့်ပေးခဲ့ဖူးပေ။

ထိုကလေးက လေ့ကျင့်ပေးသည်လားတော့ မသိပေ။ အန်ဂွန်း မသင်္ကာစွာနှင့် ဓါးရေးကျင့်နေသော ချွန်းမြောင်ဆီသို့ ကြည့်လိုက်လေသည်။

ဟဲ့...ဟဲ့...သောက်ပလုတ်တုတ်...

ဤသည်က အလွန်တရာပင် ရှုပ်ထွေးဆန်းကြယ်လှသော အခြေအနေကြီးပင်။ ချွန်းမြောင်အား ထိုသို့ တည်တည်ငြိမ်ငြိမ် ထူးထူးချွန်ချွန်ပုံကြီးနှင့် မြင်နေရသည်ကပင် ကျိုးကြောင်းဆီလျော်မှု ရှိမနေပေ။

ချွန်းမြောင်သည် သိုင်းပညာမိသားစုမှ ဆင်းသက်လာသည်မဟုတ်ဘဲနှင့် အဘယ်ကြောင့် ဤမျှ ထူးချွန်နေသည် မသိပေ။

"ကလေးတွေ ကြည့်ရတာ အသစ်ပြန်သင်လည်း ခက်ခဲမယ့်ပုံတော့ မပေါက်ပါဘူး.....နော့်"

"........အင်....ကလေးတွေ နည်းနည်း သင်ခန်းစာ ရောထွေးတာတွေ ဘာတွေတော့ ရှိရင် ရှိမှာပေါ့"

" အန်ဂွန်းရေ...ကလေးတွေကို ငါတို့ချပေးတဲ့ လမ်းကြောင်းမှန်ပေါ်သို့ သံသယကင်းကင်း အရှုပ်အရှင်းကင်းကင်းနဲ့ ရောက်အောင် တင်ပေးရမှာ မင်းရဲ့တာဝန်ပဲမို့လား....."

အန်ဂွန်းက ခေါင်းငြိမ့်ပြလေ၏။

"အခု သံသယနဲ့တွေဝေနေတာက မင်းလား ...ကလေးတွေလား"

"ဂိုဏ်း...ဂိုဏ်းချုပ် ...ကျွန်တော် အချိန်ခဏလောက် ယူပါရစေ"

"အင်း....."

"ငါ ကလေးတွေထဲက တစ်ယောက်ကို မေးကြည့်ချင်တယ်"

"ကလေးတွေထဲက တစ်ယောက်လား"

"ငါက ဒီသိုင်းပညာသင်ခန်းစာတွေကို လက်တွေ့သင်ယူနေရတဲ့သူမဟုတ်တော့ ဘာကအကောင်းဆုံးဖြစ်မယ်ဆိုတာ မသိဘူးဖြစ်နေတယ်.... အဲ့တော့ တကယ်သင်နေရတဲ့ ကလေးတွေရဲ့ အမြင်ကို မေးလိုက်တာက အကောင်းဆုံးပဲဖြစ်မယ်လို့ ငါထင်တယ်..."

"အဲ့အကြံလည်း မဆိုးပါဘူး"

"ဒါဆို...ယွန်းဂျွန်..." "ချွန်းမြောင်"

ဟွမ်းဂျွန်၏ စကားမဆုံးခင်မှာပင် အန်ဂွန်းက ချွန်းမြောင်အား ကျယ်လောင်စွာ ခေါ်လိုက်လေသည်။ ချွန်းမြောင်ကလည်း ခေါ်သံကြားသည်နှင့််ပင် အသံလာရာသို့ ခေါင်းထောင်ကာ ကြည့်လေ၏။

"ဒီကိုလာဦး"

ခေါ်သံဆုံးသည်နှင့် ချွန်းမြောင်က ချက်ချင်းပင် ရောက်လာလေပြီး ဓါးကို ချကာ အရိုအသေပေးလေ၏။

"ခေါ်ပါသလားခင်ဗျ"

"ငါတို့ မင်းကို မေးစရာလေးရှိလို့"

"ဟုတ်ကဲ့"

အန်ဂွန်းက စိတ်ရှုပ်နေသောမျက်နှာနှင့် မေးလေ၏။

"ဖြေးဖြေးမှန်မှန်နဲ့ မြင့်မြင့်ရောက်အောင်သွားတာနဲ့ ....မြန်မြန်နဲ့လိုရင်းရောက်အောင် သွားတာ

ဘယ်ဟာက ပိုကောင်းတယ်လို့ မင်းထင်လဲ"

အန်ဂွန်း၏ အမေးကို ဘေးမှနားထောင်နေသော ဟွမ်းဂျွန်ကမူ မေးခွန်းကြီးကြောင့် ဘဝင်မကျဖြစ်သွားလေသည်။ တိကျသေချာသော ဖွင့်ဆိုရှင်းပြခြင်းမပါသည့် မေးခွန်းကြီးပင်။ ထိုသို့သော မေးခွန်းကြီးက ကလေးတစ်ယောက်အနေနှင့် နားလည်ရန်က မလွယ်ပေ။ သို့သော် ဤကလေးက ချွန်းမြောင်ပေမို့ တစ်စုံတစ်ရာဝင်မပြောဘဲ ပေးလာမည့်အဖြေကိုသာ စောင့်နေလိုက်လေသည်။ ဤကလေးသည်က အခြားသူများနှင့်မတူ တမူထူးခြားသူ ဖြစ်ပေသည်မို့လား။

"အမြင့်ဆုံးကိုရောက်အောင် သွားတာက အကောင်းဆုံးရွေးချယ်မှုပါ"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ ဒီနေရာက ဟွာဆန်း ဖြစ်နေလို့ပါပဲ"

"........"

အန်ဂွန်းက ချွန်းမြောင်၏ အဖြေကြောင့် တောင့်တင်းသွားလေတော့သည်။

ဟွာဆန်းဖြစ်နေသောကြောင့်ပါ တဲ့......

အန်ဂွန်းက ခေါင်းကို ခပ်ဖြေးဖြေးလှည့်ကာ ဟွမ်းဂျွန်ဘက်သို့ ကြည့်လိုက်လေသည်။ ဟွမ်းဂျွန်ကမူ မျက်လုံးများကို မှိတ်ထားပြီး စဉ်းစားနေသည့်ပုံပင်။ ဟွမ်းဂျွန်၏ အသွင်ပြင်က အကဲခတ်ရန် ခက်နေပြီး မည်သို့တွေးနေသည်ကိုပင် မသိနိုင်ချေ။

ချွန်းမြောင်၏ အဖြေသည် ဂိုဏ်းချုပ်၏အပေါ်တွင် မည်သို့ သက်ရောက်မှုရှိသည်ကို သူမသိနိုင်ပေ။

ဟုတ်ပေသည်။

ငါတို့သည် ဟွာဆန်းဂိုဏ်းသားများသာ..

မည်သို့သောအရာများကို ဆုံးရှုံးသွားခဲ့ရ၍ ဂိုဏ်း၏ ဂုဏ်ကိုပင်မေ့ကာ အပူအပင်များ ရှိနေခဲ့သည်မသိပေ။

ဟွာဆန်း၏ ဂုဏ်သိက္ခာ ၊ ဟွာဆန်း၏ ကျော်ကြားမှု၊ ဟွာဆန်း၏ အမွေအနှစ်နှင့် ဟွာဆန်း၏ စိတ်ဓါတ်

ပျောက်ကွယ် ပြယ်လွှင့်ခဲ့သော ဟွာဆန်း၏ ဂုဏ်သိက္ခာကို ဂိုဏ်း၏အငယ်ဆုံးဂိုဏ်းသားလေးထံမှ ပြန်ကြားလိုက်ရခြင်းပင်။

"ဘယ်ဂိုဏ်းကမှ နလန်ပြန်ထမလလာနိုင်ခဲ့ပေမယ့် ဟွာဆန်းကတော့ မဟုတ်တော့ဘူး....

ဟွာဆန်းရဲ့ ဂုဏ်သိက္ခာနဲ့ အတိတ်က ဟွာဆန်းကို ပြန်လည်ဖော်ဆောင်နိုင်ပြီး ကမ္ဘာပေါ်မှာ ဟွာဆန်းဟေ့ ဆိုပြီး ဂုဏ်ယူနိုင်အောင် ငါတို့ပြန်လုပ်ရမယ်...

ဖြစ်နိုင်ချေတွေရှိနေသ၍ ငါတို့ လက်လျော့လိုက်လို့ မဖြစ်ဘူး"

ချွန်းမြောင်၏ အဖြေသည် တွေဝေကာ ဗျာများနေကြသော အကြီးအကဲများ၏ ရင်ကို တိုက်ရိုက်ပင်ထိမှန်ကာ အလင်းပြပေးခဲ့ပြီဖြစ်သည်။ အန်ဂွန်းက မည်မျှရှုပ်ထွေးအောင် မေးစေကာမူ အရှင်းလင်းဆုံးသော အဖြေတစ်ခုကို သူ ကပေးခဲ့ပြီ ဖြစ်လေသည်။

"မင်းပြောချင်တာက ငါတို့က ဟွာဆန်းဂိုဏ်း ဖြစ်နေလို့ လက်လျော့လိုက်လို့ မဖြစ်ဘူးဆိုတဲ့သဘောလား"

"ငါသိပြီ"

အန်ဂွန်းက ခေါင်းငြိမ့်ပြကာ နားလည်ဟန်ပြုလေ၏.။

"နေရာကိုပြန်သွားပြီး လေ့ကျင့်လို့ရပြီ"

"ဟုတ်ကဲ့"

ချွန်းမြောင်ကမူ ပြန်သွားချေပြီ။ အန်ဂွန်းကမူ အသက်ကိုပြင်းပြင်းရှုကာ စကားစရန် ပြင်လိုက်သော်လည်း သူစကား မစရသေးခင်ပင် ဟွမ်းဂျွန်က စပြောလာလေသည်။

"ငါ ရှက်မိတယ်....တကယ့်ကို အရှက်ရစရာ ဖြစ်ခဲ့ပြီ"

"ကလေးတစ်ယောက်စီကနေ ဒီလိုစကားတွေ ကြားလိုက်ရတာ ငါ ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး...

