← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အပိုင်း (၄၉)

မှားနေရင်လည်း အာမခံနဲ့(၄)

"ဟင်းးးးး"

"ငါ ဒါကြီးကို ဆက်မလုပ်နိုင်တော့ဘူး"

တတိယတန်းတပည့်များက ညည်းတွားကာ ဟွာဆန်း၏ဝင်ပေါက်ဝကို ဖြတ်ကျော်လာကြလေသည်။

ဟွာကျေးရွာတွင် အလုပ်လုပ်ရသည်က သူတို့အတွက် ခက်ခဲလွန်းသောကိစ္စဖြစ်လေသည်။ ကျင့်ကြံသူများအနေနှင့် ထိုရှုပ်ထွေးပွေလီသောစီးပွားရေးလုပ်ငန်းများကို မကိုင်တွယ်တတ်ကြပေ။

"အကုန်လုံး ဖြေးဖြေးချင်းတော့ အဆင်ပြေသွားမှာပါ...ဒါပေမယ့်"

သူတို့ ဤသို့လုပ်ကိုင်ပေးနေရခြင်းက နားလည်မပေးနိုင်သောကိစ္စတော့ မဟုတ်ပေ။

ငွေ ကမည်မျှအရေးပါပြီး ငွေရှာရသည်ကလည်း မည်မျခက်ခဲသည်ကို သူတို့သိကြပေသည်။ များမကြာသေးသော နှစ်များကပင် ငွေကြေးပြတ်လတ်ခြင်း ဒုက္ခကို သူတို့တွေ့ကြုံခဲ့ကြဖူးပြီးဖြစ်လေသည်။

ကျင့်ကြံသူများ ဖြစ်နေရုံနှင့် သစ်ခေါက်များစားကာ အသက်ရှင်နေနိုင်သည်မဟုတ်ပေ။ ကျင့်ကြံသူများသည်လည်း ငွေမရှိလျှင် မည်သည့်နေရာတွင် ကျင့်ကြံနေသည်ဖြစ်စေ အငတ်ဘေးဆိုက်မည်က ဆိုက်မှာပင်။ သို့ဖြစ်၍ တောင်အောက်ဆင်းကာ စီးပွားရေးကိုကူညီနေရခြင်းအတွက် သူတို့တွင် အထွန့်တက်စရာ မရှိပေ။

ပြဿနာသည်က

" ငါတို့ကို ဟွာကျေးရွာမှာ အဆောင်လေးတစ်ဆောင်လောက် ဆောက်ပေးလို့မရဘူးလား.....ဒီလိုကြီး ဖြစ်သလိုလုပ်နေတာကတော့ မဟုတ်သေးပါဘူး"

"တောင်ကို နေ့တိုင်း တက်လိုက်ဆင်းလိုက်လုပ်နေရတာက ဘယ်လိုနှိပ်စက်မှုမျိုးလဲ......ကြာရင် ငါတော့ သေမှာပဲ......ဆရာတူအကိုကြီး"

ယွန်းဂျွန်က မျက်လုံးကို ခပ်တင်းတင်းပိတ်လိုက်လေသည်။

စင်စစ်အားဖြင့် ထိုညည်းညူတွန့်လိမ်နေကြသောကလေးများကို အော်ငေါက်လိုက်ခြင်သော်လည်း အသက်ကိုလုရှုနေရ၍ မငေါက်နိုင်သေးပေ။

"ဒါကို လေ့ကျင့်ရေးလုပ်နေတယ်လို့ပဲ တွေးထားလိုက်ပါ"

"ဒါက ဘာလေ့ကျင့်ခန်းလဲ"

"အေး မင်းတို့မလုပ်ချင်ကြဘူးဆိုရင်လဲ အကြီးအကဲကိုသာ တိုက်ရိုက်သွားပြောလိုက်ကြတော့"

".........."

ထိုစကားထွက်လာမှသာ လူတိုင်းကတိတ်ဆိတ်သွားလေတော့သည်။ ဤသည်က အကြီးအကဲကို သူတို့ကြောက်၍မဟုတ်ပေ။ အေးဆေးကာ ရည်မွန်သောသူတို့၏ ဆရာတူအကိုကြီး စိတ်ဆိုးနေသည်ကို ပထမဆုံးအကြိမ်အဖြစ် ကြုံတွေ့လိုက်သောကြောင့် ဖြစ်လေသည်။

"ဆရာတူအကိုကြီး ....ကျွန်တော်တို့တွေ ဒီရက်ပိုင်းမှာ လေ့လည်း မလေ့ကျင့်နိုင်ဘူးလေ"

"ကျွန်တော်တို့က ဒီကို သိုင်းပညာသင်ဖို့လာကြတာလေ...စီးပွားရေးလုပ်ဖို့မှ မဟုတ်တာ........ဒီလိုစီးပွားရေးတွေ လုပ်နေမှတော့ အိမ်ပြန်ပြီးပဲ လုပ်တော့မှာပေါ့....ဒီမှာအပင်ပန်းခံနေလို့ ဘာထူးမှာလဲ"

ယွန်းဂျွန်က ဆက်လက်ကာ ညည်းတွားနေကြသော ကလေးများကို မျက်စောင်းသာထိုးကြည့်လိုက်လေတော့၏။

"မင်းတို့ ဘာပြောချင်မှန်း ငါသိပါတယ်...သူတို့ကလည်း မင်းတို့ကို ဒီလိုပဲလုပ်ခိုင်းချင်နေတာ မဟုတ်ပါဘူး...

အခုက ခဏတာပဲ ငါတို့က ဝိုင်းကူပေးနေရတဲ့သဘောပါ"

"ဟုတ်ကဲ့...သိပါပြီ..ဆရာတူအကိုကြီး"

"ပြီးရော..."

လူတိုင်းက ခေါင်းငြိမ့်ကာ ပြောလာမှ ယွန်းဂျွန်သက်ပြင်းချနိုင်သွားလေတော့သည်။

ပြောသာပြောလိုက်ရတယ်....ဘယ်အချိန်ထိ ဝိုင်းကူနေရမှာလဲ ငါလည်းသေချာမသိဘူး။

ယွန်းဂျွန်း စိတ်ကူးနှင့်ပင် မဆုံးဖြတ်တတ်ပေ။

ယွန်းဂျွန်၏ အမြင်အရဆိုလျှင် စီးပွားရေးလုပ်ငန်းများက ပြန်ကောင်းလာရန် မလွယ်သေးပေ။ အားလုံးအရှုံးပေါ်သွားမည့် အလားအလာကသာ ပို၍များသည်ဟု သူထင်လေသည်။

အတိတ်တွင် စီးပွားရေးလုပ်ငန်းများကို ဟွာဆန်း မည်သို့ကိုင်တွယ်ခဲ့သည် မသိသော်ငြားလည်း ယခုတွင်မူ အမှန်တကယ်ပင် အဆင်မပြေချေ။

ဂိုဏ်းချုပ်မှာတော့ အစီအစဉ်တစ်ခုခုရှိရင် ရှိနေမှာပါလေ။ သူ ဟွာဆန်းအတွက် စိတ်ပူနေရပြန်ပါပြီလား။

ယွန်းဂျွန်သည် ဟွာဆန်း၏ အကြွေးနွံထဲမှ ရုန်းထွက်နိုင်ခဲ့မှုကြောင့် ဝမ်းသာရသည်ပင် နှစ်များစွာမကြာသေး စီးပွားရေးလုပ်ငန်းများ၏ ပြဿနာကြောင့် ခေါင်းပူရင်မောဖြစ်နေရပြန်ပြီဖြစ်သည်။ အကယ်၍ ဟွာဆန်းသာ ပျက်သုန်းသွားခဲ့လျှင် သူ၏ဘဝသည် ဘယ်သောင်ဘယ်ကမ်းဆီသို့ ကပ်မည်မသိသေးပေ။ သူသည် ဤနေရာတွင်သာ ကြီးပြင်ခဲ့သူဖြစ်ပြီး ဟွာဆန်း၏ အလုံးစုံသော ဖြစ်ရပ်အတွေ့အကြုံတို့ကို မြင်ဖူးခဲ့ပြီးဖြစ်လေသည်။ ဟွာဆန်းသည် သူ့ဘဝ၏တစ်စိတ်တစ်ဒေသဖြစ်လေပြီး ဟွာဆန်းဒုက္ခရောက်သည့် အဖြစ်မျိုး သူမကြုံချင်ပေ။ ယွန်းဂျွန် မျက်စိကို မှိတ်ပြီး အသက်ကို ပြင်းပြင်းရှုသွင်းလိုက်လေတော့၏။

ဖြစ်နေသမျှတွေအကုန်လုံးက အားလုံးကောင်းဖို့ လုပ်နေကြတာပဲကို ဒီကလေးတွေက ဘာလို့များ တနေ့ထက်တနေ့ မရင့်ကျက်နိုင် ဖြစ်လာကြတာလဲ။

ထိုစဉ်မှာပင် ဂျိုကုက အူယားဖားယားနှင့် ပြေးလာလေသည်။

"ဆရာတူအကိုကြီ....ဆရာတူအကိုကြီ....ကျွန်တော်တို့တော့ ပြဿနာတက်ပြီ"

"စိတ်အေးအေး ထားစမ်း.........ငါတို့က တောက်ကျင့်ကြံတဲ့သူတွေ ...ပြေးလွှားဆူညံနေတာ ကျင့်ဝတ်နဲ့ မညီဘူး"

"ချွန်း....ချွန်းမြောင်"

ချွန်းမြောင်လား....

ချွန်းမြောင်၏ အမည်နာမက ဂျိုကုဆီမှ ထွက်လာသောအခါတွင်မူ ယွန်းဂျွန်က တည်ငြိမ်မနေနိုင်တော့ပေ။ မျက်နှာများ သွေးစုပ်ဖြူရော် လာလေတော့သည်။ အသွေးအသားကပင် ထိတ်လန့်နေသည်ဆိုတာမျိုး ဖြစ်မည်ထင်သည်။

"လာ.....ဆရာတူအကိုကြီး....အကိုကြီး ကြည့်စရာတစ်ခုရှိတယ်....မြန်မြန်လေး"

ဂျိုုကု ရှေ့မှဦးဆောင်ကာ ပြေးသွားလေပြီး ယွန်းဂျွန်က နောက်မှပြေးလိုက်သွားလေသည်။

များများစားစားပင် တွေးတောမနေနိုင်တော့ပေ။ ချွန်းမြောင်၏ အခန်းသို့ရောက်သောအခါတွင်မူ ဂျိုကုက တံခါးကို အလျင်အမြန်ပင် ဆွဲဖွင့်လိုက်လေ၏။ အခန်းက ဗလာကျင်းနေပြီး လူရှိမနေပေ။

"ဒီမှာ မဟုတ်ဘူးလား"

"သူ နောက်တစ်ခေါက် ထပ်သွားတာလား"

"မဟုတ်ဘူး...အဲ့တာ မဟုတ်ဘူး. အခုအရေးကြီးတာက..ဒါကိုကြည့်"

"ဟမ်...ဒါကိုလား"

ယွန်းဂျွန်က မျက်လုံးများကို မှေးကျဉ်းကာ ဂျိုကုပြနေသည့်အရာကို ကြည့်လိုက်လေသည်။ စာတစ်စောင်ပင်။

အိပ်ယာဘေးတွင် ထားထားလေပြီး စာတချို့လည်း ရေးထားလေသည်။

(အလုပ်ကိစ္စလေးပေါ်လာလို့ အခုရက်ပိုင်း ငါ ခရီးသွားရမယ်။ မင်းတို့ ကိုယ့်ကိုယ်ကို ထိန်းကြပါ။ လေ့ကျင့်ရေးကို ငါမရှိဘူးဆိုပြီး အပါးခိုနေရင်တော့ ငါပြန်လာရင် နှစ်ဆပြန်လုပ်ရမယ်ဆိုတာ သိထားပါ။ ဆိုတော့ အပါးခိုဖို့ စဉ်းစားမနေကြနဲ့....ဒါပဲ)

"ဒီသောက်ရူးခွေးသားကတော့"

ယွန်းဂျွန်က လက်များပင် တုန်နေလေ၏။

ဘာ...ရက်နည်းနည်းဟုတ်လား

ဒီသောက်ရူးက သူသွားချင်ရာသွား လာချင်ရာလာ လုပ်လို့လွယ်လွယ်ရတယ်လို့များ ထင်နေတာလား။

"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ...ဆရာတူအကိုကြီး"

ယွန်းဂျွန် သက်ပြင်းချလိုက်လေသည်။

"အရင်ဆုံးတော့ ငါတို့ဒါကို တခြားသူတွေမသိအောင် ဖုံးကွယ်ထားရမှာပဲ"

"ဒါပေမယ့် သူအပြင်ထွက်တာ မိသွားရင်ရော"

"ငါတို့ အကြီးအကဲတွေကို သွားပြီးအသိပေးနေလည်း ဘာမှ ထူးမသွားဘူး...

