အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အပိုင်း (၇၀)
စိတ်မပူနဲ့...မင်း နိုင်အောင် ငါလုပ်ပေးမယ်...(၅)
ချွေးများက ရေတံခွန်သဖွယ်ကျနေလေ၏။
"ဟူး"
ဂျိုဂုက သူမသေသေးသည်ကို အတည်ပြုပြီးသွားမှ ဟင်ချနိုင်သွားလေတော့သည်။ အကြောက်လွန်ကာ ထွက်နေသည့် ဇောချွေးများကတော့ မရပ်နိုင်သေးပေ။ မျက်တောင်ကိုလည်း ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်လုံးကို ရဲရဲပင် မဖွင့်ရဲသေးချေ။ သူ၏တကိုယ်လုံးကလည်း ကြောက်စိတ်ကြောင့် တုန်ယင်နေလေသည်။
သူသာ ဓါးကိုမထိန်းနိုင်ဘဲ နောက်ထပ်တစ်လက်မလောက်တာ စွန်းပြီးထိမိသွားရင်တော့ .....
ဟူး....ငါ့ဘဝက မတွေးရဲစရာပဲ....
ချွန်းမြောင်၏ ဓါးက ဂျိုဂု၏ ဆံပင်ဖျားလေးများမှ ဖြတ်သွားသည်ကို သူကောင်းကောင်းကြီး ခံစားမိလိုက်လေသည်။ ချွန်းမြောင်သည်သာ သူ၏ဓါးကို မထိန်းနိုင်ခဲ့ပါက သူသည် နောက်ဘဝသို့ ကူးပြီးနေလောက်ပြီဖြစ်သည်။
"ဒီ....ဒီ...အင်း...."
ချွန်းမြောင်အား အားပါတရဆဲဆိုလိုက်ချင်သော်လည်း ကြောက်စိတ်တို့ကသာ ဖုံးလွှမ်းနေပြီး စကားလုံးများကလည်း ထွက်မလာပေ။ ကြောက်စိတ်မပြေဘဲ တုန်သာတုန်ယင်နေလေ၏။
ချွန်းမြောင်က ဂျိုဂုအား ကြည့်ကာပြုံးပြလိုက်လေသည်။
"ဘယ်လိုနေလဲ"
".....ဘာ..ဘာကလဲ....."
"ကျွန်တော်မေးတာက ဘယ်လိုနေလဲလို့...."
".........."
ဘာ.....ဘယ်လို..
ဘယ်လိုနေလဲ မေးတာက ဘာကိုမေးတာလဲ ခွေးသားလေးရယ်.......ဓါးနဲ့ခုတ်တော့မလို့လုပ်တာ ကို ငါကဘယ်လိုနေရမှာလဲ...သောက်ချေး.....
ဂျိုဂုသည် ချွန်းမြောင်ပြောချင်သည့်စကားနှင့် ပေးချင်သည့်သင်ခန်းစာကို ပုံမှန်အခြေအနေဆိုလျှင်မူ နားလည်နိုင်သွားလောက်ပြီဖြစ်သော်လည်း ယခုတွင်မူ ကြောက်စိတ်မှတစ်ပါး အခြားမရှိသည်မို့ ချွန်းမြောင်၏အမေးကို အာရုံမရောက်နိုင်သကဲ့သို့ " စိတ်နှင့်ခန္ဓာလည်း ပြန်မကပ်သေးပေ။
"သေတော့မယ်လို့ သိရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ"
"ဒါကလား"
ဂျိုဂုက တကိုယ်လုံးမှ အင်အားများကို စုစည်းကာ ချွန်းမြောင်အား ဆဲချလိုက်လေ၏။
"ငါ သေပြီလို့ပဲ ခံစားလိုက်ရတာပေါ့ ခွေးသားမျိုးမစစ်ရယ့်...."
"ဟီး...ဟီး....ဟီး...."
ဂျိုဂု၏ ဆဲသံကြီးကိုမူ ချွန်းမြောင်က အရေးမထားနေဘဲ တဟီးဟီးနှင့်သာ စခွီထနေလေသည်။
ဤသည်က သဘာဝပင် ။ လူသားတိုင်း ၊ သတ္တဝါတိုင်းက သေရေးရှင်ရေးနှင့်ပတ်သက်လာလျှင် အဆုံးစွန်သော ကြောက်စိတ် ၊ အဆုံးစွန်သော သတ္တိတို့က ပေါ်လာတတ်ပြီး ရံဖန်ရံခါတွင်မူ ကြောက်စိတ်ကို ကျော်လွှားကို အသက်ရှင်သန်ရေးအတွက် ကြိုးပမ်းနိုင်သွားကြသည်ပင်။ ကြောက်စိတ်ကို မကြုံတွေ့ဖူးသည့် လူကမူ ကြောက်စိတ်ကို မည်သို့ကျော်လွှားရမည်၊ မည်သို့ကြိုးပမ်းရမည်ဆိုသည်ကို မသိဘဲ အရှုံးပေးကာ အဆုံးသတ်သွားကြရလေသည်။ ယခုတွင်မူ ဂျိုဂုသည် အကြောက်တရားဟူသည်ကို ရင်ဆိုင်ဖူးသွားပြီဖြစ်၍ မည်သို့ ကျော်လွှားရမည်ကို နည်းလမ်းရှာကာ ကြိုးစားလေတော့မည်ဟု ချွန်းမြောင် ယုံကြည်လေသည်။
"ဟုတ်ပါပြီ...အခုအကိုကြီး နားလို့ရပြီ"
ချွန်းမြောင်သည် ဂျိုဂုအား နှစ်သိမ့်သောအသံလေးနှင့် ပြောလိုက်ပြီး ဝင်းပနေသောမျက်နှာကြီးနှင့် တခြားတပည့်လေးများဘက်သို့ လှည့်လာလေသည်။
အားလုံးကလည်း ချွန်းမြောင်လှည့်လာသည်ကို မြင်သည်နှင့်ပင် ခေါင်းများငုံံ့သွားကြပြီး အကြည့်ခြင်းဆုံသွားမည်ကို အလွန်ပင် စိုးရိမ်နေကြလေသည်။
"ဆရာတူအကိုကြီးတို့....သေချာလည်း စဉ်းစားကြည့်ကြပါဦး"
"........"
"အကိုကြီးတို့ ဒါကြီးကို တကယ်ကြီးရှောင်နိုင်မှာမို့လို့လား"
ဒီကာလနာ မြွေပွေးကိုက်လေးကတော့....
မကောင်းဆိုးဝါးကောင်..မင်းကို အလိုမရှိတော့ဘူးကွာ...
ဘယ်လိုလုပ်ပြီး မင်းက ဟွာဆန်းကို ရောက်လာရတာလဲ...
ပြောတော့ တာအိုကျင့်ကြံတဲ့ကိုယ်တော်တဲ့ ...အကြင်နာတရား မရှိလိုက်တာ....
"လာပါ...လာကြစမ်းပါ...အချိန်ဖြုန်းမနေကြစမ်းပါနဲ့....ပြောတော့ ပိုပြီးသန်မာလာချင်တာဆို...
ရှေ့ကိုတိုးခဲ့ကြလေ...ဆရာတူအကိုကြီး"
"........."
ယွန်းဂျွန်ကလည်း ချွန်းမြောင်၏ခေါ်သံကြောင့် တချက်ခိုးကြည့်ကာ ချွန်းမြောင်နှင့်အကြည့်ချင်းဆုံသည်နှင့် မသိယောင်ဆောင်ကာ ပြန်လှည့်သွားလေသည်။
"ဂျွန်ဟုတ်...မင်း သွားလိုက်ရင်ရော ဘယ်လိုလဲ"
"အာ....မသွားပါဘူး...ကျွန်တော်ထင်တာကတော့ သူက အကိုကြီးကို ခေါ်နေတာလားလို့"
"ဆိုတော့ မင်းက မသွားဘူးပေါ့"
လူတိုင်းသည် ချွန်းမြောင်ရှိရာသို့ သွားရမည်ကို ကြောက်ရွံနေကြလေသည် ။ ချွန်းမြောင်သည် သူတို့အား အန္တာရယ်မပေးဟူသောအသိစိတ်က ရှိနေသည့်တိုင် ဓါးအစစ်တစ်လက်နှင့် ချွန်းမြောင်နားသို့ သူတို့တကယ်ပင် မသွားရဲကြပေ။ ယွန်းဂျွန်သည် သာမန်အခြေအနေများတွင် အကြီးစိတ်ဓါတ်မွေးကာ ကလေးများအစား အနစ်နာခံတတ်သော်လည်း ယခုတွင်မူ သူလည်းမလှုပ်ချင်ပေ။ ချွန်းမြောင်ဆီသို့ သွားရန်ကိစ္စကို သူ၏ အသိစိတ်ရော မသိစိတ်ကပါ တားဆီးနေလေသည်။
"အကိုကြီးတို့ မလာကြသေးဘူးလား"
"...."
တွန့်ဆုတ်နေကြကာ တစ်ဦးနှင့်တစ်ဦး အတင်းထိုးလွတ်နေကြသော သူ၏ဆရာတူအကိုကြီးများကိုကြည့်ကာ ချွန်းမြောင်သက်ပြင်းချလိုက်လေ၏။
"ရှက်စရာကောင်းလိုက်တာ....အကိုကြီးတို့က တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့ မစဉ်းစားဘဲ တစ်ယောက်နဲ့တစ်ယောက်ထိုးချနေကြတယ်...."
ဘာ....ခွေးသားလေး..အဲ့လိုတွေ ဖြစ်နေရတာက မင်းကြောင့်လေ...
မင်း သောက်ကျိုးနည်းတွေ လုပ်နေလို့ အခုလိုဖြစ်နေရတာလေ....
မင်းသာ ဒီနေရာမှာ ရှိမနေရင်ငါတို့က သိပ်ချစ်ကြတဲ့ ညီအကိုတွေပဲကွ....ငါတို့ဘဝလေး ဘယ်လောက်တောင် ငြိမ်းချမ်းနေလိုက်မလဲ.....
တတိယတန်းတပည့်လေးများသည် ကိုယ်စီနာကြည်းသော စကားသံများနှင့် ချွန်းမြောင်အား ရင်တွင်းတွင် အော်ဟစ်နေကြသော်လည်း အပြင်တွင်မူ တစ်ခွန်းတစ်လေမှပင် ထွက်မလာကြဘဲ တိတ်တိတ်နေကာ ခေါင်းကို ငုံံ့ထားကြလေသည်။ ဤအခြင်းအရာကို မြင်နေရသော ချွန်းမြောင်ကမူ ခေါင်းကိုတဆတ်ဆတ်ငြိမ့်ကာ နေလေ၏။
"ကြည့်ရတာက ညီအကိုတွေချင်း စုစုစည်းစည်းနဲ့ ဒုက္ခကို အားလုံးစုခံကြဖို့ တွေးထားကြတဲ့ပုံပဲ...ဒီလို ဒုက္ခကို မျှဝေကြဖို့ တွေးထားတာဆိုရင်တော့လည်း ကောင်းပါတယ်...မစိုးရိမ်ပါနဲ့.....ကျွန်တော်က ဆရာတူအကိုကြီးတွေ အားလုံးကို မျှမျှတတဆက်ဆံပေးမှာပါ။ "
ဘယ်လို.......
ချွန်းမြောင်က သူ၏ဓါးကို မြောက်ကာ အော်လိုက်လေသည်။
"အကိုကြီးတို့က မလာမှတော့ ကျွန်တော်ပဲ ဆင်းလာရတော့မှာပေါ....
ကဲ.....ကျွန်တော်လာပြီဗျို့"
သောက်ပလုတ်တုတ်....
ဟဲ့...ဟဲ့.....အဲလိုမလာခဲ့နဲ့လေ.....သောက်ရူးခွေးလေးရယ့်.......
တတိယတန်းတပည့်များက ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ချွန်းမြောင်ကတော့ ဓါးတစ်လက်ကိုဆွဲကာ အားလုံးရပ်နေရာသို့ ပြေးဝင်လာပြီဖြစ်လေသည်။ မဲမဲမြင်ရာလိုက်ကာ ခုတ်နေပြီး တတိယတန်းတပည့်များကလည်း ပြေးမိပြေးရာပြေးကာ အော်ဟစ်နေကြလေတော့သည်။ သိုးအုပ်ထဲသို့ ဝံပုလွေဝင်ဆွဲနေသလိုပင်။ လေ့ကျင့်ခန်းခန်းမတွင်းရှိ ကလေးများက အော်သော်သောင်းနင်းပင်။
"မင်း...မင်း မလာခဲ့နဲ့ ...အား..ခွေးကောင်"
"မင်း ဘယ်လိုတောင် လုပ်ရက်နိုင်ရတာလဲ...သောက်ရူးရယ့်....."
