← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း(၁၀၀)

ငါ ဟာသ လုပ်နေတာ မဟုတ်ဘူး(၅)

"..."

ဟွမ်းဂျွန်ကမူ မျက်စိရှေ့တွင်မြင်နေရသောမြင်ကွင်းကို မယုံကြည်နိုင်စွာပင် ကြည့်နေမိလေသည်။

ဒါက ဘယ်လိုဖြစ်သွားရတာလဲ...

အရှုံးအနိုင်ထွက်လာသည်က မြန်ဆန်လွန်း၍ ယုံတောင် မယုံနိုင်တော့ပေ။ ဤကလေး ပြသသွားသောသိုင်းပညာအဆင့်သည်က သူတို့ဟွာဆန်းတွင် လက်ရှိမရှိနိုင်သော အနေအထားဖြစ်လေသည်။ သိုင်းပညာကျမ်းများ ပျောက်ဆုံးသွားသည်က ကာလကြာမြင့်နေပြီ ဖြစ်၍ ဂိုဏ်းချုပ်ဖြစ်သောသူသည်ပင် သိုင်းပညာများကို ကျွမ်းကျင်ခြင်းမရှိဘဲ အားအနည်းဆုံးသော ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာခဲ့လေသည်။ သို့သော် ချွန်းမြောင်ကမူ တောင်ဘက်အစွန်အဖျားဂိုဏ်းမှကလေးအား အညှာအတာမရှိစွာပင် တရစပ် အချိန်တိုအတွင်းမှာပင် အနိုင်ယူလိုက်နိုင်လေသည်။ ယုံပင် မယုံနိုင်တော့ပေ။

"ဂိုဏ်းချုပ်..သတိထားပါဦး"

ဟွမ်းယုန်က ပထမဦးဆုံးသော နိုင်ပွဲကြောင့် ဂိုဏ်းချုပ်၏ ပျော်ရွှင်မှုကို သိရရန် မော့ကြည့်လိုက်လေသည်မို့ သာ တော်လေတော့သည်။ ဟွမ်းဂျွန်၏ မျက်လုံးများက ပြူးကျယ်ကာ ပါးစပ်ကလည်း အဟောင်းသားဖြစ်နေပြီး ငုတ်တုတ်မေ့နေသည့် အနေအထားပင်။ ဟွမ်းဂျွန်ဘေးတွင် ရှိနေသော ဟွမ်းဆန်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ပြီး ဝမ်းသာလုံးဆို့ကာ သတိလွတ်သွားကြပုံပေါ်လေသည်။

ဟွမ်းယုန်၏ အော်သံကြောင့်သာ ဟွမ်းဂျွန်နှင့် ဟွမ်းဆန်းက သတိပြန်ကပ်လာကြလေသည်။

"ဟင်"

"ဟင်"

"ဟင်"

"ဟင်"

ဟွမ်းဂျွန်က သတိပြန်ကပ်လာသောအခါ လက်ညိုးငေါက်ငေါက်ထိုးကာ အော်လေတော့သည်။

"ဒ..ဒ..ဒါ က ....မဖြစ်ဖြစ်ဖြစ်...နိုင်...."

စကားတစ်လုံးကိုသာ ထပ်တလဲလဲရေရွတ်ကာ သတိလွတ်နေပြန်သည်မို့ ဟွမ်းယုန်က အင်္ကျီလက်စကို ဆွဲကာ သတိပေးလိုက်လေသည်။

"ဂိုဏ်းချုပ်...လူတွေ ကြည့်နေကြတယ်..သတိလေးကပ်ပါဦး"

ဟွမ်းယုန် စကားကြောင့်သာ ဟွမ်းဂျွန် သတိကပ်သွားပြီး သူ၏ပါးစပ်ကို လက်နှင့် ပိတ်လိုက်လေသည်။ အံဩတုန်လှုပ်မှုကြောင့် သွားများက တခတ်ခတ်တုန်ယင်ကာ ရိုက်နေဆဲပင်။

