← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အပိုင်း(၇၆)

ဘယ်သူသေသေ ငါမသေ ပြီးရော(၁)

"ဆရာတူအကိုကြီး..."

"...."

"အခုက ဘယ်လိုတွေဖြစ်နေတာလဲ....ကျွန်တော်တို့ ဒီလောက်ကြိုးစားပြီးမှပြန်လာတာတောင် အထူးတလည်ကြီး ချီးကျူးနေကြတာမျိုး မရှိပါလား..."

ပြောလာသော ထိုစကားအတွက် ဘတ်ချုန်းတုန့်ပြန်ရန် စကားမရှိပေ။ သူသည်လည်းပဲ ထိုအခြင်းအရာကြောင့် အံဩနေလေသည်ဖြစ်ပြီး ထုတ်မပြောသည်သာ ရှိလေသည်။

သို့သော်လည်း ထင်မထားစွာနှင့်ပင် သူတို့ကို စားသောက်ပွဲကြီးက ကြိုနေလေသည်။ တခြားအရာများသာ ဖြစ်လာနိုင်သော်လည်း ဟွာဆန်းတွင် စားသောက်ပွဲဆိုသည်က မဖြစ်နိုင်သောအရာပင်။ သို့သော် ယခုပြင်ဆင်ထားသည့် စားသောက်ပွဲကြီးကမူ ဘုရင်မင်းမြတ်၏ စားတော်ပွဲဟုပင် ထင်ရလောက်လေသည်။

ပိုတောင် ပိုဦးလေမည်။

ဒါက ဘယ်လိုဖြစ်ရတာလဲ....ထူးဆန်းလိုက်တာ....

"ဒါ...ဒါ...ဒါတွေက အသားတွေလား"

"ဟမ်"

ဘတ်ချုန်း မြင်နေရသည်များကို မယုံနိုင်စွာ မျက်လုံးကို ပွတ်လိုက်လေသည်။

မျက်စိရှေ့တွင် ရှိနေသည်က အမှန်တကယ် အသားဟင်းပွဲများပင်။ ယခင်က ဝိနည်းထိန်းရမည်ဆိုကာ သတ်သတ်လွတ်ကျွေးခဲ့သော ဟွာဆန်းဟုပင် မထင်ရတော့ပေ။ ပြောင်းလဲကုန်လေပြီ။

"ပိုက်ဆံတွေ ဘယ်ကများ ရပါလိမ့်"

အေး...ငါလည်း အဲ့တာကိုပဲ သိချင်နေတာ...

ဟွာဆန်းဂိုဏ်းက ဘယ်ကပိုက်ဆံတွေကို ရလို့ ဒီလိုအသားတွေ ဝယ်ကျွေးနိုင်တာလဲ....

"ခဏ..ခဏ.....ပြန်တွေးကြည့်တော့ ဒီနေရာလည်း အရင်ကနဲ့ မတူတော့ဘူးပဲ....ပြောင်းလဲနေပြီ...

မမြင်တာကြာလို့ ထူးဆန်းနေတာနေမှာပါလေလို့ တွေးနေတာ တကယ်ကို ပြောင်းလဲနေတာပဲ...

ပိုပြီး သပ်ရပ်တောက်ပြောင်နေသလိုပဲနော်...."

"မင်းက အခုမှ သတိထားမိတာလား.....တော်သေးတာပေါ့...သတိတော့ထားမိသေးလို့ "

ဘတ်ချုန်းက စားသောက်ခန်းမကို လှည့်ပတ်ကြည့်ကာ အကဲခတ်လိုက်လေသည်။ ခန်းမတစ်ခုလုံးက ပြန်တည်ဆောက်ထားသည်မဟုတ်သော်လည်း နေရာအချို့ကတော့ ပြန်ပြုပြင်ထားဟန်ရလေသည်။ ယခင်က အပေါက်များစွာရှိနေသော နံရံများကလည်း ကောင်းမွန်နေပြီး ဆေးအသစ်များလည်း သုတ်ထားပုံ ရလေသည်။

"ခန်းမကလည်း အသစ်လိုဖြစ်နေတယ်....အဝင်ဝတုန်းကလည်း အတူတူပဲ...

ဟော....အသားဟင်းတွေရော ကျွေးနေပါပေါ့လား"

"........."

"ကျွန်တော်တို့ သွားနေတဲ့ကာလအတော်အတွင်းလေးကို ဟွာဆန်းက ဒီလောက်တောင်ပြောင်းလဲသွားတာ...

ကြည့်ရတာ ဟွာဆန်းကို ကြွယ်ဝချမ်းသာခြင်း နတ်ဘုရား မ နေပြီ ထင်တယ်"

ထိုစကားကြောင့် ဘတ်ချုန်းပြုံးလိုက်လေသည်။

ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားက ဟွာဆန်းအား စွန့်ပစ်ခဲ့သည်က ကြာပြီဖြစ်လေသည်။

တခြားဂိုဏ်းများနှင့် မဆိုထားနှင့် သူတောင်းစားဂိုဏ်းနှင့် ယှဉ်လျှင်ပင် သူတောင်းစားဂိုဏ်းက ချမ်းသာပေဦးမည်။ အမည်က သူတောင်းစားဆိုလေတိုင်း သူတောင်းစားဂိုဏ်းကလည်း မွဲတေနေသည် မဟုတ်ပေ။ ဟွာဆန်းဂိုဏ်းထက်တော့ ပိုင်ဆိုင်မှုပိုများလေသေးသည်။

ယခုမူ ဟွာဆန်းက ယခင်ကထက် ကြွယ်ဝချမ်းသာလာပုံရလေသည်။ မေးခွန်းသည်က ထိုစည်းစိမ်ငွေအသပြာများက မည်သည့်နေရာမှ ရောက်လာသနည်းဆိုသည်ပင်။

ဘတ်ချုန်း အခြေနေကို အကဲခတ်၍ရရန် အန်းဂွန်နားသို့ အနည်းငယ်ကပ်ကာ မေးလိုက်လေသည်။

"နည်းပြ....ဒါတွေက...."

"ဒါတွေက မင်းတို့တွေအတွက် ပြင်ဆင်ပေးထားတဲ့ ဟင်းလျာတွေ.....များများစားကြ...အားမွေးထားကြ"

နေပါဦး...အသားဟင်းတွေ ဒီလောက်ပြင်ပေးထားတာတောင် ပြောတာက ဒီလောက်ပဲလား...

ယခင်ကမူ ဟွာဆန်းဂိုဏ်းသည် ဂိုဏ်းသားများ တာအိုကျင့်စဉ်ကို လိုက်နာရမည်ဆိုကာ သတ်သတ်လွတ်ကြီးပင် ကျွေးမွေးခဲ့သော်လည်း ယခုတွင်မူ အသားဟင်းများ ကျွေးမွေးနေလေပြီ။ လက်ကိုင်ကျင့်သုံးလာသည့် လမ်းစဉ်ကြီးက မည်သည့်နေရာသို့ ရောက်သွားသလားပင်။

ဘတ်ချုန်း တတိယတန်းကလေးများဘက်သို့ မျက်စိဝေ့ကာ မသိမသာ အကဲခတ်လိုက်လေသည်။

ကလေးများသည် အသားဟင်းအတွက် ထူးထွေကာ ပျော်မြုးနေကြပုံလည်း မရသည်က ဟွာဆန်းတွင် အသားဟင်းကျွေးသည်က ပုံမှန်ဖြစ်နေသည့်ပုံပင်။ တချို့ဆိုလျှင် ညည်းပင်ညည်းညူနေကြလေသေးသည်။

"ကျွန်တော် အသားတွေ မစားချင်တော့ဘူး...တခြားဟာလေး ကျွေးလို့မရကြတော့ဘူးလား မသိဘူး.....

ငါး ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့"

"သောက်ရူး..မင်းပါးစပ်ကို ပိတ်ထားစမ်း...

တောင်ပေါ်ကြီးကို ငါးရှိရအောင် မင်းဖေက ကျွေးနေတယ် ထင်နေတာလား.......ငါး မစားရခင် အရိုက်ခံချင်နေပြီလား"

နေပါဦး....နေပါဦး..

ဒီကလေးတွေ ဘာပြောလိုက်တယ်.....အသားမစားချင်တော့ဘူး..ဟုတ်လား...

တကယ်ကြီးလေ....ဒါက ဘာလဲ အသားဟင်းကို နေ့တိုင်းကျွေးနေတယ်ဆိုတဲ့ သဘောလား...

အဓိပ္ပါယ် မရှိလိုက်တာ....

ဘတ်ချုန်း အံဩမင်သက်နေကာ စိတ်ကို မူလအခြေအနေသို့ ရောက်အောင် အလောပင်ကြိုးစားလိုက်ရလေသည်။

အရင်ဆုံး စားလိုက်တာပဲ ကောင်းမယ်ထင်ပါတယ်.....

ဂိုဏ်းက ရုတ်တရက်ကြီး ပိုက်ဆံရှိလာလို့ ငါတို့ကို အသားကျွေးတော့လည်း ကောင်းတာပေါ့...

ငါတို့လည်း မနှစ်က တနှစ်လုံး ဆေးလုံးတွေပဲစားပြီးနေခဲ့ရတာ ငြီးငွေ့နေပြီကို ....

ဘတ်ချုန်းက ရင်တွင်းတွင် ဖြစ်ပေါ်နေသော ခံစားချက်များကို ခဏမေ့ထားကာ စားသောက်ကြရန် ကျန်လူများကိုလည်း လောဆော်လိုက်လေသည်။

"ဒါနဲ့......ဂိုဏ်းချုပ်တို့ အကြီးအကဲတို့ မရှိဘဲနဲ့ ကျွန်တော်တို့ပဲ အရင်စားနှင့်လို့ ဖြစ်ပါ့မလား....

ဂိုဏ်းချုပ်တို့က အခုထိမရောက်လာသေးဘူးလေ"

"အာ....ဟုတ်သားပဲ....ငါ သတိမထားမိလိုက်ဘူး.....ခဏလောက် ထပ်စောင့်လိုက်ကြတာပေါ့"

"ဟုတ်ကဲ့........"

အန်းဂွန်က တပည့်များ၏ အခြေအနေကိုကြည့်ကာ တူကိုကောက်ကိုင်လိုက်ပြီး အသားတစ်ဖက်ကို ယူကာ စားလိုက်လေသည်။ ဤသည်က ဒုတိယတန်းတပည့်များကိုလည်း စတင်စားသောက်၍ ရပြီဟူ၍ ခွင့်ပြုပေးလိုက်သည့် သဘောပင်။

အန်းဂွန်က စတင်စားသောက်လိုက်သည်နှင့် ဒုတိယတန်းတပည့်များ၏ တူများက ပြန်ချသည်မရှိတော့ပေ။ တောက်လျောက် အကြားအလပ်မရှိ စားနေကြလေတော့သည်။ ဘတ်ချုန်းက မူ ခေါင်းမဖော်တမ်းစားသောက်နေကြသော သူ၏ဆရာတူညီလေးညီမလေးများကိုကြည့်ကာ ရုတ်တရက်ကြီး မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။

သို့သော် ထို့သို့ အားပါးတရ စားသောက်နေကြသည်က ဖြစ်သင့်သည်ဟုတော့ ထင်လေသည်။ မည်သူမဆို နှစ်ချီအသီးအရွက်နှင့် ပဲများကိုသာ စားသုံးနေကြရပြီး အချိန်ကာလကြာမြင့်လေမှ အသားကိုမြင်ရသည်မို့ ဣန္ဒြေမဆယ်နိုင်ဖြစ်သည်ဟုလည်း ပြော၍ရပေသည်။ ပို၍ဆိုးဝါးသည်က ဒုတိယတန်းတပည့်များသည် တံခါးပိတ်လေ့ကျင့်ရေးကြောင့် တစ်နှစ်လုံးလိုလိုပင် ဖျတ်လတ်ခြင်းဆေးလုံးများကိုသာ စားသုံးနေရပြီး အသားကို အနံ့ပင် မရခဲ့ကြချေ။ ဘတ်ချုန်းကသာ ဧည့်လာတွေ့သော မိသားစုများ ရှိသေး၍ ရံဖန်ရံခါများတွင် စားရလေသေးသည်။ ထို့ကြောင့်လည်း ဒုတိယတန်းတပည့်များက ခေါင်းမဖော်တမ်းစားနေကြသည်လည်း ပါလေသည်။ သိက္ခာဆယ်ထားရန်လည်း မေ့နေကြသည့်ပုံပင်။

ဘတ်ချုန်းသည် စားနေရင်းမှပင် တတိယတန်းတပည့်များကို လှမ်းကာကြည့်လိုက်လေသည်။ အားလုံးလိုလိုသည် ငြိမ်ငြိမ်သက်သက်ပင်။ တချို့ဆိုလျှင် စိတ်မပါလက်မပါပင် စားနေကြလေသေးသည်။ ဟင်းများအား အငမ်းမရ လုယက်နေကြခြင်းမျိုး မရှိပေ။ ဤဟင်းပွဲများက သူတို့အတွက် ရိုးအီနေပုံလည်း ရလေသည်။

"နည်းပြ...."

