← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အပိုင်း(၉၇)

ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး(၂)

ကွင်းလယ်မှ လူနှစ်ယောက်၏ကွာခြားမှုက အသိသာကြီးပင်။ ဂျင်ဂွမ်ရုန်ဆိုသည်က ငယ်စဉ်ကပင် ပါရမီနှင့် မွေးဖွားလာသောကလေးဖြစ်ပြီး ဘတ်ချုန်းနှင့်ယှဉ်လျှင် အပြစ်ပြောရန်ပင် မရှိသောလူတစ်ယောက်လည်းဖြစ်လေသည်။ ဘတ်ချုန်းဆိုသည်က ကြိုးစားနေ၍သာ နေရာရလာသူတစ်ယောက်ဖြစ်ပြီး ပါရမီအခံရှိပြီး ကြိုးစားမှုလည်း မနည်းသောသူနှင့်ယှဉ်လျှင်မူ ယှဉ်နိုင်ဖွယ်ရာ မရှိပေ။ ထိုပြင် ဂျင်ဂွမ်ရုန်ကို ရှုံးသည်ကလည်း အသားကျနေပြီဖြစ်သောအရာတစ်ခုလည်း ဖြစ်လေသည်။

ပြီးခဲ့သော ညီလာခံတွင်လည်း အရှုံးသမားပင် ဖြစ်ခဲ့ပြီး ရှုံးနိမ့်ခြင်း၏ ခါးသက်မှုကိုသာ ခါးစည်းခံခဲ့ရလေသည်။

သို့သော် ...

ငါ ဒီတစ်ကြိမ်တော့ အရင်တုန်းကလောက်ကြီး အရှုံးက မကြီးမားတော့ပါဘူး..

ငါ့ကြိုးစားမှုတွေ အရာထင်ခဲ့ပြီပဲ...

ချွန်းမြောင်က သူ၏အမှားများကို ထောက်ပြခဲ့သည့်အချိန်မှစ၍ သူတစိုက်မတ်မတ် ပြန်လည်လေ့ကျင့်လာခဲ့ခြင်း ဖြစ်လေသည်၊ အဆုံးသတ်ရလဒ်အနေနှင့်မူ ယခင်အချိန်များကဲ့သို့ အရှက်တကွဲ မဖြစ်တော့ခြင်းပေ။ သူ၏ကြိုးစားမှုက အမှန်တကယ်ကို အရာထင်ခဲ့ပြီဟု ယူဆနိုင်လေ၏။

ဘမ်းးး

"အဟွတ်"

ဂျင်ဂွမ်ရုန်က သူ၏ဓါးနှင့် ဘတ်ချုန်း၏ပုခုံးအား နောက်တစ်ချက် ထပ်ကာရိုက်လိုက်ပြန်လေသည်။ ဘတ်ချုန်းက ဓါးချက်ကို ကာလိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ဟန်ချက်ကိုထိန်းရင်း ဓါးကို တဖန်ဖိကပ်လိုက်လေ၏ ။ဓါးအစစ်ဆိုရင် ဂျင်ဂွမ်ရုန်သည်လည်း ဒဏ်ရာရနေတော့မည်ဖြစ်သော်လည်း အတုဖြစ်နေ၍ အဆင်မပြေပေ။

ငါက မင်းကို ဘာလို့ထိအောင် မတိုက်နိုင်ရမှာလဲ..

ဘာလို့လဲ...

ငါ ဒီလောက်တောင် ကြိုးစားခဲ့ရတာ...

ဘမ်း...

ဂျင်ဂွမ်ရုန်၏ဓါးချက်က တခြားတဖက်မှ ဝင်လာပြန်လေသည်။ အမြင်နှင့်ပင် ဓါးချက်၏အားက အရိုးများပင် ကျိုးကြေသွားလောက်သည်ကို ခံစားမိလေသည်။ ဘတ်ချုန်းကမူ ဓါးချက်၏အောက်မှာပင် မညည်းမတွားပင်။ နာကြင်မှုဒဏ်ကို ကြိတ်ကာခံနေရှာလေသည်။ သူ၏ဓါးကို မြေပြင်ပေါ်တွင် ထောက်ကာအားယူလိုက်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်လေသည်။

"ကျား"

သူ၏ဓါးကို အားယူကာ ဂျင်ဂွမ်ရုန်ထံသို့ ပြန်လည်ချိန်ရွယ်လိုက်ပြီး တချက်ရိုက်ချလိုက်လေသည်။ အားကုန်တင်းကာ ရိုက်လိုက်သည်မို့ ရိုးရှင်းသော်လည်း သွက်လက်ကာ ထက်ရှမှုက အပြည့်ပင်။

"နှေးလိုက်တာ"

သို့သော် ဂျင်ဂွမ်ရုန်က ကိုယ်ကိုတပတ်လှည်ကာ ရှောင်ရှားလိုက်ပြီး ဓါးချက်ကို ခုန်ရှောင်လိုက်လေသည်။ ထို့နောက်တွင်မူ တန်ပြန်ဓါးချက်က ဘတ်ချုန်း၏ ဘယ်ဘက်ပုခုံးပေါ်သို့ ကျရောက်လာလေသည်။ သွေးကြောများကို ထိခိုက်သွားလေပြီး တိုက်ခိုက်နေရင်းမှပင် သွေးများ အန်လာလေသည်။ ဂျင်ဂွမ်ရုန်ကမူ ပွဲပြီးကို လှလှပပ အဆုံးသတ်ချင်ဟန်ရပြီး ဘတ်ချုန်းကို အနိုင်မပိုင်းလိုက်သေးပေ။ အခွင့်အရေးပေးသယောင်ပြုကာ စောင့်နေပြန်လေသည်။ မဲ့ပြုံးတစ်ပွင့်ကလည်း မျက်နှာထက်တွင် ပွင့်လန်းနေပြီး ဘတ်ချုန်းအား လှောင်ပြောင်သည့်အကြည့်နှင့် ကြည့်နေလေသည်။

ဘတ်ချုန်း၏ ဘယ်ဘက်လက်သည် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီဖြစ်၍ လှုပ်မရတော့ပေ။ သို့ဖြစ်၍ တစ်ဖက်တည်းသောလက်ကိုသာ အားယူပြီး မြေပြင်ပေါ်မှ ကုန်းထလာနိုင်ရန် ကြိုးစားနေလေသည်။

"..."

ရဲရဲတောက်နေသော မျက်လုံးများနှင့် ဘတ်ချုန်းပင်။

နာကြင်မှုကြောင့် ကြောက်ရွံနေရမည့်အစား ဂျင်ဂွမ်ရုန်ကိုတာ စိမ်းစိမ်းဝါးဝါးကြီး ကြည့်နေလေသည်။

"အိုး"

ဤသို့သော ဘတ်ချုန်း၏ပုံစံက ဂျင်ဂွမ်ရုန်ကို အလွန်ပင် အံ့အားသင့်စေသည်။

"မင်းက တအားကို ပြန်ထချင်နေတာပေါ့လေ...မင်းက အခု စိတ်ပဲရှိတော့တာကိုလေ"

ဂျင်ဂွမ်ရုန်က ဘတ်ချုန်းထက်တွင် အုပ်မိုးကာ သူ၏ဓါးကို မြောက်လိုက်လေသည်။ ပွဲသိမ်းလိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်လေသည်။

"မင်းဘယ်လောက်ပဲ အရှုံးမပေးချင်နေပါစေဦးတော့ မင်း ဘာမှမတတ်နိုင်တော့ဘူး...

ပြီးတော့ မင်းဘဝတစ်လျောက်လုံး ငါ့ကိုနိုင်ဖို့ မပြောနဲ့ ငါ့အဝတ်စကိုတောင် မင်းထိနိုင်မှာ မဟုတ်ဘူး"

"ဘာလို့လဲ"

"မင်းမှာ ဦးနှောက်မရှိလို့..ငါ မင်းကို ပြောပြီးသားပါ"

ဂျင်ဂွမ်ရုန်က ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ဟွာဆန်းနဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းကြားက ကွာခြားမှုကြီးက ဘယ်လောက်တောင် ကြီးလိုက်လဲ...

ဟွာဆန်းရဲ့ သိုင်းပညာဆိုတာက တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ သိုင်းပညာကို ဘယ်တော့မှ ယှဉ်လာနိုင်မှာ မဟုတ်ဘူး...

နှစ်တွေ ရာပေါင်းများစွာ ကြာသွားရင်တောင် မဟုတ်ဘူး... နှစ်တွေ ထောင်ချီပြီးကြာသွားရင်တောင် ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး"

စိတ်ကြီးဝင်ကာ ဝင့်ကြွားနေလိုက်သည့် လေသံပင်။ ခံပြင်းစရာ ကောင်းလှပေသည်။

သို့သော် မည်သူကမှ သူ၏စကားများကို ချေပခြင်း မရှိနိုင်ကြပေ။ ဟွာဆန်း၏ ဂိုဏ်းချုပ်ကပင် နှုတ်ခမ်းကိုတင်းတင်းကိုက်ကာ သည်းခံနေရုံသာ တတ်နိုင်လေသည်။ ထိုသို့ ပျက်ရယ်ပြုနေသောစကားကို တုံ့ပြန်နိုင်ခြင်း မရှိကြပေ။

ဟွမ်းဂျွန်က မျက်စိကို တင်းတင်းမှိတ်ကာ သည်းခံနေရလေသည်။

ငါတို့ ဒီလိုကြီး ဘယ်အချိန်ထိ စော်ကားခံနေရမှာလဲ...သူတို့ကို ပြန်ပြီး တုံ့ပြန်နိုင်ဖို့ ဘယ်လောက်ထိ ကြိုးစားကြရဦးမှာလဲ...

လူတိုင်းက ပျက်ရယ်ပြုကာ လှောင်ပြောင်ခံရသောစကားကြောင့် ဒေါသထွက်ကြသော်လည်း သည်းခံနေရုံမှအပ မတတ်နိုင်ကြပေ။ ဟွမ်းဂျွန်အနေနှင့်မူ သူ၏ညံ့ဖျင်းမှုကြောင့်ဟုသာ ခံယူကာ ကလေးများအတွက် စိတ်မကောင်းဖြစ်ရလေသည်။

ငါ့တပည့်တွေ...

ငါ့ကို ခွင့်လွတ်ကြပါ...

