← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အပိုင်း(၉၄)

မင်းတို့ အဲ့မျိုးမစစ်တွေကို နိုင်မှဖြစ်မယ်(၄)

ချွန်းမြောင်က တောင်ကြည့်မြောက်ကြည့်နှင့် တောင်ပေါ်သို့ တက်လာလေသည်။

ဟိုတစ်ယောက်တော့ ရှိမနေကောင်းပါရဲ့..

ချွန်းမြောင် ယုရီဆိုးအား ရှောင်နေရသည်ကပင် အလုပ်တစ်လုပ် ဖြစ်နေလေသည်။

"အင်း..ငါ့လေးမှာလည်း ဘာတွေလုပ်လို့ လုပ်နေရမှန်းကို မသိဘူး."

ချွန်းမြောင်ဆိုသည်က အကြောက်တရားအကင်းဆုံးသော လူသားပင်။ သို့သော် ယခုတွင်မူ သာမန်ညောင်ညမိန်းကလေးတစ်ယောက်ကိုပင် ထိတ်ထိတ်လန့်လန့်နှင့် ပုန်းရှောင်နေရလေသည်။

"ဘယ်လိုလုပ်လိုက်မှပဲ အဆင်ပြေတော့မှာလည်းကို မသိတာဟေ့"

တစ်ခေါက်လောက်ဖြစ်ဖြစ် ဖမ်းချုပ်ပြီး ရိုက်နှက်လိုက်ရင် ကောင်းမလား...

နေပါဦး ..သူက ရိုးရိုးသားသား ရည်ရွယ်ချက်နဲ့လူကို ရိုက်လိုက်လို့ ဖြစ်ပါ့မလား...

ဟူး...

ပြီးတော့ ဘတ်ချုန်း ...သူကလည်း တစ်မျိုး...

"ငါ့ဘဝလေးကတော့ သနားစရာကို ဖြစ်နေပြီ"

ဂိုဏ်းတူညီအကိုချင်း ရိုက်နှက်ဆုံးမရသည်က မကြာခဏလုပ်ဆောင်၍ ကောင်းသောကိစ္စတော့ မဟုတ်ပေ။

ယခင်ကဆိုလျှင် ချွန်းမြောင်သည် မိမိဂိုဏ်းသားချင်း ရိုက်နှက်သည့်အလုပ်ကို မလုပ်ဖူးပေ။ ယခုမှသာ ပထမပေါင်းများစွာနှင့် လုပ်ဆောင်နေရခြင်း ဖြစ်လေသည်။

"ဒီလိုလူတွေနဲ့ မတွေ့အောင် ငါဘယ်လိုများ ရှောင်ရဦးမှာတုန်း...အိုး...ဘဝ...ဘဝ"

ချွန်းမြောင် ရေရွတ်ပြောဆိုနေရင်းမှပင် သူရှိရာဘက်သို့ လာနေသောအရာတစ်ခုခုကို ခံစားမိလေသည်။

"အေး..အေး...အဲ့လိုပဲ ဖြစ်မယ်ဆိုတာ ငါသိတယ်...လာပြန်ပြီပေါ့လေ...

အရူးလိုလို သရဲလိုလို နဲ့ မှတ်လောက်သားလောက်အောင်...ဟင်"

ချွန်းမြောင် ခေါင်းကိုအနည်းငယ်ငုံ့ကာ အာရုံစိုက်ကြည့်လိုက်လေသည်။

သူခံစားနေရသော ချီစွမ်းအင်က ယုရီဆိုးထံမှ ရသော ချီစွမ်းအင်အငွေ့အသက်နှင့် မတူပေ။ ပြောင်းလဲနေလေ၏။ များသောအားဖြင့် ယုရီဆိုး၏ ဖြစ်တည်မှုက သိရှိရန်ခက်ခဲပြီး အလွန်အမင်း အာရုံစိုက်မှသာ သိသာလေသည်။ ထို့ကြောင့် သူမ၏ချီကို ခံစားကြည့်သည့်အစား ခြေသံကိုသာ နားထောင်ရလေသည်။

ယခုရနေသော ချီစွမ်းအင်ကမူ ပြင်းထန်ကာ သန်မာလေသည်။ ထို့အပြင်...

"နှစ်ယောက်လားဟ"

ချီများအရ လူက တစ်ဦးတည်းမဟုတ်ပေ။ နှစ်ဦးဖြစ်လေသည်။

ချွန်းမြောင် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အာရုံစိုက်ကာ ကြည့်လိုက်လေသည်။

လူနှစ်ယောက်က သန်းခေါင်ကျော်အချိန်တွင် တောင်ထိပ်၌ တွေ့ဆုံကြသည်က သာမန်သွေးရိုးသားရိုးကိစ္စတော့ မဖြစ်နိုင်ပေ။

ကြည့်ရသေးတာပေါ့ကွာ....

ချွန်းမြောင် လာနေကြသူများကို စတင်ကာ ချောင်းကြည့်လိုက်လေပြီး နောက်မှ အသာကပ်လိုက်သွားလေသည်။

ခြေကိုဖော့ကာ ကိုယ်ကိုဝပ်တွားလိုက်ပြီး တဖြည်းဖြည်း ချဉ်းကပ်သွားလေ၏။ နောက်ဆုံးတွင်မူ ချောင်းမြောင်းကြည့်ရှုရန် ကောင်းမွန်သော နေရာရသွားလေပြီ ဖြစ်လေသည်။

ဟမ်...

မျက်စိရှေ့မှ မြင်ကွင်းကြောင့် အမြင်မှားနေသလားဟုတွေးကာ ချွန်းမြောင် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသေးသည်။ နောက်တစ်ကြိမ် ထပ်ကြည့်သော်လည်း မြင်ကွင်းက မပြောင်းပေ။

မြင်နေရသော လူနှစ်ယောက်ထဲတွင် တစ်‌ယောက်က ချွန်းမြောင် တော်တော်လေးပင် ရင်းနှီးနေသည့်လူပင်။

ဘတ်ချုန်း...

ဘတ်ချုန်းကို ဤတောင်ပေါ်တွင်မြင်ရသည်က အဆန်းမဟုတ်သော်လည်း ဆန်းနေသည်က သူ၏ဘေးမှလူပင်။

ဘတ်ချုန်းနှင့် အတူပါလာသောလူသည် မမျှော်လင့်ထားစွာပင် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဧည့်သည်တော်ကြီး ဂျင်ဂွမ်ရုန် ဖြစ်နေလေ၏။

ဘာလို့ သူတို့က ဒီနေရာလာတွေ့နေကြတာလဲ...

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဂျင်ဂွမ်ရုန်ကမူ ဘတ်ချုန်းရှေ့တွင် ရယ်ချင်နေသောမျက်နှာထားနှင့် ရပ်နေလေသည်။

သူတို့က ဒီမှာ လာတွေ့ပြီး ဘာလုပ်ကြမလို့လဲ...

ဒါ သတိထားစရာပဲ...

ချွန်းမြောင် သူတို့ပြောနေကြသည်များကို သေသေချာချာ ကြားရစေရန်အတွက် အနားသို့ ပိုကပ်သွားလေသည်။

"မင်းကို ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ"

ဂျင်ဂွမ်ရုန်က တောက်တောက်ပပပင် ပြုံးကာ ဘတ်ချုန်းအား စကားစလာလေသည်။ ဘတ်ချုန်းကမူ ဆူပုတ်နေဆဲပင်။

"မင်း မြင်တဲ့အတိုင်းပဲ"

"အဲ့လိုတွေ ကောင်းစားနေတာ အကြောင်းပြချက်ကောင်းကောင်းတော့ ရှိတယ်မို့လား...ဒုန်ရုန်..."

"အဟက်..."

ဂျင်ဂွမ်ရုန်နှင့် ဘတ်ချုန်းတို့က ထွက်လာသောအသံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်လာကြလေသည်။

အာ..ချီး...

ချွန်းမြောင် အသက်အောင့်လိုက်ကာ သူ၏တည်ရှိမှုကို ဖုံးကွယ်လိုက်လေသည်။

သို့သော်လည်း ဘတ်ချုန်းအား ဂျင်ဂွမ်ရုန် ခေါ်လိုက်သည့် အမည် ' ဒုန်ရုန်' ဆိုသည်ကိုတော့ ရယ်ချင်နေဆဲပင်။

ဤနှစ်ယောက်သည်က ရုပ်ချင်းလည်း ဆင်သလိုရှိလေပြီး အမည်ချင်းကလည်း မတိမ်းမယိမ်းပင်။ ကြည့်ရသည်က သွေးသားတော်စပ်မှုရှိပုံရလေ၏။

ဘတ်ချုန်း၏ မျက်နှာကမူ ပို၍ပို၍ ဆူပုတ်လာလေသည်။

"ကျွန်တော့်ကို အဲ့ဒီနာမည် လာမခေါ်နဲ့...ကျွန်တော့်နာမည် ဘတ်ချုန်း"

"မိဘတွေပေးတဲ့နာမည်ကို ဘယ်လိုပဲမလိုချင်ချင် လွှင့်ပစ်လို့ရမှ မရတာကို ...

မဟုတ်ဘူးလား ဂျင်ဒုန်ရုန်လေးရယ်"

အဲ့နာမည်ကြီးကို ခဏခဏပြောနေတာ တော်ပါတော့ ...ငါအူနာလို့ သေတော့မယ်...

ချွန်းမြောင် ချောင်းကာနားထောင်နေရင်း မရယ်မိစေရန် အတော်ပင် ကြိုးစားနေရလေသည်။

တကယ့်နာမည်..ဂျင်ဒုန်ရုန်တဲ့ ...ဟု..ဟု..

ငါတော့ ရယ်ချင်တာနဲ့ သေမှာပဲ.. ဘတ်ချုန်းရဲ့ တကယ့်နာမည်က ဂျင်ဒုန်ရုန်တဲ့..အဟက်..အဟက်

ချွန်းမြောင်က အသံတိတ်ရယ်နေရလွန်း၍ တသိမ့်သိမ့်ပင် တုန်လေလိုက်သေး၏။

ဘတ်ချုန်း၏မျက်နှာကမူ ရဲရဲနီကာ မှုန်ကုတ်နေပြီ ဖြစ်၏။

"ဘတ်ချုန်း လို့ ပြောနေတယ်နော်"

"ဟုတ်ပါပြီ...ဒုန်ရုန်"

အရူးကောင်...

ဘတ်ချုန်း ဒေါသထွက်လွန်း၍ အသားများပင် နီလာသော်လည်း ဂျင်ဂွမ်ရုန်ကမူ ခေါ်နေဆဲပင်။ သို့သော်လည်း ဧည့်သည်အား ကောင်းကောင်းမွန်မွန်ဆက်ဆံရမည့်တာဝန်က ရှိနေသည်မို့ သည်းခံနေသည်ကို ဂျင်ဂွမ်ရုန်က စကားစလာပြန်လေသည်။

"ဟွာဆန်းက နေလို့ကောင်းတဲ့နေရာ မဟုတ်ဘူးမို့လား...မင်းကြည့်ရတာတော့ ဒီမှာနေရတာ ပျော်နေတဲ့ပုံပဲ..

ဟွာဆန်းမှာ တကယ်ဆက်နေမလို့လား"

'မင်း ဘာပြောချင်တာလဲ"

ဂျင်ဂွမ်ရုန်က ပြုံးကာပြောလာလေသည်။

"သူ့ရဲ့အကိုကြီးကို ပြန်ပြီးတုံ့ပြန်နိုင်ဖို့ အိမ်ကနေထွက်ပြေးပြီး ဟွာဆန်းမှာ သောင်လာတင်နေတဲ့ သနားစရာကောင်လေးအကြောင်းကို ပြောနေတာလေ"

"မင်း ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကလည်း ဒါကိုပြောပြီးပြီ မဟုတ်လား"

"ဟုတ်တယ်လေ...ငါက ကိုက်ချင်တဲ့ခွေးကို ရိုက်ရတာ ဘယ်တော့မှမောမယ့်ကောင်မှ မဟုတ်တာ...