ဘတ်ချုန်း၏ ခေါ်သံကြောင့် အန်းဂွန်က စားလက်စကို ချကာ မေးလာလေသည်။

"ဘာလဲ....ဟင်း အရသာတွေကို မကြိုက်လို့လား"

"အာ...အဲ့လို မဟုတ်ပါဘူး....ကျွန်တော် ဒီအခြေအနေကြီးကို နားမလည်နိုင်တော့လို့ပါ...

ကျွန်တော်တို့ မရှိတဲ့အချိန်အတွင်း ဟွာဆန်းမှာ ဘာတွေဖြစ်သွားတာလဲ"

"ဟုတ်သားပဲ.....မင်း တို့မှ မသိသေးတာကို .....ငါ သတိမထားမိလိုက်ဘူး ဖြစ်သွားတယ်"

အန်းဂွန် ရယ်ကာ ပြောလေသည်။

"ပြောရမယ်ဆိုရင်‌တော့ ဒါက အရှည်ကြီးပဲကွ....မင်းလည်း ဖြေးဖြေးချင်း သိလာမှာပါ....

မင်း သိထားရမှာက ငါတို့ ဟွာဆန်းကို ဖိုးကံကောင်းလေးတစ်ယောက်ကျထားတယ်လို့ပဲ သိရင် ရပြီ"

"ဖိုးကံကောင်း....ဟုတ်လား"

"ဝုန်းးး"

စားသောက်ခန်းမ၏ တံခါးမကြီးက ကျယ်လောင်စွာပွင့်ကာ သွားလေသည်။ စားသောက်နေကြသူများက ကျယ်လောင်လှသောတံခါးသံကြောင့် လန့်သွားကြပြီး စားလက်များပင် ရပ်တန့်သွားကြလေသည်။ ဤသို့ တံခါးအား ဒေါသတကြီး ဖွင့်လိုက်သူက အကြီးအကဲတစ်ယောက်ယောက် သို့မဟုတ် ဂိုဏ်းချုပ်ဟုပင် ထင်ထားလေသည်။

ဟမ်....ဘယ်လိုကြီးတုန်း...

အဲ့လောက် ငယ်တဲ့အကြီးအကဲ ဒီမှာရှိလို့လား...

ဘာလားဟ...

တံခါးကို ကန်ဖွင့်ကာ ဒေါကြီးမောကြီး ဝင်လာသူက ဂိုဏ်းချုပ်နှင့်သွားတွေ့ကာ ပြန်လာသည့် ချွန်းမြောင်ပင်။

"ဒီမှာ နေရာရှိသေးတယ်"

ချွန်းမြောင်အား မြင်သည်နှင့် ဂျိုဂုက လက်ထောင်ပြကာ ခေါ်လိုက်လေပြီး ချွန်းမြောင်က အန်းဂွန်ကို ဦးညွတ်အရိုအသေပေးကာ ဂျိုဂုဆီသို့ သွားလေသည်။ ချွန်းမြောင်သွားလေသည်နှင့် အနီးအနားရှိ ထိုင်နေကြသူများကလည်း ချွန်းမြောင် ကျယ်ကျယ်ဝန်းဝန်း ထိုင်နိုင်စေရန်အတွက် နေရာကျယ်ကျယ် ဖယ်ပေးကြလေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင်မူ ဘတ်ချုန်း မျက်မှောင်ကြုတ်မိသွားလေ၏။

သူတို့က ဒီကလေးကို ဂရုစိုက်လှချည်လားဟ..

သူတို့ ပင်ကိုယ်စရိုက်ကိုက ယဉ်ကျေးပြီးတော့ နူးညံကြလို့ နေရာပေးတယ်ပဲ ထားပါတော့...

နေရာအဲ့လောက် အကျယ်ကြီးတော့ လုပ်ပေးဖို့ မလိုပါဘူး...တခြားကလေးတွေ ကြည့်ရတာ အဲ့ကလေးကို ကြောက်နေရကြတဲ့ ပုံပဲ.....

ဒီကလေးက ဘယ်သူ့ကို ကောင်းကောင်းကပ်ထားရမယ်ဆိုတာ တော်တော်သိတာပဲ....အကြီးဆုံးအစ်ကိုကြီး နှစ်ယောက်ကို အပိုင်ကပ်ထားပါလား...

ဒါနဲ့ နည်းပြအန်းဂွန်ကလည်း သူ့ကို ဘာမှမပြောပါလား...

တံခါးကို ကန်ဖွင့်သည်က ရိုင်းပြသောအမူအရာ ဖြစ်လေပြီး အကြီးအကဲများရှိနေသည့်နေရာတွင် ထိုသို့ပြုလုပ်သည်က မသင့်တော်သော လုပ်ရပ်ပင် ဖြစ်လေသည်။ အန်းဂွန်အကြီးအကဲသည် ကိုယ့်ကျင့်တရားနှင့် အပြုအမူများကို အထူးပင် အရေးထားကာ ဆုံးမသွန်သင်တတ်သော နည်းပြဖြစ်လေသောကြောင့် ထိုကလေးအား ခေါ်ယူကာ ဆုံးမမည်ဟု ထင်ထားသော်လည်း မသိသလိုပင်။ ခပ်ဆိတ်ဆိတ်သာ နေနေလေသည်။

ငါ ကြည့်လေလေ အခြေအနေကို ပိုပြီး နားမလည်နိုင်လေလေ ဖြစ်လာပြီ......

ဘတ်ချုန်း စားနေသည်ကိုပင် အာရုံမရစွာနှင့် ချွန်းမြောင်တို့ စကားဝိုင်းကိုသာ အာရုံစိုက်နေလိုက်လေ၏။

"မင်းက ဘာလို့ ဒီလောက် စိတ်ဆိုးမာန်ဆိုး ဖြစ်နေရတာလဲ....."

"ငါ့ကို နောက်ထပ် အန်ဟာကို သွားခိုင်းနေပြန်ပြီလေ...."

"နောက်ထပ်လား..."

"အေးလို့ ...ငါက စာပို့သမားလား...စာချွန်တော်လား...ပြော"

ချွန်းမြောင်၏ ကဲကဲဆတ် ဖြစ်နေမှုကြောင့် ယွန်းဂျွန်က ပြုံးစိစပ်ဖြဲကြီး လုပ်နေလေသည်။

"အင်း...မင်း အရင်တုန်းကတော့ သွားရတာ ကြိုက်ပါတယ်ဟ"

"ဟမ်....တစ်ခေါက်......နှစ်ခေါက်ပဲလေ.....တော်ပြီပေါ့ ...အဲ့လောက်ဆို"

ချွန်းမြောင်က စိတ်ရှုပ်နေဟန်နှင့် ခေါင်းကို ကုတ်လိုက်လေသည်။

"ကျွန်တော် သွားချင်တာက ဟွားကျေးရွာတင်....သူ သွားခိုင်းတာက ရှန်မြို့တော်ထိ.....အမြဲတမ်းသာ သွားနေရရင်‌တော့ ကျွန်တော် သေသွားလိမ့်မယ်"

ချွန်းမြောင်၏ ညည်းညည်းညူညူအပြောကြောင့် ယွန်းဂျွန်က ကြိတ်ကာ ရယ်နေလေပြီး ဂျိုဂုကမူ တခစ်ခစ်ပင် ရယ်နေလေပြီ။ ထိုအခြင်းအရာကြောင့် ဘတ်ချုန်းက ပိုမိုကာ ဘဝင်မကျဖြစ်လာလေသည်။

ဒီကလေးက တတိယတန်းကလေးတွေထဲမှာလည်း နေရာတစ်ခုတော့ ရှိနေတဲ့ပုံပဲ....

ဤကလေးသည်က မည်သို့သော စွမ်းအားများနှင့် မည်သို့သော လုပ်နိုင်စွမ်းများရှိသည်ကို ဘတ်ချုန်းမသိသော်လည်း ကြည့်ရသည်ကမူ တတိယတန်းတပည့်များအပေါ်တွင် အပြည့်အဝလွှမ်းမိုးမှုတော့ ရှိပုံ ရလေသည်။

တကယ် ထူးဆန်းနေပြီ...

ဘတ်ချုန်းသည် ဟွာဆန်းဂိုဏ်း၏ ဒုတိယတန်းတပည့်ဖြစ်သည်မို့ မည်သည့်တတိယတန်းတပည့်က မဆို မျက်လုံးချင်းဆိုင်မိသည်နှင့် ဦးညွတ်ကာ အရိုအသေပေးကြလေသည်။ တတိယတန်း၏ အကြီးဆုံးတပည့်ဖြစ်သော ယွန်းဂျွန်သည်ပင်လျှင် အရိုအသေ မပေးဘဲ မနေရဲပေ။ သို့သော် ထိုကလေးကမူ ကြည့်နေသည်ကို သိလျက်နှင့်ပင် မသိကျေးကျွန်ပြုကာ ခပ်တည်တည်ပင် နေလေသည်။ အရိုအသေပြုမည်မဆိုထားနှင့် အသိအမှတ်ပင် မပြုသည့်သဘောပင်။

"ဆရာတူအကိုကြီး...."

"ဟင်"

"ဆက်မစားတော့ ဘူးလား"

"အာ...အင်း...စားမှာ"

ဘတ်ချုန်းက ဘေးမှတစ်ယောက်၏သတိပေးသံကြောင့် တူကိုပြန်ကိုင်ကာ ထမင်းဆက်ကာ စားနေလေ၏။

"ဆရာတူအမကြီး ယု ကရော ဘယ်မှာလဲ"

"အင်း.....သူ အပြင်ခဏထွက်သွားတယ်"

ဒုတိယတန်းတပည့်နှစ်ယောက်က ဟိုကြည့်ဒီကြည့်လုပ်ကာ ပြောလိုက်လေ၏။

"စားသောက်ခန်းထဲ မဝင်ခင်ကမှ ကျွန်တော်တို့နဲ့ အတူတူ သူ့ကို တွေ့လိုက်သေးသလားလို့ပါ"

"ကြည့်ရတာ အခုလေးတင်မှ တစ်နေရာရာ သွားနေတဲ့ပုံပဲ"

ဒုတိယတန်းတပည့်များက တစ်ယောက်တစ်ပေါက် မှတ်ချက်ပေးကာ ရှာနေကြသည်မို့ ဘတ်ချုန်းက ဘဝင်မကတော့ပေ။

"ကဲပါ....သူ့ကို ရှာမနေကြတော့နဲ့... ဒါပေမယ့် ဒီပွဲက လေ့ကျင့်ရေးက ပြန်လာတဲ့သူတွေ အကုန်လုံးအတွက် လုပ်ပေးတာဆိုတော့ ငါတို့ မစားနှင့်ဘဲ သူ့ကို စောင့်ကြတာပေါ့.....ဟုတ်ပြီလား"

"....ဟင်း.....အဲ့လိုဆိုလည်း ဆရာတူအမကြီး ယုက ရှာလို့လည်း တွေ့မယ့်အမျိုး မဟုတ်ဘူး....သူက ကျွန်တော်တို့ကို မတွေ့ချင်ရင် ကျွန်တော်တို့က ဘယ်လောက်ရှာရှာ တွေ့ရမှာ မဟုတ်ဘူး"

"အမကြီးကို စောင့်နေတာက အလကားသက်သက် အချိန်ဖြုန်းတာပဲ ဖြစ်နေမှာပေါ့....."

