← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အပိုင်း (၇၃)

ဟွာဆန်းမှာ အပြောင်းအလဲတွေတော့ ရှိလာပြီ(၃)

"ဒီမှာဗျို့"

"အိုး...သခင်လေးပါလား...ရောက်လာပြီပေါ့...

လာပါ..လာပါ....သခင်လေးကို နေရာကောင်းလေးကို ကျွန်တော်ရှာပေးပါ့မယ်..."

"စကားတွေ အများကြီးပြောချင်စိတ် ရှိမနေဘူးနော်"

"ဪ...သခင်လေးရယ်......ပြောချင်စိတ်ရှိမနေလို့ မပြောချင်လည်း ရပါတယ်ဗျာ...

မကြာမကြာလာပြီး အားပေးလို့ကို ကျေးဇူးတင်နေပါပြီ...

ဘဝဆိုတာကလည်း မသေခင်ကိုပျော်ပါးသွားမှ တန်တာလေနော့်.....

ဟုတ်တယ်မို့လား....ဟားဟား...ဟား"

ချွန်းမြောင်က စားသောက်ဆိုင်ပိုင်ရှင်နေရာချပေးသည့် ခုံတွင် ပြတင်းပေါက်ကို မျက်နှာမူကာထိုင်လိုက်လေသည်။

"ဒါကတော့ ပုဝါးအေးအေးလေးပါ...ခဏလောက်တော့ စောင့်ပေးပါဦးနော်...

သခင်လေးအမြဲတမ်းသောက်တဲ့ သေရည်မျိုးကို ကျွန်တော်ယူလာခဲ့ပေးပါ့မယ်....

ဒီနေ့ရော သခင်လေးဘာစားချင်လဲ မသိဘူးဗျ....."

"ကောင်းမယ်ထင်တာ အကုန်သာချပေးလိုက်ပါ"

"ဟုတ်ပါပြီ....စာဖိုးမှုးကို ကျွန်တော်ပြောပြီးတော့ အကောင်းဆုံးအစားအစားတွေ ပြင်ပေးဖို့ ပြောလိုက်ပါ့မယ်"

အကောင်းဆုံး မလိုချင်ဘူး...အရသာအရှိဆုံးတွေပဲ ငါကလိုချင်တာဟ..

ဘယ်သူ့ကို လာပြီး ဂျင်းထည့်ချင်နေတာလဲ.....

ဈေးကြီးတာတွေပဲ ချဖို့ပြင်နေတယ်..ချီး...ချီး.....

ချွန်းမြောင်အား စားသောက်ဆိုင်ပိုင်ရှင်က ရွှန်းရွှန်းဝေအောင် ပြောပြီးသည့်နှင့် မီးဖိုချောင်ဘက်သို့ပြေးကာ သေရည်နှစ်အိုးကို ယူလာခဲ့လေသည်။

"ရပါပြီခင်ဗျာ"

"ကျေးဇူး"

ချွန်းမြောင်က အချိန်ဆွဲမနေဘဲ သေရည်အိုးကို ဖွင့်ကာ ခွက်ထဲသို့လောင်းထည့်ပြီး တစ်ခွက်ကို အရင်ဆုံးသောက်လိုက်လေသည်။ သေရည်အိုးကို ဖွင့်လိုက်သည့်အချိန်တွင် ကြားရသည့်အသံနှင့် သေရည်ကျလာသံတို့သည် ချွန်းမြောင်အဖို့ သာယာနာပျော်ဖွယ် တေးသံလေးများအလားပင်။

လူ့ဘဝဆိုတာ ဒါတွေကို ခံစားသွားရမှာပဲ လူဖြစ်ရကျိုး နပ်ပေတော့မပေါ့...

ချွန်းမြောင်သည် သိုင်းပညာကို မည်မျှပင်ကြိုးစားသူဖြစ်စေကာမူ တာအိုကျင့်ကြံမှု့များထဲမှ အချို့ကိုမူ မလိုက်နာနိုင်ပေ။ ဟွာဆန်းတွင် သေရည်သောက်ခြင်းကို အားမပေးသော်လည်း လုံးလုံးကြီး တားမြစ်ထားသည့်တော့မဟုတ်ပေ။ သို့သော် တတိယတန်းတပည့်များကို သေရည်သောက်သုံးခွင့် ပိတ်ပင်ထားလေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည်က နှစ်ယောက်မရှိသော ချွန်းမြောင်ပင်။

မလုပ်နှင့်ဟု တားမြစ်လျှင် အကဲပိုကာ ဆတိုးလုပ်တတ်သူ၊ လုပ်ချင်သူတစ်ယောက်ဖြစ်လေသည်။

သူ၏ပုန်ကန်တတ်သောဗီဇအရ သေရည်မသောက်နှင့်ဆိုလျှင် ပိုသောက်လေမည်။

အသားစားခြင်း ခွင့်မပြုလျှင် ပိုကာစားမည်ဖြစ်ပြီး စည်းဘောင်များနှင့် သူ့အားကန့်သတ် တားဆီးထား၍ ရမည်မဟုတ်ပေ။

ချွန်းမြောင်သည် သူ၏ဂူထဲမှ ခိုးယူလာခဲ့သောသေရည်နှစ်ပုလင်း ကုန်လေကတည်းက ဤဆိုင်သို့ မကြာခဏဆိုသလိုပင် လာကာ စားသောက်မူးယစ်ကို လောကစည်းစိမ်ကို လာခံစားဖြစ်လေသည်။ သို့သော် ဟွာဆန်း၏ ဂုဏ်သိက္ခာကရှိသေးသည်မို့ ဟွာဆန်း၏ဂိုဏ်းသားဝတ်စုံကို လှဲကာ သာမန်အရပ်သားဝတ်စုံနှင့်ပင် ဆန္ဒရှိတိုင်း လာသောက်ဖြစ်လေသည်။ သူ့အား တားဆီးပိတ်ပင်မည့်သူကလည်း မရှိပေ။ သူအပြင်ထွက်ခြင်းကို ဂိုဏ်းချုပ်ကပင် တရားဝင်ခွင့်ပြုထားသည်မို့ ဤဆိုင်ကို ရောက်လွန်းမက ရောက်နေပြီး ဆိုင်ပိုင်ရှင်ကပင် သူ့အား ရင်းနှီးနေပြီ ဖြစ်လေသည်။

ချွန်းမြောင် သေရည်နောက်တစ်ခွက်ကိုငှဲ့ကာသောက်လိုက်ပြီးချိန်တွင်မူ လောကကြီးက အလုံးစုံလှပသွားသလိုပင် ခံစားလိုက်ရလေသည်။

"တာအိုကျင့်ကြံသူတွေက လောကကို သဘာဝအတိုင်းစီးမျောတယ်လည်း ပြောသေးတယ်...

စည်းကမ်းချက်တွေကျတော့လည်း များလိုက်တာ....တာအိုကျင့်ကြံတဲ့သူတွေအကုန်လုံးက တုံးနေကြတာလားပဲ.....အပြောနဲ့အလုပ်ကို မညီဘူး"

တာအိုကျင့်ကြံသူများသည် များပြားလှသောစည်းမျဉ်းများရှိလေပြီး သေရည်မသောက်စားရသည်ကတော့ ထိပ်ဆုံးတွင် ရှိနေသော စည်းမျဉ်းပင်ဖြစ်လေသည်။ ချွန်းမြောင်သည်လည်း ဟွာဆန်းဂိုဏ်း၏ ဖွဲ့စည်းပုံသဘောတရားအရ တာအိုကျင့်ကြံသူပင်ဖြစ်ပြီး သေရည်မသောက်သုံးရမည့်သူများထဲတွင် ပါလေသည်။

သို့သော် .......

ချွန်းမြောင်သည်က အများတကာထက် ထူးသူဖြစ်လေသည်။ သို့ဖြစ်၍ သောက်သည်။ အဆန်းမဟုတ်ပေ။

ချွန်းမြောင် နောက်သေရည်တစ်ခွက်ကိုငှဲ့ကာ သောက်လိုက်လေပြီး ပြုံးလိုက်လေသည်။

"ဆရာတူအကိုကြီး....ဒါကလည်း အရင်တုန်းကလိုပဲ ဖြစ်နေတုန်းနော်"

ယခင်ဘဝတုန်းကမူ အမြဲပင်စောင့်ကြည့်နေသော သူ၏ဆရာတူအကိုကြီးလွတ်ရာတွင် သေရည်ကိုခိုးသောက်ခဲ့ရလေသည် ။ ထိုအချိန်ကသောက်ခဲ့ရသည့်သေရည်က ပို၍ပင် အရသာရှိသည်ဟု ချွန်းမြောင်ထင်လေသည်။

"ကျွန်တော်ကတော့ ခုထိ ဒီနေရာမှာပဲ ရှိနေသေးတယ်"

ချွန်းမြောင်သေရည်သောက်သည်က မပြောင်းလဲသွားသော်လည်း အရာအားလုံးကတော့ ပြောင်းလဲသွားခဲ့ပြီဖြစ်လေသည်။ သူ့အား စောင့်ကြည့်ကာ ပျစ်တောက်ပျစ်တောက် ငေါက်ငမ်းတတ်သော ဆရာတူအကိုကြီး မရှိတော့ပေ။ ဂုဏ်ရှိန်ပြင်းသော ဟွာဆန်းလည်း မရှိတော့ပေ။ သူ၏ခင်မင်ရင်းနှီးသော ဆရာတူညီလေးများလည်း မရှိတော့ပေ။ အားလုံးက ပျောက်ကွယ်ကုန်ကြပြီဖြစ်လေသည်။ သူသည် မည်သူတစ်ဦးတစ်ယောက်ကို လွမ်းဆွတ်သတိရသည်ဟူသော ခံစားချက်မရှိသော်လည်း သေရည်သောက်သောအခါတွင်မူ ငယ်ကျိုးငယ်နာတို့က‌တော့ ပြန်ပေါ်လာကာ လွမ်းဆွတ်သလိုလိုတော့ ရှိတတ်လေသည်။

ချွန်းမြောင်သည် စိတ်ကူးယဉ်ဆန်တတ်လွန်းသူတစ်ယောက် မဟုတ်သကဲ့သို့ အတွေးကမ္ဘာထဲတွင်ပဲ တဝဲလည်လည်ဖြစ်နေတတ်သူလည်း မဟုတ်ပေ။ အတိတ်ကို အတိတ်မှာပင် ထားခဲ့ကာ ပစ္စုပ္ပန်ကိုသာ ပိုမိုကောင်းမွန်အောင် အာရုံစိုက်ထားတတ်သူဖြစ်လေသည်မို့ အတွေးရေယာဉ်ကြောထဲတွင်တော့ အချိန်ကြားကြီး မျောမနေပေ။ လက်ရှိအချိန်ကိုသာ အာရုံပြန်ရောက်လာလေသည်။

"ကဲ....ဒီမှာ ကျားသစ်ငါးအရေခွံကြော်နဲ့ ဝက်ခြေထောက်ကြော် လာပါပြီဗျာ"

ကျားသစ်ငါးအရေခွံကြော်ဆိုသည်က ကမာကောင်၊ ဝက်သား ၊ရေခူနှင့် တခြားအသားများကို ကြက်သွန်နီ တို့နှင့်ရောကာ စင်းကောလုပ်ကြော်ထားသည့် အကြော်ဖြစ်လေပြီး ရှန်ရှီ၏ ဒေသအစားအစာတစ်မျိုးပင် ။ အကြော်အား လျှာပေါ်တင်လိုက်သည်နှင့်ပင် အရသာက ကျားသစ်တစ်ကောင်ကဲ့သို့ လျင်လျင်မြန်မြန်ပြန့်နှံသွားသောကြောင့် တင်စားကာ ခေါ်ခြင်းဖြစ်လေသည်။

"သုံးထပ်သားကင်ကရော ဘယ်မှာလဲ"

"လာပါလိမ့်မယ်ဗျ"

ချွန်းမြောင်က တူကို ကောက်ကိုင်ကာ ရောက်လာသောအစားအသောက်များကို နှိုက်ကာ စားလိုက်လေ၏။

သူ၏စားပွဲပေါ်တွင် ရှိနေသောအစားအသောက်များက သာမန်အားဖြင့်မူ အရသာအကောင်းဆုံးများ မဟုတ်ကြပေ။ သို့သော် အသားနှင့်သေရည် တွဲဖက်မိသွားသည့်အခါတွင်မူ နှိုင်းယှည်ပြ၍မရသော အရသာဖြစ်လာပြီး ခံတွင်းတွင်းသို့သက်ဆင်းသွားလေသည်။ ပါးစပ်ချမ်းသာရှိလှပေသည်။

ဒါက တကယ့်ကို နတ်စည်းစိမ် ၊လူ့စည်းစိမ်ပဲ....

ဆရာတူအကိုကြီး......စိတ်တော့မကောင်းပေမယ့် လူ့ဘဝရတုန်းလေး ကောင်းကောင်းပဲဖြတ်သန်းမယ်လို့ ကျွန်တော်တွေးထားလို့ပါ...

