အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
အပိုင်း (၆၄)
ဂိုဏ်းချုပ် .......ဒီတစ်ယောက်ကတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပဲ(၄)
ဟွာဆန်းဂိုဏ်းတွင်း အခြေအနေက အုတ်အော်သောင်းနင်းပင်။
မူလကပင် ကသောင်းကနင်း ပရမ်းပတာဖြစ်နေပြီးသားအခြေအနေတွင် အမျိုးမျိုးသော အကြောင်းပြချက်တို့ကြောင့် ဂိုဏ်းတွင်းတွင် ပိုပိုကာ ပွတ်လောရိုက်လာလေ၏။
"အကြီးအကဲဟွမ်ကို ကယ်လိုက်တာလား"
"အကြီးအကဲဟွမ်က ဘယ်သူလဲ"
"အန်ဟာကုန်သည်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်လေ...ဟွားကျေးရွာက ကုန်သည်တွေအားလုံးပေါင်းရင်တောင် အကြီးအကဲဟွမ်ကို မယှဉ်နိုင်ဘူး"
"ဘယ်လို...ဒါဆို သူကတော်တော်လေးကို တော်တာပေါ့"
"ဟာ...ငါပြောတဲ့လူလေ"
တတိယတန်းတပည့်များက ကြားရသောသတင်းများကို မယုံတဝက်ယုံတဝက်နှင့်ပင် သတင်းစကားများကို သိသလောက် ပြောဆိုနေကြလေသည်။
"ဒါဆို ချွန်းမြောင်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ကယ်လိုက်တာပေါ့"
"ဟေ....အဲ့ဒီသတင်းက အမှန်ပဲလားဟ"
"ထူးဆန်းလိုက်တာ"
"ငါသိပြီ"
"သူ ဘယ်လိုများ လုပ်လိုက်တာလဲ"
ကြားနေရသောသတင်းများက သတင်းကောင်းဖြစ်သော်လည်း တတိယတန်းကလေးများကမူ ဒွိဟများနှင့် ဆွေးနွေးပြောဆိုနေကြလေ၏။ မူလကပင် ချွန်းမြောင်သည် တတိယတန်းတပည့်များအကြားတွင် ပစားပေးခံရမှုများ ရှိသူဖြစ်ပြီး ဂိုဏ်းချုပ်နှင့် အကြီးအကဲအန်းဂွန်က ချွန်းမြောင်ဘက်မှ ရပ်တည်ပေးထားလေသည်။ ဤသည်ကိုပင် ချွန်းမြောင်က ယခုသတင်းထွက်နေသော ချီးကျူးဖွယ်လုပ်ရပ်ကြီးကို အမှန်တကယ်လုပ်ခဲ့သည်ဆိုလျှင် ချွန်းမြောင်၏ အနေအထားက နောက်အဆင့်တစ်ခုသို့ ရောက်သွားလေမလားဟုပင် တွေးနေကြလေ၏။
ဂျိုဂုက ပြုံးလိုက်လေ၏။
"သူ့ကိုယ်သူ ဘယ်လိုတန်ဖိုးတက်အောင်လုပ်ရမလဲသိတာကို ကျွန်တော်အံဩလိုက်တာ"
ချွန်းမြောင်က သရဲတစ္စေတစ်ကောင်လိုပင်။ မဖြစ်နိုင်ဆိုသည့်အရာများက သူထံတွင် ရှိမနေသလိုပင်။
ကောင်းကင်ဘုံကလည်း သူ့အား မျက်နှာသာပေးလွန်းပုံရလေသည်။ လုပ်ကိုင်လိုက်သည့်ကိစ္စတိုင်းက အဆင်ပြေ အောင်မြင်နေသည်ချည်းပင်။
"ဒါကြီးကတော့ အရမ်းကို လွန်သွားပြီလို့ မထင်ဘူးလား...ဆရာတူအကိုကြီး"
"ဘာကတုန်း"
"ကံတရားက သူ့ဘက်မှာ အဲ့လောက်ကြီး ရှိနေတာကျ မဖြစ်သင့်ဘူးလေ"
ယွန်းဂျွန်က ဂျိုဂုအား ကြည့်ကာ ပြောပြလာလေသည်။
"မင်းက ဒါကို ကံကောင်းလို့လို့ ထင်နေတာလား"
"အကိုကြီးက ဘယ်လိုထင်လို့လဲ"
"ဒါက ကံကောင်းတာ မဟုတ်ဘူး.....ဒါက စွမ်းဆောင်ရည်ရှိတာလို့ ခေါ်တယ်"
ဂျိုဂုက ယွန်းဂျွန်၏စကားကို ယောင်နနနှင့် ခေါင်းငြိမ့်ပြလိုက်သော်လည်း နားတော့မလည်ပေ။ ဂျိုဂု၏ အမူအရာကို ကြည့်ကာ ယွန်းဂျွန်က နားလည်လိုက်ပြီး ရှင်းပြရန် ပြင်လိုက်လေသည်။
"ချွန်းမြောင် တောင်အောက်ကို ကြိုက်သလိုဆင်းလိုက်တက်လိုက်လုပ်လို့ရပြီး စာကို လက်ခံပို့ပေးခွင့်ရတာကလည်း သူ့စွမ်းဆောင်ရည်ကောင်းလို့ပဲ......သူ စာပို့လို့ရတဲ့အချိန်မှာ ငါတို့က ဘာလုပ်နေရလဲ.....စာပို့ခွင့်မရှိလို့ ဟွာဆန်းက ပေးထားတဲ့တန်ရာတန်ရာတာဝန်တွေမှာ လုပ်နေရတာပဲ မို့လား"
"အင်း...ဟုတ်တယ်"
"နောက်ထပ် ပြောရမှာက တကယ်လို့ ငါတို့ အဲ့လိုအခွင့်အရေးရခဲ့ရင်တောင် အကြီးအကဲဟွမ်ကို ကုသတာက သေဖို့ ရှင်ဖို့မသေချာတဲ့ကိစ္စပဲ....ဒါပေမယ့် ချွန်းမြောင်ကတော့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သူ့ရဲ့စွမ်းရည်ကို ပြသနိုင်ခဲ့တယ်...
တကယ်လို့ သူသာ မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် အကြီးအကဲဟွမ်လည်း သေပြီး ငါတို့ဟွာဆန်းလည်း အန်ဟာကုန်သည်အဖွဲ့အစည်းရဲ့ အမျက်ဒေါသကို ခံစားရမှာပဲ......
ဒီလို အခွင့်အရေးကောင်းတွေ ရနေမယ့်အစား သူတို့အဖွဲ့အစည်းရဲ့ စီးပွားရေးတိုက်ခိုက်တာတွေကြုံရပြီး ဆင်းရဲဒုက္ခနဲ့ နောက်ထပ်ပြန်ပြီး ကြုံတွေ့ကြရမှာ......အဲ့အချိန်ကျ ဂိုဏ်းချုပ်လည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး"
ယွန်းဂျွန်ပြောနေသည်များက အဓိပ္ပါယ်ရှိသောကြောင့် ဂျိုကုက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။
"တခြားသူလုပ်နေပြီဆိုရင်တော့ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် လွယ်တယ်ထင်ရတာပေါ့....ဒါပေမယ့် မင်းတို့ကိုယ်တိုင် အဲ့အလုပ်ကို လုပ်ကြည့်ပြီဆိုမှ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မင်းတို့သိလာလိမ့်မယ်....
အဲ့တော့ ကံကောင်း မကောင်း ထိုင်ပြောနေမယ့်အစား မင်းတို့ကိုယ်ကိုယ် တိုးတက်လာအောင် ပြုစုပျိုးထောင်ကြ...အရည်အချင်းရှိအောင် စွမ်းဆောင်ရည်ရှိအောင်ကြိုးစားကြ.......
ကံတရားက အခွင့်အရေးကိုပဲ ဖန်တီးပေးတာ ......ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ကိုယ့်ကိုယ်ကိုယ် မြှင့်တင်အောင်လုပ်ရတာကတော့ အရည်အသွေးနဲ့စွမ်းဆောင်ရည် ပဲ......
မဟုတ်ရင်တော့ ကံဘယ်လောက်ကောင်းကောင်း အလကားပဲ......အဲ့တော့ တော်ပြီးထက်မြက်လာအောင်ပဲ အရင်ကြိုးစားကြ"
"ဟုတ်ကဲ့ပါ...ဆရာတူအကိုကြီး"
ဂျိုဂုက သက်ပြင်းလေးခိုးချလိုက်လေသည်။
ဆရာတူအကိုကြီးကတော့ တနေ့ထက်တနေ့ ပိုပိုပြီးတော့ ပြောဆိုဆုံးမပြီး မြည်တွန်တောက်တီးနေတော့တာပဲ။
အရင်နဲ့ကို မတူတော့ဘူး.......
အတိတ်နေ့ရက်များတုန်းကမူ ယွန်းဂျွန်သည် မည်သို့သော အခြေအနေပင်ဖြစ်စေကာမူ ကလေးများဘက်မှ ရပ်တည်ကာ ပြစ်တင်ပြောဆို ထောက်ပြခြင်းများ မရှိခဲ့ပေ။ အလိုလိုက်အကြိုက်ဆောင်ကာသာ ကလေးများကို ပျော်အောင် ထားခဲ့လေသည် ။ ယခုတွင်မူ ယခင်ကကဲ့သို့မဟုတ်ဘဲ ပြောဆိုဆုံးမသည်က များလာလေပြီး အလိုလိုက် အကြိုက်ဆောင်မလုပ်တော့ပေ။ လုပ်သင့်သည်များကို ညွှန်ပြကာ ဖြစ်သင့်သည်များကို ဆုံးမတတ်လာလေတော့သည်။ ယွန်းဂျွန်သည်လည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်လေသည်။
တတိယတန်း၏အကြီးဆုံးတပည့်က စတင်ကာပြောင်းလဲလာခဲ့ပြီမို့ နောက်လူများကပါ အပြောင်းအလဲအတွက် စတင်ကာ ပြင်ဆင်လာကြလေတော့သည်။ ယွန်းဂျွန်၏ ခြေရာကို ဦးစွာပထမလိုက်လာသည့်သူက ဂျိုဂုပင်။ သူသည်လည်း ပြောင်းလဲရန်သင့်နေပြီကို သတိထားမိလာလေသည်။ အခြားကလေးများကလည်း ယွန်းဂျွန်၏အပြောကြောင့် စိတ်ကူးအတွေးရေယာဉ်ကြောတွင် မျောပါသွားကြပြီး ယွန်းဂျွန်၏ ဆုံးမစကားများကလည်း အဆုံးမသတ်နိုင်သေးပေ။
"ဒါပေမယ့် ကျွန်တော်စိတ်ပူတယ်"
"ဘာကိုလဲ"
"ချွန်းမြောင် တော်လို့ ဒီလိုချီးကျူးစရာကိစ္စတွေ ဖြစ်လာတာကတော့ ထားပါတော့ ...လက်ခံလို့ ရပါတယ်..
အဲ့လိုဆို သူက နောက်ထပ်အဆင့်တွေ ထပ်ပြီးတက်သွားဦးမှာ မဟုတ်ဘူးလား"
ချွန်းမြောင်က ဟွာဆန်းအတွင်း ပုံစံမျိုးစုံနှင့် အခွင့်အရေးအစုံရနေသူဟုပင် ပြောနိုင်လေသည်။ ဤသည်ကိုပင် ထပ်ကာ အဆင့်တက်ရဦးမည်တဲ့လား...
"ငါလည်း သေချာတော့မသိဘူး....တစ်ခုခုတော့ အပြောင်းအလဲတွေ ဖြစ်လာဦးမယ်လို့တော့ ထင်တာပဲ"
"........."
မြွေပွေးတစ်ကောင်ကဲ့သို့ပင် ချွန်းမြောင် ရက်စက်ကာ အသည်းနှလုံးမရှိသည်က တပည့်များအတွက် ပြဿနာမဟုတ်ပေ။ သို့သော် ထိုရက်စက်တတ်သောသူက အလွန်ပင် ဇွဲနဘဲကြီးသောသူ ဖြစ်နေသည်ကတော့ ပြဿနာပင်။ တပည့်လေးများအနေနှင့် ချွန်းမြောင်၏ ဇွဲလုံ့လကြီးစွာ လုပ်ခိုင်းတတ်လေသော လေ့ကျင့်ရေးများကို အသံကြားရုံနှင့်ပင် စိတ်ကုန်နေကြပြီ ဖြစ်လေသည်။ ချွန်းမြောင် အဆင့်တက်ကာ ရာထူးတစ်ခုရသွားလျှင် ထိုဒုက္ခပိုကြီးလာမည်ကို သူတို့စိုးရိမ်နေကြခြင်း ဖြစ်လေသည်။
"ဟင်းးး"
"ငါနှယ်....အရင်ဘဝက ဘယ်လိုအကုသိုလ်တွေများ လုပ်ခဲ့ပါလိမ့်နော်"
ဇီးပန်းဖြူအဆောင်ကြီးတစ်ခုလုံးသည် သက်ပြင်းခိုးချသံများနှင့် ပြည့်နှက်သွားလေတော့သည်။
"အကြီးအကဲဟွမ် ဟွားကျေးရွာက လုပ်ငန်းတွေကို လက်လွဲယူဖို့ ဆုံးဖြတ်လိုက်ပြီတဲ့"
"ငါတို့ ကံကောင်းသွားကြပြီး"
"အကြီးအကဲဟွမ်သာဆို မယုံရစရာ အကြောင်းလည်း မရှိတော့ဘူး"
ဟွမ်းဂျွန်ကမူ ဂိုဏ်းချုပ်ပီပီ ဣန္ဒြေဆယ်ကာ နေနိုင်ရန်ကြိုးစားနေလေသည်။
လက်ဖက်ရည်တွေ မဖျော်ရတော့ဘူးဆိုလို့ ငါလည်း ဝမ်းသာပါတယ်...