သူက ရက်ပိုင်းပဲကြာမယ်ပြောတာပဲကို.... ငါတို့ သူမရှိတာကို မသိအောင် ဖုံးပေးထားလိုက်လို့ ရမှာပါ"

သို့သော်လည်း ယနေ့ကဲ့သို့ ချွန်းမြောင်အား မည်သူကမှ နာမည်တပ်ကာ လာမရှာပါဟု မပြောနိုင်ပေ။ ထို့ကြောင့်ပင် ဂျိုကုရတက်မအေးဖြစ်နေလေသည်။

"တကယ်လို့ ကျွန်တော်တို့ ဖုံးပေးထားတာ မိသွားရင်ရော"

"မင်းက အဲ့တာကို စိုးရိမ်နေတာလား"

"အကိုကြီးကရော မစိုးရိမ်ဘူးလား"

"ငါစိုးရိမ်နေတာက တခြားဟာ"

"ဘာလဲ"

ယွန်းဂျွန်က သက်ပြင်းချကာ ပြောလိုက်လေ၏။

"ငါစိုးရိမ်နေတာက သူဒီတခေါက်သွားတာ ဘယ်လောက်ကြာမှာလဲ...ပြီးတော့ နောက်ထပ်ဘာပြဿနာတွေ သွားရှာတာလည်းပဲ စိုးရိမ်တာ"

"..........."

ဂျိုကုက ယွန်းဂျွန်၏ အပြောကို စိတ်ထဲမှ ကြိတ်ကာ ထောက်ခံသဘောတူလိုက်လေသည်။ စကားပင် မပြောနိုင်တော့ပေ။

"ဟောဟဲ....ဟော...ဟဲ...အမလေး မောလိုက်တာ...အသက်လေးတောင် ဝအောင် မရှုနိုင်တော့ဘူး"

ချွန်းမြောင်သည် သစ်ပင်အောက်တွင် ထိုင်လိုက်ပြီး အသက်ကို ဝဝရှုနေလေသည်။ သူသည် ဟွာဆန်းမှ တော်တော်ဝေးဝေးရောက်သည်ထိကိုပင် မနားတမ်းပြေးခဲ့ရပြီး အမောဆို့ကာပင် သေတော့မည့်အလားပင်။

"ကွာ......ငါ့ရဲ့ အစွမ်းတွေ မရှိတော့တာ နာတာပဲ"

အတိတ်ဘဝတုန်းကမူ တချက်ခုန်လျှင် တောင်တစ်တောင်ကျော်ပြီး နှစ်ချက်မျှခုန်ရုံနှင့်ပင် မြစ်တစ်ဖက်ကမ်းသို့ ရောက်သွားမည်ဖြစ်လေသည်။ ယခုတွင်မူ ခွေးရူးတစ်ကောင်လိုပင် ကဆုန်စိုင်းကာ ပြေးခဲ့သော်လည်း ခရီးက မတွင်သေးပေ။ အတိတ်တွင် နှစ်နာရီမျှသာ သွားရသောခရီးက ယခုတွင်မူ ဘယ်လောက်ကြာမည်ဟုပင် မခန့်မှန်းနိုင်ပေ။ သို့သော်လည်း ယခုအခြေအနေသည်က ပြေးနေရုံသာတတ်နိုင်လေသည်မို့ ရှန်မြို့သို့ မရောက်မချင်း ဆက်ကာပြေးရဦးမည်ဖြစ်လေသည်။

"အိုးးးးဘုရား...ဘုရား ...မောလိုက်တာ.....အခုချိန်များ ရေအေးအေးလေးတစ်ခွက်သောက်လိုက်ရရင် သေပျော်ပါပြီ"

ထိုသို့နှင့် အရူးတစ်ယောက်လိုပင် ပြေးရင်း နားရင်း ညည်းတွားရင်းနှင့် လာခဲ့သည်က အလိုရှိရာ ရှန်မြို့သို့ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ချွန်းမြောင် ခေါင်းကိုမော့ကာ ရှန်မြို့ကြီးကို ကြည့်လိုက်လေသည်။

"ငါ ဒီနေရာကို ရောက်ခဲ့ဖူးတာတောင် နှစ်တွေ အတော်ကြာသွားပြီပဲ"

နှစ်ပေါင်းတစ်ရာကျော်အကြာတွင် အရာအားလုံးက တိုးတက်ပြောင်းလဲလာခဲ့လေသည်။ ဟွာကျေးရွာသည်လည်း တိုးတက်ပြောင်းလဲလာခဲ့သော်လည်း ရှန်မြို့၏ ပြောင်းလဲမှုနှင့်တော့ မယှဉ်နိုင်ပေ။

ရှန်မြို့သည် များစွာပြောင်းလဲသွားခဲ့ပြီဖြစ်လေသည်။

ရှန်မြို့သည် ဟွာဆန်းအနီးအနားတွင် ရှိသောမြို့များထဲမှ အကြီးဆုံးမြို့ဖြစ်ပြီး အလည်အပတ်သွားရမည်ဆိုပါက မည်သူမဆို ရှန်မြို့ကို ရွေးချယ်ကြမည် ဖြစ်လေသည်။

ချွန်းမြောင်သည် ခဏအနားယူပြီးမှ မတ်မတ်ပြန်ရပ်လိုက်လေသည်။

"ကိစ္စတွေ အများကြီးကို ဒီနေရာမှာ ဖြစ်ခဲ့တာပဲ...အမှတ်တရတွေ အများကြီးပဲ"

ပုံမှန်အားဖြင့်မူ ဟွာဆန်းဂိုဏ်းသည် ရှန်မြို့တော်သို့ လာခြင်းကို ပိတ်ပင်ထားလေသည်။ အကြောင်းရင်းသည်က အနီးစပ်ဆုံးတွင် တောင်ဘက်အစွန်အဖျားဂိုဏ်းရှိသောကြောင့် ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျား တောင် တောင်ဘက်အစွန်အဖျားဂိုဏ်းမကြီးသည် ရှန်မြို့နှင့် ခရီးအနည်းငယ် အကွာမှာပင် ရှိလေသည်။ သို့ဖြစ်၍ ဤရှန်မြို့သည်က တောင်ဘက်အစွန်အဖျားဂိုဏ်းသားများ အတော်ပင် ခြေရှုပ်သောနေရာဖြစ်လေသည်။ တောင်ဘက်အစွန်းအဖျားဂိုဏ်း၏ ပိုင်နက်ဟု ဆိုရလောက်အောင်ပင် အသွားအလာများသော နေရာဖြစ်သည်။

သိထားကြသည့်အတိုင်းပင် ဟွာဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် တသျှောင်းစေးနှင့် မျက်ချေးပင်။ မျက်နှာချင်းဆိုင်မရသည့် ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ပြီး

လက်ဦးသူက အရင်စကာ တိုက်ခိုက်လေ့ရှိပြီး နှစ်ဂိုဏ်းဆုံလိုက်သည့်နေရာတိုင်းတွင် ရန်ပွဲတစ်ပွဲကတော့ ဖြစ်ပေါ်လာမြဲပင် ဖြစ်လေသည်။ အိမ်နီးနားချင်းများက အမြဲပင် ဂုဏ်ပြိုင်ကြသလိုပင် နယ်မြေကပ်ရက်ရှိနေသောဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းသားများကလည်း အမြဲပင် ပညာပြိုင်နေကြသည်မို့ ရန်မီးက ငြိမ်းသွားသည်ကို မရှိပေ။ သူတော်သည် ငါတော်သည် ၊ ငါတို့ ဂိုဏ်းကောင်းသည် သူတို့ဂိုဏ်းကောင်းသည် စသဖြင့် ဂိုဏ်း၏ဂုဏ်သိက္ခာကို ရင်းကာ အပြိုင်အဆိုင်ဖြစ်နေကြ၍ ရန်မီးပွားက ငြိမ်းသွားရန်လည်း အကြောင်းမရှိပေ။ ငြိမ်းလည်း မငြိမ်းခဲ့ပေ။

ချွန်းမြောင်တို့ ခေတ်တုန်းကမူ ချွန်းမြောင်သည် သွေးဆူတတ်သူပီပီ ဤရှန်မြို့သို့ အမြဲလိုလိုပင် လာကာ သေရည်သောက်စားပျော်ပါးရင်းဖြင့် တောင်ဘက်ဂိုဏ်းမှ ဂိုဏ်းသားများနှင့် ပညာချင်းယှည်လေ့ရှိပေသည်။

သူ၏ ဆရာတူအကိုကြီးက တားပါသော်လည်း မရချေ။ ဆရာတူအကိုကြီးက တားလေ သူက သွားချင်လေဖြစ်ပြီး ပြဿနာကို မီးခွက်ထွန်းရှာတတ်လေသည်။ အမြဲလိုလိုပင် သူကပင်နိုင်တတ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း မကျေပွဲ နွဲတတ်လေသည်။

ငါ ဒီကောင်တွေကို အပီအပြင် ပညာပြခဲ့တဲ့အချိန်တွေပေါ့ကွာ...

