အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
အပိုင်း (၈၂)
တိုက်မယ်ဟုတ်လား....မင်းတော့ သေပြီပဲ(၂)
"အခြေအနေ ဘယ်လိုရှိလဲ"
"အံဩစရာပဲ...အခုထိ ဘာမှ လှုပ်လှုပ်ရှားရှား မတွေ့မိသေးဘူး"
"အဲ့လိုလား"
ဘတ်ဆန်းက ဘတ်ချုန်းအား ကြည့်ကာ ဖြေလိုက်လေ၏။
"ဟုတ်ပါတယ်...ကြည့်ရတာ သူတို့က ဒီလောက်ကိုတော့ သည်းခံနိုင်နေသေးတဲ့ပုံပါပဲ...
ကျွန်တော်တို့က သူတို့ကို အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး နှောင့်ယှက်ထားပါတယ်"
"အင်း...တကယ်ကြီးကို ငြိမ်နေတာပေါ့လေ"
ဘတ်ချုန်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်လေသည်။
ငါ မျှော်လင့်ထားတဲ့ပုံနဲ့ နည်းနည်းလေးတော့ လွဲနေတယ်....
သူတို့က ဒီလောက်သွေးဆူတတ်တဲ့ အရွယ်လေးမှာတောင် တကယ်ကြီး သည်းခံနိုင်တာလား..
ငါက သူတို့ကို ဆူဆူညံ့ညံ့ အုံအုံကြွကြွလေး ဖြစ်စေချင်တာလေ...
ဤသည်ကပင် ဘတ်ချုန်း၏ ရည်မှန်းချက်ဖြစ်လေသည်။ ဟွာဆန်းသည် အကြင်နာတရားနှင့်ပြည့်ဝသော ဂိုဏ်းဖြစ်လေပြီး အပြင်းအထန် တားမြစ်ထားသည့် စည်းကမ်းချက်က နှစ်ခုသာ ရှိလေသည်။
နံပတ်တစ် စည်းကမ်းချက်သည် နတ်ဆိုးဂိုဏ်းနှင့် မပတ်သက်ရန် ဖြစ်ပြီး နံပတ်နှစ် စည်းကမ်းချက်သည် မိမိ၏ အကြီးအကဲ နည်းပြများကို လက်လွန်ခြေလွန် လုပ်ခြင်းပင် ဖြစ်လေသည်။
၎င်း တားမြစ်ချက်နှစ်မျိုးကို ချိုးဖောက်မိလျှင် ကြီးလေးစွာအပြစ်ပေးခံရပြီး အခန့်မသင့်လျှင် ဂိုဏ်းမှပင် ထွက်ရနိုင်လေသည်။ အခြားသော စည်းကမ်းများကိုမူ သင့်တော်သော ပြစ်ဒဏ်သာ ပေးလေပြီး အပြစ်ပေါ့လျော့ပေးလေ့ရှိလေသည်။
ထို့ကြောင့်ပင် ဘတ်ချုန်းက တတိယတန်းတပည့်များ ဒေါသထွက်ကာ တမင်အုံကြွလာစေရန် အမျိုးမျိုး သိသိသာသာပင် အနိုင်ကျင့်နေခြင်း ဖြစ်လေသည်။ ထိုသို့ ဖြစ်လာခဲ့ပါက ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များ ပြဿနာတက်ကြလိမ့်မည်ဖြစ်ပြီး တတိယတန်းကလေးများကို ဂိုဏ်းက အပြစ်ပေးမည်ဖြစ်ကာ သူတို့အား ထိုကလေးများက မည်သို့မျှ တော်လှန်တော့မည် မဟုတ်ပေ။ သူတို့ စေလိုသလိုပင် စေကာ ၊ ထားရာနေ စေရာသွား ဘဝသို့ ရောက်သွားလေပြီး သူတို့က ထိုကလေးများအား ချုပ်ကိုင်နိုင်သွားပေလိမ့်မည်။ သို့သော် မယုံနိုင်စရာပင် တတိယတန်းကလေးများက မည်သို့မှ တုံ့ပြန်မှုမှ လုပ်မလာခဲ့ပေ။ ဒဏ်များကို ခါးစည်းကာသာ ခံနေကြလေသည်။
"ကျွန်တော်တို့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် လုပ်လိုက်ရမလား"
"အဲ့လိုတော့ မလုပ်ပါနဲ့....ပြောစရာတွေ ဖြစ်လာလိမ့်မယ်....အကြီးအကဲတွေက ငါတို့တွေ အလွန်အကြူးလုပ်နေတာကို သိသွားရင်လည်း ကောင်းမှာ မဟုတ်တော့ဘူး.....
သူတို့အပြစ်ကနေ ငါတို့အပြစ် ဖြစ်သွားလိမ့်မယ်"
ဘတ်ချုန်း၏ အမြင်အရဆိုလျှင်မူ ချွန်းမြောင်ဆိုသောကလေးသည် သည်းခံတတ်သူ ဖြစ်ပုံတော့မရပေ။ စားသောက်ခန်းမမှ အဖြစ်အပျက်များကို ပြန်တွေးကြည့်သည်နှင့်ပင် ထိုကလေး၏ ကြွပ်ဆတ်ဆတ် မာကြောကြော စရိုက်က သိမြင်နိုင်နေလေသည်။ ဂုဏ်သိက္ခာနှင့် အခြားသူများ၏ အရေးကိုလည်း တွေးပေးတတ်သည့်ပုံမပေါ်ပေ။ ဤသည်ကိုပင် ထိုကလေးက ငြိမ်နေလေသည်။
ယွန်းဂျွန်များ ထိန်းထားတာလား......
မည်သို့ပင်ဆိုစေကာမူ ဘတ်ချုန်း၏ အစီအစဉ်က မအောင်မြင်ဖြစ်ရလေပြီ။
"တခြား တတိယတန်းတပည့်တွေကရော ဘယ်လိုလဲ"
"ထူးထူးဆန်းဆန်း လေ့ကျင့်ခန်းတွေ လုပ်နေကြတာကလွဲရင် ဘာမှ ထွေထွေထူးထူးတော့ မရှိပါဘူး"
ဘတ်ချုန်းက သူ၏မေးစေ့ကို လက်နှင့်ဖွဖွပွတ်ကာ ပြောလိုက်လေသည်။
"ငါသိပြီ"
"ဆရာတူအကိုကြီး ....ကျွန်တော်တို့ ဒီလိုကြီးတော့ ရေရှည်လုပ်နေလို့ မဖြစ်ပါဘူး...အကြီးအကဲတွေ သိသွားရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး...ပြီးတော့ ညီလာခံကလည်း နီးလာပါပြီ"
"အင်း..ငါ သိပြီ"
ဘတ်ချုန်း ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"အခုက လုပ်သင့်သလောက် လုပ်ပြီးသွားပြီဆိုတော့ အခြေအနေကြည့်ရတော့မယ့် အချိန်ပဲ"
"အဲလိုဆိုတော့....ဘာဆက်လုပ်မှာပါလဲ"
ဘတ်ဆန်း၏ မေးခွန်းကြောင့် ဘတိချုန်းက ပြုံးလိုက်လေသည်။
"မင်းလည်း သိတာပဲ....ချွန်းတပည့်တွေက ကောင်းကြပါတယ်....လိမ္မာတဲ့ကလေးတွေပါ"
"အဲ့တာကတော့ အမှန်ပါပဲ...ကျွန်တော်တို့ မထွက်သွားခင်က အထိ သူတို့က ရိုးသားပြီး အပြစ်ကင်းကြပါတယ်...
ကျွန်တော်တို့မရှိတဲ့ တစ်နှစ်အတွင်းမှာသာ သူတို့တွေ ပြောင်းလဲသွားကြတာပါ"
"အဲ့တာက သူတို့ကို ပင်ကိုအကျင့်စရိုက်မှာ ပြဿနာရှိနေတဲ့ကလေးနဲ့ အတူထားလိုက်မိလို့ပဲ...
ပြီးတော့ ငါတို့ ဒီကလေးတွေ အားလုံးကိုလည်း ပညာပေးဖို့ လိုမနေပါဘူး...
ပြဿနာရှိနေတာက ချွန်းမြောင်တစ်ယောက်တည်းပဲဟာကို"
"အကိုကြီးပြောတာ ဟုတ်ပါတယ်"
ဘတ်ဆန်းကလည်း ဘတိချုန်း၏စကားကို သဘောတူလိုက်လေသည်။
သူတို့သည်လည်း အသိပင်ဖြစ်လေသည်။ တတိယတန်းတပည့်များထဲမှ အကြီးတန်းတပည့်များဖြစ်ကြသော ယွန်းဂျွန်နှင့် ဂျိုဂုတို့သည် မကိုင်တွယ်နိုင်လောက်သည်အထိ ဆိုးဝါးနေသော ကလေးများ မဟုတ်ကြပေ. ။ရိုးသားကာ လေးစားထိုက်သူကို လေးစားကြသူများလည်း ဖြစ်ကြလေသည်။ ပြောရလျှင်မူ တတိယတန်းကလေးများ အားလုံးက အဆင်ပြေသော်လည်း ချွန်းမြောင်တစ်ယောက်သည်သာလျှင် စုန်းပြူးကာ ကိုင်တွယ်မရ၊ ထိန်းချုပ်မရ ဖြစ်နေခြင်း ဖြစ်လေသည်။ ထို့အပြင် ထိုထိန်းချုပ်မရသော ကလေးကပင် တတိယတန်းတပည့်များအားလုံးကို ချုပ်ကိုင်ထားပုံလည်း ရနေလေသည်။ ချွန်းမြောင်ကိုသာ ဆုံးမနိုင်လျှင် အဆင်ပြေပြီ ဖြစ်လေသည်။
" အကိုကြီး ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားပါလဲ"
"ဆရာတူညီလေး.."
"ဟုတ်ကဲ့ပါ"
"ငါတို့က တခြားဘာထပ်လုပ်ဖို့ လိုဦးမှာလဲ... ငါတို့ အခုလုပ်နေတာတွေက ဟွာဆန်းရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လမ်းမှားနေတဲ့ ကလေးတွေကို လမ်းမှန်ရောက်အောင်ပို့ပေးနေတာပဲ မို့လား..."
"ဟုတ်ပါတယ်...ဆရာတူအကိုကြီး"
"အခု လုပ်နေတာတွေမှာက ပုဂ္ဂိုလ်ရေးရာ ခံစားချက်ဆိုတာလည်း မပါပါဘူး...
ချွန်းမြောင်ဆိုတာကလည်း ဟွာဆန်းဂိုဏ်းရဲ့ အဖိုးတန် ဂိုဏ်းသားတစ်ယောက်ပဲမို့လား...
နည်းနည်းလေး မာနထောင်လွှားနေတာလေးကို ပြင်လိုက်နိုင်တာနဲ့ သူကလည်း ဂိုဏ်းသားကောင်းတစ်ယောက် ဖြစ်လာပြီပဲကို.....ဒါကြောင့်လည်း ငါက သူ့ကို ပြုပြင်ပေးဖို့ ကြိုးစားနေရုံတင်ပါ...."
"အင်း...ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ......ပြဿနာတွေကတော့ ရှိတာပေါ့....
ငါက သူတို့ကို ခပ်ကြမ်းကြမ်းနည်းလမ်းတွေ သုံးပြီး မပြုပြင်ပေးချင်ပေမယ့် ထိရောက်မှုရှိဖို့ကလည်း လိုသေးတယ်လေ..
ပြီးတော့ ဒီကလေးတွေ အချိုးပြေသွားဖို့ကလည်း အကောင်းဆုံးနည်းလမ်းက ဒါပဲဆိုတော့ နည်းနည်းလေးတော့ ထိထိရောက်ရောက်လေး သင်ပေးရတာပေါ့"
"တစ်နေ့မှာတော့ ဒီဆရာတူအကိုကြီးရဲ့ စိတ်စေတနာတွေကို သူတို့လေးတွေ နားလည်သွားကြမှာပါ"
"ဟုတ်ပါတယ်...အနာခံမှ အသာစံလို့ ရမှာဆိုတော့ ခုချိန်တော့ သူတို့ နည်းနည်း ပင်ပန်းကြရဦးမှာပေါ့"
ဘတ်ဆန်းက ဘတ်ချုန်း၏စကားကို ထောက်ခံလိုက်ကာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြလေသည်။
ကလစ်.........
