← Chapters

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အခန်း (၉၁-၉၃)

Vol. 7 Ch. 91-93

အပိုင်း(၉၁)

မင်းတို့ အဲ့မျိုးမစစ်တွေကို နိုင်မှဖြစ်မယ်(၁)

သေလုနီးပါး မောကြီးပန်းကြီးပြေးနေကြသော ဟွာဆန်း၏တပည့်များက အလျင်စလို ရပ်လိုက်ကြလေသည်။ သူတို့ရပ်လိုက်သောနေရာတွင်ပဲ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း ရပ်နေပြန်လေ၏။

အမောတကောပြေးနေကြသော တတိယတန်းကလေးများ၏နောက်တွင်မူ အေးအေးသက်သာ လိုက်ပါနေသောကလေးတစ်ယောက်ရှိနေလေပြီး အကြီးအကဲဆောင်း၏ စကားသံကြောင့် ခေါင်းထောင်ကြည့်လာလေသည်။

"ကျွန်တော့်ကိုလား"

အပြစ်ကင်းစင်းသောမျက်နှာလေးနှင့် မသိနားမလည်ပုံလေးလုပ်ကာ အကြီးအကဲဆောင်းကို ချွန်းမြောင်က ပြန်မေးလိုက်လေ၏။

"ငါ မင်းကို မေးနေတယ်.....မင်း ဘာပြောလိုက်တာလဲလို့"

"ဪ...ဒါလား"

အကြီးအကဲဆောင်း၏ မေးခွန်းကိုမဖြေဘဲ ချွန်းမြောင်က ရပ်နေပြန်သော ဂျိုဂု၏ညို့သကျည်းကို ကန်လိုက်ပြန်လေသည်။

"အား...."

"ငါနိုး......မင်း သေချင်နေတာလား....တန်းတန်းမပြေးနိုင်ဘူးလားဟမ်"

"ငါက မင်းရဲ့ဆရာတူအကိုကြီးနော်...နွားလေး....ရဲ့"

"ဟီး....ဟီး......ကျွန်တော်မေ့သွားလို့ပါ အကိုကြီးရဲ့....ဟီး"

ချွန်းမြောင် ဂျိုဂုကို မျက်နှာချိုသွေးကာ ခေါင်းကို တောင်ကုတ်မြောက်ကုတ်လုပ်လိုက်လေပြီး အံကြိတ်ကာ စောင့်နေသော အကြီးအကဲဆောင်းဘက်သို့ လှည့်လာလေသည်။

"အကြီးအကဲကြားလိုက်တာ ဒါကို ပြောတာလားဗျ.....အံဩစရာပါပဲ...

အားနာလိုက်တာနော်"

"............."

အကြီးအကဲဆောင်းက ချွန်းမြောင်၏ဆင်ခြေစကားကို မကျေနပ်စွာပင် ချွန်းမြောင်အား ကြည့်နေလေ၏။ အကြီးအကဲတစ်ယောက်ပီပီ မည်သည့်စကားသည် မည်သူကို ဦးတည်ကာပြောသည် ဆိုသည်ကို သူမသိရန်အကြောင်းမရှိပေ။ ဤသည်က ကလေးတစ်ယောက်က သူ့အား ငတုံးတစ်ယောက်သဖွယ် နှပ်ချနေသည်ဟု ခံစားလာရလေသည်။

"မင်း......"

အကြီးအကဲဆောင်း ချွန်းမြောင်အား ငေါက်ငမ်းရန်ပြင်လိုက်စဉ်မှာပင် နောက်မှသူ၏ အင်္ကျီလက်စကို လာဆွဲသည်ကို ခံစားလိုက်ရလေသည်။ ကြည့်လိုက်လေတော့ ဂျင်ဂွမ်ရုန် ပင်။

"အကြီးအကဲ.....ကလေးတစ်ယောက်နဲ့ အချင်းများနေလို့ ကောင်းတာဘာမှ ရှိလာမှာမဟုတ်ပါဘူး"

"အင်း...."

အကြီးအကဲဆောင်း ဂျင်ဂွမ်ရုန်၏ သတိပေးစကားကို နားထောင်ကာ သက်ပြင်းရှည်ကြီးကို ချလိုက်လေ၏။

သူမည်မျှပင် ဒေါသထွက်ကာ ခံပြင်းစေကာမူ ထိန်းသိမ်းရမည်ဖြစ်သော အကြီးအကဲတစ်ယောက်၏ဂုဏ်ပုဒ်ဆိုသည်က ရှိနေလေသေးသည်။ အသက်အရွယ်ကွာခြားမှုကလည်း ကြီးမားလှလေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ဟွာဆန်းမှ ကလေးတစ်ယောက်နှင့်ပင် စကားများရန်ဖြစ်သည်ဆိုသောသတင်းသာ ထွက်လာပါက နာမည်ပျက်အရှက်ရမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်မို့ အကြီးအကဲဆောင်း သည်းခံလိုက်ရလေသည်။

ဂျင်ဂွမ်ရုန်ကမူ ဆရာ၏လက်စွဲတပည့်ကောင်းလေးပီသစွာပင် ကလေးချင်းရှင်းရန် ပြင်နေလေသည်။ ထို့ကြောင့်ပင် ရှေ့သို့ မေးလာလေသည်။

"ဒီက တပည့်ငယ်လေးက ဘယ်သူများလဲ"

"ဘယ်သူရမှာလဲ....ကျွန်တော် ပြောလိုက်ရင်တော့ ကျွန်တော့်ကို သိမယ်ထင်တယ်"

"....."

ယုံကြည်ချက်ရှိစွာ ပြောနေသောထိုကလေးကို ဂျင်ဂွမ်ရုန် က ခံစားချက်ဗလာဖြင့် ကြည့်လိုက်လေသည်။

သူ့အား ဤသို့ မခန့်လေးစား ဖြေဖူးသူက မရှိပေ။ ဂျင်ဂွမ်ရုန် စိတ်တိုသွားသော်လည်း ဒေါသကို ထိန်းကာ ပြုံးပြီးစကားပြန်လိုက်လေသည်။

" ငါ မင်းကို သိလောက်တယ်ဆို ဘာလို့ မင်းနာမည်ကို မပြောသေးတာလဲ"

"ဟုတ်ပြီလေ...နာမည်လေးပြောရတာ ဘာမှတော့ ခက်ခက်ခဲခဲ မဟုတ်ပါဘူး...

ကျွန်တော်က ချွန်းမြောင်ပါ"

"ချွန်းမြောင်လား"

ဂျင်ဂွမ်ရုန်၏ပြုံးနေသောမျက်နှာက ချွန်းမြောင်ဟူသောအမည်ကို ကြားသည်နှင့် ချက်ချင်းပင် ပြောင်းလဲသွားလေသည်။ ဤနာမည်က သူတို့၏ဂိုဏ်းအား စော်ကားမော်ကားပြုမူသွားသောကလေး၏ နာမည်နှင့် အတူတူပင် ဖြစ်လေသည်။ သူတို့၏ဂိုဏ်းအား အန်ဟာ၏ အထောက်အပံ့ပင် ပြတ်သွားစေသော ထိုကလေးသည် ထိုမျှ ငယ်ဦးမည်ဟု မထင်ထားခဲ့ပေ။

ဒီကလေးက ငါထင်ထားတာထက်တောင် ငယ်နေပါသေးလား...

သူ၏ကျေးဇူးနှင့်ပင် ဂိုဏ်းချုပ်နှင့်အကြီးအကဲများက အလျင်စလို ညီလာခံကို ကျင်းပလိုခြင်း ဖြစ်လေသည်။ ဆုံးရှုံးသွား‌သော ဂုဏ်သိက္ခာကို ပြန်ရယူရန် ဖြစ်လေသည်။

"ငါသိပါပြီ....ဒါနဲ့ ဂိုဏ်းသားချွန်းမြောင်က အကြီးအကဲတွေကို လေးစားရမယ်ဆိုတာ မသင်ထားရဘူးနဲ့ တူတယ်နော်"

ဂျင်ဂွမ်ရုန်၏ နှိမ်ချစကားကို ချွန်းမြောင်က လေချွန် နားကုတ်ကာသာ တုံ့ပြန်လေသည်။

"စိတ်မကောင်းဘူးနော်....ဘာပြောလိုက်မှန်း သေချာမကြားလိုက်ရလို့....

အနားကို ကပ်လာပြီး ပြန်ပြောလိုက်ပါလား"

"မင်း ဘာပြောလိုက်တယ်"

"ဒီက အကိုကြီးက နားလေးနေတာလား...အနားကပ်လာပြီး ပြောလို့ ပြောနေတာ...

ပြောတာကို မကြားလိုက်ရဘူးလား"

ဂျင်ဂွမ်ရုန်၏ မျက်နှာက ချွန်းမြောင်၏စကားများကြောင့် ပိုမိုခက်ထန်လာလေသည်။

ဒီကလေးက ဘယ်လိုတောင် ပြောရဲဆိုရဲလား....

လီဆုန်ဘတ်အပြောအရဆိုလျှင် ဒီကလေးသည် တဖက်လူအား ဓါးချက်တစ်ချက်နှင့်ပင် အနိုင်ပိုင်းနိုင်သည်ဟုပင် ဆိုလေသည်။ ကြည့်ရသည်က ဤကလေးသည် ဓါးရေးလေ့ကျင့်လာသော သက်တမ်းကလည်း ကြာပုံမရသေးပေ။ ဤသည်ကိုပင် ထိုမျှတော်သည်ဆိုသည်က ချဲ့ကားပြောဆိုထားခြင်းပင် ဖြစ်သည်ဟု သူထင်လေသည်။

ထို့အပြင် ထိုကလေးသည် စိတ်ကြီးဝင်ကာ အကြီးအကဲများကို လေးစားရမှန်းမသိသည့်ပုံပင်. . ။ သူ၏ မိခင် တောင်ဘက်အစွန်အဖျားဂိုဏ်းတွင်ဆိုပါက ဓါးကို ဆွဲထုတ်ကာ ဆုံးမလိုက်မည်ဖြစ်သော်လည်း ယခုတွင်မူ အခြားသူ၏ဂိုဏ်းတွင် ဧည့်သည့်အဖြစ် ရောက်နေ၍ ထိုသို့ လုပ်၍ မရနိုင်ပေ။ သူ၏ပုံရိပ်နှင့် ဂိုဏ်း၏သိက္ခာကို ထိန်းရန်က ရှိလေသေးသည်။ ဂျင်ဂွမ်ရုန် အံကိုကြိတ်ကာ သည်းခံလိုက်လေပြီး နူးနူးညံ့ညံ့ပြန်ပြောလိုက်လေသည်။

"မင်းက ဟွာဆန်း တတိယတန်း ကလေးတစ်ယောက်မို့လား"

"ဟုတ်တယ်လေ"

"ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းဆိုတာ ဟိုးအတိတ်မှာကတည်းက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဖေးမပြီး ဆိုးတူ ကောင်းဖက် အိမ်နီးချင်းဂိုဏ်းကောင်းတွေ ဖြစ်ခဲ့ကြတာ.. ဒါကြောင့် ငါတို့ရဲ့ဆက်ဆံရေးက ကောင်းတယ်လို့ ပြောလို့ရတယ်... အခုဆိုရင်လည်း ငါက အကြီး...မင်းက အငယ်မို့ အနားကိုကပ်လာသင့်တာ မင်းမဟုတ်ဘူးလား..

မင်းမှာ ရိုသေတမှုလေး နည်းနည်းဖြစ်ဖြစ်ရှိတယ်ဆိုရင်ပေါ့"

"ဪ..အဲ့လိုလား"

ချွန်းမြောင်က တခွိခွိပင် ရယ်ကာမေးလိုက်လေ၏။

"အဲ့လိုဆို ဘာလို့ ကိုယ့်ရဲ့အကြီးအကဲကို ကိုယ် အရင်မပြောတာလဲ...အကြီးတွေရှိတဲ့ဆီကို အငယ်ကသွားရကြေးဆို ဂိုဏ်းချုပ်ဆီကို လာရမယ့်သူက သူပဲမဟုတ်ဘူးလား..သူက ဘာလို့ မသွားရတာလဲ"

အား..ချီးပဲ..

ဒီကလေး အဲ့လိုထောက်ပြလိုက်မယ်လို့ မထင်ထားဘူး။

ဂျင်ဂွမ်ရုန်က ရုတ်တရက်ပြောစရာစကားမဲ့သွားလေသည်။ သူက ချွန်းမြောင်အား ငေါက်ငမ်းဆူပူရန် စကားစပျိုးလိုက်သော်လည်း ကိုယ့်ရှူးကိုယ်ပတ်ဖြစ်ကာ အကြီးအကဲဆောင်း၏ ရိုင်းပြမှုကို ထောက်ပြစရာ ဖြစ်သွားလေသည်။

ငါတော့ စကားမှားသွားပြီ.။

"ဒါက ."