ဟား...ဟား.....ဟား.....ဟွာဆန်း မို့လို့တဲ့လား..... အခုလက်ရှိအချိန်မှာ ဘယ်ကောင်ကများ ဒီလိုစကား ပြောထွက်သေးလို့လဲ"

ဟွမ်းဂျွန် နောင်တရစွာ မျက်စိကို မှိတ်လိုက်လေသည်။ သူသည် ဂိုဏ်းချုပ်ပင်ဖြစ်လင့်ကစား ထိုသို့သော အတွေးမျိုး မထားနိုင်ခဲ့ပေ။ ဟွာဆန်၏ အနာဂတ်ရေရာမှု ရှိမရှိကိုပင် ထင်မြင်ချက်တောင်းခဲ့လေသေးသည်။ ဟွာဆန်း၏ အနာဂတ်ကို သေချာပေါက် ရှင်သန်အောင်ထားမည်ဆိုသော အတွေးမျိုး မထားနိုင်ခဲ့ပေ။ ကလေးတစ်ယောက်ကပင် သူ့ထက် ဂိုဏ်းပေါ်တွင် မျှော်လင့်ချက်ထားကာ ယုံကြည်မှု ရှိနေလေသေးသည်။

ဂိုဏ်း၏ အကြီးဆုံးသော ခေါင်းဆောင်တစ်ယောက်အနေနှင့် အလွန်ပင် ရှက်ရွံမိလေသည်။ လိပ်ပြာ မလုံဖြစ်ရ၏. ။

"ဟွာဆန်း....ဟွာဆန်း....ဟွာဆန်းတဲ့လား"

"ဂိုဏ်းချုပ်"

အန်ဂွန်းက ဂိုဏ်းချုပ်အား ပြောလေ၏။

" ဒါက ကလေးတစ်ယောက်ရဲ့ စကားပဲဆိုရင်တောင် ဖြစ်နိုင်တာကို ပြောသွားတဲ့ကလေးတစ်ယောက်ရဲ့ စကားပါ"

"ငါသိတယ်"

"ဒါက ခက်ခဲမယ်ဆိုရင်တောင် ကလေးတစ်ယောက်ရဲ့ ယုံကြည်ချက်ကို မရိုက်ချိုးလိုက်ချင်ဘူး"

ဟွမ်းဂျွန် သက်ပြင်းတစ်ချက်ချလိုက်လေသည်။ ဂိုဏ်း၏ အခြေခံသိုင်းပညာ သင်ရိုးများပြောင်းလဲရခြင်းက လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ ဂိုဏ်း၏ အနာဂတ်ကို ပုံကြမ်းရေးခြစ်ကာ အသွင်ဖော်သည့် လုပ်ဆောင်မှုဟုပင် ပြောနိုင်လေသည်။

လေးလံစိတ်နှင့် တွန်းကန်စိတ်နှစ်ခုတို့ အားပြိုင်နေသည့် စကားဝိုင်းကြောင့် ဟွမ်းဂျွန် ရွေးချယ်ရခက်လာလေသည်။ အဆုံးတွင်မူ ဟွာဆန်း၏ အနာဂတ်တစ်ခုကို သူရွေးချယ်လိုက်လေပြီ ဖြစ်၏။

"နားထောင်....အန်ဂွန်း"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

"အခုအချိန်ကနေ စပြီးတော့ ဟွာဆန်းဂိုဏ်းဆိုတဲ့ငါတို့ရဲ့ ဂိုဏ်းမှာ အခြေခံသင်ရိုးကို 'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ကို ပြန်လည်ပြီးတော့ ပြောင်းလဲသင်ကြားကြရမယ်"

"ဂိုဏ်းချုပ်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်....ဂိုဏ်းချုပ်"

" ငါက အကြီးအကဲတွေကို ပြောပြပြီး သင်ရိုးပြောင်းလဲခြင်းကို တရားဝင်ကြေငြာပေးမှာ ဆိုပေမယ့် တရားဝင်ကြေငြာမှု မလုပ်ခင်အတော်အတွင်းမှာ ကလေးတွေကို နားလည်အောင်ရှင်းပြပြီး ကြိုပြောထားပေးပါ"

"ဟုတ်ကဲ့ပါ ...ဂိုဏ်းချုပ်"

အန်ဂွန်း၏ မျက်လုံးများကလည်း စူးရှတောက်ပနေလေ၏။

ဟွာဆန်းသည် ဟွာဆန်လိုပင် ရပ်တည်နေရမယ်။

သိမ်ငယ်စွာ ရပ်တည်ခဲ့ရသော နေ့ရက်များက အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ဆက်ကာ မှေးမှိန်သိမ်ငယ်စွာ မနေနိုင်တော့ပေ။ အမြင့်မားဆုံးသော ရည်ရွယ်ချက်ထားကာ အကောင်းဆုံးရလဒ်ရအောင် ကြိုးစားရမည်။ ချုံကြားသို့ ရောက်နေလင့်ကစား ဘုံဖျားသို့ မျှော်မှန်းသော စိတ်ထားရမည်။ မိုးထိအောင် လှေကားထောင်ကာ နဂါးတစ်ကောင်ကဲ့သို့ပင် ကောင်းကင်ထက်တွင် ရှင်သန်ရင်း အားလုံး၏ အထိပ်အထိတ်သို့ ပြန်သွားပေတော့မည်။ ထိုသို့ ရှင်သန်ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးရမည်ကလည်း ဟွာဆန်းရှိ လူတိုင်း၏ တာဝန်ပင် ဖြစ်လေသည်။

"သိုင်းပညာလေးတစ်ခုမှ မဟုတ်ဘူး....လိုအပ်လာလို့ သိုင်းပညာ အားလုံးကို ပြန်ပြောင်းလဲသင့်ရင်လည်း ပြောင်းလဲရမယ်..... ဒီလိုလုပ်တဲ့နေရာမှာ ဇီးပန်းဖြူအဆောင်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းကလည်း အားလုံးထက်ပိုပြီး အရေးကြီးတယ်ဆိုတာကို စိတ်ထဲမှာ ထားထားပါ"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်...ဟွာဆန်းကနေ ရခဲ့တဲ့ လုံခြုံနွေးထွေးမှုအတိုင်း ဟွာဆန်းကို သေချာပေါက် ပြန်ပြီး ပေးဆပ်ပါ့မယ်...ကျရာတာဝန်ကို အမြဲကျေပွန်အောင် ထမ်းဆောင်မှာပါ"

ဟွမ်းဂျွန်က ကလေးများကို ပြုံးကာ ကြည့်လိုက်လေသည်။

"သူတို့လေးတွေက ငါတို့ဟွာဆန်းရဲ့ အနာဂတ်ပဲ"

အကြိတ်အနယ် ဆွေးနွေးကာ မျိုးချစ်စိတ်ပြင်းထန်သော အသွင်အပြင်များနှင့် အလင်းပွင့်ပုံပေါ်သွားကြသော အကြီးအကဲနှစ်ယောက်ကို ကြည့်ကာ တစ်ယောက်သော ဘိုးဘေးကမူ ကြိတ်ကာ ပျော်နေလေသည်။

ဉာဏ်များသော ဘိုးဘေးကြီး ချွန်းမြောင်ပင်...

ချွန်းမြောင်သည် သူ၏လေ့ကျင့်နေရာသို့ ပြန်လာရင်း လျှာကို အသာကိုက်ကာ ရယ်နေလေသည်။

ငတုံးနှစ်ကောင်ရယ်...ငါ့ကိုမှ ရွေးပြီးခေါ်မေးရမလားကွာ..

ထမင်းဘယ်လိုစားရသလဲ မေးတာကမှ နည်းနည်းခက်ဦးမယ်...

ငါခင်းထားတဲ့လမ်းကို ငါ့ကို လျှောက်ခိုင်းရတယ်လို့

"ဟင်းး"

" ဘာလို့ ရုတ်တရက်ကြီး သက်ပြင်းတွေချနေတာလဲ..မင်းက"

"မင်းက သိချင်လို့လား"

"ဟင့်အင်း"

ဂျိုကု၏ ငြင်းဆန်လိုက်မှုကြောင့် ချွန်းမြောင်က မျက်မှောင်ကြုတ်သွားလေသည်။

ဒီကောင်တွေကတော့ ငါပြောလည်း နားလည်မှာ မဟုတ်ဘဲနဲ့...

ငါဆိုတဲ့ ချွန်းမြောင်က ဟွာဆန်းကို ကယ်တင်ဖို့ လုပ်နေတာကွ...

ဟွန့်....ငါ့မှာ ဟွာကျေးရွာကိုက သွားရဦးမယ်...

လုပ်ငန်းတွေရဲ့ စာရင်းတွေကို ရွာကလူတွေနဲ့ ထပ်ပြီးပစ်ထားလို့ကတော့ ပြောမနေနဲ့တော့..

ဂိုဏ်းချုပ်ရဲ့ ဒီလိုလုပ်ပုံတွေနဲ့ကတော့ ဟွာဆန်းက သေချာပေါက်ကို မျိုးပြုန်းမှာ...

ငါရှိနေလို့တာပဲ...