ဇီးပန်းဖြူအဆောင်၏ တံခါးက ပွင့်လာလေသည်။
ခေါင်းသေးသေး တစ်လုံးက ထွက်လာလေပြီး ဘေးဘီဝဲယာကို ချောင်းမြောင်းလိုက်လေသေး၏။
ဘယ်သူမှတော့ မရှိလောက်ဘူးမို့လား....
လူအိပ်ချိန် ညနက်နက်မှာပင် ချွန်းမြောင် ခိုးထွက်လာခြင်း ဖြစ်လေသည်။
"ဆရာတူအကိုကြီးရေ...ကျွန်တော့်အဖြစ်ကို မြင်ရောမြင်ရဲ့လား"
"ကျွန်တော် ဘယ်လိုပဲရှောင်ရှောင် အဲ့ဒီမာနတံခွန်ထူနေတဲ့ကောင်က ကျွန်တော့်ကို ပြဿနာပဲ လာရှာနေတယ်...
အဓိပ္ပါယ်ရော ရှိရဲ့လားဗျာ"
"ပြီးတော့ အဲ့တာတင် မကသေးဘူး....ဟိုမိန်းမကလည်း အလွတ်မပေးဘဲ နောက်ကနေ ရရင်ရသလို လိုက်နေသေးတယ်.... အဲ့ဒီအမျိုးသမီး စကားပြောတာကို ပြန်မပြောလို့ ကိုယ့်ရဲ့ ဂိုဏ်းတူညီလေးတွေကို ဦးတည်ချက်ထားပြီး အနိုင်ကျင့်တယ်တဲ့.... အဲ့တာမျိုးတွေ အကိုကြီး ကြားတောင် ကြားဖူးရဲ့လား...
ကျွန်တော်တော့ ဒီလိုအရူးတွေ အနိုင်ကျင့်တာကို ခံနေမယ့်အစား သေပဲသေလိုက်ချင်တော့တယ်"
အတိတ်ဘဝက ချွန်းမြောင်၏ ဆရာတူအကိုကြီးဖြစ်သူ၏ အမြတ်နိုးဆုံးသော အရာသည် သည်းခံစိတ်ရှည်မှုပင် ဖြစ်လေ၏။ ဟွာဆန်း၏ အကြီးအကဲတစ်ယောက်ပီပီ အရာအားလုံးကိုလည်း စိတ်ရှည်သည်းခံတတ်ကာ နားလည်ပေးနိုင်သူ ဖြစ်လေပြီး ချွန်းမြောင်အားလည်း သည်းခံနိုင်စွမ်းရှိလာစေရန် အမြဲလိုပင် ဆုံးမခဲ့လေသည်။
သို့သော် ချွန်းမြောင်၏ ပင်ကိုဗီဇသည်က သည်းခံတတ်သော အမျိုးမဟုတ်ပေ။
လာမည့်ဘေးကို ထိပ်တိုက်တွေ့ကာ ဗွင်းဗွင်းရှင်းရှင်းပင် ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရှင်းတတ်သူဖြစ်လေပြီး သည်းခံရသည်ကိုက ဝါသနာမပါပေ။ ယခုတွင်လည်း ဤကလေးများကို ထိပ်တိုက်ပင်တွေ့ကာ ရင်ဆိုင်လိုက်လေချင်သည်။
"ဟား....ဟား.....ဒါကလည်း ကျွန်တော့်ရဲ့ ကံပဲထင်ပါရဲ့ ....အရင်ဘဝက လုပ်ခဲ့ဖူးတဲ့ မကောင်းမှုတွေက များနေတော့ ...ဒီဘဝမှာ ပြန်ပေးဆပ်နေရတာ....."
ပြောရလျှင်မူ အတိတ်ဘဝတွင် ပြုလုပ်ခဲ့သော မကောင်းမှုများသည် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်ခဲ့သော အရာများမဟုတ်ဘဲ အလိုအလျောက် ပြုလုပ်မိခဲ့သည့် အရာများပင် ဖြစ်လေသည်။ သူ၏ ဆရာတူအကိုကြီးက မည်မျှပင် ဆုံးမစေကာမူ နားမဝင်ဘဲ ဆိုးသွမ်းခဲ့လေသမျှကို ယခုဘဝတွင် ဤဒုတိယတန်းကလေးများနှင့် တွေ့ကာ အကြွေးပြန်ဆပ်နေရသည်ဟုပင် သူထင်မိလေသည်။
"ကျွန်တော် ဘာလို့များ အဲ့လိုတွေ လုပ်ခဲ့မိပါလိမ့်နော်"
ချွန်းမြောင် ယခင်ဘဝမှ သူဆိုးပေသမျှသာ ပြန်၍အကြွေးဆပ်ရလျှင် ဟူသော အတွေးဝင်လာသောအခါ မျက်ရည်များပင် လည်ချင်ချင် ဖြစ်လာလေသည်။
ဆရာတူအကိုကြီး အိမ်ထောင်မပြုခဲ့တာ ငါ့လိုကလေးမျိုး မွေးမှာဆိုးလို့ များလား.....
တောင်းပန်ပါတယ်....အကိုကြီး .....ကျွန်တော် မလိမ္မာခဲ့ဘူး....
ချွန်းမြောင် သက်ပြင်းရှည်ကြီးကိုချကာ ခြံဝင်းထဲသို့ ဆင်းလာခဲ့လေသည်။ ယခင်တုန်းကမူ ဟွာဆန်း၏အဝင်ဝတွင် အစောင့်များထားတတ်သော်လည်း ယခုတွင်မူ ဟွာဆန်းသို့ လာရောက်သည့် ဧည့်သည်ဟူသည်ကလည်း မရှိ၍ အစောင့်မရှိပေ။ ထူးထူးဆန်းဆန်းပင် ဟွာဆန်းသို့ သူတောင်းစားများပင် မလာတတ်ကြချေ။ ပြိုလဲနေသော ဟွာဆန်း၏ ဂုဏ်သတင်းကြောင့်ပင် ဖြစ်ရမည်ဟု သူထင်လေသည်။
သူတောင်းစားဆိုသည်မှ သူစတင်ကာ ဤဘဝသို့ ဝင်စားကာမှ သူ့အား ရိုက်နှက်လိုက်သော သူတောင်းစားကြီးအား သတိရသွားလေပြီး အသားလွတ် အရိုက်ခံခဲ့ရသည်ကို သတိရကာ ပြန်ပေးဆပ်ချင်သွားလေသည်။
"အား.....ဖြစ်နိုင်ရင်တော့ ပြန်ရိုက်လိုက်ချင်သေးတာ"
ထို့ပြင် ယခုလတ်တလောပိုင်းတွင် ယွန်းဂျွန်၏ ပူပူပင်ပင် မျက်နှာကို မြင်ရလေတိုင်း သူ၏ဆရာတူအကိုကြီးကို သတိရတတ်လေသည်။ ယွန်းဂျွန်နှင့် ဆရာတူအကိုကြီး၏ အသွင်အပြင်က လားလားမှပင် မတူသော်လည်း ယွန်းဂျွန်အား ကြည့်မိလေတိုင်း သူ၏ဆရာတူအကိုကြီးကိုသာ ပြေးမြင်တတ်လေသည်မို့ အဆင်မပြေပေ။ ချွန်းမြောင်၏ဘေးမှနေကာ ပျစ်တောက်ပျစ်တောက် ပြောတတ်သည့်အကျင့်တူ၍လားတော့ မသိပေ။
ချွန်းမြောင် တစ်ခုခုလုပ်လိုက်လေတိုင်း အကူအညီမဲ့စွာနှင့် စိုးရိမ်နေတတ်သော ယွန်းဂျွန်၏ မျက်နှာကို ကြည့်မိလျှင် စိတ်ထဲမကောင်းဖြစ်လာရလေသည်။
ထူးထူးဆန်းဆန်း.....ကျွန်တော် သနားတတ်လာတာလားပဲ....
သူ၏ဆရာတူအကိုကြီးက အတိတ်ဘဝမှ ပြန်လာကာ သူ့အား လိုက်ထိန်းပေးသည်ဟု ခံစားရလေသည်မို့ ယွန်းဂျွန်အား သူလျစ်လျူရှုကာ မနေနိုင်ပေ။
"ကျွတ်"
ချွန်းမြောင် ခေါင်းကိုခါကာ အတွေးတို့ကို ထုတ်လိုက်လေသည်။
"ညီလာခံ မစခင် ငါရဲ့ အရည်အချင်းနဲ့ သိုင်းပညာတွေ လက်ရည်မကျသွားအောင်က လုပ်ရဦးမှာ"
ချွန်းမြောင်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများကို မရှုံးလိုသည်ပင် မကချေ။ သင်ခန်းစာပင် ပေးလိုလေသေးသည်။ သူတို့အား အမြဲလိုပင် အနိုင်ကျင့်နေသည့် ဒုတိယတန်းမှ ဘတ် တပည့်များကိုပင် တောင်ဘက်အစွန်အဖျားဂိုဏ်းမှလူများလောက် သူမမုန်းပေ။
ဘတ် တပည့်များကိုမူ တင်ပါးကို ပိတ်ကန်ကာ ပညာပေးချင်ရုံလောက်ပင် ဖြစ်လေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကိုပင် အမှုန့်ပင် ကြေပစ်လိုခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် ယွန်းဂျွန်ပြောထားသကဲ့သို့ပင် ညီလာခံပြီးမည့်ကာလအထိ စောင့်ဆိုင်းပေးနေခြင်း ဖြစ်လေသည်။
"အင်း...ငါလည်း ငါ့ဒေါသကို မထိန်းနိုင်သ၍တော့ ပြဿနာတွေက တစ်ခုပြီးတစ်ခု တက်နေဦးမှာပဲ"
ချွန်းမြောင်သည် ညီလာခံမပြီးခင်ကာလအထိ ဒုတိယတန်းတပည့်များနှင့် မတွေ့ဖြစ်လေအောင် ရှောင်ရှားနေရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။ အရေးကြီးသော ရန်သူသည် ဘတ် များ မဟုတ်....။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကောင်များပင်။
ချွန်းမြောင် တွေးရင်းတွေးရင်နှင့်ပင် တောင်ထိပ်သို့ ရောက်လာလေပြီဖြစ်လေသည်။ ယခုရွေးချယ်ကာ တက်လာခဲ့သော တောင်ထိပ်သည် ပုံမှန်သူသွားရောက်ကာ လေ့ကျင့်လေ့ရှိသော တောင်မဟုတ်ပဲ အခြားတောင်တစ်တောင်ကို ရွေးချယ်ထားလေသည်။
အဲ့တောင်ကိုတော့ ငါလုံးဝ ထပ်မသွားဘူး....