ယွန်းဂျွန်သည် သူ၏ငယ်ထိပ်ပေါ်သို့ ကျဆင်းလာသောချွန်းမြောင်၏ ဓါးချက်ကြောင့် ငယ်သံပါအောင် အော်ဟစ်လိုက်လေတော့သည်။
"အားးးးးး"
"အီးးးးးး"
တတိယတန်းကလေးများကမူ မျက်စိရှေ့တွင်ဖြစ်နေသောအရာများကိုကြည့်ကာ လေ့ကျင့်ရေးခန်းမအတွင်း ဟိုပြေးဒီခုန်နှင့် တုန်ယင်ကြောက်ရွံနေကြလေသည်။
"အား...အမေရေ...ကယ်ပါ"
"အဖေ...သားကို ကယ်ပါ.....သားကောင်းကောင်း နေပါတော့မယ်လို့ ကတိပေးပါတယ်....အီးးးးအီး"
"နောက်ဆို အမဲသားခြောက်တွေကို အိပ်ယာအောက်မှာ ဖွတ်ထားပြီး မစားတော့ပါဘူး"
"ဟမ်...မင်းက ဒီအချိန်မှာတောင် အစားအကြောင်းတွေးနိုင်သေးတယ်လား"
ချွန်းမြောင်သည် ဣန္ဒြေမရစွာ ခန်းမအတွင်း တောင်ပြေးမြောက်ပြေးလုပ်နေကြသောသူ၏ ဆရာတူအကိုကြီး များကို ကြည့်ကာ စုပ်သတ်လိုက်လေသည်။
"စိတ်မပူကြပါနဲ့ ....အားလုံး သေချာပေါက်ကို သေရမှာပါ"
ယွန်းဂျွန်ကမူ သူ၏ငယ်ထိပ်ပေါ်တွင် ရပ်နေသော ချွန်းမြောင်၏ဓါးကို ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။
သောက်ခွေး မျိုးမစစ်လေး...မင်း လက်ထဲက ဓါးက မင်းဖေမဟုတ်ဘူးကွ..
ဓါးအစစ်ကြီး ...ခုတ်ရင်သေမယ့်အမျိုး ...ကစားစရာ မှတ်နေလား...
အရင်တုန်းက သေအောင်ချခံရတာက သေဖို့မသေချာဘူး....မင်းဖေဓါးနဲ့ခုတ်မိကာမှ တကယ်သေမှာ...
ယွန်းဂျွန်ကမူ ချွန်းမြောင်၏ပညာပေးခြင်းကို ခံခဲ့ရဖူးသော်လည်း ယခုတကြိမ်ကိုတော့ အကြောက်ဆုံးပင်။
ရူးနှမ်းနှမ်းချွန်းမြောင်နှင့် ဓါးအစစ်ကို တွဲထားသည်က သေနိုင်ခြေအများဆုံးသော အခြေအနေဟုပင် ထင်လေသည်။ ချွန်းမြောင်သူ့အား ဓါးနှင့်လွဲကာ ရွယ်လိုက်စဉ်က အမှန်ပင် ငရဲပြည်သို့ အလည်သွားရတော့မည်ဟု ထင်သွားခြင်းဖြစ်လေသည်။
ယခုတွင်မူ ခန်းမအတွင်းရှိလူများအားလုံးသည် အသည်းတအေးအေးနှင့် သေဘေးနီးသောခံစားချက်ကို ခံစားဖူးသွားပြီဖြစ်လေသည်။ အားလုံးကလည်း ချွန်းမြောင်အား ရင်တွင်းတွင် ကိုယ်စီကြိတ်ဆဲပြီးသွားကြပြီ ဖြစ်လေသည်။ လူစေ့လည်း ဓါးနှင့်လိုက်ရွယ်ပြီးပြီမို့ ချွန်းမြောင်က အားလုံးကို ကြည့်ကာမေးလိုက်လေသည်။
"ကဲ ..ဘယ်လိုနေကြလဲ"
"...ဘာကလဲ"
ဦးစွာပထမ ဓါးနှင့်အရွယ်ခံလိုက်ရသည့် ဂျိုဂုကမူ ယခုအချိန်တွင် စိတ်ငြိမ်သွားပြီဖြစ်လေသည်။
"ဘာလို့ ကျွန်တော့်ရဲ့ဓါးချက်တွေကို မတားဆီးကြတာလဲ"
"....ဟမ်..."
"ကျွန်တော်ရဲ့ ဓါးချက်တွေက အကုန်လုံးက ဒီတိုင်းခုတ်တာတွေချည်းပဲလေ...
ဓါးချက်တွေကို ဘာလို့ မတားကြတာလဲ...."
ထိုအခါမှသာ သူတို့အားလုံးက အကြောက်လွန်ပြီး ပြာယာခတ်ကာ လုပ်နိုင်သည့်အရာကို မေ့သွားကြသည်ကို သတိရကြလေတော့သည်။ ဂျိုဂုဆိုလျှင် နောင်တရလွန်း၍ မျက်ရည်ပင် ကျလာလေသည်။
"မင်းဓါးချက်က အရမ်းကို မြန်လွန်းတယ်.....တအားကို မြန်နေတာ...
ဘယ်လို ရှောင်ရမလဲဆိုတာတောင် တွေးဖို့အချိန်မရလိုက်ဘူး....မင်း ဓါးချက်ကို ဘယ်လိုမှ ရှောင်လို့ မလွတ်နိုင်ဘူးဆိုတာ သုံးနှစ်သားကလေးတောင် သိတယ်"
"အဲ့လိုလား"
ချွန်းမြောင်က ပြုံးကာပြန်မေးလေ၏။
"အကိုကြီး အဲ့တာကိုတော့ သိတယ်ပေါ့"
"ဟွန့်...."
"ဒါဆို ဘာလို့ဆရာတူအကိုကြီးတွေကရော ဓါးချက်ကို မတားဆီး မကာကွယ်ကြတာလဲ"
"ဒါကလား"
ချွန်းမြောင်က အားလုံး၏အဖြေကို စောင့်ဆိုင်းရင်း ဓါးကို မြေပြင်ပေါ်သို့ ပစ်စိုက်ထားလိုက်လေသည်။
ချွမ်...
ဓါးစိုက်ဝင်သွားရာနေရာတွင် ဖုန်အနည်းငယ်ထလာပြီး မြေပြင်ကိုထွင်းဖောက်ကာ ဓါးက ထိုးဝင်နေလေ၏။
"မတားနိုင်လို့ပေါ့....အဖြေက ဒါပဲလေ"
"........"
"မင်း ငါတို့ကို ခုတ်ခဲ့တဲ့ ဓါးချက်တိုင်းက အတူတူပဲမို့လား...အခု မင်းထိုးစိုက်လိုက်တဲ့ အားနဲ့ပဲ မင်းခုတ်ခဲ့တာမို့လား"
ဆရာတူအကိုတစ်ယောက်က ချွန်းမြောင်အား ထကာမေးလေ၏။
"ဟုတ်တယ်...."
"ပိုမြန် ပိုနှေး ပိုအားပြင်း ပိုအားပျော့ ဘာမှမရှိဘူး....ဒီတိုင်း အားလုံးက ဓါးချက်အတူတူပဲ"
"အကိုကြီးတို့ ကို ကျွန်တော်ခုတ်လိုက်တိုင်း ခုတ်မိတော့မလို့ ခံစားရတယ်မို့လာ..ဒါပေမယ့် မခုတ်မိဘူး.ဒါက အယူအဆနဲ့ အမြင်ကွာတာပဲ...ဓါးကိုင်ထားတဲ့သူရယ့် လက်ဆပေါ်မှာလည်း မူတည်တာပေါ့"
ဂျိုဂုနှင့် ယွန်းဂျွန်က ချွန်းမြောင်သူတို့အား ပြောပြချင်နေသည့်အရာကို သဘောရေးရေးပေါက်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
"မင်း ပြောချင်တာက ငါတို့လည်း ဒီလိုလက်ဆမျိုးရလာနိုင်တယ်ဆိုတဲ့သဘောလား"
"လေ့ကျင့်မယ်ဆိုရင်ပေါ့"
ချွန်းမြောင်က ဓါးကို ဆွဲနှုတ်ကာ မြောက်ပြလိုက်လေသည်။
"ကြည့်..."
ထို့နောက် သူက ဓါးကို ဝှေ့ယမ်းပြလိုက်လေ၏။
ဂျိုဂု၏ ချွန်းမြောင်၏ဓါးချက်ကို သေချာစွာလိုက်ကြည့်ကာ မှတ်သားလိုက်လေသည်။ ဤဓါးရေးသည်က ပညာသားမပါ၊ အလျင်မပါ ။ လက်ရည်ငြိမ်သော ဓါးချက်သက်သက်သာ ဖြစ်လေသည်။ သို့သော် တိကျသေချာကာ သေသပ်လှပလေပြီး ပန်းချီကားတစ်ချပ်လိုပင်။
ဂျိုဂု မနေနိုင်စွာနှင့် ပြောမိသွားလေသည်။
"ဒါက ရေစက်ပမာ သိုင်းကွက်ပဲ"
"......."
"အကိုကြီးတို့ အကိုကြီးတို့ ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ထားကြတယ်...အခု အကိုကြီးတို့က ဓါးကို ခန္ဓာကိုယ်ကို တသားတည်းကျအောင် လုပ်ကြရတော့မယ်....
အရင်ဆုံးအနေနဲ့ ခြေထောက်ပိုင်း......"
ချွန်းမြောင်က ပြောလည်းပြောကာ ခြေအစုံကို ခွဲကာ ခိုင်ခိုင်မာမာ ရပ်ပြလေ၏။
"အကိုကြီးတို့ရဲ့ ခြေကွက်ကို သေချာခိုင်ခန့်အောင် လုပ်ထား ၊ ဂွင်ကျထားရမယ်....ပြီးတော့ လက်ကောက်ဝတ်မှာ အားကို စိုက်ထားရမယ်....လက်ကောက်ဝတ်က အားကို လက်ချောင်းတစ်ချောင်းချင်းစီကို ပို့ပေးရမယ်....
ပြီးတော့ ပြင်ပက အင်အားကို အကုန်စုစည်းပြီးတော့ ဓါးချက်တစ်ချက်တိုင်းဆီမှာ အင်အားကို အပြည့်ထည့်ထားရမယ်"
ဘမ်း....
ချွန်းမြောင်က ပြောလည်း ပြောကာ ခုတ်ပြလိုက်လေ၏။
"လွယ်ပါတယ်.....ဟုတ်တယ်မို့လား"
"............."
ချွန်းမြောင်၏ ရှင်းပြသံများဆုံးသွားသောအခါတွင်မူ ယွန်းဂျွန်က အသံလေးကြီးနှင့် မေးလာလေ၏။
"မင်း ပြောချင်တာကို ငါနားလည်ပါတယ်....မင်းက ငါတို့က သွက်လက်တဲ့ဓါးသိုင်းကို သုံးတာထက် တချက်ချင်းစီနဲပိုပြီး ထိရောက်မှုရှိတဲ့ ရိုးရိုးရှင်းရှင်း ဓါးသိုင်းကိုပဲ ပိုပြီးအလေးပေး လေ့ကျင့်စေချင်တာမို့လား"
"ဒါက မရဏဓါးချက်တွေ ထဲက တစ်ကွက်ပဲ..
ဓါးချက်တစ်ချက်တည်းနဲ့ သေစေနိုင်တဲ့ဓါးသိုင်းပေါ့...."
ချွန်းမြောင်၏ ယွန်းဂျွန်၏စောဒကကို ရှင်းပြလိုက်လေ၏။
"ဓါးရေးပညာမှာ ဒုတိယဓါးချက်ဆိုတာ မရှိဘူး....တစ်ချက်တည်းနဲ့ ရန်သူကို မသုတ်သင်နိုင်ရင် ရန်သူက ကိုယ့်ကို တစ်ချက်တည်းနဲ့ သုတ်သင်သွားလိုက်မယ်.... သေဖို့ပြင်ဆင်ချိန်တောင် မရလိုက်သလို သေလို့သေမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး"
ယွန်းဂျွန်က သက်ပြင်းရှည်ကြီးကို ချကာ ခေါင်းငြိမ့်လိုက်လေ၏။
ချွန်းမြောင် ရှင်းပြကာ သင်ပြပေးချင်နေသည့်အရာကို သူတို့ နားလည်သွားပြီ ဖြစ်လေသည်။
ဓါးချက်တစ်ချက်ကပင် ဘဝတစ်ခု အသက်တစ်ခုဆုံးရှုံးသွားစေနိုင်လေသည်က မှန်ပေသည်။
ဓါးသိုင်းကို ကောင်းစွာမတတ်မြောက်သေးသော သူတို့အနေနှင့် ရှုပ်ထွေးပွေလီသော ဓါးသိုင်းများစွာကို အချိန်တိုအတွင်းမှာပင် အမီလိုက်ကာ သင်ယူရန်က မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ထိရောက်၍ သင်ယူရန်လွယ်ကူသော ဓါးသိုင်းကို သင်ယူလိုက်သည်က ပို၍ပင် အကျိုးထူးပေလိမ့်မည်။
"မင်းပြောချင်တာကို ငါတို့ နားလည်ပါပြီ...ဒါပေမယ့် ငါတို့က ဟွာဆန်းဂိုဏ်းကလေ...
အဲ့လိုမျိုး နည်းနဲ့နိုင်တာက ဖြစ်သင့်ပါ့မလား....."
"ဟွာဆန်းက ဂိုဏ်းသားတပည့်တွေ ဖြစ်နေတော့ရော ဘာအရေးလဲ"
"ဟွာဆန်းက ဂိုဏ်းသားမို့လို့ ဟွာဆန်းက ဓါးသိုင်းနဲ့ပဲ တိုက်ရမယ်လို့ ဘယ်သူကပြောထားလို့လဲ...
