← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အပိုင်း (၅၅)

ဟားဟား ငါ့ကိုနယ်နယ်ရရမှတ်နေလား( ၅)

ထွက်လာသောအသံကြောင့် လူတိုင်းက လှည့်ကြည့်လာကြလေသည်။ လီဆုန်ဘတ်ကမူ ကြဉ်းထဲကျပ်ထဲသို့ အမှန်တကယ်ရောက်ရှိနေသော အမူအရာဖြစ်နေလေပြီဖြစ်သည်။

တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော ဒေါသမျက်နှာမျိုးနှင့် ဟွမ်ဂျွန်ကီက သူ့အား ကြည့်နေလေသည်။

"ငါ မင်းတို့ကို မေးနေတယ်...ဒါက ဘာဖြစ်နေကြတာလဲလို့"

ဟွမ်ဂျွန်ကီ၏ အသံကို ဟိန်းကာထွက်လာလေ၏။

ထိတ်လန့်ကာ တွေဝေနေကြသော တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်ဂိုဏ်းသားများကမူ တစ်လုံးတစ်လေပင် ပြန်မဖြေကြဘဲ ဟွမ်ဂျွန်ကီကိုသာ ကြက်သေသေစွာ ကြည့်နေကြလေသည်။

သူတို့ ဘာများ ပြောကြရမည်လဲ။

"အဟွတ်....အဟွတ်..."

"........"

လောလောဆယ်တွင်မူ သွေးများဒလဟောအန်နေသော ချွန်းမြောင်အကြောင်းအား ကောင်းမွန်သောဆင်ခြေတစ်ခုပေးချင်သော်လည်း မည်သို့သောဆင်ခြေပေးရမည်ကို သူတို့မသိကြပေ။

ဤသို့သောအခြေအနေမျိုးတွင် ဂိုဏ်း၏ဘိုးဘေးကြီးများမှ လာကာဆင်ခြေပေးဖြောင့်ဖြပေးလျှင်ပင် အသုံးဝင်လိမ့်မည် ဟု သူတို့မထင်ကြပေ။

ဟွမ်ဂျွန်ကီကမူ မြေပြင်ပေါ်တွင် လဲကျနေကာ သွေးများတပွက်ပွက်အန်နေသော ချွန်းမြောင်ကို မြင်သောအခါတွင်မူ အော်ဟစ်လေတော့သည်။

"မြန်မြန်လာကြစမ်း...ဒီကို .....သမားတော်ကို ချက်ချင်းခေါ်လာခဲ့ကြ..

အိမ်ထဲမှာ ဘယ်သူမှ မရှိကြတော့ဘူးလား...မင်းတို့က ဘာလုပ်နေကြတာလဲ"

"ဟုတ်ကဲ့...လာပါပြီ ...သခင်လေး"

ဟွမ်ဂျွန်ကီ၏ အော်သံကြောင့် ဥယျာဉ်အပြင်ဘက်မှ အလုပ်သမားတစ်ယောက်က အူယားဖားယားနှင့် ပြေးဝင်လာလေ၏။ ဟွမ်ဂျွန်ကီကမူ မြေပြင်ပေါ်တွင်လဲကျနေသော ချွန်းမြောင်နားသို့ လျှောက်ကာသွားလေသည်။

"......."

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများကမူ ကြက်သေသေနေကြပြီး တုတ်တုတ်ပင် မလှုပ်ရဲကြပေ။ ဟွမ်ဂျွန်ကီ၏ လှုပ်ရှားမှုများကိုသာ မျက်လုံးအပြူးသားနှင့် လိုက်ကြည့်နေကြလေသည်။ ဟွမ်ဂျွန်ကီသည် ချွန်းမြောင်၏နံဘေးတွင် ထိုင်ချကာ အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။ ရင်ထဲတွင် တောက်လောက်နေသော ဒေါသမီးကလည်း သူ၏မျက်နှာပေါ်တွင် အထင်းသားပေါ်လွင်နေလေသည်။

"မင်းတို့ကောင်တွေက ဒီလိုကြီးနိုင်ငယ်ညှင်းလုပ်ရဲကြတယ်...ပြန်ပေးဆပ်ဖို့ တွေးထားကြ"

ဟွမ်ဂျွန်ကီ၏စကားကြောင့် တောင်ဘက်အစွန်အဖျားဂိုဏ်းတပည့်များ၏မျက်နှာက ပိုကာ ပျက်လာကြလေသည်။

"မင်းတို့တွေ ဘယ်လိုလုပ်ပြီးတော့များ ကလေးတစ်ယောက်ကို ဒီလိုလုပ်ရက်ကြတာလဲ..

အနည်းဆုံးတော့ မင်းတို့တောင်ဘက်အစွန်အဖျားဂိုဏ်းက သိက္ခာလေးတော့ ရှိလိမ့်မယ်လို့ ငါထင်ထားတာ..

ဒါပေမယ့် အခုကျ ငါ့မျက်စိရှေ့တင် ဖြစ်နေတာတွေကို ငါ ဘယ်လိုနားလည်ပေးရမလဲတောင် မသိတော့ဘူး"

လီဆုန်ဘတ်၏ မျက်နှာကမူ သွေးစုတ်ဖြူရော်နေလေပြီ ဖြစ်သည်။

မတ်တပ်ရပ်လျက်ပင် အသက်မရှိတော့သလိုပင်။ ချွန်းမြောင်အား ဤမျှ ထိခိုက်သွားစေရန် သူမရည်ရွယ်ခဲ့သည်က အမှန်ပင် ဖြစ်လေသည်။

ငါ တကယ်ကြီးကို အတွင်းချီစွမ်းအားတွေကို ပြန်သိမ်းလိုက်ပါတယ်....

လီဆုန်ဘတ်ကမူ ယခုအချိန်အထိ စကားတစ်ခွန်းပင် မပြောနိုင်သေးပေ။ ဟွမ်ဂျွန်ကီ၏ အနေအထားကိုကြည့်ရခြင်းအားဖြင့် ဆင်ခြေပေးလျှင်လည်း ယုံကြည်ကာ နားထောင်ပေးမည့်ပုံလည်း မပေါက်ပေ။

ထိုစဉ်မှာပင် အလုပ်သမားများက သမားတော်တစ်ယောက်နှင့် အပြေးအလွှားပြန်ရောက်လာလေကြ၏။ သမားတော်သည် ညည်းတွားရင်းလဲလျှောင်းနေသော ချွန်းမြောင်အား စမ်းသပ်ပြီးနောက်တွင်မူ စိုးရိမ်နေသော မျက်နှာနှင့် ပြောလာလေတော့သည်။

"အဟွတ်..."

"ဟို....သူ့ကို အထဲကို မြန်မြန်လေး ရွေ့လိုက်ကြပါ...မြန်မြန်လုပ်ကြပါ...မြန်မြန်လေး...

သူ့ရဲ့ကိုယ်တွင်းမှာ အကုန်လုံးက ကမောက်ကမတွေ ဖြစ်နေတယ်....တော်တော်လေး အခြေအနေဆိုးနေတာမို့ ဂရုတစိုက်လေး ရွေ့ပေးကြပါ"

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများကလည်း သမားတော်၏ စကားကို ကြားသောအခါတွင်မူ ချွန်းမြောင်အား ဝိုင်းကာ သယ်ကူရန် အနားသို့တိုးလာကြလေသည်။

"နောက်ဆုတ်လိုက်ကြစမ်း"

ဟွမ်ဂျွန်ကီက သူတို့အား အနားပင်ကပ်ခွင့်မပေးချေ။ ရဲရဲတောက်နေသော ဒေါသမျက်လုံးများနှင့် အားလုံးကို ကြည့်လိုက်လေပြီး သူ၏အလုပ်သမားများကိုသာ ချွန်းမြောင်အား သယ်ရန်အတွက် လှမ်းခေါ်လိုက်လေသည်။

"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ...ငါ ပြောတာကို မကြားလိုက်ကြဘူးလား"

"တောင်းပန်ပါတယ်....သခင်လေး"

အလုပ်သမားများက ချွန်းမြောင်အား အထူးဂရုတစိုက်ပင် အိမ်ထဲသို့ သယ်သွားကြလေသည်။ ပါးစပ်မှ ကျနေသောသွေးများကမူ မရပ်သေး၍ ရင်ဘက်တစ်ခုလုံးနှင့် အင်္ကျီတစ်ထည်လုံးပါ သွေးများစိုရွဲနေပြီ ဖြစ်လေသည်။

"ဂရုတစိုက်လေး သယ်ကြ..ဖြည်းဖြည်း..."

သမားတော်ကမူ ချွန်းမြောင်၏ ခေါင်းကိုထိန်းကိုင်ကာ နှုတ်မှလည်း ဂရုစိုက်ရန် အော်ဟစ်ရင်းဖြင့် အဓိကအိမ်တော်ထဲသို့ လိုက်ကာဝင်သွားလေတော့သည်။ ဟွမ်ဂျွန်ကီနှင့် တခြားသူများကမူ ချွန်းမြောင်အား သယ်သွားသည်ကိုပင် ငေးမောကာ ကြည့်နေခဲ့ကြလေသည်။

ချွန်းမြောင်နှင့် သမားတော်တို့ အိမ်တော်ထဲသို့ လုံးလုံးရောက်ကာ သူတို့၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသောအခါတွင်မူ ဟွမ်ဂျွန်ကီ၏ခေါင်းက တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များဘက်သို့ ပြန်လှည့်လာလေသည်။

"ဒီနေ့ ဖြစ်သွားတဲ့ဖြစ်ရပ်ကို ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

"သခင်လေး"

"ထွက်သွားကြ"

လီဆုန်ဘတ်၏ မျက်နှာက တဖန်ဖြူလျော်သွားပြန်လေသည်။

အန်ဟာဂိုဏ်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက် မရှိမဖြစ်ပင် လိုအပ်လေသည် ။ ယခုဖြစ်ရပ်ကြောင့် ဆက်ဆံရေးပျက်ပြားသွား၍ မဖြစ်ပေ။ ဂိုဏ်း၏ ငွေရေးကြေးရေးကို အန်ဟာဂိုဏ်းကပင် အဓိကထောက်ပံ့ပေးထားသည် ဖြစ်ပြီး ယနေ့ဖြစ်ရပ်ကြောင့်သာ ဆက်ဆံရေးပျက်ပြားသွားလျှင် ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။ ထိုသို့ ဖြစ်၍ မဖြစ်ပေ။

လီဆုန်ဘတ်သည် ဟွမ်ဂျွန်ကီအား ပြောရန်ပြင်လိုက်စဉ်မှာပင် နောက်မှ အသံတစ်သံထွက်လာလေသည်။

"ဘာတွေဖြစ်နေကြတာလဲ"

အသံပိုင်ရှင်က ကီမုန့်ဆောင်ပင် ။ ကီမုန့်ဆောင်က လူစုလူဝေးကြီးနားသို့ ဒွိဟဖြစ်နေသောမျက်နှာနှင့် ကပ်လာလေသည်။

"သခင်လေး..ဒီမှာ ဘာတွေဖြစ်နေကြတာလဲ...ဒါတွေကရော ဘာတွေလဲ...

ဒီသွေးတွေက........"

ကီမုန့်ဆောင်က ပြောနေရင်းမှပင် အခြေအနေကိုကြည့်ကာ စကားသံက တိုးတိမ်ဝင်သွားလေသည်။ မြေပြင်နှင့် နံရံက အက်ကွဲနေပြီး သွေးများကလည်း ပေကျံနေသေးသည်မို့ ပြဿနာတစ်ခုခုရှိနေပြီမှန်းကို သူသိသွားပြီဖြစ်လေသည်။ ကီမုန့်ဆောင် အခြေအနေကို ရိပ်မိသွားလေပြီ။

ဒီသောက်ကလေးတွေတော့....သောက်ပြဿနာကို.....

ကီမုန့်ဆောင်သည် သူ၏တပည့်ဂိုဏ်းသားများကို တချက်စွေကြည့်လိုက်ပြီး အကြည့်ချင်းပင် မဆုံလေအောင်ခေါင်းကို ငုံထားသော လီဆုန်ဘတ်အား တွေ့သောအခါတွင်မူ သက်ပြင်းတစ်ချက်ချလိုက်လေတော့သည်။

"သခင်လေး...ကြည့်ရတာကတော့ မတော်တဆ တစ်ခုခုဖြစ်သွားတဲ့ပုံပါပဲ.....ကျွန်တော်တို့......"