"ဟားးးးဟားးးးဟားးးး

ဟွာဆန်းက ငါဆိုတဲ့ကောင်သာ ရှိမနေလို့ကတော့ ခေါင်းပြန်မထောင်လာဘူးကွ"

"ဆရာတူအကိုကြီး....သူက ဘာဖြစ်နေတာလဲ"

"လွတ်ထားလိုက်စမ်းပါ....သူ အရူးလိုလို အပေါလိုလိုလုပ်တာက တစ်ခါနှစ်ခါလည်း မဟုတ်...

အဲ့တာကိုက သူ့ပုံစံ"

ချွန်းမြောင်၏ ဖြစ်ပျက်နေပုံကိုကြည့်ကာ အနီးရှိလူများကမူ တညီတညွတ်တည်းပင် သက်ပြင်းချမိသွားကြလေသည်။

အပိုင်း (၄၇)

မှားနေရင်လည်း အာမခံနဲ့(၂)

မုန်တိုင်းအလွန်တွင် လေပြေလေညင်းတို့ ရှိကြလေသည်။ ဟွာဆန်းတွင် ငြိမ်းချမ်းမှုတို့ ကြီးစိုးသော အချိန်ကာလတို့ ရောက်ရှိလာပြီဖြစ်သည်။ ငွေရေးကြေးရေး ပြဿနာများ ဖြေရှင်းပြီးသွားရုံသာမက ဂိုဏ်း၏ အနာဂတ်ကောင်းစားရေးကို ရှေးရှူကာ သင်ရိုးများကိုပါ ပြောင်းလဲနိုင်ခဲ့ပြီးဖြစ်သည်။ ဟွာဆန်းသည် ကောင်းမွန်သော တိုးတက်မှုများနှင့် တဟုန်ထိုးတိုးတက်နေပြီဖြစ်သည်။

နွေ ၊ ဆောင်း ပြောင်းကာ ရာသီအလီလီကို ဖြတ်ကျော်ခဲ့ပြီဖြစ်ပြီး ဟွာဆန်းသည် နွေဦးတွင်ပွင့်စပန်းလေးကဲ့သို့ပင် ပျောက်ဆုံးသွားသော ပျော်ရွှင်ခြင်းများက ပြန်လည်ရောက်ရှိလာပြီ ဖြစ်လေ၏။

"ငါ့ဖင်ကိုပဲ အေးချမ်း"

ချွန်းမြောင်၏ မျက်နှာက လုံးဝပင်ရှုံမဲ့နေလေသည်။

သူ၏ လက်ထဲတွင်ကိုင်ထားသော တံမြက်စည်းရိုးကိုပင် ချိုးပစ်တော့မလားပင် ထင်ရလေ၏။

အေးချမ်းမှုလား...သောက်ပရမ်းပတာ စကားတွေ...

"ဪ...ရှင်းတော့မှာလား... ဒါ....ဒါက ...ခဏနော်......

ဆရာတူအကိုကြီး ဂျိုကု....ဆရာတူအကိုကြီး ...ဒါက ဘယ်လောက်လဲတဲ့"

"ဟော....ဟဲ့..ဟဲ့...ဒါလေး ...ဒါလေး ဂရုတစိုက်လေး လုပ်ပါဟ"

"ဟမ်....အရည်အသွေးလား...

အဲ့တာတော့ ပစ္စည်းအပေါ်ပဲ မူတည်မယ်ထင်တယ်....

ဘာ...ငွေပြန်အမ်းရမယ် ...ဟုတ်လား...."

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဟွာဆန်း၏ တတိယတန်းတပည့်ဂိုဏ်းသားများသည် အစုလိုက်အပြုံလိုက် ရောက်လာကြသော ဝယ်သူများကြောင့် ချွေးဒီးဒီးကျနေကြလေတော့သည်။

ချီး...ချီး....

တကယ့်ကို သောက်ပရမ်းပတာတွေ....

စာရင်းစာအုပ်များတွေ့ကာ ဟွာဆန်းပိုင်လုပ်ငန်းများကို ပြန်ရသည်က ကောင်းလှပေသည်။ သို့သော် ဆယ်ခုကျော်မျှသော လုပ်ငန်းများက အလုပ်ကိုကောင်းကောင်းလုပ်ကာ အချိန်တန်လျှင် အမြတ်ငွေလေးပေးကာ အဆင်ပြေပြေလည်ပတ်နေပါက သူတို့အနေနှင့် ထိုကဲ့သို့ပရမ်းပတာာများကို အားသွန်ခွန်စိုက် လိုက်လုပ်ရန် လိုအပ်မနေပေ။ အတွေ့အကြုံမရှိခြင်းက အဓိကပြဿနာပင်။

ချွန်းမြောင်အနေနှင့် ထိုကဲ့သို့ ဈေးရောင်းဈေးဝယ် အတွေ့အကြုံများနှင့် နှစ်ပေါင်းရာချီဝေးကွာနေသူများနှင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရမည်ဟု တကြိမ်တခါမှပင် မတွေးဖူးချေ။ ယခုတွင်မူ ဘဝတသက်တာတွင် ဂိုဏ်းပြင်သို့ထွက်ကာ ငွေတပြားပင်မရှာဖူးကြသူများနှင့် လုပ်ငန်းများကို ဖြစ်သလိုလုပ်ကိုင်နေရလေသည်။

ထိုသို့ ဖြစ်သလိုလုပ်ဆောင်နေရခြင်း၏ ရလဒ်များကရော....

မေးစရာပင် မလိုချေ....အားလုံး မြင်နေရသည့်အတိုင်းပင် ။ သောက်ပရမ်းပတာကြီးများသာ ဖြစ်လေသည်။

" ဟာ...မဖြစ်ဘူးလေ.....ငါ့ဆီမှာ ပါဝင်ပစ္စည်းက အစုံမရှိတော့ဘူး........လူတွေက ဘာလို့ အခုထိ ပိုပိုပြီး လာနေကြသေးတာလဲ"

"ချီး...ချီး... မင်းဘာတွေ လုပ်နေတာတုန်း"

"ဝယ်သူတွေကို ဆွဲနေတဲ့ ဟိုကောင်က ဘာလဲဟ..ဟေ့..ဟေ့"

ချွန်းမြောင် အတတ်နိုင်ဆုံး ပြုံးထားရလေသည်။

ပြုံးထားစမ်း...ပြုံးထားစမ်း...စိတ်ထိန်းစမ်း

တသက်တာလုံး ဓါးကိုင်ခဲ့သော ဟွားဆန်ဂိုဏ်းသားများသည် ဝယ်သူများနှင့် ဆက်ဆံရသောအခါတွင်မူ အပြုံးပန်းပင် မဆင်နိုင်တော့ချေ။

ဤမြင်ကွင်းအား ဂိုဏ်းမှ ဘိုးဘေးများမြင်မည်ဆိုလျှင် ပြစ်တင်စကား အနည်းငယ်တော့ ဆိုကောင်းဆိုမည် ထင်ရလေသည်။ မဟုတ်ပေ...မဟုတ် ....ချွန်းမြောင်တို့အပေါင်းအား ဂုတ်မှဆွဲကာပင် ကိုင်ပေါက်လောက်မည်ထင်သည်။

ဝယ်သူဧည့်သည်များအား ကောင်းကောင်းမွန်မွန် ဆက်ဆံကာ ဝန်ဆောင်မှုပေးနေသောဂိုဏ်းသားများအကြားတွင် ဗွေဖောက်နေသူက ချွန်းမြောင်ပင်။

"မဟုတ်တာ....ဒါက ဘယ်လိုလက်ဖက်ရည်ကြီးတုန်း"

"လက်ဖက်ရည်ဆိုတာ လက်ဖက်ရွက်က လာတာ....ဒါက ဘာလက်ဖက်ရည်လဲ မင်းသိလား...

မင်း ဒီလက်ဖက်ရည်ကို ဘယ်လိုခေါ်လိုက်တာလဲ...ပြောစမ်း"

"ဘယ်လိုလုပ်ပြီးတော့ အရွက်ပေါင်းစုံကို အိုးတစ်အိုးထဲ ရောပြုတ်နိုင်ရတာလဲ....ဒီနေရာရဲ့ ပိုင်ရှင်က ဘယ်မှာလဲ"

ဤနေရာသည် တကယ့်ကိုလောကငရဲပင်။

ချွန်းမြောင် ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသောအရာများကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

အေးလေ...နောက်ကျရင်တော့ အဆင်ပြေသွားမှာပါ။

ပရမ်းပတာတွေ ဖြစ်နေတယ်ဆိုပေမယ့် ဒါက ပထမဆုံးအကြိမ်ပဲလေ...အဆင်ပြေသွားမှာ...