ဟွာဆန်းက ဓါးသိုင်းနဲ့ မတိုက်ဘဲ အနိုင်ရတော့ရော ဘာဖြစ်လဲ"
ချွန်းမြောင်က ယွန်းဂျွန်၏စိုးရိမ်မှုများကို ဖြေဖျက်ပေးလိုက်လေသည်။
"ဒါဆို အခု ငါတို့ ဘာလုပ်ကြရမှာလဲ"
"ရေစက်ပမာပေါ့..."
"ဟန်ချက်ထိန်းခြင်း ခြောက်ဖြာနည်းပညာတွေထဲက ပထမဦးဆုံး အခြေပျိုး သိုင်းကွက်က ဘာလဲ"
"အောက်ပိုင်းဟန်ချက်ထိန်းခြင်း...အယ်....အဲ့တာက.ရေစက်ပမာသိုင်း နဲ့ ပုံစံတူမို့လား....."
"ဟုတ်တယ်.... ဒါဆို အခုက ဟွာဆန်းရဲ့ ဟန်ချက်ထိန်းခြင်း ခြောက်ဖြာနည်းပညာထဲက သိုင်းတစ်ခုလို့ ပြောလို့ရသွားပြီပေါ့...ဟုတ်တယ်မို့လား...အကိုကြီး"
ချွန်းမြောင်က ယွန်းဂျွန်အား လှမ်းမေးလိုက်သောအခါ ယွန်းဂျွန်က ချောင်းအသာဟန့်ကာ မသိယောင်ဆောင်နေလေသည်။
"ထင်ရတာပေါ့လေ"
"ခြောက်ဖြာချိုးဖျက်သိုင်းကလည်း ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာကိုပဲ အခြေခံထားတာ...
ကုန်ကုန်ပြောရရင် ဟွာဆန်းက သိုင်းပညာအားလုံးက ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာကို အခြေခံထားတာပဲ...
သိုင်းပညာအားလုံးက ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာနဲ့ စတင်ပြီး ခြောက်ဖြာချိုးဖျက်သိုင်းနဲ့ အဆုံးသတ်တာကြီးပဲ"
"အကိုကြီးတို့ အားလုံးက အခြေခံစစ်စစ်ကို မပိုင်နိုင်ခဲ့ကြပဲ 'ပန်းပွင့်ကြွေ'သိုင်းတို့လို့ 'ခုနှစ်စင်ကြယ်' သိုင်းတို့ကို လိုက်ပြီးသင်ယူနေလည်းအပိုပဲ........ဘယ်တော့မှ အထွတ်အထိတ်ရောက်မှာ မဟုတ်ဘူး"
"ဪ"
"အင်း"
တတိယတန်း တပည့်များကမူ သူတို့၏အငယ်ဆုံးသောဆရာတူညီလေး၏ အငေါက်ငမ်းကို ခံနေရသောအခါတွင်မူ အပေါ်ကြည့်သူကကြည့်၊ အောက်ကြည့်သူက ကြည့်နှင့် မသိသယောင်နေကြလေသည်။
"ကိုယ့်အခြေအနေကို ကိုယ်တိုင်သေချာနားလည်ကြဖို့ လိုတယ်......"
"ကိုယ့်အခြေအနေကိုယ်သိရဲ့သားနဲ့ အခြေခံပိုင်နိုင်အောင် ပြန်မလုပ်ဘဲ အဆင့်မြင့် ဓါးသိုင်းတွေကိုပဲ လိုက်ပြီးလေ့ကျင့်နေလည်း အပိုဘဲ....ဘာမှ ထူးခြားမှုလည်း ရှိလာမှာမဟုတ်ဘူး....ဓါးသိုင်းတွေအကုန်လုံးက အခြေခံမပိုင်ဘဲလေ့ကျင့်ရင် သေအောင်လေ့ကျင့်တောင် ဘာမှဖြစ်လာမှာမဟုတ်ဘူး...
အုတ်မြစ်မခိုင်တဲ့ အိမ်က အမြင့်ကောင်းကောင်းတက်လို့ မရသလိုပဲပေါ့......အဲ့တော့ အမှန်တကယ်အရည်အသွေးတိုးတက်လားအောင် ဘာလုပ်ရမယ်ဆိုတာ သေချာစဉ်းစားကြပါ"
လူတိုင်းက ချွန်းမြောင်၏စကားကို နားလည်ကာ ခေါင်းငြိမ့်ထောက်ခံကြလေသည်။
ချွန်းမြောင်ပြောသလိုများ တကယ်ဖြစ်နေတာလား...
သူ့ရဲ့ဓါးချက်က တကယ့်ကိုအားကြီးလွန်းလို့ ငါတို့မတားဆီးနိုင်ဘူးလို့တောင် ထင်ခဲ့တာ...
ဓါးချက်လေးတစ်ချက်ကတောင် ကမ္ဘာပေါ်က အကောင်းဆုံးသိုင်းပညာလို့ ထင်ရတယ်....
တကယ်လို့ ဓါးသိုင်းပညာတွေ အများကြီး တတ်နေတာထက် အခြေခံကိုပိုင်နိုင်ပြီး ဓါးကို ဘယ်လိုသုံးတတ်လဲဆိုတာကပဲ ပိုပြီး အရေးကြီးတာပါလား......
ဂျိုဂုက မတ်တပ်ထရပ်ကာ ချွန်းမြောင်ကို ကြည့်လိုက်လေ၏။
"ချွန်းမြောင်"
"ဟုတ်"
"ငါ တစ်ခုလောက်မေးချင်တယ်"
"ရတာပေါ့...မေးလေ"
ဂျိုဂုက သူ၏အတွေးများကို ရှင်းထုတ်လိုက်ပြီး ချွန်းမြောင်အား မေးလိုက်လေ၏။
"ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာက အရေးအကြီးဆုံးဆိုတာကိုတော့ ငါနားလည်ပါပြီ...
ဒါပေမယ့် ငါတို့အားလုံး တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်ဖို့ကျ လွယ်ပါ့မလား...သူတို့က အင်အားလည်း အရမ်းကြီးနေပြီ......."
"အင်း...."
"ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်တို့မှာ သိုင်းပညာတွေကို ကောင်းကောင်းမွန်မွန်အသုံးပြုတတ်တာက အကိုကြီးတစ်ယောက်ပဲ ရှိတာပေါ့နော်...ဆိုတော့ ဒီမေးခွန်းကို အကိုကြီးမေးတာ ဖြစ်သင့်ပါတယ်....
အခုလို ပြောပြတယ်ဆိုတာကလည်း လိုအပ်လို့ ပြောပြတာပေါ့နော်"
ချွန်းမြောင်၏စကားကြောင့် ဂျိုဂု၏မျက်လုံးများက တောက်ပသွားလေသည်။
"မင်း ငါတို့ကို ငါတို့ဘာလုပ်ရင် တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်မယ်ဆိုတာ ပြောပြမယ်မို့လား....."
ချွန်းမြောင်က ဂျိုဂု၏စကားကို မဖြေဘဲ သက်ပြင်းချလိုက်လေသည်။ ချွန်းမြောင်၏ ရင်လေးနေဟန်ရသော အမူအရာကိုကြည့်ကာ ဂျိုဂုက စိုးရိမ်ပြီး နှုတ်ခမ်းကိုက်မိသွားလေသည်။
"ဆရာတူအကိုကြီးတို့က ကျွန်တော်ပြောတာမှန်သမျှကို လိုက်လုပ်ဖို့ ဆန္ဒရှိကြရဲ့လား"
"ဟင်"
"ဆရာတူအကိုကြီးတို့က တောင်ဘက်အစွန်အဖျားဂိုဏ်းကို ရှုံးမယ်ထင်တယ်ပေါ့ ....ဟုတ်လား...
အင်း....တကယ်ရှုံးခဲ့တဲ့သူကတော့ သေကိုသေသင့်တာပေါ့....
ဟွာဆန်းက တပည့်က တောင်ဘက်အစွန်အဖျားက မျိုးမစစ်တွေကို ရှုံးတယ်ဆိုရင် အဲ့ရှုံးခဲ့တဲ့သူတွေက အသက်ရှင်မနေသင့်တော့ဘူး..သေပဲ သေလိုက်သင့်တာ....
ပြိုင်ပွဲမှာ မသေခဲ့ရင် အဲ့လူကို ကျွန်တော်ကိုယ်တိုင် ခေါင်းဖြတ်သတ်မယ်"
ချွန်းမြောင်က မီးဟုန်းဟုန်းတောက်မတတ် မျက်လုံးများနှင့် ကြိမ်းဝါးလာသည်မို့ တပည့်များအားလုံးက ထိတ်လန့်သွားကြလေသည်။
"ကျွန်တော် ပြောထားတယ်မို့လား.....ကျွန်တော်တို့ အားလုံး အဲ့ဒီတောင်ပိုင်းကောင်တွေကို နိုင်အောင်လို့ ကူညီပေးမယ်လို့......
အဲ့အတွက် မျိုးမစစ်ကောင်တွေကို ကျွန်တော်တို့ ရှုံးစရာ ဘာသောက်ကြောင်းမှ ရှိမနေဘူး"
"......."
"အနိုင်ရတယ်ဆိုတာပဲ ရှိရမယ်....ဘယ်လိုညစ်ညစ် ဘယ်လိုပတ်ပတ် အရေးကြီးတာက သူတို့ကို နိုင်ခဲ့ဖို့ပဲ....
တစ်ကြိမ်နိုင်ဖူးပြီဆိုတာနဲ့ တသက်လုံးနိုင်ပြီပဲ.....သွေးကြောင်တာလိုလို ဘေးရှောင်ချင်တာလိုလို လာမလုပ်ကြနဲ့......ကြောက်သွေးပါရင် ဖောက်ထုတ်ထားကြ........
ပြိုင်ပွဲမှာ သူရဲဘောကြောင်ပြီး ရှုံးခဲ့တဲ့သူကတော့ ကျွန်တော့်လက်နဲ့ သေဖို့သာ ပြင်ထားကြ"
ဒီကောင် ကြည့်ရတာ တကယ်လုပ်မယ့်ပုံပဲဟ...
ငါတို့တော့ ပြိုင်ပွဲမှာမသေရင် သူ့လက်ချက်နဲ့သေတော့မှာပဲ...
"ဆိုတော့ ငါတို့က အခုဘာလုပ်ကြရမှာလဲ....မင်းလို ဓါးကို သုံးနိုင်လာအောင်လို့ ငါတို့ ဘယ်လိုလေ့ကျင့်ကြရမှာလဲ"
"လွယ်လွယ်လေးပါ"
"ပထမဆုံးအနေနှင့် အကိုကြီးတို့ ဓါးဝှေ့ယမ်းတာကို တရက်ကို အကြိမ်တစ်သောင်းလုပ်ရမယ်"
"ဘာ...ဒီကောင် နောက်နေတာမို့လား"
"မဖြစ်နိုင်တာကြီးကို"
"ဟုတ်တယ်လေ....ကျွန်တော်နောက်နေတာပါ"
"ဪ..."
"တော်သေးတာပေါ့....နောက်နေတာမို့လား"
ချွန်းမြောင်က ပြုံးပြုံးလေးပြောနေရာမှ ရုတ်တရက်မျက်နှာထားက ပြောင်းသွားလေသည်။
"အကိုကြီးတို့ ပြိုင်ပွဲမှာ အနိုင်တိုက်ဖို့ ကြိုးစားမလား....ဒါမမဟုတ်
အခုပဲ ကျွန်တော်သတ်တာ ခံလိုက်မလား တွေးကြည့်ကြပေါ့"
"........"
ယခုလက်ရှိအခြေအနေက တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများထက်ပင် ပို၍ကြောက်စရာကောင်းသော လူယုတ်မာကြီးတစ်ယောက်က ဟွာဆန်းတွင် ရောက်နေသကဲ့သို့ပင်။
တတိယတန်းတပည့်ငယ်လေးများ သေချင်စော်ပင် နံသွားကြလေသည်။
အပိုင်း (၇၁)
ဟွာဆန်းမှာ အပြောင်းအလဲတွေတော့ ရှိလာပြီ (၁)
ချွမ်း.....
အန်းဂွန်က သူ၏ဓါးကို ပြန်သိမ်းလိုက်လေသည်။ ချွေးစက်များက မိုးရေစက်များသဖွယ် နဖူးမှစ ခြေမအထိပင် ကျဆင်းနေလေသည်။
"ကောင်းလိုက်တဲ့ ဓါးသိုင်းပဲ"
'သူတော်စင်ခုနှစ်ပါး' သိုင်းသည် သူတို့ဟွာဆန်းတွင် ယခင်ကသင်ကြားခဲ့ဖူးသောသိုင်းများနှင့်တော့ ကွာခြားမှုရှိလေ၏။ အကောင်းဆုံးသိုင်းပညာဟု မဆိုနိုင်သော်လည်း ထိပ်တန်းသိုင်းပညာများထဲမှ တစ်ခုဟုတော့ ပြောနိုင်လေသည်။ သိုင်းပညာတစ်မျိုးအား ကျွမ်းကျင်စွာတတ်မြောက်ကာ ဆရာတစ်ဆူဖြစ်ရန်က အချိန်များစွာလိုအပ်သည်ကို သူသည်လည်း သိပေသည်မို့ အလျင်တော့ လို၍မရပေ။
'သူတော်စင်ခုနှစ်ပါး သိုင်းပညာသည်ကလည်း အန်းဂွန်ခန့်မှန်းထားသည်ထက် ပို၍ခက်ခဲလေသည်မို့ အချိန်တစ်ခုတော့ ပေးရမည်ကို အန်းဂွန် မှတ်ထားလိုက်လေသည်။
ဒီဓါးသိုင်းကို ကောင်းကောင်းမွန်မွန် သင်ပေးနိုင်သွားတဲ့အခါကျရင်တော့ ဟွာဆန်းက ပိုပြီး အင်အားကောင်းလာတော့မှာပါ....