ရှန်မြို့တော်တွင်လာသည့်အတိုင်း သေရည်လေးသောက် ၊ အသားလေးစား၊ ရန်လည်းဖြစ်နှင့် သောက်သောက်စားစား လူ့မင်သားဘဝကို အပီအပြင်ပင် သူပုံဖော်ခဲ့ဖူးလေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းသားများကလည်း ချွန်းမြောင်အား လက်စားချေရန် အမြဲလိုလိုပင် လာရှာလေ့ရှိပြီး ချွန်းမြောင်အား နိုင်သည်လည်း မဟုတ်ပေ။

သုံးလောကတခွင်တွင် ဇီးပန်းပွင့်ဓါးသူရဲကောင်း ဟု အမည်တွင်ခဲ့သော ချွန်းမြောင်ကသာ နိုင်ပွဲများဆက်ခဲ့ခြင်း ဖြစ်လေသည်။ သူတို့ကမူ အမြဲလိုလိုပင် ရှုံးနိမ့်နေပြီး ငယ်နိုင် ဟုပင် ဆို၍ရမလားပင်။

သို့ဖြစ်၍ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဟွာဆန်းအပေါ် မုန်းတီးမှုကလည်း သာမန်မဟုတ်ခဲ့ပေ။

ဟွားဆန်း ပြိုလဲပျက်စီးချိန်တွင် မီးစာဆီလောင်း ထိုးပင်ချခဲ့လေသေးသည်။

"အင်း...ကောင်းရော"

ချွန်းမြောင်သည် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံကြည့်လိုက်လေသည်။ အလျင်စလို ထွက်လာခဲ့၍ အဝတ်အစား မလှဲခဲ့မိပေ။ ဇီးပန်းပွင့်သင်္ကေတက အင်္ကျီရင်ဘက်နေရာတွင် ငှားငှားစွင့်စွင့်ကြီး ရှိနေလေသည်။ သူ အဝတ်အစားများ လှဲ၍ မြို့ကို ဝင်သင့်သည်ဟု ခံစားရလေသည်။ ဤဝတ်စုံကြီးနှင့် မြို့ထဲသို့ဝင်ရမည်ကို ခံစားချက် ကောင်းမနေပေ။

"အာ...ဘာဖြစ်ဖြစ်ကွာ"

ချွန်းမြောင် ဆုံးဖြတ်ချက်ချကာ မျိုးမစစ်တောင်ပိုင်းဂိုဏ်းသားများ ပျော်စံရာ မြို့ကြီးထဲသို့ ပြေးဝင်သွားလေတော့သည်။ အချိန်တွေက ပြောင်းလဲနေပြီဖြစ်၍ အခြေအနေများလည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်ဟု သူတွေးလိုက်လေသည်။

"ဘာမှတော့ ထွေထွေထူးထူး ဖြစ်မယ်မထင်ပါဘူး"

အန်ဟာကုန်သည်အဖွဲ့အစည်းကို တွေ့သည်နှင့် သူ့ကိစ္စက ပြီးပြီဖြစ်၍ ချွန်းမြောင် စိုးရိမ်စိတ်ကို လျော့ထားလိုက်လေတောညသည်?

"လုပ်စရာရှိတာ လုပ်ပြီးရင် ဆုယူပြီးပြန်ရုံပဲ"

လူယုတ်မာပြုံးကြီး ပြုံးကာ ချွန်းမြောင်က မြို့ထဲသို့ ပျော်ပျော်ကြီး ဝင်သွားလေတော့သည်။

မမျှော်လင့်ထားသော မုန်တိုင်းတစ်ခုကို ချွန်းမြောင် မရည်ရွယ်ပါဘဲ ဖန်တီးမိသွားလေတော့သည်။

အပိုင်း (၅၀)

မှားနေရင်လည်း အာမခံနဲ့ ( ၅)

ဟွမ်ဂျွန်ကီက သူ၏ စိတ်ပျက်မှုကို ထိန်းမထားနိုင်တော့ပေ။

ခင်ဗျားတို့က ကျွန်တော့်အဖေကို မကူညီနိုင်ဘူးလို့ ပြောလိုက်တာလား။

ဟွမ်မန်ယိုက အန်ဟာကုန်သည်အဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်သလို ဟွမ်ဂျွန်ကီ၏ ဖခင်လည်းဖြစ်လေသည်။ ဟွမ်မန်ယို၏ ကျန်းမာရေးသည် တနေ့တခြားပင် ပို၍ပို၍ဆိုးဝါးလာခဲ့လေသည်။ ယခင်အချိန်ကမူ ကျန်းမာရေးမကောင်းသော်လည်း အလွန်ပင်ဆိုးဝါးနေသည်မဟုတ်ဘဲ လွန်ခဲ့သောရက်အချို့ကစကာ ရောဂါလက္ခဏာများက တိုးပွားလာပြီး အခြေအနေဆိုးလာခြင်းဖြစ်လေသည်။

ကံမကောင်းရှာသော လူအိုရောဂါသည်ကြီးသည် ယခုရက်ပိုင်းတွင်မူ အစားပင် မဝင်တော့ချေ။ အားပြတ်အင်ပြတ်ပင် ဖြစ်လာလုလုဖြစ်နေပြီဖြစ်သည်။ ထိုသို့သာ ဆက်ကာစခန်းသွားနေမည်ဆိုလျှင်တော့ မကြာခင်ပင် သေပွဲဝင်တော့မည်က သေချာလေသည်။

သူ၏ဖခင်က ထိုသို့အသည်းအသန်ဖြစ်နေသည်ကို ဟွမ်ဂျွန်ကီလက်ပိုက်ကာ ကြည့်မနေနိုင်တော့ပေ။ အနယ်နယ်အရပ်ရပ်မှ ဂုဏ်သတင်းကြီးသူများကို ပင့်ဖိတ်ကာ သူ၏ဖခင်ကို ကုသပေးရန် အကူအညီတောင်းခဲ့လေသည်။ သူတို့နှင့် ရင်းနှီးကာ အဆက်အစပ်ရှိသော ကျင့်ကြံသူများပါမကျန် အကူအညီတောင်းခဲ့လေပြီး ယခုအချိန်ထိပင် အကြောင်းပြန်စာ မရသေးပေ။

ယနေ့တွင်မူ အဆိပ်ကုထုံးတွင် ကျွမ်းကျင်သည်ဟု နာမည်ရသည့် စီချွန်းထန် မိသားစုမှ သူတို့ဆီသို့ ရောက်လာသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေးကတော့ အနည်းငယ်သမ်းလာပြီ ဖြစ်လေသည်။

သို့ရာတွင်မူ မျှော်လင့်မိသည်က အလကားပင် ။

" ဒါက အရမ်းကို ခက်ခဲလွန်းတယ်"

မမျှော်လင့်ထားသည့် အဖြေဆိုးကြောင့် ဟွမ်ဂျွန်ကီ စိတ်ပျက်သွားလေသည်။

"ခင်ဗျားတို့က ' အဆိပ်သခင်ကြီး' ဆိုပြီးတောင် နာမည်ကျော်ကြားတာကို ....

ကျွန်တော့် အဖေကို ကူညီပေးလို့ မရဘူးလား"

"ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့က အဆိပ်နဲ့ပတ်သက်ပြီး အကျွမ်းကျင်ဆုံးဆိုတာတော့ မှန်ပါတယ်... ဘယ်လို အဆိပ်မျိုးကိုမဆို ကိုင်တွယ်နိုင်တယ်ဆိုတာလည်း မှန်ပါတယ်"

"အဲ့တာဆို ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ မင်းအဖေရဲ့ရောဂါက အဆိပ်ကြောင့်ဖြစ်တဲ့ ရောဂါမဟုတ်လို့ပါ"

ဟွမ်ဂျွန်ကီက ထိုစကားကြောင့် မျက်လုံးများမှေးကျဉ်းသွားလေသည်။

" ဒါဆို ဒီရောဂါလက္ခဏာတွေကို ကြည့်ပြီး ဘာရောဂါလို့ ယူဆသလဲ"

ထန်ဂိုဏ်း၏ အကြီးအကဲဖြစ်သူ ထန်မောင်က သူ၏ခေါင်းကို ခါပြလိုက်လေသည်။

" လက္ခဏာတွေက တူရင်တောင် ဒါက အဆိပ်ကြောင့် ဖြစ်တာမဟုတ်တာတော့ သေချာပါတယ်...

ကြည့်ရတာ အခြားထူးခြားတဲ့ရောဂါတစ်ခုခု ဖြစ်ပါလိမ့်မယ်"

"ဪ"

ဟွမ်ဂျွန်ကီသည် ပိုပို၍ နက်နဲလာသော ရောဂါလက္ခဏာကြောင့် မည်သို့ပြောရမည်မှန်းပင် မသိတော့ချေ။

ရှိရှိသမျှ အတော့်အတော်ဆုံးဟူသော ဆရာများကို ခေါ်၍ကုသသည်ကိုပင် သူ့ဖခင်၏ ရောဂါကို ဂဂနန မသိရသေးပေ။

"မင်းအဖေက အသက်ကြီးလို့ လူကြီးရောဂါဖြစ်နေတာ မဟုတ်ဘူးလို့တော့ ငါကတော့ ယူဆတယ်"

"ပြီးတော့ ဒီရောဂါရဲ့ လက္ခဏာတွေကလည်း မရိုးရှင်းဘူး"

"ဒါဆို အခုက ဘာဆက်ဖြစ်ပြီး ကျုပ်က ဘာလုပ်ရတော့မှာလဲ...ခင်ဗျားတို့ ဘာရောဂါဆိုတာတောင် မသိတာကို"

ထန်မောင် အားနာစွာဖြင့်သာ သက်ပြင်းချလိုက်လေတော့သည်။ ဤရောဂါသည် သူကယ်နိုင်သော ကိစ္စမဟုတ်ပေ။

"ကျုပ်တောင်းပန်ပါတယ်... အကြီးအကဲအနေနဲ့ အကောင်းဆုံးကြိုးစားပေးခဲ့တာသိပေမယ့် ကျွန်တော် စိတ်လောမိသွားတယ်"

"ကျုပ်ကလည်း မကူညီနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး"

"အဲ့လိုလည်း မဟုတ်ပါဘူး.....အကြီးအကဲရဲ့ ကြိုးစားပေးမှုကို ကျွန်တော်ကသာ မမြင်နိုင်ခဲ့တာပါ

ခွင့်လွတ်ပေးပါခင်ဗျာ...ကျွန်တော် အဖေ့အတွက် စိတ်လောသွားလို့ပါ"

ထန်မောင်ကလည်း စိတ်မကောင်း ခါးသက်သောမျက်နှာနှင့် ထကာ အခန်းထဲမှ ထွက်သွားလေတော့သည်။

" ငါ ဘယ်လိုများ ဆက်လုပ်ရမှာလဲ"

ဟွမ်ဂျွန်ကီက ခေါင်းကိုစိတ်ရှုပ်စွာ ကုတ်လိုက်လေသည်။

သူ့ဖခင်၏ ကျန်းမာရေးက တရက်တခြားပိုကာ ဆိုးဝါးလာလေသည်။ ရောဂါအား အခုအချိန်ထိပင် တိတိကျကျ မသိရသေးပေ။ ကုသပေးရန် လာကြသောသူများကသာ လက်လျော့ကာ ပြန်သွားကြသော်လည်း သူကမူ လက်မလျော့နိုင်သေးပေ။ ငွေများစွာ ရှိနေသော်လည်း သူ၏ဖခင်ကောင်းလာစေရန်အတွက် တစ်ခုတစ်လေမျှပင် လုပ်ဆောင်ပေးနိုင်စွမ်း မရှိပေ။ ငွေများရှိနေသော်လည်း အသုံးမဝင်သည်က နှမြောစရာပင်။

"ဒီလိုကြီး ဒုက္ခတွေ ခံစားနေရအောင် ငါ့အဖေက ဘာများလုပ်မိထားလို့လဲ"

သူ၏ ဖခင်သည် ဘဝတသက်တာလုံး သူတစ်ပါးကို ကူညီရင်းဖြင့်သာ ကုန်ဆုံးခဲ့လေသည်။ ကောင်းမှုမှန်သမျှကို လုပ်ခဲ့လေပြီး လူတိုင်းပေါ်တွင် ကူညီခဲ့သူပင် ဖြစ်လေသည်။ သို့သော် ယခုတွင်မူ သူ၏ဖခင် ထိုသို့ခံစားနေရလေသည်။ ပြုခဲ့သော ကောင်းမှုများကို မိုးကောင်းကင်က လျစ်လျူရှုထားပုံရလေသည်။ သူ၏ ဖခင်အပေါ်တွင် လောကကြီးက ရက်စက်လွန်းလှပေသည်။

ရုတ်တရက်ဆိုသလိုပင် တံခါးခေါက်သံက ထွက်လာလေသည်။

"အထဲကို ဝင်ခဲ့လို့ရမလား"

"အာ...ဟုတ်ကဲ့ ....ဝင်ခဲ့ပါ...အကြီးအကဲ"

တံခါးက ပွင့်လာလေပြီး ဆံပင်များကလည်း တစ်ခေါင်းလုံးဖြူကာ စွတ်စွတ်ဖြူသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက် ဝင်လာလေသည်။

"စောနက အကြီးအကဲ ထန်မောင် ထွက်သွားတာ တွေ့လိုက်တယ်"

"ဟုတ်ပါတယ်"

"သခင်လေး... ဒီအကြောင်းအရာကိုပဲ ထပ်ကာထပ်ကာ ပြောနေရလို့ ကျွန်တော် တကယ်အံဩတယ်...