အကြိမ်တစ်ရာ တစ်ထောင်ဆိုလည်း ပြောနေဦးမှာပဲ"

ဘတ်ချုန်း၏မျက်နှာက သိသိသာသာပင် ပျက်သွားလေ၏။

ဤသည်က ဂျင်ဂွမ်ရုန်၏ ပုံသဏ္ဍာန်အစစ်ပင်။ သူ့ထက်အင်အားနည်းသူအား အမြဲပင်ဖိနှိပ်ထားတတ်သည့်သူပင်။ အညှာတာလည်း ကင်းကာ အကြင်နာတရားလည်း မရှိပေ။

သူု၏အနိုင်ကျင့်ခြင်းကို ဘတ်ချုန်းမည်မျှခံခဲ့ရသည်ဆိုသည်ကိုပင် မသိတော့ချေ။

"မင်း ဘယ်လိုထင်လဲ...မင်းသာ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရင် ငါမင်းကို တောင်ဘက်အစွန်အဖျားဂိုဏ်းမှာ လက်ခံပေးမယ်"

"သောက်ချေးစကားတွေ မပြောနဲ့"

ဘတ်ချုန်းက ဂျင်ဂွမ်ရုန်အား စူးစိုက်ကြည့်ကာ အော်လိုက်လေ၏။

"ငါက ဘတ်ချုန်း... ဟွာဆန်းက ဒုတိယတန်းတပည့်တွေရဲ့ အကြီးဆုံးအကိုကြီး...

ငါ့ရဲ့အိမ်မက်က ဟွာဆန်းကို တိုးတက်အောင်လုပ်ပြီး တနေ့မှာ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်လာနိုင်ဖို့ပဲ...ဒါကြောင့် နောက်ခါ ဒီလိုစကားမျိုး မင်းပါးစပ်က မထွက်စေနဲ့"

အိုး....

ဘတ်ချုန်း၏စကားများကြောင့် ချွန်းမြောင်ရင်ထဲထိသွားရလေသည်။

ဆက်ကြည့်ရအောင် ...ဒီညီအကိုနှစ်ယောက် ဘယ်လိုဆက်ပြီး စခန်းသွားကြဦးမလဲဆိုတာ...

သူတို့အဖေကို တစ်ကြိမ်လောက်တော့ မြင်ဖူးချင်လိုက်တာကွာ...

သူ့ကလေးတွေကို ဒီလောက်ကြောင်တောင်တောင်နာမည်ပေးပြီး သားနှစ်ယောက်ကိုလည်း ရန်သူတွေ ဖြစ်နေအောင် မွေးမြူထားနိုင်တဲ့အဖေ....ငါ တစ်ခါလောက်တော့ မြင်ဖူးသင့်နေပြီ။

နေပါဦး...ဒီကောင်ကြောင့်မို့ ဘတ်ချုန်းက အိမ်ပြေးဖြစ်ပြီး ဒီရောက်လာတာပေါ့...

ဘတ်ချုန်းကမူ ရန်လိုစွာနှင့်ပင် ဂျင်ဂွမ်ရုန်ကို ပြောလေသည်။

"မင်း အဓိပ္ပါယ်မရှိတဲ့စကားတွေ စပြောလာကတည်းက ငါ သိနေပြီးသား...

ငါက မင်းကို မင်းပြောသလိုတောင်းပန်ခဲ့ရင်တောင် မင်းက ဘယ်တုန်းကမှ အဲ့စကားမပြောခဲ့သလို ဟန်ဆောင်ပြီး ငါ့ကို လှောင်ရယ်နေဦးမှာ..

မင်းက အဲ့လိုကောင်မျိုးပဲ...အဲ့တော့ မျှော်လင့်မနေနဲ့...ငါဘယ်တော့မှ အဲ့လိုတောင်းဆိုလာမှာ မဟုတ်ဘူး"

"ဟား..ဟား..သွေးက စကားပြောတယ်ဆိုတာ တကယ်ပဲကွ... မင်းက ဘယ်လိုလုပ်ပြီး ငါ့အကြံတွေကို အကုန်လုံးသိနေရတာလဲ...အံဩစရာကောင်းလိုက်တာကွာ"

ဂျင်ဂွမ်ရုန်သည် တဟားဟားရယ်နေရင်းမှပင် ချက်ချင်းပင်ပြောင်းလဲကာ မျက်နှာတည်သွားလေသည်။

"မင်း ရွေးချယ်မှုမှားသွားပြီ"

"....."

"မင်း ငါ့ကို နိုင်ချင်တာဆိုရင် မင်းတောင်ဘက်အစွန်အဖျားဂိုဏ်းမှာပဲ နေသင့်တာ...

အဲ့လိုကမှ မင်းအတွက် အခွင့်အရေးလေး ဘာလေးရှိဦးမယ်...အုခ မင်း ဟွာဆန်းဂိုဏ်းကို ရွေးချယ်လိုက်ကတည်းက မင်းမှာ အဲ့အခွင့်အရေးမရှိတော့ဘူး...မင်းကသာ ငါရိုက်တာကို သေအောင်ခံရတော့မှာ...မင်းကလား ငါ့ကို ရိုက်နိုင် ၊အနိုင်ယူနိုင်မှာ...

ခွေးတောင် မင်းပြောနေတာကို ဟာသမှန်းသိတယ်..ငါ့ကောင်ရေ"

ဂျင်ဂွမ်ရုန်၏စကားကြောင့် ဘတ်ချုန်း နှုတ်ခမ်းကိုက်လိုက်လေသည်။

"ငါတို့ ဟွာဆန်းဂိုဏ်းကို မင်းအထင်သေးစရာမလိုဘူး"

"အိုး.."

"မင်း ပြောတာဟုတ်တယ်...ငါ မင်းကို ပြန်ပြီးလက်စားချေချင်လို့ ဟွာဆန်းဂိုဏ်းကို ရောက်လာခဲ့တာ..

ငါ ငါတို့ဟွာဆန်းကို အထင်သေးပြီး လျစ်လျူရှုခဲ့တဲ့သူတွေကို တစ်နေ့မှာ သေချာပေါက် အနိုင်ယူပြမယ်"

"ရူးရူးနှမ်းနှမ်း..ပြောထွက်လိုက်တာ... မင်းပြောနေတာတွေလောက် အရူးအပေါဆန်တဲ့စကား ငါမကြားဖူးသေးဘူး... တကယ့်ကို အရူးက အရူးစကားပဲ ပြောတတ်တာပဲ"

ဂျင်ဂွမ်ရုန်၏ နှိမ်ချပြောဆိုနေမှုများကို ဘတ်ချုန်းက လျစ်လျှူရှုကာ ဆက်ပြောလိုက်လေသည်။

"အရင်တုန်းကတော့ ငါက တကယ့်ကို ကလေးဆန်ဆန် အတွေးနဲ့လုပ်ခဲ့မိတာ မှန်ပါတယ်..ဒါပေမယ့်အခုကတော့

ငါ ဟွာဆန်းကို တကယ်ချစ်သွားပြီ... ဟွာဆန်းမှာ ဒုတိယတန်းတပည့်တွေရဲ့ အကိုကြီး ဘတ်ချုန်းဘဝမှာ ငါပျော်နေပြီ.. ဒီအချိန်တွေက ငါ့ဘဝရဲ့ အကောင်းဆုံးအရာတွေပဲ"

ဘတ်ချုန်း၏စကားများကြောင့် ချွန်းမြောင် ရင်ထဲထပ်၍ ထိသွားပြန်လေ၏။ ချွန်းမြောင် ဘတ်ချုန်း၏မျက်ဝန်းများထဲမှ နာကြင်မှုအရိပ်အယောင်များကိုလည်း မြင်နေရလေသည်။

ဆိုတော့ ဒါက သူ့ဘဝရဲ့ဇာတ်ကြောင်းလေးပေါ့..

ဒါကြောင့် သူသေချာပေါက် သန်မာလာဖို့ လိုအပ်တယ်ဆိုပြီး ပြောခဲ့တာကို..

သန်မာဖို့ လိုအပ်တဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခု ရှိနေလို့လေ...ဟုတ်တာပေါ့...ဒါဖြစ်သင့်တာပဲ...

ချွန်းမြောင် ရင်ထဲတွင် အနည်းငယ်ပင် စိတ်မကောင်းဖြစ်မိသွားလေ၏။

"မင်းက ဒီလိုပြိုလဲပျက်စီးနေတဲ့ဂိုဏ်းရဲ့ တပည့်အဖြစ်နေရတာကို အကောင်းဆုံးအရာတွေလို့ ထင်နေတာပေါ့..ဟုတ်လား..

တကယ်ကြီးလေ...မင်း ရူးများသွားတော့တာလား"

ဒီခွေးသားကတော့....

ထိုခွေးမျိုးပြောနေသည့်စကားများကို ကြားနေရသည်နှင့်ပင် ချွန်းမြောင် ဒေါသထွက်စပြုလာပြီဖြစ်လေသည်။

ဒီသောက်ကောင်ကို တစ်ချက်လောက်တော့ ထိုးကိုထိုးလိုက်ရမှ ဖြစ်မယ်...

"ဟုတ်တယ်..."

ဘတ်ချုန်းက ရဲရဲဝံ့ဝံ့ပင် ဖြေလာလေ၏။

"ငါ အခုလိုဖြေတာက ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်...ဒါပေမယ့် ငါ နားလည်တယ်...

ငါက ချမ်းသာတဲ့ဂိုဏ်းတစ်ခုမှာနေပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ၊ကောင်းကောင်းဝတ်ပြီး ပေါ်ကျော့ ပညာသင်ယူချင်နေတဲ့လူမျိုး မဟုတ်ဘူး...

အနည်းဆုံးတော့ ဟွာဆန်းက ငါ့ကိုလိုအပ်တယ်...ငါ့ကိုယ်ငါ ရည်မှန်းချက်တွေထားပြီးတော့ ဂိုဏ်းကို တိုးတက်လာအောင် ငါ နိုင်တဲ့ဘက် လုပ်ပေးလို့ရတယ်... ဟွာဆန်းက ငါရှင်သန်ရုန်းကန်နေရမယ့် အကြောင်းပြချက်တွေကို ပေးနိုင်တဲ့ တစ်ခုတည်းသောနေရာပဲ...

ပြီးတော့ ငါ့အပေါ်မှာလည်း နွေးထွေးပေးနိုင်တဲ့ တစ်ခုတည်းသော အိမ် ပဲ"

"နွေးထွေးတယ်...ဟုတ်လား"

ဂျင်ဂွမ်ရုန်က မျက်မှောင်ကြုတ်လိုက်လေသည်။

"ပျော့ညံ့လိုက်တဲ့စကားလုံး...ငါ မင်းပြောတာတွေကို နားထောင်ကြည့်လိုက်ရုံနဲ့ လက်တွေ့ဘဝမှာ မင်းက အရှုံးသမား အလကားကောင်ပဲဆိုတာ ငါသိလိုက်ပြီ...ငါပြောလိုက်မယ်...မင်းဘဝကြီးက အလကားဖြစ်ပြီး အဆုံးသတ်သွားပြီ....မင်းရွေးခဲ့တဲ့လမ်းကို မင်းပြန်ကြည့်လိုက်ပါဦး....

အခုတော့ မင်းဘဝတစ်လျောက်လုံး အလှောင်ခံ အဟားခံဘဝနဲ့ အဆုံးသတ်ရတော့မယ်...

အစေအပါးဘဝနဲ့ ဒုတိယတန်းစား သိုင်းပညာရှင်တစ်ယောက်ကလွဲရင် မင်းဘာမှ ဖြစ်လာမှာမဟုတ်တော့ဘူး..

