← Chapters

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အခန်း (၈၈-၉၀)

Vol. 6 Ch. 88-90

အပိုင်း (၈၈)

ဘာချီးစကားတွေပြောနေတာလဲ....ငါကမှ အသန်မာဆုံး...(၃)

ယွန်းဂျွန် ထူးဆန်းနေသော ပတ်ဝန်းကျင်ကြောင့် သတိထားကြည့်လိုက်လေသည်။

မည်သူမှ ရှိမနေကြပေ။ ထူးဆန်းလှပေသည်။

အမှန်တကယ်ပင် သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရခြင်းပေ။

မနေ့ကနှင့် မတူညီစွာပင် သူတို့အား တကူးတကညှင်းဆဲတတ်သော ဆရာတူအကိုကြီးများက ပျောက်နေလေသည်။

အဲ့တာက အမှန်ပဲလားဟ...

ယွန်းဂျွန် ချွန်းမြောင်၏ စကားကို မယုံကြည်၍ မဟုတ်ပေ။ ဂျိုဂုပြောသကဲ့သို့ပင် ချွန်းမြောင်သည် ပေါက်ကရစကားများကိုပြောတတ်သော်လည်း မလိမ်တတ်သည်ကိုတော့ သူသိလေသည်။

ပြဿနာသည်က ချွန်းမြောင်၏ 'ဖြေရှင်းပြီး ' ပြီဟူသော ဖြေရှင်းနည်းက မည်သို့ဖြေရှင်းထားသည်မှန်း မသိရသည်ပင်။ ယွန်းဂျွန်ကမူ ချွန်းမြောင်၏ ထိုဖြေရှင်းပြီးပြီဟူသောစကားက ပို၍အန္တာရယ် များသည်ဟု ထင်လေသည်။

သူက တကယ်ကို ပြဿနာတိုင်းကို ကောင်းကောင်းဖြေရှင်းနိုင်နေတော့တာပဲ...

ယွန်းဂျွန် ချွန်းမြောင်၏ ဖြေရှင်းနည်းကို သိချင်သော်လည်း ချွန်းမြောင်က ပြောပြလိမ့်မည်မဟုတ်သည်ကိုလည်း သိလေ၏။

"ဆရာတူအကိုကြီး...ကြည့်ရတာ ချွန်းမြောင်ပြောတာက မှန်နေပြီ ထင်တယ်...."

"..........."

ယွန်းဂျွန်ကလည်း ဂျိုဂု၏အပြောကို ခေါင်းငြိမ့်ကာထောက်ခံလိုက်လေသည်။

သို့သော် ဤပြဿနာက တကယ်ပင် ဤမျှလွယ်လွယ်နှင့်ပြီးဆုံးသွားမည်ဟု မထင်ထားခဲ့ပေ။

ငါတို့ကဖြင့် ပြဿနာတွေကြီးလာတော့မယ်ထင်လို့ အရံဖြေရှင်းနည်းတွေတောင် လုပ်ထားရတာကို ....

ကြည့်ရတာ ချွန်းမြောင်ရဲ့ နည်းလမ်းက တကယ်ကို အလုပ်ဖြစ်သွားတဲ့ပုံပဲ....

ငါတို့ ဟွာဆန်းမှာလည်း ဘာတွေများ ရှေ့ဆက်ပြီးတော့ ဖြစ်ဦးမှာလဲ ..မသိဘူး....

ယွန်းဂျွန်သည် သူ့ကိုယ်သူ အပေါက်ဆိုးဆိုးနှင့် တချိန်လုံး ပွစိပွစိပြောနေရသော လူတစ်ယောက်ဖြစ်လာမည်ဟု မည်သို့သောအခါကမှ မတွေးခဲ့ဖူးပေ။ ချွန်းမြောင်ရောက်လာမှသာ ထိုသို့သောသူအဖြစ် ပြောင်းလဲသွားရသည်ဖြစ်ပြီး ပွစိပွစိပြောသောသူဖြစ်ရသည်ကလည်း သိပ်အဆိုးကြီး မဟုတ်လှသည်ကို နားလည်သွားလေသည်။

"အကိုကြီး ဘာတွေတွေးနေတာလဲ"

"ငါ ဟွာဆန်းမှာ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ တွေးကြည့်နေတာ ...အဲ့တာတွေးရင်းနဲ့ ငါ့ကိုယ့်ငါ အဖိုးကြီးတစ်ယောက်များ ဖြစ်နေပြီလားလို့လည်း တွေးမိတယ်...ငါ့မှာ စိုးရိမ်ပူပန်ရတာတွေက တအားကိုများနေလို့လေ"

"........."

ယွန်းဂျွန်၏ အပြောကြောင့် ဂျိုဂုက ထုတ်မပြောသော်လည်း ကြိတ်ကာရယ်လိုက်လေသည်။

နောက်ဆုံးတော့ သူ့ကိုယ်သူ သိသွားပြီပဲ

ယွန်းဂျွန်ကမူ သူ့အား ကြိတ်ရယ်နေသော မျက်လုံးကြီးများနှင့်ကြည့်နေသည့် ဂျိုဂုကို တွေ့သည့်အခါတွင်မူ သက်ပြင်းချလိုက်လေ၏။

တတိယတန်းတပည့်များကမူ ယွန်းဂျွန်နှင့် ဂျိုဂုတို့ စကားပြောနေကြသည်ကို ဘေးမှနေကာ တိတ်တဆိတ်ကြည့်ရင်း အနားသို့တိုးကပ်လာကြလေသည်။

"ဒီနေ့ အဆောင်က နည်းနည်းလေးထူးဆန်းနေသလားလို့ ဆရာတူအကိုကြီး...."

"ငါရောပဲ"

"သူတို့က ဘာလို့ ဒီလိုလုပ်နေကြတာလဲ.....

ပိုဆိုးတာ တစ်ခုခုများ လုပ်ဖို့ကြံစည်နေကြတာလားဆိုပြီး ကျွန်တော်စိုးရိမ်လို့ပါ"

"ဟုတ်တယ်"

ယွန်းဂျွန် ပူပန်နေသောကလေးများ၏ စကားကြောင့် ကောင်းကင်ကို ကြည့်ကာတွေးလိုက်လေ၏။

ကလေးတွေကလည်း ခုထိ အခြေအနေကို အသားမကျကြသေးဘူး...ကြောက်နေကြတုန်းပဲ.....

ယွန်းဂျွန် ထိုကလေးများကို သူတို့၏ အကိုကြီးဘတ်ချုန်းက ချွန်းမြောင်ထံတွင် အရိုက်ခံခဲ့ရသည့်ကိစ္စကို မည်သို့ပြောပြရမှန်းပင် မသိချေ။

ဟွာဆန်းသည်လည်း ချွန်းမြောင် မရောက်ခင်ကနှင့် လုံးလုံးပင် မတူတော့ချေ။ တတိယတန်းတပည့်များအားလုံးကလည်း ချွန်းမြောင်၏လွှမ်းမိုးမှုကို ခံရကာ ထူးဆန်းသောလေ့ကျင့်ခန်းများကို လုပ်နေကြရလေသည်။ ဤသို့သာ ရှေ့ဆက်သွားပါက သူတို့ဟွာဆန်းတွင် ချွန်းမြောင်ကဲ့သို့သော လူမျိုးများချည်းပင် ဖြစ်သွားမည်ကို စိုးရိမ်ရလေသည်။ ယွန်းဂျွန် အတွေးနှင့်ပင် တုန်လှုပ်သွားရလေပြီး ရှေ့ဆက်ကာ မတွေးရဲတော့ပေ။

"တရားလွန်ကြီးကို ငြိမ်နေကြလို့ ကျွန်တော်ပိုပြီး စိုးရိမ်နေရတာ ...အကိုကြီး ကျွန်တော်တို့ သူတို့ဘာကြံနေလဲသိရအောင် သွားချောင်းကြည့်ကြမလား"

"ကျွန်တော်ကတော့ သူတို့တွေ အသိတရားရသွားလို့ ပြင်သွားကြတယ်လို့တော့ မထင်ဘူး...

သူတို့ကို တစ်ခုခုက ပညာပေးလိုက်လို့ ငြိမ်နေကြတာလို့ပဲ မြင်တယ်....

ဟုတ်တယ်မို့လား..ဆရာတူအကိုကြီး"

အိုး ...ဘုရား...

ကလေးတွေက ဒါတွေပါ ခန့်မှန်းနိုင်နေကြပြီလား....

"ကဲ..တော်ပြီ...လေမပေါကြနဲ့တော့.....

လေ့ကျင့်ရေးသွားဖို့ အသင့်ပြင်ကြတော့"

"ဟုတ်ကဲ့"

အကိုကြီးကလည်း ဒီနေ့ကျမှ စိတ်မရှည်ဖြစ်နေလိုက်တာ..

ဘယ်သူ သူ့ကို ဘာလုပ်ထားတာလဲ....

ယွန်းဂျွန် သူ၏လေသံမာမာကို မေးခွန်းထုတ်သောမျက်လုံးများနှင့် ကြည့်နေကြသော ကလေးတသိုက်ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

တစ်ရက်နှင့်တစ်ရက် ဟွာဆန်းက ပြောင်းလဲလာသလိုပင်။ ကောင်းသောပြောင်းလဲခြင်းများနှင့် ပြောင်းလဲလာသည်ဖြစ်သော်လည်း ယွန်းဂျွန်ကမူ ထိုပြောင်းလဲလာသော ဟွာဆန်းနှင့် ရင်းနှီးမနေပေ။ ရိုးရိုးသားသား ပြောရလျှင်မူ ချွန်းမြောင် ဖန်တီးပြောင်းလဲလိုက်သော ဟွာဆန်းကို သူမမြင်ရဲသေးပေ။

"ဆရာတူအကိုကြီး.. ဒါဆို ...ချွန်းမြောင်က အကိုကြီး ဘတ်ချုန်းကို တကယ်ကြီး ရိုက်ခဲ့တာပေါ့.....

အဲ့လိုလား"

ဂျိုဂုက အခြားတပည့်များ မကြားစေရန်အတွက် တိုးတိုးလေးမေးလာလေသည်။

"မင်းက ဒါပဲမေးနေတော့မှာလား...သူက မင်းကို ဒီလိုကိစ္စနဲ့ပတ်သက်ပြီး လိမ်နေမယ်လို့ ထင်နေလို့လား...

အဲ့လိုတာ မဟုတ်ရင် ဒီနေ့လည်း ငါတို့ကို သူတို့တွေ လာပြီးအနိုင်ကျင့်နေကြဦးမှာပဲကို"

"မဖြစ်နိုင်တာကြီးကွာ...ဒါကြီးက "

"ကျွန်တော် ယုံတောင် မယုံနိုင်ဘူး.....ချွန်းမြောင်က ဘယ်လောက်ပဲသန်မာပြီး အင်အားကြီးတယ်ပြောပြော အကိုကြီး ဘတ်ချုန်းကို ယှဉ်နိုင်တယ်ဆိုတာကျ မယုံချင်စရာကြီး .....လေ့ကျင့်ခဲ့ရတဲ့အချိန်ကလည်း အကွာကြီးကို"

ယွန်းဂျွန်သည်လည်း ဤသည်ကို နားမလည်နိုင်သကဲ့သို့ ယုံလည်း မယုံနိုင်ပေ။ သို့သော် ဖြစ်ပြီးခဲ့ပြီပင်။

ဒါကြီးက အဓိပ္ပါယ်ရော ရှိလို့လား...