အခုက အချိန်ဆွဲနေရမယ့် အချိန်မဟုတ်တော့ဘူးနော်... အကြီးအကဲ ဟွမ်ကို ကယ်တင်နိုင်မယ့်တစ်ခုတည်းသော နည်းလမ်းက တောက်ကျင့်စဉ်ကျင့်ကြံတာပဲ ဖြစ်မှာ"

ထိုစကားကြောင့် ဟွမ်ဂျွန်ကီမျက်နှာက အုံမှိုင်းသွားလေသည်။

"အကြီးအကဲ ပြောချင်တာကို ကျွန်တော်နားလည်ပါတယ်...ဒါပေမယ့် တခြားနည်းလမ်းရှိမလား ကျွန်တော်ရှာချင်သေးတယ်..."

"သခင်လေး...ကျွန်တော် ခင်ဗျားကို မပြောခဲ့ဘူးလား....အကြီးအကဲဟွမ် အခုလိုဖြစ်နေတယ်ဆိုတာ ခန္ဓာကိုယ်တွင်း ချီစီးဆင်းမှုကို တားဆီးခဲ့လို့ ဆိုတာကို.... အကြီးအကဲဟွမ်မှာက အဖျက်စွမ်းအင်ရှိတဲ့ချီစွမ်းအင်တွေ သိပ်များနေပြီး သူရဲ့ အခြေအုတ်မြစ်တွေကို ကမောက်ကမဖြစ်စေလို့ပါ..

သခင်လေးသာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်နိုင်ရင် သခင်ကြီးကို ကယ်တင်ဖို့ အခွင့်အရေးတစ်ခု ရချင်ရလာမှာပါ"

ဟွမ်ဂျွန်ကီက ခေါင်းကိုလှည့်ပြီး လူအိုကြီးကို ကြည့်လိုက်လေသည်။

ထိုလူအိုကြီးသည် သူပြောလိုက်သောစကားအတွက် ဝန်ထုပ်ဝန်ပိုးတစ်စုံတစ်ရာ ခံစားနေရပုံလည်း မပေါ်ပေ။

အေးအေးဆေး‌ဆေးပင် ရှိနေလေသည်။

"ဒါက တောင်ဘက်အစွန်အဖျားဂိုဏ်းက မင်းတို့ကို သီးသန့်ပေးတဲ့ အကူအညီပါ....ဒီမြို့ တိုးတက်လာတာက မင်းတို့ အန်ဟာ ကုန်သည်အစည်းအရုံးနဲ့ မင်းအဖေရဲ့ မျက်နှာကြောင့်လည်းပါတာမို့ ဒီလိုကူညီပေးဖို့ ငါတို့က ကမ်းလှမ်းတာပါ...ဒါကို မင်းက အချိန်ဆွဲပြီး ငြင်းဆန်နေတယ်...နောက်မှ နောင်တရစရာတွေ ဖြစ်လာရင်တော့ မင်းထိုက်နဲ့ မင်းကံပဲ"

"....အဖေက ဒီထက်အချိန်ပိုရဦးမှာပါ"

"ထင်မနေနဲ့"

လူအိုကြီးက ဆက်ပြောမည့်စကားများကို လျှာကိုကိုက်ကာ မြိုချထားလိုက်လေသည်။

သူ ဟွမ်ဂျွန်ကီအား သည်းခံနိုင်သမျှ သည်းခံရန် တွေးထားလေသည်။ မသည်းခံနိုင်လည်း သည်းခံရပေမည်။

ဟွမ်ဂျွန်ကီ နှုတ်ခမ်းကို ကိုက်ကာ စဉ်းစားလိုက်လေသည်။ သူ ဤလူအိုကြီး၏ အကြံပေးချက်ကို ငြင်းလိုက်သည်က ရှင်းပေသည်။ ဤလူကြီးသည် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဂိုဏ်း၏အကြီးအကဲ ကီမုန့်ဆောင်း ဖြစ်နေသောကြောင့်ပင်။

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်လေပြီး ကာလရှည်ကြာစွာ ရပ်တည်လာသော ဂိုဏ်းလည်းဖြစ်ပေသည်။ ယခုအချိန်တွင်မူ အာဏာအရှိဆုံးနှင့် နာမည်ကျော်ကြားသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်လေပြီး အနာဂတ်တွင်လည်း အလွန်ပင် အလားအလာရှိသော ဂိုဏ်းဖြစ်လေသည်။

ထို့အပြင် ရှန်မြို့က တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ပိုင်နက်တွင်ရှိလေပြီး နယ်မြေတခွင်တွင် ဩဇာလွှမ်းမိုးမှုလည်း ရှိလေသည်မို့ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ပတ်သက်လိုနေခြင်းအား အတိအလင်းငြင်းဆို၍ မရပေ။ အလိမ္မာနည်းနှင့်သာ ငြင်းနေရလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း သူ၏ ဖခင်အား ကူညီချင်လွန်းနေ၍ မဟုတ်သည်ကို သူရိပ်မိလေသည်။

သူ့ထံမှ လိုအပ်နေသော အရာရှိ၍သာ ထိုသို့ကမ်းလှမ်းနေခြင်းကို သိလေပြီး သူကိုယ်တိုင်ကလည်း ထိုဂိုဏ်းကို အယုံအကြည်မရှိပေ။ ငွေပေးရသည်က ပြဿနာမဟုတ်ပေ။ တောင်လိုပင် ပုံကာ ပေးလိုက်နိုင်လေသည်။

သို့သော် သူတို့သာ အမှန်တကယ် ကယ်တင်နိုင်လျှင် အရင်ကယ်တင်ပြီးမှသာ သူ့အား အပြန်အလှန်အဖြစ် တောင်းဆိုမည်ဖြစ်ပြီး ယခုတွင်မူ ကတိကဝတ်တစ်ခုကိုသာ လိုချင်နေပြီး အမှန်တကယ် ကုသနိုင်မည်ဟု ယုံကြည်ချက်ရှိပုံမရပေ။

ကုန်သည်ဘဝတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့ပြီး ဖြစ်၍ အရိပ်ပြလျှင် အကောင်မြင်ရုံသာမက အနံ့ရုံနှင့်ပင် အကောင်သိနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ ထိုတောင်ဘက်အစွန်အဖျားဂိုဏ်းကို ယုံကြည်ကာ ပုံမအပ်လိုက်ချင်သေးပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် အန်ဟာကုန်သည်အဖွဲ့အစည်းကို လက်ဝါးကြီးအုပ်ကာ ပိုင်ဆိုင်ချင်နေသည်ကိုလည်း သူကောင်းကောင်းကြီး ရိပ်မိပေသည်။

"ကျွန်တော် ဆက်သွယ်ထားတဲ့ တချို့နေရာတွေက ပြန်စာတွေ ပြန်မရသေးပါဘူး...

ကျွန်တော် သူတို့တွေရဲ့ ပြန်စာတွေကို စောင့်ပြီးတော့ အခြေအနေကြည့်ချင်သေးတယ်"

"ကျွတ်...ကောင်လေး...မင်းက ပြောရတာ တော်တော်ခက်တာပဲ...

ဒီရောဂါကို သူတို့တွေမပြောနဲ့ ကောင်းကင်ဘုံက ကုသပေးရင်တောင် မပျောက်နိုင်ဘူး..

ထန်ဂိုဏ်းက အကြီးအကဲပြောသွားတာကို မင်းလည်းကြားတာပဲ"

ဟွမ်ဂျွန်ကီက ထိုစကားကြောင့် မျက်မှောင်ကြုတ်မိသွားလေသည်။

ဤလူအိုကြီးက သူနှင့် ထန်အကြီးအကဲ ပြောလိုက်သည့်စကားကို ကြားလိုက်သကဲ့သို့ ပြောနေလေသည်။

ဤလူအိုကြီးက သူတို့၏စကားများအား ချောင်းကာ နားထောင်နေသည်ဟုတော့ မယူဆချင်ပေ။ သို့သော်....

အရှက်တရား ကင်းမဲ့လှပေသည်။ ဂိုဏ်းတစ်ခု၏ အကြီးအကဲဖြစ်ပါလျက်နှင့် ထိုသို့သော အပြုအမူကို လုပ်လေသည်။ ဟွမ်ဂျွန်ကီ တရားကျစွာနှင့် သက်ပြင်းသာ ချလိုက်မိလေသည်။

ကံမကောင်းစွာနှင့်ပင် သူသည် ဤစည်းပျက်ကမ်းပျက်လူအိုကြီးကို အမှန်တရားဖော်ထုတ်ကာ ပြောဆိုနိုင်ခြင်း မရှိပေ။ သူ့ဖခင်၏ ကျန်းမာရေးကြောင့် အန်ဟာအဖွဲ့အစည်းရှိ သူ၏နေရာက သဘောကျသူများ များပြားနေပြီး အမှီပြုစရာ ကျောထောက်နောက်ခံတစ်ခု လိုနေလေသေးသည်။ သူက ငွေပေးကာ ဂိုဏ်းက သူ့အားထောက်ခံပေးထားသည်မို့ သူတို့က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားဖြစ်နေလေသည်။

သို့ဖြစ်၍ တောင်ဘက်အစွန်အဖျားဂိုဏ်းကို သူပစ်ပစ်ကာကာ မဆက်ဆံနိုင်ပေ။ ဆက်ကာ သည်းခံနေရလေသည်။

"ကျွန်တော် အခုလို ပြောနေတယ်ဆိုတာ တောင်ဘက်အစွန်အဖျားဂိုဏ်းကို မယုံကြည်လို့ မဟုတ်ပါဘူး..

သားတစ်ယောက် အနေနဲ့ အဖေ့အတွက် နောက်ထပ်နည်းလမ်းလေးတွေများ ရှိနေဦးမလားလို့ မျှော်လင့်မိတာပါ..