တစ်ကြိမ်မှားလျှင် အမှားဖြစ်သည်။
နှစ်ကြိမ်မှားလျှင် မတော်တဆ ဖြစ်သည်။
သုံးကြိမ်မှားလျှင်မူ သင် အသုံးမကျသည် ဖြစ်လေသည်။
ချွန်းမြောင် ယုရီဆိုးနှင့် နှစ်ကြိမ်တိုင်တိုင်တွေ့ပြီးသော ထိုတောင်သို့ ပြန်မသွားတော့ဟု ဆုံးဖြတ်ထားလေသည်။
ချွန်းမြောင်သည် တောင်ထိပ်သို့ ကြိုးစားပမ်းစား တက်လာလေပြီး တောင်ထိပ်သို့ ရောက်သည်နှင့် ယခင်က လေ့ကျင့်ခဲ့ဖူးသော တောင်ကို မျှော်ကြည့်ကာ ညည်းညူလိုက်လေသည်။
'အိုး....ဘုရား..ဘုရား....ငါလေးမှာလည်း ကိုယ်လေ့ကျင့်ချင်တဲ့နေရာမှာတောင် လေ့ကျင့်လို့ မရပါလားနော်"
ဟွာဆန်းပျက်သုန်းခဲ့လေသည်က နှစ်တစ်ရာကျော် ကြာလေပြီဖြစ်ပြီး ထိုအချိန်ကာလမှာပင် အခြားသောဂိုဏ်းများက တိုးတက်ပြီးရင်း တိုးတက်လာခဲ့ကြသည် ဖြစ်လေသည်။ ချွန်းမြောင်သည်ကလည်း နှစ်ပေါင်းများစွာပင် အိပ်စက်နေခဲ့သည်မို့ သိုင်းပညာများ မလေ့ကျင့်ခဲ့ရသည်က ကြာမြင့်လှပြီ ဖြစ်လေသည်။
သိုင်းပညာဆိုသည်က လေ့ကျင့်လေ ပို၍ အကျိုးထိရောက်မှုရှိလေဖြစ်သော အမျိုးအစားဖြစ်လေပြီး ဟွာဆန်းနှင့် သိုင်းပညာဝေးခဲ့သည်က ကြာလေပြီ ဖြစ်သည်။ ဂိုဏ်းကြီးဆယ်ဂိုဏ်းနှင့် ယှဉ်လိုလျှင် သို့မဟုတ်
အခြားဂိုဏ်းများကဲ့သို့ ထင်ရှားလာလိုလျှင် ဟွာဆန်းတွင်လည်း ကျော်ကြားအောင်မြင်သော သိုင်းပညာရှင်များ ပေါ်ထွက်လာရန် လိုအပ်လေသည်။ ထိုသို့ ဖြစ်လာစေရန် လေ့ကျင့်ရမည့် အချိန်က မည်မျှကြာမည်မသိပေ။
သိုင်းပညာ တစ်ခု အထိတ်အထိပ်ရောက်ရန် ကြာချိန်က တစ်နှစ်လေလား၊ နှစ်နှစ်လေလား၊ နှစ်ငါးဆယ်လေလား.၊ နှစ်တစ်ရာလေလား.... သူမသိပေ။ ချွန်းမြောင် သိသည်က သူဤမျှ စိတ်မရှည်ဘူးဆိုသည်ပင်။
"နောက်ထပ်နှစ်ငါးဆယ်လောက်တာ စောင့်ရမယ်ဆိုရင်တော့ ပျင်းတာနဲ့ သေသွားလောက်တယ်"
ထိုမျှသာ အမှန်တကယ်စောင့်ရလျှင် ဟွာဆန်းမအောင်မြင်ခင် သူတကယ်သေပေလိမ့်မည်။
ချွန်းမြောင် တောင်ထိပ်ဆုံးသို့ ရောက်ပြီဆိုကာမှ ဓါးကို ဆွဲထုတ်ကာ ဘေးဘီကို ဝေ့ဝဲကြည့်လိုက်လေသည်။
ဒီမှာတော့ ဘယ်သူမှ မရှိလောက်ပါဘူးနော်......
ချွန်းမြောင်၏ ဇီးပန်းပွင့်သိုင်းအား မြင်သွားသည့်နေ့မှပင်စကာ ယုရီဆိုးသည် ချွန်းမြောင်၏ နောက်သို့ သိသိသာသာရော မသိမသာပါ လိုက်နေတတ်ပြီး အမြဲလိုလိုပင် စကားပြောရန် အခွင့်အရေးကို ချောင်းမြောင်းနေလေသည်။
သူမ၏ အပြုအမူများက တခြားသော ဘတ် များနှင့် ယှဉ်လျှင် မဆိုးလှသော်လည်း ချွန်းမြောင်တစ်ယောက်တည်း ရှိနေတတ်သည့် အချိန်များတွင် ရုတ်တရက်ပေါ်လာတတ်သည်ကတော့ အတော်ပင် ဆိုးဝါးလှသော ကိစ္စဖြစ်လေ၏။
ယခုဆိုလျှင် ချွန်းမြောင်တွင် အလုပ်တစ်ခုတိုးကာ တစ်ခုခုလုပ်လေတိုင်းပင် သူ၏နောက်မှ ယုရီဆိုး ပါလာ မပါလာကို ပြန်၍ ချောင်းနေရတတ်လေသည်။
သူက သရဲတော့ မဟုတ်ဘူးမို့လား...ဘယ်လိုလုပ် နောက်ကနေ အမြဲတမ်း လိုက်နိုင်နေရတာလဲ...
လူမည်မျှပင် များစေကာမူ ယုရီဆိုးက ခြေရာပြတ်ကျန်ခဲ့ခြင်းမရှိ။ အမျိုးမျိးသော ဒုက္ခတို့ကို ကျော်လွှားကာ အနားတွင် တိတ်တဆိတ် လိုက်ပါနေလေ့ရှိပေသည်။
ချွန်းမြောင်သည်ကလည်း သိုင်းလေ့ကျင့်သည်နှင့် သူ၏စိတ်အစဉ်သည်က သိုင်းပညာတွင်သာ ရှိနေတတ်လေတော့သည်မို့ ဘေးပတ်ဝန်းကျင်အား အာရုံစိုက်ကာ မထားတော့ပေ။ အသံကိုလည်း မကြားသကဲ့သို့ အမြင်ကိုလည်း ဂရုမမူတတ်ပေ။
"ချွန်းမြောင်......"
"အား............."
ဤသို့ ..ဤသို့ ....ပင်.....
ချွန်းမြောင်က လန့်ဖြတ်သွားရကာ နောက်သို့ ခုန်လိုက်လေပြီး သူ့နားသို့ တဖြည်းဖြည်းကပ်လာသော ယုရီဆိုးကို ကြည့်ကာ ပြောလိုက်လေသည်။
"အား.....လုပ်စမ်းပါ......အဲ့လိုထွက်လာမယ်ဆိုလည်း အချက်လေး ဘာလေးတော့ ပြစမ်းပါ....
အနည်းဆုံး အသံလောက်တော့ ပေးလေ....တကယ်ပဲ...သရဲလိုလို တစ္ဆေလိုလိုနဲ့......"
အပိုင်း (၈၃)
တိုက်မယ်ဟုတ်လား....မင်းတော့ သေပြီပဲ(၃)
ချွန်းမြောင်၏ ကြောက်လန့်တကြားအော်လိုက်သံကြောင့် ယုရီဆိုးက မျက်မှောင်ကြုတ်လိုက်လေသည်။
"နင် ငါ့ကို နည်းပြလို့ ခေါ်သင့်တာနော်.....မဟုတ်ရင်တောင် ဂိုဏ်းတူအမကြီးပေါ့..
ငါက နင့်ရဲ့ ဂိုဏ်းတူအမကြီးနော်"
"အဲ့တော့ ဘာဖြစ်လဲ"
"နင် ကိုယ့်ထက်အကြီးကို လေးစားသမှု ရှိဖို့ လိုတယ်လေ"
သွားစမ်းပါ...သူကဖြင့် သရဲလိုလို တစ္ဆေလိုလိုနဲ့ လိုက်ချောင်းနေပြီးတော့...
ချွန်းမြောင် စိတ်ရှုပ်စွာနှင့် သက်ပြင်းချလိုက်လေသည်။ သူမ၏ နောက်ယောင်ခံပညာက အမှန်ပင် တဖက်ကမ်းခတ်ပေသည်။ ထို့အပြင် ချွန်းမြောင်သည်ကလည်း သူ၏ချီများကို ထုတ်လွတ်ကာ ခြေရာဖျောက်ခြင်းမျိုး မပြုလုပ်၍ သူမက ထိုကဲ့သို့ ခြေရာခံနေနိုင်ခြင်းလည်း ဖြစ်လေသည်။ သူမ နောက်ယောင်ခံလိုက်နေသည်က ပြဿနာကြီးတစ်ခုတော့ မဟုတ်ပေ။ အမှန်စင်စစ် ပြဿနာသည်က သပ်သပ်ရှိလေသည်။
"ဘာလို့ ကျွန်တော့်နောက်ကို ဒီလိုကြီး လိုက်နေတာတုန်း"
"မေးဖို့ လိုသေးလို့လား"
"အမကြီး......."
ချွန်းမြောင် ပေကပ်ကပ် အမကြီးကြောင့် စိတ်လေးသွားရလေသည်။
ဒီလိုအခြေအနေကို ဆရာတူအကိုကြီးတွေသာ တွေ့လို့ကတော့ ငါ့ကို ကြည့်ပြီး ရယ်နေကြတာနဲ့ အူတက်သေမာ သေချာတယ်......
ငါ စိတ်ဒုက္ခရောက်နေတာကိုကြည့်ပြီး ဘယ်လောက်တောင် လက်ခုပ်လက်ဝါးတီးနေလိုက်ကြမလဲပဲ.....
ယခုကဲ့သို့သော အခြေအနေမျိုးကို ချွန်းမြောင် မည်သို့ ကိုင်တွယ်ရမည်မသိပေ။ ယုရီဆိုးက သူ့အားအမြဲလိုလိုပင် နောက်ယောင်ခံကာ ကပ်လိုက်နေသည့် ရည်ရွယ်ချက်ကိုလည်း သူမသိပေ။ အမျိုးသားချင်းကဲ့သို့လည်း ပွင့်ပွင့်လင်းလင်း ရှင်းလိုက်၍ မရသည်ကအခြေအနေအား ပို၍ ခက်ခဲနေလေသည်။
ချွန်းမြောင် သက်ပြင်းလေးကြီးကိုချကာ ယုရီဆိုးကို ကြည့်လိုက်လေသည်။
"ဟုတ်ပြီ....ဘာလို့လဲ...ကျွန်တော့်နောက်ကို ဘာလို့ တောက်လျောက်လိုက်နေတာလဲ"
"ဟင်....."
"........အမကြီး"
ယုရီဆိုးက စိတ်အလိုမကျဟန်နှင့် မျက်ခုံးများပင့်တက်သွားလေသည်။
ရိုးရိုးသားသားပြောရလျှင်မူ ယုရီဆိုးလုပ်လိုက်သည့် အမူအရာက ချွန်းမြောင်အား ထိတ်လန့်စေလိုသောကြောင့် ဖြစ်သော်လည်း သူမ၏အမူအရာကြောင့် ပို၍ပင် ချစ်စရာကောင်းသွားလေသည်။
တော်..တော်...သူက ချစ်စရာကောင်းနေတာ မဟုတ်ဘူး...ငါက အိုနေပြီမို့ အမြင်မှားနေတာ....
ဂျိုဂုနှင့် အခြားတတိယတန်းတပည့်များသည် ယုရီဆိုး၏ အလှကို ချွန်းမြောင်အား ပြောပြဖူးလေသည်။
ယုရီဆိုးသည်က အများအားဖြင့် မျက်နှာတည်နှင့်ပင် နေတတ်လေပြီး အခြားသော မျက်နှာအမူအရာများ ပြုလုပ်သည့်အခါတွင်မူ ပို၍ အရောင်အသွေးစုံလင်သော ပန်းလေးကဲ့သို့ပင် လှပလေ၏။ အမှန်ပင် ကျော်ကြားသောသတင်းနှင့်အညီ လှသူလေး ဖြစ်လေသည်။
ယုရီဆိုး ယခုလက်ရှိတွင် ဂုဏ်သတင်းကြီးသကဲ့သို့ပင် ချွန်းမြောင်သည်လည်း အတိတ်ဘဝက သူ၏ ချောမော ရဲရင့် သူရဲကောင်းဆန်မှုကြောင့် သတင်းကြီးခဲ့ဖူး ပြီး ဖြစ်လေသည်။ ထို့ကြောင့် ယုရီဆိုး၏ အလှအား ရင်ထဲသို့ ထည့်မထားပေ။
အဟမ်း....အဟမ်...တော်...တော်....အဲ့တာတွေ ထပ်မတွေးချင်တော့ဘူး....