အကိုကြီးလည်း ရောက်နေတဲ့နေရာမှာ ပျော်နေမယ်လို့ ကျွန်တော်ယုံပါတယ်...

ထိုစဉ်မှာပင် စားသောက်ဆိုင်၏တံခါးက ပွင့်လာပြီး လူအုပ်စုတစ်စုက ဝင်လာလေ၏။

"ကြိုဆိုပါတယ်"

စားသောက်ဆိုင်ပိုင်ရှင်ကလည်း မြန်မြန်သွက်သွက်ပင် အဝင်ဝသို့ပြေးသွားကာ ဝင်လာသူများကို ကြိုဆိုလိုက်လေသည်။

ဝင်လာကြသည့်လူများအားလုံးက လူငယ်လေးများပင် ဖြစ်ကြလေ၏။

အင်း...လူငယ်လို့ ပြောရအောင်ကြတော့လည်း သူတို့က နည်းနည်းတော့ အိုနေပါပြီ...

အမျိုးသားများကမူ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းများပင် ဖြစ်ကြလေပြီး အမျိုးသမီးများကမူ နွဲ့နွဲ့နှောင်းနှောင်းလေးများ ဖြစ်ကြလေသည်။ စိတ်ဝင်စားသည်မဟုတ်သော်လည်း ချွန်းမြောင်ကမူ ထိုလူအုပ်ကို ကြည့်ကာ အကဲခတ်နေလိုက်လေသည်။

ထိုလူအုပ်က ချွန်းမြောင်၏ဘေးစားပွဲကို လာထိုင်ကြသောအခါတွင်မူ ဆက်ကာအကဲမခတ်တော့ဘဲ မှာထားသည့်အစားအသောက်များကိုသာ ဆက်ကာစားနေလိုက်လေတော့သည်။ တကူးတကစပ်စုနေရန် မလိုတော့ပေ။

"ငါတို့တွေ ဒီလိုအပြင်ထွက်မစားရတာတောင် ဘယ်လောက်ကြာနေပြီလဲ"

"ကျွန်တော်တို့တွေ အဲ့ဒီဖျတ်လတ်ခြင်းဆေးလုံးတွေလည်း ထပ်ပြီးမစားရတော့ဘူးနော်...အကိုကြီး"

"အင်း အဲ့တာကတော့ ငါတို့ ဟွာဆန်းမှာ ရှိမနေလို့ မဟုတ်ပါဘူး.....

လောလောဆယ်တို့ ငါတို့တာဝန်က တောင်ပေါ်မြန်မြန်တက်ပြီး အကြီးအကဲတွေကို နှုတ်ဆက်ဖို့ပဲ...

ဒါပေမယ့် ဟွာဆန်းကို တခါတည်းမသွားဘဲ ဒီမှာ အရင်ဝင်နားတာကို အကြီးအကဲတွေလည်း နားလည်ပေးမှာပါ"

ဆရာတူအကိုကြီး..

အကြီးအကဲဆို ပါလား...

ဘေးဝိုင်းမှ ကြားနေရသောစကားများကြောင့် ချွန်းမြောင်မျက်မှောင်ကြုတ်ကာ တချက်ပြန်ကြည့်လိုက်လေသည်။ အားလုံးက ရင်ဘတ်နေရာတွင် ဇီးပန်းပွင့် ထိုးထားသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြလေသည်။

ဆိုတော့ ဒီတသုတ်က ဒုတိယတန်းတပည့် ဘတ် တွေပေါ့.......

ဇီးပန်းပွင့်ပုံ ရွှေချည်ထိုးဝတ်စုံကို ဝတ်ဆင်ထားသည်မို့ အားလုံးက ဟွာဆန်းမှဖြစ်သည်ကတော့ သေချာလေသည်။ အသက်အရွယ်နှင့်ပုံပန်းသဏ္ဍာန်ကိုပါ ပေါင်းစပ်အကဲခတ်ကာ အဖြေထုတ်လိုက်သည့်အခါတွင်မူ ၎င်းတို့သည် ချွန်းမြောင်တစ်ခါတစ်ကြိမ်ပင် မမြင်ဖူးသော ဘတ် အမည်ခံ ဒုတိယတန်းတပည့်များဖြစ်သည်ကို သိလိုက်ရလေသည်။

ချွန်းမြောင် သူ့အား ထိုလူတသိုက် အာရုံမရစေရန်အတွက် ခေါင်းကိုငုံ့ကာ သိုသိုဝှက်ဝှက်သာနေရန် ဆုံးဖြတ်လိုက်လေသည်။ ပြဿနာဖြစ်မည်ကို ကြောက်သည်မဟုတ်သော်လည်း ဤနေရာတွင်တော့ ပြဿနာမဖြစ်ချင်သောကြောင့် ဖြစ်လေသည်။ ထို့ပြင် ထိုလူများနှင့်လည်း မပတ်သက်ချင်ပေ။ ကံကောင်းသည်က ချွန်းမြောင်သည် ဟွာဆန်းဝတ်စုံကို ဝတ်မထားခြင်းပေ။ သို့ဖြစ်၍ သူသည်သာလျှင် ရှောင်ရှားနိုင်လျှင် ဟွာဆန်းမှ ဒုတိယတန်းတပည့်များနှင့် သူထိပ်တိုက်ဆုံရန် အကြောင်းမရှိတော့ပေ။

ငါလေးဆိုသည်မှာလည်း အစားတောင်ဖြောင့်ဖြောင့် အေးအေးလူလူမစားရတဲ့ဘဝပါလား....

မှာထားတာတွေ မြန်မြန်စားပြီးရင်တော့ သွားပါတော့မယ်လေ.....

"ဒါနဲ့ ဆရာတူအမကြီး ယုက ဘယ်မှာလဲ"

"ငါ့အထင်တော့ သူဟွာဆန်းကို အရင်သွားနှင့်ပြီထင်တာပဲ"

"ကျွန်တော်တို့ ဟွားကျေးရွာမှာ ဆုံမယ်လို့ပြောထားကြတာ မဟုတ်ဘူးလား"

"ဘယ်တုန်းကများ ဆရာတူအမကြီးက ငါတို့ပြောတာကို ဂရုစိုက်ဖူးလို့လဲ"

"ဟင်း..အဲ့တာဆိုရင်တော့ အကြီးအကဲတွေက ကျွန်တော်တို့ ဒီဝင်နေတယ်ဆိုတာ သိတော့မှာပဲ"

"ရပါတယ်..ဘာမှမဖြစ်ပါဘူး...ဆရာတူအမကြီး ယုက ထူးချွန်တာကို လူတိုင်းသိကြတာပဲကို ...

သူကြိုရောက်နေတယ်လို့ပဲ ထင်မှာပါ"

"ဒီလိုဆိုရင်တော့ တော်သေးတာပေါ့"

စားပွဲ၏အလယ်တွင်နေရာယူထားသော လူငယ်လေးကမူ စကားဝိုင်းထဲတွင် ဝင်ပါခြင်းမရှိဘဲ အစားအသောက်နှင့် သေရည်များကို လူစေ့လုံလောက်အောင် မှာနေလေသည်။

ကြည့်စမ်းပါဦး...ကျွတ်,,ကျွတ်...

ကလေးတွေ ပျက်စီးနေလိုက်ကြတာ...

ချွန်းမြောင်က မြင်နေရသောမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်ရင်း နှာခေါင်းရှုံလိုက်လေသည်။

ဒီ ဒုတိယတန်းတပည့်တွေကတော့ ဟွာဆန်းဝတ်စုံဝတ်ပြီး ဟွားကျေးရွာမှာတောင် ပွင့်ပွင့်လင်းလင်းကြီး သေရည်လာသောက်ရဲတယ်...

ဂိုဏ်းက ပြိုလဲနေရင်တောင် ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ...

ဂိုဏ်းမျက်နှာ အိုးမည်းသုတ်နေကြတဲ့ကောင်တွေ.....

ဒီခေတ်ကလေးတွေကတော့ တကယ်ပါပဲ....

ဟွန့်....ချွန်းမြောင်ဆိုတဲ့ ငါလေး သောက်တာကတော့ ရတယ်လေ...

ငါလေးက နှစ်တစ်ရာကျော်လောက်အောင် သေရည်လေးတွေနဲ့ ဝေးနေခဲ့ရတာ ...

သူတို့တွေနဲ့ တူမနေဘူး.............

"အားလုံးက ကြိုးကြိုးစားစားရှိခဲ့ကြလို့ လေ့ကျင့်ရေးကြီးက တကယ့်ကိုကောင်းကောင်းမွန်မွန်ပဲ ပြီးဆုံးသွားတယ်....အားလုံး တော်ကြပါပေတယ်...တော်ကြပါပေတယ်"

" ဒါတွေအားလုံးကလည်း အကိုကြီးရဲ့ လမ်းပြမှုနဲ့ ကြိုးစားပေးမှုကြောင့်ပါ...

ကျွန်တော်တို့က ဆရာတူအကိုကြီး ပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ရုံလေးပဲ ရှိတာပါ"

"ဟုတ်တယ်...ဆရာတူအကိုကြီးကတာ အခက်ခဲဆုံး ကျော်ဖြတ်လာရတာပါ"

စားပွဲဝိုင်း၏အလယ်တွင်ထိုင်နေသောသူက ပြောနေကြသောစကားများကြောင့် မျက်နှာပေါ်တွင် အပြုံးပန်းလေးက ပွင့်လန်းနေလေသည်။

သူက ဘယ်လိုတောင်ချောတာလားဟ...

ချွန်းမြောင် အနည်းငယ်ပင် ချဉ်တူးတူးဖြစ်သွားလေသည်။ ချွန်းမြောင်သည်လည်း သာမန်ရုပ်ရည်ထက် ပိုကာ ချောမောသည်မှန်သော်လည်း ဤလူကမူ နတ်မိမယ်ပုံပြင်များထဲမှ ဇာတ်လိုက်မင်းသားလေးလိုပင် ။ အလွန်အမင်းကို ချောမောခန့်ညားလွန်နေလေသည်။ ချွန်းမြောင်ပင် မနာလိုဖြစ်မိသွားလေသည်။

"အားလုံးက အတူတူပင်ပင်ပန်းပန်း လေ့ကျင့်ခဲ့ကြရတာပါပဲ....လူတိုင်းက ထပ်တူကြိုးစားကြတယ်ဆိုတာကိုလည်း ငါအသိဆုံးပါ....

ဆိုတော့ ဒီနေ့ မင်းတို့ကို သေရည်နဲ့ ငါဧည့်ခံပါရစေ...... ဘာမှ ပူပင်မနေဘဲ စိတ်ရှိသလောက် အဝသောက်ကြပါ..

ဒီက အကိုကြီးက ဒကာခံပါ့မယ်"

"ကျေးဇူးတင်ပါတယ်....ဆရာတူအကိုကြီး....."

"ဒါပေမယ့် အလွန်ကြူးတော့ မဖြစ်စေနဲ့...ငါတို့ နေဝင်အမီ ဟွာဆန်းဆီကို သွားရမယ်..."

"ဟုတ်ကဲ့..."

ဆို‌တော့ သူတို့တွေက လေ့ကျင့်ရေးကအပြန် ဟွာဆန်းကို မရောက်ခင် ဝင်သောက်ကြတဲ့သဘောပေါ့....

ဆရာတူအကိုကြီးလို့ ခေါ်ခံရတဲ့တစ်ယောက် ဒီ ဘတ်ကောင်တွေထဲက အကြီးဆုံးတပည့်ပဲ ဖြစ်ရမယ်..

ကျန်တဲ့သူတွေကလည်း အကုန်ဒုတိယတန်းတပည့်တွေပေါ့...

ဒီကောင်တွေ ဂိုဏ်းကို ဘယ်လိုလှည့်စားနေမှန်း အခုမှပဲ ငါသိတော့တယ်....

ချီးထုပ်တွေ....

ချွန်းမြောင် ဘေးစားပွဲဝိုင်းရှိလူများကိုကြည့်ကာ နှာခေါင်းရှုံလိုက်လေသည်။

ဟွန့်....သူတို့တွေတောင် သောက်နေတာ..

ငါက ဘာလို့မသောက်ဘဲ နေရမှာလဲ...

သူတို့က ပေါ်တင်သောက်ရင် ငါက ခိုးသောက်မှာပေါ့......ဘာဖြစ်လဲ.....

တဖက်စားပွဲဝိုင်းကမူ စားလိုက် သောက်လိုက် ရယ်ကြ မောကြလိုက်နှင့် အရှိန်ကောင်းလာကြပြီ ဖြစ်လေသည်။

ချွန်းမြောင်သည်လည်း တစ်ခွက်ပြီးနောက် တစ်ဖလားသောက်ကာ တဖက်စားပွဲဝိုင်းမှ စကားသံများကို နားစွင့်နေလေသည်။

"ဘတ်ချုန်း.....ဆရာတူအကိုကြီး"

"ပြောပါ ...ဆရာတူညီမလေး..."