ဂျင်ဂွမ်ရုန်နှင့် ချွန်းမြောင်တို့၏စကားဝိုင်းကို ကြည့်နေသော အကြီးအကဲဆောင်းက သူ၏နာမည်အား သွယ်ဝိုက်ကာ ထည့်ခံရပြီမို့ စကားဝိုင်းသို့ ဝင်လာလေတော့သည်။

"ဒီကလေးက နှုတ်သီးကောင်း လျှာပါးပဲ...တော်ရုံမဟုတ်ဘူး"

"အကြီးအကဲ"

"ဖယ်စမ်း"

ဂျင်ဂွမ်ရုန်က အကြီးအကဲဆောင်း၏စကားကြောင့် နှုတ်ခမ်းကိုကိုက်ကာ တခွန်းမှမဆိုသာပဲ နောက်သို့ ဆုတ်သွားရလေသည်။

အကြီးအကဲဆောင်းက ချွန်းမြောင်အား ပြုံးကာပြလိုက်လေသည်။

"မင်းရဲ့ အပြောအဆိုတွေကို ကြည့်ရတာ မင်းတို့ရဲ့ဂိုဏ်းချုပ်ကို ရင်ထဲအသည်းထဲကနေ ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ...မင်းရဲ့ဆန္ဒကို ငါအသိအမှတ်ပြုပါတယ်."

"ဟုတ်ကဲ့.....ကျေးဇူးတင်ပါတယ်"

"ဒါပေမယ့် မင်းသိထားသင့်တာ တစ်ခုတော့ ရှိတယ်...မင်းရိုင်းပြတာနဲ့ ငါရိုင်းပြတာက တူမလိုလိုနဲ့ မတူဘူးရယ်... ဘာလို့လဲဆိုတာ မင်းသိလား"

"ဘာလို့လဲ"

"အင်အားနဲ့အာဏာကြောင့်ပဲ"

အကြီးအကဲဆောင်းက ထိုစကားကို လေသံတိုးလေးနှင့် ပြောလိုက်လေသည်။

"တစ်စုံတစ်ယောက်ရဲ့ မယဉ်ကျေးတာကို တစ်ဦးတစ်ယောက်က ထောက်ပြလိုက်ရင် အဲ့တာက ရိုင်းပြမှုဆိုပြီး သိသာသွားနိုင်ပေမယ့် အဲ့မယဉ်ကျေးတဲ့လူကို ထောက်ပြနိုင်လောက်တဲ့ စွမ်းရည်သတ္တိကလည်း လိုသေးတယ်.

အဲ့လိုထောက်ပြနိုင်ဖို့ အာဏာလိုသေးတယ်...မင်းသိလား...

မင်းမှားနေတာကို ထောက်ပြနိုင်တဲ့စွမ်းရည် ငါတို့မှာရှိပေမယ့် မင်းမှာက ငါ့ကိုထောက်ပြနိုင်တဲ့အာဏာစွမ်းရည်မျိုး မရှိသေးဘူး...အဲ့တော့ ငါပြောချင်တာကို မင်းနားလည်တယ်မို့လား"

အကြီးအကဲဆောင်း၏စကားကြောင့် ချွန်းမြောင်က မျက်မှောင်ကြုတ် နှာခေါင်းရှုံလိုက်လေသည်။

"ကျွန်တော်ကတော့ တခြားသူတွေရဲ့ ယဉ်ကျေးသမှုနဲ့မယဉ်ကျေးတာတွေကို စိတ်ပူနေမယ့်အစား

ခင်ဗျားကို ခင်ဗျားပဲ အပြောနဲ့အလုပ်ညီအောင် အရင်သင်ယူသင့်တယ်လို့ ထင်တယ်"

"ဒီသောက်ကလေးကတော့"

အကြီးအကဲဆောင်းက ချွန်းမြောင်ဆီမှ အပြစ်တင်ဝေဖန်ခံလိုက်ရသည်မို့ ချွန်းမြောင်အား ဆက်ကာမကြည့်တော့ဘဲ ဟွမ်းဆန်း ဘက်သို့လှည့်လိုက်လေသည်။

"စောနက ကျွန်တော့်ရဲ့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်"

"အာ..မဟုတ်တာ...အကြီးအကဲ ...ရပါတယ်"

"ကလေးတစ်ယောက်ကတောင် ကျွန်တော့်ရဲ့အမှားကို ထောက်ပြနေပြီကို ကျွန်တော်မတောင်းပန်ဘဲ ဘယ်နေလို့ ရမှာလဲ... သေချာပေါက် တောင်းပန်ရမှာပေါ့"

ဟွမ်းဆန်းကမူ အကြီးအကဲဆောင်း၏ အရွဲ့တိုက်ကာ တောင်းပန်မှုကို မည်သို့တုံ့ပြန်ရမည်ပင် မသိတော့ချေ။

သူတို့ ဟွာဆန်းအား အခုစော်ကားလိုက်၊ အခုတောင်းပန်လိုက် လုပ်နေသည်က ထူးဆန်းလွန်းသည့် အခြေအနေဟုပင် ပြောရလေမည်။

အကြီးအကဲဆောင်းက ဟွမ်းဆန်းအား တောင်းပန်ပြီးသည်နှင့် ချွန်းမြောင်စကားမစမီမှာပင် ဆက်ကာပြောလိုက်လေသည်။

"အခုလို ငယ်ငယ်ရွယ်ရွယ်မှာ သတ္တိရှိရှိ ပြောရဲဆိုရဲတာကတော့ ချီးကျူးစရာပေါ့..

ဒါပေမယ့် တစ်နေ့မှာတော့ မင်းရဲ့အပြုအမူတွေကြောင့်ပဲ မင်းခေါင်းပြုတ်လိမ့်မယ်..ငါ ပြောတာကို မြဲမြဲမှတ်ထားပါ"

အကြီးအကဲဆောင်းက ချွန်းမြောင်အား ပြောပြီးသည်နှင့် စကားပြန်ပင် မစောင့်တော့ချေ။

လှည့်ကာထွက်ခဲ့လေတော့သည်။

"သွားကြစို့"

"ဟုတ်ကဲ့ပါ..အကြီးအကဲ"

ဟွမ်းဆန်း၏ နောက်မှ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူတသိုက်က လိုက်သွားကြလေပြန်၏။

တောင်ဘက်အစွန်အဖျားဂိုဏ်းက အဝေးသို့ရောက်သွားသည်နှင့် ဂျိုဂုက ဖြူလျော်နေသောမျက်နှာနှင့် ချွန်းမြောင်အား စကားဆိုလာလေသည်။

"မင်း ရူးသွားပြီလား.. ဘာလုပ်ဖို့ ကြံစည်နေပြန်တာလဲ ..ဟမ်"

"ဘာတုန်း"

"ဘာ ..ဘာတုန်းလဲ...အဲ့လူကြီးက တောင်ဘက်အစွန်အဖျားဂိုဏ်းက အကြီးအကဲနော်..

တောင်ဘက်အစွန်အဖျားဂိုဏ်းက ..အကြီးအကဲ သိလား"

"အား"

ချွန်းမြောင်က ဂျိုဂု၏ ညို့သကျည်းကို နောက်တစ်ကြိမ်ကန်လိုက်ပြန်လေ၏။ ဂျိုဂုက အော်ဟစ်ကာ နာကြင်သွားသောနေရာကို ပွတ်လိုက်ပြီး မြေကြီးပေါ်သို့ ထိုင်ချလိုက်လေသည်။

'အား..နာလိုက်တာ"

"အကိုကြီးက ဟွာဆန်းက ဂိုဏ်းသားတစ်ယောက်မဟုတ်ဘူးလား..

အဲ့ တောင်ဘက်မျိုးမစစ်ကောင်တွေ ပြောနေတာကို အကိုကြီးကပဲ မကြားလိုက်တာလား..

အဲ့လိုစော်ကားတာမျိုးကို သည်းခံသင့်တယ်လို့ အကိုကြီးက ထင်နေတာလား"

"မင်းက ငါတို့ကရော သည်းခံချင်လွန်းလို့ သည်းခံနေတယ် ထင်လို့လား"

ယွန်းဂျွန်က မနေနိုင်စွာ ဝင်ပါရလေတော့သည်။

"ငါတို့တွေလည်း ဒေါသမထွက်ဘဲ နေမလား..

ဒါပေမယ့်လည်း သူပြောသွားတာတွေက အမှန်ပဲလေ..

ငါတို့မှာ ဘာအာဏာ ၊ ဘာအင်အားမှ မရှိဘဲ သူတို့ကို ငါတို့ ဘာလုပ်လို့ ရမှာလဲ"

"ကျွန်တော်တို့မှာ အင်အားမရှိဘူးလို့ ဘယ်သူပြောလဲ"

"ဘာ..."

ချွန်းမြောင် ခေါင်းကိုလှည့်ကာ ဖြေးဖြေးအေးအေး သွားနေကြသော တောင်ဘက်အစွန်အဖျားဂိုဏ်းမှလူများကို ကြည့်လိုက်လေသည်။

ဒီမျိုးမစစ်ကောင်တွေ...ငါတို့ ဂိုဏ်းထိလာပြီး ငါတို့ကို စော်ကားရဲတယ်..။

ဟွားဆန်း၏ပိုင်နက်နယ်မြေအထိလာကာ ဟွာဆန်းကို ပြစ်တင်ရှုံချရုံသာမက ဂိုဏ်းချုပ်ကိုပါ စော်ကားမော်ကားပြောဆိုရဲ့သည်ဆိုသည်က မဖြစ်သင့်သော ကိစ္စပေ။ ယခုလက်ရှိဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိနေသင့်သော အရည်အချင်းများပင် မရှိလင့်ကစား ဤသို့ဆက်ဆံသည်ကတော့ မဖြစ်သင့်တော့ ကိစ္စဖြစ်သည်ဟု ချွန်းမြောင်ထင်လေသည်။ ထို့အပြင် ဂိုဏ်းချုပ်ဆိုသည်က ဂိုဏ်း၏ကိုယ်စားပြု အထွတ်အမြတ်ပုဂ္ဂိုလ်လည်း ဖြစ်သည်မို့ တလေးတစားရှိနေသင့်သည်ဟုလည်း ထင်လေ၏။ ဤသည်ကို သိပါလျက်နှင့်ပင် ထိုလူတသိုက်က ပြောရဲဆိုရဲသေးသည်။

ကြည့်ကြရပေဦးမည်ပေါ့ကွာ.....

ချွန်းမြောင်၏ မျက်ဝန်းများက ဓါးထက်ထက်တစ်လက်လိုပင် အရောင်များပင် တောက်ပနေလေသည်။

"ငါ က သူတို့အပေါ် မေတ္တာထားကြည့်မလို့ စဉ်းစားနေတာကို ဒီခွေးသားတွေက လုပ်ရဲတယ်...

ကြည့်ရတာ ဒီဘဝမှာတောင် ပညာတွေပဲ ထပ်ပေးဖို့ လိုနေသေးတဲ့ပုံပဲ"

"မဟုတ်တာ...မင်း ..စိတ်လျော့စမ်း ချွန်းမြောင်"

"ချွန်းမြောင်ရေ...ကျေးဇူးပြု၍ ငါတောင်းပန်ပါတယ်ကွာ...

မလုပ်ခင်လည်း အရင်ခေါင်းလေးသုံးပြီး စဉ်းစားပါဦး..နော်"

တတိယတန်းတပည့်များက ချွန်းမြောင်၏ မျက်ဝန်းမှ အရိပ်အယောင်များကြောင့် ပြူးပြာသွားကြကာ ချွန်းမြောင်အား ချော့မော့သူက ချော့မော့၊ ဖြောင့်ဖြသူက ဖြောင့်ဖြ ဖြစ်ကုန်ကြ၏ ။ချွန်းမြောင် အမှန်တကယ်စိတ်တိုလာလျှင် သူတို့သည်လည်း မတားနိုင်သည်ကိုတော့ သူတို့လည်း သိကြပေသည်။

ချွန်းမြောင်ကမူ ခေါင်းကို တွင်တွင်ခါဆဲပင်။

"အကိုကြီးက ဒါတွေကို ကြည့်လို့ကောင်းနေကြတာလား"

"ဘာရယ်"

"အဲ့ မျိုးမစစ်တွေ လုပ်နေတာကိုလေ..

သူတို့က ဟွာဆန်းကို ပမာမခန့် လုပ်နေကြတာ အသိသာကြီးကို..

အဲ့တာကို နေ့တိုင်း ဒီကောင်တွေကို သည်းခံပြီး နေဖို့ အကိုကြီးတို့က ပြောနေကြတာလား"

"မဟုတ်ဘူး...ငါတို့က အဲ့လိုတချိန်လုံး သည်းခံနေရမယ်လို့ ပြောတာမဟုတ်ဘူး...

ဒါပေမယ့် မင်းဘယ်လိုလုပ်ပြီး သူတို့ကို.."

"ကောင်းကောင်းနားထောင်ကြ..အကိုကြီးတို့"

ချွန်းမြောင်က ရန်လိုသောမျက်လုံးများနှင့် ပြောလာလေသည်။

"အကိုကြီးတို့ ဒီကောင်တွေကို ရှုံးရင် တစ်ဘဝလုံးရှုံးပြီးပဲ...သေပြီလို့သာ မှတ်လိုက်တော့"

"...."

