← Chapters

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အခန်း (၅၈-၆၀)

Vol. 4 Ch. 58-60

အပိုင်း (၅၈)

မင်းက တကယ်ကျင့်ကြံသူအစစ်ရော ဟုတ်ရဲ့လား(၄)

အကြီးအကဲဟွမ်၏ ခေါင်းပိုင်းတွင် နတ်ဆိုးချီများက စုစည်းသွားလေပြီး သန့်စင်သောချီများကို ပြန်လည်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေပြီဖြစ်သည်။

ချွန်းမြောင်က ဤသည်ကို အမြန်ဆုံးပင် ရှင်းလင်းပြီး သန့်စင်ရန်လည်း လိုအပ်လေသည်။ သို့သော် နတ်ဆိုးချီများကမူ အမှားစောင့်ကာ အခွင့်ကောင်းကို ဖမ်းဆုပ်ရန် စောင့်ဆိုင်းနေသော ငြိမ်သက်ခြင်းမျိုးနှင့် ဦးခေါင်းအထက်ပိုင်းတွင် စုစည်းနေကြလေသည်။ သားကောင်၏အလစ်ကို ချောင်းမြောင်းစောင့်ဆိုင်းနေသော မုဆိုးသဖွယ်ပင်။ ချွန်းမြောင် တချက်မှားလိုက်သည်နှင့် အကြီးအကဲက သေရွာနန်းစံရလေတော့မည်။ ချွန်းမြောင် ခေါင်းစားနေရလေပြီဖြစ်သည်။

ငါ ဘာဆက်လုပ်လို့ ရမှာလဲ....

တကယ်လို့များ အဲ့တာကိုလုပ်လိုက်ရင် ပိုဆိုးသွားမှာလား။

အကြီးအကဲဟွမ်၏ ကိုယ်ခန္ဓာပိုင်းသည် လုံးလုံးလျားလျားသန့်စင်ပြီးသား ဖြစ်သွားသော်လည်း အချက်အချာကျသော ဦးခေါင်းတွင်မူ နတ်ဆိုးချီများက စုစည်းနေသည်မို့ အခြေအနေက ကောင်းမွန်သွားပြီဟူ၍တော့ ပြောမရချေ။ ဦးခေါင်းရှိ နတ်ဆိုးချီများက ပြန်၍ပြန့်လာနိုင်သည်မို့ ကိုယ်ခန္ဓာများသို့ အလျင်အမြန်ပင် ပြန်၍ ကူးစက်သွားနိုင်လေသည်။ အကယ်၍ သူ၏ ချီစွမ်းအင်ကို ထပ်တိုးကာ ကြိုးစားကြည့်လျှင်လည်း ဤလူအိုကြီး၏ ခန္ဓာကိုယ်က ဒဏ်မခံနိုင်၍ သေသွားမည်ကို စိုးရိမ်နေရလေသည်။ ဆက်ကာ ချွန်းမြောင်၏ ချီစွမ်းအင်များကို မပို့လွှတ်ပြန်လျင်လည်း ဦးခေါင်းမှ နတ်ဆိုးချီများ ပြန်၍ပြန့်လာကာ ဤလူအိုကြီးက အသက်ထွက်ပြန်လေဦးမည်။ မကုလည်း သေ၊ ကုလည်း သေမည့် ဆုပ်လည်းစူး ၊ စားလည်းရူးနိုင်သော အခြေအနေမျိုးပင်။ သူ မည်သို့ဆက်လုပ်ရမည်မှန်းပင် မသိတော့ချေ။

အဆုံးသတ်တွင်မူ ချွန်းမြောင် အကောင်းဆုံးဟု ထင်ရသော နည်းလမ်းကို ရှာတွေ့သွားလေသည်။

နတ်ဆိုးချီနှင့် သန့်စင်သောချီတို့၏ အလားသဏ္ဍာန်သည် နှိုင်းယှဉ်ပြရလျှင်ဖြင့် ကြွက်နှင့်ကြောင်သဖွယ်ပင်။

ကြွက်သည် ကြောင်နှင့်ဝေးရာသို့သာ ရှောင်ကာရှားကာ သွားလာပုန်းကွယ်နေသကဲသို့ပင် နတ်ဆိုးချီသည်လည်း သန့်စင်သောချီများနှင့် ဝေးရာကိုသာ ရှောင်ကာရှားကာ သွားလာပုန်းကွယ်နေတတ်လေသည်။ ယခုသည်လည်း အကြီးအကဲဟွမ်၏ ဦးခေါင်းပိုင်းတွင်သာ ချီစွမ်းအင်မရှိသည်မို့ နတ်ဆိုးချီများက ထိုနေရာတွင် စုစည်းနေကြပြီး ဦးခေါင်းပိုင်းသို့ ချီများပို့ပါက နတ်ဆိုးချီနှင့် သန့်စင်သောချီတို့ ရုန်းရင်းဆန်ခတ် ဖြစ်ကာ အကြီးအကဲဟွမ် အသက်ဆုံးသွားမည်က အသေအချာပင် ဖြစ်လေသည်။

အကောင်းဆုံးနည်းကမူ နတ်ဆိုးချီများ၏ သဘောသဘာဝကို နားလည်စွာနှင့် နေရာလွဲပြောင်းပေးလိုက်ခြင်းပင် ဖြစ်လေသည်။ ထို့အပြင် နတ်ဆိုးချီများသည် စွမ်းအင်တချိ့ တည်ရှိနေသောနေရာသို့ အခြားနတ်ဆိုးချီများပါ လိုက်ပါစုစည်းတတ်သည့် သဘောရှိသည်မို့ ချွန်းမြောင် ဆုံးဖြတ်ချက်လိုက်လေသည်။

သူ၏ နတ်ဆိုးချီထိထားသော လက်တွင်းသို့ အကြီးအကဲဟွမ်၏ ဦးခေါင်းမှ နတ်ဆိုးချီများကို စုပ်ယူလွဲပြောင်းရန်ဖြစ်လေသည်။

ကဲ...လာလေရော့...မင်းတို့ ကူးပြောင်းလာဖို့ နေရာလွတ်တစ်ခု ငါစီစဉ်ပေးလိုက်မယ်....

ချွန်းမြောင်သည် သူ၏ချီစွမ်းအင်များကို ကိုယ်အတွင်းပိုင်းနေရာတွင်စုစည်းကာ သိမ်းဆည်းလိုက်လေပြီး အကြီးအကဲဟွမ်၏ ဦးခေါင်းကို ထိကိုင်ကာ နတ်ဆိုးချီများကို လွဲပြောင်း ဝင်လာခွင့် ပြုလိုက်လေသည်။

နတ်ဆိုးချီများက ချွန်းမြောင်၏ ကိုယ်ထဲသို့ အလုအယက်ဝင်လာကြပြီး အကြီးအကဲဟွမ်၏ ကိုယ်ခန္ဓာနှင့်ခေါင်းထဲတွင် ရှိသောနတ်ဆိုးချီများက သန့််စင်သွားလေတော့သည်။

"အင်း........."

ညည်းတွားသံတိုးတိုးက ထွက်လာလေသည်။

အိပ်ယာထဲတွင် လအတော်ကြာ ငြိမ်ငြိမ်သက်သက်လဲလျောင်းနေသော လူအိုကြီးက စတင်လူးလွန့်လာလေ၏။ လအတော်ကြာအိပ်စက်နေကာ အလင်းရောင်နှင့် မျက်ကြည်လွှာ မတွေ့ခဲ့ရသည်မို့ မျက်လုံးများပင် ကျိန်းစပ်နေလေ၏။ အကြီးအကဲဟွမ်သည် လချီမေ့မြောနေရာမှ သတိပြန်ရလာလေပြီဖြစ်သည်။

ချွန်းမြောင်ကမူ နတ်ဆိုးချီများတွင်ရောက်လာသည်မို့ သူ၏ ချီများကို ပြန်လည့်ဖြန့်ကျက်ကာ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်လိုက်လေသည်။ ကိုယ်တွင်းတွင် ရှိနေသော နတ်ဆိုးချီများကမူ ရုတ်တရက်ကြီး ဖြန့်ကျက်ရောက်ရှိလာသော ချီစွမ်းအင်များကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ချွန်းမြောင်၏ ကိုယ်တွင်းတွင် ချီတိုက်ပွဲ စတင်နေလေတော့သည်။ အရိုးများမှ တဖျစ်ဖျစ်မြည်သံများကိုပင် ကြားနေရပြီး ကိုယ်တွင်းချီတိုက်ပွဲက အလွန်ပင်ပြင်းထန်နေလေသည်ကို ဖော်ပြနေလေသည်.။ ချွန်းမြောင်ကမူ နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ ကြိတ်ခံနေပြီး နာကြင်မှုများကြောင့် မျက်လုံးများပင် ရဲရဲနီနေလေတော့သည်။

ဇီးပန်းပွင့်သူရဲကောင်း ချွန်းမြောင် ဟူသော အမည်နာမသည် အကြောင်းမဲ့ ရထားခြင်း မဟုတ်ပေ။ အန္တာရာယ်ကို ရင်ဆိုင်ကာ အနိုင်တိုက်ဝံ့သော ၊ အနိုင်ယူနိုင်စွမ်းရှိသော စွမ်းရည်တို့ကြောင့်သာ ရထားခြင်း ဖြစ်လေသည်။ ယခုတွင်လည်း ချွန်းမြောင်၏ ကိုယ်တွင်းတွင် ဖြစ်ပေါ်နေသော ချီတိုက်ပွဲကို တင်းကာ ကြိတ်ခံနေလေပြီး ချီစွမ်းအင်များကို မြှင့်တင်နေလေသည်။ သူ၏ ကိုယ်တွင်းကမူ အသံမျိုးစုံတို့က ထွက်ပေါ်နေပြီး အရိုးများအားလုံးပင် ကျိုးလေပြီဟု ထင်ရလေသည်။ သွေးကြောများ အဖန်တလဲလဲ ကျဉ်းလိုက်၊ ကျယ်လိုက် ဖြစ်ပေါ်ပြီးနောက်တွင်မူ နတ်ဆိုးချီများက ကုန်စင်ပပျောက်ကာ သူ၏ ကိုယ်ခန္ဓာသည်လည်း မူလအခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်လေသည်။ အကြီးအကဲဟွမ်တွင်ရော ချွန်းမြောင်ထံတွင်ပါ နတ်ဆိုးချီများ ကုန်ဆုံးသွားပြီ ဖြစ်လေသည်။ နတ်ဆိုးချီများ လုံးဝသန့်စင်သွားလေပြီ ဖြစ်သည်။

"အမလေး....ငါတော့ သေတောင် သေပြီထင်တာ"

အခန့်မသင့်လည်း အကြီးအကဲဟွမ်ရော သူပါ ကိစ္စတုံးသွားနိုင်လေသည်မို့ အလားတူကိစ္စမျိုး အနာဂတ်တွင် ထပ်မလုပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။

"ငါရဲ့ ဒန်တျန်တွေတော့ နည်းနည်းတောင် ပိုကျယ်သွားသလိုပဲ....

အရင်ကလို ကြွက်မြီးလောက်လေးတော့ မဟုတ်တော့ဘူးဟ"

ချွန်းမြောင်သည် သူ၏ကိုယ်ခန္ဓာနှင့် ဒန်တျန်များ၏ အခြေအနေကို ပြန်လည်ဆန်းစစ်လိုက်ပြီး ယခင်ကထက်ပင် ပိုမိုကောင်းမွန်လာသော ဒန်တျန်နှင့် ချီစွမ်းအင်များကြောင့် စိတ်ကျေနပ်သွားလေသည်။ ချွန်းမြောင် သူ့ကိုယ်သူ စိတ်ချသွားပြီမို့ အကြီးအကဲဟွမ်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ အကြီးအကဲဟွမ်၏ မျက်နှာသည် အလွန်ပင်ဖြူရော်နေပြီး နတ်ဆိုးချီ၏ အရိပ်အယောင်ပင် မမြင်ရတော့ချေ။ အားနည်းနေသည်မှအပ လုံးလုံးသန့်စင် ကောင်းမွန်သွားလေပြီ ဖြစ်သည်။

"အင်း......."