သို့သော် ဂျင်ဂွမ်ရုန်၏ စော်ကားမှုများက ထိုမျှနှင့် မရပ်သွားသေးပေ။

သူက ဘတ်ချုန်းကို ပြုံးကာပြလိုက်လေသေးသည်။

"မင်း ငါ့ကို နောက်ထပ်အနိုင်ယူချင်စိတ်ရှိနေသေးတယ်ဆိုရင်တော့ ဟွာဆန်းဂိုဏ်းက ထွက်လာခဲ့တာက အကောင်းဆုံးပဲ ဖြစ်လိမ့်မယ်... ဒီမှာ နေလို့ မင်းမှာ အနာဂတ်ဆိုတာ မရှိဘူး... ဒီမှာရှိနေတာက စုတ်ပြတ်သတ်နေတဲ့ ဂိုဏ်းအခွံသက်သက်တစ်ခုပဲ"

ဘတ်ချူန်းက အံကိုတင်းတင်းကြိတ်လိုက်လေ၏။

"ငါက ဟွာဆန်းရဲ့ ဂိုဏ်းသား"

"ဟုတ်ပြီလေ...အဲ့လိုဆိုတော့လည်း မင်းကံပေါ့.."

ဂျင်ဂွမ်ရုန်က သူ၏လက်ထဲတွင်ရှိနေသောဓါးကိုလှည့်ကာ ဘတ်ချုန်းအား အားကုန်ရိုက်ချလိုက်လေတော့သည်။ ဘတ်ချုန်းက ကာကွယ်ရန်ပြင်လိုက်သော်လည်း မမှီလိုက်ပေ။ လက်တဖက်လည်း လှုပ်မရသည်မို့ လှုပ်ရှားလိုက်သည်က အလဟဿပင် ဖြစ်သွားလေသည်။

ဘုန်း...

ကျယ်လောင်သောအသံကျယ်ကြီးက ထွက်လာလေပြီး ဘတ်ချုန်း၏ကိုယ်ပေါ်တွင် ရိုက်ချက်များက အဆက်မပြတ်ကျလာလေတော့သည်။ ဘတ်ချုန်းသည်က ထိုင်နိုင်ခြင်းပင် မရှိတော့။ မြေပြင်ပေါ်တွင် အသေကောင်တစ်ကောင်ကဲ့သို့ပင် လဲကျသွားလေတော့၏။

"အာ...ငါ လက်လွန်သွားပြီထင်တယ်....အရှိန်ပါမိသွားတယ်"

ဂျင်ဂွမ်ရုန်က သေလုနီးပါးဖြစ်နေသော ဘတ်ချုန်းကို ကြည့်ကာ အံဩသယောင် တောင်းပန်စကားဆိုလိုက်ပြီး သူ၏ဓါးကို ပြန်ရုတ်သိမ်းကာ ဘတ်ချုန်း၏ ကိုယ်ပေါ်မှ တက်နင်းပြီး ကျော်သွားလေသည်။ ထို့နောက်တွင်မူ သူ၏အဖွဲ့သို့ ပြန်လှည့်သွားလေတော့သည်။

အရှုံး...

ပြောပဖွယ် မရှိသောအရှုံးပင်...

"ဆရာတူအကိုကြီး"

"နည်းပြ"

ဂျင်ဂွမ်ရုန် လှည့်ထွက်သွားသည်နှင့် ဟွာဆန်း၏တပည့်များက ကွင်းလယ်သို့ အပြေးအလွှားဆင်းလာကြလေသည်။

"နည်း...နည်းပြ"

"ငါ့ကို လာပြီး မရှုပ်ကြစမ်းနဲ့"

"...."

ဘတ်ချုန်း၏ ရှက်ဒေါသသံကြောင့် ဘတ်ဆန်းနောက်ကို ဆုတ်ကာ အရိုအသေပေးလိုက်လေပြီး နောက်သို့ လှည့်ကာ ကြည်လိုက်လေသည်။

" ဒါကြီးက လွန်လွန်းတယ် မထင်ဘူးလား"

ဘတ်ဆန်း၏စကားကြောင့် ဂျင်ဂွမ်ရုန်က နောက်ပြန်လှည့်ကာ မေးလာလေသည်။

"ဘာက လွန်တာလဲ"

"ဒါက ပြိုင်ပွဲလေးတစ်ခုပဲလေ...မင်း ဘယ်လိုလုပ်ပြီး တဖက်လူကို ဒီလောက်ထိခိုက်အောင် လုပ်နိုင်ရတာလဲ"

"ပြိုင်ပွဲလေ...ဒါကြောင့်ပဲ ဒီလိုရှင်းရှင်းလင်းလင်း ရလဒ်မျိုးကို ပြသဖို့ လိုတာပေါ့...သူလည်း အဲ့လိုအဆုံးသတ်ကိုပဲ လိုချင်နေတာ မဟုတ်ဘူးလား"

"ဘာ"

ဂျင်ဂွမ်ရုန်က ခနဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။

"ဒါက တကယ့်ဓါးအစစ်နဲ့သာ တိုက်ရတဲ့ပွဲဖြစ်ကြည့်ပါလား...သူ ဒီလောက်နဲ့တောင် ပြီးသွားဦးမှာ မဟုတ်ဘူး"

"...."

"ဒါက ပြိုင်ပွဲလေးတစ်ခုပဲမို့ သူအသက်ရှင်နေတာပေါ့... ငါပြောတာ မှားလို့လား"

"မင်း ဘယ်လိုတောင်"

"သိပ်လည်း ဒေါသထွက်မနေပါနဲ့"

"..."

ဂျင်ဂွမ်ရုန်က မဲ့ပြုံးတစ်ပွင့်နှင့် ပြောလာလေသည်။

"ကြည့်ရတာ ငါပဲ လွန်သွားတာ နေမှာပါ...ငါကလည်း သူဒီလောက်အားနည်းမယ်လို့ မထင်ထားဘူးလေ..

သူ့ကိုယ်သူလောက်တော့ ကာကွယ်နိုင်မယ်လို့ ငါထင်ထားတာပေါ့....ကြည့်ရတာ ငါအထင်ကြီးလွန်းသွားတာလည်း ဖြစ်နိုင်ပါတယ်..တောင်းပန်တယ်နော်"

ဘတ်ဆန်းက နှုတ်ခမ်းကို ပေါက်ထွက်မတတ် ကိုက်ချလိုက်လေသည်။

လုံးလုံးလျားလျားအရှုံးကိုပင် ရင်နာဖွယ်လှောင်ပြောင်မှုများက အဆစ်ပါလေသေးသည်။

ဘတ်ဆန်း ဖြစ်နိုင်လျှင် ဤလူကိုပင် ဆွဲထုတ်ကာ မျက်ရည်ကျအောင်ထိ ရိုက်နှက်လိုက်ချင်သည်။

သို့သော်လည်း လက်တွေ့တွင်မူ လုပ်နိုင်သည့်အရာက မရှိပေ။

"ဆရာတူအကိုကြီးကို ကုသရေးဆောင် ထဲကို သယ်ခဲ့ကြ...အခုပဲ သွားကြမယ်"

"ဟုတ်ကဲ့"

လဲကျနေသော ဘတ်ချုန်းအား တပည့်များက သယ်သွားသည်နှင့် ဘတ်ဆန်းက သူ၏ဓါးကို ဆွဲကာ ထုတ်လိုက်လေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ သိုင်းပညာ ဘယ်လောက်ဆိုးလဲဆိုတာ ကြည့်ရသေးတာပေါ့ကွာ"

"စိန်ခေါ်မှုက ငြင်းနေစရာကို မလိုတာ ဆိုဟန်"

"ဟုတ်ကဲ့...ဆရာတူအကိုကြီး"

"သူ့ကို သွားပြီး အနိုင်ယူခဲ့"

"ဟုတ်ကဲ့"

ဂျွန်ဆိုဟန်က ကွင်းလယ်သို့ မဲ့ပြုံးတစ်ခုနှင့် ဝင်လာလေသည်။

ဝင်လာသည့် ဆိုဟန်ကိုကြည့်ကာ ဘတ်ဆန်းက ဓါးကို အသင့်ပြင်ထားလိုက်ပြန်လေသည်။

ပြိုင်ပွဲ၏လေထုက တဖန်ဂယက်ထလာပြန်ပြီး ပွဲကြည့်ပရိတ်သတ်များကလည်း ပြန်လည်စိတ်ဝင်စားလာကြပြန်လေသည်.

"အံဩစရာကောင်းလိုက်တာကွာ"

"ဘတ်ချုန်းကို ဒီလောက်တော်မယ်လို့တောင် မထင်ထားဘူး..ဂျင်ဂွမ်ရုန်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပဲဗျို့"

"သူကတော့ တကယ့်ကို ချီးကျူးခံရတာနဲ့ လိုက်အောင် တော်ပါပေတယ်....မသကာ တချိန်ကျရင် ဒီကလေးကြောင်နဲ့ တောင်ဘက်အစွန်အဖျားဂိုဏ်းက ထိပ်ဆုံးတောင် ရောက်လာနိုင်တယ်နော်"

"ကျွန်တော်လည်း ထင်တယ်...ဟားဟား"

နံဘေးမှ လူများ၏စကားကြောင့် အကြီးအကဲဟွမ်ကမူ မျက်နှာပျက်နေလေပြီ ဖြစ်သည်။ ဤသည်က ကုန်သည်တို့၏ ထုံးစံပင်။ အပြစ်‌တော့ ဆို၍မရပေ။ သူသည်လည်းပဲ ဘတ်ချုန်းနှင့် ဂျင်ဂွမ်ရုန်၏ ပြိုင်ပွဲကို ကြည့်ကာ ထိုနည်းလည်းကောင်းပင် ခံစားရသည်မို့ ထူးထွေတော့ မပြောတော့ပေ။ လေးစားစရာကောင်းသည်က ဘတ်ချုန်းသည် မြေပြင်ပေါ်သို့ လဲကျသွားသည်အထိ တစ်ချက်ပင် မာန်မလျော့ခဲ့ပေ။ သို့သော်လည်း ဤသို့သာ ဆက်သွားပါက ဟွာဆန်းသည် အတိတ်ကကဲ့သို့ မတောက်ပနိုင်တော့ပေ။မည်မျှပင် ကြိုးစားစေကာမူ ဆက်ကာ အရှုံးဘက်သို့ ဆင်းသွားတော့မည့်အလားပင်။ သူကိုယ်တိုင်သည်ပင် ရွေးချယ်မှု မှားယွင်းခဲ့လေသလားဟု တွေးမိလာလေသည်။

ထို့အပြင် ချွန်းမြောင်သည်က သူ့နှင့်တကွ ကုန်သည်များကိုပင် ဖိတ်ခိုင်းထားသည်မို့ ထူးထူးခြားခြားပြောင်းလဲမှုများ ရှိနေပြီဟု ထင်ခဲ့သော်လည်း အထင်မှားပုံရလေသည်။

ငါတော့ ကလေးပုစိကို အလွန်အကြူးယုံမိသွားတာလားပဲ...