ဟွမ်းဂျွန်က စိတ်လှုပ်ရှားလွန်၍ တုန်နေသောလက်များကို ငြိမ်နေစေရန် အတော့်ပင် ထိန်းချုပ်ထားရလေသည်။
အကြီးအကဲဟွမ်က ဟွာဆန်းအပေါ်တွင် တင်ရှိနေသော ကျေးဇူးကြွေးကို ပြန်လည်ပေးဆပ်ချင်၍ ဟွာဆန်း၏ စီးပွားရေးလုပ်ငန်းများကို အခမဲ့အကျိုးဆောင် လုပ်ကိုင်ပေးရန် ကမ်းလှမ်းလာလေသည်။ ထို့ပြင် အခြေအနေနှစ်မျိုးကိုလည်း ပြောပြကာခွင့်တောင်းလာခဲ့လေသည်။
နံပါတ်တစ်အကြောင်းအရာသည် ဟွာဆန်း၏ အမြတ်ငွေများကို စုဆောင်းထားမည့်အစား ဟွာဆန်းဂိုဏ်းတိုးတက်ဖွံဖြိုးရေးတွင် ထည့်ကာသုံးပေးရမည်။ နံပါတ်နှစ်အကြောင်းအရာကမူ ချွန်းမြောင်အား တခြားတပည့်များထက် ပိုမိုအရေးပေးကာ ဆက်ဆံပေးရမည် ဟူ၍ဖြစ်လေသည်။
နံပါတ်တစ် တောင်းဆိုမှုသည်က ပြဿနာမရှိပေ။ လိုက်လျောပေး၍ ရနိုင်သော အနေအထားဖြစ်လေသည်။ ဟွမ်းဂျွန်ကိုယ်တိုင်ကလည်း ငွေကြေးများကို အသေထားကာ စုဆောင်းထားမည့်အစား ဟွာဆန်းဂိုဏ်းတိုးတက်လာရေးတွင်သာ အသုံးချလို၍ အံကိုက်ပင် ဖြစ်သွားလေသေးသည်။
သို့သော် နံပါတ်နှစ်တောင်းဆိုမှုကမူ ပြဿနာရှိလေသည်။
မျက်နှာပေးသည်ဆိုသည်က ရေရေရာရာဆုပ်ကိုင်ပြစရာ အဓိပ္ပါယ်ဟူ၍ မရှိဘဲ အလွန်ဒုက္ခများစေသော စကားလုံးပင်။
အကြီးအကဲဟွမ်က သူ၏အသက်သခင်ဖြစ်သော ချွန်းမြောင်ကို လေးစားသည်ဆိုသည်က သဘာဝကျလေသည်။ သို့ဖြစ်၍ အရေးပေးဆက်ဆံချင်သည်ဆိုသည်ကလည်း ဖြစ်သင့်သောကိစ္စပင် ဖြစ်လေသည်။ သူကိုယ်၌ကပင် အရေးပေးသကဲ့သို့ ဟွာဆန်းဂိုဏ်းတွင်းတွင်လည်း အရေးတယူဆက်ဆံခံရစေခြင်သည်။ ဤသည်က ပြဿနာပင်။
တတိယတန်းတပည့်လေးတစ်ယောက်အား သိသိသာသာကြီး အရေးပေးထားသည်ထက် ပို၍အရေးပေးဆက်ဆံလာလျှင် လူပြောစရာ ဖြစ်လာပေလိမ့်မည်။ အကြီးတန်းတပည့်များပင် မရသောအခွင့်အရေးတချို့ကိုလည်း ချွန်းမြောင်က ရရှိထားပြီဖြစ်လေသည်မို့ ဟွမ်းဂျွန်အနေနှင့်မူ ဤသည်က မဖြစ်သင့်သောကိစ္စဟုလည်း ယူဆထားလေသည်။ ဂိုဏ်း၏စည်းမျဉ်းစည်းကမ်းကိုလည်း ဖောက်ဖျက်ရာကြသည်မို့ ထိုတောင်းဆိုမှုအတွက် အတော်ပင် ခေါင်းကိုက်နေလေသည်။
ဟွမ်းဂျွန်က ယုအန်းကို ကြံရာမရစွာ ကြည့်လိုက်လေသည်။
ယုအန်းကလည်း ဟွမ်းဂျွန်ကို ကြည့်လိုက်လေပြီး ထောက်ခံလိုက်လေသည်။
"အဟမ်း...ဒါက ကောင်းတဲ့ကိစ္စပါပဲ"
ယုအန်းက လူအုပ်ကြီး၏ စိတ်ဝင်စားမှုကို ရစေရန် အသံကျယ်ကြီးနှင့် မသိမသာအော်ပြောလိုက်ပြီးမှ စကားဆက်လေသည်။
"အကြီးအကဲဟွမ် ဒီလိုတောင်းဆိုတယ်ဆိုတာကလည်း ချွန်းမြောင်က သူကို သေဘေးကနေ ဆွဲတင်ခဲ့လို့ပါ"
"ဟုတ်တာပေါ့"
"မှန်တာပေါ့"
"သူကလည်း စိတ်ထားကောင်းပြီး လက်တွေ့ကျကျ လုပ်သင့်တာကို လုပ်တတ်တဲ့ကလေးမို့လို့ပေါ့....
သူ့မှာ စိတ်ထားကောင်းလေးရှိတာကို"
"သူကတကယ့်ကို တောက်(ဝါ)တာအို ကျင့်ကြံသူစိတ်ထားနိုင်တယ်"
"ငါ့ကို အဲ့အကြောင်းလေး သေချာလည်း ရှင်းပြကြပါဦး"
"အဟမ်း...အဟမ်း"
ယုအန်းက တစ်ယောက်တစ်ပေါက်နှင့် ချွန်းမြောင်အား ချီးကျူးခန်းဖွင့်နေကြသူများ သူ့အားအာရုံပြန်ရလာစေရန် ချောင်းကို တဖန်ဟန့်လိုက်ပြန်သည်။
"ဆိုတော့ ကျွန်တော်တို့ ဒီကလေးကို ဆုတစ်ခုခုချီးမြှင့်သင့်တယ်မို့လား"
"ဒါပေါ့..ဒါပေါ့...သူရသင့်တာပေါ့"
"သူနဲ့ထိုက်တန်ပါပေတယ်"
လူတိုင်းက ယုအန်း၏အဆိုကို လက်ခံကြလေ၏။
"အဟမ်း....ဒါဆိုလည်း သူ့ကို ဘယ်လိုဆုလာဘ်မျိုး ဆုချရင်ကောင်းမလဲ....အားလုံးရဲ့ ထင်မြင်ချက်လေးတွေ ပြောကြပါဦး"
အားလုံးက ဟွမ်းဂျွန်၏ဆန္ဒအတိုင်း ဖြစ်လာသည်မို့ ဟွမ်းဂျွန်ပြုံးမိသွားလေသည်။ ဆုပေး ၊ဒဏ်ပေးစနစ်ကို မွေးမြူခြင်းက ဂိုဏ်းအတွက် အလွန်ပင် ကောင်းမွန်သောကိစ္စဖြစ်လေသည်။ ဂိုဏ်းတွင်းရှိတပည့်များကို အားကျစိတ်ဖြစ်ကာ ကောင်းသောအရာများကို ပိုမိုကာ လုပ်ဆောင်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး မကောင်းမှုကိုပင် အလိုလိုပင် ရှောင်ရှားသွားနိုင်စေမည့် စနစ်လည်း ဖြစ်သည်မို့ ဤစနစ်အား အားလုံးက လက်ခံသည်ကို ဟွမ်းဂျွန် ကျေနပ်သွားလေသည်။ ကောင်းမှုလုပ်လျှင် ကောင်းချီးခံစားရမည်ဖြစ်ပြီး မကောင်းမှုလုပ်လျှင်မှု ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်လေသည် ။ ဤသည်က ဟွာဆန်းဂိုဏ်း၏ အစဉ်အလာပင်။
"သူက တတိယတန်းတပည့်တစ်ယောက်ဆိုတော့ သူတို့တတိယတန်းတပည့်တွေ သင်လို့မရတဲ့ သိုင်းပညာမျိုးတွေ သင်ကြားခွင့်ပေးလိုက်ရင်ရော"
"အာ..."
ဟွမ်းဂျွန်က သိုင်းပညာသင်ကြားရေးတာဝန်ခံ ဟွမ်းဆန်းကို လှမ်းကြည့်လိုက်လေသည်။
ချွန်းမြောင်အတွက် အထူးအခွင့်အရေးများက စတင်လာပြီဖြစ်လေသည်။
"အခုသူ လက်ရှိသိုင်းကို သင်ပြီးသွားရင် သူ့ကို အငယ်တန်းတပည့်တွေ သင်လို့မရတဲ့ ကလျာဏီခုနှစ်မျိုး ဓါးချက်နဲ့ ပန်းကြွေဓါးသိုင်းကို သင်ပေးလိုက်ရင်ရော......သူ သေချာပေါက်ပျော်သွားမှာပါ"
"ဒါက အကြံကောင်းပဲ ...ဟုတ်တယ်မို့လား...ဂိုဏ်းချုပ်"
"အင်း ...ငါလည်း အဲ့လိုထင်တာပဲ"
လေထုက အလွန်ကိုနွေးထွေးနေပြီး ဟွမ်းဂျွန်ကလည်း ထိုအခြေအနေကို သဘောတကျပင် ရှိနေလေသည်။
"ဒါဆို...ငါတို့ ဆွေးနွေးတာက ...."
"မဟုတ်ဘူး"
ဟွမ်းဂျွန်၏ စကားပင်မဆုံးသေး။ ကြားဖြတ်အော်သံကြီးက ထွက်လာလေသည်။ အသံပိုင်ရှင်သည်က ဘဏ္ဍာရေးမှူး ဟွမ်းယုန်ပင်။ သူ့ကြည့်ရသည်က ဒေါသထွက်နေသည့်ပုံပင်။
"ဂိုဏ်းချုပ်....ကလေးတစ်ယောက်ကို ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ ဆုလာဘ်တွေ ချီးမြှင့်ချင်နေတာလဲ"
ဘာတုန်း....မင်းက ဘာဖြစ်ရပြန်ပြီတုန်း...
ငါတို့ ဆုပေးတာကို မင်းက ဘာကိစ္စ ဖင်ဝင်နာနေပြန်တာတုန်း...
ဟွမ်းဂျွန်စိတ်ထဲမှ ကြိတ်ဆဲနေသော်လည်း ဟွမ်းယုန်က ဘဏ္ဍာရေးဌာနမှ အကြီးဆုံးလူဖြစ်သည်မို့ ဟွမ်းယုန်၏ စကားကိုလည်း လျစ်လျူရှုနေ၍ မရပေ။
"ဘဏ္ဍာရေးမှူးကြီး ...အခုက ဘာဖြစ်ပြန်တာလဲ"
"ဂိုဏ်းချုပ်ရဲ့ ဆုလာဘ်ကြောင့်လေ...ဒါမျိုးကြီးကို ဆုလာဘ်ပေးတာ လက်မခံနိုင်လို့"
"ဟင်"
"ကလေးတစ်ယောက်ကို သိုင်းပညာထပ်သင်ပေးလို့ သူပျော်မယ်လို့ တကယ်ကြီးထင်နေတာလား..
သူတို့မှာ ဒီတိုင်းတောင် နေ့နေ့ညည လေ့ကျင့်နေရတာ သိုင်းပညာကို ထပ်သင်ရမယ်ဆိုတော့ ဒါက ဆုပေးတာ မ
ဟုတ်တော့ဘူး.....ပြစ်ဒဏ်ပေးနေတာနဲ့ပဲ တူတော့မယ်"
ဘယ်လို...
မင်း ဘယ်လိုပြောလိုက်တယ်...
မင်းပြောလိုက်တာကြီးက တော်တော်လေးတော့ ထူးဆန်းနေသလိုပဲနော်...
"ဒါက လုံးဝဆုလာဘ်မဟုတ်ဘူး....ဆုဆိုတာမျိုးက တဖက်လူရဲ့ရင်ထဲမှာ တသိမ့်သိမ့်ပျော်ရွှင်သွားစေတဲ့အရာမျိုးကို ခေါ်တာ... သိုင်းသင်တယ်ဆိုတာက ဘယ်လိုဆုလာဘ်မျိုးကြီးလဲ...
ဆုပေးမယ်ဆိုလည်း သင့်တော်ပြီး ကောင်းမွန်တဲ့အရာမျိုးတော့ ဖြစ်နေရမှာပေါ့....ကျွန်တော် ဘာပြောချင်တာလဲဆိုတာကို ဂိုဏ်းချုပ် နားရောလည်ရဲ့လား"
ဒီကောင် ဘာပြောလိုက်တယ်...