အကြီးအကဲဟွမ်က မှိန်နေရာမှ မျက်လုံးဖွင့်ကြည့်လာလေပြီး ချွန်းမြောင်အား မမှိတ်မသုန်ကြည့်ကာ မေးလာလေ၏။

"မင်း.......က ...ဘယ်သူ.....လဲ"

ချွန်းမြောင်က ရွှန်းရွှန်းပပကြီးပင် ပြုံးပြကာ ပြန်ဖြေလိုက်လေ၏။

"ကျွန်တော်လား.....တောက်ကျင့်ကြံတဲ့ ကိုယ်တော်တစ်ပါးပါ"

"............."

ချွန်းမြောင်၏ အဖြေကြောင့် အားနည်းနေရှာသော အကြီးအကဲဟွမ်က တုန်လှုပ်သွားလေသည်။

"ကျွန်တော်....သေသွားပြီး ......ငရဲပြည်ကို ရောက်လာတော့တာပေါ့"

"........."

ဒါက ဘာစကားတုန်း....

ချွန်းမြောင်၏ တောက်ပသောအပြုံးလေးနှင့် နွေးထွေးသောအဖြေစကားကို ဤသို့စော်ကားလိုက်လေသည်လား.

အကြီးအကဲဟွမ် ပြန်လည်၍ သတိလည်လာသောအခါတွင်မူ အန်ဟာအဖွဲ့အစည်းက အဖွဲ့အစည်းတွင်း ပြန်လည်

သန့်စင်မှုများကို ပြုလုပ်ခဲ့လေသည်။ အကြီးအကဲဟွမ်အား လုပ်ကြံခဲ့သော ဘွန်ဂျာဘုတ်ကမူ အကြီးအကဲဟွမ် သေဆုံးသွားပြီးလျင် ဟွမ်ဂျွန်ကီကိုပါ ဆက်လက်လုပ်ကြံကာ ကူးစက်ရောဂါဟု အမည်တပ်ပြီး သူပါ တစ်နှစ်ခန့် ဝေဒနာခံစားခဲ့ရဟန်ပြုပြီးမှ သူက အန်ဟာ ကုန်သည်အဖွဲ့အစည်းကို သိမ်းပိုက်မည့် အကြောင်းနှင့် မည်သို့သော ကလဲ့စားကြောင့် အကြီးအကဲဟွမ်ကိုပါ လုပ်ကြံရသည်ဆိုသည့် အကြောင်းကိုပါ ဝန်ခံခဲ့လေသည်။ ဘွန်ဂျာဘုတ်သည် အကြီးအကဲဟွမ်၏ ပြိုင်ဘက်ကုန်သည်တစ်ယောက်၏ သားဖြစ်လေပြီး ဖခင်ဖြစ်သူက စီးပွားပျက်ကာ သေဆုံးသွားရသည့် အကြောင်းရင်းက အကြီးအကဲဟွမ်ကြောင့်ဟု ယူဆကာ လက်စားချေကြောင်း ဝန်ခံခဲ့လေသည်။ ဤသို့ထိုသို့ အကြောင်းရင်းများကို ကြားရသောအခါတွင်မူ ချွန်းမြောင်သည် အနည်းငယ်စိတ်ရှုပ်သွားလေသည်။ သို့သော် လူလောက၏ အရှပ်အထွေးများကိုမူ သူစိတ်မဝင်စားပေ။

"အင်း....ဘယ်လိုပဲ ဆုံးရှုံးနစ်နာခဲ့ရတာတွေ ကြုံခဲ့ ကြုံခဲ့ မကောင်းမှု လုပ်ထားပြီဆိုရင်‌တော့ အပြစ်ပေးခံရမှာပဲလေ........လောကကြီးမှာ ဘာမှမဆုံးရှုံး မနစ်နာဘူးတဲ့လူဆိုတာကမှ မရှိတာ"

နတ်ဆိုးချီကို အစပြု၍ အကြီးအကဲဟွမ်အား ကုသပေးခဲ့သော်လည်း ယခုအဖြစ်ပျက်သည်က သူထင်ထားသကဲ့သို့ နတ်ဆိုးဂိုဏ်းသားများနှင့် ဆက်စပ်မနေပေ။ လူလောက၏ တသီးပုဂ္ဂလ မကျေနပ်မှုများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များသာ ဖြစ်လေသည်။ ဤသည်က ချွန်းမြောင်ကိစ္စ မဟုတ်တော့ပေ။ အန်ဟာကုန်သည်အစည်းအရုံး၏ ကိစ္စသာ ဖြစ်သည်မို့ သူတို့ကိုယ်တိုင်သာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လေတော့သည်။

ကိစ္စများ အားလုံးရှင်းလင်းသွားချိန်တွင် ချွန်းမြောင်သည် အန်ဟာကုန်သည်အဖွဲ့အစည်း၏ အရေးအကြီးဆုံး ဧည့်သည် ဖြစ်လာလေတော့သည်။ အလွန့်အလွန် အရေးကြီးဧည့်သည်အဖြစ် ဆက်ဆံကာ အရေးအပြည့်ပေးကာ အထူးအခွင့်အရေးများကိုလည်း ရရှိထားလေသည်။

"အင်း..."

အကြီးအကဲ ဟွမ်က ပေါ့ပေါ့ပါးပါးပင် ထိုင်ချလိုက်လေသည်။

"အဖေ...အရမ်းကြီး အရဲမကိုးပါနဲ့...အဖေ့ခန္ဓာကိုယ်က ခုမှနလန်ထစပါ.....ဂရုစိုက်ပေးဖို့ လိုပါသေးတယ်"

"ငါ အဆင်ပြေပါတယ်...အိပ်ယာထဲမှာ လုံလောက်တာထက်ကို ပိုအောင်နားပြီးနေပြီကို ....ငါ ကျန်းမာရေးမကောင်းခင်ကထက်တောင် ပိုပြီး အင်အားပြည့်ဝနေပါသေးတယ်"

"ဒါပေမယ့်လည်း"

"တော်ပါပြီ...ငါ့ကို မစိုးရိမ်ပါနဲ့တော့"

ဟွမ်ဂျွန်ကီ သူ၏ဖခင်ကို အထွန့်တက်ချင်သေးသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။ သို့သော် ဆက်၍တော့ မပြောဖြစ်ပေ။ သူ၏ဖခင်အနေနှင့် နှစ်ရှည်လများ အိပ်ယာထဲတွင် နေခဲ့ရသည်မို့ ဆက်၍မနေချင်သည်ကလည်း ဖြစ်တော့ ဖြစ်သင့်သည့် ကိစ္စပင်။

"ဒါနဲ့......"

အကြီးအကဲဟွမ်က ချွန်းမြောင်ကိုလှမ်းကာ ကြည့်လိုက်လေသည်။

"ဂိုဏ်းသားလေး ချွန်းမြောင် ဟုတ်တယ်မိုလား"

"ဟုတ်တယ်လေ...ကျွန်တော်တို့ ရက်အစောပိုင်းလောက်က တွေ့ဖူးကြတယ်လေ"

"အင်း...ဟုတ်ပါရဲ့....တော်တော်လေး ပြောင်းသွားလို့ ရုတ်တရက် မမှတ်မိဘူးဖြစ်နေတာ"

"အာ....ဟီးဟီး...ဒီရက်ပိုင်း ကျွန်တော်စားတာ များနေလို့ပါ..."

ချွန်းမြောင်က ဝက်အူချောင်းကြော်ကို ကိုက်ရင်း ပြောင်းလဲသွားသောအကြောင်းရင်းကို ပြောလိုက်လေ၏။

ဘေးနားတွင် အကြီးအကဲဟွမ်အား စောင့်ကြပ်ပေးနေကြသောလူများ၏ ရင်ထဲတွင်မူ ချွန်းမြောင်၏ စကားကြောင့် ပြောဆိုကြွေးကြော်သံများက ညံသွားကြလေသည်။

သုံးရက်အတွင်း ဖြစ်လာတဲ့သူပုံစံကိုလည်း ကြည့်လိုက်ပါဦး....

ဘယ်လောက်နဲ့ဘယ်လောက်စားထားတယ်မသိဘူး ...ဒီသုံးရက်နဲ့ သူ့အင်္ကျီတွေတောင် ကြပ်နေပြီ...

သူ့ပါးက လှုပ်နေတဲ့ အဆီတုံးတွေတောင် ငါတော့မြင်နေရသလိုပဲ...ဒါတောင် ကျင့်ကြံသူတဲ့..

သုံးရက်အတွင်း ဝဖီးကာ လူမှားလောက်ဖွယ်ဖြစ်နေသော ချွန်းမြောင်ကို ကြည့်ကာ လူတိုင်းက သက်ပြင်းခိုးကာ ချကြလေသည်။ အကြီးအကဲဟွမ်သည်သာလျှင် သက်တမ်းရင်ကုန်သည်ကြီးပီပီ ဟန်အမူအရာကို ထိန်းထားနိုင်လေသည်။

"အရင်ဆုံးအနေနဲ့ ကျွန်တော် နှုတ်ဆက်ပါရစေ"

အကြီးအကဲဟွမ်က ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ချွန်းမြောင်ကို အရိုအသေပေးလိုက်လေသည်။ ဟွမ်ဂျွန်ကီက သူ၏အဖေအား ဆွဲထူပေးရန်ပြင်လိုက်သော်လည်း ကျေးဇူးရှင်အား အရိုအသေပေးချင်နေသည့်ဆန္ဒကို မြင်သောအခါတွင်မူ စကားမဆိုမိဘဲ နံဘေးမှ အလိုက်သင့်ပင်နေကာ စောင့်ပေးနေလေသည်။

အကြီးအကဲဟွမ်က ခေါင်းမော့လာကာ ချွန်းမြောင်အား နောက်တကြိမ် အရိုအသေထပ်ပေးလိုက်ပြီး နှုတ်မှလည်း ဆက်ပြောလာလေ၏။

"ဂိုဏ်းသားလေးကို ကျေးဇူးအထူးတင်ရှိပါတယ်...ကျွန်တော့်မှာ မင်းပေးတဲ့ အသက်နဲ့ဘဝပဲ ရှိပါတော့တယ်"

"အာ...မဟုတ်တာ...ထပါ..ထပါ...အဲ့လို မလုပ်ပါနဲ့"

ချွန်းမြောင်၏ စကားကြောင့် အကြီးအကဲဟွမ်က ဖြေးညင်းစွာ ထလာကာ ပြုံးပြပြီး ပြောလာလေသည်။

"မင်းရဲ့ အကြောင်းတွေကို ကျွန်တော် တခြားသူတွေဆီက ကြားထားပြီးပါပြီ...မင်းသာ မကယ်ခဲ့ရင် ကျွန်တော်က သေရတော့မှာပါ... ...တိရစ္ဆာန်တွေတောင် ကျေးဇူးတရားဆိုတာကို သိတတ်ကြပါတယ်...

ကျွန်တော်ကတော့ လူသားတစ်ယောက်ဖြစ်တာမို့လို့ ကျေးဇူးတရားကို မသိတတ်ရင် တိရစ္ဆာန်ထက်တောင် နိမ့်ကျသွားပါလိမ့်မယ်....

ဒီလူကြီးက တကယ့်ကို ကျေးဇူးတရားသိတတ်ဆိုတာက အမှန်ကြီးပါလားဟ...

