အခန်း (၇၉-၈၁)
Vol. 6 Ch. 79-81
အပိုင်း (၇၉)
ဘယ်သူသေသေ ငါမသေ ပြီးရော(၄)
အားလုံးကလည်း ယွန်းဂျွန်အား မယုံကြည်သောမျက်လုံးများနှင့် ကြည့်ကာ ဒုက္ခရောက်ပြီဟူသော ခံစားချက်ကိုလည်း ကိုယ်စီရင်ဝယ်ပိုက်ထားကြလေသည်။
အချိန်အတော်ကြာမှ ဘတ်ချုန်းက စကာ စကားပြောလာလေ၏။
"ဆိုတော့ ..အဲ့ကလေးက..."
"ဟုတ်ကဲ့......"
"ဟွာဆန်းရဲ့ သိုင်းကျမ်းတွေနဲ့ ရတနာတွေကို ရှာတွေ့ခဲ့တာပေါ့"
"ဟုတ်ကဲ့"
"ပြီးတော့ သိမ်းခံရတော့မယ် ဟွားကျေးရွာက လုပ်ငန်းတွေရဲ့ စာရင်းစာအုပ်တွေကိုလည်း ပြန်တွေ့ခဲ့ပြီး လုပ်ငန်းတွေကို ပြန်ယူပေးခဲ့တာပေါ့"
"အမှန်ပါပဲ"
"အဲ့တာတင် မကသေးဘူး...သူက အန်ဟာကုန်သည်အစည်းအရုံးရဲ့ ခေါင်းဆောင် အကြီးအကဲဟွမ်ကိုပါ သေဘေးကနေ ကယ်တင်ကုသပေးခဲ့တာပေါ့..ဟုတ်လား"
"ဟုတ်ပါတယ်"
"အဲ့တော့ အန်ဟာက ဟွာဆန်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ စီးပွားရေးတွေကို အပြန်အလှန်အနေနဲ့ ကူညီပေးထားတာပေါ့...
ဟွာကျေးရွာက လုပ်ငန်းတွေရောလေ..."
ယွန်းဂျွန်က ခေါင်းငြိမ့်ပြကာ ထောက်ခံလေသည်။
ပြိုလဲနေပြီးသား ဖြစ်သော ဟွာဆန်းသည်က ရုတ်တရက်ကြီး ခေါင်းထောင်ထလာသည်က မထူးဆန်းတော့ပေ။
အကြွေးနွံတွင် နစ်နေလေပြီး အရာရာဆုံးရှုံးကာ အလုံးစုံပျက်စီးတော့မည့် ဟွာဆန်းပြန်လည် နလန်ထူလာသည်က ဟွာဆန်းတိုးတက်လာသောကြောင့် မဟုတ်ပေ။ ရတနာများ ပြန်တွေ့ကာ အန်ဟာကုန်သည်အစည်းအရုံး၏ အကူအညီကြောင့်ပင်။ ထို့ကြောင့်ပင် ထိုအကြောင်းအရာများ အားလုံး၏ ဇစ်မြစ်ဖြစ်သည့် ထိုကလေးကို အကြီးအကဲများက အရေးပေးနေကြခြင်းပင်။ ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ထိုကလေးနှင့် သီးသန့်ဆွေးနွေးရသည့် အကြောင်းရင်းကိုလည်း သူနားလည်သွားချေပြီ။
"ငါသိပြီ"
"ဟုတ်ကဲ့ပါ...နည်းပြ ...ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"
"ကောင်းပြီ"
ယွန်းဂျွန် အခန်းထဲက ထွက်သွားသည်နှင့် အခန်းတွင်းရှိ လူများအားလုံး၏ မျက်နှာတွင် စိတ်ဓါတ်ကျသော အရိပ်အယောင်များ ပေါ်လာလေသည်။
"အခု ဘယ်လို လုပ်ကြမလဲ....."
"ဆိုတော့ ဒီကလေးက ဟွာဆန်းရဲ့ ပြဿနာတိုင်းကို သူပဲဖြေရှင်းပေးထားတဲ့သဘောလို ဖြစ်နေတာပေါ့"
"........"
"အကြီးအကဲတွေ ဘာလို့ သူ့ကို အရေးပေးနေလဲဆိုတာ အခုမှပဲ နားလည်တော့တယ်"
"ဟွမ်းယုန်က ငါ့ကိုတည့်တည့်ကြည့်ပြီး အော်လိုက်တုန်းက ဒီကလေးက ဟွာဆန်းကို အကူအညီတွေ အများကြီးပေးထားတဲ့ ကုန်သည်ကြီးတစ်ယောက်ရဲ့ သားလို့ ငါထင်လိုက်တာ...တကယ်ကျ ဒီလိုဖြစ်နေတာကို "
ဤသည်က သူတို့ ထင်ထားသည်နှင့် တက်တက်စင်အောင်ပင် လွဲနေလေသည်။
ငါတို့ ဒါကြီးကို ဘယ်လိုလုပ်ရတော့မှာလဲ...
"ဆရာတူအကိုကြီး....ဒါက"
"အင်း"
ဘတ်ချူန်း က စိတ်တွင်းမှာပင် အမြောက်အများတွေးတော ပူပန်နေပြီး စိတ်အစဉ်ကလည်း လေးလံနေလေသည်။
"တကယ်လို့ သူက ဂိုဏ်းရဲ့ ပြဿနာတွေကို ရှင်းပေးခဲ့တယ်ဆိုရင်တောင် အခြေအနေက မဆိုးသေးဘူး...
ဒါပေမယ့် ဒီကလေးက အန်ဟာနဲ့ပါ အဆက်အသွယ်ရှိနေသေးတယ်....
အန်ဟာက ဟွာဆန်းရဲ့ ငွေရေးကြေးရေးကို အဓိကထောက်ပံ့ပေးတဲ့သူဆိုတော့ ဒီဆက်ဆံရေး တည်မြဲနေသ၍
ဟွာဆန်းမှာ သူ့ရဲ့ နေရာက ပိုပြီးမြင့်လာဦးမှာပဲ"
"ပြီးတော့ သူက ဂိုဏ်းမှာ နေရာယူလာတော့"
"ဟုတ်တယ်....ဒါပေမယ့် အဲ့တာတွေက နောက်မှ ဖြစ်လာမှာပါ....
မင်းလည်း သိတဲ့အတိုင်း....ဒါက ဒီလောက်ပါပဲ....ထပ်ဖြစ်လာစရာတော့ မရှိတော့ပါဘူး."
ဘတ်ချုန်းက စိတ်ကိုလျော့ကာ ပြေရာပြေကြောင်း ပြောလေ၏။
"ဟင့်အင်း...ဒါက တကယ့်ကို ကိစ္စကြီးပဲနော်"
ဘတ်ချုန်း၏ အတွေးများနေမှုကြောင့် တစ်လျောက်လုံး တိတ်ဆိတ်ကာ တစ်လုံးတစ်လေပင် ဝင်မပြောခဲ့သော ဘတ်မန်က ဝင်ကာ ပြောလေသည်။
" ဟွာဆန်းရဲ့ ရတနာတွေကို ရှာတွေ့တယ်ဆိုတာက မတော်တဆ တိုက်ဆိုင်မှုဆိုပေမယ့် အကြီးအကဲ ဟွမ်ကိုပါ ကုသပေးနိုင်တယ်ဆိုတာတော့ တော်ရုံ ကံကောင်းမှုမျိုး မဟုတ်တော့ဘူးနော်..."
"ဆရာတူညီလေး"
"ဆရာတူအကိုကြီး....ဟွာဆန်းက သိုင်းပညာကို အဓိကထားသင်ပေးတဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ...
ငွေရှာပေးနိုင်လို့ ကလေးတစ်ယောက်ကို အသားလွတ်ကြီး အရေးပေးနေတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး...
တခြားသူတွေအမြင်မှာ ဟွာဆန်းရဲ့ ဂုဏ်သတင်းကို မြင့်တင်ပေးနိုင်ဖို့ လိုပါသေးတယ်"
ဘတ်မန်၏ စကားကြောင့် ဘတ်ချုန်းက စားပွဲကို ရိုက်ကာ ပြောလိုက်လေသည်။
"ဆရာတူညီလေး ...မင်း စကားပြောတာကို သေချာပြောသင့်တယ်...
မင်း အကြီးအကဲတွေနဲ့ နည်းပြတွေကို စော်ကားလိုက်တာလား"
"ကျွန်တော်က အဲ့လို ဆိုလိုချင်တာ မဟုတ်ပါဘူး"
"ဒါပေမယ့် မင်းပြောနေတာက ...."
"ဟုတ်ပါတယ်...."
ဘတ်ချန်ကလည်း ဘေးမှနေကာ ထောက်ခံလေသည်။
"သူပြောတာ ဟုတ်ပါတယ်....
ဟွာဆန်းက အခုဆိုရင် ပြောင်းလဲနေပါပြီ...
ငွေကြောင့် ဘာတွေပဲဖြစ်ဖြစ် ဘာတွေပဲပြောင်းပြောင်း ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ သိုင်းပညာကို အာရုံစိုက်ထားရပါမယ်...
ဂိုဏ်းကို လူမှန်နေရာမှန်ပြန်ဖြစ်စေဖို့ဆိုရင် ကျွန်တော်တို့ရဲ့ သိုင်းပညာတွေကလည်း အဆင့်မြင့်မားနေဖို့ လိုပါတယ်"
"မင်းတို့ပြောတာ မှန်တယ်"
ဘတ်ချုန်းက သူ့ဆရာတူညီလေးများ၏ ဆိုလိုရင်းကို နားလည်သွားပြီ ဖြစ်လေသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ငါတို့ရဲ့ အဓိက လားရာကိုတော့ သွားရမှာပဲ..
ဒီကလေးကို အကြီးအကဲတွေ အာရုံစိုက်နေတယ်ဆိုတာကလည်း လတ်တလော ဒီကလေးလုပ်ထားတဲ့ ကိစ္စတွေကြောင့်ပဲ...
ဒါပေမယ့် တစ်ခုသိထားရမှာက ညီလာခံကလည်း နီးလာပြီ....
သူတို့ ထပ်ပြီးတော့ တတိယတန်းကလေးတွေကို အာရုံစိုက်နိုင်မှာ မဟုတ်တော့ဘူး"
"ဟုတ်ပါတယ်....."
"ဆိုတော့ ငါတို့ကိုယ်တိုင်ကပဲ ကလေးတွေကို ရှေ့လျောက် ဂရုစိုက်ပေးရတော့မှာပေါ့..."
ဘတ်ဆန်းက ဘတ်ချုန်းအား ကြည့်ကာ ပြောလိုက်လေ၏။
"ပြီးတော့ ရှိပါသေးတယ် အကိုကြီး"
"ဘာလဲ"
"ကျွန်တော်တို့ပဲ ညီလာခံမှာ ယှဉ်ပြိုင်ရမှာ မဟုတ်ပါဘူး... ယှဉ်ပြိုင်ရမယ့် အထဲမှာ တတိယတန်းကလေးတွေရော ပါပါတယ်"
"အေးလေ..အဲ့တာ လူတိုင်းသိနေတာပဲကို..."