ဟွမ်းဂျွန်ကမူ မျက်စိရှေ့တွင်ဖြစ်နေသောအရာများကို နားမလည်နိုင်သောမျက်လုံးများနှင့် ကြည့်နေလေ၏။ လွန်ခဲ့သောရက်ကပင် ဟွမ်းယုန်သည် ချွန်းမြောင်အား အလွန်အမင်းပင် စိတ်ဆိုးကာ အပြစ်ပေးခြင်နေသည့် လူများစာရင်းတွင် ထိပ်ဆုံးလူဖြစ်ခဲ့လေပြီး ယနေ့တွင်မူ ဆုလာဘ်အတွက်ပင် လာရောက်ကာ အရေးဆိုပေးနေလေသည်။ ဘက်ပြောင်းသည်ကလည်း မြန်လွန်းလှပေသည်။
ဟွမ်းယုန်ကမူ ကဲကဲသည်းသည်းပင် ဆက်လက်ကာ ပြောဆိုနေလေ၏။
"အကြီးအကဲဟွမ်ကို ကယ်တင်လိုက်တာကို သာမန်ညောင်ညလေးလို့ မြင်နေတာလား.....
အမလေး..ဒါက လူကိုတင် ကယ်လိုက်တာမဟုတ်ဘူးနော်.....ဟွာဆန်းကို စီးဝင်လာမယ့် ငွေကြောကြီးကိုပါ ကယ်လိုက်တာ.... ပြီးတော့ အကြီးအကဲဟွမ်ရဲ့ စကားအရဆို လုပ်ငန်းတွေကိုက အခမဲ့ ကူညီကိုင်တွယ် ပေးဦးမှာ...အခမဲ့နော်....လုံးဝအခမဲ့"
အဆုံးသတ်တွင်မူ ဟွမ်းယုန်လျှင်လျှင်မြန်မြန် ဘက်ပြောင်းကာ ချွန်းမြောင်ဘက်တော်သား ဖြစ်သွားရသည့်အကြောင်းရင်းကို နားလည်သွားပြီဖြစ်လေသည်။ ဟွမ်းယုန်သည် ဘဏ္ဍာရေးမှူးပီပီ ဟွာဆန်း၏ ငွေရေးကြေးရေးအလုံးစုံကို ကိုင်တွယ်ရလေသည်။ ယခုလက်ရှိတွင်မူ ဟွာဆန်းသည် စီးပွားရေးလုပ်ငန်းများကို မကိုင်တွယ်နိုင်၍ ပရမ်းပတာစဖြစ်နေချိန်တွင် ငွေများရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းများကို ထိန်းသိမ်းပေးမည့်သူက ချွန်းမြောင်ကို အကြောင်းပြုကာ ရောက်လာလေသည်။ ထိုအကြောင်းပြချက်တစ်ခုတည်းကြောင့်သာ အကြီးအကဲဟွမ်က ထိုသို့ဘက်ပြောင်းသွားခြင်း ဖြစ်လေသည်။ အကြီးအကဲဟွမ်သာ အချိန်မှီရောက်မလာပါက သူတို့ဟွာဆန်းသည် နောက်တစ်ကြိမ်ပျက်စီးခြင်းဆိုက်မည့်အရေးကို ကြိုမြင်နေသောကြောင့် ဖြစ်လေသည်။
သူတို့ဟွာဆန်းဂိုဏ်းသည် ပထမအကြိမ်ပျက်စီးခြင်းဆိုက်ကာ အကြွေးတလထူနှင့် ဟွာဆန်းကိုပင် ထိုးပေးကာ အကြွေးသိမ်းခံရတော့မည့် အနေအထားသို့ ရောက်ဖူးလေသည်။ သို့သော်လည်း ထိုသို့ ချောက်ထဲကျအံ့ဆဲဆဲအခြေအနေတွင် သေတ္တာကြီးပေါ်လာပြီး ငွေအမြောက်အများ ရရှိခဲ့လေသည်။ သို့သော်လည်း ငွေဆိုသည်က အရှာခက် အသုံးလွယ်သည့်အမျိုးပင်။ မြောက်များလှစွာသော ငွေတို့သည်လည်း တဖန်ကုန်လုနီးပါးဖြစ်ပြီး တောင်အောက်ရှိစီးပွားရေးလုပ်ငန်းများကိုပါ ဟွာဆန်းက ကိုယ်တိုင်ဆင်းကာ လုပ်ကိုင်နေရချိန်တွင် ထိုဒုက္ခတောမှ ကယ်တင်ရှင်ကြီး အကြီးအကဲဟွမ်က ချွန်းမြောင်ကို အကြောင်းပြုကာ ရောက်လာခဲ့လေသည်။ အကြီးအကဲဟွမ်၏ ရင်းနှီးမြုပ်နှံကာ ပူးပေါင်းမှုကို အပျော်ဆုံးလူက သူဖြစ်သည်ဟု ဆိုလျှင်လည်း မှားမည် မထင်ပေ။
ထို့ကြောင့် ချွန်းမြောင်အား ပူဇော်ပသထားရမည်ဆိုလျှင်ပင် လက်ခံနိုင်သောအနေအထားသို့ ရောက်သွားလေတော့သည်။
ဟွမ်းယုန်က မျက်နှာကြီးနီရဲကာ အော်နေလေသည်။
"သူ့ကို အဓိပ္ပါယ်ရှိတဲ့ ဆုတစ်ခုခုပဲ ပေးလိုက်စမ်းပါ....သူက ပိုပြီးတော့ကောင်းတဲ့ပစ္စည်းတစ်ခု ဂိုဏ်းအတွက် ပြန်ယူလာပေးလိမ့်မယ်"
"ဆု...ဆုဆိုတာ ပြန်ရမယ့်ပစ္စည်းကို မျှော်ကိုးပြီး ပေးရတဲ့အမျိုးမဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ်"
"ဂိုဏ်းချုပ်....သိရဲ့လား...ဒီကလေးက လူမဟုတ်ဘူး....နတ်ဘုရားပဲ....သိလား ..နတ်ဘုရားလို့..
သူက ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားပဲ..သူ့ကို ကောင်းတာတစ်ခုခုပေးရင် သူကလည်း ငွေတွေအများကြီး ပြန်ပေးလိမ့်မယ်....ဂိုဏ်းချုပ်....ကျွန်တော်ပြောတာကို နားလည်ရဲ့လား"
"........"
"ဒီတခေါက် သူငွေဘယ်လောက်ရှာနိုင်ခဲ့လဲဆိုတာ ဂိုဏ်းချုပ်သိရဲ့လား....အရူးတွေလို အကုန်လုံးဒီမှာစုပြီး အပိုတွေဆွေးနွေးမနေကြနဲ့......အဲ့လိုလုပ်နေလို့ ဘာခြူးတပြားမှ ဝင်လာမှာမဟုတ်ဘူး....အဲ့ကလေးက တကယ့်ကို သောက်ကျိုးနည်းလာဘ်ကောင်လေး....သိကြရဲ့လား...သူ့ကိုသာ နောက်ထပ်ပစ္စည်းကောင်းတွေ ပေးလိုက်ကြစမ်းပါ.....ငါ ပြောတာကို နားလည်ကြလား...သောက်ရူးတွေရဲ့.....နားလည်ကြစမ်းပါ"
ဟွမ်းယန်က စိတ်လွတ်သလိုပင် အော်ဟစ်နေလေပြီမို့ ဟွမ်းဆန်းက နေရာမှထလာကာ ဟွမ်းယုန်ကို နောက်မှသိုင်းဖက်ပြီး ခန်းမအပြင်သို့ ဆွဲထုတ်သွားလေတော့သည်။
"ဂိုဏ်းချုပ်.......မှန်မှန်ကန်ကန်ဆုပဲနော်......ဆုကြီးကြီးပေး ....သိရဲ့လား"
ဟွမ်းယုန်သည် ဟွမ်းဆန်၏ ဆွဲခေါ်ရာနောက်သို့ ယက်ကန်ယက်ကန်ပါသွားသည်ကိုပင် ပါးစပ်မှအော်ဟစ်သွားလေသေးသည်။
"ငါ မင်းတို့အားလုံး သူ့ကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...သူက ခက်ခဲတာတွေကို အများကြီး ဖြတ်သန်းခဲ့ရလို့ပါ"
"ကျွန်တော်တို့ နားလည်ပါတယ်"
"တကယ်တော့ ငါတို့ လည်း ဒီနေရာမှာ ဘာမှမယ်မယ်ရရလုပ်နိုင်တာ မရှိပါဘူး....ခက်ခဲတဲ့ကိစ္စတွေကို သည်းခံပြီးတော့ ကျော်ဖြတ်ကြဖို့ပဲ ကြိုးစားနေကြရတာပါ"
"အခက်အခဲတွေကလည်း များလွန်းပြီး ကြုံတွေ့ခဲ့ရတာတွေကလည်း ......."
"ဂိုဏ်းချုပ်"
ယုအန်းဆီမှ အသံထွက်လာလေသည်။
"ဘဏ္ဍာရေးမှုးကြီး ပြောတာမှန်ပါတယ်...ချွန်းမြောင်ကို သီးသီးသန့်သန့် ဆု ကောင်းကောင်းပေးဖို့ လိုမယ်ထင်တယ်.....ကျွန်တော်တော့ ဘဏ္ဍာရေးမှူးကြီး ပေးတဲ့အကြံကို သဘောကျတယ်...ချွန်းမြောင်လည်း ရသင့်တယ်လို့ ခံစားမိတယ်"
"ဟုတ်ပါပြီ...မင်းပြောတာလည်း မှန်ပါတယ်"
"ကဲ..ကဲ...စိတ်အေးအေးထားပြီး ပြောကြပါ....ခင်ဗျားတို့ ပြောတာ ဟုတ်တော့ ဟုတ်ပါတယ်.....ချွန်းမြောင်က ဒီတကြိမ်မှာ ဟွာဆန်းဂိုဏ်းအတွက် သူလုပ်ပေးတာနဲ့ယှဉ်ရင် ပြန်ရတာက ဘယ်လိုမှကို နှိုင်းယှဉ်လို့မရအောင်နည်းပါတယ်...."
"အရင်တခေါက်ကတော့ တိုက်ဆိုင်မှုဆိုပေမယ့် ဒီတခေါက်ကတော့ ကြိုးစားအားထုတ်မှုဖြစ်တဲ့အတွက် သူနဲ့ထိုက်တန်တဲ့ ဆုလေးတော့ ပေးရမှာပေါ့......ဒါမှ တခြားကျန်တဲ့တပည့်လေးတွေကလည်း ကြိုးစားချင်စိတ် ပေါက်လာကြမှာ "
"ဟုတ်တာပေါ့"
"ချွန်းမြောင်ကို တပည့်လေးတွေအားလုံးရော တခြားသူတွေကပါ သူနဲ့ထိုက်တန်လို့ ရတာပါလားခံစားနိုင်စေမယ့် ဆုလာဘ်မျိုး ငါပေးချင်တယ်"
အားလုံးကလည်း ဟွမ်းဂျွန်ကို စကားကို ထောက်ခံကြလေသည်။
'ဒါဆို....ဘာက အဲ့လိုဆုပစ္စည်းမျိုး ဖြစ်နိုင်မလဲ"
မည်သူ့ထံကမှ အဖြေထွက်မလာပေ။
"ပထမဆုံးအနေနဲ့"
ယုအန်းက စတင်ကာပြောလာလေသည်။
"သူက တောင်အောက်ကိုဆင်းရတာ ကြိုက်ပါတယ်....သူ့ကို ဟွာဆန်းနဲ့ အန်ဟာအဖွဲ့အစည်းရဲ့ ရင်ကြားစေ့ပုဂ္ဂိုလ်အဖြစ်ထားလိုက်ရင်ရော....အဲ့တာက အပြင်ထွက်နေရတာ ကြိုက်တဲ့သူ့အတွက် အဆင်ပြေမယ်ထင်တယ်"
"ဒါပေမယ့်သူက ပို့ဆောင်ဆက်သွယ်ရေးသမား လုပ်ရမယ့်လူမှ မဟုတ်တာ...သူ့ကို တချိန်လုံးလမ်းပေါ်မှာပဲ နေခိုင်းမလို့လား......ဒါက ဘယ်လိုဆုလာဘ်မျိုးလဲ"
"ဒါပေမယ့် အကြီးအကဲဟွမ်က ချွန်းမြောင်ကို အရေးပေးတယ်လေ...သူသွားရင်လည်း ပင်ပင်ပန်းပန်းသွားရမှာမှ မဟုတ်တာ ....အကြီးအကဲဟွမ်က သူ့ကို ကောင်းကောင်းဆက်ဆံမှာပေါ့"
"အေးလေ..သူပြောတာလည်း ဟုတ်တာပဲ"
ယုအန်း၏ အပြောကို ဟွမ်းဂျွန်က ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။
ဆုပေးရေး ဆွေးနွေးတိုင်ပင်မှုကြီးက အတော့်ပင်မြိုင်ဆိုင်နေပြီး တစ်ယောက်က အကြံထပေးလိုက် ကျန်လူများက အမြင်ကို ထောက်ပြလိုက်နှင့် စည်ကားနေလေတော့သည်။
"သူ့ကို အထူးအနေနဲ့ ဇီးပန်းပွင့်ဓါးပေးလိုက်ရင်ရော...သူကြိုက်လောက်တယ်မို့လား"
"အခုမှ သစ်သားဓါးနဲ့ သိုင်းပညာကို စသင်ကာစကလေးက ဘယ်လိုလုပ် ဇီးပန်းပွင့်ဓါးကို သုံးနိုင်မှာလဲ.....သူ့ကို ဝတ်ရုံအသစ်ပေးလိုက်ရင်ရော....ရွှေချည်ထိုးထားတဲ့ မြအင်္ကျီဆို ဘယ်လိုလဲ"
"စားစရာမရှိဘဲ ရွှေချည်ထိုးအဝတ်ကြီး ဝတ်နေရင်လည်း အလကားပဲ....သူ့ကို စားစရာကောင်းကောင်းလေးပဲဖြစ်ဖြစ် စာကြည့်ဆောင်ထဲက သိုင်းကျမ်းတွေကို ယူဖတ်ခွင့်ပေးတာပဲဖြစ်ဖြစ်တာ လုပ်လိုက်ကြစမ်းပါ"
"ချွန်းမြောင်အတွက် ဆုစဉ်းစားနေတာ...မင်းအတွက် ပေးဖို့စဉ်းစားနေတာ မဟုတ်ဘူး...မင်းလိုချင်တာတွေပဲ ပြောမနေနဲ့....ဆုအဖြစ် စားစရာပေးတယ်ဆိုတာက ဘယ်မှာရှိလို့လဲ"
"ဒါဆို ဆေးလုံးတွေ ပေးရင်ရော"
"ဟွာဆန်းမှာ ဘာဆေးလုံးမှ မရှိဘူးဟေ့"
"ဝယ်ပြီး ပေးလိုက်ပေါ့...ပိုက်ဆံရှိနေတာပဲကို"
ဘမ်း.......