အမှန်ပင် အဓိပ္ပါယ် မရှိပေ။ သို့သော် ချွန်းမြောင်က အမြဲပင် အဓိပ္ပါယ်မရှိသောအလုပ်များကို လုပ်နေကြဖြစ်၍ အဆန်းတော့ မဟုတ်ပေ။

"ဒါဆို ချွန်းမြောင်က အကိုကြီးဘတ်ချုန်းထက် ပိုပြီး အင်အားကြီးတယ်ဆိုတဲ့ သဘောပေါ့

ဟုတ်တယ်မို့လား"

"မင်း ဘယ်လိုတောင်မှ ဒီလောက် ထိရှမခံတဲ့ကိစ္စကို လာပြောနေရတာလဲ"

"ဒါဆို တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ယှဉ်ရင်ရော....."

ယွန်းဂျွန် တိတ်ဆိတ်သွားလေသည်။

အဲ့ကောင်တွေကို ချွန်းမြောင် ယှဉ်နိုင်လို့လား...

ဤသည်က ယွန်းဂျွန် တကြိမ်တခါလေမျှ မတွေးဖူးသော ကိစ္စဖြစ်လေသည်။

"ချွန်းမြောင် ဘတ်ချုန်း အကိုကြီးကိုတောင် ယှဉ်နိုင်တာ တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေကိုလည်း ယှဉ်နိုင်လောက်တယ်လို့ မထင်ဘူးလား"

"အင်း..."

ယွန်းဂျွန်ကမူ ဂျိုဂု၏မေးခွန်းကို စဉ်းစားနေဆဲပင်။

"ပြီးတော့ ဒီညီလာခံမှာသာ ...."

"ဂု.."

"ဟုတ်ကဲ့..အကိုကြီး"

"ချွန်းမြောင်သာ ညီလာခံမှာ နိုင်ခဲ့ရင် အပြောင်းအလဲတစ်ခုခုဖြစ်လာမယ်လို့ ထင်လား"

"ပြောင်းသွားမှာပဲ မဟုတ်ဘူးလား"

ယွန်းဂျွန် ခေါင်းခါပြလိုက်လေသည်။

"ထူးချွန်တဲ့သိုင်းပညာရှင်တွေ ပေါ်ပေါက်လာတဲ့ အချိန်က ဂိုဏ်းတွေ နာမည်ကြီးတဲ့အချိန်ပေါ့...

ဒါပေမယ့် ထူးချွန်တဲ့ သိုင်းပညာရှင်တစ်ယောက်လောက်နဲ့ ဘယ်လိုလုပ် ဂိုဏ်းရဲ့ ဂုဏ်ကို ထာဝရမြင့်တင်ထားလို့ ရမှာလဲ....ပြီးတော့ အဲ့သိုင်းပညာရှင် မရှိတော့တာနဲ့ ဂိုဏ်းက တဖန်ပြန်ပြီး သေဆုံးသွားရမှာပဲ.."

"......."

" ဟွာဆန်းကို ငါတို့ တကယ်ပဲ ဂုဏ်မြင့်စေချင်တယ်ဆိုရင် ငါတို့ ချွန်းမြောင်အပေါ်မှာပဲ မှီခိုနေလို့ မရဘူး...

ချွန်းမြောင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဂိုဏ်းရဲ့ဂုဏ်ကို မြင့်နေအောင် ငါတို့အားလုံးက ကြိုးစားထားကြရမှာ"

"ဟုတ်ကဲ့ပါ"

"ဒါပေမယ့် မင်းပြောသလိုပါပဲ....ငါလည်း ညီလာခံအတွက်တော့ စိုးရိမ်နေတယ်....

ဒီတကြိမ်တော့ တစ်ခုခု ထူးထူးခြားခြား ဖြစ်လာဖို့ မျှော်လင့်ရမှာပဲ"

"အကိုကြီး ဘာကို ပြောချင်တာလဲ"

"ချွန်းမြောင် ကိုပေါ့"

"သူက တကယ်ပဲ ဟွာဆန်းရဲ့ ဂုဏ်ကို မြှင့်တင်ပေးမယ့် သူရဲကောင်းလား...ဟွာဆန်းလို နေရာသေးသေးလေးမှာပဲ ကျယ်နေတဲ့ ကောင်လားဆိုတာ ငါတို့ ကြည့်ကြရတော့မှာပေါ့"

ယွန်းဂျွန်၏ စကားဆုံးသည်နှင့် ယွန်းဂျွန်နှင့် ဂျိုဂုတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြလေသည်။

"အား..တကယ်ကြီးလေ...လုပ်ပြန်ပြီ....

ထွက်သွားပါဆို"

ရုတ်တရက် ထွက်လာသောဆူဆူညံညံအသံများကြောင့် ယွန်းဂျွန်တို့ နှစ်ဦးသား နောက်လှည့်ကြည့်လိုက်ကြလေသည်။

ချွန်းမြောင်က အောက်ထပ်သို့ ဆင်းလာရင်း အော်နေခြင်းပင်.။

"......."

"အဲ့တာ အမကြီး ယုရီဆိုး မဟုတ်ဘူးလား"

ယုရီဆိုးက စိတ်ပိုင်းဖြတ်ထားသော မျက်နှာနှင့် ချွန်းမြောင်၏ နောက်သို့ လိုက်နေလေသည်။

"ငါ့ကို သင်ပေးလို့"

"ပြောပြီးပြီလေ....ကျွန်တော့်မှာ ဘာမှသင်ပေးစရာ မရှိပါဘူးဆို....

မလာနဲ့လို့လည်း ပြောထားတယ်လေ.....ဘာလို့ ကြောက်စရာကောင်းအောင် မျှော့ လို တွယ်ကပ်နေတာလဲ"

"ယွဲ့ အပျိုစင် ဓါးသိုင်း"

"အန်းဂွန်အကြီးအကဲဆီ သွားပြီး သူ့ကိုသင်ခိုင်းလေ......အမကြီးပြောရင် သူသင်ပေးမှာပဲကို"

"အန်းဂျွန်နည်းပြက ယောက်ျားလေးလေ...

ယွဲ့ အပျိုစင်ဓါးသိုင်းက မိန်းကလေးတွေ အတွက် သိုင်းပညာ....

အန်းဂွန်နည်းပြ ကျွမ်းကျင်တဲ့အပိုင်းမျိုး မဟုတ်ဘူး"

"ကျွန်တော်ကရော မိန်းကလေးမို့လို့လား...

ပြောစမ်းပါ...ကျွန်တော်ကရော မိန်းကလေးလားလို့"

"ငါ့ကိုသင်ပေးလို့"

"အား.......အသိစိတ်ကပ်အောင် ဘယ်လိုလုပ်ပေးမှ ရမှာလဲလို့"

ချွန်းမြောင်နှင့် ယုရီဆိုးတို့က ယွန်းဂျွန်တို့ ရှေ့မှ ဖြတ်သွားလေသည်။ကျန်နေခဲ့ကြသည့် ယွန်းဂျွန်တို့ကမူ အံဩမှုများနှင့် ပါးစပ်အဟောင်းသား ငေးကြည့်နေခဲ့ကြရလေသည်။

သူတို့က ဘယ်တုန်းက ရင်းနှီးသွားကြတာလဲ..

အမကြီး ယု က စကားများများ ပြောတတ်တယ်ပေါ့...

ဂိုဏ်းမှာနေတဲ့တလျောက်လုံး စကားအများကြီးပြောတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...

အမကြီးက စကားပြောနေတာကို ဒီကောင်က ဒီလိုပုံစံနဲ့ ပြန်ပြောနေတယ်.....

တော်တော် မာနကြီးနေတယ်ပေါ့လေ..ဒင်းက

"အကိုကြီး စောနက ဘာပြောလိုက်တာ...

သူက သူရဲကောင်းလား...လေကျယ်ကောင်လား....ဟုတ်လား..."

"ဂု"

"ဟုတ်ကဲ့...အကိုကြီး"

"သွားလေ့ကျင့်ကြရအောင်"

"ဟုတ်ကဲ့ ...အကိုကြီး"

ဘတ်ဆန်း၏ မျက်နှာက အလိုမကျမှုကြောင့် ရှုံမဲ့မှုန်ကုတ်နေလေသည်။

"အကိုကြီး ...ဒီကိစ္စကို တကယ်ပဲ ဒီတိုင်းပဲ လွတ်ထားလိုက်တော့မှာလား"

ဘတ်ဆန်း၏ မကျေမနပ်မေးသံကြောင့် ဘတ်ချုန်း ပြုံးလိုက်လေသည်။

"ဘာလို့ မင်းက ဒီလောက် ဒေါသထွက်နေရတာတုန်း"

"သူတို့တွေက တအားကို ထောင်လွှားနေကြတာလေ...အထူးသဖြင့် ဟိုကလေး..ချွန်းမြောင်ပဲ....

လေးစားသမှုဆိုတာကို ဘာမှန်းသိပုံတောင်မရဘူး....

အဲ့တာ သူတို့ကို အခုထိ ကောင်းကောင်းအပြစ်မပေးရသေးလို့လေ....."

အပြစ်ပေးမယ်...ဟုတ်လား...

မင်းကိုလား...သူ့ကိုလား....

"မင်းလိုပါပဲ"

"ဟမ်"

"ဘာမှ မဟုတ်ဘူး"

ဘတ်ချုန်း ပြုံးရန်ကြိုးစားလိုက်လေ၏။ အရိုက်ခံရ၍ မသေသွားသော်လည်း သေလုနီးပါတော့ နာကြင်နေလေသည်။ ချီးကျူးဖွယ်ကောင်းသည်က သေလောက်အောင် နာကြင်နေသည်ကိုပင် ကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိမနေပေ။ ဤသည်ကလည်း တမျိုးကောင်းလေသည်။ မဟုတ်လျှင် ထိုဒဏ်ရာဒဏ်ချက်များကို မည်သို့ရှင်းပြရမည် သိမည်မဟုတ်ပေ။ ဂိုဏ်း၏အငယ်ဆုံးဂိုဏ်းသားထံတွင် ဒုတိယတန်းတပည့်များ၏ အကြီးဆုံးတပည့်ကို ကောင်းကောင်းကြီး ရိုက်ခံလာရသည်ဆိုသော သတင်းသာ ထွက်လာပါက သူရှက်၍ပင် သေရပေလိမ့်မည်။ ဒဏ်ရာများ မထင်သည်ကိုပင် ကျေးဇူးတင်ရလေမည်။

"ဒါနဲ့ အကိုကြီးက ဘာလို့ ရုတ်တရက်ကြီး တတိယတန်းကလေးတွေကို မထိတော့ဖို့ ပြောတာလဲ..."