အကြီးအကဲဟွမ် ချွန်းမြောင်ကို စိတ်ရှုပ်စွာနှင့် ကြည့်လိုက်လေသည်။

"နည်းပြ အဆင်ပြေလောက်လား"

"အဆင်ပြေစရာ အကြောင်းရှိလို့လား"

"သူ ဆိုးဆိုးဝါးဝါးနာနေလောက်တယ်နော်"

"မသေတာ ကံကောင်း"

"...."

ချွန်းမြောင်၏ စိတ်မရှည်သောအဖြေများကြောင့် ယွန်းဂျွန် ဒေါသထွက်လာလေသည်။

"မင်း ငါတို့ အကိုကြီးတို့နဲ့ ဘယ်လောက်ပဲ အဆင်မပြေနေရင်တောင် သူတို့က ငါတို့ရဲ့ အကိုကြီးတွေနော်...

မင်း အဲ့လိုကြီး ဖြစ်နေဖို့တော့ မကောင်းပါဘူး"

"အကိုကြီး ...စိတ်ကို လျော့ပါ"

"ခွေးကောင်"

"စိတ်ကို လျော့ပါလို့ ပြောနေတယ်နော်"

ယွန်းဂျွန် ချွန်းမြောင်ကို မျက်စောင်းထိုးကာ ကြည့်လိုက်လေသည်။ ချွန်းမြောင်ကတော့ ထုံးစံအတိုင်း မတုန်မလှုပ်ပင်။

"မင်း အကိုကြီး နိုင်မယ်လို့ မတွေးထားဘူးလား"

"..."

ယွန်းဂျွန် တကယ်ပင် စိတ်ဆိုးသွားလေသည်။ သူသည်လည်း အပြည့်အဝကြီး မျော်လင့်ထားသည်တော့ မဟုတ်ပေ ။ သို့သော် ဘတ်ချုန်း၏အရည်အချင်းများက မယုံကြည်နိုင်ဖွယ်ပင် တိုးတက်လာခဲ့သည်မို့ မျှော်လင့်ချက်လေး ထားမိသွားသည်က‌တော့ အမှန်ပင်။

ငါတို့ဂိုဏ်းက တကယ်ပဲ အဲ့လောက်ညံ့နေပြီလား...

"သိုင်းပညာတွေ ဘယ်လောက်ပဲသင်ထားသင်ထား အဲ့သိုင်းပညာကို မသုံးနိုင်ရင် ဆရာတစ်ဆူ မဖြစ်ဘူးပဲ..

သိုင်းသမားအစစ်ဆိုတာ သင်ထားတဲ့ သိုင်းပညာကို တကယ်ထုတ်သုံးနိုင်တဲ့သူကိုမှ ခေါ်တာ"

"..."

"အခုလည်း ကြည့်ထား..ဒုတိယတန်းတပည့်တွေ အကုန်ရှုံးကြမှာပဲ"

"အကုန်လုံးလား"

"တစ်ယောက်တောင် သေချာပေါက် နိုင်မှာ မဟုတ်ဘူး...ဒီတစ်ယောက်လည်း မတိုက်နိုင်ဘူးဆိုတာ ကျွန်တော်ပြောရဲတယ်"

ယွန်းဂျွန်၏မျက်နှာက ပို၍ရှုံမဲ့လာလေသည်။

ပြီးခဲ့သော ပြိုင်ပွဲတွင်က နှစ်ပွဲသရေနှင့် ရှစ်ပွဲရှုံး ဖြစ်ခဲ့လေသည်။ ချွန်းမြောင်စကားအရဆိုလျှင် ယခုအကြိမ်က သရေပင် မရှိနိုင်တော့လေသည်လား...

"ငါတို့ရော အဲ့လိုပဲ ရှုံးမှာလား"

ချွန်းမြောင်က ယွန်းဂျွန်အား စွေကာ ကြည့်လာလေသည်။

"ရှုံးမယ်...ဟုတ်လား..ဘယ်သူက ရှုံးမှာလဲ"

"ဘာ....မင်းပဲ ပြောတာလေ..."

"ဒုတိယတန်းတပည့်တွေလို့ပဲ ပြောတာလေ"

"..."

"ဘယ်သူက တောင်ဘက်အစွန်အဖျားဂိုဏ်းကကောင်တွေကို အနိုင်ပေးမယ်လို့ ပြောလို့လဲ...

ဘယ်သူက နိုင်မှာလဲ...ကျွန်တော် မသေသရွေ့ အဲ့ကောင်တွေကို အနိုင်မပေးနိုင်ဘူး..

အဲ့လိုမျိုး မြင်ကွင်းကို မြင်ရရင်လည်း မနေတော့ဘူး..သေပစ်မယ်"

"...."

"ဆို‌တော့ စိတ်ကိုအေးအေးထား... ပေါ့ပေါ့ပါးပါး လေးပဲ နေ...ဟုတ်ပြီလား..

အနေရခက်နေရင် အပြောင်းအလဲလေး လုပ်ပေးမယ်"

"ဘာလုပ်မှာ ...မဟုတ်မှ"

"အား...."

ဘတ်ဆန်း၏ အော်သံအဆုံးတွင် ဘတ်ဆန်းက လဲကျသွားလေပြီး ထပ်ကာထပ်ကာ ရိုက်ခံနေရလေသည်။

ဂျွန်ဆိုဟန်ကမူ လဲကျနေသည့် ဘတ်ဆန်းကို ကန်၍ပင် အားမရနိုင်သေးချေ။

"ထနိုင်သေးမယ်လို့ ထင်နေတာလား..ဟမ်"

"အား"

"ကြည့်ရတာ အပြောပဲ ရှိတာထင်တယ်"

ချွန်းမြောင်ကမူ ဂျွန်ဆိုဟန်၏ မြောက်ကြွကြွ အမူအရာကို မျက်စိစူးနေပြီ ဖြစ်လေသည်။

"မဟုတ်သေးပါဘူး..ဒီခွေးသားက ...မပြီးနိုင်သေးဘူးလား"

"သူ့ကို တားထား"

တတိယတန်းတပည့်များကြားတွင် ပွက်လောရိုက်သွားလေပြီး ကွင်းလယ်သို့ ပြေးဝင်သွားသော ချွန်းမြောင်ကို လိုက်ဖမ်းကြရင်းဖြင့် ရှုပ်ထွေးသွားလေသည်။

ထိုအခြင်းအရာကို မြင်သည့် ဂျွန်ဆိုဟန်ကမူ မယုံကြည်စွာပင် လှောင်လေတော့သည်။

"ဟားဟား..ငါ‌တော့ ဒီမှာမျိုးစုံကို တွေ့နေရတာပါလားဟေ့..

မင်း ကြည့်ရတာ ဘယ်ကမှန်းမသိတဲ့ အကောင်လေးလိုပါပဲလား...ဟားဟား"

"အိုး..ဟုတ်လား"

ချွန်းမြောင်က မျက်လုံးဝိုင်းလေးများနှင့် ကြည့်ကာ ပြောလိုက်လေသည်။

"မင်း ဘယ်အချိန်ထိ ပြုံးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

"မင်းက အခု ငါ့ကို စိန်ခေါ်လိုက်တာလား..ဒါဆိုရင်တော့ မင်းမှားသွားပြီ..

အခုမှ နောင်တရလည်း နောက်ကျလွန်းသွားပြီ"

အပိုင်း(၉၈)

ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး(၃)

"ဂိုဏ်းချုပ်"

ဟွမ်းဂျွန် ကွင်းထဲတွင် ဖြစ်နေသောအရာများကို တစ်ခွန်းတစ်လေမှပင် မပြောချင်တော့ဘဲ မျက်စိကိုသာမှိတ်နေလေတော့သည်။

"သူ့ကို တားလိုက်ရမလား..."

ဟွမ်းဆန်းက တုန်လှုပ်ဗျာများနေသောအသံဖြင့် ဟွမ်းဂျွန်အား မေးလာလေသည်။

တားလိုက်ရမယ်ဟုတ်လား..

ဘယ်လိုလုပ်ပြီး ဒီမင်းမနိုင်ကောင်ကို တားရမှာလဲ..

ဒီမှာက ဒီလောက် ထင်ရှားတဲ့ကုန်သည်တွေရော ၊အကြီးအကဲတွေရောရှိနေတာကို ဘယ်လိုတားရမှာလဲ...

သူ၏စိတ်အလိုအရဆိုလျှင်မူ ပြိုင်ပွဲအား ယခုပင်ရပ်တန့်လိုက်ချင်ပြီ ဖြစ်လေသည်။ ဆက်ကာပြိုင်နေလျှင်လည်း သူတို့၏ဂိုဏ်းသည်က အရှုံးပင် ဖြစ်နေလိမ့်မည်။ သို့သော် မည်မျှလောက်တော့ လူများရှေ့တွင် သူမည်သို့တားဆီးရမည်နည်း။

ဟွာဆန်းသည် ယခုလက်ရှိတွင် တတိယတန်းအဆင့်သာရှိသော ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသော်လည်း စောင့်ထိန်းရမည့်ကျင့်ဝတ်များက ရှိနေလေသေးသည်။ ဖြစ်သလို ဆက်ဆံ၍ မရပေ။ ပြိုင်ပွဲကိုသာ တဝက်တပျက်နှင့် ရပ်တန့်လိုက်ပါက ဟွာဆန်း၏ပျက်စီးပြီးသော အမည်သည် အဖတ်ဆယ်မရကာ မြောင်းထဲရောက်ရန်သာ ကျန်ရှိလေတော့သည်။ ထိုသို့သော အဖြစ်မျိုးမဖြစ်ရန် တားဆီးရမည့်တာဝန်က ဟွမ်းဂျွန်တွင် ရှိနေသည်မို့ ဟွာဆန်းမှ ကလေးများအနိုင်ကျင့်ခံနေရသည်ကို သိသော်လည်း ပြိုင်ပွဲမပြီးမချင်း ကြည့်နေရုံမှအပ တတ်နိုင်သည့်အရာ မရှိပေ။

ဟွမ်းဂျွန် စိတ်နာကြင်ပင်ပန်းမှုကြောင့် မျက်လုံးများပင် မဖွင့်နိုင်ပေ။ ရင်တွင်းတွင်လည်း တလှပ်လှပ် တုန်လှုပ်နေလေသည်။

"ဂိုဏ်းချုပ်"

ဟွမ်းဂျွန်က မျက်လုံးကို ဖွင့်ကာ သက်မကိုချရင်း တစ်ခွန်းသာ ဖြေလိုက်လေသည်။

"ဒါက ဖြစ်ပြီးနေပြီပဲ"

"ဒါပေမယ့်"

"မင်းတို့ ငါ့ကို စိတ်ပျက်နေကြပြီလား"

"အား"

နောက်ဆုံးကျန်ရှိနေသော ဒုတိယတန်းတပည့်က မြေပြင်ပေါ်တွင်လဲကျကာ ဓါးတခြား လူတခြားဖြစ်နေပြီ ဖြစ်လေသည်။ ဓါးသမားတစ်ယောက်အနေနှင့် လက်တွင် ဓါးလွတ်ကျသွားခြင်းက သေသည်ထက်ပင်ဆိုးသော အရှက်ရဖွယ်ရာ ကိစ္စပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း ဓါးကိုင်သည့် လက်ကောက်ဝတ်ကိုသာ အဓိကထားကာ တိုက်ခိုက်ကြသည်မို့ အရှက်ရဖွယ်ရာ အဖြစ်ကြီးက ဆက်တိုက်ဆိုသလိုပင် ဖြစ်နေလေတော့သည်။

"ဓါးသမားတစ်ယောက်က ဘယ်လိုစိတ်မျိုးနဲ့များ ဓါးကိုတောင် ကောင်းကောင်းမြဲအောင် မကိုင်ထားရတာလဲ..