"ဒီလို လေ့ကျင့်ရေးခက်ခက်ခဲခဲတွေလည်း လုပ်ခဲ့ပြီးပြီဆိုတော့ ကျွန်မတို့ ညီလာခံမှာ ရလဒ်ကောင်းကောင်းတော့ ရလောက်တယ်မို့လား"

ဘတ်ချုန်းဟု အခေါ်ခံရသည့်တစ်ယောက်က လက်သီးကိုဆုပ်ကာ ခေါင်းကို ဖြေးဖြေးငြိမ့်လေသည်။

"အင်း....."

"ဟုတ်တယ်မို့လားလို့ ...ရလောက်တယ်မို့လား"

"ဆရာတူညီမလေး ........အမှန်တိုင်းပြောရရင်တော့ ငါလည်းမသိဘူး...

ငါ သေချာလေးသိပြီး ပြောနိုင်တာက တစ်ခုပဲရှိတယ်"

"ဘာများလဲ"

"ကြိုးစားမှုက ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုတာပဲ"

ဘတ်ချုန်းက တလက်လက်တောက်ပနေသောမျက်လုံးရွဲကြီးများနှင့် ကြည့်ကာ ပြောလေ၏။

"ငါတို့တွေ ငါတို့တတ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့ကြပြီးပြီ...

ကြမ်းတမ်းခက်ခဲတဲ့ လေ့ကျင့်ရေးတွေမှာလည်း မခိုမကပ်နဲ့ လေ့ကျင့်ခဲ့ကြပြီးပြီ..... ကိုယ်ကိုယ်ကိုယ်လည်း မညှာဘဲနဲ့ အခက်ခဲဆုံး ကြိုးစားခဲ့ကြပြီးပြီ....တကယ်လို့ ငါတို့ ညီလာခံမှာ မနိုင်ရင်တောင် ဒါက ငါတို့မကြိုးစားခဲ့လို့ မဟုတ်တော့ဘူး....ကြိုးစားမှုရဲ့အသီးအပွင့်ကိုတော့ ငါတို့ခံစားရမှာပါ"

"သိပါပြီ...ဆရာတူအကိုကြီး"

"အနိုင်အရှုံးဆိုတဲ့အပေါ်ကို သိပ်ပြီးတော့လည်း စိတ်မထားကြပါနဲ့..... ငါတို့က ဒါအတွက် လုံလုံလောက်လောက်ကြိုးစားခဲ့ကြပြီးပြီပဲလေ....အနာဂတ်ဆိုတာကလည်း ကြိုမြင်ရတာမဟုတ်တော့ မဖြစ်သေးတဲ့အရာအတွက်လည်း စိတ်အပင်ပန်းမခံကြနဲ့....."

"ဟုတ်ကဲ့....အမြင်ကျဉ်းမိသွားပါတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်လေ....ငါတို့တွေ နိုင်တာကတော့ တကယ်နိုင်ချင်ကြတာပါပဲ"

အပြုံးလေးနှင့် ဘတ်ချုန်းက စကားနူးနူးညံ့ညံ့သောဆိုလိုက်သောအခါတွင်မူ စားပွဲဝိုင်းတစ်လျှောက် ပန်းများပင်ပွင့်လာသလိုပင်။ အရာအားလုံးက ချိုမြိန်နူးညံ့သွားလေတော့သည်။ ထိုမြင်ကွင်းကို မျက်မုန်းကျိုးနေသူက ဘေးစားပွဲမှ လူတစ်ယောက်သာ ရှိလေသည်။

အမလေး...သူက ပါးစပ်မှာ ပျားရည်သုတ်ပြီးတော့များ ပြောနေတာလားပဲ...

ချွန်းမြောင် စိတ်ပေါက်ပေါက်နှင့် သေရည်တစ်ခွက်ကို ငှဲ့ကာ သောက်လိုက်လေသည်။

ဒီကောင့်ကြည့်ရတာတော့ လျှို့ဝှက်ထားတာ တစ်ခုခုရှိနေတဲ့ပုံပါပဲကွာ...

လူကောင်းလို့ ခံစားမနေမိဘူး........

"ဒါဆို အခုကျွန်တော်တို့က အဆင့်တစ်ခုရောက်နေပြီပေါ့...

တောင်ဘက်အစွန်အဖျားဂိုဏ်းကကောင်တွေကို ယှဉ်ပြီးတိုက်နိုင်လောက်နေပြီပေါ့....."

"အင်းပေါ့....."

ဘတ်ချုန်းက စူးရှသောမျက်နှာထားလေးနှင့် ပြောလာလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းက အင်အားကြီးတယ်...ပြီးတော့ ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းလည်း ဖြစ်တယ်မို့လား"

"ဟုတ်ပါတယ်"

"အတိတ်တုန်းကတော့ ဟွာဆန်းကလည်း ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းပဲ...

ရိုးရိုးသားသားပြောရရင်တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ငါတို့ဟွာဆန်းကြားက ခြားနားချက်က ပြောပြလို့မရအောင်တောင် ကွာတယ်"

ထိုစကားကြောင့် လူတိုင်းက မျက်နှာပျက်သွားကြလေသည်။

"ဒါပေမယ့်လည်း ငါတို့မှာ လည်း ယုံကြည်စရာတွေ ရှိလာနေပြီလေ"

ဘတ်ချုန်းက အသံကိုမြှင့်ကာ လေထုကို တက်ကြွကာ အားအင်ပြည့်စေသော အသံနှင့်ဆက်ကာ ပြောလာလေသည်။

"အောင်မြင်ပြီးတောက်ပနေဖို့ စွမ်းရည်တစ်ခုပဲ လိုအပ်နေတာမဟုတ်ဘူး...

ငါတို့တွေ သူတို့ကို ပြီးခဲ့တဲ့ညီလာခံမှာ ရှုံးခဲ့ပေမယ့် ရလဒ်က မတိမ်းမယိမ်းအနေအထားမှာပဲ ရှိခဲ့တာ...

အခုဆိုရင် ငါတို့က အိပ်ချိန်တွေတောင် လျော့ပြီး လေ့ကျင့်ထားကြတာ....

ဒီတစ်ကြိမ်တော့ သူတို့ကို မယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး"

"တောင်ဘက်အစွန်အဖျားဂိုဏ်းကိုလေ"

"တောင်ဘက်အစွန်အဖျားဂိုဏ်းဆိုတာက ဟိုးရှေးကတည်းက အောင်မြင်လာတဲ့ ဂိုဏ်းမဟုတ်ဘူး..

ငါတို့ဟွာဆန်းကသာ တောက်ပခဲ့တာ....ပြီးတော့ ဟွာဆန်းအခုလို ဖြစ်နေရတာကရော ဘယ်လောက်ထိကြာမှာမို့လဲ....

ဘယ်အရာမှ တရားသေသတ်မှတ်ထားတာ မရှိဘူး...ငါတို့ မကြိုးစားကြည့်ဘဲနဲ့ ဒီထက်ပိုပြီး မလုပ်နိုင်တော့ဘူးလို့ တွေးနေစရာလည်း မလိုဘူး....

ငါတို့ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး ဟွာဆန်းရဲ့ ဂုဏ်ကို မြှင့်တင်ရမယ်......."

ယုံကြည်ချက်များ ပြည့်ဝကာ တလက်လက်တောက်ပနေသောမျက်လုံးများနှင့် အားမာန်အပြည့်ပြောလိုက်သော ဘတ်ချုန်း၏စကားများကြောင့် လူတိုင်းက လေးစားချီးကျူးသောမျက်ဝန်းများနှင့် ဝိုင်းကြည့်ကာ ချီးကျူးနေကြလေသည်။

"အဟူးးးး"

ရယ်သံတိုးတိုးလေးက ခပ်ကြိတ်ကြိတ်ထွက်လာလေ၏။

စားပွဲဝိုင်းတွင်ထိုင်နေကြသော လူများသည် တပြိုင်နက်တည်းဆိုသလိုပင် အသံလာရာဘက်သို့ ခေါင်းများ လှည့်လာကြလေသည်။

"အဟင်း..."

သူတို့အားလုံး၏ အကြည့်များကို နားလည်စွာဖြင့် ချွန်းမြောင်က ပါးစပ်ကို ပိတ်လိုက်လေသည်။

ချီးလိုပဲ...ငါတမင်သက်သက် ရယ်လိုက်တာ မဟုတ်ပါဘူးဟ...

ဤသို့ မိုးထိအောင် လှေကားထောင် စိတ်အားထက်ဖွယ်ရာစကားများကို ကြားရသောအခါတွင်မူ ချွန်းမြောင် မအောင့်နိုင်ဘဲ ရယ်မိသွားလေသည်။ လူတိုင်းက သူ့အား ကွက်ကြည့်နေသည်မို့ အခြေအနေအား ပုံမှန်ပြန်ဖြစ်စေရန် ချွန်းမြောင် အနည်းငယ်ကြိုးစားလိုက်လေသည်။

သဘာဝကျကျလေးလား......

ချွန်းမြောင် စတင်ကာ ချောင်းဆိုလေတော့သည်။

"အဟူး....အဟူး....အဟွတ်....ဟွတ်....အဟူးဟွတ်"

"......."

သူ သေလုနီးပါးချောင်းဆိုးပြနေသည်ကိုပင် ဒုတိယတန်းတပည့်တစ်စုက ပုံမှန်ပြန်မဖြစ်သွားဘဲ သူ့သာ ဝိုင်းကာ ကြည့်နေကြသည်မို့ ချွန်းမြောင်အနည်းငယ် စိတ်ရှုပ်သွားလေသည်။

ဘာတုန်း....သူတို့က ဘာလို့ ဆက်ကြည့်နေကြတာတုန်း....

ငါလေး ဒီလောက်သရုပ်ဆောင်ကောင်းနေတာကို ....

ချွန်းမြောင်က မလုံလောက်သေးဟုအထင်နှင့် ချောင်းကို ပို၍အပြင်းအထန် ဆိုးပြလေတော့သည်။

"လူငယ်လေး..."

"ဘာလဲ...."

ဘတ်ချုန်းက သူ၏နေရာမှဖြေညင်းစွာ ထလာပြီး ချွန်းမြောင်အား စကားပြောလာလေသည်။

"လူငယ်လေး...မင်းက ဘယ်သူလဲ....

မင်းကို ဟွားကျေးရွာမှာ အရင်ကမြင်ဖူးတယ်လို့တော့ ငါမထင်ဘူး...

ရိုင်းပြရာမကျဘူးဆိုရင်တော့ မင်းရဲ့နာမည်နဲ့ ဘယ်မိသားစုကလဲဆိုတာ ပြောလို့ရမလား"

"........."

ဘာတုန်း...ငါ့ရုပ်က ကလေကချေ အုတ်ကြားမြက်ပေါက်ရုပ်ပေါက်နေလို့ လာမေးနေတာလား...

ချီး.....တကယ်ကြီး ပေါက်နေတာလားဟ......

အပိုင်း (၇၄)

ဟွာဆန်းမှာ အပြောင်းအလဲတွေတော့ ရှိလာပြီ(၄)

ဘတ်ချုန်းက မျက်စိရှေ့မှကလေးကို မသင်္ကာစွာနှင့် ကြည့်လိုက်လေသည်။

ဒီကောင်က ဘယ်သူတုန်းဟ...

ထိုကလေးကို ကြည့်ရသည်က ရှိုးတို့ရှိုးတန်းနှင့် ကြောက်ရွံ့နေဟန်လည်း မရှိပေ။

ဘတ်ချုန်း ဤဆိုင်ထဲသို့ ဝင်လိုက်လေကတည်းကပင် မူမမှန်သောအရာတစ်ခုကို မသိစိတ်က ခံစားမိကာ မသိုးမသန့်ဖြစ်နေလေသည်။ ယခုမှသာ ထိုသို့ ဖြစ်နေရခြင်း၏ အရင်းအမြစ်ကို သူသိလေတော့သည်။

အလွန်ဆုံးရှိမှ ဆယ့်ငါးနှစ်သာရှိမည်ဖြစ်သောကလေးတစ်ယောက်သည် လူကြီးတစ်ယောက်ကဲ့သို့ သေရည်နှင့်အစားအသောက်များကို မှာယူကာ သောက်စားနေခြင်းကြောင့်ပင်။ အသက်အရွယ်နှင့် မှာယူထားသည်များက လားလားမှပင် လိုက်ဖက်မှုမရှိပေ။

ဤသည်က ယုတ္တိမရှိ၊ ဖြစ်နိုင်ချေမရှိသောကိစ္စပင်။

ကြွယ်ဝချမ်းသာသော မိသားစုများမှ ပေါက်ဖွားလာသည့် ရွှေဇွန်းကိုက်သခင်လေးများသာ သုံးဖြုန်းနိုင်မည့် ပမာဏရှိသည့် စားကောင်းသောက်ဖွယ်များကို ဤကလေးက မှာယူထားလေသည်။ ဟွာကျေးရွာဆိုသည်က သူဌေးသူကြွယ်ဦးရေကို လက်ချိုးရေတွက်၍ပင် ရလေပြီး ကုန်သည်များသာ အများစုနေထိုင်သည်ဖြစ်၍ ကုန်သည်များ၏သားသမီးများအနေနှင့်မူ ထိုသို့ သုံးဖြုန်းနေရန် မဖြစ်နိုင်ပေ။ သူ၏အရွယ်လေးနှင့် သူသုံးဖြုန်းစားသောက်ထားသည့်ပမာဏက လုံးလုံးပင် ညီမျှခြင်းထိုး၍ မရပေ။ တစ်ခုခုကတော့ လွဲမှားနေပြီဖြစ်လေသည်။

ဘတ်ချုန်းတွင် လက်ရှိအခြေအနေအတွက် မေးခွန်းတစ်ခုသာရှိလေသည်။

ဟွားကျေးရွာတွင် တစ်ကိုယ်တည်းသေရည်လာသောက်နေသော ဤကလေးသည် မည်သူဖြစ်သနည်းပင်။

"အဟမ်း..."