တကယ်ကြီးကိုပဲ သိတတ်တာပဲ...

ချွန်းမြောင်ကမူ အကြီးအကဲဟွမ်အား အကဲခတ်နေလိုက်ပြီး အကြီးအကဲဟွမ်က ဆက်ကာပြောလေ၏။

"အသက်ကယ်လို့ အဖိုးအခပေးတယ်လို့ သဘောမထားဘဲ အလိုရှိတာရှိရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ...တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါရစေ"

"အာ...ကျွန်တော် လိုချင်တာလား"

"ဟုတ်ပါတယ်"

"ဟားးး...ဘယ်ဖြစ်ပါ့မလဲ...တောက်ကျင့်ကြံသူတစ်ယောက်က အကျိုးအမြတ်ကို မျှော်ကိုးပြီး သူတစ်ပါးကို ကယ်တင်တယ်ဆိုတာက တခြားသူတွေကြားရင် လှောင်ရယ်စရာ ဖြစ်နေပါလိမ့်မယ်"

"အဲ့လို မဖြစ်စေရပါဘူး...ကျွန်တော် အာမခံပါတယ်...အားလုံးကိုလည်း နှုတ်ပိတ်နေဖို့ ကျွန်တော် သတိပေးထားလိုက်ပါ့မယ်....အဖိုးအခလို့ သဘောမထားဘဲ ကျွန်တော့်ရဲ့ သိတတ်မှုလို့ မြင်ပေးပြီး လက်ခံပေးပါ...

မဟုတ်ရင်တော့ ကျွန်တော်ဘယ်လိုမှ စိတ်ကောင်းမှာ မဟုတ်လို့ပါ"

"ကျွန်တော်လည်း အကြီးအကဲဟွမ်ရဲ့ စိတ်ကို နားလည်ပါတယ်...ဒါပေမယ့် ကျွန်တော် အဲ့လိုတွေ လက်ခံလို့ မဖြစ်ပါဘူး..ဘာလို့လဲဆို‌တော့ ကျွန်တော်က ဒီကို အကြီးအကဲနဲ့ ဂိုဏ်းရဲ့ ခွင့်ပြုချက်မရှိဘဲ ရောက်လာခဲ့တာပါ"

"ခွင့်ပြုချက်မပါဘဲ ရောက်လာတယ် ...ဟုတ်လား"

"ဟုတ်ပါတယ် .....ကိစ္စက အရေးကြီး ကိစ္စမို့ ကျွန်တော် ခွင့်ပြုချက်တောင်းဖို့ အချိန်မရခဲ့ပါဘူး"

အကြီးအကဲဟွမ် သူ၏မျက်စိရှေ့တွင် ရှိနေသော ထိုကလေးအား ရီဝေနေသောမျက်လုံးများနှင့်ကြည့်လိုက်လေ၏။ ထိုကလေးသည် ဂိုဏ်း၏ ခွင့်ပြုချက်မပါဘဲ စွန့်စားကာ သူ့အား လာရောက် ကုသကယ်တင်ပေးခဲ့လေသည်။

"မင်း တကယ်ကြီး အဲ့လိုလုပ်ခဲ့တာလား"

"ဒါက အရေးကြီးကိစ္စမို့ပါလို့ ကျွန်တော်ပြောတယ်လေ"

အကြီးအကဲဟွမ်ကမူ အနည်းငယ် စဉ်းစားဟန်ပေါ်နေပြီး ဟွမ်ဂျွန်ကီကမူ တွေးနေလေပြီဖြစ်သည်။

ဒီကလေးက ဘယ်သူ့ကိုမှ ခွင့်ပြုချက်မတောင်းဘဲ ဒီထိတောင် ရောက်အောင် လာရဲတယ်လား....

ဟွမ်ဂျွန်ကီ အတွေးထဲတွင် သံသယများရှိနေသော်လည်း သူ၏ဖခင်ရှေ့တွင်မူ ထုတ်မပြောပေ။

အကြီးအကဲဟွမ်ကမူ ခေါင်းကို ခပ်ဖြည်းဖြည်းငြိမ့်ကာ ပြောလာလေသည်။

"ဒီကိစ္စကိုလည်း ကျွန်တော်ဂိုဏ်းကို ကူညီပြီး ဖြေရှင်းပေးပါ့မယ်....ဂိုဏ်းချုပ်က မင်းကို ဘာမှ မပြောစေရပါဘူး..

ဆိုတော့ မင်း ဘာလိုချင်တာရှိလဲဆိုတာပဲ ပြောပါ"

"ဒါက ကတိပေးလိုက်တာလား"

အကြီးအကဲဟွမ်က သူ့အား မေးလာသော ချွန်းမြောင်ကို ပြန်မေးလိုက်လေသည်။

"ဘယ်လို"

"ကျွန်တော် တောင်းတာတွေကို ဂိုဏ်းကို ပြန်မပြောပါဘူးဆိုတဲ့ ကတိ ကျွန်တော်လိုချင်တယ်....."

"ဒါပေါ့...ကုန်သည်တစ်ယောက်ပါ...ကတိမဖျက်တတ်ပါဘူး"

အကြီးအကဲဟွမ်၏ စကားဆုံးသည်နှင့် ချွန်းမြောင်က သူ၏အင်္ကျီလက်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လာလေသည်။

အကြီးအကဲဟွမ်ကမူ ဒွိဟများသွားသောမျက်နှာနှင့် စာအုပ်ကို ကြည့်လိုက်လေ၏။

"ဒီစာအုပ်က ဘာလဲ"

"အာ...ဒါကလား...ဘာမှတော့ ထွေထွေထူးထူး မဟုတ်ပါဘူး....ကျွန်တော်လည်း အသက်အရွယ်လေး ရလာပြီဆိုတော့ မေ့တတ်လို့ ဟိုရေးဒီရေးလေး ချရေးထားတဲ့ စာအုပ်ပါ"

အသက်အရွယ် ရလာတာ....

ဒီကလေးကလေ....

ချွန်းမြောင်က စာအုပ်ကို လှုပ်ကာကိုင်ပြီး ပြုံးပြလိုက်လေ၏။

"ကျွန်တော် ချရေးထားတယ်"

"ဘာကိုလဲ"

"အကြီးအကဲပဲ ကျွန်တော် လိုအပ်တာ ပြောဆို....ဟုတ်တယ်မို့လား"

"ဟုတ်ပါတယ်...."

"အင်းလေ....အဲ့တာကြောင့် ဒီစာအုပ်ထဲမှာ လိုတာအကုန်ချရေးထားတယ်လို့"

ဪ....

ဒီစာအုပ်လိုက်လား...

စာအုပ်ထဲက အကုန်လုံးပေါ့....

ချွန်းမြောင်ကမူ လက်ကိုပင် တံတွေးစွက်ကာ စာအုပ်ကို ဟန်ပါပါလှန်ရင်း လိုအပ်သည့်ပစ္စည်းစာရင်းကို ပြောပြရန် အဆင့်သင့်ဖြစ်နေလေပြီ ဖြစ်သည်။

"ဒါဆို..အခုပဲ စပြောလိုက်ရတော့မလား"

".........."

"အခုလေ..."

"......."

အကြီးအကဲဟွမ် အနေနှင့် သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အမှားအကြီးကြီး လုပ်မိသွားပြီဟု ခံစားသွားရလေတော့သည်။

အပိုင်း (၅၉)

မင်းက တကယ့်ကျင့်ကြံသူအစစ်ရော ဟုတ်ရဲ့လား(၄)

"အဖေ"

အကြီးအကဲဟွမ်က အခန်းထဲသို့ တံခါးဖွင့်ကာ ခေါ်လာသည့် ဟွမ်ဂျွန်ကီကို ဖြည်းညင်းစွာခေါင်းငြိမ့်ပြပြီး အခန်းထဲသို့ ဝင်လာခွင့်ပြုလိုက်လေသည်။

"အဖေ နေရတာ ကောင်းရဲ့လား"

"အင်း..ယုံဖို့တော့ ခက်ပေမယ့် ငါ့ခန္ဓာကိုယ်က ပေါ့ပါးပြီး နေလို့ကောင်းနေလွန်းလို့ ပျံတက်တော့မယ်လို့တောင် ထင်နေတယ်...အသက် ဆယ်နှစ်လောက်တောင် ပိုငယ်သွားသလိုပဲ"

"တော်တော်လေးတော့ ကောင်းပေမယ့် ..ထူးဆန်းနေတယ်"

"ဘယ်လိုပြောရမလဲတောင်မသိဘူး...လူငယ်တစ်ယောက်ပြန်ဖြစ်သွားသလိုကို ခံစားနေရတာ"

ဟွမ်ဂျွန်ကီကမူ နှစ်ရှည်လများ လူမမာဖြစ်နေသည့် သူ၏ဖခင်က ရုတ်တရက်ဆိုသလိုပင် ပြန်လည်ကောင်းမွန်သွားပြီး နလန်ထချိန်ပင် ကြာကြာမယူလိုက်ရဘဲ ထူထူထောင်ထောင်ပင် ဖြစ်လာသည်မို့ မယုံကြည်နိုင်ပင် ဖြစ်နေလေ၏။

"အခုက စပြီးတော့တော့ ကောင်းသွားမယ်လို့တော့ ထင်တာပါပဲကွာ"

"အဖေ ..အဲ့လို အားငယ်တဲ့စကားမျိုး မပြောပါနဲ့"

"အဲ့ကလေးက လူငယ်ပေမယ့် အတော်တော့ တော်တာပဲကွ... သူရဲ့ ကျေးဇူးကြောင့်ပဲ ငါပြန်ကောင်းလာခဲ့ရတာ"

အကြီးအကဲဟွမ်သည် ချွန်းမြောင် သူ့အား ပထမဆုံးပြောသည့် စကားလုံးကို မှတ်မိနေလေသေးသည်။

တောက်ကျင့်ကြံသူ ကိုယ်တော်တစ်ပါး ဟူ၍ ဖြစ်လေသည်။

အကြီးအကဲဟွမ် နားကြားမှားခြင်း မဟုတ်...အမှန်စင်စစ်ပင် ထိုသို့ ပြောခြင်းပင် ဖြစ်လေသည်။

သို့သော်လည်း တောက်ကျင့်ကြံသည့် ကိုယ်တော်များနှင့် လားလားမဆိုင်...။ အကျင့်စရိုက်၊ စောင့်ထိန်းရသည့် ကျင့်ဝတ်များကစ၍ လားလားပင် မတူချေ။ ကလေးတစ်ယောက်ဖြစ်နေ၍ ကျင့်ဝတ်များကို သေချာမလိုက်နာနိုင်သေးသည်ဟုပဲ ထင်မှတ်ထားလိုက်လေသည်။

"ကဲ...မင်းက ဒီလာပြီး ဘာတုန်း...ငါ့ အခြေအနေကို လာကြည့်တာလား...ဘာလာလုပ်ပြန်တာတုန်း"

" အဖေ....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အဖေ့ရဲ့ သွေးသားလေ...မိဘနေမကောင်းတဲ့အချိန်မှာ သားသမီးက ဂရုစိုက်ပေးတာ သဘာဝပဲ မဟုတ်ဘူးလား......ကျွန်တော်က အဖေ့ဆီလာပြီး ဘာလာလုပ်ရမှာတုန်း...."

"ငါ့ကို ကလေးကလားစကားတွေ ပြောမနေနဲ့...မင်းလာရတဲ့ အဓိကအကြောင်းအရင်းကိုသာ ပြော...