ယခုလက်ရှိ တပည့်များကလည်း အင်အားကောင်းကာ ယခင်ကထက် ပို၍တော်လာပြီဖြစ်သော်လည်း နောင်မျိုးဆက်များကမူ ပို၍ပင် တော်တတ်ထက်မြက်လာမည်ဟု သူ ယုံကြည်ထားလေသည်။
ဟွာဆန်း၏ အနာဂတ်မျိုးဆက်များက တစ်ဆက်ထက်တစ်ဆက် ပို၍ပို၍တော်လာသည်ကို တွေးမိသောအခါတွင်မူ အန်းဂွန် ပါးစပ်ပင် မစိနိုင်တော့ပေ။ ချောင်းဟန့်ကာ ဣန္ဒြေကို ထိန်းလိုက်သော်လည်း ပြုံးစစမျက်နှာကမူ မျက်နှာပိုးသတ်၍ မရသေးပေ။
"တော်တော်လေး ခက်တယ်ဟ....ပျော်တာကို ထိန်းထားရတာက"
သူ ..အန်းဂွန်သည် ဆရာတစ်ယောက်ဖြစ်သည်မို့ ကလေးများလေးစားလေအောင် နေရပြီး ကြောက်ရွံလေးစားဖွယ် မျက်နှာနှင့်သာ နေရလေသည်။ နေရန်လည်း လိုအပ်ပေသည်။ မျက်နှာက ပြုံးချိုနေလျှင် တပည့်များက အရိုအသေတန်ကာ မလေးစားကြတော့မည်ကိုလည်း စိုးရိမ်ရလေသည်မို့ သူ မျက်နှာကို တည်ရန် အတော်လေးပင် ကြိုးစားနေခြင်းပင်။ သို့သော်လည်း တော်တော်လေး စိတ်ရွှင်နေသည်မို့ မျက်နှာက ချက်ချင်းတော့ တည်မသွားပေ။
ပြောရလျှင်မူ တတိယတန်းကလေးများသည် အတော့်ပင် ဒဏ်ခံကာ ကြိုးစားကြသည်ဟု ဆိုရပေမည်။ တတိယတန်းတပည့်များ ဟွာဆန်းသို့ ရောက်လာချိန်တွင် ဟွာဆန်းသည် အတော့်ပင် ပြိုလဲနေပြီ ဖြစ်ပြီး ဒုက္ခမျိုးစုံကိုလည်း ကြုံတွေ့နေရကာ ကလေးများကို ကောင်းကောင်းမွန်မွန် မထောက်ပံ့နိုင်ခဲ့ပေ။ သို့သော်လည်း သူတို့လေးတွေက ကြိုးစားကြရှာသည်။
ဂိုဏ်းချုပ်နှင့် ဟွမ်းယုန်အကြီးအကဲတို့အတွက် အကောင်းဆုံးသော ပျော်ရွှင်စရာသည်က ငွေရေးကြေးရေးပြဿနာများ ပြေလည်သွားခြင်းဖြစ်သော်လည်း အန်းဂွန်အတွက် အကောင်းဆုံးပျော်ရွှင်မှုကမူ တတိယတန်းကလေးများက အပြောရလွတ်သည်အထိ အလွန်အကြူးကြိုးစားခြင်းပင် ဖြစ်လေသည်။
ဒုတိယတန်းတပည့်များ လက်ထက်တုန်းကမူ တပည့်များသည် လေ့ကျင့်ရန်အခွင့်အရေးလည်း မရသကဲ့သို့ လေ့ကျင့်ရန် သိုင်းပညာများလည်း မရှိခဲ့ပေ။ သို့သော် တတိယတန်းတပည့်များလက်ထက်တွင်မူ လေ့ကျင့်ရန် ဂိုဏ်း၏သိုင်းကျမ်းများကို လည်း ပြန်လည်ရရှိခဲ့ပြီဖြစ်သလို လေ့ကျင့်ရန်လိုအပ်သည့်အရာများကိုလည်း ဂိုဏ်းက ဖြည့်ဆည်းထောက်ပံ့ပေးနိုင်နေပြီ ဖြစ်လေသည်။ လေ့ကျင့်လိုသောစိတ်ဓါတ်သာလျှင် လိုလေပြီး ကလေးများကလည်း အမှန်တကယ်ပင် လေ့ကျင့်ကြသည်မို့ သူ စိတ်အေးချမ်းသာ နေရလေသည်။
"အင်း...."
အန်းဂွန် သူ၏အတွေးနှင့်သူ ပြုံးလိုက်ကာ ဓါးကို ခါးထက်သို့ ပြန်ချိတ်လိုက်လေပြီး သွက်လက်သောခြေလှမ်းများနှင့် လေ့ကျင့်ရေးခန်းမသို့ ထွက်လာခဲ့လေသည်။ ယခုအချိန်သည်က ကလေးများကို လေ့ကျင့်ပေးရမည့်အချိန်ပင် ဖြစ်လေသည်။
ကလေးများအား မည်သို့မည်ပုံ လေ့ကျင့်ပေးလျှင် ပို၍ကောင်းမွန်သောရလဒ်များကို ရနိုင်မည်လဲဟု တွေးတောရင်း စိတ်ကူးအပြည့်နှင့် သူ လေ့ကျင့်ရေးခန်းမဆီသို့ ချီတက်လာခဲ့လေသည်။ ကလေးများတိုးတက်လေလေ ဟွာဆန်းဂိုဏ်းက ပို၍တောက်ပလာလေလေဖြစ်ပြီး ဟွာဆန်း၏ အနာဂတ်ကို သေချာပုံသွင်းအရိပ်ထင်စေမည့်သူများကတော့ တတိယတန်းကလေးများပင် ဖြစ်လေသည်။
"ငါတို့ ဟွာဆန်းတိုးတက်လာဖို့ ငါလည်း ကောင်းကောင်းကြိုးစားရဦးမှာပါလေ"
သူ မည်မျှတော်နေစေကာမူ သူ၏တပည့်များက လက်စောင်းမထက်လျှင်၊ တော်သောထက်သော တပည့်များကို မမွေးထုတ်ပေးနိုင်လျှင် ဆရာကောင်းတစ်ယောက်ဟု မဆိုနိုင်ပေ။ တပည့်ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ကြိုးစားရမည်မှာသူ၏တာဝန်ဖြစ်လေပြီး ဆရာ၏လမ်းညွှန်မှုအတိုင်း လိုက်နာကာ လေ့ကျင့်ရမည်မှာ တပည့်များ၏ တာဝန်ဖြစ်လေသည်။
အန်းဂွန်သည် ကြည်လင်ရွှင်ပျသော စိတ်အစဉ်နှင့် လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာလေတော့သည်။
"ကဲ....ဒီနေ့ ငါတို့အားလုံး ကောင်းကောင်းမွန်.........ဘုရား....ဒါက ဘာတွေဖြစ်နေကြတာတုန်း"
အန်းဂွန် မြင်လိုက်ရသော မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားလေသည်။ သူ၏မျက်လုံးကိုပင် မယုံနိုင်ချေ။ အမြင်မှားနေသလားဟုပင် ထပ်ကာထပ်ကာ ကြည့်နေမိလေသည်။ သူ၏ မြင်ကွင်းက ဒုက္ခသည်စခန်းကဲ့သို့ ဖြစ်နေသောနေရာတစ်ခုပင်။ ဘေးဒုက္ခအတိကို ကြုံထားရသည့်သူများသဖွယ် အတုန်းအရုန်း ဖြစ်နေကြသော တတိယတန်းတပည့်လေးများကို သူ မြင်လိုက်ရလေသည်။
"အား...အဟင့်..အဟင့်...ငါ့လက်မောင်း....."
"အား...အား...သေပါပြီ...ငါ့ခါးတော့ ကျိုးပြီထင်ပါရယ့်"
"ကယ်ကြပါ...ကယ်တင်ကြပါ...တစ်ယောက်ယောက် ကယ်ပေးကြပါ...အဟု....ဟု"
မယုံကြည်နိုင်စွာပင် အန်းဂွန်သည် သူ၏မျက်လုံးကို ထပ်ကာပွတ်ပြီး ကြည့်လိုက်လေသည်။
လေ့ကျင့်ရေးခန်းမထဲတွင် မည်သို့သောအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရ၍ တပည့်များအားလုံးက ထိုသို့ ဖြစ်နေသနည်း.....။ ဤသည်က မည်သို့သော ဘေးဆိုး အန္တရာယ်ကြောင့်နည်း ...။ သူ၏ ကလေးများကို အကောင်းဆုံးပျိုးထောင်မည်ဆိုသော စိတ်ကူးကလေးကို ဤမြင်ကွင်းကြီးက ဖျက်စီးလိုက်လေသည်။ သူ၏တပည့်လေးများက မည်သို့သော အန္တာရယ်ကို ရင်ဆိုင်ထားရ၍ သစ်သားဓါးကိုယ်စီနှင့် ကြမ်းပြင်တွင် လဲလှောင်းကာ တသိမ့်သိမ်တုန်ပြီး ညည်းတွားနေကြသနည်း....
"ဘာတွေ ဖြစ်နေကြတာလဲ...."
ထိုအချိန်မှာပင် အန်းဂွန်၏ မေးခွန်းကို ရှင်းလင်သွားစေနိုင်သောအသံက ထွက်လာလေသည်။
"အား..."
အန်းဂွန် အသံလာရာသို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည့်အခါတွင်မူ အပေါ်ဝတ်ရုံချွတ်နှင့် ဂျိုဂုက သူ၏ဓါးကို ဝှေ့ယမ်းနေသည်ကို တွေ့လိုက်ရလေသည်။
"ဂျို..ဂုပါလား"
"အား...ကျား...ယား..."
ဂျိုဂုသည်က ချွေးများပြိုက်ပြိုက်ကျနေပြီး ဓါးအားတချက်ဝှေ့ယမ်းလိုက်သည့်အချိန်တိုင်းမှာပင် ပါးစပ်မှလည်း လေပူတို့ကို မှုတ်ထုတ်ကာ အသက်ပြင်းပြင်းရှုနေသည်ကို တွေ့ရလေသည်။ ရဲရဲနီနေသောမျက်လုံးများက အပြည့်အဝအာရုံစိုက်ထားမှုကို ပြသနေပြီး တသိမ့်သိမ့်တုန်နေသော ပုခုံးများက ခန္ဓာကိုယ်၏ နောက်ဆုံးတောင့်ခံထားနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ပြနေလေသည်။ အန်းဂွန်သည်ပင် ကြည့်နေရုံနှင့် တုန်ခိုက်လာသလို ခံစားရလေသည်။
"ဟုတ်ပြီ..နောက်တစ်ကြိမ်ထပ်စမယ်"
နောက်ထပ်ထွက်လာသည့် အသံကြောင့် အန်းဂွန်၏အကြည့်များက အသံလာရာသို့ ထပ်ကာပြောင်းသွားလေသည်။
ဂျိုဂု၏ နောက်ဘက်ဘေးတွင် ရှိနေသည်က ချွန်းမြောင်ပင် ။ ချွန်းမြောင်က သူ၏ဓါးကို ထမ်းကာ အေးအေးဆေးဆေးလမ်းလျှောက်ရင်း ပြောနေလေသည်။ ဂျိုဂုနှင့် ချွန်းမြောင်မတူသည်က ဂျိုဂုက သေလုနီးပါး ကြိုးစားကာ လုပ်နေရသည့်ပုံပေါက်နေသော်လည်း ချွန်းမြောင်ကမူ ချွေးမစို ပုခုံးမတုန်နှင့် အဆင်ပြေပြေရှိနေသည့်ပုံပင်။ ဆံပင်များကလည်း သပ်သပ်ရပ်ရပ်ပင် ရှိနေသေးပြီး ပင်ပင်ပန်းပန်း လုပ်ထားရပုံလည်း မရပေ။ အခြားသူများနှင့် မတူညီစွာ သပ်ရပ်သွက်လက်နေလေသည်။
"ဓါးကို လွဲလိုက်တဲ့အားက နည်းသေးတယ်..အဲ့လောက်နဲ့ မရဘူး.. နောက်တခေါက် ဓါးပြန်လွဲတဲ့အခါကျ လက်မှာ အားကိုသေချာစိုက်ထား...ခြေဖျားကနေ ခေါင်းဖျားထိရှိတဲ့အားတွေ အကုန်လုံးကို ဓါးဦးထိပ်မှာ စုထား..
အင်အားကို မခိုထားနဲ့.......ကဲ..ကဲ...နောက်တခေါက် ပြန်လုပ်မယ်"
ဒါက ဘယ်လိုအခြေအနေကြီးတုန်း...