ပိုးထည်ရောင်းရင်း မတော်တဆ ဖြဲမိသွားတာကလည်း အဆင်ပြေပါတယ်။

လှည်းဝင်ရိုးလာဝယ်တဲ့သူကို ပေါက်ချွန်းရောင်းလိုက်မိတာလည်း အဆင်ပြေနေတုန်းပဲ။

တတိယတန်း ကလေးများကလည်း သူတို့စွမ်းသလောက် တလွဲတချော်ဝန်ဆောင်မှုများပေးရင်း လုပ်ငန်း၏စီးပွားရေးကို တုတ်နှင့်ထိုးနေသည်ကို တွေ့ရသောအခါ ဟွာဆန်း၏ အကြီးတန်း ဂိုဏ်သားများက လည်ပင်းများပင် ယားလာသလို ခံစားရလေသည်။ သို့သော်လည်း ကလေးများကို အပြစ်မပြောရက်ကြပေ။ သူတို့လေးတွေသည် ဓါးနှင့်သာ ရင်းနှီးကြသူများဖြစ်လေသည်။

"ဟေ့..မင်းက ဒီမှာ ဘာလုပ်နေတာလဲ...အလုပ်သွားလုပ်စမ်း"

"အဟွတ်...ဟုတ်ကဲ့"

ချွန်းမြောင်က စားသောက်ခန်းမကို တတ်နိုင်သလောက် ဝင်ကူညီလိုက်၏။

"သွားစမ်း...သွားစမ်း...ဘယ်လိုဖြစ်ဖြစ် ဧည့်သည်တွေအကုန်လုံး အိမ်ပြန်သွားကြရင် ပြီးရော"

ချွန်းမြောင်သည် တံခါးဝတွင် ကြိတ်ကြိတ်တိုးနေသော ဧည့်သည်များဘက်ကို ဖုန်များကို အတင်းလှဲကာ ထုတ်လိုက်လေ၏။ ထိုလုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်နေကြသော ဧည့်သည်များ၏ မျက်နှာများကို မြင်ရသောအခါတွင်မူ ဆဲဆိုအော်ဟစ်လိုက်ခြင်စိတ်များက တဖွားဖွားပေါ်လာလေတော့သည်။

မင်းတို့က ငါလေးရဲ့ ဝန်ဆောင်မှုကို စော်ကားလိုက်တာလား..

စိစိညက်ညက် ခြေပစ်လိုက်ရ...

သို့သော် စိတ်နောက် ကိုယ်မပါနိုင်ပေ။ ဟွာဆန်း၏ အငယ်ဆုံးဂိုဏ်းသားလေး သူထံတွင် ထိုသို့သော အခွင့်အာဏာက မည်မှာရှိမည်နည်း။

ချွန်းမြောင် ဖုန်များကို တံမြက်စည်းနှင့် ဟိုဟိုဒီဒီခါထုတ်ပြီးသွားသည့်အခါတွင်မူ အနည်းငယ် စိတ်ပြေသွားလေသည်။ ထို့နောက်တွင်မူ အစားအသောက်များကို သယ်ကာ ရပ်နေသော ဂျိုကုကို တွေ့လေသည်။

"ဆရာတူအကိုကြီး"

ဂျိုကု မကြားပေ။

"ဆရာတူ အကိုကြီး"

ဂျိုကု ကြားပြီဖြစ်သော်လည်း မကြားဟန်သာ ဆက်နေလေသည်။

"ဟေ့.....မြည်းလေး"

မကြားဟန်ဆောင်ကာ ဆက်နေတုန်းပင်။

"အို....မျိုးမစစ်လေး ဂျိုကု ....

ဂျိုကု တတိယတန်း တပည့်စုတ်လေး"

ဂျိုကု လူပုံအလယ်တွင် သူ့အား မလေးမစားခေါ်ကာ သိက္ခာချနေသော ဂိုဏ်း၏အငယ်ဆုံးမကောင်းဆိုးဝါးလေးကို မျက်စောင်းထိုး ကြည့်လိုက်လေသည်။

"ဘာလဲ"

ချွန်းမြောင်က စပ်ဖြဲဖြဲမျက်နှာထားနှင့် ဂျိုကုနားသို့ ကပ်လာလေသည်။

"ဆရာတူအကိုကြီးလို့"

"ဘာလား"

"ဂိုဏ်းထဲက အဆင့်အတန်းတွေကို ခဏမေ့ထားလိုက်ပြီးတော့ ကျွန်တော့်ကို ပြောပြစမ်းပါ...

ကျွန်တော် ကြားသလောက်တော့ ဆရာတူအကိုကြီး နယ်မြေတခွင်ကို အရမ်းကိုကျော်ကြားတဲ့နာမည်ကြီးကုန်သည်တစ်ယောက်ရဲ့ အငယ်ဆုံးသားဆို... ပြောကြတာတော့ ပြည်နယ်တစ်ခုလုံးမှာ အချမ်းသာဆုံးဆိုလား ဘာဆိုလားပဲ"

"ငါ့ဖင်ကြီးကိုပဲ ပြည်နယ်တစ်ခွင်နေလိုက်...ငါတို့က ဒီတိုင်း မထင်မရှား ကုန်သည်မိသားစုလေးပါ"

"အာ့ဆိုလည်းပဲလေ အခုဖြစ်နေတာကိုတွေကို မြင်တာနဲ့ နားလည်တယ်မို့လား....

မထင်မရှားမိသားစုလေးရဲ့ မရင့်ကျက်တဲ့သားအငယ်ဆုံးလေးက နောက်ဆုံးမှာ အများတကာ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်သွားတာ....အဲ့လိုမျိုးက ပုံမှန် ဆိုရင် ဖြစ်နေကြပဲမို့လား ...အခု အကိုကြီး အစွမ်းပြရမယ့်အချိန်ပဲ"

"ဘယ်လို အရူးစကားတွေ လာပြောနေတာလဲ"

ဂျိုကု သက်ပြင်းတချက်ချလိုက်လေသည်။ ချွန်းမြောင် သူ့အား ပြောချင်နေသည့််အကြောင်းအရာကို သူတကယ်ပင် နားမလည်ချေ။

"မြင်တယ်မို့လား"

ချွန်းမြောင်က ပရမ်းပတာမြင်ကွင်းကြီးကို လက်ညှိုးထိုးပြလေသည်။

"အဲ့ ပရမ်းပတာကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နေရတာလဲ"

ဂျိုကု မြင်ကွင်းကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။

"မင်း ဒီနေရာကို ပိုင်ခဲ့တဲ့သူတွေကို မှတ်မိသေးလား"

"အင်"

"ဒီနေရာက အတော်ကို နာမည်ကြီးတဲ့ဆိုင်...ဆိုင်ရှင်တွေ ပြောင်းလို့ အလုပ်သမားတွေပါ လိုက်သွားကြတော့တာ"

"ဟမ်...နာမည်ကြီး ဟုတ်လား"

"နာမည်ကြီးတယ်ဆိုတာ ဟုတ်လို့လား....မသေချာတဲ့ သတင်းတွေမို့လား..ဆရာတူအကိုကြီးရယ့်"

"ဟုတ်တယ်...နာမည်ကြီး... တိတိကျကျပြောရရင် ဒီဆိုင်က အလုပ်သမားတွေ အားလုံးကလည်း ဆိုင်ရှင်နဲ့ အမျိုးမကင်းတဲ့ သူတွေချည်းပဲ....အဲ့တာကြောင့် ဆိုင်ရှင်တွေပြောင်းတော့ အကုန်လုံးလိုက်ပြီး အလုပ်ထွက်သွားကြတာ"

ချီးပဲ...ချီး...ချီး

တောရွာဇနပုဒ်များ၏ ထုံးစံအတိုင်းပင်။ ကိုယ်ရေးကိုယ်တာနှင့် စီးပွားရေး ကွဲပြားမှုကို ရှိမနေပေ။

"ဆိုတော့ ..အခုက အလုပ်သမားပြဿနာဖြစ်နေတာပေါ့"

"ဆိုပါတော့"

"အာ့ဆို ကျွန်တော်တို့မှာ လူထပ်ရှိသေးတယ်လား"

ချွန်းမြောင်၏ အမေးကို ဂျိုကုက ဟိုကြည့်ဒီကြည့်ခဏလုပ်လိုက်ပြီးမှ သူတို့အား အာရုံစိုက်နေသည့်သူ မရှိသည်သေချာမှ အနားသို့ကပ်ကာလာ‌ပြောလေသည်။

"မင်းလည်း မြင်တာပဲ...ငါတို့ ဟွာဆန်းမှာက ဒီစီးပွားရေးလုပ်ငန်းတွေကို ကိုင်တွယ်နိုင်မယ့် ကောင်းကောင်းမွန်မွန် အရွယ်ရောက်ပြီးတဲ့သူဆိုတာက တစ်ယောက်မှ မရှိဘူးလေ"

"အဲ့တာကလည်း ပြဿနာပဲလား"

"ငါတို့တွေဆိုတာက ဓါးကိုင်တာနဲ့ လေ့ကျင့်ရေးဆင်းတာလာပဲ ကမ္ဘာထင်လာကြတဲ့သူတွေ...ဘယ်လိုလုပ် ဒီကကျိုးကကြောင် ဝယ်သူတွေ စိတ်တိုင်းကျဖြစ်အောင် လုပ်ပေးတတ်မှာလဲ...အဲ့လို လွယ်လွယ် လုပ်တတ်နေကြရင်လည်း လူတိုင်းက ချမ်းသာနေလောက်ပြီ"

"အင်း..အင်း....ဟုတ်တာပေါ့"

ချွန်း‌မြောင်က အသက်ကို ပြင်းပြင်းရှုလိုက်လေသည်။

"ဆိုတော့ အခု ငါတို့ဟွာဆန်းက ဒီလုပ်ငန်းတွေကို မကိုင်တွယ်နိုင်တဲ့သဘောလား"

"လွန်လွန်ကြူးကြူးပြောရမယ်ဆိုရင်တော့ အခုဟာက ဝက်လည်ပင်းထဲ ပုလဲရှာသလိုမျိုး ဖြစ်နေပြီ..

တကယ့်ကို ဆိုးဆိုးဝါးဝါးပဲ"

ထိုစဉ်မှာပင် ကျယ်လောင်သော အော်သံကြီးက ထွက်လာလေသည်။

"မဟုတ်ဘူးကွ...ငါမှာတာက ပူအာလက်ဖက်ရည်...အဲ့တာကို ဘာကိစ္စ ဒါကြီး ယူလာရတာလဲ"

"ဒါက ခင်ဗျားမှာတဲ့ဟာပဲ မဟုတ်ဘူးလား"

"ဒါကြီးက ဟူလောင်လက်ဖက်ရည်ကြီးပါ...ဆရာတူအကိုကြီး...

