← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အပိုင်း (၆၁)

ဂိုဏ်းချုပ်.....ဒီတစ်ယောက်ကတော့ ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားပဲ (၁)

"ဘယ်....ဘယ်နေရာကနေ ငါက သင်ထားရမှာလဲ....အဟွတ်"

လီဆုန်ဘတ်က သွေးတွေအန်နေဆဲပင်မို့ ချွန်းမြောင်က စိတ်လျော့ကာ သက်ပြင်းချလိုက်ပြီး ဆွဲမထားသည့် အင်္ကျီစကို လွတ်ပေးလိုက်လေသည်။

ငါတော့ လမ်းစဝေးတော့မှာလားပဲ......

လီဆုန်ဘတ်က ဤသိုင်းပညာကို သုံးလိုက်သည်မို့ သူစိတ်မထိန်းနိုင်ဖြစ်သွားသော်လည်း သူ့အနေနှင့်မူ ကလေးတစ်ယောက်အား ထိုသို့ မဆက်ဆံသင့်ပေ။ လီဆုန်ဘတ်ကိုယ်တိုင်ကလည်း ဤသိုင်းပညာများကို တဆင့်သင်ယူထားရသည်သာ ဖြစ်ပြီး သူကိုယ်တိုင်ဖန်တီးနိုင်စွမ်းလည်း ရှိနေသူ မဟုတ်ပေ။

"ကျွတ်"

ချွန်းမြောင်က လက်ကိုဆန့်ကာ လီဆုန်ဘတ်၏ လည်ပင်းသို့ ရိုက်လိုက်သည်နှင့် တုန်ရီနေသော လီဆုန်ဘတ်၏ကိုယ်ခန္ဓာသည် တည်ငြိမ်သွားလေပြီး အသက်လည်း ဝဝရှုနိုင်သွားလေသည်။ ချွန်းမြောင်သည်လည်း ဒေါသကို ငြိမ်အောင်ထိန်းလိုက်လေပြီး စိတ်ကိုလုံးဝငြိမ်သက်သွားစေရန် ကောင်းကင်သို့ ခါးထောက်ကာ ကြည့်နေလိုက်လေသည်။

"အဲ့တာက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ သိုင်းပညာအသစ်လား"

"ဟုတ်ပါတယ်"

"အဲ့တာက နှင်းပန်းပွင့်ဆယ့်နှစ်ချက် ဓါးသွားသိုင်းပညာပေါ့ ဟုတ်လား"

"ဟုတ်....ပါတယ်"

ချွန်းမြောင် ခါးသက်စွာပြုံးလိုက်လေ၏။

ဒီတော့ကာ သူတို့က နာမည်လေးတောင် ပြောင်းထားလိုက်သေးတယ်ပေါ့....

ဤသည်က ဟွာဆန်းအား သက်သက်ကြီးပင် မထီမဲ့မြင်ပြုခြင်း ဖြစ်လေပြီး ဟွာဆန်းဂိုဏ်းမှ လူများကမူ ဂိုဏ်းပြင်ပတွင် ဖြစ်ပျက်နေသော အရာများကို သိပင်မသိရချေ။

အဲ့လိုကြီးကတော့ လုံးဝကို မဖြစ်သင့်တာကွာ....

တောင်ဘက်အစွန်အဖျားဂိုဏ်းအနေနှင့် ထိုသို့ ဟွာဆန်းဂိုဏ်းမှ သိုင်းပညာများကို သိသိသာသာပင် ကူးယူထားသည်ကို ဟွာဆန်းဂိုဏ်းက လူများက မသိကြချေ။ မိမိတို့ ရှေ့တွင်ပင် ထိုသိုင်းပညာများကို ထုတ်သုံးကာ ချပြနေလင့်ကစား မိမိတို့၏ဂိုဏ်းမှ သိုင်းပညာဟူ၍ သိကြရမည် မဟုတ်ပေ။ ဤသိုင်းပညာက ဟွာဆန်းတွင် ပျောက်ကွယ်သွားသည်က နှစ်အနည်းငယ်မျှပင် မကတော့ချေ။ ကြာမြင့်လေပြီ ဖြစ်၏။

ဤသည်ကို တမင်သက်သက်ပင် ဟွာဆန်းဂိုဏ်းအား မထီမဲ့မြင် ပြုခြင်း ဖြစ်လေပြီး တမင်ပင် စိန်ခေါ်ထားသည်နှင့်လည်း တူလှပေသည်။ ချွန်းမြောင်သည်သာလျှင် ပြန်လည်မမွေးဖွားလာခဲ့လျှင် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ထိုကဲ့သို့ သူတို့၏ သိုင်းပညာများကို ခိုးယူပုံတူပွားထားသည်ကို သိရမည်ပင် မဟုတ်ချေ။ ထိုသို့ သိုင်းပညာကို ခိုးယူသွားသည်လူကိုမူ ချွန်းမြောင်က ကောင်းကောင်းကြီး သင်ခန်းစာပေးရန် ရင်ထဲတွင် ပြင်ဆင်ပြီး ဖြစ်နေလေပြီဖြစ်သည်။

"ဆိုတော့ မင်းတို့ဂိုဏ်းက လူအကုန်လုံး ဒီသိုင်းကို သင်ရတာလား"

"......"

"ဟေ့.....ပြောတာ ကြားရဲ့လား...ဘာတွေ အတွေးလွန်နေတာလဲ"

လီဆုန်ဘတ်က ချွန်းမြောင်၏အမေးကို ခေါင်းငြိမ့်ကာ ဖြေလေသည်။

"ဒုတိယတန်းတပည့်တွေရော"

"ဒုတိယတန်းတပည့်တွေရောလား...

ဆိုတော့ ဆရာတွေရော ၊ ပထမတန်းတပည့်တွေရော၊ ဒုတိယတန်းတပည့်တွေရော အကုန်လုံး ဒီသိုင်းပညာကို သင်ရတာလား"

"ငါ ကြားဖူးတာတော့ ပထမတန်း တပည့်တွေကစပြီး သင်ရတာပဲ...

သူတို့က ဒီသိုင်းပညာကို ပထမဆုံးသင်ရတဲ့သူတွေ...ပြီးမှ ဒုတိယတန်းတပည့်တွေက သင်ရတာ"

"ဆရာတွေ မသင်ရဘူးလား"

လီဆုန်ဘတ်၏ စကားများကို နားထောင်ကြည့်ပြီးသောအခါတွင်မူ ချွန်းမြောင်က တရားခံဖမ်းရန် ခြေရာကောက်မိလာပြီး မျက်လုံးများက တောက်ပလာလေတော့သည်။ ဖြစ်နိုင်ချေရှိသည်က အကြီးအကဲထဲမှ တစ်ယောက်က ဟွာဆန်း၏ သိုင်းပညာကို ခိုးယူသွားပြီး သူတို့၏ပထမတန်းတပည့်များကို စတင်ကာ လက်ဆင့်ကမ်းခဲ့ဟန် တူလေသည်။

ဆို‌တော့ ဒီသိုင်းပညာကို အစအဆုံးအကုန်သင်ထားရတဲ့သူတွေ သူတို့ဂိုဏ်းထဲမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောပေါ့....

ဤသည်က သတင်းကောင်းပင်။

သူတို့၏ဟွာဆန်းမှ သိုင်းပညာကို မသမာသောနည်းဖြင့် ခိုးယူသွားသော အကြီးအကဲကို သိ၍ရနိုင်သေးသည်ဟူသော လမ်းစရှိသည်မို့ ချွန်မြောင်က ကျေနပ်သွားလေတော့သည်။

အေးပေါ့ကွာ....ငါတို့ ဟွာဆန်းက သိုင်းပညာကို မ သွားတဲ့သူခိုးကောင်ရယ်.....မင်း က ဘယ်သူလဲ မသိပေမယ့်

တန်ရာတန်ကြေးတော့ ပြန်ပေးရအောင် ငါလုပ်ဦးမှာပါ...

ချွန်းမြောင်က အံကိုကြိတ်ကာ စိတ်ထဲမှ ကြိမ်းဝါးလိုက်လေသည်။

သိုင်းပညာကို မည်သို့ခိုးယူသွားသည်က ရှည်ရှည်ဝေးဝေးစဉ်းစားနေရန်ပင် မလိုချေ။

နတ်ဆိုးဂိုဏ်းသည် သူတို့၏ခေါင်းဆောင် နတ်ဆိုးဂိုဏ်းချုပ်အား ချွန်းမြောင်က သတ်လိုက်ခြင်းကြောင့် ဟွာဆန်းသို့ လာရောက်ကာ လက်စားပြန်ချေကြလေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းအနေနှင့်မူ အနီးဆုံးတွင်ရှိသော အိမ်နီးချင်းဂိုဏ်းအနေနှင့် ဟွာဆန်းအား ကူညီရန် သေချာပေါက်ပင် လာရောက်ကြမည် ဖြစ်လေသည်။ သို့သော်လည်း ကူညီရန်လာခြင်း မဟုတ်ဘဲ ဒုက္ခရောက်နေချိန်တွင် ကျူးကျော်ဝင်ရောက်ခြင်းသာ ဖြစ်လေပြီး အခက်ခဲတွေ့နေသည်ကို အခွင့်ကောင်းယူကာ မကူညီဘဲ ဟွာဆန်းကျရှုံးသွားသည်ကိုသာ လက်ပိုက်ကြည့်နေခဲ့ကြလေသည်။ ဟွာဆန်းပျက်သုန်းသွားမှသာလျှင် ကမ္ဘာကြီးက သူတို့တောင်ဘက်အစွန်အဖျားဂိုဏ်းကို သတိပြုမိ လာမည်ဖြစ်သည်မို့ ထိုသို့ လုပ်ဆောင်ခဲ့ကြခြင်းပင်။

ဒင်းတို့က ငါတို့ကို ကူညီယောင်ဆောင်ပြီး တကယ်တမ်းက နောက်ကျောကနေ ဓါးနဲ့ထိုးပြီး ဟွာဆန်းရဲ့ သိုင်းပညာတွေကိုပါ ခိုးယူသွားတာပေါ့....

တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလိုပင် ။ ဟွာဆန်းဒုက္ခရောက်သည်ကို တမင်အခွင့်အရေးယူကာ ထိုသို့ လုပ်ဆောင်သွားကြခြင်းပင် ဖြစ်လေသည်။ ချွန်းမြောင်အနေနှင့်မူ ဟွာဆန်းအား လာရောက်ကာ ဖျက်စီးသည့်ဂိုဏ်းသည်နတ်ဆိုးဂိုဏ်းပင် ဟုတ်မှဟုတ်ပါလေစဟု သံသယဝင်မိလာလေတော့၏။

တွေးမိလေလေ ဒေါသထွက်လာလေလေဖြစ်သည်မို့ ချွန်းမြောင် အံကိုတင်းတင်းကြိတ်ထားရာ သွားများမှပင် အသံများထွက်လာကြလေသည်။ တွေးမိလေလေ သည်းမခံနိုင်လေလေ ဖြစ်လာရလေ၏။

"ဒီခွေးမျိုးတွေကတော့....."

ချွန်းမြောင်ကမူ ဂိုဏ်းများအားလုံးကို ကယ်တင်ရန်အတွက် အသက်စွန့်ခဲ့သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ ထိုသို့ ကျေးဇူးဆပ်လိုက်လေသည်။ ခံပြင်းနာကြည်းဖွယ် ကောင်းလှပေသည်။

လူသားတိုင်း အမှားနှင့် မကင်းကြသည်က သဘာဝပင် ဖြစ်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တစ်ဦးတစ်ယောက်က ဟွာဆန်းဂိုဏ်းကို ကယ်တင်လာရောက်ရာမှ မကယ်တင်ဘဲ ဟွာဆန်း၏ သိုင်းပညာများကို လောဘမတတ်နိုင်ကာ ခိုးသွားသည်အထိက ခွင့်လွှတ်၍ ရနိုင်လေသေးသည်။ သို့သော် ထိုလူ၏ အမှားကို ပြုပြင်ပေးခြင်းမရှိဘဲ ဂိုဏ်းကပါ အလိုတူအလိုပါနှင့် သိုင်းပညာများကိုပါ ပုံတူပွား လက်ဆင့်ကမ်း သင်ကြားပေးသည်ကတော့ လက်ခံပေးကာ ခွင့်လွှတ်နိုင်ဖွယ် မရှိတော့ပေ။ သိုင်းပညာကို ပုံတူကူးကာ သင်ကြားရုံသာမက အမည်နာမပါ ပြောင်းထားလိုက်လေသေးသည်။ ဟွာဆန်းအား ပမာမခန့်နိုင်လိုက်ပုံက ရင်နာစရာပင်။

"ဘယ်လောက်တောင် ချီးဆန်လိုက်တဲ့ ချီးတွင်းကြီးလဲ..."