"ကျွန်တော်တို့က ကျွန်တော်တို့ပဲ ညီလာခံမှာ တော်ပြီးကောင်းမွန်နေအောင် မလုပ်သင့်ပါဘူး..
တတိယတန်းကလေးတွေကိုလည်း အဟားမခံရအောင် ကူညီပေးသင့်ပါတယ်"
ထိုစကားကြောင့် အရိပ်ပြလျင် အကောင်မြင်စွာပင် ဘတ်ချုန်း သဘောကျသွားလေသည်။ ချွန်းမြောင်မည်မျှပင် ထောင်လွှားနေစေကာမူ နည်းပြတစ်ယောက်ကိုတော့ ပြန်လည် တုန့်ပြန်၍ မရပေ။ မချေမငံဆက်ဆံ၍လည်း မရပေ။ အကြီးအကဲများကို မရိုသေသည်က ကြီးလေးသော အပြစ်ပင်ဖြစ်လေပြီး သူတို့သည်လည်း ဘောင်မကျော်လေပဲ ချွန်းမြောင်အား စည်းဘောင်တစ်ခုအတွင်းမှပင် ပညာပေးနိုင်မည့် အခွင့်အရေး ရလာပေလိမ့်မည်။
"မင်းတို့ရော ဘယ်လိုသဘောရကြလဲ...ဆရာတူညီလေးတို့"
"ကျွန်တော်တို့လည်း အဲ့လိုပဲတွေးမိပါတယ်....ပြဿနာတစ်ခုခုရှိလာရင်တောင် ညီလေးတွေကို ကူညီသင်ပြပြီး ဖြေရှင်းပေးလို့ ရတာပေါ့"
ဘတ်ချုန်းက ကျေနပ်ပြုံးကြီးပြုံးကာ ပြောလိုက်လေ၏။
"ထင်ထားတဲ့အတိုင်းပဲ...ဆရာတူညီလေးတို့က ဟွာဆန်းက အရာရာကို တကယ်ဂရုစိုက်ကြတာကို..ဟားဟား"
"ငါလည်း ဒီအကြံကို သဘောတူတယ်...
ငါတို့တွေ လေ့ကျင့်ရေးသွားနေကြတဲ့ကာလအတွင်း သူတို့ကို ပစ်ထားခဲ့ကြတာ ...
အခုတော့ သူတို့နဲ့အတူတူ သွေးပူလေ့ကျင့်ခန်းလေး ဘာလေးလုပ်နိုင်ပြီပေါ့"
"ဟုတ်ပါတယ်...အကိုကြီး"
အဆုံးသတ်တွင်မူ ဝိနည်းလွတ်စွာနှင့် ချွန်းမြောင်အား သင်ခန်းစာပေးနိုင်မည့်အခွင့်အရေး တွေ့ခဲ့ပြီမို့ ဘတ်ချုန်းက ပျော်မြူးနေလေတော့သည်။
"အဲ့ကလေး ချွန်းမြောင်က ဓါးသိုင်းကို ကောင်းကောင်းပိုင်နိုင်ပါစေလို့ ငါဆုတောင်းတယ်....
ဒါမှလည်း ဟွာဆန်းမှာ အနာဂတ်အတွက် အားထားလို့ ရမယ့် သိုင်းပညာရှင်တွေ ရှိလာမှာ"
"ဟွာဆန်းရဲ့ အနာဂတ်ကို ဦးဆောင်ရမယ့်သူက ဆရာတူအကိုကြီးပဲလေ..ဘာလို့ အဲ့ကလေးကို လိုမှာလဲ"
"ငါက တသက်လုံး ဦးဆောင်မနေနိုင်ဘူး...
ငါ့ လက်အောက်ကနေ ဟွာဆန်းကို ဦးဆောင်နိုင်မယ့် ကလေးတစ်ယောက် ရှိဖို့လိုလာဦးမှာပဲ"
"အနှီးထုပ်ထဲက ထွက်လာတာတောင် မကြာလောက်သေးတဲ့ အဲ့ကလေးက ဓါးရေးကျွမ်းပါစေလို့ပဲ ငါဆုတောင်းနေပါတယ်..."
ဘတ်ချုန်း၏ စကားကြောင့် တခြားသူများက တခစ်ခစ်ရယ်လိုက်ကြလေသည်။
" အကိုကြီး ....ကျွန်တော်တို့က သူတို့ကို လေ့ကျင့်ပေး သင်ပေးလိုက်လို့တော့ အဲ့ချွန်းမြောင်ဆိုတဲ့ကလေးက ကျွန်တော်တို့ကိုတော့ မလန့်သွားလောက်ပါဘူးနော်....သူ့အတွက် နည်းနည်း ခြောက်ခြားစရာတွေများ ဖြစ်သွားမလားပဲ"
"ငါ သိပါတယ်....ကြည့်ရမှာပေါ့"
ထို့နောက်တွင်မူ ဒုတိယတန်းတပည့်များက ပြုံးပျော်စွာနှင့် ရယ်မောလိုက်ကြလေသည်။
ထောင်လွှားနေတဲ့ အဲ့ဒီကလေးကို ဘယ်လိုကျိုးကျိုးနွံနွံ နေရမလဲဆိုတာ သင်ပေးရတာပေါ့ကွာ.....
"မင်း ..အိပ်နေတာလား"
"ဟမ်...ဟမ်လို့"
"အမလေး ..ငါကတော့ မင်းကြောင့် နည်းပြဆီလည်း ရောက်လိုရောက်နဲ့ကို မင်းကတော့ ဒီမှာမင်းနဲ့မဆိုင်သလို လာအိပ်နေတယ်....တအားကို ဇိမ်ရှိနေတယ်ပေါ့လေ"
ယွန်းဂျွန်က ဒေါသကြောင့် မျက်နှာပင်နီနေလေပြီ။
ငါနော်...ပြောလိုက်ရ...
ချွန်းမြောင်သည်က ဂိုဏ်းတွင်းသို့ ရောက်စကပင် သူ့အားရိုရိုသေသေမရှိသည်မို့ ချွန်းမြောင်သူ့အား အရေးမလုပ်သည်ကို ထူးထွေတော့ မခံစားရတော့ပေ။ သို့သော်လည်း ဘတ်ချုန်းထံမှ ဆင့်ခေါ်ခံရသောအခါတွင်မူ အရင်းအမြစ်သကောင့်သားလေးကို စိတ်တိုချင်လေသည်။
ငါတို့ ဂိုဏ်းမှာမှ ဘာတွေ လာဖြစ်နေတာတုန်း....
ဘတ်ချုန်း၏ တင်းမှုန်နေသော မျက်နှာကို မြင်စကမူ ယွန်းဂျွန် ငိုပင်ငိုချင်သွားလေ၏။
ငါက ဘာလို့ ဒီလိုကြားညှပ်တဲ့ထဲကို ပါနေရတာလဲ....
လူတစ်ယောက်ကို သင်ပြပေးရသည်က လွယ်သော်လည်း ပင်ကို ဗီဇကိုမူ ဖျောက်ဖျက်ပေးရန် မလွယ်ပေ။
ချွန်းမြောင်အား ပြုပြင်ပေးချင်နေသည့် ဆရာတူအကိုကြီးများ၏ စိတ်ကို သိလိုက်ရသောအချိန်တွင်မူ ယွန်းဂျွန် ရင်မောသွားရလေသည်။
"ဆရာတူအကိုကြီး ...ဘာတွေ တွေးနေတာလဲ..."
"ဘာမှ...."
ဒီတစ်ယောက်ကလည်း ပြဿနာပဲ...
ဒီကောင်ကို ကြည့်ပါဦး.....အရင်တုန်းကတော့ ငါ့ကို ရိုသေသလိုလိုနဲ့ အခုကျ ငါ့ကို သူ့သူငယ်ချင်းလို ဆက်ဆံနေတာ ....
ယွန်းဂျွန် သက်ပြင်းရှည်ကြီးကို ချကာ ဂျိုဂုကို ကြည့်လိုက်လေသည်။
"ဂု"
"ဟုတ်..."
"ချွန်းမြောင် ဟွာဆန်းကို ရောက်တာကကောင်းတဲ့ကိစ္စလို့ မင်းတကယ်ထင်လား"
"ဟာ..အဲ့လို ထူးထူးဆန်းဆန်းတွေ မပြောစမ်းပါနဲ့.....တစ်ခုခု ဖြစ်လာလို့လား"
ကြည့်စမ်း....ဒါက ဆရာတူအကိုကြီးကို စကားပြောတဲ့ပုံစံတဲ့...
ဟွန့်....ငါ့ကို လေးစားရကောင်းမှန်းကို မသိဘူး...
ယွန်းဂျွန်သည် အတွေးနှင့်အတူ အိပ်ယာပေါ်တွင် အိပ်နေသော ချွန်းမြောင်နှင့် ဂျိုဂုကိုပါမချန် မျက်စောင်းထိုးကာ ပြောလေတော့သည်။
"ဘတ်ချုန်း အကိုကြီးက ငါ့ကို ရှေးဟောင်းနှောင်းဖြစ်တွေ ခေါ်မေးလိုက်တယ်..."
"အဲ့တာနဲ့ အကိုကြီးက ပြောပြလိုက်ရောလား"
"ဟ...ငါက ဘာလို့ မပြောဘဲ နေရမှာတုန်း"
"ငါ ပြောခဲ့တာတွေက အမှန်တွေပဲကို...."
"အင်း ပြောလိုက်တော့ ဘာဖြစ်လဲ"
"ဘာဖြစ်လဲ တကယ်မသိလို့ မေးနေတာလား"
"ထင်တာပဲ..မသိဘူးလို့"
ဂျိုဂု၏ စကားကြောင့် ယွန်းဂျွန် စိတ်ဓါတ်ကျစွာ သက်ပြင်းချလိုက်လေသည်။ ချွန်းမြောင်ကမူ အေးအေးလူလူပင် အိပ်နေလေပြီး ယောင်ယမ်းကာ ဗိုက်ကိုပင် ကုတ်နေလိုက်သေးသည်။
ဒီသောက်ရူးနှစ်ကောင်ကတော့....
လုပ်လိုက်ရရင်လည်း မကောင်းရှိတော့မယ်....