"ဒီလိုလုပ်ရပ်မျိုးကို မတော်တဆလို့ ခေါ်လိုက်တာလား"

".....သခင်လေး...ဒါက"

"ကျွန်တော့်အဖေရဲ့ ရောဂါကို ကုသပေးဖို့ ရောက်နေတဲ့လူကို အကြီးအကဲရဲ့ တပည့်တွေက သေလုမျောပါးဖြစ်အောင် လုပ်လိုက်ကြတယ်...ဒါကို မတော်တဆလို့ ခေါ်လိုက်တာလား...ဒါမျိုးက

ရည်ရွယ်ချက်မရှိဘဲ ဖြစ်တတ်တဲ့ မတော်တဆမျိုးလို့ ကျွန်တော်မထင်ဘူး...မတော်တဆဆိုတာက တမင်သက်သက် ရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားတာမျိုးကိုပဲ ခေါ်တာလေ...ကျွန်တော်ပြောတာများ မှားသွားသလား....အကြီးအကဲခင်‌ဗျား"

ဟွမ်ဂျွန်ကီ၏ စကားကြောင့် ကီမုန့်ဆောင်က လီဆုန်ဘတ်ကို ကြည့်လိုက်လေသည်။ လီဆုန်ဘတ်အား အဓိပ္ပါယ်များစွာပါသောအကြည့်တို့နှင့် မိမိအပြစ်ကို မိမိခေါင်းခံရန် သတိပေးလိုက်သလိုပင်။ လီဆုန်ဘတ် ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားလာရလေသည်။ ဆရာ၏အရိပ်အကဲသဘောထားကို နားလည်စွာပင် လီဆုန်ဘတ်သည် နှုတ်ခမ်းကိုကိုက်ကာ အံကြိတ်လိုက်ပြီး ရှေ့သို့တိုးလာလေသည်။

"သခင်လေး... သခင်လေးကြည့်ရတာ...နားလည်မှုလေးနည်းနည်း လွဲနေတယ်လို့ထင်ပါတယ်"

"နားလည်မှု လွဲတာလား"

"ငါ့ကို သောက်ကန်းလို့ ခေါ်လိုက်တာက ပိုကောင်းမယ်ထင်တယ်...ငါ့မျက်စိနဲ့တပ်အပ်မြင်ပြီး နားနဲ့ဆက်ဆက်ကြားလိုက်တာကိုတောင် မင်းက ဘာကိုနားလည်မှုလွဲနေတယ်လို့ ပြောချင်တာလဲ"

"ကျွန်တော် သူ့ကို တိုက်ခိုက်ဖို့ အင်အားအများကြီး မသုံးလိုက်ပါဘူး...။ ဒါပေမယ့် အဲ့လိုဖြစ်သွားတော့ ဒီကိစ္စမှာ ထူးဆန်းတာတစ်ခုခုရှိနေ........"

"မင်း ဒီကိုကြည့်စမ်း"

ဟွမ်ဂျွန်ကီက လီဆုန်ဘတ်အား စက်ဆုပ်သောမျက်နှာနှင့် ကြည့်လာလေသည်.။

"မင်းက ပြဿနာကို ငါကပဲ တမင်ချဲ့ကားနေတယ်လို့ ထင်နေတာလား....

တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဂိုဏ်းသားအကြီးတစ်ယောက်ဖြစ်တဲ့မင်းက ဟွာဆန်းက အငယ်တန်းတပည့်လေးကို ဓါးနဲ့တောင်တိုက်ခိုက်ခဲ့တာကို လေ....

ငါကပဲ ချဲ့ကားနေတယ်လို့ မင်းထင်နေတာလား...မင်းဘာလို့ အဲ့လိုလုပ်ခဲ့ရတာလဲ"

"ဒါက ဒီတိုင်း ဓါးရေးချင်းယှဉ်ရုံပါပဲ"

"ဓါးရေးယှဉ်တယ်....ဟုတ်လား"

ဟွမ်ဂျွန်ကီ ခေါင်းကိုခါကာ လှောင်ပြုံးပြုံးလိုက်လေ၏။

"ငါ့တသက်မှာ ဒီလို စစ်သည်ဂိုဏ်းသားမျိုး တစ်ခါမှ မတွေ့ဖူးဘူး...ငါကြားဖူးတဲ့ ဓါးရေးပြိုင်တယ်ဆိုတာက

အဆင့်တူ ခွန်အားတူတဲ့ သူတွေမှာပဲ ပြိုင်တတ်ကြတာမျိုးပါ...

မင်းပြောသလိုဆို မင်းက မင်းအသက်တဝက်လောက်တောင် ငယ်တဲ့ကလေးနဲ့ ဓါးရေးပြိုင်တယ်ဆိုတဲ့ သဘောလား"

ဟွမ်ဂျွန်ကီ၏ ခနဲ့စကားကြောင့် မည်သူ့ထံမှ စကားထွက်မလာတော့ပေ။

ဓါးရေးယှဉ်ခြင်းတွင် မည်သည့်ပြဿနာမှ မရှိခဲ့လျှင် မည်သို့သော အပြောခံရစရာမှလည်း ရှိလာမည် မဟုတ်ပေ။ ယခုတွင်မူ တဖက်လူက သွေးထွက်သံယိုဖြစ်ခဲ့ပြီမို့ မည်သို့ပင်ဖြစ်စေကာမူ ထိုအဖြစ်အပျက် တာဝန်ယူရတော့မည် ဖြစ်လေသည်။ ခေါင်းရှောင်၍ မရနိုင်ပေ။

"ကျွန်တော် စကားအများကြီး မပြောတော့ပါဘူး...

ခင်ဗျားရဲ့ တပည့်တွေကို ခေါ်ပြီး ပြန်ကြပါတော့ အကြီးအကဲ"

"ဘယ်...ဘယ်လို ...သခင်လေး....ကျွန်တော်ပြောတာကို နားထောင်ပါဦး"

"ထွက်သွားကြပါတော့လို့ ကျွန်တော်ပြောနေတာပါ"

".........."

ဟွမ်ဂျွန်ကီက ကီမုန့်ဆောင်ကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။

"ရှိခဲ့ဖူးတဲ့ ဆက်ဆံရေးတွေကို ထောက်ထားပြီး ဒီနေ့အဖြစ်အပျက်ကို မပြန့်သွားအောင် ကျွန်တော်ထိန်းသိမ်းပေးထားလိုက်ပါ့မယ်...ဒါပေမယ့် အခုကတော့ ခင်ဗျားတို့ဂိုဏ်းရဲ့ တပည့်တွေမျက်နှာကို မမြင်ချင်တော့တာမို့လို့ .........ကျေးဇူးပြုပြီး ဒီနေ့ပဲ ဒီနေရာက ထွက်သွားပေးကြပါ"

အဆုံးသတ်တွင်မူ ကီမုန့်ဆောင်သည် ပြန်လှန်ပင် မပြောနိုင်တော့ပဲ ခေါင်းကိုသာ ဖြေးညှင်းစွာ ငြိမ့်ပြလိုက်လေသည်။

"ကျွန်တော်တို့ ထွက်သွားပါ့မယ်....သခင်လေး....

ဒါက မမျှော်လင့်ဘဲ ဖြစ်လာခဲ့တဲ့ မတော်တဆဆိုပေမယ့် ကျွန်တော်တို့က သခင်ကြီးဟွမ်ကို တကယ်ကို စိတ်ရင်းနဲ့ ပြန်သက်သာလာစေချင်တယ်ဆိုတာတော့ သိထားပေးပါ"

"ကျွန်တော်ကလည်း အဲ့လိုပဲဖြစ်မယ်လို့ ထင်ထားတာပါ...ဒါပေမယ့် ကြည့်ရတာတော့ ကျွန်တော်ကပဲ အထင်မှားနေခဲ့တဲ့ပုံပဲ"

ဟွမ်ဂျွန်ကီသည် ပြောပြီးသည်နှင့် လှည့်ကာ ထွက်သွားလေတော့သည်။ ကီမုန့်ဆောင်ကမူ ဟွမ်ဂျွန်ကီထွက်သွားသည်နှင့်တပြိုင်နက် လီဆုန်ဘတ်ကို လှည့်ကာကြည့်လာလေသည်။

"အကြီးအကဲ...ကျွန်တော်..."

"ငါ ဘာမှများများစားစား မပြောချင်ဘူး....ဒါက မင်းအပြစ်တွေပဲ...

ဆိုတော့ မင်းခေါင်းခံရမယ်...မင်း ဖြေရှင်းရမယ်......

ဘယ်လိုနည်းနဲ့မဆို သခင်လေးရဲ့ ခွင့်လွှတ်မှုကို ရအောင်တောင်းခံခဲ့....

သခင်လေးက ခွင့်မလွှတ်မချင်း....ပြဿနာတွေ ဖြေရှင်းလို့ မပြီးမချင်း... မင်း ပြန်မလာခဲ့နဲ့...

အကုန်လုံး ပြေလည်သွားပြီဆိုမှ ပြန်လာခဲ့....

ငါ တခြားတပည့်တွေနဲ့အတူ တောင်ကို ပြန်နှင့်မယ်"

ကီမုန့်ဆောင်၏ စကားကြောင့် လီဆုန်ဘတ်မျက်နှာက ဖွေးစုတ်သွားလေသည်။

ဤသို့သောအခြေအနေတွင် သူသည်မည်သို့မည်ပုံနှင့် သခင်လေး၏ ခွင့်လွှတ်မှုကို တောင်းခံရမည် မသိပေ။

ဤသည်က အမိန့်တစ်ခုဆိုသည်ထက်ပင် ပြင်းထန်လွန်းသောအပြစ်နှင့်သာ တူလေတော့သည်။ ဖြစ်လာနိုင်ရန် မရှိသော ၊ အောင်မြင်နိုင်ချေ မရှိသော အပြစ်ပေးမှုပင်။ သို့သော်လည်း ကီမုန့်ဆောင်ကမူ အလေးအနက်ပင် ဆုံးဖြတ်ထားရန်တူပြီး သူ၏စကားကိုလည်း ပြန်လည်ပြင်ဆင်ပေးမည့်ပုံမပေါ်ချေ။

"ဒီတပည့် နားလည်ပါပြီ"

ကီမုန့်ဆောင်သည် လီဆုန်ဘတ်အား စကားတစ်ခွန်းတစ်လေပင် မပြောတော့ဘဲ အချိန်တစ်ခုမျှ ကြာအောင်ကြည့်ကာ လှည့်ထွက်သွားလေတော့သည်။

"ငါတို့ သွားကြမယ်"

"ဟုတ်ကဲ့ပါ....အကြီးအကဲ'

တပည့်များအားလုံးကလည်း လီဆုန်ဘတ်အား တမင်လည်ပြန်ကြည့်ကာ ကီမုန့်ဆောင်နောက်သို့ လိုက်သွားကြလေတော့သည်။ ထွက်သွားကြသူများကို ကြည့်ကာ လီဆုန်ဘတ်ကမူ တဆတ်ဆတ်တုန်ရင်နေသော နှုတ်ခမ်းကိုသာ ဖိကိုက်ထားလေတော့သည်။

"အခြေအနေ ဘယ်လိုရှိလဲ"

"အင်း....မကောင်းဘူးလို့ ပြောရမှာပဲ"

"ဟင်..."

ဟွမ်ဂျွန်ကီ၏ မျက်နှာက သမားတော်၏ စမ်းသပ်မှုကို အထွေထွေအုပ်ချုပ်ရေးမှုမှ ပြန်ပေးလာသော စကားကြောင့် မဲမှောင်သွားလေသည်။ သူ၏အမူအရာကို ကြည့်ကာ အထွေထွေအုပ်ချုပ်ရေးမှုးက ခဏမှ ငြိမ်နေပြီးမှ ဆက်ပြောပြလေသည်။

"သမားတော် ပြောတာကတော့ သူ့ရဲ့ ချီစွမ်းအင်တွေက လုံးလုံးကို ကမောက်ကမဖြစ်ပြီး အန္တာရယ်များတဲ့ အခြေအနေလို့ ပြောတာပဲ... အခုကတော့ သူတို့က ချီစွမ်းအင်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီးတော့ သက်သာလာမယ် မသက်သာလာဘူးတော့ အာမ မခံနိုင်ဘူးလို့ ပြောတာပဲ"

"သူ သေတော့ မသေနိုင်ဘူးမို့လား"

"အင်း...အဲ့လိုတော့ ထင်ရတာပဲ"

"ဘုရားကျေးဇူးပါပဲ"

ဟွမ်ဂျွန်ကီက ထိုစကားကြားရမှသာ သက်ပြင်းချနိုင်လေတော့သည်။

သူ၏ ဖခင်အား ကယ်တင်ကုသရန်လာခဲ့သော ဟွာဆန်းဂိုဏ်းသားလေးသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ လက်ချက်နှင့် သေသွားသည်ဆိုသည်က ကြား၍ပင် မကောင်းသောကိစ္စပင်။ ထိုသို့လည်း အဖြစ်မခံနိုင်ပေ။