ချွန်းမြောင် ကြိမ်းဝါးကာ လီဆုန်ဘတ်ကို ကြည့်လိုက်လေသည်။

"မင်း..."

"အာ..အင်...ပြောလေ"

"အဲ့သိုင်းကို မသင်နဲ့"

"ဟမ်..ဘာလို့လဲ"

"ငါက မသင်နဲ့ဆို မသင်နဲ့ပေါ့..ဘာတွေ လေလာရှည်နေတာလဲ..ခွေးသား"

ချွန်းမြောင်က လီဆုန်ဘတ်အား ငေါက်ငမ်းကာ နရင်းတစ်ချက်အုပ်ကြလိုက်လေသည်။ လီဆုန်ဘတ်ကမူ နာကြင်သွားသောခေါင်းကို ပွတ်ကာ ရှုံခွက်နေလေ၏။

"အားးးနာတာ"

"ကျွတ်"

ချွန်းမြောင်ကမူ အလကားသက်သက်ကြီး ရိုက်လိုက်ပြီးသော်လည်း နာကြင်နေသော လီဆုန်ဘတ်ကို ကြည့်ကာ စိတ်မကောင်းနိုင်ပေ။

"အဲ့တာက ဆက်ပြီးတိုးတက်မှာ မဟုတ်တော့ဘူး"

"..........."

လီဆုန်ဘတ်က ချွန်းမြောင်ပြောသည်ကို နားမလည်သော မျက်လုံးလေးနှင့် ကြည့်လာလေသည်။ ချွန်းမြောင် နှုတ်ခမ်းကို ကိုက်ကာ စိတ်လျော့လိုက်လေရ၏။ ထိုအူလည်လည်ကောင်အား သူနောက်တကြိမ် နာရင်းအုပ်ချင်လာသောကြောင့် ဖြစ်လေသည်။

ပြောရလျှင်မူ ချွန်းမြောင် ဤအဖြစ်အပျက်ကြီးကို သိရသည်က လီဆုန်ဘတ်က သူ့အား ဓါးရေးယှဉ်ရန် ပြောလာခြင်းကြောင့် ဖြစ်ပြီး သွယ်ဝိုက်သောအားဖြင့် ပြဿနာသိစေသော ကျေးဇူးရှင်ဟုပင် ဆို၍ ရလေသည်။

ချွန်းမြောင်သည် ကျေးဇူးတရားကို အထူးသိတတ်သာ ကျေးဇူးကိုလည်း မျက်ကွယ်ပြုတတ်သူ မဟုတ်ချေ။ သို့ဖြစ်ပါ၍ လီဆုန်ဘတ်အား ကျေးဇူးတုန့်ပြန်ရန် လိုလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ သိုင်းပညာက အခြေခံအပေါ်မှာ အများကြီးမူပွားပြီးမှ သင်ကြားတာ..

မင်းတို့ဂိုဏ်းရဲ့ သိုင်းကွက်တွေက များသောအားဖြင့် လေးကန်ပြီး ဖြေးဖြေးညင်းညင်းပဲ...ဒါပေမယ့်..

ဒီသိုင်းကကျ ပေါ့ပါးပြီး သိမ်မွေ့သလောက်လည်း စူးရှထက်မြက်မှု ရှိနေရမှာ.....

မင်း အနာဂတ်မှာ အောင်အောင်မြင်မြင်ဖြစ်ချင်တယ်ဆိုရင် ဒီသိုင်းကို စွန့်လွတ်လိုက်...မင်းမှာရှိတဲ့ အခြေခံနဲ့ မကိုက်ညီဘူး"

"ဒါပေမယ့် အကြီးအကဲပြောတာတော့ ဒီသိုင်းပညာမှာ နောက်ထပ်တစ်ဆင့်ပဲ ကျန်တော့တာလို့ ပြောတယ်...

ပြီးရင် အမြင့်ဆုံးအဆင့် ရောက်ပြီတဲ့"

"အေးပေါ့...သူတို့ကတော့ အဲ့လိုပဲ ပြောမှာပေါ့"

တောင်ဘက်အစွန်အဖျားဂိုဏ်းတွင် သူတို့ 'နှင်းပန်းပွင့် ဆယ့်နှစ်ချက်' ဟု အမည်ပေးထားသော ဓါးသိုင်းကို အလုံးစုံပြီးမြောက်အောင် ကျင့်ကြံနိုင်သူက မရှိ၍ ထိုသို့ စိတ်ဖြေနှစ်သိမ့်စကားပြောမည်ကို ချွန်းမြောင် သိပြီးသားပင်။

မှန်ကန်သော အခြေခံကသာ ပြည့်စုံကောင်းမွန်ကာ အစွမ်းထက်သော သိုင်းပညာတစ်ခုကို ဖန်တီးပေးမည် ဖြစ်ပြီး အခြေခံအုတ်မြစ်နှင့် လုံးလုံးဆန့်ကျင့်နေသော သိုင်းပညာကမူ မည်မျှပင် အဖိုးတန်ကာ အစွမ်းထက်နေပါစေ ကျင့်ကြံအားထုတ် လေ့ကျင်ပုံမတူ၍ ကောင်းမွန်ပြည့်စုံသော ရလဒ်ကို ရမည်မဟုတ်ပေ။ သို့ဖြစ်၍ မိမိတို့၏ စိတ်ကို နှစ်သိမ့်ပေးနိုင်စေရန် နှစ်သိမ့်စကားဆိုကြမည်က ဧကန်ပင် ဖြစ်လေသည်။

ဘယ်တောင်ပိုင်းသားကများ ငါ့တို့ရဲ့ သိုင်းပညာကို အပြည့်အဝနားလည်မှာတဲ့လဲ....

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် အခြေခံမတူလျှင် ရလဒ်မကောင်းနိုင်သည်ကို သိသိကြီးနှင့်ပင် အဘယ်ကြောင့် ဤသိုင်းပညာကို ခိုးယူသွားသည် မသိပေ။ ခေါင်းပင် အတော်ခြောက်သွားလေသည်။

အဆုံးသတ်တွင်မူ ချွန်းမြောင် ဖြစ်နိုင်ချေအရှိဆုံး အဖြေတစ်ခုကို ရသွားလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဟွာဆန်းမှ ချွန်းမြောင်နှင့် ဓါးရေးယှည်ကြသည့် အချိန်တိုင်းတွင် အမြဲလိုလိုပင် ရှုံးနိမ့်နေပြီး နိုင်ပွဲဟူ၍ မရှိပေ။ ထို့ကြောင့်ပင် ချွန်းမြောင်အားလည်း အလွန်အကျွံပင် မုန်းတီးနေပြီး သိုင်းပညာအား ခိုးယူသွားရသည့် အကြောင်းရင်ကလည်း ဤသည်ပင် ဖြစ်လေ၏။ သူတို့အမြဲ ရှုံးနိမ့်ခဲ့ရသော သိုင်းပညာကို အသုံးပြုကာ ဟွာဆန်းမှ လူများကို ပြန်လည်အနိုင်ယူရန် ဖြစ်လေသည်။

ထိုသို့ ဟွာဆန်း၏ သိုင်းပညာကို သင်ကြားထားခြင်းကြောင့် သူတို့ဂိုဏ်း၏ မူလအရည်အသွေးများ ကျဆင်းသွားလေလျှင်ရော.....လုံးဝပင် အဖြစ်မခံမည့် ကိစ္စပင်။

အကယ်၍ ဂိုဏ်းသားများ၏ အရည်အသွေးကျဆင်းသွားလျှင်ပင် သူတို့က ထိုအဖြစ်အပျက်ကို ဂိုဏ်းကြီးဆယ်ဂိုဏ်းအား အသိခံမည် မဟုတ်ပေ။ သေချာပေါက် ဖုံးကွယ်ထားပေလိမ့်မည်။ ထို့ပြင် သမိုင်းအဆက်ဆက်တွင်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းမှ သူရဲကောင်းများစွာရှိခဲ့သည်မို့ အထူးတလည်တော့ ကြိုးစားဖုံးကွယ်နေရန်လည်း မလိုပေ။ သို့သော် ရှိခဲ့သောသူရဲကောင်းများသည် ချွန်းမြောင်လက်ထက်တွင်မူ အားလုံးက အရှုံးသမားများပင် ဖြစ်ခဲ့လေပြီး ချွန်းမြောင်အား ယှဉ်ပြိုင်နိုင်သူ မရှိခဲ့ချေ။

အင်းလေ....သမိုင်းနဲ့ချီပြီး အရှုံးသမားဖြစ်ခဲ့တော့လည်း သိုင်းတွေခိုးတာ ဆန်းတော့ မဆန်းပါဘူး...

အရူးတွေ...ငတုံးတွေ...

ငါကဖြင့် သူတို့တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ မဟာဓါးသိုင်းကို သေအောင် လေးစားတာကို ..

သူတို့က ငါတို့ဟွာဆန်းရဲ့ သိုင်းပညာကို လာခိုးရတယ်လို့...

အမှန်စင်စစ်တွင်မူ သိုင်းသမားများ အနေနှင့် မည်သည့်သိုင်းပညာကို သုံးသည်ဆိုသည်က အဓိက မဟုတ်ပေ...

မိမိသင်ကြားထားသည့် သိုင်းပညာကို မည်မျှချဲ့ထွင်အသုံးပြုနိုင်သည် ဆိုသည်ကပင် အဓိက ဖြစ်လေသည်။

"ကောင်းပြီ....ဒါဆိုလည်း"

တိတ်ဆိတ်နေသော လီဆုန်ဘတ်က စကားပြောလာလေ၏။

"ငါ က ဒီနှင်းပန်းပွင့် ဆယ့်နှစ်ချက် ဓါးသွားသိုင်းပညာကို မသင်သင့်တော့ဘူးလား..."

"အင်းပေါ့"

"ဒါပေမယ့်"

လီဆုန်ဘတ်က ပြောရန် တွန့်ဆုတ်နေပြီး ချွန်းမြောင်ကို တချက်ကြည့်လိုက်ပြီးမှ ဆက်ကာ ပြောလိုက်လေ၏။

"ငါတို့ရဲ့ ဘဝကိုတော့ တခြားသူတွေက လာပြီး သတ်မှတ်ရွေးချယ်ပေးလို့ မရဘူးလေ"

"..........."

"တခြားသူတွေရဲ့ အကြံပေးတာတွေက မင်းကိုကောင်းနိုင်ပေမယ့် မင်းဘဝအတွက် လမ်းကို ရွေးတဲ့အခါမှာတော့ အကြီးအကဲတွေ၊ မိတ်ဆွေတွေရဲ့ စကားလုံးတွေကြောင့် မဟုတ်ဘဲ မင်းကိုယ်တိုင်ပဲ ရွေးချယ်ရမှာလေ....မင်းလည်း သိပါတယ်....လူတွေရဲ့ ဘဝတွေကို မင်းလိုက်ပြီး ပြုပြင်နေလို့ မရသလို မင်းရဲ့ဘဝကိုလည်း တခြားသူတွေက ပြုပြင်ပေးလို့ မရဘူးဆိုတာ"

ချွန်းမြောင်ကမူ လီဆုန်ဘတ်၏ စကားကို တစ်ခွန်းတစ်လေပင် မတုံ့ပြန်ဘဲ အန်ဟာဘက်သို့သာ တည့်တည့်မတ်မတ် လျောက်လာခဲ့လိုက်လေသည်။

"ခဏ....ခဏ ..စောင့်ပါဦး"

နောက်မှ အော်သံကြောင့် ချွန်းမြောင် ခဏရပ်ကာ စောင့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်လေသည်။

လီဆုန်ဘတ်က ချွန်းမြောင်အား ဦးညွှတ်ကာ အရိုအသေပေးလာလေသည်။

"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ရပါတယ်...ဒါက ဘာမှ မဟုတ်ပါဘူး"

ချွန်းမြောင်က လက်ကိုခါကာ အဆင်ပြေကြောင်း ပြောပြီး ဆက်ကာထွက်လာခဲ့လေတော့သည်။

လီဆုန်ဘတ်ကမူ ထွက်သွားသော ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းလေးကြီးတစ်ချက် ချလိုက်လေသည်။

"ငါတော့ တကယ့်ကို တောက်(ဝါ)တာအို ကိုယ်တော်တစ်ပါးနဲ့ တွေ့လိုက်တဲ့ အတိုင်းပဲ"

ချွန်းမြောင်ကမူ ဒေါသမပြေ...အမျက်ချောင်းချောင်း ထွက်ကာ မျက်နှာကြီးပင် နီရဲနေလေသည်။

"တွေးကြည့်လေလေ ရွံစရာကောင်းလေလေပဲ ...ခွေးသားတွေက"

ဟွာဆန်း၏ သိုင်းပညာကိုမှ ခိုးယူကာ သင်ကြားရဲလေသည်။ ဖြစ်နိုင်လျှင်မူ ယခုပင် တောင်ဘက်အစွန်အဖျားဂိုဏ်းသို့ သွားကာ စိစိညက်ညက်ချေလိုက်ချင်သော်လည်း သူ မလုပ်နိုင်ပေ။

"အားးး ဆရာတူအကိုကြီး.......လောကကြီးက ဘယ်လိုဆိုတာ မြင်ပြီမို့လား...