ချွန်းမြောင်၏စကားကြောင့် ယွန်းဂျွန်အပါအဝင် တတိယတန်းတပည့်များ အားလုံး၏ မျက်နှာများက ဖြူရော်သွေးစုတ်သွားကြလေသည်။

"အကိုကြီးတို့ ဘယ်သူကမှ ရှုံးလို့မရဘူး... ရိုက်ရိုက် ၊ ကိုက်ကိုက် ဘယ်လိုနည်းနဲ့ နိုင်ခဲ့နိုင်ခဲ့ သူတို့ကို နိုင်မှပဲ ရမယ်... တစ်ယောက်တစ်လေတောင် ရှုံးလို့မရဘူး...

ရှုံးခဲ့ရင် ရှုံးခဲ့တဲ့လူ သေရမယ်....ဒီလောက် ရင်းနှီးအားစိုက်ပြီး ပြင်ဆင်ထားရတာ ရှုံးဖို့မဟုတ်ဘူး.. ငါတို့ရဲ့ ချွေးတွေ မျက်ရည်တွေက အလကားဖြစ်လို့မရဘူး...

ရှုံးခဲ့ရင် သေဖို့ပြင်ဆင်ထား"

ချီး..ဒါက အခုဖြစ်နေတာနဲ့ ဘာဆိုင်လို့လဲ...ခွေးသားရဲ့..

ဒါက စိတ်ဓါတ်မြှင့်တင်ရေး စကားလုံးအသစ်တွေလားဟင်...

ငါတို့ရဲ့ ချွေးတွေ ၊မျက်ရည်တွေထွက်အောင် လုပ်ခဲ့တဲ့သူက မင်းပဲမဟုတ်ဘူးလား..ခွေးလေးရဲ့..

ချွန်းမြောင်က ရဲရဲတောက် စကားလုံးများကို စိတ်ပိုင်းဖြတ်ထားသော မျက်နှာကြီးနှင့် အတည်ပေါက်ကြီးပင် ပြောနေလေ၏။

" ငါ..ငါ ..ငါတို့လည်း အဲ့လို မလုပ်ချင်တာတော့ မဟုတ်ပါဘူး...ဒါပေမယ့် ငါတို့....."

"ဘာလဲ...ဘာလဲ...ငါတို့ ဘာလဲ"

ချွန်းမြောင်က ဆင်ခြေပေးလာသောသူနားသို့ ကပ်ကာ မေးလေ၏။

"နိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိကြဘူးလား"

"အ...အဲ့.အဲ့လိုဆိုတာ ထက်...ဟိုလေ"

"သေတော့ သေရဲကြတယ်ပေါ့"

"..."

"တစ်ယောက်လောက်ပဲ ရှုံးတာတွေ့ကြည့်လိုက်စမ်းပါ..

တစ်ယောက်ပဲ...တစ်ယောက်ရှုံးတာနဲ့ ပွဲပြီးပြီးပဲ.. ဟုတ်တယ်မို့လား..

ရှုံးတဲ့လူ သေရမယ်...ကျန်တဲ့လူတွေလည်း သေရမယ်..ကျွန်တော်လည်း သေမယ်"

"...."

ဟွာဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ညီလာခံဆိုသည်က ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုပင် ဖြစ်လေပြီး

ယခုနှစ်တွင်မူ တစ်စုံတစ်ယောက်၏ ဒေါသကြောင့် သွေးထွက်သံယို ဖြစ်စဉ်များက ရှိလာတော့မည့်အလားပင်။

"အဲ့ကလေးက..."

ဂျွန်ဆိုဟန် နောက်ကိုတချက်လှည့်ကြည့်လိုက်ပြီး ဂျင်ဂွမ်ရုန်ကို မေးလိုက်လေသည်။

"အကိုကြီး သူ့ကို ဘယ်လိုထင်လဲ"

"ဘယ်လိုထင်လဲဆိုတာထက် သူကတမျိုးတော့ တမျိုးပဲ... ထူးဆန်းတယ်လို့ ခံစားရတယ်...

အဲ့လိုကလေးမျိုးက ဘယ်ကနေရောက်လာလဲဆိုတာတောင် မတွေးတတ်ဘူး"

"ထားလိုက်ပါလေ"

ဂျင်ဂွမ်ရုန်က စိတ်ရှုပ်သောလေသံနှင့် ပြောလာလေသည်။

"လေလုံးထွားပြီး အပြောသန်တာ အင်အားနည်းတဲ့သူတွေရဲ့ အလုပ်ပါပဲ...

လောကကြီးက ဘယ်လောက်ကျယ်တယ်ဆိုတာ သူတို့က မသိကြဘဲ...ပြောထားနှင့်ပါစေဦး"

"အကိုကြီးပြောတာကတော့ အမှန်ပဲ...ဒါပေမယ့်..."

"သူက အဲလိုလေကြီးတဲ့အမျိုးဆိုလည်း စိတ်မပူတော့ပါဘူး..

ညီလာခံမှာ သူ့ကို ကောင်းကောင်းကြီး သင်ခန်းစာပေးဖို့ အခွင့်အရေး ရလာမှာပါ"

"ငါတော့ သူ သေးထွက်အောင်ငိုမယ့်အချိန်ကို ကြည့်ချင်နေပါပြီကွာ"

ဂျင်ဂွမ်ရုန်က ဟားတိုက်ရယ်ရင်း ပြောလိုက်လေသည်။

"အဲ့တာက ဂိုဏ်းသားကောင်းတွေ ပြောရမယ့်စကားမျိုး မဟုတ်ဘူးလေ"

"အဲ့ကလေးက ရန်ပွဲကို အရင်စတဲ့သူပဲလေ...ပြောလို့ မရဘူးလား"

"အဲ့လိုတော့လည်း ဟုတ်ပါတယ်"

ရိုးရိုးသားသားပြောရလျှင်မူ တောင်ဘက်အစွန်အဖျားဂိုဏ်းမှစကာ ရိုင်းပျရန်စခဲ့သော်လည်း ဂျင်ဂွမ်ရုန်ကမူ ချွန်းမြောင်ကိုသာ အပြစ်တင်နေလေ၏။ မှတ်သားဖွယ်ရာပင်။

"အဲ့ကိစ္စကို ဒီလောက်လည်း စိတ်ပူမနေပါနဲ့"

ဂျင်ဂွမ်ရုန်တို့၏စကားဝိုင်းထဲ့သို့ ပြဿနာခေါင်းဆောင်ကြီး အကြီးအကဲဆောင်းက ဝင်လာလေသည်။

"စစ်သည်ကောင်းတစ်ယောက်ဆိုတာ စကားနဲ့ သက်သေပြရတာ မဟုတ်ဘူး...

ဓါးနဲ့ သက်သေပြရတာ... လျှာစွမ်း ဘယ်လောက်ပဲထက်နေပါစေ ဓါးစွမ်းမထက်ရင် အလကားပဲ"

"ဟုတ်ကဲ့ပါ...အကြီးအကဲ"

"အင်အားက အရာရာတော့ မဟုတ်ဘူး...ဒါပေမယ့် အင်အားနဲ့ ကင်းလွတ်ပြီးဖြစ်တည်လာတဲ့အရာလို့တော့ ဘယ်နေရာမှာမှ မရှိဘူး...မင်း တို့အားလုံး ဒီအချက်ကို မမေ့ထားကြနဲ့"

"ကျွန်တော် ဒီစကားကို စိတ်ထဲမှာ မှတ်သားထားပါ့မယ်"

အကြီးအကဲဆောင်းက ခေါင်းငြိမ့်ကာ စကားဆိုလိုက်လေ၏။

"ဒီတစ်ခေါက် ညီလာခံကတော့ စိတ်ဝင်စားစရာ ကောင်းနေပြီပဲ...

သူတို့တွေ ဒီလောက်စိတ်ကြီးဝင်နေတာကို ကြည့်ရတာ သူတို့မှာလည်း တစ်ခုခုတော့ ရှိနေလို့ကို ဖြစ်ရမယ်...

ဘာပဲဖြစ်ဖြစ် မင်းတို့ သူတို့ကို သေချာအနိုင်ယူပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုုးပစ်ကြ...

ကြားကြလား"

"ဟုတ်ကဲ့..နားလည်ပါပြီ..ခေါင်းဆောင်"

အကြီးအကဲဆောင်းက တပည့်များ၏ဖြေသံကြောင့် တပြုံးပြုံးပင်။

ဟွာဆန်း၏ ဂိုဏ်းချုပ်ဖြစ်သူပင် ရိုရိုသေသေဆက်ဆံရသော သူ့အား တတိယတန်းကလေးတစ်ယောက်မှ မကြောက်မရွံ ဆက်ဆံလိုက်သည့်အတွက်ကြောင့် အကြီးအကဲဆောင်း စိတ်ကခုနေလေဆဲဖြစ်ပြီး ထုတ်တော့ မပြောဖြစ်ပေ။

"ခေါင်းဆောင်"

"ဘာလဲ...."

အကြီးအကဲဆောင်းအား တပည့်အချို့က အထွန့်တက်ခြင်ဟန်နှင့် ရှိနေကြသော်လည်း ဆူပုတ်ကာ ထူးလာသည့် အကြီးအကဲ၏ မျက်နှာအရိပ်အကဲအရ သူတို့ မမေးကြတော့ပေ။

"အာ...ဘာမှ မဟုတ်တော့ပါဘူး"

တပည့်များ၏ စိတ်ထဲတွင် မတင်မကျဖြစ်နေသည်က တစ်ခုရှိလေသည်။

ချွန်းမြောင်သည် အကြီးအကဲဆောင်း၏ အမှားကို ကောင်းကောင်းကြီး ထောက်ပြလိုက်လေသည်။ ဤသည်က အကြီးအကဲ၏စကားကို ထိုကလေးကြားသည်ဆိုသည့် သဘောပင်။ သူတို့သည်ပင် အထဲတွင် ချွန်းမြောင်ရှိနေသည်ကို သိမနေပေ။ သို့သော်လည်း ထိုကလေးကမူ သူတို့ပြောသည်များကိုပင် ကြားနေလေသည်။ သာမန် မဟုတ်ပေ။

ဒါက ဖြစ်နိုင်လို့လား...မဖြစ်နိုင်တာ ကြီးကို...

ငါများ အတွေးလွန်နေတာလား...

ငါကပဲ အစိုးရိမ်လွန်နေတာနေမှာပါလေ...ကလေးတစ်ယောက်က အဲ့လောက်တော့ မစွမ်းလောက်ပါဘူး...

တပည့်များက အတွေးများနေကြသကဲ့သို့ပင် အကြီးအကဲဆောင်း၏ အပြုံးကလည်း ရေရှည်မခံလိုက်ပေ။

အားလုံး၏ရင်ထဲတွင် အတွေးကိုယ်စီနှင့် လူတိုင်းက လေးလံနေကြလေသည်။ ခရီးလမ်းတုန်းကကဲ့သို့ တက်ကြွမှုမျိုးများ မရှိကြတော့ပေ။

အပိုင်း(၉၂)

မင်းတို့ အဲ့မျိုးမစစ်တွေကို နိုင်မှဖြစ်မယ်(၂)

အကြီးအကဲဆောင်းနှင့် မျက်နှာချင်းဆိုင်တွင် ဟွာဆန်း၏အဓိကလူဖြစ်သော ဟွမ်းဂျွန်က ထိုင်နေလေသည်။

ဟွမ်းဂျွန်ဆိုသူက ဟွာဆန်း၏ အဆိုးဝါးဆုံးအခြေအနေမှာပင် တောင်ခံထားကာ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားခဲ့သော ဟွာဆန်း၏ သစ္စာအရှိဆုံးလူတစ်ယောက်လည်း ဖြစ်လေသည်။ဆိုးဝါးလှသောအခြေအနေများတွင် ဂိုဏ်းချုပ်ဟူသော ဂုဏ်ကိုပင် ပဓာနမထားဘဲ ရရာနည်းနှင့် ဟွာဆန်းရှင်ကျန်နေအောင် ကြိုးစားခဲ့သူလည်း ဖြစ်ပေသည်။ ပြောရလျှင်မူ ဟွာဆန်း၏ဒုက္ခပေါင်းစုံကို ခါးစည်းခံထားရ၍ ပြိုလဲနေသူတစ်ဦးဟုလည်း ဆို၍ရပေသည်။

သို့သော် ယနေ့တွင် တွေ့ရသော ဟွမ်းဂျွန်၏အသွင်ကမူ ယခင်များနှင့်မတူ တမူထူးခြားကာ အမှန်တကယ်ပင် ဂိုဏ်းချုပ်တစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ပြည့်စုံနေလေသည်။ ဟွမ်းဂျွန်၏ဘေးတွင်မူ သိုင်းပညာသင်ကြားရေး ခေါင်းဆောင် နှင့် ဘဏ္ဍာရေးမှူးကြီးပါ ထိုင်နေလေပြီး နံဘေးတွင်မူ အန်းတပည့်များဖြစ်သည့် ယုအန်းနှင့် အန်းဂွန်တို့ပါ ရှိနေလေသည်မို့ ဟွာဆန်း၏အဓိကလူများအားလုံး ဤနေရာတွင် ရှိနေသည်ဟုလည်း ပြော၍ရပေသည်။