ဘတ်ချုန်းသည် သူတို့၏ ဆရာတူအကိုကြီးပင်မဟုတ်လေဘဲ မျိုးရိုးတစ်ဆက်ကွာသည့် နည်းပြမှန်းသိသိနှင့်ပင် ပထမဆုံးတွေ့ချိန်မှာပင် အငေါ့်တူးကာ မထီလေးစားလုပ်ရဲသော ချွန်းမြောင်ကို သူ အံဩလေသည်။
ဘတ်ချုန်းကလည်း စိတ်ထက်သူပီပီ သူ့အား ဤသို့ ဆက်ဆံကာ မျက်နှာပျက်စေထားသော ချွန်းမြောင်ကို အလွတ်မပေးမည်က သေချာလေသည်။ ချွန်းမြောင်ကလည်း ဆုံးမမနိုင်သည့် လူဖြစ်လေပြီး ဘတ်ချုန်းကလည်း အကြောမခံသည့် လူဖြစ်လေသည်။ ဘတ်ချုန်းနှင့် ချွန်းမြောင်တို့၏ အားပြိုင်မှုက သေချာပေါက်ပင် ရှိလာတော့မည်ဖြစ်ပြီး တတိယတန်းတပည့်များက ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဖြစ်မည်ကိုပင် စိုးရိမ်နေရလေသည်။
"အင်း အခြေအနေကတော့ မကောင်းတော့ဘူး..."
"ငါတို့တော့ ကြားညှပ်ပြီး ကံဆိုးမိုးမှောင် ကျပါပြီ..."
"ကျွန်တော်လည်း သိတယ်"
"ဆရာတူအကိုကြီးတွေ ပြန်လာကတည်းက မင်းကို တွေးထားမိမှာပါ.....ဒါမျိုးတွေ ဖြစ်လာတော့မယ်ဆိုတာကို"
"သေချာတာပေါ့"
"တခြားသူတွေကိုလည်း မနက်ဖြန်ကျရင်ခေါ်ပြီးတော့ သိုသိုသိပ်သိပ်လေး နေဖို့ ပြောလိုက်ဦး...
ဘာမှမဟုတ်ရင်တောင် ဘတ် တွေက ငါတို့ကို စောင့်ကြည့်နေကြမှာ...နည်းနည်းလေး မှားသွားရင်တောင် အလျော့ပေးမှာ မဟုတ်ဘူး....."
"ဟုတ်ကဲ့...ကျွန်တော် သိပါပြီ"
ဂျိုဂုက နားလည်းကြောင်း ပြောလိုက်လေပြီးမှ ယွန်းဂျွန်အား ပြန်ကာ ကြည့်လာလေသည်။
"ဒါနဲ့ ဆရာတူအကိုကြီး"
"ဘာလဲ"
"ကျွန်တော် မရှင်းတာ နည်းနည်းရှိနေလို့"
"ဘာလဲ"
"တကယ်လို့ နည်းပြ ဘတ်ချုန်းနဲ့ ချွန်းမြောင် ဓါးရေးပြိုင်ရင် ဘယ်သူနိုင်မယ်ထင်လဲ"
"အဲ့တာ မင်းတွေးရမယ့်ကိစ္စလား....စကားကို ဆင်ခြင်ပြောစမ်း..
အခုပဲ ကောင်းကောင်းနေဖို့ ပြောနေတာကို ....."
"အာ...သိပါပြီ"
ဂျိုဂုက ယွန်းဂျွန်၏ ကြိမ်းမောင်းသံကြောင့် ဇက်ကလေးပုကာ အခန်းထဲမှ ထွက်သွားလေသည်။
ယွန်းဂျွန်သည်လည်း အသေကောင်ပမာအိပ်နေသည့် အခန်းရှင် ချွန်းမြောင်ကို တချက်ကြည့်ကာ အခန်းပြင်သို့ ထွက်လာခဲ့လေတော့သည်။
ဘယ်သူနိုင်လောက်လဲ...
သူသည်လည်း ဂျိုဂုကဲ့သို့ မေးခွန်းထုတ်ကြည့်သော်လည်း သူ့တွင်အဖြေမရှိပေ။
"သေအောင်အိပ်နေ....ပြဿနာကောင်...."
ယခုတွင်မူ ဟွာဆန်းတွင် ရှိနေသော ငြိမ်းချမ်းမှုလေးက ပျောက်ပျက်သွားလေပြီ..။
အနာဂတ်တွင် များစွာသော အဖြစ်ပျက်များက ဖြစ်လာတော့မည်ဖြစ်ပြီး အရာအားလုံးက မသေချာတော့ပေ။
ချွန်းမြောင်ကမူ ဟွာဆန်းတွင် ဖြစ်ပျက်နေသောအရာများက သူနှင့်မဆိုင်သည့်အလားပင်။ အေးအေးချမ်းချမ်းပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေလေသည်။ ထိုအိပ်ပျော်နေသောကလေးကို ကြည့်ကာ ယွန်းဂျွန် မချိပြုံးကြီး ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်သွားလေတော့သည်။
အပိုင်း (၈၀)
ဘယ်သူသေသေ ငါမသေ ပြီးရော( ၅)
"နားထောင်"
"ဟုတ်ကဲ့ပါ....ဂိုဏ်းချုပ်"
အန်းဂွန်က လက်ဖက်ရည်ခွက်ကို ချကာ ဟွမ်းဂျွန်ဆီသို့ အာရုံစိုက်လိုက်လေသည်။
ဇီးပန်းပွင့် လက်ဖက်ရည်ဆိုသည်က ဇီးပန်းပွင့်ဖတ်များကို အခြောက်ခံကာ ကြပ်တင်ထားသည့် လက်ဖက်ရည်တစ်မျိုးဖြစ်လေပြီး ဟွမ်းဂျွန် အလွန်နှစ်သက်ဂုဏ်ယူသော ဟွာဆန်း၏ အမွေအနှစ်တစ်ခုဟုလည်း ပြောနိုင်လေသည်။
"အခြေအနေက ဘယ်လိုရှိလဲ"
အန်းဂွန် ဟွမ်းဂျွန်၏ အဖြေကို မဖြေခင်မှာပင် ယုအန်းသို့ တချက်လှမ်းကြည့်လိုက်လေပြီး ပြောသင့်မပြောသင့်ကို ချင့်ချိန်နေလေသည်။ ဟွမ်းဂျွန်ကမူ အန်းဂွန်ဖြေလာမည့်အဖြေကို စောင့်နေတုန်းပင်။
"မဆိုးပါဘူး..."
"ဒါဆိုလည်း ဟုတ်ပါပြီ"
"ဂိုဏ်းချုပ်ပြောနေတာကို ကျွန်တော် နှောင့်ယှက်တာတော့ မဟုတ်ပါဘူး...ဒါပေမယ့်......"
"ဒါပေမယ့် ဘာဖြစ်တာလဲ...."
"ပြဿနာကြီးတစ်ခုတော့ ရှိနေပါတယ်"
"အင်း..."
ဟွမ်းဂျွန် ခေါင်းငြိမ့်ကာ နားလည်ကြောင်း ပြလေသည်။
"အကြီးအကဲ ဟွမ်းယုန်သာ ရောက်မလာခဲ့ရင် အခြေအနေက ဒီထက် ဆိုးဝါးသွားမှာပါ....
ဂိုဏ်းချုပ်ပြောသလိုပါပဲ ....ကြည့်ရတာ ဒုတိယတန်းတပည့်တွေနဲ့ တတိယတန်းတပည့်တွေကြားမှာ အတိုက်အခံကိစ္စလေးတွေတော့ ရှိနေပုံရပါတယ်"
"ငါ သိပြီ"
ဟွမ်းဂျွန်က သက်ပြင်းချလိုက်လေသည်။
ဤမျှ အခြေအနေဆိုးဝါးသွားရသည့် အဓိကတရားခံက သူတို့ကြောင့်ပင် ဖြစ်လေသည်။ အန်း တပည့်မျိုးဆက်နှင့် ဘတ် တပည့်မျိုးဆက်က အသက်ကွာလှသည်ဖြစ်ပြီး အလိုအလျောက်ပင် အန်းတပည့်များကို ဘတ်တပည့်များက ရိုသေလေးစားကြလေသည်။ သို့သော် ဘတ် မျိုးဆက်နှင့် ချွန်းမျိုးဆက်ကမူ အသက်ကွာဟမှု အနည်းငယ်သာ ရှိလေပြီး ဘတ်တပည့်များ၏ အငယ်ဆုံးတပည့် ယုရီဆိုးသည် ချွန်းတပည့်များ၏ အကြီးဆုံးတပည့် ယွန်းဂျွန်နှင့် အသက်အတူတူပင် ဖြစ်လေသည်။
အသက်ကွာဟမှုက နည်းပါးကာ သူမသာ ကိုယ်မသာ ဖြစ်နေသောကြောင့် အလိုအလျောက် အရှိန်အဝါကြောင့် ဖြစ်လာသော ရိုသေမှုက ယခင်အစဉ်အဆက်များနှင့် ယှဉ်လျှင် နည်းပါးသည်ဟု ဆိုရပေမည်။ အသက်မကွာသည်က အဓိကပြဿနာကဲ့သို့ပင် ဖြစ်နေလေသည်။
ဟွာဆန်းသည် တတိယတန်းကလေးများကို စတင်လက်ခံကာစတွင် ဟွာဆန်းသည် ပြိုလဲလု အခြေအနေတွင်ရှိပြီး ဂိုဏ်းသားအသစ်များကိုလည်း ကျွေးမွေးရန် ငွေမရှိပေ။ ထို့ကြောင့်ပင် တတိယတန်းတပည့်များ၏နောက်တွင် ထပ်ကာလက်ခံထားသော တပည့်မရှိတော့ပေ။ ပြီးရင် ဟွာဆန်းသို့ ရောက်လာကြသည့်ကလေးအများစုကလည်း အချိန်တန်လျှင် ဆိုင်ရာမိသားစုထံသို့ ပြန်ကြမည့်သူကြီးများသာ ဖြစ်၍ ကျားကုတ်ကျားခဲလည်း သိုင်းပညာကို သင်ယူထားကြခြင်း မရှိပေ။ ဤသည်က ပထမပြဿနာပင် ဖြစ်လေတော့၏။
"အရင်တုန်းက ကလေးတွေက ဒုတိယတန်းတပည့်တွေကို မဆန့်ကျင်ရဲဘူးလားလို့ပါ...
ဒါပေမယ့် အခုတော့ အဲ့လိုမဟုတ်တော့သလိုပဲ..."
"ဟုတ်ပါတယ်...."