ချွန်းမြောင်က ဟွာဆန်းမှာ အငယ်ဆုံးဂိုဏ်းသား မဟုတ်ဘူးလား...
ဒါဆို သူက ဘာလို့ ဂျိုဂုကို ပြန်သင်ပေးနေရတာတုန်း....
အင်း....ဘာပဲဖြစ်ဖြစ် သူပြောနေတာတွေကတော့ မှန်သားပဲဟ...
"ဟုတ်ပြီ..နောက်တကြိမ် ပြန်လုပ်မယ်"
"အား....."
မပြီးဆုံးနိုင်သော အဖန်တလဲလဲ ဓါးဝှေ့ယမ်းရခြင်းတွင် ဂျိုဂုသည် တောင့်ခံမထားနိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်...။ ဤသည်ကို ကြည့်ကာ ချွန်းမြောင်က စုပ်သပ်လိုက်လေသည်။
"ကျွတ်..ကျွတ်...ခုခေတ်လူငယ်တွေများ ပျော့လိုက်ကြတာ"
ချွန်းမြောင်က စိတ်ပျက်လက်ပျက်ပုံနှင့် သက်ပြင်းလေးကြီးပင် ချလိုက်လေသေးသည်။
"အကိုကြီးတို့.....ခန္ဓာကိုယ်ကိုပဲ အလွန်အကြူးခိုင်းမနေကြနဲ့.....အကိုကြီးတို့က ခန္ဓာကိုယ်ပဲ ခိုင်းနေရအောင် နွားတွေ မဟုတ်ဘူး...လူတွေ...ခေါင်းလေးသုံးကြ...ဦးနှောက်လေးသုံးပြီး လုပ်ကြ....
ခန္ဓာကိုယ်ရဲ့ ဟန်ချက်နဲ့ ဓါးရဲ့ အရှိန်ကို ဘယ်လိုညီအောင်ထိန်းရမလဲဆိုတာ ခေါင်းလေးနည်းနည်းသုံးပြီး တွေးကြည့်ပြီးမှ လုပ်ကြ...."
ဘယ်လို....
ချွန်းမြောင်၏ စကားများကြောင့် အန်းဂွန် မျက်လုံးများပင် ပြူးကျယ်သွားလေသည်။
အခြားသော အကြီးအကဲများက သတိမထားမိသော်လည်း အန်းဂွန်ကမူ ချွန်းမြောင်သည် တတိယတန်းတပည့်များအပေါ်တွင် အနည်းငယ်ထက်ပိုသော လွှမ်းမိုးမှုရှိသည်ကို သတိထားမိလေသည်။ နားလည်ရန် အနည်းငယ်ခက်သော်လည်း ထူးချွန်ကာ အရည်အချင်းရှိသူများက တခြားသူများကို လွှမ်းမိုးနိုင်သည်က သဘာဝပေမို့ သူ ထွေထွေထူးထူးတော့ မပြောဖြစ်ပေ။ သို့သော် ဤမျှအသက်ကွာသည်ကိုပင် ထိုသို့ဆွေးနွေးခြင်းမမည်သော စကားသံမျိုးနှင့် ပြောနေသည်ဆိုသည်ကကျ လျစ်လျူရှုထား၍ မရသောကိစ္စဖြစ်လာပြီဟု ဆိုရပေမည်။
နေပါဦး...ဒီကလေးက သိုင်းပညာကိုလည်း တော်တော်လေးကို နားလည်နေတယ်ဆိုတဲ့ သဘောလား...
အန်းဂွန် အံဩလွန်း၍ ပါးစပ်ပင် မစိနိုင်တော့ပေ။ ချွန်းမြောင်သည်က ပိုသိရလေလေ ပိုနက်နဲလာလေလေပင်။
ထူးခြားအံဖွယ် ဖြစ်လွန်းလှပေသည်။
အန်းဂွန် အံဩချီးကျူးနေရာမှ ခေါင်းကို သွက်သွက်ခါကာ အတွေးတို့ကို တွန်းထုတ်လိုက်လေသည်။
နေဦး...အခုက အံဩနေရမယ့် အချိန်မဟုတ်သေးဘူး...ဖြစ်ပျက်နေတာတွေကို သေချာမေးရမယ့်အချိန်ပဲ....
"မင်းတို့ ဒါတွေက ဘာဖြစ်နေကြတာလဲ....ဟမ်"
ချွန်းမြောင်က အန်းဂွန်၏ အသံကို ကြားလိုက်သည်နှင့် ခေါင်းကို ခါကာ ယောင်ယမ်းပင် အော်မိသွားလေသည်။
"အိုး..ဘုရား........အကြီးအကဲ........"
ချွန်းမြောင်က အန်းဂွန်ထံသို့ အပြေးအလွှားပင် ပြေးသွားလေသည်။
"မနေ့ညက အိပ်လို့ကောင်းရဲ့လားဟင်"
ချွန်းမြောင်က အပြစ်ကင်းစင်သော ကလေးလေးသဖွယ် အန်းဂွန်အား ဖားဖားယားယားမေးနေသည်ကို တွေ့သည်အခါတွင်မူ တတိယတန်းကလေးများက မျက်ဖြူများပင် လန်သွားကြလေတော့သည်။
လျှာနှစ်ခွနဲ့ မြွေဟောက်ကောင်...
အမလေး ဒီကောင်က နန်းတွင်းဇာတ်ထုပ်တွေထဲက ပလီပလာကောင်ဆိုတာ သေချာပါတယ်ကွာ...
ဘယ်လိုလုပ် ဒီရောက်နေရတာတုန်း....
ဒီကောင်က မျက်နှာတစ်သိန်းနဲ့ မကောင်းဆိုးဝါးပဲဖြစ်ရမယ်....ငါတို့ကျ တမျိုး ဆရာ့ကိုကျ တမျိုး...
တတိယတန်းတပည့်များအားလုံးသည် ချွန်းမြောင်အား မည်မျှပင် စိတ်ပျက်နေစေကာမူ နှုတ်မှတော့ ဖွင့်မပြောရဲကြပေ။ ချွန်းမြောင်သည် ဟွားဆန်း၏ အငယ်ဆုံးသော ဂိုဏ်းသားဖြစ်လေပြီး သူ၏ဆရာတူအကိုများ ဖြစ်ကြသော သူတို့ကိုမူ လားလားမျှပင် အရိုအသေမပေးဘဲ အကြီးအကဲများကိုသာ မျက်စိထဲထည့်ထားသည်မို့ မကျေမနပ်လည်း ဖြစ်ကြလေသည်။ တတိယတန်းတပည့်များထဲမှ အကြီးဆုံးများဖြစ်ကြသည့် ယွန်းဂျွန်နှင့် ဂျိုဂုကိုပင် အရေးမစိုက်သည်မို့ အကြီးအကဲအန်းဂွန်အား ချိုသာစွာဆက်ဆံနေသော ချွန်းမြောင်ကို ဝိုင်းကာသာ မျက်စောင်းထိုးလိုက်လေကြတော့သည်။
"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"
"ကျွန်တော်တို့ လေ့ကျင့်နေတာပါ"
"လေ့ကျင့်တယ်.....ဒါက လေ့ကျင့်နေကြတာလား..."
အန်းဂွန်ကိုယ်တိုင်ပင် ဂျိုဂု ဓါးရေးလေ့ကျင့်နေသည်ကို မြင်လိုက်သော်လည်း မြင်ကွင်းက တစ်မျိုးထူးဆန်းနေသည်မို့ ပြန်ကာဆန်းစစ်မေးမြန်းနေခြင်းပင်။
"အဟွတ်...ဟွတ်"
"အ...ကြီး အကဲ"
"ဒါ...ဒါကြီးက အရမ်း ခက်လွန်းတယ်......သေတော့မယ်ထင်တယ်......"
တတိယတန်းတပည့်လေးများသည် သူတို့၏ဆရာဖြစ်သူ အန်းဂွန်အား အသနားခံသော မျက်လုံးလေးများနှင့် ဝိုင်းကာ ကြည့်ကြလေသည်။ အန်းဂွန်ကမူ ကလေးများ၏အရိပ်အကဲကို နားမလည်စွာပင် ပြန်မေးလိုက်လေသေးသည်။
"လေ့ကျင့်တယ်ဆိုတာက စိတ်နဲ့ခန္ဓာတိုးတက်လာဖို့အတွက် ပျိုးထောင်ပေးတဲ့ အလုပ်တစ်မျိုးပဲ....ဒါပေမယ့် လေ့ကျင့်ရေးကို အလွန်အကြူးလုပ်တာက ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာ မင်းတို့ မသိကြဘူးလား"
"ကျွန်တော်တို့ သိပါတယ်...အကြီးအကဲ"
"ဘယ်လို..."
ချွန်းမြောင်၏ တုံ့ပြန်စကားကြောင့် အန်းဂွန် မျက်မှောင်ကြုတ်မိသွားလေသည်။ ခန္ဓာကိုယ်အတွက် မကောင်းသည်ကို သိသိကြီးနှင့်ပင် တမင်လုပ်နေကြသည့်သဘောဟု ဆိုလိုချင်သလားပင်။
"ဒါပေမယ့် ဒီလေ့ကျင့်ရေးလုပ်နေကြတာက ကျွန်တော်ခေါ်ထားတာ မဟုတ်ပါဘူး...
ဆရာတူအကိုကြီးတွေက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းတို့ ညီလာခံအတွက် စိတ်မအေးနိုင်ကြလို့ ဒီမှာ အခုလို ရှိနေကြတာပါ"
"ညီလာခံအတွက် ဟုတ်လား"
ချွန်းမြောင်ပြောလေမှသာ အန်းဂွန်က ညီလာခံကို သတိရသွားလေ၏။ ဟုတ်ပေသည်။ ညီလာခံက နီးကပ်လာလေပြီ ဖြစ်သည်။
"ဆရာတူအကိုကြီးတွေက နောက်ဆုံးတစ်ကြိမ်ကျင်းပတဲ့ညီလာခံတုန်းက လှောင်ခံ၊ အနိုင်ကျင့်ခံခဲ့ရတာမျိုးတွေ ထပ်မကြုံချင်တော့ပါဘူးတဲ့"
လှောင်ခံရတာလား.....
အနိုင်ကျင့်ခံရတာလား...
အရှက်ကွဲတာလား...
အန်းဂွန် အရှိုက်ထိသွားပြီး တတိယတန်းတပည့်များကို ဖြေးညင်းစွာ လှည့်ကြည့်လိုက်လေသည်။
ကလေးများက ချွန်းမြောင်၏ အနောက်မှနေကာ လက်များကို သွက်သွက်လက်လက်ပင် ခါပြကြနေလေသည်။
"ကလေးတွေ ကြည့်ရတာတော့ မင်းပြောသလို ဟုတ်ပုံမရဘူးနော်.....သူတို့ ဆန္ဒမပါဘဲ လာနေရတဲ့ပုံပဲ"
" ဘာ...ဟာ ....မဟုတ်တာ...အကြီးအကဲရယ်......နည်းပြကြီးရယ်... ကျွန်တော်က သူတို့ကို ဘယ်လိုလုပ် အတင်းအကြပ် ခေါ်ထားနိုင်မှာလဲ........ပြီးတော့
သေချာလည်း စဉ်းစားကြည့်ပါဦး......တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ယူပြီး ဂုဏ်ယူဝင့်ကြွားနေမယ့် ဟွာဆန်းဂိုဏ်းသားတစ်ယောက်ရဲ့ ပုံရိပ်ကို ......
ဘယ်လောက်တောင် ဂုဏ်ဆာလို့ ရနေလိုက်မလဲ....."
ချွန်းမြောင်ပြောသည်ကလည်း မှန်ပေသည်။
တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ညီလာခံဟု အမည်တပ်ကာ သူတို့ဟွာဆန်းဂိုဏ်းအား လာကာ အနိုင်ကျင့်နေသလိုပင်။ ထိုငနဲအားများကို အနိုင်ပိုင်းကာ ဂုဏ်ဆာလိုက်ရလျှင်ဖြင့် မည်မျှပင် အရသာရှိလိမ့်မည်နည်း........
"ကျွန်တော်တို့တွေ တစ်ကြိမ်ရှုံးသာ အပြစ်မဟုတ်ဘူး...
နှစ်ကြိမ်ရှုံးရင်တော့ ဒါက အကြွေးဖြစ်သွားပြီ.......ပြန်ပေးဆပ်ရတော့မယ်....
ဟွာဆန်းရဲ့ ဂိုဏ်းသားတစ်ယောက်အနေနဲ့ ဒီလိုအရှုံးသမားဘဝမျိုးကို ဘယ်တော့မှ အရောက်ခံလို့ မရဘူး"
"...အင်း...မင်းပြောတာလည်း ဟုတ်တယ်"
ချွန်းမြောင်၏ စကားကို နားယောင်ကာ အန်းဂွန်က စတင်ထောက်ခံလာလေတော့သည်။
အန်းဂွန်အတွက် လောကတွင် အရေးအကြီးဆုံးက နှစ်ခုသာလျှင် ရှိလေသည်။ ပထမတစ်ခုသည် ဟွာဆန်း၏ ဂုဏ်သိက္ခာဖြစ်ပြီး ဒုတိယတစ်ခုကမူ တပည့်များအား မှန်ကန်စွာပျိုးထောင်ရန်ပင် ဖြစ်လေသည်။ ယခုအခြေအနေကမူ ကလေးများအား ပျိုးထောင်ရင်းမှပင် ဟွာဆန်း၏ဂုဏ်ကိုလည်း တက်စေမည့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အခြေအနေပင် ဖြစ်လေသည်။ ထိုသို့ တွေးကြည့်လျှင်မူ လက်ခံနိုင်စရာ အခြေအနေတစ်ခုဟူ၍ မြင်၍ရလာလေသည်။
အန်းဂွန်၏ မျက်နှာပေါ်မှ အပြောင်းအလဲများကို လိုက်ကာကြည့်နေလေသော ချွန်းမြောင်ကမူ အန်းဂွန်၏ အနားသို့ကပ်ကာ တိုးတိုးလေး ပြောလာလေသည်။
"နည်းပြကြီးပဲ ...တွေးကြည့်ပါ....