ထိုကလေးက ချောင်းတချက်ဆိုးလိုက်ကာ လက်ကိုယမ်းကာ ပြောလာလေသည်။

"ကျွန်တော်က ဒီတိုင်းဖြတ်သွားဖြတ်လာတစ်ယောက်ပါ....ကျွန်တော့်ကို စိတ်မရှိကြပါနဲ့.....

အကိုကြီးတို့ စားစရာရှိတာသာ ဆက်စားကြပါ"

"ဖြတ်သွားဖြတ်လာလား"

ဘတ်ချုန်း၏ မျက်လုံးလေးများက နူးညံ့သွားလေသည်။

"ဒါပေါ့......မင်းပြောတာဖြစ်နိုင်တာပဲ.....ဖြတ်သွားဖြတ်လာဆို ရေစက်ရှိလို့ ဆုံကြတဲ့သူချင်းကို ဘာလို့ အချင်းချင်း မိတ်မဆက်ပဲ နေကြမှာလဲ.....ကျွန်တော်က ဘတ်ချုန်း ပါ.......

ဟွာဆန်းဂိုဏ်းရဲ့ ဒုတိယတန်းတပည့်တစ်ဦးပါ"

ချွန်းမြောင် ဘတ်ချုန်း၏စကားကြောင့် နှာကစ်ကာစိတ်တိုသွားလေသည်။ သူ၏မျက်နှာကိုလည်း အင်္ကျီလက်နှင့်အုပ်ထားရန် မမေ့ပေ။

အား...ဘာကိစ္စ ဒီကောင်က သောက်ရမ်းလျှာရှည်နေရတာလဲ...

ဒီလောက်လေရှည်နေတာ ထပဲ မှတ်လောက်သားလောက်အောင် ဆုံးမ

လိုက်ရင်ကောင်းမလား...

ချွန်းမြောင် တွေးလိုက်သော်လည်း ဤလူတသိုက်အား သူဆုံးမလိုက်၍ မဖြစ်ပေ။ သူတို့အား ရိုက်နှက်ပြီးမှ ဟွာဆန်းသို့ ပြန်သွားလျှင် ဟွာဆန်းသို့ ဒုတိယတန်းတပည့်များရောက်လာချိန်၌ ချွန်းမြောင်၏လုပ်ရပ်များက ပေါ်သွားပြီဖြစ်ပြီး သူ၏လက်ရှိရရှိထားသော ခံစားခွင့် အခွင့်အရေးများလည်း ဆုံးရှုံးသွားပေလိမ့်မည်။ သူ စိတ်လိုက်မာန်ပါ လုပ်လိုက်၍ မဖြစ်ပေ။ သည်းခံရပေမည်။

မဖြစ်ဘူး...မဖြစ်ဘူး....ငါစိတ်လိုက်မာန်ပါလုပ်လိုက်လို့ မဖြစ်ဘူး...စိတ်ကိုထိန်း....

ဤလူငယ်လေးတသိုက်အား လက်ဖျားနှင့်ပင် ထိ၍မရသည်ကို ကိုယ့်ကိုယ်ကိုယ်သတိပေးပြီးနောက် ချွန်းမြောင် ချောင်းနှစ်ကြိမ်မျှ ထပ်ဆိုးလိုက်လေသည်။

"ကျွန်တော့်မှာ အဲ့လိုခေါ်လို့ ရမယ့်နာမည် မရှိသေးပါဘူး....."

"အခုဆို စကားစမြည်ပြောနေကြတဲ့အချိန်မှာ မင်းရဲ့မျက်နှာကို အုပ်ထားတာက လူကြီးလူကောင်း မပီသရာ မရောက်နေဘူးလား....."

သောက်ချေးကို လူကြီးလူကောင်း......

ဘာ လူကြီးလူကောင်းလဲ....

ငါ့ကို လွတ်ထားလိုက်စမ်းပါ ခွေးသားလေးရယ့်.......

ချွန်းမြောင်၏ မျက်နှာထားက တဖြေးဖြေးပျက်ယွင်းလာပြီ ဖြစ်လေသည်။ ဤနေရာတွင် ဆက်ကာကြာကြာနေလျှင် ဤလူတသိုက်အား သေချာပေါက်ရိုက်နှက်မိလေတော့မည်မို့ ချွန်းမြောင်အမြန်ဆုံးသာ သွားရန်ဆုံးဖြတ်လိုက်ရလေတော့သည်။

ချွန်းမြောင် လျင်လျင်မြန်မြန်ပင် ထရပ်လိုက်လေသည်။

"ကဲ....ကျွန်တော်သွားသင့်နေပြီ..."

"နေပါဦး"

"နောက်တစ်ချိန်ကျွန်တော်တို့ ပြန်တွေ့မှ ပြောကြတာပေါ့ဗျာ"

ချွန်းမြောင်က ပြောလည်းပြောကာ သူ၏စားပွဲပေါ်မှ သေရည်အိုးကို ဆွဲယူလိုက်ပြီး လက်တစ်ဖက်ကလည်း မျက်နှာကို ကာထားလိုက်လေသည်။

"နှုတ်ဆက်ပါတယ်ဗျ"

"လူငယ်လေး....နေပါဦး ..ငါက မင်းနဲ့ စကားတွေအများကြီး ပြောချင်နေသေးလို့ပါ"

"စိတ်မကောင်းပါဘူး...ကျွန်တော်က ယောက်ျားတွေနဲ့ အချိန်ကုန်ရတာလောက် နှမြောတာမရှိဘူးး....

ဆက်ပျော်ကြပါဗျာ"

ချွန်းမြောင်က ပြောလည်းပြောကာ အဝင်ဝသို့ ကတုတ်ကရိုက်ထွက်သွားလေသည်ကို မြင်သည်နှင့် ဘတ်ချုန်း၏ မျက်နှာကမဲတက်သွားပြီး အလျင်အမြန်ပင် လက်ကိုဆန့်ကာ ချွန်းမြောင်အား လှမ်းဖမ်းလိုက်လေသည်။

မင်းက ဒီလိုပြေးလို့ ရမယ်ထင်နေတယ်ပေါ့လေ.....

ဘတ်ချုုန်းက မြန်မြန်ဆန်ဆန်ဆွဲလိုက်သော်လည်း မိလိုက်သည်က ချွန်းမြောင်၏ အင်္ကျီစလေးကိုသာ ထိမိလိုက်လေပြီး ချွန်းမြောင်က ဘေးသို့ရှောင်ကာ ထွက်သွားသည်မို့ မမိလိုက်တော့ချေ။ လေကိုသာ ဖမ်းဆုတ်မိလေတော့သည်။

"ဟမ်"

"သတိထား"

လှမ်းအော်ကာ သတိပေးလိုက်သော်လည်း ကလေးကမူ စားပွဲကို ကျော်ကာ ပြတင်းပေါက်မှ ခုန်ချပြီး ထွက်သွားလေပြီဖြစ်သည်။

ဘတ်ချုန်းကမူ ထွက်သွားသောကလေး၏ကျောပြင်ကို ဗလာမျက်လုံးများနှင့်သာ ကြည့်နေလေသည်။

ဒီကလေးက ငါဖမ်းလိုက်တာကို ရှောင်သွားနိုင်တယ်....

ဘတ်ချုန်းက ကလေးအား မမိမည်စိုးရိမ်၍ 'ဖမ်းဆုပ်လက်ဝါးအချုပ်အနှောင် 'ကို သုံးလိုက်သည်က သေချာလေသည်။ သူ၏ သိုင်းကွက်က အပြည့်အဝကြီး အလုပ်မဖြစ်လျှင်တောင်ပင် ကလေးငယ်တစ်ယောက်ကို ဖမ်းဆီးရန်တော့ လုံလောက်ပေးသေးသည်။ သို့သော် ယခုတွင်မူ ထိုကလေးကို မမိလိုက်ချေ မဟုတ်...ကလေးသည်က သိုင်းကွက်ကို သိသည့်အလား ရှောင်ရှားသွားလေသည်။

"ဆရာတူအကိုကြီး...သူ့ကို ဘာလို့ မဖမ်းလိုက်တာလဲ"

"ဘာဖြစ်တယ်"

"အကိုကြီးသူ့ကို တမင်လွတ်ပေးလိုက်တာ မဟုတ်ဘူးလား"

စူးစမ်းသောအကြည့်များက ဘတ်ချုန်းပေါ်သို့ ကျရောက်လာလေသည်။

"ကလေးတစ်ယောက်ကို သူ့ဆန္ဒမပါဘဲ ခေါ်ဆောင်ထားတာက တာအိုကျင့်ကြံသူတွေရဲ့ ဝိနည်းနဲ့မညီဘူး...."

"ဟား...ဆရာတူအကိုကြီးကတော့ တကယ့်ကို ဆရာတူအကိုကြီးပါပဲဟေ့..."

ဘေးမှ ပြောလာသောစကားကြောင့် ဘတ်ချုန်း မချိပြုံးပြုံးလိုက်လေသည်။ ကိုယ့်ဝမ်းနာသာ ကိုယ်သာသိလေသည်။

တစ်ခုခုကတော့ လွဲနေတာ သေချာပြီ...

ငါ ဒီလောက်လပေါင်းများစွာ လေ့ကျင့်ခဲ့တာတောင် ကလေးတစ်ယောက်ကို မဖမ်းနိုင်ဘူးတဲ့လား...

ငါ့ရဲ့လေ့ကျင့်မှုတွေက မထိရောက်ဘူးလား...

ဒီလိုပုံနဲ့များ ငါဘယ်လိုလုပ်ပြီး ဟွာဆန်းရဲ့ ဂုဏ်ကိုဆောင်နိုင်မှာတဲ့လဲ.....

ကလေးတစ်ယောက်ကတော့ ဒီသိုင်းကွက်ကို သိပြီး ရှောင်သွားစရာ၊ ရှောင်နိုင်စရာ အကြောင်းမှ ရှိမနေတာကို....

"အခုဆိုရင် ဟွားကျေးရွာက အရင်လိုမဟုတ်တော့ဘူး..လူသစ်တွေလည်း အများကြီးရောက်လာကြပြီး ငါတို့ မသိတဲ့ မျက်နှာစိမ်းတွေကလည်း တော်တော်လေးကို ပေါလာကြပြီ"

"ဟွားကျေးရွာက အရင်လို ရွာသေးသေးလေးမှ မဟုတ်တော့တာ...ဆိုတော့ ကျွန်တော်တို့ မသိတဲ့လူတွေလည်း ရှိနေနိုင်တာပဲလေ....အခွင့်အရေးရှိရင်တော့ အဲ့ကလေးနဲ့ နောက်ထပ်ပြန်တွေ့လောက်ပါသေးတယ်"

"ဟုတ်ပါတယ်...ဆရာတူအကိုကြီး"

ဘတ်ချုန်းက ပြုံးလိုက်ကာ သူ၏နေရာတွင် ပြန်ကာဝင်ထိုင်လိုက်လေသည်။ သို့သော် သူ၏အပြုံးက တောက်ပလင်းလက်မှုတော့ ရှိမနေတော့ပေ။ ညိုးငယ်မှုတချိ့က ဖုံးလွှမ်းထားလေသည်။

"ဟင်း....ဘယ်လိုတောင် အချိန်ကိုက်ဖြစ်နေရတာတုန်းကွာ......"

ချွန်းမြောင်က မကျေမနပ်နှင့် လမ်းပေါ်ရှိကျောက်ခဲတစ်လုံးကို ကန်လိုက်လေသည်။

"သူတို့ကလည်း ဘာကိစ္စ အဲ့ဆိုင်ကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာကြတာတုန်း....ဆိုင်တွေ ဒီလောက်ပေါနေတာကို......ငါကလည်း ကံကို အတော်ကောင်းနေတဲ့ပုံပဲ....

သွားလေရာ ပြဿနာနဲ့ပဲ တိုးနေတယ်....."