"ဘတ်ဆန်း"

"ဟုတ်ကဲ့...ဆရာတူအကိုကြီး ....

ကျွန်တော် နားမလည်နိုင်လို့ အကြောင်းပြချက်ကို မေးကြည့်ရုံတင်ပါ"

အကြောင်းပြချက်ကတော့ ဘဝလေး ငြိမ်းချမ်းသာယာစွာ နေလို့ရဖို့ပေါ့ကွာ...

သို့သော် ဘတ်ချုန်း ထိုအကြောင်းပြချက်ကိုတော့ နှုတ်မှ ထုတ်မပြောခဲ့ပေ။ သူ၏လေးစားဖွယ်ပုံရိပ်ကို ထိန်းထားရန်က လိုလေသေးသည်မို့ နှုတ်ဆိတ်ကာသာ နေလိုက်လေ၏။

"ညီလာခံက နီးလာပြီမို့လား"

"ဟုတ်ပါတယ်"

"ငါ အရင်က အဆင်ခြင်မဲ့ခဲ့တယ်....

တတိယတန်းကလေးတွေကို စည်းကမ်းပြင်ဆင်ပေးတယ်ဆိုတာက အချိန်မရွေးလုပ်လို့ရတဲ့ အလုပ်ပဲ...

ဒါပေမယ့် ညီလာခံဆိုတာက ကျင်းပတဲ့နှစ်မှပဲကြုံရတာမျိုး"

ဘတ်ဆန်းက စကားကိုထောက်ခံသည့်အနေနှင့် ခေါင်းငြိမ့်လိုက်လေ၏။

"တတိယတန်းကလေးတွေကိုက ဂိုဏ်းတွင်းတာဝန်....

ညီလာခံမှာ ဟွာဆန်းရဲ့ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်တယ်ဆိုတာကကျ ဂိုဏ်းပြင်ပက တာဝန်....

ဂိုဏ်းတွင်းတာဝန်ကလည်း အရေးကြီးသလို ဂိုဏ်းပြင်ပကလည်း တာဝန်ကလည်း မေ့ထားလို့မရဘူး...

ပြီးတော့ ညီလာခံမှာ ရလဒ်ကောင်းကောင်းရဖို့ ငါတို့အားလုံးလည်း မျှော်လင့်ထားကြတာပဲ မဟုတ်ဘူးလား...

အခုက မျှော်လင့်ချက်ကို အကောင်အထည်ဖော်ရမယ့်အချိန်ကို ရောက်နေပြီ"

"ဟုတ်ကဲ့"

"အခုဆို ငါတို့ရဲ့ ရန်သူက တတိယတန်းတပည့်တွေ မဟုတ်တော့ဘူး...

တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေဖြစ်သွားပြီ....

ငါတို့ မနှစ်က တနှစ်လုံး တံခါးပိတ်လေ့ကျင့်ရေးဆင်းခဲ့ရတဲ့ အဓိကရည်ရွယ်ချက်ကို မမေ့သင့်ဘူးလို့ ထင်တယ်"

ဘတ်ဆန်းက သက်ပြင်းလေးကြီးကို ချလိုက်ပြီး အရိုအသေပေးလိုက်လေ၏။

"ဆရာတူအကိုကြီးပြောတာ မှန်ပါတယ်....ကျွန်တော် လမ်းလွဲကိုလိုက်ပြီး မလိုအပ်တာကို ဦးစားပေးမိသွားတယ်"

"ကျွန်တော် စိတ်လွတ်သွားမိလို့ပါ"

အမှန်ပင် ဘတ်ဆန်းက စိတ်လွတ်သွားသည်ပင် ။ ဘတ်ချုန်းက ရုတ်တရက်ကြီး ခွင့်လွတ်လိုက်သည့်အတွက်ကြောင့် မယုံကြည်နိုင်ဖြစ်နေပြီး စိတ်ထဲမှလည်း ငြင်းဆန်ပြောဆိုနေလေသည်။

အကိုကြီးပဲ အရင်စပြီး ကလေးတွေကို အနိုင်ကျင့်ဖို့ ပြောခဲ့တာ မဟုတ်ဘူးလား..

အခုမှ ဘာလို့ လာပြီး လူကောင်းလို လုပ်နေရတာတုန်း....

ဘတ်ဆန်းက မေးခွန်းတစ်ခုမျှမေးချင်နေသေးသော်လည်း ဘတ်ချုန်းက ဖြေမည်မဟုတ်သည်ကို သိ၍ မမေးတော့ပေ။

"ငါ့ကို နားလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်.....

အခုချိန်ကစပြီး တတိယတန်းကလေးတွေကို စိတ်မပူနဲ့တော့...

ငါတို့ရဲ့ ပထမဦးစားပေးက ညီလာခံမှာ ရလဒ်ကောင်းဖို့ပဲ....ငါတို့ရဲ့ တံခါးပိတ်လေ့ကျင့်မှုက ရခဲ့တဲ့လေ့ကျင့်ရေးတွေကို ပြန်ပြီးလေ့ကျင့်ထားကြဖို့ ပြောလိုက်ပါဦး"

"ဟုတ်ကဲ့ပါ ...ဆရာတူအကိုကြီး"

ဘတ်ဆန်းက ကျယ်လောင်စွာပင် အော်ကာထောက်ခံလေ၏။

ဘတ်ချုန်းကမူ ခေါင်းကိုငြိမ့်ကာသာ ပြလိုက်ရလေ၏။

ညီလာခံပြီးသွားရင်လည်း တတိယတန်းကလေးတွေကို မထိဖို့ ငါ အကြံတစ်မျိုး ထုတ်ရဦးမှာပါလား....

ဘတ်ချူန်း အနာဂတ်ကို တွေးမိသည်နှင့် သက်ပြင်းလေးကြီးကို ချကာ တဖက်သို့ လှည့်ကာကြည့်လိုက်လေသည်နှင့် ခပ်ဝေးဝေးတစ်နေရာမှ ဖြတ်သွားသော ချွန်းမြောင်ကို မြင်လိုက်လေ၏။

ဘတ်ချုန်း ထိုကလေးကို ကြည့်လိုက်လေပြီး ချွန်းမြောင်အား ထိပ်တိုက်တွေ့ရသည်နှင့် အံဩသွားရမည့် တောင်ဘက်အစွန်အဖျားဂိုဏ်းကို သတိရသွားလေသည်။

မင်းတို့ တောင်ဘက်ခွေးတွေ သေပြီပေါ့ကွာ...မဟုတ်သေးဘူး..

သေတာထက်တောင် ဆိုးအောင် အရိုက်ခံကြရဦးမှာ...

အဲ့ဒီသောက်ကလေးကလည်း ဘာကိစ္စအဲ့လောက် တော်ရတာတုန်း....

ငါလည်း ငါလုပ်သင့်တာကို ဆက်ပြီး လုပ်ရဦးမှာပဲ......

ချွန်းမြောင်၏ အရိုက်ကိုခံလိုက်ရလေပြီးမှ သူ၏ဘဝက အချိုးအကွေ့များ ရှိလာသကဲ့သို့ပင် ဘတ်ချုန်းခံစားလိုက်ရလေသည်။ မည်သို့ပင်ဆိုစေကာမူ ကြိုးစားရမည်ကတော့ အမှန်ပင် ဖြစ်လေသည်။

ညီလာခံတွင် သူ၏တန်ဖိုးကို သူသက်သေပြရပေမည်။

ဘတ်ချုန်း နောက်သို့ ပြန်လှည့်ကာ ကြည့်လိုက်လေ၏။

"သူက ဘာလို့ ဆရာတူညီမလေးယုနဲ့ တချိန်လုံးအတူတူမြင်နေရတာလဲ"

သူ ထိုအရာကို တကယ်ပင်မကြိုက်ချေ။

ဘတ်ချုန်း ချွန်းမြောင်တို့အား ကြည့်ကာ မသက်မသာဖြစ်သော စိတ်ခံစားချက်နှင့် မျက်နှာလွဲကာ လေ့ကျင့်ရေးကိုသာ အာရုံစိုက်ထားရန်သာ တွေးလိုက်လေတော့၏။

တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ဟွာဆန်းတို့၏ ညီလာခံက အလွန်ပင် နီးကပ်လာပြီ ဖြစ်လေသည်။

အပိုင်း (၈၉)

ဘာချီးစကားတွေပြောနေတာလဲ....ငါကမှ အသန်မာဆုံး..(၄)

"ဂိုဏ်းချုပ်"

ဟွမ်းဂျွန်က ပြန်ဖြေခြင်းမရှိဘဲ လက်ဖက်ရည်အိုးကိုသာ ဆက်ငှဲ့နေလေသည်။ လက်ဖက်ခြောက်နံ့သင်းသင်းက အခန်းတစ်ခန်းလုံးပင် ပြန့်နှံ့နေလေ၏။

ဤသည်က ဟွမ်းဂျွန် ဒေါသထွက်နေသည့်အချိန်တိုင်း ပြုလုပ်လေ့ရှိသည့် အလေ့အကျင့်တစ်ခုလည်း ဖြစ်လေသည်။ လက်ဖက်ရည်အား တည်ငြိမ်စွာငှဲ့ရင်း စိတ်နှင့်ခန္ဓာ ကို ငြိမ်သက်သွားအောင် လျော့ချနေခြင်းလည်း ဖြစ်၏။

"သူတို့‌တွေ ဒီနေ့ရောက်ကြမှာပါ...ဂိုဏ်းချုပ်"

"ပြင်ဆင်တာတွေက ပြီးပြီလား"

"ဟုတ်ကဲ့..ပြီးပါပြီ.... တောင်ဘက်အစွန်အဖျားဂိုဏ်းကို ကြိုဆိုတဲ့နေရာမှာ အမှားအယွင်းမရှိရအောင် စီစဉ်ထားပါတယ်"

"အဆင်ပြေသလိုသာ လုပ်ပါ"

ဟွမ်းဂျွန်က ပြောပြီးသည်နှင့် သက်ပြင်းချလိုက်လေသည်။

အနည်းဆုံးတော့ ဒီတကြိမ်မှာ ငါအရှက်မရလောက်တော့ပါဘူး...