ဟွာဆန်း၏အကြီးအကဲအားလုံးနည်းပါးက သူ့အား ကြိုဆိုဧည့်ခံသည်မို့ တမျိုးတော့ ကျေနပ်သွားလေသည်။

ယခုအကြိမ် ညီလာခံတွင် ကြိုဆိုကြသည့် အကြီးအကဲများအားလုံး၏ မျက်နှာများသည် ယခင်အကြိမ်များကဲ့သို့ စိတ်ပျက်အားငယ် ပျက်စီးခြင်းဆိုက်နေသော အရိပ်အယောင်မျိုးလည်း မတွေ့ရပေ။ သက်တောင့်သက်သာပင် ဖြစ်ကာ အပူအပင် ကင်းနေကြသည့်ပုံပင်။

သူတို့ရဲ့ ဒီမျက်နှာပေးတွေကို ငါ မကြိုက်လိုက်တာကွာ..။

အကြီးအကဲဆောင်းက ဟွာဆန်း၏အကြီးအကဲများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်လေသည်။

ဤဟွာဆန်းမှလူများ မည်သို့သောအကြောင်းကြောင့် အပူအပင်မရှိဖြစ်နေစေကာမူ အဆုံးသတ်တွင်တော့ သူတို့အား အရှုံးပေးကာ သူတို့၏နင်းပြားဘဝသို့ ရောက်ရှိမည်က အမှန်ပင် ဖြစ်လေသည်မို့ မိမိ၏အခြေအနေကို မသိလေပဲ စိတ်ကြီးဝင်နေကြသောသူများဟုသာ အကြီးအကဲဆောင်း ကြိတ်တွေးကာ ရယ်ချင်လေသည်။ ဤသို့ ရဲဝင့်အဆင်ပြေနေသော ဟွာဆန်းမှလူများ၏ပုံရိပ်ကို သူမမြင်လိုပေ။

"လက်ဖက်ရည်လေး သောက်ပါဦး"

ဟွမ်းဂျွန်က စကားဆိုလာသည်နှင့် အကြီးအကဲဆောင်းက ခေါင်းကိုငြိမ့်ပြလိုက်လေသည်။

"အနံ့က တော်တော်လေးပြင်းတာပဲ"

"မင်း သဘောကျတယ်ဆိုရင်တော့ ဝမ်းသာပါတယ်"

"အနံ့ပြင်းတာကတော့ ကောင်းပေမယ့် ကျွန်တော်ကတော့ ဇီးပန်းပွင့်နံ့ကို မကြိုက်ဘူး"

အကြီးအကဲဆောင်း၏စကားကြောင့် ဟွမ်းဂျွန် အနည်းငယ်အံဩသွားလေပြီး ခဏအကြာမှာပင် အမူအရာကို ပြန်ထိန်းလိုက်လေ၏။

"ဘာလို့များပါလဲ...ဇီးပန်းပွင့်ကို မကြိုက်တာက"

"တောထဲမှာက ရနံ့တွေတော်တော်များများ ရှိကြပါတယ်... မြေဆီနံ့၊ သစ်ပင်သစ်ခေါက်နံ့၊ မြက်စိမ်းနံ့ အစရှိသဖြင့် မျိုးစုံရှိပါတယ်...ဒါပေမယ့် ဇီးပန်းပွင့်တွေ ပွင့်ချိန်ရောက်ရင် ဘယ်အနံ့မှ မတိုးနိုင်တော့ဘူး...

တစ်တောလုံး သူ့အနံ့ချည်းပဲ..ဘယ်ရောက်ရောက် ဒီအနံ့ပဲ... ပတ်ဝန်းကျင်တစ်ခုလုံးကို သူ့အနံ့ကပဲဖုံးလွှမ်းပြီး အကုန်လုံးကို စိုးမိုးထားတာ"

မင်းတို့ ဟွာဆန်း အတိတ်တုန်းက ဂိုဏ်းတွေအပေါ်မှာ အရိပ်ထိုးလွှမ်းမိုးထားခဲ့သလိုမျိုးလေ...။

"လောကကြီးဆိုတာက ဒီကမ္ဘာလောကကြီးပေါ်မှာရှိတဲ့အရာတွေအားလုံး ဟန်ချက်ညီညီနဲ့ ယဉ်တွဲပြီး နေသင့်တဲ့နေရာ... ဒါကပဲ ကျွန်တော် လွှမ်းမိုးမှုများလွန်းတဲ့ ဇီးပန်းပွင့်တွေကို မကြိုက်ရတဲ့အကြောင်းအရင်းပဲ..."

အကြီးအကဲဆောင်းက တမင်ပင် ရည်ရွယ်ချက်ရှိရှိပြောနေသောအခါတွင်မူ အန်းဂွန်နှင့် ယုအန်းတို့က မျက်နှာပျက်လာလေကြတော့သည်။ သို့သော် ဂိုဏ်းချုပ်ဖြစ်သူကမူ အေးအေးလူလူပင်မို့ သည်းခံကာသာ နေလိုက်ရလေသည်။

ဟွမ်းအကြီးအကဲများကမူ အကြီးအကဲဆောင်း၏စကားအပေါ်တွင် အတွေးများနေကြဆဲပင် ဖြစ်လေ၏။

သူပြောချင်တာက ငါတို့ဟွာဆန်းက နောက်တစ်ကြိမ်အင်အားပြန်ကောင်းလာရင် တခြားဂိုဏ်းတွေနဲ့ သာတူညီမျှ မနေနိုင်လောက်ဘူးဆိုတဲ့ သဘောကို ပြောချင်တာလား...။

တောင်ဘက်အစွန်အဖျားဂိုဏ်းသည် သူတို့၏အတိတ်မှ နာကြင်ခါးသီးမှုများကို မလွှတ်ချနိုင်သေးသော်လည်း ဂိုဏ်းချုပ်တစ်ယောက်၏ရှေ့တွင်မူ ဤစကားများသည်က ပြောသင့်သောစကားများ မဟုတ်ပေ။ သို့သော်လည်း အကြီးအကဲဆောင်း၏ မလျော်ကန်သောအပြုအမူများကို ပြစ်တင်ပြောဆိုသူကလည်း ရှိမနေပေ။ မပြောဆိုရဲသည်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ အကြီးအကဲဆောင်း ပြောသကဲ့သို့ပင် အင်အားနှင့်အာဏာသည်သာလျှင် အရေးကြီးဆုံးဖြစ်လေပြီး လက်ဗလာနှင့် ဟွာဆန်းမှလူများအဖို့ ဂိုဏ်းထိပါ လာရောက်စော်ကားပြောဆိုနေသည်ကို သည်းခံနေကြရန်သာ တတ်နိုင်ကြလေသည်။

စကားအနည်းငယ်မျှ ပြောပြီးသောအခါတွင်မူ စကားဝိုင်းကို ဦးဆောင်ကာ အညွှန့်ချိုးလိုက်သော အကြီးအကဲဆောင်းက ပြုံးကာပြောလာပြန်လေသည်။

"ဂိုဏ်းချုပ်"

"ပြောပါ"

"ကျွန်တော်တို့ တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒီနှစ်ညီလာခံပြီးရင် နောက်ထပ်ညီလာခံတွေ ထပ်ကျင်းပဖို့ ဆန္ဒမရှိတော့ပါဘူး"

အကြီးအကဲဆောင်း၏စကားကြောင့် ဟွမ်းဂျွန် မျက်မှောင်ကြုတ်သွားလေသည်။

"အကြောင်းပြချက်ကို သိလို့ရမလား"

"ရိုးရိုးလေးပါ"

အကြီးအကဲဆောင်းက ခပ်ပြုံးပြုံးအနေအထားနှင့်ပင် ဆက်ကာပြောလေသည်။

"ဘာလို့လဲဆိုတော့ ဟွာဆန်းနဲ့ ညီလာခံကျင်းပရတာက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ တိုးတက်မှုကို အထောက်အကူမဖြစ်စေလို့ပါ...ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းကြားက ကွာခြားချက်ကြီးကလည်း ကြီးမားလွန်းတယ်မို့လား...ဆက်ပြီး ကျင်းပနေလည်း ကျွန်တော်တို့အတွက် အကျိုးမရှိလို့ နောက်ထပ်မကျင်းပဖို့ ဆုံးဖြတ်လိုက်တာပါ"

ဟွမ်းဂျွန် မျက်စိကို တင်းတင်းပိတ်ကာ သည်းခံလိုက်လေသည်။ ဟွာဆန်းအား စော်ကားနှိမ့်ချသောစကားများကို ထီမထင်သောမျက်နှာပေးနှင့် ပြောနေသည်က တမင်ပင် သူတို့ဟွာဆန်းအား မထီမဲ့မြင် ပြုနေခြင်းပင်။ သို့သော်လည်း ဤမထီမဲ့မြင်ပြုနေခြင်းအား အားလုံးက သည်းခံကာသာ ထိုင်နေကြရလေသည်။

ဒီ ခွေးမျိုးမစစ်ကတော့ ...

ဟွမ်းဂျွန်၏ လက်သီးဆုပ်များက တုန်ယင်နေလေသည်။ ဒေါသကြောင့်ပင်။

ဂိုဏ်းချုပ်တစ်ယောက်၏ ရှေ့တွင်ပင် ဤမျှစော်ကားနှိမ့်ချသောစကားမျိုးကို ပြောရဲလေသည်။ တစ်စုံတစ်ယောက်ကသာ သူတို့၏ဂိုဏ်းချုပ်အား ဤသို့ပြောဆိုလျှင် မည်သို့နေမည်နည်း။

ဟွမ်းဂျွန် ဒေါသကို မြိုသိပ်ကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။

"ညီလာခံဆိုတာက ဂိုဏ်းတစ်ဂိုဏ်းတိုးတက်လာအောင် အထောက်အကူပြုပေးဖို့ ဖွင့်ထားတာ မဟုတ်ပါဘူး...

ပထမဦးဆုံးသောရည်ရွယ်ချက်က ဂိုဏ်းနှစ်ဂိုဏ်းကြားထဲမှာရှိတဲ့ ချစ်ကြည်ရေးကို အဓွန့်ရှည်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြတာပါ"

"ဒါက ဟန်ပြသက်သက်အကြောင်းပြချက်ကြီးပဲလေ"

အကြီးအကဲဆောင်းက ဟွမ်းဂျွန်၏စကားကို အရိုအသေတန်စွာပင် ဖြတ်ပြောလေ၏။

ဟွမ်းဂျွန်၏ဘဝတွင် ဤမျှအကြိမ်ကြိမ်စော်ကားခံရမည်ဟုလည်း မတွေးဖူးပေ။ ဟွမ်းဂျွန်နှုတ်ခမ်းကို ကိုက်ကာ သည်းခံလိုက်ပြီး နံဘေးရှိဟွမ်းဆန်းအား ကြည့်လိုက်လေသည်။ ဟွမ်းဆန်းသည်လည်း သူနည်းတူပင် နှုတ်ခမ်းကိုကိုက်ကာ သည်းခံထားပုံရလေသည်။

သူ ဒီလောက်စော်စော်ကားကားပြောဖို့ လိုလို့လား...။

ဂိုဏ်းနှစ်ဂိုဏ်းက နံ့သာဆီနှင့် အီး ကဲ့သို့ပင် လားလားမှ မအပ်စပ်ဘဲ တခြားစီဖြစ်နေသည်ကို ယခင်က ဟွာဆန်းက သတိမထားမိခဲ့ကြပေ။ ယခုမှသာ သတိထားမိလာကြလေတော့သည်။

ဟွာဆန်းသည် သမိုင်းအစဉ်အလာနှင့် ထွန်းပေါက်အောင်မြင်ခဲ့သောဂိုဏ်းတစ်ဂိုဏ်းဖြစ်လေပြီး ဂိုဏ်းတည်ထောင်ပြီး နှစ်များစွာမကြာမီမှာပင် ဂိုဏ်းကြီးကိုးဂိုဏ်းတွင် မားမားမတ်မတ်ရပ်တည်ပါဝင်နိုင်ခဲ့ပြီး အအောင်မြင်ဆုံး ဂိုဏ်းလည်း ဖြစ်ခဲ့လေသည်။ ထိုမျှ အောင်မြင်မှုသရဖူးဆောင်းခဲ့သောအချိန်များမှာပင် ဟွာဆန်းသည် မည်မျှစုတ်ခြာသော ဂိုဏ်းဖြစ်စေကာမူ ခွဲခြားဆက်ဆံကာ စော်ကားပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။

ထိုသို့ စော်ကားပြောဆိုခံရခြင်းကိုလည်း ယခုမှသာ ကြုံဖူးလေတော့သည်။

အကြီးအကဲဆောင်းကမူ အသီးသီးမျက်နှာပျက်နေကြသော ဟွာဆန်းမှအကြီးအကဲများကို ကြည့်ကာ မဲ့ပြုံးသာ ပြုံးနေလိုက်လေသည်။ သူ၏ရိုက်ချက်က မည်မျှပြင်းထန်သည်ကို အကြီးအကဲများ၏မျက်နှာကို ကြည့်သည်နှင့်ပင် သိနိုင်လေသည်။