ကျေးဇူးပြန်ဆပ်ရမယ့်အစား ခွေးသားတွေက ချီးပါသုတ်လိုက်ကြသေးတယ်....သူတို့အပေါ်ကို ကျွန်တော် မကောင်းခဲ့တာ မှားကို မမှားဘူး"

ဤအရှုပ်အထွေးကြီးကို ယခုပင်ရှင်းကာ တောင်ဘက်အစွန်အဖျားဂိုဏ်းကို သူ ချေမှုန်းပစ်လိုက်ချင်လေသည်။ သူ၏ ဆရာတူအကိုကြီးကတော့ သူ့ကိုကြည့်ကာ လှောင်နေမလားပင်။ ဤ ပြဿနာကြီးကို ရှင်းပစ်နိုင်ရန် သူအမြန်ပင် အရွယ်ရောက်လာပြီး အင်အားကောင်းနေရန်လည်းလိုအပ်လေသည်. ။

ချွန်းမြောင်သည်သာ ဇီးပန်းပွင့်သူရဲကောင်းဘဝ ဖြစ်နေလျှင် ဤမျှ ဒေါသအဖြစ်ခံကာ သည်းခံမြိုသိပ်နေမည် မဟုတ်ပေ။ ယခုပင် သွားကာ တောင်ဘက်အစွန်အဖျားဂိုဏ်းကို မြေလှန်ပစ်လိုက်မည် ဖြစ်လေသည်။ သို့သော် ယခုတွင်မူ သူသည် တတိယတန်းတပည့်လေးတစ်ယောက်သာ ဖြစ်လေပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးအား အမြစ်မှဆွဲလှန်လိုက်နိုင်သည့် အင်အားမျိုး သူ့ထံတွင် ရှိမနေပေ။

ငါ မြန်မြန် အရွယ်ရောက်လာမှပဲ ဖြစ်မယ်....

အင်အားကြီးသူသည်သာ အနိုင်ရစမြဲမို့ မြန်မြန်အရွယ်ရောက်လာကာ အင်အားကြီးမားသူ ဖြစ်လာရန် လိုအပ်လေသည်။ ယခုအခြေအနေတွင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် အလွန်ပင် အင်အားတောင့်တင်းနေပြီး သိုင်းပညာများ ခိုးယူခံထားရသည်ကို ဟွာဆန်းမှအကြီးအကဲများ သိသွားလျှင်လည်းပဲ အင်အားချင်းမယှဉ်နိုင်၍ မည်သို့မှ တုံ့ပြန်နိုင်မည် မဟုတ်ပေ။ သိသိကြီးနှင့်သာ ငြိမ်ခံနေရမည် ဖြစ်လေသည်။

"အခုအချိန်လေးပါပဲ"

ချွန်းမြောင် အံကြိတ်လိုက်ပြန်သည်။

"ပြန်ပေးဆပ်ရမယ့် အချိန်က သေချာပေါက် ပြန်ရောက်လာမှာပါ"

ချွန်းမြောင်အနေနှင့်မူ သူအသက်ရှင်နေသ၍ ကာလပတ်လုံး ထိုလက်စားချေရန်ကိစ္စကို လုပ်ဆောင်သွားမည်ဟု စိတ်ထဲတွင် တေးထားလိုက်လေသည်။ ယနေ့သည် တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ဟွာဆန်းသည် ရန်သူပြိုင်ဘက်များ ဖြစ်ကြသည်ကို ချွန်းမြောင်၏ စိတ်ထဲတွင် အတိအလင်းကြေငြာလိုက်သောနေ့ဖြစ်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းက စတင်ကာ စည်းကျော်လာခဲ့ပြီမို့ ထိုအတွက် သေချာပေါက်ပင်ပေးဆပ်ရမည် ဖြစ်လေ၏. ။ တခြားသူများအနေနှင့်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းကို လက်စားချေရန်ကိစ္စက မဖြစ်နိုင်ဟု ထင်ရသော်လည်း ချွန်းမြောင်အတွက်မူ မဖြစ်နိုင်သည် ဟူသည်က မရှိပေ။

ချွန်းမြောင်သည် သူ့ကိုယ်သူ အင်အားကြီးလာအောင် ပျိုးထောင်သကဲ့သို့ ဟွာဆန်းကိုလည်း အင်အားကြီးဂိုဏ်းဖြစ်လာအောင် မြေတောင်မြှောက်ကြိုးစားမည်ဟု သံဓိဌာန် ချလိုက်လေတော့သည်။

"နှင်းပန်းဆယ့်နှစ်ချက် ဓါးသွားတဲ့လား"

"ဘယ်လိုတောင် ပြဿနာရှာတတ်တဲ့ကောင်တွေပါလိမ့်"

"မင်းတို့ကို လောလောဆယ်တော့ လွတ်ပေးထားလိုက်မယ်....ထမင်းဝအောင်သာ စားထားကြ"

"မင်းတို့ ပြဿနာရှာတဲ့သူ အရွေးမှားသွားပြီ..."

"ဟွာဆန်းရဲ့ ကျေးဇူးတရားကို မသိတတ်တဲ့အပြင် ဂိုဏ်းကို ကျေးစွပ်ပြီး စော်ကားလိုက်သေးတယ်...

မင်းတို့ ပြန်ပေးဆပ်ဖို့ ပြင်ထားကြ...တောင်ပိုင်းဂိုဏ်းသားတွေ"

ချွန်းမြောင်က ကြိမ်းဝါးကာ ကုန်သည်အဖွဲ့ဆီသို့ လမ်းလျှောက်လာလေသည်။

ချွန်းမြောင်၏ တောင်ဘက်အစွန်အဖျားဂိုဏ်းအား လက်စားချေမည့် အစီအစဉ်ကြီးသည် အတော်လေးပင် နီးစပ်နေပြီ ဖြစ်သည်ကို ချွန်းမြောင် လုံးလုံးပင် မသိလိုက်ချေ။

အပိုင်း (၆၂)

ဂိုဏ်းချုပ် .......ဒီတစ်ယောက်ကတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပဲ(၂)

ဟွာဆန်းဂိုဏ်းတွင်း အခြေအနေက လုံးဝပင် ကသောင်းကနင်းဖြစ်နေလေ၏။

အကြောင်းရင်းကမူ တတိယတန်းဂိုဏ်းသားလေးတစ်ယောက်သည် ဟွာဆန်းမှ ရုတ်တရက်ပျောက်ဆုံးသွားသည်က ခုနှစ်ရက်နှင့် ခုနှစ်ည ကြာမြင့်သွားပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။

ဤသည်က ပြဿနာကြီးပင်။ တော်တော့်ပင် ကြီးမားသော ပြဿနာကြီး ဖြစ်လေသည်။

ဟွာဆန်းဂိုဏ်း ပြိုလဲပျက်စီးနေချိန်တွင် ညဘက်၌ ထွက်ပြေးသွားတတ်ကြသူများ တစ်ယောက်စနှစ်ယောက်စ ရှိတတ်သောကြောင့် ထိုသို့သောအခြေအနေက ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။

ထို့ကြောင့်ပင် ဟွာဆန်း၏ အခြေအနေက အဆိုးဝါးကြီး ဖြစ်နေသေးသည် မဟုတ်ပေ။ မဟုတ်လျှင်မူ လေထုကြီးက အတော့်ပင် ကြောက်မက်ခြောက်ခြားဖွယ် ဖြစ်နေလိမ့်မည်။

"သူ မတော်တဆ တစ်ခုခုများ ဖြစ်နေလို့လား....."

"မတော်တဆလား"

"ကျွန်တော်ကတော့ ကျွန်တော်တို့ သူ့ကို ဒီလောက်စောင့်နေတာတောင် ပေါ်မလာမှတော့ သူပြန်မလာတော့ဘူးလို့ ထင်တယ်.....ဒါပေမယ့်လည်း သူ ဟွာဆန်းက ထွက်သွားစရာ အကြောင်းလည်း ရှိမှမရှိတာကို ..နော့်"

"ဟုတ်တယ်....ငါလည်း မင်းတွေးသလိုပဲ တွေးမိနေတာ"

ယွန်းဂျွန်က ခေါင်းငြိမ့်ကာ ပြောလိုက်လေသည်။

ဂျိုကုပြောသည်ကလည်း ဟုတ်ပေသည်။ ချွန်းမြောင်သည် ဟွာဆန်းမှ ထွက်သွားရန် အကြောင်းမရှိပေ။

အကယ်၍ သူသည်သာ ထွက်သွားရန် စိတ်ကူးရှိခဲ့လျှင် သူ့အား ဆေးလုံးပေးသွားရန် အကြောင်းမရှိပေ။ ဤကဲ့သို့သော အဖိုးတန်ဆေးလုံးကို ပေးပြီးကာမှ ဟွာဆန်းက ထွက်သွားသည် ဆိုသည်က လုံးဝပင် အဓိပ္ပါယ် မရှိသောကိစ္စဖြစ်လေသည်။ တစ်ဂိုဏ်းလုံးကို အဆိပ်ခတ်၍ ထွက်သွားသည်ဆိုသည်ကမှ အဓိပ္ပါယ် ရှိလေဦးမည်။

"တကယ်လို့ ချွန်းမြောင်က ဂိုဏ်းက ထွက်ပြေးသွားစရာ အကြောင်းမရှိဘူးဆိုရင် သူက ဘာလို့ အခုချိန်ထိ ပြန်မလာသေးတာလဲ......သူ အန္တာရယ်တစ်ခုခုများ ကြုံနေရလို့လား"

"ဂု"

"ဟုတ်ကဲ့ ..ဆရာတူအကိုကြီး"

"ငါတော့ ဘယ်လိုပဲတွေးကြည့်တွေးကြည့် ချွန်းမြောင် ဒုက္ခရောက်နေတဲ့ပုံကို စိတ်ကူးယဉ်ကြည့်လို့တောင် မရဘူး"

"........"

"မင်းရော အဲ့လိုတွေးကြည့်လို့ရလား"

"ကျွန်တော် တွေးကြည့်လိုက်ဦးမယ်"

ချွန်းမြောင်၏ အပြုံးမျက်နှာက ဂျိုဂု၏ စိတ်ထဲတွင် ပေါ်လာလေသည်။ ပြောင်ချော်ချော် အပြုံးနှင့် ထိုလူသားအား မည်သို့မှပင် ဒုက္ခရောက်နေသည့်ပုံနှင့် မြင်မရပေ။ တွေးကြည့်လိုက်လေတိုင်း ပြောင်ချော်ချော် မျက်နှာကြီးကသာ ပေါ်လာလေသည်။

လုံးဝပဲ...

ချွန်းမြောင်ဆိုသည်က ဒုက္ခဆိုတာ ဂျိုနှင့်လား ဟုပင် မေးမည့်အမျိုးပင်။ ငရဲရောက်သွားလျှင်တောင်ပင် ငရဲမင်းကို ဒုက္ခပေးကာ လူ့ပြည်ပြန်တက်လာမည့်အမျိုးပင်မို့ ချွန်းမြောင်ဒုက္ခရောက်နေသည်ဆိုသည်က လုံးလုံးမဖြစ်နိုင်သော ကိစ္စပင် ဖြစ်လေ၏။

"ဒါဆို...ဘာဖြစ်နေတာလဲ"

"အဲ့တာတော့ ငါလည်းမသိဘူး...အကြောင်းပြချက် ကောင်းကောင်းတော့ ရှိမှဖြစ်မယ်...

အကြီးအကဲတွေက တော်တော်လေးကို စိတ်ဆိုးနေကြတာ"

"အင်း..."

"နည်းပြအန်ဂွန်းဆိုရင် နေ့တိုင်းလိုလို ဂိုဏ်းချုပ်ရဲ့ အိမ်တော်ကို ဆင့်ခေါ်ခံနေရတာ...

ငါတော့ မကောင်းတာတွေ ဖြစ်လာမှာကို စိုးရိမ်နေပြီ"

"ဟင်းး.....မလွယ်ပါလားနော်"

ယွန်းဂျွန်ကမူ သက်ပြင်းချကာ တဖက်သို့လှည့်နေလိုက်လေသည်။

ဒီကလေး ဘာတွေများ ဖြစ်နေပါလိမ့်နော်...