ထိုစကားကြောင့် ဘတ်ချုန်း မျက်မှောင်ကြုတ်သွားလေသည်။

"ဟင်း"

ဘတ်ချုန်း၏ အမူအရာကိုမြင်လိုက်ကြသော ဒုတိယတန်းတပည့်များကမူ ဘတ်ချုန်း၏ ဒေါသကို ကြောက်လန့်သွားကြပြီး ခေါင်းများကို ဟိုလှည့်ဒီလှည့်လုပ်ကာ ယုရီဆိုးကို ရှာသယောင်ပြုရင်း ဘတ်ချုန်း၏ ဒေါသကို ရှောင်ရှားသွားကြလေသည်။

ယုရီဆိုးသည် အမှန်ပင် ခန့်မှန်းရခက်သော လူခွစာ တစ်ယောက်ဖြစ်ပြီး သူစိတ်ရှိသည့်အတိုင်းသာ နေလေ့ရှိလေသည်။ သူမ တွေ့ချင်သည့်ဆန္ဒမရှိလျှင် တခြားသူများ သူမအား တွေ့နိုင်မည် မဟုတ်ပေ။

ဆရာတူအကိုကြီးက အမကြီး ယု ကို အရေးပေးလိုက်တာ......

သာမန်အားဖြင့် ဘတ်ချုန်းသည် အေးဆေးကာတည်ငြိမ်သူတစ်ယောက်ဖြစ်သော်လည်း ယုရီဆိုးနှင့် ပတ်သက်လာလျှင်မှု ပြောင်းလဲသွားတတ်လေသည်။ ထို့ကြောင့်ပင် ယခုတွင်မူ လေထုအခြေအနေက ရုတ်တရက်ကြီး ဆိုးဝါးသွားခြင်း ဖြစ်လေသည်။

ထိုအခိုက်အတန့်မှာပင် စားသောက်ခန်းမ၏ တံခါးက နောက်တစ်ကြိမ် ပွင့်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ ခပ်ဖြေးဖြေးပင် ဖြစ်လေသည်။

လူတိုင်းက အဝင်ဝသို့ ကြည့်လိုက်လေကြပြီး တံခါးပေါက်မှ နေခြည်လို နွေးထွေးကာ ပျားရည်ကဲ့သို့ချိုမြပြီး တိမ်တိုက်ကဲ့သို့ နူးညံ့သောမိန်းကလေးက ပေါ်လာလေပြီး ခြေလှမ်းစိပ်စိပ်များနှင့် ခန်းမတွင်းသို့ ဝင်လာလေသည်။

"ဆရာတူညီမလေး..."

ဘတ်ချုန်းက နူးညံ့စွာ ခေါ်လိုက်လေသည်။

ယုရီဆိုးက စားသောက်ခန်းမထဲသို့ ရောက်သည်နှင့်ပင် တစ်စုံတစ်ယောက်အား အသည်းအသန်ကို ရှာနေသည့်ပုံပင်။

ဘတ်ချုန်းကမူ ပြုံးပြကာ လက်ကိုမြောက်ပြီး ခေါ်လိုက်လေသည်။

"ဆရာတူညီမလေး...ဒီမှာ........"

ယုရီဆိုးက ကြည့်လာလေပြီး ဘတ်ချုန်းဆီသို့ မလာဘဲ တခြားဘက်သို့ သွားလေသည်။

ယုရီဆိုးက သူမထိုင်မည့်နေရာကို ရွေးချယ်ဆုံးဖြတ်ထားပုံရပြီး လူတစ်ယောက်ရှေ့တွင် ထိုင်လိုက်သည့်အခါတွင်မူ ဘတ်ချုန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။

"ငါ ဒီမှာထိုင်လို့ ရမလား"

ဒုတိယတန်းတပည့်များ အားလုံးကလည်း ယုရီဆိုး၏ စကားပြောသံကြောင့် အောက်မေးများပင် ပြုတ်ကျသွားလေတော့သည်။ အံဩလွန်း၍ ပါးစပ်ပင် မစိနိုင်ကြတော့ချေ။

ဆရာတူအမကြီးက ယောက်ျားလေးတစ်ယောက်ကို စကားပြောလိုက်တာလား.....

ဘာတွေဖြစ်ကုန်တာလဲ....အမကြီးက ယောက်ျားလေးတွေကို ဘယ်တုန်းကမှ စကားမပြောဖူးလေ.....

ဒုတိယတန်းတပည့်များ၏ အံဩရမှုက ဤမျှနှင့် အဆုံးမသတ်သေးပေ။ ယုရီဆိုး ထိုင်ခွင့်တောင်းလိုက်သည့် သူက ချွန်းမြောင်ပင် ဖြစ်လေပြီး ချွန်းမြောင်ကမူ ယုရီဆိုးအား သူ၏ရှေ့သို့လာကာ ရှုပ်နေသော ယင်ကောင်အား မောင်းထုတ်လိုက်သကဲ့သို့ပင် ငြင်းလိုက်လေသည်။

"မရဘူး...မထိုင်နဲ့"

"ဒါဆိုလည်း ခဏလောက် စကားပြောလို့ ရမလား...."

ချွန်းမြောင်က ချက်ချင်းပင် ငြင်းလိုက်လေသည်။

"မရဘူး....ကျွန်တော် ခင်ဗျားနဲ့ စကားမပြောချင်ဘူး....အခု သွားပါတော့"

ချီး....ဒီကောင် ရူးနေတာလားဟ....

မြင်နေရသောမြင်ကွင်းကြောင့် ဒုတိယတန်းတပည့်များ အားလုံးက မျက်လုံးများပင်ပြူးကျယ်ကာ စကားမပြောနိုင်ကြတော့ပေ ။ အံ့အားသင့်လွန်း၍ ခတ္တခဏပင် သတိလွတ်သွားကြပုံပင်။

အပိုင်း (၇၇)

ဘယ်သူသေသေ ငါမသေ ပြီးရော(၂)

သောက်ခွေး....ဘာတွေဖြစ်နေတာတုန်းဟ....

ဂျိုဂုက အသိစိတ်ပင် မကပ်နိုင်တော့ချေ။

ယုရီဆိုးကို ဤမျှနီးနီးကပ်ကပ်မြင်ဖူးသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေပြီး ဟွာဆန်းက လူများအားလုံးက ယုရီဆိုး၏ အလှတွင် ကျရှုံးကြသည်က မဆန်းဟုပင် တွေးမိသွားလေသည်။

ဂျိုဂုမှ မဟုတ်ပေ။ မည်သူမှလည်း ယုရီဆိုးအား ဤမျှနီးနီးကပ်ကပ် မမြင်ဖူးကြချေ။ ယုရီဆိုးသည် သူမနှင့် တခြားသူများအကြားတွင် အကွာအဝေး တစ်ခုအမြဲပင် ထားရှိလေ့ရှိပြီး အကြီးအကဲများမှအပ မည်သည့်ယောက်ျားလေးကိုမှလည်း စကားမပြောပေ။

ယခုတွင်မူ သူမသည် ချွန်းမြောင်၏ရှေ့တွင်ရပ်ကာ စကားပြောရန် တောင်းဆိုနေလေသည်။ ထိုထူးခြားဖွယ်ရာ မြင်ကွင်းကြောင့် ဒုတိယတန်းတပည့်များ၏ မျက်လုံးများမှ ရန်လိုငွေ့များက တောက်လောက်နေလေတော့သည်။

အမလေး.....အကြည့်တွေနဲ့တင်တောင် သေလောက်တယ်...

ချွန်းမြောင်ရေ....အမကြီးကို ကျေးဇူးပြု၍ အဆင်ပြေပြေလေး ဆက်ဆံလိုက်ပါကွာ....

ကြည့်ခံနေရသော ကာယကံရှင်ချွန်းမြောင်ကတော့ တုန်တုန်လှုပ်လှုပ်ရှိနေပုံမရသော်လည်း ဘေးတွင်ထိုင်နေရသော ဂျိုဂုကမူ ဒုတိယတန်းတပည့်များ၏ အကြည့်များကြောင့် ကျောချမ်းနေပြီ ဖြစ်လေသည်။

ချွန်းမြောင်ရေ....ကျေးဇူးပြု၍ အကြီးတွေကို ရိုရိုသေသေ ဆက်ဆံလိုက်ပါကွာ...

ခွေးသားလေးရယ့်....ရိုသေသမှုဆိုတာ ဘာလဲသိလိုက်စမ်းပါ.....

တင်းမာနေသော အခြေအနေများကြားထဲတွင် ယုရီဆိုး၏ လေသံဖျော့ဖျော့လေးက တောင်းပန်ခယသံနှင့်အတူ ထွက်လာလေသည်။

"ခဏလေးပဲ ပါ"

"စိတ်မဝင်စားဘူးလို့ ကျွန်တော်ပြောနေတယ်လေ...."

"အဲ့တာဆိုလည်း ခဏလေးပဲပါ....အချိန်ခဏလေးပါပဲ ....နော်"

"ကျွန်တော် စိတ်မဝင်စားဘူးလို့ ပြောနေတယ်လေ....ကျွန်တော်ပြောတာကို အမကြီးက နားမလည်တဲ့သဘောလား"

ခွေးသားလေး....စကားကို ကြည့်ပြောစမ်း....ချိုချိုသာသာ ပြောလို့မရဘူးလား...

အရိပ်အကဲကို နားမလည်ဘူးလား ...နွားလေးရယ့်......

ဂျိုဂု သည်းမခံနိုင်တော့သည့်အဆုံး ချွန်းမြောင်ကို တံတောင်းနှင့် တွန်းလိုက်လေသည်။ ချွန်းမြောင်ကမူ အရိပ်အကဲမသိစွာပင် ဂျိုဂုအား ပြူးကြည့်လာလေသည်။

"ဘာလဲ...."

"ဟွင့်...."

မင်းကို သတိပေးနေတာလေ...နားမလည်ဘူးလား....

မင်း ရဲ့ အကို့အကိုကြီးတွေရှေ့မှာ ယဉ်ယဉ်ကျေးကျေးပြောဖို့ သတိပေးနေတာလေ...

ခွေးသားက ဒါမျိုးကျ နားမလည်ဘူး.....

ချွန်းမြောင်က ထိုအခါမှသာ ဂျိုဂု၏ အရိပ်အကဲပြနေမှုကို နားလည်သွားလေပြီး စုပ်သပ်ကာ ယုရီဆိုးဘက်သို့ ပြန်လှည့်သွားလေသည်။

"ကျွန်တော့်မှာ အမကြီးနဲ့ ပြောစရာမရှိလို့ ပါ...သွားပါတော့ခင်ဗျာ..."

"ဒါပေမယ့် ငါ့မှာပြောစရာရှိတယ်လေ...."