အတွေးနှင့််ပင် ရင်အား အတော့်ပင် ပူပူလောင်လောင် ဖြစ်စေလေသည်။

မည်သို့ပင် ဆိုစေကာမူ ဟွာဆန်းဂိုဏ်းမှ တပည့်လေးသည် အန်ဟာကုန်သည်အစည်းအရုံးအား ကူညီရန်လာခဲ့သည် ဧည့်သည်ပေမို့ မိမိတို့ အန်ဟာပိုင်နက်အတွင်း ဖြစ်ပျက်ခဲ့သမျှသော ကိစ္စတို့ကို အန်ဟာက အလိုက်သတိနှင့် တာဝန်ယူပေးရမည်ပင် ဖြစ်သည်။ လက်လွတ်စပယ် ထားလိုက်၍ မဖြစ်ပေ။

ထိုမျှသာ မကသေး။ ဤကလေးသည် သူ့ဖခင် အကြီးအကဲဟွမ်၏ ကယ်တင်ရှင်လည်း ဖြစ်ပေသည်။

မြောက်များစွာသော သမားတော်များသည် သူ့ဖခင်၏ ရောဂါလက္ခဏာကိုပင် သဲသဲကွဲကွဲ မသိခဲ့ကြချေ။ ချွန်းမြောင်တစ်ဦးတည်းကသာလျှင် ရောဂါလက္ခဏာများကို အကျွမ်းတဝင်ဖြစ်ရုံမက အနည်းငယ်သက်သာလာအောင်ပင် ကုသပေးနိုင်ခဲ့လေသည်။ ထိုကလေးသည် သူတို့အတွက်မူ ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော မျှော်လင့်ချက်ပေမို့ အထိခိုက်တစပင် မခံနိုင်ချေ။

ဤသည်ကို သိသိလျက်နှင့်ပင် တောင်ဘက်အစွန်အဖျားဂိုဏ်းက ဤသို့ လုပ်ရဲလေသေးသည်။

ထိုတောင်ဘက်အစွန်အဖျားဂိုဏ်းက အလွန်ပင် ထောင်လွှားနေပုံရလေသည်။

မည်မျှပင် နှစ်ဖက်မျှတအောင် ကြည့်ပေးစေကာမူ အင်အားကြီးဂိုဏ်း၏ အကြီးဆုံးဂိုဏ်းသားနှင့် ယိုင်နဲ့နဲ့ဂိုဏ်း၏ အငယ်သားဂိုဏ်းသားလေးပြိုင်ပွဲဆိုသည်က နားလည်ပေး၍ မရနိုင်သောကိစ္စပင် ဖြစ်လေသည်မို့ ဟွမ်ဂျွန်ကီ သက်ပြင်းသာ ချလိုက်လေသည်။

ဟွမ်ဂျွန်ကီ အထွေထွေအုပ်ချုပ်ရေးမှုးကို ကြည့်ကာ ချောင်းအနည်းဟန့်ကာ မေးလိုက်လေသည်။

"ဆိုတော့ သူနိုးလာဖို့ ဘယ်လောက်ကြာဦးမှာတဲ့လဲ"

"ပြောတာတော့ နှစ်ရက်သုံးရက်အတွင်း နိုးလာမယ် လို့ ပြောတာပဲ"

"အင်း...အဲ့အချိန်အတွင်းမှာတော့ ကျွန်တော့်အဖေအခြေအနေ ပိုမဆိုးလာဖို့ မျှော်လင့်ရတာပဲ..."

အထွေထွေအုပ်ချုပ်ရေးမှုးကမူ သက်ပြင်းတချချ ဖြစ်နေသော ဟွမ်ဂျွန်ကီကို ကြည့်ကာ မေးလာလေသည်။

"ဒါနဲ့...သခင်လေး"

"အင်း"

"အဲ့ကလေးက အကြီးအကဲကို ကုသနိုင်တယ်ဆိုတာက သေချာပါ့မလား...ကျွန်တော်တော့ သိပ်မယုံချင်သလို ဖြစ်နေလို့"

"သူ့ကို ယုံကြည်လိုက်လို့လည်း ကျွန်တော်တို့ ဆုံးရှုံးနစ်နာစရာမှ မရှိတာ"

"အဲ့တာတော့ မှန်ပါတယ်...ဒါပေမယ့်..."

"အဖေ့ကို ကုသပေးဖို့ လူတွေအများကြီး ကျွန်တော်တို့ ခေါ်ခဲ့ကြပေမယ့် အဖေ့ရဲ့ ရောဂါလက္ခဏာကိုတောင် ဂဂနနသိကြတာ မဟုတ်ဘူး...ဒါပေမယ့် ဒီကလေးကကျ ရောဂါလက္ခဏာတွေကို မမြင်ရဘဲနဲ့တောင် သိနေပြီး နည်းနည်းလောက်တောင် သက်သာလာအောင် ကုသနိုင်တယ်ဆိုတော့ ကျွန်တော် မျှော်လင့်ချက်လေး ထားချင်လို့ပါ.......သူ ကုသပေးနိုင်မယ်လို့ ကျွန်တော်ထင်တယ်"

"နားလည်ပါပြီ"

"သူ့ကို သံသယဝင်နေလို့လည်း ဘာမှထူးမခြားသွားဘူးဆိုတော့ အဲ့ဒီကလေးက ကောင်းကင်ဘုံက ကျွန်တော်တို့ကို ကူညီဖို့ လွှတ်လိုက်တဲ့ သူလို့ပဲ ယူဆထားလိုက်တော့တယ်....

အခုလောလောဆယ်တော့ အဲ့ဒီကလေး သက်သာလာအောင်သာ အရင်အာရုံစိုက်ထားရမှာပေါ့"

"ကျွန်တော်သိပါပြီ...နားလည်း နားလည်ပါပြီ....

ဒါဆို အခုကျွန်တော့်ကို သွားခွင့်ပြုပါဦး"

အထွေထွေအုပ်ချုပ်ရေးမှုးက ဦးညွတ်အရိုအသေပေးကာ ထွက်သွားလေသည်။ ဟွမ်ဂျွန်ကီကမူ ထွက်သွားသောသူကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။

ရွှီး........ခလော.......

အသက်ရှုသံမျှင်းမျှင်းလေးက အိပ်ယာပေါ်တွင် လှဲနေသော ချွန်းမြောင်ဆီမှ ထွက်ပေါ်နေလေသည်။ မျက်နှာက ဖြူရော်ကာ အင်အားပြတ်လတ်ပုံပေါက်နေပြီး ပင်ပန်းနေပုံလည်းရကာ လူမမာပုံလည်း ထွက်နေလေသည်။

စည်းချက်မမှန်သော အသက်ရှုသံတိုးတိုးကလည်း ထွက်လာနေပြီး စိုးရိမ်ဖွယ် အခြေအနေကို ပြသနေလေသည်။

အသက်ရှုသံတိုးတိုးကသာလျှင် အခန်းထဲတွင် ကြီးစိုးနေပြီး တိတ်ဆိတ်လွန်းနေသည်။

ကလစ်...ချောက်....

အခန်းတံခါးကို ကလန့်ကာ ဖွင့်လိုက်သံတိုးတိုးက ထွက်လာလေ၏။ သို့သော်လည်း ထူးထူးခြားခြားတော့ ဖြစ်မလာခဲ့ချေ။ ခဏအကြာတွင်မူ.......

ကျွီ........

အခန်းတံခါးက ဖြေးညင်းစွာ ပွင့်လာလေသည်။

လူတစ်ယောက် ခိုးကြောင်ခိုးဝှက်နှင့် သတိကြီးကြီးထားကာ အခန်းထဲသို့ ဝင်လာလေသည်။ ခြေနင်းသံတစ်သံပင် မထွက်လေဘဲ ပိတ်ပိတ်မှောင်နေသော အခန်းထဲသို့ တိတ်တဆိတ် ချဉ်းကပ်လာလေ၏။ အမူမဲ့အမှတ်မဲ့ဆိုလျှင် လူဝင်လာသည်ကိုပင် သတိမထားမိနိုင်ချေ။

ထိုသူသည် အသံတစ်သံပင် မထွက်လေဘဲ သရဲတစ္စေတစ်ကောင်ကဲ့သို့ပင် ချွန်းမြောင်၏ အိပ်ယာဘေးသို့ ရောက်လာလေသည်။ ချွန်းမြောင်ကမူ အိပ်နေဆဲပင်။ ပင်ပန်းလွန်းကာ အိပ်နေပုံလည်း ရလေသည်။

ထို သရဲတစ္စေကဲ့သို့သောသူကမူ ချွန်းမြောင်အိပ်နေသည်ကို အတည်ပြုပြီးသွားသောအခါ သူ၏လက်ကို ဖြေးညင်းစွာ မြှောက်လိုက်လေသည်။ သူ၏လက်ချောင်းများသည် မှင်အိုးတွင် နစ်ထားသကဲ့သို့ပင် ထိတ်လန့်ဖွယ်ရာ မဲနက်နေလေ၏။

"မင်းနဲ့ငါ့ကြားမှာတော့ ရန်ငြိုးရန်စ မရှိပါဘူး....ဒါပေမယ့် ငါ့အလုပ်ကို ဝင်နှောင့်ယှက်လို့ ဆုတော်လာဘ်တော် ရတယ်လို့ပဲ သဘောထားလိုက်တော့"

ထိုလူက ခပ်တိုးတိုးရေရွတ်လိုက်ရင်း သူ၏လက်များကို ချွန်းမြောင်၏ လည်ပင်းဆီသို့ ဦးတည်လိုက်လေသည်။

ဒုန်း.....

ထိုအချိန်မှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချွန်းမြောင်က ရုတ်တရက် လူးလွန့်လာလေပြီး ထိုလူ၏ ခါးနေရာကိုကန်လိုက်လေသည်။ ပြီးနောက်တွင်မှ ထိုလူအား အိပ်ချင်မူးတူး မျက်နှာနှင့် ကြည့်လာလေသည်။

"........."

ထို့နောက်တွင်မူ ထိုလူအား ကြောက်မက်ဖွယ်ကောင်းသော အပြုံးကြီးပြုံးပြကာ ပြောလိုက်လေတော့၏။

"နောက်ဆုံးတော့လည်း မိပြီပေါ့....

.မင်းဘယ် ပြေးမလဲ ....ခွေးသားလေးရယ်"

အပိုင်း (၅၆)

မင်းက တကယ် ကျင့်ကြံသူလား (၁)

"မိပြီ....ခွေးသားလေး"

ချွန်းမြောင်က ယခုမှ အိပ်ယာနိုးလာသည့်ပုံနှင့် ထိုလူအား ရယ်ပြလိုက်လေသည်။

ထိုလူကမူ သူ့၏ခါးတွင်ဖက်ထားသော ချွန်းမြောင်၏လက်တွင်းမှ လွတ်မြောက်စေရန် ရုန်းကန်နေလေတော့သည်။

"မင်း..."

ထိုလူက သူ၏အခြားလက်တစ်ဖက်ကို ချွန်းမြောင်အား ထုရိုက်ရန် မြောက်လိုက်လေသည်။ ထိုအချိန်မှာပင် အခန်းတံခါးတွန်းဖွင့်သံကို ကြားလိုက်ရပြီး တံခါးကလည်း ပွင့်သွားလေသည်။

ဝင်လာသူက ဟွမ်ဂျွန်ကီပင် ဖြစ်လေ၏။

ဟွမ်ဂျွန်ကီက အလွန်ပင် ပျက်ယွင်းနေသောမျက်နှာနှင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး မောဟိုက်ရင်နာနေသော လေသံနှင့်မေးလာလေ၏။

"အုပ်ချုပ်ရေးမှူးကြီးက ဒီမှာဘာလာလုပ်နေတာလဲ"

"......."

အန်ဟာကုန်သည် အစည်းအရုံး၏ အထွေထွေအုပ်ချုပ်ရေးမှူးဖြစ်သော ဘွန်ဂျာဘုတ်ကမူ ချွန်းမြောင်၏ အခန်းထဲတွင် သူ့အား ပက်ပင်းမိသွားသောကြောင့် ဟွမ်ဂျွန်ကီအား အံ့ဩသွားသော မျက်နှာနှင့် လှည့်ကြည့်လာလေသည်။

"သ...သခင်လေး"

"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲလို့ ကျွန်တော်မေးနေတယ်လေ"

ဘွန်ဂျာဘုတ်၏ အမူအရာများကမူ စိတ်ရှုပ်ထွေးကာ ထိန်းမရဖြစ်နေလေသည်။

"ကျွန်တော် ဒီကလေးရဲ့ အခြေအနေကို လာပြီး ကြည့်ပေးတာပါ...ပြီးတော့..."

အုပ်ချုပ်ရေးမှူး၏ စကားမဆုံးမီမှာပင် ချွန်းမြောင်က ကြားဖြတ်ကာ အဖြေကို ဆက်ဖြေပေးလိုက်လေသည်။

"အာ....ကျွန်တော့် အခြေအနေကို စစ်ဆေးပြီး ကျွန်တော့်ကို သတ်ချင်တာလား"

ချွန်းမြောင်က ကိုင်ထားသောလက်များကို ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"မင်း ...မင်း အထင်လွဲနေတာပါ..."