အရာအားလုံး အဆင်ပြေဖို့ပဲ မျှော်လင့်ရတော့မှာပဲ...

အဲ့ကလေးလည်း အဆင်ပြေနေကောင်းပါရယ့်....

"သူဟာက တအားကို တရားလွန်နေပြီ မဟုတ်ဘူးလား"

ဟွမ်းဂျွန်က ထွက်လာသောအသံကြောင့် မျက်မှောင်ကြုတ်မိသွားလေ၏။

"အခုက ခုနှစ်ရက်နဲ့ ခုနှစ်ညတောင် ရှိနေပြီ...

တတိယတန်းတပည့်တစ်ယောက်က ခွင့်ပြုချက်မရှိဘဲ ဒီလိုထွက်သွားတာ ဒါက ပထမဆုံးအကြိမ်ပဲ"

"အင်း"

"ဒါက ဒီတိုင်းခွင့်လွှတ်ပေးလိုက်လို့ ရနိုင်တဲ့ကိစ္စမဟုတ်တော့ဘူး...

အခုဆိုရင် ဂိုဏ်းကလည်း ပြန်လည်ထူထောင်ရေးတွေ လုပ်နေတာဆိုတော့ ဒါကို တိတိကျကျ ကိုင်တွယ်သင့်တယ်"

ဘဏ္ဍာရေးဌာန၏ အကြီးဆုံးဖြစ်သူ ဟွမ်းယုန်၏ စကားကို လူတိုင်းက ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံကြလေသည်။ ဤကိစ္စက အမှန်ပင် ခွင့်မလွှတ်သင့်သော ကိစ္စပင်။

သိုင်းပညာသင်ကြားရေး ခေါင်းဆောင်ဖြစ်သူ ဟွမ်းဆန်းကမူ အားလုံးအား ဖြောင့်ဖြလေ၏။

"ကဲ...ကဲ...အားလုံးပဲ ...စိတ်လျော့ကြပါ....ဆရာတူအကိုကြီးလည်း စိတ်လျော့ပါ"

"ငါက ဒီအခြေအနေမျိုးကို ဘယ်လိုကြောင့် စိတ်လျော့ရမှာလဲ"

"အကိုကြီး ဘယ်လိုတွေးပြီး ပြောလိုက်သလဲမသိပေမယ့် တကယ်လို့ ဒီကလေးက အန္တာရယ်တစ်ခုခုနဲ့ ကြုံနေရတာဆိုရင် ဘယ်လိုလုပ်ကြမလဲ...သူက အခု အကူအညီနဲ့ ကယ်တင်မယ့်သူတွေ လိုပြီး ဒုက္ခရောက်နေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့"

"မတော်တဆ ဟုတ်လား...ဘယ်လို မတော်တဆမျိုးများ ဟွာဆန်းဂိုဏ်းမှာ ဖြစ်နိုင်လို့လဲ...

အေး...တကယ်လို့ ဖြစ်ခဲ့ရင်တောင် အဲ့တာက သူ့ခြေနှစ်ချောင်းနဲ့ သူကိုယ်တိုင် ထွက်သွားလို့ ဖြစ်တာပဲ...

အဲ့တာက ငါတို့ အမှားမှ မဟုတ်တာ"

"သူက တကယ်လို့ လမ်းပျောက်သွားတာဆိုရင်ရော"

"ဟင်......"

ဤအဆိုတင်သွင်းမှုကတော့ ဖြစ်နိုင်ချေ ရှိသောအကြောင်းအရာပင် ဖြစ်လေသည်။

ဟွာဆန်းသည် တောင်ပေါ်တွင် ရှိသည့်အလျောက် သွားလာရင်း ကျိုးကန်းထိခိုက်မိကြသည်က ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။ သိုင်းပညာတတ်သော သိုင်းပညာရှင်များပင်လျှင် အခန့်မသင့်လျှင် ထိခိုက်ဒဏ်ရာများ ရတတ်လေသည်မို့ တတိယတန်းတပည့်လေးတစ်ယောက်အနေနှင့်မူ တောင်ထဲတောင်ထဲတွင် ထိခိုက်ဒဏ်ရာရနေသည်ဆိုသည်က ဖြစ်နိုင်သောကိစ္စပင်။

"ကျွန်တော်တို့ သူ့ကို မရှာသင့်ဘူးလား...တကယ်လို့ သူက ထိခိုက်မိပြီး....."

"ဟုတ်တယ်...ငါတို့ ရှာသင့်တယ်"

ဟွမ်းဂျွန်က တချိန်လုံးတိတ်ဆိတ်နေရာမှ အသံလေးကြီးနှင့် ဝင်ပြောလာလေ၏။

သို့သော် ဟွမ်းယုန်ကလည်း သူ၏အဆိုကို အလျော့မပေးပေ။

"ဒီဖြစ်နိုင်တာလေးအတွက်နဲ့ စည်းမျဉ်းတွေကို ချိုးဖောက်လို့ မဖြစ်ဘူးလေ"

"ကျွန်တော်တို့ ရှာလို့မဖြစ်ပါဘူး...ဟွာဆန်းကနေ ကလေးတစ်ယောက်က သူ့ဆုံးဖြတ်ချက်နဲ့သူ ထွက်သွားလို့ ဟွာဆန်းကလည်း ဘာမှမဖြစ်သွားသလို ဘာပြသနာမှလည်း မဖြစ်သွားပါဘူး...ဒီကလေးကို ဘယ်သူက ဒီလို သွားချင်တိုင်းသွား လာချင်တိုင်းလာခွင့် ပေးထားတာလဲ"

ဟွမ်းဂျွန်ကမူ ဟွမ်းယုန်၏ စကားကြောင့် မျက်နှာအမူအရာက ခက်ထန်သွားလေတော့သည်။

ချွန်းမြောင်အား ထိုသို့ အခွင့်ပေးခဲ့သည်က ဂိုဏ်းချုပ်ဖြစ်သူ သူကိုယ်တိုင်ပင် ဖြစ်လေသည်။ ဟွမ်းယုန်၏စကားက ချွန်းမြောင်အား ပစားပေးထားသည့် ဟွမ်းဂျွန်အား တိုက်ရိုက်ပင် အပြစ်တင်ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။

"အဲ့လိုလုပ်ပေးထားရတာက အကြောင်းပြချက် ရှိတယ်"

"နေရာတိုင်းမှာ ကိစ္စတိုင်းမှာ အကြောင်းပြချက် ဆင်ခြေဆိုတာက ရှိတာပဲ...

အမိန့်ဆိုတာမျိုးကတော့ ဂိုဏ်းထဲက လူတွေလိုက်နာဖို့ ထုတ်ထားတာ"

"ဘဏ္ဍာရေးမှုးကြီး"

"ဂိုဏ်းချုပ်....ဘယ်အချိန်ကတည်းက ဟွာဆန်းမှာ ဒီလိုကလေးတစ်ယောက်ထဲကိုပဲကွက်ပြီး အခွင့်အရေးပေးတာက ရှိသွားတာပါလဲ....အကြီးတန်းတပည့်လည်း မဟုတ်ဘဲ တတိယတန်း တပည့်လေးတစ်ယောက်ကိုလေ....

ဒါတွေက ပြန်လည်တည်ဆောက်နေတဲ့ဟွာဆန်းကို အခြေလှုပ်လာစေတဲ့ အရာတွေဖြစ်လာမှာပါ

သေချာလေး ပြန်စဉ်းစားကြည့်ပါဦး..."

"တော်လောက်ပြီ"

"............"

အေးစက်ကာ ကျယ်လောင်သော ဒေါသသံကြီးကို ကြားလိုက်သည့်အချိန်တွင်မူ ဟွမ်းယုန်သည် သူ၏ပါးစပ်ကို ပိတ်လိုက်လေပြီ။ ဆက်ကာ ပြောလျှင် သူ့အလွန်ပင် ဖြစ်လိမ့်မည်ဖြစ်ပြီး ဂိုဏ်းချုပ်နှင့် ပြသနာတက်တော့မည်ကိုလည်း ကြိုတင်ခန့်မှန်း၍ ရနေလေပြီ ဖြစ်လေသည်။

"ဂိုဏ်းချုပ်...ကျွန်တော် ပြောတာ လွန်သွားပါတယ်.....ကျွန်တော်က အကြီးအကဲကို အပြစ်တင်နေတာ မဟုတ်ပါဘူး"

"ငါသိတယ်"

ဟွမ်းဂျွန်က သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

ဒီကလေး ဘာတွေများလုပ်နေတာတုန်း...

ဟွမ်းဂျွန်မည်မျှပင် တွေးကြည့်စေကာမူ ချွန်းမြောင်၏ လုပ်ရပ်ကို ကြိုတင်ကာ မခန့်မှန်းနိုင်ပေ။

ချွန်းမြောင်အား အခွင့်အရေးပေးထားသည်က များလွန်သွားလေပြီလားဟု သူတွေးမိသွားလေသည်။

ငါပဲ လူကဲခတ်မှားသွားတာလား..

ဖြစ်စဉ်များကို တိတ်တဆိတ် ထိုင်ကြည့်နေသော အန်ဂွန်းကမူ ငြိမ်ကာ မနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်"

"ပြောပါ"

'ကျွန်တော် တပည့်တချို့ခေါ်ပြီးတော့ ရှာဖွေဖို့ လူစုလိုက်ပါ့မယ်.....ဟွာဆန်းတောင်နဲ့ အောက်ဘက်ရွာတစ်လျောက်ကို ရှာခွင့်ပေးပါ"

"အင်း.."

ဟွမ်းဂျွန်က ခေါင်းကို ငြိမ့်ပြလိုက်လေ၏။

"မင်း ဆန္ဒရှိလို့လား"

"ချွန်းမြောင်ကို ရှာတွေ့ရင် ကျွန်တော် ပြန်လာခဲ့ပါ့မယ်....ဒါက ကျွန်တော့်အပြစ်လည်း မကင်းတာမို့ ကျွန်တော်ဒီတိုင်း မနေနိုင်လို့ပါ"

"ဒါက ဘယ်လိုလုပ် မင်းအမှားဖြစ်ရတာလဲ....မင်းက သူတို့ ရဲ့ ဆရာပဲဟာကို"

"ကျွန်တော်က ကလေးအားလုံးရဲ့ ဆရာပါ"

"အဲ့လိုဆိုရင်လည်း'

ဟွမ်းဂျွန်သည် စကားကိုဆက်ကာပြောချင်သော်လည်း မပြောဘဲ နေလိုက်လေသည်။ သူနှုတ်ဆိတ်နေလိုက်သည်က ချွန်းမြောင်အား ရှာဖွေရန် အခွင့်အရေးပိုရမည်ဟု ထင်လေသည်။

"မင်းအမှား မဟုတ်ပါဘူး...ငါကိုယ်တိုင်ကလည်း ဒီကလေးအပေါ်မှာ ယုံကြည်လွန်းအားကြီးသွားလို့ပါ"

"အဲ့လိုလည်း မဟုတ်ပါဘူး..ဂိုဏ်းချုပ်"

"အခုအချိန်မှာ အရေးအကြီးဆုံးကတော့ ကလေးကို အရင်ရှာဖို့ပဲ....ကလေးကို ရှာတွေ့ပြီးမှ ဘယ်သူ့အမှားဆိုတာကို ဆုံးဖြတ်ပြီး အမှားအမှန်က ဆုံးဖြတ်လို့ ရတယ်...တကယ်လို့ ကလေးက အကူအညီလိုနေတာဆိုရင် ငါတို့ ဒီမှာပဲ ငြင်းခုန်နေရင်း အချိန်ကုန်နေတာကြောင့် ကလေးကိုမကယ်နိုင်ခဲ့ရင် စိတ်မကောင်းစရာတွေ ဖြစ်လာလိမ့်မယ်"

လူတိုင်းက ထိုအဆိုတင်သွင်းမှုကို လက်ခံလိုက်ကြလေသည်။

"ယုအန်း"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"မင်း ဦးဆောင်ပြီးတော့ ကလေးကို ရှာမယ့်အဖွဲ့ဖွဲ့လိုက်ပါ.. .....ကလေးကို ရှာဖို့ လိုအပ်တာအကုန် ငါတို့ထုတ်ပေးမယ်.......ပထမဦးစားပေးအနေနဲ့ မင်း သူ့ကို ရှာပြီးတော့........."