"အဲ့ဒီဓါး"
ယုရီဆိုးက ချွန်းမြောင်ကို ကြည့်ကာ ပြောလာလေသည်။
"ဇီးပန်းပွင့်တွေ ထွက်လာတဲ့ ဓါးသိုင်း"
"အမကြီး ဘာပြောနေမှန်းတောင် ကျွန်တော် မသိဘူး"
ချွန်းမြောင် ဗြောင်ပင် ဘူးခံငြင်းလိုက်လေသည်။
ယုရီဆိုးအား သူ၏ ဇီးပန်းပွင့်ဓါးသိုင်းနှင့် ပတ်သက်လေပြီး ရှင်းပြရန်လည်း အကြောင်းမရှိသကဲ့သို့ သူရှင်းပြလျှင်လည်း ယုရီဆိုးက နားလည်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ သူ၏အဖြေက ရှင်းရှင်းပင် ။
ဘူး တစ်လုံးဆောင်ကာ ပြောလာသမျှအား 'ဘူး ' ခံငြင်းရန်သာ ဖြစ်လေသည်။
"ကျွန်တော့်ဟာ ဘာသိုင်းတွေကျင့်နေပြီး အမကြီးက ဘာတွေပြောနေမှန်းတောင် ကျွန်တော် မသိဘူး...
အဲ့တော့ ဒီလာပြီး အချိန်တွေ ဖြုန်း..."
"ငါ့ကို သင်ပေး"
"မနေ....ဘဲ....သွား.......
ဘာကြီး...."
ချွန်းမြောင် အံ့အားသင့်သွားလေသည်။
"ဘာပြောလိုက်တယ်"
"ငါ့ကိုလည်း သင်ပေး"
ချွန်းမြောင် ယုရီဆိုးအား ကြည့်လိုက်လေသည်။
သူက ဒီသိုင်းကို သင်ချင်လို့ ငါ့နောက်က တကောက်ကောက် လိုက်နေတာလား...
ချွန်းမြောင် ထင်ထားသည်က ယုရီဆိုးသည် သူ့အား ဂိုဏ်းပြင်ပမှ သိုင်းပညာများကို သင်ယူထားသည်ဟု သတင်းပေးကာ သူ့အား မသင်္ကာသောကြောင့် နောက်ယောင်ခံလိုက်နေသည်ဟု ထင်နေလေခြင်း ဖြစ်လေသည် ။ သူ့ထံမှ ထိုဇီးပန်းပွင့်ဓါးသိုင်းကို သင်ယူလိုသောကြောင့် နောက်မှ လိုက်နေသည်ဟု မထင်ထားပေ။ ဤသည်ကတော့ သူ လုံးလုံးပင် မမျှော်လင့်ထားသော ကိစ္စဖြစ်လေသည်။ သို့ဖြစ်၍ အနည်းငယ် တွေဝေသွားရလေ၏။
"ဆိုတော့ အမကြီးက အဲ့တာကို ........မဟုတ်ဘူး...မဟုတ်ဘူး...
အမကြီး ဘာတွေ ပြောနေတာလဲဆိုတာကို ကျွန်တော် နားမလည်ဘူး"
ယုရီဆိုး အနေရခက်စွာ နှုတ်ခမ်းကို ကိုက်လိုက်လေသည်။ သိသိကြီးနှင့်ပင် မသိချင်ယောင်ဆောင်နေသောသူကို မည်သို့ကိုင်တွယ်ရမည်မှန်း သူမ မသိပေ။
"ငါ နည်းပြတွေကို သွားပြောလိုက်မှာနော်"
"သွားလေ....သွားပြော....သူတို့တွေက အမကြီးပြောတာကို ယုံရင် ကောင်းတာပေါ့"
"ငါ ဂိုဏ်းချုပ်ကိုလည်း သွားပြောမှာ"
"သွားပါ...သွားပါ...စိတ်ကြိုက်သာလုပ်ပြီး သွားပြောလိုက်"
ချွန်းမြောင်က သူ၏နှာခေါင်းကို လက်တစ်ဖက်နှင့် ပွတ်လိုက်ကာ လက်တစ်ဖက်က ယုရီဆိုးကို ဝှေ့ယမ်းပြကာ သွားခိုင်းနေလေသည်။
အကြီးအကဲတွေက ပြောတာကို ယုံမလား ကြည့်ရသေးတာပေါ့....
ချွန်းမြောင်ကဲ့သို့ အငယ်ဆုံးဂိုဏ်းသားတစ်ယောက်က ဇီးပန်းပွင့်ဓါးသိုင်းကို တတ်မြောက်နေသည်ဆိုသည်ကို မည်သူကမှ ယုံကြည်ကြမည် မဟုတ်ပေ။
ယုရီဆိုးသာ ဂိုဏ်းချုပ်တို့ သွားပြောပါက ဂိုဏ်းချုပ်က ပြင်းထန်သော လေ့ကျင့်ရေးများကြောင့် ယုရီဆိုး စိတ်လွတ်သွားသည်ထင်ကာ သမားတော် ခေါ်ကာ ကုသပေးလေလိမ့်မည်။ သူမ ထပ်မံ၍ အပြင်ထွက်ခွင့်ရလျှင်ပင် ကံကောင်းလှပြီဟု ဆိုနိုင်သောအခြေအနေသို့ ရောက်သွားပေလိမ့်မည်။
"ငါ့ကို သင်ပေးပါနော်...ငါ ဘယ်သူ့ကိုမှ မပြောပါဘူးဆို"
"ကျွန်တော် ပြောနေပါပဲ.....ဘယ်သူ့သွားပြောပြော ဂရုမစိုက်ပါဘူးဆိုမှ"
ချွန်းမြောင်က ယုရီဆိုး၏ တောင်းဆိုမှုကို ငြင်းလိုက်ပြီး အောင်နိုင်သူကြီးသဖွယ် ပြုံးလိုက်လေ၏။
"ဆိုတော့ တခြားသူရဲ့ လေ့ကျင့်ရေးလုပ်နေတာကို လိုက်ပြီး နှောင့်ယှက်မနေပါနဲ့တော့....
အမကြီးကြောင့်နဲ့ ကျွန်တော် ဘယ်တော့မှ ကောင်းကောင်းမွန်မွန် လေ့ကျင့်လိုက်ရတယ်ကို မရှိတာ"
ကျေးဇူးပြု၍ ဝေးဝေးသွားပါတော့ ...ဟုတ်ပြီလား....
မျှော့ တစ်ကောင်ကို ကပ်နေမယ့်အစား ကျေးဇူးပြု၍ သွားလိုက်ပါတော့....
ချွန်းမြောင်၏ စကားများကို ယုရီဆိုးကလည်း မကြားသည့်အလားပင်။ နေရာမှ တုတ်တုတ်မျှ မလှုပ်ပေ။
"နင် တကယ် ငါ့ကို မသင်ပေးဘူးလား"
"ဟာ.....အမကြီး.....မသွားသေးဘူးလား...ကျေးဇူးပြု၍ လုပ်ပါဗျာ"
"ဟမ့်"
"အမကြီးက နည်းပြ...ကျွန်တော်က အငယ်ဆုံးဂိုဏ်သား...
ဘယ်လိုလုပ်ပြီးတော့ အမကြီးကို ကျွန်တော် သင်ပေးတတ်မှာလဲ...
သင်ခြင်းသင် အမကြီးဆီကနေ ကျွန်တော်ကတောင် ပြန်ပြီး သင်ယူရဦးမယ်"
".........."
ယုရီဆိုးက ချွန်းမြောင်၏ စကားများကြောင့် တွေဝေသွားလေသည်။
ကြည့်ရတာတော့ ငါပြောတာ အလုပ်ဖြစ်သွားတဲ့ပုံပဲ....
"သင်ယူတဲ့နေရာမှာ အသက်အရွယ်ဆိုတာက အရေးမပါဘူး....ဝါစဉ် အကြီးအငယ်ဆိုတာ မရှိဘူး...
ပညာက အဓိကပဲ"
"............"
သောက်ကျိုးနည်း........
ဝါစဉ်ကြီးငယ်ကို ဒီလောက်အရေးထားတဲ့ သူတို့ ဘတ် တွေက ဒါတွေကျ ဘယ်နားက သင်ထားတာလဲဟ....
ငါတို့ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဂိုဏ်းကြီးထဲမှာ ဒီလိုစုန်းပြုးတွေကလည်း ရှိသေးတာလားဟ....
"အဲ့တော့ ......ငါ့ကို သင်ပေးပါ"
"မဟုတ်တာ.....ကျွန်တော့် သင်ပေးစရာ ဘာမှမရှိပါဘူးဆိုမှ"
ချွန်းမြောင်က ယုရီဆိုး၏စကားလမ်းကြောင်းကို လုံးလုံးပင် ဖြတ်ချလိုက်လေသည်။
"အမကြီး ဘာကိုမြင်ခဲ့တာလဲ မသိပေမယ့် အဲ့တာက အိမ်မက်ပဲ နေမှာ...
မဟုတ်လည်း စိတ်ကူးယဉ်တာ ပဲ နေမှာ...
အဲ့လိုမှ မဟုတ်ရင်လည်း လေ့ကျင့်တာတွေ အရမ်းများသွားပြီး စိတ်က ထင်ယောင်ထင်မှား ဖြစ်ကာ နေမှာ...
ကျွန်တော်ကတော့ တကယ်ကို အမကြီး ဘာကိုပြောနေမှန်း မသိတာပဲ....
ဆိုတော့ ဒီကိစ္စကို ဒီမှာတင်ပဲ ရပ်ပြီးတော့ သွားပါတော့"
"ငါ လုံးဝ အမြင်မမှားဘူး"
"ဟာ....မဟုတ်တာ..အခုပြောနေတာကိုက အဓိပ္ပါယ် မရှိ....."
"ငါ အရင်တုန်းကလည်း အဲ့ဒီသိုင်းကွက်ကို မြင်ဖူးတယ်"
"အရင်တုန်းကလား....."
ယခုတွင်မူ ချွန်းမြောင်က တဖန် အံဩသွားရလေပြီ။
"ဘယ်လိုဖြစ်တာလဲ"
ဓါးမှ ဇီးပန်းပွင့်များ ထွက်လာသည့် သိုင်းပညာက ဟွာဆန်း၏ ဇီးပန်းပွင့် ဓါးသိုင်းပင်။
ဟွာဆန်းတွင် ဇီးပန်းပွင့် ဓါးသိုင်းအပြင် အခြားဓါးသိုင်းပညာများစွာလည်း ရှိပေသည်။ သို့သော်လည်း ဟွာဆန်း၏ သိုင်းပညာအားလုံးကမူ ဇီးပန်းပွင့်ဓါးသိုင်းကို အခြေခံကာ ဆင့်ပွားထားကြသည်လည်း ဖြစ်လေ၏။
ထို့အပြင် ဤဇီးပန်းပွင့် ဓါးသိုင်းကို သာမန်ဂိုဏ်းသူတစ်ယောက် အနေနှင့်လည်း မသိနိုင်ပေ။ ဤသိုင်းပညာအား သိကျွမ်းသည့်သူသည် အနည်းဆုံးအနေနှင့် အကြီးအကဲတစ်ယောက်သာ ဖြစ်လေမည်ဖြစ်ပြီး ယခုလက်ရှိတွင်မူ ဟွာဆန်းတွင် ထိုသိုင်းကျမ်းက မရှိတော့ပေ။
ထို့ကြောင့် ဟွာဆန်းပြိုပျက်ပြီး နောက်ပိုင်းတွင် ဇီးပန်းပွင့်ဓါးသိုင်းကို တတ်မြောက်သူလည်း တစ်ဦးတစ်ယောက်ပင် မရှိတော့ပေ။ ထိုသို့သော အကြောင်းများကြောင့် ဤသိုင်းပညာအား လေ့ကျင့်နေသည်ကို မြင်လျှင်ပင် မည်သည့်ဂိုဏ်းမှ မည်သည့်သိုင်းပညာဖြစ်သည်ဟူ၍ ဟွာဆန်းမှ လူများက မသိနိုင်တော့ပေ။
လက်ရှိအနေအထားများအရဆိုလျှင်မူ ဇီးပန်းပွင့် ဓါးသိုင်းကို သင်ကြားပေးနေသည့်နေရာက တစ်ခုတည်းသာ ရှိလေသည်။
"အမကြီးက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဘယ်လိုပတ်သက်တာလဲ"
ချွန်းမြောင်က မသင်္ကာသောမျက်လုံးနှင့် မေးလိုက်သောအခါတွင်မူ ယုရီဆိုး ခေါင်းခါကာ မေးလိုက်လေသည်။
"တောင်ဘက် ဘာကြီး..."