ကြည့်ရတာ ဟွာဆန်းက ကလေးတွေကို သင်ကြားပေးထားတာများ မရှိဘူးလား"

လှောင်ပြောင်ခနဲ့ပြောနေသည့်အသံများပင်။

တမင်သက်သက်ပင် ပြောင်ရယ်ခနဲ့နေခြင်းပင်။

ဆယ်ပွဲတိတိလုံး အရှုံးပင်။

ဟွာဆန်း၏အကြီးအကဲများကမူ ပျက်လုမက ပျက်ယွင်းနေပြီမို့ ဣန္ဒြေထိန်း၍ပင် မရဖြစ်နေကြလေပြီ။

ဒါမျိုးတွေပဲ တကယ်ဖြစ်နေတော့မှာလား...

ဟွာဆန်းတွင် အခွင့်အရေးအလင်းရောင်လေးတစ်ခု ရှိလာပြီဟု ထင်ခဲ့သော်လည်း ယခုတွင်မူ ဤသို့ ပျက်ရယ်ပြုစရာ ကိစ္စများနှင့်သာ အဆုံးသတ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ ယခုတွင်မူ မျှော်လင့်ချက်များက တစ်စစီပျက်စီးရုံသာမက ကျန်ကလေးများအတွက်ပါ စိုးရိမ်ပူပန်နေရပြီ ဖြစ်လေသည်။

"တော်တယ်"

"ဟုတ်ကဲ့ပါ ..အကြီးအကဲ"

အကြီးအကဲဆောင်းက အာဟို ၏ပုခုံးကိုပုတ်ကာ ချီးကျူးလိုက်လေသည်။ ပြိုင်ပွဲ၏ ပထမပိုင်းရလဒ်က စိတ်ကျေနပ်လောက်ဖွယ်ရာပင်။ ဆယ်ပွဲလုံးနိုင်ခဲ့ရုံသာမက ပွဲစဉ်အားလုံးက လက်ရည်အသာစီးနှင့် နိုင်ခဲ့သည်ကြီးပင်။ အားရဖွယ်ရာအကောင်းဆုံးအပိုင်းကမူ ရှန်ရှီတခွင်မှ ကုန်သည်များ၏ရှေ့တွင် ဟွာဆန်းအား အနိုင်ယူရခြင်းပင် ဖြစ်လေသည်။

အခုတော့ ဟွာဆန်းက အရှက်ကွဲရုံမကဘူး ဘဝပါဆုံးပြီးပေါ့...ဟားး ဟားး

ဤသို့သောအခြေအနေက သူတို့တောင်ဘက်အစွန်အဖျားဂိုဏ်း၏ မျှော်လင့်ချက်ပင် ။ဟွာဆန်းအား ချွတ်ချုံကျကာ ဘဝဆုံးပြီး နလန်ပြန်ထူ၍ပင် မရနိုင်သော အခြေအနေမျိုးကိုသာ သူတို့ ပြန်ရောက်စေချင်ကြလေသည်။ အကြီးအကဲဆောင်းက လက်ရှိအခြေအနေအား ကျေနပ်အားရစွာနှင့် အပြုံးကြီးပြုံးနေလေတော့သည်။

ပွဲကြည့်ပရိတ်သတ်များကလည်း ပထမပိုင်းပွဲစဉ်အရ အခြေအနေကို ခန့်မှန်းနိုင်သလောက် ခန့်မှန်းမိနေကြပြီ ဖြစ်လေသည်။ သို့ဖြစ်၍ တီးတိုးသဖန်းပိုးလုပ်ကာ ဝေဖန်သံများက ထွက်လာကြလေတော့သည်။

"ဒါကြီးကတော့ တဖက်သတ်ဆန်လွန်းပါတယ်ကွာ"

"ငါက ဟွာဆန်းကို နည်းနည်းတော့ မျှော်လင့်ထားတာ..ကြည့်ရတာတော့ အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပြီ နေမှာပါကွာ...လက်ရှိကတော့ မဟန်ပါဘူး... ဒီပုံအတိုင်းဆို ဟွာဆန်းက ကြာရှည်မခံနိုင်တော့ပါဘူး"

"ခင်ဗျားတို့လည်း အဲလိုပဲ ထင်တယ်မို့လား"

"ဒါကြီးကတော့ ရုပ်ပေါက်လွန်းပါတယ်ဗျာ... ကျွန်တော့်အမြင်ပြောရရင်တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းက တော်လွန်းနေတာ မဟုတ်ဘဲ ဟွာဆန်းက လူတွေကိုက ညံ့နေတာပါ"

"နှစ်ခုလုံးပါပဲဗျာ....ညံ့တာရော ..တဖက်က တော်နေတာရောပါ"

"နှမြောစရာပဲ..ကြည့်ရတာ ဟွာဆန်းက ဒီတခါတော့ တကယ်အဆုံးသတ်ပြီထင်တယ်"

အကြီးအကဲဆောင်းက ကြားနေရသော တီးတိုးစကားသံများကြောင့် အပြုံးပင် မရပ်နိုင်တော့ပေ။လူတိုင်းက တောင်ဘက်အစွန်အဖျားဂိုဏ်းကို ချီးကျူးနေကြလေပြီး ဟွာဆန်းကိုမူ ပြစ်တင်နေကြလေသည်။

"ကဲ..အခုက မင်းတို့က အဆုံးသတ်ပဲဆိုတာ သိပြီမို့လား... မင်းတို့ရဲ့ အကိုကြီးတွေကို ဘယ်လိုလုပ်သွားကြသလဲဆိုတာ သိပြီမို့လား"

"ဟုတ်ကဲ့ပါ..အကြီးအကဲ"

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တတိယတန်းကလေးများကလည်း ကိုယ်စီအနိုင်ယူရမည်ဟု ဆုံးဖြတ်ထားကြသည့်ပုံပင်။

"ဘာမှ တွေဝေမနေကြနဲ့"

အကြီးအကဲဆောင်း၏ မျက်လုံးများက တလက်လက်ပင် တောက်ပနေလေသည်။ ဝမ်းသာပျော်ရွှင်လွန်းနေ၍ ဖြစ်မည်ထင်သည်။

"ခြင်္သေ့တစ်ကောင်က ယုန်လေးတစ်ကောင်ကို အမဲလိုက်ရင်တောင် သူတတ်နိုင်သမျှ ကြိုးစားပြီးတော့မှ အမဲလိုက်တယ်...မင်း တို့လည်း ဘာမှ ညှာတာနေကြစရာမလိုဘူး... မင်းတို့ လုပ်ဖို့လိုတာက သူတို့တွေ သိုင်းပညာသင်ယူတယ်ဆိုတာကိုတောင် ဘယ်တော့မှ မတွေးရဲစရာဖြစ်အောင်လုပ်ခဲ့"

"ကျွန်တော်တို့ မှတ်သားထားပါ့မယ်"

အကြီးအကဲဆောင်းက ကျေနပ်စွာဖြင့် ကောင်းကင်အား မော့ကာကြည့်လိုက်လေသည်။

ဘယ်လောက်သာယာလိုက်တဲ့ နေ့လေးလဲ....

"..."

ယွန်းဂျွန် ပြောစရာများပင် ကင်းမဲ့နေသလို ခံစားရလေသည်။

တဖက်တွင် ရပ်နေကြသော ဒုတိယတန်းတပည့်များကိုလည်း အကြည့်ပင် မဆုံရဲပေ။ သူတို့၏အမူအရာများကို မမြင်ရဘဲနှင့်ပင် သိမ်ငယ်နေသကဲ့သို့ ခံစားနေရလေသည်။ ထို့အပြင် တတိယတန်းတပည့်များကိုလည်း သူမကြည့်ရဲပေ။

ငါတို့နဲ့ သူတို့ရဲ့ ကွာခြားမှုက ဒီလောက်ပဲကြီးသလား...

ညီလာခံကို အမြဲလိုလိုကျင်းပခဲ့သည်ဖြစ်သော်လည်း ကွာခြားမှုက ဤမျှကြီးမားမှု မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ ယှဉ်ကာ ရပ်နေရသည်ကပင် သိမ်ငယ်နေသလိုပင်။

"အခုက ငါတို့အလှည့်ရောက်ပြီမို့လား"

"...."

ယွန်းဂျွန်၏စကားကြောင့် တတိယတန်းကလေးများ၏အမူအရာများက ပျက်ယွင်းကုန်ကြလေသည်။

သူတို့သည် ချွန်းမြောင်၏ လေ့ကျင့်ပေးမှုနှင့် များစွာတိုးတက်ပြောင်းလဲလာသည်မှန်သော်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့်မူ ယှဉ်ကာ တိုက်ရဲသည့် ယုံကြည်ချက်မရှိကြသေးပေ။

သို့သော် မည်သူကမှလည်း လွယ်လွယ်နှင့် အရှုံးမပေးလိုက်လိုကြပေ။

သို့သော် ဤသည်က အဓိကပြဿနာမဟုတ်သေးပေ။

အဓိက ပြဿနာသည်က သူ၏ဘေးတွင်ထိုင်နေသော ချွန်းမြောင်ပင် ဖြစ်လေသည်။

ဘာတုန်း ...သူက အသက်အောင့်ထားတာလား...