"မဟုတ်သေးဘူး...ဒီ ..ဒီကလေးက "

ဟွမ်းဂျွန် မည်မျှပင် စိတ်ငြိမ်အောင် ထိန်းထားစေကာမူ မရပေ။ အံဩဖွယ်ရာ ကောင်းလွန်းလှပေသည်။

သူ၏ တုန်ယင်နေသော လက်အစုံက ချွန်းမြောင်ကို ညွှန်ပြကာ ပြောနေဆဲပင်။

"သူက ...ဘယ်လိုလုပ်....အဲ့လို ဖြစ်တာ အဓိပ္ပါယ် မရှိဘူးလေ...ငါတို့က ရှုံးသင့်တာ မဟုတ်ဘူးလား"

ဟွမ်းယုန်ကမူ ကယောင်ကတမ်းအော်နေရှာသော ဂိုဏ်းချုပ်ကို စိတ်တိုသွားလေတော့၏။

"ဒါက ဘယ်လိုပြောလိုက်တာလဲ... ကလေးတစ်ယောက်က ဒီလောက်ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ပြီး အနိုင်ရထားတာကို သူရဲ့ ကိုယ်ပိုင်ဂိုဏ်းက ဂိုဏ်းချုပ်ကိုယ်တိုင်က ဒီလိုစကားမျိုးပြောတယ်ပေါ့...ဘယ်လိုများ ပြောနိုင်ရတာလဲ"

"ငါပြောတာ ဟုတ်တာပဲလေ..ဒါကြီးက အဓိပ္ပါယ်မှ မရှိတာ"

ဟွမ်းဆန်ကမူ မျက်နှာမှ ချွေးစေးများကို လက်ဝါးကြီးနှင့် သုတ်ကာ ချွန်းမြောင်ကို ကြည့်ရင်း အေးစက်စက်နှင့် မေးလာလေ၏။

"အဲ့ကလေး ငါတို့ဂိုဏ်းကို ရောက်တာ ဘယ်လောက်ကြာပြီလဲ'

"ခြောက်လလောက် ရှိမယ်ထင်တယ်"

"မင်း ပြောချင်တာက ဂိုဏ်းကို ရောက်တာ ခြောက်လပဲရှိသေးတဲ့ကလေးက တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်ကို အနိုင်တိုက်နိုင်တယ်ပေါ့လေ...ပြီးတော့ တဖက်သတ်ကြီးကို အနိုင်ပိုင်းသွားတာလေ"

"..."

ဟွာဆန်း၏ အကြီးအကဲများသည် ချွန်းမြောင် နိုင်သွားသည်ဆိုသော အမှန်တရားကို မည်သို့မှပင် မယုံနိုင်ဖြစ်နေကြလေသည်.

"အန်းဂွန်..အန်းဂွန်...အန်းဂွန် ဘယ်မှာလဲ"

"ကျွန်တော် ဒီမှာပါ"

ဟွာဆန်းဂိုဏ်းမှ အခြားသောအကြီးအကဲများနှင့် မတူညီစွာပင် အန်းဂွန်က တည်ငြိမ်နေလေသည်။

"အဲ့ကလေး ဟွာဆန်းဂိုဏ်းကို မရောက်ခင်တုန်းက သိုင်းပညာတွေ လေ့လာဖူးတယ်ဆိုတာမျိုး ကြားဖူးထားသလား"

"ဟင့်အင်း...ချွန်းမြောင် အဲ့လိုသင်ယူဖူးတယ်လို့ မပြောဖူးပါဘူး"

"ဒါဆို ဒီကိုရောက်ပြီး ခြောက်လအတွင်းမှာပဲ သူက ဒီလောက်တော်လာတာပေါ့"

"ဟုတ်ပါတယ်"

အန်းဂွန်၏ အဖြေကို မယုံကြည်နိုင်စွာ ဟွမ်းဂျွန်က ကြည့်နေလေသည်။

"ပါရမီရှင်ပါ "

အန်းဂွန်က မသေချာစွာဖြင့် လေသံတိုးလေးနှင့် သူ၏ထင်မြင်ချက်ကို ပြောလာလေသည်။

"ကျွန်တော် ဒီကလေးကို ပါရမီရှင် ဟုတ်လား မဟုတ်လားတော့ သေချာမသိပါဘူး...