"............"
"ဘာကို တောင်ဘက်အစွန်အဖျားဂိုဏ်းလဲ"
ဘာလဲ.....သူက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ မပတ်သက်ဘူးလား...
ချွန်းမြောင် ယုရီဆိုးအား သေချာစွာ စူးစိုက်ကြည့်လိုက်လေသည်။ ချွန်းမြောင် ကြည့်လေလေ ဝေခွဲမရဖြစ်လေလေပင် ဖြစ်၏။ ယုရီဆိုးသည် ဟန်ဆောင်နေသည့် ပုံလည်းမပေါ်သကဲ့သို့ ဟန်ဆောင်တတ်မည့် ပုံလည်း မပေါ်ပေ။ သူမ၏အမူအရာများအရ တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် အမှန်တကယ်ပင် မပတ်သက်နေသည်က သေချာသလောက်ပင်။ ချွန်းမြောင် တွေးပင်မတွေးတတ်တော့ချေ။
သူမ တောင်ဘက်အစွန်အဖျားဂိုဏ်းကဆိုလျှင်ပင် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် ဇီးပန်းပွင့် ဓါးသိုင်းပညာကို ပြည့်စုံကောင်းမွန်စွာ သုံးနိုင်သေးသည် မဟုတ်ပေ။ ထို့အပြင် ချွန်းမြောင် လေ့ကျင့်စဉ်က ဇီးပန်းပွင့်ဓါးသိုင်းကြီးသက်သက် လေ့ကျင့်သည်မဟုတ်ဘဲ ဟွာဆန်း၏ ကျင့်စဉ်အချို့ကိုလည်း ပေါင်းစပ်ကာ လေ့ကျင့်ခဲ့ခြင်း ဖြစ်လေသည်။ ဤသည်ကိုပင် သူမက မြင်ဖူးလေသည်ဆိုတော့ ချွန်းမြောင် မတွေးနိုင်တော့ပေ။
တောင်ဘက်အစွန်အဖျားဂိုဏ်းက ဇီးပန်းပွင့်ဓါးသိုင်းကို ခိုးယူသွားသည်မှန်သော်လည်း ဟွာဆန်း၏ ကျင့်စဉ်များကိုတော့ မခိုးယူသွားဟု သူသိထားလေသည်။
ချွန်းမြောင် ယုရီဆိုးဘက်သို့ လှည့်ကာ သာမန်အတိုင်းပင် ပြုံးပြလိုက်ပြီး ပုခုံးကိုတွန့်ကာ မေးလိုက်လေသည်။
"အမကြီး အရင်က မြင်ဖူးတယ်ဆိုတာ ဘာကို ပြောတာလဲ...ဘယ်တုန်းကလဲ"
ချွန်းမြောင်၏ မေးခွန်းကြောင့် ယုရီဆိုး၏ မျက်နှာက မဲမှောင်သွားလေသည်။
"အရမ်းကို ကြာနေပြီ......"
ယုရီဆိုးက အမှတ်တရဟောင်းများကို ပြန်လည်ကာ တူးဖော်ချင်ပုံမရပေ။
"ငါ့ကို သင်ပေးပါ"
"အမကြီး ပြောနေတာကို ဘာပြောနေမှန်းတောင် ကျွန်တော် မသိပါဘူးဆိုမှ"
"အဲ့လိုလား....."
ယုရီဆိုးက ခေါင်းကို တဆတ်ဆတ် ငြိမ့်ကာ ပြောလာလေသည်။
ဆိုတော့ သူ ငါပြောတာကို လက်ခံသွားပြီဆိုတဲ့သဘောလား...
သွားတော့မှာ ပေါ့နော်.....
ကျေးဇူးအများကြီး တင်ပါတယ်နော်...မြန်မြန်သာ သွားလိုက်ပါတော့....
"ဒါဆိုရင်တော့ ငါလုပ်နိုင်တာ ဘာမှ မရှိတော့ဘူးပဲ"
ရွှမ်းးးးးး
ယုရီဆိုးက ရုတ်တရက်ဆိုသလိုပင် သူမ၏ခါးတွင် ချိတ်ထားသော ဓါးကို ဆွဲထုတ်လိုက်လေသည်မို့ ချွန်းမြောင်က ကြောက်လန့်တကြား ကြည့်လာလေသည်။
"အာ...ဟေ့...ဟေ့....ရုတ်တရက်ကြီး ဘာထဖြစ်ရတာတုန်း"
"နင်က ငါကို မသင်ပေးချင်ဘူးလေ....ဟုတ်တယ်မို့လား"
ဘာလဲ..ဘာလဲဟ....သူက ဘာထဖြစ်တာလဲ....
သူ့ကို သိုင်းမသင်ပေးလို့ ဓါးထုတ်ပြီး ခြိမ်းခြောက်တဲ့သူဆိုတာမျိုးက ဘယ်မှာရှိလို့လဲ...
သူ့နားကို ဘယ်သူမှ မကပ်ရဲတာ ..မဆန်းတော့ပါဘူး......
"ကျွန်တော်က အမကြီးကို မသင်ပေးဘူးဆိုတာနဲ့ ဓါးထုတ်တယ်ပေါ့လေ"
"ဟုတ်တယ်လေ...နင်ပြောတာ မှန်တယ်"
"ဘာကလဲ......"
"ငါက အမကြီး...နင်က အငယ်တန်းတပည့်"
"........"
".....ဆိုတော့ နင့်ကို ငါ သင်ခန်းစာလေး ဘာလေး ပေးရမှာပေါ့....
ကောင်းကောင်းပြောနေတာ မရဘူးလေ"
ယုရီဆိုးက သူ၏ ဓါးကိုမြောက်ကာ ချွန်းမြောင်ထံသို့ ဝင်လာလေသည်။
"ငါလာပြီ...သေဖို့သာပြင်"
"ဘာလာမှာလဲ.....မလာနဲ့......."
ချွန်းမြောင်သည် တမျိုးတမည်ရူးနှမ်းလှသော ယုရီဆိုးကို မည်သို့ နားချရမည် မသိတော့ပေ။
ယုရီဆိုးက အမှန်တကယ်ပင် ဓါးကို ဆွဲကာ သူထံသို့ တည့်တည့်ကြီးပင် ပြေးဝင်လာလေ၏။
"အာ....."
ချွန်းမြောင်က သူ၏သစ်သားဓါးကို ထုတ်လိုက်ပြီး ယုရီဆိုး၏ ဓါးချက်ကို ခုခံကာကွယ်လိုက်လေသည်။
"ဘာလား...
ကိုယ်ရဲ့ ဂိုဏ်းတူမောင်လေးကို ဓါးအစစ်နဲ့တိုက်တဲ့ ဂိုဏ်းတူအမကြီးဆိုတာက ဘယ်မှာ ရှိလို့လဲ"
"နင်က ငါ့ထက် ပိုပြီး အင်အားကောင်းတာပဲလေ...ငါ မတိုက်စရာလိုလို့လား"
ဟ...ဘယ်လိုလား...ဒီမိန်းမ
ဇွတ်ကို ပြောနေတော့တာပဲ....
သူ့ကို ဘယ်သူက ငါအားကြီးတယ်လို့ ပြောထားတာလဲကွ......
ချွင်...ချွင်...ချွမ်.... ဝှီး
ချွန်းမြောင် ယခင်က မြင်ဖူးသည့်အတိုင်းပင် ယုရီဆိုး၏ ဓါးသည်က ထက်မြကာ ပါးလျလေသည်။ ပါးလျလွန်းလေသည်မို့ လှုပ်ရှားနေချိန်တွင် ပုံရိပ်ယောင်များပင် ထွက်လာလေပြီး ထင်ယောင်ထင်မှားလည်း ဖြစ်စေနိုင်၏။ ဤသည်ကလည်း ဟွာဆန်း၏ ဓါးသိုင်းပညာတစ်မျိုးပင်။
ဟွာဆန်းသို့ ပြန်ရောက်ကတည်းကပင် ချွန်းမြောင် ဓါးသိုင်းပညာများစွာကို မြင်ခဲ့ဖူးပြီး ဖြစ်လေသည်။ ဘတ် တပည့်များ၊ အန်း နည်းပြများနှင့် အကြီးအကဲများ၏ ဓါးရေးပညာများကိုပါ မချန် လိုက်ကာ လေ့လာထားသည် ဖြစ်ပြီး ဟွာဆန်း၏ ကနဦးဓါးသိုင်းပညာများနှင့် အနီးစပ်ဆုံးတူညီသည့် ဓါးသိုင်းပညာများကို မတွေ့ရသေးပေ။
ယုရီဆိုး၏ ဓါးသိုင်းပညာကသာ ဟွာဆန်း၏ ကနဦးဓါးသိုင်းများနှင့် အနီးစပ်ဆုံးတူလေသည်မို့ ချွန်းမြောင် အမှန်ပင် အံဩရလေသည်။
သူက ဘယ်လိုလုပ်ပြီးတော့ ဒီသိုင်းပညာတွေကို ဒီလောက် နီးနီးစပ်စပ်ဖြစ်အောင် သင်ယူထားနိုင်ရတာလဲ....
"ဖယ်စမ်း"
ထိုအချိန်မှာပင် ယုရီဆိုး၏ဓါးက ချွန်းမြောင်ဆီသို့ တည့်တည့်ကြီးဝင်လာလေပြီး ချွန်းမြောင်က ယုရီဆိုး၏ အော်သံကြားမှသာလျင် အသိဝင်လာသည်မို့ ကိုယ်ကိုလှည့်ကာ အသာလေး ရှောင်လိုက်လေသည်။
ဝှစ်....
ဓါးသံအဆုံးတွင် ချွန်းမြောင်၏ဆံပင်အချို့က ကပ်ပါသွားလေသည်။
"အား......."
ဒီမိန်းမကတော့ ..ငါ့ကို တကယ်ပဲ သတ်တော့မှာလား မသိဘူး.....
"အမကြီး ရူးနေပြီလား..... ကျွန်တော်သာ မရှောင်လိုက်လို့ကတော့ တကယ်သေသွားနိုင်တယ်နော်"
"နင် မရှောင်နိုင်စရာ အကြောင်းမရှိဘူးဆိုတာကို သိပြီးသားလေ"
"ကျွန်တော့်ကို တအားကို ယုံကြည်မှုတွေ ပြင်းထန်နေတာလား"
ဘာတုန်း...ယုရီဆိုးက တကယ်ကြီးပဲ ရူးနေတာလား...
ဒါမှမဟုတ် သူ့ခေါင်းက တမျိုးလေး အလုပ်လုပ်နေတာလား.....
ဒီလိုတွေ ဆိုးဝါးနေလို့လဲ ဒီလောက်ရုပ်ချောချောလေးကို သူငယ်ချင်း မရှိတာပေါ့....ဟွန့်.....
ယုရီဆိုးက ချွန်းမြောင်အား စကားများများ မပြောပေ။ ဓါးကိုဆွဲကာ ထပ်တိုက်ခိုက်လာပြန်လေသည်။
သို့သော် ယုရီဆိုးအား ကိုင်တွယ်ရန်ဆိုသည်က ချွန်းမြောင်အတွက် ခက်ခဲလှသည်တော့ မဟုတ်ပေ။
ဪ...ဒီမိန်းမ ...
တိုက်ခိုက်ရင်းနဲ့ ငါ့ရဲ့သိုင်းပညာတွေ ရုတ်တရက်ပေါ်လာအောင် လုပ်နေတာကို ..
ကြည့်ရသေးတာပေါ့....
ချွန်းမြောင် သူ၏ မည်သို့သောသိုင်းပညာကိုမှ ထုတ်မသုံးဘဲ ယုရီဆိုး၏ ဓါးချက်များကို ရှောင်တိမ်းကာကွယ်ရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။
"ကျွန်တော် မိန်းကလေးတွေနဲ့ ဓါးရေးမပြိုင်ဘူးလို့ ပြောနေတယ်နော်"
"ငါက မိန်းကလေးဆိုပေမယ့် နင့်ရဲ့ နည်းပြ....ပြိုင်လို့ရတယ်"
"ဘယ်နည်းပြက ကိုယ့်တပည့်ကို သတ်ဖို့ကြိုးစားနေတာ မြင်ဖူးလို့လဲ....