"အမကြီး ပြောတာကို ဘာဖြစ်ဖြစ် ကျွန်တော် နားမထောင်ချင်လို့ပါ"

"ခဏဆိုမှ တကယ်ခဏပဲဆို ရပါပြီ.....အပြင်သွားကြရအောင်"

"မလိုပါဘူး.......ကျွန်တော် စားနေတုန်းပဲ ရှိသေးတာ"

"ဟုတ်ပြီ...ဒါဆိုလည်း နင်စားလို့ ပြီးတဲ့အထိ စောင့်မယ်"

ယုရီဆိုး၏ တောင်းပန်ခယမှုကို မြင်နေရသည့် ဒုတိယတန်းတပည့်များကမူ ရူးပင်ရူးသွပ်သွားကြတော့မည့်အလားပင်။ ယုရီဆိုးသည်က အငယ်တန်းကလေးတစ်ယောက်ကို စကားပြောနေသည်ရော၊ တစ်စုံတစ်ယောက်ကို ခခယယပြောနေသည်ကိုရော သူတို့မြင်ဖူးကြသည်က ဤသည်က ပထမဆုံးအကြိမ်ပင်... ။ ဒုတိယတန်းတပည့်များနှင့်ပင် စကားလေလုံးကွဲအောင် ပြောသည်မဟုတ်ဘဲ ယုရီဆိုးနှင့် သူတို့စကားနောက်ဆုံးပြောဖူးသည်က မည်သည့်အချိန်တုန်းက ဖြစ်သည်ကိုပင် မမှတ်မိတော့ချေ။

ဒီခွေးသား မျိူးမစစ်ကောင်ကတော့ ငါတို့ အမကြီး ယုကို ဒီလိုဆက်ဆံရဲတယ်....

အခုက ဘာတွေလဲဟ....နားမလည်နိုင်တော့ဘူး....

ဒီခွေးကောင်မှာ မျက်လုံးမပါဘူးထင်တယ်.....ငါတို့အမကြီးကို အရေးမစိုက်နေရဲတယ်...

တကယ့် တာအိုကျင့်ကြံသူစစ်စစ်ပါလား...သူကတော့....

တချိန်တည်းမှာပင် ယုရီဆိုးအား အရေးမစိုက်သောကြောင့် ချွန်းမြောင်အား ဒေါပွနေကြသည့်လူများကိုရော ၊ ယုရီဆိုးကဲ့သို့ အချောအလှလေးကိုပင် အရေးမစိုက်ဘဲနေနိုင်သည့်အတွက် ချီးကျူးနေကြသူများပါ ပေါ်လာလေသည်။ ချွန်းမြောင်သည် ခန်းမထဲရှိ လူအားလုံး၏ အာရုံကို အကောင်းရော အဆိုးဘက်မှပါ ရရှိနေပြီ ဖြစ်လေသည်။

တာအိုကျင့်ကြံသူများအတွက် အရေးကြီးသောကျင့်ဝတ်တစ်ခုသည်က အလှအပများတွင် နစ်မွန်းကာ မနေဘဲ အားလုံးနှင့်ဝေးဝေးတွင်နေကာ ကျင့်စဉ်များကို ကောင်းကောင်းကျင့်ကြံရန် ဖြစ်လေသည်။ သို့သော် ယုရီဆိုး၏ ဖြစ်တည်မှုဆိုသည်က သာမန်သမာဓိမျိုးနှင့် မျက်နှာလွဲနိုင်သော အလှမျိုးမဟုတ်ပေ။ သူမ၏ အဆင်း နှင့်ပင် ခြေရင်းတွင် ဝပ်တွားခယကာ အလိုရှိသမျှကို ဖန်တီးပေးနေချင်ကြသူများ အများသားပင်။ ချွန်းမြောင် တစ်ယောက်သည်သာ ယုရီဆိုးကို ချေမိုးကာ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နိုင်သူ ရှိလေသည်။ ဤသို့ ငြင်းဆန်နေသည်ကပင် ဒုတိယတန်းတပည့်များကို ရန်စနေသကဲ့သို့ ဖြစ်နေခြင်းပင်။

"ကျွန်တော်က တကယ်ပြောစရာ မရှိလို့ပါ.....ကျွန်တော့်မှာ လုပ်စရာအလုပ်တွေလည်း အများကြီး ရှိသေးလို့ တခြားတစ်ယောက်ကို ရှာလိုက်ပါနော်"

"ငါ နင်နဲ့ပဲ ပြောစရာရှိတာ"

"ဟာ....မရပါဘူးဆိုမှ"

"အဟမ်း"

ချောင်းဟန့်သံနှင့်အတူ လှုံဆော်ပေးသောစွမ်းအင်ရှိသည့် ချီစွမ်းအင်များက ဖြေးဖြေးချင်း ပျံ့နှံ့လာလေသည်။ စကားဝိုင်းတို့ ဝင်ပါလာသူက ဘတ်ချုန်းပေ။

"ချွန်းမြောင်....ဟုတ်တယ်နော်"

"ဟုတ်...."

ချွန်းမြောင် တိုတိုတုတ်တုတ်ပင် ပြန်ဖြေလေ၏။

ချွန်းမြောင်၏ အဖြေသည် ရိုင်းပျရာကျသော်လည်း ဘတ်ချုန်းကမူ အပြုံးမပျက်ပေ။ အပြုံးပျက်လျှင်လည်း သဘောထားသေးသိမ်ရာ ကျပေလိမ့်မည်။ သူ စိတ်ကို ထိန်းထားရပေမည်။

"မင်းကို ဂိုဏ်းချုပ်က လုပ်စရာတာဝန်တွေ ပေးထားလို့ မင်းမှာ အလုပ်တွေများနေတာကို နားလည်ပါတယ်......ဒါပေမယ့်လည်း မင်းရဲ့ အကိုကြီးအမကြီးတွေက မင်းကို အချိန်ခဏလေးပေးဖို့ တကူးတက တောင်းဆိုနေတာဆိုရင်တော့ သူဘာပြောချင်တယ်ဆိုတာကို မင်းနားထောင်ပေးဖို့ လိုတယ် မဟုတ်ဘူးလား....

မင်း ဘယ်လောက်ပဲ ပင်ပန်းနေတာ ဖြစ်ဖြစ်လေ........."

ဘတ်ချုန်းက ချွန်းမြောင်ကို အကြီးပီသစွာပင် သွန်သင်ဆုံးမလေသည်။

"ဘာလို့လဲ"

ချွန်းမြောင်ထံမှ စောဒကကြောင့် ဘတ်ချုန်း လက်များပင် တုန်သွားလေသည်။ ဒေါသထွက်လွန်းသောကြောင့် ဖြစ်လေ၏။

ငါများ နားကြားမှားလိုက်တာလား...

ဒီကလေးက ငါ့ကို ' ဘာလို့လဲ' လို့ မေးပြီး စောဒကတက်လိုက်တာပေါ့လေ.....

ဟုတ်ကဲ့ဆိုပြီး ခေါင်းမငြိမ့်သွားဘူးပေါ့.......ရာရာစစ

နေဦး...ငါ ဒေါသထွက်နေလို့ မရဘူး....

စိတ်ထိန်းရမယ် ....စိတ်ထိန်း.......

ငါ တသက်လုံးထိန်းသိမ်းလာရဲ့ ငါ့ရဲ့ပုံရိပ်ကို အခုမှ ဒီကလေးကြောင့် အပျက်ခံလိုက်လို့ မဖြစ်ဘူး.....

"မင်း ' ဘာလို့လဲ' လို့ မေးလိုက်တာလား"

"ဟုတ်တယ်လေ"

"အကြောင်းပြချက်တွေမှ အများကြီးပဲ.....

ပထမဆုံးအနေနဲ့ မင်း လူကြီးတွေကို ရိုသေသမှုဆိုတာ ရှိရမယ်.....

မင်း ထက် အကြီးတွေကိုမင်းရဲ့ ရိုသေလေးစားမှုကို ပြသရမယ်ဆိုတာ နားမလည်ဘူးလား..."

"ဪ...ရိုသေသမှုလား"

ချွန်းမြောင်က ဘတ်ချုန်း၏စကားကို နားလည်သွားသယောင်ပြုလိုက်ကာ ခေါင်းကိုတဆတ်ဆတ်ငြိမ့်လိုက်ပြီး ယုရီဆိုး ဘက်သို့ ကြည့်လိုက်လေသည်။

"အမကြီး..."

"အင်း....."

"မြန်မြန်လေး တောင်းပန်လိုက်လေ.... အမကြီး အကြီးတွေကို မလေးစားလို့ အကိုကြီးက လာပြောနေတာ မဟုတ်ဘူးလား"

"........"

ယုရီဆိုးက ကြောင်တောင်တောင်နှင့် သူမကိုယ်သူမ လက်ညှိုးပြန်ထိုးကာ မေးလိုက်လေသည်။

"ဟုတ်တယ်...အမကြီးကို ပြောနေတာ...မြန်မြန်လေး တောင်းပန်လိုက်...."

"ငါကလား..."

"အာ......အမကြီးက မြင်နေကြားနေရတာတောင် နားမလည်ဘူးလား...

ဘယ်သူ့ကို ပြောနေတယ်ဆိုတာ"

ချွန်းမြောင်က ယုရီဆိုး၏ အူကြောင်ကြောင် အမူအရာကြောင့် ရှင်းပြလေ၏။

"အခုက ဒုတိယတန်းတပည့်တွေရဲ့ ကြိုဆိုညစားစားပွဲလေ....

အားလုံးဆုံနေကြတဲ့နေရာမှာ အမကြီးက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အားလုံးကို ရှုပ်ထွေးအောင် လုပ်ပြီး

အပျော်တွေကို ဖျက်စီးလိုက်တယ်လေ"

"အာ..,,,ဟမ်"

ချွန်းမြောင် ပြောသည်က အဓိပ္ပါယ်ရှိသကဲ့ပင် ထင်ရသည်မို့ ယုရီဆိုးက ခေါင်းကို ငြိမ့်ကာ သူမ ထိုင်နေရာမှ ထကာ မတ်တပ်ရပ်လိုက်လေပြီး ဘတ်ချုန်းကို ဦးညွတ်အရိုအသေပေးလိုက်လေသည်။

"ကျွန်မတောင်းပန်ပါတယ်....ဆရာတူအကိုကြီး ....ကျွန်မ အများကြီးမတွေးမိဘဲ အတွေးတိမ်သွားမိပါတယ်"

" အာ...မဟုတ်ဘူး...အဲ့လိုပြောချင်တာ....မဟုတ်"

ဘတ်ချုန်းက ယုရီဆိုး၏ တောင်းပန်မှုကြေင့် နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

သူ အပြစ်တင်ချင်သည်က ချွန်းမြောင်ဖြစ်သော်လည်း မြားဦးက ယုရီဆိုးဘက်သို့ လှည့်သွားလေသည်။

ယုရီဆိုး၏ တောင်းပန်မှုက သူ့အားရင်နာစေပြီး ဘတ်ချုန်း၏ ဒေါသများက ချွန်းမြောင်အပေါ်တွင် ပို၍တောက်လောင် လာလေသည်။

"ဟ....ကျွန်တော် ပြောတာက သူ့ကို တောင်းပန်ခိုင်းတာ မဟုတ်ဘူး.....

နည်းပြကို တောင်းပန်ခိုင်းတာ....အကိုကြီးတွေ အမကြီးတွေက အမြဲတမ်း လေးစားနေကြပဲကို ...

အခုတောင်းပန်ခိုင်းတာက နည်းပြကို"

"အာ...ဟုတ်သားပဲ"

ယုရီဆိုးက အန်းဂွန်ဘက်သို့ လှည့်ကာ ဦးညွတ်တောင်းပန်လိုက်ပြန်သည်။

"ဒီတပည့် အမြင်ကျဉ်းမိသွားပါတယ်"

အန်းဂွန်က ပြုံးပြကာ ပြန်ပြောလိုက်လေသည်။

"အခု မင်းလည်းအမှားကို သိသွားပြီဆိုတော့ ရပါပြီ...