"အထင်လွဲနေတာလား.....ကျွန်တော်လည်း အထင်လွဲရတာကို ကြိုက်တယ်..."

ချွန်းမြောင်က စောင်ပုံထဲမှ ခုန်ကာထလာလေသည်။

ဘွန်ဂျာဘုတ်ကမူ ရုတ်တရက်ကြီး အခြေအနေကောင်းသွားသော ချွန်းမြောင်အား အံဩသောအကြည့်တို့နှင့် ကြည့်လာလေသည်။

"ဒါ..ဒါက ဘယ်လိုဖြစ်ပြီး.... အခြေအနေက ရုတ်တရက်ကြီး"

"အာ....အဲ့တာ အထင်လွဲကြတာလေ....ကျွန်တော်က အစကတည်းက အကောင်းပဲ .....

ဘာမှမှ မဖြစ်တာကို"

"ဘယ်လို...ဒါပေမယ့် မင်း သတိလစ်နေတာလေ"

"ဪ....အဲ့တာလား...ကျွန်တော် ရောက်ကတည်းက တစ်ခါမှ ကောင်းကောင်းမအိပ်ရသေးဘူးလေ...

အဲ့တာကြောင့် တရေးတမောအိပ်တာ လွန်သွားတာ"

ဘွန်ဂျာဘုတ်က သွားကိုစေ့ကာ အံကိုတင်းတင်းကြိတ်လိုက်လေသည်။

"မင်းကများ ငါ့ကို လှည့်စားရဲတယ်ပေါ့လေ..."

"ဟာ...အဲ့လိုတော့ ပြင်းပြင်းထန်ထန်ကြီး မစွပ်စွဲသင့်ပါဘူး...ဒါကလည်း နားလည်မှုလွဲသွားတာလေးဆိုပြီး ဖြည့်တွေးပေးရင် ရနေတာပဲကို ... အုပ်ချုပ်ရေးမှူးက အဲ့လိုပြောလိုက်မှ တခြားသူတွေက ဒီနေရာကို အုပ်ချုပ်ရေးမှုးက တစ်ခုခုကြံစည်ပြီး ရောက်လာတာလို့ ထင်နေကြဦးမယ်"

"မင်း...."

ဘွန်ဂျာဘုတ်က ချွန်းမြောင်အား ဘယ်ဘက်လက်နှင့် လှမ်းကာ ရိုက်လိုက်လေ၏။ သို့သော် ချွန်းမြောင်က အသာအယာပင် ရှောင်တိမ်းလိုက်ပြီး ချုပ်ထားသော ကျန်လက်တစ်ဖက်ကိုပါ လွှတ်ကာ အိပ်ယာပေါ်မှ ခုန်ထသွားလေသည်။ နောက်သို့ တချက်ပင် ပြန်လှည့်မကြည့်ဘဲ ဟွမ်ဂျွန်ကီဆီသို့ တည့်တည့်မတ်မတ် လမ်းလျှောက်သွားလေသည်။

"ကြည့်....သူ ထွက်လာမှာပါလို့ ကျွန်တော် မပြောဘူးလား"

"အင်းးး"

ဟွမ်ဂျွန်ကီက ခေါင်းကို လေးလံစွာငြိမ့်ပြလိုက်လေသည်။

"ငါ မင်းပြောတာကို မယုံခဲ့ဘူး...ဒါကို မြင်ပြီးတော့ ငါ့မှာ ဘာမှကို ပြောစရာ ရှိမနေတော့ဘူး...

ငါ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့ ငါအယုံကြည်ဆုံးသူက ဒါမျိုးလုပ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"

ဟွမ်ဂျွန်ကီက စိတ်နှလုံးကွဲကြေနေသောအကြည့်နှင့် ဘွန်ဂျာဘုတ်ကို လှမ်းကာကြည့်လိုက်လေ၏။

ဘွန်ဂျာဘုတ်ကမူ ထိုအကြည့်အား ပေးစရာဆင်ခြေရှိမနေသောကြောင့် ချွန်းမြောင်ထံသို့သာ မျက်ထောင့်နီကြီးနှင့် လှမ်းကြည့်လေသည်။

"မင်း ကများ ငါ့ကို သံသယဝင်ရဲတယ်"

"ကျွန်တော် မဝင်ပါဘူး"

ချွန်းမြောင်က ပုခုံးတွန့်ကာ ငြင်းလိုက်လေ၏။

"ကျွန်တော်က ဘယ်ကောင်က သစ္စာဖောက်ခွေးဆိုတာကို သိမနေပါဘူး...

ခင်ဗျားလည်း သိတဲ့အတိုင်းပဲလေ..ကျွန်တော် ဒီကိုရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်... ဘယ်လိုလုပ် ဘယ်သူဆိုတာ သိပြီး သံသယဝင်ရမှာလဲ...

ဒီတိုင်းပဲ အကြီးအကဲဟွမ်ကို ကုသပေးဖို့လာတဲ့ကျွန်တော့်ကို တရားခံက သေချာပေါက် လာပြီး အန္တာရာယ်ပြုမယ်ဆိုတာကိုပဲ သိနေတာ...အခုလို အသည်းအသန်ဖြစ်နေတယ်လို့ ထင်ရတဲ့ အခြေအနေမျိုးမှာပေါ့"

"တကယ်လို့ ငါမလာခဲ့ရင်ရော..."

"ဟင့်အင်း...ခင်ဗျားမှာ အခွင့်အရေးမှ မရှိတော့တာ...သေချာပေါက် လာမှာပါ"

ချွန်းမြောင်က ပြုံးပြကာ ပြောလာလေသည်။

"ပထမအကြိမ်မှာ သတ်ဖို့ ခက်တယ်ဆိုပေမယ့် ဒုတိယအကြိမ် ကြိုးစားလိုက်ရင်ကျ ပိုပြီးလွယ်လာပြီလေ...

ပြောရမယ်ဆိုရင် အခုကမှ တကယ့်အခွင့်အရေး...ခင်ဗျားက ကျွန်တော့်ကို သတ်လိုက်မယ်...ပြီးရင်

တောင်ဘက်အစွန်အဖျားဂိုဏ်းကို အပြစ်ပုံချမယ်....ဒဏ်ရာပြင်းထန်လို့ သေသွားပါတယ်တို့ ဘာတို့ပေါ့....

ဒီလို ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ထိမယ့်အခွင့်အရေးကို ခင်ဗျားဘယ်လက်လွတ်ခံမှာလဲ"

"ဆိုတော့ မင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ တမင်ပြဿနာတက်အောင် လုပ်ခဲ့တာပေါ့...ဟုတ်လား"

ချွန်းမြောင်က သူ့ကိုကြည့်ကာ ဖြေလိုက်လေသည်။

"ဟုတ်ပါဘူး..."

"မဟုတ်ဘူးလား..."

"အင်းလေ...ဒီဇာတ်ရှုပ်ကြီးကို ဘယ်လိုရှင်းထုတ်ရမလဲ ခေါင်းစားနေတုန်းကို သူတို့က သူတို့ဟာသူတို့ ကျွန်တော်နဲ့ တိုက်ဖို့ ရောက်လာကြတာ...

အဲ့တာနဲ့ ရေကန်အသင့် ကြာအသင့် ဖြစ်သွားတာပေါ့"

ဘွန်ဂျာဘုတ်ကမူ ဒေါသထွက်၍ နှုတ်ခမ်းပင် ကိုက်မိသွားလေ၏။

"ပြင်ပသွေးကြောတွေ ထိသွားတာဆို...ကောင်းကောင်းတော့ မသိပေမယ့်

သမားတော်ကတော့ မင်းက လုံးဝကို သေရေးရှင်ရေးဖြစ်သွားတယ်ဆိုပြီး ပြောသွားတာလေ.."

"အဲ့တာကတော့ သမားတော်ကိစ္စပဲ...ကျွန်တော်ကတော့ ဒီလိုသာမန်သမားတော်လေးကို လှည့်စားပြီး ပြောခိုင်းနေစရာ အကြောင်းမှ မရှိတာကို ...

စကားမစပ် ခင်ဗျားကလည်း အတော့်ကို အမေးအမြန်းထူတာပဲနော်"

"ခင်ဗျားမှာ မေးခွန်းတွေ များနေရင်လည်း ကျွန်တော်ကတော့ အကုန်လုံးလိုက်ဖြေပေးနေစရာ မလိုဘူးလို့တော့ ထင်တယ်....ဘာလို့လဲဆိုတော့ အဲ့တာတွေက ခင်ဗျားကိစ္စလေ...

အရေးကြီးတာကတော့ ကိစ္စအကုန်လုံးက ရေကန်အသင့် ကြာအသင့်နဲ့ ဖြစ်ကုန်တယ်....ခင်ဗျားက အကွက်ထဲဝင်လာပြီး ကျွန်တော်က အကြီးအကဲဟွမ်ကို လုပ်ကြံတဲ့သူကို ဖမ်းမိသွားတယ်...

အဲ့တာက အဓိကပဲ.....ဟီးးးဟီးးးးးဟီးးး"

ဘွန်ဂျာဘုတ်ကမူ အကြံတစ်မျိုးထုတ်ကာ ဟွမ်ဂျွန်ဂီကို ကြည့်လိုက်လေသည်။

"သခင်လေး...သခင်လေးလည်း ဒီကလေးပြောသမျှကိုတော့ ယုံကြည်မနေဘူးမို့လား...ဟုတ်တယ်မို့လား"

"ကျွန်တော် သူ့ကို မယုံကြည်သင့်တဲ့ အကြောင်းပြချက်မျိုး ရှိသေးလို့လား"

"သခင်လေးက သာမန်ဆို ဒီလိုအယုံလွယ်တဲ့ သူတစ်ယောက်မှ မဟုတ်တာ..

ပြီးတော့ အခုက ဒီကလေးပြောနေတာထက် ပိုပြီးအရေးကြီးတဲ့ကိစ္စလည်း ရှိနေတာကို ဒီကလေးကိစ္စက အရေးကြီး ဟုတ်မနေပါဘူး။ "

"ပိုပြီး အရေးကြီးတဲ့ကိစ္စ ဟုတ်လား"

အုပ်ချုပ်ရေးမှုးက ခေါင်းငြိမ့်ကာ ဆက်ပြောလေသည်။

"ဟုတ်တယ်...ကျွန်တော်က ဒီကလေးကို အန္တာရယ်ပြုဖို့ ကြိုးစားခဲ့တာမှန်ပေမယ့် အကြီးအကဲကို အဲ့လိုလုပ်တယ်ဆိုတဲ့ သက်သေကမှ မရှိတာကို ....ပြီးတော့ ဘာလို့ အကြီးအကဲကို ကျွန်တော်က ဒီလိုလုပ်ရမှာလဲ....အကြီးအကဲက ကျွန်တော့်အပေါ် တချိန်လုံး ဒီလောက်ကောင်းခဲ့တာကို သူ့ကို

ဘယ်လိုလုပ် နာကျင်ခံစားရအောင် ကျွန်တော် လုပ်ရက်မှာလဲ......

သခင်လေး ကိုယ်တိုင်ကလည်း ကျွန်တော့်ကို ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူးမို့လား"

"ဟင်းးး"

ဘွန်ဂျာဘုတ်၏ စကားများသည် ဆင်ခြေစကားများမှန်းသိသာနေသော်လည်း လက်မခံနိုင်စရာတော့ ရှိမနေပေ။

"ဒါဆို ဘာလို့ ဒီကလေးကို အုပ်ချုပ်ရေးမှူးက သတ်ဖို့ကြိုးစားခဲ့တာလဲ... ပြီးတော့ အုပ်ချုပ်ရေးမှူးက သိုင်းပညာတတ်တယ်ဆိုတဲ့အချက်ကို ဘာကြောင့် ဖုံးကွယ်ထားခဲ့တာလဲ"

" သခင်လေးကတော့ ဒီကလေးရဲ့ လှည့်စားတာကို ခံနေရပြီ...သခင်လေးရဲ့ ဖခင်ကို ကုသပေးနိုင်တယ်ဆိုတဲ့ သူ့ရဲ့စကားတွေကို သခင်လေးက တကယ်ကြီးထင်နေတာလား... ဘယ်လိုလုပ်ပြီးတော့ ကလေးတစ်ယောက်က သခင်လေးရဲ့ ဖခင်ကို ကယ်တင်နိုင်မှာလဲ..."

"အဲ့တာနဲ့ ဒီကလေးကို အုပ်ချုပ်ရေးမှူး လုပ်ကြံတာနဲ့က ဘာဆိုင်လို့လဲ"

"သခင်လေးကတော့ ဒီကလေးရဲ့ မှိုင်းမိနေပြီပဲ... သခင်လေးကို အရူးလုပ်ရတာကလည်း တအားကိုလွယ်နေတာကို...