ပြီးခဲ့သော ညီလာခံတွင် သိုင်းပညာကွာဟမှုကြီးက လူ ဟားတိုက်စရာ ဖြစ်ခဲ့လေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ထီမထင်ဆက်ဆံမှုကို ခံခဲ့ရလေသည်။

စုတ်ပြတ်နေသော အဆောက်အဦးများ၊ နုံချာသော အစားအသောက်များ၊ ပျက်စီးနေသော လေ့ကျင့်ခန်းမတို့ကြောင့် ဟွာဆန်းက ပြင်းပြင်းထန်ထန်ပင် အလှောင်ခံခဲ့ရပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အနိုင်ကျင့်လှောင်ပြောင်မှုကို ခါးစည်းခံခဲ့ရလေသည်။ ဂိုဏ်းချုပ်ဖြစ်သည့် သူ့ကိုပင် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဂိုဏ်းသားများက ပမာမခန့်ဆက်ဆံခဲ့လေပြီး ဟွာဆန်း၏ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ထိုသို့အရိုအသေမဲ့မှုမျိုးကို တုန့်ပြန်နိုင်သော အခြေအနေလည်း မရှိခဲ့ပေ။ ဖြစ်သမျှကို ခါးစည်းခံကာ အံကိုကြိတ် ဒေါသကိုထိန်းကာသာ နေခဲ့ရလေသည်။

"ကျွန်တော် တွေးကြည့်လေလေ ချွန်းမြောင်ကို ကျေးဇူးတင်လေလေပဲ"

ယုအန်းက ပြုံးကာပြောလိုက်လေသည်။

ဟွာဆန်း ဂိုဏ်း ထိုမျှ ပမာမခန့်အလှောင်ခံနေရသည်က ဂိုဏ်းပြိုလဲနေခြင်းကြောင့်သာမကပဲ ချွတ်ချုံကျကာ ဆင်းရဲနေခြင်းကြောင့်လည်း ပါလေသည်။ ထိုဆင်းရဲခြင်းကို ဖြစ်စေသော ငွေကြေးပြဿနာများကို ချွန်းမြောင် က အလုံးစုံဖြေရှင်းပေးခဲ့သည်ဖြစ်၍ ဂိုဏ်းချုပ် ချွန်းမြောင်အား အရေးပေးသည်က မဆန်းပေ။

"သောက်ပါဦး"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

ယုအန်းက တစ်ငုံမျှ ငုံလိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်လေသည်။

"အရသာ ဘယ်လိုနေလဲ"

"အရသာက ပိုပြီးတော့ ပြင်းလာသလိုပဲ....အခြောက်လှမ်းထားတဲ့ အချိန်ကြာလို့လားပဲ.....

အရသာကတော့ပိုပြီးတော့ ရှိလာတယ်"

"ဟုတ်တယ်"

ဟွမ်းဂျွန်က ယုအန်း၏ အကဲဖြတ်မှုကို ကျေနပ်စွာနှင့် ခေါင်းငြိမ့်လိုက်လေသည်။

"ကောင်းကောင်း အခြောက်ခံထားတဲ့ ဇီးပန်းပွင့်တွေက ပိုမွှေးတယ်.........ဒါက ငါ ဟွာဆန်းမှာ ဆယ်စုနှစ်တွေကျော်အောင် အခြောက်ခံထားတဲ့ ဇီးပန်းပွင့်တွေပဲ"

ဟွမ်းဂျွန်က လက်ဖက်ရည်ခွက်ကိုကြည့်ကာ ပြောလိုက်လေ၏။

"ဟွာဆန်းကလည်း ဒီလိုပဲ...ငါတို့ ကြံကြံခိုင်နိုင်ရမယ်....အတိတ်တုန်းက ဂုဏ်ရောင်တောက်ခဲ့တဲ့ ဟွာဆန်းရဲ့ နေ့ရက်တွေကို ပြန်ဖန်တီးနိုင်ရမယ်..... ဒါပေမယ့် လက်တွေ့မှာတော့ တစ်ရက်ချင်းစီမှာတောင် ဂိုဏ်းက ပြိုလဲမသွားအောင် ငါတို့ ရုန်းကန်နေရတယ်"

"ဂိုဏ်းချုပ်"

ယုအန်း၏ စိုးရိမ်တကြီးခေါ်သံကြောင့် ဟွမ်းဂျွန် ပြုံးလိုက်လေသည်။

"ဒါပေမယ့်လည်း ငါတို့ ဒါတွေကို ဖြတ်ကျော်သွားနိုင်မှာပါ...

တရက်ရက်ကျရင်တော့ ငါတို့တွေ့ရဲ့ နေ့ရက်တွေက ပြန်ရောက်လာတော့မှာ...

တခါတလေကျတော့လည်း အောင်မြင်မယ့်ရက်ကိုပဲ စောင့်မနေဘဲ လှုပ်ရှားပေးနေရမှာပေါ့...

ငြိမ်သက်နေတာထက်စာရင် အရွေ့တစ်ခုရှိနေတာက ပိုပြီးတော့ ကောင်းတယ်လေ"

ဤသို့ စိတ်အားတက်ကြွစေသော စကားများကို ပြောရသည်က ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ကြည့်ရသည် ဂိုဏ်းချုပ်ဖြစ်လာသည့်သက်တမ်းတစ်လျောက် ထိုသို့ စိတ်အားတက်စေသော စကားများပြောခွင့်မရခဲ့၍ ဖြစ်ဟန်တူလေသည်။

ဟွမ်းဂျွန်၏စကားများကြောင့် ယုအန်းက ဟွမ်းဂျွန်အား စိတ်တက်ကြွသော မျက်နှာပေးနှင့်ကြည့်လိုက်လေသည်။

ဂိုဏ်းချုပ်တစ်ယောက်ထဲပဲ တိုးတက်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး....ကျွန်တော်တို့လည်း နောက်မှာရှိနေပါတယ်........

ဟွမ်းဂျွန်သည် အနေအေးကာ တာအိုကျင့်စဉ်ကို အမှန်တကယ့်ပင် ကျင့်ကြံသောလူတစ်ယောက်ဖြစ်လေသောကြောင့် ဂိုဏ်းတိုးတက်ရေးတွင်လည်း စိတ်အားထက်သန်မှုနည်းပါးသူဟု ထင်ကြသူများလည်း ရှိပေသည်။ သို့သော် ဤလူအိုကြီး၏ ဟွာဆန်းအပေါ်ထားသည့် အမှန်တကယ် စိတ်ထားကို မည်သူမှ သိကြပုံမပေါ်ပေ။

ဘယ်လိုလုပ်ပြီးတော့များ သူတို့တွေ မသိကြတာပါလိမ့်......

"ဂိုဏ်းချုပ်က ဟွာဆန်းရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်ယူဆောင်ပေးနိုင်မှာပါ"

"ငါလည်း အဲ့လိုဖြစ်ချင်ပေမယ့် ဖြစ်မလာမှာကို စိုးရိမ်မိတယ်....ဂိုဏ်းသားတွေရဲ့ ကြိုးစားအားထုတ်မှုကိုပဲ ယုံကြည်ထားကြရတော့မှာပေါ့......"

"ဂိုဏ်းသားတွေရဲ့ အောင်မြင်မှုကလည်း ဂိုဏ်းချုပ်ရဲ့ အောင်မြင်မှုပါပဲ...."

"ယုအန်း"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"ငါကလည်း ကိုယ်ပိုင်အားနည်းချက်တွေအများကြီးနဲ့ လူတစ်ယောက်ပါ...

တကယ်လို့ ဟွာဆန်းသာ ပြိုလဲမသွားခဲ့ရင် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာစရာအကြောင်းလည်း မရှိဘူး...

ပြီးတော့ ငါ့ရဲ့ဆရာတူအကိုကြီးသာ ဟွာဆန်းကနေ ထွက်မသွားခဲ့ရင် ငါက ပန်းချီတွေဆွဲရင်း ငါ့ဘဝကြီးကို ကုန်ဆုံးနေမှာ...ဒီလိုဂိုဏ်းချုပ်တစ်ယောက် ဖြစ်လာခဲ့မှာ မဟုတ်ဘူး"

ဟွမ်းဂျွန်၏ စကားကြောင့် ယုအန်းက ဒေါသထွက်သောအသံနှင့် ပြောလာခဲ့လေသည်။

"ဟွာဆန်းကနေ ထွက်သွားတယ်ဆိုကတည်းက သူက ဂိုဏ်းချုပ်ဖြစ်ဖို့ မထိုက်တန်တဲ့သူဆိုတာ ပြသနေတာပဲလေ...

ဂိုဏ်းချုပ်ကသာ ဟွာဆန်းမှာ ဂိုဏ်းချုပ်ဖြစ်လာဖို့ အထိုက်တန်ဆုံးသော လူတစ်ယောက်ပါ....

ကျန်တာတွေ စိတ်ထဲမထားပါနဲ့"

ဟွမ်းဂျွန်က ယုအန်း၏ အားပေးစကားကို ပြုံးရုံသာ ပြုံးပြလိုက်လေသည်။

ဝမ်းနည်းစရာကိစ္စများကို သူထပ်မပြောချင်တော့ပေ။ သို့ဖြစ်၍ စကားလမ်းကြောင်းကို ပြောင်းလဲလိုက်လေသည်။

"ဒါနဲ့...ဒုတိယတန်းတပည့်တွေ လေ့ကျင့်နေတာက ဘယ်လိုအခြေအနေရှိတယ်လို့ မင်းထင်လဲ"

"သူတို့ ရဲ့ လေ့ကျင့်ရေးတွေကတော့ လုံးဝပြီးသွားပါပြီ...သူတို့ရဲ့ စိတ်နဲ့ ခန္ဓာမှာ တည်ငြိမ်မှုရအောင် သူတို့ လေ့ကျင့်နေကြပါတယ်"

ယုအန်း၏ မျက်နှာက ဒုတိယတန်းတပည့်များ၏အကြောင်းသို့ ရောက်သွားသည်နှင့် မျက်နှာက အနည်းငယ်ပုတ်သိုး သွားလေသည်။

"ဂိုဏ်းချုပ်"

"ပြောပါ"

"ရိုးရိုးသားသား ပြောရရင်‌တော့ ကျွန်တော် နည်းနည်းတော့ စိတ်ပူမိပါတယ်"

"စိတ်ပူတယ်...ဟုတ်လား..ဘာလို့လဲ"

ယုအန်းက သက်ပြင်းလေးကြီးတချက်ကို အရင်ချလိုက်လေသည်။

"ကျွန်တော် မပြောခင် ဟွာဆန်းက အခုဆို အရှိန်အဟုန်နဲ့ကို ပြောင်းလဲနေပြီဆိုတာ သိထားပေးပါဦး...

ဒါပေမယ့် ညီလာခံက ရလဒ်ကြောင့် အဲ့ဒီပြောင်းလဲနေတဲ့အရှိန်အဟုန်ကြီး ရပ်တန့်ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်"

"ဒုတိယတန်းတပည့်တွေက တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေကို ယှဉ်နိုင်မယ်လို့ မင်း မထင်ဘူးလား...မယုံကြည်ဘူးလား"

"ကလေးတွေကိုတော့ ကျွန်တော် ယုံကြည်ချင်ပါတယ်...ဒါပေမယ့် ဂိုဏ်းချုပ်လည်း သိတဲ့အတိုင်း........"

ယုအန်း ဆက်ပြောလိုသောစကားများကို ပြောမထွက်တော့ပေ။

ဟွမ်းဂျွန်သည်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ဟွာဆန်း၏ကွာဟမှုကို ကောင်းကောင်းကြီး နားလည်ထားလေသည်ကို သူသိလေသည်။ ဟွာဆန်းမှ ကလေးများက မည်မျှပင် ကြိုးစားထားစေဦး...တောင်ဘက်အစွန်အဖျားဂိုဏ်းကို ရုတ်တရက်ကြီး ယှဉ်ပြိုင်အနိုင်ယူသွားရန်ကတော့ မဖြစ်နိုင်သည့်ကိစ္စပင်။ ထို့ကြောင့်ပင် မည်မျှကြိုးစားနေလျက်နှင့် ရှုံးသည်ဟူ၍ ကလေးများ၏ စိတ်ထဲတွင် အတွေးရောက်သွားမည်ကို ယုအန်းစိုးရိမ်နေခြင်းပင် ဖြစ်လေသည်။

"တတိယတန်းတပည့်တွေကရော......"