သိုင်းပညာလောကဆိုသည်က အညှာတာကင်းတာ ရက်စက်မှုများ ပြည့်နှက်နေသော အသိုင်းအဝိုင်းတစ်ခုဖြစ်လေသည်။ အင်အားနည်းသူက အင်အားကြီးသူ၏ နင်းခြေဖျက်စီးခြင်းကို ကြိမ်းသေပေါက်ပင် ခံရမည်ဖြစ်ပြီး ထိုဒုက္ခမှ ရှောင်ရှားရန်နည်းလမ်းရန် မရှိပေ။ မိမိကိုယ်တိုင်သာ အင်အားကြီးသူဖြစ်အောင် လုပ်ရမည်ပင်။ ယခုဟွာဆန်းသည်က ယိုင်နန အခြေအနေနှင့် အသက်ငင်နေသော လူတစ်ယောက်ကဲ့သို့ပင်။ သူတို့ နင်းခြေသည်က အဆန်းမဟုတ်ပေ။

အကြီးအကဲဆောင်းက တိတ်ဆိတ်နေသော အကြီးအကဲများကို ကြည့်ကာ ထပ်ပြောလေ၏။

"တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းဆိုတာက ဘယ်တုန်းကမှလည်း ဆက်ဆံရေးကောင်းကောင်း ရှိခဲ့တာမဟုတ်ဘူး... ရိုးရိုးသားသားပြောရမယ်ဆိုရင် မိတ်ဆွေဆိုတာထက် ရန်သူတွေဆိုတာကမှ ပိုသင့်တော်ဦးမယ်... အခုဆိုရင် ဒီအခန်းထဲက လူတွေကလည်း ကျွန်တော့်ကို ဝါးစားချင်နေတော့မယ်လို့ ကျွန်တော်ထင်တယ်... နုတ်နုတ်စင်းပြီးတော့လေ...အရိုးတောင် မကျန်အောင်ပေါ့"

"အဲ့လောက်တော့ မဆိုးဝါးသေးပါဘူး"

"ဒါပေမယ့် ဘယ်သူမှတော့ ကျွန်တော့်ကို စိတ်တိုင်းမကျကြတော့ဘူးမို့လား...

မဟုတ်ဘူး...ကြည့်ရတာ တောင်ဘက်အစွန်အဖျားတစ်ဂိုဏ်းလုံးကိုတောင် စိတ်တိုနေကြလောက်ပြီ...

ခင်ဗျားတို့တွေ"

မည်သူကမှ အကြီးအကဲဆောင်း၏စကားကို ပြန်မဖြေကြပေ။

အကြီးအကဲဆောင်း၏ စကားများကို ဘူးခံငြင်းရန်ကလည်း မဖြစ်နိုင်ပေ။ သူတို့အားလုံးအမှန်တကယ်ပင် စိတ်တိုနေကြခြင်း ဖြစ်လေသည်။

"ဆိုတော့ ဒီဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းထားစရာ အကြောင်းမရှိတော့ဘူးလို့ ထင်ပါတယ်"

အကြီးအကဲဆောင်း၏လေသံက အလွန်ပင် ပြတ်သားနေလေသည်။ ဆုံးဖြတ်ချက်ကို အပြီးသတ်ပင် ချထားသည့်ပုံပင်။

ထိုသို့ ပြောလိုက်ခြင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ဟွာဆန်းတို့၏ ဆက်ဆံရေးကို အတိအလင်း ကြေညာလိုက်သည့် သဘောပင်။ မိတ်ဆွေများ မဟုတ်ကြ။ ရန်သူများ ဖြစ်ကြသည်ဟုပင်။

ကြည့်ရသည်က ဟွာဆန်းအား အပြီးသတ်ချေမှုန်းကာ သူတို့၏ခြေဖဝါးအောက်တွင်ပင် နင်းခြေထားနိုင်မည်ဟု တွေးထားကြသည့်ပုံပင်။ ဟားတိုက်၍ပင် ရယ်လိုက်ချင်စရာပင်။ သို့သော် ဟွမ်းဂျွန် မရယ်နိုင်ပေ။ မည်သူကမှလည်း တစ်စုံတစ်ရာ ပြောဆိုနိုင်ခြင်း မရှိကြတော့ပေ။ ယုအန်းကမူ မနေနိုင်စွာနှင့် ပြောလာလေသည်။

"ဒါက ရုတ်တရက်မဆန်လွန်းဘူးလား"

"ဒါက ဟိုးအရင်ကတည်းကတောင် လုပ်သင့်ခဲ့တာမျိုးပါ"

"အကြီးအကဲ"

အကြီးအကဲဆောင်း၏ စကားကို ယုအန်းသည်းခံနိုင်ခြင်း မရှိတော့ပေ။ အကြီးအကဲဆောင်းကမူ ဒေါသပေါက်ကွဲနေသော ယုအန်းအား အထင်သေးသောမျက်လုံးများနှင့်ပင် ကြည့်နေသေး၏။

"ဒါဆို ဟွာဆန်းက ကျွန်တော်တို့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ လက်ရည်တူ ယှဉ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့လား"

ယုအန်းက ရုတ်တရက် အဖြေမဲ့သွားလေသည် ။ ဤသည်ကိုပင် ကြည့်ကာ အကြီးအကဲဆောင်းက ဆက်ပြောလေသည်။

"ကျွန်တော့်အမြင်ကို ပြောရရင်တော့ ကျွန်တော်တို့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို အခုချိန်ထိ စေတနာအပြည့်ထားပြီး တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးခဲ့တာတွေ ချည်းပဲ ...အခုအချိန်ထိပေါ့"

"စေတနာအပြည့်နဲ့ အကောင်းဆုံးတွေလုပ်ပေးတယ် ဟုတ်လား...

တော်တော် ပလီပလာပြောတတ်တာပဲ"

ယုအန်းက ဒေါသမထိန်းနိုင်စွာ ပြောလေတော့သည်။ ယုအန်း၏ တုံ့ပြန်မှုအား ကြည့်ကာ အကြီးအကဲဆောင်းကမူ ကျယ်လောင်စွာ လှောင်ရယ်နေလေတော့သည်။

"ဘာက ပလီပလာဖြစ်နေတာလဲ..."

"......"

"တောင်ဘက်အစွန်အဖျားဂိုဏ်းဖြစ်တဲ့ ငါတို့က အတိတ်ကရော အခုထိရော ကူညီပေးနေတယ် ၊အကောင်းဆုံးတွေပဲ လုပ်ပေးနေတယ် ဟုတ်တယ်လေ. ..မင်း တို့ရဲ့ ဗလာသက်သက်ဟွာဆန်းက ကျင်းပတဲ့ ညီလာခံတွေဆို ငါတို့က တတ်နိုင်သလောက် ထောက်ပံ့ပြီး မင်းတို့ရဲ့ ညီလာခံကြီးမှာ လာပြီးပါဝင်ပေးတယ်လေ....ဒါကိုတောင် မင်းတို့က ငါတို့တောင်ဘက်အစွန်အဖျားဂိုဏ်းကို အပြစ်တင်ရဲသေးတယ်ပေါ့..."

အကြီးအကဲဆောင်းပြောနေသည်က အလိမ်အညာများပင်။ တစ်စုံတစ်ရာပင် ထောက်ပံ့မှုမရှိဘဲ ချို့တဲ့သော ဟွာဆန်းကိုပင် အမြဲလိုလို အိမ်ရှင်ဂိုဏ်းလုပ်ကာ ကျင်းပခိုင်းခြင်း ဖြစ်လေသည်။

ယုအန်းကမူ အံကိုကြိတ်ကာ ကြည့်လိုက်လေသည်။

နှစ်စဉ်လိုပင် ဟွာဆန်းသို့ လာကာ ဟွာဆန်း၏မွဲတေမှုကို လှောင်ရယ်၊ သူတို့၏ သိုင်းပညာများကို လာရောက်ကာ ကြွားဝါနေကြသော ဤဂိုဏ်းကို သူ မည်သို့တုံ့ပြန်ရမည်ပင် မသိတော့ပေ။ ခံပြင်းလွန်း၍ ဖြစ်လေသည်။

"ဂိုဏ်းချုပ်"

အကြီးအကဲဆောင်းက အေးအေးလူလူပင် ပြောလာလေသည်။

"ဒါက လက်ခံဖို့ ခက်ခဲနေတာကို ကျွန်တော်နားလည်ပါတယ်... ဒီတစ်ခေါက် ညီလာခံရဲ့ ရလဒ်ကိုကြည့်ပြီးတော့မှ ဒီကိစ္စကို ဆက်ပြီးဆွေးနွေးကြတာပေါ့... ကလေးတွေကို ရုတ်ရုတ်သဲသဲတော့ မဖြစ်သွားစေချင်ဘူးဆိုရင်တော့ ခေါင်းအေးအေးနဲ့ ပြန်ပြီး စဉ်းစားကြည့်ပါဦး"

အကြီးအကဲဆောင်းက ပြောပြီးသည်နှင့် သူ၏ခုံမှ ထလိုက်ကာ မည်သူ့ကိုမှ ခွင့်မတောင်းဘဲ အခန်းထဲမှ ထွက်သွားရန် ပြင်လိုက်လေသည်။

လူတိုင်းကမူ ထိုအပြုအမူကြောင့် ပို၍ပင် အံ့အားသင့်သွားကြပြီး ရှေ့ဆက်ကာ မည်သို့လုပ်ဆောင်ကြရမည်ကို တွေးတောနေကြစဉ်မှာပင် ဂိုဏ်းချုပ်ဖြစ်သူ ဟွမ်းဂျွန်က မေးလာလေသည်။

"ညီလာခံပြီးသွားရင်ရော တောင်ဘက်အစွန်အဖျားဂိုဏ်းက ဘယ်လိုဆက်လုပ်မှာလဲ"

ဟွမ်းဂျွန်၏အမေးကြောင့် အကြီးအကဲဆောင်းက ခေါင်းမလှည့်ဘဲ ဖြေလိုက်လေသည်။

"အဲ့တာက ကျွန်တော်ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်တော့ဘူး"

ထို့နောက်တွင်မူ အခန်းတွင်းမှ ထွက်သွားလေတော့သည်။

အခန်းတွင်းတွင်မူ မွန်းကြပ်သောစိတ်အစဉ်နှင့် လူများသာ ကျန်နေရစ်ခဲ့ကြလေသည်။

"သူတို့ ဘယ်လိုများ ဒီလိုစကားမျိုး ပြောထွက်နိုင်ရတာလဲ"

ဟွမ်းရုန်ကမူ ဒေါသကို ထပ်ကာ မချုပ်တီးထားနိုင်တော့ဘဲ မေးလာလေသည်။ ဒေါသတကြီး ထုလိုက်သည့်အတွက်ကြောင့် စားပွဲပေါ်တွင် အက်ကြောင်းများလည်း ထင်လာလေ၏။

သို့သော် မည်သူကမှ အချိန်နှောင်းမှ မိုးကောင်းနေသော သူ့အား အပြစ်တင်ရန် အာရုံမရကြပေ။

အန်းဂွန်က ဦးစွာ စကားစလာလေသည်။

"သူတို့က ညီလာခံကျင်းပတိုင်း စိတ်ကြီးဝင်နေတာကနေ ဒီတခေါက်တော့ ကျွန်တော်တို့ဟွာဆန်းကိုပါ မထီမဲ့မြင် လုပ်လာခဲ့ပြီ"

"ဟုတ်တယ်...ပြောရရင် သူတို့ တအားလွန်သွားပြီ"

"ဂိုဏ်းချုပ်တစ်ယောက်ကို ဒီလိုစော်စော်ကားကား ဘယ်လိုတောင် ပြောရဲရတာလဲ"

"ဒါက တောင်ဘက်အစွန်အဖျားဂိုဏ်းက ဟွာဆန်းအပေါ်မှာ ဘယ်လိုသဘောထားတယ်ဆိုတာကို ပြသလိုက်တာပဲ"

မည်သူကမှ သူတို့၏ဒေါသများကို ထိန်းချုပ်မထားတော့ဘဲ အမြင်များကို ပြောလာကြလေတော့သည်။

ဟွမ်းဂျွန်တစ်ယောက်သာလျှင် ဝမ်းနည်းသောမျက်နှာနှင့် ငြိမ်နေလေ၏။

"ထားလိုက်ပါတော့"

"ဂိုဏ်းချုပ်"

"တခါတလေတော့လည်း စကားလုံးတွေက အနှစ်သာရမဲ့ဖြစ်တတ်ပါတယ်...

အခုငါတို့ပြောနေတဲ့စကားတွေက ဘာအကျိုးများ ထူးလာစေမှာမို့လဲ"

ဟွမ်းဂျွန်၏စကားကြောင့် အားလုံးက အရိုအသေပေးကာ နှုတ်ဆိတ်သွားကြလေသည်။

"ငါ ဘယ်လိုစော်ကားမှုမျိုးကိုမဆို ငါခံနိုင်ပါတယ်... ငါ့မျက်နှာကို တံတွေးနဲ့လာထွေးရင်တောင် လိုအပ်ရင် ငါပြုံးပြလိုက်မှာပါ...ငါ အခုစိတ်ပူနေတာက သူတို့ညီလာခံဆက်ပြီး မကျင်းပတော့မှာကို မဟုတ်ဘူး...တခြားတစ်ခုပဲ"

"..ဘာများ.."