ဒီကလေးကို သတ်လိုက်မှပဲ သခင်လေးရဲ့ စိတ်ကို ပုံမှန်ပြန်ဖြစ်စေတော့မှာ ထင်တယ်.."

ဘွန်ဂျာဘုတ်၏ စကားအဆုံးတွင် အခန်းပြင်ပမှ တီးတိုးပြောဆိုသံများ ထွက်လာကြလေသည်။

အခန်းပြင်ပမှ ပုန်းလျှိုးကွယ်လျှိူး ကြည့်နေကြသောသူများက တစ်မျိုး၊ ပေါ်ပေါ်ထင်ထင် ကြည့်နေကြသူများကတစ်ဖုံ တီးတိုပြောဆိုလာကြလေသည်။ အများစုကမူ ဘွန်ဂျာဘုတ်နှင့် အတွေးတူကာ

ဘွန်ဂျာဘုတ် မမှားဟု ယူဆကြသူများက များလေသည်။

"ခင်ဗျားတို့ ပြောလို့ ပြီးသွားပြီလား"

လက်ရှိအခြေအနေကို အနေအထားအမှန်သို့ လမ်းကြောင်းပေးနိုင်ရန် ချွန်းမြောင်က စကားဝိုင်းထဲသို့ ဝင်လာလေသည်။

"............"

ဘွန်ဂျာဘုတ်ကမူ ချွန်းမြောင်အား အလစ်ချောင်းနေဆဲပင်။

"ငါ ဒီကလေးကို သတ်ဖို့ကြိုးစားခဲ့တာ မှန်ပေမယ့် အကြီးအကဲကိုတော့ ဘယ်တုန်းကမှ မလုပ်ကြံခဲ့ဖူးဘူး...

မင်း..."

"ဪ"

ချွန်းမြောင်က လက်ကိုဝှေ့ယမ်းကာ ဘွန်ဂျာဘုတ်၏ စကားစကို တဖန်ဖြတ်လိုက်ပြန်သည်။

"တော်ကြတော့ ...တော်ကြတော့ ....တော်လောက်ပြီ..

ကျွန်တော် ဘာဆင်ခြေမှလည်း မကြားချင်တော့ဘူး...ဘာအကြောင်းပြချက်မှလည်း မသိချင်တော့ဘူး"

"ဘယ်လို...."

"ခင်ဗျားတို့ ဘာမှမလုပ်ရင် ကျွန်တော်ပဲ သူ့ကို သေအောင်ရိုက်ပေးလိုက်မယ်"

ချွန်းမြောင်၏ စကားကို မည်သူကမျှ မတုံ့ပြန်ရသေးခင်မှာပင် ချွန်းမြောင်က ဘွန်ဂျာဘုတ်ထံသို့ အပြေးဝင်သွားပြီ ဖြစ်လေသည်။ ဘွန်ဂျာဘုတ်၏ ခေါင်းကို ရွယ်ကာ ရိုက်ရန်ပြင်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ဖြန့်လိုက်လေသည်။

ချွန်းမြောင်၏ လက်မှလည်း စူးရှသောအလင်းတန်းတစ်ခုက ထွက်လာပြီး ရိုက်ချရန်ပြင်လိုက်စဉ်မှာပင် ဘွန်ဂျာဘုတ်ကလည်း သူ၏လက်တွင်းတွင် အင်အားအပြည့်ထည့်ကာ သူထံသို့ဦးတည်လာသော ရိုက်ချက်ကိုကာကာ တန်ပြန်တိုက်ခိုက်လိုက်လေသည်။

ဘန်းးးးး

ချွန်းမြောင်၏ ရိုက်ချက်ကို လက်နှစ်ဖက်လုံးနှင့် ပြန်လည်ရိုက်ချကာ တုံပြန်လိုက်လေသည်။

"ကဲ..ကဲ....အခု ကျွန်တော် ပြောတာကို အာရုံလေးစိုက်ပေးကြပါ"

ချွန်းမြောင်က သူ၏ရိုက်ချခံလိုက်ရသော လက်နှစ်ဖက်ကို မြောက်ကာပြလိုက်လေသည်။

"ဒါက"

လူတိုင်းက မြင်လိုက်ရသောလက်ရာကြီးကြောင့် သူတို့၏မျက်လုံးများကိုပင် မယုံနိုင်ကြတော့ပေ။

ရိုက်ခံထားရသောနေရာများသည် လုံးလုံးပင် အနက်ရောင်သို့ ပြောင်းသွားပြီး ချွန်းမြောင်၏ လက်ကောက်ဝတ်တစ်ခုလုံးကမူ အနီရောင်သို့ ပြောင်းနေလေပြီဖြစ်သည်။ ချွန်းမြောင်ကမူ အံဩခမန်း ကြည့်နေကြသောလူများကို စောင့်ကာ အခြေအနေကြည့်နေလိုက်ပြီး ခဏမှ စကားမပြောဘဲ နေလိုက်လေသည်။

"နတ်ဆိုးလက်ဝါး"

ချွန်းမြောင်က လူအားလုံး သူ့အား အာရုံရနေပြီသေချာမှ စကားကို ဆက်ကာပြောလေသည်။

"သာမန်လူတွေကတော့ တချက်လောက်ရိုက်ခံလိုက်ရရုံနဲ့တင် တစ်ကိုယ်လုံးအနီရောင်ပြောင်းသွားပြီး တဖြည်းဖြည်းချင်း သေဆုံးသွားကြတယ်...သူတို့ ဒီရိုက်ချက်ကို ခံနိုင်ရည် မရှိကြဘူး....

ဒီလူက ဒီနတ်ဆိုးလက်ဝါးကို အကျွမ်းကျင်ကြီး တတ်မြောက်နေတာမဟုတ်ပေမယ့် သာမန်လူတစ်ယောက်လောက်ကို သတ်ဖို့တော့ လုံလောက်တာထက်ကို ပိုနေပြီးသားပဲ ....

အထူးသဖြင့် သိုင်းပညာကို တစိုးတစိတောင် မသိတဲ့လူအိုကြီးတွေကို သတ်ဖို့ဆို ထမင်းစားပြီး မြိုချလိုက်တာလောက်တောင် ခက်မယ်မထင်ဘူး...ဟုတ်တယ်မို့လား"

"........"

ဘွန်ဂျာဘုတ်ကမူ ရုတ်တရက်ဖြစ်သွားသော အခြေအနေကို မည်သို့ဆင်ခြေပေးရမည်ကို စဉ်းစားနေစဉ်မှာပင် ချွန်းမြောင်က ဆက်ကာပြောလေ၏။

"ပြီးတော့ သေချာပေါက်ကို သူ့ကို ဆန့်ကျင်လိုက်တဲ့သူတိုင်းကို အကြီးအကဲဟွမ်ကို လုပ်လိုက်သလိုပဲ နတ်ဆိုးချီတွေနဲ့ တိုက်ခိုက်ပြီး လက်သည်မပေါ်အောင် ရှင်းပစ်မှာပေါ့"

လုပ်ရပ်က ဘွင်းဘွင်းကြီး ပေါ်သွားလေပြီဖြစ်သည်။

လူတိုင်းကမူ အကြံပက်စက်သော အုပ်ချုပ်ရေးမှူကို ဒေါသမျက်လုံးများနှင့်ကြည့်ကာ စိတ်ဆိုးနေကြပြီဖြစ်သည်။

သူတို့၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ရုံသာမက အကြီးအကဲကိုပါ သစ္စာဖောက် လုပ်ကြံခဲ့လေသည်။

ထိုသို့သောသူကို စိတ်မဆိုးလျှင် မည်သို့သောလူကို သူတို့စိတ်ဆိုးကြမည်နည်း။

ချွန်းမြောင်၏ လက်တွင်မူ တဖြည်းဖြည်းနှင့် အကြီးအကဲဟွမ် ခံစားနေရသော ရောဂါလက္ခဏာများ ပြလာလေပြီဖြစ်သည်။

"မင်း...မင်း....ခွေးလောက်တောင် သစ္စာမရှိတဲ့ကောင်... အရှက်တရားမဲ့လိုက်တာ"

"ကိုယ့်ရဲ့ ကျေးဇူးတင် အကြီးအကဲကို လုပ်ကြံပြီးမှ ဘယ်လိုတောင် ဟန်ဆောင်ကောင်းနေရတာလဲ"

"သူ့ကို သေလောက်အောင် ရိုက်ရရင်တောင် ငါတော့ စိတ်ပြေနိုင်မယ် မထင်ဘူး"

လူတိုင်းက စိတ်ဆိုးမာန်ဆိုးနှင့် ပြစ်တင်ပြောဆိုနေကြပြီမို့ ဟွမ်ဂျွန်ကီက သတိကပ်လာလေသည်။

"သူ့ကို ဖမ်းချုပ်လိုက်ကြ"

ဟွမ်ဂျွန်ကီ၏ အမိန့်ပေးဆုံအဆုံးတွင် လူတိုင်း၏အသံများက တိတ်ဆိတ်သွားလေ၏။

"အခုတော့ သူ့ကို ဖမ်းချုပ်ထားလိုက်ကြ....ခုခံပြီး တိုက်ခိုက်တယ်ဆိုရင် သတ်လိုက်..

တွေဝေမနေနဲ့"

ဟွမ်ဂျွန်ကီ၏ စကားသံအဆုံးတွင် အလုပ်သမားများက အခန်းတွင်းသို့ အပြေးအလွှားဝင်လာကြလေသည်။

ဘွန်ဂျာဘုတ်ကမူ အဖမ်းမခံဘဲ ပြန်လည်တိုက်ခိုက်ရန်သာ ဆုံးဖြတ်ထားလေသည်။

"အား...."

"အွတ်"

အခန်းထဲသို့ ဝင်သွားသူတိုင်းသည် ဘွန်ဂျာဘုတ်၏ လက်ချက်ဖြင့် အထိနာသွားကြပြီး အခန်းပြင်သို့သာ ပြန်ရောက်လာကြလေသည်။

"ချီးလိုပဲ....ငါ့အစီအစဉ်တွေ အားလုံးအောင်မြင်ခါနီးမှကို"

ဘွန်ဂျာဘုတ်က မီးတောက်နေသောမျက်လုံးများနှင့် ချွန်းမြောင်ကို ကြည့်လာလေ၏။

"ဒီ ငချွတ်လေးကြောင့်သာ မဟုတ်ရင်"

"ဘယ်သူ့ကို ငချွတ်လို့ ခေါ်လိုက်တာလဲ"

ချွန်းမြောင်က နှုတ်ခမ်းထော်ကာ မေးလိုက်လေသည်။

သူက ငချွတ်လေး မဟုတ်ပေ။ ကလေးတစ်ယောက် ဖြစ်နေသည်မှန်သော်လည်း ထိုသို့ ခေါ်ခံရသည်ကိုမူ အလွန်ပင် မုန်းတီးလေသည်။

"နည်းနည်းလောက်ပဲ...နောက်ထပ်နည်းနည်းလေးလောက်ပဲ...ပိုပြီး လုပ်လို့ရခဲ့ရင်...

ဒီလိုဖြစ်လာမယ်မှန်းသာ ကြိုသိခဲ့ရင် မင်းကို ငါအရင်ဆုံးသတ်ခဲ့မှာ....ဒီ သခင်လေးဆိုတဲ့ သောက်ရူးကိုလည်း အစောကြီး လက်စတုံးပစ်ခဲ့ပြီးပြီ"

"အာ..."

ချွန်းမြောင်က လက်ကိုခါကာ တားလိုက်လေသည်။

"တော်ပြီ..တော်ပြီ...ပြောစရာတွေ ရှိနေရင်လည်း နောက်မှ ပြောတော့...အခုကတော့ ဒါကြီးကိုပဲ အရင်အဆုံးသတ်ရအောင်... စောနနိုးလာကတည်းက ပြန်အိပ်ချင်နေတာ...အိပ်ရေးက မဝသေးဘူး"

"ဘာ...မင်း....."

"ဟားဟားးးဟားးးး..ငချွတ်လေးးး

မင်းက မင်းအဆင့်လောက်နဲ့ ငါ့ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေတာလား...

မင်းရဲ့ ကမြောက်ကခြောက်သိုင်းလောက်နဲ့လေ...

လာလေ ...မင်း နိုင်မယ်ထင်ရင် လာတိုက်လှည့်"

"တိုက်ပါဘူး...."

"ဟမ်...ဘယ်လို"

"ကျွန်တော်က ဘာလို့တိုက်ရမှာလဲ...ဒီနားမှာ ခင်ဗျားကို တိုက်မယ့် တခြားသူတွေ ရှိပြီးသားကို...