ငါ့မှာ အချိန်သိပ်မရှိဘူး"

ဟွမ်ဂျွန်ကီက ခေါင်းကို ငုံ့ကာ သက်ပြင်းချလိုက်လေသည်။ ယခု သူပြောမည့် အကြောင်းအရာကို သူ့ဖခင်က သဘောမတူမည်ကိုလည်း စိုးရိမ်နေလေသည်။

"အဖေ....မဟုတ်ဘူး....ဥက္ကဌ ကြီး"

"ပြောပါ....သခင်လေး"

အခေါ်အဝေါ်များ ပြောင်းသွားသည်နှင့် အကြီးအကဲဟွမ်တို့သားအဖ၏ စကားဝိုင်းသည် မိသားစုကိုယ်ရေးကိုယ်တာကိစ္စများ မပါဝင်တော့ပဲ အန်ဟာကုန်သည်အစည်းအရုံးနှင့်သာ သက်ဆိုင်သောစကားလုံးများ ထွက်လာလေသည်။

"ကျွန်တော် ကြားခဲ့တာကတော့ အချိန်အတော်ကြာ ဆက်ဆံရေးတည်ဆောက်ထားတဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်တယ်လို့ ကြားပါတယ်"

"ဟုတ်တယ်...ငါ လုပ်ခိုင်းလိုက်တာ"

"ပြီးတော့ ဟွာဆန်းဂိုဏ်းနဲ့လည်း အတူတကွ ပူးပေါင်းဖို့ စကားကမ်းလှမ်းထားတယ်လို့ သိရပါတယ်"

"အဲ့တာလည်း ဟုတ်တယ်"

"အဖေ...တောင်ဘက်အစွန်အဖျားဂိုဏ်းက အခုချိန်ထိ ရှန်ရှီတခွင်နဲ့ ရှန်မြို့တော်မှာ အင်အားတောင့်တင်းနေဆဲဂိုဏ်းပါ... .....သူတို့နဲ့ လက်တွဲဖြုတ်ပြီး ဟွာဆန်းနဲ့ လက်တွဲလိုက်တယ်ဆိုတာက ကျွန်တော်တို့ အတွက် အန္တာရယ်များပါတယ်.....ပြီးတော့ ဟွာဆန်းဆိုတာက အချိန်မရွေးပြိုလဲသွားနိုင်တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ"

အကြီးအကဲဟွမ်ကမူ ဟွမ်ဂျွန်ကီ၏ အပြောကို တုံ့ပြန်မှုမရှိဘဲ ခေါင်းကိုငြိမ့်ကာသာ နားထောင်နေလေသည်။

"ဟွာဆန်းဂိုဏ်းက ကျင့်ကြံသူကိုယ်တော်လေးကို ကျေးဇူးတင်လွန်းတာကိုတော့ ကျွန်တော်နားလည်ပါတယ်...

ဒါပေမယ့် အတူလက်တွဲဖို့ ကမ်းလှမ်းတာကြီးကကျ တခြားဂိုဏ်းတွေနဲ့ပါ ဆက်ဆံရေးပျက်ပြားပြီး ကျွန်တော်တို့အဖွဲ့အစည်း ထိခိုက်လာမှာကို စိုးရိမ်ရပါတယ်...ကျေးဇူးပြုပြီး အဖွဲ့အစည်းအတွက်လည်း ထည့်ပြီး စဉ်းစားပေးပါဦး ...အဖေ"

အကြီးအကဲဟွမ်ကမူ ဟွမ်ဂျွန်ကီပြောသမျှကို နားထောင်ကာ လက်ဖက်ရည်ခွက်ကို ယူကာသောက်လိုက်လေသည်။ ထို့နောက်မှသာ ဟွမ်ဂျွန်ကီအား စိတ်အလိုမကျသောအသံနှင့် ပြောလာလေ၏။

"သခင်လေး"

"ဟုတ်ကဲ့ပါ...ဥက္ကဌကြီး"

"ကုန်သည်တစ်ယောက်ရဲ့ တာဝန်က ဘာလဲသိလား"

"ဒါက....."

ဟွမ်ဂျွန်ကီက အတန်ငယ်မျှ စဉ်းစားလိုက်ပြီးမှ စကားပြန်လာလေ၏။

"ကုန်သည်တစ်ယောက်ရဲ့တာဝန်က မှန်မှန်ကန်ကန် အကျိုးရှိရှိနဲ့ ကမ္ဘာနဲ့အဝှမ်း ကုန်သည်မှုတွေ ပြုလုပ်ပြီး တိုးတက်အောင် လုပ်ရမှာပါ"

"အဟားးးးးဟားးးးးဟားးးး"

အကြီးအကဲဟွမ်ကမူ တဟားဟားအော်ရယ်ကာ ပြုံးနေလေတော့သည်။

"သခင်လေး"

"ဟုတ်ကဲ့ပါ"

"မင်း စကားပြောတော့ ကောင်းတာပဲ...ရွှေပါးစပ် ငွေပါးစပ်တော့ မင်းမှာ ရှိနေပါလား"

"ဥက္ကဌကြီး....ဟို"

အကြီးအကဲဟွမ်က စကားဆက်ကာ ပြောလာလေ၏။

"ကုန်သည်တစ်ယောက်ရဲ့ တာဝန်က ငွေရှာဖို့ပဲ.. ...ဥပဒေကို မချိုးဖောက်ဘဲ မှန်ကန်တဲ့နည်းလမ်းတိုင်းနဲ့ ငွေရှာဖို့က ကုန်သည်တစ်ယောက်ရဲ့ တာဝန်ပဲကွ....အဲ့တာ မှန်တယ်လို့ မင်းထင်လား"

ဟွမ်ဂျွန်ကီက ခေါင်းကို ငြိမ့်ကာ ဖြေလိုက်လေသည်။

"ဟုတ်ကဲ့...ထင်ပါတယ်"

"မင်းမှန်တယ်ထင်တဲ့အရာတွေ လုပ်နိုင်ဖို့ဆို မင်း ငွေရှာတတ်ဖို့ လိုတယ်....

မင်း လူတွေကို ကူညီချင်တယ်ဆိုရင် မင်းမှာ ငွေရှိဖို့ လိုတယ်...

ကုန်သည်တစ်ယောက် ငွေရှာတဲ့နေရာမှာ မတရားဘူးဆိုတာ မရှိဘူး....မမှန်ကန်ဘူးဆိုတာ မရှိဘူး..

မမြတ်ဘူး...မြတ်တယ်....အကျိုးမရှိဘူး...အကျိုးရှိတယ်ဆိုတာပဲ ရှိတယ်"

"အဲ့တော့ ငါတို့ ဘာလုပ်ကြရမလဲ"

အကြီးအကဲဟွမ်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် လက်တွဲဖြုတ်ကာ ဟွာဆန်းနှင့် လက်တွဲသည်ကသာလျှင် အကျိုးအမြတ်ရှိလာမည့် ကိစ္စဟု မည်သို့သောကြောင့် ထင်နေသည်ကို ဟွမ်ဂျွန်ကီ နားမလည်ပေ။ ဟွာဆန်းဆိုသည်က ပြောရလျှင်ဖြင့် အိုနာကျိုးကန်း ဂိုဏ်းဟုပင် ဆို၍ရလေသည်။

"ငါ ဒီငွေတွေ အားလုံးကို ဘယ်လိုရှာခဲ့တယ်ဆိုတာ မင်းမေ့သွားပြီလား"

"မမေ့ပါဘူး...ကျွန်တော် သေသေချာချာ မှတ်မိပါတယ်....ဒါပေမယ့်"

အကြီးအကဲဟွမ်၏ ငွေရှာနည်းက အလွန်တရာပင် ရိုးရှင်းလှလေသည်။ တခြားသူများ မလုပ်သော ၊ မထိသော ပစ္စည်းများကို ရှာကာ ထိုပစ္စည်းများကို တင်သွင်းဖြန့်ချီခြင်း ဖြင့်သော်လည်းကောင်း၊ ဈေးအနှိမ့်ဆုံး ပစ္စည်းများကို ရှာ၍သော်လည်းကောင်း တင်သွင်းရောင်းချခြင်း ဖြင့်သော်လည်းကောင်း ငွေရှာခဲ့ခြင်း ဖြစ်လေသည် ။ ထိုနည်းများဖြင့်သာ ကုန်သွယ်ငွေရှာခြင်းဖြင့် ယခုတွင်မူ ရှန်မြို့တော့်တွင် အအောင်မြင်ဆုံး ကုန်သည် အဖွဲ့အစည်း ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ယခုသည်က ပစ္စည်းများ မဟုတ်။ အဖွဲ့အစည်း ဂိုဏ်းဂနတစ်ခု ဖြစ်လေသည်။

ယခင်နည်းများကဲ့သို့ တရားသေလုပ်ဆောင်၍ ရနိုင်မည်ဟု ဟွမ်ဂျွန်ကီ မထင်ပေ။

"ဒါဆို အဖေက အခု ဟွာဆန်းဂိုဏ်းနဲ့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံဖို့ သေချာသွားပြီပေါ့"

"ဒါပေါ့"

"ဥက္ကဌကြီး......ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပူးပေါင်းတယ်ဆိုတာက အဓိပ္ပါယ်ရှိတာမှန်ပေမယ့်် ဘာလို့ဟွာဆန်းဂိုဏ်းနဲ့မှလည်း"

"မင်းလည်း မြင်နေရတာပဲလေ...ငါ ပြောပြပေးရဦးမှာလား"

"ဟိုကလေးကြောင့်လို့ အဖေပြောချင်တာလား"

"အေးပေါ့"

"ဒါပေမယ့်လည်း....."

ဟွမ်ဂျွန်ကီ ပြောချင်သည့်အရာကို ပြောသင့်မပြောသင့် နှုတ်ခမ်းကိုကိုက်ကာ စဉ်းစားလိုက်လေသည်။

ချွန်းမြောင်သည် တော်လှပေသည်။ မှန်၏။ ချွန်းမြောင်က အလွန်တရာပင် အရည်အချင်း ရှိလွန်းလှပေသည်။

သို့သော်လည်း ဂိုဏ်းသားတစ်ယောက် ထူးချွန်သည်နှင့် ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး ထူးချွန်ပြည့်စုံသွားသည် မဟုတ်ပေ။ ကုန်ကုန်ပြောရလျှင်မူ ဂိုဏ်းမှ ကလေးပေါက်စတစ်ယောက် တော်နေရုံနှင့် ဂိုဏ်းတစ်ခုလုံး ပြည့်စုံကောင်းမွန်သွားသည်ဆိုသည်က ပို၍ပင် မဖြစ်နိုင်သောကိစ္စပင်။

"အဲ့ကလေးက ဟွာဆန်းမှာ ရှိနေလို့ ဟွာဆန်းက တိုးတက်လာတယ်ပဲထားပါဦး....ဘယ်လိုပဲ ဖြစ်ဖြစ် သူက ကလေးတစ်ယောက်ပဲ ရှိသေးတယ်လေ...ဘယ်လိုလုပ်ပြီး ကလေးတစ်ယောက်တော်နေရုံနဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းလုံး တိုးတက်ကောင်းမွန်လာမှာလဲ... ပြီးတော့ ဟွာဆန်းလို ယိုင်နဲ့နဲ့ ဂိုဏ်းက အခုချိန်မှာ အတောင့်တင်းဆုံး ဂိုဏ်းဖြစ်တဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်နိုင်မှာလဲ...

ဟွာဆန်းနဲ့ ပူးပေါင်းတာက အဓိပ္ပါယ်တော့ နည်းနည်းမရှိသလိုပဲ ခံစားရတယ်"

ဟွမ်ဂျွန်ကီ၏ စကားကြောင့် အကြီးအကဲဟွမ်က ပြုံးလိုက်လေသည်။

"ဪ....သခင်လေးက ဒီလိုတွေးနေတာကို.....ကျွန်တော်နဲ့ အတွေးချင်း ကွာပါပဲ"

"ဥက္ကဌကြီး"

"သခင်လေး...ကုန်သည်တွေ ဆို‌တာ မျက်စိရှေ့တင် ရှိနေတဲ့အရာကို မကြည့်ရပါဘူး...