ထိုင်လို့ ရပါပြီ"

"ဟုတ်ကဲ့ပါ..နည်းပြ"

အဆုံးသတ်တွင်မူ ဘတ်ချုန်း ချွန်းမြောင်ကို ဦးတည်ကာ ပစ်လိုက်သောမြားက ယုရီဆိုးကို ထိမှန်ကာ ယုရီဆိုးသည်သာ ပြဿနာများသွားရလေသည်။ ဘတ်ချုန်းမျှော်လင့်ခဲ့သည်က ဤသို့သော အဖြစ်အပျက်မျိုး မဟုတ်ပေ။

ထို့အပြင် ချွန်းမြောင်တို့ စကားဝိုင်းတွင် ပါဝင်လာသည့် ဘတ်ချုန်းအား စောင့်ကြည့်နေကြသည့် လူများ၏ အမြင်တွင် ဘတ်ချုန်း၏ ဦးတည်ရာက လွဲသွားသည်မို့ သက်သက်ကြီးပင် ဟားစရာဖြစ်သွားလေသည်။

ဤအခြေအနေအား သူမည်သို့ ဖြေသိမ့် စိတ်လျော့ရမည် မသိပေ။ မည်သည့်မျက်နှာနှင့် ဒုတိယတန်းတပည့်များ အကြားသို့ သူပြန်သွားရမည်နည်း...

သူကို စိတ်ကို တဖန်ချုပ်တီးကာ ချွန်းမြောင်ထံသို့ ကြည့်လိုက်လေသည်။

ဤကလေးကို သူပြန်လည်ကာ တုံ့ပြန်ရမှာသာ ဖြစ်ပေလိမ့်မည်။

အကြည့်ချင်းပြိုင်နေကြသော ချွန်းမြောင်နှင့် ဘတ်ချုန်းကို ကြည့်ကာ ယွန်းဂျွန်နှင့် ဂျိုဂုကမူ လန့်နေလေပြီ ဖြစ်သည်။ ချွန်းမြောင်သည် ဓါးရေးထက်သကဲ့သို့ စကားရေးကလည်း ထက်လှပေသည်။ ဓါးနဲ့ထိုးခံရသည်ထက်ပင် နာကြင်အောင်ပြောတတ်လေပြီး အကိုကြီးဘတ်ချုန်းကလည်း ခေသူမဟုတ်ပေ။

ဤ နှစ်ဦးတွင် မည်သည့်အရာများ ဆက်လက်ကာဖြစ်ပွား၍ မည်သူက အသားစီး ရသွားမည်ကိုပင် မသိတော့ချေ။ ပွဲသည်က ပွဲကြီးပွဲကောင်း ဖြစ်လာပေပြီ။

ချွန်းမြောင်အနေနှင့် ဘတ်ချုန်းအား လူပုံအလယ်တွင် ယှဉ်ပြိုင်သည်က မသင့်တော်သောအရာဖြစ်သည်ကို သတိထားမိလေသည်မို့ ယွန်းဂျွန်နှင့် ဂျိုဂုက စကားလမ်းကြောင်းလွဲကာ ပြဿနာကို ဤနေရာတွင် အဆုံးသတ်လိုက်ရန်သာ ကြိုးစားကြလေတော့သည်။

"အဟင်း...အဟင်း.....အကိုကြီး....

အကိုကြီးတို့ အခုလို လေ့ကျင့်ရာကနေ ပြန်ရောက်လာလို့ ဂုဏ်ပြုပါတယ်...."

"ဒီနေ့က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေ့ပဲမို့လား......

အကိုကြီးတို့ အခုလိုလေ့ကျင့်ရေးကနေ ပြန်ရောက်လာတယ်ဆိုတာ အနာဂတ်မှာ ကျွန်တော်တို့ ဟွာဆန်းကြီး အောင်မြင်မှုသရဖူကို အမြဲဆောင်းနေရတော့မယ်ဆိုတဲ့ သဘောပဲမို့လား"

ယွန်းဂျွန်နှင့် ဂျိုဂုတို့၏ စကားလမ်းကြောင်းလွဲမှုကို ဘတ်ချုန်းက သတိထားမိသွားပြီး သူတို့အား သတိပေးသည့်အကြည့်နှင့် ကြည့်လာလေသည်။

ထို့ပြင် ချွန်းမြောင်ကိုလည်း ပို၍ ရန်လိုလာလေသည်။

"မင်း ...ချွန်းမြောင် ဟုတ်တယ်နော်....."

ဒီအကိုကြီးကတော့ မပြီးတော့ဘူး...

ချွန်းမြောင်ရေ...တော်ပါတော့....

ဘတ်ချုန်းကို တား၍မရသည်မို့ ယွန်းဂျွန်နှင့် ဂျိုဂုတို့က ချွန်းမြောင်အား အချိုးပြေပြေဖြေရန် အချက်ပြသည့်အနေနှင့် ချွန်းမြောင်ဝတ်စုံ၏ အဖျားလေးကို ဆွဲကာ သတိပေးနေလေတော့သည်။

ကျေးဇူးပြု၍ တခါလောက်ပဲ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ပါကွာ.....

ငါတို့ ပြောတာကို နားလည်လိုက်စမ်းပါ...နော်...နော်.....

"အကိုကြီးက အပြန်လမ်းခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရတာ ပင်ပန်းနေတဲ့ပုံပဲ"

ယွန်းဂျွန်နှင့်ဂျိုဂုက သူတို့၏ အချက်ပြမှုကို နားလည်စွာ ကောင်းကောင်းမွန်မွန်ပြောလာသော ချွန်းမြောင်ကြောင့် အံ့ပင်အံဩသွားလေသည်။

"အကိုကြီး ဒီမေးခွန်းကိုပဲ ထပ်ကာထပ်ကာ မေးနေမယ့်အစား ခရီးပန်းခဲ့တာအတွက် သေချာလေးအနားယူသင့်ပါတယ်"

ဒီ ခွေးသားလေးက ချက်ချင်း ပြောင်းလဲသွားပြီပေါ့လေ...

ဘယ်လိုတောင် မျိုးမစစ်ဆန်လိုက်သလဲ...

ဘတ်ချုန်း၏ မျက်လုံးများက စူးရဲလာပြီး မေးလိုက်လေသည်။

"ငါ ထပ်မေးမယ်...ငါတို့ အရင်က ဆုံဖူးခဲ့ကြသလား"

"ဟင့်အင်း....တကြိမ်တလေတောင် မတွေ့ဖူးပါဘူး"

"မင်း ရိုးရိုးသားသားဖြေကာ ပိုကောင်းလိမ့်မယ်နော်"

"ကျွန်တော် တစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောပြီးပါပြီ....

ကျွန်တော်က အကိုကြီးကို လှည့်စားနေတယ်လို့များ ထင်နေတာလား"

တည်ငြိမ်လှသော ချွန်းမြောင်၏အမူအရာကြောင့် မည်သူကမျှလည်း ချွန်းမြောင်အား သံသယမရှိကြပေဟု ထင်ရလေသည်။ တတိယတန်းတပည့်အချို.၊ အန်းဂွန်နှင့် ဒုတိယတန်းတပည့်အချို့ကတော့ သံသယ ရှိကောင်းရှိနေနိုင်လေသည်။

"သေချာလို့လား...လိမ်နေတာ ဟုတ်မဟုတ် ငါမေးကြည့်လိုက်ရင် သိရမှာပါ"

ဘတ်ချုန်းသည် အန်းဂွန်ဘက်သို့ လှည့်ကာ သွားလေသည်။ ဤကလေးက သူ့အား မျက်နှာပျက်အောင်လုပ်လေသမျှကို ပြန်လည်ပေးဆပ်လေတော့မည်။ သူ ဤသို့ မလုပ်ရန်တွေးထားသော်လည်း ဤကလေး၏ အပြုအမူများကမူ ထိုသို့ပြုလုပ်ရန်သာ ထိုက်တန်သည့်အတွက်ကြောင့် သူလုပ်ရပေတော့မည်။

"နည်းပြ..... ကျွန်တော် ဒီကလေးကို မနက်တုန်းက ဟွားကျေးရွာမှာ ရှိတဲ့ စားသောက်ဆိုင်မှာ သေရည်သောက်နေတာကို တွေ့ခဲ့ပါတယ်"

အန်းဂွန် ကြားလိုက်ရသည့် စကားကြောင့် မျက်လုံးများပင် ပုတ်ခတ်ပုတ်ခတ် လုပ်မိသွားလေသည်။

"တကယ်ကြီးလေ"

"ကျွန်တော် သိထားသလောက်ကတော့ ဟွာဆန်းက တတိယတန်းတပည့်တွေကို အပြင်ထွက်ခွင့် မပေးထားဘူးဆိုတာပါ...

ဒါပေမယ့် သူကတော့ ဒီစည်းကမ်းကို မလိုက်နာဘဲ တောင်အောက်ကိုဆင်းပြီး ကျွန်တော်တို့ ဟွာဆန်းရဲ့....."

"အင်း ...ဆင်းတာ ဘာမှ မဖြစ်ပါဘူး"

"ဟုတ်...ကျွန်တော်ကိုယ်တိုင် မြင်လိုက်.......ဘာ...ဟမ်....."

ဘတ်ချုန်း မယုံနိုင်စွာနှင့် အန်းဂွန်သို့ ကြည့်လာလေသည်။

သူ နားကြားမှားလိုက်လေသလားပင်။ ဟုတ်သည် ။ နားကြားမှားသည်သာ ဖြစ်ပေလိမ့်မည်။

ဘတ်ချုန်း မရေရာမသေချာသည်မို့ သေချာအားစိုက်ကာ နားထောင်လိုက်သည်။

"ငါပြောတာ သူ အပြင်ထွက်တာ ရတယ်လို့"

"နည်း...နည်းပြ....ဒါက ဘယ်လိုဖြစ်ရ......"

"ဒီကလေးက တောင်အောက်သို့ ဘယ်သူ့ဆီကမှ ခွင့်ပြုချက်မလိုဘဲ ဆင်းခွင့်ရပြီးသား"

"ခွင့်ပြုချက်မပါဘဲ ဆင်းလို့ရတယ် ဟုတ်လား....

ကလေးတစ်ယောက်ကို ဘယ်သူက အဲ့လို ခွင့်ပြုချက်ထုတ်ပေးထားရတာလဲ"

"ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို ခွင့်ပြုပေးထားတာ...

ဘာလဲ...အဲ့ကိစ္စအတွက် မင်းမှာ မကျေနပ်တာတွေ ရှိနေလို့လား"

"ဂ...ဂိုဏ်းချုပ်က.....ဟုတ်လား...တကယ်ကြီးလေ..."

ဘတ်ချုန်း အံဩလွန်းသောကြောင့် ပါးစပ်ကိုပင် လက်နှင့်အုပ်မိသွားလေသည်။ နည်းပြ အန်းဂွန်၏အသံကလည်း တင်းမာနေပြီမို့ ဆက်ကာပြောလျှင် တပည့်တစ်ယောက်အနေနှင့် စည်းကျော်သလိုဖြစ်ကာ ဆရာနှင့် အတိုက်အခံဖြစ်တော့မည်ကို သိ၍ ဘတ်ချုန်း ပါးစပ်ပိတ်ကာသာ နေလိုက်လေတော့သည်။ ယနေ့ သူလုပ်မိသည့်အရာတိုင်းက အလွဲလွဲ အချော်ချော်။ ခုတ်ရာတခြား၊ ရှရာတလွဲချည်းသာ ဖြစ်နေလေသည်။

"ကျွန်တော် သိချင်လို့ မေးကြည့်ချင်ရုံပါ"

ဘတ်ချုန်း အံဩစွာဖြင့်ပင် ချွန်းမြောင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုကလေးကတော့ အစားပင် မပျက်ပေ။ ဖြစ်ပျက်နေသော အရာများက သူ့နှင့်မဆိုင်၍ စိတ်မဝင်စားသည့်အလားပင်။ ဘတ်ချုန်း ထိုကလေးကို ကြည့်လေလေ ဒေါသဖြစ်လာလေလေပင်။ ထိုကလေး၏ မထုံတက်တေး အမူအရာက သူ့အား တမင်ရန်စနေသည့်အလားပင်။

ငါ ဘာလုပ်လုပ် ဒင်းက အဆင်ပြေနေတယ်ပေါ့လေ....တွေ့ကြသေးတာပေါ့ကွာ.....