ကျွန်တော်တော့ ပြဿနာတက်ပါပြီ...ကျွန်တော့်ကို အသေသတ်ခံစေချင်နေတာလားဗျ..

ဘယ်လိုလုပ်ပြီးတော့တောင် လွဲပြီးယူလာတာတုန်း"

"ဟ...နေပါဦး မင်းက ဘာကိစ္စ ငါ့လာအော်နေရတာလဲ... ငါလည်း ဒီလို‌ဈေးကြီးတဲ့ လက်ဖက်ရည်တွေ တခါမှာမှ မသုံးဖူးတာ...ငါ ဘယ်လိုလုပ် အကုန်သိနေမှာလဲ"

"ဒီလက်ဖက်ရည်လေး လဲပေးချင်တဲ့သူများ မရှိကြဘူးလားဗျ"

ချွန်းမြောင် ဤသည်ကိုကြည့်ကာ ခေါင်းသာခါလိုက်သည်။

လက်ဖက်ရည်အိုးလေး လွဲသည်နှင့် ပွဲဖြစ်နေကြပြီဖြစ်သည်။

"ကြည့်စမ်း"

ဂျိုကုက တရားရသော လေသံနှင့် ပြောလာလေ၏။

"ပစ္စည်းကောင်းကောင်း ရောင်းချင်ရင် ကုန်ကြမ်းကောင်းကောင်း သုံးရမယ်..

ကုန်ကြမ်းကောင်းရင် မင်းပစ္စည်းက ဈေးများသွားမယ်...ဈေးများသွားရင် ဝယ်သူတွေက မကြိုက်ကြဘူး...

ဈေးချိုတဲ့ ကုန်ကြမ်းတွေသုံးတော့လည်း ဘယ်သူကမှ မင်းရဲ့ပစ္စည်းကို မဝယ်ချင်တော့ဘူး"

"ဆိုတော့ အခုကျွန်တော်တို့က စီးပွားရေးပညာကို စသင်နေကြပြီလား"

"မင်း ဘာသိုင်းပညာမှမတတ်တဲ့ လေးဆယ်ကျော် ငါးဆယ် သက်ကြားအိုကြီးတွေနဲ့ သင်ချင်စိတ်ရှိလား"

"လုံးဝပဲ"

"ရိုးရိုးသားသားပြောရရင်တော့ ဒီပုံစံအတိုင်းသာ ဆက်သွားနေရင် တစ်နှစ်မကြာဘူး...အကုန်ရှုံးမှာပဲ..

အရင်ခေတ် ဟွာဆန်းတုန်းကတော့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုကိုင်တွယ်ခဲ့လဲမသိပေမယ့် အခုဟွာဆန်းကတော့ ဒီလုပ်ငန်းတွေကို ကိုင်တွယ်ဦးစီးနိုင်တဲ့ အရည်အချင်းမရှိတာ အမှန်ပဲ"

"အာ့ဆိုလည်း စီးပွားရေးကို သေချာသင်လိုက်ရင် မရဘူးလား"

ဂျိုကုက ချွန်းမြောင်အား ကြည့်လာလေ၏။

"ချွန်းမြောင်...မင်းကြည့်.... ငါတို့အခု ဒီလုပ်ငန်းတွေရဲ့ သဘောတရားနဲ့ လုပ်ဆောင်ပုံတွေကို နားလည်လား"

"ဟင်အင်း"

"ဒါက ပစ္စည်းတွေ ဝယ်ပြီး ပြန်ရောင်းလိုက်တာပဲ မဟုတ်ဘူးလား"

"ဟုတ်လား"

"ပိုးထည်၊ အဝတ်အစား၊ သတ္တု ၊ လက်ဖက်ခြောက် .. ဒါတွေအကုန်လုံးက .ဒီလို ပစ္စည်းပေါင်းစုံရဲ့ ကုန်ကြမ်းတွေကို သေချာပေါင်းစပ် လုပ်ဆောင်ပြီးမှ ကုန်ချောထွက်လာတာ...အဲ့ကုန်ကြမ်းတွေ အကုန်လုံးကို ဘယ်ကနေသွားရှာရမယ်ဆိုတာ မင်းသိလား"

"အဲ့တာတွေသာ ကျွန်တော်သိရင် ကျွန်တော်ချမ်းသာနေလောက်ပြီလား"

"လုပ်ငန်းတိုင်းက သူတို့ရဲ့ အထူးပြုကုန်စည်နဲ့ပတ်သက်တဲ့ကုန်ကြမ်းတွေ ဝယ်ခြမ်းစုဆောင်းပြီးမှ လုပ်ငန်းလည်ပတ်ရတာ....ငါတို့လို ငွေခြူးတပြား မရှာတတ်၊ လောကကြီးထဲက လူတွေနဲ့မဆက်ဆံဘူးတဲ့ သူတွေက ကုန်သည်ကြီးတွေဆီက ကုန်တွေဝယ်ရင် ဘာဖြစ်သွားမယ်လို့ ထင်လဲ"

"နှပ်ချခံလိုက်ရမှာပေါ့"

"အဲ့လောက်နဲ့ပြီးသွားမယ်ထင်လား... မင်းကို အသွေးအသားထဲထိပါ ခမ်းခြောက်သွားအောင် လှိုက်စားသွားမှာ"

".............."

" မေ့လိုက်တော့ ...ငါတို့က လုပ်ငန်းမစခင်ကတည်းကတင် အရှုံးပေါ်နေပြီးသားရယ်"

ချွန်းမြောင်၏ ဂျိုကု၏ စကားများကို နားထောင်ပြီးနောက်တွင်မူ ကောင်းကင်အား မော့ကြည့်ကာ ပြုံးလိုက်လေသည်။

ဆရာတူအကိုကြီး

သူ၏ ဆရာတူအကိုကြီး၏ ထူးချွန်မှုများကို အခုမှသာ သူနားလည်လေတော့သည်။ လုပ်ငန်းအလုံးစုံသည် သူ့ကြောင့်သာ အဆင်ပြေပြေလည်ပတ်ခဲ့ခြင်းဖြစ်လေသည်။

ငါတော့ သေသာသေသွားလိုက်ချင်တော့တယ်။

ချွန်းမြောင် ဤပြဿနာကို မည်သို့ဖြေရှင်းရမည်ကို မသိပေ။

"အဲ့တာဆို ပြဿနာရဲ့ ဖြေရှင်းနည်းက ဘာလဲ"

ဂျိုကုက ချွန်းမြောင်အား ကြည့်လာလေ၏။

"ငါ့ ဘာလို့ လာမေးနေတာလဲ"

"ဆရာတူအကိုကြီးက ကုန်သည်မိသားစုကလေ...ပြဿနာဖြေရှင်းနည်းတွေကိုတော့ သိမှာပေါ့"

"ငတုံး...အဲ့လိုသာ သိလို့ကတော့ ဒီနေရာမှာ ရှိနေပါ့မလား..မိသားစုစီးပွားရေးကို ဦးဆောင်လုပ်ပြီး ဟုန်းဟုန်းတောက်နေမှာပေါ့.. ဟွာဆန်းမှာတောင် ရှိနေမှာ မဟုတ်ဘူး"

"ဪ..အဲ့လိုမျိုး အခြေအနေကလည်း ရှိသေးတာလား"

"ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး"

"ငါ့အိမ်ကို ဆက်သွယ်ပြီး မေးချင်ရင်တောင် ဆက်သွယ်ဖို့ မိသားစုက ဝေးလွန်းတယ်...

အကုန်လုံးကို အဆင်ပြေသွားစေချင်ရင်တော့ စီးပွားရေးကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျင်တဲ့လူတစ်ယောက်လိုတယ်....သေချာတာကတော့ ဟွာဆန်းမှာ အဲ့လိုလူ မရှိဘူး"

အခုမရှိသော်လည်း ယခင်ကမူ တစ်ယောက်ရှိခဲ့ဖူးလေသည်။

သူ၏ ဆရာတူအကိုကြီးပင်။

ယခုမူ မည်သူရှိမည်နည်း။

ဂျိုကုက ခါးသက်သက်အပြုံးကို ပြုံးကာ စကားကို ဆက်လေ၏။

"အကြီးအကဲဟွမ် သာ ကျန်းမာရေးကောင်းနေဦးမယ်ဆိုရင်တော့ ဒါမျိုးတွေကို ငါတို့စိုးရိမ်နေစရာလိုမှာ မဟုတ်ဘူး"

"အကြီးအကဲဟွမ်လား'

"အင်း ...အကြီးအကဲဟွမ်"

"စဉ်းစားလိုက်တော့ ဒါမျိုးလုပ်နိုင်တဲ့သူ ရှိသေးတယ်ပေါ့...အနားလာပြီး သူ့အကြောင်းကို သေချာလေးပြောပြပါဦး...သူက ဘယ်သူတုန်း"

"နာမည်ကြီးတစ်ယောက်ပဲ"

"နာမည်ကြီးတစ်ယောက်လား"

ဂျိုကုက ခေါင်းငြိမ့်ပြလေသည်။

"သူက ရှန်းရှီမှာ အခြေစိုက်ထားတဲ့ ကုန်သည်တစ်ယောက်ပဲ...သူက ယူနန်က ပစ္စည်းတွေနဲ့ အနောက်ဘက်ပိုင်းက ပစ္စည်းတွေကို အဓိကထားပြီးကိုင်တာ"

"အဲ့လိုလူက ဘယ်လိုလုပ် ဟွာဆန်းနဲ့ ဆက်စပ်သွားတာလဲ"