ကလေးများက သိသိသာသာ ပြောင်းလဲသွားကြသည်မဟုတ်သော်လည်း ပြောင်းလဲမှုများကတော့ အမှန်ပင် ရှိလာပြီ ဖြစ်လေသည်။ တစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှုက ကြီးမားလွန်းလှလေပြီး အားလုံးကိုပင် ကူးစက်ကာ အတိုက်အခံဖြစ်လာကြသည်ဟုလည်း ယူဆ၍ ရလေသည်။
ယခင်ကမူ တတိယတန်းတပည့်များသည် ယွန်းဂျွန်နှင့် ဂျိုဂုကို သာ ဗဟိုပြုကာ လည်ပတ်ကြသော်လည်း ယခုတွင်မူ ဂျိုဂုကပင်လျှင် ချွန်းမြောင်၏ အလိုအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်လေသည်။ ချွန်းမြောင်ကြောင့် သည်သာလျှင် သိသိသာသာပြောင်းလဲမှုများ ရရှိလာသောကြောင့်လည်း ထိုသို့ ချွန်းမြောင်အား အရေးပေးကြဟန်လည်း တူလေသည်။
စိတ်မာန်တက်ကြွနေသော ဆယ်ကျော်သက်များနှင့် အားမာန်ပြည့်ဝနေသော နှစ်ဆယ်ကျော်များ မတည့်ကြသည်က အဆန်းတော့ မဟုတ်ပေ။ ကွာဟချက်က မကြီးသည်မို့ ဒုတိယနှစ်ကလေးများနှင့် တတိယနှစ်ကလေးများသည် ပို၍ပင် အပြိုင်အဆိုင် ဖြစ်နေသည်ဟု အကြီးအကဲများက ယူဆကြလေသည်။
"ဒါ ကျွန်တော်ရဲ့ အမှားတွေပါ"
အန်းဂွန်က ဂိုဏ်းချုပ်အား ဦးညွတ်ကာ တောင်းပန်လိုက်လေသည်။
""ဒါက မင်းရဲ့အမှား မဟုတ်ပါဘူး..."
"ဂိုဏ်းချုပ်"
"ငါကသာ မင်းကို ဇီးပန်းဖြူအဆောင်ကို တာဝန်ယူခိုင်းမိတဲ့သူပါ...လူတိုင်းကလည်း ဒါကို သဘောတူခဲ့ကြတာပဲလေ..ဒါကို မင်းအမှားလို့ ပြောလို့မရပါဘူး.....
ဒါက တတိယတန်းကလေးတွေအတွက် နေရာကောင်းတစ်ခုလည်း ဖြစ်ခဲ့တာပဲကို....
အရေးကြီးတာက သူတို့ကို လေ့ကျင့်ဖို့သာ အချိန်ဇယားတွေ ထုတ်ပေးထား"
ထိုသို့ကြားနေရသည်ကပင် အန်းဂွန်ကို မသက်မသာဖြစ်လေစေသည်။ အရာအားလုံးတွင် အဆိုးနှင့်အကောင်း တွဲနေသည်က မှန်လေသော်လည်း အဆိုးကိုမူ လက်ခံရန် သူတို့ အဆင်သင့် မဖြစ်ကြသေးပေ။
ဟွာဆန်း၏သမိုင်းတစ်လျှောက်တွင် မည်သည့် အငယ်တန်းကမှ မိမိ၏ အကိုကြီး အမကြီး မျိုးဆက်ကြီးသူကို ပြန်ပြောရဲရိုး ထုံးစံမရှိခဲ့ပေ။ သို့သော် ယခုတွင်မူ ရှိလာပြီ ဖြစ်လေသည်။ တပည့်မကောင်း ဆရာ့ခေါင်းဖြစ်၍
တတိယတန်းကလေးများ၏ ပြဿနာက သူတို့၏ဆရာဖြစ်သော အန်းဂွန်၏ ခေါင်းပေါ်သို့ ပုံကျလာလေသည်။
'မင်း တပည့်တွေ ၊ မင်း ဆုံးမတာ ညံ့လို့' ဟူ၍ လက်ညှိုးထိုးသူ မရှိလင့်ကစား ဤသည်က သူ၏ တာဝန်ပင် ဖြစ်လေသည်။
ထို့အပြင် အန်းဂွန်သည်က ကလေးများ၏ ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုများကြောင့် ကလေးများကို ဖိအားပေးထားခြင်း မရှိဘဲ လွတ်လွတ်လပ်လပ် တသီးတသန့်ပင် လွတ်ထားလိုက်လေသေးသည်။ ဤသည်က ဒုတိယအမှားပင် ။ပြဿနာက ဖြစ်ပြီးသွားခဲ့ပြီဖြစ်၍ ယခုအချိန်တွင်မှ ပြန်ပြင်ဆင်၍ မရတော့ပေ။
"ဂိုဏ်းချုပ်..ကျွန်တော်တို့ ဘာဆက်လုပ်သင့်တယ်လို့ ထင်လဲဗျ"
ဟွမ်းဂျွန်သည် အနည်းငယ်စိတ်အေးသွားစေရန် ဇီးပန်းပွင့်လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်လေပြီး အဖြေမရှိသေးပေ။
"ငါတို့ ဘာများလုပ်လို့ ရနိုင်လောက်လဲ"
"ဒါပေမယ့် ဒါကြီးကို ဒီတိုင်းပဲဆက်ထားလိုက်လို့လည်း မရပါဘူး....."
"လူတွေကတော့ ဒီလိုပါပဲ....စိတ်ခံယူချက်တွေ တူတဲ့အခါ ပေါင်းစည်းမိသွားလိုက်...မတူတဲ့အခါ ကွဲကွာသွားကြလိုက်နဲ့.....တစ်ယောက်နဲ့တစ်ယောက် နင်းခြေဖို့ ကြိုးစားနေကြတာပေါ့"
"ဂိုဏ်းချုပ်...ကလေးတွေ အားလုံးက ကျွန်တော်တို့ရဲ့ ဂိုဏ်းသားတွေပါ..."
"မင်းတွေးကြည့်စမ်း....မြစ်တစ်စင်းရဲ့ ရေစီးကြောင်းကို မင်းပြောင်းနိုင်မယ်လို့ မင်းထင်လား...
ဒါမှမဟုတ် စမ်းချောင်းငယ်လေးရဲ့ ရေစီးကြောင်းကို မင်းပြောင်းနိုင်မယ်လို့ ထင်လား...
ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့နေရာကနေစမယ့်အစား အနီးဆုံး ချဉ်းကပ်လို့ ရမယ့် နေရာတစ်ခုကို မင်းရှာရမယ်.... ဘယ်အရာကမှ တခါတည်းပြောင်းလဲလိုက်လို့ မရဘူး...
မြစ်ထဲကို စီးဝင်နေတဲ့ စမ်းချောင်းလေးတွေ အားလုံးရဲ့ ရေစီးကြောင်းကို မင်းပြောင်းနိုင်ရင် မင်း မြစ်ကို ပြောင်းစရာ မလိုတော့ဘူး....စမ်းချောင်းလေးတွေရဲ့ ရေစီးကြောင်းကို ပြောင်းနေရင်းနဲ့ မင်း မြစ်ကိုပါ ပြောင်းခဲ့ပြီပြီး....ငါပြောတာ ဟုတ်တယ်မို့လား..."
ဟွမ်းဂျွန်က ပြုံးကာ မေးလိုက်လေသည်။
"အန်းဂွန်"
"ဟုတ်ကဲ့....ဂိုဏ်းချုပ်"
"ကလေးတွေကို ယုံကြည်ပြီးတော့ စောင့်ကြည့်လိုက်ပါ"
"......."
အန်းဂွန်က ဟွမ်းဂျွန်အား ယုံရခက် မယုံရခက် မျက်နှာနှင့် ကြည့်လာလေသည်။
ဟွမ်းဂျွန်ကလည်း အရိပ်အကဲသိသူပီသစွာ စကားလမ်းကြောင်းလွဲလိုက်လေသည်။
"ပြီးတော့ ဘတ်ချုန်းကလည်း ပြဿာနာရှာတတ်တဲ့ ကလေးမျိုး မဟုတ်ပါဘူး"
"ဟင်"
"မင်းရော အဲ့လို မထင်ဘူးလား"
"ဟုတ်ပါတယ်...သူက အဲ့လို ကလေးမျိုး မဟုတ်ပါဘူး..."
ဘတ်ချုန်းက ပြဿနာကောင် မဟုတ်ပါဘူး....ဂိုဏ်းချုပ်...
ပြဿနာကောင်က ချွန်းမြောင်ပါ...အဲ့ကောင်ကသာ တကယ့်ပြဿနာကောင် အစစ်ပါ....
အန်းဂွန် ချွန်းမြောင်အား သိထားသည့်ပုံရိပ်က အခြားခေါင်းဆောင်များ သိထားသည့်ပုံရိပ်နှင့် ခြားနားလှပေသည်။
အန်းဂွန် အနေနှင့်မူ ချွန်းမြောင်က တတိယတန်းကလေးများကို ချုပ်ကိုင်ထားသည့် အာဏာရှင်ဟု မြင်နေလေပြီး အခြားအကြီးအကဲများကမူ ဂိုဏ်း၏အငယ်ဆုံးသော ကလေးဟုသာ မြင်ကြလေသည်။ ထို့ပြင် ဟွာဆန်းဂိုဏ်းအား ကံကောင်းခြင်းများ ယူလာပေးသောကလေးဟူ၍လည်း အကောင်းမြင်စိတ်က ရှိကြပြန်လေသေးသည်။
"ဘတ်ချုန်းက ဂရုစိုက်တတ်ပြီး သတိထားတတ်တဲ့ ကလေးတစ်ယောက်ပါ.... ခဏတာ ဒေါသကြောင့် စိတ်လွတ်သွားရင်တောင် သူရဲ့ နာမည်အပျက်ခံပြီး ကလေးတစ်ယောက်ကို ဒုက္ခပေးမယ့် သူမျိုး မဟုတ်ပါဘူး"
ပြောရရင် ချွန်းမြောင်ကပင် ဘတ်ချုန်းအား ဒုက္ခပေးလေဦးမည်ဟု အန်းဂွန် ထင်လေသည်။
အခြားသူများအမြင်အရမူ အငယ်မှ အကြီးတန်းတပည့်တစ်ယောက်အား အနိုင်ကျင့်သည်က မဖြစ်နိုင်ဟု ထင်ရသော်လည်း ချွန်းမြောင်ဆိုလျှင်တော့ ဖြစ်နိုင်သည်ဟု ယူဆ၍ရလေသည်။ သို့သော်လည်း အန်းဂွန်သည်က ချွန်းမြောင်အား အပြည့်အဝနားလည်သူတော့ မဟုတ်ပေ။ ဂိုဏ်းချုပ်သည်လည်း မည်သို့ တွေးထားသည်ကို မသိလေသည်မို့ အန်းဂွန် ထပ်ကာ စောဒက မတက်တော့ပေ။
"ဟုတ်ကဲ့...ကျွန်တော် သိပါပြီ..ဂိုဏ်းချုပ်"
"အန်းဂွန်"
"ဟုတ်ကဲ့ပါ...ဂိုဏ်းချုပ်..."
"ညီလာခံကျင်းပဖို့ကလည်း အချိန်သိပ်မလိုတော့ဘူး...."