ဘတ်ချုန်း၏ ဒေါသကလည်း ငယ်ထိပ်ရောက်နေပြီမို့ သူ နောက်ဆုတ်ရန် ဆန္ဒမရှိတော့ပေ. ။ဤကလေးကို မှတ်သားလောက်အောင် ဆုံးမလိုက်ရမှပင် သူ၏ဒေါသက ပြေငြိမ်းကာ နေရထိုင်ရ အဆင်ပြေတော့မည်မို့ ဘတ်ချုန်း နောက်တစ်မျိုး ကြံစည်လိုက်လေသည်။

ထိုအချိန်မှာပင် လူတစ်ဦးက စားသောက်ခန်းမထဲသို့ ထပ်ဝင်လာလေသည်.။

ဘဏ္ဍာရေးမှူးကြီး ဟွမ်းယုန်ပင်။ ဟွမ်းယုန်သည် ထုံးစံအတိုင်းပင် ။အေးစက်စက် မျက်နှာပေး နှင့်ပင်။

"အကြီးအကဲကို နှုတ်ဆက်ပါတယ်"

လူတိုင်းက ဟွမ်းယုန်အား မတ်တပ်ရပ်ကာ ဦးညွတ်ပြီး နှုတ်ဆက်ကြရလေ၏။ ဟွမ်းယုန်ကမူ စိတ်ရှုပ်သော အမူအရာနှင့်ပင် လက်ကိုဝှေ့ယမ်းကာ ပြောလေသည်။

"ဟုတ်ပါပြီ...ထိုင်ကြပါ...အားလုံးပဲ ဆက်စားကြပါ... ...ငါက ဒီတိုင်း အခြေအနေ လာကြည့်ရုံတင်ပါ..

ကောင်းကောင်းစား...ပြီးရင် နားကြ......

အန်းဂွန် ..မင်းက ကလေးတွေ ဘာမှ လွန်လွန်ကြူးကြူး မဖြစ်ရလေအောင် စောင့်နေဦး"

"ဟုတ်ကဲ့ပါ...အကြီးအကဲ"

ဘတ်ချုန်းကမူ အခြားသူများ ပြန်ထိုင်သွားသော်လည်း သူက မထိုင်သေးပေ။ မတ်တပ်ရပ်လျက်သာ ကျန်ခဲ့လေသည်။

"အကြီးအကဲ.....ကျွန်တော့်မှာ ပြောစရာ တစ်ခုရှိပါတယ်...."

ထိုအချိန်မှာပင် ဟွမ်းဂျွန်ကလည်း ဝင်လာကာ ဘတ်ချုန်းပြောသည်ကို နားထောင်နေလေ၏။

"ဘာများလဲ"

"ကျွန်တော် အကြီးအကဲတို့ကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်....ဒါပေမယ့် မနက်ခင်းတုန်းက

ကျွန်တော် ဟွားကျေးရွာမှာ တတိယတန်းတပည့်တစ်ယောက် သေရည်သောက်နေတာကို တွေ့ခဲ့ပါတယ်.."

"သေရည်လား"

"ဟုတ်ပါတယ်"

ဟွမ်းဂျွန်၏ မျက်နှာက ရှုံတွနေလေသည်။

"တတိယတန်းတပည့်တစ်ယောက် က သောက်တာဟုတ်လား...

မင်းတို့ မြင်ခဲ့တာ သေရောသေချာရဲ့လား"

"သေချာပါတယ်......သူကတော့ သူမဟုတ်ဘူးလို့ ငြင်းနေပေမယ့် သူဆိုတာ လုံးဝသေချာပါတယ်"

ဘတ်ချုန်းက ဟွမ်းဂျွန်၏ အရိပ်အကဲကို ကြည့်ကာ ဤတစ်ကြိမ်တွင်တော့ ထိုကလေး ကံမကောင်းနိုင်တော့သည်ကို သိ၍ ကြိတ်ကာ ပြုံးလိုက်လေသည်။ အမူအရာပင် မထိန်းနိုင်တော့ချေ။

"မင်း မြင်ခဲ့တဲ့ တပည့်က ဘယ်သူလဲ"

ဘတ်ချုန်း ချွန်းမြောင်ဘက်သို့ လှည့်ကာ လှောင်ပြုံးပြုံးလိုက်လေသည်။ ဤကလေးသည် အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ဗလောင်ဆူနေမည်က သေချာပေသည်။ ကိုယ့်ထိုက်နှင့်ကိုယ့်ကံပေ။

သူ့အား ရန်စလာလျှင်တော့ သူက အလွတ်ပေးမည် မဟုတ်ပေ။

"အဲ့ကလေးက တတိတတန်း တပည့် ချွန်းမြောင်ဆိုတဲ့သူပါ"

"ဘယ်သူ...."

"ချွန်းမြောင်ပါ...ဟိုမှာ ရပ်နေတဲ့တစ်ယောက်ပါ"

ဘတ်ချုန်းက အကြီးအကဲများ တတိယတန်းကလေးများကို သေချာမသိမည်စိုးရိမ်၍ လက်ညိုးထိုးကာ ချွန်းမြောင်ကို ညွှန်ပြပေးလိုက်လေသည်။

ဟွမ်းဂျွန်ကမူ ချွန်းမြောင်အား မျက်မှောင်ကြုတ်ကြီးနှင့် ကြည့်နေလေပြီး ဒေါသကြောင့် စကားသံပင် ကျယ်လာလေသည်။

"ဘာဖြစ်တယ်လို့ ပြောလိုက်တာ..."

"ဟုတ်ကဲ့...ချွန်းမြောင်က သေရည်သောက်တာပါ...ဟင်"

"ဘယ်လိုဖြစ်တာ

"

"......."

ဘာလားဟ...

အပိုင်း (၇၈)

ဘယ်သူသေသေ ငါမသေ ပြီးရော(၃)

ဘတ်ချုန်း သူ့အား ထပ်ကာထပ်ကာမေးနေသောကြောင့် ခေါင်းမော့ကာ ကြည့်လိုက်သောအခါ မကျေမနပ်မျက်နှာထားနှင့် သူ့အားကြည့်နေသော ဟွမ်းယုန်ကို တွေ့လေသည်။

ငါ ဘာများ မှားပြောလိုက်မိလို့လဲ....

ဘတ်ချုန်း ကမောက်ကမနှင့် နားမလည်ဖြစ်နေသော အခြေအနေကို ပြန်လည်အခြေကျသွားစေရန် ထပ်ကာ ရှင်းပြလိုက်လေသည်။

"တတိယတန်း ကလေးတစ်ယောက် ဟွာကျေးရွာကို ဆင်းပြီး သေရည်သောက်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ....

သူ့ကို ဂိုဏ်းချုပ်က တောင်အောက်ဆင်းခွင့်ပေးထားတယ်ဆိုရင်တော့ သေရည်သောက်ခွင့်ပေးထားတာမှ မဟုတ်တာ...

ဒါကို ဒီကလေးက နားလည်ပုံမရပါဘူး...တားမြစ်ထားတဲ့ သေရည်ကို သောက်ခဲ့ပါတယ်"

ဟွမ်းယုန်၏ မျက်နှာက ပိုမိုကာ မဲမှောင်လာလေသည်။

ကြည့်ရတာ ငါပြောချင်တာကို အကြီးအကဲက ခုမှ နားလည်သွားတဲ့ပုံပဲ...

"မင်းကြည့်ရတာ စကားလုံးတွေကို သေချာနားလည်ပုံမရဘူးပဲ"

"...ဗျာ"

ဟွမ်းယုန်က သူ၏ဒေါသကို ကြိုးစားထိန်းကာ ပြောလာလေ၏။

"ဟွာဆန်းရဲ့ စည်းမျည်းတွေက မင်းချထားတာလား"

"မဟုတ်တာ..ကျွန်တော့်လို့ ဂိုဏ်းသားလေးက ဘယ်လိုလုပ်....."

"ဒါဆို ဟွာဆန်းမှာ ဂိုဏ်းပြင်ပကို ရောက်ရှိနေတဲ့ ဂိုဏ်းသားတိုင်းကို သေရည်သောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့ စည်းမျဉ်းမျိုး ရှိလား...."

".........."

ဘတ်ချုန်း ဟွမ်းယုန်ပြန်မေးလိုက်သည့် မေးခွန်း၏ဆိုလိုရင်းကို နားမလည်နိုင်ပေ။

သေချာပေါက် ထိုကဲ့သို့ စည်းမျဉ်းမျိုး မရှိသည်ကတော့ သေချာပေသည်။

"ပြီးတော့...."

ဟွမ်းဂျွန်က ဘတ်ချုန်းအား ကြည့်လာလေသည်။

"ဘာဖြစ်လို့လဲ"

"...အကြီးအကဲ..."

"အတူတူ ထိုင်သောက်တော့ရော ဘာဖြစ်လဲ"

"......."

ဟွမ်းယုန်ကြောင့် မည့်သည့်ကိစ္စကြောင့် ပိုပိုကာ စိတ်ဆိုးလာသည် မသိပေ။ တစ်ခုခုတော့ လွဲနေပြီဟု သူခံစားရလေသည်။

ဟွမ်းယုန်က ရုတ်တရက်ဆိုသလိုပင် ဘတ်ချုန်းသို့ လက်ညိုးငေါက်ငေါက်ထိုးကာ အော်လေတော့သည်။

"ဒီနားမှာ ကိုယ်စားနေတဲ့ဟာတွေကို ဘယ်သူရှာပေးထားလဲဆိုတာ မသိတဲ့လူတွေ ဘယ်လိုတောင် များနေတာလဲ...

ကိုယ့်ကို ကျွေးမွေးနေပြီး သူက သူ့ပိုက်ဆံနဲ့သူ သေရည်တောင် သောက်လို့မရတော့ဘူးလား...

မင်းတို့ကိုယ် မင်းတို့ ဘာကြီးတွေများ မှတ်နေကြတာလဲ... မင်းတို့ကို ဒီလိုဘဝမျိုးရောက်အောင် အမြင့်တင်ပေးခဲ့တဲ့သူကို မင်းတို့က ချောက်ချနေကြတယ်ပေါ့လေ...ဟုတ်လား...

မင်းတို့က ဘယ်လိုမျိုးမစစ်ခွေးကောင်တွေလဲ"

ဘာ...ဘာဖြစ်တာလဲဟ...အကြီးအကဲက.....

"မင်းတို့စားနေတဲ့ ဒီအသားတွေ မင်းတို့ တစ်ပြားပေးထားတာ ရှိလို့လား..မင်းတို့ ဘယ်လောက်ရှာထားလို့လဲ...

သူရှာထားတဲ့ ငွေနဲ့ သူသုံးတာကိုတောင် မင်းတို့က နားမလည်ပေးနိုင်ကြဘူးပေါ့...

မင်းတို့ မကျေနပ်ရင် ကိုယ့်စရိတ်နဲ့ကိုယ် ရှာစားကြ..."