"သူက ဟွားဆန်းကို အချိန်အတော်ကြာအောင် ထောက်ပံ့ပေးခဲ့တယ်...ပြီးတော့ သမိုင်းကြောင်းတစ်ခုလည်း ရှိတယ်....သူ့ကြောင့်သာ ဟွာဆန်းက လုံးလုံးမဖျက်စီးခံရဘဲနဲ့ ကျန်ရစ်ခဲ့တာတဲ့"

"ငါ သူကို့ မမြင်မကြားမိပါဘူး"

"အင်း....ငါလည်း သေချာတော့ မသိဘူး...ဒါပေမယ့်"

ဂျိုကု က ပြောလက်စစကားကို ရပ်လိုက်ပြီးမှ ဆက်ကာပြောလေသည်။

"ငါ ကြားဖူးတာတော့ သူက ဟွာဆန်းမှ မဟုတ်ဘူး ...တခြားလိုအပ်နေတဲ့နေရာတွေကိုလည်း အမြဲကူညီပေးတယ်လို့ပြောတယ်....အကြံဉာဏ်တွေလည်း ပေးသလို အကူအညီတွေလည်း ပေးတယ်ပြောတယ်"

"အာ့ဆိုရင် ငါတို့ သူ့ကို အကူအညီတောင်းလို့ရတာပဲလေ"

"ဟင့်အင်း........အခုဆိုရင် အကြီးအကဲဟွမ်က အတော်လေးကျန်းမာရေးမကောင်းဖြစ်နေတာ ကြာပြီ.... ပြောကြတာတော့ အိပ်ယာထဲမှာ နှစ်ရှည်လများ မေ့မြောနေတယ်ဆိုလားပဲ"

"ဟမ်....."

"အင်း"

"ချွန်းမြောင်.....ဟေ့ ..ချွန်းမြောင်က ဘယ်မှာလဲ"

ချွန်းမြောင်က သူ၏နာမည်ကို ခေါ်သံကြားသောကြောင့် အသံလာရာသို့ ခေါင်းထောင်ကြည့်လိုက်လေသည်။

"ဒီမှာပါ"

ရင်းနှီးနေသော မျက်နှာတစ်မျက်နှာက ချွန်းမြောင်၏မြင်ကွင်းထဲသို့ ဝင်လာလေတော့သည်။

အပိုင်း (၄၈)

မှားနေတယ်ဆိုရင်လည်း အာမခံနဲ့(၃)

"မင်းက ဒီမှာလား"

ယုအန်းသည် ချွန်းမြောင်အား အလျင်လိုနေသောမျက်နှာနှင့် လာရှာလေသည်။

"အကြီးအကဲ...နှုတ်ဆက်ပါတယ်"

ဂျိုကုနှင့် ချွန်းမြောင်က ဦးညွတ်ကာ အရိုအသေပေးလိုက်ကြလေသည်။

"ဟုတ်ပါပြီ"

ယုအန်းက သူတို့အား အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းငြိမ့်ပြလိုက်ပြီး ချွန်းမြောင်အား ကြည့်လာလေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ...အကြီးအကဲ"

"မင်း အဓိကတောင်မကြီးကို ပြန်ရမယ်"

"ဟမ်..."

အဓိက တောင်မကြီးကိုလား။ ဟွာဆန်းကိုလေ..။

ဟွာဆန်းကို သွားလိုက်ပြန်လိုက် လုပ်ရတာလွယ်တယ်များ ထင်နေလား။

သူ့ကို ထမင်းစားရေသောက်ကိစ္စလေး ခိုင်းနေတယ်လို့များ ထင်နေတာလား။

ငှက်တွေတောင် ပျံရင်း သေကြသေးတာကွ။ ငါ့ကို လူလို့ရော ထင်သေးရဲ့လား။

ဘယ်မှာလဲ ငါ့အတွက် တရားမျှတမှု...

"ဘာလို့လဲ...ဒီမှာ သန်မာသွက်လက်တဲ့ ဆရာတူအကိုကြီးတွေ အများကြီးရှိနေတာကို ...

ဘာလို့ ကျွန်တော်မှလဲ"

"မင်းက အငယ်ဆုံးမို့လေ"

"ဟုတ်တယ်လေ...ကျွန်တော်က အငယ်ဆုံး... ခြေထောက်လေးတွေကလည်း တိုတိုလေးတွေ...

ခြေဖဝါးကလည်း အားမရှိဘူး....."

"အေးလေ...ဒီမှာနေလည်း မင်းက ဘာမှလုပ်နိုင်နေတာမှ မဟုတ်တာ"

"........."

ဘယ်လို...

တံမြက်စည်းတွေလှဲပြီး လူတွေပါ ရှင်းပေးနေတာကို ဘယ်ကောင်က တို့မီးရှိ့မီးလုပ်လိုက်တာလဲ..

"ဟင်း"

ချွန်းမြောင်က သက်ပြင်းလေးကြီးကို ချလိုက်လေသည်။

ငါလေးက အခု အားလုံးရဲ့ အာဏာခံလေးဖြစ်နေပြီ။ အရင်ကလို ဇီးပန်းပွင့်ဓါးသူရဲကောင်း မဟုတ်တော့ဘူး။

တချိန်က ဇီးပန်းပွင့်ဓါးသူရဲကောင်းလေးက အခုလို ဖိနှိမ်တာတွေ ခံနေရမယ်လို့ ဘယ်သူက ထင်မှာလဲ...ဟူးးး။ ခုတော့ ခြေမြန်တော်လေး ချွန်းမြောင် ဖြစ်နေရပြီ။

"အာ့ဆို ဘာလုပ်ဖို့ ပြန်ရမှာလဲ...ပြော"

"မင်း ဂိုဏ်းချုပ်ဆီကို စာတစ်စောင် ပို့ပေးရမှာ"

"ဘယ်လို"

စာတစ်စောင်....ဟုတ်လား

ချွန်းမြောင်တွင် မေးစရာမေးခွန်းများက ထပ်ရှိသေးသော်လည်း အကြီးအကဲတစ်ယောက်အား တစ်ခွန်းမပြန် ပြန်လည်မေးခွန်းထုတ်ကာ ပြောဆိုနေခြင်းက ရိုင်းပြသည့်အမူအရာပင် ဖြစ်လေသည်။ ချွန်းမြောင်အား ဂိုဏ်းသားအငယ်ဆုံးလေးက တခွန်းမကျန် ပြန်မေးနေပါက ချွန်းမြောင် ရင်နာမည်ဖြစ်ပြီး ထိုကလေးလည်း ဖင်နာမည် ဖြစ်လေသည်။

"ဟုတ်ကဲ့...ကျွန်တော် သွားလိုက်ပါ့မယ်"

"ကောင်းတယ်...ပုံမှန်ဆိုရင်တော့ လူကြုံရှာပြီး စာကိုထည့်ပေးလိုက်မှာပါ...ဒါပေမယ့် ဒီမှာက လုပ်ငန်းက ပရမ်းပတာဖြစ်နေတာတွေရော ကိစ္စကလည်း တော်တော့်ကို အရေးကြီးအလျင်လိုနေတဲ့ကိစ္စမို့ပါ....

မင်း နားလည်မယ်လို့ ငါထင်ပါတယ်"

ချီး....

ငါက အဲ့လိုတွေကို နားလည်ပေးမယ့် လူကောင်းပုံပေါက်လို့လား...

သက်သက်ကြီးခိုင်းပြီးမှ စကားလုံးတွေနဲ့ ချွေးသိပ်နေလည်း အပိုပဲ။

ယုအန်းက စာတစ်စောင်ကို ယူလိုက်ပြီး ချွန်းမြောင်အား ကမ်းပေးလိုက်လေသည်။

"ရော့ .....ဒီမှာ"

"ဟုတ်ကဲ့"

ယုအန်းက ကောင်းကောင်းမွန်မွန်ရှင်းပြထားသော်လည်း ချွန်းမြောင်ကမူ မကျေနပ်သေးပေ။

"ဒီစာက အန်ဟာ ကုန်သည်များအစည်းအရုံးက စာပဲ...ဆိုတော့ ကောင်းကောင်းမွန်မွန် ယူသွား"

"ဘာကြီး"

ချွန်းမြောင်ကမူ နားမလည်ချေ။

ယုအန်းက ဆက်ကာရှင်းပြလေသည်။

"ဒီစာက ဂိုဏ်းချုပ်ကို အရေးပေါ်အနေနဲ့ပို့လိုက်တာ...ငါက ဟွာကျေးရွာမှာ ရောက်နေတော့ ဒီကိုပဲ ပို့ပေးလိုက်တာ....ဖြစ်နိင်ရင်တော့ နောက်နှစ်ရက်လောက်နေမှ တခြားကုန်တွေနဲ့ ဟွာဆန်းကို ဒီစာကို ပို့မလို့ပဲ...