"ငါ ကလေးတွေကို စိတ်ပူတယ်"

"အာ.."

"သူပြောသွားတဲ့ပုံကို ကြည့်ရတာ သူတို့နဲ့ငါတို့ ဘယ်လောက်ကွာခြားတယ်ဆိုတာကို ပြဖို့ ကြိုးစားမယ့်ပုံပဲ..

ကလေးတွေ မတရားအနိုင်ကျင့်ခံနေရမှာကိုပဲ ငါစိတ်ပူတယ်"

ဟွမ်းဂျွန်၏ မျက်နှာက ခါးသီးမှုအပြည့်နှင့်ပင်။ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် မိမိဂိုဏ်းမှကလေးများအပေါ်တွင် ကျရောက်တော့မည့် ဘေးဒုက္ခကို ကြိုသိနေ၍ မည်သို့မျှပင် စိတ်မအေးနိုင်သည့်ပုံပင်။

"ဒါဆိုလည်း ...အခုကနေ စပြီးတော့..."

ယုအန်းက ' အခုကနေစပြီးတော့ ညီလာခံကို ဖျက်သိမ်းလိုက်ကြရအောင်' ဟု ပြောချင်သော်လည်း မပြောဘဲ နှုတ်ခမ်းကိုကိုက်ကာသာ နှုတ်ဆိတ်နေလိုက်လေသည်။ ယခုအခြေအနေက လွန်သွားပြီဖြစ်လေသည်။

ကလေးများက အခြေအနေများကို နားလည်ကာ ညီလာခံတွင် ကောင်းကောင်းကာကွယ်နိုင်ရန်သာ ဆုတောင်းရလေတော့မည်။

"ငါ့ရဲ့ အပြစ်တွေကလည်း ကြီးမားလိုက်တာ"

ဟွမ်းဂျွန်က ညည်းတွားရင်း သက်ပြင်းလေးကြီးကို ချလိုက်လေသည်။ မည်သူကမှလည်း အချင်းချင်းနှစ်သိမ့်ပေးရန် စကားစရှာမရသည့်အလားပင်။

အန်းဂွန်က အခန်းတွင်း လေထုအခြေအနေကို ပြန်လည်ထိန်းရန်အတွက် စကားအနည်းငယ် စပြောလိုက်လေ၏။

"ဂိုဏ်းချုပ်...အဲ့လောက်ကြီးတော့ စိုးရိမ်နေစရာ လိုမယ်မထင်ပါဘူး"

အန်းဂွန်၏စကားကြောင့် ဟွမ်းဂျွန်က လှည့်ကြည့်လာလေသည်။

"သူတို့က ရှန်ရှီတစ်ခွင်မှာ သူတို့ကသာ အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနိုင်ဖို့ ဟွာဆန်းကို သူတို့ လက်အောက်ရောက်အောင် တမင်သက်သက်တွန်းပို့နေတာ မို့လား...

ကျွန်တော်တို့ ဟွာဆန်းကို သူတို့လက်အောက်ခံအဖြစ် ထားဖို့က သူတို့ရဲ့ အဓိကရည်ရွယ်ချက်ပဲမို့လား.."

"ဟုတ်တယ်...ဒါပေမယ့် ငါတို့မှ သူတို့လို့ အင်အားမရှိတာ...ဘာ လှည့်ကွက်မှလည်း ငါတို့မှာ မရှိဘူး"

"လှည့်ကွက်တွေ မလိုပါဘူး... ကျွန်တော်တို့က သူတို့ဖြစ်ချင်တာကို လွယ်လွယ်မဖြစ်ရအောင် ကြိုးစားနိုင်ဖို့ပဲ လိုတာ"

"..."

"ဂိုဏ်းချုပ်"

သူပြောသည်ကို နားထောင်နေသော ဟွမ်းဂျွန်ကိုကြည့်ကာ အန်းဂွန်က အသာအယာပြုံးပြလိုက်ပြီး ဆက်ကာပြောလေသည်။

"ကလေးတွေကို ယုံကြည်လိုက်ပါ... ကျွန်တော်တို့ သတင်းကောင်းတွေ ကြားရကောင်း ကြားရနိုင်ပါတယ်"

"......"

အန်းဂွန်၏စကားကြောင့် လူတိုင်းက အန်းဂွန်အား မယုံကြည်နိုင်သောအကြည့်များနှင့် ကြည့်လာကြသည်ကို အန်းဂွန် အပြုံးလေးနှင့်သာ တုံ့ပြန်လိုက်လေသည်။

ချွန်းမြောင်ရေ....မင်းကိုယ်မင်း သက်သေပြရမယ့် အချိန်ရောက်ပြီဟေ့....ငါတို့ကို စိတ်ပျက်ရအောင် မလုပ်လိုက်ပါနဲ့.....ကျေးဇူးပြု၍...။

အပိုင်း(၉၃)

မင်းတို့ အဲ့မျိုးမစစ်တွေကို နိုင်မှဖြစ်မယ်(၃)

ဇီးပန်းပြာအဆောင်ထဲတွင် ဖြစ်လေသည်။ ဇီးပန်းပြာဆောင်ကို ဧည့်ဆောင်အဖြစ် သတ်မှတ်ပေးထားသည်မို့ လတ်တလောဧည့်သည်များဖြစ်သည့် တောင်ဘက်အစွန်အဖျားမှ ကလေးများရှိနေကြလေသည်။ အခန်းတွင်းလေထုကလည်း မနှစ်မြို့သော အငွေ့အသက်များ ပြည့်နှက်နေသကဲ့သို့ပင်။

အလယ်တည့်တည့်ခုံတွင် ထိုင်နေသော ဂျင်ဂွမ်ရုန်က မျက်မှောင်ကြုတ်လိုက်ကာ တိုးတိုးရေရွတ်လိုက်လေသည်။

"ငါ ဒါကြီးကို လုံးဝသဘောကို မကျဘူး"

ဂျင်ဂွမ်ရုန်က စားလက်စကို လက်စသတ်လိုက်လေသည်။ ကောင်းမွန်စွာချက်ပြုတ်ထားသော ခံတွင်းတွေ့ဖွယ်ရာ ဟင်းလျာများနှင့် ဟာနေသောဝမ်းဗိုက်ကို ဖြည့်တင်းလိုက်ပြီးနောက် အလိုမကျသည့်စိတ်ခံစားချက်များက ဂျင်ဂွမ်ရုန်၏ အတွေးထဲသို့ ဝင်ရောက်လာကြပြန်လေသည်။

"သူတို့က ရွှေတွင်းကြီးများ တွေ့ထားကြတာလား"

ချို့တဲ့ဆင်းရဲလွန်းသော ဟွာဆန်းဂိုဏ်းက တောင်ဘက်အစွန်အဖျားဂိုဏ်းထက် အစစအရာရာသာလွန်နေခြင်းကို သူ လက်မခံနိုင်ခြင်း ဖြစ်လေသည်။ အမြဲချို့တဲ့နေသော အလှောင်ခံဂိုဏ်းက ရုတ်တရက်ကြီး ကြွယ်ဝနေသည်ကို တွေ့ရသည်က အသားမကျနိုင်ပေ။ ဂျင်ဂွမ်ရုန် ဆူပုတ်ပုတ်မျက်နှာနှင့် ဘေးဘီကို ဝေ့ဝဲကာ ကြည့်လိုက်လေသည်။

ဂျွန်ဆိုဟန်က သူ့အား တချက်ကြည့်ပြီး ကြောင်တောင်တောင်နှင့် ပြုံးပြလာလေသည်။

ဂျင်ဂွမ်ရုန်သည် သာမန်အားဖြင့် အလွန်ပင်နူးညံ့သော လူတစ်ယောက်ဖြစ်လေသည်။ သို့သော် အမှန်ပင် နူးညံ့သူဟု တွေးထင်လိုက်လျှင်မူ မှားပေလိမ့်မည်။ ဂျင်ဂွမ်ရုန်သည် ပင်လယ်ပြင်ကြီးကဲ့သို့ပင် မာယာများလှသူ ဖြစ်လေသည်။ တခါတစ်ရံတွင် နူးညံ့သိမ်မွေ့နေသလောက် တခါတစ်ရံတွင်မူ ကြောက်မက်ဖွယ်လိလိပင်။

ဂျွန်ဆိုဟန်က ဂျင်ဂွမ်ရုန်အား ပြုံးပြကာ ပြောလာလေသည်။

"ကြည့်ရတာ အခုဟွာဆန်းဂိုဏ်းက ပိုက်ဆံတအားပေါလာတဲ့ပုံပဲနော်"

"အင်း"

"ဒါပေမယ့် သိုင်းပညာကို အခြေခံတဲ့ဂိုဏ်းက ပိုက်ဆံဘယ်လောက်ပေါပေါ သိုင်းပညာမတတ်မှတော့ ဘာလုပ်လို့ ရမှာလဲ"

"ဒါလည်း ဟုတ်တာပဲ"

ဂျင်ဂွမ်ရုန်က နေရာမှ ခပ်ဖြည်းဖြည်း ထလိုက်လေသည်။ ထို့နောက်တွင်မူ နေရာတွင်ရှိနေသော ဆရာတူညီအကိုများကို ကြည့်ကာ အော်လိုက်လေ၏။

"ဒါပေမယ့်"

"ငါတို့အားလုံးကို အနိုင်ယူနိုင်ကြရမယ်"

လူတိုင်းက ဂျင်ဂွမ်ရုန်၏စကားကို နားထောင်နေကြလေသည်။

"ဂုဏ်သိက္ခာ၊၊ ကြွယ်ဝချမ်းသာမှု၊ သိုင်းပညာ အရာအားလုံးမှာ ငါတို့ကပဲ သာနေအောင် ငါတို့ ကြိုးစားကြရမယ်...

သူတို့ထက် နှိမ့်ချနေတယ်ဆိုတာ မရှိစေရဘူး... ပြောရရင်တော့ ဒီစိန်ခေါ်မှုကို အရင်စခဲ့တာက ဟွာဆန်းကလူပဲ..

မင်းတို့ မေ့သွားကြပြီလား...ငါတို့ ဂိုဏ်းကို အန်ဟာအဖွဲ့အစည်းမှာ ဘယ်လိုအရှက်ခွဲခဲ့တယ်ဆိုတာ"

ဂျင်ဂွမ်ရုန်၏စကားကြောင့် တပည့်များ၏မျက်လုံးများက ခံပြင်းစိတ်ကြောင့် အရောင်တောက်လာကြလေသည်။

"မင်းတို့ ကိုယ်ကိုယ်ကိုယ်လည်း အမြဲသတိကပ်ထားကြပါ...

မင်းတို့က ဒီမှာသူတို့ပေးထားတာတွေကို ကောင်းကောင်းစား ကောင်းကောင်းနေပြီး သာယာနေကြရမယ့်သူတွေ မဟုတ်ဘူးဆိုတာ...ငါတို့ရဲ့ အဓိကရည်ရွယ်ချက်ကိုလည်း မမေ့ကြပါနဲ့...ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဂုဏ်ကို ထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေကို ငါတို့က ဘယ်တော့မှ ခွင့်မလွတ်ဘူးဆိုတာ ခေါင်းထဲမှာ မြဲမြဲထည့်ထားကြပါ"

"ကျွန်တော်တို့ စိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်...ဆရာတူအကိုကြီး"

"ကျွန်တော်တို့အမြဲ ဂိုဏ်းရဲ့ဂုဏ်ကို ထိန်းသိမ်းနေပါ့မယ်"

ဖြောင်း..ဖြောင်း..ဖြောင်း...