ကွင်းထဲမှ ပြန်ဆွဲလာရသောချွန်းမြောင်သည် ဒုတိယတန်းတပည့်များ တစ်ဦးရှုံးလျှင် တစ်ကြိမ်မျက်နှာက နီလာလေပြီး ယခုမူ ပန်းသီးရဲရဲ တစ်လုံးကဲ့သို့ပင် ဖြစ်နေလေပြီ။ ဒေါသလည်း ထွက်နေဟန်ရပြီး မျက်မှောင်ကိုလည်း ကြုတ်ထားလေသေးသည်။

"..."

ချွန်းမြောင်၏ တိမ်ဖုံး၍လမသာ အမူအရာကို မြင်လိုက်ရသော ယွန်းဂျွန်ကမူ အယောင်ယောင်အမှားမှားနှင့် အင်္ကျီစများကို ဆွဲချနေလေ‌တော့သည်။

ဒီကလေး ခဏနေရင်ပဲ ဒေါသအိုးကွဲ လုပ်တော့မလားပဲ...

ဘုန်းကြီးကျောင်းတွင် သုံးနှစ်နေရင် တရားတော်များ ကြေညက်လေသည်တဲ့ ။ ချွန်းမြောင် ဘေးတွင် သုံးလနေသည်ကမူ အမူအရာများကို အလွတ်ဖတ်တတ်သွားသည်ပင်။ ယွန်းဂျွန် လေသံတိုးလေးနှင့် ချွန်းမြောင်ကို ပြောလိုက်လေ၏။

"ချွန်းမြောင် ...စိတ်ကို လျော့ပါ"

"စိတ်လျော့ရမယ်..ဟုတ်လား"

ချွန်းမြောင်က ဒေါသတကြီး ပြန်ပြောလိုက်သော်လည်း ယွန်းဂျွန်၏ သနားဖွယ်ရာ မျက်နှာလေးအား မြင်ပြီးသည့်အခါတွင်မူ ဒေါသများကို ဆက်မထားတော့ပေ။ စိတ်လျော့လိုက်လေသည်။ သို့သော် သူကတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းအား အရှုံးပေးမည် မဟုတ်ပေ။ ဤသည်က ဂိုဏ်းနှစ်ဂိုဏ်း၏ ပြိုင်ပွဲဖြစ်ရုံသာမက ပြိုင်ပွဲအား နှစ်ဖက်ဂိုဏ်းမှ အကြီးအကဲများနှင့် ရှန်ရှီမှ ကုန်သည်များကလည်း ကြည့်နေကြလေသေးသည်။

သို့သော်လည်း ဒုတိယတန်းတပည့်များ လူစေ့ရှုံးသည်နှင့် ဒေါသက ငယ်ထိပ်ရောက်နေပြီ ဖြစ်လေသည်။ ယွန်းဂျွန်ကမူ ချွန်းမြောင်ကို ကြည့်ကာ အမှန်ပင် မျက်နှာငယ်လေးနှင့် ဖြစ်နေလေပြီ။

"ချွန်းမြောင် ...သေချာလေးလည်း တွေးကြည့်ပါဦး... မနေ့က မင်း ဘာပြောထားလဲ.. ကိစ္စကြီးတွေကို လုပ်ဖို့ဆို စိတ်ရှည်ဖို့က အရေးကြီးဆုံးပဲဆို"

"စိတ်ရှည်တာလား"

"ဟုတ်တယ်လေ..စိတ်ရှည်တာ"

"ဆရာတူအကိုကြီး"

"အေး...ချွန်းမြောင် ပြော...

မင်း ပြောထားတာတွေကို ငါ ကောင်းကောင်းကြီး မှတ်မိပါတယ်"

"ကျွန်တော် တွေးပြီးသွားပြီ"

"ဘာကိုလဲ"

ချွန်းမြောင်က ခေါင်းကိုဖြေးဖြေးချင်းလှည့်ကာ ယွန်းဂျွန်အား ကြည့်လာလေသည်။ ယွန်းဂျွန်မြင်လိုက်သည်က ဒေါသကို ဖွင့်ထုတ်ကာ ကြမ်းတော့မည့် မျက်လုံးမျိုးပင်။

"ကျွန်တော်..."

ချွန်းမြောင်က အားမာန်အပြည့်နှင့် မတ်တပ်ထရပ်လိုက်လေသည်။

"ဒါကြီးကို သည်းခံဖို့ လုံးဝ စိတ်ကူးမရှိဘူး"

ဒါက ဂုဏ်ယူစရာမဟုတ်ဘူးခွေးသားရဲ့ ...

ယုအန်း ထကာ အော်ဟစ်နေသော ချွန်းမြောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်. ။ အရှက်တကွဲဖြစ်ရလွန်း၍ မျက်နှာက ဖြူရော်နေပြီး ကွင်းထဲတွင်ပင် မနေလိုတော့ပေ။ သို့သော်လည်း တာဝန်ကျနေသည်မို့ ပြိုင်ပွဲကို တန်းလန်းထားကာ သူထွက်သွား၍ မရနိုင်ပေ။

"ဟုတ်ကဲ့ပါ....အခုဆိုရင် ဒုတိယပွဲစဉ်အနေနဲ့ တတိယတန်းတပည့်များ၏ ယှဉ်ပြိုင်မှုများ စတင်တော့မှာ ဖြစ်ပါတယ်...တဖက်မှာ..."

"သူ့ကို ဖမ်း...မလွတ်စေနဲ့ တားထားကြစမ်း"

"ချွန်းမြောင်...ချွန်းမြောင် မင်းက နောက်ဆုံးမှ သွားရမှာလို့"

"လူတွေ ကြည့်နေတယ်...လူတွေ ရှိတယ်လို့ ...ချွန်းမြောင် ပြောလို့ရစမ်းပါ"

ယုအန်းက ရုတ်ရုတ်သဲသဲ အော်သံများကြောင့် အသံလာရာကြည့်လိုက်လေတော့ တိုးထွက်နေသော လူတစ်ယောက်အား ဝိုင်းတားနေကြသည့် တတိယတန်းကလေးတသိုက်ကို တွေ့လိုက်ရလေသည်။

ဘာတုန်း...ချွန်းမြောင် လားဟ..

ဒီကလေးက ဘာထဖြစ်နေတာတုန်း...

ယုအန်းကလည်း အံဩတကြီး ကြည့်နေပြီး စကားပင်ဆုံးအောင် မကြေငြာနိုင်ပေ။ သို့သော်လည်း တာဝန်က ရှိသေးသည်မို့.....

"ဟုတ်ကဲ့ ...ပြိုင်ပွဲက‌တော့..."

"ကျား..."

အော်သံကျယ်ကြီးက ထွက်လာလေသည်မို့ ယုအန်း၏စကားစက ရပ်သွားရပြန်လေသည်။

ယုအန်း နောက်သို့ လှည့်ကြည့်လိုက်လေတော့ ရုန်းကန်နေသော ချွန်းမြောင်နှင့် တားဆီးနေသော ကလေးတသိုက်ကို တွေ့လေသည်။ ခေါင်းခါကာ သူ၏ ကြေငြာမှုကို လက်စသတ်ရန် ပြင်လိုက်လေသည်။

"ယား.."

ချွန်းမြောင်က ကွင်းလယ်ထဲသို့ ခုန်ဝင်လာပြီး အသက်ကိုလည်း အ‌မောတကြီးရှုနေလေ၏။ ထို့နောက်တွင်မူ ယုအန်းကို တချက်ပင် မကြည့်ဘဲ မျက်နှာချင်းဆိုင်တွင်ရှိနေသော တောင်ဘက်အစွန်အဖျားဂိုဏ်းကို ကြည့်ကာ ပြောလိုက်လေ၏။

"ဟေ့..မင်းတို့တွေထဲက တစ်ယောက် ...မြန်မြန် ထွက်ခဲ့စမ်း'

"...."

"စကားပိုတွေ ပြောမနေနဲ့...လာ ...ထွက်သာ ထွက်ခဲ့"

ချွန်းမြောင်၏ အမူအရာကြောင့် အကြီးအကဲဆောင်းက ထအော်လေတော့သည်။

"ဒီ ခွေးသားကတော့"

ဤကလေးက ပုံမှန်စိတ်အခြေအနေ မဟုတ်...ရူးသွပ်နေသည်ကို သိသော်လည်း ရှန်ရှီမှ ကုန်သည်များ၏ရှေ့တွင်မူ ထိုသို့ ပြောခံရခြင်းသည် စော်ကားခံရခြင်းပင် ဖြစ်လေသည်။

"အကြီးအကဲ..စိတ်လျော့ပါ"

ဂျင်ဂွမ်ရုန်က ဣန္ဒြေထိန်းရန်ပင် မေ့ကာ ထအော်နေသော အကြီးအကဲဆောင်းကို လှမ်းကာပြောလိုက်လေသည်။

"ကျွန်တော်တို့ ဘာမှလည်း သူ့ကို သွားလုပ်လို့ ရတာမဟုတ်ဘူး...ခဏနေရင် သူ ငြိမ်ကျသွားပါလိမ့်မယ်.."

"အင်း"

အကြီးအကဲဆောင်းက မကျေနပ်သေးသော်လည်း ဒေါသကိုထိန်းကာ နေရာတွင် ပြန်ထိုင်လိုက်ရလေသည်။

"ဝူရန်"

"ဟုတ်ကဲ့ အကိုကြီး"

ချွန်းမြောင်နှင့် ယှဉ်ပြိုင်ရန်ရွေးထားသည့် ဝူရန်ဆိုသည့်ကလေးအား ဂျင်ဂွမ်ရုန်က ခေါ်လိုက်လေသည်။

"မင်း ပြိုင်ရမယ့်အချိန်က ရှေ့ရောက်သွားလည်း ဘာမှမထူးခြားသွားဘူး..မင်းရဲ့ တာဝန်ကို သေချာထမ်းဆောင်ခဲ့...မှာထားတာကို မမေ့နဲ့"

"ဟုတ်ကဲ့ပါ...နည်းပြ အကိုကြီး"

ဆိုဝူရန်က သူ၏သစ်သားဓါးကို ဆွဲကိုင်ကာ ချွန်းမြောင်၏ရှေ့သို့ သွားကာ ရပ်လိုက်လေသည်။

ထို့နောက်တွင်မူ သူ၏ဓါးကို ချွန်းမြောင်ဆီသို့ ချိန်ရွယ်ထားလိုက်လေသည်။

"ငါ မင်းရဲ့ လေကြီးနေတဲ့ ပါးစပ်ကို ပိတ်သွားအောင် လုပ်ပေးလိုက်မယ်...ငါက တောင်ဘက်အစွန်အဖျားဂိုဏ်းက တပည့်ပဲ"

ရုတ်တရက်ဆိုသလိုပင် ချွန်းမြောင်က နေရာမှာ ပျောက်သွားပြီး ချက်ချင်းဆိုသလို ဝူရန်၏ ရှေ့တွင် ပေါ်လာလေသည်။

"ဆို...."