ဟွာဆန်းရဲ့ ဂုဏ်ကို မြှင့်တင်ဖို့ဆိုတာက ဂိုဏ်းက ဆရာတူအကိုကြီးတွေရဲ့ ခွန်အားကို တိုးလာအောင် လုပ်ပေးပြီး
တောင်ဘက်အစွန်အဖျားက ကောင်တွေကိုအနိုင်ပိုင်းခိုင်းလိုက်တာပဲ မဟုတ်ဘူးလား"
"ဟုတ်တာပေါ့"
"အဲ့လိုတာ အကိုကြီးတွေက ဟိုမျိုးမစစ်တွေကို နိုင်သွားရင် ဂိုဏ်းချုပ်နဲ့ တခြားအကြီးအကဲတွေကလည်း နည်းပြကြီးကို ဝိုင်းပြီးချီးကျူးကြမှာပဲ....
ပြီးတော့ ဆရာတူအကိုကြီးတွေကိုလည်း ကြိုးစားလို့ဆိုပြီး ဆုလာဘ်တွေ ချီးမြှင့်ကြမှာပဲ....မဟုတ်ဘူးလား"
ဒီမြွေဟောက်ကောင်ကတော့....
အန်းဂွန်သည် ချွန်းမြောင်နှုတ်မှထွက်လာသောစကားများသည် သကာလောင်းထားသည့် မုသားများမှန်းသိသော်လည်း လျစ်လျူရှု၍တော့ မနေနိုင်ပေ။ ဂိုဏ်းချုပ်များက သူ့အား ချီးကျူးသည်ကို စိတ်မဝင်စားသော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကောင်များကို အနိုင်ပိုင်းမည်ဆိုသည်ကိုတော့ အလွန်ပင် စိတ်ဝင်စားနေလေသည်။
"မင်း ငါတို့ နိုင် နိုင်ခြေရှိတယ်လို့ ထင်လား"
အန်းဂွန်၏ မရေမရာမေးလာသည့် စကားကိုကြားရသောအခါတွင်မူ ချွန်းမြောင် ပြုံးလိုက်လေသည်။
"ကျွန်တော်က ချွန်းမြောင်ပါ"
"......"
အဆုံးသတ်တွင်မူ အမျိုးမျိုးသော အကြောင်းပြချက်တို့ကြောင့် ချွန်းမြောင်လက်တွင်းသို့ ယုံမှတ်ကာ တတိယတန်းကလေးများကို ပုံအပ်ရန် အန်းဂွန်ဆုံးဖြတ်လိုက်လေတော့သည်။
အန်းဂွန် တတိယတန်းကလေးများအားလုံးကို ကြည့်ကာ ကြေငြာလိုက်လေသည်။
"တပည့်တို့ အားလုံး နားထောင်ကြပါ"
"ဟုတ်ကဲ့ပါ ..နည်းပြ"
တတိယတန်းကလေးများကမူ အန်းဂွန်က သူတို့အား ချွန်းမြောင်လက်တွင်းမှ ကယ်ဆယ်လိုက်နိုင်ပြီဟု ထင်၍ ပျော်ရွှင်နေကြလေသည်။ နည်းပြအန်းဂွန်ကသာလျှင် သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေးဖြစ်လေသည်။
"မင်းတို့တွေ ဒီလောက်ကြီး စိတ်အားထက်သန်စွာနဲ့ လေ့ကျင့်ရေးတွေ လုပ်နေကြတာကို မြင်တော့ ဆရာတကယ်ကို ဂုဏ်ယူမိပါတယ်......မင်းတို့အကုန်လုံးကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တွန်းတင်လမ်းပြပေးရမှာက ဆရာ့အလုပ်ပါ....
မင်းတို့ရဲ့ ထက်သန်တဲ့စိတ်ထားနဲ့ ပြင်းထန်တဲ့ ရည်မှန်းချက်ကို ဆရာ့အနေနဲ့ မပျက်စီးစေချင်တာကြောင့် မင်းတို့ အားလုံးကို ခွင့်ပြုပေးလိုက်ပါပြီ"
ဒါက ဘာစကားပြောလိုက်တာတုန်း...
ငါတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်လေး ပြိုကွဲသွားတဲ့သဘောလား...
"ညီလာခံ မစခင်အချိန်အထိ မင်းတို့တွေကို လွတ်လပ်စွာလေ့ကျင့်ခွင့် ပေးလိုက်ပါပြီ...
လေ့ကျင့်ရေးခန်းမနဲ့ တခြားလေ့ကျင့်တဲ့နေရာတွေကိုလည်း ဆရာတို့က လာပြီးနှောင့်ယှက်မှာ မဟုတ်တဲ့အတွက် မင်းတို့စိတ်ကြိုက် လွတ်လပ်စွာလေ့ကျင့်လို့ ရပါတယ်....နေ့ညမရွေး စိတ်ကြိုက်လေ့ကျင့်နိုင်ပါတယ်....
တစ်ခုပါပဲ.....လေ့ကျင့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အနာတရမဖြစ်အောင် သတိထားကြပါ"
ဟင်...ဟမ်...
အဲ့လိုကြီး မဟုတ်ဘူးလေ...
နည်းပြ....ကျွန်တော်တို့ကို ဒီတိုင်းကြီး မထားခဲ့ပါနဲ့လို့....
"အဟမ်း.....မင်းတို့ ဆက်ပြီးလေ့ကျင့်ကြလို့ ရပါပြီ"
အန်းဂွန်က ပြောစရာရှိသည်များကို ပြောပြီးသည်နှင့် လှည့်ထွက်သွားလေတော့သည်။
တတိယတန်းကလေးများကမူ နောက်ဆုံးသောမျှော်လင့်ချက်လေးက ပျက်သုန်းသွားပြီမို့ ဤကံကြမ္မာဆိုးကြီးထဲတွင် မည်သို့အသက်ဆက်ရမည်ကို နည်းလမ်းရှာနေကြလေတော့၏။
အန်းဂွန်က လေ့ကျင့်ရေးခန်းမနှင့် ဝေးသွားသည်နှင့် ချွန်းမြောင်၏မျက်နှာပေါ်မှ အပြုံးကြီးကလည်း ပျောက်ကွယ်သွားလေတော့သည်။
"စောနက နည်းပြကို လေ့ကျင့်ခန်း လုပ်နေရတာ ပင်ပန်းပါတယ်ဆိုပြီး ပြောလိုက်တာ ဘယ်သူလဲ..."
"......"
"မြန်မြန် ပြောကြလေ...."
"........."
ချွန်းမြောင်က မေးရင်းမှသည် သူ၏ခါးမှ သစ်သားဓါးကို ဆွဲထုတ်လိုက်သည့်အခါတွင်မူ တတိယတန်းကလေးများက စိတ်ပျက်အားငယ်စွာနှင့် ကြောက်လန့်တကြား မျက်လုံးများ မှိတ်သွားကြလေတော့သည် ။ ပြောသည့်လက်သည် မပေါ်လိုက်ပေ။
အပိုင်း (၇၂)
ဟွာဆန်းမှာ အပြောင်းအလဲတွေတော့ ရှိလာပြီ(၂)
"ကျွတ်.."
"အလုပ်ကို ရှုပ်နေတာပဲ"
ချွန်းမြောင်သည် ဆူပုတ်နေသောမျက်နှာထားနှင့် တောင်ပေါ်သို့တက်လာလေသည်။
"ကြာကလည်း ကြာသေး"
ချွန်းမြောင် သက်ပြင်းချလိုက်လေသည်။
သူသည် အပိုအလုပ်များလုပ်ရသည်ကို မကြိုက်၍ အတိတ်ဘဝတုန်းကပင် တပည့်လက်မခံခဲ့ဖူးပေ။ ဘေးမှ သူ့အားတချိန်လုံးလိုလိုပင် ပျစ်တောက်ပျစ်တောက်ပြောကာ နေတတ်သော သူ၏ဆရာတူအကိုကြီးကပင် သူ၏ဗီဇကို သိ၍ တပည့်မွေးရန် တစ်ကြိမ်တစ်လေပင် နားမချခဲ့ဖူးချေ။ ဂိုဏ်းမှ အကြီးအကဲများကလည်း ဇီးပန်းပွင့်ဓါးသူရဲကောင်းဖြစ်သော သူ့အားစိတ်ရှုပ်မည်ကို စိုးရိမ်၍ အတင်းအကြပ်နားချကာ တပည့်မွေးခိုင်းခြင်းမျိုး မလုပ်ခဲ့ပေ။
ချွန်းမြောင်ကိုယ်တိုင်ကလည်း ဆရာတစ်ယောက်၏ တာဝန်နှင့် ဝတ္တရားတို့ကို မထမ်းရွက်လို၍ တပည့်မွေးလိုခြင်း မရှိခဲ့ပေ။ ထို့အပြင် မည်သူကမှလည်း ချွန်းမြောင်ထံတွင် တပည့်ခံရန် မတောင်းဆိုခဲ့ဖူးကြပေ။
ယခုမှသာ ဆရာတစ်ယောက်လုပ်ကာ အခြားသူများအား သင်ကြားပြသရသည်က မည်မျှအလုပ်ရှုပ်ကာ ပင်ပန်းသည်ကို သိလေတော့သည်။ ဆရာတစ်ယောက်လုပ်ရသည်က မလွယ်ပေ။ အလုပ်ပိုများကလည်း တော်တော်ပင် များလေသည်။
ချွန်းမြောင်သည် တတိယတန်းတပည့်များအား အရွယ်ရောက်ပြီးသူများကို လေ့ကျင့်သင်ကြားပေးသကဲ့သို့ပင် လေ့ကျင့်သင်ကြားပေးလေသည်။ ယုယလွန်းနေလျှင် ပျော့ညံ့သွားမည်ကို စိုးရိမ်၍ ဖြစ်လေပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက်ပင် ပြဿနာများကို ရင်ဆိုင်ရဲစေရန်အတွက် ကြိုတင်လေ့ကျင့်ပြီးသားလည်း ဖြစ်စေချင်သောကြောင့် ဖြစ်လေသည်။ အဓိကအချက်ကမူ မိမိကိုယ်ကိုယ် ယုံကြည်ကာ မိမိခြေပေါ်တွင် မိမိရပ်တည်ရဲရန်အတွက် ရည်ရွယ်ခြင်းသာြဖစ်လေသည်။
"အား...ဒီလို ဒုက္ခတွေ ခံစားနေရမယ့်အစား သေသာသေလိုက်ချင်တယ်"
တတိယတန်းတပည့်များအား ပိုမိုကာ အားစိုက်လေ့ကျင့်ပေးလေလေ ချွန်းမြောင်၏ကိုယ်ပိုင်လေ့ကျင့်ချိန်က နည်းလာလေလေဖြစ်ပြီး သူ၏အိပ်ချိန်များထဲကပင် ဖဲ့ကာ လေ့ကျင့်ချိန်များကို သီးသန့်ပြန်ယူနေရလေ၏။
ချွန်းမြောင် ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်ရှည်ကြီးတစ်ချက်ချလိုက်လေသည်။
"ဆရာတူအကိုကြီး...ကျွန်တော် အဲ့လောက်ခရီးဝေးကြီးကို ရောက်နိုင်ပါ့မလား...