ဟွမ်းဂျွန်က ယုအန်းအား အမှာစကားခြွေနေတုန်းမှာပင် အပြင်ဘက်မှ ကျယ်လောင်သော ခေါ်သံကြီးက ထွက်လာလေသည်။

"ဂိုဏ်းချုပ်"

နှောင့်ယှက်ခံလိုက်ရသောကြောင့် ဟွမ်းဂျွန်က မျက်မှောင်ကြုတ်သွားလေသည်။

"ငါ အခုအစည်းအဝေးလုပ်နေတယ်,,,"

"ဟိုကလေး.....ဟိုကလေး...ချွန်းမြောင် ပြန်လာပါပြီ"

ဟွမ်းဂျွန် ခုံမှပင် ထခုန်မိသွားလေသည်။

"သူ အခြေအနေ ဘယ်လိုရှိလဲ"

"ဟုတ်ကဲ့...သူ့ကြည့်ရတာတော့ အကောင်းကြီးပါပဲ...ဒါပေမယ့်"

"တော်တော်...ငါ ကိုယ်တိုင်ပဲ သွားပြီး ကြည့်လိုက်တော့မယ်"

ချွန်းမြောင်သည် ထိခိုက်ဒဏ်ရာလည်း မရှိသကဲ့သို့ အခြေအနေ မူမမှန်နေသည်လည်း မရှိပေ။ အားလုံးက အကောင်းပကတိပင်။ ဟွမ်းဂျွန်ကမူ ဘေးမသီရန်မခပြန်ရောက်လာသည်ဟု ကြားရသော ချွန်းမြောင်၏သတင်းကြောင့် စိတ်အေးသွားရလေသည်။

"ခဏနေပါဦး ..ဂိုဏ်းချုပ်"

သို့သော် ဟွမ်းယုန်ကမူ ချွန်းမြောင်၏ အခြေအနေကို သွားကြည့်ချင်နေသော ဂိုဏ်းချုပ်ကို အလွတ်မပေးပေ။

"ဘာလဲ...."

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ် ဒီကလေးကို ဂရုစိုက်တာတော့ ကျွန်တော်နားလည်ပါတယ်...

သူလုပ်ပေးခဲ့တာတွေနဲ့ ပြန်နှိုင်းယှဉ်မယ်ဆိုရင်လည်း သူ့ကို ဒီလိုမျိုး အထူးတလည် အရေးပေးဆက်ဆံတာက ဖြစ်သင့်ပါတယ်..."

"မင်း ပြောချင်တဲ့ဟာကိုပဲ ပြောလိုက်လို့ မရဘူးလား"

"ဂိုဏ်းချုပ်အနေနဲ့ ဒီကလေးကို သိပ်ပြီး ကာကွယ်အရေးပေးမနေသင့်ပါဘူး"

"......."

"ဂိုဏ်းသားတွေကို ပြုစုပျိုးထောင်ပေးရုံသာမက အပြစ်ရှိတဲ့သူကို အပြစ်ပေးတာကလည်း အောင်မြင်တဲ့ ဂိုဏ်းကြီးတွေရဲ့ လုပ်ရိုးလုပ်စဉ်ပါ.......အခုသာ ဒီကလေးကို သူ့ရဲ့လုပ်ရပ်အတွက် သင့်တော်တဲ့ အပြစ်မပေးဘူးဆိုရင် သူက တသက်လုံး စည်းမျဉ်းစည်းကမ်းဆိုတာကို နားလည်တော့မှာ မဟုတ်ပါဘူး"

ဟွမ်းဂျွန်က သက်ပြင်းတစ်ချက်ချလိုက်လေသည်။

"မင်းက ငါ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတဲ့သူလို့ ထင်နေတာလား...မစိုးရိမ်နဲ့..

ငါက အဲ့ဒီကလေးကို လူတိုင်းထက်တောင် လမ်းမှန်ကမ်းမှန်ကို ရောက်စေချင်သေးတာ...

သူထိခိုက်ဒဏ်ရာလည်း မရခဲ့ဘူး...ဘေးကင်းတာလည်း သေချာတယ်ဆိုရင် ငါသူ့ကို လဝက်လောက် အပြစ်ပေးဖို့ စဉ်းစားထားပြီးသား"

"အဲ့တာတော့ မဖြစ်သင့်ပါဘူး"

အန်ဂွန်းက ကြားဖြတ်ပြောလေသည်။

"ဟွာဆန်းကို ပြန်မလာတဲ့ အပြစ်က ကြီးလေးပါတယ်...သူ့ကို အကျဉ်းမကျရင်တောင် အနည်းဆုံးတော့ နှစ်ဝက်လောက် အပြစ်ပေးသင့်တယ်လို့ ထင်ပါတယ်"

"အန်ဂွန်းရေ....သူက တတိယတန်းတပည့်ဘဝမှာပဲ ရှိသေးတဲ့ ကလေးတစ်ယောက်ပါကွယ်..

မင်း မေ့များနေတာလားလို့ပါ"

"ဒုတိယတန်းတပည့်တွေ ဒီလိုအပြစ်ကို ကျူးလွန်ရင် တစ်နှစ်ပြစ်ဒဏ်ခံရတယ်လေ...

ဆိုတော့ ချွန်းမြောင်ကို မျက်နှာမလိုက်ဘဲ မျှမျှတတ အပြစ်ပေးပေးပါ"

ဟွမ်းဂျွန် မျက်လုံးကို မှိတ်ချလိုက်လေသည်။

ဂိုဏ်းချုပ်ရာထူးသည် အမိန့်နှင့် ဆုံးဖြတ်ချက်များ ချရန်မဟုတ်ဘဲ တခြားသူများ၏ ယူဆချက်များကိုပါ စုပြုံယူကာ ခေါင်းစားရသော နေရာဟုပင် ခံစားလာရလေ၏။

"တခြားသူတွေရော သူပြောတာကို သဘောတူကြလား"

"တူပါတယ်"

"ဂိုဏ်းချုပ်...ကျွန်တော်တို့ကို စိတ်မဆိုးလိုက်ပါနဲ့ ....ကျွန်တော်တို့ သူတို့အပေါ်မှာ ဒီလိုတင်းကြပ်တယ်ဆိုတာ တချိန်မှာ ကျွန်တော်တို့ဂိုဏ်းရဲ့ အနာဂတ်ဖြစ်လာမယ့် ရတနာလေးတွေမို့ပါ"

"ငါသိပါတယ်"

ဟွမ်းဂျွန်က စိတ်တိုနေသောမျက်နှာနှင့်ပင် နေရာမှ ထသွားလေပြီး ကျန်လူများကမူ နေရာမှထကာ အရိုအသေပေးကြလေသည်။

ယုအန်းကမူ အဖြစ်အပျက်များကို ကြည့်ကာ သက်ပြင်းသာချနေနိုင်လေတော့သည်။

ဘာတွေများ လုပ်ခဲ့ပြန်တာတုန်း...အရူးကလေးရယ်...

ယုအန်းတစ်ယောက်သည်သာလျှင် ဂိုဏ်းချုပ်က ချွန်းမြောင်အပေါ်တွင်ထားရှိသော မျှော်လင့်ချက်နှင့် သံယောဇဉ်ကို နားလည်လေပြီး မည်သူကမှ နားမလည်ပေးကြပေ။

ဟွမ်းဂျွန်တို့သည် ဂိုဏ်း၏အဝင်ဝသို့ ရောက်သည်နှင့် ချွန်းမြောင်ကမူ တံခါးကိုကျော်ကာ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ဆုံလေသည်။

"ဒါက"

ချွန်းမြောင်သည် ဘေးမသီရန်မခပင် ပြန်ရောက်လာရုံသာမက ပို၍ပင်ကျန်းမာဝဖြိုးလာသည်မို့ ယုအန်းနှင့် ဟွမ်းဂျွန်တို့က ပါးစပ်အဟောင်းသား ဖြစ်သွားလေကြ၏။ ချွန်းမြောင်ကမူ ဤသည်ကိုပင် မသိဟန်ဆောင်နေလေသေးသည်။

ဤကဲ့သို့ ရက်ကြာရှည်ပျောက်ဆုံးနေပြီးမှ အမူအရာတစ်စုံတစ်ရာပင် ပျက်ယွင်းခြင်းမရှိဘဲ ဟွာဆန်းသို့ ခပ်တည်တည်ပင် ပြန်လာရဲလေသေးသည်။ ဟွမ်းယုန် မနေနိုင်တော့ပေ။

"မင်း...ခွေးသား"

"ဘာလားဟ"

ချွန်းမြောင်ကမူ ထိုအခါမှသာ သူရှိရာသို့ လာနေကြသော အကြီးအကဲများစွာကို သတိထားမိသွားပြီး အရိုအသေပေးလေ၏။

"မင်း ဘယ်တွေသွားနေတာလဲ"

"သောက်ကလေး..ဒီနေရာကို မင်းသဘောရှိ ဝင်ထွက်သွားလာလုပ်လို့ရတဲ့နေရာလို့များ ထင်နေတာလား"

"မင်း ဂိုဏ်းချုပ်နဲ့သာ တွေ့လိုက်စမ်းပါ"

ချွန်းမြောင်က သူရှိရာသို့ လာနေသည့် ဟွမ်းဂျွန်ကို လှမ်းကာ အရိုအသေပေးလိုက်လေသည်။

ဒီကလေးကတော့...

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

"မင်း ဟွာဆန်းကနေ ဘာကြောင့် ထွက်သွားရတာလဲ"

"ရှောင်လွဲလို့ မရနိုင်တဲ့ ကိစ္စလေးတွေ ရှိနေလို့ပါ"

"ကောင်းပြီ..မင်းရဲ့ ကိစ္စကို သေချာလေးရှင်းပြပါဦး...မဟုတ်ရင်တော့ မင်းလုပ်ထားတဲ့အပြစ်အတိုင်း မင်းအပြစ်ပေးခံရလိမ့်မယ်.... ဟွာဆန်းမှာ စည်းကမ်းတင်းကြပ်တယ်ဆိုတာ မင်းလည်းသိပါတယ်"

ဟွမ်းဂျွန်၏ အမေးစကားကို အားမရသော ဟွမ်းယုန်ကလည်း ဝင်ကာပြောလေသည်။

"မင်းလို တတိယတန်းတပည့်လေးက အတော့်ကို ထောင်လွှားပြီး ဇောင်းကြွနေတာပေါ့ ဟုတ်လား...

မင်းသာ အကြောင်းပြချက်ကောင်းကောင်း မပေးနိုင်လို့ကတော့ မင်းအပြစ်ဒဏ်ကို လှလှကြီးခံစားစေရမယ်ဆိုတာ ငါအာမခံတယ်.....ဂိုဏ်းချုပ်က အရေးပေးလွန်းတော့ မင်းက ဒီလို လုပ်ချင်ရာလုပ်ပြီး သူ့ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်နေတာပေါ့လေ"

ချွန်းမြောင်က ဒေါသတကြီး ကြိမ်းမောင်းနေသော ဟွမ်းယုန်ကိုကြည့်ကာ ခေါင်းခါပြလိုက်လေ၏။

"မဟုတ်ပါဘူး...အဲ့တာက အဲ့လို....."

"မင်း...ရိုးရိုးသားသားနဲ့ သေသေချာချာ ရှင်းပြစမ်း"

အဆုံးသတ်တွင်မူ ချွန်းမြောင်နောက်မှ အသံတစ်သံက ထွက်လာလေသည်။

"တော်ကြပါတော့ဗျာ...ဒါမျိုးကြီးတွေ ဆက်လုပ်မနေကြပါနဲ့တော့"

"ဟမ်"

ထိုအခါမှသာ ဟွာဆန်းသို့ ရောက်လာသည်က ချွန်းမြောင်တစ်ယောက်တည်း မဟုတ်သည်ကို သတိထားမိလေတော့သည်။

"အကြီးအကဲဟွမ်လား"

"အကြီးအကဲဟွမ်"

"ကျွန်တော်တို့ ခင်ဗျားနေမကောင်းဘူးဆိုပြီးတောင် စာတစ်စောင်ရခဲ့သေးတယ်"

အကြီးအကဲဟွမ်ကလည်း ဟွာဆန်း၏ ဝင်ပေါက်ဝကို ကျော်ြဖတ်ကာ ဟွာဆန်းပရဝုဏ်အတွင်းသို့ ဝင်လာခဲ့လေသည်။ ထို့နောက်တွင်မူ ဂိုဏ်းချုပ်နှင့်တကွ အကြီးအကဲများကို ဦးညွှတ်ကာ အရိုအသေပေးလိုက်လေ၏။

"နောက်တစ်ကြိမ် ပြန်တွေ့ကြပြီနော်....ဂိုဏ်းချုပ်......ကျန်းခန့်သာလို့ မာပါစ"

"အကြီးအကဲဟွမ်.... နောက်ဆုံးတစ်ခေါက် တွေ့ပြီးကတည်းက မတွေ့ရတာတောင် အတော်ကြာနေပြီ...