ဟွမ်းယုန်က တံခါးကို ကန်ဖွင့်ပြီး ဝင်လာလေပြီး အော်လေတော့သည်။
"သူ့ကို ငွေပဲပေးလိုက်ကြစမ်းပါ.....မင်းတို့ရဲ့ ကျောက်တုံးဦးနှောက်နဲ့ စဉ်းစားနေလည်း ဘာမှထွက်လာမှာမဟုတ်ဘူး..... သူ့ကို ပိုက်ဆံပဲပေးလိုက်ကြ..ငတုံးတွေရဲ့ ......မင်းတို့ အပေါက်တွေကို ပိတ်ပြီး အဲ့ကလေးကို ငွေသာပေးလိုက်ကြစမ်းပါ......အင်း.....အဟု.....အင်း"
ဟွမ်းဆန်းက နောက်တကြိမ်ထပ်ရောက်လာပြီး ဟွမ်းယုန်၏ ပါးစပ်ကိုပိတ်ကာ ဆွဲခေါ်သွားလေတော့သည်။
".........."
"......."
".........."
ဟွမ်းဂျွန် သက်ပြင်းချကာ မျက်စိကိုမှိတ်လိုက်လေသည်။
အခုလိုပရမ်းပတာတွေ ဖြစ်ပြီးရင်တော့ ကောင်းတာတွေပဲ ဖြစ်လာဖို့ မျှော်လင့်ရတာပဲ...ဟူးးးး
သို့သော် ဟွာဆန်းသည် တိုးတက်လာလေလေ ပိုထူးဆန်းလာလေလေဖြစ်လာလေသည်။
အပိုင်း (၆၅)
ဂိုဏ်းချုပ် .......ဒီတစ်ယောက်ကတော့ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပဲ(၅)
ဒါက သူမျှော်လင့်ထားသလို ဖြစ်လာပါ့မလား.....
ချွန်းမြောင်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော အကြီးအကဲဟွမ်က လက်ဖက်ရည်ကို တစ်ငုံ့ငုံ့ကာ သောက်လိုက်ပြီး ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
ချွန်းမြောင်ကလည်း သူအားစူးစိုက်ကြည့်နေသော အကြီးအကဲဟွမ်အား မျက်မှောင်ကြုံ့ကာ ကြည့်လိုက်လေသည်။
အကြီးအကဲဟွမ်က မနေသာတော့ပဲ စကားစလိုက်လေတော့၏။
"အခုက အခြေအနေဘယ်လိုရှိလဲ"
"အကြီးအကဲဟွမ်က အခုမှဘာတွေ အထူးအဆန်းတွေ မေးနေတာလဲ"
"ငါ မေးတာ ဘာမှားသွားလို့လဲဟ"
ချွန်းမြောင်၏ အနည်းငယ်နူးညံ့နေသောမျက်နှာအမူအရာကို သတိထားမိသောအခါတွင်မူ အကြီးအကဲဟွမ်၏ မျက်လုံးများက အရောင်လက်သွားလေသည်။
ငါ ...အန်ဟာရဲ့ဥက္ကဌက ဒီလိုကလေးတစ်ယောက်နဲ့ ကြမ်းတပြေးတည်းထိုင်ပြီး အခုလိုဆွေးနွေးနေရမယ်လို့ မမျှော်လင့်ထားဘူး....
အကြီးအကဲဟွမ်၏ဘဝတွင် အဖြစ်အပျက်များစွာကို ဖြတ်သန်းတွေ့ကြုံခဲ့ရပြီးဖြစ်သော်လည်း သူ၏မြေးအရွယ်မျှသာရှိသော ကလေးတစ်ယောက်နှင့်မူ ဤသို့ ကြမ်းတပြေးထဲတွင် နှစ်ယောက်တည်းမျက်နှာချင်းဆိုင်တွေ့ကာ ဆွေးနွေးရမည်ဟု တသက်နှင့်တကိုယ် မတွေးဖူးပေ။
အခုတွင်မူ သူသည် ဤကလေးအား သူ၏အသက်သခင်အနေအထားနှင့်ပါမကဘဲ ဟွာဆန်း၏တာဝန်ရှိလူတစ်ယောက်အနေနှင့်ပါ တွေ့ဆုံဆွေးနွေးနေရပြီဖြစ်လေသည်။
"အခုဆို ငါတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေ ဖြစ်သွားကြပြီမို့လား"
"တစ်လှေတည်းစီးတာလား"
ချွန်းမြောင်က အကြီးအကဲဟွမ်၏စကားကို သဘောကျစွာ ရယ်လိုက်လေသည်။
"အကြီးအကဲဟွမ်ကို ကုသနိုင်ခဲ့တယ်ဆိုတာက ကံကောင်းတာပါ.....တစ်လှေတည်းစီးတယ်လို့ ပြောရအောင်ထိတော့ မဟုတ်သေးပါဘူး"
"ငါကလည်း ဟွာဆန်းနဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားလုပ်ချင်တာ မဟုတ်ဘူး..."
အကြီးအကဲဟွမ်၏ စကားကြောင့် ချွန်းမြောင်၏မျက်လုံးများက စူးရှသွားလေသည်။
ကလေးတစ်ယောက်အနေနှင့်မူ စူးရှလွန်းသောမျက်ဝန်းများပင်။ အကြီးအကဲဟွမ်၏ အနည်းငယ်မျှ စိတ်ရင်းမှန်ကို ပြသကာ ရိုးသားလိုက်သည်ကိုပင် လက်မခံနိုင်သည့်ပုံပင်။
"အမှန်တိုင်းပြောရရင်တော့....မင်းရှိမနေရင်...ငါ ဟွာဆန်းဂိုဏ်းကို နည်းနည်းလေးတောင် စိတ်ဝင်စားမှာ မဟုတ်ဘူး"
"ကျွန်တော့်ကို အကြီးအကဲအထင်ကြီးလွန်းနေပါပြီ"
ချွန်းမြောင်ထံမှ ထွက်လာသောရှားရှားပါးပါး နှိမ်ချသောအပြုအမူကြောင့် အကြီးအကဲဟွမ် ပြုံးပင်ပြုံးမိသွားလေသည်။
"ကလေးလေး.....ငါက ကုန်သည်တစ်ယောက်ပါ....ဘဝတစ်လျောက်လုံးကုန်သည်လုပ်ပြီး ဖြတ်သန်းလာတာ ...
ကုန်သည်လုပ်ရင်းနဲ့ပဲ သေသွားရမှာ....ကုန်သည်တစ်ယောက်အနေနဲ့ ငါ့မှာ စူးရှတဲ့အမြင်ကောင်းကောင်းရှိတယ်..
အဲ့အမြင်ကပဲ ငါ့ရဲ့လက်နက်ပဲ"
"......."
"ငါ့အမြင်တွေသာ မှားတတ်ရင် ငါအရှုံးပေါ်ပြီး ဘဝပျက်နေတာက ကြာလောက်ပြီ...
ငါ့ကံကလည်း ကောင်းပုံရပါတယ်.....ဘဝမှာ တစ်ကြိမ်တစ်လေတောင် အရှုံးမပေါ်ဖူးဘူး..... ငါ့အမြင်နဲ့ငါ့ရွေးချယ်မှုက မှန်ခဲ့တာကြီးပဲ......
အခုလည်း ငါ့အမြင်သာ မှန်ဦးမယ်ဆိုရင်........"
အကြီးအကဲဟွမ်က ပြောလက်စကို ရပ်ကာ ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
"အန်ဟာနဲ့ ဟွာဆန်းဂိုဏ်းရဲ့ အနာဂတ်ကြီးက ရှေ့ဆက်ပြီးတော့ လှပလာတော့မှာ"
ချွန်းမြောင်ကမူ အကြီးအကဲဟွမ်၏စကားကို မယုံတဝက်ယုံတဝက်နှင့် အသက်မပါသောအပြုံးကြီး ပြုံးပြလာလေ၏။
"ဟုတ်ပါပြီ....ဒါဆိုလည်း တစ်လှေတည်းစီးဆိုတာကြီးတော့ မပြောပါနဲ့....အဲ့လိုစကားလုံးကြီးကို ကျွန်တော်သဘောမကျလို့ပါ"
"ဘာလို့လဲ"
"အဲ့လို စကားလုံးတွေကို မကြာမကြာပြောတတ်တဲ့သူတွေကပဲ စပြီး တခြားသူတွေကို နောက်ကျောဓါးနဲ့ထိုးတာမျိုး လုပ်တတ်ကြလို့ပါ"
ထိုကဲ့သို့သောအဖြစ်မျိုးက အတိတ်တွင်ကြုံခဲ့ပြီးဖြစ်လေသည်။ လူများစွာက ဟွာဆန်းက သူတို့၏အသက်နှင့်ဘဝများကို ကယ်တင်ချိန်တွင် ချီးကျူးဂုဏ်ဖော်ကြပြီး ဟွာဆန်းပျက်သုန်းကြချိန်တွင်မူ ဟွာဆန်း၏ ကျေးဇူးကိုလျစ်လျူရှုကာ မသိချင်ယောင်ဆောင်ခဲ့ကြလေသည်။ သို့ဖြစ်၍ မျက်စိရှေ့တွင် အလွန်အကြူးချီးမွှန်းနေခြင်းများကို ချွန်းမြောင်မနှစ်သက်တော့ပေ။ မသိစိတ်က ရွံပင်ရွံရှာတတ်လေသည်။
"ဒီလိုစကားမျိုးကို တကယ်တော့ ငါလည်း မကြိုက်ပါဘူး...တစ်လှေတည်းစီးတယ်ဆိုတာ တချိန်ချိန်မှာတော့ အတူမစီးတော့ဘဲ ဘက်ပြောင်းသွားနိုင်တယ်ဆိုတဲ့ သဘောသက်ရောက်လို့လေ...."
"ဟုတ်တယ်...ကျွန်တော် ပြောချင်တာကလည်း အဲ့တာပဲ"
"ဒါပေမယ့်လည်း"
အကြီးအကဲဟွမ်က ပြုံးလိုက်လေ၏။
"ငါတို့ရဲ့ လမ်းကြောင်းတွေနဲ့ ကံကြမ္မာတွေကသာ တူညီနေရင် လမ်းခွဲကြတယ်ဆိုတာ ရှိလာစရာအကြောင်းမရှိပါဘူး.... လှေကို အတူလှော်ပြီး လိုရာခရီးကို အတူတူသွားလို့ရတာပဲလေ..
ဒါဆို ငါတို့လိုရာပန်းတိုင်ကိုလည်း လွယ်လွယ်ရောက်တာပေါ့"
"အင်း..."
ချွန်းမြောင်က အကြီးအကဲဟွမ်ကို မယုံသင်္ကာမျက်လုံးများနှင့် ကြည့်လိုက်လေသည်။
"အင်း...အဲ့လိုတော့လည်း ဟုတ်ပါတယ်လေ....ရည်ရွယ်တဲ့လမ်းတူနေရင်တော့ ဖြစ်စရာအကြောင်းမရှိဘူးပေါ့"
အကြီးအကဲဟွမ်၏မျက်လုံးများက အတွေးများကြောင့် အရောင်တောက်နေလေသည်။
သူက သေချာကို စိတ်ဆုံးဖြတ်ပြီးသားပင်။ ချွန်းမြောင်နှင့် စကားဝိုင်းက အဆင်မပြေလျှင်လည်း ဂိုဏ်းချုပ်နှင့်က ဆွေးနွေးပြီးသားပင်။ ချွန်းမြောင်ကလည်း အနာဂတ်တွင် သေချာပေါက်ပင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာမည်ဖြစ်ပြီး အန်ဟာကုန်သည်အဖွဲ့အစည်းကလည်း ဟွာဆန်းကို ကူညီထောက်ပံ့ပေးရင်း အင်အားကြီးလာမည်ဖြစ်သည်။ မည်သည်ကိုမျှပင် စိုးရိမ်စရာလိုမနေပေ။ ကုန်သွယ်ရေးကိုသာ သေချာအာရုံစိုက်ထားပြီး ငွေရေးကြေးရေးအခြေခိုင်လာအောင် လုပ်ပေးရမည်က သူ၏တာဝန်သာဖြစ်လေသည်။ ချွန်းမြောင်က သေချာပေါက်အောင်မြင်လာမည်ကို သူယုံကြည်ပြီးသားပင်။
ဤသည်ကို ဤကလေးချွန်းမြောင် နားလည်စေရန် ရှင်းပြမနေနေလည်း ရသည်ပင်။ အရေးကြီးသည်က ကိုယ့်တာဝန်ကိုသာ ကျေပွန်ရန် လုပ်ဆောင်ရန်ဖြစ်လေသည်။
"ကလေးလေး"
"ဟုတ်ကဲ့"
"အန်ဟာကုန်သည်အစည်းအရုံးက ဟွာဆန်းကို အကောင်းဆုံးကူညီထောက်ပံ့ပေးမယ်....ငါပြောချင်တဲ့အဓိပ္ပါယ်ကို မင်းနားလည်တယ်မို့လား"
"ဟမ်....အကြီးအကဲတို့က တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ပူးပေါင်းထားတာကို ဖျက်သိမ်းလိုက်တော့မလို့လား"
"ဒါပေါ့....ဖျက်သိမ်းရမှာပေါ့"
"ဒါကတော့ မမျှော်လင့်ထားမိတဲ့ မတောင်းဆိုဘဲ ရတဲ့ဆုပဲ......ဒါပေမယ့် ဒါအတွက် တစ်ခုခုပြန်ပေးတာမျိုး မရှိရင်တော့ အတော်လေးကို အရိုအသေတန်ရာ ကျမယ်ထင်တယ်နော်"
"ငါကတော့ ဘာမှပြန်ရဖို့ မမျှော်လင့်ထားပါဘူး...အခုလိုပြောပြတယ်ဆိုတာ မင်းသိစေချင်ရုံလေးပါ"
"အာ.....အဲ့လိုလား"
ခင်ဗျားကြီး ဘာမှပြန်လိုချင်တာမရှိဘဲ ကျုပ်ကိုသိစေချင်ရုံပဲဆိုတာ သေချာလို့လား.....