မျက်စိတဆုံး ကြည့်တတ်ရမယ်.....အန်ဟာက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဆက်သွယ်ရေးကောင်းကောင်း ရှိခဲ့တာမှန်ပေမယ့် အခုတော့ မတူတော့ပါဘူး...... သခင်လေးက ဘယ်အချိန်ထိ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ လက်တွဲမယ်လို့ စဉ်းစားထားလို့လဲ"

ဟွမ်ဂျွန်ကီသည် အကြီးအကဲဟွမ် ပြောသမျှကိုသာ နားထောင်ကာ စဉ်းစားနေလေသည်။

ပြန်ကာတွေးကြည့်ရလျှင်မူ ကီမုန့်ဆောင်သည် အလွန်ပင် ထောင်လွှားကာ အန်ဟာအပေါ်တွင်လည်း လွှမ်းမိုးလိုမှု ကြီးမားလေသည်။ ထိုမျှသာမကသေး အကြီးအကဲဟွမ် နာမကျန်းဖြစ်နေသောအချိန်တွင်လည်း အဖွဲ့အစည်းအပေါ်တွင် လေးစားမှုမရှိဘဲ စည်းဖောက်ကာ ဝင်ရောက်စွတ်ဖက်မှုများပင် ပြုလုပ်လိုက်သေးသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒီထက်ပိုပြီး တိုးတက်လာစရာမရှိတော့ဘူး...အခုက သူတို့အတိုးတက်နိုင်ဆုံး

အနေအထားကို ရောက်နေပြီ....တကယ်လို့ တိုးတက်ခဲ့ရင်လည်း နည်းနည်းပဲ...ထပ်ပြီး မျှော်လင့်စရာ မရှိတော့ဘူး.... ဟွာဆန်းဂိုဏ်းကတော့ မယုံနိုင်စရာ ကောင်းတဲ့ အရှိန်အဟုန်မျိုးနဲ့ တိုးတက်လာလိမ့်မယ်..

အကယ်၍ ငါတို့သာ သူတို့နဲ့ ဆက်ဆံရေးကောင်းတစ်ခုကို အခုကတည်းက တည်ဆောက်ထားနိုင်ရင်

အချိန်တန်ရင် ပြန်ရမယ့်အကျိုးအမြတ်က ပြောပြလို့ မရအောင်ကို ဖြစ်လာလိမ့်မယ်"

"ဒါပေမယ့်လည်း ဟွာဆန်းဂိုဏ်းက သေချာပေါက်တိုးတက်လာပါ့မယ်လို့ အာမခံချက် ပေးထားနိုင်တာမှ မဟုတ်တာ"

ဟွမ်ဂျွန်ကီ၏ စောဒကစကားကြောင့် အကြီးအကဲဟွမ်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

"ဟွမ်ဂျွန်ကီ"

"ဟုတ်ကဲ့ပါ...အဖေ"

အခေါ်အဝေါ်များက တဖန်ပြန်ပြောင်းသွားကြပြန်လေသည်။

"မင်း ကလေ ကလေးတစ်ယောက်လိုပဲ...ကုန်သည်တွေဆိုတာက အကြောင်းရင်းနဲ့ အခြေအနေကို စောင့်ဆိုင်းပြီး လှုပ်ရှားရတာ မဟုတ်ဘူး....လှုပ်ရှားလို့ရမယ့် အကြောင်းရင်းနဲ့ အခြေအနေကို ကိုယ်တိုင်ဖန်တီးယူရတာ"

"......."

"ဟွာဆန်းတိုးတက်လာမည့်အချိန်ကို ငါတို့က စောင့်နေရမှာ မဟုတ်ဘူး.......ဟွာဆန်းတိုးတက်လာအောင် ငါတို့ကိုယ်တိုင်က လုပ်ပေးကြရမှာ......တကယ်လို့ ငါတို့သာ ဟွာဆန်းကို အောင်မြင်တိုးတက်အောင် ကူညီပေးနိုင်ခဲ့ရင် ငါတို့က နိုင်ငံရဲ့ ထိပ်တန်းကုန်သည်ငါးသင်းထဲကို ဝင်နိုင်သွားပြီ...ရှန်မြို့မှာတင် အကောင်းဆုံးဖြစ်နေရုံနဲ့တင် မကတော့ဘူး....."

"..ဟွာဆန်းကို တိုးတက်အောင် မြေတောင်မမြှောက်နိုင်ဘူးဆိုရင်လည်း ကျွန်တော့်တို့ဘဝတွေက သွားပြီပဲ.... နောက်ပြန်ဆုတ်ဖို့ လမ်းမရှိတော့ဘူး...အဖေ...ပြန်စဉ်းစားပါဦး ...ဒါကြီးက တကယ့်ကို မလွယ်တဲ့ကိစ္စကြီးနော်"

"ဟားဟားးးးးးးး ကျန်းမာရေးပဲ ကောင်းလာလို့လား မသိပါဘူးကွာ.....စိတ်ကလည်း ပိုငယ်သွားသလိုကို ခံစားနေရတာ...စိတ်ပျိုကိုယ်နုဆိုတာ တကယ်ပဲကိုကွ.....

ငါတို့တွေ မအောင်မြင်တော့ရော...ဘာဖြစ်လဲကွ....နောက်တခေါက် အသစ်က ပြန်စကြတာပေါ့....ဟုတ်ဘူးလား...

မင်းလည်း မင်းရှာထားရတဲ့ စည်းစိမ်တွေကို အလဟသမဖြစ်စေချင်ဘူးမို့လား"

"........"

"ကံမကောင်း အကြောင်းမလှလို့ မအောင်မြင်ရင်လည်း မတတ်နိုင်ဘူးပေါ့ကွာ...ဘာပဲဖြစ်ဖြစ် ပြန်တော့ အဖတ်ဆယ်နိုင်အောင်တော့ လုပ်ရမှာပေါ့... ရင်းနှီးလိုက်ရတာတွေတော့ အလကားအဖြစ်ခံလို့မရဘူးလေ"

ဟွမ်ဂျွန်ကီ ခေါင်းကို ငြိမ့်ကာ ထောက်ခံလိုက်လေသည်။ သူ၏ ဖခင်က လုံးလုံးပင် စိတ်ပိုင်းဖြတ်ထားပြီးပုံ ရသည်မို့ ဤသည်က ဆက်ကာပြောနေလျှင်လည်း အချည်းနှီးပင် ဖြစ်ပေလိမ့်မည်။

"ကျွန်တော့်စိတ်ထဲ မခြင့်မရဲ ဖြစ်နေပေမယ့် အဖေက အခုလိုပဲ ဆုံးဖြတ်ထားတာ သေချာပြီဆိုရင်တော့ အဖေပြောတဲ့အတိုင်းပဲ လိုက်နာပါ့မယ်...ဟွာဆန်းအပေါ်မှာ ရှိနေတဲ့သံသယတွေကိုလည်း ကျွန်တော်ကိုယ်တိုင် ကြိုးကြိုးစားစား လုပ်ဆောင်ပြီး ဖြေဖျောက်ပစ်ပါ့မယ်...အဖေ"

"အင်း....မင်း ဆီက ဒီစကားကြားရတော့လည်း ကောင်းတယ်ကွာ"

အကြီးအကဲဟွမ်က အားပါးတရရယ်ကာ ပြောလိုက်သော်လည်း ဟွမ်ဂျွန်ကီကမူ စကားဆက်ကာလေ၏။

"ဒါပေမယ့်...."

"......."

"အဖေ ဟိုကလေးကို ပေးလိုက်တဲ့ ဆုလာဘ်နဲ့ စည်းစိမ်တွေက မများလွန်းဘူးလား"

"ဪ..ဒါလား...အဲ့တာက ဒီလိုအကြောင်းရှိတယ်"

"ဟုတ်လား..ဘယ်လိုအကြောင်းလဲ"

အကြီးအကဲဟွမ်ကမူ မျက်နှာတွင်တောက်ပသောအပြုံးကြီးနှင့် သူ့အားမေးလာလေ၏။

"မင်း အဲ့ကလေးကို ဘယ်လိုထင်လဲ"

"သူ ဘယ်လောက်ထိ တိုးတက်မယ် ထင်လဲလို့ မေးတာလား"

"အင်း"

ဟွမ်ဂျွန်ကီ ခဏမျှ ခေါင်းစားလိုက်ပြီး ပြန်ဖြေလာလေသည်။

"သူရဲ့ အပြောဆိုနဲ့ လုပ်ပုံကိုင်ပုံတွေ ကြည့်ရတာ တချိန်ချိန်မှာတော့ ဟွာဆန်းရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမယ်လို့ ထင်တယ်"

"အဲ့လို မဟုတ်ရင်လည်း သူ့အတွက် အဆင့်တစ်ခု နေရာတစ်ခုတော့ ရှိလာလိမ့်မယ်လို့ ထင်တယ်"

"မင်းမှားတယ်...သူက အခုကတည်းက ဟွာဆန်းမှာ နေရာတစ်ခု ရှိနေပြီးသားပဲ"

"ငါ့ ဘဝတစ်လျှောက်လုံး ကုန်သည်ဘဝနဲ့ ကျင်လည်လာတာ...ငါ့ဘဝမှာ လူတွေအများကြီး သူရဲကောင်းတွေအများကြီး ၊ ကျင့်ကြံသူတွေ အများကြီးကို ငါကြုံတွေ့ခဲ့ရပြီးပြီ။ ဒီကလေးက သေချာပေါက် အောင်မြင်လာမယ့်သူပဲ........ကိုယ့်ရှေ့မှာ ကောင်းကင်ကို ဆန်တက်မယ့်နဂါးတစ်ကောင်လုံး ရှိနေတာကို ငါတို့က ဘာလို့ တခြားနေရာမှာ အချိန်ကုန်ခံပြီး အားကိုးရှာနေဦးမှာလဲ....ဒီနဂါးကိုပဲ ဖမ်းဆုပ်ပြီး အခွင့်အရေးကို အရယူရမှာပေါ့"

"သူက တကယ်ကြီး အောင်မြင်မှာလား"

"မင်း သိပ်မကြာခင်မှာ သိလာပါလိမ့်မယ်... ထူးချွန်တဲ့သူတွေက တခြားသူတွေ နားလည်နိုင်အောင် နေနိုင်တဲ့ အစွမ်းအစမရှိကြဘူး...သူတို့တွေရဲ့ လုပ်ရပ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို သာမန်လူတွေကလည်း နားမလည်နိုင်ကြဘူး......ဆိုတော့ မင်း သူ့ကို နားလည်အောင် လုပ်မနေပါနဲ့....စောင့်သာကြည့်နေလိုက်ပါ...

နောက်တချိန်မှာ ငါပြောတာကို မင်းသိလာလိမ့်မယ်"

ဟွမ်ဂျွန်ကီသည် ယခုထိတိုင် သူ၏ဖခင်ပြောနေသောအရာများကို နားမလည်သေးသော်လည်း ပြန်လှန်ကာမူ မပြောတော့ပေ။ ငြိမ်သာကာ နားထောင်နေလိုက်လေသည်။ သို့သော် မကျေမနပ်ဖြစ်ကာ မေးမြန်းခြင်နေသည့် မေးခွန်းကတော့ ရှိနေလေသေးသည်။

"အဲ့တာဆိုလည်း အဖေက ဘာလို့ အဲ့လောက်အများကြီး ဆုချီးမြှင့်လိုက်ရတာလဲ"

"သူက ဂိုဏ်းရဲ့ သာမန်ဂိုဏ်းသားတစ်ယောက်...တစ်ယောက်ယောက်က နေမကောင်းဖြစ်နေတယ်ဆိုလို့ ဂရုဏာရှေ့ထားပြီး လာကုပေးတယ်...ထားပါတော့ သူက ရောဂါလက္ခဏာတွေကို သိပေမယ့် လာမကုပေးချင်ရင် ရပေမယ့် လာကုပေးလို့ စိတ်ကောင်းနှလုံးကောင်း ရှိတယ်ဆိုတာ‌တော့ ထားပါတော့...

ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး"

"အင်း"

"ဒါပေမယ့် အခုလိုကြီး အများကြီးပေးလိုက်တာကကျ သူ့ကို မျှော်လင့်ချက်ပေးလိုက်သလို ဖြစ်သွားပြီလေ..

နောက်ဆို အဲ့လိုမရရင် သူ့ရင်ထဲမှာ ခုလိုးခုလုတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ.....အဲ့တော့ အကျင့်မလုပ်ဘဲ နည်းနည်းပါးပါးပဲ ပေးသင့်တာ မဟုတ်ဘူးလား"

"နည်းနည်းပါးပါးပဲလား"

"ဟုတ်တယ်လေ.....သူက ကျွန်တော်ထင်ထားတာထက် ငါးဆတောင် ပိုယူသွားတာ....မသိရင် ဂုတ်သွေးစုတ်သွားတဲ့ အတိုင်းပဲ"

"......."

ဟွမ်ဂျွန်ကီ၏စကားကြောင့် အကြီးအကဲဟွမ် မူးမိုက်သွားသလိုပင် ခံစားလိုက်ရလေ၏။

"ဘာ......ဘယ်လို...သောက်ခွေး.......ဘယ်လိုလုပ် ဒီလောက် ကလေးငယ်ငယ်လေးက သောက်ရမ်းတွေ လောဘကြီးနေရတာလဲ...ချီးချီးး......အဲ့လိုမှန်းသိ ငါ ဆက်ပြီး နေမကောင်းချင်ယောင် ဆောင်နေလိုက်ပါတယ်...

သောက်ချေး....ဒါကို ဒင်းက ငါ့ကို လှည့်စားပြီး စာရင်းစာအုပ်ကြီးနဲ့ပါ တောင်းဆိုလိုက်သေးတာ.....အမလေးးး

ကြင်နာတတ်တဲ့ ငါ့နှလုံးသားလေးကို ဒင်းက အသုံးချသွားတာ....ဟူး....ဟူး..."

"အဖေရယ်....စိတ်လျော့ပါဦး...တစ်ယောက်ယောက်လည်း ကြားသွားပါဦးမယ်"

"အဟမ်း.....အဟု...အဟု...."

အကြီးအကဲဟွမ်ကမူ နာကြင်သွားသော နှလုံးသားလေးကို အကြိမ်ရေအနည်းငယ်မျှ ဖြေသိမ့်လိုက်ရလေသည်။

"ဘယ်လိုဖြစ်ဖြစ်....ဟွာဆန်းနဲ့ အကျိုးတူပူးပေါင်းလိုက်ပြီဆိုရင်တော့ ငါတို့ အရှုံးမရှိတော့ပါဘူး"

"ကျွန်တော် သိပါပြီ....အကျိုးတူပူးပေါင်းလိုက်တာက မိတ်ဆွေကောင်းတွေ ဖြစ်သွားကြပြီဆိုတဲ့ အဓိပ္ပါယ်ပဲလေ"

"ဒါပေါ့....သူက ငါတို့ရဲ့ မိတ်ဆွေကောင်းလေးပဲလေ"

အကြီးအကဲဟွမ်နှင့် ဟွမ်ဂျွန်ကီတို့က တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ ပြုံးလိုက်ကြလေတော့သည်။

အပိုင်း (၆၀)

မင်းက တကယ်ကျင့်ကြံသူအစစ်ရော ဟုတ်ရဲ့လား( ၅)

"ဟီးဟီး ...ငါတော့ အချီကြီး ပွလိုက်ပြီပဲ"

ချွန်းမြောင်က သဘောတကျနှင့်ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"ဒီလူတွေ တကယ့်ကုန်သည်တွေရော ဟုတ်ကြရဲ့လား မသိဘူး... ငါ့ကိုတကယ်ကြီး သူတို့ ဒါတွေပေးလိုက်ကြတယ်... "

အသက်တစ်ချောင်းကယ်တင်လိုက်ခြင်းက ထိုမျှ အဖိုးတန်မည်ဟု သူ မထင်ထားပေ။

ငွေကြေး၊ စည်းစိမ်၊ ပိုင်ဆိုင်မှု.....

ထို့ကြောင့်ပင် ဘိုးဘေးများက ငွေသည်သာလျှင် အကောင်းဆုံးဟူ၍ ပြောခဲ့ကြခြင်း ဖြစ်လေသည်။

ချွန်းမြောင်သည် သူ၏ဆရာတူအကိုကြီးပိုင်ဆိုင်သော ရတနာဂိုထောင်ကို ရှာတွေ့ပြီးကတည်းက ရှန်ရှီနယ်တွင် အချမ်းသာဆုံးလူများထဲမှ တစ်ဦးဖြစ်ခဲ့ပြီးသားပင်။ သို့သော်လည်း သူ၏ပိုင်ဆိုင်မှုများထဲတွင် ငွေများထပ်ကာထပ်ကာ တိုးလာသည်ကို မြင်နေရသည်ကိုက ပျော်ရွှင်စရာ ဖြစ်နေ၍ ငွေရှာခြင်းကို သူမရပ်တန့်နိုင် ဖြစ်နေခြင်း ဖြစ်လေသည်။

"ပြောရရင်တော့ ငါပိုင်တာတွေကလည်း သိပ်တော့များလှတယ်လည်း မဟုတ်ပါဘူး"

ချွန်းမြောင်သည် အပျော်သဘောနှင့်သာ အန်ဟာအဖွဲ့အစည်း၏ စည်းစိမ်တဝက်ကိုတောင်းခဲ့သော်လည်း သူတို့က အကြီးအကဲသာပြန်ကောင်းခဲ့လျှင် ဘာမဆိုဖြစ်စေရမည်ဟု ကတိခံထားခဲ့သောကြောင့် အကြီးအကဲဟွမ် ပြန်ကောင်းလာသောအခါတွင်မူ မြောက်များစွာသော ပစ္စည်းများသည် ချွန်းမြောင်အပိုင် ဖြစ်လာခဲ့လေသည်။ သာမန်အားဖြင့် လူတို့သည် အခြေအနေအပေါ်မူတည်၍ စိတ်ပြောင်းတတ်ကြသော်လည်း အန်ဟာကမူ တခွန်းတလေပင် မပြောဘဲ ချွန်းမြောင်တောင်းဆိုထားသည့်အတိုင်းပင် ထည့်ပေးလိုက်လေသည်။

အကယ်၍ သူတို့က မပေးနိုင်ဟု ငြင်းဆန်လျှင်လည်း ချွန်းမြောင်ကတော့ လက်ခံမည် မဟုတ်ပေ။

ချွန်းမြောင်ကဲ့သို့ ကလေးတစ်ယောက်အနေနှင့် ဤကဲ့သို့ ငွေပမာဏများစွာသည် အဆင်မပြေဖြစ်နိုင်သော်လည်း စင်စစ်တွင်မူ ချွန်းမြောင်သည် ကလေးတစ်ယောက် ဟုတ်မနေချေ။ ဤသို့သော အခြေအနေကို သူကိုင်တွယ်နိုင်လေသည်။ ပြောရလျှင်ဖြင့် သူသည် အားလုံးထက်ပင် အသက်ကြီးသော ရှေးခေတ်လူအိုကြီးဖြစ်ပြီး အကြံဉာဏ်များက သူ၏ခေါင်းထဲတွင် ပြည့်နေလေ၏။ အခြားသူများသည်လည်း ထိုအကြောင်းအရာကို သိရလျှင် များစွာပင်အံဩနဘန်းဖြစ်ကာ သူ့အား အမျိုးမျိုးပင် ချဉ်းကပ်ကြလိမ့်မည်ဟုလည်း ထင်လေသည်။

"အင်း...ခုတော့ ပြဿနာအကုန်လုံးကို ဖြေရှင်းပြီးသွားပြီပေါ့"

သူ၏ အကြီးအကဲဟွမ်အား ကုသပေးခြင်းသည်လည်း အဆုံးသတ်ပြီဖြစ်ပြီး အကြီးအကဲဟွမ်ထံမှလည်း ဟွာဆန်းအား ကူညီမည်ဟူသော ကတိရပြီး ဖြစ်လေသည်မို့ ပြန်ရန်ပြင်ဆင်ပြီးသည်နှင့် ဟွာဆန်းတို့ ပြန်လေတော့မည် ဖြစ်လေ၏။ သို့သော် မပြီးပြတ်သေးသည့်အရာတစ်ခုကတော့ ရှိနေလေသေးသည်။

ချွန်းမြောင်သည် သူ့အနားသို့ ချဉ်းကပ်လာသော သူကို ပြုံးကာ ကြည့်လိုက်လေသည်။

"ဟေ့...မင်း အခြေအနေကောင်းရဲ့လား"

လီဆုန်ဘတ်ပင်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့် လီဆုန်ဘတ်က ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ သူ့အားစွေကြည့်နေသော ချွန်းမြောင်နားသို့ ကပ်လာလေသည်။

"ဘာကိစ္စလဲ"

"ငါ ငါ့ရဲ့ ဂိုဏ်းကို မကြာခင်မှာ ပြန်တော့မယ်"

"အာ...ဟုတ်လား..ကောင်းတာပေါ့...ဒီမှာဆို မင်းတစ်ယောက်တည်း အထီးကျန်နေမှာ....ပြန်ရတော့မှာဆိုတော့

ဂုဏ်ယူပါတယ်"

"ကျေးဇူးပဲ"

လီဆုန်ဘတ်သည် ပြောစရာစကားကုန်သွားသော်လည်း မပြန်သေးဘဲ ရပ်နေလေသည်မို့ ချွန်းမြောင်က အိပ်နေရာမှ ထလာကာ မေးလေ၏။

"မင်း ပြောစရာတစ်ခုခုရှိသေးလို့လား"

ချွန်းမြောင်၏ အမေးစကားကြောင့် လီဆုန်ဘတ်က ထွက်ပေါက်ရသွားသူသဖွယ် ပျော်သွားလေသည်။

"ဂိုဏ်းသားလေး"

"ဘာလဲ"

"မင်း ငါ့ကို ဒီပြဿနာကို ဖြေရှင်းဖို့ အခွင့်အရေးပေးခဲ့တာကို ငါသိပါတယ်"

"ဪ"

"ငါပြောချင်တာက မင်းဖန်တီးပေတဲ့အခွင့်အရေးကြောင့် ငါဒုက္ခတွင်းထဲက တက်လာနိုင်ခဲ့တာလို့ ပြောချင်တာပါ"

ချွန်းမြောင်ကမူ လီဆုန်ဘတ်ပြောသည်များကိုသာ ဆက်၍နားထောင်နေလေ၏။

"ဒါက ထောင်ချောက်ဆင် အကွက်ဆင်တာလို့ ပြောဖို့ခက်ပေမယ့် ပြောရရင်တော့ ငါလည်း ထောင်ချောက်ဆင်ခံရတဲ့ သူပဲလေ...သူများအကွက်ထဲမှာ ခံလိုက်ရတဲ့သူပေါ့"

"ဆိုတော့ မင်းက ကျွန်တော့်ကိုလာပြီး အပြစ်တင်နေတာလား"

"ဟင့်အင်း...ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး"