သူက ဘယ်တော့မှလည်း သူရဲ့ အရှိတိုင်းကို မထုတ်ပြဘူး..သူရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်ကိုယ်တိုင်တောင် ကောင်းကောင်း နားမလည်ပါဘူး"

"အင်း"

ဟွမ်းဂျွန်ကမူ အတွေးများနေဆဲဖြစ်ပြီး ဟွမ်းဆန်းကမူ နားထောင်နေပြီး တိုးတိုးရေရွတ်လာသည်။

"ငါ ကံကောင်းမှုတွေနဲ့ ပါရမီရှင်တွေက တခြားဂိုဏ်းတွေမှာပဲ ရှိနိုင်တော့တဲ့အရာလို့ ငါထင်ခဲ့ဖူးတယ်..အခုတော့ ငါတို့ ဂိုဏ်းကို မျက်စိလည်လမ်းမှားပြီး နဂါးတစ်ကောင် ရောက်လာခဲ့ပြီပဲ"

ဟွမ်းဆန်း၏ စကားကြောင့် ဟွမ်းဂျွန် အံဩသွားလေသည်။

"ငါ သူ့ကို ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားလို့ ထင်ထားတာ...ဒါပေမယ့်"

ဟွမ်းဂျွန် ရေရွတ်သံတိုးတိုးနှင့် လူတိုင်းကို ကြည့်လိုက်လေသည်။

ချွန်းမြောင် ဤကလေးသည် သူတို့၏ဟွာဆန်းဂိုဏ်းအတွက် မည်မျှများစွာပင် လုပ်ပေးခဲ့ပြီးပြီးကို သူတို့ မသိနိုင်ကြတော့ပေ။ ဂိုဏ်း၏ ဆင်းရဲဒုက္ခတို့ကို ရေတိုရေရှည်ကာကွယ်ပေးခဲ့သည့်အပြင် သိုင်းပညာကျမ်းများကိုလည်း ပြန်လည် ရှာဖွေပေးခဲ့လေသည်။ ထိုမျှသာမက ယခုတွင်လည်း ဟွာဆန်း၏ ပထမဦးဆုံးသော အောင်ပွဲကို ယူဆောင်လာပေးခဲ့လေသည်။ သူသည်က ကလေးတစ်ယောက်ဆိုသည်ထက်ပင် ပိုလေ၏။

ထို့အပြင် ဤကလေး မည်မျှ ထူးချွန်မည်ကို မခန့်မှန်းနိုင်ကြပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးကိုပင် တချက်တည်းနှင့် အလဲထိုးလိုက်နိုင်သည်။ ဤသည်က သာမန်ထူးချွန်မှုမျိုး မဟုတ်ပေ။

ဟွမ်းယုန် စိတ်လှုပ်ရှားစွာနှင့် ထလာလေသည်။

"ဘာပဲပြောပြော ငါတို့ နိုင်ဖူးပြီ...အနည်းဆုံးတော့ ငါ့တို့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်သွားတာပေါ့"

"..."

"..."

ဟွမ်းဂျွန်နှင့် ဟွမ်းဆန်းကမူ ဟွမ်းယုန်၏ စကားကြောင့် ကြောင်အအနှင့် လှည့်လာကြလေသည်။ ဟွမ်းယုန်ကမူ သူ၏အကိုကြီးနှစ်ယောက်၏ ပုံသဏ္ဍာန်ကြောင့် ဒေါသထွက်စပြုလာပြီ ဖြစ်သည်မို့ လေသံမာမာနှင့် အော်လေတော့သည်.