ကျွန်တော် နည်းနည်းလောက် ထပ်စောင့်ကြည့်ချင်သေးတယ်"

"အခု အချိန်က အများကြီး မရှိတော့ဘူး....အကြီးအကဲဟွမ် သေသွားမှသာ သခင်လေးနောင်တရစရာတွေ ရှိမနေပါစေနဲ့"

ဟွမ်ဂျွန်ကီက လက်သီးကို တင်းတင်းဆုပ်ထားမိလိုက်လေသည်။ ဤလူအိုကြီးက စကားပြောရင့်သီးလှပေသည်။

"ဒီစကားကို စိတ်ထဲမှာ မှတ်ထားလိုက်ပါ့မယ်"

"သခင်လေး.....သခင်လေး"

အလျင်လိုနေသော အသံတစ်သံက အပြင်ဘက်မှ ထွက်လာလေသည်။

"ဘာတွေ ဖြစ်နေကြတာလဲ"

"ဟွာဆန်း .....ဟွာဆန်းက လူတစ်ယောက် ရောက်လာပါတယ်"

"ဟွာဆန်းကတဲ့လား"

"ဟုတ်ပါတယ်....ဟွာဆန်းကပါ...."

ဟွမ်ဂျွန်ကီက ရုတ်တရက် ကူကယ်ရာရသွားသလို ခံစားလိုက်ရလေသည်။

သူ ဟွာဆန်းကို စာတစ်စောင်ရေးကာ ပို့ခဲ့သည်ကမှန်သော်လည်း ပျက်သုန်းပြီးသားဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ဟွာဆန်းက ပြန်၍ တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ စာပို့သည်ကလည်း တော်တော်လေးကို နောက်ကျမှပင် ကြံရာမရနှင့် ပို့လိုက်ခြင်းပင်။ ရေနစ်သူအတွက် ကောက်ရိုးတပင်ကိုပင် ကူကယ်ရာဟု သဘောထားကာ ပို့လိုက်ခြင်းဖြစ်လေသည်။

စာပို့လိုက်သည်က တရက်နှစ်ရက်မျှပင် ရှိသေးသော်လည်း ဟွာဆန်းက ချက်ချင်းပင် စာပြန်ကာ လူပင်လွတ်လိုက်လေသေးသည်။ ဖြစ်ရော ဖြစ်နိုင်ရဲ့လားဟုပင် ထင်မိလေသည်။

ထိုမျှသာမက သူဖခင်၏ အခြေအနေကို စာနှင့်သာ ပြန်ပေးသည်မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျပင် လာကြည့်လေသေးသည်။ ဤသည်က ကောက်ရိုးတမျှင် အမှန်တကယ်ပင် ဖြစ်လာလေပြီလားပင်။

ဟွမ်ဂျွန်ကီက ပြန်လည်တောက်ပလာသော မျှော်လင့်ချက်ရောင်ခြည်ကြောင့် ထိုင်ခုံမှ ဝမ်းသာအားရ ထလိုက်လေချိန်မှာပင် အေးစက်စက်စကားသံက ထွက်လာလေသည်။

"ဟွာဆန်းတဲ့လား"

ကီမုန့်ဆောင်၏ မျက်လုံးများက အံဩမှုကြောင့် ပြူးကျယ်နေလေသည်။ ဟွာဆန်းဟူသော နာမည်ကြားရုံနှင့်ပင် မျက်နှာက ခက်ထန်လာပြီး အသံကလည်း ကြမ်းတမ်းလာလေသည်။

"သူတို့တွေက အခုဆို အမှိုက်သာသာကောင်တွေ ဖြစ်နေပြီကို သူတို့က ဘာလုပ်ပေးနိုင်မှာတဲ့လဲ,....

ပြီးတော့ ဒင်းတို့က ဒီနေရာကို လာရဲကြသေးတယ်"

ဟွမ်ဂျွန်ကီက နှုတ်ခမ်းကို ဖိကိုက်လေသည်။

ကီမုန့်ယောင်က ထိုအကြောင်းကို သူ၏ဂိုဏ်းတွင် ပြန်လည်ကာ ပြောတော့မည်ကို သူသိလေသည်။

" သခင်လေး...မင်း ဒီလိုဂိုဏ်းမျိုးက ဒီလိုကောင်တွေနဲ့ ပတ်သက်စရာ မလိုပါဘူး...

ဟွာဆန်းလို အစုတ်ပလုတ်က ဒီရောဂါကို ဘယ်လိုကုသရမလဲဆိုတာ ဘယ်လိုမှသိနိုင်စရာအကြောင်းလည်း မရှိဘူး...ကုလည်း ကုသနိုင်မှာ မဟုတ်ဘူး"

ဟွမ်ဂျွန်ကီ၏ မျက်နှာထား တင်းလာလေပြီဖြစ်သည်။

"အဲ့လိုဆိုရင်တောင် ....သူတို့က ဒီနေရာအထိ ရောက်လာခဲ့ပြီပဲ... ဒီလိုရောက်လာတာကလည်း ကျွန်တော် အကူညီတောင်းလိုက်လို့ ရောက်လာရတာ...ဒါကို မျက်နှာတောင်မပြဘဲ ပြန်လွှတ်လိုက်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ"

" မင်း ငါပြောတာကို နားထောင်ရမယ်ကောင်လေး......."

"အကြီးအကဲ"

ဟွမ်ဂျွန်ကီက စကားကို ဖြတ်ပြောလိုက်လေသည်.

"ဒီနေရာက အန်ဟာ ကုန်သည်အဖွဲ့အစည်းပါ...

တောင်ဘက်အစွန်အဖျားဂိုဏ်းမဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့"

"ဘာ...မင်း"

ကီမုန့်ယောင်က ဒေါသထွက်သွားသည်ကို ကြိုးစားကာ ထိန်းလိုက်ရလေသည်။

ဟွမ်ဂျွန်ကီကမူ ထိုအခြင်းအရာကို လျစ်လျူရှုလိုက်ပြီး ခုံမှထကာ တံခါးကိုဖွင့်ပြီး အပြင်ထွက်သွားလေတော့သည်။

ဟွမ်ဂျွန်ကီက အပြင်သို့ ရောက်သည်နှင့် ဘေးဘီကို ကြည့်လိုက်လေသည်။

"ဟွာဆန်းက ဧည့်သည်က ဘယ်မှာလဲ"

အလုပ်သမားက သူ့အား အရိုအသေပေးကာ ဖြေလာလေသည်။

"အဝင်ပေါက်မှာပါ"

"ဧည့်သည်မှာ ဝင်ပေါက်ဝမှာ စောင့်ခိုင်းထားတယ်လို့ မင်းပြောလိုက်တာလား...

အရိုအသေကင်းမဲ့လိုက်တာ... ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဧည့်သည်ကို အပြင်မှာ စောင့်ခိုင်းထားစရာလား..

မင်း ရိုင်းပြလှချည်လား"

ဟွမ်ဂျွန်ကီက အလုပ်သမားလေးအား ငေါက်ငမ်းကာ ဧည့်သည်အား တောင်းပန်ရန်အတွက် အဝင်ဝသို့ လိုက်လာခဲ့လေသည်။

"ကျွန်တော် ဝင်ခိုင်းရမလားလို့တော့ တွေးပါသေးတယ်...ဒါပေမယ့် အထဲမှာလည်း ဘယ်လိုမှန်းမသိတာနဲ့"

"ဖယ်..ဖယ်...ငါကိုယ်တိုင်ပဲ သွားကြိုလိုက်တော့မယ်"

"သခင်လေး...အဲ့မှာ...ဟိုဟာ"

ဟွမ်ဂျွန်ကီက မျက်နှာကြီးခက်ထန်နေပြီး အလုပ်သမားလေးအားလည်း အတော်ပင် စိတ်တိုနေလေသည်။

ငါတို့ အန်ဟာက ဧည့်သည်ကို ဒီလိုပဲ ဘယ်တကည်းက အဆင့်အတန်း ခွဲခြားဆက်ဆံတတ်သွားတာလဲ.....

သူ၏ဖခင်ကာ ထိုအခြေအနေကို မြင်ပါက တစ်ယောက်မကျန် အပြစ်ပေးခံရမည်က အသေအချာပင်။

အန်ဟာတွင် မည်သူမည်ဝါ မည်သို့သော ဂုဏ်ပုဒ်ပိုင်ရှင်ဟူ၍ ဆင်းရဲသားသူဌေးမခွဲခြားဘဲ ဆက်ဆံကြရမည်ဟူသော စည်းကမ်းရှိလေပြီး ငမွဲဖြစ်စေ ၊ သူကြွယ်ဖြစ်စေ တသားတည်းသာ ဆက်ခံရန် သတ်မှတ်ထားလေသည်။ ဤသည်ကိုပင် ယနေ့ကဲ့သို့သော အဖြစ်မျိုးက ရှိလာလေသေးသည်။ ရင်နာစရာ ကောင်းလှပေစွ။ ဟွမ်ဂျွန်ကီသည့် ဧည့်သည်ကို အားနာစွာနှင့် အပြင်သို့ ထွက်လာခဲ့လေသည်။

အဝင်ပေါက်၏ အပြင်ဘက်တွင်မူ ကလေးတစ်ယောက်က ခြေကလိန်ချိတ်ကာ ထိုင်နေလေသည်။

ဆိုတော ဒါလေးကလည်း ဟွာဆန်းကပေါ့။

ဟွာဆန်းဂိုဏ်း၏ သင်္ကေတဖြစ်သော ဇီးပန်းပွင့်ကို ရင်ဘက်နေရာတွင် ချည်ထိုးထားသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုကလေးငယ်လေးသည် ဟွာဆန်းမှတပည့်လေးဆိုသည်ကို အတည်ပြုရန်ပင် မလိုတော့ချေ။

ဟွမ်ဂျွန်ကီက ချွန်းမြောင်အား ကြည့်ကာ ပြောလိုက်လေသည်။

"ကျွန်တော်တို့ ရိုင်းပြမိသွားပါတယ်"

ကလေးပေါက်စလေးက ခေါင်းမော့ကာ ကြည့်လာလေသည်။

"အာ..မဟုတ်တာ....ရပါတယ်"

"ကျွန်တော်က အန်ဟာက ဟွမ်ဂျွန်ကီပါ...ကျွန်တော့်ရဲ့ မယဉ်ကျေးတဲ့အလုပ်သမားကြောင့် ကျွန်တော်ကပဲ ဧည့်ဝတ်ကြေပေးပါရစေ"

"ရပါတယ်...အဆင်ပြေပါတယ်....ဒီကို လာခဲ့တာကလည်း ကောင်းကောင်းကြီးကြိုဆိုနေဖို့ မျှော်လင့်ပြီး လာခဲ့တာမှ မဟုတ်တာ"

ရင့်ကျက်လွန်းသော အဖိုးအိုကြီးတစ်ယောက်ထံမှ ရသောအဖြေစကားနှင့်ပင် တူလေသည်။

"အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ဒါနဲ့ စကားမစပ် အတူလာခဲ့တဲ့သူက ဘယ်မှာလဲ မသိဘူးနော်"

"ကျွန်တော် တစ်ယောက်ထဲ လာတာပါ"

"ဪ....သိပါပြီ....တခြားသူက .....ဘယ်လို.....ဘယ်လို"

ဟွမ်ဂျွန်ကီ နားကြားမှားလေသလားဟု ထင်မိသွားလေသည်။

" ဘယ်လို ဖြေလိုက်တာလဲ မသိဘူးနော်"

"ကျွန်တော် ပြောလိုက်တာက

ကျွန်..တော်...တစ်..ယောက်..တည်း...လာ..တာ..ပါ"

ကလေးပုစိလေးက ပုခုံးလေးများ တသိမ့်သိမ့်တုန်နေအောင်ပင်ရယ်ကာ အပြုံးလေးနှင့် ရွတ်နောက်နောက်ဖြေလာလေသည်။

" ကျွန်တော့်မှာ အကြီးအကဲဟွမ်ကို ကုသပေးနိုင်မယ့် နည်းလမ်းရှိပါတယ်...ဒါကြောင့် အကြီးအကဲဆီကိုသာ ပို့ပေးပါ...