အရမ်းကို အရေးကြီးပြီး ဂိုဏ်းချုပ်ဆီကို ချက်ချင်းရောက်ဖို့ လိုနေလို့ မင်းကို သွားပို့ခိုင်းရတာ"

"ဟုတ်ကဲ့...ကျွန်တော် နားလည်ပါပြီ"

"အရေးကြီးနေတာမို့ နှောင့်နှေးကြန့်ကြာတာတွေ မဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ"

ဂျိုကုကမူ စာကိုလက်တွင်ကိုင်ကာ ဟွာဆန်းသို့ တစ်ယောက်ထဲသွားမည့် ချွန်းမြောင်ကို စိတ်မချနိုင်စွာ ကြည့်နေလေသည်။

"ဒါ..ဒါက "

"သူမဟုတ်ဘဲ တခြားတစ်ယောက်ယောက်ကို ပို့ခိုင်းလိုက်လို့ မရဘူးလားဟ"

"ဟမ်...မင်း တစ်ခုခု ပြောလိုက်တာလား"

" ဘာ..ဘာမှ မဟုတ်တော့ပါဘူး ..အကြီးအကဲ"

ဂျိုကုသည် ယုအန်းအား ဖြေပင်ဖြေလိုက်ရသော်လည်း သူ၏မျက်လုံးများကမူ ချွန်းမြောင်၏ ကျောပြင်မှ မခွာနိုင်ပေ။

ငါကပဲ စိတ်ထင်နေတာ နေမှာပါ။ ခံစားချက်ကမူ လုံးလုံးကောင်းမနေပေ။

"အားးးးးယိ"

ချွန်းမြောင်က လက်တစ်ဖက်တွင် စာကိုကိုင်ကာ တောင်ပေါ်သို့ တက်လာလေသည်။

"ယားးးး"

ဆိုတော့ ဒီစာက ကုန်သည်အဖွဲ့အစည်းက အကြီးအကဲဟွမ်ရဲ့ စာပေါ့...အဲ့လိုလား။

မဟုတ်သေးဘူး...မဟုတ်သေးဘူး....အကြီးအကဲ ဟွမ်က သူ့ဟာသူတောင် သေမင်းနဲ့ စစ်ခင်းနေရတာ ဘယ်လိုလုပ် စာပို့နိုင်မှာလဲ။ သူတို့ အဖွဲ့ထဲက တစ်ယောက်ယောက်ရဲ့ စာပဲ ဖြစ်ရမယ်။

ချွန်းမြောင် သက်ပြင်းကို မသက်သာပုံနှင့် ချလိုက်လေသည်။

"ကျင့််ဝတ်တွေအရဆိုရင်တော့ တောက်ကျင့်ကြံသူတစ်ယောက်အနေနဲ့ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာတွေ ပါဝင်တဲ့ စာကို ဖောက်ဖတ်တာက ကျင့်ဝတ်နဲ့တော့ မညီဘူးပေါ့..... ဒါပေမယ့်လည်း ဒီစာက ဟွာဆန်းဆီကို လာတဲ့စာဆိုတော့ ဟွာဆန်းက ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒါကို သိသင့်တယ်လို့လည်း ပြောလို့ရတာပဲလေ.........ဟုတ်တယ်မို့လား...ဆရာတူအကိုကြီး"

"အာ...ဘယ်လိုပဲဖြစ်ဖြစ်ပါလေ....ကျွန်တော့်ရဲ့ ဆရာတူအကိုကြီးကလည်း သေပြီဆိုတော့ ဆိုဆုံးမမယ့်သူလည်း မရှိတော့ဘူးဆိုတော့ ကိစ္စမရှိပါဘူး"

ဟွာဆန်းအနေနှင့်မူ အကြီးအကဲဟွမ်၏ ကျေးဇူးကြွေးများက မနည်းမနောပင် ရှိလေသည်။ ယခုတွင်မူ ကုန်သည်အစည်းအရုံးတွင် အရေးပေါ်အခြေအနေတစ်ခုရှိနေသည့်ပုံပင် .။ ဟွာဆန်း၏ ကျေးဇူးသိတတ်မှုကို ဖော်ပြရမည့်အချိန်လားပင်။ အခြေအနေအား သေသေချာချာ သိရရန်က စာအိတ်ကာ ဖွင့်ကာဖတ်ရန် လိုလေသည်။

ချွန်းမြောင် စာအိတ်ကို ယူကာ အနီးကပ်ကြည့်လိုက်လေသည်။

စာအိတ်ပေါ်တွင် အညွှန်းစာတစ်ကြောင်းက ထင်သာမြင်သာအောင် ရေးထားလေသည်။

"ဟွာဆန်းဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်တည်းသာ ဖတ်ရန်"

ဆိုတော့ တခြားသူ မဖတ်ရဘူးဆိုတဲ့ သဘောပေါ့။

"ဟုတ်ပါပြီ....ဟုတ်ပါပြီ.... ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ဂိုဏ်းချုပ်သာ ဒီနားမှာ ရှိနေရင်လည်း

ရပါတယ် ...ကိစ္စမရှိပါဘူး လို့ ပြောမှာပဲ...

ဆိုတော့ ငါလည်း ဖတ်လို့ရတယ်ပေါ့...ဟိ..ဟိ"

အနားတွင် လူသာရှိပါက ထိုနားတွင်မူ ထိုလူများ၏ လက်ချက်နှင့် ချွန်းမြောင် သေလောက်ပေသည်။

သေလည်း သေသင့်ပါပေသည်။ သူ၏ ဗလောင်းဗလဲစွမ်းရည်က သာမန်မှ ဟုတ်မနေသည်ပင်။

"ကဲ....ဖတ်ကြည့်ရအောင်"

စာက ဖယောင်းနှင့် ချိတ်ပိတ်ထားလေသည်။ မည်မျှပင် ဂရုစိုက်ကာ ကိုင်စေကာမူ လက်ရာကတော့ ကျန်ခဲ့မည်ဖြစ်သည်.။ သို့သော်လည်း ရှေးယခင်ကပင် စာခိုးဖတ်ရာ၌ ဆရာကြီးဖြစ်နေသော ချွန်းမြောင်အတွက်မူ အဆန်းမဟုတ်ပေ။ ထမင်းစား ရေသောက်ကိစ္စပင် ဖြစ်လေသည်။

"ကဲ...သတင်းကောင်းလေး ဖြစ်ပါစေကွာ"

ထက်ရှသော ချီစွမ်းအင်များက ချွန်းမြောင်၏ လက်ချောင်းထိပ်လေးမှ ထွက်လာပြီး စာရွက်နှင့် ဖယောင်းကြားရှိ အတားဆီးလေးအား ဖြတ်လိုက်လေသည်။ ခြေရာလက်ရာပင် မကျန်ချေ။ ချွန်းမြောင်က စာကို စာအိတ်ထဲမှ ထုတ်ယူလိုက်ပြီး စတင်ကာ ဖတ်လိုက်လေတော့၏။

စာဖတ်လိုက်သည်နှင့် ချွန်းမြောင်၏ မျက်ခုံးများက တဖြည်းဖြည်းပင် မျက်မှောင်ကြုံ့လာလေသည်။ ထို့နောက်တွင်မူ စာရွက်အား တရိုတသေပြန်ခေါက်ကာ ထည့်ရမည့်အစား ဒေါသတကြီးပင် လုံးချေလိုက်လေ၏။ ထို့နောက်တွင်မူ ဒေါသကြောင့် တုန်ခိုက်နေသောလက်တို့နှင့်ပင် စာကို စာအိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။ ထို့နောက်တွင်မူ အသက်ပြင်းပြင်းရှုလိုက်လေသည်။

"ထွီ..."

ဝင်လေထွက်လေ အကြိမ်ရေအနည်းငယ်မျှလုပ်ပြီးသောအခါတွင်မူ စိတ်ကအနည်းငယ် အနည်ထိုင်သွားပြီဖြစ်လေသည်။

"အဲ့သောက် နတ်ဆိုးပန်းပွင့်ကြောင့် ဖြစ်နေတာပေါ့လေ...ဒါဆို"

နတ်ဆိုးပန်းပွင့်..

အမှန်ပင် နတ်ဆိုးပန်းပွင့်ပင်။ ချွန်း‌မြောင်အံကို တင်းတင်းကြိတ်လိုက်‌လေသည်။

"သမားတော်တွေ မကုသနိုင်တာ အဆန်းမဟုတ်တော့ပါဘူး"

ဤသို့ ဖြစ်နေရသည်က နတ်ဆိုးပန်းပွင့်၏ ရောဂါလက္ခဏာများ ဖြစ်လေသည်။ အမြင်အားဖြင့် နတ်ဆိုးပန်းပွင့်၏ ရောဂါလက္ခဏာသည် အဆိပ်မိသည်နှင့်ဆင်တူလေပြီး အဆိပ်ဖြေဆေး ရှာဖွေကြရင်းဖြင့် လူများက အချိန်ကုန် သေဆုံးသွားတတ်ကြလေသည်။ သို့သော် နတ်ဆိုးပန်းပွင့်သည် နတ်ဆိုးဂိုဏ်း၏ လျို့ဝှက်နည်းပညာတစ်ခုကြောင့်သာ ဖြစ်ပေါ်လာတတ်လေသည်။ ထို့ကြောင့်ပင် ချွန်းမြောင် ရတက်မအေးနိုင်ခြင်း ဖြစ်လေသည်။

နတ်ဆိုးခွေးသားတွေကတော့...

နတ်ဆိုးဂိုဏ်းက နှိမ်နင်းခံရပြီးသည်ကိုပင် နောက်ကွယ်တွင် ဆက်လက်ကာ လှုပ်ရှားနေကြသူများရှိနေကြသေးသည်လား။

မဟုတ်ဘူး..မဟုတ်ဘူး...

ငါသတ်ခဲ့တာ ကောင်းကင်ဘုံနတ်ဆိုး တစ်ကောင်တည်း ...သူ့နောက်လိုက်တပည့်တွေ ကျန်နေဦးမှာပဲ...