ညီလာခံဟူသော အသံကြားလိုက်သည်နှင့် အန်းဂွန်၏ မျက်နှာက မဲမှောင်သွားလေသည်။
အန်းဂွန်အမြင်ပြောရလျှင် ဟွာဆန်း၏တပည့်များသည် တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်နိုင်ရန် အကြောင်းမရှိပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ဟွာဆန်းဂိုဏ်း၏ အခြေအနေကလည်း ကွာခြားလွန်းလှသည် ဖြစ်ပြီး ဟွာဆန်းသည် သိုင်းကျမ်းများကို ပြန်ရထားသည်ကလည်း မကြာသေးပေ။
ဟွာဆန်း၏ သိုင်းပညာသည်က ယခုမှ မြေစမ်းခရမ်းပျိုး အဆင့်သာ ရှိသေးသော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ အလွန်ပင် ကောင်းနေလေပြီ ဖြစ်လေသည်။ မည်သို့ပင် ကြည့်စေကာမူ အဘက်ဘက်မှ အရှုံးပင်။ ရှုံးရာတွင် ကွာဟမှုမများလွန်းဘဲ လူဟားစရာ မဖြစ်စေရန်သာ အာရုံစိုက်ထားရပေမည်။ အနိုင်ရသည်ဆိုသည်ကတော့ မဖြစ်နိုင်သော ကိစ္စပေ။
"ငါတို့တွေ ပြဿနာတွေ အများကြီးကို ကျော်လွှားခဲ့ပြီးပါပြီ...ဒါပေမယ့် အရေးအကြီးဆုံး ပြဿနာကိုတော့ ငါတို့ မဖြေရှင်းရသေးဘူး... ငါတို့က ဟွာဆန်းရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ဖို့ ပြန်ပြီး ကြိုးစားတဲ့ခရီးက အခုမှ အစပဲရှိသေးတယ်....ငါတို့ ဇွဲလျော့လိုက်လို့ မဖြစ်ဘူး"
"ကျွန်တော် မှတ်သားထားပါ့မယ်...ဂိုဏ်းချုပ်"
"ကောင်းပြီ...မင်းတို့ နှစ်ယောက်လုံး သွားလို့ ရပြီ"
"ဟုတ်ကဲ့ပါ"
"ဟုတ်ကဲ့ပါ"
အန်းဂွန်နှင့် ယုအန်းသို့ ထွက်သွားသည့် အခါတွင်မူ ဟွမ်းဂျွန်သည် သူ၏အနောက်ဘက်တွင်ရှိသော ပြတင်းကို ဖွင့်ကာ ကြည့်လိုက်လေသည်။ ပြတင်းပေါက်မှတဆင့် ဆီးနှင်းများခဲနေသော တောင်ထိပ်များကို လှမ်းမြင်ရလေ၏။ နွေဦးရောက်သည့်အခါတွင် ထိုဆီးနှင်းများသည် အရည်ပျော်သွားကြလေပြီး ဇီးပန်းပွင့်များ ပြွတ်ခဲနေသည့် တောင်တန်းကြီးများ၏ မြင်ကွင်းကို သူမြင်ရပေလိမ့်မည်။
ဇီးပန်းပွင့်...ဇီးပန်းပွင့်...
သူတော်စင်ခုနှစ်ပါး သိုင်းက ပြန်ရောက်လာခဲ့လေပြီဖြစ်သည်။
ဟွမ်းဂျွန်သည် သိမ်ငယ်ဖွယ်ရာပင် ဟွာဆန်း၏ ဂုဏ်သတင်းကို တိုးတက်အောင် မလုပ်နိုင်ခဲ့ပေ။ ဓါးသိုင်းများကိုလည်း ပြန်လည် မဖော်ထုတ်နိုင်ခဲ့ပေ။ ရှက်ဖွယ်ရာပင်။
ဇီးပန်းပွင့် သိုင်းပညာလည်း ပြန်ရနိုင်ပါ ဦးမလား.....
အတိတ်တွင် ကုန်ဆုံးသွားပြီးသည့် အချိန်တို့က ပြန်မရနိုင်တော့ပေ။ ကုန်ဆုံးသွားခဲ့ပြီးသော အတိတ်တို့အတွက် ဟွမ်းဂျွန် နောင်တမရလိုပေ။ အနာဂတ်တွင် ဟွာဆန်းအား တိုးတက်လာအောင် မလုပ်နိုင်မှသာလျှင် နောင်တရ ရပေလိမ့်မည်။
"ဘိုးဘေးတို့...ကျွန်တော်တို့ ဟွာဆန်းကိုလည်း ပြန်ကြည့်ကြပါဦး"
ဟွာဆန်းကို ကယ်တင်စောင်မမည့် ဘိုးဘေးတစ်ယောက်က ဟွာဆန်းတွင် ရောက်နှင့်ခဲ့ပြီး ဖြစ်သည်ကို ဟွမ်းဂျွန် မသိခဲ့ပေ။
ထို့အပြင် ဟွမ်းဂျွန်သည် အမှားနှစ်ခု လုပ်မိခဲ့လေသည်။
ပထမအမှားသည် ချွန်းမြောင်အား ကံကောင်းလေးဟု ထင်ကာ အရေးပေးခဲ့မိခြင်းပင်။
ဒုတိယအမှားကမူ ဘတ်ချုန်းအား စိတ်ထားပျော့ပြောင်းကာ လူကြီးလူကောင်းဆန်သူဟု ထင်မိလိုက်ခြင်းပင်။ ဟွမ်းဂျွန်၏ အမြင်တို့က လုံးလုံး မှားသွားချေပြီ။
"ဘာပဲဖြစ်ဖြစ်"
"....."
"....အစားစားချင်တယ်"
"........"
တတိယတန်းကလေးများက ခန်းမထဲတွင် တုန်တုန်ရီရီနှင့် ရပ်နေကြရလေသည်။
တတိယတန်းကလေးများသည် လူမဆန်သော ချွန်းမြောင်၏ လေ့ကျင့်ရေးများကို အဖန်တလဲလဲ လေ့ကျင့်နေရသောကြောင့် လေ့ကျင့်ရေးများ ပြီးဆုံးသွားချိန်တွင်မူ အကောင်းပတိ ရပ်ကျန်နိုင်ခဲ့သူ ဆိုသည်က မရှိပေ။ သို့သော်လည်း လေ့ကျင့်ရေးကို မလာရဲ၊ ငြင်းဆန်ရဲသူက မရှိပေ။ ငြင်းဆန်လျှင် ချွန်းမြောင် ရိုက်သည်နှင့်ပင် ဦးစွာ အသက်ထွက်ပေလိမ့်မည်။
ဟ...သံတွေတောင် ထုလေ မာလေ...
ကြိုးစားလေ သန်မာလေ.....မင်းတို့ လေ့ကျင့်လေ သန်မာလေ...
မင်းတို့ လေ့ကျင့်နေတာ မင်းတို့အတွက် ....
လှိမ့်နေတဲ့ကျောက်တုံးတွေမှာ ရေညှိုတက်ရိုး ထုံးစံမရှိ....
ဘယ်လိုဖြစ်ဖြစ် မင်းတို့လေ့ကျင့်လို့လည်း မသေသွားနိုင်ပါဘူး.....မင်းတို့သေလည်း ငါမသေပါဘူး....
ကြိုးစားက ဘုရားဖြစ်....ကြားဖူးကြတယ် မို့လား....
ချီးချီး...ငါတို့က ကျောက်တုံးတွေမှ မဟုတ်တာ ဘယ်က ရေညှိက လာတက်ရမှာလဲ....
လူတွေဟ...လူတွေ....
ချီးဦးနှောက်နဲ့ ခွေးကောင်ကတော့ ........
ချွန်းမြောင်၏ လေ့ကျင့်ရေးများက ဆိုးဝါးကြမ်းတမ်းလွန်းသည် မှန်သော်လည်း တတိယတန်းတပည့်များက စောဒကမတက်ရဲသောကြောင့် ပုံမှန်ပင် လုပ်နေရပြီး အလေ့အကျင့်လည်း ဖြစ်လာလေသည်။ လေ့ကျင့်ရေးများက ကြမ်းတမ်းလှသည်နှင့်အညီပင်။ ရလဒ်ကလည်း သိသာလှပေသည်။ သူတို့၏ ခန္ဓာကိုယ်များက ယခင်ကထက်ပင် ပိုပို ကြံ့ခိုင်လာလေပြီး သန်မာထွားကြိုင်းလှသော ခန္ဓာကိုယ်များ ဖြစ်လာကြလေသည်မို့ ညည်းညည်းညူညူ မရှိကြတော့ပေ။ အားလုံးက ကြိုးစားလေ့ကျင့်ကာ သင်ယူလာကြလေသည်မို့ လေ့ကျင့်ရေး လုပ်ရသည်က အသားပင် ကျနေလေပြီ ဖြစ်သည်။
သို့သော် ပြဿနာသည်က ရှိလေသည် ။ ပြဿနာက အခြားမဟုတ်ပေ။ တတိယတန်းတပည့်များ၏ မူလရှိရင်းစွဲ ကြမ်းတမ်းသော လေ့ကျင့်ရေးတွင် အလားတူကြမ်းတမ်းသော လေ့ကျင့်ရေးများ ထပ်ပေါင်းလာခြင်းပင် ဖြစ်လေသည်။ တရားခံများကမူ အခြားလူများတော့ မဟုတ်ကြပေ။
"ငါတော့ သေတော့မယ် ထင်ပါတယ်"
"အား....နည်းပြတွေက တကယ်ပဲ ရက်စက်လိုက်ကြတာ"
"တစ်ကြိမ်ထက်တစ်ကြိမ် ပိုဆိုးလာတယ်လို့ မထင်ဘူးလား"
ဘတ် များပင် ။ဒုတိယတပည့်များက တတိယတန်းတပည့်များ အားလုံးကို လေ့ကျင့်ရေးအမည်တပ်ကာ မကျေနပ်သည်များ အတိုးချ၍ ပညာပေးနေကြလေတော့သည်။ နှိပ်စက်နေသည့်အလားပင်။
ချွန်းမြောင်နှင့် ဘတ်ချုန်း အတိုက်အခံဖြစ်လိုက်သည့်နေ့မှစ၍ တတိယတန်း တပည့်များသည် ဘတ် နည်းပြများ၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်ဖြစ်ပြီး တုံ့ပြန်၍လည်း မရပေ။ ညီလာခံအတွက် လေ့ကျင့်ရေး ဟူသော ခေါင်းစဉ်ကာ အားလုံးအား ချုပ်ကိုင်ထားနိုင်လေသည်။
"သူတို့က ငါတို့ကို ဘာလို့ ဒီလိုတွေ လာလုပ်နေတာလဲ"
"မင်း မေးဖို့တောင် လိုသေးလို့လား"
"ဟမ့်"
တစ်နေရာထဲတွင် ရပ်နေရသော လူများအားလုံး၏ အကြည့်များက ချွန်းမြောင်ထံသို့ ကျရောက်လာကြလေသည်။
"ဟမ်..."