ဪ ....ပြီးတော့ ကျွန်တော် ခင်ဗျားတို့ပြောတဲ့ စိတ်မပျက်စေရပါဘူးဆိုတဲ့ ဆုကြီးကိုလည်း တချက်ကြည့်ချင်သေးတယ်...အဆင်ပြေတယ်မို့လား"

"........"

ဟွမ်ဂျွန်ကီ မျက်ဖြူပင် လှန်သွားလေသည်။

ဒီ မျိုးမစစ် မကောင်းဆိုးဝါးလေးက ဘယ်သူတုန်း...

ပြီးတော့ ဟွာဆန်းက ဘာလို့ ဒီမကောင်းဆိုးဝါးလေးကို လွှတ်လိုက်ရတာတုန်း...

ချွန်းမြောင်နှင့် ဟွမ်ဂျွန်ကီ၏ ကနဦးတွေ့ဆုံမှုလေးကတော့ အလွန်ပင် လှပသွားပြီဖြစ်လေသည်။

အပိုင်း (၅၁)

ဟားးးးဟားးး...ငါ့ကို နယ်နယ်ရရ မှတ်နေလား(၁)

"တစ်‌ယောက်တည်းလာခဲ့တာပေါ့"

"ဟုတ်တယ်..."

"တကယ်ကြီး ..တစ်ယောက်တည်းလေ"

"ဟုတ်ပါတယ်ဆို"

ဖြစ်ပျက်နေသောအရာများကို နားလည်အောင်ကြိုးစားရင်း ဟွမ်ဂျွန်ကီ စိတ်ရှုပ်လာလေသည်။

တူညီသောမေးခွန်းနှင့် မပြောင်းလဲသောအဖြေတို့ကြောင့် ဘာလုပ်ရမှန်းမသိစွာပင် ဘေးဘီကိုပင် အားကိုးရှာကြည့်မိလေသည်။ ထို့နောက်တွင်မူ တစ်ယောက်တည်းလာသည်ဟုပင် ဒိုင်ခံဖြေနေသောကလေးကိုပင် မယုံသင်္ကာနှင့် ကြည့်နေမိတော့လေသည်။

ဟွမ်ဂျွန်ကီ သူ၏ရှေ့မှကလေးကို ခြေအစ ခေါင်းအဆုံး အပြန်ပြန်အလှန်လှန် ကြည့်နေမိလေသည်။

အတွေးပေါင်းစုံကလည်း ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး မည်သို့ပင် တွေးတောအဖြေထုတ်ရမည် မသိတော့ပေ။

ဟွာဆန်းသည် သူတို့အန်ဟာအား အထင်သေးကာ ထိုသို့ကလေးတစ်ယောက်ပင် စေလွတ်လိုက်လေသလား။

သို့တည်းမဟုတ်ပါက ဤကလေးကို စေလွတ်လိုက်ရသည့် အခြားအကြောင်းအရင်း ရှိနေလေသလား သူမသိပေ။

"ဟားးးးးးဟားးးးဟားးး"

ဟွမ်ဂျွန်ကီ အကြပ်ရိုက်နေစဉ်မှာပင် ကျယ်လောင်လှစွာသော ရယ်သံကြီးက နောက်မှထွက်လာလေသည်။

"ဘယ်လောက် ဟာသဖြစ်လိုက်သလဲကွာ...သခင်လေး...ကျုပ် ခင်ဗျားကို မပြောခဲ့ဘူးလား...

သူတို့ ဟွာဆန်းက လူတွေနဲ့ တွေ့နေဖို့ မလိုပါဘူးလို့"

ထိုလူက ကီမုန့်ဆောင်ပင် ။

သူက ဟွမ်ဂျွန်ကီနောက်က လိုက်လာသည်မို့ ဤမြင်ကွင်းကို မြင်ကာ လှောင်ရယ်လိုက်ခြင်း ဖြစ်လေသည်။

"ဒီလို ပေါက်စတိပေါက်စနကလေးတစ်ယောက်ကိုပို့ပြီး ကူညီပေးရအောင် ဒါကို ဘာကိစ္စလို့ ထင်နေတာလဲ မသိဘူး...သူတို့က အခွင့်အရေး ရချင်တာပဲ သိနေကြတယ်....အခွင့်အရေးယူဖို့တောင် ကလေးကိုတောင် လွတ်တယ် ...ဘယ်လို အရေးမပါလိုက်တဲ့သူတွေလည်း"

ဟွမ်ဂျွန်ကီ၏ မျက်နှာက မဲမှောင်လာလေပြီ။

ကီမုန့်ဆောင်က ဟွားဆန်းအား အမြင်မကြည်၍ ထိုသို့သောစကားများ ပြောနေသော်လည်း သူကိုယ်တိုင်သည်လည်း ထိုသို့သောစကားများပင် ပြောချင်စိတ်ပေါက်လာလေသည်။

ဂိုဏ်းချုပ်ဟွမ်းဂျွန်ကဲ့သို့ လူကြီးလူကောင်းပီသသူတစ်ဦးက ထိုသို့သောလုပ်ရပ်ကို လုပ်လိမ့်မည်ဟုပင် သူမထင်ထားချေ။ ကလေးတစ်ယောက်အား ဤသို့စေလွှတ်လိုက်သည်က ဟွမ်းဂျွန်၏ ပုံစံနှင့် ပို၍ပင် မကိုက်ညီသောကိစ္စပင်။ သို့သော် ဟွာဆန်းက ကလေးတစ်ယောက်ကမူ သူတို့ရှေ့တွင် တစ်ယောက်တည်း ရှိနေပြီဖြစ်လေသည်။

"ကလေး....မင်း တကယ်ကြီး ဒီကို တစ်ယောက်တည်းလာခဲ့တာလား"

"ဟုတ်တယ်လို့"

"...မင်းပြောချင်တာက ဟွာဆန်းက မင်းလိုကလေးတစ်ယောက်ကို တကယ်ကြီး ဒီနေရာအထိ တစ်ယောက်တည်း လွတ်လိုက်တယ်ပေါ့လေ"

ကလေးတစ်ယောက်တဲ့လား...

ချွန်းမြောင် သက်ပြင်းချလိုက်လေသည်။

ဒါက သက်သက်ကြီး အသက်အရွယ်ခွဲခြားဆက်ဆံခံနေရတာပဲ...

ဒီလိုကြီး ခွဲခြားကြတာတော့ မတရားလိုက်တာ...သေသာသေလိုက်ချင်တော့တယ်....

ချွန်းမြောင် နောက်တကြိမ် သက်ပြင်းချလိုက်လေသည်။

ထိုလူများ၏ တုံ့ပြန်မှုကို သူနားလည်ပေးနိုင်ပါသည်။ သမားတော်မဟုတ်သည့် သူကဲ့သို့သော ကလေးတစ်ယောက်က အကောင်းဆုံးသောသမားတော်များပင် မကုသနိုင်သည့် ရောဂါကို ကုသရန်ရောက်လာသည်က သာမန်နှင့် လက်ခံနိုင်စရာမရှိသော ကိစ္စပင်။ ထို့ကြောင့် သူ ဒေါသကို ပြန်ထိန်းလိုက်လေသည်။

"သခင်လေး"

"ဟုတ်ကဲ့"

"ကျွန်တော့်နာမည်က ချွန်းမြောင်ပါ...ဟွာဆန်းဂိုဏ်းက တတိယတန်းစား တပည့်တစ်ဦးပါ...

သခင်လေးပို့လိုက်တဲ့စာကို ကျွန်တော် ဟွာဆန်းမှာ လက်ခံရရှိလိုက်ပါတယ်.. စာထဲမှာ ရောဂါနဲ့ပတ်သက်တဲ့ သဲလွန်စတစ်ခုရလိုက်လို့ ကျွန်တော် ဒီကို လာခဲ့တာပါ"

"တစ်လျှောက်လုံး တစ်ယောက်တည်းလေ"

"ဒါက အရေးကြီးကိစ္စဖြစ်နေတာကြောင့် တခြားသူတွေကို မစောင့်ဘဲ ထွက်လာခဲ့လိုက်တာပါ....

ဒါက အချိန်ဆွဲလို့မရတဲ့ သေရေးရှင်ရေးကိစ္စလေ"

ထိုစကားကတော့ မှန်လေသည်။

ဟွမ်ဂျွန်ကီသည် ချွန်းမြောင်၏ မျက်နှာလေးအား ကြည့်ကာ ယုံရခက်ခက် မယုံရခက်ခက် ဖြစ်နေရှာလေသည်။

သူဖခင်၏ အခြေအနေသည်က အမှန်ပင် သေရေးရှင်ရေး အရေးကြီးကိစ္စပင်။

"ကျွန်တော့်အဖေရဲ့ ရောဂါနဲ့ပတ်သက်ပြီး သဲလွန်စရှိတယ်လို့ ပြောလိုက်တာလား"

"ဟုတ်ပါတယ်...အဲ့လို ပြောလိုက်တာပါ"

ဟွမ်ဂျွန်ကီ လက်သီးဆုပ်မိသွားလေသည်။

သူ့ဖခင်၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး တစ်ယောက်ယောက်က ထိုသို့ပြောသည်က ပထမဆုံးအကြိမ်ပင်ဖြစ်လေ၏။ သမားတော်များစွာ ၊ အကြီးအကဲများစွာက သူ့ဖခင်အား လာကြည့်သွားသော်လည်း သူတို့ကိုယ်တိုင်ပင် မည်သည့်ရောဂါ နှင့် ရောဂါ၏ အရင်းအမြစ်ကို မသိကြပေ။

ဤသည်က ပထမဆုံးအကြိမ် ထိုသို့ကြားရခြင်းဖြစ်ပြီး မျှော်လင့်ချက်လေး ရှိလာလေမလားဟု သူထင်မိလေသည်။

ဟွမ်ဂျွန်ကီ စဉ်းစားနေတုန်းမှာပင် နောက်မှ နှာမှုတ်ခနဲ့သံက ထွက်လာလေသည်။

"ဟွန့်,....ဒီကလေးက သခင်လေးကို လှည့်စားနေတာပဲ... အတော့်တကာ့ အတော်ဆုံးဆိုတဲ့ ဆရာကြီးတွေတောင် မကုနိုင်တဲ့ ရောဂါကို ဒီကလေးက ဘာသိမှာမို့လဲ.....သခင်လေး ...သူပြောနေတာတွေကို ဆက်နားမထောင်ပါနဲ့တော့"

"ဒါပေမယ်လည်း"

"သခင်လေး...သခင်လေးက ဒီအကောင်စုတ်လေး ပြောတာကို ယုံနေတာလား"

ဟွမ်ဂျွန်ကီ မည်သို့ပြန်ဖြေရမှန်း မသိတော့ပေ။

ဝေခွဲမရ ဖြစ်နေလေ၏။

"စကားမစပ်"

"..."