မင်း ဘဝလေးစုတ်ပြတ်နေတဲ့အချိန်မှာ ငါကတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်နေတော့မယ်.....မင်း ဘယ်လောက်တောင် ရှက်စရာကောင်းသွားပြီလဲ"

"တော်စမ်းပါ...မင်း ဘာဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး...ငါက အခုရှင်သန်နေရတဲ့ ငါ့ဘဝကိုရော အနာဂတ်မှာပါ ဟွာဆန်းကို ရွေးချယ်မိလို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"

"မင်းကတော့ မင်းဘဝကို ကိုယ်တိုင်ပြန်သတ်နေတာပဲ... ကောင်းပြီလေ...ဒီလောက် နွံနစ်ချင်နေမှတော့ မကယ်တင်တော့ဘူး...မင်း ဒုက္ခရောက်နေတာကိုပဲ ပျော်ပျော်ကြီး ထိုင်ကြည့်နေရသေးတာပေါ့"

ဂျင်ဂွမ်ရုန်က ဘတ်ချုန်းအား ခနဲ့ပြုံးပြုံးကာ ပြောလာလေသည်။

"ငါက စောင့်ကြည့်ရတာ သိပ်တော့ စိတ်ရှည်တဲ့အမျိုး မဟုတ်ဘူးဆိုတော့ မနက်ဖြန်ကျရင် မင်းကို လက်တွေ့ပြမယ်...တောင်ဘက်အစွန်အဖျားဂိုဏ်းကို မရွေးဘဲ ဟွာဆန်းကို ရွေးလို့ မင်းဘယ်လိုနောင်တရမလဲဆိုတာကို"

ဂျင်ဂွမ်ရုန်၏အပြောကို ဘတ်ချုန်းကလည်း တုံ့ပြန်လေသည်။

"ကြည့်တာပေါ့...မနက်ဖြန် ဘယ်လိုလာမလဲဆိုတာ..

အရူးဂိုဏ်းထက်စာရင် ပြိုလဲနေတဲ့ဂိုဏ်းက ပိုကောင်းတယ်ဆိုတာ မင်း မနက်ဖြန် သိလာရမှာပါ"

"ငါ မင်းကိုတော့ စိတ်မဆိုးပါဘူး..ဒါပေမယ့် မင်းရဲ့ ပုတ်သိုးနေတဲ့ပါးစမ်က ဟွာဆန်းအကြောင်းကို ပြောဖို့ မတန်တာတော့ အမှန်ပဲ...

မနက်ဖြန်ကျရင်တော့ အဖြေပေါ်လာမှာပါ....ဟွာဆန်းကို နှိမ်ချလွန်းနေတဲ့ မင်းပါးစပ်ပဲ ဖြဲခံရမလား...

ငါ ဒုက္ခရောက်တာကို မြင်ရမလားဆိုတာကိုပေါ့"

"ကြည့်ကြသေးတာပေါ့"

ဂျင်ဂွမ်ရုန်က ဒေါသကြောင့် တုန်ယင်နေသော ဘတ်ချုန်းကို အတန်ကြာအောင် စူးစိုက်ကြည့်လိုက်ပြီးကာမှ ပြုံးလိုက်လေသည်။

"ဘာမှ အလျင်စလို လုပ်စရာ မလိုပါဘူး...

ငါတို့ သိပ်မကြာခင် ကွဲကွဲပြားပြား သိရတော့မှာပါ...

မင်းရော ဟွာဆန်းရဲ့ အကြောင်းတွေကိုရော မနက်ဖြန်ကျရင် အားလုံးက သိကြရတော့မှာပါ...

ငါကလည်း သေချာလေးသိရအောင် လုပ်ပေးမှာပေါ့"

ဂျင်ဂွမ်ရုန်က ဘတ်ချုန်းအား ခြိမ်းခြောက်ခြင်း မမည်သော ခြိမ်းခြောက်စကားများပြောကာ ထွက်သွားလေတော့သည်။

ငါ လုပ်နိုင်ပါ့မလား...

ဂျင်ဂွမ်ရုန်ဆိုသည်က သူ့အား ငယ်နိုင်ပင်။ ဂျင်ဂွမ်ရုန်၏ နဂိုဗီဇကပင် စိတ်ဓါတ်ပြင်းထန်ကာ ထက်မြက်သူဖြစ်ပြီး သိုင်းပညာတွင်လည်း ပါရမီပါသူဖြစ်လေသည်။ ဘတ်ချုန်းထက် အစစအရာရာတွင် သာလွန်လေပြီး အမြဲလည်း အနိုင်ရသူပင်။ ဘတ်ချုန်း စိုးရိမ်စိတ်ကြောင့် နှုတ်ခမ်းကို ကိုက်လိုက်လေ၏။

ငါ တုန်လှုပ်မနေသင့်ဘူး...

ငါက ဟွာဆန်းက ဘတ်ချုန်း...

တစ်နေ့မှာ ဟွာဆန်းကို ဦးဆောင်မယ့်သူ ..ငါ လုပ်နိုင်ရမယ်..လုပ်ရဲရမယ်..

ဘတ်ချုန်းက မိမိစိတ်ကို မိမိပြန်အားတင်းကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

"ဝိုး ...ဒီ လေးစားစရာ ကလေးလေးကို ကြည့်လိုက်ပါဦး"

"အား..အမလေး..သောက်ပလုတ်တုတ်"

ဘတ်ချုန်း သူ၏နောက်ကျောဘက်မှ ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လန့်ဖြတ်သွားလေပြီး နောက်သို့ပင် ခုန်မိသွားလေသည်။ လန့်ဖြတ်နေသည်က အနည်းငယ်တည်ငြိမ်သွားမှသာ ချွန်းမြောင်က ကျေနပ်နေသော မျက်နှာထားနှင့် ထွက်လာလေသည်။

"မင်း..မင်း ..ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ဒုန်ရုန်...အဟီးဟီး..ဒု..ဒု..ဒုန်..ဒုန်..ဒုန်..ရုန်"

ချွန်းမြောင်၏ ပြောင်ချော်ချော်မျက်နှာပေးနှင့် ပြောလာသောစကားတို့ကို ကြားသည့်အခါတွင်မူ ဘတ်ချုန်းက စိတ်ညစ်ကာ ချုံးချုံးကျသည့် ရုပ်ဖြစ်သွားလေသည်။ ချွန်းမြောင်ကမူ အောင့်ထားရသည့်ရယ်ချင်စိတ်များကိုပါ အတိုးချပြီး ရယ့်နေသည့်နှယ်ပင် ။ရပ်ပင် မရပ်နိုင်ချေ။

"မင်းက အကုန်ကြားလိုက်တာပေါ့"

"အိုး...ဒုန်ရုန်လေးရယ်... ကျွန်တော်က အကိုကြီးရဲ့ မြင့်မြတ်တဲ့နှလုံးသားကြောင့် အံဩသွားတာပါ...

ဟွာဆန်းကို ဘယ်လောက်တောင် ဂုဏ်ယူစေလိုက်မလဲ..."

ချွန်းမြောင်၏အပြောကြောင့် ဘတ်ချုန်းက သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။

"မင်းက သရဲလား...မင်း ရှိနေမှန်း ငါဖြင့် သိတောင် မသိဘူး"

"ဖြစ်တတ်ပါတယ်"

"ငါ ဘာမှလည်း မဟုတ်တာမလုပ်ထားဘူးဆိုတော့ အခုမင်းကြားခဲ့တာတွေကိုတော့ ဘယ်သူ့ကိုမှ မပြောပါနဲ့နော်...

တခြားသူတွေသိသွားလို့လည်း ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတော့"

"မစိုးရိမ်ပါနဲ့...နည်းပြကြီးရဲ့....ဒီကလူက ချွန်းမြောင်ပါ...

ကမ္ဘာပေါ်မှာ စိတ်အချရဆုံးသောသူပဲ"

"......"

စိတ်အချရဆုံးဆိုတာ သတင်းဖြန့်တဲ့နေရာကို ပြောတာလား...

"ဆိုတော့ ...နည်းပြ ကြီးကအငယ်ပေါ့.."

"အင်း ...ညီအကိုဆိုပေမယ့် လုံးလုံးအရင်းကြီးတော့ မဟုတ်ဘူး..

ရင်းလည်း မရင်းနှီးကြဘူး...ငါတို့က အဖေတူအမေကွဲတွေ ..."

ဘတ်ချုန်းက အတိတ်ကို ပြန်မဖော်လိုသည့်အလား သက်ပြင်းရှည်ကြီး ချလိုက်ပြန်သည်။

"ငါငယ်ငယ်ကတည်းက..."

"အာ..အာ...ရပြီ"

"ဟမ်"

"အကိုကြီးရယ့် ရသစုံ မိသားစုဇာတ်လမ်းကြီးကို နားထောင်နေဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး..

သိသာပါတယ်..သူက အကြီးဖြစ်ဖြစ် အငယ်ဖြစ်ဖြစ် အကိုကြီးကို အနိုင်ကျင့်တယ်ဆိုတာက ...

သူ အနိုင်ကျင့်နေတာကြီးကို အကိုကြီးက ပြန်ပြီးတော့လည်း မတုံ့ပြန်နိုင်ဘူး...

ဒါကြောင့် အိမ်ကထွက်ပြေးပြီး ဟွာဆန်းကို ရောက်လာတယ်..."

"သူတစ်ပါးရဲ့ဘဝကို မင်းလွယ်လွယ်နဲ့ ကောက်ချက်မချနဲ့လေ"

"ဘာပဲပြောပြော အကိုကြီး လုပ်တာတကယ်ကောင်းတယ်"

"အင်း..ကောင်းတော့ ဘာဆက်ဖြစ်လဲ"

"ကျွန်တော်ပြောချင်တာက အကိုကြီး ဟွာဆန်းဂိုဏ်းကို ရောက်လာတာက ကောင်းတယ်လို့"

ချွန်းမြောင်က အပြုံးနုနုလေးပြုံးနေလေပြီး ကျေနပ်နေပုံလည်း ရလေသည်။ မြင်ရခဲသော အပြုံးမျိုးလေးပင်။

"အကိုကြီးက ဘယ်သူပဲဖြစ်ဖြစ် ၊ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ..အခုတော့ ဟွာဆန်းရဲ့ နည်းပြတစ်ယောက်တောင် ဖြစ်နေပြီပဲ... တောင်ဘက်အစွန်အဖျားဂိုဏ်းကို စွန့်ပစ်ပြီး ဟွာဆန်းဂိုဏ်းကို ရွေးချယ်ခဲ့တာ အကိုကြီး မှန်ပါတယ်...မှန်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သက်သေပြနိုင်မှာပါ"

ဘတ်ချုန်းကတော့ စကားမပြန်ပေ။

ကလေးတစ်ယောက်ဆီမှ ထိုသို့သောစကားများ ထွက်လာ၍ စကားမပြန်သည်လည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ချွန်းမြောင်၏စကားများကို နားထောင်ရသည်က ဘတ်ချုန်း၏ ရင်ထဲတွင် အားအင်တစ်မျိုးရသည်ဟု ခံစားရလေသည်။

"ငါတို့က သက်သေပြနိုင်မှာလား...ဘယ်အချိန်ကြရင်လဲ"

"ဘယ်အချိန်ရမလဲ..."

ချွန်းမြောင်က သူ့စကားသူပင် သဘောကျကာ တခစ်ခစ်ရယ်နေလိုက်လေသေး၏။

"ဒီနေ့ပဲပေါ့"

ထို့နောက်တွင်မူ ဘတ်ချုန်းအား ပြန်မကြည့်ဘဲ ထွက်လာခဲ့လေတော့သည်။

သိပ်မကြာတော့သော အချိန်တွင် နေထွက်လာပြီး ညီလာခံက စတင်တော့မည် ဖြစ်လေသည်။

"ကြမ်းလိုက်ကြစို့ ....အကိုကြီး"

ချွန်းမြောင်၏ စကားကို တဖက်လူက မကြားနိုင်တော့ပေ။သို့သော်....