တံခါးက ပွင့်လာလေပြီး လက်ခုပ်သံတဖြောင်းဖြောင်း နှင့် အကြီးအကဲဆောင်းက ဝင်လာလေသည်။

"တော်လိုက်ကြတာ"

"အကြီးအကဲ"

အကြီးအကဲဆောင်းက အခန်းတွင်းရှိ တပည့်များအားလုံးကို သဘောတကျပြုံးပြလိုက်လေသည်။

"ဂျင်ဂွမ်ရုန် ပြောတာတွေက မှန်တယ်"

"ကျွန်တော် ရှက်ရွံမိပါတယ်...အကြီးအကဲ ရောက်နေမှန်းမသိလို့ ပြောလိုက်မိတာပါ...နောက်ခါ မပြောတော့ပါဘူး"

"မဟုတ်တာ..မင်းပြောတာ တကယ်ကောင်းတယ်... တောင်ဘက်အစွန်အဖျားဂိုဏ်းက တပည့်တိုင်း မင်းလိုစိတ်ဓါတ်မျိုး ရှိသင့်တယ်"

အကြီးအကဲဆောင်းက ချီးကျူးကာ ပြုံးပြပြန်၏။

"ထပ်ပေါင်းပြီးတော့ ပြောရမယ်ဆိုရင်တော့"

"ဟုတ်ကဲ့ပါ...အကြီးအကဲ"

"ဒီတစ်ကြိမ် ညီလာခံမှာ နိုင်တယ်ဆိုတာရုံလောက်နဲ့ အပြီးမသတ်သင့်ဘူး... ငါတို့ သူတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းဆိုတဲ့နာမည်ကိုတောင် နောက်တစ်ကြိမ်မပြောရဲလောက်တော့တဲ့အထိ ပညာပေးဆုံးမထားခဲ့ဖို့ လိုတယ်...ငါ ဘာပြောချင်တယ်ဆိုတာကို မင်းတို့ နားလည်ကြတယ်မို့လား"

ဂျင်ဂွမ်ရုန်က ကောင်းကောင်းသဘောမပေါက်ဟန်နှင့် ပြန်မေးလိုက်လေ၏။

"အကြီးအကဲ ဆိုလိုချင်တာက ဘာများပါလဲ"

"မင်းတို့ နှစ်တန်းလုံး သိုင်းပညာယှဉ်ပြိုင်ကြရမှာ ဟုတ်တယ်မို့လား...အဲ့လိုယှဉ်ပြိုင်တဲ့နေရာမှာ တဖက်လူမထိခိုက်မိအောင် ဂရုစိုက်ပြီး တိုက်ခိုက်ကြရတယ်...ဟုတ်တယ်မို့လား"

ဂျင်ဂွမ်ရုန်က အကြီးအကဲဆောင်း၏ ဆိုလိုရင်းကို သဘောပေါက်သွားကာ ပြုံးမိသွားလေတော့သည်။

"အကြီးအကဲ"

"ငါပြောတာ ဟုတ်လား"

"ဒီနှစ် ဟွာဆန်းရဲ့ တပည့်တွေက သိပ်ကို ထက်မြက်နေကြတဲ့ပုံပဲ..အတော်လည်း စွာနေကြတယ်...

သူတို့ဖြစ်နေသင့်တဲ့ပုံစံအတိုင်း ဖြစ်မနေကြဘူး..."

"ဟင်"

ဂျင်ဂွမ်ရုန်၏ အားပျော့သံလေးကြောင့် အကြီးအကဲဆောင်း၏မျက်နှာက ခက်ထန်တင်းမာသွားလေသည်။

သို့သော်လည်း ဂျင်ဂွမ်ရုန်ဆက်ပြောလာသောစကားများကို နားထောင်ပြီးနောက်တွင်မူ ကျေနပ်သွားလေတော့သည်။

"တိုက်ခိုက်နေတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦးမထိခိုက်မိအောင် သတိထားရမှာက အခြေခံစည်းမျဉ်းပါ...

ဒါပေမယ့်လည်း သူတို့ကို ကြည့်ရတာက ထင်ထားတာထက် အစွမ်းထက်နေတဲ့ပုံဆိုတော့ ကျွန်တော်တို့ ထိန်းရမှာကလည်း အကန့်အသတ်တစ်ခုတော့ ရှိသွားပါပြီ... ကျွန်တော်တို့ ကိုယ်တိုင်မထိခိုက်စေချင်ရင်တော့ ကျွန်တော်တို့ တဖက်လူရဲ့ ခြေတို့ လက်တို့ကို ချိုးလိုက်တာက အကောင်းဆုံးပါပဲ...ဟုတ်တယ်မို့လား ...အကြီးအကဲ"

ဂျင်ဂွမ်ရုန်၏ အမေးကို အကြီးအကဲဆောင်းက သင့်မသင့် စဉ်းစားဟန်ပြုလိုက်လေသေးသည်။

"အင်း ...တွေးကြည့်တော့လည်း မင်းပြောတာက လက်မခံနိုင်စရာတော့ မရှိပါဘူး..

ပြိုင်ပွဲက ဘယ်လောက်ပဲအရေးပါနေပါစေဦးတော့ ကိုယ်မထိခိုက်မိဖို့က ပိုအရေးကြီးတာပေါ့...

အားလုံးပဲ ညီလာခံမှာ ထိခိုက်ဒဏ်ရာရတာမျိုး မဖြစ်ကြစေနဲ့...ပြီးတော့..."

အကြီးအကဲဆောင်းက ပြုံးပြကာ ထပ်ပြောလာပြန်လေသည်။

"ပြီးတော့ မင်းတို့ထိခိုက်မယ့်အစား တဖက်လူထိခိုက်တော့ ပိုကောင်းတာပေါ့"

ဂျင်ဂွမ်ရုန်က အကြီးအကဲဆောင်း၏စကားကို နားထောင်ကာ ခေါင်းငြိမ့်လိုက်လေ၏။

"ဆရာတူညီလေးတွေအားလုံး ညီလာခံမှာ အထိခိုက်မရှိရအောင် ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်"

"အင်း...ကောင်းတာပေါ့"

အကြီးအကဲဆောင်းက ဂျင်ဂွမ်ရုန်အား ကျေနပ်စွာကြည့်လာလေ၏။

အရိပ်အကဲသိတတ်ကာ ထူးချွန်းသော ဂျင်ဂွမ်ရုန်ကြောင့် သူ ကျေနပ်မိလေသည်။ အနာဂတ်တွင်လည်း ဂျင်ဂွမ်ရုန်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းကို အထွတ်အထိပ်သို့ရောက်အောင် ပို့ဆောင်နိုင်မည်ဟု ယုံကြည်လေသည်။ ယခု ညီလာခံအတွက်လည်း သူစိတ်ပူရန် လိုအပ်မည် မထင်တော့ပေ။ ယခုတွင်မူ ဂျင်ဂွမ်ရုန်က ကလေးများကို ကောင်းကောင်းဦးဆောင်နိုင်နေလေပြီမဟုတ်လား။

"ဂွမ်ရုန်"

"ဟုတ်ကဲ့ပါ....အကြီးအကဲ"

"စိတ်ကြီးဝင်နေတဲ့မျိုးမစစ်တွေကို လုံးဝအလွတ်မပေးနဲ့"

"..."

အကြီးအကဲဆောင်း၏ စကားအဆုံးတွင် ဂျင်ဂွမ်ရုန် အတွေးထဲပေါ်လာသူက တစ်ယောက်သာရှိလေသည်။ တခြားသူများသည်လည်း ထိုတစ်ယောက်ကိုပင် ပြေးမြင်မိကြလေသည်။ သူသည်ကသာလျှင် ဟွာဆန်းဂိုဏ်းတွင် တစ်ဦးတည်းသော ဇောင်းကြွနေသူတစ်ယောက်ဖြစ်လေသည်။

"ချွန်းမြောင်ဆိုတဲ့ကလေးကို ပြောချင်တာလားခင်ဗျာ"

"ဟုတ်တယ်"

ဂျင်ဂွမ်ရုန်က တောက်ပစွာပြုံးလိုက်လေသည်။

"စိတ်မပူပါနဲ့...အကြီးအကဲ... ကျွန်တော် သူ့ကို သေချာလေး အပိုးချိုးပေးလိုက်ပါ့မယ်"

"မင်းက အမြင်ကျဉ်းလှချည်လားဟ"

"ခင်ဗျာ..."

ရုတ်တရက်ကြီး အငေါက်ခံလိုက်ရသည်မို့ ဂျင်ဂွမ်ရုန် နားမလည်ဖြစ်သွားကာ ခေါင်းငုံ့သွားလေသည်။

"ဒီကလေးက အန်ဟာနဲ့ဟွာဆန်းကိုပါ ပေါင်းကူးပေးထားတဲ့ကလေး...အဲ့ကိစ္စကြီးကို ငါတစ်ယောက်ပဲ သတိထားမိနေတာလား"

"ဗျာ"

"ငါ့အထင် ဟွာဆန်းကလည်း ဒီကလေးကို အများကြီးကို ယုံကြည်ထားတဲ့ပုံပဲ...ကြည့်ရတာ ယုံကြည်လို့လည်း ရလောက်အောင် တော်တဲ့ပုံပဲ....ငါ ဘာပြောချင်တယ်ဆိုတာကို သဘောပေါက်လား"

"တောင်းပန်ပါတယ်...ဒီတပည့်က နုံအတာကြောင့် အကြီးအကဲ ဘာပြောချင်တယ်ဆိုတာကို နားမလည်ပါဘူး"

"လောကကြီးမှာ ယုံကြည်ချက်ပြင်းထန်လာပြီဆိုရင် မလုပ်နိုင်တဲ့အရာဆိုတာ မရှိတော့ဘူး... တခါတလေမှာ ဘာမှထူးထူးခြားခြား ဖြစ်မနေတဲ့သူတောင် ယုံကြည်ချက်တစ်ခုကြောင့် ထူးထူးကဲကဲဖြစ်နေတာမျိုး ဖြစ်တတ်တယ်... ဒီကလေးကို ဆက်ပြီးသာ ဒီပုံစံအတိုင်း ကြီးပြင်းခွင့်ပြုလိုက်မယ်ဆိုရင် တောင်ဘက်အစွန်အဖျားဂိုဏ်းအတွက် မျက်စိရှုပ်စရာတစ်ခုက တကယ်တိုးလာမှာပဲ"

ဂျင်ဂွမ်ရုန် မျက်လုံးများက စူးရဲသွားလေသည်။

ဒါက ဘာပြောချင်နေတာလဲ....

"သူက ကလေးတစ်ယောက်ပဲ ရှိသေးတာကို ငါတို့က ဒီလိုကြီးလုပ်တာတော့ ပြင်းထန်လွန်းတယ်လို့ မင်းထင်နေတယ်မို့လား"

"ဟုတ်ပါတယ်"

အကြီးအကဲဆောင်းက ဒေါသသံနှင့် ဆက်ပြောလာလေသည်။

"အခုကလေးဘဝမှာတောင် သူ့နာမည်ကို သူတည်ဆောက်ပြီး ငါတို့ကို အာခံရဲနေပြီ...

အရွယ်ရောက်လာပြီဆို ဘယ်လိုတောင် ဖြစ်လာမလဲဆိုတာကို မင်းတွေးကြည့်"

"ဟုတ်"

"နောက်ထပ် အောင်မြင်မှုတွေ ၊ တိုးတက်မှုတွေက တစ်ခုမဟုတ် တစ်ခု ထပ်ပြီး‌တော့ ရှိလာနေဦးမှာပဲ"

"သူ ပျက်စီးသွားတာမျိုးရော မဖြစ်နိုင်ဘူးလား"

"ငါကတော့ အဲ့ကလေးမှာ ရှိလာနိုင်တဲ့ ဘယ်လိုအလားအလာမျိုးကိုမှ လက်မခံနိုင်ဘူး...

ဒီကလေးလည်း မတိုးတက်ရသလို ဟွာဆန်းလည်း ပြန်ပြီး ခေါင်းထောင်မလာရဘူး...

ပြဿနာကို ငယ်တုန်းရှင်းတာ အကောင်းဆုံးပဲ"

"အကြီးအကဲပြောချင်တာကို ကျွန်တော်နားလည်ပါပြီ"

ဂျင်ဂွမ်ရုန်က ခေါင်းကို လှည့်ကာ ခေါ်လိုက်လေသည်။

"ဝူရန်..."

"ဟုတ်ကဲ့ပါ...ဆရာတူအကိုကြီး"

ဆိုဝူရန်က ချက်ချင်းဆိုသလိုပင် ထူးလေ၏။

"အကြီးအကဲပြောလိုက်တာတွေကိုလည်း မင်း ကြားလိုက်တယ်မို့လား... "

"ဟုတ်ကဲ့...ကြားလိုက်ပါတယ်...အကိုကြီး...

အဲ့ကလေးရဲ့ လေကြီးနေတဲ့ပါးစပ်ကို နောက်ဘယ်တော့မှ မဟရဲအောင် ကျွန်တော်သေချာလေး ဆုံးမလိုက်ပါ့မယ်"

"အဲ့လောက်နဲ့ မရသေးဘူး...သူ လူညွှန့်တုံးပြီး သိုင်းလောကထဲကို ပြန်ပြီး ခြေချလို့ မရစေနဲ့...

တောင်ဘက်အစွန်အဖျားဂိုဏ်းကို အရိုးထဲကနေကို ကြောက်နေပြီး သူစကားတွေအတွက် ဘဝတစ်သက်လုံး နောင်တရနေရအောင် လုပ်လိုက်"

"ဟုတ်ကဲ့ပါ...အကိုကြီး"

ဂျင်ဂွမ်ရုန်က ခေါင်းငြိမ့်လိုက်လေသည်။

ဆိုဝူရန် က တတိယတန်းတပည့်များထဲတွင် အလားအလာအရှိဆုံးသောကလေးဖြစ်လေပြီး စွမ်းရည်အကောင်းဆုံးသောကလေးလည်း ဖြစ်လေသည်မို့ ထိုစိတ်ကြီးဝင်နေသောကလေးအား ဆုံးမရန် တာဝန်ပေးလိုက်ခြင်း ဖြစ်လေသည်။

ဂျင်ဂွမ်ရုန်က တာဝန်ခွဲပေးပြီးသွားပြီမို့ အကြီးအကဲဆောင်းဘက်သို့ ပြန်လှည့်ကာ ပြောလိုက်ပြန်လေသည်။

"အားလုံးကို အကြီးအကဲပြောသလိုဖြစ်အောင် စီစဉ်ထားပါတယ်... သေချာပေါက် စိတ်မပျက်စေရပါဘူး"

"ငါ မင်းကို ယုံပါတယ်"

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများအားလုံးသည် စိတ်တက်ကြွနေကြလေပြီး နေ့သစ်တစ်ခုကိုပင် စောင့်မျှော်နေကြလေသည်။ ဟွာဆန်းအား သူတို့အားလုံးက နင်းချေကြလေတော့မည်။ အားလုံး၏ မျက်ဝန်းများကလည်း အာဃာတ မီးရောင်များကြောင့် တောက်ပနေကြလေတော့သည်။

"..တကယ်ကြီး လုပ်ရတော့မှာလား"

"ငါ ရင်တုန်လွန်းလို့ သေတော့မယ်... တကယ်သေတော့မယ် ထင်တယ်"

"ကျွန်တော်တော့ အိမ်သာပဲသွားနေရတာ ..အခေါက်နှစ်ဆယ်ကျော်နေပြီ"

(အကြောက်လွန်ပြီး ကြောက်ချေးပါနေသည်ပေါ့နော်...)