"ဘယ်လို......"

"တတိယတန်းကလေးတွေလည်းပဲ လေ့ကျင့်နေကြတာပဲ မဟုတ်ဘူးလား...

သူတို့လည်း ကောင်းကောင်းပြင်ဆင်နေကြတာလားလို့လေ"

ယုအန်းက တတိယတန်းကလေးများကို ရုတ်တရက်ကြီးမေးလာသောကြောင့် ယုအန်းကြောင်အသွားလေသည်။

"ကြည့်ရတာတော့ ကောင်းကောင်းပြင်ဆင်နေကြတဲ့ပုံပါပဲ"

"သူတို့တွေလည်း လေ့ကျင့်ရေး စဆင်းနေကြတဲ့ပုံပါပဲ"

ဟွမ်းဂျွန် ခေါင်းငြိမ့်ပြလိုက်လေသည်။

"ယုအန်း"

"ဟုတ်ကဲ့"

"မင်း ရှေ့မှာ တောင်ကြီးတစ်တောင် ရှိတယ်ဆိုပါစို့.....မင်း ဘာလုပ်မလဲ"

"ဒါက"

ယုအန်း မည်သို့ ဖြေရမည် မသိပေ။

"ထားပါတော့ ...မင်းရှေ့မှာ တောင်ကြီးတစ်တောင် ရှိနေတယ်ပေါ့.....မင်းက အဲ့တောင်ကို ဖြတ်သွားရမယ်ပေါ့...

အဲ့တောင်ကို ဖြတ်မှ မင်းလိုတဲ့ခရီးကို ရောက်မယ်ဆိုရင် မင်း ဖြတ်ရမှာပဲ မို့လား...တရေးတမောအိပ်ဖို့ လိုရင်အိပ်မယ်......နားဖို့ လိုရင် နားမယ်....ပြီးရင်တော့ မင်းလိုရာမရောက်မချင်း ဆက်ပြီးတော့ သွားနေရမှာပဲ မို့လား....."

"ကျွန်တော် တောင်ကို အောင်အောင်မြင်မြင် မကျော်လွှားနိုင်မှာပဲ စိုးရိမ်မိပါတယ်"

"အဲ့လိုဆိုရင်တောင် မင်းမှာ ဒီတောင်ကို ကျော်လွှားချင်တဲ့စိတ်ရှိနေရင် နောက်ထပ်ပြန်ပြီး ကြိုးစားလို့ ရသေးတာပဲ မို့လား...

နောက်တစ်ကြိမ် ပြန်ကြိုးစားတဲ့အခါ ရှေ့ကသင်ခန်းစာတွေကြောင့် မင်း ကျော်ဖြတ်တဲ့နေရာမှာ ပိုမလွယ်သွားဘူးလား"

ယုအန်း သက်ပြင်းလေးကြီးကို ချလိုက်လေသည်။ သူ ဂိုဏ်းချုပ်၏ စိတ်ထက်သန်မှုကို နားလည်စွာပင် ဂိုဏ်းချုပ်နှင့် ပြိုင်မငြင်းချင်တော့ပေ။

ဟွမ်းဂျွန်ကမူ ယုအန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကြီးကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ညီလာခံက ပြောင်းလဲမှုတွေရဲ့ အစကောင်းတစ်ခု ဖြစ်လာမှာပါ"

"ဟုတ်ကဲ့"

"ငါတို့ နိုင်နိုင် ရှုံးရှုံး ကိစ္စမရှိပါဘူး....အရေးကြီးတာက တစ်နေရာထဲမှာ ရပ်မနေဘဲ ဆက်ကာဆက်ကာ တိုးတက်လာဖို့ပဲ"

"ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်"

"ဧည့်သည်တွေက ခရီးဝေးကနေ လာရတာမို့ ဧည့်ဝတ်မပျက်စေနဲ့....

ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်ကြ"

"ဟုတ်ကဲ့ ..ကျွန်တော် မှတ်ထားလိုက်ပါ့မယ်"

"ဒါနဲ့ အန်ဟာက အကြီးအကဲဟွမ်နဲ့ရော အဆင်ပြေရဲ့လားခင်ဗျ......"

"အကြီးအကဲဟွမ်..အာ...ဟုတ်သားပဲ...

ငါ အကြီးအကဲဟွမ်နဲ့လည်း တွေ့ရဦးမှာ"

"ဂိုဏ်းချုပ် အလုပ်များနေတယ်ဆိုလည်း ကျွန်တော်သူ့ကို နားလည်အောင် သေချာလေး ပြောပြထားလိုက်ပါ့မယ်"

"ကောင်းတယ်....အဲလိုပဲ လုပ်လိုက်ပါဦး..မင်းကိုလည်း ကျေးဇူးပါ"

"ငါတို့ အန်ဟာနဲ့အဆက်အသွယ်ရှိလို့တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့တော့ ပြဿနာမတက်လောက်ပါဘူးနော်...."

'မဖြစ်နိုင်လောက်ပါဘူး"

ယုအန်းက မတ်တပ်ရပ်ကာ အရိုအသေပေးရင်း ပြောလိုက်လေ၏။

"ဒါဆို ကျွန်တော် ပြန်သွားပြီး စစ်ဆေးလိုက်ပါဦးမယ်"

"မင်းကို အလုပ်များစေမိပြီ"

"မဟုတ်တာ...စိတ်ထဲမထားပါနဲ့...."

ယုအန်းက နောက်သို့ဆုတ်ကာ အပြင်သို့ထွက်သွားလေတော့သည်။

ဟွမ်းဂျွန်ကမူ ယုအန်းထွက်သွားသည်နှင့် ကျန်နေရစ်ခဲ့သော လက်ဖက်ရည်ခွက်ကိုကြည့်လိုက်လေသည်။လက်ဖက်ရည်ခွက်မှ ကျန်နေလေပြီး လက်ဖက်ရည်များက ခွက်ကိုချလိုက်သည့် အရှိန်ကြောင့် လှုပ်ရှားနေကြလေသည်. ။ယုအန်း၏ စိတ်ထဲတွင်လည်း ထိုနည်းလည်းကောင်း ခံစားနေရမည်ကို ဟွမ်းဂျွန်သိလေသည်။

"အနိုင်အရှုံးက အရေးမကြီးပါဘူး"

ဟွမ်းဂျွန် ရယ်ချင်သွားရလေသည်။

တာအို ကျင့်ကြံသူတစ်ယောက်အနေနှင့် ထိုသို့ အလိမ်အညာစကားမျိုး ပြောရမည်ဟု သူမထင်ထားခဲ့ပေ။

အနိုင်အရှုံးကို စိတ်ထဲတွင် မထားသူက အဘယ်မှာရှိမည်နည်း။ ဝန်ထုတ်ဝန်ပိုး မဖြစ်စေလို၍သာ စိတ်သက်သာရာ ရစေသော စကားမျိုးပြောလိုက်သော်လည်း အနိုင်အရှုံးက သူ့အတွက် အရေးကြီးလှပေသည်။

ဟွမ်းဂျွန် သက်ပြင်းလေးကြီးကိုချကာ မျက်စိကိုသာ တင်းတင်းမှိတ်ထားလိုက်လေတော့သည်။

"အဲ့တာက ဒီတိုင်း နေရာပိစိလေးပါကွာ"

တောင်ဘက်အစွန်အဖျားဂိုဏ်း၏တပည့်များက ဟွားကျေးရွာတွင် ရောက်ရှိနေကြပြီ ဖြစ်ပြီး လှောင်ပြုံးကြီးနှင့် ပြောနေခြင်း ဖြစ်လေသည်။ သူတို့၏ ရှန်မြို့တော်နှင့်ယှဉ်လျှင် ဟွားကျေးရွာဆိုသည်က လက်သည်းခွံသာသာပင်။

"အကိုကြီး...ဟွာဆန်းက တကယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှာ ပါဖူးတာလား"

"အေးပါဆို"

"အဲ့တာဆိုလည်း ရွာကတော့ တအားသေးနေသလိုပဲနော်....ဘယ်လိုလုပ်ပြီးတော့ ဂိုဏ်းကို ထောက်ပံ့နိုင်မှာလဲ"

ဂျင်ဂွမ်ရုန်က အပြုံးလေးနှင့် ပြောလာလေသည်။

"မင်းထင်တာ မှားနေပြီ......ဒီရွာက ဂိုဏ်းကို ထောက်ပံ့ပေးတဲ့ ရွာမဟုတ်ဘူး...

ဟွာဆန်းဂိုဏ်းကြောင့် ဖြစ်လာတဲ့ရွာ....အတိတ်မှာတုန်းက ဟွာဆန်းဂိုဏ်းကို လာတဲ့ဧည့်သည်တွေ တည်းခိုလို့ရအောင် လုပ်ပေးထားတာကနေ ဒီရွာဖြစ်လာတာ....."

"ဪ...ကျွန်တော် သိပါပြီ"

ဂျွန်ဆိုဟန်က ခေါင်းငြိမ့်ပြကာ နားလည်ကြောင်းပြောလိုက်လေ၏။

"ဒါဆို အခုသူတို့ရွာက ပျက်စီးသွားပြီပေါ့"

"အဲ့လိုထင်ရတာပဲ"

ဂျွန်ဆိုဟန်သည် ဘေးပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်လေပြီး ပြောလာလေသည်။

"ကျွန်တော်တော့တကယ့်ကို နားမလည်နိုင်ဘူး....ဒီ နေရာကို ဘာလို့ လာလာပြီး ပြိုင်ပွဲကျင်းပနေရတာလဲဆိုတာ....

ဘာမှလည်း မရှိတော့တဲ့ဂိုဏ်းနဲ့ လာပြိုင်နေလို့ ဘာထူးမှာလဲ.....ဒီမှာ အချိန်ကုန်ခံပြီး လာပြိုင်မယ့်အစား ကိုယ့်ဟာကိုယ် လေ့ကျင့်နေတာကမှ အကျိုးရှီဦးမယ်"

"ဒါကတော့ ငါတို့ရဲ့ အကြီးအကဲ‌တွေ ဆုံးဖြတ်တာပဲလေ....သူတို့မှာလည်း သူတို့အစီအစဉ်နဲ့ သူတို့ရှိလို့နေမှာပေါ့....မင်း စကားပြောတာကို ဂရုစိုက်စမ်းပါ"

"ဟုတ်ကဲ့....အဲ့တာဆိုလည်း"

ဂျွန်ဆိုဟန်က စကားကို ဆက်မပြောခင်မှာပင် နောက်သို့ လှည့်ကြည့်လိုက်လေသည်။

သူတို့နောက်မှ ခပ်ဖြေးဖြေးလိုက်လာသောသူကို မြင်သောအခါတွင်မူ သူက ပြုံးပြလိုက်လေ၏။

"ဒီ တခါညီလာခံကတော့ တကယ့်ကို အဓိပ္ပါယ်ရှိတော့မှာပဲ....