မျိုးမစစ်ခွေးသားများကို ချေမှုန်းပစ်ရမည့်အချိန်ကမူ ရောက်ရှိလာပြီဖြစ်လေသည်။

အပိုင်း(၉၅)

မင်းတို့ အဲ့မျိုးမစစ်တွေကို နိုင်မှဖြစ်မယ်(၅)

ဟွာဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းတို့၏ ညီလာခံကြီးက နံနက်မိုးသောက်သည်နှင့် တရားဝင်ဖွင့်လှစ်ကျင်းပတော့မည် ဖြစ်လေသည်။

ဟွမ်းဂျွန်တွင် သူ၏ရှေ့တွင် တညီတည်းရပ်နေကြသော ဒုတိယတန်းနှင့် တတိယတန်းတပည့်ငယ်များကို ကြည့်လိုက်လေသည်။ ကလေးများအားလုံးက စိတ်ကို ကြံကြံခိုင် ပြင်ဆင်ထားကြသည့်ပုံပင်။ မျက်နှာများကလည်း တင်းမာနေကြလေသည်။ ကလေးများက သူတို့အပေါ်တွင် သက်ရောက်နေသောဖိအားကြောင့် ထိုကဲ့သို့ ဖြစ်နေသည်ကိုလည်း ဟွမ်းဂျွန် နားလည်ပေသည်။

ကလေးများကို ကြည့်ကာ များစွာ စိတ်မကောင်းဖြစ်ရလေသည်။

သူသည်လည်းဘဲ ဟန်မပျက်နေနေရသော်လည်း သူ့အပေါ်တွင်လည်း ဖိအားများကတော့ ရှိနေလေသည်။ သို့သော် ဤညီလာခံတွင်မူ ဂိုဏ်း၏အရည်အသွေးကို ဖော်ပြရန် တာဝန်အပြည့်အဝခံထားရသည်က ကလေးများပင် ဖြစ်သည်မို့ ကလေးများ၏ စိတ်ပင်ပန်းမှုနှင့် ဖိအားကလည်း သူတို့ထက်မနည်း ခံစားနေရမည်ကို နားလည်လေသည်။ ဒုတိယကလေးများအနေနှင့်ပင် ထိုကဲ့သို့သော ဖိအားများကို ရင်ဆိုင်ရန် ငယ်ရွယ်လွန်းသေးလှပြီး တတိယတန်းကလေးများအနေနှင့်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ကလေးများအပေါ်တွင်မူ အားနာသည်က တဖက်၊ ဤမျှ အရွယ်လေးနှင့်ပင် ထိုကဲ့သို့သော ဖိအားများကို ရင်ဆိုင်ရဲသည့်အတွက် ချီးကျူးသည်ကတဖက်နှင့် ဟွမ်းဂျွန် ဝမ်းနည်းဝမ်းသာ ဖြစ်နေရလေသည်။

"ဂိုဏ်းချုပ်"

ဟွမ်းရုန်က ဟွမ်းဂျွန်၏စိတ်အခြေအနေကို ခန့်မှန်းမိလိုက်သည်မို့ သတိပေးသည့်အနေနှင့် လှမ်းကာခေါ်လိုက်သည်မို့ ဟွမ်းဂျွန် သတိကပ်ကာ ခေါင်းထောင်လာလေသည်။ ဟွမ်းဂျွန်က စကားတစ်လုံးပင် မဆိုလေဘဲ ငူငူကြီး အချိန်အတော်ကြာသည်အထိ ရပ်နေလေသည် မဟုတ်ပါလား။

ဟွမ်းဂျွန်က ချောင်းနှစ်ချက်မျှ အသာဟန့်လိုက်ပြီးမှ နူးနူးညံ့ညံ့ပင် စကားဆိုလာလေသည်။

"အားလုံးက စိုးရိမ်နေကြတဲ့ပုံပဲ"

"မင်းတို့ တအားကြီး စိတ်ကိုတင်းခံထားဖို့ မလိုပါဘူး... နိုင်သည်ဖြစ်စေ ၊ ရှုံးသည်ဖြစ်စေ ကိစ္စလည်း မရှိဘူး...

ဒါက မင်းတို့သင်ယူနိုင်ဖို့ အခွင့်အရေးပေးတဲ့သဘောလောက်ပဲမို့ အရမ်းကြီး စိတ်ထဲမထားလည်းရတယ်"

"ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ ငါတို့က ငါတို့ရဲ့ ဟွာဆန်းဂိုဏ်းသားတွေအတွက် အမြဲတမ်း ဂုဏ်ယူနေမှာပါ...

မင်းတို့ အားလုံး ဒါကို မှတ်ထားပေးကြပါ"

ဤသည်က အားပေးစကားမမည်သည့် အလိမ်အညာစကားသက်သက်ပင်။

နှလုံးအေးစေသည့် အရှုံးအသားပေးစကားများကိုသာ ဦးတည်ပြောသွားသည့်အတွက် ကလေးများအနေနှင့် စိတ်များတက်ကြွလာခြင်း မျိုးလည်း မရှိပေ။ သို့သော်လည်း ထိုစကားများကြောင့် တင်းကြပ်နေသောစိတ်များ အနည်းငယ်တော့ ပျော့လျော့သွားကြရသလိုပင်။ မျက်နှာထားလေးများပင် အနည်းငယ်ပျော့ပြောင်းလာကြလေသည်။

ကလေးများက သက်တောင့်သက်သာဖြစ်လာသည်ကို မြင်မှ ဟွမ်းဂျွန်က ခေါင်းကိုငြိမ့်ကာ ပြောလာလေသည်။

"ငါတို့ မင်းတို့ကို အားပေးနေမယ်...ကဲ ...သွားကြတော့"

ပြောပြီးသည်နှင့် ဟွမ်းဂျွန်က လှည့်ထွက်သွားသည်မို့ ဟွမ်းယုန်က နောက်မှပြေးလိုက်ကာ မေးလာလေသည်။

"ဂိုဏ်းချုပ်..သူတို့တွေနဲ့ မလိုက်ဖူးလား"

"ဒီညီလာခံကြီး ဘယ်လောက်ပဲ ခက်ခဲဆိုးဝါးနေပါစေ ...ကလေးတွေကတောင် ရင်ဆိုင်ပြီး ကျော်ဖြတ်ရဲကြတာ..

သူတို့ ခက်ခဲနေတဲ့အချိန်မှာ ငါတို့ သူတို့နဲ့အတူ ရှိနေပေးရမှာပေါ့...ငါ ညီလာခံကို ကြည့်မယ်"

"သိပါပြီ..ဂိုဏ်းချုပ်"

ဟွမ်းဂျွန်၏ စကားအရ ဟွမ်းယုန်က ဂိုဏ်းချုပ်မပြန်မှီကပင် အရင်ပြန်နေကြသော ကျန်အကြီးအကဲများကို အချက်ပြလိုက်ပြီး အဆောင်သို့ မပြန်ကြရန် တားဆီးလိုက်လေသည်မို့ ကျန်အကြီးအကဲများကလည်း ဟွမ်းဂျွန်နောက်သို့ အပြေးအလွှားပင် လိုက်လာကြလေသည်။

ဒုတိယတန်းတပည့်များနှင့် တတိယတန်းတပည့်များကမူ သက်ပြင်းကိုယ်စီချနေကြပြီး အသီးသီးရင်ပူနေကြလေသည်။ တစ်ယောက်ကမူ ရှေ့ထွက်လာပြီဖြစ်လေသည်။

ဘတ်ချုန်းပင်။

ဘတ်ချုန်းသည် ခိုင်မာသောဆုံးဖြတ်ချက်ကို စွဲကိုင်ထားသောမျက်နှာနှင့် အားလုံးကိုကြည့်ကာ ပြောလာလေ၏။

"ဒီနေ့ ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ တိုက်ခိုက်ကြရတော့မယ်"

ဘတ်ချုန်းက နောက်တစ်ခွန်းဆက်မပြောမီတွင် ချွန်းမြောင်အား တချက်ကြည့်လိုက်လေသေးသည်။

"ဂိုဏ်းချုပ်ပြောသလိုပဲ...အရှုံးဆိုတာက ရှက်စရာမဟုတ်ဘူး... ရှက်စရာကောင်းတာက တတ်နိုင်သလောက် အကောင်းဆုံး မလုပ်တာပဲ... ငါတို့ရဲ့ ရလဒ်တွေ ဘယ်လိုပဲဖြစ်နေပါစေ ဟွာဆန်းက ငါတို့အတွက် အမြဲဂုဏ်ယူနေမှာပါ"

"ဟုတ်ကဲ့ပါ...ဆရာတူအကိုကြီး"

"သွားကြစို့"

သက်တောင့်သက်သာအနေအထားနှင့်ပင် ဘတ်ချုန်းမှဦးဆောင်ကာ ဒုတိယတန်းတပည့်များက ထွက်သွားကြလေသည်။ ဘာသိဘာသာနေလေ့ရှိသော ယုရီဆိုးသည်ပင် စိတ်ထက်သန်နေသော အမူအရာမျိုး ဖြစ်နေလေသည်။

"အဟမ်း"

ဒုတိယတန်းတပည့်များက ထွက်သွားပြီမို့ ယွန်းဂျွန်သည်လည်း ချောင်းတစ်ချက်ဟန့်လိုက်လေ၏။

တတိယတန်းတပည့်များကမူ သူတို့ဆရာတူအကိုကြီး၏ အမူအရာကြောင့် ဩဝါဒစကားအနည်းငယ်ကိုပင် မျှော်လင့်သွားကြလေသည်။

"ဘာလဲ...အကိုကြီးက တစ်ခုခုပြောမလို့ မဟုတ်ဘူးလား"

"လုပ်စမ်းပါ..အကြောက်ပြေလေးဖြစ်ဖြစ်ပေါ့"

"ဟား...တကယ်ကြီးလေ....အားပေးစကားတွေ ကြားရလွန်းလို့ ရူးတောင်ရူးချင်နေပြီ"

ဒီခွေးလေးတွေကတော့...

"မင်းတို့ကောင်တွေ ...မင်းတို့ကိုယ် မင်းတို့ ပြန်ကြည့်ကြစမ်း...ငါ့ကို အကိုကြီး ဘတ်ချုန်းလို လိုက်တုပြီး လုပ်နေတယ်လို့များ ထင်နေကြတာလား"

"သိပါပြီ...သိပါပြီ...အမြင်မှားမိပါတယ်... အရင်သွားကြရအောင်ပါ...ညောင်းလှပြီ...ခြေထောက်က"

"ကဲ..ကဲ...ပြောမှာဆိုလည်း ပြော...ဂျိုဂုအကိုကြီး ...ကျွန်တော်တို့ ရှေ့မှာလာပြီး ရပ်လိုက်စမ်းပါဗျာ..

အချိန်ကုန်လည်း သက်သာအောင်လို့"

"ဟူး"

ယွန်းဂျွန်က ပရမ်းပတာကလေးများကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

အရင်တုန်းကတော့ ဒီကလေးတွေက သိပ်ကို လိမ္မာကြတာ...

အခုတော့ ဘယ်လိုဖြစ်သွားရတာတုန်း...

ယွန်းဂျွန် စိတ်ညစ်စွာနှင့် ပြောင်းလဲခြင်း၏ တရားခံကြီးကို ကြည့်လိုက်လေသည်။

ချွန်းမြောင်ကမူ ပရမ်းပတာအခြေအနေကြီးကို စိတ်ပျက်လက်ပျက်ကြည့်ကာ သူနှင့်မဆိုင်သကဲ့သို့ပင် နေနေလိုက်လေသေးသည်။

"ချွန်းမြောင်"

"အင်း"

"မင်းမှာ ပြောစရာလေး ဘာလေးမရှိဘူးလား"

ချွန်းမြောင် က ထိုစကားကြောင့် ရယ်လိုက်လေသည်။

"ဘာပြောစရာ လိုသေးလို့လဲ"

ချွန်းမြောင်က တပည့်များဘက်သို့ လှည့်ကာ အေးအေးလူလူပင် ပြောလိုက်လေသည်။

"ကဲကဲ..ဒါကို အဆုံးသတ်ပြီး မနက်စာသွားစားကြမယ်...ပြီးရင် ညီလာခံကို သွားမယ်...