နတ်ဆိုးဂိုဏ်းမှ နောက်လိုက်ငယ်သားများ ကျန်နေသေးသည့်ယူဆချက်က ယုတ္တိရှိပေသည်။ သူတို့ခေါင်းဆောင်အား သတ်ခဲ့သည့် ဟွာဆန်းကို သူတို့လက်စားချေလိုသည်ကလည်း လက်ခံနိုင်ချေရှိ၏။

စစ်ပွဲအတွင်း အသက်ရှင်ကာ ကျန်ရစ်ခဲ့သည်နတ်ဆိုးများက တိုးပွားလာသည်လည်း ဖြစ်နိုင်၏။ မြောက်များစွာသော တောင်စဉ်တောင်တန်းများကြားတွင် ပုန်းကွယ်ရှင်သန်နေသည်လည်း ဖြစ်နိုင်၏။

သူတို့ အသက်ရှင်နေသေးသည်က ပြဿနာမဟုတ်သော်လည်း သူတို့၏ မပြီးပြတ်သေးသော ရန်ညိုးရန်စကမူ ပြဿနာဖြစ်လေသည်။

ချွန်းမြောင်၏ မျက်လုံးများက မီးထတောက်တော့မည့်အလားပင်။

"ဒီခွေးမျိုးတွေက အခုထိရန်ငြိုးမပြေသေးဘူးဆိုတာ ငါသတိမထားမိခဲ့ဘူး...ဟွာဆန်းကို အခုချိန်ထိကို ရန်လိုနေကြတုန်းပဲ"

ဟွာဆန်းအား ထိခိုက်စေလိုလျှင်လည်း သူတို့ထိရန်လူများက ကမ္ဘာပေါ်တွင် ထောင်သောင်းမကရှိနေသည်ကိုပင် အဘယ်ကြောင့်များ အကြီးအကဲ ဟွမ်ကိုမှ ထိသနည်း...

" အား...ခေါင်းကိုက်လိုက်တာ"

ချွန်းမြောင် အသက်ပြင်းပြင်းရှုလိုက်ပြန်သည်။

ဘာမဆို ဖြစ်နိုင်တာပဲ။

ငါကိုယ်တိုင်မြင်ပြီး အတည်ပြုမှပဲ ရမယ်။

စာထဲမှာ ရေးထားတာလေးနဲ့တင် ဆုံးဖြတ်ချက်ချလိုက်လို့ မဖြစ်ဘူး။ စာရေးထားတာလေးနဲ့တင် ဘာဆိုပြီး အတိအကျပြောလို့ မရနိုင်ဘူး။

ချွန်းမြောင် ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။

ပြီးတော့ ...

ဆု....

"ဆုကြီးကြီးဆိုပါလားဟေ့"

စာအဆုံးတွင် ချွန်းမြောင်၏ စိတ်ကို ရွှင်ပျလင်းလက်သွားစေသော စကားလုံးလေးပါလေ၏။

ဂျိုကု၏ စကားအရဆိုလျှင် အန်ဟာ ကုန်သည်အစည်းအရုံးသည် ဟွာဆန်း၏ စီးပွားရေးလုပ်ငန်းများအတွက် အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်ပြီး အကြီးအကဲဟွမ်ကလည်း အန်ဟာတွင် ရှိလေသည်။ တွေးကြည့်ရုံနှင့်ပင် အကောင်းဆုံး ဆုလာဘ်ဆိုသောအရာကို သိမြင်နေရပြီဖြစ်လေသည်။

"ငါ ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး"

ချွန်းမြောင်က စိတ်လှုပ်ရှားလွန်း၍ ရင်များပင် တဒိန်းဒိန်းခုန်နေလေသည်။

ဂိုဏ်းပေါင်းစုံနှင့် ကောင်းကင်နတ်ဆိုးတို့၏ တိုက်ပွဲက ကြာမြင့်ခဲ့ပြီဖြစ်ပြီး နတ်ဆိုးပန်းပွင့် ရောဂါကိုလည်း သိသူများက ရှားပါးသွားပြီဖြစ်‌လေသည်။ ချွန်းမြောင်သည်ပင် တိုက်ပွဲနေ့ရက်များတွင် လက်တွေ့ကြုံဖူးခဲ့ကာ ထိုရောဂါနှင့်ပင် သေဆုံးသွားကြသူများကို မြင်ဖူး၍ သိခြင်းဖြစ်လေသည်။ တခြားသူများကတော့ မသိနိုင်ကြပေ။

အဲ့အချိန်တုန်းက ကံကောင်းလွန်းပြီး မသေခဲ့တဲ့သူတွေပဲ ဒါကိုသိလိမ့်မယ်။

သူတို့တွေသာ အသက်ရှင်နေကြဦးမယ်ဆိုရင် ဂိုဏ်းခေါင်းဆောင်ကြီးတွေတောင် ဖြစ်နေကြလောက်ပြီ။ ကြည့်ရတာ ရှင်ကျန်ရစ်ခဲ့တဲ့သူလည်း ရှိပုံမပေါ်ပါဘူး။

"ငါ ဒါကြီးကို မေ့ပစ်မှ ဖြစ်မယ်... စိတ်ကူးနဲ့တောင် တွေးကြည့်လို့ မရဘူး ...မရဘူးနော်,,လုံးဝပဲ"

သူတစ်ပါး၏ သေရေးရှင်ရေးကို အသုံးချကာ အခွင့်အရေးယူသည်က မဖြစ်သင့်မှန်းသိသော်လည်း အခွင့်အရေးအား လက်လွတ်မခံသင့်ဟု ချွန်းမြောင် ထင်လေသည်။ သူ့ထံတွင်က လူ့ကျင့်ဝတ်နှင့် သိက္ခာတရားများ ရေစုန်မျောသွားသည်က ကြာပြီဖြစ်သည်။

"ငါတော့ အလုပ်များဦးမှာပဲ"

ချွန်းမြောင်က စာကိုပြန်ထုတ်ကာ ခေါက်ပြီး ပြန်ကာချိတ်ပိတ်လိုက်လေသည်။ ဖယောင်းအနည်းငယ်ကိုလည်း ထပ်တို့လိုက်ပြီး နဂိုမူလအတိုင်း ပြန်ပုံသွင်းလိုက်လေသည်။

"ဒီစာကို သူတို့ကို အရင်ပေးလိုက်ပါ့မယ်"

ထိုသို့နှင့် ချွန်းမြောင်က ဟွမ်းဂျွန်အား စာသွားပေးလိုက်ပြီး ဟွမ်းဂျွန်က စာကိုယူကာ ချက်ချင်းဆိုသလိုပင် ဖွင့်ဖတ်လိုက်လေသည်။

(ဂိုဏ်းချုပ်.....ဆောင်းကုန်လို့ နွေလည်းကူးပါတော့မယ်။ ဒီလိုအချိန်ကို ရောက်ပြီဆို ဟွာဆန်းမှာရှိတဲ့ ဇီးပန်းပင်တွေကလည်း ပင်လုံးကျွတ်ပွင့်ကုန်ကြတော့မယ် ထင်တယ်။

ကျွန်တော့်ဖခင်နဲ့ ဟွာဆန်းကို အတူတူရောက်လာခဲ့တဲ့အချိန်ကို အခုထိမှတ်မိပါသေးတယ်။ ဟွာဆန်းက အရမ်းကို လှပနေခဲ့တာ ။ အဲ့ကတည်းက ဒီနေရာကိုနောက်တကြိမ် ပြန်ရောက်ရမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တာတော့ စိတ်မကောင်းစရာပါပဲ"

ကံမကောင်းစွာနဲ့ပဲ ဂိုဏ်းချုပ်ဆီကို ဒီလိုအကူအညီတောင်းဆိုတဲ့စာ ရေးပြီးပို့ရတာကို တကယ်လည်း ရှက်ရွံမိပါတယ်။ ကျွန်တော့်အဖေရဲ့ တရက်တခြားပိုပိုဆိုးဝါးလာတဲ့ ကျန်းမာရေးကြောင့် အခုလို ရေးပြီးဆက်သွယ်လိုက်ရတာပါ။

သိကြတဲ့အတိုင်းပါပဲ။ ကျွန်တော့်အဖေက လွန်ခဲ့တဲ့နှစ်တွေကတည်းက အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေခဲ့တာပါ။ အသက်အရွယ်ကြောင့်လားပဲ မပြောတတ်ပေမယ့် ဒီရက်ပိုင်းမှာ တခြားထူးခြားတဲ့ ရောဂါလက္ခဏာတွေလည်း ပြလာပါတယ်။

အဖေက အခုဆိုရင် အလှုပ်အရှား မလုပ်နိုင်တော့ပါဘူး။ နှလုံးခုန်နှုန်းကလည်း သာမန်မဟုတ်သလို တကိုယ်လုံးကလည်း ရဲရဲနီနေပြီး နဖူးတဝိုက်မှာလည်း အနက်ရောင်နဲ့ တခြားအရောင်တန်းတွေ ပေါ်နေပါတယ်။

ကျွန်တော်တို့ အန်ဟာက သူတွေရော တခြာသူတွေပါ ရောဂါကို အဖြေရှာကြပေမယ့် ဘယ်သူကမှလည်း ဘာရောဂါဆိုပြီး တိတိကျကျ မသိကြပါဘူး။

စာပေတွေထဲမှာရော နေရာအနှံမှာပါ အဲ့လိုရောဂါလက္ခဏာမျိုးကို ကျွန်တော်ရှာခဲ့ပါတယ်။ တကယ်လို့ အကြီးအကဲတို့အနေနဲ့ ဒီရောဂါကို အတည်ပြုပြီး ကူညီပေးနိုင်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ပြန်ဆက်သွယ်ပေးပါ။

ကျွန်တော့်ဖခင်ရဲ့ ကျန်းမာရေးတစ်စုံတစ်ရာသာ ကောင်းမွန်ခဲ့မယ်ဆိုရင် အကြီးအကဲတို့ကို သေချာပေါက် စိတ်မပျက်စေရပါဘူး။ သိတတ်တဲ့ ကျေးဇူးဆပ်မှုမျိုး ပြန်ပေးမှာပါ။

ပြန်စာကို စောင့်မျှော်လျက်....

ဟွမ်းဂျွန်းဂီ.....

အန်ဟာ ကုန်သည်အဖွဲ့အစည်း ဒုတိယ ဥက္ကဌ

All Chapters