ချွန်းမြောင် စားမကုန်သေးဘဲ ကျန်ရက်ခဲ့သောအစားအသောက်များကို တွေးမိတိုင်း အစာအိမ်က နာလာသလိုပင်။ သူ၏ငွေများကို အလကားဖြုန်းတီးလိုက်ရသည်မို့ ရင်လည်းနာလှပေသည်။

"တော်သေးတာပေါ့.......သေရည်ပုလင်းလေးတော့ အပါယူခဲ့ရလို့"

ချွန်းမြောင်သည် ဟွာဆန်းတောင်ပေါ်သို့ ပြန်တက်ရမည်မို့ တောင်ခြေတွင်ပင် သေရည်အိုးအား လက်စဖြတ်သွားရန်ဆုံးဖြတ်လိုက်ပြီး တောင်မတက်မှီသောက်နေလေသည်။

"ကွာ...ခံတွင်းချဉ်လိုက်တာ...မြည်းစရာလေးနဲ့ဆို ဘယ်လောက်ကောင်းလိုက်မလဲ"

ချွန်းမြောင် ဗလာဖြစ်သွားပြီဖြစ်သောပုလင်းကို လွှင့်ပစ်ကာ တောင်စတက်လေတော့သည်။

"အား..တောင်တက်ရတာကလည်း မလွယ်ပါလား...."

မည်မျှပင်တောင်ပေါ်မှ ဆင်းလိုက်တက်လိုက်လုပ်စေကာမူ အကြိမ်တိုင်းက အလေ့အကျင့်မရစွာခက်ခဲနေဆဲပင်။

ဒီ ဘတ် ကောင်တွေကတော့ကွာ...

ဆူဆူညံညံတွေတော့ လုပ်ကြဦးမှာပဲ...ဒီကောင်တွေနဲ့တော့....

ဒုတိယတန်းတပည့်များ မရောက်ခင်ကာလကမူ ချွန်းမြောင်တို့ တတိယတန်းတပည့်လေးများ၏ ဘဝသည် အတော့်ပင် သာယာသည်ဟု ပြောရပေမည်။ အကြီးအကဲများကလည်း အလွန်အမင်း မြည်တွန်တောက်တီးကာ ငေါက်ငမ်းနေခြင်းမျိုး မရှိကြပေ။ အသက်အရွယ်ကလည်း ကွာခြားလွန်းလှလေသည်မို့ ကလေးများဟု သဘောထားကာ မပြောကြသည်ကလည်း ပါပေသည်။

ဥပမာအားဖြင့် ပြောရလျှင်မူ အောက်ခြေစစ်သည်လေးများသည် ဘုရင်ကြီး၊ မှူးမတ်နှင့် အထက်အရာရှိဗိုလ် မည်သူ့တို့ကို အကြောက်ဆုံးဖြစ်သနည်းဟု မေးရာတွင် အထက်အရာရှိဗိုလ်ကို အကြောက်ဆုံးဟု ဖြေသကဲ့သို့ပင်။ နီးရာဓါးက အကြောက်ရဆုံးဖြစ်လေသည်။ ဂိုဏ်းချုပ်နှင့်အကြီးအကဲများသည် တတိယတန်းတပည့်များကို ကလေးများဟု မြင်၍ ထွေထွေထူးထူး ငေါက်ငမ်းပညာပြခြင်း မရှိပေ။

သို့သော် အသက်မတိမ်းမယိမ်းသာ ကွာသည့် ဒုတိယတန်းတပည့်များအနေနှင့်မူ ချွန်းမြောင်တို့ တတိယတန်းတပည့်လေးများသည် အမြဲလိုပင် ပညာပေးချင်စရာ ကြွက်စုတ်ကလေးများ ဖြစ်နေပေလိမ့်မည်။

သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ ပူညံပူညံကိစ္စများက ထပ်ကာလာတော့မည်ဟု ချွန်းမြောင် အာရုံရနေလေသည်။

"အား...ဘတ်ချုန်းဆိုလား....."

"အဟီးဟီး...တကယ်တော့ ငါကလည်း အဲ့မှာတုန်းက မရယ်လိုက်သင့်ဘူး..."

"အေးလေ..ပေါက်ကရတွေပြောနေတော့လဲ မရယ်အောင် ငါဘယ်ထိန်းနိုင်တော့မှာလဲ"

"တောင်ဘက်အစွန်အဖျားဂိုဏ်းကို အနိုင်ယူမယ်တဲ့....

ပြောတာကတော့ ကောင်းပါရယ့်......မိုးတလုံးလေတလုံးဖြစ်နေတာလေး တစ်ခုပဲ....ဟွန့်..."

"အိုး...ဆရာတူအကိုကြီး.....ဒီခေတ်မှာ ဒီလိုအရူးတွေ ကျွန်တော်တို့ဂိုဏ်းထဲရောက်နေပြီဆိုတာ သိရဲ့လား...

တကယ်ပါပဲ.....ဒီခေတ်ကလေးတွေကတော့....."

သာမန်ဆိုလျှင်မူ ဂိုဏ်းတစ်ဂိုဏ်းတွင် ပထမတန်းတပည့်များက အထွတ်အထိပ်ကို ရောက်ချိန်တွင် ဒုတိယတန်းတပည့်များက သိုင်းပညာကို ဆရာတစ်ဆူသဖွယ် တတ်မြောက်ရတော့မည် ဖြစ်လေသည်။ တတိယတန်းတပည့်များကမူ သိုင်းပညာ၏ အခြေခံကို ကျွမ်းကျင်ပိုင်နိုင်နေရတော့မည် ဖြစ်လေသည်။

ချွန်းမြောင်သည် တတိယတန်းတပည့်များ၏ အခြေအနေကို မြင်စကမူ အတော်ပင် အံဩသွားလေသည်။

ဒုတိယတန်းတပည့်များ၏ အခြေအနေကို သိရချိန်တွင်မူ စကားပင် မပြောနိုင်တော့ပေ။ ဆိုးဝါးစုတ်ပြတ်လွန်းလှပေသည်။

ချွန်းမြောင် ဟွာဆန်း၏အနာဂတ်ကို တွေးကာရင်လေးမိသွားလေသည်။

"ငါ တန်ဖိုးရှိတဲ့ ငါ့ရဲ့အချိန်လေးတွေကို ဒီလိုကြီး မကုန်ဆုံးခိုင်းလိုက်သင့်ပါဘူးလေ......."

"ဟူး....ဒီကလေးတွေ သိုင်းပညာမှာ ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်လာအောင် ငါဘယ်အချိန်ထိ စောင့်နေရမှာလဲ....."

ဤသည်က အဝေးကြီးလျောက်ကာ လှမ်းရမည့် ခရီးရှည်ကြီးပင်။

"ဆရာတူအကိုကြီးဂျိုဂု......တတိယတန်းတပည့်တွေအားလုံး လူစုရမယ်တဲ့......"

"ဘာလို့လဲ..."

"ဒုတိယတန်းတပည့်ကြီးတွေ ပြန်လာကြပြီမို့တဲ့,,,,"

"သိပြီ....မင်း အကြီးဆုံးဆရာတူအကိုကြီး ကိုရော ပြောပြီးသွားပြီလား"

"ဟုတ်..ပြောပြီးပါပြီ...သူခဏနေရင် လာခဲ့မယ်လို့ ပြောပါတယ်...."

"အင်း....အင်း....ဟုတ်ပြီ...."

ဂျိုဂု၏ သူ၏လေ့ကျင့်ရေးဝတ်စုံကို ချွတ်ကာ အသစ်တစ်ထည်ပြောင်းဝတ်လိုက်လေသည်။

နေလုံးကြီးကလည်း မကြာခင်တွင် အနောက်အရပ်ဆီသို့ ဝင်ပေတော့မည်။ တောင်စွယ်တွင် မေးတင်နေပြီဖြစ်လေသည်။

ဟိုတစ်ယောက် ပြန်လာပြီလား မသိဘူး....

ဂျိုဂုက သူ၏အခန်းထဲမှထွက်ကာ ချွန်းမြောင်၏အခန်းဆီသို့ ဦးတည်လာခဲ့လေသည်။ အခန်းရှေ့သို့ ရောက်သောအခါတွင်မူ တံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်လေသည်။

"ကျား....ယား.......အား..........."

"......."

ချွန်းမြောင်က အိပ်ယာထဲတွင် အသေကောင်တစ်ကောင်ကဲ့သို့ပင် အိပ်နေလေသည်။ အိပ်ယာပေါ်တွင် ကန့်လန့်ဖြတ်အနေအထားနှင့် အိပ်နေလေပြီး အိမ်မက်များကလည်း ယောင်နေလေသေးသည်။

"ဒီကောင် သောက်များသောက်ထားတာလားဟ"

အခန်းတစ်ခုလုံးကလည်း သေရည်နံ့များ လှိုင်လှိုင်ထနေပြီး အနံ့နှင့်ပင် မူးလောက်ပေသည်။

ဂျိုဂုသည် ချွန်းမြောင်ဆီသို့ သွားကာ ပုခုံးကိုကိုင်ကာ နှိုးလိုက်လေသည်။

"ချွန်းမြောင်....ဆရာတူညီလေး......ချွန်းမြောင်....ဟေ့....

ခွေးသား........"

"ဟင်......"

"အာ...နိုးလာပြီလား....နောက်ဆုံးက ကြားလိုက်တဲ့တစ်လုံးကို မကြားလိုက်ရဘူးလို့ပဲ သဘောထားလိုက်"

"ထ...ထ ....မြန်မြန်လေးလုပ်......ဒုတိယတန်းတပည့်တွေပြန်လာတာကို ကြိုဆိုဖို့ အားလုံးလူစုနေကြတယ်.....

မြန်မြန်ထပြီး သန့်စင်လိုက်ဦး...မင်းရဲ့အခုပုံက တော်တော်ကို ကြောက်စရာကောင်းနေတယ်..."

"အာ..."

ချွန်းမြောင်က အကြောဆန့်ကာ ထကာလေသည်။

"ကျွန်တော်တို့ ကျွန်တော် နည်းနည်းလောက် အနားယူရမယ်လို့ ထင်နေတုန်းပဲ..."

ချီး....ဒါက အနားယူနေတာမဟုတ်လို့ ဘာတုန်းဟ....

"မင်း ...မြန်မြန်သာထပြီး ကိုယ်လက်သန့်စင်စမ်းပါ"

"အင်း......."

ချွန်းမြောင်က အိပ်ယာမှထလာပြီး အခန်းတွင်းမှ အရက်နံကို ပြေလွှင့်သွားစေရန် ချီစွမ်းအင်အနည်းငယ်ကို ထုတ်လွှတ်လိုက်လေသည်။

ဂျိုဂုကမူ ရနေသည့်သေရည်နံ့က ချက်ချင်းပင် ပျောက်သွားသည်မို့ မျက်လုံးများပင် ပြူးလာလေသည်။

"အင်း.....ထူးဆန်းလိုက်တာ....ငါ သေရည်နံ့ကို ထပ်မရတော့ဘူး......"

"သေရည်နံ့လား....အကိုကြီး ဘာဖြစ်နေတာလဲ...

ကျွန်တော်တို့က သန့်စင်မွန်မြတ်တဲ့ တာအိုလမ်းစဉ်ကို ကျင့်သုံးနေတဲ့သူတွေလေ.....သေရည်က ကျွန်တော်တို့နဲ့ ဘာအပ်စပ်လို့လဲ...ကြည့်စမ်း ဆရာတူအကိုကြီးက သေရည်တွေဘာတွေ ပြောနေတယ်....အကြီးအကဲတွေ သိသွားရင် အပြစ်ပေးခံနေရမယ်နော်...."

"မဟုတ်ဘူး....ငါတကယ်ပြောနေတာ.....စောနက သေချာပေါက်ကို......."

"ကဲ...လာ...သွားကြအောင်.......နောက်ကျရင် ကျွန်တော်တို့ အပြစ်ပေးခံနေရဦးမယ်"

ချွန်းမြောင်၏ ခေါ်သံကြောင့် ဂျိုဂုပြေးကန်ချင်စိတ်ပေါက်သွားလေသည်။

ဘယ်သူ့ကြောင့် နောက်ကျမလိုဖြစ်နေတာလဲ....ခွေးသားလေးရယ့်...ဟမ်....

"ဒါနဲ့ ကျွန်တော်တို့က ဘာလို့ သူတို့ပါသူတို့ ဂိုဏ်းကို ပြန်လာတာကို ထွက်ကြိုရတာလဲ"

"မင်းကလည်း သူတို့က ဒီလောက်ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ရေးတွေလုပ်၊ ဂိုဏ်းနဲ့အဝေးမှာနေပြီး ဒီလောက်ကြိုးစားခဲ့ရတာ...ထွက်ကြိုတာလောက်တော့ လုပ်ပေးရမှာပေါ့ကွ...."

ခက်ခဲကြမ်းတမ်းတယ်....ဟုတ်လား...

သူတို့ဟာသူတို့ တစ်နေရာရာမှာ အလုံပိတ်နေလိုက်တာနဲ့ သူတို့တွေချက်ချင်းအဆင့်တက်သွားပြီလို့များ ထင်နေကြတာလား....

အံ့ပါ့.....

ဂူထဲ အခန်းထဲဝင်၊ အာဟာရပြည့်အောင် ဖျတ်လတ်ခြင်းဆေးလုံးတွေစား၊ ဓါးလေး ဟိုယမ်းဒီယမ်းလုပ်လိုက်တာနဲ့ အခန်းပိတ်ကျင့်လာတယ်ပေါ့...