ဘာအပေးအယူမှ မပါဘဲလေ...
"ငါ မကြာမကြာဆိုသလို မင်းကိုလာပြီးတွေ့ဖြစ်မှာပါ...မလာဖြစ်ရင်လည်း မင်းနဲ့တော့ တွေ့ဖြစ်ဦးမယ်လို့ထင်ပါတယ်"
"ဟုတ်...ကျွန်တော့်ကိုလည်း ဂိုဏ်းချုပ်ပြောပါတယ်....အန်ဟာကုန်သည်အဖွဲ့ဆီကို သွားစရာကိစ္စတွေရှိလာရင် သွားရမယ့်သူက ကျွန်တော်ပဲဆိုတာ..."
"ဒါဆိုရင်တော့ သတင်းကောင်းပေါ့ကွာ...ငါကလည်း မင်းနဲ့မကြာမကြာတွေ့ပြီး စကားတွေ ပြောချင်သေးတာကွ...ဟားဟား.."
"ဒါပေါ့....ကျွန်တော်တို့ ပြောရဦးမှာပါ......ဟားဟား.."
အကြီးအကဲဟွမ်နှင့် ချွန်းမြောင်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်ကြလေတော့သည်။
သို့ရာတွင်မူ နှစ်ဦးသားလုံး၏ရင်ထဲတွင်မူ အတွေးကိုယ်စီနှင့်ပင်။
ဒီမလောက်လေးမလောက်စား ချီးပေကလေးကများ...
ငါ့ကိုတောင် လာပြီးအသုံးချရဲလိုက်သေးတယ်....ငါ က အတိတ်ဘဝမှာကတည်းက မင်းလို ကောင်တွေကို ကောင်းကောင်းကြီး ကိုင်တွယ်လာခဲ့တာကွ...
မျက်နှာပေါ်တွင် အပြုံးကိုယ်စီတင်ထားသော်လည်း ရင်တွင်းမှာတော့ ကျိန်စာကိုယ်စီနှင့်ကြိတ်ကာ ကျိန်ဆဲနေကြလေသည်။
"ကလေးလေး"
"ဟုတ်"
"ဒါက ငါ့ဘဝရဲ့ အလောင်းအစားပဲ...ဘဝကိုချီပြီး လောင်းထားတာ"
"ဒါမျိုးစကားက လူငယ်လေးတွေပဲပြောသင့်တာ မဟုတ်ဘူးလား"
"ဟင်...ငါက မင်းငါ့အသက်ကို ကယ်လိုက်ကတည်းက ဘဝအသစ်တစ်ခုကို ပြန်ရလိုက်တာပဲ...ဆိုတော့ ငါ့ဘဝအသစ်နဲ့ရင်းပြီးကို လုပ်ထားရတာ....ငါ့ဘဝအသစ်ကို မပျက်သွားစေချင်ဘူး"
"ဒါပေမယ့် မင်းက ဒါကိုလုံးလုံးဂရုမစိုက်ဘူးဖြစ်နေတယ်"
"ဒါကြောင့်ပဲ ငါမင်းကို ထုတ်ပြောရတာပဲ"
အကြီးအကဲဟွမ်က မတ်တပ်ထရပ်ကာ ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
"ငါ့ဘဝကို ကယ်ခဲ့တဲ့အတွက် မင်းကို အကြံပေးစကားလေးတစ်ခွန်းလောက် ငါပြောချင်တယ်"
"ဟုတ်ကဲ့"
"လူငယ်လေး...မင်းက တကယ့်ကို ထူးခြားပါပေတယ်...မင်း ကိုယ်တိုင် ကမ္ဘာတစ်ခွင်ပတ်ပြီး ရှာရင်တောင် ၊ တစ်ခါမကလို့ နှစ်ခါရှာရင်တောင် မင်းလိုစွမ်းဆောင်ရည်ရှိတဲ့သူ တွေ့မှာမဟုတ်ဘူး"
"အခုလိုပြောပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
အကြီးအကဲဟွမ်က ထိုစကားကိုတော့ စိတ်ရင်းနဲ့ပြောခြင်းဖြစ်လေသည်။ သူ၏အသက်အရွယ်နဲ့ သူကဲ့သို့ စွမ်းဆောင်ရည်ရှိသည်က ချွန်းမြောင်တစ်ဦးကလွဲလျှင် နောက်ထပ်ရှိမည်မဟုတ်တော့ပေ။ တစ်သောင်းမှာတစ်ယောက်၊ တစ်လောကလုံးတွင် တစ်ယောက်ရှိနိုင်သော အရည်အချင်းမျိုးနှင့် လူဖြစ်လေသည်။ ထို့ကြောင့်ပင် ထိုကလေးရှိသော ဟွာဆန်းဂိုဏ်းကို သူအလွတ်မပေးဘဲ ရင်းနှီးမြုပ်နှံခြင်းပင် ဖြစ်လေသည်။
"ဒါပေမယ့်တစ်ခုရှိတာက မင်း နည်းနည်းတော့ သိုသိုဝှက်ဝှက်လေး နေသင့်တယ်လို့ ထင်တယ်...
ဘာလို့လဲဆိုတော့ ကမ္ဘာကြီးက မင်းထင်ထားတာထက် ပိုပြီး ရက်စက်တယ်...ဘီလူးသရဲလို ရက်စက်ပြီး ငါတို့ကို လက်စသုန်းပစ်ချင်နေကြတဲ့သူတွေအများကြီးကလည်း မင်းပတ်ဝန်းကျင်မှာရှိနေမှာ.....မင်း သိပ်တော်တယ်ဆိုတာကို သိတာနဲ့ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်သေးခင်မှာပဲ သူတို့တွေက မင်းကို လာပြီးအန္တာရယ်ပေးကြလိမ့်မယ်"
အကြီးအကဲဟွမ်၏ စကားကြောင့် ချွန်းမြောင် ခါးသက်သက်ပြုံးလိုက်လေ၏။
"အကြီးအကဲအစိုးရိမ် ကြီးနေပါပြီ...ကျွန်တော်က ဒီတိုင်းသာမန်ကလေးတစ်ယောက်ပါပဲ"
"ငါတော့ မင်းကိုပြောစရာရှိတာ အကုန်ပြောပြီးပြီဆိုတော့ ဒီလောက်ပါပဲ"
အကြီးအကဲဟွမ်က ပြောစရာရှိသည်များ ပြောပြီးသည်နှင့် လှည့်ထွက်ကာ လျှောက်သွားလေတော့သည်။
"အာ...ခဏလောက်ပါ"
"ဟမ်..အင်း"
အကြီးအကဲဟွမ်က ချွန်းမြောင်၏ခေါ်သံကြောင့် ပြန်လှည့်ကာ ကြည့်လာလေသည်။ ချွန်းမြောင်၏မျက်နှာပေါ်တွင်မူ အပြုံးနုနုလေးက ရှိနေလေသည်။
"ကျွန်တော့် တချို့အရာလေးတွေကို သိချင်တာလေးရှိလို့ အကြီးအကဲက ကျွန်တော့်အတွက် စုံစမ်းပေးလို့ရမလား"
"သေချာပေါက် ရတာပေါ့"
အကြီးအကဲဟွမ်က တံခါးကိုဖွင့်ကာထွက်လာသည်နှင့် သူ့အားစောင့်နေသော ဟွမ်ဂျွန်ကီက ပြေးလာလေသည်။
"အဖေ.....စကားကောင်းကောင်း ပြောခဲ့ရရဲ့လား"
"တောင်အောက်ကို သွားပြီး ဆွေးနွေးခဲ့တာက ဘယ်လိုအခြေအနေရှိလဲ"
"ဒီနေ့ကနေစပြီး ကျွန်တော်တို့ ဟွားကျေးရွာမှာ လူခံထားဖို့ အစီအစဉ်ဆွဲလိုက်ပြီ... ကုန်တွေကို ထောက်ပံ့ပေးပြီး စတင်ဖြန့်ဖြူးတာနဲ့ ဆယ်ရက်အတွင်းမှာ လုပ်ငန်းတွေအားလုံးကို ပြန်ပြီတည်ငြိမ်သွားအောင် လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်"
"အချိန်တော့ ယူရသားပဲ"
"အရှုံးတွေ ဘာတွေပေါ်လာခဲ့ရင်လည်း သုံးရက်အတွင်းမှာ ပြန်ပြီးတည်ငြိမ်အောင် လုပ်ပါ....
အခုလောလောဆယ်တော့ အမြတ်တွေ ထွက်လာဦးမှာမဟုတ်ဘူး...ငါတို့ နည်းနည်းတော့ တောင့်ခံထားရမယ်"
"ဟုတ်ကဲ့"
အကြီးအကဲဟွမ်၏ ညွှန်ကြားချက်များပြီးသွားသောအခါတွင်မူ ဟွမ်ဂျွန်ကီက မနေနိုင်စွာနှင့် မေးပြန်လေသည်။
"အဲ့ဒီကလေးကလေ...."
"အင်း..."
အကြီးအကဲဟွမ်က မျက်နှာရိပ်မျက်နှာကဲပြကာ တံခါးဘက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။
ဘာကလေးတုန်း...အဲ့တာ မကောင်းဆိုးဝါးလေး
အကြီးအကဲဟွမ်သည်ပင် ချွန်းမြောင်အား အကဲမခတ်နိုင်သလို ချွန်းမြောင်၏ ရွေ့ကွက်များကိုလည်း နားမလည်ပေ။ ရံဖန်ရံခါတွင် ကလေးအသွင်ယူထားသည့် မကောင်းဆိုးဝါးတစ်ကောင်လေလားဟုပင် တွေးမိလာလေသည်။ လူလေလား ဟုပင် သံသယဝင်မိလေ၏။
"ဟွာဆန်း"
အကြီးအကဲဟွမ်က ပြုံးလိုက်လေ၏။
"ငါတို့ ဒီနေရာကို ဟွာဆန်းလို့ ခေါ်မယ့်အစား နဂါးမုသား လို့ပဲ ပြောင်းခေါ်ချင်တော့တယ်"
"ဟမ်...ဘာကြီး "
"ဘာမှ မဟုတ်ဘူး...သွားကြစို့"
အကြီးအကဲဟွမ်က လေလေးချွန်ကာ နေရာမှ ထွက်သွားလေတော့သည်။
နဂါးကဲ့သို့ ကြီးမြတ်မြင့်မြတ်လာမည့် ကလေးတစ်ယောက်က အလိမ်အညာမုသားများစွာနှင့် နေထိုင်သောနေရာဖြစ်၍ ဟွာဆန်းသည် နဂါးမုသား ဟူသော အမည်နှင့်သာ ပိုလိုက်ဖက်သည်ဟု တွေးနေမိလေသည်။
"ဂျွန်ကီ"
"ဟုတ်ကဲ့..အဖေ"
"ငါ စိတ်ပြောင်းသွားပြီ..........ငါတို့မှာ ရှိသမျှ အားလုံးကို ဘာမှမချန်ထားတော့ဘဲ ဟွာဆန်းမှာပဲ ရင်းနှီးမြုပ်နှံထားလိုက်တော့မယ်"
"........."