ခင်ဗျား ကျန်းမာရေးမကောင်းဘူးလို့ ကြားထားတာ ...အခုလို တွေ့ရတော့ ဝမ်းသာပါတယ်"

ဟွမ်းဂျွန်က အကြီးအကဲဟွမ်အား နှုတ်ဆက်လိုက်သော်လည်း ရင်ထဲတွင်မူ ဗလောင်ဆူနေပြီဖြစ်သည်။

အကြီးအကဲဟွမ်သည် မည်သို့သော အကြောင်းပြချက်ကြောင့် ဟွာဆန်းအထိ ချွန်းမြောင်နှင့် ပါလာသည်မသိပေ။

လွန်ခဲ့သော ခုနှစ်ရက်ခန့်ကပင် ဝေဒနာကြောင့် သေလုနီးပါးဖြစ်နေပါပြီဟု စာရေးကာ အကူအညီတောင်းခဲ့သောသူသည် ယခုတွင်မူ သူ၏ရှေ့တွင် မားမားကြီး ရပ်နေလေသည်မို့ လာရင်းကိစ္စကိုလည်း အလွန်အမင်းပင် သိချင်နေလေသည်။

"ဂိုဏ်းချုပ်....စိတ်လျော့ပါ..ဒီကလေးကို ဒေါသမထွက်ပါနဲ့တော့...

ကျွန်တော့်ရဲ့အသက်ကို ဒီကလေးက ကယ်ပေးထားတာပါ....ကျွန်တော့်မှာ သူပေးတဲ့အသက်ပဲ ရှိပါတော့တယ်..

သူက အန်ဟာ ကုန်သည်အဖွဲ့အစည်းကိုရော ကျွန်တော့်ကိုပါ ကယ်တင်ခဲ့တာပါ"

"ဟမ်....ဟုတ်...ဟုတ်လား"

"ဟွာဆန်းရဲ့ ကျေးဇူးတွေ အခုဆိုရင် အန်ဟာပေါ်မှာ ရှိနေပါပြီ...

ဒါကြောင့်လည်း ကျွန်တော်ကိုယ်တိုင် ဒီနေရာထိလာပြီး လူကိုယ်တိုင် ကျေးဇူးတင်ကြောင်း လာပြောတာပါ"

"ဘယ်လိုပြောလိုက်တာ....မှားများမှားနေသလားပဲ"

လူတိုင်းကလည်း အကြီးအကဲဟွမ်ကို တလှည့် ချွန်းမြောင်ကို တလှည့်နှင့် မယုံကြည်နိုင်စွာ ကြည့်နေကြလေ၏။

ချွန်းမြောင်ကမူ ဘာသိဘာသာရုပ်နှင့်ပင်။

"ဟုတ်ပါတယ်...အခြေအနေတွေက အဲ့လိုဖြစ်သွားလို့ပါ"

ချွန်းမြောင်၏ ဝင်ရောက်ထောက်ခံလိုက်သံကြောင့် အကြီးအကဲများ၏ရင်ထဲတွင် ဆဲဆိုသံများ ညံသွားလေတော့သည်။

ဪ...

ဒီ ခွေးမျိုးလေးကတော့...

ငါတို့ကိုပဲ သက်သက်ကြီး ဒေါသထွက်ရအောင် လုပ်သွားတာပေါ့လေ...

ချွန်းမြောင်ကမူ အကြီးအကဲများကို ဒေါသထွက်အောင် လုပ်ထားမိသည့်တိုင် အခြေအနေကတော့ အကောင်းဘက်သို့ ဦးတည်လာလေတော့သည်။ သူ အပြစ်ပေးခံရတော့မည် မထင်ပေ။

အပိုင်း(၆၃)

ဂိုဏ်းချုပ် .......ဒီတစ်ယောက်ကတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပဲ (၃)

"အင်း...အဲ့တာက"

ဟွမ်းဂျွန်က အံဩလွန်းနေ၍ အမူအရာပင် မထိန်းနိုင်ချေ။ ဟွမ်းဂျွန်သည်သာမဟုတ် ခန်းမထဲရှိအခြားသူများကလည်း ထိုနည်းလည်းကောင်းပင်။

ခန်းမထဲတွင် အမူအရာမပျက်နေနိုင်သူက နှစ်ယောက်သာ ရှိလေသည်။ ဟွမ်းဂျွန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အကြီးအကဲဟွမ်နှင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရသောချွန်းမြောင်ပင် ဖြစ်လေသည်။

"ဒီကလေး...မဟုတ်ဘူး...ချွန်းမြောင်က အကြီးအကဲဟွမ်နဲ့ ကုန်သည်အဖွဲ့အစည်းကို ဘေးဒုက္ခကနေ ကယ်တင်လိုက်တာပေါ့ ...ဟုတ်လား"

"ဟုတ်ပါတယ်"

"အင်း"

ဟွမ်းဂျွန်ကမူ မယုံကြည်နိုင်စွာဖြင့်ပင် အကြီးအကဲဟွမ်ကိုတလှည့် ချွန်းမြောင်ကိုတလှည့် ကြည့်နေလေသည်။

ကြားနေရသည့် အကြောင်းအရာက မယုံကြည်နိုင်ဖွယ်ရာပင်။ ဟွာဆန်းမှ ပညာရပ်များကို ပြည့်ပြည့်စုံစုံပင် မသင်ရသေးသော အငယ်ဆုံးတပည့်လေးက ဤသို့သော သေကောင်ပေါင်းလဲလူကို ကယ်တင်လိုက်သည်ဆိုသည်က မည်သို့မှပင် ယုံကြည်ဖွယ်မရှိပေ။

"အကြီးအကဲဟွမ်....အကြီးအကဲပြောနေတာတွေက အမှန်တိုင်းပဲလား"

ဟွမ်းယုန်၏စကားကြောင့် အကြီးအကဲဟွမ်က မျက်မှောင်ကြုတ်သွားလေသည်။

"ကျုပ်က ခင်ဗျားတို့ကို လိမ်နေတယ်လို့ ထင်နေတာလား"

"အာ...အဲ့လိုတော့ မထင်ပါဘူး"

ဟွမ်းယုန် အားနာသွားကာ တောင်းပန်ပြီး နောက်ဆုတ်နေလိုက်ရလေသည်။ အန်ဟာကုန်သည်အစည်းအရုံးသည် အလွန်ပင် ဩဇာတိက္ကမကြီးမားသောအဖွဲ့ဖြစ်လေပြီး ဟွာဆန်းက ထိုအဖွဲ့အား မထီမဲ့မြင်ပြုမိလျှင် ရရှိလာမည့် အကျိုးဆက်က ကောင်းမည်မဟုတ်ပေ။ ပြီးလျှင် အကြီးအကဲဟွမ်သည် ရှေးယခင်အချိန်များက ဟွာဆန်းအား ထောက်ပံ့ပေးခဲ့သည်ဖြစ်ပြီး အကြီးအကဲဟွမ်၏ ကျေးဇူးကြောင့်သာ မဟုတ်လျှင် ဟွာဆန်းပြိုလဲသွားသည်က ကြာလှပြီဖြစ်ပေတော့မည်။ သို့ဖြစ်၍ ထိုသို့အရေးကြီး အရာရောက်သောဧည့်သည်ကို စိတ်ကွက်သွားအောင် လုပ်မိ၍ မဖြစ်ပေ။ ဟွာဆန်းဂိုဏ်း၏ မည်သည့်ရာထူးပင် ဖြစ်လင့်ကစား အကြီးအကဲဟွမ်ကိုမူ လက်လွတ်စပယ် မဆက်ဆံရဲကြပေ။

"မင်း ဒီလိုတွေ လုပ်မယ်လို့ ငါထင်ကိုမထင်ထားဘူး...ဘာတွေဖြစ်နေတာလဲ"

ဟွမ်းဂျွန်က မျက်မှောင်ကြီးကြုတ်ကာ ဟွမ်းယုန်ဘက်သို့ လှည့်ကာ ငေါက်ငမ်းလိုက်လေသည်။

"ကျွန်တော်တို့က အဲ့လိုသဘောမျိုး ပြောချင်တာမဟုတ်ပါဘူး...ကျွန်တော်တို့ ဒီလိုမေးမိလိုက်တာအတွက်လည်း တောင်းပန်ပါတယ်.........အကြီးအကဲဟွမ်.....

ကျေးဇူးပြုပြီးတော့ စိတ်မခုသွားနဲ့ခင်ဗျာ"

"ကောင်းပါပြီ"

ကြေအေးကြောင်း ပြောလိုက်သော်လည်း အကြီးအကဲဟွမ်၏ မျက်နှာကြောကြီးကမူ လျော့မသွားချေ။

သူသည် ဤဟွာဆန်းမှ အကြီးအကဲများကို စိတ်ခုသည်မဟုတ်သော်လည်း စည်းတစ်ခုတော့ ထားရှိသင့်သည်ဟု သဘောထား၍ ထိုသို့ အကဲဆတ်ပြနေခြင်း ဖြစ်လေသည်။ သို့သော်လည်း ကြာကြာတော့ အကဲဆတ်ပြခွင့် မရလိုက်ပေ။

ဒူးထောက်နေရသည့် ကိုယ်တော်ချောချွန်းမြောင်က သူ့အား မနှစ်မြို့သည့်အကြည့်ကြီးနှင့် ကြည့်နေသည်မို့ သူ၏တင်းနေသော မျက်နှာကြီးကို ချောင်းတစ်ချက်ဟန့်ကာ လျော့လိုက်ရလေသည်။

တတိယတန်းတပည့်ပေါက်စလေးက ဘယ်လိုလုပ် ဒီလိုမျက်နှာထားကြီးနဲ့ ကြည့်နိုင်ရတာလဲ...

အခုပဲ ထပြီးငေါက်တော့ ရိုက်တော့မယ့်ပုံနဲ့ .....

ဒီလို အကြည့်မျိုး ကြုံဖူးပေါင်....

ချွန်းမြောင်က မျက်နှာထားအားပြင်လိုက်ရန်အချက်များပြနေပြီမို့ အကြီးအကဲဟွမ်၏မျက်နှာက အနည်းငယ်ပျော့ပြောင်းလာလေသည်။

အန်းဂွန်က စကားထကာ ပြောလေ၏။

"ကျွန်တော်တော့ နားမလည်နိုင်ဘူး"

နောက်ထပ်ထွက်လာသောအသံကြောင့် အကြီးအကဲဟွမ်က အသံလာရာကို ကြည့်ကာ မေးလာလေ၏။

"မင်းက ဘယ်သူလဲ"

"ကျွန်တော်က ဟွာဆန်းဂိုဏ်းက အန်းဂွန်ပါ..

တပည့်တွေနေတဲ့ အိပ်ဆောင်တွေကို ကြီးကြပ်ရတဲ့သူပါ"

"ဪ....သိပြီ....အန်းဂွန် ...မင်းက မင်းကလည်း ကျုပ်ပြောတာတွေကို မယုံဘူးလို့ ပြောချင်တာလား"

"အဲ့လိုမဟုတ်ဘူး...ကျွန်တော့်မှာ သာမန်မေးခွန်းတချို့ပဲ ရှိနေတာပါ...

ပြောရရင်တော့ ချွန်းမြောင်က ဒီလိုရောဂါကြီးတွေကို ဘယ်လိုကုသနိုင်တာလဲ ဆိုတာပါပဲ...

သူက ဒီလိုရောဂါမျိုးတွေကို ဘယ်မှာကြုံဖူးလို့ သိတာလဲဆိုတာမျိုးပါ"

"........."

သင့်တင့်လျောက်ပတ်သော မေးခွန်းပင် ဖြစ်လေ၏။

မေးလည်း မေးသင့်ပေသည်။ လူတိုင်းကလည်း ထိုမေးခွန်း၏အဖြေကို သိချင်နေကြလေသည်။

လူတိုင်းကလည်း ဖြေလာမည့်အဖြေကို မျှော်လင့်နေကြပြီး ဟွမ်းဂျွန်ကလည်း စိတ်ဝင်တစားနှင့် နားထောင်နေလေသည်။ ချွန်းမြောင်နှင့် အကြီးအကဲဟွမ်ကမူ အနည်းငယ် ခေါင်းစားသွားကြလေ၏။ ကြိုတင်တိုင်ပင်ထားသည့်အထဲတွင် ထိုမေးခွန်းမပါပေ။

"ဒါက ခက်ခက်ခဲခဲကိစ္စတော့ မဟုတ်ပါဘူး"

"သေချာလေး ရှင်းပြပေးလို့ ရမလား"

"အဟမ်း....အားလုံးလည်း သိကြတဲ့အတိုင်းပါပဲ....ကျွန်တော်က အရင်က သူတောင်းစား ဖြစ်ခဲ့ဖူးပါတယ်..."

"အင်း"

"သူတောင်းစားဆိုတာမျိုးက ကြုံတဲ့နေရာမှာ ရတဲ့စားစရာကို ဖြစ်သလိုစားရတဲ့သူတွေမျိုးပါ...