ကဲ သွားကြစို့"

ယွန်းဂျွန် ချွန်းမြောင်၏အပြောတို့ကြောင့် မချိပြုံးကြီးပင် ပြုံးမိသွားလေသည်။

"လုပ်ပြီ...ငနာလေးက"

ချွန်းမြောင်၏ ပေါ့ပေါ့ပါးပါး စကားများကြောင့် ယွန်းဂျွန် အနည်းငယ်စိတ်သက်သာသွားလေသည်။

အရူးက တစ်မူးသာ ဆိုသည်က ဤသို့သော အခြေအနေမျိုးပင် ဖြစ်ပေလိမ့်မည်။ လူကောင်းများထက် လူရူးက ပို၍ သက်တောင့်သက်သာဖြစ်စေတတ်သော အခြေအနေကို ဖန်တီးနိုင်လေ၏။

"ကဲ ..သွားကြစို့"

ယွန်းဂျွန်က ကလေးများကို ဦးဆောင်ကာ ထွက်လာကြလေတော့သည်။ ယွန်းဂျွန်၏ နောက်မှ လိုက်ရင်းပင် ချွန်းမြောင်၏မျက်လုံးများကလည်း တောက်ပနေလေသည်။

ဟွာဆန်းနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်းတို့၏ ညီလာခံဆိုသည်က ဂိုဏ်းနှစ်ဂိုဏ်းကြား သိုင်းပညာဖလှယ်ကာ သင်ယူထားသည့် သိုင်းပညာများကို လက်တွေ့အသုံးချသည့် အတွေ့အကြုံရစေရန် ရည်ရွယ်၍ ကျင်းပခဲ့သော ပွဲတစ်ပွဲ ဖြစ်လေသည်။

သို့သော် ပြောင်းလဲလာသောအခြေအနေများနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ပညာပြမှုများကြောင့် ညီလာခံသည်က ဟွာဆန်းအား အရှက်ခွဲ ဟားတိုက်သော ပွဲတစ်ပွဲအခြေအနေသို့သာ ကူးပြောင်းမှန်းမသိ ကူးပြောင်းလာခဲ့လေသည်။ ယခုလက်ရှိတွင်မူ ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ အသွင်အပြင်က လေးစားဖွယ်ရာ အတိပင်။ ယခင်နှစ်များကဲ့သို့ အသွင်အပြင်နှင့်ပတ်သက်ကာ လှောင်ပြောင်ခံရခြင်းမျိုး မရှိပေ။ ထို့အပြင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ညီလာခံများတွင် အပြင်လူများ ဝင်ရောက်ကြည့်ရှုခြင်းလည်း မရှိသကဲ့သို့ ဂိုဏ်းများမှလည်း ဖိတ်ကြားထားခြင်း မရှိပေ။ ယခုနှစ်တွင်လည်း မည်သည့်ဧည့်သည်ကိုမှ ဖိတ်ကြားထားခြင်း မရှိပေ။

သို့ဖြစ်၍ ဂိုဏ်းနှစ်ဂိုဏ်းမှ အားပေးမည့် ဂိုဏ်းသားပရိသတ်များသာ ရှိကြလေပြီး ခန်းမအတွင်း နေရာယူထားကြလေသည်။

ညီလာခံကျင်းပသည့် ခန်းမက အတော်လေးပင် ကျယ်ပြန့်လှသည်ဖြစ်ပြီး လွတ်လွတ်လပ်လပ်ပင် တိုက်ခိုက်ကာ သိုင်းရေးပြနိုင်သည့် အကျယ်အဝန်းလည်း ရှိပေ၏။ ထို့ပြင် ပရိတ်သတ်များအတွက်လည်း နေရာအလုံအလောက်ပင် ရှိလေပြီး ကိုယ်စီ ဘက်ခွဲကာ ဟွာဆန်းဂိုဏ်းက ဘယ်ဘက် ၊ တောင်ဘက်အစွန်အဖျားဂိုဏ်းက ညာဘက်တွင် နေရာယူထားကြလေသည်။ နေရာကအတော်လေးပင် ကျယ်နေသည်မို့ တမျိုးပင် ထူးဆန်းနေသလိုပင်။

ထိုစဉ်မှာပင် လူတစ်ယောက်က ရောက်လာကာ ဟွမ်းဂျွန်အား တိုးတိုးလေး အနားကပ်ကာ ပြောလာလေသည်။

"..."

"သူတို့က ဘာတွေလဲဟ"

လူတစ်စုက ဟွာဆန်း၏ ဝင်ပေါက်ဝတွင် စုဝေးရောက်ရှိနေပြီး ဟွာဆန်းသို့ ဝင်ခွင့်တောင်းနေကြလေသည်။ လူတိုင်းကလည်း အထုတ်ကိုယ်စီကိုင်ထားကြပြီး စားပွဲ ၊ ကုလားထိုင်တို့ပါ အသီးသီး သယ်လာကြလေသည်။

ဟွမ်းဂျွန်ကမူ မမျှော်လင့်ထားသော အခြေအနေကြောင့် မည်သို့ဆက်လုပ်ရမည်မှန်းပင် မသိချေ။ အန်းဂွန်ကလည်း အလျင်လိုနေသော မျက်နှာပေးနှင့် ဟွမ်းဂျွန်နားသို့ ကပ်လာလေသည်။

"ဂိုဏ်းချုပ်"

"ဘာတွေ ဖြစ်နေတာလဲ"

"လူတစ်စုက အဝင်ဝမှာရောက်နေပြီး သူတို့လည်း ညီလာခံကို ကြည့်ချင်တယ်လို့ ပြောနေပါတယ်..

ငြင်းလိုက်ဖို့ကလည်း တောင်းဆိုနေတဲ့ လူတွေက များလွန်းနေပါတယ်"

"ဘာ"

ဟွမ်းဂျွန် ပြူးပြာသွားလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းက သူတို့ကို ဖိတ်ထားတာလား"

သေချာပေါက် ဒါ ဒင်းတို့အကြံပဲ ဖြစ်ရမယ်...ငါတို့ ဟွာဆန်းကို ဘယ်လိုအနိုင်ယူတယ်ဆိုတာ အတော်ပြချင်နေကြတဲ့ပုံပဲ...

ဒီအကြံပက်စက်လိုက်တဲ့ ဘိုးတော်က ရှန်ရှီက လူတွေကိုပါ ဖိတ်ထားမယ်လို့ ငါမသိလိုက်ဘူး...

ကွာ....

အားလုံးကလည်း ဝတ်စုံတူညီတွေနဲ့ ဒါသေချာပေါက် ရှန်ရှီက လူတွေကို ခေါ်ထားတာပဲ ဖြစ်ရမယ်...

ဆိုးဝါးလိုက်တာကွာ....

ဟွမ်းဂျွန် အတန်ကြာအောင် စဉ်းစားနေပြီးမှ လေသံတိုးလေးနှင့် ပြောလိုက်လေသည်။

"သူစိမ်းတွေကို အခွင့်မရှိဘဲ ဂိုဏ်းထဲဝင်ခွင့်ပြုလို့ မရဘူးဆိုတာ မင်းသိတယ်မို့လား"

"ဒါပေမယ့်လည်း ဂိုဏ်းချုပ်"

"ဒါက သူတို့အကြံဆိုတာ သိသာနေတာကြီးလေ...ဝင်ခွင့်ပေးလို့ မရဘူး"

"ဟော..."

ကန့်ကွက်သံတစ်ခုက ဟွမ်းဂျွန်နားမှ ထွက်လာလေသည်။

"ဂိုဏ်းချုပ်ကတာ ဒီလူတွေကို ဖိတ်ထားတဲ့လူမဟုတ်ဘူးလား."

ဟွမ်းဂျွန် ကြားရသည့်စကားကြောင့် နောက်လှည့်ကြည့်လိုက်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကြီးအကဲဆောင်းကလည်း အံ့အားသင့်နေသည့်ပုံပင်။ သူ့လက်ချက် ဖြစ်ဟန်မရပေ။

ဘာလား..

ဒီလူတွေကို တောင်ဘက်အစွန်အဖျားဂိုဏ်းက ဖိတ်ထားတာ မဟုတ်ဘူးလား...

ဒီလူက ငါတို့ကို အရှက်ခွဲဖို့ ခေါ်ထားတဲ့သူတွေ မဟုတ်ဘူးပေါ့...ဒါဆို ဘယ်သူလဲ...

ဟွမ်းဂျွန် အကြီးအကဲဆောင်းကို ဇဝေဇဝါမျက်နှာနှင့် ပြန်ကြည့်လိုက်လေသေးသည်။

အမူအရာကြည့်ရသည်က လိမ်နေသည့်ဟန်မပေါ်ပေ။ အမှန်ပင် အံအားသင့်နေလေသည်။

ဟွမ်းဂျွန် ချောင်းကို အသာဟန့်ကာ ယုအန်းကို ပြန်ကြည့်လိုက်လေသည်။

"ဘာတွေ ဖြစ်နေတာလဲ"

"ကျွန်တော် သူတို့ကို တားပါသေးတယ်...ဒါပေမယ့် သူတို့ကို ဖိတ်ထားတဲ့သူက...."

"ကျွန်တော်ပါ..ဂိုဏ်းချုပ်"

ဖြေလာသည့်သူကို ဟွမ်းဂျွန်ရော အကြီးအကဲဆောင်းပါ ကြည့်လိုက်ကြလေသည်။ နှစ်ဦးသားလုံး ရင်းနှီးကျွမ်းဝင်နေသည့် မျက်နှာပင်။

"အကြီးအကဲဟွမ် ကလား"

"အကြီးအကဲ ဟွမ်ပေါ့"

ဖိတ်ကြားထားသည့်သူက အန်ဟာကုန်သည်အစည်းအရုံး၏ ခေါင်းကိုင်ဖြစ်သူ အကြီးအကဲ ဟွမ် ပင်။

" ဒီညီလာခံက အတော်လေး စိတ်ဝင်စားစရာ ကောင်းမယ်လို့ ထင်လို့ပါ"

အကြီးအကဲဟွမ်က အနားသို့ရောက်လာကာ နှစ်ဦးလုံးအား နှုတ်ဆက်လိုက်လေသည်။ ဟွမ်းဂျွန်နှင့် အကြီးအကဲဆောင်းကမူ သံသယအချင်းချင်း မကင်းကြသေးပေ။

အကြီးအကဲဟွမ်ကမူ ကျေနပ်အားရသောအပြုံးကြီးကို ပြုံးကာ ပြောလာလေသည်။

"ညီလာခံကျင်းပမယ်ဆိုကတည်းက တအားစိတ်ဝင်စားဖို့ ကောင်းမယ်ထင်လို့ ကျွန်တော်က မိတ်ဆွေတွေလည်း ကြည့်လို့ရအောင်လို့ ဧည့်သည်အချို့ ဖိတ်လိုက်တာပါ"

"အင်း"

"ဒါက အကြံကောင်းပဲ...ဒီတစ်ကြိမ်က နောက်ဆုံးညီလာခံလည်း ဟုတ်တယ်ဆို‌တော့ သေသေချာချာလေးကျင်းပပြီး အားပေးတဲ့ ပရိတ်သတ်တွေလည်း လိုတာပေါ့"

ဟွမ်းဂျွန်ကမူ အကြီးအကဲဆောင်း၏စကားကြောင့် မျက်နှာပျက်သွားလေသည်။ အကြီးအကဲဆောင်းသည်က ဟွာဆန်းအား နင်းခြေနိုင်မှုကို လူတိုင်းကို ပြသပေးရန် စိတ်အားထက်သန်လွန်းနေလေသည်။

ဟွမ်းဂျွန် သက်ပြင်းချလိုက်မိလေ၏။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ သူကလည်း ပရိတ်သတ်များကို လက်ခံရန်သဘောတူလိုက်ပြီမို့ သူ့အနေနှင့် ငြင်း၍ မသင့်တော်တော့ပေ။ ထို့အပြင် အမည်ခံဖိတ်ကြားထားသည့်သူက အကြီးအကဲဟွမ်လည်း ဖြစ်နေသည်မို့ ပို၍ပင် ငြင်းရခက်နေလေသည်။

သို့သော်လည်း ဟွာဆန်း၏ အရှက်တကွဲဖြစ်နေပုံကြီးကို လောကကြီးအား ချပြရမည်ဆိုသည်ကတော့ မဖြစ်သင့်သော ကိစ္စဟု ထင်လေသည်။ ထို့အပြင် ငြင်းလိုက်ပါကလည်း ဖြစ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကိုလည်း မလိုချင်ပေ။

ခက်လိုက်တာ ..ငါ ဘယ်လိုလုပ်ရပါ့...

ဟွမ်းဂျွန် အတွေးများနေရကာ အကြိမ်ကြိမ်သာ သက်ပြင်းချနေမိလေသည်။ အဆုံးသတ်တွင်မူ သက်ပြင်းလေးကြီးကို ချလိုက်လေပြီး ပြုံးပြကာ စကားပြန်လိုက်လေသည်။

"အေးပေါ့...ဒီ အထိတောင် ရောက်လာကြပြီးမှတော့ သေချာပေါက် ကြည့်ရမှာပေါ့"

"အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဂိုဏ်းချုပ်..."