ဆိုဝူရန်၏ မျက်တောင်တခတ်မှာပင် ထိုကလေးက သူ့ရှေ့သို့ ရောက်လာလေပြီး သတိပင်မထားမိလိုက်ပေ။

ဘာလို့လဲဟ...

ဘယ်လိုတုန်း ..သူက ဘယ်လိုလုပ်ချက်ချင်းကြီး...

နေပါဦး..အဲ့တာက လက်သီးကြီးလား...

ဘမ်း.....

ညီလာခံသက်တမ်းတစ်လျောက်တွင် တစ်ကြိမ်မှပင် မဖြစ်ဖူးသော အရာကြီးက ဖြစ်လာလေသည်။

ဆိုဝူရန်၏ ခန္ဓာကိုယ်သည် လေထဲတွင် မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြန်မကျခင်မှာပင် လေထဲ၌ အပတ်များစွာ လည်နေလေသည်။

"..."

မြေပြင်ပေါ်သို့ ဆိုဝူရန်ပြန်ကျလာသောအခါတွင်မူ အရေးပေါ်အခြေအနေသို့ ရောက်လုနီးနီးဖြစ်သွားပြီ ဖြစ်လေ၏။

မြေပြင်ပေါ်တွင် အသေကောင်လဲသို့ သတိပင် မကပ်တော့ဘဲ လဲနေသော ပြိုင်ဘက်ကို ချွန်းမြောင်က ရှုတည်တည်ပင် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး"

မင်းတို့အကုန်လုံးကို သေမတတ်တောင်းပန်ရအောင် ခွေးရိုက်နွားရိုက် ရိုက်တော့မှာ။

အပိုင်း(၉၉)

ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး(၄)

ကျယ်လောင်လှသော အသံကြီးနောက်တွင် လူတိုင်းက တင်္ဒဂမျှ တိတ်ဆိတ်သွားကြလေသည်။

လက်သီးချက်မိသွားသည့် ဆိုဝူရန်ကမူ လက်ထဲတွင်ပင် အချိန်အတော်ကြာသွားသည့်အလားပင်။ မြေပြင်ပေါ်သို့ ပြန်ရောက်သည်နှင့် မထနိုင်တော့ဘဲ နှာခေါင်းမှ သွေးများကလည်း ရေတံခွန်အလားပင် လျှံကျနေလေသည်။

ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသူများကလည်း ရှိကြလေပြီး ဤသည်က ဟွာဆန်း၏ပထမဦးဆုံးသော အင်အားပြမှုပင်။ ဆိုဝူရန်ကမူ မြေပြင်ပေါ်တွင် လဲလျောင်းနေရင်းပင် တဖက်လူ၏ ကြုံးဝါးသံကို ကြားနေရလေသည်။

"ငါ ဟာသလုပ်နေတာ မဟုတ်ဘူး"

ချွန်းမြောင်က မြေပြင်ပေါ်တွင် မုဆိုးထိုင်ထိုင်လိုက်ပြီးလေမှ ခါးကြားထဲမှ သူ၏သစ်သားဓါးကို ဆွဲထုတ်လိုက်လေသည်။

"ထစမ်း..ခွေးသား... ငါ ရိုက်လို့ မပြီးသေးဘူး..

လက်သီးလေးတချက်ထိုးလိုက်ရရုံနဲ့ ငါ့ ဒေါသတွေက အကင်းသေသွားမယ်လို့ ထင်နေလို့လား"

ချွန်းမြောင်က မထနိုင်ဖြစ်နေသော လူကိုကြည့်ကာ ကြိမ်းမောင်းပြောဆိုနေသည်က အမြင်မသင့်ဟု ထင်ရလေသည်။ သို့သော်...

အတော့်ကို ဆိုးဝါးပြီး နားထောင်လို့ ကောင်းလိုက်တဲ့စကားလုံးတွေ...

ယွန်းဂျွန်သည်ပင် ထိုသို့ ခံစားနေရလေသည်။ အမြင်မသင့်တော်သော်လည်း စိတ်တော့ အလွန်ပင် ကျေနပ်စေလေသည်။

"ဘာ..ဘာပြောလိုက်တယ်"

ချွန်းမြောင်၏စကားတို့ကြောင့် အကြီးအကဲဆောင်းကမူ ဒေါသမီး တောက်နေလေပြီဖြစ်သည်။

ဒါက ဘယ်လိုဖြစ်ရတာလဲ..

ချွန်းမြောင်သည် ကွင်းလယ်သို့ ဝင်လာသည်အထိ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသော်လည်း ခဏအကြာတွင်မူ မည်သည့်အရာများ ဖြစ်သွားသည်ကို မမြင်လိုက်ရတော့ပေ။ မြင်လိုက်ရသည်က လေပေါ်သို့ မြောက်တက်သွားပြီး မြေပြင်ပေါ်တွင် အသေကောင်ကဲ့သို့ လဲကျနေသော သူ၏တပည့်ကိုသာ ဖြစ်လေသည်။ ချွန်းမြောင်ကဲ့သို့ တတိယတန်းကလေးတစ်ယောက်၏ လှုပ်ရှားမှုများကို တတိယတန်းကလေးများနှင့် ဒုတိယတန်းကလေးများ မမြင်လိုက်သည်ဆိုသည်က လက်ခံနိုင်သော အရာဖြစ်သော်လည်း သူကဲ့သို့ အကြီးအကဲတစ်ယောက်ပင် လိုက်မမှီလိုက်သည်ကတော့ မဖြစ်သင့်သောကိစ္စပင်။ ဖြစ်ပျက်သွားသော အရာများကိုပင် အကြီးအကဲဆောင်း နားမလည်တော့ချေ။

ငါက ဘာကိစ္စ ဒီကလေးရဲ့ လှုပ်ရှားမှုတွေကို မမြင်လိုက်ရတာလဲ။

ငါကပဲ ညံ့နေလို့လား...မဟုတ်တာ... မဖြစ်နိုင်တာကြီးကို...။

အခြားအကြီးအကဲများအား အကဲခတ်ကြည့်လေတော့လည်း သူတို့ကလည်း ဇဝေဇဝါအမူအရာပင်။ ကွင်းထဲတွင် ဖြစ်သွားသောအရာများကို လိုက်မမှီလိုက်သည့်ပုံပင်။

"သွေးကြောင်တဲ့ ငကြောက်"

အကြီးအကဲဆောင်းကမူ ဖြစ်ပျက်သမျှကို လိုက်မမှီလိုက်သည်က တစ်ကြောင်းဖြစ်၍ ဒေါသတကြီးနှင့် အော်လေတော့သည်။

"တဖက်လူစကားပြောနေတဲ့အချိန်မှာ တိုက်ခိုက်တယ်...ဟွာဆန်းဂိုဏ်းက လူတွေက ဘယ်လိုတောင် အရှက်မရှိကြတာလဲ"

"သောက်ရှက်မရှိတဲ့ ခွေးသား"

"..."

"ဆိုဝူရန်...ထစမ်း"

"ထစမ်းလို့ပြောနေတယ်...ဆိုဝူရန်"

ဆိုဝူရန်အား အော်ဟစ်နေကြသံများက ကွင်းထဲတွင် ညံနေပြီး အကြီးအကဲဆောင်းကမူ ဒေါသထွက်ရလွန်း၍ စကားပင် မပြောနိုင်တော့ပေ။

ငါတော့ လူရွေးမှားပါပြီ..

တကယ့်ကို လူရွေးမှားသွားပြီ...

"ထစမ်း ...သောက်ကြောက်... ငါက ချီစွမ်းအင်ကိုတောင် မသုံးရသေးဘူး...

လာပြီး သေတော့မယ့်ပုံလာလုပ်ပြမနေနဲ့"

ချွန်းမြောင်က ဆိုဝူရန်ကို ရန်လိုသောမျက်လုံးများနှင့် ကြည့်ကာ ပြောလေ၏။ ထိုမြင်ကွင်းကို မြင်နေရသော တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များကမူ ချွန်းမြောင်အား ဆဲရေးကြိမ်းမောင်း နေကြပြီဖြစ်လေသည်။ ချွန်းမြောင်ကမူ တုတ်တုတ်ပင် မလှုပ်ချေ။

ပြိုင်ပွဲဧရိယာအတွင်းသို့ ခြေတစ်လှမ်းချလိုက်လျှင်ပင် တိုက်ပွဲက စတင်ပြီ ဖြစ်လေသည်။ ဤသည်ကို မည်သို့သောအကြောင်းကြောင်းများ သူက တဖက်လူ၏ မရေးမပါသော ကြွားဝါးစကားများကို နားထောင်ကာ နေပေးရန် လိုအပ်မည်နည်း။ ချွန်းမြောင် ထိုကဲ့သို့သော လူအား အချိန်မပေးနိုင်ပေ။

"အ...အဟွတ်"

ဆိုဝူရန်က မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ ပြန်သတိရလာပြီး ပြန်ထလာလေသည်။

သူသည် အတော်ပင် ထိခိုက်သွားသည်ဖြစ်သော်လည်း ထိုလက်သီးချက်က ချီစွမ်းအင်မပါသေးသည်ကိုတော့ သူလည်း သိပေသည်။ သို့သော်လည်း နာကြင်မှုကတော့ အသည်းခိုက်မတတ်ပေ။ ခဏမျှပင် မေ့မြောသွားရလေသည်။

အကယ်၍ ဤကလေးသည်သာ အတွင်းအားသုံးခဲ့လျှင် မတွေးရဲစရာပင် ဖြစ်လိမ့်မည်။ သေချာပေါက်ပင် သေကိန်းဆိုက်လိမ့်မည်ထင်သည်။ မဟုတ် သေကို သေပေလိမ့်မည်။

ဆိုဝူရန် ထသည်လာကို ကြည့်ပြီး ချွန်းမြောင်က သူ၏ဓါးကို ပုခုံးပေါ်သို့ ပြန်ကာ တင်လိုက်လေပြီး ဆိုဝူရန်ကို ကြည့်နေလေသည်။

"မြန်မြန်သွက်သွက်လေး ထစမ်းပါ.... ငါ့ အချိန်တွေကို လာဖြုန်းမနေ....အယ် မင်းအဆင်ပြေရဲ့လား"

ချွန်းမြောင်က မကျေမချမ်းနှင့် ပွစိပွစိပြောနေရင်းမှ လေသံက ရုတ်တရက် နူးညံ့သွားလေသည်။

"အာ"

လေသံ နူးညံ့သွားသည်က အကြောင်းရှိလေသည်။ မတ်တပ်ရပ်လိုက်သည်နှင့် ဆိုဝူရန်၏ နှာခေါင်းရေတံခွန်ကြီးက သွေးများ အဆက်မပြတ်စီးလာပြန်လေသည်။ သွေးများက များပြားလွန်း၍ ဆိုဝူရန်၏ ရင်ဘက်တစ်ခုလုံးပင် စိုရွဲနေပြီး လဲကျထားသော နေရာတွင်လည်း ရေဗွက်ပမာ အိုင်နေလေသည်။

ချွန်းမြောင်ကမူ ထိုမြင်ကွင်းကြောင့် မျက်ခုံးပင် တချက်ပင့်မိလိုက်လေသေးသည်။

ဆိုဝူရန်ကမူ သူရရှိထားသောတာဝန်ကို ထမ်းဆောင်ရမည်က ရှိသေးသည်မို့ နာကြင်နေသည့်ကြားမှပင် ကုန်းရုန်းထကာ ပြောလာလေသည်။

"ငါ...ငါ..ဆက်ပြီး တိုက်နိုင်..."