ဆို‌တော့ နေမကောင်းတာတွေ အဆိပ်သင့်တာတွေ မကြာခဏဖြစ်ကြပါတယ်"

"မင်း ဘာတွေပြောနေတာလဲ...မင်းပြောသလိုဆို 'ထန်' မိသားစုက အကြီးအကဲဟွမ်ကို ဟိုးအရင်ကတည်းက ကုသပေးလိုက်မှာပေါ့"

"ဟုတ်ပေမယ့် ဒီလိုလည်း ရှိပါတယ်....သူတောင်းစားတွေက နေရာပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ အဆိပ်သင့်နေကြပြီး ဆေးကုသဖို့တော့ အခွင့်အရေးမရှိတော့ အဆိပ်မိတာက ထုံးစံလို ဖြစ်နေတာပါ...

အဲ့‌တော့ အဆိပ်သင့်တာကို အံတုနိုင်ဖို့ အဆိပ်ဖြေဆေးဖြစ်နိုင်တဲ့အရာအားလုံးကို အမြဲရှာဖွေကြည့်နေတာပါ"

"အသွင်ငါးမျိုး မြက်ပင်က နေရာတိုင်းမှာလိုလို ပေါက်တတ်တဲ့ မြက်ပင်ပါ....သူက ဂန္ဓမာပန်းပင် အရွက်နဲ့လည်း ဆင်ပါတယ်...ပြီး‌တော့ အဆိပ်လည်း ရှိပါတယ်.....ငှက်တွေတောင် စားမိရင် အဆိပ်သင့်ပါတယ်...

တစ်ကြိမ်စားမိရုံနဲ့တင် တဖြည်းဖြည်း အဆိပ်တက်ပြီး သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်..."

လူတိုင်းက ချွန်းမြောင်၏စကားကြောထဲတွင် နစ်မြောနေကြလေသည်။

"ဒါပေမယ့် ဒီအဆိပ်ကို ဖြေနိုင်မယ့်နည်းလမ်းကတော့ လူတိုင်းထင်ထားတာထက် အများကြီးပိုလွယ်ပါတယ်...

သမားတော်တွေ ဘာကြီးညာကြီးတွေတောင် မကုသနိုင်တဲ့ ဒီအဆိပ်က မုန်လာဥဖြူကို စားလိုက်ရုံနဲ့ အဆိပ်ပြေပြီး တဖြည်းဖြည်းသက်သာသွားစေပါတယ်...."

"ဆို‌တော့ အကြီးအကဲဟွမ်က အဲ့အသွင်ငါးမျိုး မြက်ပင် အဆိပ်မိတာလား"

"ဟုတ်ပါတယ်...ရောဂါလက္ခဏာတွေကလည်း အတူတူပါပဲ...

အဲ့တာနဲ့ ကျွန်တော်လည်း မုန်လာဥဖြူနဲ့ စမ်းကုသကြည့်လိုက်တာ အခုလို ပျောက်ကင်းသွားတာပါပဲ"

ချွန်းမြောင်ရှင်းပြနေစဉ်တလျှောက်လုံးငြိမ်နေခဲ့သော ဟွမ်းဆန်က ထအော်လာလေသည်။

"ကျွန်တော်လည်း အဲ့တာမျိုးကြားဖူးတယ်....ကျွန်တော်ကြားဖူးတာကကျတော့ သူတောင်းစားဂိုဏ်းက စွမ်းအားအပြင်းဆုံးအဆိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေ အကုန်သိတယ်တဲ့"

"ဪ....ဒီလိုဆိုတော့လည်း ဟုတ်ပါပြီ"

ချွန်းမြောင်ကမူ သူ၏လန်ကြုတ်ဇာတ်တွင် မျောပါကာ ပြောသမျှအား အဟုတ်ထင်သွားကြသော လူများကိုကြည့်ကာ စိတ်ထဲတွင် ကြိတ်ရယ်နေလေတော့သည်။ သူတို့ ယုံသည်ဖြစ်စေ ၊ မယုံသည်ဖြစ်စေ ချွန်းမြောင်ဂရုမစိုက်ပေ။

မယုံကြည်ကြသူများက သူတောင်းစားဂိုဏ်းသို့သွားကာ စုံစမ်းကြပေလိမ့်မည်။ သို့သော်လည်း စိုးရိမ်စရာတော့ မရှိပေ။ ချွန်းမြောင်ပြောလိုက်သည်များက ပြင်ပလောကတွင် တကယ်ရှိသောဖြစ်ရပ်များပင် ဖြစ်လေသည်။

သူကိုယ်တိုင်သည်လည်း ရှေ့တန်းသို့ထွက်ကာ တိုက်ပွဲဝင်ရစဉ်အချိန်များက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အခြေခံကာ ပြောလိုက်သည်ဖြစ်ပြီး အမှန်တကယ်ပင် ထိုသို့သောဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရသည်လည်း ဖြစ်လေသည်။

ထို့ကြောင့် သူတောင်းစားဂိုဏ်းသို့ သွားကာစုံစမ်းလျင်လည်း မှန်သည်ဟူသော အဖြေပင်ထွက်လာလေမည်မို့ ချွန်းမြောင် စိတ်ပူမနေပေ။

အကြီးအကဲဟွမ်ကမူ ပွဲကြည့်ပရိတ်သတ်လုပ်ကာ အားလုံး၏အခြေအနေကို အကဲခတ်နေသော်လည်း ဂိုဏ်းချုပ်ဖြစ်သူ ဟွမ်းဂျွန်ကမူ ချွန်းမြောင်၏အဖြေကို လုံးဝပင်စိတ်ကျေနပ်သွားလေပြီ ဖြစ်လေသည်။

ဒီကလေးပြောသွားတာကလည်း သဘာဝကျပါပေတယ်.....

ခက်ခဲတဲ့ဘဝအတွေ့အကြုံတွေကလည်း တချိန်မှာတော့ ဘဝအတွက် အထောက်အကူဖြစ်လာတာပါပဲ..

"ဒီလိုမျိုးကိစ္စတွေလည်း ရှိသေးတာပဲကို"

"ဒီလိုဆိုရင်တော့ ငါတို့ အလွန်အကြူးကြီး လုပ်လို့မဖြစ်ဘူးပေါ့....ချွန်းမြောင်က မပြောမဆိုပျောက်သွားလို့ ငါတို့အားလုံးက ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေကြတယ်ဆိုပေမယ့် တဖက်မှာကျတော့လည်း တစ်ဦးတစ်ယောက်ရဲ့ သေရေးရှင်ရေးကိစ္စ ဖြစ်နေတာမို့လား......

မင်းလုပ်ခဲ့တာ တော်ပါပေတယ်....ချွန်းမြောင်"

လူတိုင်းကလည်း ချွန်းမြောင်အား အထင်ကြီးလေးစားသောအကြည့်များနှင့် ဝိုင်းကာကြည့်လာကြလေသည်။

"ဂိုဏ်းချုပ်"

အန်းဂွန်က စကားပြောလာလေ၏။

"သူပြောတာတွေကသာအမှန်ဆိုရင် သူ့ကို အပြစ်ပေးမယ့်အစား ဆုတောင်ချီးမြှင့်သင့်တာ မဟုတ်ဘူးလား"

"အင်း...ဒါပေါ့,,,မင်းပြောတာ ဟုတ်ပေသားပဲ"

ဟွမ်းဂျွန်က အန်းဂွန်၏စကားကို ထောက်ခံလိုက်လေသည်။

"ဒါပေမယ့်လည်း ဂိုဏ်းချုပ်"

" ဂိုဏ်းချုပ်တို့ရဲ့အမိန့်ဆိုတာက ချမှတ်လိုက် ပြန်ရုတ်သိမ်းလိုက်ဆိုတာက လုပ်သင့်တဲ့အရာမျိုး မဟုတ်ပါဘူး

သူလုပ်ခဲ့တာတွေက ဘယ်လောက်ပဲမှန်ကန်တယ်လို့ပြောပြော ဂိုဏ်းရဲ့စည်းမျဉ်းကို ဖောက်ဖျက်တာက ဖောက်ဖျက်တာပါပဲ.."

"လူတစ်ယောက်ရဲ့အသက်ထက် ပိုပြီးအရေးကြီးတဲ့အရာဆိုတာ ရှိလို့လား"

"....ဒါက"

"မင်းက အခု လူတစ်ယောက်ကို သေဘေးကနေကယ်ခဲ့တဲ့ဂိုဏ်းသားကို အပြစ်ပေးဖို့ တောင်းဆိုနေတာလား"

အန်းဂွန်းက တိတ်ဆိတ်သွားလေသည်။

"ဟွားဆန်းဆိုတာက တရားမျှတမှုကို အလေးထားတဲ့ဂိုဏ်းပဲ ....လူတွေရဲ့အသက်ကို ကယ်ပေးထားတဲ့သူကို

ဘယ်လိုစိတ်နဲ့အပြစ်ပေးဖို့ မင်းပြောနိုင်ရတာလဲ...ငါရဲ့ ခြောက်တိခြောက်ချက်အမိန့်လေးက လူတစ်ယောက်ရဲ့အသက်ထက် ပိုပြီးအရေးပါနေလို့လား"

"ကျွန်တော် အမြင်ကျဉ်းမိသွားပါတယ်"

အန်းဂွန်က ဦးညွတ်ကာ တောင်းပန်လိုက်လေသည်။

အန်းဂွန်က တောင်းပန်ပြီးနောက်တွင် စကားဆက်ချင်သေးသော်လည်း ဟွမ်းဂျွန်က မျက်ထောင့်နီကြီးနှင့် ကြည့်နေသည်မို့ ဆက်ကာမပြောတော့ပေ။ ချွန်းမြောင်အား အပြစ်ပေးရန် ဆက်ကာပြောချင်နေသောလူများကလည်း အန်းဂွန်ကို နမူနာယူကာ မပြောကြတော့ပေ။ ဟွမ်းဂျွန်၏ ဒေါသမြှားဦးကို သူတို့ဘက်သို့ မလှည့်လာစေချင်ပေ။

"ချွန်းမြောင်"

"ဟုတ်ကဲ့ပါ....ဂိုဏ်းချုပ်"

"တော်တယ်"

"ဟုတ်ကဲ့ပါ"

ချွန်းမြောင်က ဒူးထောက်နေရာမှ အရိုအသေပေးလိုက်လေ၏။

ခန်းမတွင်းရှိ အခြေအနေများက ပြန်လည်တည်ငြိမ်သွားသောအခါတွင်မူ အကြီးအကဲဟွမ်က စကားပြောရန် ပြင်လိုက်လေ၏။

"ဟွာဆန်းဂိုဏ်းရဲ့ ကျေးဇူးတွေက အန်ဟာကုန်သည်အစည်းအရုံးနဲ့ ကျွန်တော်အပေါ်မှာ များလှပါတယ်...

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့ ချွန်းမြောင်က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာအတွက် ကျေးဇူးဆပ်ချင်ရင် သူ့ကိုဆပ်မယ့်အစား သူ့ကိုပညာတွေသင်ပေးခဲ့တဲ့ ဟွာဆန်းကိုပဲ ကျေးဇူးဆပ်ပေးဖို့ ပြောထားပါတယ်"

"ဘယ်လို...."

"ဒီကလေးကလေ"

"ဒါမျိုးကမှ တောက်(ဝါ)တာအို ကျင့်ကြံသူအစစ်တွေရဲ့ လမ်းစဉ်ပဲ.....ချီးကျူးစရာကောင်းလိုက်တာ"

အကြီးအကဲဟွမ်ကမူ ခန်းမထဲရှိအခြားလူများ၏ တုံ့ပြန်မှုများကို ကြည့်ကာ ပြုံးလိုက်လေသည်။

ပြောထားတဲ့အတိုင်းကို တုံ့ပြန်ကြတာပါလား...