ဘတ်ချုန်းကမူ အခြေအနေကို လိုက်မမီတော့ပေ။ သူက တတိယတန်းတပည့်တစ်ယောက် သေရည်သောက်နေသည်ကို မြင်ခဲ့၍ မြင်ခဲ့သည့်အတိုင်း ပြောလိုက်သည်ကိုပင် အကြီးအကဲက စိတ်ဆိုးနေလေသည်။ သူ အမှန်တကယ်ပင် နားမလည်တော့ချေ။

ဟွမ်းယုန်ကမူ ကျေနပ်ပုံမရသေးပေ။ ဆက်ကာ အော်နေဆဲပင်။

"မင်းတို့ ဒီလောက် အဖြစ်ရှိတယ် ထင်နေကြရင်လည်း ဟွာကျေးရွာကို ဆင်းပြီး ငွေရှာချည်ကြ....

မဟုတ်ဘူး..မင်းတို့ မင်းတို့ရဲ့ ထမင်းရှင်ကြီးကို ပြောထားတာဆိုတော့ ဂိုဏ်းက ဘာတစ်ခုမှ မယူသွားကြနဲ့...

လက်ဗလာနဲ့ဆင်းကြ...

မင်းတို့တွေ အဲလိုလုပ်နေရတာနဲ့ပဲ တန်တယ်....ဒုက္ခရောက်မှ သိမယ့်ကောင်တွေ...

မင်းတို့ကို မင်းတို့ ဘာကြီးတွေများ မှတ်နေကြတာလဲ...ထမင်းတစ်ပွဲ ဟင်းတစ်ခွက်လောက်တောင် ငွေမရှာကြဖူးဘူးပဲနဲ့"

ဘန်းးး

ထိုအချိန်မှာပင် စားသောက်ခန်းမ တံခါးကြီးက ပွင့်လာလေပြီး ဟွမ်းဆန်းက ဝင်လာလေသည်။

"မင်းက ဒီမှာကိုး"

"ငါ့ကို လွတ်စမ်း....အီးယားးးးး"

"အပြင်ရောက်ရင် လွတ်ပေးမယ်....ကလေးတွေ မရှိတော့တဲ့ နေရာကြရင်....ငြိမ်ငြိမ်လိုက်ခဲ့"

ဟွမ်းဆန်းက ဟွန်းယုန်အား ပါးစပ်ကိုပိတ် လက်ကိုချုပ်ကာ ဆွဲခေါ်သွားလေသည်။

တံခါးပိတ်သွားသံနှင့်အတူ အရာအားလုံးက တိတ်ဆိတ်နေပြီး စားနေသည့် အသံတစ်သံသာ ထွက်နေလေသည်။

အခြားသူများကမူ စားရန်မဆိုထားနှင့် ...လှုပ်ပင် မလှုပ်ရဲကြပေ။

"ဘာလားဟ"

ဘတ်ချုန်း တိုးတိုးရေရွတ်လိုက်လေသည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ"

ဤသည်က ဒုတိယတန်းတပည့်များအားလုံး၏ ရင်ထဲတွင် ရှိနေသော မေးခွန်ပင် ဖြစ်လေသည်။

ဒါက ထူးဆန်းလွန်းနေတယ်လို့ မထင်ဘူးလား ..ဆရာတူ အကိုကြီး"

ဘတ်ချုန်းက မေးခွန်းကို မဖြေသေးဘဲ လက်ထဲက လက်ဖက်ရည်ခွက်ကို ချလိုက်လေသည်။

ခွက်လေးက သူတံခါးပိတ်လေ့ကျင့်ရေး မစခင်ကပင် အသုံးပြုခဲ့သော ခွက်ဖြစ်လေပြီး ဟောင်းနွမ်းနေပြီ ဖြစ်လေသည်။

လွန်ခဲ့သောတစ်နှစ်ကမူ အဆောက်အအုံဟောင်း၊ ပစ္စည်းဟောင်း၊ လူအိုကြီးများနှင့် ဟွာဆန်းတွင် သူ ဘတ်ချုန်သည်သာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့လေသည်။ သို့သော် တံခါးပိတ်လေ့ကျင့်ရေးမှ ပြန်လာခဲ့သည်နှင့် အရာအားလုံးက ပြောင်းလဲသွားချေပြီ။ 'ဟွာဆန်း၏ မျှော်လင့်ချက်' ဆိုသည့်စကားက သူနှင့်လားလားမှ မသက်ဆိုင်တော့သည့်အလားပင်။

"ပစ်ထားတာ ဆယ်စုနှစ်ချီနေတဲ့နေရာတွေမှာ အဆောက်အဦးအသစ်တွေ ဆောက်တယ်...အဟောင်းတွေ ပြန်ပြီးပြုပြင်တယ်...ဒါတွေလုပ်ဖို့ ဟွာဆန်းက ဘယ်ကနေ ငွေတွေရတာလဲ......

ကျွန်တော်ပြောချင်တာက အဲ့လိုတွေ ပြောင်းလဲလာတာ ကောင်းပါတယ်...ဒါပေမယ့် "

ဘတ်ဆန်းက ပြောနေရင်းနှင့်ပင် ဒေါသသံများက ပါလာလေသည်။

"အကြီးအကဲတွေကတော့ ထူးဆန်းလွန်းနေတယ်လို့ မထင်ဘူးလား...ကျွန်တော်တို့တွေ ဒီလောက်ကြိုးကြိုးစားစားနဲ့ လေ့ကျင့်ပြီးမှ ပြန်လာတာကိုတောင် လှိုက်လှိုက်လှဲလှဲ မရှိကြဘူး...."

"ဆရာတူအကိုကြီးကိုလည်း ဂိုဏ်းချုပ်က ဘယ်မှာကောင်းကောင်း အသိအမှတ်ပြုလို့လဲ"

"ကျွန်တော်တို့ ဒီလောက်အကြာကြီး ကြိုးစားဖြတ်သန်းခဲ့ရတာကိုတောင်မှ ......"

"အကြီးအကဲတွေက သူတို့ရဲ့ လောဘနဲ့ အတ္တတွေကြောင့် ပြောင်းလဲသွားကြပြီ"

ဘတ်ဆန်းက ပြောလိုက်ရင်း ခေါင်းငိုက်စိုက်ကျသွားလေသည်။ အကြီးအကဲများ၏ ပြောင်းလဲမှုကြီးက သူတို့အပေါ်တွင် သက်ရောက်မှု ကြီးမားလွန်းလှပေသည်။

"ဂိုဏ်းချုပ်က နဂိုကတည်းက အနေအေးတဲ့သူမို့ ထားပါဦး.....

အကြီးအကဲ ဟွမ်းယုန်နဲ့ နည်းပြအန်းဂွန်တို့ ကတော့ လွန်လွန်းတယ်...

တစ်ပုံစံတည်းကို ဖြစ်နေကြတာ"

ဘတ်ချုန်းက မည်သို့မှ မတုံ့ပြန်ဘဲ ဘတ်ဆန်း၏ မကျေနပ်ချက်များကိုသာ နားထောင်နေလေသည်။ သူတို့ အကြီးအကဲများ ခွဲခြားဆက်ဆံမှုကြောင့် မကျေနပ်သော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။

"အကိုကြီးလည်း သိနေတယ်မို့လား...အကြီးအကဲတွေ အကုန်လုံးက အဲ့ကလေးဘက်ကိုပဲ ပါနေကြတာလေ...

ဘတ်လိုက်နေကြတာ...ဟုတ်တယ်မို့လား"

"ဘတ်ဆန်း"

"ဟုတ်ကဲ့..ဆရာတူအကိုကြီး"

"ငါလည်း ဒါတွေကို မကြုံခဲ့ရတာ မဟုတ်ပါဘူး"

"........."

အကြီးအကဲဟွမ်းယုန်က သူ၏မျက်နှာတည့်တည့်ကိုကြည့်ကာ ဆဲဆိုကြိမ်းမောင်းသွားသည်ကို သူ ယခုအချိန်ထိ နားမလည်နိုင်သေးပေ။

"အကိုကြီး ...အဲ့ကလေးက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား"

"အင်း"

"အကြီးအကဲတွေ သူ့ဘက်မှာ ရှိနေတယ်ဆိုရင်တောင် သူရဲ့ အကိုကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ကို အရိုအသေပေးတာ လောက်တော့ လုပ်ရမှာပေါ့.....ဟုတ်တယ်မို့လား"

ဘတ်ဆန်း၏စကားများကို နားထောင်နေရင်း ဘတ်ချုန်း မျက်မှောင်များ ကြုံ့လာလေသည်။

"ပြီးတော့ ဆရာတူညီမလေး ယု ကလည်း ဘာလို့ သူ့ကို ဒီလောက်စိတ်ဝင်စားနေရတာလဲ မသိဘူး...

ဘာလို့လဲဆိုတာ ကျွန်တော် တကယ်နားမလည်နိုင်ဘူး"

ဘတ်ဆန်း၏စကားကြောင့် ဘတ်ချုန်းကိုင်ထားသည့်ခွက်တွင် အက်ရာတချို့ပေါ်လာလေသည်။

"ဆရာတူညီမလေး ယု မှာ အကြောင်းတစ်ခုခုတော့ ရှိမှာပါ"

"ဒါပေမယ့်လည်း သူက ကျွန်တော်တို့နဲ့တောင် စကားတော်ရုံပြောတာ မဟုတ်ဘူး...

လူတဖက်သားကို အဲ့လောက်တက်တက်ကြွကြွနဲ့ လိုက်ပြီးစကားပြောနေတာမျိုးလည်း မမြင်ဖူးဘူး...

ကျွန်တော်တို့နဲ့ တစ်ရက်လုံးနေရင်တောင် စကားတစ်ကြိမ်ပြောလို့လား"

"..........."

"ကျွန်တော်တို့ မပြောနဲ့ .....အကိုကြီးကိုတောင်....."

"ဘတ်ဆန်း"

"ဟုတ်ကဲ့...အကိုကြီး"

"သိပ်ကြီးလည်း ဒေါသထွက်မနေပါနဲ့"

ဘတ်ဆန်းက ဘတ်ချုန်းအား မသိမသာ အကဲခတ်လိုက်လေ၏။ ဘတ်ချုန်းက ဒေါသကို ထိန်းထားဟန်ရပြီး အလုံးစုံတော့ ငြိမ်းချမ်းနေပုံမရပေ။ စိတ်ရှုပ်ထွေးနေမှုများက မျက်နှာပေါ်တွင် အထင်းသားပေါ်နေလေသည်။

ငါတော့ ဘာမဟုတ်တဲ့ ဒီကလေးကို ရှုံးသွားတာပေါ့လေ...

အကြီးအကဲတွေရဲ့ ယုံကြည်မှုတောင် မရလိုက်နိုင်ဘူးပေါ့....

ဟွာဆန်းတွင် မျိုးဆက်တစ်ဆက်ခြားလိုက်သည်နှင့်ပင် အဆင့်က မိုးနှင့်မြေကဲ့သို့ ကွာခြားသွားလေသည်။ အန်း မျိုးဆက် တပည့်များကို ဘတ် မျိုးဆက် တပည့်များက ရိုသေရသကဲ့သို့ပင် ဘတ် မျိုးဆက်များကိုလည်း တတိယတန်းတပည့်များက ရိုသေရမည် ဖြစ်လေသည်။ သို့သော် ယနေ့သူ့အား ထိုချွန်းမြောင်ဆိုသည့် ကလေး ဆက်ဆံလိုက်ပုံက ရင်နာစရာပင်။ အသည်းပေါက်လှပေသည်။

ဒီ စိတ်ကြီးဝင်နေတဲ့ ခွေးသားလေးကိုကတော့.......

ဘတ်ချုန်းကို အဖြစ်အပျက်ကို ပြန်တွေးကာ နှုတ်ခမ်းကြိတ်ကိုက်လိုက်လေသည်။

" ကျွန်တော် ပြောတာက အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်...ဒါပေမယ့် မတရားတာ ကတော့ အမှန်ပဲ...