ဟွမ်းဂျွန်က ပြုံးပြကာ တဖက်သို့ ပြန်လှည့်လိုက်ပြီး ရင်ထဲတွင်တော့ စိုးရိမ်မှုများနှင့် တောက်လောင်နေလေသည်။ အခြားသော ကုန်သည်များလည်း ရောက်လာကြပြီဖြစ်၍ အကြီးအကဲဟွမ်တို့ကမူ နေရာချနေကြပြီး မအားနိုင်ကြသေးပေ။

အကြီးအကဲဟွမ်ကမူ နေရာရသည်နှင့် ခေါင်းကိုထောင်ကာ ရပ်နေသော တပည့်ဂိုဏ်းသားများအကြားတွင် ချွန်းမြောင်ကို ရှာလိုက်လေသည်။

အဆင်ပြေရဲ့လား...

အကြီးအကဲဟွမ်၏ အကြည့်ကို နားလည်စွာ ချွန်းမြောင်က ခေါင်းညိမ့်ပြလေသည်။

အကြီးအကဲဟွမ်ကမူ ထိုကလေးကို ကြည့်ကာ ထူးထူးဆန်းဆန်း ခံစားနေရတုန်းပင်။

ဒီကလေးကတော့ တကယ့်ကို ဆန်းကြယ်တယ်...

ဒီတစ်ကြိမ်လည်း ဘာလုပ်ဦးမလဲ မသိဘူး"

ချွန်းမြောင်သည် အကြီးအကဲဟွမ်အား ညီလာခံသို့ ပရိတ်သတ်များကို ခေါ်ဆောင်လာစေခဲ့သော အဓိကလက်သည်ပင်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အန်ဟာသို့ ချွန်းမြောင် တိတ်တဆိတ်ရောက်လာခဲ့ပြီး အကူအညီတစ်ချို့ လာတောင်းခဲ့လေသည်။

ကျွန်တော် ရှန်ရှီနယ်တဝိုက်က နာမည်ကြီးပုဂ္ဂိုလ်တွေကို တတ်နိုင်သမျှ ခေါ်ခဲ့စေချင်တယ်...

ငါကတော့ မင်းပြောတဲ့အတိုင်း လုပ်ခဲ့ပြီ ကောင်လေးရေ...ကျန်တာကတော့ ဘာဆက်ဖြစ်မလဲ ငါလည်း မသိတော့ဘူး...

အကြီးအကဲဟွမ်၏ မျက်လုံးများကို ဖတ်ကာ ချွန်းမြောင် ပြုံးပြလိုက်လေသည်။

အောင်မြင်မှုကို အရသာခံဖို့ အကောင်းဆုံးနည်းလမ်းက တခြားသူတွေရှေ့မှာ အနိုင်ယူရတာပဲ...

အောင်မြင်မှုကို အရသာခံကာ ရှုံးနိမ့်မှုကို နာကြည်းတတ်ရန်အတွက် ပွဲကြည့်ပရိတ်သတ်ဆိုသည်က ရှိလာခဲ့ခြင်း ဖြစ်လေသည်။ သင် အောင်မြင်လျှင် ချီးကျူး၍ ရှုံးနိမ့်လျှင် နှိမ့်ချပြောဆိုမည့် သူကို ပရိတ်သတ်ဟု ခေါ်လေသည်။ လူအများရှေ့တွင် သိသာပွင့်လင်းစွာ အနိုင်ယူရခြင်းသည်ကသာ အရသာပြည့်ဝသော အောင်မြင်မှု ဖြစ်လာပေလိမ့်မည်။

"အားလုံး အဆင်သင့်ဖြစ်နေပြီပဲ"

"ဟင်...ဘာပြောလိုက်တာလဲ"

"ဘာမှ မဟုတ်"

သူ မည်သို့ပြင်ဆင်ထားသည်ဆိုသည်ကတော့ မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ဆရာတူအကိုကြီး ..အခုတော့ ကျွန်တော် ခေါင်းသုံးတတ်နေပြီဆိုတာကို တွေ့တယ်မို့လား...

လာပြီးတော့ အရင်လို အရူးကောင်လို့ ခေါ်လှည့်လိုက်စမ်းပါ...

"အခုတော့ အကိုကြီး အထင်ကြီးနေရပြီမို့လား..မျက်နှာလေး လာကြည့်ပြီးတော့ ချီးကျူးလိုက်စမ်းပါ"

နောက်မှစကားသံကြောင့် ဂျိုဂုလှည့်ကြည့်ကာ ပြောလိုက်လေသည်။

"ဘာတွေ တစ်ယောက်တည်း ပြောနေတာလဲ...ကြောက်နေတာလား"

"..."

"ကြည့်ရတာ စတော့မှာ ထင်တယ်"

ဧည့်သည်များက နေရာယူပြီးသွားကြသည်နှင့် ဂိုဏ်းမှ အလုပ်သမားများက စားသောက်ဖွယ်ရာများကို ယူလာပေးကြပြီး လူတိုင်းက ပြိုင်ပွဲအား ကြည့်ရန်အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။

"တကယ်စတော့မယ့်ပုံပဲ"

စိုးရိမ်ပူပန်နေကြသံများက တီးတိုးထွက်လာလေသည်။

ယုအန်းသည်က လေ့ကျင့်ရေးခန်းမ၏ အလယ်သို့ လျောက်လာလေပြီး အလယ်တည့်တည့်တွင်ရပ်ကာ လက်ခုပ်တီးလိုက်လေသည်။

ရင်ကိုကော့ကာ မျက်နှာကိုမော့ပြီး အသံကျယ်ကြီးနှင့် အော်ဟစ် ကြေငြာလိုက်လေတော့၏။

"အခုချိန်ကစပြီး ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းတို့ရဲ့ ညီလာခံကြီး စတင်ပါပြီ"

လေထုကြီးက ချက်ချင်းဆိုသလိုပင် လေးလံဖိစီး သွားလေတော့သည်။

အပိုင်း(၉၆)

ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး(၁)

"ငါ စိတ်လှုပ်ရှားလိုက်တာကွာ"

"ဟားဟား..အကြီးကအဲဟွမ်ရဲ့ ကျေးဇူးနဲ့ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲမျိုး ကြည့်ခွင့်ရခဲ့ပြီပေါ့ကွာ.."

အကြီးအကဲဟွမ်ကမူ သူ၏ဘေးမှ လူများ၏စကားကိုနားထောင်ကာသာ ပြုံးနေလေသည်။

"ကျွန်တော်ကသာ ဖိတ်ကြားတာကို လက်ခံပြီး ဒီနေရာအထိ လာကြည့်ပေးကြလို့ ကျေးဇူးတင်ရမှာပါ...

လမ်းခရီးကလည်း ခက်ခဲတယ်ဆိုတော့လေ"

"ဟားဟား..ဘယ်ကသာ ...ကျွန်တော်တို့ကလည်း ဒီလိုရှားပါးအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူးလေ...

သေချာပေါက် လာရမှာပေါ့"

အပြန်အလှန် ချီးကျူးပြောဆိုနေကြသည့်စကားများက အလျှံအပယ်ပင်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထိုလူများ၏စကားကို အကြီးအကဲဟွမ် ဝေဖန်မနေတော့ပေ ။ အလိုက်သင့်တာ တုံ့ပြန်လိုက်လေသည်။

အားလုံးကလည်း ဂိုဏ်းနှစ်ဂိုဏ်း၏ မျိုးသစ်ဆက်များ ပြသမည့် စွမ်းရည်များကို သိချင်နေလှပြီဖြစ်လေသည်။

ကုန်သည်များအားလုံးကသည်လည်း တိုက်ခိုက်ရေးကွင်းထဲက ဖြစ်ရပ်များကို ကောင်းစွာမြင်နိုင်သည့်နေရာများတွင် နေရာယူထားကြပြီး ထိုမှသာ ဂိုဏ်းများ၏ စွမ်းရည်ကို အကဲခတ်နိုင်မည်ဖြစ်လေသည်။ ထို့ပြင် အားလုံး၏စိတ်ထဲတွင်လည်း အလားအလာကောင်းကာ ဖြစ်နိုင်ချေအရှိဆုံးသော ဂိုဏ်းတွင် ရင်းနှီးမြုပ်နှံကြရန် စိတ်ထဲတွင် ကြိတ်ကာ တွေးနေကြလေသည်။

ကြွယ်ဝချမ်းသာမှုသည်ကလည်း အင်အားတစ်မျိုးပင်။ ယခင်က ကြားသိရသော သတင်းများအရ တောင်ဘက်အစွန်အဖျားဂိုဏ်းသည် အင်အားကြီးဖြစ်သော်လည်း ယခုပြိုင်ပွဲအရ ပြောင်းလဲမှုများလည်း ရှိလာနိုင်ပေသည်။

"ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်း တိုက်မှာဆိုရင် တဖက်သတ်ကြီး အရေးနိမ့်မနေလောက်ဘူးလား"

"မင်းပြောတာတော့ ဟုတ်တယ်...သူတို့က အများကြီးကို အစွမ်းပြနိုင်မှ သူတို့ကိုလည်း အင်အားကြီးဂိုဏ်းလို့ ပြောလာနိုင်မှာ...ဟွာဆန်းက သူတို့ကိုယ် သူတို့ သက်သေပြနိုင်မယ်လို့ ထင်လား"

တီးတိုးစကားသံများကလည်း ခန်းမအတွင်း ခပ်ကြိတ်ကြိတ် ထွက်ပေါ်နေလေသည်။

အင်း ..လူတွေ ထင်ရင်လည်း ထင်ချင်စရာပါပဲလေ...

အကြီးအကဲဟွမ် ကြားနေရသော တီးတိုးစကားသံများကြောင့် တွေးတောလိုက်လေသည်။

သူကိုယ်တိုင်သည်လည်း ယုံရခက်နေသော အနေအထားပင်။

ဟွာဆန်းဆိုသည်က လွန်ခဲ့သောနှစ်ပေါင်းများစွာကနှင့် ယှဉ်လျှင် ဟာသတစ်ခုပင် ဖြစ်ခဲ့လေပြီ ဖြစ်လေသည်။ ဂိုဏ်းကြီးကိုးဂိုဏ်း၏ ထိပ်တန်းဂိုဏ်းဖြစ်ခဲ့ဖူးသော ဟွာဆန်းသည် ယခုတွင်မူ အားလုံး၏အောက်ခြေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။ ထို့အပြင် ပြိုင်ဘက်ဂိုဏ်းဖြစ်သည့် တောင်ဘက်အစွန်အဖျားဂိုဏ်းကမူ ယခင်က မထင်မရှားဂိုဏ်းဘဝမှ ဂိုဏ်းကြီးဆယ်ဂိုဏ်းတွင်းသို့ ပါဝင်လာသော အလားအလာရှိသည့် ဂိုဏ်းဖြစ်လေသည်။

အကြီးအကဲဟွမ်သည် သံသယများစွာနှင့်ပင် ဟွာဆန်း၏တပည့်များ စုစည်းနေကြသောနေရာသို့ အကြည့်ရောက်သွားပြန်လေသည်။

ဒီကလေးကြည့်ရတာတော့ အရှုံးသမား ရုပ်တော့ မပေါက်ပါဘူးလေ...

ဒါပေမယ့် သူတို့ဂိုဏ်းကကျတော့လည်း နိုင်မယ့်ရုပ်ကို မပေါက်တာ...

ဒီကလေးမှာ လှည့်ကွက်တွေ ဘာတွေ ရှိလို့ ငါ့ကို ဒီလိုဖိတ်ထားခိုင်းထားတာပဲ ဖြစ်ရမယ်...

အကြီးအကဲဟွမ် လူကောင်သေးသလောက် အကြံများနှင့် ပြည့်နေသော ချွန်းမြောင်အား တွေးမိသွားသည့်အခါတွင်မူ ရယ်မိသွားလေသည်။

ဟွာဆန်းရဲ့ ပျက်သုန်းပြီး နလန်ထစ အခြေအနေမှာ တခြားသူတွေကိုပါ ခေါ်ပြီးပြသရတော့ အဆင်မပြေပေမယ့် ဟွာဆန်းကို ပြန်ပြီး ဂုဏ်တက်စေတဲ့ကိစ္စတွေကျတော့လည်း မပြလို့ မဖြစ်ပြန်ဘူး...

အင်း....ငါကတော့ ဒီကလေးပေါက်စပြောတဲ့စကားကို ယုံပြီး နှစ်ခါတောင် မစဉ်းစားတော့ဘဲ ဒီလူတွေအကုန်လုံးကို ခေါ်ခဲ့တာပါလား...