"အခု သူတို့က ကျွန်တော်တို့ဂိုဏ်းရဲ့ သိက္ခာကို အဖတ်ဆယ်လိုက်ပြီပဲ...အခုပဲ လုပ်လိုက်ပြီ"

"တကယ်ကြီးလေ"

"ကြည့်ရတာ မင်းက ငွေရေးကြေးရေးတွေပဲ သင်ခဲ့ရလို့ ဒီလိုအခြေအနေမှာ စကားပြောနိုင်တဲ့ တစ်ဦးတည်းသော လူဖြစ်နေတာ ဖြစ်မယ်"

ဟွမ်းဆန်းက စိတ်အားတက်ကြွစွာ ပြောနေသော ဟွမ်းယုန်ကို ဟာသလုပ်ကာ စနောက်လိုက်လေသည်။ ဟွမ်းယုန်ကမူ ဆူပုတ်သွားလေ၏။

ဟွမ်းဂျွန်ကမူ ပေါ့ပေါ့ပါးပါးပြုံးကာ ချွန်းမြောင်ဆီသို့ ကြည့်လိုက်လေသည်။

ငါတို့ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်လိုက်တယ်...

ဒီလောက်နဲ့ အဲ့လိုပြောလို့ရသွားပြီလား...အဲ့လောက်ထိလေ...

ဒါပေါ့ ,....ဒီနေ့ နောက်ထပ်ဘယ်လောက်ရှုံးရှုံး ဘာတွေပဲဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး...

နောက်နှစ်တွေမှာ ဟွာဆန်းကို ကယ်တင်ဖေးမမယ့် ကလေးတစ်ယောက်ကို ဒီနေ့ရခဲ့ပြီပဲကို..

"ဟွာဆန်းဂိုဏ်းက ကလေးတွေ နိုင်မယ်ထင်လား"

"အင်း....ကြည့်ရတာတော့ အဲ့လိုပုံပေါက်နေတယ်...ဒါပေမယ့်လည်း"

"စောနက ပွဲကတော့ တကယ့်ကို တဖက်သတ်ကြီးနော်"

"အင်း ...တော်တော့်ကို ဆိုးတာ...အဲ့လိုဖြစ်လာမယ်လို့တောင် မထင်ထားဘူး"

ဘေးဘီရှိလူများထံမှ တီးတိုးပြောသံများကြောင့် အကြီးအကဲဟွမ် ပြုံးမိသွားလေသည်။

ဒါပေါ့..သူက ဒီလိုပဲ အစွမ်းပြသင့်တာကို..။

ချွန်းမြောင် မည်မျှ သန်မာသည်ကို အကြီးအကဲဟွမ် မသိသော်လည်း သာမန်အရည်အချင်းမဟုတ်သည်ကိုတော့ သူ့အား ကယ်တင်ကတည်းကပင် သိခဲ့လေသည်။

လီဆုန်ဘတ်က ချွန်းမြောင်၏ ရိုက်ချက်တစ်ချက်နှင့်ပင် သွေးအန်သည်ဟု ပြောခဲ့စဉ်က သူမယုံခဲ့ပေ။ သို့သော် ယခုတွင်မူ ထိုစကားက အမှန်ဖြစ်နိုင်သည်ကို သူလက်ခံလိုက်ပြီ ဖြစ်သည်။ ဤကလေး၏ သရုပ်မှန်က သိရန်ခက်ခဲလွန်းလှပေသည်။ သို့သော်လည်းပဲ ထိုသို့ သိရန်ခက်ခဲနေသည်ကပင် အဖိုးအနဂ္ဂထိုက်တန်သော ရတနာတစ်ခုဟု ခံစားရစေပြီး ပြုစုပျိုးထောင်ပေးချင်စိတ်ကို ဖြစ်ပေါ်စေသည်။

ဒီကလေးက ပြိုင်ဖက်ကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာတော့ ကောင်းကောင်းသိသားပဲ...။

အင်း ဒါက ပြိုင်ပွဲဆိုတော့ မူသေတော့ ပြောလို့မရသေးဘူး။

ဒါက ချွန်းမြောင်ကိုပဲ ဦးတည်ပြီး စီစဉ်ပေးထားတာဆိုရင်တော့ အခြေအနေက တစ်မျိုးတစ်မည် ပြောင်းသွားမယ် ထင်တယ်...