ငါမရယ်ချင်ပါဘူးနော်.......

ဘယ်လောက်တောင် သောက်အဓိပ္ပါယ် မရှိလိုက်တဲ့ကိစ္စလဲ....

ဒီလိုပုံစံနဲ့များ တောင်ဘက်အစွန်အဖျားဂိုဏ်းကို နိုင်ချင်နေသေးတာတဲ့.....

ကချော်ကချွတ် ကမြောက်ကခြောက် လေ့ကျင့်ခန်းလေးလောက်နဲ့တော့ အတော့်ကို အောင်မြင်နေပါဦးမယ်...

စောင့်နေကြပေါ့......

ငါတုန်းနဲ့ကများ တခြားစီပဲ....ငါလေး ဘယ်လောက်တောင် ကြိုးစားခဲ့လိုက်သလဲ.....

ကျိုးကြောင်းမဆီလျော်စွာနှင့် ပရမ်းပတာ အဖြစ်အပျက်များ ဟွာဆန်းတွင် ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်က နှစ်ရာချီနေပြီဖြစ်လေသည်။

"ပြောကြတာတော့ အကိုကြီးတို့တွေက ဒီတစ်ခေါက်တော့ သေချာပေါက် တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်နိုင်ကြတော့မှာတဲ့...... သေချာပေါက်တောင် နိုင်လောက်တယ်လို့ ပြောနေကြတယ်.....

ဂိုဏ်းချုပ်ကိုယ်တိုင်တောင် သူတို့ကို ထွက်ကြိုမယ်ဆိုလားပဲ"

"ဪ..အဲ့လိုလား....."

"ဟုတ်တယ်...ဘတ်ချုန်း နည်းပြကိုယ်တိုင်ကိုက တောင်းဆိုထားလို့တဲ့လေ"

"ဪ..အေးပေါ့...အေးပေါ့...."

"မင်းလည်း နေတာထိုင်တာလေး ဂရုစိုက်ဦး....အကြီးအကဲတွေက ဘာမှမပြောပေမယ့်.....

ဘတ်ချုန်း အကိုကြီးက တော်တော်လေး စည်းကမ်းတင်းကြပ်တယ်....မင်း ဒီတိုင်းပဲ ဆက်နေနေရင်

ပြဿနာတက်လိမ့်မယ်...."

"အေးပါ...အေးပါ"

"ငါ သတိပေးထားတယ်နော်...ပြီးမှ မပြောဘူး မလုပ်နဲ့....."

"အေးပါ...အေးပါ"

လူစုနေသောနေရာသို့ ရောက်သည့်အခါတွင်မူ ဂျိုဂုကလည်း သူ၏နေရာသို့ သွားလေပြီး ချွန်းမြောင်က တတိယတန်းတပည့်များ၏ နေရာတွင် ဝင်ကာရပ်လိုက်လေသည်။ ချွန်းမြောင်ရောက်သွားသောအချိန်တွင်မူ လူက အတော်လေးပင် စုံနေပြီဖြစ်၏။

ဂိုဏ်းချုပ်၊ အကြီးအကဲများ၊ အန်း နည်းပြများနှင့် အကြီးအကဲပိုင်းမှ လူကြီးများလည်း လူစုံရောက်ရှိနေကြလေ၏။ အားလုံးက ဝင်ပေါက်ဝတွင် မတ်တပ်ရပ်ကာ ဒုတိယတန်းကလေးများ ပြန်အလာကို စောင့်နေကြလေသည်။

"သူတို့တွေ လာကြပြီ"

"တံခါးကို ဖွင့်လိုက်"

ဟွာဆန်း၏ ဝင်ပေါက်တွင်ရှိသော အသစ်ပြန်လည်ပြုပြင်ထားသည့် တံခါးကြီး နှစ်ချပ်ကာ ပွင့်လာလေပြီး အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဒုတိယတန်းတပည့်များက ဝင်ရောက်လာကြလေသည်။

"ဝိုး...."

"မိုက်လိုက်တာ..."

"လေထဲကတောင် နည်းနည်း အောင်မြင်မှုအနံ့တွေ ရလာသလိုပဲ"

အန်း နည်းပြများက ဝမ်းပန်းတသာနှင့် လက်ခုပ်လက်ဝါးတီးကာ ကြိုဆိုကြလေပြီး အကြီးအကဲများကလည်း ပြန်ရောက်လာကြသည့် တပည့်များကို ကြည့်ကာ ပြုံးပျော်နေကြလေသည်။

မပြုံးမပျော်နှင့် ရုပ်တည်ကြီး ဖြစ်နေသူက တစ်ဦးသာ ရှိလေသည်။

ဒါကြီးက ဘယ်ချိန်ကျမှ ကြိုလို့ ပြီးမှာတုန်းဟ...

ချွန်းမြောင်ကမူ ကြိုဆိုသည့်အလုပ်ကြီး ပြီးသွားလျှင် တောင်အောက်သို့သွားကာ နောက်တစ်ကြိမ် ထပ်စားရန် ပြင်ဆင်နေလေသည်။

ဒုတိယတန်းတပည့်များကို ဦးဆောင်လာသည့် အကြီးဆုံးတပည့်ကြီး ဘတ်ချုန်း၏မျက်နှာတွင်မူ လင်းလက်တောက်ပသော အပြုံးလေးက ရှိနေလေသည်။

"ဝိုး....ကြည့်ပါဦး..."

"အကိုကြီးက ချောလိုက်တာ...."

ချောမောခန့်ညားစွာဝင်လာသည့် လူကို ကြည့်ရင်း ချွန်းမြောင် နှာခေါင်းရှုံလိုက်လေသည်။

အိုး....အကိုကြီး....မြန်မြန်လေး ဝင်လာခဲ့လိုက်ပါလား.....

ဘတ်ချုန်းက လက်ခုပ်တီးကာ ဝမ်းပန်းတသာကြိုဆိုနေကြသူများ အားလုံးကို အပြုံးလေးနှင့် တုံ့ပြန်နေပြီး တစ်နေရာရောက်သွားသည့်အခါတွင်မူ ရပ်သွားလေသည်။ ခဏမှစိုက်ကြည့်လိုက်ကာ ထိုနေရာသို့ သွားလေတော့သည်။

"စကားမစပ်.....

ဒီက ဂိုဏ်းတူညီလေးနဲ့ကျွန်တော်တို့ အရင်က တွေ့ဖူးကြလား မသိဘူးနော်....."

"..........."

ဘာတုန်း....ဘာတုန်း ...ဒီကောင်က ငါဘယ်သူမှန်း သိသွားတော့တာလား....

ဒီခွေးသားကတော့ တကယ်ပညာပေးဖို့ လိုနေပြီပဲ.......ချီး........

အပိုင်း (၇၅)

ဟွာဆန်းမှာ အပြောင်းအလဲတွေတော့ ရှိလာပြီ(၅)

ဘတ်ချုန်းက ချွန်းမြောင်အား တောက်ပစွာပြုံးပြလာလေသည်။ အပြုံးလေးက တောက်ပလွန်းနေပြီး ရောင်စဉ်များပင် ဖြာထွက်နေသည့်အလားပင်။

ဤမြင်ကွင်းကို ကြည့်ကာ ချွန်းမြောင်သည်လည်း အတိတ်ဘဝက သူ့ကိုယ်သူပြန်သတိရသွားလေသည်။

မိန်းမဆန်ဆန်ချောမောသည်မဟုတ်ဘဲ စူးရဲဆွဲညှို့နိုင်သောချောမောခြင်းမျိုးနှင့် သူသည်လည်း တစ်ခေတ်တစ်ခါတော့ ရှိခဲ့ပေသည်။ သို့သော် ဤမျက်စိရှေ့မှ လူထက်ချောမောသည်ကတော့ သေချာပေသည်။

ဤ ဘတ် ကောင်က သူ့အားပြဿနာရှာချင်နေပုံရသော်လည်း သူကတော့ဖြင့် ထိုသို့အဖြစ်ခံမည်မဟုတ်ပေ။

"အကိုကြီး ဘာပြောလိုက်တာလဲ မသိဘူးခင်ဗျာ"

မင်းကို တစ်ခါမှ မမြင်ဖူးသလိုမျိုး ငါက ဟန်မဆောင်ဘူးလို့ ထင်နေတာလား....

"မင်းက မသိဘူးလား....ငါတို့ တွေ့ဖူးကြတယ်မို့လား"

"ဟင့်အင်း..မတွေ့ဖူးပါဘူး"

"ဟမ်....ဟုတ်လို့လား...."

ဘတ်ချုန်းက မယုံသင်္ကာမျက်လုံးများနှင့် ရှေ့သို့တိုးလာလေသည်။ တမင်သက်သက်ပင် ဤကလေးက ခံငြင်းနေသည်ကိုလည်း သိလေသည်မို့ တမင်ပင် သူ့အားရန်စနေသကဲ့သို့ပင်။ ဤကလေးကို ဖော်ထုတ်ပစ်မည်ဟုပင် တွေးလိုက်လေသည်။

"ဟုတ်လား...ထူးဆန်းလိုက်တာ...ငါတော့ မင်းကို ရင်းရင်းနှီးနှီးကို မြင်ဖူးနေသလိုပါပဲ.....

ဘယ်တုန်းကများ ဆုံဖူးတာပါလိမ့်"

ဘတ်ချုန်းကလည်း အသေအချာကြီးပင်ပြောနေကာ ချွန်းမြောင်ကလည်း ဘူးခံနေသည်မို့ ယွန်းဂျွန်မနေသာတော့ပေ။ ကြားဝင်ရလေတော့သည်။

"အကိုကြီး....ဒီကလေးက အကိုကြီးတို့ တံခါးပိတ်ကျင့်စဉ်ကျင့်ဖို့ ဂိုဏ်းကနေထွက်သွားတဲ့အချိန်မှ ရောက်လာတဲ့ကလေးပါ.......ဆိုတော့ အကိုကြီး သူ့ကို မသိလောက်ပါဘူး....လူမှားနေတာ နေမှာပါ"

"ဪ...အဲ့လိုလား...ငါသိပြီ"

ဘတ်ချုန်းက ယွန်းဂျွန်ကို ပြုံးပြကာ ချီးကျူးလိုက်လေ၏။

"ကြည့်ရတာ မင်းတို့က ရင်းနှီးတယ်ထင်တယ်.....ဆရာတူအကိုကြီးအနေနဲ့ မင်းက အငယ်တွေကို ကောင်းကောင်းဂရုစိုက်ပေးတတ်သားပဲ...အဲ့လိုဂရုစိုက်ပေးတာက ကောင်းတယ်လို့ မင်းရောထင်တယ်လား"

"ဟုတ်ကဲ့...ထင်ပါတယ်"

ယွန်းဂျွန်က ဘတ်ချုန်းပြောသည်ကို ကောင်းကောင်း နားမလည်သော်လည်း ခေါင်းငြိမ့်ကာသာ ထောက်ခံလိုက်လေသည်။

"ကြည့်ရတာ ရေစက်တွေတော့ ပါလာပြီထင်တယ်....ဒါက ပထမဆုံးအကြိမ်တွေ့တာဆိုရင်တောင် ငါကတော့ ဒီကလေးကို ရင်းရင်းနှီးနှီးကို မြင်ဖူးနေတယ်......နောက်လည်း ရှေ့လျောက်ပြီး တွေ့ရဦးမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိထားတော့ ကောင်းတာပေါ့....မင်းနာမည်က ဘာတဲ့လဲ"

"ချွန်းမြောင်"

"ငါက ဘတ်ချုန်း....သေချာပေါက် ငါ့နာမည်ကို မှတ်ထားနော်"

ထိုစဉ်မှာပင် အလျင်လိုနေသော ငေါက်ငမ်းသံက ထွက်လာလေသည်။

"မင်းက ဒီမှာ အရည်မရ၊ အဖတ်မရတွေ လာပြောနေတာပေါ့လေ...ဂိုဏ်းချုပ်ကတော့ မင်းကိုစောင့်လို့ ......."

"အာ...ကျွန်တော်တောင်းပန်ပါတယ်.....အခုလာပါပြီခင်ဗျ"

ဘတ်ချုန်းသည် သူ့အား လာခေါ်သော အန်းဂွန်ကို အရိုအသေပေးကာ သူ၏ဒုတိယတန်းအတန်းဖော်များနှင့် ပေါင်းကာ အကြီးအကဲများစောင့်နေရာသို့ သွားလေတော့သည်။

ဘတ်ချုန်း ထွက်သွားသည်နှင့် အဖြစ်အပျက်အား ကြည့်နေသောဂျိုဂုက ချွန်းမြောင်နားသို့ ရောက်လာကာ တိုးတိုးလေး ကပ်မေးလာလေသည်။

"မင်း အကိုကြီး ဘတ်ချုန်းနဲ့ အရင်က တွေ့ဖူးလို့လား"

"လုံးဝပဲ"

ဟွန့်...တွေ့ဖူးလည်း မင်းကို မပြောပြဘူး....