လီဆုန်ဘတ်၏ စကားကြောင့် ချွန်းမြောင် ပြုံးလိုက်လေသည်။

ဒီကောင်လေးက ထူးတော့ထူးဆန်းသားဟ။

ယခုခေတ်ကလေးများသည် ချွန်းမြောင်တို့ခေတ်မှ ကလေးများနှင့် မတူတော့ဟု ခံစားရလေသည်။ ချွန်းမြောင်တို့ ခေတ်တုန်းကမူ ချွန်းမြောင်ဟူသောအသံကြားသည်နှင့်ပင် ရန်လိုနေကြပြီး အမြင်မကြည်သူက များကြလေသည်။ ချွန်းမြောင်ကလည်း ထိုသူများကို ထပ်တူအမြင်မကြည်သည်မို့ သူတို့ မည်သို့သော အကြောင်းပြချက်ကြောင့် အမြင်မကြည်သနည်းဟူသော အကြောင်းပြချက်ကို မစုံစမ်းခဲ့ဖူးပေ။

"ကဲ...မင်းက ကျွန်တော့်ကို ဘာပြောချင်နေတာလဲ"

"တကယ်လို့ ငါ ဟားခံရတာပဲဖြစ်ဖြစ် ၊ မင်းဆီက ပညာပေးခံရတာပဲဖြစ်ဖြစ်၊ တခုခုအန္တာရယ်ရှိသွားတာပဲ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး...တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်လည်း အဲ့တာက ငါညံ့လို့ပါ"

"ငါသိချင်နေတာလေး တစ်ခုရှိလို့ ...ငါတို့ ဓါးချင်းယှဉ်လိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်သွားတာလဲဆိုတာကို ငါနားမလည်နိုင်ဘူး"

ချွန်းမြောင် က မျက်လုံးမှေးကျဉ်းကာ မေးလိုက်လေ၏။

"အဲ့တော့"

"မင်းသာ ခွင့်ပြုမယ်ဆိုရင် မင်းနဲ့ နောက်တစ်ခေါက်လောက် ဓါးရေးထပ်ပြိုင်ပါရစေ.....

အခုတစ်ခေါက် ပြိုင်တာက ငါ့မှာ ဘာဆိုးညစ်တဲ့အကြံမှ မပါပါဘူး...ဒီတိုင်း ဘယ်လိုဖြစ်သွားတာလဲဆိုတာကိုပဲ သိချင်ရုံပါ"

ချွန်းမြောင် အနည်းငယ် စဉ်းစားရကြပ်သွားလေသည်။ ဤကလေးက သူနှင့် နောက်တစ်ကြိမ်တိုက်ခိုက်ချင်နေသည်ဆိုသည်က အဆန်းပင်။

ဒီကောင် ငါ့ဆီက အရိုက်ခံရအောင်များ တမင်ဂွင်ဆင်နေတာများလား....

ထိုအတွေးသည်က တော့ အတော့်ပင် ရယ်စရာကောင်းသည်ဟု ချွန်းမြောင် ထင်လေသည်။

"အင်း...ငါ ဘယ်လိုလုပ်ရပါ့"

ဓါးရေးယှဉ်သည်ဆိုသည်က တစ်ဦးတွင်ရှိသော ပညာရပ်များကို လေ့လာနိုင်ရန်အတွက် စိန်ခေါ်ကာ တိုက်ခိုက်ခြင်းပင် ဖြစ်လေသည်။ ဤကလေးသည် ချွန်းမြောင်နှင့် ယှဉ်တိုက်ရသည့် ပညာရပ်များ ရသွားနိုင်သော်လည်း ချွန်းမြောင်ကမူ မည်သည့်ပညာရပ်မှ ရလာစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ဤဓါးရေးပြိုင်ပွဲကို လက်ခံရန်အကြောင်းမရှိပေ။ သို့သော် ငြင်းရန်လည်း အကြောင်းမယ်မယ်ရရ ရှိမနေပေ။

"ကောင်းပြီလေ...ပြိုင်ကြတာပေါ"

ချွန်းမြောင်သည် မတ်တပ်ထကာရပ်လိုက်လေပြီး ခြံဝင်းဘက်သို့ လက်ညိုးညွှန်ကာ ပြလိုက်လေသည်။

"ဟိုနားလား"

"လူတွေ မမြင်လောက်မယ့်နေရာမျိုးကို သွားရအောင်"

"ဟမ်....ဘာလဲ...ကျွန်တောိ့ကို နောက်တကြိမ်အကွက်ဆင်ပြီး ထပ်ရိုက်မလို့လား"

ချွန်းမြောင်က ကြောက်ရွံဟန်လေးဆောင်လိုက်သည်မို့ လီဆုန်ဘတ်က သက်ပြင်းချလိုက်လေသည်။

"ဂိုဏ်းသားပေါက်စလေး...ငါ အရူးမဟုတ်ပါဘူး...

မင်းက ငါ့ထက် အများကြီး စွမ်းရည်သာတယ်ဆိုတာ ငါသိထားပြီးသား.....ငါ့ကို လာဟန်ဆောင်ပြမနေနဲ့"

"အမ်...အဲ့လိုလား...ဟီး"

"ငါ မင်းကို ပြောတယ်မို့လား...ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘယ်လိုဖြစ်သွားတာလဲဆိုတာပဲ ငါသိချင်တာလို့"

ချွန်းမြောင် ပြုံးမိသွားလေသည်။

"မင်းတော့ နောင်တရနေရတော့မှာပဲ"

"အဲ့လိုဆိုရင်တောင် အဆင်ပြေပါတယ်...."

"ကောင်းပြီလေ...ဒါဆိုလည်း သွားကြတာပေါ့"

ချွန်းမြောင် ထွက်သွားသည်နှင့် လီဆုန်ဘတ်ကလည်း နောက်မှလိုက်ခဲ့လေပြီး အလွန်လည်း စိတ်လှုပ်ရှားနေပုံပင်။ သက်ပြင်းများလည်း ခိုးကာချနေလေသည်။

အမှန်စင်စစ်တွင်မူ လီဆုန်ဘတ် ချွန်းမြောင်အား ကြောက်ရွံနေခြင်း ဖြစ်လေသည်။

သူတို့နှစ်ယောက်ကြားထဲမှ အသက်ကွာခြားချက်သည် ဆယ်နှစ်ကျော်မျှပင် မကဘဲ မျိုးဆက်တစ်ခုစာမျှ ခြားနားလေသည်။ ဆရာတပည့်မျှ အသက်အရွယ်ကွာသည်ဟု ပြောလျှင်လည်း မှားမည်မဟုတ်ပေ။ သို့သော် သူ၏ ရှေ့တွင်ရပ်နေသော ချွန်းမြောင်ကို ကြည့်ကာ သူကမူ တုန်လှုပ်နေလေသည်။ သူ့ထံတွင်လည်း ဆရာတူညီလေးများစွာရှိပြီး ဆရာတူညီနောင်များနှင့်သာမက ဆရာများနှင့်ပါ ယှဉ်ပြိုင်ကာ တိုက်ခိုက်ဖူးသော်လည်း ထိုသို့ စိတ်လှုပ်ရှားကာ ကြောက်ရွံမနေပေ။ ယခုမှသာ ကြောက်ရွံတုန်လှုပ်နေခြင်း ဖြစ်လေသည်။

သူ၏ တပည့်အရွယ်မျှသာ ရှိသေးသောကလေးတစ်ယောက်က သူ့အား ကြီးစွာသောဖိအားပေးကာ များစွာခြိမ်းခြောက်နေလေသည်။

ငါဘာလို့ ဒီလောက်တုန်လှုပ်နေရတာတုန်း...

သူ့ကို ကြည့်ရတာ ဘာလို့ ကလေးတစ်ယောက်လို့ မခံစားရဘဲ ဝါရင့်သမာရင့် ဆရာကြီးတစ်ယောက်လို ခံစားနေရတာလဲ.....ဘာလို့လဲ...

ချွန်းမြောင်ကမူ ဓါးကို တဆတ်ဆတ်တုန်ခါစွာကိုင်နေသော လီဆုန်ဘတ်ကို စိတ်ဝင်စားစွာ ကြည့်နေလေသည်။

ချွန်းမြောင်သည် လီဆုန်ဘတ်အား ပြန်လည်ခုခံရန် အသင့်အနေအထားဖြစ်နေပြီး သူ့အား လာကာတိုက်ခိုက်မည့် လီဆုန်ဘတ်ကိုစောင့်နေရှာလေသည်။ လီဆုန်ဘတ်ကမူ အမည်မသိသော အရှိန်အဝါတစ်ခုကို ကြောက်ရွံလွန်းနေ၍ သေးပင်ထွက်ကျတော့မည့် အလားပင်။

ဓါးကိုင်ထားတာလေးကတော့ လှပါပဲဟ....

ဒီကလေး ကြီးလာရင်တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းမှာ နာမည်ကျော်ဓါးသမားတစ်ယောက် ဖြစ်လာဦးမယ် ထင်တယ်'

ချွန်းမြောင်သည်လည်း ထိုအရွယ်ရှိစဉ်အခါက ဤလူငယ်လေးကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ထင်လေသည်။ သေတော့ မသေချာပေ။ သူသည် ငယ်စဉ်အခါက အခြားသောကိစ္စများကို ကိုင်တွယ်ရန် အာရုံရမနေပေ။

သူ၏ ဓါးရေးစွမ်းရည်ကို တိုးတက်လာစေရန် လေ့ကျင့်လိုက်၊ တားမြစ်ထားသည့်အရာများကို ဆရာတူအကိုကြီး ဖမ်းမမိစေရန် ခိုးလုပ်လိုက်နှင့် အချိန်ကုန်နေရလေသည်။ သူသည်သာ ငယ်စဉ်က ထိုကဲ့သို့ မဆိုးသွမ်းခဲ့ပါက သူ၏သိုင်းပညာက ပို၍ပင် ကောင်းမွန်ခဲ့လိမ့်မည် ဟု သူထင်လေသည်။

ယခုတွင်မူ အရာအားလုံးက အသစ်ကပြန်စကာ လေ့ကျင့်နေရပြီး အချိန်တစ်ခုရောက်လာသည့်အခါတွင်မူ ယခင်ကထက် ပို၍တိုးတက်ကောင်းမွန်လာမည်ဟု ယူဆထားပေသည်။ ယခုလက်ရှိအနေအထားသည်လည်း မည်သည့်သိုင်းပညာမှ မတတ်သည်ထက်စာလျှင်တော့ မဆိုးဟု ပြောရပေမည်။

ချွန်းမြောင်၏ ခန့်မှန်းချက်အရဆိုလျှင် လီဆုန်ဘတ်သည်လည်း တချိန်တွင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကျော်အမော် ဓါးသူရဲကောင်းတစ်ယောက်ဖြစ်လာမည်ကို ပြောရဲလေသည်။

နှမြောစရာ ကောင်းလိုက်တာကွာ....သူနာမည်ကြီးမယ့်ခေတ်မှာမှ ငါက ပြန်ပြီး မွေးဖွားလာရတယ်လို့..

အခုတော့ ငါကိုကျော်ပြီး အောင်မြင်နိုင်မှာ မဟုတ်တော့ဘူး...

ချွန်းမြောင်က အတွေးများနေရင်းမှပင် ဓါးကို ငြင်သာစွာ မြောက်လိုက်လေသည်။

လီဆုန်ဘတ်ကို သင်ခန်းစာ ပေးလိုက်ရလေမလား မပေးဘဲနေရမည်လား မသဲကွဲသေးပေ။

"မင်း လာတိုက်မှာလား"

ချွန်းမြောင်က ခေါင်းခါပြလိုက်သည်မို့ လီဆုန်ဘတ်က ဓါကိုဆွဲထုတ်ကာ အံကိုကြိတ်ပြီး ချွန်းမြောင်ဆီသို့ ပြေးဝင်လာလေတော့သည်။ စပြီးမှတော့ နောက်ပြန်မဆုတ်နိုင်တော့ပေ.။ စိတ်ကိုတင်းကာသာ တိုက်ခိုက်လေတော့သည်။ သူ၏ဓါးချက်များကတော့ ချွန်းမြောင်အား လွဲ၍ကောင်းနေဆဲပင်။

"ငါတို့ အတည်မတိုက်ခိုက်ခင် တစ်ခုလောက်မေးချင်တယ်..."