အားလုံး၏ အကြည့်ကို ခံလိုက်ရသော ချွန်းမြောင်က ခေါင်းကို ဆတ်ပြကာ မေးလေ၏။
"ဘာလဲ...ဘာတုန်း...
ဘာလို့ ကျွန်တော့်ကိုပဲ ဝိုင်းကြည့်နေကြတာတုန်း"
"........."
"........."
ဒီခွေးသားကတော့ ဒီလောက်လုပ်နေရတာတောင် ဒင်းက မသိသေးဘူး...
ဦးနှောက်က မွေးကတည်းက မပါခဲ့တာလား.....
အပိုင်း(၈၁)
တိုက်မယ်ဟုတ်လား....မင်းတော့ သေပြီပဲ(၁)
"သူတို့ ငါ့ကို ဘာပြောလဲသိလား...တောင်ပေါ်တက်မယ်ဆိုရင် ဒူးတွေကို ဖြောင့်ထားရမယ်တဲ့"
"ငါ့ကိုလည်း ပြောသေးတယ်.....ငါ ရေသောက်ချင်ရင်တောင် သူတို့ဆီက ခွင့်ပြုချက်ကို အရင်ယူရမယ်တဲ့လေ"
"အား ...ချီးပဲ........သူတို့တွေ တမင်ကို ညစ်နေကြတာ"
ဒုတိယတန်းတပည့်များက တတိယတန်းတပည့်များကို အခွင့်အရေးရသည်နှင့် နှိပ်ကွက် အနိုင်ကျင့်နေလေသည်။ လေ့ကျင့်ရသည့်အချိန်တိုင်းတွင်လည်း အသေးဆုံးသော အမှားများကိုပင် ထောက်ပြကာ ရနိုင်သမျှသော နည်းလမ်းအသစ်များနှင့် နှိပ်စက်နေလေ၏။
ယနေ့တွင်လည်း သူတို့၏အိပ်ဆောင်များကို သန့်ရှင်းခိုင်းထားပြီး ဖုန်တစ်မှုန့်ပင် မမြင်ချင်ဟု ရာဇသံပေးသွားလေသည်။
"ငါတို့ ရိုက်နှက်နှိပ်စက်ခံရတာထက် ဆိုးနေပြီ"
ဂျိုဂုက အံကိုကြိတ်လိုက်လေ၏။
သူတို့ပင် အသုံးမပြုသည့် နည်းလမ်းများကိုသုံးကာ အနိုင်ကျင့်နေသော ဒုတိယတန်းတပည့်များ၏ အနိုင်ကျင့်မှုကို ခံရတိုင်းလည်း ဂျိုဂုက လက်သီးတင်းတင်းဆုပ်ကာ နေတတ်လေသည်။
"ဒုတိယတန်းတပည့်တွေက ဒီလိုလူတွေ ဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
"ငါ သူတို့ကို တကယ်ကြီး လေးစားခဲ့တာ"
"ငါတို့ကို ဒီလိုလုပ်နေရအောင်က ငါတို့က သူတို့ရဲ့ ရန်သူတွေလည်း မဟုတ်..
အဲ့လိုဆိုလည်း ထားပါတော့"
ယွန်းဂျွန် သက်ပြင်းချလိုက်လေသည်။
ဒါပေမယ့်လည်း ငါတို့က သူတို့ကို ဒီလိုလုပ်လို့ မရဘူးလို့ ပြောလို့မှ မရတာကွာ.......
ယခုအချိန်တွင် ဒုတိယတန်းတပည့်များက သူတို့အား တမင်သက်သက်ပင် နှိပ်စက်နေသည်က မေးရန်ပင် မလိုသောကိစ္စဖြစ်လေသည်။ ရည်ရွယ်ချက်ရှိရှိပင် တမင်အနိုင်ကျင့်နေလေပြီး ဟားတိုက်လှောင်ပြောင်နေသည်က နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေကာ တတိယတန်းတပည့်များအနေနှင့် အေးချမ်းစွာ နေရသောရက်ဟူ၍ မရှိပေ။
ထို့ပြင် ထိုသို့ လေ့ကျင့်ရေးကို အကြောင်းပြကာ အနိုင်ကျင့်နေသော လုပ်ရပ်များက ကျင့်ဝတ်နှင့် လျော်ညီမှုရှိမနေသော်လည်း သူတို့အား ထောက်ပြကာ တားဆီးမည့်သူက ရှိမနေပေ။ ထို့ပြင် မည်သို့ပင် ပြင်းပြင်းထန်ထန် အနိုင်ကျင့်နေစေကာမူ စည်းမျဉ်းတွင် မှန်ကန်သည်ဟု ဖော်ပြထားသောကြောင့် တာဆီးသူ မရှိသည်လည်း ဖြစ်နိုင်ပေသည်။
အဓိကပြဿနာကမူ နှစ်ချို့နေသော စည်းမျဉ်းများပင် ။လွန်ခဲ့သော နှစ်နှစ်ရာကျော်ကပင် ထုတ်ပြန်ထားသော စည်းမျဉ်းများ ဖြစ်လေပြီး လက်တွေ့နှင့် သဟဇာတမဖြစ်သော်လည်း ပြုပြင်ပြောင်းလဲကြခြင်း မရှိပေ။ အမြဲပြောင်းလဲနေသော ခေတ်နှင့်လိုက်ကာ အခါအားလျော်စွာ ဂိုဏ်းများက စည်းမျဉ်းများကို ပြောင်းလဲတတ်ကြသော်လည်း ဟွာဆန်းကမူ ထုံးစံမရှိပေ။ ထို့ကြောင့်ပင် ဒုတိယတန်းတပည့်များက တတိယတန်းတပည့်များကို ချွင်းချက်မရှိ အနိုင်ကျင့်နိုင်နေခြင်းပင် ဖြစ်လေသည်။
ဟွာဆန်း၏ စည်းမျဉ်းများထဲတွင် အကြီးများက အငယ်များကို အုပ်ချုုပ်ခွင့်၊ စည်းမျဉ်းပြပိုင်ခွင့် ရှိသည်ဟု ဆိုထားလေသည်။ မည်မျှပင် အနိုင်ကျင့်နေစေကာမူ ထိုစည်းကမ်းက ရှိနေသည်မို့ တတိယတန်းကလေးများက စောဒက တက်ခွင့်မရပေ။
"ပြောသေးတာ...ဟွာဆန်းရဲ့ တပည့်တိုင်းက သူတို့ရဲ့ဓါးနဲ့ ဝေးနေလို့ မရဘူးတဲ့....
ငါတို့က ရေချိုးနေတဲ့အချိန်နဲ့ အဝတ်လျော်နေတဲ့အချိန်ရော ဓါးကို လက်ကကိုင်ထားရမှာလား...
ရေချိုးခန်းထဲကိုရော ဓါးယူသွားရမှာလား"
"ငါ့ကိုဆို ထမင်းစားရင်တောင် လက်ထဲမှာ ဓါးကိုင်ထားဖို့ ပြောသွားသေးတယ်"
"ပြီးတော့ အိပ်ရင်လည်း ကိုင်ပြီးအိပ်တဲ့"
"ဘယ်လောက်တောင် အဓိပ္ပါယ် မရှိလိုက်လဲ....မင်းတို့ရော ဟွာဆန်းက ဘိုးဘေးတွေ ပြောထားသမျှကို မှတ်ထားနိုင်ကြလို့လား....."
"သူတို့ကကျတော့ မှတ်ထားနိုင်တာကြလို့"
"အေးလေ,...ငါပြောချင်တာကလည်း အဲ့တာပဲ"
တတိယတန်းတပည့်များက မကျေနပ်ချက်များကို ပြောနေကြကာ အံကို ကြိတ်လိုက်ကြလေသည်။
ဒုတိယတန်းတပည့်များက အသားလွတ်အနိုင်ကျင့်မှုကို ခံနေရ၍ ဒေါသများက သူတို့၏သွေးကြောများထဲထိပင် စီးဆင်းနေကြပြီး တစ်ကြိမ်အနိုင်ကျင့်ခံရလေတိုင်း ပိုဒေါသထွက်ရ၍ အသက်ပင် ပိုတိုလာသည်ဟု ခံစားနေကြရလေသည်။
"ငါ့မှာ ခေါင်းအေးအေးနဲ့တောင် မအိပ်နိုင် မစားနိုင်တော့ဘူး"
"သူတို့ က သူတို့ပျင်းတိုင်း ငါတို့ကို စုခိုင်းပြီးတော့ အနိုင်ကျင့်နေတာ...
ပြီးတော့ တစ်ယောက်ယောက်က တစ်ခုခုမမှားလိုက်နဲ့....မှားလိုက်တာနဲ့ အားလုံးကို အပြစ်ပြောပြီး ငေါက်ငမ်းနေတော့တာပဲ"
"သူတို့တွေက ဘယ်လိုတွေတောင် ဆိုးဝါးယုတ်မာနေကြတာလဲ"
"ငါတို့ကရော တမင်သက်သက်ကြီး အနိုင်ကျင့်နေတာကို သိသိကြီးနဲ့ ဘာမှ မလုပ်နိုင်တော့ဘူးလား"
ယွန်းဂျွန်က သက်ပြင်းချလိုက်လေသည်။
"ငါတို့က ဘာများလုပ်နိုင်မှာတဲ့လဲ"
"ပြီးတော့ သူတို့ ငါတို့ကို လုပ်နေတာက နည်းနည်းလေးတော့ ကြမ်းနေတယ်လို့ မထင်ကြဘူးလား...
ပွင့်ပွင့်လင်းလင်းပြောရရင် ငါတို့ကို အနိုင်ကျင့်နေတာ ဖုံးဖုံးဖိဖိတောင် မဟုတ်ဘူးနော်...ပေါ်တင်ကြီး အနိုင်ကျင့်နေကြတာ......
ပြီးတော့ သူတို့တွေ အကြီးတွေဖြစ်ပြီး စည်းအရမ်းကျော်နေပြီ"
"ဟုတ်တယ်...ငါလည်း တခြားဟာတွေ အကုန်လုံးကို သည်းခံနိုင်ပေမယ့် ငါတို့ရဲ့ လေ့ကျင့်ရေးအချိန်တွေကိုပါ လိုက်ပြီး နှောင့်ယှက်နေတာတော့ သည်းမခံနိုင်ဘူး.........ပြီးတော့ ဟွာဆန်းက သိုင်းပညာသင်တဲ့ဂိုဏ်းတစ်ဂိုဏ်း...
ဘယ်လိုလုပ်ပြီးတော့များ လေ့ကျင့်ရေးချိန်တွေမှာပါ သူတို့က နှောင့်ယှက်ရဲ့နေကြရတာလဲ..."