"အား ...စိတ်ရှုပ်လိုက်တာကွာ"

ဟွာဆန်းဂိုဏ်း၏ တတိယတန်းတပည့်များသည် အိပ်မပျော်နိုင်ကြပေ။

နောက်နေ့မနက်ဆိုရင် ရင်တုန်နေသော ညီလာခံက ရောက်လာပြီ ဖြစ်လေသည်။

လေ့ကျင့်ရေးဆင်းနေရစဉ်ကမူ မအားလပ်၍ ရင်တုန်စိတ်ခုန်ချိန်မရခဲ့သော်လည်း ယခုမူ လေ့ကျင့်၍ပင် မရတော့ပေ။ စိတ်ခုန်လွန်းနေပြီ ဖြစ်သည်။

အင်အားမွေးသည့်သဘောနှင့် လေ့ကျင့်ရေးတစ်ရက်အနားပေးလိုက်သည်က ပို၍ပင် အားလပ်ကာ သူတို့အား အတွေးများ စိတ်ပူချိန် ပေးလိုက်သည့်အလားပင်။

"ငါတို့ တကယ်ရော လုပ်နိုင်ပါ့မလား"

"ချွန်းမြောင်ကတော့ မလုပ်နိုင်ဘဲနဲ့ လုပ်နိုင်တယ်လို့တော့ မပြောလောက်ပါဘူး"

"မဟုတ်ဘူး...သူက တောင်ဘက်အစွန်အဖျားဂိုဏ်းကကောင်တွေနဲ့ တစ်ခါမှ ထိပ်တိုက်တွေ့ဖူးတာမဟုတ်ဘူး"

"အဲ့တာတော့ ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမယ့်..."

ယွန်းဂျွန် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်လေသည်။ ဆရာတူညီလေးများ အားလုံးက စိတ်လှုပ်ရှားနေကြသည်ကို သူသိလေသည်.။သူသည်လည်းဘဲ စိတ်လှုပ်ရှားနေလေသည်။ သူ့ကိုယ်သူလည်း စိတ်ငြိမ်အောင် မထိန်းနိုင်သကဲ့သို့ ကလေးများကိုလည်း မည်သို့နှစ်သိမ့်ရမည် မသိပေ။

အားလုံးက စိတ်လှုပ်ရှားလွန်းနေကြ၍ အိပ်မပျော်ဘဲ ဤနေရာတွင် လာစုနေကြခြင်း ဖြစ်လေသည်။

"ချွန်းမြောင်ရော"

"အိပ်နေတယ်"

"အဲ့ကောင်က သံနဲ့လုပ်ထားတာများလား...ရင်မတုန် ပန်းမတုန်နဲ့"

ချွန်းမြောင်တွင် အကြောက်တရားပဲ မရှိသည်လား ၊ အရာအားလုံးကိုပင် ရင်ဆိုင်ရဲသည့် သတ္တိရှိနေသည်လား သူတို့မတွေးတတ်ကြတော့ပေ။ မနက်မိုးလင်းသည်နှင့် ညီလာခံက ကျင်းပတော့မည် ဖြစ်လေ၏။ ဤသည်ကိုပင် အေးအေးလူလူ အိပ်နေနိုင်သေးသည်။

"သူ ခဏတဖြုတ် မှေးနေတာများလား"

"ကျွန်တော် သေချာမြင်ခဲ့တာပါ...အိပ်ယာပေါ်မှာ အိပ်နေတာမှ အသေကောင်အတိုင်းပဲ....

ဟောက်တောင် ဟောက်နေသေးတယ်"

"ကျွန်တော်တော့ အံဩလို့ မဆုံးဘူး...သူကတော့ အိပ်လို့ ...ကျွန်တော်ကတော့ ရင်ပူလို့ သေတော့မယ်"

ယွန်းဂျွန်က ထိုစကားကို ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် ကြားဖြတ်စကားသံ အက်ရှရှက ဝင်လာလေသည်။

"ကျွန်တော်က သံနဲ့လုပ်ထားတာ မဟုတ်ဘူး...အကိုကြီးတို့ကိုက စိတ်ပျော့လွန်းနေကြတာ"

စကားသံကြောင့် အားလုံးကလှည့်ကြည့်လိုက်လေတော့ အသံပိုင်ရှင်က ချွန်းမြောင်ပင်။

ချွန်းမြောင်က အိပ်ထား၍ အူနေသောမျက်နှာနှင့် ဆင်းလာလေသည်။

"မအိပ်ကြဘဲနဲ့ အားလုံးဒီမှာ စုပြီးတော့ အကိုကြီးတို့က ဘာလုပ်နေကြတာလဲ"

"ငါတို့ စိတ်ပူနေလို့"

"စိတ်ပူတယ်...ဘာကိုလဲ"

ဒီ ချီးကောင်ကတော့ လုပ်ပြန်ပြီ...

ဘာတုန်း ဒီတခေါက်လည်း ငါတို့ကို ပြောပြန်ဆိုပြန်ဦးမှာလား...

လုပ်ပြန်ပြီ...လုပ်ပြန်ပြီ...သူ့ရဲ့လက်စွဲ 'ရှုံးရင် သတ်မယ်' ဆိုတာကြီးကို ပြောဦးမှာနေမှာ....ခွေးသားလေးကတော့..

"ဘာလို့ အကိုကြီးတို့က စိတ်ပူနေကြတာတုန်း"

"ဟင်"

"စိတ်ပူတယ်ဆိုတာ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိတဲ့သူတွေပဲ လုပ်ရတာလေ"

"အဲ့လို မဟုတ်ဘူး...ငါတို့က မနက်ဖြန်ကျရင် ငါတို့လေ့ကျင့်ထားသလောက် ကောင်းကောင်းမလုပ်ပြနိုင်မှာကိုပဲ စိုးရိမ်နေကြတာ"

"ဆရာတူအကိုကြီး"

"ပြော"

"ဒါဆို အကိုကြီး နောက်ကို အချိန်ဆယ်ရက်လောက် ထပ်ဆုတ်ပေးရင်ရော ဒီထက်ပိုပြီးကောင်းလာဦးမယ်လို့ ထင်လား"

"..."

မဖြစ်နိုင်ပေ။ အလွန်အကြုး လေ့ကျင့်မိလျှင်လည်း နာမကျန်းဖြစ်သည်ကသာ အဖတ်တင်ပေလိမ့်မည်။ ယခုအနေအထားနှင့်ပင် အခြေအနေတစ်ခုသို့ ရောက်နေပြီဖြစ်သည်ကို သိသော်လည်း ယွန်းဂျွန်တို့ စိတ်လှုပ်ရှားနေကြဆဲပင်။ မိမိ အခြေအနေ မိမိ သိသည်က သပ်သပ်၊ ရင်တုန်သည်က သပ်သပ်ဖြစ်လေ၏။

"တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားထားတဲ့သူတွေမှာ ကြောက်စရာဆိုတာ ဘာမှမရှိဘူး...

အကိုကြီးတို့ ရင်တုန်နေကြမယ့်အစား ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ထားရမယ်... ဟာသပြောနေတာ မဟုတ်ဘူးနော်...ကိုယ့်အခြေအနေလည်း ကိုယ်သိရမယ်...အားနည်းရင် အားနည်းတယ်ဆိုတာကို လက်ခံလိုက်...

အရှိကို အရှိတိုင်း လက်ခံပြီး တတ်နိုင်သမျှ အကောင်းဆုံးကြိုးစား...

အကိုကြီးတို့လည်း အကောင်းဆုံးကြိုးစားခဲ့ကြတာပဲလေ...ဘာမှစိုးရိမ်နေဖို့ မလိုပါဘူး"

"ဟုတ်တယ်.."

သူတို့အားလုံး တတ်စွမ်းသမျှ မဆုတ်မနစ်ကြိုးစားခဲ့ကြသည်ကတော့ အမှန်ဖြစ်လေသည်။

"ဒီလောက်ကြိုးစားခဲ့ရင်ပဲ လုံလောက်နေပါပြီ"

ချွန်းမြောင်က နှာခေါင်းကို နှိုက်ကာ ဆက်ပြောလေ၏။

"ဘယ်သူတွေ ဘာပြောပြော ကိစ္စမရှိဘူး...

အကိုကြီးတို့အားလုံး ကြိုးစားခဲ့ကြတာကို ကျွန်တော် အသိအမှတ်ပြုပြီး လေးစားပါတယ်...

ဆိုတော့ ဒီမှာ အလကားနေရင်း အချိန်ဖြုန်းမနေကြနဲ့...မနက်ဖြန်ကျရင် ကောင်းကောင်းအစွမ်းပြနိုင်အောင် သွားအိပ်ချည်ကြဦး...ကောင်းကောင်း အနားယူထားမှ သင်ယူထားတာတွေကို ကောင်းကောင်း အသုံးချနိုင်မှာ"

အားလုံးက ခေါင်းငြိမ့်ပြလာလေသည်။

"ဒါဆို ..သွားအိပ်ချည်ကြတော့"

"မင်းကရော ဘယ်သွားမလို့လဲ"

"သွားလေ့ကျင့်တော့မယ်လေ"

"ဒါပေမယ့် ညီလာခံက ဒီနေ့လေ"

"ရတယ်...ကိစ္စမရှိဘူး...ကျွန်တော့် လေ့ကျင့်ရေးက ညီလာခံထက် အများကြီးပိုအရေးကြီးတယ်"

ပြောပြီးသည်နှင့် ချွန်းမြောင်က တံခါးကိုဖွင့်ကာ ထွက်သွားလေတော့သည်။

"တကယ်ကြီးလားဟ"

"အဟုတ်ကြီး သွားတာဗျား"

ချွန်းမြောင်က ညီလာခံနေ့တွင် သာမန်လေ့ကျင့်ရေးလေးကိုပင် အပျက်မခံသည်ကို ကြည့်၍ သူတို့၏ရင်ခုန်စိတ်လှုပ်ရှားနေကြသည်များက အကဲပိုနေသလားဟုပင် ထင်မိသွားကြလေသည်။

"ကဲ...ဒါဆိုလည်း သွားအိပ်ကြစို့"

ယွန်းဂျွန်က အေးအေးလူလူပင် ပြောလာလေသည်။

"ချွန်းမြောင်ပြောတာမှန်တယ်...ငါတို့တွေ အကုန်လုံး ကောင်းကောင်းမွန်မွန်နဲ့ အတတ်နိုင်ဆုံး လေ့ကျင့်ခဲ့ကြပြီးပြီပဲ...မနက်ဖြန် ကောင်းကောင်းလုပ်နိုင်ဖို့ အိပ်ရေးဝဝအိပ်ထားဖို့ပဲ လိုတော့တာ..

သွားအိပ်ကြစို့"

"ဟုတ်ကဲ့ပါ...အကိုကြီး"

လူတိုင်းက စိတ်သက်သာရာရသွားကြကာ အသီးသီးအိပ်ယာဝင်သွားကြလေတော့သည်။

ယွန်းဂျွန်ကမူ ကလေးများ ကုန်သွားသည်နှင့် လေ့ကျင့်ရေးလုပ်ရန် ချွန်းမြောင်ထွက်သွားသည့် တံခါးကို လှမ်းကြည့်လိုက်လေသည်။

ဒီကလေးက တကယ့်ကို ထူးဆန်းတဲ့ကလေး...

စကားလုံးလေးနည်းနည်းနဲ့ ငါတို့ကို ရင်အေးသွားအောင် လုပ်နိုင်တယ်...

တပည့်များအားလုံးက စိတ်အေးလက်သာနှင့် အိပ်ယာဝင်သွားကြပြီ ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ တတိယတန်းတပည့်များအားလုံးကလည်း ချွန်းမြောင်၏ကျေးဇူးနှင့် ယခင်ကထက် အဆပေါင်းများစွာ အင်အားကြီးကာ စွမ်းအားပြည့်လာခဲ့ပြီဖြစ်လေသည်။ ယွန်းဂျွန်သည်လည်း ညီလာခံတွင် ထူးခြားသောရလဒ်တစ်ခုတော့ ရလာလိမ့်မည်ဟု ယုံကြည်ထားလေသည်။

All Chapters