"ဆက်တိုက်လို့ သေသွားရင်ရော"

ချွန်းမြောင်၏ အပြောကြောင့် ဆိုဝူရန် ရင်ခံသွားရလေသည်။ အပြောသည်သာ မဟုတ် ။ တကယ်လည်း သေတော့မည်ဟု ထင်ရလေသည်။

နှာခေါင်းရိုးကျိုးရုံနှင့် ဤမျှသွေးမထွက်သည်ကို သိသော်လည်း ယခုက နှာခေါင်းရိုးကျိုးရုံမဟုတ်ဟု ခံစားနေရလေသည်။ လက်သီးချက်တစ်ချက်က ဤမျှပင် အားပြင်းလေသလားပင်။ ဆိုဝူရန်က တုန်ယင်နေသော ခြေအစုံကို အားပြုကာ ထလိုက်ပြီး နှာခေါင်းအား အုပ်လိုက်လေသည်။

"သွေး..သွေးက မရပ်သေးဘူးလား"

"မင်း က ဒီလိုနဲ့ပဲ သေတော့မှာ..ခွေးစုတ်ရဲ့"

သူတကယ်ပင် သေလေတော့မလား...

ငါ သေရမှာကို မကြောက်ပါဘူး...ဒါပေမယ့် ဒီလိုပုံစံနဲ့သေရမယ်လို့တော့ မထင်ခဲ့ဖူးဘူး...ဟု..ဟု..

ချွန်းမြောင်သည်လည်း ဆိုဝူရန်၏ အခြေအနေကို ကြည့်ကာ နောင်တအတော်ပင် ရမိလေသည်။

သူ၏ ဘဝအသစ်တွင် ကြုံတွေ့ရသော ပထမဦးဆုံးသော အသက်နှုတ်မှုသည် ခဲရာခဲဆစ်တိုက်ခိုက်ရခြင်းမျိုး မဟုတ်ဘဲ လက်သီးချက်တစ်ချက်နှင့်သာ ပြီးဆုံးခဲ့သောတိုက်ပွဲဖြစ်လေတော့မည်ကို တွေး၍ ဝမ်းနည်းပက်လက် ဖြစ်သွားရလေသည်။

သောက်ချီး...

ချွန်းမြောင် ထိုသို့အဖြစ်မခံနိုင်၍ ခပ်လှမ်းလှမ်းတွင် ရှိနေသော ယုအန်းကို လှမ်းကာ မေးလိုက်လေသည်။

"သူ့ကို ဆေးလေးဘာလေး ကုပေးသင့်တယ်လို့ မထင်ဘူးလား"

ကုပေးလိုက်ပါ...မဟုတ်ရင် ကျွန်တော့်ဘဝရဲ့ သမိုင်းအဖွင့်ကြီးက သွားပြီ...

ချွန်းမြောင်၏ ရုတ်တရက် အမေးကြောင့် ယုအန်း အနည်းငယ် ကြောင်အသွားလေသည်။

"ဒါ...ဒါက ...စည်းမျဉ်းရှိတယ်...အင်း ...ဟုတ်တယ်..မရဘူး"

ပြိုင်ပွဲတစ်ခုတွင် အရှုံးအနိုင်သိသိသာသာ မပေါ်သေးဘဲ ကုသပေးခြင်းမျိုး မလုပ်ရဟူသော စည်းကမ်းက ရှိနေသည်မို့ ယခုအခြေအနေတွင် ဆိုဝူရန်ကို ကုသပေးရန်က မဖြစ်နိုင်ပေ။ နှစ်ဦးနှစ်ဖက် အနိုင်အရှုံးသိသိသာသာ လက်ခံလိုက်မှသာ ဆေးကုသနိုင်မည် ဖြစ်လေသည်။ကွင်းထဲတွင် ရှိနေသမျှ ကာလပတ်လုံး ဆေးကုသ၍ မရနိုင်ပေ။

ဆိုဝူရန်က မာနထိခိုက်လာသည်မို့ သူ၏ ဝတ်စုံမှ အစွန်းအနားစကို ဖြဲကာ နှာခေါင်းထဲ့သို့ ထိုးထည့်ထားလိုက်လေသည် .။ သွေးက ရပ်သွားလေပြီ။

ထိုးထည့်ထားသော အစွန်းစတွင် သွေးများက စိမ့်နေသော်လည်း ယခင်ကလောက်တော့ ဆက်တိုက်ကြီး ကျမနေတော့၍ အဆင်ပြေသည်ဟုတော့ ပြောရပေသည်။ ဆိုဝူရန်က သူ၏နှာခေါင်းကို စီမံပြီးပြီဖြစ်၍ သူ၏ဓါးကို ဆွဲကိုင်ကာ မြောက်ထားလိုက်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းမှလူများက လွယ်လွယ်မလျော့ပေးမည်ကိုတော့ သေချာသိလေသည်။

လွယ်လွယ်အရှုံးမပေးတတ်သော သူနှင့် ယှဉ်ပြိုင်ရသည်ကို‌တော့ ချွန်းမြောင် သဘောကျလေသည်။

"ငကြောက်ကောင်"

"ဟမ့်"

"ငါ မင်းအစား ရှက်...အဟွတ်ဟွတ်..ရှက်လိုက်တာ... ဘယ်လိုတောင် အလစ်ချောင်း ....အဟွတ်...ဟွတ်..

မင်း မှားသွား...အဟွတ်..ပြီ"

ငါ့ကို ဒေါသထွက်အောင် ဆွပြီး လမ်းမှားအောင် လုပ်နေတာပေါ့...

အင်း...မင်းကို မြန်မြန်လက်စသတ်ပြီး ဆေးကုလို့ ရအောင် ငါက လုပ်ပေးလိုက်ပါမယ်...

"ငါမင်းကို မျက်ရည်တောက်တောက်ကျအောင် ဆုံးမပြီးရင် မင်းကို ငါ့ခွေးစာ‌ကျွေးပစ်မယ်"

ဆိုဝူရန်၏စကားကြောင့် ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်လေသည်။

အခုပဲ သေလောက်အောင် အထိုးခံထားရတာတောင် ဒီစကားပြောနိုင်သေးတယ်...

"ကြိမ်ဆဲနည်းတစ်မျိုးပဲ မင်းတို့တောင်ဘက်အစွန်အဖျားဂိုဏ်းက သင်ပေးလိုက်တာလား...

ကြည့်ရတာ အခြေအနေကို နားလည်နိုင်တဲ့ ဦးနှောက်မျိုး မင်းမှာ မပါဘူးထင်တယ်"

အဟက်...ဆရာတူအကိုကြီးသာ ရှိလို့ကတော့ ငါ့ကို ဒီလိုပြောလို့ ဆိုပြီး ငေါက်ငမ်းနေဦးမယ်...

အကိုကြီးရေ ဘာပဲဖြစ်ဖြစ် ဟွာဆန်းမှာ ရှိတဲ့ ကျွန်တော့်ရဲ့ အဆင့်ကိုတော့ ထပ်မြှင့်တင်ရဦးမယ်..သိလား..

ချွန်းမြောင်က လက်သီးကိုဆုပ်ကာ ဓါးကို တင်းတင်းကိုင်လိုက်ပြီး ပြောလိုက်လေသည်။

"မင်း အတွက် နည်းနည်းလေးတော့ စိတ်မကောင်း ဖြစ်မိတယ်..ဒါပေမယ့်လည်း အခုကတော့ တအားနောက်ကျသွားပြီ... မင်း ပါးစပ်ကိုသာ တင်းတင်းပိတ်ထားပေတော့"

ဆိုဝူရန်ကလည်း အားကျမခံပေ၊ ပြန်ပြောလေ၏။

"မင်း တောင်းပန်ရလွန်းလို့ မြေကြီးထဲကို ခေါင်းစိုက်နေရင်တောင် မရတော့ဘူး..

ခွေးသားလေး ...မင်းကို ငါကောင်းကောင်းကြီး ဆုံးမပြီး မင်း မိဘတွေမမှတ်မိတော့အောင် လုပ်ပေးလိုက်မယ်"

"အာ...မင်း ကပြောလို့ ပြီးဦးမှာလား...ဟုတ်ပြီလေ...ပြောထားပေါ့"

ချွန်းမြောင်တွင် နောက်ဆုံးကျန်ရှိနေသော ကိုယ်ချင်းစာစိတ်လက်ကျန်လေးက ကုန်ဆုံးသွားပြီဖြစ်လေသည်။

ချွန်းမြောင် သူ၏ဓါးကို မြှောက်ကာ ဆိုဝူရန်ထံသို့ ချိန်ရွယ်ထားလိုက်လေသည်။

"လာစမ်းပါ"

"ငါ နိုး...."

"လာစမ်း..မင်း ငါ့ကို ဘာလို့ မထိသင့်လဲဆိုတာ သိသွားအောင် လုပ်ပေးမယ်"

"လာစမ်းပါ..အခု"

"ဆိုဝူရန်..."