တတိယတန်းတပည့်များက ဒေါသကြောင့် မျက်လုံးများပင် နီစွေးနေကြလေသည်။
စင်စစ်အားဖြင့် ပြောရလျှင်မူ ယခုအချိန်မတိုင်ခင်အထိ ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များသည် ရန်ဖြစ်စရာအကြောင်းမရှိခဲ့ပေ။ မသင့်မြတ်ရန်လည်း အကြောင်းမရှိပေ။ ဒုတိယတန်းတပည့်များကလည်း သူတို့၏လေ့ကျင့်ရေးနှင့် အမြဲလိုလိုပင် အလုပ်ရှုပ်နေလေပြီး တတိယတန်းတပည့်များသည်ကလည်း အန်းဂွန်နှင့် ဇီးပန်းဖြူအဆောင်ထဲတွင် လေ့ကျင့်နေရသည်မို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဆက်အစပ်လည်း မရှိကြပေ။
ထို့ကြောင့်ပင် တတိယတန်းတပည့်များကလည်း ဒုတိယတန်းတပည့်ကြီးများကို အမြဲလိုပင် လေးစားရိုသေကာ ဒုတိယတန်းတပည့်များကို အာခံလိုခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် ဒုတိယတန်းတပည့်များကလည်း သူတို့၏ ဂိုဏ်းတူညီငယ်များကို အနိုင်ကျင့်ရန် စိတ်ကူးမရှိခဲ့ကြပေ။ ယခုမှသာလျှင် တတိယတန်းတပည့်များက သူတို့အား အာခံသည်ဟု ခံစားကြရ၍ အခြေအနေများက ပရမ်းပတာဖြစ်ကာ ယခုကဲ့သိုဆိုးဝါးလာခြင်းဖြစ်လေသည်။
ယွန်းဂျွန်က ထိုကဲ့သို့ အခြေအနေများကို ရှုပ်ထွေးသွားစေသော လက်သည်တရားခံကို လှည့်ကာ ကြည့်လိုက်လေသည်။
ယွန်းဂျွန် ထိုင်ခုံတစ်လုံးပေါ်တွင် မှီနေသော ချွန်းမြောင်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ချွန်းမြောင်"
"အင်း"
"ငါတို့ တစ်ခုခု မလုပ်ကြတော့ဘူးလား"
"ဘာကိုလဲ"
"နည်းပြတွေ...နည်းပြတွေကို ဟေ့"
ယွန်းဂျွန်က အော်ကာပြောလိုက်လေပြီးမှ သက်ပြင်းချလိုက်ပြန်သည်။
လူတိုင်းက ညည်းညူကာ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုနေကြသည့်တိုင် ချွန်းမြောင်ကတော့ ပြောနေသောစကားများပေါ်တွင် အာရုံရနေပုံမပေါ်ပေ။
ယခုတွင်မူ ဒုတိယတန်းတပည့်များသည် တတိယတန်းတပည့်များကို သူတို့အား ရိုကျိုးလာစေရန်အလို့ငှာ အငြိုးနှင့် နှိပ်စက်နေလေပြီ ဖြစ်သည်။ အထူးသဖြင့်မူ သူတို့၏ ဦးတည်ရာသည်က ချွန်းမြောင်ဖြစ်လေပြီး တခြားသူများကပါ စက်ကွင်းမလွတ်ဖြစ်ကာ အချောင်ခံနေရခြင်း ဖြစ်လေသည်။
သူတို့တွေ အဲ့လို သက်သက်ကြီး အနိုင်ကျင့်နေရတာ ပျင်းစရာမကောင်းဘူးလား မသိဘူး...
သို့သော် ယွန်းဂျွန်အနေနှင့် ဒုတိယတန်းတပည့်များကိုလည်း နားလည်ပေး၍ ရလေသည်။
ဒုတိယတန်းတပည့်များသည် သူတို့တတ်နိုင်သောနည်းလမ်းနှင့် ချွန်းမြောင်အပါအဝင် တတိယတန်းတပည့်များအားလုံး၏ အချိုးကိုပြင်ပေးနိုင်ရန် ကြိုးစားနေခြင်းပင် ဖြစ်လေသည်။
သူတို့အနေနှင့် ချွန်းမြောင်အား မကျေနပ်သော်လည်း ချွန်းမြောင်တစ်ဦးတစ်ယောက်တည်းကိုသာ ကွက်ကာ စည်းကမ်းတင်းကြပ်နေ၍ မရပေ။ ဂိုဏ်းသားများအကြားတွင် တရားမျှတမှုဆိုသည့်အရာက ရှိသေးသည်မို့ တခြားတတိယတန်းတပည့်များကပါ ပဲလှော်ကြားတွင် ဆားညှပ်သကဲ့သို့ ကြားညှပ်ပါနေခြင်း ဖြစ်လေသည်။
ယွန်းဂျွန်တွင်လည်း ချွန်းမြောင်ကဲ့သို့ အငယ်ရှိပါက ဒုတိယတန်းတပည့်ကြီးများကဲ့သို့ပင် တုံ့ပြန်မိလေမည်ဟု ထင်လေသည်။ ချွန်းမြောင်သာလျှင် ထိုနေ့က ပြန်မပြောခဲ့ပါက ဤသို့သော ဖြစ်ရပ်များက ဖြစ်လာလိမ့်မည် မဟုတ်ဟု ယွန်းဂျွန် ယူဆလေသည်။
"သူတို့ ဘာဖြစ်ချင်နေတယ်ဆိုတာက သိသာနေတာပဲမို့လား"
"သိသာတာလား"
"ငါ မင်းကို မင်းရဲ့မာနတွေချပြီး သူတို့ကို သွားတောင်းပန်လို့တော့ မပြောချင်ပါဘူး....
ဒါပေမယ့် သွားပြီးတော့ သူတို့ဖြစ်ချင်တာကို လိုက်လျောတာဖြစ်ဖြစ်၊ မေတ္တာရပ်ခံတာဖြစ်ဖြစ် ၊ ညှိုနှိုင်းတာ ဖြစ်ဖြစ်တော့......"
"ဖြစ်ချင်တာကို လိုက်လျောရမယ်....ဟုတ်လား"
ယွန်းဂျွန် ချွန်းမြောင်၏လေသံကြောင့် ကျောချမ်းသွားလေသည်။
သေပါပြီ....ငါ စကားလုံးရွေးတာ မှားသွားပြီ....
ယွန်းဂျွန်က စိုးရိမ်သွားသော်လည်း ချွန်းမြောင်ကမူ ယွန်းဂျွန်အား ပြင်းပြင်းထန်ထန် တုံ့ပြန်လာခြင်း မရှိပေ။
ပြုံးစိစိနှင့် မျက်နှာနှင့်သာ ဝင်းဝင်းပပကြီး ကြည့်လာလေသည်။
"ဆရာတူအကိုကြီး"
"ပြော"
"ကျွန်တော် ယခုဖြစ်နေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ နည်းလမ်းရသွားပြီထင်တယ်....
အဲ့နည်းလမ်းနဲ့သာဆိုရင် အကုန်လုံးကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ထင်တယ်"
ဝင်းလက်တောက်ပနေသော ချွန်းမြောင်၏မျက်နှာကြီးကို ကြည့်ကာ ယွန်းဂျွန် မမေးဘဲ မနေနိုင်တော့ပေ။
"ဘယ်လိုနည်းလမ်းလဲ...."
"မေးဖို့လိုသေးလို့လား....အကုန်လုံးကို သတ်ပစ်ဖို့ပေါ့"
ချွန်းမြောင်က ဖြေပြီးသည်နှင့် တပြိုင်နက် ထိုင်နေရာမှ ခုန်ကာ ထပြေးသွားလေသည်မို့ ယွန်းဂျွန်ကလည်း အလန့်တကြား ထအော်လေတော့သည်။
"သူ့ကို တားထားကြစမ်း....အဲ့ သောက်ရူးကို ဖမ်းထားကြစမ်း...
အေး သူ့ကို မတားလိုက်နိုင်ရင် ငါတို့ အကုန်သေမှာ...ငါတို့တွေ သေကုန်လိမ့်မယ်ဟ"
ယွန်းဂျွန်၏ အလန့်တကြားအော်သံကြောင့်ပင် အခြားတပည့်များအားလုံးက ချွန်းမြောင်အား တားကာ ဆွဲလှဲကြလိုက်လေပြီး ချုပ်ထားကာ တားဆီးဖမ်းချုပ်ထားကြလေသည်။
"အာ....."
"အဲ့ကောင်ကို မလွတ်ပေးလိုက်နဲ့.....လုံးဝ မလွတ်ပေးလိုက်နဲ့နော်"
"လွတ်ကြစမ်း....အေး ..မင်းတို့ မလွတ်ကြသေးဘူးလား..."
တတိယတန်းတပည့်များက ချွန်းမြောင်အား ချုပ်သူက ချုပ်၊ တားသူက တားနှင့် အလွတ်မပေးကြပေ။
ချွန်းမြောင်မသွားရေးသည်က သူတို့အရေးပင်။
"ချွန်းမြောင်.....စိတ်လျော့ထားစမ်း"
"ကျွန်တော် သူတို့အကုန်လုံးကို စိစိညက်ညက်ခြေပစ်မယ်..."
"ဂိုဏ်းမှာ လိုက်နာရမယ့် စည်းကမ်းတွေ ရှိသေးတယ်လေ...အဲ့တာတွေကို ဖောက်ရင် မင်း အပြစ်ပေးခံရလိမ့်မယ်"
ချွန်းမြောင်က ယွန်းဂျွန်၏စကားကြောင့် မျက်ဖြူလန်ပြလိုက်လေသည်။
"ဟုတ်ပြီ...အဲ့လိုဆိုလည်း အကုန်လုံးကို မလုပ်တော့ဘူး...တစ်ယောက်တည်းကိုပဲ လုပ်တော့မယ်....
တကယ် တစ်ယောက်တည်းကိုပဲ လုပ်တော့မှာ"
"မင်းက အခုထိ မင်းထက် အကြီးတစ်ယောက်နဲ့ တိုက်ခိုက်ချင်နေတုန်းပေါ့လေ....သောက်ရူး....
သူ့ကို သေချာလေး ချုပ်ထားကြစမ်း...."