အကြီးအကဲဟွမ်ကမူ အူမြုးနေသည့်ပုံပင်။
ကုန်သည်ဟူသော ငွေနှင့်ငွေရှာသည်မဟုတ်....သတင်းနှင့်သာ ငွေရှာကြသူများဖြစ်လေသည်။
စုဆောင်းရရှိသော သတင်းများကို အခြေခံကာ ကုန်သွယ်ခြင်း၏ရလဒ်သည်ကသာ ငွေဖြစ်လေပြီး အရင်းစစ်အမြစ်သည် သတင်းဖြစ်လေသည်။ အမြတ်ငွေဖြစ်လာစေရန် မှန်ကန်တိကျသော သတင်းအရင်းအမြစ်များ လိုလေသည်။ ယခုသူ့တွင် ဟွာဆန်း၌ ကောင်းကင်ကို ဆန်တက်မည့်နဂါးတစ်ကောင် ရှိနေသည့်သတင်းကို ကြားရုံသာမက မျက်မြင်ပါ တွေ့နေရပြီး ဖြစ်လေသည်။ ဤသည်ကိုပင် သူမရင်းနှီးလျှင် သူ့ထက် တုံးအရူးနှမ်းသည့်ကုန်သည် လောကတခွင်တွင် ရှိမည်မဟုတ်တော့ပေ။ နဂါးကို အသုံးချကာ အန်ဟာကုန်သည်အဖွဲ့အစည်းကို ကုန်သည်လောကတွင် ထိပ်ဆုံးနေရာသို့ရောက်အောင် သူကြိုးစားလိုက်မည်။ မအောင်မြင်စရာအကြောင်းပင် ရှိမနေပေ။
"လာလာ...ငါတို့မှာ လုပ်စရာတွေ အများကြီးရှိတာ...မြန်မြန်သွားကြစို့"
ဟွမ်ဂျွန်ကီကမူ လက်ရှိဖြစ်နေသော အခြေအနေများကို နားမလည်စွာဖြငိ့ သူ၏အဖေနောက်မှ တိတ်တိတ်ကလေးလိုက်လာလေ၏။
ဇီးပန်းဖြူပွင့် အဆောင်၏တံခါးနောက်မှ မျက်လုံးတစ်စုံကမူ ထိုထွက်သွားသောလူနှစ်ယောက်အား စောင့်ကြည့်နေလေ၏။
"ဟူး"
"ဒီလူအိုကြီးကတော့ မလွယ်ဘူးပဲ"
အန်ဟာကုန်သည်အစည်းအရုံးနှင့် ဟွာဆန်းပူးပေါင်းလိုက်သည်က ဟွာဆန်းဂိုဏ်းအတွက် ကိစ္စကြီးပင်ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းမှအကြီးအကဲများသည် ပြင်ပလောကကြီးနှင့်ဆက်စပ်ပတ်သက်ဖူးကြသူများမဟုတ်ဘဲ ပွင့်လင်းရိုးသားကြသူများ ဖြစ်လေသည်။ အကြံဉာဏ်ရောင်စုံလည်း မသုံးတတ်ကြပေ။ အကြီးအကဲဟွမ်ကမူ ကုန်သည်လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသူပီပီ အကြံဉာဏ်ရောင်စုံက သူ့ထံတွင် ရှိနေပြီး ဟွာဆန်းနှင့်ပူးပေါင်းသည်က အကြံဉာဏ်များလည်း ရှိနေနိုင်လေသည်။ မည်သို့သော အကြံများရှိနေသည်ကိုတော့ ချွန်းမြောင်လည်း မသိပေ။
"ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတစ်ခုတော့ ပြီးသွားပြီပဲ"
ဟွာဆန်း၏ငွေရေးကြေးရေးသည် အန်ဟာနှင့်ဟွာဆန်း ပူးပေါင်းလိုက်လေတကည်းက စိတ်ပူရမည့်ကိစ္စမဟုတ်တော့ပေ။ ဟွာဆန်းအင်အားတောင့်တင်းလာစေရန်အတွက် အကြီးအကဲဟွမ်က သေချာပေါက်ပင် ကြိုးစားမည်ဖြစ်လေသည်.။ သို့ဖြစ်၍ သူနောက်ထပ်ဖြေရှင်းရန်လိုသည်က သိုင်းပညာပင်။
"အားးးးနောက်ဆုံးတော့ ပြဿနာတစ်ခုတော့ ငြိမ်းသွားပြီ ..ဆရာတူအကိုကြီးရေ....
ဘယ်လိုလဲ....ကျွန်တော်ဖြေရှင်းလိုက်တာကို အကိုကြီးဘယ်လိုမြင်လဲ"
ချွန်းမြောင်အထင်အရဆိုလျှင် သူ၏ဆရာတူအကိုကြီးသည် ကောင်းကင်ဘုံမှနေကာ
'အရူး ...ဒါကပဲ မင်းနဲ့ထိုက်တန်တယ်....ဂိုဏ်းတစ်ခုနဲ့စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာ မင်းမြင်ပြီမို့လား' ဟု ပြောနေမည်ထင်လေသည်။
"အင်း နောက်ထပ်ပြဿနာတွေက ရှိသေးတာပဲ....."
ချွန်းမြောင်က သူ၏ခန္ဓာကိုယ်ကို သူကိုင်လိုက်လေသည်။
"ဒီကလေးလည်း မြန်မြန်ကြီးလာမှပါ"
ချွန်းမြောင် သက်ပြင်းချကာ ဟွာဆန်းကိုကြည့်လိုက်လေပြီး အနည်းငယ်ကျေနပ်သွားလေသည်။ ဟွာဆန်းသည် သူရောက်ကာစနှင့်ယှဉ်လျှင် အနည်းငယ် တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်လေသည်။ ချွန်းမြောင်ထိုင်ထလိုက်ကာ ကောင်းကင်သို့ကြည့်ကာ အော်လိုက်ပြန်လေ၏။
"ဆရာတူအကိုကြီ...ကျွန်တော် ဆရာတူအကိုကြီးရဲ့ ပူညံပူညံလုပ်တာတွေကို ကောင်းကောင်းမွန်မွန်နားထောင်ခဲ့သင့်တာ..အခုတော့ ဆရာတူအကိုကြီးရဲ့ သောကတွေကို ကျွန်တော်နားလည်နေပါပြီလို့"
ချွန်းမြောင် မျက်စိကိုမှိတ်ကာ တွေးလိုက်လေသည်။ သူသည် အတိတ်ဘဝက ဆရာတူအကိုကြီး၏စကားကို အကြိမ်ကြိမ်ပယ်ရှားကာ စည်းကမ်းများကို ဖောက်ဖျက်ပြီးရင် ဖောက်ဖျက်ခဲ့လေသည်။ ဆရာတူအကိုကြီး၏ စကားများကိုလည်း သက်သက်အစိုးရိမ်ပိုကာ ပြောဆိုနေသည်ဟု ထင်ခဲ့ဖူးလေသည် ။ သို့သော် ယခုတွင်မူ သူ၏ဆရာတူအကိုကြီး၏ နေရာကို သူနားလည်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အချိန်များကို ပြန်လည်ကာ နောက်ဆုတ်ခွင့်ရှိလျှင် လူကောင်းလေးအဖြစ်နေကာ သူ၏ဆရာတူအကိုကြီး၏စကားများကို နားထောင်လေတော့မည်ဟု တွေးမိလေသည်။
ယခုတွင်မူ သူသည် အသွင်သဏ္ဍာန်ပြောင်းလဲကာ ဟွာဆန်းသို့ ပြန်ရောက်လာခဲ့လေပြီ။ နှစ်များစွာလည်း ကြာမြင့်ခဲ့လေပြီ ဖြစ်သည်။ ဟွာဆန်းသည်လည်း ပြောင်းလဲမှုများစွာ ကြုံခဲ့ရသော်လည်း ဟွာဆန်းက ဟွာဆန်းဖြစ်နေဆဲပင်။ ဆက်လက်၍လည်း ဟွာဆန်းအဖြစ်ပင် ရှိနေဦးမည်။ တစ်နွေကုန်ကာ ဆောင်းသို့ရောက်လျှင် ဟွာဆန်းတွင် ပွင့်နေကြ ဇီးပန်းပွင့်များက တဖန်ပြန်ပွင့်ကြဦးမည်ပင် ဖြစ်လေသည်။
အပိုင်း (၆၆)
စိတ်မပူနဲ့...မင်း နိုင်အောင် ငါလုပ်ပေးမယ်..(၁)
အန်ဟာကုန်သည်အစည်းအရုံး၏ စွမ်းအားက အံမခန်းလိလိပင်။
ပရမ်းပတာဖြစ်လွန်းမကဖြစ်နေသော ဟွာဆန်း၏လုပ်ငန်းများကို အန်ဟာကကိုင်တွယ်လိုက်သည်နှင့် အားလုံးတည်ငြိမ်အခြေကျကာ ရက်အနည်းငယ်အတွင်းမှာပင် အတည်တကျ ပြန်လည် လည်ပတ်နိုင်သွားလေသည်။ ထို့ကြောင့်ပင် ယခုရက်ပိုင်းအတွင်း ဟွာဆန်း၏ဘဏ္ဍာရေးမှူးကြီး ဟွမ်းယုန်၏မျက်နှာတွင် အပြုံးပန်းဝေနေလေသည်။
"မင်း စားပြီးသွားပြီလား"
"ဟုတ်...ပြီးသွားပါပြီ ..အကြီးအကဲ"
"ကောင်းတယ်...ကောင်းတယ်"
ဟွမ်းယုန်က ချွန်းမြောင်၏ဆံပင်လေးများကို သပ်တင်ပေးကာ ခေါင်းကို ဖွဖွလေးပုတ်ကာပေးလိုက်လေ၏။ အရာအားလုံးထက်ပင် ပို၍ချစ်မြတ်နိုးသောမျက်လုံးလေးများနှင့်လည်း ချွန်းမြောင်ကို ကြည့်နေလေပြီး အကြည့်များက ချိုလွန်း၍ ပျားရည်များပင် ကျလာတော့မလားထင်ရလေ၏။
"များများစား...များများစား...ပြီးရင် ဟိုဟိုဒီဒီသွားပြီး ငွေလေးဘာလေးရှာ"
"ဘယ်လို....."
"မဟုတ်ဘူး...ငါပြောချင်တာက ဟွာဆန်းရဲ့ ဂုဏ်တက်မယ့်အလုပ်တွေ လုပ်လို့"
"...."
တတိယတန်းတပည့်လေးများ အားလုံးက ကြောင်အကာ နားမလည်နိုင်ဖြစ်သွားကြလေသည်။ ဟွမ်းယုန်ကဲ့သို့ အမြဲစူပုတ်ကာ ငေါက်ငမ်းနေတတ်သူက ကြင်ကြင်နာနာ အပြုံးပန်းဝေနေရုံသာမက ဆံပင်များကိုပင် သပ်တင်ပေးနေသေးသည်။ ဤသည်က သာမန်မဟုတ်ပေ။
ချွန်းမြောင်ကမူ သူ့ကိုယ်သူ စတေးခံရတော့မည် သားကောင်အား သခင်က တယုတယဆက်ဆံနေသလိုပင် ခံစားလာရလေသည်။ ငါ့ကို သွယ်ဝိုက်သောနည်းနဲ့ ငွေရှာထွက်ခိုင်းနေသလိုပါပဲလားနော်....
ဂိုဏ်းချုပ်ဟွမ်းဂျွန်သည်လည်း ယခုရက်ပိုင်းတွင် ဟွမ်းယုန်ကဲ့သို့ အပြုံးပန်းဝေသောမျက်နှာကြီးနှင့်ပင်။
ပြန်လည်ကောင်းမွန်သွားသော စီးပွားရေးကိစ္စများကြောင့် အလွန်အမင်းပင် ပျော်နေကြပြီး ဟွာဆန်းကလည်း ရှေ့လျောက်တွင် ငွေကြေးကိစ္စကြောင့် စိတ်ရှုပ်အားငယ်စရာများ ဖြစ်လာတော့မည် မဟုတ်ပေ။ ဟွာဆန်း၏ငွေရေးကြေးရေးနှင့် စီးပွားရေးလုပ်ငန်းများက ရှေ့လျောက်တွင် အခြေခိုင်သွားပြီဖြစ်လေသည်။
အချိန်များသည် ရေလိုပင်တသွင်သွင်စီးဆင်းကာ ကုန်ဆုံးသွားကြပြီ ဖြစ်လေသည်။
ဟွာဆန်းရှိ ဂိုဏ်းသားများကလည်း လွန်ခဲ့သောအချိန်များကထက် ပိုမိုကာ အသားကျအနည်ထိုင်လာခဲ့ပြီဖြစ်လေသည်။ လူတိုင်းလိုလိုကပင် မိမိ၏လက်ရှိအခြေအနေလေးတွင် သာယာပျော်ရွှင်နေကြလေပြီဖြစ်သည်။ သို့သော် တတိယတန်းတပည့်ကလေးများကမူ ပြင်းထန်သောလေ့ကျင့်ရေးများတွင် ညည်းညူးရုန်းကန်းပင် သေလုနီးပါးပင် လေ့ကျင့်နေကြရလေသည်။
"အားးးး"
"အား...ဘုရားကယ်ပါ"
တတိယတန်းကလေးများသည် လူတကိုယ်စာမျှရှိသော ကျောက်တုံးကြီးများကို အလေးမ နေကြပြီး သူတို့၏ကိုယ်မှလည်း ချွေးပြိုက်ပြိုက်ကျနေကြလေ၏။ တကြိမ်ထိုင်ထ လုပ်လေတိုင်း ထိုသို့ အော်ဟစ်ညည်းညူနေကြခြင်း ဖြစ်လေသည်။
"အီး...အီး..အစ်"
"အားး..ငါ့ ခါး...ငါ့ခါးးးး"
လေ့ကျင့်ကွင်းတွင် ပြောင်းလဲသွားသည့်အရာတစ်ခုက ရှိလေသည်။ ယခင်ကဆိုလျှင် လေ့ကျင့်ရေးလုပ်လေတိုင်း ကြားရသည်က ချွန်းမြောင်အား တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ကျိန်ဆဲကြသံများဖြစ်ပြီး ယခုတွင်မူ ထိုသို့ ကျိန်ဆဲသံများကို မကြားရတော့ပေ။ နာကျင်မှုကြောင့် အော်ဟစ်နေသံများသာ ကြားရလေတော့၏။
"ကျွန်တော့်တော့ သေတော့မှာပဲ"
"မင်း မသေပါဘူးကွာ...မင်း ဒါကိုလုပ်လာတာ ကြာလှပြီကို ...ဘယ်မှာသေလို့လဲ...မင်း ခါးကိုသာ ဖြောင့်ထားစမ်းပါ"
"မဟုတ်ဘူး....ကျွန်တော် တကယ်သေတော့မှာလို့"
"မင်း ဒါကို နှစ်ကြိမ်တောင် လုပ်ပြီးနေပြီနော်...ဒါက နောက်ဆုံးတကြိမ်ပဲကို အားတင်းပြီး လုပ်လိုက်စမ်းပါ..."