အမကြီးရဲ့ ဦးနှောက်က ဘာဖြစ်နေတာလဲလို့"
ချွန်းမြောင်နှင့် ယုရီဆိုးတို့သည် ငြင်းခုန်နေရင်းနှင့်ပင် တိုက်ခိုက်နေလေပြီး ယုရီဆိုး၏ သိုင်းကွက်များကလည်း အတိမ်းအစောင်းပင် မရှိပေ။ တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ပင် တိကျလာလေသည်။ ထို့ပြင် ချွန်းမြောင်အား တိုက်ခိုက်နေရင်းမှာပင် သူမ၏မျက်လုံးများက မူးဝေနေသကဲ့သို့ ဖြစ်လာလေပြီး အသိစိတ်များသည်လည်း လွတ်လာလေသည်။ ချွန်းမြောင်သိလိုက်ပေပြီ။ ဤသည်က ဓါးသိုင်းပညာရှင်များ ဖြစ်လေ့ရှိသည့် 'ဉာဏ်အလင်းပွင့်ခြင်းပင်..' ဖြစ်နေခြင်းပင်။
တိုက်ခိုက်နေတုန်းကြီးကို ဉာဏ်အလင်းပွင့်သွားတာလား....
အင်း...ဂျိုဂုတောင် သူ့လောက်တော့ ဓါးရေးမကောင်းနိုင်လောက်ဘူး....
ချွန်းမြောင်၏အမြင်အရမူ ဂျိဂုသည် အနာဂတ်တွင် ဟွာဆန်း၏ အတော်ဆုံးသော ဓါးသမားဖြစ်လာနိုင်လေသည်။
ချွန်းမြောင်သည်လည်း မိန်းမောနေသော ယုရီဆိုး၏ဓါးချက်များကို သူ၏သစ်သားဓါးနှင့်ပင် အလိုက်သင့်ကာသာ တားဆီးထားလေသည်။ တချိုသော ယုရီဆိုး၏ မှားယွင်းသောဓါးချက်များကိုပင် လိုက်လံလမ်းကြောင်းပြောင်းပေးကာ ဓါးသွားရာ လမ်းကြောင်းမှန်ကို တင်ပေးလိုက်လေသေးသည်။ ယိမ်းယိုင်နေသော ယုရီဆိုးကိုလည်း သူ၏ဓါးနှင့်ထိကာ ထိန်းပေးနေလေသည်။
"ဒါက ဘာလုပ်နေတာလဲ.....မျိုးမစစ်ခွေးသား"
ချွန်းမြောင်သည် ရုတ်တရက်ကြားလိုက်ရသော အော်သံကြောင့် ခေါင်းလှည့်ကာ ကြည့်လိုက်လေသောအခါ
အလွန်အမင်းပင် ဒေါသထွက်နေသောမျက်နှာနှင့် သူတို့ဆီသို့ ကြောက်မက်ဖွယ်ရာအရှိန်နှင့် တဟုန်ထိုး ပြေးဝင်လာသော ဘတ်ချုန်းကို တွေ့လိုက်ရလေ၏။
သောက်ကျိုးနည်း....သူကပါ ဘယ်လိုလုပ် ဒီရောက်နေရတာလဲ.....
ချီးတွေတော့ ဖြစ်ပါပြီ.....
အပိုင်း (၈၄)
တိုက်မယ်ဟုတ်လား....မင်းတော့ သေပြီပဲ(၄)
"ခွေးသား.....မင်း ဘာလုပ်နေတာလဲ"
ဘတ်ချုန်းက ရူးသွပ်နေသူအလားပင် ကြောက်မက်ဖွယ်ရာအရှိန်နှင့် သူ့ဆီသို့ ပြေးဝင်လာသည်ကို မြင်လိုက်သောအခါတွင်မူ ချွန်းမြောင် စိတ်ညစ်သွားသောမျက်နှာနှင့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။
အား...
ငါ့ဘဝလေးကလည်း သနားစရာကောင်းလိုက်တာ....
ဘတ်ချုန်းကမူ ဓါးကိုဆွဲထုတ်ကာ တည့်တည့်ကြီးပင် ပြေးဝင်လာလေ၏။
နေပါဦး...သူကလည်း ဓါးအစစ်ကြီးပဲ ကိုင်လာတာလား....
ဒီဒုတိယတန်းတပည့်တွေက ဘာဖြစ်နေကြတာလဲ....ဘယ်သူလာလာ ဓါးအစစ်နဲ့...
တစ်ခုခုဖြစ်သွားရင် သူတို့က တကယ်ပဲ တာဝန်ယူကြမှာလား...
ချွန်းမြောင်က မျက်မှောင်ကြုတ်ကာ တွေးနေစဉ်မှာပင် ဘတ်ချုန်းက နက်ပြာနှင့်အနက်ရောင်ရောစပ်သော ချီစွမ်းအင်များကို သူ၏ဓါးတွင်ပို့လွတ်ကာ ချွန်းမြောင်၏ ပုခုံးထံသို့ ပစ်လွတ်လိုက်လေသည်။ ဘတ်ချုန်းသည်က အရေးမကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းကို ချိန်ရွယ်ကာ ပစ်လိုက်ခြင်းဟု ပြော၍လည်း ရပေလိမ့်မည်။
ဒီ ဓါးချီစွမ်းအင်တွေရဲ့ နောက်ဆက်တွဲစွမ်းအင်တွေက လူသေနိုင်တယ်ဟ......သောက်ရူးရ......
ချွန်းမြောင်ကမူ သူ့ဆီသို့ ပျံသန်းကာ ဝင်ရောက်လာသောဓါးကို တန်ပြန်ကန်လိုက်လေသည်။
ခွမ်းးး
ကျယ်လောင်လှသောအသံကြီးက ထွက်လာလေပြီး ချီစွမ်းအင်များ ထည့်သွင်းထားသောဓါးက ဖီလာအရပ်သို့ ပြန်ကန်ကာ ထွက်သွားလေသည်။ ဘတ်ချုန်းသည်ပင် ဓါးကိုထိန်းလိုက်သည်နှင့် နောက်သို့ရွေ့သွားလေသည်။
"ဟမ်"
ဘတ်ချုန်းက သူ၏ခြေတချက်ကို မကာ ဟန်ချက်ပြန်ထိန်းလိုက်လေပြီး ဓါးအား ချွန်းမြောင်ဆီသို့ ပြန်ကာ ချိန်ရွယ်ထားလိုက်လေသည်။ သူ၏ မျက်လုံးများကလည်း ခံပြင်းစိတ်ကြောင့် တလက်လက်တောက်ပနေလေသည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းလှ၍ မည်သို့ဖြစ်ပျက်သွားသည်ကိုပင် မသိလိုက်ချေ။
"ကျွတ်"
ချွန်းမြောင် စုပ်သပ်လိုက်ပြီး ဘေးနားတွင် ရှိနေသော ယုရီဆိုး၏ အခြေအနေကို လှမ်းကာ အကဲခတ်လိုက်လေသည်။ ကျယ်လောင်လှသော အသံကြီးက သူမ၏ ဉာဏ်အလင်းပွင့်ခြင်းကို နှောင့်ယှက်ဖျက်စီးလိုက်လေပြီ။ သို့သော်လည်း သူမက မိန်းမောနေဆဲပင်။
"သူ အဆင်ပြေရဲ့လား"
သာမန်အားဖြင့် ဆိုလျှင်မူ လူများသည် ဉာဏ်အလင်းပွင့်ခြင်း ပြီးဆုံးသွားသည်နှင့် သတိဝင်လာတတ်ကြသော်လည်း ယုရီဆိုးကမူ သတိကပ်ပုံမရသေးပေ။ မှိန်းမောကာ ဖြေးဖြေးပင် လှုပ်ရှားနေလေသေးသည်။
ဤသည်က တိုက်ခိုက်နေစဉ် ဉာဏ်အလင်းပွင့်ခြင်းကြောင့်ဟု ယူဆ၍ရလေသည်။ ဉာဏ်အလင်းပွင့်ခြင်းဆိုသည်က အဆင့်အသစ်တစ်ခုသို့ ခြေချလိုက်ခြင်းပင် ဖြစ်လေပြီး ဗုဒ္ဓဘာသာအရဆိုလျှင်မူ ဝိပဿနာပြီးချိန်တွင် ပီတိအရှိန်ကို ခံစားရသကဲ့သို့ပင်။ သို့သော် သိုင်းပညာရှင်များအတွက်မူ ထိုမျှ မရိုးရှင်းပေ။ အလွန်ပင် အရေးကြီးသော အခိုက်အတန့်ဖြစ်လေပြီး ထိုဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်အတွင်းမှာပင် နိုးထလိုက်မိပါက ဘဝတစ်သက်တာတွင် နောင်တရစရာ ဖြစ်နေပေလိမ့်မည်။
"ခွေးသား...မျိုးမစစ်ကောင်...
မင်း ဘာလုပ်နေတာလဲ.....
ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်က သိုင်းသမားတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိရဲ့သားနဲ့"
အဲ့တာနဲ့ မင်းက ငါ့ကို ဘာမပြော ညာမပြော တိုက်ခိုက်ရောပေါ့....
ချွန်းမြောင် ဘတ်ချုန်းအား မျက်လုံးပြူးကြီးနှင့် ကြည့်လိုက်လေသည်။
"မှိန်းမောနေတဲ့ မိန်းကလေးတစ်ယောက်ကို ထိ ကိုင်တယ် ....
မင်းမှာ ဒါမျိုးကို မလုပ်သင့်ဘူးဆိုတာ သိတဲ့ အသိစိတ် နည်းနည်းလောက်တောင် မရှိဘူးလား...
ဟမ်....မျိုးမစစ်ရဲ့"
ဘတ်ချုန်းက ချွန်းမြောင်အား စူးရဲစွာကြည့်ပြီး ပြောလိုက်လေသည်။
"ငါ မင်းကို သဘောမကျတာတော့ မှန်ပေမယ့် မင်းက တစ်ယောက်ယောက် မေ့မောနေတဲ့အချိန်မှာတောင် အလွတ်မပေးတဲ့ ကောင်ဆိုတာ မသိခဲ့ဘူး.....
အခုတော့ မင်းရဲ့ အကျင့်ဆိုးတွေကို ပြင်ပေးရမယ့် အချိန်ရောက်နေပြီ"
ချွန်းမြောင် ဘတ်ချုန်း၏စကားများကြောင့် သက်ပြင်းလေးကြီး ချလိုက်လေသည်။
အေးပါ.....သောက်ရူးရယ်....
ငါ သူ့ကို နှောင့်ယှက်နေတာ မဟုတ်ပါဘူး....ကူညီပေးနေတာပါဟ....
ဟားဟား...အေးလေ ...မင်းကတော့ ငါက ကူညီနေတယ်လို့ ဘယ်သိမှာလဲ...
ဒါမျိုး အထင်ခံရမှာကိုက ငါ့ကံတရားပါပဲ....သနားစရာ ငါလေးပါ....
"ဉာဏ်အလင်းပွင့်ပြီး မိန်းမောနေတာကို သိရင် အကိုကြီးကရော ဘာလို့ ဓါးကို ဆွဲပြီး ပြေးဝင်လာတာလဲ"
"ဘာ..."
"မတော်လို့ အကိုကြီးဓါးက အမကြီးကို ထိပြီး ထိခိုက်သွားအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မှာလဲ"
"မင်း ပြန်မတိုက်ရင် မဖြစ်......"
"အဲ့တာဆို ကျွန်တော်က အသေခံရမှာလား...."
"......."
ချွန်းမြောင်က ဘတ်ချုန်း၏ ကဲကဲလှုပ်ပြောနေသောကြောင့် ပြန်တုံ့ပြန်လိုက်လေသည်။
ဒီ ဘတ် တပည့်တွေ အကုန်လုံးက ရူးနေကြတာပဲနေမှာ.....