"အမလေး...ဒီသောက်ရူးက ဘယ်လိုတောင် သန်မာနေရတာတုန်း"
"အား....အူး"
ချွန်းမြောင် က အံကိုကြိတ်ကာ ပြောလိုက်လေသည်။
"အဲ့ဒီခွေးသားတွေက လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က လူတွေတောင် မလုပ်ခဲ့တဲ့နည်းတွေနဲ့ လူတွေကို နှိပ်စက်နေတာ.....သူတို့ကို သင်ခန်းစာကတော့ ပေးမှရမယ်"
"တော်စမ်း...ချွန်းမြောင်...မင်း သူတို့ကိုရိုက်ရင် ငါတို့အားလုံး ပြဿနာကြီးကြီး တက်လိမ့်မယ်"
"အခုဖြစ်နေတာတွေထက်တော့ ဘာမှပိုပြီးဖြစ်စရာ မကျန်တော့ဘူး"
"အကိုကြီးက ဒီလိုကြီး ဆက်ပြီး နေချင်လို့လား"
"လွတ်စမ်းပါ...ကျွန်တော့်ကို လွတ်ပေးစမ်းပါ"
တတိယတန်းတပည့်များက ချွန်းမြောင်အား တားဆီးထားကြသော်လည်း ချွန်းမြောင်က အားအင်ကုန်သုံးကာ ရုန်းကန်နေလေသည်။ ဤသည်ကိုကြည့်ကာ ယွန်းဂျွန်က ချွေးစေးများပင် ထွက်လာလေ၏။
ချွန်းမြောင်ပြောနေသည်များက မဖြစ်နိုင်သောကိစ္စပင်။
ဘတ်ချုန်းဆိုသည်က ဟွာဆန်းတွင် အင်အားအကောင်းဆုံးသော တပည့်ဖြစ်လေသည်။ အချိန်ကျလျှင် ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်လာမည်ကလည်း မြေကြီးလက်ခတ်မလွဲပင် ဖြစ်လေပြီး မည်သူကမှလည်း ထိုအတွက် မကျေမချမ်းဖြစ်ခြင်း မရှိကြပေ။
တတိယတန်းတပည့်များလည်း သိုင်းပညာသင်ယူနေရသည်က မှန်သော်လည်း ပညာအဆင့်ခြင်းကမူ အကွာကြီးပင် ဖြစ်လေသည်။ ဓါးရေးပညာအား လေ့လာခဲ့ရသည့် နှစ်များကလည်း ကွာခြားရသည် ဖြစ်လေပြီး လက်ရုံးချင်းယှဉ်မည်ဆိုသည်က မဖြစ်နိုင်သောကိစ္စပေ။ ချွန်းမြောင်သည် တတိယတန်းတပည့်များအကြားတွင် မည်မျှပင် တော်နေစေကာမူ ဟွာဆန်း၏အကောင်းဆုံး ၊ အတော်ဆုံးသော ကျောင်းသားနှင့်တော့ ယှဉ်နိုင်မည် မထင်ပေ။ ချွန်းမြောင် မွေးစကတည်းက ဓါးသိုင်းပညာသင်လာလျှင်ပင် ဘတ်ချုန်း၏ ဓါးရေးသက်တမ်းနှင့်က ဆယ်နှစ်ကျော်မျှ ကွာခြားနေမည်ဖြစ်ပြီး နှိုင်းယှဉ်နိုင်ရန်ပင် မလွယ်လှချေ။
သို့သော် ယခုတွင် ဖြစ်ပျက်နေသော အရာများကို ကြည့်ကြပါလော့....
ဟွာဆန်းဂိုဏ်း၏ အငယ်ဆုံးသောဂိုဏ်းသားလေးက ဟွာဆန်း၏အတော်ဆုံးသော ကျောင်းသားနှင့် ဒုတိယတန်းတပည့်များကို ပညာပေးမည်ဟုပင် ကြိမ်းဝါးနေလေသေးသည်။ ဒုတိယတန်းတပည့်များ၏ အမျက်ဒေါသကို ဤမျှ ခံစားရရုံနှင့် လုံလောက်သေးဟန်မပေါ်ပေ။
သို့သော် ပြဿနာသည်က ချွန်းမြောင်သည် နည်းပြဘတ်ချုန်းအား အမှန်တကယ်ပင် ရိုက်နှက်ပညာပေးနိုင်လိမ့်မည်ဟု သူတို့၏ မသိစိတ်မှ တွေးထင်ယုံကြည်နေကြခြင်းပင် ဖြစ်လေသည်။ သို့ဖြစ်၍လည်း အခြေအနေပိုဆိုးသွားမည်ဆိုးသောကြောင့် အစွမ်းကုန်ပင် ကြိုးစားတားဆီးနေခြင်းလည်း ဖြစ်လေ၏။
ချွန်းမြောင်အား ယွန်းဂျွန် မည်သို့ပင် တရားချရမည် မသိတော့ပေ။
"ချွန်းမြောင်"
"မင်း ဘယ်လို ခံစားနေရတယ်ဆိုတာကို ငါလည်း နားလည်ပါတယ်...ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး"
"ဘာလို့လဲ"
"ညီလာခံက လာတော့မှာ"
"အဲ့တာ ဘာဖြစ်လဲ"
"ဘတ်ချုန်း နည်းပြက ဒုတိယတန်းတပည့်တွေကို ကိုယ်စားပြုပြီး ပြိုင်ရမယ့်သူပဲ...
မင်း သူ့ကို ဆိုးဆိုးဝါးဝါး ရိုက်မိလိုက်ရင် သူမပြိုင်နိုင်မှာ စိုးရိမ်ရတယ်"
"ဟာ...အကိုကြီး...လုပ်စမ်းပါ....မသိတာလည်း မဟုတ်ဘူး.... ကျွန်တော် သူ့ကို နာတယ်ဆိုရုံလေး ရိုက်မှာပါ...
ဘာမှတောင် မသိလိုက်စေရဘူး...အဲ့တာက ကျွန်တော်အကျွမ်းဆုံးဟာပဲကို ..မသိတာလည်း မဟုတ်ပဲနဲ့"
"ငါသိပါတယ်"
မသိမသာရိုက်ခံရသည်က များလေပြီမို့ ယွန်းဂျွန် ချွန်းမြောင်ပြောသည်ကိုက ကောင်းစွာနားလည်ပေသည်။
"ဒါပေမယ့် မင်း ဒီလိုလုပ်လို့ မဖြစ်ဘူး...ဘတ်ချုန်းအကိုကြီးက ငါတို့ရဲ့ နည်းပြ...
သူ ဒီလိုလုပ်ခံလိုက်ရရင် ညီလာခံကျ ယုံကြည်ချက်ရှိရှိနဲ့ မပြိုင်နိုင်တော့မှာ စိုးရတယ်"
"........"
"ခဏလောက် သည်းခံအောင့်အီးပြီးတော့ နေလိုက်ပါဦး....
ငါတို့တွေ တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေဆီမှာ အလှောင်ခံရတာထက်စာရင် အကိုကြီးတွေဆီမှာ အနိုင်ကျင့်ခံရတာက တော်ပါသေးတယ်"
ချွန်းမြောင်က ယွန်းဂျွန်၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်လေသည်။
"ကျွန်တော်တော့ သူ့ကို ရိုက်လိုက်တာက ပိုကောင်းမလားလို့"
"ဒီတစ်ကြိမ်ပါပဲ....ငါ မင်းကို ဒီတစ်ကြိမ်ပဲ လွတ်ပေးလိုက်ဖို့ တောင်းဆိုနေတာပါ...
ကျေးဇူးပြုပြီးတော့ ....နော်.....ညီလာခံက ငါတို့အတွက် တော်တော်လေးကို အရေးကြီးတဲ့ကိစ္စမို့လို့ပါ"
"ဟင်း...."
ချွန်းမြောင်က ခေါင်းကို လှည့်လိုက်ပြီး စိတ်ပျက်လက်ပျက်အသံကြီးနှင့် ပြောလာလေသည်။
"အခု ဖယ်တော့"
ကျန်လူများက ချွန်းမြောင်အား ချုပ်ထားလေရာမှ ယွန်းဂျွန်အား လှမ်းကာကြည့်လေသည်။ ယွန်းဂျွန်က ခေါင်းငြိမ့်ပြလိုက်သောကြောင့် သူတို့က ချုပ်ထားရာမှ ဖြေးဖြေးချင်း ဖြည်ပေးလိုက်လေသည်။ သို့သော် လိုအပ်လာလျှင်မူ ချက်ချင်းဖမ်းချုပ်နိုင်ရန်အတွက် နံဘေးတွင်တော့ ဝိုင်းနေကြလေသေးသည်။
"ဆိုတော့ ကျွန်တော်က ညီလာခံပြီးသွားတဲ့အထိ စောင့်ပေးရမှာပေါ့ .....ဟုတ်လား"
"မင်းကို အဲ့လိုကြီးစောင့်လို့တော့ ပြောချင်တာ မဟုတ်ဘူး...ဒါပေမယ့်"
"အကိုကြီး ဘာတွေဖြစ်နေတာလဲ...စကားကို ရှင်းရှင်းပြောစမ်းပါ"
ချွန်းမြောင်၏ စိတ်မရှည်ဟန်နှင့် မေးလာသောမေးခွန်းကြောင့် ယွန်းဂျွန်က မျက်စိကိုပိတ်ကာ အလျင်စလိုပင် အော်လိုက်လေသည်။
"ဟုတ်တယ်....ညီလာခံအထိပဲ ..."
"ပြီးရော"
ချွန်းမြောင်က ခေါင်းကို ငြိမ့်ပြကာ သဘောတူကြောင်း ပြောလိုက်လေသည်။
"ဆရာတူအကိုကြီးက တောင်းဆိုနေလို့ ကျွန်တော် ဒီတစ်ခါတော့ နားထောင်လိုက်မယ်"
"ကျေးဇူးတကယ် တင်ပါတယ်ကွာ...."
"ဒါနဲ့ အကိုကြီးက ဘာလို့ ငိုနေတာလဲ"
"ဟင်...ဘာလို့ မှ မဟုတ်ပါဘူး"
မင်းက ထူးထူးဆန်းဆန်း စကားနားထောင်လိုက်လို့ ကျလာတဲ့ ပီတိမျက်ရည်တွေပေါ့ကွာ...ခွေးလေးရယ့်...
"ဒါနဲ့ ...သူတို့က စပြီး ကျွန်တော့်ကို တိုက်ခိုက်ဖို့ ပြောလာရင်ကြ ဘယ်လိုလုပ်ရမှာလဲ"
"ဟမ်...အဲ့လိုက ဖြစ်လာနိုင်လို့လား"
"အင်းလေ...ဖြစ်လာရင် ဖြစ်လာမှာပေါ့"
ယွန်းဂျွန်က ချွန်းမြောင်၏မေးခွန်းကြောင့် သက်ပြင်းရှည်ကြီးချကာ ဖြေလိုက်လေသည်။
"အဲ့လိုဆိုရင်တော့ မင်းလည်း ကြိုက်သလိုသာ လုပ်လိုက်တော့....
ငါလည်း မပြောတတ်တော့ဘူး...."
"တကယ်ကြီးလေ......"
ယွန်းဂျွန်၏ စိတ်ရှုပ်ထွေးစွာ ဖြေလာသောအဖြေကြောင့် ချွန်းမြောင်၏ နှုတ်ခမ်းများက ကွေးတက်သွားပြီး မကောင်းဆိုးဝါးတစ်ကောင်လိုပင် ပြုံးနေလေတော့သည်။ ချွန်းမြောင်၏ အပြုံးကို မြင်လိုက်ရသော ယွန်းဂျွန်ကမူ မကောင်းသောအငွေ့အသက်များပင် ရလိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။