"ရတယ်....ကြိုက်သာမေး"

"မင်းက ဘယ်သူလဲ"

"ကျွန်တော်က ဟွာဆန်းက ချွန်းမြောင်"

"မင်းက တကယ် ပြောရဲဆိုရဲ ရပ်ကွက်ကပဲ....မင်း ဓါးသိုင်းကို သင်ယူလာတာ ဘယ်လောက်ကြာပြီလဲ"

ငါ ဓါးသိုင်းသင်လာတာ နှစ်ရာကျော်နေပြီ ခွေးသားလေးရယ့် .......

ချွန်းမြောင်သည် ယခုဘဝတွင် အမုန်းဆုံးအရာသည်က အသက်မေးခြင်းပင်။ အသက်နှင့် အရည်အချင်းက တခြားစီပင် ဖြစ်လေသည်။ သူသည် ယခုဘဝတွင် ဓါးကိုင်သည်က တစ်နှစ်ကျော်ပင် ရှိသေးလေပြီး သူ၏အခြေခံအုတ်မြစ်ကို ပိုင်ပိုင်နိုင်နိုင်ချနေသည်မို့ သိုင်းပညာအဆင့်တက်သည်ကလည်း နှေးနေလေသည်။

သို့သော် ယခုချိန်မှစ၍ ဓါးသိုင်းပညာကိုသာ တစိုက်မတ်မတ်လေ့ကျင့်လိုက်ပါက နောင်ဆယ်နှစ်အတွင်း ချွန်းမြောင်အား စိန်ခေါ်ဝံ့သူပင် ရှိမည်မဟုတ်တော့ချေ။ ပြိုင်ဘက်ကင်း ချွန်းမြောင် ဖြစ်လာပေလိမ့်မည်။

"လောကကြီးက အတော့်ကို ပရမ်းပတာ ဖြစ်တာပဲ"

".........."

" နှစ်ကာလတွေကို ကြည့်မယ့်အစား အရေးကြီးတာက ကိုယ်ရွေးချယ်ထားတဲ့ လမ်းကို ဘယ်လောက်ပိုင်ပိုင်နိုင်နိုင်ရှိလဲဆိုတာပဲ ကြည့်ရမှာ မဟုတ်ဘူးလား......

မေးလို့မရဘူးတော့ မဟုတ်ပါဘူး...မေးလို့တော့ ရပါတယ်...ဒါပေမယ့် အရေးကြီးတာက ဒါမှ ဟုတ်မနေတာလေ.."

"မင်းက ငါဆိုလည်း ငါ့ကိုယ်ငါ ယုံကြည်မှုရှိပြီး ငါရဲ့ကြိုးစားအားထုတ်မှုကို ငါကိုယ်တိုင်ယုံကြည်မယ်ဆိုရင် မင်းကို နိုင်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ပြောချင်တာလား"

"ဒါပေါ့...မဖြစ်နိုင်စရာ ဘာအကြောင်းရှိလို့လဲ"

ချွန်းမြောင်က လက်ကိုဝှေ့ယမ်းကာ ဆက်၍ပြောလိုက်လေသည်။

"တကယ်လို့ ဒီဓါးရေးယှဉ်တာမှာ ကျွန်တော့်ကို မင်းရှုံးသွားရင်လည်း အဆင်ပြေပါတယ်...ဘာမှ အဆင်မပြေ ခံစားမနေပါနဲ့......ကျွန်တော်နဲ့ ဓါးရေးယှဉ်ခွင့်ရတာကိုပဲ ဂုဏ်ယူလိုက်ပါ"

"အာ..အဲ့လိုကြီးလား..ထူးဆန်းတာတော့ အတော်ထူးဆန်းတယ်နော်"

လီဆုန်ဘတ်က အောင့်သက်သက် ခံစားသွားရလေသည်။ သို့သော် ဤသို့ စကားစမြည် အနည်းငယ်ပြောလိုက်သည်က သူ၏ကြောက်စိတ်များကိုတော့ အတော်လေးပင် ပြေပျောက်သွားစေသည်ဟု ပြောရပေလိမ့်မည်။

"ဟုတ်ပါပြီ...ဘာပဲဖြစ်ဖြစ် ဂရုစိုက်ပါ....ငါက မင်းကို မယှဉ်နိုင်သေးတာ သိပေမယ့် အကောင်းဆုံးတော့ တိုက်မှာမို့ သတိတော့ ထားစေချင်တယ်"

"ရပါတယ်"

လီဆုန်ဘတ်က ဓါးကို စတင်ကာ ကစားလေတော့၏။

လီဆုန်ဘတ်၏ ဓါးသိုင်းကွက်ကို မြင်သောအခါတွင်မူ ချွန်းမြောင် မျက်မှောင်ကြုတ်မိသွားလေသည်။

ဘာလဲဟ...

တောင်ဘက်အစွန်အဖျားဂိုဏ်းလို တိကျသေချာမှုနှင့် ပြတ်သားထိရှမှုကို အလေးပေးတဲ့ ဂိုဏ်းက ဒီလိုသိုင်းကွက်မျိုး လိုလို့လား....

ဒီသိုင်းကွက်က ဓါးရဲ့ ပုံရိပ်ယောင်ကို ဖန်တီးတဲ့ သိုင်းကွက်ဖန်တီးတာမျိုးမှာပဲ သုံးတာပါ...

နေပါဦး...ဒီသိုင်းက ဟွာဆန်းက သိုင်းကွက်ကြီး မဟုတ်ဘူးလား..

"ငါ မင်းကို နှင်းပန်းဆယ့်နှစ်ချက်ဓါးသွား သိုင်းနဲ့ တိုက်မယ်"

"နှင်းပန်းဆယ့်နှစ်ချက်ဓါးသွားသိုင်း .....ဟုတ်လား"

ချွန်းမြောင် ခေါင်းကိုငြိမ့်ကာသာ အသိအမှတ်ပြုလိုက်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် ထိုကဲ့သို့ သိုင်းမျိုး ရှိမှန်း သူမသိပေ။ ချွန်းမြောင်သိသည်က တောင်ဘက်အစွန်အဖျားဂိုဏ်းသည် 'တန်းရှ သုံးဆယ့်ခြောက်သွယ် ' ဓါးသိုင်းကိုသာ အသုံးများလေပြီး ယခုကဲ့သို့ သိုင်းပညာအသစ်မျိုး တီထွင်ထားသည်ကို မသိခဲ့ပေ။

"ကျား.....ငါ လာပြီဟေ့...သေဖို့တော့ ပြင်ပေတော့"

"လာပါ"

"ယားးးးးး"

လီဆုန်ဘတ်သည် ကြုံးဝါးကာ ချွန်းမြောင်ထံသို့ ပြေးဝင်လာလေ၏။ ချွန်းမြောင်ကမူ အရှုံးပေးလိုက်ရလေမလား၊ သင်ခန်းစာပေး လိုက်ရမည်လား စဉ်းစားနေဆဲပင်။

"အင်း...ငါဘယ်လောက်ပဲ စိတ်ရင်းဆိုးဆိုး ဒါမျိုးတော့ မလုပ်သင့်ပါဘူးလေ"

သူ၏ပြိုင်ဘက်သည်က သက်တူရွယ်တူတစ်ယောက်ယောက်သာဆိုလျင်တော့ ကောင်းကောင်းပညာပေးလိုက်မည် ဖြစ်ပြီး ယခုတွင်က ကလေးတစ်ယောက်ဖြစ်နေသည်မို့ ချွန်းမြောင် စိတ်လျော့လိုက်လေသည်။

ထိုစဉ်မှာပင် လီဆုန်ဘတ်၏ သိုင်းကွက်က ရုတ်တရက်ပြောင်းလဲသွားလေ၏။

ဓါးသိုင်းကွက်သည် မလျင်မြန်၊ သို့သော် လေးလံသိပ်သည်းမှုရှိလေသည်။ အလင်းကဲ့သို့ စူးရှမှုမရှိ ၊ သို့သော် အရောင်အသွေးစုံလေသည်။

ဤသိုင်းကွက်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် လားလားမှ မသက်ဆိုင်။ ချွန်းမြောင်သည်ပင် အလွန်ရင်းနှီးနေသော သိုင်းကွက်ဖြစ်လေသည်။

ထိုသိုင်းကွက်အား လီဆုန်ဘတ်က သုံးသည်ကို မြင်လိုက်သည်နှင့် ချွန်းမြောင်၏မျက်နှာက ချက်ချင်းပင် ဒေါသချောင်းချောင်းထွက်နေသော ပုံသဏ္ဍာန်သို့ ပြောင်းလဲသွားပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်သွားလေတော့သည်။

"ဒါက...."

ချွန်းမြောင်၏ သစ်သားဓါးက လျင်မြန်စွာပင် လှုပ်ရှားသွားလေ၏။

အဟွတ်...

လီဆုန်ဘတ်ကမူ ပါးစပ်မှ သွေးတစ်ပွက်အန်လာပြီး ခဏကြာမှ လဲကျသွားလေသည်။

သို့သော်လည်း ချွန်းမြောင်က ဒေါသပြေသေးဟန် မရပေ။ မေ့မြောလုနီးပါး ဖြစ်နေသော လီဆုန်ဘတ်ကို အင်္ကျီလည်ပင်းမားအစမှ ဆွဲမလိုက်လေ၏။ နတ်ဆိုးတစ်ကောင်ကဲ့သို့ စိတ်လွတ်နေသော ချွန်းမြောင်ကို ကြည့်ကာ လီဆုန်ဘတ်ကမူ ကြောက်ရွံနေပြီ ဖြစ်လေသည်. ။

"မင်း အဲ့ဒီသိုင်းကို ဘယ်ကသင်ခဲ့တာလဲ .....ပြောစမ်း"

"အဟွတ်...အဟွတ်...ဒါက"

"မင်း...."

နှင်းပန်းဆယ့်နှစ်ချက် ဓါးသွားသိုင်း ဟုတ်လား....

သောက်ပိုတွေ...

ဤသည်က ဟွာဆန်း၏ ဇီးပန်းပွင့်ဓါးသူရဲကောင်းဖြစ်သူ ချွန်းမြောင် အလွန်တရာပင် ရင်းနှီးလှစွာသော ဇီးပန်းပွင့် ဓါးသိုင်းပင် ဖြစ်လေသည်။

ဟွာဆန်း၏ မူပိုင်ဓါးသိုင်းဖြစ်လေပြီး ဟွာဆန်း၏ အထင်ကရ ဓါးသိုင်းလည်း ဖြစ်လေသည့် ဇီးပန်းပွင့် ဓါးသိုင်းလည်း ဖြစ်လေသည်။

နှစ်ဆယ့်လေးချက် ဇီးပန်းပွင့် ဓါးသိုင်း

ဤသည်က ဟွာဆန်းဂိုဏ်းတွင် ယခုလက်ရှိ ပျောက်ဆုံးနေသော နှစ်ဆယ့်လေးချက် ဇီးပန်းပွင့်ဓါးသိုင်းပင် ဖြစ်လေ၏။

အဘယ်သို့သော အကြောင်းကြောင့် ထိုသိုင်းကို တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်က တတ်နေသနည်းဆိုသည်ကတော့ ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်လာလေတော့သည်။

All Chapters