"အားးးအီး"
တစ်ယောက်က ထိုင်ထလုပ်ကာ ကျောက်တုံးကြီးအား မ တင်လို့ ပြီးသွားသည်နှင့် နောက်တစ်ယောက်က ထပ်ကာအော်လေသည်။
"ငါတို့က ဒီလိုနဲ့ပဲ သေရတော့မှာလား....အီးဟီးးးး"
"မင်း မသေပါဘူးဟ..အခုထိ ဘယ်သူမှလည်း မသေသေးတာကို"
"အီး...အစ်...အစ်"
ကနဦးအစကမူ သူတို့သည် ချွန်းမြောင်က သူတို့အား လေ့ကျင့်ခန်းလုပ်ရန်တိုက်တွန်းသောကြောင့် မဟုတ်သေး တွန်းအားပေးသောကြောင့် လုပ်ရခြင်းဖြစ်လေသည်။ ချွန်းမြောင်၏ အရိုက်ခံရမည် သို့မဟုတ် နေ့လည်စာလွတ်မည်ဟူသော အကြောင်းပြချက်များကြောင့် လေ့ကျင့်ခန်းကို စိတ်မပါလက်မပါနှင့် စတင်ကာ လုပ်ခဲ့ကြရခြင်း ဖြစ်လေသည်။ လေ့ကျင့်ခန်းလုပ်သည်က လပေါင်းများစွာကြာလာသည့်အခါတွင်မူ သူတို့ စတင်ကာ နားလည်လာကြလေသည်။ လေ့ကျင့်ခန်းလုပ်သည်က သိသိသာသာပင် သူတို့အပေါ်တွင် သက်ရောက်မှုရှိခြင်းပင်။ အရာအားလုံးလိုလိုပင် ပြောင်းလဲလာလေသည်။
ပထမဦးစွာအနေနှင့် သူတို့၏လေ့ကျင့်ရေးများသည် ချွန်းမြောင်ပေးသောဆေးလုံးကြောင့် အခက်ခဲကြီး မဟုတ်တော့ပေ။ ယခုတွင်မူ လေ့ကျင့်ခန်းလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို သူတို့အားလုံးခံစားနေရပြီဖြစ်လေသည်။
ပထမအကျိုးကျေးဇူးအနေနှင့် သူတို့၏ခန္ဓာကိုယ်များသည် သန်မာကာ တည်ငြိမ်လာလေပြီး ဓါးကိုင်ရာတွင် လက်မငြိမ်ခြင်းများ မရှိတော့ပေ။ သူတို့၏ သက်လုံများကလည်း ပိုမိုကောင်းလာလေပြီး ပိုမိုကာ သွက်လက်ကာ ခွန်အားပြည့်ဝလာကြလေသည်။ ယခင်ကမူ သိုင်းသမားစိတ်ဓါတ်ကဲ့သို့ သူတို့အား လှုံဆော်ပေးမည့်အရာမရှိသော်လည်း ယခုတွင်မူ သိုင်းပညာအား ချစ်မြတ်နိုးသည့်စိတ်က သူတို့အား အချိန်တိုင်းလိုပင် လှုံဆော်နိုးကြားစေနေလေ၏။ အရွေ့တစ်ခုကို လိုလာရုံသာမက တိုးတက်မှုကိုပါ မြတ်နိုးလာကာ ကိုယ်တိုင်တိုးတက်ရန်လည်း ကြိုးစားလာကြလေသည်။
ယခုတွင်မူ တစ်စုံတစ်ယောက်၏ တွန်းအားမပါဘဲ ကျောက်တုံးကြီးများကိုပင် အလေးမသည့်လေ့ကျင့်ရေး လုပ်နေကြပြီး ဖြစ်သည်။ လေ့ကျင့်ရေးတွင် သေလောက်အောင် အော်ဟစ်နေကြသည်ကတော့ ရိုးရာပင်ဖြစ်လေသည်။ မနာလျှင်ပင် အော်တော့အော်လိုက်မည်ဟု စိတ်ဆုံးဖြတ်ထားကြသည့်အလားပင်။ အော်ဟစ်ညည်းညူလိုက် အလေးမလိုက်နှင့်ပင်။ ထိုကဲ့သို့ လေ့ကျင့်ရေးကို ကျားကုတ်ကျားခဲလုပ်နေကြသူများတွင် မှတ်လောက်သားလောက်အောင်ကိုပင် တည်တည်ငြိမ်ငြိမ်နှင့် ကြိုးစားနေသူက ဂျိုဂုပင် ဖြစ်လေသည်။
"ကျားးးးး"
ဂျိုဂုက အခြားသူများ၏ကျောက်တုံးထက် နှစ်ဆမျှကြီးသော ကျောက်တုံးကြီးကို မ လိုက်လေသည်။ ထိုမြင်ကွင်းသော ကလေးများကမူ အလိုလိုနေရင်း ပါးစပ်ပိတ်သွားကြလေတော့သည်။
"သူ ...အဲ့ကျောက်တုံးကြီးကို အတွင်းချီစွမ်းအားကို မသုံးဘဲ တကယ်ကြီး မ နေတာလား"
"ထင်ရတာပဲ"
ဤသို့နှင့် လအတန်ငယ်ကြာလာလေသည်။ တတိယတန်းကလေးများ၏ လေ့ကျင့်ရေးသည် ယခင်ကဲ့သို့ အော်ဟစ်ညည်းညူသံများ ဆူညံမနေတော့ပေ။ ကလေးများအားလုံးလိုလိုကလည်း သိသိသာသာပင် အရပ်ရှည်လာကြလေသည်။ ပုခုံးများကလည်း ကျယ်လာကြပြီး ပြောင်းလဲလာကြလေ၏။ သိသိသာသာပင် ပြောင်းလဲသွားသူက ဂျိုဂုပင် ဖြစ်ပြီး မမှတ်မိလောက်အောင်ပင် ပြောင်းလဲသွားလေသည်။ ယခင်ကမူ သူသည် တတိယတန်းတပည့်များအကြားတွင် လူကောင်သေးသည့်အထဲကို ပါသူဖြစ်လေပြီး အခုတွင်မူ သန်မာထွားကြိုင်းလာကာ အရပ်လည်း ထွက်လာပြီး ကြွက်သားများကလည်း အံဝင်ခွင်ကျရှိလာကာ ကိုယ်ခန္ဓာကလည်း ကြံခိုင်လာလေသည်။
ယွန်းဂျွန်က ကလေးများအားလုံးကို ကြည့်ကာ ပြုံးလိုက်လေ၏။
မျက်စိရှေ့တွင် မြင်နေရသောမြင်ကွင်းသည် အလွန်ပင် ထူးဆန်းလွန်းလှပေသည်။ လေ့ကျင့်ခန်းများ စလုပ်စဉ်အခါကမူ သူ၏ရင်တွင်းတွင် စိုးရိမ်စိတ်များစွာရှိခဲ့သော်လည်း ယခုတွင်မူ မြူတစ်မှုန်မျှပင် မရှိတော့ချေ။
အခြေခံအားဖြင့်မူ ဟွာဆန်း၏ ဓါးများသည် ပေါ့ပါးလှပေသည်။ ဟွာဆန်းဂိုဏ်း၏ ဓါးသိုင်းအများစုကလည်း ပြိုင်ဘက်၏ အရှိန်နှင့် အလျင်ကိုကြည့်ကာ သိုင်းကွက်များ အမြောက်အများသုံးကာ ဖိအားပေးတိုက်ခိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် လေ့ကျင့်ရေးများက ဓါးကိုင်ရာတွင် အဆင်ပြေစေရန် တမင်လေ့ကျင့်ပေးနေခြင်း ဖြစ်သည်ကို ယွန်းဂျွန် သိလာခဲ့လေသည်။ ယခုတွင်မူ သူတို့အားလုံး၏ ဓါးရေးသည် မျှော်မှန်းထားသည်ထက်ပင် ပို၍ သာလွန်ကောင်းမွန်နေကြပြီ ဖြစ်လေသည်။ ထိုလေ့ကျင့်ရေးကျေးဇူးနှင့်ပင် သူတို့၏ ဓါးသိုင်းစွမ်းရည်များကလည်း လျင်လျင်မြန်မြန်ပင်တိုးတက်လာကြပြီး သိုင်းကွက်များကိုလည်း အလွယ်တကူ နားလည်းသင်ယူနိုင်လာကြလေသည်။ ယခုတွင်မူ သူတို့၏ အဆင့်တစ်ခုတွင်ရှိသော ဓါးသိုင်းပညာဖြစ်သည့် "ပန်းပွင့်ရွက်ကြွေ" သိုင်းကို သင်ယူနေကြပြီ ဖြစ်လေသည်။
ထို"ပန်းပွင့်ရွက်ကြွေ" သိုင်းသည် အနည်းငယ်ရှုပ်ထွေးသော်လည်း ယွန်းဂျွန်ကမူ သင်ယူခွင့်ရ၍ ပျော်ရွှင်နေလေသည်။ ဤ"ပန်းပွင့်ရွက်ကြွေ"သိုင်းသည် ယခင်က သူတို့သင်ယူဖူးသော "ခုနှစ်စင်ကြယ်"သိုင်းနှင့်တော့ အတော်လေးကွဲပြားလေသည်။ သူတို့ကြိုးစားလေလေ ပို၍ နက်နဲသောသိုင်းပညာများကို သင်ယူရလေလေဖြစ်လေသည်မို့ တနေ့တွင် သူတို့အား သင်ကြားပေးသည့် ဆရာများကဲ့သို့ပင် ထူးချွန်လာမည်ဟုလည်း ယုံကြည်ထားလေ၏။ ထို့ကြောင့်ပင် အားလုံးက စိတ်ဝင်တစားနှင့် သင်ယူနေကြခြင်းလည်း ဖြစ်ပေသည်။
"ကဲ...နောက်တကြိမ်ဟေ့"
"အား....."
"ကျား...အီး...အစ်"
"ဝိုး....ငါ့ ခန္ဓာကိုယ်က အရင်ကထက် အများကြီး ပိုထွားလာပြီပဲ...ဓါးကတောင် တူလေးလို ဖြစ်သွားသလိုပဲ..
ဓါးကိုင်ရတာ တူကိုင်နေရတာ ကျလို့"
"ဟီးဟီးးးးးငါ့ကို သဲအိတ်လေးရှိရင် ထပ်ပေးကြပါဦး"
ယွန်းဂျွန်ကမူ အူမြူးနေသော ကလေးများကိုကြည့်ကာ ခေါင်းကာ ခါနိုင်လေတော့သည်။
လေ့ကျင့်ရေးကျေးဇူးနှင့် တတိယတန်းတပည့်များအားလုံးသည် ကြွက်သားအမြောင်းမြောင်းနှင့် သားရဲကောင်ကြီးတွေ အတိုင်းပင်။ တောင့်တင်းသန်မာနေကြလေသည်။
"ဆရာတူအကိုကြီး ...ထမင်းစားချိန်ရောက်ပြီနော်"
"အေး..သိပြီ"
အတိတ်နေ့ရက်များတုန်းကမူ ယွန်းဂျွန်တို့သည် လေ့ကျင့်ရေးကို စုပေါင်းလုပ်ဆောင်ရပြီး ယခုတွင်မူ အားလုံးက မိမိနှင့်ကိုက်ညီကာ တိုးတက်မှုအရှိဆုံးသော လေ့ကျင့်ရေးကိုရွေးချယ်ကာ လုပ်ကိုင်နေကြပြီဖြစ်လေသည်။ ယွန်းဂျွန်၏ လက်ရှိတာဝန်သည် တပည့်များက စိတ်ဇောကြီးလွန်းကာ လေ့ကျင့်ရေး အသည်းအသန်လုပ်မည်ကို တားဆီးရန်ပင် ဖြစ်လေသည်။ 'တန်ဆေး လွန်ဘေး' ဆိုသလိုပင် အလွန်အကြူးဖြစ်မည်ဆိုသောကြောင့် လိုက်လံကြည့်ရှုကာ ထိန်းသိမ်းပေးရခြင်း ဖြစ်လေသည်။
"ကဲ...လာ ...အထဲဝင်ကြစို...ပြီးရင် ကိုယ်လက်သုတ်သင်...စားသောက်ပြီးမှ နံနက်ခင်း လေ့ကျင့်ချိန်အတွက် အဆင်သင့်ပြင်ကြ"
"ဟုတ်ကဲ့ပါ..ဆရာတူအကိုကြီး"
"အရင်ဆုံး မင်းတို့ လုပ်လက်စတွေ လက်စသတ်လိုက်ကြ"
"ဟုတ်ကဲ့ပါ,,,အကိုကြီး"
ယွန်းဂျွန်လည်း ကလေးများကို ပြောပြီးသည်နှင့် ဘေးဘီကိုကြည့်ကာ ဂျိုဂုကို ရှာလိုက်လေသည်။
"ဒါနဲ့ ချွန်းမြောင်က ဘယ်မှာလဲ"
"သူ လေ့ကျင့်ရေးကို မလာတာ ရက်ပိုင်းလောက်ရှိနေပြီ..ဟုတ်တယ်မို့လား"
"အင်း...ဟုတ်ပါတယ်"
တတိယတန်းတပည့်များက ဘေးမှစောင့်ကြည့်နေရန်မလိုအပ်ဘဲ ကိုယ်တိုင်စိတ်ပါလက်ပါနှင့် အားသွန်ခွန်စိုက် လေ့ကျင့်ရေးလုပ်နေသည်ကို မြင်ကတည်းက ချွန်းမြောင် သူတို့လေ့ကျင့်ရေးဆီသို့ မကြာမကြာဆိုသလို လာလေ့မရှိတော့ပေ။
"သူက အကုန်လုံးမနိုးခင်ကတည်းက ထနေတာဆိုတော့ တစ်နေရာရာမှာ အိပ်နေတာတော့ မဟုတ်လောက်ဘူး...