လောကကြီးတွင် လူသားတိုင်းက တစ်မျိုးစီ ၊အရာတစ်ခုစီတွင် ရူးသွပ်နေကြသည်မှန်သော်လည်း
ဤ ဘတ် တပည့်များကတော့ လွန်လွန်းသည်ဟု ထင်လေသည်။ ဒုတိယတန်းတပည့်များအားလုံး အရူးများကိုပင် စုထားသည့်အလားပင်။ ဒုတိယတန်းတပည့်များထဲတွင် ပုံမှန်အနေအထားဖြစ်နေသော လူတစ်ဦးတစ်ယောက်ကိုပင် ချွန်းမြောင် မတွေ့မိသေးပေ။
" မင်းက ငါမင်းကို သတ်ဖို့ကြိုးစားတယ်လို့ ပြောချင်တာလား..."
"အသက်ရှင်စေချင်တဲ့ပုံတော့ မပေါက်ပါဘူး..."
"ဒါက ရုတ်တရက်ဖြစ်လာတဲ့ အခြေအနေအရပဲ"
"အဲ့တာနဲ့ ဓါးပါ ဆွဲထုတ်လိုက်ရောပေါ့"
"ဒါက...”
ချွန်းမြောင်၏ တုံ့ပြန်စကားများကြောင့် ဘတ်ချုန်းက မျက်နှာပျက်လာလေသည်။
နေပါဦး...
သူပြောသလို ငါက ဓါးချီစွမ်းအင်တွေပါ ထုတ်ပြီး သုံးလိုက်တာတောင် သူက ဓါးတစ်ချက်မထုတ်ဘဲ
ရှင်းပစ်လိုက်တာပေါ့...
ကလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်အစွမ်းရှိရတာလဲ....
"ဆရာတူညီမလေးနဲ့ ဝေးဝေးနေစမ်းပါ"
ဘတ်ချုန်းက ခက်ထန်သောမျက်နှာနှင့်ကြည့်ကာ အော်လိုက်လေသည်။
"မင်းကို ဘာလုပ်ညာလုပ်တော့ ငါမပြောချင်ဘူး...မင်း ဘာလုပ်နေလဲဆိုတာလဲ မမေးချင်ဘူး..
ဒါပေမယ့် မင်းရဲ့ ဓါးကို ဆရာတူညီမလေးနားကနေ ဝေးဝေးမှာထား .....
ပြီးတော့ မင်းနဲ့ငါက အခု နည်းပြနဲ့ ဂိုဏ်းသားမဟုတ်ဘူး...
ရန်သူတွေပဲ"
"တကယ်ကြီးလေ"
"........"
ကောင်းလေသည်။ ဤသည်က ချွန်းမြောင်လည်း မျှော်လင့်နေသော အရာပင်။
"မင်းကို အဆုံးမသတ်နိုင်ခင်အထိ....."
ဘတ်ချုန်းက အံကိုကြိတ်ကာ ကြိမ်းဝါးလိုက်လေသည်။ လူသားများဆိုသည်က သူတို့မျက်မြင်တွေ့ရှိသောအရာများကို သူတို့၏ ကိုယ်ပိုင်တွေးခေါ်မှုများနှင့်သာ သုံးသပ်ကြသည့် သတ္တဝါများ ဖြစ်ကြလေသည်။ ယခုတွင်လည်း ချွန်းမြောင်က ရှင်းပြစေကာမူ ဘတ်ချုန်း၏ အမြင်တွင်တော့ ပြောင်းလဲမှုရှိသွားမည် မထင်ပေ။ ဘတ်ချုန်း၏အမြင်တွင် ချွန်းမြောင်သည် သူ၏ဆရာတူညီမလေးအား အခွင့်အရေးယူနေသော နှာဘူးတစ်ယောက်သာ ဖြစ်လေသည်။
သို့ဖြစ်၍ ဤကဲ့သို့သော နှာဘူးအား ပညာပေးရန်နှင့် ဆရာတူညီမလေးအား ကာကွယ်ရန်တာဝန်က သူ့တွင်ရှိလေသည်။
သို့သော်လည်း ဤနေရာတွင် ပြဿနာတစ်ခုက ရှိနေလေသည်။
ချွန်းမြောင်ကမူ မှိန်းမောနေဆဲဖြစ်သော ယုရီဆိုးကို လှည့် ကြည့်ကာ နှုတ်ခမ်းကိုက်လိုက်လေသည်။
ငါသာ နောက်ထပ်နည်းနည်းလောက်ထပ်ပြီး ကူညီပေးလို့ရရင် အခြေအနေက တအားကို ကောင်းသွားတော့မှာကိုကွာ.........
ယခုတွင်မူ ယုရီဆိုးသည် ဉာဏ်အလင်းပွင့်ခြင်း ဖြစ်စဉ်အတွင်းမှာပင် ရှိနေလေပြီး ဉာဏ်အလင်းပွင့်ခြင်းဆိုသည်ကလည်း သတ်သတ်မှတ်မှတ် ထား၍ရသော ဖြစ်စဉ်မဟုတ်ပေ။ ရုတ်တရက်ပင် ဖြစ်ပေါ်တတ်ကြလေပြီး တချို့ကမူ တကြိမ်တည်းပင် ဉာဏ်အလင်းပွင့်ကာ တချို့ကမူ ထပ်ကာထပ်ကာ ဖြစ်ပေါ်ခြင်းများလည်း ရှိပေသည်။ သို့သော် မည်သူ့ကိုမှ အတိအကျပြော၍မရပေ။ ထို့အပြင် လူတစ်ချို့ကမူ ဘဝတစ်လျောက်လုံးကြိုးစားလျင်ပင် ဉာဏ်အလင်းပွင့်ခြင်းမျိုး မရှိတတ်ဘဲ တချို့ကမူ သမာရိုးကျဖြစ်စဉ်လေးများကို လုပ်ကိုင်နေရင်းပင် ဉာဏ်အလင်းပွင့်တတ်ကြလေသည်။ ကြိုးစားမှုနှင့် သက်ဆိုင်သော ဖြစ်စဉ်မျိုးမဟုတ်ဘဲ ပါရမီနှင့်သာ သက်ဆိုင်သော ဖြစ်စဉ်ဟူ၍လည်း ပြော၍ ရလေသည်။
ကောင်းကင်၏ အလိုဆန္ဒအတိုင်း ဖြစ်ပေါ်သည် ဟုပင် ပြော၍ရလေသည်။
ယခုတွင်မူ သိုင်းပညာရှင်များ၏ အကောင်းဆုံးဟူသော အရာကြီးက ယုရီဆိုးထံတွင် ဖြစ်ပေါ်နေပြီး သမာရိုးကျ ဖြစ်စဉ်များနှင့်လည်း မတူပေ။ ထို့ကြောင့်ပင် ချွန်းမြောင်က သူမအား စောင့်ကြည့် ထိန်းကြောင်းပေးနေခြင်း ဖြစ်လေသည်။
ပုံမှန်အားဖြင့်မူ မှိန်းမောနေသောစိတ်အစဉ်နှင့်ပင် ပတ်ဝန်းကျင်ကိုမေ့ကာ ဓါးအပေါ်တွင် စိတ်နှစ်ထားလေပြီး စိတ်ဝိဉာဉ်နစ်မြောခြင်းမှပင် အဆင့်တစ်ခုကို တက်သွားကြခြင်း ဖြစ်လေသည်။မည်သူကမှ သူတို့အား ထိတွေ့ခြင်း၊ အသံအားဖြင့် နှောင့်ယှက်ခြင်းသို့ မပြုလုပ်သင့်ပေ။ ဉာဏ်အလင်းပွင့်နေသူအနားတွင် ထိုကဲ့သို့သော ဖြစ်စဉ်တစ်ခုခုဖြစ်လာပါက ထိုသူသည် သတိလည်လာသောအခါတွင် ဓါးပင် မကိုင်တတ်တော့သည်အထိ ဆိုးဝါးသွားတတ်လေသည်။
သို့သော် သူ ကမူ မည်သူ ဖြစ်သနည်း...
ချွန်းမြောင်သည် ပင်။ ဟွာဆန်း၏ သိုင်းပညာရပ်တိုင်းကို နားလည်လေပြီး ကမ္ဘာပေါ်တွင် နှစ်ယောက်မရှိသော အကောင်းဆုံးဆရာဖြစ်လေသည်မို့ ယုရီဆိုး၏ အဆင့်တက်ခြင်း မြန်မြန်ပြီးဆုံးသွားစေရန် ကူညီနေခြင်း ဖြစ်လေသည်။
ဘာကိစ္စများ ဒီကောင်က ဒီလိုကြီး ပေါ်လာရတာတုန်း....
အခြားလူတစ်ယောက်၏ရှေ့တွင် ယုရီဆိုးအား ကူညီပေးရန်ဆိုသည်က မဖြစ်နိုင်သောကိစ္စပင်။ တစ်စုံတစ်ခု လွဲချော်သွားခဲ့ပါက ပြဿနာကြီးဖြစ်သွားပေလိမ့်မည်။
ချွန်းမြောင် ယုရီဆိုးအား တဖန်ကြည့်လိုက်ပြန်လေသည်။
မတတ်နိုင်ဘူး...ဒါကတော့ သူရဲ့ကံပဲ.....
ဟွာဆန်း၏ ဘိုးဘေးတစ်ယောက်အနေနှင့် ဟွာဆန်း၏ အလားအလာရှိသော ဂိုဏ်းသားတစ်ယောက်၏ မဟာအခွင့်အရေးအား လက်လွတ်လိုက်ရသည်ကို နှမြောသော်လည်း မတတ်နိုင်ပေ။ သူမ၏ သက်ဆိုင်သူဟု သတင်းကြီးသော လူကြီးက သူ၏ ရှေ့တွင်ရောက်နေပြီ ဖြစ်၍ ဆက်ကာ ကူညီ၍ မရတော့ပေ။
ချွန်းမြောင်သည် ယုရီဆိုး၏ ဘေးမှ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်ပြီး ဘတိချုန်းအား လှမ်းကြည့်လိုက်လေသည်။
"ရပြီလား"
"နောက်ထပ်တိုးဦး"
"ကျွတ်"
ချွန်းမြောင် နောက်ခြေနှစ်လှမ်းဆုတ်လိုက်ပြန်သည်။
"ရပြီလား..."
"ငါ့ကို လာနောက်နေတာလား....အဲ့နားကကို ထွက်ခဲ့....
မင်း ဆရာတူညီမလေးကို ထိခိုက်အောင် လုပ်မိမှာမျိုး မမြင်ချင်ဘူး"
"ဘယ်သူက တကယ်ထိခိုက်အောင် လုပ်နေတာလဲ....
အကိုကြီးကမှ တကယ် ထိခိုက်အောင် လုပ်နေတာ"
"ဒါက မင်းရဲ့နည်းပြတစ်ယောက်ကို စကားပြောတဲ့ပုံစံလား..."
ဂုဏ်ဖော်ကာ အာဏာပြနေသော ဘတ်ချုန်းကြောင့် ချွန်းမြောင်မျက်စောင်းလှမ်းထိုးလိုက်လေသည်။
ဒီနေ့ခေတ်ကလေးတွေက ဘယ်လိုလုပ်ပြီးတော့များ တစ်ပုံစံတည်းဖြစ်နေကြတာလဲ...
ယုရီဆိုးသည်လည်း ထိုနည်းလည်းကောင်း ၊ ဘတ်ချုန်းသည်လည်း ထိုနည်းလည်းကောင်းပင်။
"ဟုတ်တယ်လေ.....အဓိကပြဿနာရှာနေတဲ့သူက နည်းပြကြီးပဲ ဟာကို"
ချွန်းမြောင်၏ အရွဲ့တိုက်ခေါ်သံကြောင့် ဘတ်ချုန်းက ချွန်းမြောင်အား စိုက်ကြည့်လာလေသည်။
"ငါ မင်းကို မင်းက စိတ်ကြီးဝင်တတ်လို့နေမှာပါဆိုပြီး နားလည်ခွင့်လွတ်ပေးဖို့ ကြိုးစားခဲ့တာ"
ဘတ်ချုန်း ချွန်းမြောင်အား ခွင့်လွတ်လိုက်ရန် တွေးထားသော်လည်း ရလဒ်ကမူ စော်ကားခံရခြင်းပင်။
ဂိုဏ်း၏အငယ်ဆုံးကလေးမှ သူ့အား သူသိ၊ သူတတ်ပုံနှင့် ဆရာလုပ်ကာ အရိုအသေမဲ့ ပြောဆိုနေသည်ကို ခံစားရခြင်းပင် ။ ပြဿနာက သူ ဟူ၍ပင် စွပ်စွဲခံလိုက်ရလေသေးသည်။
"ငါ့ရဲ့ သည်းခံနိုင်စွမ်းက ကုန်သွားပြီ...