ဒီမှာလေ.....ခင်ဗျားနဲ့တိုက်မယ့်သူက"

ချွန်းမြောင်က သူ့နောက်ရှိ လူတစ်ယောက်ကို လက်ညှိုးထိုးကာ ပြလိုက်လေ၏။ လူတိုင်းကလည်း ချွန်းမြောင်၏ လက်ညှိုးညွှန်ရာဘက်သို့ လိုက်ကာကြည့်လိုက်ကြလေသည်။

"ငါလား"

လီဆုန်ဘတ်ကလည်း ချွန်းမြောင်၏ လက်ညှိုးညွှန်ရာကို ကြည့်ရင်း အံဩတကြီး မေးလာလေသည်။

"ငါလား...တကယ်ကြီး ငါပေါ့လေ"

"အိုးးးး....အသက်အငယ်ဆုံးကယ်တင်ရှင်လေးဟာဆိုရင်ဖြင့် လူမိုက်တွေကို တိုက်ထုတ်ပြီး လူကောင်းတွေကို ကာကွယ်တော့မှာ ဖြစ်ပါတယ်....သူရဲကောင်းလေး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်"

"ဟ..နေပါဦး....ငါက တကယ်ကြီး တိုက်ရမှာလား"

"အေးလေ...မင်း မတိုက်ရင် ဘယ်သူတိုက်မှာလဲ"

ချွန်းမြောင်က လီဆုန်ဘတ်၏ အမေးကို မျက်လုံးကြီးပြူးကာ ပြန်ဖြေလိုက်လေသည်။

ဟုတ်တော့လည်း ဟုတ်ပေသည်။ သူတို့၏ တောင်ဘက်အစွန်အဖျားဂိုဏ်းက တစ်ဂိုဏ်းလုံး ပြန်သွားလေပြီ ဖြစ်ပြီး ကျန်ရစ်ခဲ့သူက သူတစ်ယောက်တာ ရှိလေတော့သည်။

"ဘာလို့ ငါမှတုန်း"

လီဆုန်ဘတ်ကမူ ယခုအခြေအနေကြီးကို မတရားခံနေရသူသဖွယ် ခံစားရလေသည်။ သို့သော်လည်း ချွန်းမြောင်ကမူ အတည်ကြီးပင် ဘေးထွက်ကာ သူတို့တိုက်ခိုက်မည့်အချိန်ကို စောင့်နေလေ၏။ လီဆုန်ဘတ်သည် သူ့အား ကြည့်နေသော ဟွမ်ဂျွန်ကီကိုလည်း ကြည့်လိုက်လေသည်။

အာ...ဟုတ်သားပဲ..

ဒါက ငါ့အမှားကို ပြန်ပြင်ပေးနိုင်မယ့် အခွင့်အရေးပဲ....

ချွန်းမြောင်ကြည့်ရတာ ငါ့အတွက် တမင်အခွင့်အရေး ဖန်တီးပေးတဲ့ပုံပဲ...

ငါ အကောင်းဆုံး ပြန်ပြီး အဖတ်ဆယ်ရမယ်..........

"ရန်သူချေမှုန်း မကောင်းသူပယ် ၊ ကောင်းသူကယ်မယ့် တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဓါးကွ"

လီဆုန်ဘတ်က သူ၏ဓါးကို ဆွဲထုတ်လိုက်ပြီး ဘွန်ဂျာဘုတ်ထံသို့ ပြေးဝင်သွားလေတော့သည်။

ချွန်းမြောင်ကမူ တဝိုးဝိုး တဝါးဝါးလုပ်ကာ လက်ခုပ်လက်ဝါးတီးပြီး အားပေးနေလေသည်။

"ဝိုးးးးးသူရဲကောင်းကိုကိုကွ"

ချွန်းမြောင်သည် ထိုလူအား လက်စတုံးပစ်လိုက်နိုင်သော်လည်း လီဆုန်ဘတ်က ပေါ်လာသည်မို့ အခွင့်အရေးအား ပေးခဲ့ခြင်းဖြစ်လေသည်။ ဤကလေးသည်လည်း သူ၏ဂိုဏ်းသို့ ပြန်နိုင်ရင် အခွင့်အရေးလိုသေးသည်မို့လား။

ဘွန်ဂျာဘုတ်နှင့် လီဆုန်ဘတ်တို့၏ နှစ်ဦးသားတိုက်ပွဲကို ချွန်းမြောင် စောင့်မကြည့်တော့ဘဲ ချွန်းမြောင်က ဟွမ်ဂျွန်ကီနားသို့ ချဉ်းကပ်လာလေသည်။

"ပြဿနာတစ်ခုတော့ ဖြေရှင်းပြီးသွားပြီ"

"ဟမ်...တိုက်ပွဲကမှ မပြီးသေးတာကို"

"ခဏနေရင် တိုက်ပွဲက အဆုံးသတ်သွားလိမ့်မယ်...သူလည်း သူတို့ဂိုဏ်းက တော်တဲ့ဂိုဏ်းသားတစ်ယောက်ပဲဟာကို .....သူ့လို သိုင်းပညာကို စနစ်တကျသင်ထားတဲ့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ကို သာမန်သိုင်းလေးပဲတတ်တဲ့ ဟိုလူကြာကြာ မတိုက်နိုင်ပါဘူး"

"သာမန်သိုင်းလေးပဲတတ်တာ ဟုတ်လား...မင်းလက်ကိုတောင် သူက ဒဏ်ရာရအောင် လုပ်ထားတာလေ"

ချွန်းမြောင် သူ၏လက်ကို ဟွမ်ဂျွန်ကီကို ပြလိုက်လေ၏။ သူ၏ လက်များသည် မဲနက်နေပြီး ဖြူတစ်လှည့်နီတစ်လှည့် ဖြစ်နေလေသည်။

"....."

"ကျွန်တော် မလိမ်ဘူး...သူက နတ်ဆိုးလက်ဝါးသိုင်းကို တတ်တာကတော့ အမှန်ပဲ...

ဒါကကျတော့ သူ လူတစ်ယောက်အပေါ်မှာ ဒီသိုင်းကို ဘယ်လိုသုံးတယ်ဆိုတာပြသင်လို့ သရုပ်ပြလို့ရရုံ လုပ်ခံလိုက်တာ သက်သက်ပဲ"

"ဟမ်...."

ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်၏ စကားများကို နားလည်စေရန် အတော်ပင် အချိန်ယူလိုက်ရပြီး ခဏကြာမျှ သက်ပြင်းချလိုက်လေသည်။

"မင်းက တကယ်ကျင့်ကြံသူရော ဟုတ်ရဲ့လား"

"ဒါပေါ့....."

ကမ္ဘာပေါ်မှာ အတွေ့အကြုံအများဆုံးနဲ့ အကြီးကျယ်အခမ်းနားဆုံး ကျင့်ကြံသူကြီးဆိုတာ ငါပဲ....။

မင်းက မယုံဘူးလား....

မယုံလည်း နေလေ....

ငါက အမှန်အတိုင်း ပြောပြနေတာပဲကို...

အပိုင်း (၅၇)

မင်းက တကယ်ကျင့်ကြံသူရော ဟုတ်ရဲ့လား(၂)

အုပ်ချုပ်ရေးမှူးက အမှန်တကယ်လည်း ကြာကြာတောင့်မခံနိုင်ပေ။

အမှန်အတိုင်း ဝန်ခံရလျှင်တော့ ချွန်းမြောင်မှန်းထားသည်ထက်တော့ အတော်ပင်ကြာသွားလေသည်။

ယုံကြည်ချက်အပြည့်နှင့် သတ်ကွင်းထဲသို့ ခုန်ဝင်သွားသော လီဆုန်ဘတ်သည်ပင် အုပ်ချုပ်ရေးမှူး အရှုံးပေးသွားချိန်အထိ အချိန်အတော်ကြာပင် တိုက်ခိုက်လိုက်ရလေသည်။

တိုက်ခိုက်ပွဲအား ကြည့်နေကြသူအပေါင်းကမူ အသည်းတအေးအေး ရင်တထိတ်ထိတ် ဖြစ်နေကြသော်ငြားလည်း ချွန်းမြောင်ကမူ ပျင်းရိ၍ သမ်းပင်သမ်းဝေနေပြီ ဖြစ်လေ၏။

ဒီကောင်တိုက်တာ အဲ့လောက်ကြာမယ်မှန်းသိရင် ငါကိုယ်တိုင်ပဲ တိုက်လိုက်ပါတယ်...

ခုတော့ ကြာလိုက်တာ...

မည်သို့ပင် ပျင်းရိနေစေကာမူ ချွန်းမြောင် နှုတ်မှတော့ ထုတ်မပြောဖြစ်ပေ။ ချွေးသံတရွဲရွဲနှင့်တိုက်ခိုက်နေရသော လီဆုန်ဘတ်ကို အားနာ၍ ဖြစ်လေသည်။ အလွန်အမင်းပင် ကြိုးစားကာ အောင်ပွဲရထားသော သူရဲကောင်းကို ရဲရဲဝံ့ဝံ့ ဂုဏ်ယူနိုင်စေရန်အတွက် သူ မပြောတော့ခြင်း ဖြစ်ပေသည်။

ဒီကောင်ကွာ ...ဂုဏ်ဆာမယ်ဆိုလည်း ချွေးလေးတော့ အရင်သုတ်သင့်ပါတယ်....

"ဟူး....ဒီလူ...အဟွတ်...အဟွတ်.... ဒီလူ အရှုံးပေးသွားပြီ...အဟု"

ဟွမ်ဂျွန်ကီသည် ဟောဟဲဆိုက်ကာ စကားပြောရုံနှင့်ပင် သေလုနီးပါးမောပန်းနေသော လီဆုန်ဘတ်ကို ကြည့်ကာ ခေါင်းညိမ့်ပြလိုက်လေသည်။

ဖြစ်ညစ်ကာ အသက်ရှုနေရပြီး တုန်ယင်နေသော ခြေအစုံကို ကြည့်ကာ လီဆုန်ဘတ်ကိုပင် သနားစိတ်ဝင်လာလေ၏။ ဆက်ကာ စိတ်မဆိုးနိုင်တော့ပေ။

"မင်း တော်တော်လေးကို ကြိုးစားပမ်းစား လုပ်ခဲ့ပါတယ်....အန်ဟာ ကုန်သည်အဖွဲ့က မင်းရဲ့အခုကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

"အာ...ဟုတ်...ကျေးဇူး...ကျေးဇူး..ကျေးဇူးပါ"

"အခုတော့ နားလိုက်ပါဦး"

ဟွမ်ဂျွန်ကီသည် နေရာတွင်ပင် လီဆုန်ဘတ်အမောဆို့ကာ ပစ်လဲကျ သေဆုံးသွားမည်ကို စိုးရိမ်၍ ခဏမျှ အနားယူရန် ပြောလိုက်လေသည်။ လီဆုန်ဘတ်ကမူ ဟွမ်ဂျွန်ကီမှ ခွင့်ပြုချက်ရသည်နှင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ စကားတစ်ခွန်းပင် မဆိုတော့ဘဲ အနားယူနေလေသည်။

ပုံမှန်အားဖြင့်မူ ဟွမ်ဂျွန်ကီသည် စိတ်ဆိုးခက်ကာ စိတ်ပြေလည်း ခက်သူဖြစ်လေသည်။ ယခုအဖြစ်အပျက်သာ မရှိခဲ့ပါက သူသည် လီဆုန်ဘတ်နှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းအား အမြဲပင် နာကြည်းကာ စိတ်ဆိုးနေမည်ဖြစ်ပြီး ယခုတွင်မူ သနားစဖွယ်ကောင်းလောက်အောင်ပင် ပင်ပန်းနွမ်းနယ်ကာ အုပ်ချုပ်ရေးမှုးနှင့် အသေအကြေတိုက်ခိုက်ထားရသော လီဆုန်ဘတ်၏ ပုံသဏ္ဍာန်ကို မျက်မြင်တွေ့လိုက်ရသောအခါတွင်မူ စိတ်မဆိုးနိုင်တော့ပေ။ စိတ်ကို လျော့ကာ ခွင့်လွတ်လိုက်ရန်သာ တတ်နိုင်လေတော့သည်။ ထို့နောက်တွင်မူ မလုံမလဲနှင့် ချွန်းမြောင် မကျေနပ်မည်ကိုလည်း စိုးရိမ်၍ ချွန်းမြောင်ထံသို့ တချက်ခိုးကာ ကြည့်လိုက်လေသည်။

ငါတော့ ဒီအခြေအနေတွေကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး...

ချွန်းမြောင် အန်ဟာသို့ ရောက်လာသည်က နှစ်ရက်သာ ရှိသေးသော်လည်း အဖြစ်အပျက်များကမူ အများကြီး ဖြစ်ပြီးသွားလေပြီ ဖြစ်သည်။ တစ်နှစ်ကျော်မျှ အမြစ်တွယ်ကာ ဖြစ်ပေါ်လာသော သူဖခင်၏ ရောဂါအမည်ပေါ်သွားရုံသာမက လုပ်ကြံသူပါ ပေါ်သွားလေသည်။

ပြဿနာတွေက တကယ်ကြီးကို အဲ့လိုလွယ်လွယ်လေးနဲ့ ပြီးသွားတာပေါ့လေ...