ကျွန်တော်တို့ဂိုဏ်းအပေါ်မှာ လုပ်ခဲ့တာတွေအတွက် ပြန်ပြီး လက်စားချေရမယ်"

ဂျွန်ဆိုဟန်၏ တိုက်ပွဲခေါ်သံကို ကြားလိုက်ရသော်လည်း လီဆုန်ဘတ်က ပါးစပ်ပိတ်ကာပင် ဆက်သွားလေ၏။

ဘာလား...အကိုကြီးက မရယ်လိုက်ဘူးလား..

ဂျွန်ဆိုဟန်ကမူ လီဆုန်ဘတ်ကို ကြည့်ကာ အားမလိုအားမရဖြစ်သွားလေသည်။

ယခုနှစ်တွင် ချွန်းမြောင်၏ကျေးဇူးနှင့် အန်ဟာက တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် အဆက်အသွယ်ဖြတ်ကာ ဟွာဆန်းနှင့် ပူးပေါင်းသွားခဲ့လေသည်။ ထို့အပြင် လီဆုန်ဘတ်ကလည်း ချွန်းမြောင်ထံမှ ပညာပေးခံခဲ့ရသည် က ဂိုဏ်း၏ ဂုဏ်သတင်းကို ညှိုးနွမ်းစေပြီး ပို၍ အရှက်ရဖွယ်ဖြစ်ခဲ့လေသည်။

ထိုရက်များမှစ၍ လီဆုန်ဘတ်က လုံးလုံးကြီးပြောင်းလဲသွားကာ တိတ်ဆိတ်သွားခဲ့လေသည်။ ထို့ပြင် အကြီးအကဲ၏ အကြံစည်များကို သူ၏ကိုယ်ပိုင်အကြံအစည်ဟု ခေါင်းခံလိုက်ရပြီး ဂိုဏ်းတွင်းတွင် လက်ညှိုးထိုး အပြစ်တင်ခံရသူတစ်ယောက် ဖြစ်လာခဲ့လေသည်။

"ကျွန်တော်တို့က နှစ်၁၀၀ ဒါက ပထမဆုံးအကြိမ် စော်ကားခံရတာပဲ....

ဒီကိစ္စအတွက် ကျွန်တော်တို့ ပြန်ပေးဆပ်ရမှာပေါ့.....ဟုတ်တယ်မို့လား...ဆရာတူအကိုကြီး"

"သိပ်ဟုတ်တာပေါ့"

ဂျွန်ဆိုဟန်နှင့် ဂျင်ဂွမ်ရုန်က စကားတပြောပြောနှင့် လမ်းလျှောက်နေကြသော်လည်း လီဆုန်ဘတ်ကမူ ထိုစကားဝိုင်းအတွင်း ဝင်ပါလိုခြင်း မရှိပေ. ။

သူက တောင်ပေါ်ရှိ ဟွာဆန်း၏မျှော်စင်ကိုသာ မော့ကြည့်ပြီး သက်ပြင်းချလိုက်လေသည်။

သူ၏ အတွေးထဲတွင် မဲ့ပြုံးပြုံးပြနေသော လူတစ်ယောက်၏ပုံရိပ်က ပေါ်လာလေပြီး သူ့အား ထိတ်လန့်သွားစေသည်။

ငါတို့တော့ ကျားဂူထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်လာမိပြီ ထင်ပါတယ်။

အပိုင်း (၉၀)

ဘာချီးစကားတွေပြောနေတာလဲ....ငါကမှ အသန်မာဆုံး..(၅)

"သေပါပြီ....အား..ချီးလိုပဲ"

ဂျွန်ဆိုဟန်က ဒေါသအပြည့်နှင့် ညည်းညူလိုက်လေသည်။

တောင်တက်ရသည်က လွယ်ကူသောကိစ္စမဟုတ်ပေ။ သိုင်းပညာတတ်သည့်သူတို့ပင် သေလုမျောပါးကြိုးစားကာ တက်နေရလေ၏။

"ဘာကိစ္စ ဒီလောက်မြင့်တဲ့တောင်ထိပ်မှာမှ လာပြီးနေကြတာလဲဆိုတာကို စဉ်းစားလို့ကို မရဘူး....

သူတို့ဂိုဏ်းပျက်စီးသွားတာ ဆန်းတော့မဆန်းပါဘူးလေ...လူသူမရောက်နိုင်တဲ့နေရာကိုမှ လာပြီးဆောက်ထားကြတာကို"

ဂျင်ဂွမ်ရုန်ကမူ ဂျွန်ဆိုဟန်၏စကားကို လက်ခံချင်ဟန်မတူပေ။

"ဂိုဏ်းတည်နေရာကို တောင်ထိပ်မှာ ရွေးထားတာက အဓိပ္ပါယ်တွေ အများကြီးရှိတယ်....

ဂိုဏ်းသားတွေက သာမန်လူဘဝကို စွန့်လွတ်ပြီး သိုင်းပညာနဲ့ တာအိုကျင့်စဉ်ကိုပဲ ကျင့်တော့မယ်ဆို အနှောင့်အယှက်ဖြစ်တဲ့ သာမန်လူတွေနဲ့ ဝေးဝေးနေနိုင်ဖို့ လိုတယ်....

ဒါကြောင့် သာမန်လူတွေ လွယ်လွယ်မလာနိုင်တဲ့နေရာ ရွေးထားတာပဲ"

"ဟွာဆန်းက ဘယ်လိုနေရာမို့လို့လဲ...အခုဆို ဂိုဏ်းကလည်း ဟိုးအရင်တုန်းကလို ရှိတော့တာမဟုတ်ဘူး..

ထားပါတော့ ...ဝူတန်ဂိုဏ်းတို့ ဘာတို့ကမှ အဲ့လိုတောင်ထိပ်တက်ပြီး ဆောက်ထားတယ်ဆို အဓိပ္ပါယ် ရှိသေးတယ်......"

"အင်း....မင်းပြောတာလည်း ဟုတ်ပါတယ်"

ဟွာဆန်းတောင်သို့ တက်ရသည်က ခက်ခဲသောကြောင့် လမ်းတဝက်တွင် အနားယူသည့် ဇရပ်ဆောက်လုပ်ပေးထားလေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ထိုနေရာတွင် အနားယူကာ ပြောနေကြခြင်း ဖြစ်လေသည်။

စကားဝိုင်းထဲသို့ ဆူပုတ်နေသောမျက်နှာထားနှင့် ဒုတိယတန်းတပည့်တစ်ယောက်ကလည်း ဝင်ကာ ပြောလေသည်။

"တောင်တက်လို့ ပြီးသွားရင်လည်း ကောင်းကောင်းမွန်မွန် ကြိုဆိုကြတယ်ဆို ဟုတ်သေး...

အခုဟာက ဟိုရောက်ရင်လည်း မြက်သာသာအစားအစာနဲ့ ဖြစ်သလိုအိပ်ရမယ့်နေရာတွေ ပေးဦးမှာ"

"အစားအသာက်မကောင်းတာကတော့ ထားပါတော့..အိပ်တာကတော့ သက်တောင့်သက်သာလေး ဖြစ်စေချင်တာပေါ့.......ပြီးခဲ့တဲ့ ညီလာခံတုန်းကဆို အိပ်ရတဲ့အဆောင်က အိပ်နေရင်းနဲ့ ပြိုကျလာမှာဆိုးလို့ ငါ့မှာကောင်းကောင်းတောင် အိပ်မပျော်ဘူး"

"သူတောင်းစားတွေတောင် အဲ့လိုနေရာမှာ မအိပ်နိုင်လောက်ဘူးရယ်....

ဘယ်လိုဂိုဏ်းမှန်းကို မသိဘူး....သူတောင်းစားဂိုဏ်းထက်တောင် ဆိုးသေးတယ်"

မကျေမနပ်ပြောဆို ရင်ဖွင့်သံများက စကားဝိုင်းအတွင်း ပို၍ဆူညံလာလေသည်။

"ငါ့အထင်တော့ ငါတို့ ဒီအကျိုးမရှိတဲ့ ညီလာခံကြီးလုပ်နေတာကို ရပ်သင့်ပြီလို့ ထင်တယ်.....

ဒါကနေ ဘာအကျိုးကျေးဇူးမှလည်း ရတာမဟုတ်ဘူး.... ဒီလောက်အဝေးကြီးကလည်း လာရသေးတယ်....

စုတ်စုတ်ပြတ်ပြတ်က နေရသေးတယ်.........ဟွာဆန်းလာရလို့ ဘာကောင်းကျိုးမှကို မရှိတာ...."

ဒေါသတကြီး ပြောဆိုနေကြသော စကားဝိုင်းကို ဂျင်ဂွမ်ရုန်က သတိပေးလိုက်လေသည်။

"အားလုံးက မကျေမနပ်ဖြစ်နေကြတာကို ငါလည်း နားလည်ပါတယ်......ဒါပေမယ့် အားလုံးပဲစိတ်အေးအေးထားကြတာက ပိုကောင်းမယ်ထင်တယ်....

ဟွာဆန်းနဲ့ပတ်သက်လာရင် အကြီးအကဲတွေက ဘယ်လောက်အကဲဆတ်ကြတယ်ဆိုတာကို အားလုံးလည်း သိနေကြတာပဲလေ"

"ကျွန်တော်တို့တော့ နားကိုမလည်နိုင်ဘူး....အကြီးအကဲတွေက ပျက်စီးပြီးသားဂိုဏ်းတစ်ဂိုဏ်းကို ဘာလို့ အဲ့လောက်အာရုံထားနေကြလဲဆိုတာ"

"ငါ မင်းပြောတာကို နားလည်ပါတယ်"

"ကြည့်ရတာ သူတို့မှာ အလားအလာကောင်းတွေ ရှိနေလို့လည်း ဖြစ်နိုင်တာပဲလေ"

"အလားအလာလား"

ထိုစကားကြောင့် လူတိုင်းက နှာခေါင်းရှုံကာ လှောင်လိုက်ကြလေသည်။

"သူတို့မှာသာ အလားအလာတွေ ရှိနေရင် သူတို့တွေ့ ပြောင်းလဲနေကြတာ ကြာလောက်ပြီ....

နှစ်တွေဒီလောက်ကြာအောင်တောင် သူတို့တွေ ဒုက္ခခံနေကြမှာ မဟုတ်ဘူး"

"ဂိုဏ်းတိုင်းမှာက သူတို့ရဲ့သမိုင်းဆိုတာက ရှိတာပဲလေ....သူတို့လည်း သူတို့ကိစ္စတွေ ရှိနေမှာပေါ့"

လူတိုင်းက ဟွာဆန်းအား ပုတ်ခတ်ပြောဆိုနေကြသည်မို့ လူတစ်ယောက်ဝင်ကာ ပြောလာလေသည်။

"မင်းတို့တွေ ဟွာဆန်းကို တအားကြီး အထင်မသေးထားတာ ပိုကောင်းလိမ့်မယ်...."