သူတို့တွေကို မီလာအောင် စောင့်နေပြီး ကြိုးစားနေမယ့်အစား ကိုယ့်ဟာကိုယ်ပဲ တော်လာအောင်ကြိုးစားလိုက်တာက ပိုလွယ်မယ်ထင်တယ်နော်"
"အား...တကယ်ပါပဲ"
ချွန်းမြောင် နောက်တစ်ကြိမ်သက်ပြင်းရှည်ကြီးကို ချလိုက်ပြန်သည်။
ဂိုဏ်းတစ်ဂိုဏ်းအောင်မြင်လာစေရန်အတွက် တစ်ဦးတစ်ယောက်တည်း ကောင်းမွန်ထူးချွန်နေရုံနှင့်မရသည်ကို ချွန်းမြောင် ကောင်းကောင်းကြီး သိလေသည်။ ချွန်းမြောင်တစ်ဦးတည်းကြောင့်သာ ဟွာဆန်းက ကျော်ကြားလာခဲ့လျှင်လည်း ချွန်းမြောင်သည် မသေမျိုးမဟုတ်...။ အချိန်တန်လျှင် သေသွားရမည်ဖြစ်ပြီး သူနှင့်အတူ ဟွာဆန်းပါ တဖန်ပြန်လည်သေဆုံးသွားဦးမည့်အဖြစ်မျိုးကို ချွန်းမြောင် အဖြစ်မခံနိုင်ပေ။
ပန်းပွင့်များသည် မည်မျှပင် လှပနေစေကာမူ ပွင့်ဖတ်များနှင့် အရွက်များကတော့ ခြောက်သွေ့ကာ ကြွေကျစမြဲပင်။ အမြစ်တွယ်ရာကောင်းမွန်မှသာ ထိုပန်းပင်က ဆက်လက်ရှင်သန်ကာ ပန်းပွင့်များ အမြဲပွင့်လန်းနေမည် ဖြစ်လေသည်။
ယခုအခါတွင် ချွန်းမြောင်ဖန်တီးပုံဖော်လိုသော ဟွာဆန်း၏အောင်မြင်မှုသည်ကလည်း ပန်းပင်၏အမြစ်သဖွယ်ရှိသော အောင်မြင်မှုမျိုးပင်။ သူမရှိတော့သည့်အချိန်မှာပင် ဂုဏ်ညိုးနွမ်းခြင်းမရှိဘဲ အမြဲပင်ထိပ်တန်းရောက်ကာ အောင်မြင်မှုသရဖူးဆောင်းထားနိုင်သော ဟွာဆန်းကို ဖန်တီးလိုခြင်းပင်။
သို့သော် ထိုသို့သော် အခြေအနေမျိုးသို့ ရောက်ရန်ဆိုသည်က လွယ်ကူသောကိစ္စမဟုတ်ပေ။
တွေးကြည့်ရုံနှင့်ပင် ခက်ခဲနေလေပြီ ဖြစ်သည်။ ချွန်းမြောင်သည် သူ၏ပုခုံးပေါ်တွင် ထမ်းတင်ထားရသောတာဝန်ကြီးကြောင့် စိတ်လေးရင်လေး ဖြစ်သွားမိလေ၏။ သို့သော် စိတ်ပျက်ကာ ထိုင်နေရုံနှင့်မရပေ။ ဆက်ကာသာ ကြိုးစားနေရမည်မို့ အတွေးများနေရင်း လမ်းလျောက်လာသည်ကပင် တောင်ထိပ်သို့ ရောက်လာလေပြီ။
ဒီနေ့တော့ အဲ့မိန်းကလေး မလာလောက်တော့ပါဘူးနော်....
ချွန်းမြောင်က ပုံမှန်လာနေကြအချိန်ထက် တစ်နာရီပိုစောကာ ထွက်ခဲ့ခြင်းဖြစ်လေသည်။ ယခုအချိန်တွင်မူ လူတိုင်းက အိပ်နေကြမည်ဖြစ်ပြီး မည်မျှပင်ကြိုးစားသော လူဖြစ်စေကာမူ လေ့ကျင့်ရေးကွင်းတွင် ရှိနေမည်မဟုတ်ပေ။ သူသည်သာ အကြောင်းကိစ္စတို့ ရှိနေ၍ ယခုအချိန်တွင် ထွက်လာခဲ့ရခြင်း ဖြစ်လေသည်။
"အင်း"
ချွန်းမြောင်က သူ၏ခါးတွင် ချိတ်ထားသော သစ်သားဓါးကို ဆွဲကာထုတ်လိုက်လေ၏။
သူ၏ အရပ်မျှရှည်သော ဓါးကို ချွန်းမြောင်က သေချာစွာကြည့်လိုက်လေပြီး ဓါးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည့်အခါတွင်မူ ပြောင်ချောချောမျက်နှာထားမှ ဇီးပန်းပွင့်သူရဲကောင်း၏မျက်နှာထားသို့ ပြောင်းလဲသွားလေသည်။
အရင်တုန်း က ငါအောင်မြင်ခဲ့သလိုပေါ့...
မဟုတ်ဘူး...အဲ့လောက်အောင်မြင်ရုံနဲ့ မလုံလောက်ဘူး...
ချွန်းမြောင်က ယခင်ဘဝက သူ၏သမိုင်းထက် ပို၍ကောင်းမွန်သော ဘဝသစ် သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးနိုင်ရမည်ဟု စိတ်ဆုံးဖြတ်ထားလေသည်။
ယခင်ဘဝက သူသည်သာ ကောင်းကောင်းမွန်မွန်အင်အားကြီးခဲ့လျှင် ထိုသို့သော အဖြစ်ဆိုးများနှင့် ဟွာဆန်းက ကြုံတွေ့ရမည်မဟုတ်ဟု သူထင်လေသည်။ အတိတ်ဘဝက ဖြစ်ခဲ့သောသူထက် ပို၍သာလွန်အင်အားကြီးသော ချွန်းမြောင်အဖြစ်သို့ သူ၏ဘဝကို ပြန်လည်တည်ဆောက်ကာ ဟွာဆန်းအား မြှင့်တင်ရန် သူဆုံးဖြတ်ထားလေသည်။ သူသည်သာ အတိတ်ဘဝက ပိုသာအင်အားကြီးခဲ့လျှင်.........
ကောင်းကင်နတ်ဆိုးအား သူ ချေမှုန်းနိုင်ခဲ့လေသလား...
ဟင့်အင်း......သူ ချေမှုန်းနိုင်ခဲ့ခြင်း မဟုတ်ပေ။
ဂိုဏ်းပေါင်းစုံ၏အင်အားကြောင့်သာ ကောင်းကင်နတ်ဆိုးကို သူ ဇီဝန်ချုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
ဓါးသူရဲကောင်းဟု နာမည်ကြီးခဲ့သော်လည်း အများ၏အင်အားကိုသာ မှီခိုခဲ့ရသည့် အရှုံးသမားတစ်ယောက်ပင် ဖြစ်ခဲ့လေသည်။
သူသည်သာ ကောင်းကင်နတ်ဆိုးကို တစ်ဦးတည်းနှိမ်နင်းနိုင်ခဲ့လျှင် သူ၏ဆရာတူအကိုကြီး ၊ အမကြီးများလည်း သေကြေရမည် မဟုတ်ပေ။ သူတို့၏ ဟွာဆန်းသည်လည်း ဤသို့သော အဖြစ်ဆိုးမျိုးနှင့်ကြုံခဲ့ရမည် မဟုတ်ဘဲ သာယာလှပနေမည် ဖြစ်လေသည်။ သို့သော် သူ၏မပြည့်ဝမှုတို့ကြောင့် အားလုံးအား စွန့်လွတ်ခဲ့ရပြီး ဟွာဆန်းကလည်း အောက်ဆုံးအခြေအနေသို့ ဆိုက်ရောက်သွားခဲ့လေသည်။ ဤသို့သော အခြေအနေမျိုးကို သူနောက်တစ်ကြိမ်ထပ်ကာ အဖြစ်မခံနိုင်တော့ပေ။
ထို့အပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း နောက်တစ်ကြိမ်ပေါ်ထွက်မလာတော့ပြီဟု မည်သူမှ အာမမခံနိုင်ပေ။ ထိုသို့သာ ပြန်ပေါ်လာခဲ့လျှင် ရင်ဆိုင်နိုင်ရန်အတွက် ဟွာဆန်းနောက်တစ်ကြိမ် မပျက်သုန်းရေးအတွက် သူကြိုးစားရန် လိုအပ်ပေသည်။ ယခင်ဘဝက မှားခဲ့သောအမှားမျိုး သူနောက်တစ်ကြိမ် ထပ်ကာ ကျူးလွန်မည် မဟုတ်တော့ပေ။ မိမိကိုယ်ကိုရော ဟွာဆန်းကိုပါ တိုးတက်လာအောင် အစွမ်းကုန်ကြိုးစားမည် ဖြစ်လေသည်။ အတိတ်က အမှားများကို ပြန်လည်ပြင်ဆင်မည် ဖြစ်လေ၏။
ဟွာဆန်း၏တိုးတက်ရေးကိုပင် ပို၍အရေးပေးကာ လုပ်ဆောင်ရမည်လား...
သူ၏ ကိုယ်တိုင်အရည်အသွေးကို ပိုမိုကောင်းမွန်လာအောင် ဦးစွာလုပ်ဆောင်ရမည်လားတော့ သူမတွေးရသေးပေ။
"ဒါက အရေးတော့မကြီးပါဘူးလေ"
ချွန်းမြောင်က အတွေးကမ္ဘာထဲမှ ထွက်လာပြီး ဓါးကိုငြင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။
ဟွာဆန်းသည်လား ....သူကိုယ်တိုင်၏ တိုးတက်ရေးသည်လား...
ဟွာဆန်းအပေါ်တွင် မှန်ကန်သောဦးဆောင်မှုသည်လား...
သိုင်းပညာများကို ကာကွယ်၍ ဟွားဆန်းကို ပျိုးထောင်ရေးသည်လား....
အတိတ်က သူ၏အမှားများလေလား.....လက်ရှိဘဝမှ အမှန်များလေလား....
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ..အရာအားလုံးက အချိန်တစ်ခုရောက်လျှင် ချန်ထားခဲ့ရမည့် အရာများဖြစ်လေပြီး ပြဿနာဖြစ်လာမည့်ကိစ္စများ မဟုတ်တော့ပေ။
ဆရာတူအကိုကြီး ပြောခဲ့သလိုပင် .........အရာအားလုံးကို သူ၏သဘာဝအတိုင်းသာ စီးမြောပါခွင့်ပေးလိုက်ရမည် ဖြစ်ပြီး ကိုယ်တိုင်ကလည်း ထိုစီးမြောမှုတွင် အလိုက်သင့်လေး မြောပါနေနိုင်ရမည်ဖြစ်လေသည်။
အဆုံးမရှိသော စီးမြောမှုတွင် စိတ်နှင့်ခန္ဓာကို အလိုက်သင့်လေးစီးမြောနေရင်း အဖြေကိုရှာတွေ့သွားလိမ့်မည် ဖြစ်သည်. ။ တွေးကြည့်ပါလေ...အတိတ်တွင်လည်း ဓါးချက်တို့က ရပ်တန့်ခဲ့သည်မရှိ။ ပစ္စုပ္ပန်တွင်လည်း မရပ်တန့်သကဲ့သို့ အနာဂတ်တွင်လည်း ရပ်တန့်သွားမည် မဟုတ်ပေ။ ဓါးချက်တို့ ရပ်တန့်ကာ သိုင်းပညာတို့ ဆိတ်သုန်းသွားမည့်အချိန်ကိုလည်း သူမမြင်ရပေ။ ယခုဖြစ်နေသောအရာများကို အကောင်းဆုံးဟု လက်ခံကာ အကန့်အသတ်တစ်ခုရောက်သည်အထိ သူတို့ကြိုးစားကြရမည် ဖြစ်လေသည်။ အကောင်းဆုံးကြိုးစားရန်နှင့် အကောင်းဆုံးပျိုးထောင်ရန်ကသာ လက်ရှိချွန်းမြောင်၏ဆန္ဒဖြစ်လေတော့သည်။
ချွန်းမြောင်က ဓါးနှင့်လှပသေသပ်သော စက်ဝန်းတစ်ခုကို လေပေါ်တွင် ရေးဆွဲလိုက်ကာ ဓါးနှင့်ပိုင်းချလိုက်လေတော့သည်။ ထိုအချိန်မှာပင် ကောင်းကင်ပေါ်မှ ဇီးပန်းပွင့်နှင့်တူသော ပန်းပွင့်များက ကြွေကျလာလေသည်။ ဤပန်းပွင့်များက ဟွာဆန်းမှ ဇီးပန်းပွင့်များနှင့်တူသော်လည်း ဟွာဆန်းမှ ဇီးပန်းပွင့်များ မဟုတ်သည်ကိုတော့ သူသိလေသည်။ ဤပန်းပွင့်များက အနည်းငယ်ပိုလန်းကာ ရနံ့သင်းသင်းလေး ပိုရှိလေ၏။
ထို့နောက်တွင်မူ ချွန်းမြောင်သည် ဓါးကိုထပ်ကာ ဝှေ့ယမ်းလိုက်ပြီး သိုင်းကွက်အချို့ကို လေ့ကျင့်ပုံဖော်လိုက်လေသည်။ ဇီးပန်းပွင့်များကမူ ဓါးဦး၏ လားရာနှင့်အတူ အရှေ့မှအနောက် ၊ တောင်မှမြောက်သို့ ကူးလူးနေကြပြီး ဓါးဦးထိပ်မှာပင် ဇီးပန်းပွင့်များက စတင်ကာ ပွင့်လန်းလာလေသည်။ ပွင့်လန်းလာပြီး များမကြာခင်မှာပင် ဇီးပန်းပွင့်များက ညကောင်းကင်တွင် ကြွေလွင့်သွားကြကာ လေညင်းပြေပြေနှင့်အတူ ချွန်းမြောင်လေ့ကျင့်ရာတောင်ထိပ်တွင် ဝေ့ဝဲနေလေတော့သည်။
နူးညံ့ကာ လျင်မြန်လေပြီး စွဲမက်ဖွယ်ကောင်းလှကာ အလွန်ပင်လှပလေ၏။
သို့သော် ဇီးပန်းပွင့်လေးများကမူ တဖြေးဖြေး စတင်ကာခြောက်သွေ့လာလေပြီး တောင်ထိပ်မှာပင် ကြွေမွပျက်စီးကာ ပျောက်ကွယ်သွားကြလေသည်။ ထူးဆန်းကာ မျက်စိပဒသာဖြစ်ဖွယ် မြင်ကွင်းလေးကတော့ အဆုံးသတ်သွားပြီဖြစ်လေသည်။ ချွန်းမြောင်ကမူ သိုင်းပညာ၏အနှစ်သာရနှင့် တန်ပြန်ပီတိတို့ကို ခံစားရင်း မျက်လုံးတို့ကိုမှိတ်ကာ ဓါးကိုသိမ်းလိုက်လေသည်။
ငါ ပညာအသစ်တစ်ခုကို သင်ယူလိုက်ရသလိုပဲ...