"ကျွန်တော့်ကို အကောင်စုတ်လေးလို့ ပြောလိုက်တဲ့ ခင်ဗျားက ဘယ်သူကြီးများလဲ မသိဘူးနော်"

ကီမုန့်ဆောင်က ချွန်းမြောင်အား မှုန်ကုတ်ကုတ်ကြည့်လာလေသည်။

"မင်း ငါ့ကို မေးလိုက်တာလား"

"ဒီနားမှာ ကျွန်တော့်ကို အကောင်စုတ်လို့ ခေါ်လိုက်တဲ့ တခြားသူရှိသေးလို့လား"

" ဘာ....မင်း....မခန့်လေးစားနိုင်လိုက်တဲ့ အကောင်စုတ်လေး....

မင်းတို့ ဟွာဆန်းဂိုဏ်းက ကျောင်းသားတွေက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဝတ်စုံကိုတောင် မသိဘူးပေါ့လေ...... မင်းတို့လို ဂိုဏ်းစုတ်လေးက ဒါတွေကို သင်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ သိပေမယ့် မင်းတို့လို ရူးကြောင်ကြောင် တပည့်မျိုးတွေပါ မွေးထားမယ်လို့တော့ မထင်ထားဘူး"

"ဪ...တောင်ဘက်အစွန်အဖျားဂိုဏ်းကကို"

ချွန်းမြောင်က ပုခုံးတချက်တွန့်ပြကာ ပြောလေ၏။

" ဟုတ်ပါပြီ.....စကားပြောပုံတွေ ကြည့်ရတာတော့ ရောဂါကိုသိသလိုလိုပြောနေတာဆို‌တော့ သမားတော်ပဲ ဖြစ်ရမယ်... ဆို‌တော့ အကြီးအကဲဟွမ်ရဲ့ ရောဂါနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်က ဘယ်လိုလဲ"

"အကြီးအကဲဟွမ် ကျန်းမာရေးမကောင်းနေတာက တောက်ကျင့်စဉ်မှားယွင်းလို့ပဲ....

တကယ်လို့ ငါတို့ကသာ မြင့်မြတ်တဲ့ တောက်ကျင့်ကြံစဉ်တွေနဲ့ ကောင်းကင်ရဲ့ အမျက်ဒေါသကို ဖြေလျော့ပေးနိုင်ရင် သူက မကြာခင်သက်သာပြီး ပြန်ကောင်းသွားမှာ"

ထိုအဖြေကြောင့် ချွန်းမြောင်က ပြုံးလိုက်လေသည်။

" ဪ....အဲ့တာကမှ ကုသနည်း အမှန်လား"

ဟွမ်ဂျွန်ကီ၏မျက်နှာကမူ အကဲခတ်၍ပင် မရတော့ပေ။

"အဲ့တာဆိုလည်း အမြန်ဆုံး ဝူတန်ဂိုဏ်းဖြစ်ဖြစ် ခွင်လန်ဂိုဏ်းကို ဖြစ်ဖြစ် ဖိတ်လေ..."

ဤသည်က ဟွမ်ဂျွန်ကီရော ကီမုန့်ဆောင်းရော မမျှော်လင့်ထားသော စကားဖြစ်လေသည်။

" ဘယ်လို......"

" သူတို့ဂိုဏ်းတွေကမှ ကျင့်ကြံရေးကို အထူးပြုထားကြတဲ့ ဂိုဏ်းတွေလေ"

ချွန်းမြောင်၏ တဲ့တိုးစကားကြောင့် ကီမုန့်ဆောင်၏ မျက်နှာက ပုတ်သိုးလာလေ၏။

"ဘာ...ဘာကိစ္စ အဲ့လောက် ဝေးဝေးလံလံက လူကို သွားခေါ်နေရမှာလဲ....နီးနီးနားနားက တောင်ဘက်အစွန်အဖျားဂိုဏ်းရှိနေတာပဲကို"

"အာ....မဟုတ်တာ...

ဟွားဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းက ကျင့်ကြံရေးထက် သိုင်းပညာမှာပဲ အားသာတာ လူတိုင်းသိကြတာပဲကို..... တကယ်လို့ သူတို့ကျင့်ကြံရင်လည်း သာမန်လူထက် နည်းနည်းလေးပိုကောင်းတာပဲ ရှိမှာ,.........ငါသာဆိုရင်တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ခေါ်မယ့်အစား ဝူတန်ဂိုဏ်းကိုပဲ ခေါ်ဖြစ်မယ် ထင်တယ်"

"..........."

ဟွမ်ဂျွန်ကီ အံ့အားသင့်နေလေပြီ။

ဒီကလေးက ဘယ်သူလဲဟ.. ။ ထိုကလေးက ဟွမ်ဂျွန်ကီအားကြည့်ကာ တိုးတိုးလေး ပြောလာလေသည်။

" ဝူတန်ဂိုဏ်းက အဖိုးအခလည်း ယုံကြည်လို့ ရတယ်...နည်းနည်းလေး လှုဒါန်းရင်လည်း မှန်မှန်ကန်ကန်ပဲ ကုသပေးမှာ.. စေတနာလည်းထားတယ်....တဖက်သားအပေါ်ကို......

ကုသရေးလည်း ကောင်းသလို ဈေးနှုန်းလည်း ချိုသာတယ်ပေါ့..."

"........."

ကီမုန့်ဆောင်က ဒေါသမျက်နှာကြီး ဖြစ်လာလေတော့၏။

"တိတ်စမ်း....ဒီကောင်စုတ်လေးက လူကြီးတွေကို ဟာသလုပ်စရာလို့ ထင်နေတာလား.....

မင်းတို့ ဂိုဏ်းကအကြီးအကဲတွေက သင်ကြားမပေးထားဘူးလား"

"အာ.....ဟုတ်ကဲ့....တောင်းပန်ပါတယ်"

ချွန်းမြောင်က နောက်သယောင် ပြောင်သယောင်နှင့် သူ့နားရွက်သူဆွဲကာ ပြောလာလေ၏။ ဤအပြုအမူကပင် ကီမုန့်ဆောင်အား ဒေါသတလိပ်လိပ် ထွက်လာစေသည်။

သူသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သည့်အလျောက် ဂိုဏ်း၏အသရေကို ညှိုးမှိန်စေမည့် အပြုအမူမျိုး ဂိုဏ်းပြင်ပတွင် လုပ်ရန်မသင့်ပေ။ ထို့ကြောင့် ဒေါသကို ထိန်းထားသော်လည်း နောက်ဆုံးအဆင့်သို့ ရောက်နေလေပြီဖြစ်သည်။ သူကဲ့သို့သော အကြီးအကဲတစ်ယောက်ကို မခန့်လေးစား လုပ်နေချင်သည်က မခံချင်စရာပင်။ ပို၍ဆိုးနေသည်က ဟွားဆန်းဂိုဏ်းသား ဖြစ်နေခြင်းပင်။

"သခင်လေး...ဒီကလေးကို ဒီထက်ပိုပြီး ရောင့်တက်မလာခင် ကန်ထုတ်လိုက်ပါတော့"

ကီမုန့်ဆောင်၏ မောက်မောက်မာမာစကားများကြောင့် ဟွမ်ဂျွန်ကီ သက်ပြင်းချလိုက်လေသည်။

"အကြီးအကဲ ....ဒါက အန်ဟာ ပါ.......တောင်ဘက်အစွန်အဖျားဂိုဏ်း မဟုတ်ပါဘူး...

ကျွန်တော်တို့ရဲ့ ဧည့်သည်ကို ကျွန်တော်တို့ဘယ်လိုဆက်ဆံမယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကိစ္စပါ"

"ဒီကလေးက ဘယ်လိုတွေ ပြုမူနေတယ်ဆိုတာတွေ မြင်ပြီးတာတောင် မင်းက ဒီစကားပြောနေတုန်းပဲလား"

ဟွမ်ဂျွန်ကီက ကီမုန့်ဆောင်ကို လျစ်လျူရှုကာ ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

ငါ သူ့ကို ယုံကြည်လို့ ရပါ့မလား...

သူ ဤကလေးအား သံသယအနည်းငယ်တော့ ရှိသော်လည်း သူတို့အား လှည့်စားနေလျှင်မူ ထိုမျှယုံကြည်ချက်ရှိစွာနှင့် ပြောရဲနေမည်ဟု မထင်ပေ။

"ကျင့်ကြံသူလေး"

"ဟုတ်ကဲ့"

"ငါ မင်းကို မယုံလို့ ဒါကိုပြောတာတော့ မဟုတ်ပါဘူး"

"ရပါတယ်.....မသိတဲ့လူတစ်ယောက်ယောက်ကို ချက်ချင်းကြီး ယုံဖို့ဆိုတာ မလွယ်ဘူးလေ"

"အခုလို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်.....ငါ မေးခွန်းလေးနည်းနည်းလောက် မေးလို့ရမလား"

"ရပါတယ်...မေးပါ"

"ကလေးလေး...မင်းပြောတာလေ...........ငါ့အဖေရဲ့ ရောဂါလက္ခဏာနဲ့ပတ်သက်ပြီး သဲလွန်စရှိတယ်ဆိုတာလေ...

ငါကို အဲ့တာလေး သေချာပြောပြပေးလို့ ရမလား"

"အဲ့တာက ပြောရမှာတော့ နည်းနည်းခက်တယ်"

"အဟားးးးးးးဟား"

ချွန်းမြောင်၏ စကားကို ကီမုန့်ဆောင်က ထကာ ဟားတိုက်လေ၏။ ဟွမ်ဂျွန်ကီကမူ ထိုသို့ ကလေးဆန်ဆန် တိုက်ခိုက်နေမှုကို သာ ရယ်ချင်နေလေသည်။

"အဲ့ဒီအစား ကျွန်တော် နည်းနည်းလောက် မေးကြည့်လို့ရမလား"

"မေးကြည့်ပါ"

"ကျွန်တော်ကြားတာတော့ အကြီးအကဲဟွမ်က လုပ်ငန်းကိစ္စတွေနဲ့ မကြာခဏ ခရီးထွက်ရတယ်လို့ ကြားတယ်...အဲ့တာ ဟုတ်လား"

"ဟုတ်ပါတယ်"

"ဒါဆို သူ နာမကျန်းမဖြစ်ခင်တုန်းက ချီလင်းတောင်ပေါ်မှာ ခရီးတထောက်နားတာတွေ လုပ်ဖူးတယ်မို့လား"

ချွန်းမြောင်က ယုံကြည်ချက်အပြည့်နှင့် မေးလိုက်လေ၏။

"ဟင့်အင်း.....မနားဖူးပါဘူး"

"........."

ချွန်းမြောင်က သူ၏ခေါင်းကို တငြိမ့်ငြိမ့်လုပ်လိုက်လေ၏။

"အင်း'"

"အဲ့လိုမျိုး တခါမှ မရှိဘူးပါဘူး...အဖေက တခါမှ အဲ့ချီလင်းတောင်ပေါ်ကို မသွားဖူးဘူး"

"ဪ..အဲ့လိုလား"

ချွန်းမြောင်က ထပ်ကာ တွေးတွေးဆဆနှင့် ပြောပြန်လေသည်။

"ဒါဆို သူက တောင်ပေါ်မှာ တိုက်ခိုက်တာတွေ ခံရဖူးတယ်မို့လား...