ထိုစကားပြောသူက အားလုံးကလှည့်ကြည့်လိုက်လေကြပြီး ပြောလိုက်သူကမူ လီဆုန်ဘတ်ပင်။

"မင်းတို့တွေ အထင်သေးနေရင် မင်းတို့ပဲ ဒုက္ခရောက်ကြမှာ"

ဂျွန်ဆိုဟန်က လီဆုန်ဘတ်၏စကားကို သဘောမကျစွာ တုန့်ပြန်လိုက်လေသည်။

"ဆရာတူအကိုကြီးလိုလား"

"........."

ထိုအရိုအသေတန်သော စကားအား လီဆုန်ဘတ် မတုန့်ပြန်တော့ပေ။

"သိပ်မစိုးရိမ်ပါနဲ့ အကိုကြီး...ကျွန်တော်တို့ ဟွာဆန်းကို ဘယ်လိုပဲဖြစ်ဖြစ် ကိုင်တွယ်နိုင်ပါတယ်....

အကိုကြီးအပေါ်မှာ တင်နေတဲ့ ဟွာဆန်းကအကြွေးတွေကို ကျွန်တော်တို့ သေချာပေါက် ပြန်ယူမှာပါ"

"ငါက မင်းတို့တွေ သတိထားဖို့ကိုပဲ ပြောနေတာ"

"...........ငါ......"

လီဆုန်ဘတ် စကားကို ဆက်ကာမပြောတော့ပေ။ ပြောလျှင်လည်း နားထောင်ကြမည်မဟုတ်သည်ကို သူသိလေသည်။

ကီမုန့်ဆောင်နှင့် လီဆုန်ဘတ်တို့သည် အန်ဟာတွင် ချွန်းမြောင်၏ အံမခန်းလိလိ အစွမ်းအစများကို မြင်တွေ့ခဲ့ရပြီး အဖြစ်ဆိုးများကြုံခဲ့သော်လည်း အရာအားလုံးကို ခေါင်းခံရသူက လီဆုန်ဘတ်သာ ဖြစ်ခဲ့လေသည်။ အကြီးအကဲတစ်ယောက်ဖြစ်သည့် ကီမုန့်ဆောင်ကိုမူ မည်သူကမှ ပြစ်တင်ပြောဆိုရဲခြင်းမရှိဘဲ သူသည်သာလျှင် အားလုံး၏ အလှောင်ခံ အပြောင်ခံ လူတစ်ယောက် ဖြစ်လာခဲ့လေသည်။

"မင်းတို့ သဘောရှိတာ လုပ်ကြပါ....တစ်ခုခုဆိုလည်း မင်းတို့ပဲ ပြန်ပေးဆပ်ကြရမှာ....

ဘယ်အရာမဆို ပြန်ပေးဆပ်ရမယ့်တန်ဖိုးဆိုတာက ရှိပြီးသားပဲ"

လီဆုန်ဘတ်၏စကားကို သဘောမကျသည့် ဂျွန်ဆိုဟန်က ပြန်ပြောရန်ပြင်လိုက်သော်လည်း လေသံအေးအေး တစ်ခုက ကြားဖြတ်ပြောလာလေသည်။

"မင်းပြောတာ မမှားဘူး"

လူတိုင်းက အသံလာရာကို ကြည့်လိုက်လေ‌ပြီး မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်ကြလေသည်။

"ထိုင်ကြပါ"

"ဟုတ်ကဲ့"

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကြီးအကဲဖြစ်သူ ဆရာ ဆောင်း က လူတိုင်းကို ကြည့်ကာပြောလိုက်လေသည်။

"အန်ဟာမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မင်းတို့ မေ့လိုက်ကြပြီလား"

"ကျွန်တော်တို့ မမေ့ပါဘူး"

ဆရာဆောင်း ၏မျက်လုံးများက အရောင်များပင် လက်နေလေသည်။

"အရာအားလုံးက ဒီလိုပျက်စီးဂိုဏ်းကြောင့် ဖရိုဖရဲဖြစ်သွားရပြီး ဂိုဏ်းချုပ်ဆို ဘယ်လောက်တောင် ဒေါသထွက်ခဲ့တယ်ဆိုတာကို မင်းတို့လည်း မြင်ကြတာပဲမို့လား..."

လူတိုင်းက အကြီးအကဲဖြစ်သူ၏စကားကြောင့် ရှက်ရွံစွာ ခေါင်းငုံ့သွားကြလေသည်။

"ဒါက ဟွာဆန်းက ငါတို့ကို ကောင်းကောင်းကြီး အရှက်ခွဲလိုက်တာပဲ....

ငါတို့တွေ ထပ်ပြီး အရှက်မခွဲခံရအောင်၊ နောက်ထပ်ဒီလိုအဖြစ်မျိုး မကြုံကြရအောင် ဟွာဆန်းကို ဖိနှိပ်ထားနိုင်မှ တော်ကာ ကြမယ်.........ပြီးတော့ အဲ့လိုဖြစ်အောင် လုပ်သွားတာကလည်း တတိယတန်းတပည့်လေးတစ်ယောက်ကပဲ လုပ်သွားတာ... မင်းတို့ သူတို့ဆီက တတိယတန်းတပည့်တွေကို အနိုင်တိုက်ဖို့ ယုံကြည်ချက်ထားရမယ်.........သူတို့တွေကို တသက်လုံး ဦးမော့မလာနိုင်အောင် ချိုးနှိမ်ထားရမယ်.....

သတိလက်လွတ် လုပ်မိလိုက်တာလေးတစ်ခုကြောင့်တောင် ဟွာဆန်းကို အခွင့်အရေးပေးလို့ မရဘူး...."

"စစ်သူကြီးတစ်ယောက် စစ်မြေပြင်ကနေ ဘယ်တော့မှ ထွက်မပြေးသလိုမျိုး ၊ ခြင်္သေ့တစ်ကောင်က သားကောင်တစ်ကောင်ကို ဖမ်းတဲ့နေရာမှာ ကြိုးစားအာရုံစိုက်သလိုမျိုး မင်းတို့ ကြိုးစားရမယ်.....

ပျက်စီးနေတဲ့ ဟွာဆန်းကတောင် ငါတို့ကို စော်ကားနိုင်တယ်.......ဒီတော့ ဟွာဆန်းသာ ခေါင်းထောင်လာမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ.....

သူတို့တွေကို ငါတို့ နည်းနည်းလေးမှ အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး..နားလည်ကြလား"

"ဟုတ်ကဲ့ပါ....အကြီးအကဲ"

အကြီးအကဲဆောင်းက တပည့်များကို အားရသောမျက်လုံးများနှင့်ကြည့်လိုက်ပြီး ဆက်ကာပြောလေသည်။

"ဒါပေမယ့် သတိနဲ့ အကြောက်တရားကြားမှာ ကွာခြားမှုလေး နည်းနည်းတော့ ရှိတယ်"

"ဟုတ်ကဲ့"

"အင်း"

"ကဲ..အခု ထကြတော့ ...အားလုံးလည်း ကောင်းကောင်းနားပြီးပြီဆိုတော့ ငါတို့ ရှေ့ဆက်ပြီးတော့ သွားရအောင်...

သူတို့တွေ စောင့်နေကြရလိမ့်မယ်"

"ဟုတ်ကဲ့"

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများက နောက်တဖန်ခရီးဆက်ကြပြန်လေသည်။ အချိန်အတော်ကြာအောင် တောင်တက်ပြီးသည့် နောက်တွင်မူ ဟွာဆန်းသို့ ရောက်ရှိလာပြီး လူတိုင်းက စတင်ပြစ်တင်ညည်းညူကြလေတော့သည်။

"ချီးလိုပဲ"

"နောက်တကြိမ်တော့ တကယ်မလာသင့်တော့ဘူး"

"အရင်တုန်းကလိုဆို နောက်ထပ်နည်းနည်းဆို အဝင်ပေါက်ဝကို ရောက်ပြီမို့လား"

တောင်တက်ပြီးသည်နှင့် သူတို့က ပျက်စီးနေသော ဝင်ပေါက်ဝကို ရှာကြလေတော့သည်။

ထို့နောက်တွင်မူ အဝင်ပေါက်ဝကို တွေ့သွားလေတော့၏။

"ဟမ်"

"ဘာလားဟ"

အားလုံးက တံခါးရှေ့တွင်ရပ်ကာ သေချာကြည့်နေကြလေသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က သူတို့လာစဉ်အခါတွင် တွေ့ခဲ့ရသော အဝင်ဝပုံစံမျိုး မဟုတ်တော့ပေ။

ခန့်ညားသစ်လွင်သော တံခါးမကြီးက ကြိုဆိုနေလေသည်။ မြင်ဖူးလေသော တံခါးပုံပင် မပေါ်တော့သည့် တံခါးအိုကြီးက ဘယ်ရောက်သွားသည်မသိပေ။

ငါတို့ပဲ အမြင်မှားနေတာလား.....မဖြစ်နိုင်တာ....

ဘာလဲ ..တစ်ယောက်ယောက်က လာပြီး ဟွာဆန်းဂိုဏ်းကို ထောက်ပံ့ပေးထားတာလားဟ....

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက တိတ်တဆိတ်ပင် အကဲခတ်နေကြလေသည်။

တံခါးမကြီးက ပြောင်းလဲသွားသော်လည်း နာမည်ဆိုင်းဘုတ်ကမူ မပြောင်းလဲသွားပေ။သို့သော် အသစ်မွန်းမံထားပုံတော့ ရလေသည်။

နဂါးနှင့် မြွေတစ်ကောင်ကဲ့သို့ လက်ရေးလှစာလုံးများနှင့် ရေးထားသော ဟွာဆန်းဟူသည့်စကားလုံးက သူတို့အား ဖိအားများ ပေးနေသလိုပင်.....

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အန်ဟာ နှင့်ပူးပေါင်းသည်ကလည်း လပိုင်းမျှသာ ရှိသေး၍ ဤမျှ တိုးတက်သွားသည်ဆိုသည်က မဖြစ်နိုင်ပေ။

"ဒါကြီးက တကယ်ကို မဖြစ်နိုင်တာတွေပဲ"

ဂျင်ဂွမ်ရုန် က ညည်းတွားပြောဆိုလိုက်လေသည်။

ဟွာဆန်းဂိုဏ်းဆိုသည်က ဆင်းရဲ့သည့်နေရာတွင် သူတောင်းစားဂိုဏ်းထက်ပင် မွဲတေသည်ဟု နာမည်ကြီးသော ဂိုဏ်းဖြစ်လေပြီး ဤမျှ ခမ်းနားသောတံခါးကြီးကို တပ်ဆင်ထားသည်က လုံးလုံးပင် အပ်စပ်မှုမရှိ၊ အဓိပ္ပါယ်မရှိသော အရာပင်။ နေရာမှားရောက်လာသည်ဟုသာ ခံစားရလေပြီး ဟွာဆန်းဂိုဏ်းနားတွင် ဂိုဏ်းအသစ်တစ်ဂိုဏ်း လာရောက်တည်ထောင်ထားသည်ဟုသာ တွေးမိလေသည်။

ဘယ်လိုလုပ် ဟွာဆန်းက ပိုက်ဆံရှိပြီး ဒီလိုတံခါးကြီး တပ်ထားနိုင်မှာလဲ....