ဤသည်က ပြဿနာများအားလုံး လုံးလုံးကြီး ပြီးသွားသည်တော့ မဟုတ်သည်ကို ဟွမ်ဂျွန်ကီလည်း သိပေသည်။ လောကရှိအရာအားလုံးသည် အစပိုင်းတွင်သာ စိတ်ပါဝင်စားလာစေရန်အတွက် လွယ်ကူသယောင်ယောင်ရှိတတ်ကြပြီး နောက်နောင်များတွင်မူ ပြဿနာအတိမ်အနက်နှင့် အကြောင်းအရာများ၏ လေးနက်မှုအလိုက် ခက်ခဲလာကြသည်သာ ဖြစ်လေသည်။ ဤသည်ကို လောကကြီးတွင် ကျင်လည်လာသော ဟွမ်ဂျွန်ဂီလည်း သိလေသည်။

ဒီကလေးကလည်း ကလေးနဲ့မတူလိုက်တာ...ပြဿနာကို ရှင်းသွားတာက လူအိုကြီးတွေ ကျနေတာပဲ...

ဤသည်က ဟွမ်ဂျွန်ဂီ၏ အတွေးသက်သက်ပင် ဖြစ်လေပြီး အမှန်တွင်တော့ မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ ကိုယ်ခန္ဓာထဲသို့ တခြားလူတစ်ယောက် ဝင်ရောက်နေသည်ဆိုသည်က တွေးကြည့်ရုံနှင့်ပင် အတော်ရူးကြောင်ကြောင် နိုင်သော ကိစ္စဖြစ်နေလေပြီ ဖြစ်သည်။

"ကျွန်တော့်အထင် ပြောရရင် အခုဆို ပြဿနာတွေလည်း အားလုံးနီးပါး ရှင်းပြီးသလောက် ဖြစ်နေပြီနော်"

"ဒါနဲ့ ဘာလို့ အုပ်ချုပ်ရေးမှူးက ကျွန်တော့် အဖေကို ဦးတည်ချက်ထားပြီး လုပ်ကြံရတာလဲ"

"မသိဘူးလေ"

"ဟမ်...မင်း အခုလို လုပ်ခဲ့တာတွေက တချို့ဟာတွေကို ကြိုပြီး ခန့်မှန်းမိလို့ လုပ်ခဲ့တာ မဟုတ်ဘူးလား"

"ဟမ်....ဟုတ်ပါဘူး"

"..........."

ဟွမ်ဂျွန်ဂီ စွံအသွားလေသည်။

"အဲ့တာတွေက ရုံးတော်က လုပ်ရမယ့် အလုပ်တွေလေ...ကျွန်တော့်အလုပ်က ပြဿနာကို ဖြေရှင်း ဆုငွေ ထုတ် ..ဒါပဲကို....ဟို အကြောင်းရင်း စုံစမ်း ဒီအကြောင်းရင်း စုံစမ်းက ရုံးတော်က လုပ်လိမ့်မယ်...

ဒါနဲ့ ပြောတာပြောနေရတယ်.......ပေးမယ်ဆိုတဲ့ ဆုလာဘ် ဆိုတာက ပြင်ထားပြီးပြီလား"

လူတိုင်းက အလုပ်တစ်ခုလုပ်ပြီးသည်နှင့် ထိုက်တန်သော ဆုလာဘ်ပြန်ရသည်၊ ဆုလာဘ်အတွက် တောင်းဆိုသည်က သာမန်ပင် ဖြစ်လေသည်။ သို့သော် အတိတ်က ချွန်းမြောင်သည် ကူညီလိုက်သောကိစ္စများအတွက် အပေးအယူဟူသော စကားလုံးကို နှုတ်မှ ဟပင် မဟခဲ့ချေ။

အဘယ့်ကြောင့် ဆိုသော်.............

သူသည် ဇီးပန်းပွင့် ဓါးသူရဲကောင်း ချွန်းမြောင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ဟွာဆန်း၏ အတော်ဆုံးဟူသော ၊ ဇီးပန်းပွင့် ဓါးသမားဟူသော ဂုဏ်ပုဒ်ကြောင့် ဖြစ်လေသည်။ ယခုတွင်မူ သူသည် သာမန် တတိယတန်းတပည့်လေးတစ်ဦးသာ ဖြစ်ပြီး ငဲ့ကွက်ထိန်းသိမ်းရမည့် ဂုဏ်ပုဒ်များလည်း မရှိပေ။ ထို့ကြောင့်

ဆုလာဘ်အား ပွင့်ပွင့်လင်းလင်းပင် တောင်းဆိုလိုက်ခြင်း ဖြစ်လေသည်။

ကျင့်ကြံသူတစ်ယောက်အနေနှင့် ဆုလာဘ်ကိစ္စကို နှုတ်မှ ထုတ်ကာတောင်းဆိုခြင်းသည် ကျင့်ဝတ်နှင့်မညီသော်လည်း ဟွမ်ဂျွန်ကီကမူ နားလည်ပေးနိုင်သည့်ပုံနှင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

"ဒါပေါ့...သေချာပေါက် ဆုကတော့ ပေးရမှာပေါ့......ပြဿနာက အခုထိ အပြီးသတ်မရှင်းရသေးဘူးလေ..

ကျွန်တော် တောင်းတဲ့အကူအညီက လုပ်ကြံသူကို ရှာပေးဖို့ မဟုတ်ဘူးလေ...ကျွန်တော့်အဖေကို လုံးလုံးသက်သာလာပြီး အိပ်ယာပေါ်မှာပဲ နေနေရတဲ့ ဘဝကြီးက လွတ်လာအောင် ကူပေးဖို့လေ....ဟုတ်တယ်မို့လား"

ဟွမ်ဂျွန်ကီ စကားကြောင့် ချွန်းမြောင် သက်ပြင်းချလိုက်လေသည်။

"အဲ့တာက နောက်တော့ ဖြစ်လာမှာပေါ့"

ချွန်းမြောင်က ယုံကြည်ချက်ရှိရှိနှင့်ပင် ခွန်းတုံ့ပြန်လိုက်လေသည်။ ဟွမ်ဂျွန်ကီကမူ လေသံအေးလေးနှင့်ပင် ဆက်ကာပြောလေ၏။

"ကျွန်တော်တို့ ဂိုဏ်းအခြေအနေဆိုးဝါးပြီး အားလုံးက သဘောမတူကြတော့ရင်တောင် အဲ့အချိန်ထိ ဟွာဆန်းကို ကူညီထောက်ပံ့ပါမယ်လို့ ကျွန်တော် ကတိပေးပါတယ်"

ဟွမ်ဂျွန်ကီက စကားနှင့်ကတိကဝတ်သည် အလွန်ပင် ရင်ထဲထိဖွယ်ကောင်းလေသည်ဟု သူကိုယ်တိုင်လည်း ထင်နေရှာသည်။ ချွန်းမြောင်ကမူ ဟွမ်ဂျွန်ကီ၏ လက်နှစ်ဖက်ကိုပင် ဆွဲနေလေပြီ။ ဟွမ်ဂျွန်ကီကမူ ချွန်းမြောင်၏ ထိုအပြုအမူကြောင့် သူ၏ကတိကဝတ်ကို ချွန်းမြောင်လည်း ရင်ထဲအလွန်ထိသွားသည်ဟု ထင်နေရှာလေသည်။

"မင်း ဒီလောက်ကြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး........ဒါက အသေးအမွှားလေးပါ..."

"ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား"

"ဟမ်...

'

ချွန်းမြောင်၏ မျက်နှာကမူ ဆူပုတ်နေပြီဖြစ်သည်။

"ဆုရသင့်တာက ကျွန်တော်လေ...ဟွာဆန်းမှ မဟုတ်တာ...

ဒီလောက် သေအောင်ကြိုးကြိုးစားစားလုပ်ထားရတာကို ဆုရတော့ ဟွာဆန်းဆိုတာကြီးက ဘယ်လိုမှ မဟုတ်သေးဘူးလို့ ခံစားရတယ်"

".........."

ဟွမ်ဂျွန်ကီ နောက်တစ်ကြိမ် စွံအသွားပြန်လေသည်။ ဤကလေးက သူထင်ထားသည်ထက်ပင် ပို၍ထူးဆန်းနေလေသည်။ အထူးဆန်းဟုပင် ထင်ရလေသူ ဖြစ်လေသည်။

အကြီးအကဲဟွမ် လှဲနေသောအိပ်ယာရှေ့တွင် ချွန်းမြောင်က မတ်တပ်ရပ်နေလေသည်။ ချွန်းမြောင်၏မျက်နှာအမူအရာကမူ ခန့်မှန်း၍ပင် မရပေ။ ရင်ထိတ်နေလေသည်လား...၊ စိတ်လှုပ်ရှားနေသည်လား.....မသိရပေ။

ယခု ပြုလုပ်မည့် အကြီးအကဲဟွမ်အား ကုသမှုအောင်မြင်လျှင်မူ ကိစ္စအလုံးစုံက ချောချောမွေ့မွေ့ ပြီးသွားပြီဟု ဆိုရပေမည်။ ထိုသို့သာ ချောချောမွေ့မွေ့ပြီးဆုံးပါက ဆုလာဘ်များကို ပိုက်ကာ ဟွာဆန်းသို့ ပြန်ရန်ပင် လိုလေတော့မည် ဖြစ်ပြီး အရာအားလုံးကလည်း ချောချောမွေ့မွေ့ပြီးသွားမည် ဖြစ်လေသည်။

သို့သော်...........

ပြဿနာက ရှိနေလေသည်။ ချွန်းမြောင်သည်လည်း ကုသရမည်ကို ယုံကြည်မှုအပြည့်အဝ ရှိမနေပေ။

စိတ်မှန်းခြေနှင့်သာ ကုသရမည်ဖြစ်ပြီး ဤကုသမှုက အောင်မြင်မည် မအောင်မြင်မည်ကိုလည်း ပြော၍မရပေ။

ထိုသို့ ချီကုသမှုမျိုးကို အတိတ်ဘဝတွင်က ပြုလုပ်ခဲ့ဖူးသည် မှန်သော်လည်း လူအိုကြီးတစ်ယောက်ကိုမူ တစ်ကြိမ်တစ်ခါပင် မကုသဖူးချေ။ သို့ဖြစ်၍ ကုသမှုဖြစ်စဉ်အတွင်း မည်သို့သော တုန့်ပြန်မှုရလဒ်များ ရှိလာမည်ကိုလည်း မပြောတတ်ပေ။

ထို့ပြင် ဇီးပန်းပွင့်သူရဲကောင်း ချွန်းမြောင်အနေနှင့်ဆိုလျှင်လည်း ဤသည်က စကားထဲသို့ပင် ထည့်၍ပြောရမည့် အခြေအနေမဟုတ်သော်လည်း မိစ္ဆာချီများကို နိုင်နိုင်နင်းနင်း နှိမ်နင်းနိုင်မည့် ချီစွမ်းအင်က ယခု တတိယတန်းတပည့်အနေနှင့်မူ အလုံအလောက် ရှိမနေပေ။ ထို့ကြောင့်ပင် ရှေ့ဆက်ဖြစ်လာမည့် အခြေအနေများကို ကြိုတင်ကာ မခန့်မှန်းနိုင်ဘဲ မကြုံဖူးသော ကိစ္စအသစ်အဆန်းကဲ့သို့ပင် ယောင်တဝါးဝါးဖြစ်နေလေသည်. ။ ကံတရားကိုပင် လုံးလုံးပုံအပ်ထားရမည့် ကိစ္စဖြစ်လေတော့သည်။

"အလုပ်တော့ ဖြစ်မှာပါနော်...ဘာပဲဖြစ်ဖြစ် ကြိုးတော့ ကြိုးစားကြည့်ရမှာပဲလေ"

ကံကိုယုံမှတ်ပုံအပ်ကာ ပြုလုပ်ရမည့်ကိစ္စမို့ ချွန်းမြောင် အတော်ပင် ရင်ခုန်နေလေသည်။

သူ ကုလိုက်လို့တော့ ဒီအဖိုးကြီး မသေသွားလောက်ပါဘူးနော်....

"တကယ်လို့ ကုသရင်းနဲ့ အမှားအယွင်းတွေဖြစ်သွားခဲ့ရင်လည်း ကျွန်တော့်ကို အပြစ်မတင်ပါနဲ့နော်...