ကောင်းကောင်းမွန်မွန် ပြောရုံနဲ့ နားမလည်တဲ့သူတွေ ဒီကမ္ဘာပေါ်မှာ ရှိသေးတယ်ဆိုတာလည်း ငါနားလည်သွားပြီ"
"ဝိုး....."
ချွန်းမြောင်၏ အံ့အားသင့်သယောင်လုပ်ပြသောအမူအရာကြောင့် ဘတ်ချုန်း၏မျက်နှာက ပိုမိုခက်ထန်သွားလေသည်။
"မင်း ဘာပြောလိုက်တာလဲ"
"ဟင့်အင်း..ဘာမှ ပြောပါဘူး...ဟာသလေးနည်းနည်း ကြားလိုက်လို့ပါ"
"ဘာ....."
"ငါမင်းကို ပြောနေတာကို မင်းနားမလည်ဘူးလား"
နှစ်တစ်ရာကျော် ကြာခဲ့သည့်တိုင်အောင်ပင် ဤစကားက အပြောခံနေရဆဲပင်။
ယခင်ကမူ သူ၏ဆရာတူအကိုကြီးက ဤစကားအား ချွန်းမြောင်ကို ပြောနေကြပင် ဖြစ်လေသည်။
-မင်းကို ဘယ်လိုမျိုး ပြောမှရမှာလဲ...
-အကိုကြီးနဲ့ ၊တာအိုပညာတွေ ဆွေးနွေးမယ့်အစား ကျွဲတွေ နွားတွေကို အလွတ် ရွတ်ပြလိုက်တာကမှ ပိုမြန်ဦးမယ်....
-မင်း ရန်မဖြစ်ဘဲနဲ့ စကားကို ပြောလို့မရဘူးလား......
လူသားများက တူတူပင်။ ချွန်းမြောင်သည်လည်း နှစ်တစ်ရာကျော်ကြာခဲ့သည့်တိုင် ပြောင်းလဲမှုမရှိပေ။
ယခင်က ကဲ့သို့ပင် ဖြစ်နေဆဲပင်။
ဘတ်ချုန်းကမူ အတွေးများနေဟန်တူသော ချွန်းမြောင်ကို အော်ကာခေါ်ပြီး သတိပေးလိုက်လေသည်.
"မင်းကို ဓါးကိုကိုင်လိုက်စမ်း.....
ဒီနေ့ ငါ မင်းကို ရိုသေသမှု ဘယ်လိုထားရမယ်ဆိုတာကို သင်ပေးလိုက်မယ်"
"အကိုကြီး အဆင်ပြေပါ့မလား"
"ခွေးသား...."
"မဟုတ်သေးဘူး.....
အကိုကြီး အလျင်လိုနေတာဆိုရင်တော့ စဉ်းစားဦးနော်"
ချွန်းမြောင်ပြောလေလေ ဘတ်ချုန်းဒေါသထွက်လေလေဖြစ်၏။
"မင်း ဘာပြောချင်တာလဲ"
"ကျွန်တော်က စိုးရိမ်နေတာ မဟုတ်ပါဘူး....
တကယ်လို့ နည်းပြတစ်ယောက် ဂိုဏ်းတူညီလေးတစ်ယောက်ဆီမှာ အရိုက်ခံခဲ့ရတယ်ဆိုတဲ့သတင်း ပြန့်သွားရင်ကျ အကိုကြီးရဲ့ ဂုဏ်သိက္ခာ ထိခိုက်မှာစိုးရိမ်လို့ပါ"
ချွန်းမြောင်၏စကားကြောင့် ဘတ်ချုန်းက ခါးသက်စွာရယ်လိုက်လေသည်။
"ဒီလောက်ထိ ဖြစ်ပြီးမှ မင်းက ဉာဏ်ဆင်နေတာပေါ့လေ....မင်းက မင်းကို အကြီးအကဲတွေ ကာကွယ်ပေးထားလို့ မထိတာကို အထင်မှားနေတဲ့ ပုံပဲ....
အနာဂတ်မှာတော့ မင်းကို ဘယ်သူမှ ကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး...
ငါ အပြစ်ပေးတာကို ခံဖို့တာ ပြင်ထားပေတော့"
"ဝိုး....တကယ့်ကို အားမာန်အပြည့်နဲ့ ယောက်ျားပီပီသသစကားမျိုး ကြားလိုက်ရတာပဲ"
"ဒါပေမယ့် ကျွန်တော့်မှာ အကြံကောင်းကောင်းတစ်ခုရှိတယ် ...နားထောင်ကြည့်ချင်လား"
"မင်း အကြံက ဘာလဲ...ဘာတွေ ထပ်ကြံစည်နေတာလဲ"
"ဘာမှတော့ မဟုတ်ပါဘူး...
ကျွန်တော်တို့ ကျမ်းကျိမ် ကြရအောင်.....
ဒီနေ့ ဒီနေရာမှာ ဖြစ်ခဲ့သမျှကို ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးဆိုပြီးတော့ ....."
"ဘာ..."
ချွန်းမြောင်က ပြုံးကာ ထပ်ပြောလိုက်လေသည်။
"ကျွန်တော် ပြောတာက ကျွန်တော် ရိုက်ခံခဲ့ရရင်လည်း အကြီးအကဲတွေနဲ့ ဘယ်သူ့ကိုမှ မပြောဘူး...
အကိုကြီး ရှုံးခဲ့ရင်လည်း ပြိုင်ပွဲကနေ ထွက်ပြေးပြီး သွားပြောတာမျိုး လုပ်လို့ မရဘူးလို့ ....
ကျွန်တော် ပြောချင်တာကို သိတယ်မို့လား"
ဘတ်ချုန်း ချွန်းမြောင်ကို ကြည့်လိုက်လေသည်။
ဒီကောင် ဘာတွေ ကြံစည်နေတာလဲဟ...
ဘတ်ချုန်း ချွန်းမြောင်အား အကဲခတ်ကာ ပြုံးလိုက်လေသည်။
"မင်း ကြည့်ရတာ လှည့်ကွက်လေးတွေသုံးပြီး ဒီနေရာကနေ ထွက်ပြေးချင်နေတဲ့ပုံပဲ.....ကြောက်နေတာလား"
"မဟုတ်တာ......ဒါမျိုး ဖြစ်စရာ အကြောင်းမရှိပါဘူး..."
"ကျွန်တော်ပြောချင်တာက ကျွန်တော်တို့တွေ နည်းပြတွေ ၊ ဂိုဏ်းတူအကိုကြီးတွေ ညီလေးတွေဆိုတဲ့ ဂုဏ်ပုဒ်တွေကို ခဏလေးဘေးချိတ်ထားပြီး လုံးဝရှင်းရှင်းလင်းလင်းပဲ တိုက်ရအောင်လို့"
"......"
"ကတိသာ လုပ်ထားလိုက်မယ်ဆိုရင် ကျွန်တော်ရှုံးလည်း ကိစ္စမရှိတော့ဘူး...
ကျွန်တော်ကလည်း အကောင်းဆုံးကြိုးစားပြီးတော့ တိုက်မှာပါ....
အကိုကြီးလည်း အဲ့လိုပဲ မို့လား....ကျွန်တော်ပြောတာကို ဘယ်လိုသဘောရလဲ....."
ဘတ်ချုန်းက မဲ့ပြုံးလေး ပြုံးလိုက်လေ၏။
"ကောင်းပြီလေ....မင်းကလည်း သိပ်ကို ယောက်ျားပီပီသသ ဖြစ်ချင်နေပုံပဲ.....
မင်း က ဆန္ဒရှိနေတော့လည်း ငါ က လုပ်ပေးရမှာပေါ့.....
ဒီနေရာမှာ ဖြစ်ခဲ့သမျှကို ငါဘယ်သူ့ကိုမှ မပြောပါဘူး"
ဘတ်ချုန်းအနေနှင့် ကြည့်လျှင်လည်း ဤသည်က လက်မခံနိုင်စရာမရှိပေ။ အကယ်၍ ချွန်းမြောင်ရှုံးခဲ့လျှင်
မည်သူ့ကိုမှ မပြောပါဟူသော ကတိကြောင့် ချွန်းမြောင်က အကြီးအကဲများကို ပြန်ပြောမည်မဟုတ်၍ သူသည်လည်း ပြဿနာတက်ရန် အကြောင်းမရှိတော့ပေ။ ပို၍ပင် အဆင်ပြေလေသေးသည်။
ချွန်းမြောင်ကပင် ဤကိစ္စအား လျှို့ဝှက်ထားချင်နေလျှင် သူသည်ကလည်း မလိုက်လျောနိုင်ရန် အကြောင်းမရှိပေ။ သို့သော် ချွန်းမြောင်က အထူးပင်တောင်းဆိုနေသည်မို့ စိတ်တော့ ထင့်နေလေသည်။
"ဒါဆို ကျွန်တော် ကျမ်းကျိမ်လိုက်ပြီနော်"
"မင်းက တကယ့်ကို ယောက်ျားပီသချင်တဲ့ ကောင်ပါလား"
"ကောင်းပြီ...ငါလည်း ကျိမ် ပါတယ်"
"ပြီးတော့ ဒီတိုက်ပွဲပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ကြားက အာဃာတတွေကိုလည်း ခြေလိုက်ရမယ်"
ဘတ်ချုန်းက သူ၏တောက်ပြောင်နေသော ဓါးကို ချွန်းမြောင်ဆီသို့ ချိန်ရွယ်ကာ ပြောလိုက်လေသည်။
"မင်းက တကယ့်ကို ရဲရင့်တဲ့အတွက် ငါ မင်းကို လေးစားပါတယ်...
ဒီပြိုင်ပွဲမှာ ငါက မင်းရဲ့ နည်းပြမဟုတ်တော့ဘူး....မင်းကလည်း ငါ့ရဲ့ ဂိုဏ်းတူညီလေး မဟုတ်တော့ဘူး...
ငါ က မင်းအပေါ်ရှိသမျှ ဒေါသတွေကို ပုံချပြီးတော့ တိုက်ခိုက်မှာဖြစ်သလို မင်းလည်းပဲ တိုက်နိုင်တယ်"
"တိုက်ခိုက်မယ်တဲ့လား"
ထိုအချိန်မှာပင် ချွန်းမြောင်ထံမှ ကြက်သီးထဖွယ် အသံကြီးကို ကြားလိုက်ရလေသည်။
ဘတ်ချုန်းအား ကြည့်နေသော ချွန်းမြောင်၏မျက်လုံးများတွင်လည်း ပျက်သုန်းမှု၏ အရိပ်အယောင်များကို မြင်နေရသကဲ့သို့ပင်။
ဘာလားဟ...
ထို့နောက်တွင်မူ ဘတ်ချုန်း သတိထားမိသွားလေသည်။
ချွန်းမြောင်၏ အပြုံးသည်က ယခင်ကနှင့် မတူတော့လေဘဲ ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးတစ်ကောင်၏ အပြုံးမျိုးကဲ့သို့ ဖြစ်နေလေသည်ပင်။
"တိုက်မယ်ဟုတ်လား......မင်းတော့ အခုသေပြီပဲ....
မျိုးမစစ်ကောင်"
မင်း တကယ်သေပြီ.......
(ဒီအပိုင်းမှာက ချွန်းမြောင်က နည်းပြနဲ့အငယ်တန်းတပည့် ဂုဏ်ပုဒ်ကို ခဏဘေးချိတ်လိုက်ပြီမို့
နာမ်စားကို ရိုရိုသေသေခေါ်တာမျိုးမရှိဘဲ မင်းနဲ့ငါပဲ သုံးထားပါတယ်နော်)