စူးရှကျယ်လောင်သောအသံက ထွက်လာလေသောကြောင့် လှည့်ကြည့်လိုက်လေတော့ ဂျင်ဂွမ်ရုန်ပင်။

"စိတ်အရမ်း မလှုပ်ရှားနဲ့..စိတ်ကို အေးအေးထား..သတိမလွတ်စေနဲ့...ပြိုင်ဘက်ကိုလည်း အထင်မသေးနဲ့"

ဆိုဝူရန်က ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့်များအားလုံးသည် ရှုံးပွဲမရှိ အနိုင်ယူထားပြီး ဖြစ်၍ သူသည်လည်း အစဉ်အလာကို ထိန်းသိမ်းရမည်မို့ အနိုင်ရမှသာ ဖြစ်ပေလိမ့်မည်။

ဆိုဝူရန်သည် တတိယတန်းတပည့်များထဲတွင် ထူးချွန်သူတစ်ယောက်ဖြစ်ပြီး သိုင်းပညာကို သင်ယူလာသည့် ကာလကလည်း ကြာမြင့်ခဲ့ပြီဖြစ်လေသည်။ သိုင်းပညာများစွာကိုလည်း သင်ယူထားရပြီး အားလုံးလိုလိုကိုလည်း အသုံးပြုနိုင်လေသည်။ သို့သော် သူ၏အားအသာဆုံးဖြစ်သော သိုင်းကွက်ကိုတော့ သူမသိတော့ပေ။ များပြားလွန်းလှ၍ ရောထွေးနေပြီ ဖြစ်လေသည်။ သို့သော်လည်း ဤကလေးကို‌တော့ အနိုင်တိုက်နိုင်သေးသည်ဟု သူ ယုံကြည်လေသည်။

ဆိုဝူရန် စိတ်ကို အေးအေးထားလိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်လေသည်။ နှာခေါင်းထဲသို့ အဝတ်များ ထိုးထည့်ထား၍ အသက်ရှုရအဆင်မပြေသော်လည်း သိုင်းကွက်ပြန်ဖော်လိုက်လေသည်။ စိတ်တည်ငြိမ်သွားသည့် အချိန်တွင်မူ သူသည် ချွန်းမြောင်အားကြည့်ကာ ပြောလိုက်လေတော့သည်။

"ငါ မင်းကို သေချာပေါက် ငရဲကို ပို့ပေးမယ်"

"သေချာပေါက် ငါလည်း ပို့ပေးမယ်"

ငါ့နှာခေါင်းက အဆင်မပြေပေမယ့် ဒီကလေးကို ငါ ကိုင်တွယ်နိုင်သေးတယ်...

"ဟွာဆန်းက ဘယ်တော့မှ တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ပြိုင်ဘက်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို ငါပြပေးမယ်... မင်း သေဖို့သာ ပြင်ထားလိုက်...ညှာတာမှု ဆိုတာ ရှိလာမှာ မဟုတ်ဘူး"

"ရပါတယ်..ရပါတယ်... ပြောလို့ပြီးပြီးဆိုရင် တကယ် လက်တွေ့ပဲ ပြလိုက်ပါတော့... ငါက မင်းကို တကယ်မထိနိုင်ဘူးဆိုတာကိုပဲ သက်သေပြလိုက်စမ်းပါ"

"မင်း ငါ့ကို ထိတောင် မထိနိုင်စေရဘူး"

"ငါကဖြင့် မင်းကို ထိုးတောင် ထိုးပြီးပြီ မဟုတ်ဘူးလား"

"မင်း နှာခေါင်းက နာမနေဘူးလား"

"ငါ မင်းကို သတ်ပစ်မယ်..ခွေးသား"

ဆိုဝူရန်က သူ၏ဓါးကိုဆွဲကာ ချွန်းမြောင်ဆီသို့ ပြေးဝင်လာခဲ့လေသည်။ ဆိုဝူရန်၏ သိုင်းကွက်ဖော်မှုများကို ကြည့်သည်နှင့် သူ၏ဓါးရေးက သာမန်မဟုတ်သည်ကို သိနိုင်လေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းက ပစားပေးထားသည်က ဖြစ်သင့်သည်ဟုပင် တွေးလိုက်လေသေးသည်။ ဟွာဆန်း၏ ဒုတိယတန်းတပည့်များထက်ပင် လက်စောင်းထက်ဦးမည်ဟု ထင်ရလေသည်။

သို့သော်လည်း ဆိုဝူရန် ယခုရင်ဆိုင်ရမည့်သူက ဒုတိယတန်းတပည့်များ မဟုတ်ကြပေ။ ချွန်းမြောင်ဖြစ်နေသည်က သူတို့အတွက် ကံဆိုးမှုပင်။

"ကျား"

ချွန်းမြောင်ကလည်း သူ၏ သစ်သားဓါးကို ဆွဲထုတ်ကာ တဖက်လူရှိရာသို့ ပြေးဝင်လာလေသည်။ ထိပ်တိုက်ပြေးဝင်လာကြသူနှစ်ဦးတွင် ချွန်းမြောင်က ခုန်လိုက်ကာ သူ၏ဓါးဦးက ဆိုဝူရန်၏ ဦးခေါင်းထက်သို့ ပြေးဝင်သွားလေသည်။

ဘမ်း....

မယုံကြည်ဖွယ်ရာပင်..။

ချွန်းမြောင်၏ ဓါးချက်ကို ဆိုဝူရန် မရှောင်နိုင်လိုက်ပေ။ ဆိုဝူရန်မှ မဟုတ် ။ မည်သူမှလည်း ရှောင်ရှားနိုင်မည့်ပုံ မရှိပေ။ ဓါးချက်ထိသွားသော ဆိုဝူရန်ကမူ မျက်လုံးကြီးပင် ပြူးထွက်လာလေသည်။

ငါ သေပြီထင်တယ်..

ဟ... အဲ့ကလေးကတော့ သေပါပြီ...

သေချာပေါက် အဲ့ကလေးကတော့ သေတော့မှာပဲ...

ဆိုဝူရန်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားလေ၏။ သို့သော်လည်း ချွန်းမြောင်ကမူ ရပ်တန့်ရန် ဆန္ဒရှိပုံမရပေ။

"ဒါလေး မြည်းကြည့်"

ရိုက်ချက်တစ်ချက်က ဆိုဝူရန်ပေါ်သို့ ကျလာလေသည်။

နောက်ထပ်..နောက်ထပ် ရိုက်ချက်များက ထပ်ကာ ကျလာလေသည်။

"စမ်းရဲနေတော့လည်း"

နောက်ထပ် ရိုက်ချက်က ကျလာပြန်ပြီ...

"ရိုသေသမှုလေး ရှိစမ်းပါ...အရိုအသေကို မရှိကြဘူး..."

နောက်ထပ် နောက်ထပ်သော ရိုက်ချက်များက အဆက်မပြတ်ကျလာလေသည်။

ဆိုဝူရန်၏ခန္ဓာကိုယ်က အဆုံးသတ်တွင်မူ တုတ်တုတ်ပင် မလှုပ်တော့ချေ။ သို့တည်းတိုင် ချွန်းမြောင်ကမူ ရိုက်နေဆဲပင်။

"ငါရဲ့ ကျောက သိပ်နေလို့မကောင်းဖြစ်နေလို့ ရိုက်ရတာ သိပ်တောင် အားမရဘူး"

"မင်း"

အားရအောင် ရိုက်နှက်ပြီးနောက်တွင်မူ ချွန်းမြောင်က ဆိုဝူရန်အား ကွင်းပြင်သို့ လွှင့်သွားအောင် ကန်လိုက်လေသည်။ ကန်ချက်ကြောင့် ဆိုဝူရန်က လေပေါ်တွင် လွှင့်သွားလေပြီး မြေပြင်ပေါ်သို့ တဖန်ပြန်ကျလာလေသည်။ သေလုနီးပါး ဆိုသည်ထက်ပင် အခြေအနေဆိုးလေပြီး သေအံ့ဆဲဆဲ အခြေအနေပင်။

ချွန်းမြောင်ကမူ ပြန်ထမလာတော့သော ဆိုဝူရန်ကို ကြည့်ကာ စုတ်သပ်လိုက်လေသည်။

"ကျွတ်.."

"ဆိုးဆိုးဝါးဝါးတွေ မပြောရင်တော့ ညှာတာပေးဖို့ စဉ်းစားထားတာ...အခုတော့ ဒီလိုပဲ အဆုံးသတ်သွားရပြီ..

ဒီခေတ်ကလေးတွေများ အရိုအသေကို မရှိကြဘူး"

ချွန်းမြောင်၏ စကားကို ကြားလိုက်ရသော တတိယတန်းကလေးများကမူ နောက်ခါတွင် ချွန်းမြောင်ရှေ့၌ မည်သို့သောအချိန်မှ မကြိမ်ဆဲရန် မှတ်ထားလိုက်ကြလေသည်.

"အာ ...ဟုတ်သားပဲ'

ချွန်းမြောင်က နောက်သို့လှည့်ကာ မေ့မြောနေသော ဆိုဝူရန်ရှိရာသို့ လျှောက်သွားလေသည်။ ထို့နောက်တွင်မူ နှာခေါင်းအား ပိတ်ထားသော အဝတ်စများကို ဆွဲထုတ်လိုက်လေ၏။ အဝတ်စကို ဖယ်လိုက်သည်နှင့် သွေးများက တဖန်ထွက်လာပြန်လေသည်။

"ဘာလား..သွေးက ခုထိ မတိတ်သေးဘူးပဲ"

ချွန်းမြောင်က တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများရှိရာဘက်သို့ ကြည့်လိုက်လေသည်။

အားလုံးက ပါးစပ်အဟောင်းသားပင် ဖြစ်နေကြပြီး အံဩတုန်လှုပ်နေကြပုံလည်း ပေါ်လေသည်။

"အံဩနေကြတာလား"

ငါကဖြင့် စတောင် မစရသေးဘူး...သူတို့က အံဩနေကြပြီလား..

ချွန်းမြောင်က တချက်ကြည့်ပြီးနောက်တွင်မူ သူ၏နေရာသို့ ပြန်လာခဲ့လေသည်။

ထွက်သွားသော ချွန်းမြောင်၏ နောက်ကျောကို ကြည့်ကာ ပြောလာလေသည်။

"ဒါက..ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဤသို့သော အဖြစ်မျိုးကို မည်သူကမှလည်း မမျှော်လင့်ထားသကဲ့သို့ မည်သူကမှလည်း မယုံကြည်နိုင်ကြပေ။

ထိုသို့ ဖြစ်လာမည်ဟုလည်း မထင်ထားကြပေ။ ဤသို့သောအခြေအနေများ ဖြစ်လာမည်ကို ကြိုသိခဲ့သည်က ချွန်းမြောင်တစ်ယောက်သာ ရှိလေသည်။

All Chapters