ဒါက အကြီးအကဲဟွမ်လည်း ပြန်ကောင်းပြီး အားလုံးလည်း ပြန်ကောင်းဖို့ ကျွန်တော်လုပ်ရတာပါ"

ချွန်းမြောင်သည် အသက်ကို တဝကြီး ရှုလိုက်ပြီး သူ၏လက်များကို အကြီးအကဲဟွမ်၏ ဒန်တျန်များပေါ်သို့ တင်ထားလိုက်လေသည် ။ ထို့နောက်တွင်မူ သူ၏ချီစွမ်းအင်များကို အကြီးအကဲဟွမ်၏ ကိုယ်တွင်းသို့ ပို့လွှတ်လိုက်လေသည်။

ချီစွမ်းအင်များက ချွန်းမြောင်ထံမှ အကြီးအကဲဟွမ်ဆီသို့ ဖြည်းညင်းစွာ စီးဆင်းသွားကြပြီး စမ်းရေစီးသကဲ့သို့ တသွင်သွင်စီးလာကြလေသည်။ ရံဖန်ရံခါတွင်မူ ချီစွမ်းအင်များက ရေစီးကြမ်းသော မြစ်တစ်စင်းကဲ့သို့ လျင်မြန်ကြမ်းတမ်းစွာ စီးဆင်းလာပြီး တခါတရံတွင်မူ ငြိမ်သက်လှပနေသော ပင်လယ်ပြင်ကဲ့သို့ တသိမ့်သိမ့်လေးသာ စီးဆင်းနေလေ၏။ သေချာသည့်အရာတစ်ခုကမူ ချွန်းမြောင်၏ ချီစွမ်းအင်များသည် ယခင်ကထက် ပို၍ပင် ကြည်လင်ပြတ်သားနေလေ၏။

ချီစွမ်းအင်များသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေခြင်းပင် ဖြစ်၏။ အနာအဆာကင်းကာ ကြည်လင်တောက်ပသော သလင်းကျောက်တစ်လုံးကဲ့သို့ ကြည်လင်နေပြီး တောင်ကျစမ်းရေသဖွယ် တသိမ့်သိမ့် စီးဆင်းနေလေသည်။ ထိုသန့်စင်ကြည်လင်သော ချီစွမ်းအင်များသည် အကြီးအကဲဟွမ်၏ ကိုယ်တွင်းသို့ တသိမ့်သိမ့်တိုးဝင်စီးဆင်းနေပြီး အကြီးအကဲဟွမ်၏ ကိုယ်တွင်းတွင် ရှိနေသော နတ်ဆိုးချီများကို တိုက်ဖျက်နေလေသည်။

ထိုစဉ်မှာပင် အကြီးအကဲဟွမ်၏ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လာလေသည်။ အကြီးအကဲဟွမ်၏ကိုယ်တွင်းတွင် ရှိနေသော နတ်ဆိုးချီများကို ချွန်းမြောင်ထံမှ စီးဝင်သွားသော သန့်စင်သည့် ချီများက ပြန်လည်တိုက်ခိုက်သည်မို့ နတ်ဆိုးချီလွှမ်းမိုးခြင်းခံထားရသည့် အနက်ရောင်အသားအရည်များက ပြန်လည်သန့်စင်လာလေ၏။

ဤအခြင်းအရာကို မြင်ရသော ချွန်းမြောင်ကမူ အံ့အားသင့်နေလေသည်။

စိတ်ဝင်စားစရာ ကောင်းလိုက်တာဟ...

သူသည် အတိတ်ဘဝက နတ်ဆိုးချီများကို မကြာခဏကိုင်တွယ်ကုသပေးခဲ့ဖူးသော်လည်း ထို့သို့ တုံ့ပြန်ဖြစ်စဉ်ကို မြင်ဖူးခြင်းကမူ ဤသည်ကသာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

ဒီနတ်ဆိုးချီတွေက ဆက်ပြီးတော့ ဘယ်လိုတုန့်ပြန်မှာလဲဟ...

နတ်ဆိုးချီဟု ခေါ်ခြင်းသည် ခန္ဓာကိုယ်တွင်းရှိ ချီဓါတ်များကို ကသောင်းကနင်းဖြစ်စေကာ ချီစီးဆင်းမှုကို နှောင့်ယှက်ဖျက်စီးစေသောကြောင့် ဖြစ်လေသည်။ နတ်ဆိုးချီများ ဝင်ရောက်ခြင်းခံရသော ခန္ဓာကိုယ်သည် ချီစီးဆင်းမှုများ ဖောက်ပြန်လာပြီး ဒန်တျန်များပါ ပရမ်းပတာဖြစ်လာကာ အခြားကောင်းမွန်သန့်စင်သော ချီစွမ်းအင်များကို ကိုယ်ခန္ဓာပြင်ပသို့ တွန်းပို့လိုက်ပြီး နတ်ဆိုးချီများကသာ နေရာယူပြီး ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းများကို ဖျက်စီးဝါးမြိုလိုက်ခြင်း ဖြစ်လေသည်။

ယခုတွင်မူ အကြီးအကဲဟွမ်၏ ကိုယ်တွင်းရှိ နတ်ဆိုးချီများသည် ချွန်းမြောင်၏ သန့်စင်သောချီများကြောင့် မီးနှင့်တွေ့သော ပိုးမွှားများပမာ ဝေးဝေးသို့ ပြေးသွားလေကြလေသည်။

ဒါပြီးရင်ရော ......

ဒါက တကယ်ကြီး အလုပ်ဖြစ်တာလား...

အား.... တကယ်ကြီး အလုပ်ဖြစ်တာဟ....

ငါ တသက်လုံး ပြဿနာတွေ ရှာလာသမျှ ဒီတခါတော့ အလုပ်ဖြစ်ပြီ....

ဤသို့ ကောင်းမွန်သော တုံ့ပြန်မှုရခြင်းက ချွန်းမြောင်၏ ချီများက အထူးသန့်စင်နေသောကြောင့်ဖြစ်ပြီး ထိုသို့ သန့်စင်နေခြင်းကလည်း ဇီးပန်းပွင့်ဆေးလုံးများကို စားသုံးကာ တစ်နှစ်ကျော်နှစ်နှစ်မျှ ကြိုးစားအားထုတ်ကာ ချီများကို သန့်စင်ထားသောကြောင့် ဖြစ်နိုင်လေသည်။ မည်သို့ပင် ဖြစ်စေကာမူ လတ်တလောအနေနှင့် သူ၏ချီလွဲပြောင်းပေးမှုသည် အကြီးအကဲဟွမ်အပေါ်တွင် တုံ့ပြန်မှုကောင်းသည်ဟု ဆိုရပေမည်။

အကြီးအကဲဟွမ် ကိုယ်တွင်းတွင် ရှိနေသော နတ်ဆိုးချီများကိုပါ သူစုစည်းလာနိုင်လေပြီ ဖြစ်သည်။

ဤအခြေအနေသည်ကတော့ ချွန်းမြောင် တကယ်ပင် မမျှော်လင့်ထားသော အခြေအနေဖြစ်လေသည်။

သူ၏ သမရိုးကျ ချီသန့်စင် စုဆောင်းခဲ့ခြင်းက ယခုအချိန်တွင် များစွာအကျိုးရှိနေလေသည်။

သန့်စင်သော ချီသည် အင်အားကောင်းမွန်သော သဘောရှိလေပြီး နတ်ဆိုးချီဆိုသည်က မသန့်စင်မှုများ စုပေါင်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ သန့်စင်သောချီများလျှင် မသန့်စင်သော နတ်ဆိုးချီများကို တိုက်ထုတ်နိုင်မည် ဖြစ်ပြီး သန့်စင်သောချီ အားနည်းလျှင် နတ်ဆိုးချီများ၏ တုန့်ပြန်ဝါးမျိုခြင်းကို ခံရမည်ဖြစ်လေသည်။

ချွန်းမြောင်ကမူ သူ၏ကုသမှုအဆင်ပြေပြီဟု ခံစားရ၍ အကြီးအကဲဟွမ်၏ ကိုယ်တွင်းရှိ နတ်ဆိုးချီများကို စွန့်ထုတ်ရန် တစ်နေရာတွင် စုစည်းထားလိုက်ကာ ဒန်တျန်နှင့် သွေးကြောများကို လိုက်လံကာ သန့်စင်ပေးနေလေသည်။ ထိုစဉ်မှာပင် မထင်မှတ်ထားသောအရာက ဖြစ်လာလေ၏။

အကြီးအကဲဟွမ်၏ ကိုယ်သည် တဆတ်ဆတ်တုန်ယင်လာပြီး ကိုယ်ခန္ဓာအရောင်ကလည်း ပုံမှန်တစ်စတစ်စ ဖြစ်နေရာမှ ချက်ချင်းဆိုသလိုပင် နီတလှည့် ဖြူတလှည့် ဖြစ်လာလေသည်။ စုစည်းထားသော နတ်ဆိုးချီများကလည်း တုန့်ပြန်ခုခံကာ သန့်စင်သောချီများကို ပြန်လည်ဝါးမြိုလာသည်ကို ချွန်းမြောင်တွေ့လိုက်ရပေသည်။

အကြီးအကဲဟွမ်၏ ကိုယ်တွင်းတွင် ချီတိုက်ပွဲဖြစ်ပွားနေပြီး အကြီးအကဲဟွမ်၏ ကိုယ်ကမူ နတ်ဝင်သည်ကဲ့သို့ပင် တုန်ခါခိုက်နေပြီ ဖြစ်လေသည်။ ပါးစပ်မှလည်း သွေးများပင် အန်ကြလာလေတော့၏။

အကြီးအကဲဟွမ်၏ ပါးစပ်မှ အနီရင့်ရောင်သွေးများကျလာသောအခါ ချွန်းမြောင်က အံကြိတ်လိုက်လေသည်။

ဤသည်က ချွန်းမြောင် ကူညီနိုင်သော အခြေအနေမဟုတ်...။ အကြီးအကဲဟွမ်ကိုယ်တိုင်ပင် ရှင်သန်ရှင်စိတ်နှင့် သန့်စင်သောချီပေါင်းစပ်ကာ နတ်ဆိုးချီကို တိုက်ထုတ်ရမည့် အခြေအနေဖြစ်လေသည်။ ချွန်းမြောင် အနေနှင့် တတ်နိုင်သည်က ဤတွန်းလှန်မှုကို အတတ်နိုင်ဆုံး မြန်မြန်ရပ်တန့်သွားအောင်သာ ကူညီရန်ဖြစ်လေသည်။

ယခုအခြေအနေတွင် မည်သို့သော တိမ်းစောင်းမှုမျိုးကမဆို အကြီးအကဲဟွမ်ကို အသက်ထွက်သွားစေနိုင်ပြီး

အနည်းငယ်မျှပင် လုပ်ဆောင်မှု လွဲမှား၍ မရသောအခြေအနေဖြစ်လေသည်။ ကောင်းကင်ဘုံက ကူညီမှသာလျှင် သေကံမရောက်တော့မည့် အခြေအနေမျိုးဟုပင် ပြော၍ရလေသည်။

ချွန်းမြောင်သည်လည်း စိတ်ကို ပြင်ဆင်ကာ သူ၏ချီစွမ်းအင်များကို တဖန်ပြန်ကာ ပို့လွတ်လိုက်ပြန်လေသည်။

ချီစွမ်းအင်များကို အဆက်မပြတ်ပင် ပို့လွတ်နေရပြီး ချွေးသီးချွေးပေါက်များကလည်း မိုးစက်မိုးပေါက်များသဖွယ်ပင် ကျလာလေတော့သည်။ အကြီးအကဲဟွမ်၏ ကိုယ်တွင်းတွင်မူ ချီများက အပြန်အလှန်တိုက်ခိုက်နေကြပြီ ဖြစ်ပြီး ချွန်းမြောင်သည်လည်း သူ၏ချီစွမ်းအင် ပို့လွှတ်မှုကို မရပ်တန့်ရဲပေ။

ထိုအချိန်မှာပင် အကြီးအကဲဟွမ်၏ ကျဉ်းမြောင်းကာ အထိမခံဖြစ်နေသော ဒန်တျန်များက စတင်ကာ ကြီးမားကျယ်ပြန့်လာလေတော့သည်။ နတ်ဆိုးချီများကလည်း အပြင်းအထန်ပင် ခုခံနေကြပြီး ချီစီးဆင်မှု ကင်းလွတ်ရာနေရာများသို့ တစ်စတစ်စ ပြန့်နှံကုန်ကြလေသည်။

မဟုတ်ဘူးလေ...မဟုတ်ဘူး...

ခေါင်းတော့ မသွားကြနဲ့လေကွာ....

နတ်ဆိုးချီများသည် ပြိုကွဲသွားလေပြီး သန့်စင်သောချီများ ကင်းလွတ်ရာသို့ ပြေးမိပြေးရာ ပြေးကြတာ ဒန်တျန်နှင့်ဆန့်ကျင်ဘက်နေရာဖြစ်သော ဦးခေါင်းဆီသို့ ထိုးတက်သွားကြလေသည်။ အကြီးအကဲဟွမ်၏ ဦးခေါင်းတစ်ခုလုံးသည်လည်း နက်မှောင်မဲနက်လာကာ စတင်ဖောင်းကားလာလေတော့သည်။

ဤသည်က ပေါက်ကွဲထွက်တော့မည့် အလားပင်။

All Chapters