အကြီးအကဲဟွမ်ကမူ ကွင်းလယ်ရှိ လူများကို ကြည့်ကာ အတွေးများ များနေလေသည်။

"ပထမပွဲစဉ်အနေနဲ့... ဂိုဏ်းကိုယ်စားပြုဂိုဏ်းသားတစ်ယောက်ဆီက တစ်ယောက်ချင်း ယှဉ်ပြိုင်မှုကို စတင်မှာ ဖြစ်ပါတယ်...

ဂိုဏ်းကိုယ်စားပြု ဒုတိယတန်းတပည့်ဆယ်ဦးစီကနေပြီးတော့ ယှဉ်ပြိုင်တိုက်ခိုက်ကြမှာပဲ ဖြစ်ပါတယ်"

ယုအန်းက အေးအေးသာသာနှင့်ပင် အစီအစဉ်ကို ကြေငြာနေလေသည်။

"အသင့်ပြင်"

ယုအန်း၏ အော်သံဆုံးသည်နှင့် ဂိုဏ်းနှစ်ဂိုဏ်းမှ ကိုယ်စားပြုကလေးတစ်ဦးစီ ထွက်လာကြလေသည်။

ဂျင်ဂွမ်ရုန်နှင့် ဘတ်ချုန်းပင်။

"ဆရာတူအကိုကြီး.."

"ဆရာတူအကိုကြီး..ကြိုးစားထား"

"အကိုကြီး အနိုင်သေချာပေါက် ယူခဲ့ပါ"

ဆရာတူညီ ညီမများ၏ အားပေးသံကြောင့် ဘတ်ချုန်း သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ မျက်နှာထက်တွင်လည်း စိုးရိမ်မှုများက အထင်းသားပေါ်နေလေပြီး ခက်ထန်ပုံလည်း ပေါ်နေလေ၏။

ဘတ်ချုန်းက အားပေးနေကြသော ကလေးများကို တချက်လှည့်ကြည့်ကာ ကွင်းလယ်သို့ ထွက်လာခဲ့လေသည်။ ဂျင်ဂွမ်ရုန်ကမူ သူနှင့်ဆန့်ကျင်ဘက်ပင်။ အေးအေးလူလူ အမူအရာနှင့်သာ ရှိနေလေသည်။

ပြိုင်ပွဲဝင် နှစ်ဦးသားက တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်လိုက်လေသည်။

"ထင်ထားသလိုပါပဲလားဟ"

ပွဲကြည့်ပရိတ်သတ်များ ကြားထဲတွင် အန်ဟာကဲ့သို့ပင် ဒန်ဘန် ကုန်သည်ကြီးအသင်း၏ ဥက္ကဌဖြစ်သူ ဝေ့ဇီခယ် လည်း ပါဝင်လေသေးသည်။ ဂျင်ဂွမ်ရုန်ကို မြင်သည်နှင့် ဝေ့ဇီခယ်က စကားစလေတော့သည်။

"ဂျင်ဂွမ်ရုန်ကို ပြောကြတာကတော့ အရည်အချင်းရှိလွန်းလို့ တစ်နေ့မှာ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ခေါင်း‌ဆောင်ဖြစ်လာမယ်ဆိုလားပဲ...သူကလည်း တကယ်ကို အရည်အချင်းရှိတဲ့ကလေးကို "

"လူငယ်လူစွမ်းကောင်းတစ်ယောက်တောင် ဖြစ်လာနိုင်တဲ့လူမျိူး"

ဂျင်ဂွမ်ရုန်က အဖြူရောင် ဝတ်စုံကိုဝတ်ကာ လက်တစ်ဖက်မှလည်း သစ်သားဓါးကို ဆွဲကိုင်ထားသည်က ဓါးသိုင်းသမားတစ်ယောက်၏ အရှိန်အဝါအပြည့်ပင်။

"ဒါပေမယ့် သူနဲ့ ပြိုင်ရမယ့်ကလေးကကျ သိပ်ပြီး အရှိန်အဝါ မရှိသလိုပဲနော်"

"ခင်ဗျားပြောမှပဲ သတိထားမိတော့တယ်....စကားမစပ် သူတို့က ရုပ်ချင်းတောင် ဆင်ကြသလိုပဲနော်..

တစ်ယောက်က အဖြူ၊ တစ်ယောက်က အမည်း...နှစ်ခုယှဉ်လိုက်တော့ ပန်းချီကားလေးကျနေတာပဲ"

ဘတ်ချုန်းကမူ ဂျင်ဂွမ်ရုန်နှင့်ဆန့်ကျင်ဘက် အမည်းရောင် ဝတ်စုံကို ဝတ်ထားလေသည်။

"ပြိုင်ပွဲကတော့ တအားကို စိတ်ဝင်စားစရာဖြစ်နေပြီ..ဒါပေမယ့် ဟွာဆန်းက ကလေးက ဂျင်ဂွမ်ရုန်ကိုတော့ ယှဉ်နိုင်မယ် မထင်ဘူးနော်"

"ကျွန်တော်လည်း မပြောတတ်ဘူး... ဟွာဆန်းဂိုဏ်းကလည်း ချက်ချင်းဆိုသလိုကို ချမ်းသာလာတာဆိုတော့ အပြောင်းအလဲလေးတွေလည်း ရှိရင်ရှိလာနိုင်တယ်...ဂိုဏ်းက အပြောင်းအလဲတအားလုပ်နိုင်နေတော့ မထင်ထားတဲ့ အခြေအနေရလဒ်တွေလည်း ရှိရင်ရှိလာနိုင်တယ်"

အထင်နှင့် ဆွေးနွေးနေကြသော်လည်း လူတိုင်းကမူ ဂျင်ဂွမ်ရုန်သာ အနိုင်ရရှိမည်ဟု ထင်နေကြလေသည်။

ဟွာဆန်းမည်မျှပင် ခေါင်းထောင်လာစေကာမူ အစဉ်အလာကောင်းသော တောင်ဘက်အစွန်အဖျားဂိုဏ်း၏ သိုင်းပညာကိုမူ ယှဉ်နိုင်မည်ဟု မထင်ကြသေးပေ။ နလန်ထကာစ ဂိုဏ်းတစ်ဂိုဏ်းသည် မည်မျှထိ ရုန်းနိုင်မည်ကိုသာ သူတို့စိတ်ဝင်စားနေကြပြီး ပြိုင်ပွဲ၏အနိုင်ရလဒ်ကို မူ တောင်ဘက်အစွန်အဖျားဂိုဏ်းအား ပေးထားပြီးသား ဖြစ်လေသည်။

အကြီးအကဲဆောင်းကမူ ဧည့်သည်များထက် တဆင့်မြင့်သောနေရာတွင်ထိုင်ကာ ထိုလူအုပ်ကြီး၏ အတင်းအဖျင်းများကြောင့် မျက်နှာက ရှုံမဲ့နေလေသည်။ ဟွာဆန်းဆိုသည်က တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် နှိုင်းယှဉ်ရန်ပင် မလိုသည့်နေရာပင်။ အနှိုင်းခံရသည်ကပင် အတော်လေး ဂုဏ်နိမ့်နေပြီဟု သူထင်လေသည်။

ဂွမ်ရုန်..ငါတို့က ဘာဆိုတာ သက်သေပြလိုက်စမ်းပါ...

ဟွမ်းဂျွန်သည်လည်း ဘတ်ချုန်းကို ကြည့်ကာ နှုတ်ခမ်းကိုက်မိနေလေသည်။

"မင်းမှာရှိသမျှအရာအားလုံးကို ထုတ်ပြလိုက်စမ်းပါကွာ"

လူအားလုံးက မျှော်လင့်ချက်ကိုယ်စီနှင့် ပွဲလယ်ထဲရှိ ဂျင်ဂွမ်ရုန်နှင့်ဘတ်ချုန်းကို ကြည့်နေကြလေသည်။

ပြိုင်ပွဲဝင်နှစ်ဦးသားကလည်း အကြည့်များမှ မီးတောက်တော့မည့်အလားပင်။

ဂျင်ဂွမ်ရုန်က စကားစကာ ပြောလာလေသည်။

"မင်းက ထွက်မပြေးဘဲနဲ့ လာပြိုင်တယ်ပေါ့"

ဘတ်ချုန်းကမူ မျက်နှာထားတင်းတင်းပင်။

"ငါက ဟွာဆန်းက ဒုတိယတန်းတပည့်တွေရဲ့ ဆရာတူအကိုကြီး ...

ငါ ထွက်ပြေးစရာ အကြောင်းမရှိဘူးး"

"လေကြီးလိုက်တာ...မင်းကို ဆုံးမပေးရသေးတာပေါ့"

ဂျင်ဂွမ်ရုန်က ဓါးကိုမြောက်ကာ ဘတ်ချုန်းထံသို့ ဦးတည်ထားလိုက်လေသည်။

"အသေးဆုံးခွေးက အဟောင်ဆုံးပဲတဲ့....."

"မင်းက အခုတော့ ခွေးကိုက်တာ ခံရတော့မှာပဲ"

"အာ ..မှားလို့....မင်းက ခွေးတောင် မဟုတ်ဘူး"

"မင်း...."

"ကဲပါ..မင်း စမ်းကြည့်လိုက်စမ်းပါ...မနေ့က ငါမင်းကို ပြောခဲ့သလိုပဲ..ငါ မင်းကို သက်သေပြမယ်..

မင်းက တကယ်တော့ ဘယ်လိုကောင်ပဲလဲဆိုတာကို"

ဘတ်ချုန်း ပြိုင်ပွဲကိုသာ အာရုံစိုက်ထားလိုက်လေပြီး မျှော်လင့်ချက်အပြည့်နှင့်ကြည့်နေသော ဟွမ်းဂျွန်ရှိရာသို့ တချက်လှမ်းကြည့်လိုက်လေသည်။

ဂိုဏ်းချုပ်ကပါ ကြည့်နေတယ်...

ငါ ငါ့ကိုယ်ငါ သက်သေပြနိုင်မှ ဖြစ်မယ်...

ငါက ဒုတိယတန်းတပည့်တွေထဲက ခေါင်းဆောင်ပဲ...

ဘတ်ချုန်းက ဂျင်ဂွမ်ရုန်ကိုကြည့်ကာ သူ၏ဓါးကိုလည်း အသင့်အနေအထား ပြင်ထားလိုက်လေသည်။

လူအားလုံးက တိတ်ဆိတ်နေကြပြီး ကွင်းလယ်ရှိပြိုင်ပွဲဝင်နှစ်ဦးကိုသာ ကြည့်နေကြလေသည်.။

ဟွာဆန်း၏ ကိုယ်စားပြုသိုင်းသမားနှင့် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဂုဏ်ဆောင် သိုင်းသမား...

သာမန်ဆိုလျှင်မူ ဤသို့သော ပွဲကြီးပွဲကောင်းသည်က ပြိုင်ပွဲ၏နောက်ဆုံးတွင်ဖြစ်သင့်ပြီး အပိတ်ပွဲဖြစ်သင့်သော်လည်း ညီလာခံများ၏ ရိုးရာအရ ပထမဆုံးပွဲစဉ်ဖြစ်နေရလေသည်။

ပြိုင်ပွဲက မည်သို့ပင် ဖြစ်စေနေကာမူ ပရိတ်သတ်များက ဝင်ရောက်စွတ်ဖက်ခြင်းလည်း ပြု၍ရမည် မဟုတ်ပေ။

ဤသည်ကလည်း ပြိုင်ပွဲ၏ စည်းကမ်းတစ်ခုပင် ဖြစ်လေသည်။

ဘတ်ချုန်းဘက်မှ စတင်ကာ လှုပ်ရှားလိုက်သည်။

ဘမ်း...