"သတိထားဦးနော်...ဘတ်ချုန်းအကိုကြီးက ဒုတိယတန်းတပည့်ကိုမှ ကြီးကျယ်မြင့်မြတ်တဲ့သူမျိးကွ"

"ကြီးကျယ်မြင့်မြတ်တာ,,,,ဟုတ်လား"

"ဟုတ်တယ်"

ယွန်းဂျွန်ကလည်း ဂျိုဂု၏စကားကို ဝင်ကာထောက်ခံလေသည်။

"သူ့ကို ဟွာဆန်းဂိုဏ်ရဲ့ ကယ်တင်ရှင်လို့တောင် ပြောနေကြတာ... ...ချွတ်ခြုံကျနေတဲ့ ဟွာဆန်းကို ပြန်ပြီး ဦးမော့လာအောင် လုပ်ပေးမယ့်သူလို့ ပြောြကတာပဲ"

"ကယ်တင်ရှင်လား...."

ဤ ကယ်တင်ရှင် ဟူသော စကားလုံးက ချွန်းမြောင် အရင်းနှီးဆုံးသောစကားလုံးဟုပင် ပြော၍ရလေသည်။ အတိတ်ဘဝကို အရာတစ်ခုအား သူကယ်တင်ပြီးလေတိုင်း ပြောခံရသော စကားလုံးဖြစ်၍ ထိုစကား၏ အတိမ်နက်နှင့် ဝန်ထုပ်ဝန်ပိုးကိုလည်း ကောင်းစွာနားလည်လေသည်။

ချွန်းမြောင်က ထိုကယ်တင်ရှင်ဟူသော အကြောင်းအရာကို ဆက်ကာမတွေးချင်တော့သောကြောင့် စကားဝိုင်း၏ ခေါင်းစဉ်ကို မသိမသာလမ်းလွဲလိုက်လေသည်။

"ဟင်း.....ဂျိုဂုကသာ ဟွာဆန်းရဲ့ သူရဲကောင်းပါကွာ...."

"ဟ...မင်း ဘယ်လိုပြောလိုက်တာလဲ...မင်းပြောတာကို တစ်ယောက်ယောက်ကြားသွားပါဦးမယ်"

ချွန်းမြောင်၏စကားများကြောင့် ဂျိုဂုက မျက်နှာများပင် နီတက်လာကာ ရှက်သွေးဖြာနေလေတော့သည်။

"ဘတ်ချုန်းအကိုကြီးဆိုတာက ငါ ယှဉ်နိုင်မယ့်လူမျိုးမဟုတ်ပါဘူး"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ....နှိမ့်ကျတတ်တဲ့ စိတ်ထားရှိတာကတော့ တကယ်ကောင်းပါတယ်......အရှုံးပေးသလိုလို နေတတ်တဲ့သူတွေက ပိုပြီးတော့ အနိုင်ယူချင်စိတ်ကြီးတယ်လို့တော့ ကြားဖူးတာပဲ"

"ဟမ်...ဘယ်လို"

"ဘာမှ မဟုတ်ပါဘူး...ဆရာတူအကိုကြီး"

ချွန်းမြောင်သည် ထွက်သွားလေပြီဖြစ်သော ဘတ်ချုန်းတို့ တသိုက်ကို ကြည့်လိုက်လေသည်။

ကြက်မတစ်အုပ်ကြားထဲက ဘဲငန်းလေး ကျနေတာပဲ....

အကျည်းတန်သူတွေကြားမှ လူချောလေး...ကြားရသည်ကတော့ ကောင်းလှပေသည်။

သို့သော် ကြက်က ကြက်၊ ငန်းက ငန်းပင် ရောထွေးနေ၍ မသင့်ပေ။ အဆင်းရှိပြီး အချင်းမရှိလျှင်လည်း အလကားပင်။ သူ့ကို ကြည့်ရတာ လျှို့ဝှက်ထားတဲ့ အားနည်းချက်တွေတော့ ရှိနေတဲ့ပုံပဲ။

ချွန်းမြောင်က ဘတ်ချုန်းဆီသို့ ကြည့်ကာ မျက်မှောင်ကြီးကြုံနေသည်မို့ ယွန်းဂျွန်က ဆက်ကာ ရှင်းပြလာလေသည်။

"တကယ်တော့ အကိုကြီးဘတ်ချုန်းရဲ့ ဓါးသိုင်းက အထွတ်အထိပ်တစ်ခုကို ရောက်နေပြီလို့ ပြောကြတယ်ရယ်...

ငါကြားဖူးတာကတော့ အကြီးအကဲတွေကလည်း သူ့အပေါ်မှာ မျှော်လင့်ချက်တော်တော်ကြီးကြတယ် ဆိုပဲ....

သူက ငယ်ငယ်လေးကတည်းကကို ထူးချွန်တာတဲ့"

"ဪ"

ဟွာဆန်းတွင် ဒုတိယတန်းတပည့်များ များစွာရှိသော်လည်း ဘတ်ချုန်းက အရေးအပါဆုံးသူဖြစ်သည်ကို ချွန်းမြောင် သိလိုက်ရလေသည်။

အင်း...ဒါကတော့ တော်တော်ကို ဆိုးတာပဲ...

အဘယ်ကြောင့်ဆိုသော် အရေးအပါဆုံးလူဟူသော ဂုဏ်ပုဒ်ကို လက်ခံရသည်နှင့် ထိုလူက အရာအားလုံးတွင် အားလုံးထက် နှာတစ်ဖျားသာကာ တော်၍ ထက်မြက်နေရန်လိုအပ်သွားပြီ ဖြစ်လေသည်။ ချွန်းမြောင်၏ အတိတ်ဘဝတုန်းက ဆိုလျှင်မူ ချွန်းမြောင်သည် တခြားသူများထက် ပို၍ သိုင်းပညာများကို သင်ယူရန်၊ ကြိုးစားရန် ဖိအားပေးခံရပြီး အလွန်အမင်းလည်း ကြိုးစားခဲ့ရလေသည်။ တိုတိုတုတ်တုတ် ပြောရလျှင်မူ လူတိုင်း၏ မျှော်လင့်ချက်နှင့်ရှင်သန်ပေးရသည့်ဖြစ်၍ တာဝန်ဝတ္တရားက ကြီးမားလေးလံလွန်းလှကာ ပင်ပန်းလွန်းလှခဲ့ပေသည်။ သို့သော် ထိုမျှော်လင့်ချက်နှင့် ထိုက်တန်သော လေးစားမှု တို့တော့ ပြန်ရခဲ့လေသည်။

မည်သို့ပင် ဖြစ်စေကာမူ အဖွဲ့အစည်းတစ်ခုဆိုသည်က တစ်ဦးတစ်ယောက်တည်းနှင့် ရပ်တည်၍ ရသည့်အမျိုးအစား မဟုတ်ပေ။ အများကောင်း ၊ အုပ်စုလိုက်ကောင်း၊ အဖွဲ့အစည်းလိုက်ပါ ကောင်းနေမှသာ တိုးတက်သော အဖွဲ့အစည်း ဖြစ်လာပေလိမ့်မည်။ သို့ဖြစ်၍ ဟွာဆန်းတိုးတက်လာရေးက တစ်ဦးတည်းကောင်းနေ၍ မရပေ။ ဂိုဏ်းတွင်းရှိ ဂိုဏ်းသားအားလုံးကောင်းမွန်နေမှသာ ရပေလိမ့်မည်။ သို့ဖြစ်၍ ဟွာဆန်းတိုးတက်ရေးအတွက် လိုအပ်နေသည်က ထူးချွန်ထက်မြက်သော ဂိုဏ်းသားများ မွေးထုတ်ပေးရေးပင် ဖြစ်လေသည်။ သို့သော် အရေးကြီးလိုအပ်သည်တစ်ခုက ရှိလေသေးသည် ငွေ ပင်

ငွေ မရှိလျှင် ထူးချွန်ထက်မြက်သော ဂိုဏ်းသားလည်း မမွေးထုတ်နိုင်သကဲ့သို့ ဂိုဏ်းလည်းရပ်တည်နိုင်မည် မဟုတ်ပေ။

"အကိုကြီးတွေ ကြည့်ရတာ သန်မာမယ့်ပုံ ပေါ်မနေဘူးလား"

" အကိုကြီးတွေကို မင်းဘယ်လိုမြင်လဲ ငါ့ကို ပြောပြစမ်းပါ"

"အရမ်းမိုက် အရမ်းတော်"

သူ့ရှေ့တွင် ချီးမွန်းခန်း ဖွင့်နေသော လူနှစ်ယောက်ကိုကြည့်ကာ ချွန်းမြောင် မျက်ဖြူလန်မိသွားလေသည်။

ဒီအရူးနှစ်ကောင်ကတော့ မျက်စိရှေ့မှာမြင်နေရတာလေးပဲ ကြည့်တတ်ကြတယ်....

သို့သော် ဤသည်ကလည်း သူတို့နှစ်ယောက်အပြစ်တော့ မဟုတ်ပေ။ လောကကြီးတွင်ရှိသော လူအားလုံးတို့သည် အရာအများစုနှင့် ကိစ္စအများစုကို အရှည်မကြည့်ဘဲ မျက်စိရှေ့တွင် မြင်နေရသောအမြင်လေးနှင့်သာ အကဲခတ်ကြသည်ပင်။ ဤသည်က သဘာဝလိုပင် ဖြစ်နေ၍ အပြစ်ဟူ၍တော့ ဆို၍ မရပေ။

ဟိုကောင်တွေက လည်း အထင်ကြီးရင် ကြီးချင်စရာ.....အားသာ မရှိကြတာ....ထွားကြိုင်းသလား မမေးနဲ့....

"အကိုကြီးတွေကြည့်ရတာတော့ ဆရာတူအကိုကြီးဂျိုဂုကတောင် ဓါးရေးပြိုင်ရင် နိုင်မယ့်ပုံပါ"

ချွန်းမြောင်၏ ဝင်ပြောလိုက်သောစကားကြောင့် ဂျိုဂု၏မျက်နှာက ငိုရခက် ရယ်ရခက်ဖြစ်သွားကာ အီလည်လည်အပြုံးကြီး ပြုံးပြလာလေသည်။

"မဟုတ်တာ"

"အာ...ဟုတ်ပါတယ်ဆို"

အေးပါကွာ...ငါ လေး မငြင်းတော့ပါဘူး..

မင်းက ဆရာတူအကိုကြီးဆိုတော့လည်း ငြင်းပေါ့...

ငါလေးနားထောင်ပေးရမှာပါပဲ....

အရင်ဘဝကရော အခုဘဝရော ဆရာတူအကိုကြီးတွေရဲ့ စကားကို နားထောင်နေပါတယ်....

ငါ့စကားကျ ဘယ်သူမှလည်း နားမထောင်ကြပါလား....

ချွန်းမြောင်က သူ၏ဆရာတူအကိုကြီးများနှင့် စကားပြောနေစဉ်မှာပင် ဒုတိယတန်းတပည့်များက လူစုပြီးနေပြီဖြစ်သည်။ ထိုစဉ်မှာပင် ဒုတိယတန်းတပည့်များ လူစီနေရာသို့ တစ်စုံတစ်ယောက်က ပြေးကာဝင်လာလေသည်။

ချွန်းမြောင် ပြေးဝင်လာသူကို ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်သွားလေသည်။

နေပါဦး...ဒီတစ်ယောက်ကလည်း ဘတ် တပည့်ပဲ မို့လား...

ယု....ဆိုတဲ့ တစ်ယောက်......ယု ဘာ......

ချွန်းမြောင်နှင့် ထိုတစ်ယောက်က ကြုံဖြစ်ကြသည်က တစ်ကြိမ်မကတော့သည်မို့ ချွန်းမြောင် အာရုံစိုက်ကာ ထိုတစ်ယောက်ကို ကြည့်လိုက်လေသည်။ ချွန်းမြောင် က စူးစူးရဲရဲပင် ကြည့်နေသည်မို့ ယွန်းဂျွန်ကလည်း လိုက်ကြည့်ကာ ပြောလာလေ၏။

"မင်း ကြည့်ရတာ အမကြီး ယုကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတဲ့ပုံပဲ"

"ဘာကြီး"

"ယုရီဆိုးလေ....သူ့ကို ပထမဆုံးအကြိမ် မြင်ဖူးတဲ့ဘယ်သူမဆို အကြည့်မလွဲနိုင်တာကတော့ ဖြစ်နေကြပဲ...

အေးလေ...လှတာကလည်း ပြောမနေနဲ့ကို"

"ဆရာတူအကိုကြီး..."