"တိတ်တိတ်နေကြစမ်း"

အကြီးအကဲဆောင်း ကတိုးတိုးညင်ညင်သာသာလေး ပြောလိုက်လေ၏။

"ကြည့်ရတာ တစ်နေရာရာကနေ ပိုက်ဆံချေးထားပုံပဲ...

သူတို့ အဝင်ဝကို ပြောင်းနိုင်ရုံလောက်နဲ့ ဘာလုပ်ရမှာလဲ.....

ဒါလေးကို တအံတဩ လုပ်နေကြစရာ မလိုဘူး"

"ဟုတ်ကဲ့"

"ဒါလေးပြောင်းသွားတာကို မထူးဆန်းသလိုသာ နေကြ"

အကြီးအကဲဆောင်းက အဝင်ဝကို အေးအေးဆေးဆေးပင် သွားလေ၏။

ထို့နောက်တွင်မူ ကြီးမားသောတံခါးကြီးက ပွင့်လာလေပြီး လူတစ်ယောက်ကထွက်လာလေသည်။

သိုင်းပညာအကြီးအကဲ ဟွမ်းဆန်းပင်။

သူက တောင်ဘက်အစွန်အဖျားဂိုဏ်းက လူများကို မြင်သောအခါတွင်မူ သူက အနားသို့ကပ်လာကာ ကြိုဆိုလေ၏။

"ခရီးဝေးကြီးကနေ လာခဲ့ရတာ ပင်ပန်းနေကြမှာပေါ့.....အကြီးအကဲ ဆောင်း...

ကျွန်တော် အကြီးအကဲကို အရင်က တစ်ကြိမ်တွေ့ဖူးပါတယ်......

ကျွန်တော်က ဟွမ်းဆန်း ပါ...ဟွာဆန်းရဲ့ အကြီးအကဲတစ်ယောက်ပါ"

"အကြီးအကဲဆောင်းပါ"

အကြီးအကဲဆောင်း၏ တုံ့ပြန်မှုက တိုတိုတုတ်တုတ်ပင်။ သို့သော် အကြီးအကဲဟွမ်းဆန်းကတော့ အပြုံးမပျက်ပင်။

"နောက်ထပ်ပြန်တွေ့ရတာ ဝမ်းသာပါတယ်....အကြီးအကဲ"

"ဂိုဏ်းချုပ်က လာမကြိုဘူးလား"

ဟွမ်းဆန်း မျက်ခုံးများပင့်တက်သွားလေသည်။

"ဂိုဏ်းချုပ်က အထဲမှာပါ"

"ဒါပေမယ့် ဧည့်သည်တွေက ဒီလောက်ခရီးဝေးက ထွက်လာရတာ ထွက်ပြီး မျက်နှာလေးတော့ ပြသင့်တယ်မို့လား"

ဟွမ်းဆန်းက နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

အကြီးအကဲဆောင်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် ထွက်ကြိုရမည့် အနေအထားတော့ မဟုတ်ပေ။ ဂိုဏ်းချုပ်ကို ထွက်ကြိုခိုင်းသည်က စော်ကားမှုပင် ဖြစ်လေသည်.

ဤသည်ကို အကြီးအကဲဆောင်းသည်လည်း သိလေပြီး တမင်သက်သက်ပင် ရန်စစိန်ခေါ်ခြင်း ဖြစ်လေသည်။ သူ၏ ဟွာဆန်းအပေါ်တွင် အရိုအသေမရှိမှုကို သိသိသာသာပင် ထုတ်ပြလိုက်ခြင်းဟုလည်း ဆိုနိုင်ပေသည်။

ဟွမ်းဆန်းက ဒေါသထွက်သွားသော်လည်း အိမ်ရှင်ဂိုဏ်းဖြစ်နေသည်မို့ ဒေါသကိုထိန်းကာ အပြုံးကို ဆက်ထိန်းထားလိုက်လေသည်။

"အထဲဝင်ကြရအောင်ဗျ.... လာရောက်ကြတဲ့ ဂိုဏ်းသားတွေအတွက် စားသောက်ပွဲလည်း ပြင်ဆင်ပေးထားပါတယ်....ခရီးဝေးကြီးကလာခဲ့ရတာ ဆိုတော့ အားမနာဘဲ စားကြပါဗျ"

"စားသောက်ပွဲဟုတ်လား.......

ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းက ညီလာခံလာလုပ်တာ...

စားဖို့သောက်ဖို့ လာတာ မဟုတ်ဘူး"

ဟွမ်းဆန်းက သက်ပြင်းကို ခိုးချလိုက်လေသည်။

"ကျွန်တော်တို့ သိပါတယ်....."

"ဒါပေမယ့်လည်း ထားလိုက်ပါတော့ ....လမ်းသာပြပါ...

ကျုပ် ဂိုဏ်းချုပ်နဲ့ တွေ့ချင်သေးတယ်"

ဟွမ်းဆန်း ဒေါသကို သက်ပြင်းနှင့်သာ ရောချလိုက်ရလေသည်။

ငါတော့ ဒီကောင်ကို ပြောမိတော့မှာပဲ.....

"ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

"အင်း"

အကြီးအကဲဟွမ်တို့က အဝင်ဝကို ကျော်ကာ ဟွာဆန်းဝင်းထဲသို့ ဝင်လာခဲ့ကြလေသည်။

ကြည့်ရသည်က ရူးနေသော လူတစ်ယောက် သူ၏ရှိသမျှသော ငွေများကို ဟွာဆန်းအား ပုံအောကား ပေးထားသည့်အလားပင်။ သူတို့ နောက်ဆုံးတစ်ခေါက် ရောက်ကာစအခြေအနေနှင့် လုံးလုံးမှ မတူတော့ပေ။

ပြင်ပတွင် မည်မျှခမ်းနားစေနေကာမူ အတွင်းတွင်တော့.....

"ဘာလား"

လူတိုင်းက အံအားသင့်လွန်း၍ ပါးစပ်ပင် မစိနိုင်ကြတော့ချေ။

"လေ့ကျင့်ခန်းမလား"

"ဘယ်တုန်းက ဆောက်လိုက်တာလဲ"

သူတို့ အကုန်လုံးက ပြင်လိုက်တာလား...

ဘယ်က ပိုက်ဆံနဲ့လဲ...

ဘယ်တုန်းကလဲ......

ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားက ဟွာဆန်းကို ဘယ်တုန်းက ကြွလာတာလဲ....

"ဝိုး.....ဒါကြီးက တောင်ဘက်အစွန်အဖျားဂိုဏ်းထက်တောင် ခမ်းနားသေးတယ်"

လူတိုင်းက မျက်စိရှေ့တွင်မြင်နေရသော အဆောက်အဦးများကို ကြည့်ကာ အားလုံးက အံအားသင့်နေကြလေသည်။ မျက်စိပင် မလွဲနိုင်ကြတော့ချေ။ လွန်ခဲ့သောနှစ်နှစ်က ချွတ်ချုံကျနေသော ဟွာဆန်းနှင့် လားလားမှ မသက်ဆိုင်တော့ပေ.။ အားလုံးပြောင်းလဲသွားပြီ ဖြစ်လေသည်။ မယုံနိုင်လောက်အောင်ပင်။

အကြီးအကဲဆောင်းကမူ ဟန်ပင်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းနေပြီ ဖြစ်လေသည်။

"တစ်ခုခုများ လွဲနေတာလား"

"ကြည့်ရတာ တအားကိုပြောင်းလဲသွားသလိုပဲ...."

အကြီးအကဲဆောင်း၏ အမေးကို ဟွမ်းဆန်းက အပြုံးလေးနှင့်ပင် ဖြေလေ၏။

"ကောင်းတဲ့အရာတွေ ဖြစ်လာလို့ပါ"

"ဟွာဆန်းလို နေရာကို ထောက်ပံ့ပေးတဲ့သူက ရှိသေးတာလား....

အဲ့လူက တော်တော်ကို ရူးနေတာပဲဖြစ်ရမယ်......

ကျွန်တော်တို့က ခင်ဗျားတို့ဂိုဏ်းကြီး ဒီလောက်စုတ်ပြတ်နေတာကို ထောက်ပံ့တဲ့သူကို အံဩလွန်းလို့"

ချက်ချင်းဆိုသလိုပင် ဟွမ်းဆန်း၏မျက်နှာက ဒေါသကြောင့် ရဲသွားလေသည်။

သို့သော်လည်း ဂိုဏ်းချုပ်က သည်းခံရန် မှာကြားထားသည်မို့ ထပ်ကာထွက်လာသည့် ဒေါသကို ထပ်ကာ မြိုချလိုက်ရပြန်၏။

"အကြီးအကဲဆောင်း ပြောနေတဲ့ စကားကို သတိထားပေးပါ"

"ချီးပဲ......ငါနိုး.........သေချင်လို့ ဒီထိရောက်လာကြတာပေါ့လေ"

လူတိုင်း၏မျက်လုံးများက အသံလာရာသို့ ရွေ့သွားကြလေသည်။

အကြီးအကဲ ဆောင်းက ထွက်လာသောဆဲဆိုသံကြောင့် မျက်နှာက ချက်ချင်းပုတ်သွားလေသည်။

ဒီကလေးက ဘာလုပ်နေတာလဲဟ.......

အကြီးအကဲဆောင်း မြင်လိုက်ရသည်က တပည့်များအားလုံးသည် မြင်းလှည်းတွဲကြီးကဲ့သို့ပင် အတွဲလိုက်ကြီး ပြေးနေကြခြင်းပင်။ လေ့ကျင့်နေသည်ကလည်း ကြာပြီဖြစ်ပုံရသည်။အားလုံးက ချွေး များရွဲနစ်နေကြပြီး သေလုနီးပါး ဖြစ်နေကြပုံပင်။ သို့သော်လည်း မနားဘဲ တုန်ယင်သောခြေထောက်များနှင့်သာ ဆက်ကာ ပြေးနေကြလေသည်။

ထူးဆန်းသော မြင်ကွင်းပင်။

သို့သော်လည်း အကြီးအကဲဆောင်း ကြည့်နေသည့်အရာက ထိုနေရာမဟုတ်ပေ။

သူ ကြည့်နေသူက သူတို့၏စကားဝိုင်းကို ဆဲဆိုသံအကျယ်ကြီးနှင့် ဖျက်စီးလိုက်သောကလေးကိုပင် ဖြစ်လေသည်။

ပြေးနေသော လူအုပ်ကြီး၏နောက်တွင် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နှင့် မတ်တပ်ရပ်ကာ လိုက်နေသော လူတစ်ယောက်ပါလေသည်။ ကလေးတစ်ယောက်ဆိုလျှင် ပို၍မှန်ပေလိမ့်မည်။

အကြီးအကဲဆောင်းက ထိုကလေးကို စူးစိုက်ကြည့်ကာ ကြောက်မက်ဖွယ်ရာအသံကြီးနှင့် မေးလိုက်လေတော့၏။

"မင်း စောနက ဘာပြောလိုက်တာလဲ"

All Chapters