ကျွန်တော်တို့ ဒီလိုခက်ခဲလှတဲ့ လေ့ကျင့်ရေးက ပြန်ခဲ့တာတောင် အကြီးကဲတွေက အရေးမစိုက်တဲ့အပြင် မြွေလို လျှာနှစ်ခွနဲ့ကလေးကို အရေးပေးနေလိုက်ကြသေးတယ်....အဲ့ကလေးကလည်း အကြီးအကဲတွေနဲ့ကျ ယဉ်ကျေးသယောင်ဆောင်နေလိုက်သေးတယ်.....ချစ်စရာကောင်းသလိုက နေပြလိုက်သေးတာ"

"ငါတို့ ချစ်စရာကောင်းရမယ့်အရွယ်က ကျော်ခဲ့ပြီလေကွာ......"

"ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ ဆရာတူအကိုကြီးလည်း သိပါတယ်"

သူသိပေသည် ။ ဘတ်ချုန်း ကောင်းကောင်းကြီးပင် သိလေသည်။

ဒါက ရုတ်တရက်ကြီး နေရာလုခံလိုက်ရတဲ့ ခံစားချက်မျိုးပဲ....

အတိတ်တုန်းကမူ သူသည် ဟွာဆန်း၏ မျှော်လင့်ချက် ရောင်ခြည်လေးဖြစ်ခဲ့လေပြီး ဂိုဏ်းမှ အကြီးအကဲများ၏ အစစအရာရာ အရေးပေးဂရုစိုက်ခြင်းကို ခံခဲ့ရလေပြီး အမြဲပင် နွေးထွေးခဲ့ကြလေသည်။ ယခုတွင်မူ ဖုတ်လေသည့်ငပိ ရှိသည် ဟုပင် မထင်ကြတော့ချေ.။ ချွန်းမြောင်ကိုသာ ဖူးဖူးမှုတ် ပစားပေးနေကြလေသည်။

ထိုကဲ့သို့သော ရုတ်တရက်ဆန်လှသည့် အပြောင်းအလဲကြီးကြောင့် ဘတ်ချုန်း မပျော်နိုင်ပေ။ အပြောင်းအလဲအားလည်း လက်မခံနိုင်သေးပေ။ ချွန်းမြောင်ဆိုသည့် ကလေးက အကြီးအကဲများကို ထိုမျှ စည်းရုံးချုပ်ကိုင်ထားနိုင်မည်ဟုလည်း မထင်ထားခဲ့ပေ။ သို့သော် ဟွာဆန်းဆိုသည်က သူ၏ပိုင်နက် ၊ သူ၏အောင်မြေပင်။ တချိန်က သူရခဲ့ဖူးသည့် အရာများကို ပြန်လည်၍ ရယူမည်ဟု ဆုံးဖြတ်ထားလိုက်လေသည်။

"အကိုကြီး ...သူ့ကို ဒီတိုင်းပဲ လွတ်ထားလိုက်တော့မှာလား"

"ငါတို့က ဘာများလုပ်နိုင်ဦးမှာမို့လို့လဲ"

"အနည်းဆုံးတော့ သူ့ကို ရိုက်တာဖြစ်ဖြစ် ပညာပေးတာဖြစ်ဖြစ်တော့ လုပ်သင့်တယ် မဟုတ်ဘူးလား...

ဒါကို ဒီတိုင်းလွတ်ပေးထားလိုက်မယ်ဆိုရင် ဟွာဆန်းက ပိုပြီး ပျက်စီးလာတော့မှာ......

အကိုကြီးက ဒါကို ပြုပြင်ပေးဖို့ လိုတယ်"

ဘတ်ချုန်း ဘတ်ဆန်း၏ စကားကြောင့် ခါးသက်သက် ပြုံးလိုက်လေသည်။

"စိတ်လျော့ပါ"

"ဆရာတူအကိုကြီး"

ဘတ်ဆန်း၏ လေသံက ကျယ်လာသောကြောင့် ဘတ်ချုန်းက မျက်မှောင်ကြုတ်လိုက်လေသည်။ ဤသည်ကို မြင်လိုက်သော ဘတ်ဆန်းက ချက်ချင်းဆိုသလိုပင် ဦးညွတ်လိုက်ပြီး မျက်လွှာကိုလည်း ချလိုက်လေသည်။ ဘတ်ဆန်း၏ အမူအရာကြောင့် ဘတ်ချုန်းက အနည်းငယ်ကျေနပ်သွားလေသည်။

" ငါလည်း သူ့ကို မဆုံးမဘဲနဲ့တော့ မနေချင်ပါဘူး"

"ဒါဆို ဘာလို့"

"ပထမဆုံးအနေနဲ့ ငါတို့ သိဖို့ လိုတဲ့အကြောင်းတွေ ရှိသေးတယ်"

"ဟင်"

"ပြီးတော့ ငါတို့ လိုက်နာရမယ့် စည်းမျဉ်းတွေလည်း ရှိသေးတယ်....

အကြီးအကဲတွေ အားလုံးက ဒီကလေးကို ဘာလို့အရေးပေးနေလဲဆိုတာ မင်းရော မသိချင်ဘူးလား..

ငါတို့ အကြောင်းအရင်းကို သိအောင် လုပ်ရဦးမယ်"

"ဟုတ်သားပဲ....ကျွန်တော်တို့ သိအောင်လုပ်ထားသင့်တာပေါ့"

"သူလာနေပြီ"

"ဘယ်သူလဲ"

ဘတ်ချုန်း စကားဆုံးသည်နှင့် တံခါးခေါက်သံက ထွက်လာလေ၏။

"ဝင်ခဲ့ပါ"

ဘတ်ချုန်း၏ ခွင့်ပြုသံအဆုံးတွင် တံခါးက ပွင့်လာလေပြီး လူငယ်တစ်ယောက်ဝင်လာကာ အရိုအသေပေးလေသည်။

"ဂိုဏ်းသား ယွန်းဂျွန် ရောက်လာပါပြီ"

"လာပါ"

ဘတ်ချုန်းက နေရာပြကာ ခွင့်ပြုလိုက်လေ၏။

"ထိုင်ပါဦး"

ဘတ်ချုန်း၏ ခွင့်ပြုချက်ရမှသာ ယွန်းဂျွန်က ဝင်ထိုင်လေပြီး အရိုအသေကလည်း ကြီးမားလှလေသည်။ ဘတ်ချုန်း အနေနှင့်မူ နာခံတတ်သော ယွန်းဂျွန်၏ စိတ်နေစိတ်ထားမျိုးကို သဘောကျလေသည်။

ဒီကလေးလိုပဲ ဖြစ်နေရမှာကို .....

ဟို သူတောင်းစားလေးက ဂျိုကြွနေတယ်......

ဘတ်ချုန်းက ယွန်းဂျွန်၏ ယဉ်ယဉ်ကျေးကျေး အမူအရာကို သဘောကျသည်မို့ လေသံကလည်း ပျော့ပျော့ပြောင်းပြောင်းပင်။

"ယွန်းဂျွန်"

"ဟုတ်ကဲ့ပါ...အကိုကြီး"

"ငါ အဝေးကို ရောက်နေတဲ့အချိန်မှာ မင်း အကြီးအကဲတွေ နဲ့ ဆက်ဆံရပြီး ဂိုဏ်းသားတွေကို ကိုင်တွယ်ရတာ ခက်ခဲခဲ့မယ့်ပုံပဲ"

"ဟုတ်ကဲ့ ..ကျွန်တော် ဟွာဆန်းရဲ့ ဂိုဏ်းသားကောင်းအဖြစ် တာဝန်တိုင်းကို ကောင်းကောင်းမွန်မွန် လုပ်ခဲ့ပါတယ်"

"ဒါပေါ့...ဒါပေါ့...ဒီလိုပဲ ဖြစ်ရမှာပေါ့"

ဘတ်ချုန်းက စကားကို ဆက်ကာ မပြောသေးဘဲ ယွန်းဂျွန်ကို တချက်အကဲခတ်လိုက်လေပြီးမှသာ လိုရင်းသို့ ဆက်ကာ ပြောလေသည်။

"ကြည့်ရတာ အခုကတော့ ဟွာဆန်းမှာ ထူးထူးဆန်းဆန်းတွေ အရမ်းဖြစ်နေသလိုပဲနော်"

"အကိုကြီးက ချွန်းမြောင်ကို ပြောချင်တာလား မသိဘူးခင်ဗျ"

ဘတ်ချုန်းက ဆက်ကာ မပြောရသေးသော်လည်း ယွန်းဂျွန်ကမူ သူ၏ဆိုလိုရင်းကို နားလည်သွားပြီ ဖြစ်လေသည်။

"ကျွန်တော့်ရဲ့ ဆရာတူညီလေးကို ကောင်းကောင်း မဆုံးမထားမိတာ ကျွန်တော့်အပြစ်ပါ...အပြစ်ပေးချင်တယ်ဆိုရင် နည်းပြ ကျွန်တော့်ကိုပဲ အပြစ်ပေးလိုက်ပါ"

"အာ....ငါက အဲ့လိုပြောချင်တာ မဟုတ်ပါဘူး...

ငါပြောချင်တာက...."

"ငါ မရှိတဲ့အချိန်အတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုပဲ သိချင်တာပါ....မင်း ပြောတာကို နားထောင်ပြီးမှပဲ ငါတို့ ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ သိလာမှာမို့ပါ"

ယွန်းဂျွန်က သက်ပြင်းလေးကြီးကို ချလိုက်လေသည်။

နည်းပြ ဘတ်ချုန်းက အခုလိုမေးတာက သဘာဝကျပေမယ့် ငါ ပြောပြလိုက်ရင် ချွန်းမြောင်ကို သစ္စာဖောက်ရာ ကြသွားမလား...

ဒါပေမယ့်လည်း သူ့ကို့တော့ ငါမေးခဲ့ပြီးသားပါလေ....သူကလည်း ခွင့်ပြုခဲ့တာပဲကို ....ရမှာပါ..

ဟုတ်လေသည်။ ယွန်းဂျွန်က ဘတ်ချုန်းက အခေါ်ရှိလေသည်ဆိုကတည်းက ဖြစ်လာမည့်အရေးကို ကြိုတွေးမိသည်မို့ ယွန်းဂျွန်က ချွန်းမြောင်အား အကျိုးအကြောင်းပြောကာ မေးခဲ့ပြီးသား ဖြစ်လေသည်။ ချွန်းမြောင်ကမူ ရှင်းရှင်းပင်။ သွား လိုက် ဟုသာ ခွင့်ပြုလိုက်ပြီး တစ်စုံတစ်ရာ တားမြစ်ခြင်းပင် မရှိချေ။

ချွန်းမြောင်ထံမှ ခွင့်ပြုချက်ရထားပြီးသားပေမို့ အနည်းငယ်လည်း အပြစ်ကင်းသလို ခံစားရလေသည်။

"အဲ့တာဆိုရင်တော့ ချွန်းမြောင် ဟွာဆန်းကို စရောက်လာတာကနေ ပြောရမယ်ထင်တယ်"

ယွန်းဂျွန်က အစချီကာ ပြောလိုက်သည်နှင့် ဒုတိယတန်းတပည့်များက စိတ်ဝင်တစား နားထောင်လာကြလေသည်။ ဇာတ်လမ်းအစတွင် သာမန်စိတ်ဝင်စားကြသော်လည်း ဇာတ်လမ်းအလယ်တွင်မူ ဘတ်ချုန်း၏ မျက်နှာက ပျက်ယွင်းလာလေပြီး အဆုံးသတ်သွားသောအခါတွင်မူ မည်သူမှ စကားပင်မပြောနိုင်ကြတော့ပေ။

All Chapters