ဒါဆို သူက ဘယ်သွားနေတာလဲ"
"ငါတို့လည်း ဘယ်သိမှာလဲ....သူက အခုဆို ဟွာဆန်းမှာ အလုပ်အများဆုံးသူပဲဟာကို"
"ဟုတ်သားပဲ"
ဟုတ်ပေသည်။ များစွာသောကိစ္စများအပြီးတွင် ဟွာဆန်းက ပြန်လည်ရပ်တည်လာနိုင်ခဲ့ပြီဖြစ်သည်။
ဟွာဆန်းသို့ တကြိမ်တခါသို့ လာရောက်ကာ မပတ်သက်ဖူးသူများကပင် ဟွာဆန်းသို့ အကြိမ်ကြိမ်လာရောက်ကာ ပတ်သက်ဆက်နွယ်ချင်နေကြပြီး ဟွာကျေးရွာရှိ ဟွာဆန်း၏လုပ်ငန်းများကလည်း အလုံးစုံပင် အဆင်ပြေနေပြီး ငွေများကို သဲ့ယူနေရုံပင် ဖြစ်နေလေတော့သည်။ ဟွာဆန်းသည် နလန်ပြန်ထလာပြီ ဖြစ်လေ၏။ ဟွာဆန်း၏ နလန်ထမှုနှင့်အတူ တွဲပါလာသည်က ဟွာဆန်း၏ ဂိုဏ်းတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ၎င်းကို ဖော်ဆောင်ပေးမည့်လုပ်သားများ ဖြစ်လေသည်။ ဆိုလိုသည်ကတော့ အန်ဟာနှင့် ဟွာဆန်းဂိုဏ်၏ ဆက်ဆံရေးသည် အလွန်ပင် အကျွမ်းတဝင်ဖြစ်လာလေပြီး သံတမန်လေး ချွန်းမြောင်ကမူ ဟိုကူးဒီလာနှင့် အလုပ်များနေရရှာသည်။
"ဆရာတူအကိုကြီး"
"ပြော"
"ဒီရက်ပိုင်းတွေမှာ ကျွန်တော်တို့ ဘယ်လောက်သန်မာလာတယ်လို့ ထင်လဲ"
"အင်း.....အရင်ကထက် နှစ်ဆလောက်ပေါ့"
"ဟင်း...နှစ်ဆထဲလား"
"ငါလည်း သေချာတော့မသိဘူးလေ..အဲ့တာက သေချာမှ ပြောလို့မရတာကို...
သေချာတာကတော့ ငါတော့ ငါ့ထက် သုံးဆလောက်ကြီးတဲ့ လူနဲ့တောင် ယှည်ပြီးတိုက်ရဲနေပြီဆိုတာပဲ"
"ဒီလောက်နဲ့တော့ မရသေးပါဘူး"
"ဟေ..."
"သိတဲ့အတိုင်း ညီလာခံက လာတော့မှာလေ"
ယွန်းဂျွန် မျက်မှောင်ကြုတ်သွားလေသည်။
"အင်"
"ကျွန်တော်တို့ ဒီထက်ပိုပြီး အင်အားကောင်းနေဖို့ လိုတယ်"
"အဲ့တာတော့ ဟုတ်တယ်"
ယွန်းဂျွန် ခါးသက်သက်ပြုံးလိုက်လေသည်။
"ငါတို့ ချွန်းမြောင်ကို ဘာဆက်လုပ်ရမလဲဆိုတာ မေးကြရအောင်...ပြီးတော့ လေ့ကျင့်ရေးအသစ်တွေ ပေးဖို့လည်း ပြောရမယ်"
ဂျိုဂုကလည်း ယွန်းဂျွန်၏စကားကို ယောင်နနနှင့် ခေါင်းငြိမ့်ကာ ထောက်ခံလေသည်။
"အခု ငါက ဘယ်လိုလုပ်ရတော့မှာလဲ"
ချွန်းမြောင်က တောင်ထိပ်ပေါ်တွင် ရောက်နေလေပြီး လေ့ကျင့်ရေးလုပ်ရန်အတွက် လာခဲ့ခြင်း ဖြစ်လေသည်။
အတိတ်ဘဝတုန်းကမူ ဓါးနှင့်လူသည် သဟဇာတဖြစ်ကာ ချွန်းမြောင်ဓါးကျရာက သွေးလွှမ်းခဲ့သည်ပင် ။ ယခုတွင်မူ တတ်မြောက်ပြီးထားသော သိုင်းကွက်တို့ပင် ပျောက်ဆုံးတော့မလားထင်ရ၍ လေ့ကျင့်ရန်လာခဲ့ခြင်း ဖြစ်လေသည်။ သိုင်းပညာတွင် ဖြတ်လမ်းနည်း မရှိပေ။ များများလေ့ကျင့် များများကြိုးစား ။ ဤသည်ကပင် တစ်ခုတည်းသောနည်းလမ်းပင်။ သို့သော်လည်း သူ့အနေနှင့်မူ တောင်အောက်တွင် ကလေးများနှင့် အတူလေ့ကျင့်ရန်က မဖြစ်နိုင်ပေ။ သူ၏သိုင်းပညာများက အခြားကလေးများထက် တမူထူးခြားသာလွန်နေပြီး မလိုလားအပ်သော စိတ်ဝင်စားမှုများ ရရှိလာမည်ကို သူမနှစ်သက်ပေ။ ထို့ကြောင့်ပင် တောင်ပေါ်သို့ တကူးတကလာကာ လေ့ကျင့်နေခြင်းဖြစ်လေသည်။
ချွန်းမြောင်အနေနှင့် တောင်ပေါ်လာရသည်က အခက်အခဲမဟုတ်ပေ။ အခက်အခဲဖြစ်နေသည်က တောင်ပေါ်သို့ လာရသည့်အတွက် အချိန်များပုတ်သွားခြင်းပင်။ နေ့စဉ်ရက်ဆက် အချိန်များပုတ်သွားခြင်းကို ချွန်းမြောင်အလွန်ပင် စိတ်ကုန်နေပြီး မည်သို့လုပ်ရမည်ကို သူမသိတော့ပေ။
ငါ ဒါကြီးကို တသက်လုံးလုပ်နေရတော့မှာလား...
ငါ့မှာ အချိန်တောင်မရှိတာကို ဒီလိုကြီးကို သက်သက်အချိန်ဖြုန်းနေရတာပေါ့....
နားချိန်လေးတောင် ငါ့မှာ မရှိနိုင်ပါလား....
ငါ့မှာ ပိုပိုပြီး သန်မာလာခြင်လို့သာ လာနေရတယ်....
ငါသန်မာလာမှသာ ဟွာဆန်းကို ကာကွယ်နိုင်မှာမို့သာ လာနေရတယ်...အချိန်ကုန်လိုက်တာ....
ချွန်းမြောင်သည် ရက်စက်သော လောကကြီး၏အကြောင်းကို တစ်ဘဝစာ သင်ယူခဲ့ရပြီး ဖြစ်လေသည်။ အားကြီးသူသည် အားနည်းသူကို အနိုင်ယူစမြဲဖြစ်ပြီး အားနည်းသူများကလည်း အခွင့်အရေးကို ချောင်းကာ အမြဲတိုက်ခိုက်နေမည်ပင် ဖြစ်သည်။ ရန်သူသည် မိမိဘေးတွင် ရှိနေသောမည်သူမဆို ဖြစ်နိုင်လေပြီး မိမိ၏အလစ်ကို ချောင်းကာ တိုက်ခိုက်မည်ပင် ဖြစ်လေသည်။ သူသည် ဟွာဆန်းအား ပထမအကြိမ် ဆုံးရှုံးခဲ့ရပြီးဖြစ်လေသည်။ ဒုတိယအကြိမ် ဟွာဆန်းပျက်သုန်းသည်ကို သူကြည့်မနေနိုင်ပေ။ သူ သန်မာမှ ရပေမည်။ သူ သန်မာမှသာ ဟွာဆန်းသည်လည်း သန်မာလာပေလိမ့်မည်။ သို့ဖြစ်၍ မသန်မာမချင်းပင် ဤတောင်ထိပ်သို့ အချိန်ကုန်ခံတက်ကာ လေ့ကျင့်နေရပေဦးမည်။
"ဟင်း"
ချွန်းမြောင် မျက်မှောင်ကြုတ်လိုက်လေသည်။
တစ်ယောက်ယောက် ရှိနေလေ၏။
မဖိတ်ကြားထားသော ဧည့်သည်သည် ချွန်းမြောင်လွန်ခဲ့သောတစ်လခန့်ကပင် စတင်ကာ လေ့ကျင့်ရေးလုပ်နေသော နေရာသို့ ရောက်လာခဲ့လေပြီ။
ဒီအချိန်ကြီး ဒီနေရာမှာ ဘာလာလုပ်နေတာပါလိမ့်....
ချွန်းမြောင် သူလေ့ကျင့်ရာနေရာသို့ လရောင်ကိုအားကိုးကာ တရွေ့ရွေ့တိုးလာခဲ့လေ၏။
လျင်မြန်ချောမွေ့သော ဓါးတစ်ချောင်းက ညကောင်းကင်အောက်တွင် ညက်ညောညင်သာစွာ ကူးလူးလှုပ်ရှားနေလေသည်။ ပျော့ပြောင်းသော်လည်း အားမာန်ပြည့်ဝ၏။ လျင်မြန်သော်လည်း တိကျလေ၏။ ဓါးဦးသည် မြေကြီးကို ယက်ထွန်ကာ ပုံစံရေးဆွဲပြီး ကောင်းကင်သို့ ညွှန်ကာ သိုင်းကွက်ဖော်လိုက်သည်နှင့် ပန်းပွင့်များက ကြွေကျလာခဲ့လေသည်။
တမူထူးခြားကာ လှပလွန်းသော ဓါးရေးပြကွက်ပင် ဖြစ်လေ၏။
နေမထွက်မှီ အာရုံဦးလရောင်ဖျဖျအောက်တွင် လမင်းတစ်စင်းကဲ့သို့ လှပသောအမျိုးသမီးတစ်ဦးက ဓါးရေးကလျက်ရှိပေ၏။ အဖြူလွလွ ဝတ်ရုံ၊ မဲနက်သော ဆံကေသာနှင့် ငွေရောင်ဓါးတို့က လရောင်အောက်တွင် တောက်ပနေပြီး ကောင်းကင်က လမင်းတစ်စင်းနှင့် မြေပြင်က လမင်းတစ်စင်းသို့ အလှချင်းပြိုင်နေသလိုပင်။
ချွန်မြောင်ကမူ ညက်ညောသေသပ်လှသော သိုင်းကွက်များတွင် စီးဝင်မျောပါနေလေသည်။ ဤသိုင်းကွက်များကို သူကောင်းကောင်းကြီးပင် ရင်းနှီးလေ၏။ ဤသည်က ဟွာဆန်း၏မူလသိုင်းကွက်များ ဖြစ်သော ဇီးပန်းပွင့်သိုင်းကွက်ဟောင်းများပင် ဖြစ်လေ၏။
ဟွာဆန်း၏ ရှေးကျသောသိုင်းကွက်များကို သိရုံမျှသာမက ကျွမ်းကျွမ်းကျင်ကျင်ပါ တတ်မြောက်နေသောထိုအမျိုးသမီးသည် မည်သူနည်း....
သူတစ်ကြိမ်တစ်ခါမျှပင် ဤအနီးတဝိုက်တွင် မတွေ့ဖူးချေ။
ဓါးရေး ဤမျှ ကျွမ်းကျင်နေပြီး ယခုအချိန်ကြီး တောထဲသို့ လာကာလေ့ကျင့်နေရသည့် အကြောင်းရင်းက အဘယ်ကြောင့်နည်း။ မေးခွန်းများစွာက ချွန်းမြောင်ထံတွင် ရှိနေလေ၏။
"အဲ့ဒီမှာ ဘယ်သူလဲ"
စူးရှသော အသံနှင့်အတူအမျိုးသမီးက ချွန်းမြောင်ရှိရာသို့ ရောက်လာပြီး သူမ၏ဓါးကို ချွန်းမြောင်၏ လည်ပင်းပေါ်သို့ ထောက်ထားလိုက်လေသည်။
လည်ပင်းပေါ်မှ အေးမြသောဓါး၏အထိအတွေ့က ချွန်းမြောင်အား အသည်းယားနေစေပြီး မည်သို့ပြန်ဖြေရမည်ကိုလည်း ခေါင်းစားနေလေသည်။
"အင်း..."
"မင်းက ဘယ်သူလဲ...မင်းကို ငါ ဒီအနီးတဝိုက်မှာ မတွေ့ဖူးပါဘူး"
အမလေး...အဲ့တာက ငါပြောရမယ့်စကားပါဟဲ့...
တကယ်တည်း ...ဒီအမျိုးသမီးကြီးက ဘယ်သူကြီးတုန်း......