အကြီးအကဲဟွမ်က ချွန်းမြောင်နှင့်တိုင်ပင်ထားသည့်အတိုင်း ပြောလိုက်လေပြီး အမှန်ကိုမူ မပြောပြချေ။

ပြော၍လည်း မဖြစ်ချေ။ သူ့အနေနှင့်ဆိုလျှင် ချွန်းမြောင်အပေါ်တွင် ဟွာဆန်းဂိုဏ်း၏အမြင်က အလွန်ပင်ကောင်းနေလေ ပို၍ကောင်းလေသည်ပင်။

ချွန်းမြောင်ကမူ ဒူးထောက်ကာ မျက်နှာကို ငုံ့ထားရင်းမှ ရယ်ချင်နေသည့်မျက်နှာကြီးကို အတော်ပင်ကြိုးစားကာ ထိန်းထားရလေသည်။ အကြီးအကဲများ၏ ချီးကျူးနေမှုများက သူ့အားအလွန်ပင် ရယ်ရွှင်အူမြူးနေစေလေသည်။

"ပြီးတော့ ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ကျွန်တော်ဟွာဆန်းမှာ ရင်းနှီးမြုပ်နှံမှုလေး အနည်းငယ်လုပ်ချင်ပါတယ်"

"ရင်းနှီးမြုပ်နှံမှုလား"

"ဟုတ်ပါတယ်....ရင်းနှီးမြှပ်နှံမှုဆိုတာထက် အထောက်အပံ့ဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်....ရင်းနှီးမြုပ်နှံမှုဆိုတာက အမြတ်ခွဲဝေပေးရတာမျိုးရှိပေမယ့် အခုကျွန်တော်ပေးမယ့် ထောက်ပံ့မှုအတွက်တော့ ဘာဆိုဘာမှ ပြန်ပေးဖို့ မလိုအပ်ပါဘူး"

"အကြီး...အကြီးအကဲဟွမ်.....ဟွာဆန်းအတွက် အများကြီး လုပ်ပေးခဲ့ပါပြီးပြီ"

"ဂိုဏ်းချုပ်"

"ကျွန်တော်ကိုယ်တိုင်ကိုက ဒီလိုလုပ်ပေးချင်တဲ့ ဆန္ဒမရှိရင် ကျွန်တော် ဒီနေရာအထိ လိုက်မလာခဲ့ပါဘူး...

အခုက ကျွန်တော်ကိုယ်တိုင်ကိုက ဟွာဆန်းအတွက် စွမ်းနိုင်သမျှ အစွမ်းကုန်လုပ်ပေးချင်နေတာမို့လို့ပါ

ကျွန်တော့်ကို ကျွန်တော် ဟွာဆန်းအတွက် မြှပ်နှံပါရစေ"

အကြီးအကဲဟွမ်၏ စကားများကြောင့် ဟွမ်းဂျွန်ရင်ထဲထိသွားလေသည်။

"အကြီးအကဲဟွမ်...တကယ်ကြီးပြောနေတာလား"

ဟွမ်းဂျွန်၏ မယုံသင်္ကာအမေးကို အကြီးအကဲဟွမ်က အပြုံးလေးနှင့်သာ တုံ့ပြန်လေသည်။

"ကျွန်တော်တို့ ကျွန်တော်တို့ရဲ့လူတွေကို ဖြေးဖြေးချင်းခေါ်ပြီး ဟွာဆန်းမှာ လုပ်ဖို့လိုအပ်နေတာတွေကို ဆွေးနွေးတိုင်ပင်ပြီးတော့ လုပ်ပေးသွားပါမယ်"

"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်.....တကယ့်ကို ကျေးဇူးတင်တာပါ...အကြီးအကဲဟွမ်"

"ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး...ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာနဲ့ယှဉ်ရင် အခုလုပ်ပေးတာလေးက ပမွှားပါ..."

ဟွမ်းဂျွန်နှင့် အကြီးအကဲဟွမ်က ချွန်းမြောင်ကို ပြိုင်တူဆိုသလိုပင် ကြည့်လိုက်ကြလေသည်။

ဟွမ်းဂျွန်က ချွန်းမြောင်အား ဝမ်းမြောက်ဝမ်းသာအသံနှင့် ပြုံးရွှင်ပျစွာ စကားဆိုလာလေ၏။

"မင်းက ဟွာဆန်းအတွက် ကံကောင်းခြင်းတွေကို ယူလာခဲ့ရုံတင်မကဘူး အခု‌တော့ ဟွာဆန်းရဲ့ ဂုဏ်ကိုပါ မြှင့်တင်ပေးခဲ့ပြီ....မင်းနဲ့ယှဉ်ရင် ငါ့ကိုယ်ငါ ရှက်မိပါတယ်"

"အဲ့လို မပြောပါနဲ့...ဂိုဏ်းချုပ်....ကျွန်တော်သာ ဒီနေရာမှာ ပညာသင်ခွင့်မရခဲ့ရင် ဒါမျိုးတွေလည်း လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး"

အကြီးအကဲဟွမ်ကမူ ချွန်းမြောင်၏ သရုပ်ဆောင်ကောင်းမှုကြီးကို လက်ဖျားခါသွားလေတော့သည်။

အမလေး...ပြောတတ်ဆိုတတ်ပါးစပ်လေးနဲ့ ဒီမကောင်းဆိုးဝါးလေးကို ကြည့်လိုက်ပါဦး...

ပလီပလာနေလိုက်တာ လျှာမှာဆီသုတ်ပြီး ပြောနေသလားမှတ်ရတယ်....အလိမ်အညာစကားတွေ လျှောကနဲ လျှောကနဲပဲ....

"ကဲ...ဒါဆို ဘဏ္ဍာရေးမှူးကြီးနဲ့ ယုအန်းက လွဲရင် ကျန်တဲ့သူတွေ ပြန်လို့ရပြီ"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

လူတိုင်းက ပြန်ရန်အတွက် မတ်တပ်ထကာ ရပ်လိုက်လေသည်။

"ဪ..ပြီးတော့ ချွန်းမြောင်....မင်း အဝေးကြီး မသွားနဲ့ဦး...ခဏနေရင် မင်းနဲ့ပြောစရာရှိသေးတယ်"

"ဟုတ်ကဲ့ပါ"

ချွန်းမြောင်သည်လည်း အခြားသူများနှင့်အတူပင် ခန်းမပြင်ပသို့ ခပ်ဖြည်းဖြည်းထွက်လာလေသည်။ ခန်းမအပြင်သို့ ရောက်သောအခါတွင်မူ သိုင်းပညာသင်ကြားရေးတာဝန်ခံဆရာဖြစ်သူ ဟွမ်းဆန်းက ချွန်းမြောင်၏ ပုခုံးကို အသာပုတ်ကာ ခေါ်လာလေသည်။

"မင်းတကယ့်ကို အလုပ်ကောင်းတစ်ခုကို လုပ်ခဲ့တာပဲ...တော်ပါပေတယ်"

"မဟုတ်တာ...ကျွန်တော်ဘာမှ ထူးထူးထွေထွေကြီး မလုပ်ခဲ့ပါဘူး"

"မင်း ဒီလောက်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာ...ဘယ်က ကိစ္စကြီး မဟုတ်ရမှာလဲ.....

အသက်တစ်ချောင်းကို ကယ်ရင်တောင် တော်တော်ကောင်းနေပြီကို အခုက အကြီးအကဲဟွမ်ရဲ့ အသက်လေ ...

ကောင်းတာထက်တောင် ပိုနေပြီ...ဒါက ဟွာဆန်းကို ဘုရားမလိုက်သလိုပဲ...သိလား"

ဟွမ်းဆန်း၏ အပြောကြောင့် ချွန်းမြောင်ရယ်ချင်သွားသည်။

မ လိုက်သည့် သူက ချွန်းမြောင်ကိုယ်တိုင်ပင်။ ဟွာဆန်းအား ကယ်တင်သူလေးက ချွန်းမြောင်ဟူသော သူကိုယ်တိုင်ပင်။

ချွန်းမြောင်ကမူ အကြီးအကဲဟွမ်၏ အကူအညီလေးတစ်ချိုု့ကို ရလိုက်သည်နှင့်ပင် ပျော်ရွှင်နေကြသော လူများကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။ မူးစေ့မတ်စေ့ပမာဏမျှနှင့်ပင် ပျော်နေရှာသော ဤလူများကို သူရသောပမာဏကို အသိပေးကာ စိတ်မဆင်းရဲစေလိုတော့ပေ။ သူတို့ ဆက်၍သာ ပျော်ကြပါစေဟု သဘောထားကို နေလိုက်လေတော့သည်။

ထိုအချိန်မှာပင် ချွန်းမြောင်ဆီသို့ အန်းဂွန်ကလည်း ရောက်လာလေသည်။

"ချွန်းမြောင်"

"ဟုတ်ကဲ့...အိပ်ဆောင်မှုး"

"မင်းလုပ်ခဲ့တာ တကယ့်ကို ကောင်းပြီးမွန်မြတ်တဲ့အလုပ်မှန်း ငါသိပါတယ်....ဒါပေမယ့်လည်း မင်းရဲ့ လုပ်ပုံကတော့ မှားနေတယ်...ဒါက ကောင်းတဲ့ကိစ္စမို့လို့ မင်းအပြစ်ပေးမခံတော့ပေမယ့် မကောင်းတဲ့ကိစ္စဆိုရင်တော့ မင်းကို သေချာပေါက် အပြစ်ပေးကြမှာပဲ....မင်း ဂိုဏ်းက အကြီးအကဲတွေကို တခွန်းတလေတောင် အသိမပေးဘဲ ထွက်သွားတာ...ဒါက စည်းမျဉ်းကို ဖောက်ဖျက်ရာကြတယ်"

"ကျွန်တော် အလျင်လိုသွားလို့ပါ...ဒီလိုဖြစ်သွားစေဖို့ ကျွန်တော် မရည်ရွယ်ပါဘူး"

"ဒါမျိုးက ဖြစ်တတ်ပါတယ်...နောက်တစ်ကြိမ်သာ ဒါမျိုးထပ်မဖြစ်ရအောင် ဂရုစိုက်ပါ....

ဒီတခါမင်းလုပ်ခဲ့တာက မင်းထင်ထားတာထက်တောင် ပိုပြီးတော့ အန္တာရယ်များတယ်...နောက်မဖြစ်စေနဲ့ ..

ဟုတ်ပြီလား"

"ဟုတ်ကဲ့...ကျွန်တော် ဂရုစိုက်ပါ့မယ်"

"ဂိုဏ်းရဲ့စည်းမျဉ်းကို မနာခံလို့ အပြစ်ပေးခံရတာက အမြဲတော့ ရှောင်လွဲလို့ ရနေမှာမဟုတ်ဘူးလေ..

ငါပြောချင်တာကို သိတယ်မို့လား"

"ဟုတ်ကဲ့ ...သိပါပြီ"

ချွန်းမြောင်က အန်းဂွန်ကို ဦးညွတ်ကာ အရိုအသေပေးလိုက်လေ၏။

အန်းဂွန်ကမူ ချွန်းမြောင်အား ဆုံးမစကားပြောပြီးသည့်တိုင် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေလေသေးသည်ကို ချွန်းမြောင်ကလည်း သိလေသည်။ အန်းဂွန်က နောက်ထပ်ဆုံးမစကားပြောချင်နေသေးသည်ကို ထိန်းချုပ်ကာ အတင်းပင် ပြုံးနိုင်ရန် ကြိုးစားနေရသည့်ပုံပင်။

"အဟမ်း....ဒါဆိုလည်း မင်း ရှေ့လျောက် ကောင်းကောင်းမွန်မွန်နေဖို့ ကြိုးစားပေါ့"

ပြီးနောက်တွင်မူ လူတိုင်းက ချွန်းမြောင်အား လာရောက်ချီးကျူးကြပြီး ဂုဏ်ပြုစကားဆိုလာကြလေသည်။

အကြီးအကဲဟွမ် ဟွာဆန်းသို့ ရောက်လာသည်က ချွန်းမြောင်တွေးထားသည်ထက်ပင် တုံ့ပြန်မှုကောင်းလေသည်။ အကြီးအကဲဟွမ်သည် ငွေကောင်းစွာ ထောက်ပံ့နိုင်သူဖြစ်လေသည်။

ငွေ ထောက်ပံ့နိုင်သည်က အရာရာထောက်ပံ့နိုင်သည်နှင့် အတူတူပင် ဖြစ်လေသည်။

"နောက်ဆုံးတော့လည်း ဟွာဆန်းရဲ့ ရွှေရောင်နေ့ရက်တွေ ပြန်ရောက်လာတော့မယ် ထင်ပါရယ့်....

အခုတောင် ကံကောင်းတာတွေက တဖြည်းဖြည်းများလာနေပြီ"

ကံကောင်းမှုတဲ့လား...

ထိုကံကောင်းမှုဟု သူတို့ထင်နေကြသောအရာအားလုံးသည် ချွန်းမြောင်ဖန်တီးထားသော အရာများပင် ဖြစ်သည်ကို တွေးမိသွားသောအခါတွင်မူ ချွန်းမြောင် သက်ပြင်းချမိသွားလေတော့သည်။

"အားးး ဆရာတူအကိုကြီး ....ထမ်းပိုးထားရတာတွေ များလွန်းလို့ ကျွန်တော့်ကျောကြီးတောင် အောင့်လာသလိုပဲ...သိလား"

ချွန်းမြောင်၏ ဆရာတူအကိုကြီးကမူ ချွန်းမြောင်၏အဖြစ်ကိုကြည့်ကာ ကောင်းကင်ဘုံမှ ရယ်နေလောက်ပေသည်။

All Chapters