ချွန်းမြောင်သည် ခံစားလိုက်ရသော ပီတိအဟုန်နှင့် သင်ယူလိုက်ရသည့် အသစ်သောပညာတို့ကို ရေရေရာရာ နားမလည်ပုံမဖော်နိုင်လိုက်သော်လည်း သူအဆင့်တစ်ခုမျှ တက်သွားသည်ကိုတော့ အသေအချာပင် သိလိုက်လေသည်။
"ဟူးးးးး"
ချွန်းမြောင် သက်ပြင်းလေးကြီးတစ်ခုကို ချလိုက်ပြန်၏။
ဘဝကြီးကလည်း မလွယ်လိုက်တာနော်....
ချွန်းမြောင် ပြန်လည်လေ့ကျင့်နေရသောသိုင်းပညာတို့သည် အသစ်များမဟုတ်ကြပေ။ သို့သော် သမိုင်းကမူ အသစ်ဖြစ်သည်။ ဘဝတစ်ခု၏ အဖွင့်မျက်နှာစာအတွက် အသစ်အသစ်သော လမ်းများကို ဖောက်နေခြင်းဖြစ်သည့်အတွက် တာဝန်ကတော့ ကြီးလှပေသည်။ ချွန်းမြောင်အရွယ်ရောက်ကာ အင်အားကြီးလာသည်နှင့်အမျှ သမိုင်းကပိုမိုကာ ခမ်းနားလာလေစေရန် ကြိုးစားနေရသည်မို့ ဘဝကြီးက ထင်သလောက် လွယ်ကူမနေပေ။ ယနေ့လေ့ကျင့်လိုက်သည်က ဇီးပန်းပွင့်သိုင်း၏ ကနဦးအစပျိုးလေးပင် ဖြစ်သည်မို့ အနည်းငယ်လွယ်ကူနေလေသေးသည်။ တချို့သောရက်များတွင်မူ......
"နင်........"
"အား..."
ရုတ်တရက်ဆိုသလိုပင် ချွန်းမြောင်၏ဘေးမှ အသံထွက်လာသောကြောင့် ချွန်းမြောင် လန့်ဖြတ်သွားလေသည်။
"ဝိုး....ဘယ်လိုတောင် သောက်ရမ်းမိုက်တာတုန်း"
လန့်ဖြတ်နေတုန်းမှာပင် လူတစ်ယောက် ထွက်လာလေသည်။ ချွန်းမြောင်ကမူ အလန့်တကြားနှင့်ပင် ထွက်လာသူအား ကြည့်လိုက်လေတော့ မျက်နှာမစိမ်းသည့် တစ်ယောက်ပင်။
ဟိုတစ်ခေါက်က တွေ့ခဲ့တဲ့တစ်ယောက်ပဲလား..
ယု...ယု...ယုဘာဆိုလားပါ...
အာ.....ယုရီဆိုး.....သတိရပြီ...
ရုတ်တရက်ရောက်လာသောယုရီဆိုးကို ချွန်းမြောင်က မျက်နှာသေကြီးနှင့် ကြည့်လိုက်လေသည်။
သူဒီလောက်နီးနီးလေး ဘယ်လိုများကပ်လာတာလဲ....ငါဖြင့် သူကပ်လာတာကိုတောင် အာရုံမခံမိလိုက်ဘူး....
ယုရီဆိုး မည်မျှပင်တော်စေကာမူ ချွန်းမြောင်ကိုတော့ မမီပေ။ ချွန်းမြောင်၏ သိုင်းပညာကသာ ပို၍ကောင်းမွန်သည်ဟု ချွန်းမြောင်ထင်လေသည်။ သူ သိုင်းလေ့ကျင့်ရာထဲတွင် စိတ်နှစ်ထားလွန်း၍သာ သူမကပ်လာသည်ကို မသိလိုက်သည်ဟုသာတွေးပြီး စိတ်ဖြေလိုက်လေသည်။
သူကလည်း ဘယ်လိုလုပ် ငါသွားတဲ့နေရာတိုင်းမှာပဲ ပေါ်ပေါ်လာနေရတာလဲ.....သူက ဘာတုန်းက...
သူက လုပ်ကြံသတ်ဖြတ်ရေးက လူများလား...အဲ့တာကြောင့်များ သူလာတာကို ငါမသိလိုက်တာလား...
အတွေးများနှင့် ခေါင်းရှုပ်နေရင်း ချွန်းမြောင် မျက်စိရှေ့မှ အလှပလေးကိုလည်း ကြည့်နေလိုက်သေးသည်။ အာရုံငါးပါးကို အဓိကထားကျင့်ကြံရသောတာအိုကျင့်ကြံသူ တစ်ယောက်အနေနှင့် မျက်စိရှေ့တွင် ရှိနေသောအရာအား တစိမ့်စိမ့်ကြည့်နေသည်က အပြစ်မဟုတ်ဟု ချွန်းမြောင်ထင်လေသည်။ အကြည့်ခံနေရသောအရာသည်က မိန်းမလှလေး ဖြစ်နေသည်ကတော့ တပိုင်းပင်...
ယုရီဆိုးကလည်း စကားတစ်ခွန်းတစ်လေပင် မပြောဘဲသူ့အား စွေကြည့်နေသည်မို့ ချွန်းမြောင်မနေတတ်တော့ပေ။ လက်ရှိအခြေအနေနှင့်လေထုအား ပြောင်းလဲသွားရန်မည်သို့လုပ်ရမည်ကို တွေးနေလေသည်။
ငါ ဘယ်လိုလုပ်လိုက်ရင် ကောင်းမလဲ...
သူကရော ငါလေ့ကျင့်နေတာကို ဘယ်လောက်အထိ မြင်သွားတာလဲ....
ယုရီဆိုးက စတင်ကာ စကားပြောလာလေသည်။
"ဇီးပန်းပွင့်တွေ..."
အကုန်လုံးမြင်သွားတဲ့တာပေါ့...
ဟုတ်လား...ဒီတစ်ယောက်က အကုန်လုံးမြင်သွားတဲ့သဘောပေါ့လေ..ကောင်းရော...
ယုရီဆိုးသည် ဤကလေးလေ့ကျင့်သည်ကို အစအဆုံးပင် မြင်လိုက်ရလေသည်။ သူမမြင်ခဲ့ရသောမြင်ကွင်းကို အံအားသင့်နေရင်းနှင့်ပင် မြင်နေရသည့်အရာကို ယုံလည်းမယုံနိုင်ခဲ့ပေ။ ထို့ပြင် နားလည်းမလည်ပေ။ သူမမြင်ခဲ့ရသည့် မြင်ကွင်းသည် မည်သည့်ဓါးသိုင်း မည်သို့သောပညာဟူသည်ကို သူမမသိပေ။
ချွန်းမြောင် ယုရီဆိုး၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ပြုံးလိုက်လေတော့သည်။
ယုရီဆိုးက ချွန်းမြောင်လေ့ကျင့်သည်ကို အစအဆုံးမြင်လိုက်သော်လည်း နားမလည်သည်က သေချာသလောက်ပင်။ ထို့ကြောင့် ချွန်းမြောင်လုပ်ရန်လိုအပ်သည်က ယုရီဆိုးအား သဘာဝကျကျပင် တုံ့ပြန် လိုက်ရန် ဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းတွင် သရုပ်ဆောင်အကောင်းဆုံးလူသည်က ချွန်းမြောင်ပေမို့ ဤသို့သောအခြေအနေတွင် မည်သို့မည်ပုံ သရုပ်ဖော်လိုက်ရမည်ကို ချွန်းမြောင်ကောင်းစွာသိလေသည်။
သူက သဘာဝကျကျပင် ယုရီဆိုးကို ဦးညွတ်ကာ နှုတ်ဆက်လိုက်လေသည်။
"ရောက်နေတာကြာပြီလားဗျ"
ချွန်းမြောင်က ရှေ့သို့တိုးကာ မေးလိုက်သည်နှင့် ယုရီဆိုးက နောက်သို့ဆုတ်သွားလေသည်။
ဘာတုန်း...ဘာတုန်း...
ဘာကိစ္စ သူကနောက်ဆုတ်သွားရတာတုန်း....
ယုရီဆိုးက ချွန်းမြောင်အား မယုံသင်္ကာဖြစ်နေသောမျက်လုံးများနှင့် ကြည့်လာလေသည်။
"ငါ နင့်ကို မြင်လိုက်လို့ ငါ့ကိုတိတ်တိတ်လေးသတ်တော့မလို့လား"
"ဟမ်....ဘာတွေပြောနေတာတုန်း...မင်းက ရူးနေတာလား"
"......."
အဟမ်း....
ချွန်းမြောင် မရည်ရွယ်ဘဲ ယုရီဆိုးကို အော်မိသွားလေသည်။ အော်လိုက်ပြီးလေမှ သတိရသွားကာ သူ၏ပါးစပ်ကို သူပြန်အုပ်လိုက်လေသည်။ သူမအော်သင့်သည်ကို သတိလွတ်သွားလေသည်။
ဤအမျိုးသမီးရောက်လာသည်မို့ နောက်ထပ်ရက်တစ်ရက်လည်း အလဟသကုန်ဆုံးသွားတော့မည်ကို တွေးမိသွားသောအခါတွင်မူ စိတ်လည်းအနည်းငယ်ပျက်သွားသည်မို့ တောင်အောက်သို့ ပြန်ဆင်းရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။ တောင်အောက်သို့ ပြန်ဆင်းသွားသည်က အကောင်းဆုံးရွေးချယ်မှုပင်။
"အဟမ်...ဒါဆို နှုတ်ဆက်ပါတယ်နော်...သွားပါတော့မယ်"
"အာ...နေဦး...ခဏ"
ယုရီဆိုးက သူ့အား နှုတ်ဆက်ကာ တောင်အောက်သို့ ဆင်းပြေးရန်ပြင်နေသော ချွန်းမြောင်ကိုတားလိုက်လေသည်။ ချွန်းမြောင်ကမူ မကြားဟန်ဆောင်ကာ အသားကုန် ခြေသုတ်သင်ပြေးလေတော့သည်။
ဟင်း...ငါ့ကို တားလို့ရမယ်လို့များ ထင်နေတာလား...
ငါက မင်းမေးတာတွေကို ဖြေမယ့်အစား အခုလိုပဲ ထွက်ပြေးနေလိုက်မှာပေါ့..ငါ့ကို ငတုံးထင်မနေနဲ့....
ယုရီဆိုးက လက်ကိုဆန့်ကာ အတင်းလိုက်ဆွဲသည်ကို မမှီတော့ပေ။ ချွန်းမြောင်က အတင်းကာရော ထွက်ပြေးသွားလေပြီ ဖြစ်လေသည်။
"ဇီးပန်းပွင့်တွေ..."
ယုရီဆိုးသည် ထွက်ပြေးသွားသောကလေး၏ကျောပြင်ကိုကြည့်ကာ လက်သီးကိုတင်းတင်းဆုပ်လိုက်လေသည်။
"ဟူး..ငါတော့ မိသွားတော့မလို့...."
ဤသည်က ချွန်းမြောင်၏အမှားပင် ။ ပေါ့ပေါ့ဆဆနှင့် ယုရီဆိုးလာသည်ကိုပင် မသိလိုက်ဘဲ လေ့ကျင့်ရေးတွင်သာ အာရုံစိုက်လိုက်မိလေသည်။ ယခုအမှားကို ဥပမာထားကာ နောင်တွင် ထိုသို့ထပ်မကြုံစေရန် သူတေးထားလိုက်လေသည်။ ထို့အပြင် ယုရီဆိုးက သူမမြင်ခဲ့ရသည့် အရာကို
တခြားသူများအား ပြောပြလျှင်လည်း အခြားသူများက ယုံနိုင်ကြမည်မဟုတ်သောကြောင့် နောက်တစ်ကြိမ်ထိုသို့ ထပ်မဖြစ်စေရန်သာ သတိထားနေဖို့ ဆုံးဖြတ်ထားလိုက်လေသည်။
ဒုတိယတန်းတပည့်တွေ ပြန်ရောက်လာတဲ့အခါကျရင်တော့ ငါ လေ့ကျင့်ရေးလုပ်တာတွေကို သတိထားပြီးလုပ်ဖို့ လိုနေပြီ...
အာ...ဟုတ်သားပဲ...
လေ့ကျင့်ရေးတင် မဟုတ်သေးဘူးလေ...ဟုတ်သားပဲ
ချွန်းမြောင်က ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သောမျက်နှာထားနှင့် ခေါင်းငြိမ့်လိုက်လေသည်။
"ဒီ ဒုတိယတန်းတပည့်တွေ ပြန်ရောက်မလာခင် ငါတော့ တစ်ခုခုသေချာပေါက်ကို လုပ်ရတော့မှာပဲ"