တချို့ ကြောက်စရာအတွေ့အကြုံတွေ ရှိတယ်မို့လား"

"ဟင့်အင်း ...အဲ့လိုလည်း မရှိပါဘူး ...အဖေ အဲ့လိုမျိုး တိုက်ခိုက်ခံရတယ်ဆိုတာ ကြားတောင် မကြားဖူးဘူး"

"ဘာ...ဒါလည်း မဖြစ်ဖူးဘူးပေါ့........ချီး ....ဒါဆို ဘာကြောင့် ဖြစ်တာလဲ"

"......"

ချွန်းမြောင်၏ စကားကြောင့် ဟွမ်ဂျွန်ကီ မျက်မှောင်ကြုံသွားလေသည်။

ကီမုန့်ဆောင်ကမူ ရယ်နေပြန်လေပြီ။

"တကယ်ကြီးလေ...မဖြစ်နိုင်တာကွာ....

ဒါဆို သူက ဘယ်နေရာကနေ ရိုက်ခံခဲ့ရတာလဲ....ဒါက တကယ်ကို ထူးဆန်းနေပြီ"

ရိုက်ခံရတယ် ဟုတ်လား...

ဒီသောက်ကလေးကတော့..

ဒီကောင်လေးက စိတ်ရော မှန်ရဲ့လား မသိဘူး...မှန်တော့ မှန်ပါတယ်နော်...

ချွန်းမြောင်၏ အလွဲတစ်ရာနှင့် စကားများကို နားထောင်ပြီး နောက်တွင်မူ ဟွမ်ဂျွန်ကီ၏ မျက်နှာက အေးစက်လာလေတော့သည်။ ဤသည်ကို မြင်သောချွန်းမြောင်က ရုတ်တရက် ထအော်လေသည်။

"နေ,...နေပါဦးဟ....တကယ်ပါ....ကျွန်တော် သူ့ကို ကုပေးနိုင်ပါတယ်ဆို"

"ကျင့်ကြံသူလေး"

ဟွမ်ဂျွန်ကီက ဘာမှမပြောသော်လည်း ကီမုန့်ဆောင်က ရှေ့တက်ကာ ပြောလာလေသည်။

" သူတို့က အာပလာတွေပါလို့ ကျုပ်မပြောခဲ့ဘူးလား...

ဟွာဆန်းဂိုဏ်းက လူသစ်တွေက အဲ့လိုပဲ အမြဲတော်ထက်မြက်နေသလိုမျိုး ဟန်ဆောင်နေကြတာ...

သူကိုယ့်သူတွေ ယုံကြည်မှုတွေ လွန်ကဲနေလည်း ဘာမှမှ မဟုတ်တာကို....ဟိတ်ဟန်တွေ"

"အကြီးအကဲ စကားပြောတာလေး နည်းနည်းထိန်းပါဦး"

ဟွမ်ဂျွန်ကီသည် ချွန်းမြောင်၏ တလွဲစကားများကို စိတ်ပျက်နေသော်လည်း ကီမုန့်ဆောင်၏ ချိုးချိုးဖဲ့ဖဲ့ပြောနေခြင်းကိုလည်း နားထောင်မနေနိုင်ပေ။

" ဒီကျင့်ကြံသူလေးက ဒီနေရာထိလာပြီး ကူညီပေးချင်တာကိုတော့ ကျွန်တော်နားလည်ပါတယ်...

ဒါပေမယ့် ကျွန်တော့်အဖေက အခုအရမ်း အသည်းအသန်ကို ဖြစ်နေတာ...ဒီနေရာမှာ ဒီလိုလုပ်နေဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး...ကျွန်တော့် အခြေအနေကိုလည်း နားလည်ပေးကြမယ်လို့ထင်ပါတယ်"

" သူ့တကိုယ်လုံးက အပူတက်လာပြီဆို နီရဲလာပြီး အေးပြီဆိုလည်း ခဲမတတ်ဖြစ်လာတယ်...

တကယ်လို့ သူ့ရဲ့ အသားဖြစ်ဖြစ် တစ်နေရာကိုဖြစ်ဖြစ်ထိလိုက်မယ်ဆိုရင် ထိလိုက်တဲ့နေရာက ခဏဖြူသွားပြီး ပြီးရင် ပြန်ရဲလာတယ်...

သူ အသိစိတ်မလွတ်ခင်တုန်းကဆိုရင် အဲ့လိုအေးနေတာက ချီဖောက်ပြန်နေလို့ ဆိုပြီး အမြဲညည်းတွားနေတယ်...

ပြီးတော့ အနက်ရောင်အစက်တွေက နဖူးအလယ်မှာတင် မဟုတ်ဘူး လည်ပင်းအနောက်နဲ့ ငယ်ထိပ်မှာတွေရော ရှိတယ်"

"........"

"ကျွန်တော် ထပ်ပြောရဦးမလား"

ချွန်းမြောင်က မဲ့ပြုံးလေးပြုံးကာ မေးလာလေသည်။

"မင်း..မင်းဘယ်လိုလုပ်ပြီး သိတာလဲ"

ချွန်းမြောင်၏ စကားများကြောင့် ဟွမ်ဂျွန်ကီ အံ့အားသင့်သွားပြီး မျက်လုံးများပင် ပြူးကျယ်လာလေ၏။

ချွန်းမြောင်ကြည့်ရသည်ကလည်း အသေအချာပင် သိနေသည့်ပုံပင်။

"အာ....ကျွန်တော် တော်တော်ဝေးဝေးက လာခဲ့ရတော့ ရေလေးဆာနေလို့..."

"မင်းတို့ ဘာကြည့်နေတာလဲ....ရေဆာနေတယ်လို့ပြောနေတာလေ..သွား ..

ရေခပ်ခဲ့စမ်း...မဟုတ်ဘူး...မဟုတ်ဘူး...ရေအေးအေးလေး ခပ်ခဲ့"

အလုပ်သမားလေးက စကားပင် ပြန်မပြောနိုင်တော့ဘဲ ချက်ချင်းပင် အပြေးသွားကာ ရေခပ်လေတော့သည်။

ဟွမ်ဂျွန်ကီ၏ မျက်နှာကလည်း ချက်ချင်းပင် ချွန်းမြောင်အား လေးစားမှုများနှင့် ပြည့်နှက်သွားလေတော့သည်။

"ကျွန်တော်တို့ ဒီမှာပဲ ပြောနေလို့ မသင့်တော်ပါဘူး..အထဲကို ကြွပါ...."

"ဟားဟားးး...နောက်ဆုံးတော့ တကယ့်ကယ်တင်ရှင် ရောက်လာခဲ့ပြီပဲ"

"ကြွပါ...ကြွပါ ခင်ဗျ"

ချွန်းမြောင်က ခေါင်းကိုမော့ ရင်ကိုကော့ကာ အထဲသို့ လိုက်လာခဲ့လေသည်။

ဤသည်ကို ကြည့်ကာ ကီမုန့်ဆောင်က မနေနိုင်တော့ပေ။ ဟွမ်ဂျွန်ကီ ဘေးသို့ကပ်ကာ ပြောလေ၏။

"သခင်လေး...သူပြောတာတွေက သာမန်ချီဖောက်ပြန်တဲ့အခါမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေပါပဲ...

ဒါလေးသိရုံနဲ့ ဘာမှမထူးဆန်းသွားပါဘူး"

ဟွမ်ဂျွန်ကီက ကီမုန့်ဆောင်အား စူးရဲစွာ ကြည့်လိုက်လေသည်။

"အာ့ဆို ဘာလို့ အနက်ရောင်ချီတွေက လည်ပင်နောက်နဲ့ ငယ်ထိပ်ထဲမှာပါ ရှိနေတယ်ဆိုပြီး ခင်ဗျား မပြောနိုင်ခဲ့တာလဲ"'

"အဲ့တာက"

"ဒါက အန်ဟာရဲ့ အရေးကိစ္စပါ...ထပ်ပြီးတော့ မသက်ဆိုင်ဘဲ ဝင်ပြီးစွတ်ဖက်ဖို့ မကြိုးစားပါနဲ့တော့ ...

နောက်ထပ်သာ ဆက်ပြီး ဒီလိုအပြုအမူမျိုး တစ်ကြိမ်လောက်ပဲ ထပ်လုပ်မယ်ဆိုရင်တောင် ကျွန်တော်ကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကို ပြန်ပြီးတုန့်ပြန်ရလိမ့်မယ်"

"ဘာ........"

ကီမုန့်ဆောင်းက သက်ပြင်းတချက်ချကာ နောက်ပြန်ဆုတ်သွားလေသည်။ ထို့နောက်တွင်မူ ရယ်ချင်စိတ်ကိုထိန်းထားရသောကြောင့် ပါးများပင်ဖောင်းကာမို့နေသော ကလေးကို မြင်သောအခါတွင်မူ ဒေါသက ထွက်လာလေတော့သည်။ ထိုကလေးအား ဆွဲကာ ရိုက်နှက်လိုက်ချင်သော်လည်း ဤနေရာက အန်ဟာပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းမဟုတ်ပေ။ မည်မျှပင် ရာထူးကြီးသောသူ ဖြစ်နေစေကာမူ သူ့၏ပိုင်နက် မဟုတ်သည့်အတွက် သူတတ်နိုင်သည်က မရှိပေ။

"အစုတ်ပလုတ်လေး.....မင်း နေနှင့်ဦးပေါ့ကွာ...

အကြီးအကဲဟွမ်ကို မင်းမကုပေးနိုင်တာ သေချာမှ ငါမင်းကို ဘယ်လိုရိုက်ချမလဲဆိုတာ ကြည့်ထားလိုက်"

ချွန်းမြောင်အား ကြိမ်းဝါးပြီး ဒေါသတကြီးပင် ထွက်သွားလေတော့သည်။

ဟွမ်ဂျွန်ကီကမူ အနည်းငယ်ခါးသက် အားနာပြုံးနှင့် ပြောလာလေသည်။

"ကျွန်တော် တောင်းပန်ပါတယ်....ကျင့်ကြံသူလေး...

ရုတ်တရက်ကြီး ဟွာဆန်းဂိုဏ်းက ရောက်ချလာတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းက လူတွေက စိတ်လွတ်သွားကြတဲ့ပုံပါပဲ"

"ရပါတယ်"

"အာ ...နားလည်ပေးနိုင်တာပဲ"

"ဘယ်သူ့ကို သွားပြီး အပြစ်ပြောလို့မှ မရတာ... ဖြစ်သမျှတွေ အားလုံးက ထိုက်တန်လို့ ရတဲ့ကံတရားတွေပါပဲ"

"...ဟမ်"

ချွန်းမြောင် ပုခုံးတွန့်ပြလိုက်လေ၏။

ငါ သူတို့ကို ရိုက်ခဲ့တာတွေများ များလွန်းလို့ အခုချိန်ထိ မကျေနပ်နိုင်ကြသေးတာလားပဲ။

ယခုအချိန်တွင်မှ နှစ် တစ်ရာကျော်ခန့်က လူမိုက်ကြီးက အခြားသူများကို ကိုယ်ချင်းစာစိတ်မွေးနိုင်သွားလေတော့သတည်း။

All Chapters