ကျယ်လောင်လှသောအသံကြီးက ထွက်ပေါ်လာလေပြီး ဂျင်ဂွမ်ရုန်က ဘတ်ချုန်း၏ဓါးချက်ကို တားဆီးထားလေသည်။

ဘတ်ချုန်းကမူ ရှေ့သို့ဆက်ကာဆက်ကာ တိုးနေပြီး ထိုးစစ်ကို တရစပ်ဆင်နေလေ၏။ ဂျင်ဂွမ်ရုန်အား ချက်ကောင်းထိစေမည့် နေရာတိုင်းကို ချိန်ရွယ်ပြီး တိုက်ခိုက်နေသော်လည်း မထိသေးပေ။

ဝှီးးးး

ဓါးချင်းတာ ရိုက်ခတ်မှုများ အကြိမ်ကြိမ်ဖြစ်ပွားနေပြီး ဂျင်ဂွမ်ရုန်ကမူ ဓါးချက်များကို အသာအယာပင် ရှောင်ရှားနေလေ၏။

ဘတ်ချုန်းကမူ ထိုးစစ်ကို တရစပ်ဆင်နေပြီး ဓါးကို ဖိကာ ကပ်ထားလေတော့သည်။ ဖိကပ်ထားသည့်အရှိန်ကြောင့် သူ၏လက်များပင် တုန်ခါနေလေပြီး ဓါး၏ပုံရိပ်ယောင်များကလည်း အဆက်မပြတ်ထွက်လာလေသည်။ ဓါးချက်တစ်ချက်တည်းမှာပင် ဓါးချက်ပေါင်းများစွာက အရိပ်ထင်နေသကဲ့သို့ပင်။

ဟွာဆန်း၏ ဓါးသိုင်းပညာများကို လေ့ကျင့်ရေးခန်းမထဲတွင် မျက်ဝါးထင်ထင်မြင်နေရပြီ ဖြစ်လေသည်။

"ဝိုး"

"မိုက်လိုက်တာ"

"ဟွာဆန်းက ကလေးတွေကလည်း အရည်အချင်းရှိလာပြီပဲ"

ဘတ်ချုန်း၏ ထူးခြားစွာတိုးတက်လာသော စွမ်းရည်ကြောင့် အားလုံးက ချီးကျူးကြလေပြီး လေးလည်းလေးစားလာကြလေသည်။ ယခုပြိုင်ပွဲတွင် သုံးနေသည့်ဓါးက သစ်သားဓါးဖြစ်သော်လည်း ဓါးအစစ်ကဲ့သို့ပင် ထက်မြလာသည်ဟု ထင်ရလေသည်။ ဘတ်ချုန်း၏ ဓါးစွမ်းရည်က သိသိသာသာတိုးတက်လာသော်လည်း ဂျင်ဂွမ်ရုန်ကမူ အေးအေးသက်သာပင် ရှိနေဆဲပင်။ ဤသို့ မမျှော်လင့်ထားသောအခြေအနေနှင့် တွေ့ရသည်ကိုပဲ သူကကျေနပ်နေလေသည်။

ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ ကလေးများကလည်း လက်သီးတပြင်ပြင် အံတကြိတ်ကြိတ်နှင့်သာ ပြိုင်ပွဲအား အသည်းတယားယားကြည့်နေကြလေသည်။

ဂျိုဂု အံဩတကြီးပင် ပြောမိလေတော့သည်။

"အကိုကြီး ဘတ်ချုန်းကတော့ အကိုကြီးဘတ်ချုန်းပါပဲ..အကိုကြီးသုံးနေတဲ့ 'ကျားမာန်စွယ်' သိုင်းက တကယ့်ကို အကောင်းဆုံးပဲ"

ဟွာဆန်း၏ ဂိုဏ်းသားများက သူတို့၏ကျေနပ်အံဩနေမှုကြီးကို မဖုံးကွယ်ထားနိုင်ကြပေ။

သူတို့ကိုယ်လည်း သိကြပေသည်။ ဤသည်က ကြိုးစားမှု၏ ရလဒ်ပင်။ ဘတ်ချုန်းသည် ပြီးခဲ့သောညီလာခံတွင် ဟွာဆန်း၏အရှက်ကွဲခဲ့ရမှုအပေါ် များစွာမကျေနပ်ဖြစ်ကာ တံခါးပိတ်လေ့ကျင့်ရေးကို စတင်ကာ အဆိုပြုကျင့်ကြံခဲ့သူဖြစ်လေသည်။ သူသည်ကပင် အတိုးတက်ချင်ဆုံးသောလူဖြစ်လေပြီး အမှန်လည်း တိုးတက်လာသည့်သူ ဖြစ်သည်ကို ဟွာဆန်းမှ လူများက သိရပေသည်။ ဤကဲ့သို့သောလူကို အားပေးထောက်ခံခြင်း မပြုလျှင် မည်သူကို အားပေးရမည်နည်း။

ဘတ်ချုန်းက ဓါးချက်များ၏ ဂျင်ဂွမ်ရုန်နှင့် ပိုမိုနီးကပ်လာလေပြီး ဓါးချက်များကလည်း ပို၍ပို၍ရှပ်ထွေးလာလေသည်။ ဟွမ်းဂျွန်သည် ဓါးချက်များကို ကြည့်ကာ လက်သီးသာ တင်းတင်းဆုပ်ထားနိုင်လေတော့သည်။

ဒီကလေးရဲ့ ဓါးချက်တွေက အသေးစိတ်လိုက်တာ..

ဘယ်တုန်းက ဒီအဆင့်ထိရောက်သွားတာလဲ...

ဘတ်ချုန်း၏အစွမ်းပြနေမှုကြောင့် ဟွာဆန်းတပည့်များ၏ရင်ထဲတွင်လည်း မျှော်လင့်ချက်ပန်းကလေးက ပွင့်လန်းလာလလေသည်။

နောက်ဆုံးတော့ ...

ငါတို့မှာ မျှော်လင့်ချက်ရှိလာခဲ့ပြီ...

ယွန်းဂျွန်ပင် စိတ်လှုပ်ရှားနေသည်က အသိသာကြီးပင်။

"ချွန်းမြောင်...ကြည့်စမ်း...အကိုကြီးက သူ့ကို နောက်ရောက်သွားအောင် တွန်းလိုက်ပြီ"

"အင်း"

"ငါတို့ နိုင်လောက်လား"

"လုံးဝပဲ..ရှုံးမှာ"

"ဟမ်"

ချွန်းမြောင်၏အဖြေကြောင့် ယွန်းဂျွန်က ချွန်းမြောင်ကို လှည့်ကြည့်လာလေသည်။ ချွန်းမြောင်ကမူ ဆူပုတ်ပုတ်နှင့် မေးထောက်ကာ ကြည့်နေလေသည်။

"နိုင်ချင်တယ်ဆိုရင် ရန်သူကို တချက်လောက်တော့ အလဲထိုးနိုင်ရမှာပေါ့..အခုက သူက တချက်တောင် ထိအောင် ရိုက်နိုင်သေးတာ မဟုတ်ဘူး"

"ဒါပေမယ့်လည်း ငါတို့ မျှော်လင့်ချက်တော့ရှိ..."

"ဘတ်ချုန်းအကိုကြီးရဲ့ မျက်နှာကိုလည်း ကြည့်ဦး...နိုင်မယ့်ရုပ်ပေါက်နေလို့လား"

ချွန်းမြောင်၏ စကားကြောင့် ယွန်းဂျွန် ဘတ်ချုန်းအား လှည့်ကြည့်လိုက်လေသည်။ ဘတ်ချုန်းက အားကုန်သုံးကာ ရင်ဆိုင်နေရသည်မို့ ရှုံမဲ့နေလေ၏။ မတရားအားစိုက်ထားရသည့်ပုံပင်။

ဘာလားဟ...

ဘတ်ချုန်းက ဓါးကို တဖန်ပြန်ရုတ်ကာ နောက်တချက်လွဲခုတ်လိုက်ပြန်သည်။ ပထမဓါးချက်သည် အနေအထားမှန်လေပြီး ဓါး၏ချီစွမ်းအင်များကလည်း တဆင့်ချင်းစီ တိုးလာလေသည်။ ဓါးချက်များက ချီများတိုးလာသည်နှင့်အမျှ ပို၍ပို၍ပေါ့ပါးကာ ပေါ့ပါးကာ လာလေသည်။

ဓါးချက်များက လိပ်ပြာလေးတစ်ကောင် လေတွင်ဝဲနေသကဲ့သို့ပင်။

ဓါးချက်များက ပေါ့ပါးကာ သွက်လက်ထက်ရှနေသော်လည်း ဓါးချက်များကမူ ဂျင်ဂွမ်ရုန်ကို တချက်ပင် မထိသေးချေ။

ဘာလို့ ငါ့ဓါးချက်တွေက သူ့ကို မထိရတာလဲ...ဘာလို့လဲ..

ဘတ်ချုန်းနှင့် ယှဉ်ပြိုင်နေရသူက အဆင့်တစ်ခုသို့ ရောက်ရှိနေသည့်အလားပင်။ သူ၏သိုင်းပညာကလည်း အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ရှေ့မှသူနှင့် ယှဉ်လျှင်မူ မိုးနှင့်မြေကွာခြားနေသကဲ့သို့ပင် ခံစားလာရလေသည်။

ဘတ်ချုန်းသည် ဟန်မပျက်တိုက်ခိုက်နေသော်လည်း ရင်ထဲတွင်မူ စိုးရိမ်စိတ်နှင့် အကြောက်တရားများက တစ်လှည့်စီ ငြင်းပန်းနှိပ်စက်မှုကို ခံနေရလေသည်။ မျက်နှာပေါ်တွင် ချွေးစေးများကလည်း တရစပ်ပင် ကျလာလေသည်။

"အား...."

နောက်ဆုံးသော ဓါးချက်ပင်။ အပြင်းထန်ဆုံးနှင့် အင်အားအများဆုံး ဓါးချက်ဆိုလည်း မှားမည်မထင်ပေ။

ဓါး၏ပုံရိပ်ယောင်ဓါးချက်ပေါင်းများစွာကလည်း ဂျင်ဂွမ်ရုန်ပေါ်သို့ ကျရောက်သွားလေသည်။

ထို့နောက်တွင်မူ ဂျင်ဂွမ်ရုန်က ပထမဦးဆုံးအနေနှင့် တိုက်စစ် စဖွင့်လာလေသည်။ ဘတ်ချုန်း၏ ဓါးကို ဟန့်တားလိုက်သော ချီစွမ်းအင်များက ထိုးတက်လာပြီး ဘတ်ချုန်း၏ ထိုးစစ်ကို စတင်ကာ တုန့်ပြန်လိုက်ပြီ ဖြစ်လေသည်။ ဘတ်ချုန်းသည် အားအင်စိုက်ထုတ်ကာ တိုက်ခိုက်ထားရသည်မို့ ချွေးသံများရွဲနေသော်လည်း ဂျင်ဂွမ်ရုန်ကမူ ချွေးမထွက် ဟန်မပျက်ပင် ရှိနေလေသေးသည်။ မျက်နှာထက်တွင်လည်း ခနဲ့ပြုံးလေးက ရှိနေလေ၏။

"မင်း အခုပျော်သွားပြီလား"

"မင်း"

"ကြွတ်စုတ်လေး...မင်း ဘယ်လောက်ပဲ ဟွာဆန်းရဲ့သိုင်းပညာတွေကို လေ့ကျင့်ထားပါစေ ငါ့ခေါင်းက ဆံပင်တစ်ချောင်းကိုတောင် မင်းထိလို့ရမှာ မဟုတ်ဘူး"

ဂျင်ဂွမ်ရုန်၏စကားနှင့်အတူ ပြင်းထန်သောဓါးချက်များကလည်း လျင်မြန်စွာကျလာလေသည်။

ဓါးချက်တစ်ချက်သည် ဘတ်ချုန်း၏ပုခုံးပေါ်သို့ ကျရောက်သွားပြီး ဘတ်ချုန်းနောက်ပြန်လဲကျသွားလေသည်။

"အား..."

ဘတ်ချုန်းသည် လဲကျသွားသည်နှင့် တချက်ညည်းတွားကာ ပြန်ထရန် ပြင်လိုက်လေ၏။ သူက ခေါင်းထောင်လိုက်သည်နှင့် ဂျင်ဂွမ်ရုန်က မဲ့ပြုံးတစ်ခုနှင့် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရလေသည်။

"မင်း သိပ်မကြာခင်မှာ ကောင်းကောင်းကြီး သိလာမှာပါ...မင်း ဘယ်လောက်သောက်ရူးဆန်လဲဆိုတာကိုပေါ့"

အညှာတာကင်းမဲ့သောအပြုံးက ဂျင်ဂွမ်ရုန်၏ မျက်နှာထက်တွင် ပေါ်လာလေသည်။ ပြိုင်ပွဲ၏အခြေအနေသည် တမျိူးတမည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

All Chapters