"ဟမ့်"

"အကိုကြီးမှာ သစ်ကြံပိုးမှုန့်လေးများ နည်းနည်းလောက် မရှိဘူးလား"

"ဘာလုပ်ဖို့လဲ"

"ကျွန်တော့်နားထဲ ထည့်ချင်လို့....အကိုကြီး ဂျိုဂု ချီးကျူးတာတွေ နားထောင်ရလွန်းလို့ နားက သွေးထွက်လာပြီထင်တယ်"

ချွန်းမြောင်၏ အငေါ့တူးစကားကို နားမလည်စွာပင် ယွန်းဂျွန်က အတည်ကြီး ပြန်ဖြေလာလေသည်။

"အေးအေး.....ငါ့မှာ နည်းနည်းတော့ ရှိသေးတယ် ထင်တယ်...ဒါပြီးရင် ရှာပေးမယ်လေ"

"ကျေးဇူးပါ"

ဂျိုဂုကမူ မှုန်ကုတ်သွားလေသည်။

"ငါပြောတာ ဘာမှားလို့လဲ....ယု အမကြီးအကြောင်းကို မသိတဲ့သူဆိုတာ ဘယ်နှယောက်လောက် ရှိလိုလဲ...

သူက ရှန်ရှီတခွင်မှာ အလှဆုံးမိန်းကလေးတောင် ဖြစ်ရင်ဖြစ်နေဦးမှာ"

ဂျိုဂုကမူ နှုတ်ပိတ်မသွားဘဲ ဘေးမှနေကာ ကြက်တူရွေးတစ်ကောင်ကဲ့သို့ တတွက်တွက်ပြောနေသည်မို့ ချွန်းမြောင် စိတ်ညစ်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေတော့သည်။

"ဟွာဆန်းမှာ အမကြီးက အလှဆုံးဆိုတာ လူတိုင်းသိပါတယ်...မင်းပြောနေတာနဲ့ပဲ လူတိုင်း ငါတို့ပြောနေတာတွေကို သိကုန်တော့မယ်......အေး အမကြီး ပြန်သိသွားရင်တော့ သူ့အကြောင်းပြောနေတဲ့ ငါတို့ကို ဒီတိုင်းထားမယ် မထင်ဘူးနော်"

"ဘာလဲ...ကျွန်တော် ပြောတာတွေက ဟုတ်တာပဲကိုး"

ဂျိုဂုက ယုရီဆိုးကို ညွှန်ပြကာ မေးလာလေသည်။

"ပြော...လှလား..မလှဘူးလား"

"ဟင်း....."

ချွန်းမြောင်က မဖြေရသေးခင်မှာပင် ဂျိုဂုက ဆက်ကာပြောလာလေ၏။

"မင်း စိတ်ကူးတွေ ယဉ်မနေနဲ့,,, အမကြီးယုရဲ့ ရင်ထဲမှာ အကိုကြီး ဘတ်ချုန်းက နေရာယူထားပြီးသား"

"ဆရာတူအကိုကြီး..."

"ပြော"

"သူများရဲ့ အချစ်ရေးကို စိတ်ဝင်စားပြီး အချိန်ကုန်နေမယ့်အစား ကိုယ့်ကိုယ် ထင်ပေါ်ကျော်ကြားအောင် လုပ်ပေးနိုင်မယ့် လေ့ကျင့်ရေးတွေပဲ လုပ်နေပါလား...အလကားအကြောင်းအရာတွေနဲ့ အချိန်ကုန်မနေနဲ့"

"မင်း က သူများတွေကို ဒီလိုလိုက်ပြီး ပြောပေးတတ်တဲ့သူ မဟုတ်ပါဘူး,...ခုမှ ဘာဖြစ်"

"ကဲ....တော်ကြတော့"

ယွန်းဂျွန်က တားလိုက်သည်မို့ လူခွဲကာ ငြင်းနေကြသည်ကို ရပ်လိုက်လေသည်။

ဒုတိယတန်းတပည့်များ လူစီပြီးသွားသည်နှင့် ဂိုဏ်းချုပ်က အားလုံးကိုကြိုဆိုကာ နွေးထွေးစွာ ပြုံးပြလေသည်။

"မင်းတို့ အားလုံးကြိုးစားခဲ့ကြပါတယ်...လေ့ကျင့်ရေးကတော့ ပျော်စရာကောင်းခဲ့မှာ မဟုတ်ဘူး ...

ဟုတ်တယ်မို့လား..."

ဘတ်ချုန်းက ဒုတိယတန်းတပည့်များ အားလုံး၏ကိုယ်စား ပြန်ဖြေပေးလေသည်။

"ဂိုဏ်းချုပ်.....လေ့ကျင့်ရေးက အခက်ခဲကြီး မဟုတ်ခဲ့ပါဘူး...

ကျွန်တော်တို့ လေ့ကျင့်ရေးပြီးသွားတယ်ဆိုတာကလည်း လိုအပ်သမျှကို ဂိုဏ်းက ထောက်ပံ့ပေးနေလို့ပါ...

ဂိုဏ်းရဲ့ အထောက်ပံ့ကို ကောင်းကောင်းကြီး ရထားတဲ့ ကျွန်တော်တို့က ဘယ်လိုလုပ် ခက်ခဲပင်ပန်းတယ်လို့ ပြောလို့ ရပါ့မလဲခင်ဗျာ"

"လေ့ကျင့်ရေး အခြေအနေကရော ကောင်းကြရဲ့လား"

ဘတ်ချုန်းက အပြုံးလေးနှင့်ပင် ဆက်ကာဖြေလေ၏။

"ကျွန်တော်တို့ အားလုံး အဆုံးမရှိလောကကြီးထဲက ဓါးသိုင်းပညာရဲ့ အနားသတ်မဲ့ အဆုံးမဲ့တဲ့သဘောကို ကောင်းကောင်း သဘောပေါက်နိုင် ကြိုးစားနေကြတုန်းပါ....ဒါပေမယ့်လည်း ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကိုတော့ ပြန်တည်ဆောက်နိုင်လောက်မယ့် အခြေအနေကို ရောက်ခဲ့ကြပါပြီ..."

"ကောင်းလှပါပေတယ်"

ဟွမ်းဂျွန်က ဟွမ်းယုန်ကို ကြည့်လိုက်လေသည်။

"ဘဏ္ဍာရေးမှူးကြီး"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

"ကလေးတွေက အခုမှ လေ့ကျင့်ရေးက ပြန်ရောက်လာတာဆိုတော့ ကျွန်တော်တို့ ကြိုဆိုပွဲလေး လုပ်ပေးကြရင် မကောင်းဘူးလား..."

"ဘာ....ဘာကိစ္စ.........အယ်.....မဟုတ်ပါဘူး.....ဒါပေါ့...ဒါပေါ့...

ကျွန်တော်တို့ လုပ်ပေးရမှာပေါ့"

"......."

ဟွမ်းဂျွန်က နေရာစုံ ထောင့်စုံတွင် နှမြောနေသော ဟွမ်းယုန်ကို တချက်မျက်စောင်းထိုးလိုက်လေတော့သည်။

"အာ....ကျွန်တော်တို့ စားပွဲသောက်ပွဲကို စားသောက်ခန်းမထဲမှာ ပြင်ဆင်ပေးထားပါတယ်....

အားလုံး စိတ်တိုင်းကျ စားလို့ လောက်နိုင်ပါတယ်"

"ကောင်းပြီ"

ဟွမ်းဂျွန်က ဒုတိယတန်း တပည့်များကို ကြည့်ကာ ပြောလိုက်လေသည်။

"မင်းတို့ကို ပြောချင်တာတွေ အများကြီးရှိတယ်ဆိုပေမယ့် မင်းတို့ကလည်း အခုမှ ခရီးရှည်ကြီးက ပြန်ရောက်လာတာက တစ်ကြောင်း ၊ နောက်လည်း တွေ့ဖို့ အချိန်ရသေးတာက တစ်ကြောင်းဆိုတော့ အခုတော့ မပြောတော့ပါဘူး....

အထဲဝင်ပြီး နားကြလို့ ရပါပြီ"

"ဂိုဏ်းချုပ်.....လေးစားစွာနဲ့ပဲ ကျွန်တော်တစ်ခုလောက် မေးလို့ ရမလားခင်ဗျာ"

"လွတ်လွတ်လပ်လပ်မေးလို့ ရပါတယ်"

"ကျွန်တော်တို့ စဝင်လာကတည်းက ဂိုဏ်းရဲ့အသွင်အပြင်က အရမ်းကို ပြောင်းလဲနေလို့ ကျွန်တော်တို့ အံဩနေကြတာပါ....ဟွာဆန်းမှာ ဘာတွေများ ဖြစ်နေတာလဲ ခင်ဗျာ"

"ကောင်းတဲ့ကိစ္စတွေပေါ့.....ကျေးဇူးကြောင့်ပဲ ငါတို့ရဲ့ အရာအားလုံးကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီ"

"မင်းမှာ မေးခွန်းတွေ ရှိနေသေးရင်လည်း နောက်တော့ဖြေးဖြေးမေးလို့ ရပါတယ်....ရှေ့လျောက် အတူရှိနေရမှာပဲကို"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

"ယုအန်း..."

"ဟုတ်ကဲ့"

"ကလေးတွေကို သေချာလေး ဂရုစိုက်ပေးလိုက်ပါဦး...သူတို့တွေ ပင်ပန်းနေကြမှာ"

"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်"

ဟွမ်းဂျွန်က ယုအန်းအား ပြောပြီးသည်နှင့် တဖက်သို့ လှည့်ကာ ခေါ်လိုက်လေသည်။

"ချွန်းမြောင်"

"........."

ခေါ်သံကြောင့် ချွန်းမြောင်က မှုန်ကုတ်သွားလေသည်။

ဒီအဖိုးကြီးကတော့ ငါ့ကို ခေါ်လို့မပြီးတော့ဘူးလား.......

ဘာမှလည်း လုပ်စရာမရှိဘဲနဲ့လေ...တကယ်ပဲ.....

"ဟုတ်ကဲ့...ဂိုဏ်းချုပ်"

"ငါ့အခန်းကို ခဏလာခဲ့ပါဦး....ဆွေးနွေးချင်တာလေး ရှိလို့....."

"ထပ်ပြီးတော့လား"

ချွန်းမြောင်၏ စကားကြောင့် စကားဝိုင်းကို မသိမသာနားထောင်နေသော ဘတ်ချုန်း မျက်လုံးပြုးသွားလေသည်။

ထပ်ပြီးတော့လား......တဲ့ ......။ ဒီကလေးက ဂိုဏ်းချုပ်နဲ့ ဒီလိုတောင် ဆွေးနွေးလို့ ရတယ်ပေါ့....။

ဘတ်ချုန်းက သူပင် နားကြားမှားလေသလားဟု တွေးမိသွားလေသည်။ ဂိုဏ်းချုပ်နှင့် တတိယတန်းတပည့်က အထွေအထူးဆွေးနွေးစရာတော့ မရှိဟု သူထင်လေသည်။

ထို့ပြင် ဂိုဏ်းချုပ်က ကလေး၏ ညည်းညည်းညူညူလေသံကိုပင် စိတ်မဆိုးဘဲ ပြုံးနေလေသေးသည်။

"ငါ သွားရည်စာလေး ဘာလေး လုပ်ထားလိုက်မယ်လေ"

"သိပါပြီ.....ကျွန်တော် လာခဲ့လိုက်ပါ့မယ်...."

ချွန်းမြောင်၏စကားကြောင့် ဟွမ်းဂျွန်က ပြုံးကာ ချွန်းမြောင်အား ပြန်လွတ်လိုက်လေတော့သည်။

ဘတ်ချုန်းကမူ မြင်လိုက်ရသောမြင်ကွင်းကြောင့် မနေနိုင်စွာပင် အန်းဂွန်အား မေးလေတော့သည်။

"နည်းပြ....အဲ့ကလေး......အဲ့ကလေးလေ ...သူက ဘယ်သူလဲ"

"ဪ..."

"ငါ့အထင်တော့ မင်း သူနဲ့ ဝေးဝေးနေတာ ကောင်းလိမ့်မယ်....မဟုတ်ရင် ရူးသွားမှာဆိုးလို့"

"ဘယ်လို"

"အထူးသဖြင့် မင်းပေါ့....ဝေးဝေးသာနေ"

အန်းဂွန်က ပြုံးကာ ပြောလိုက်လေပြီး ဘတ်ချုန်း၏ ပုခုံးကို ပုတ်လိုက်လေသည်။

"မင်းတို့ ပစ္စည်းတွေ ထားခဲ့ပြီးရင် စားသောက်ခန်းမထဲ လာခဲ့ကြ.....နောက်မကျကြစေနဲ့"

"ဟုတ်ကဲ့ပါ"

ဘတ်ချုန်းက မူ အန်းဂွန်၏အဖြေကြောင့်ပင် ပို၍ ဘဝင်မကျဖြစ်သွားလေသည်။ ထူးဆန်းသည့် ခံစားချက်ကြီးကလည်း တဖြည်းဖြည်းကြီးစိုးလာပြီး ဂိုဏ်းချုပ်ကပင် ဆွေးနွေးရန်တောင်းဆိုနေသည့် ထိုကလေးအား ပို၍ စူးစမ်းချင်လာလေသည်။

"ဟင်း......"

ဘတ်ချုန်း တရွေ့ရွေ့သွားနေသည့် ကလေး၏ကျောပြင်အား အလိုမကျသော စူးစူးရဲရဲ မျက်လုံးများနှင့် ကြည့်လိုက်လေတော့သည်။

All Chapters