"ဟွာဆန်းဂိုဏ်းမှာလည်း အရည်အချင်းရှိတဲ့သူတွေ ရှိသေးတာပဲကို"

"အသက်အရွယ်က အဓိကမဟုတ်ဘူးဆိုတာ ဒါက သက်သေပြသွားတာပဲဗျ...တော်တဲ့သူက ဘယ်အရွယ်ဖြစ်ဖြစ် တော်ကြတာပါပဲ"

"ဒါမျိုးလည်း ဖြစ်နိုင်တာပဲလေ...အဲ့ကလေးက ဟွာဆန်းဂိုဏ်းရဲ့ အတော်ဆုံးကလေးဖြစ်နေပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း မတော်တဆ အရိုက်ခံလိုက်ရလို့ ကံမကောင်းအကြောင်းမလှ ဖြစ်ပြီး မတုံပြန်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ....တစ်လျောက်လုံး တောင်ဘက်အစွန်အဖျားဂိုဏ်းကပဲ နိုင်လာခဲ့တာကို"

"အဲ့တာတော့ ဟုတ်တယ်ဗျ...ပွဲစကတည်းက ဦးဆောင်နေတာက တောင်ဘက်အစွန်အဖျားဂိုဏ်းက ကလေးတွေပဲရယ်...လုံးဝကို တဖက်သတ်ကြီး နိုင်နေတာ"

ကုန်သည်များ၏ ဆွေးနွေးမှုများက အကြီးအကဲဟွမ်၏ နားကို လျှံမတတ်ပင်။ သို့သော် အကြီးအကဲဟွမ်ကမူ ထူးထွေ ဝင်ရောက်ပြောဆိုခြင်းလည်း မရှိပေ။ သူသည်က ချွန်းမြောင်စီစဉ်ထားသော နောက်ထပ်ကိစ္စများကိုသာ စိတ်ဝင်စားနေလေသည်။ ထို့ပြင် အားလုံးကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းကိုသာ အာရုံရနေကြသည်မို့ တစ်မျိုးတစ်မည်လည်း ကျေနပ်နေလေသည် ။ချွန်းမြောင်ကိုသာ အာရုံစိုက်မိသွားပါက သူ၏ရင်းနှီးမြှုပ်နှံမှုများတွင် အနှောင့်အဖျက်များ ရှိလာမည်မို့ အာရုံမရသည်ကိုပင် ကျေနပ်နေလေသည်။

လက်သီးတစ်ချက်တည်းနှင့်ပင် ပွဲသိမ်းရိုက်သော ချွန်းမြောင်က ဂျင်ဂွမ်ရုန်၏အာရုံကိုမူ အမိအရဖမ်းစားသွားခဲ့ပြီ ဖြစ်လေသည်။ ညီလာခံက မည်သို့သောရလဒ်နှင့် အဆုံးသတ်သွားပါစေ ရှန်ရှီတခွင်ရှိ လူများ၏ ပါးစပ်ဖျားတွင်မူ ချွန်းမြောင်ဟူသော အမည်က ထင်ကျန်ရစ်နေခဲ့တော့မည် ဖြစ်လေသည်။ မကျေနပ်ဖွယ်ရာပင်။

အကြီးအကဲဟွမ်သည် သူ၏နေရာသို့ ပြန်သွားနေသော ချွန်းမြောင်ကို အပြုံးလေးနှင့်ကြည့်လိုက်လေသည်။

"ဒါပေမယ့် သူတို့က အခုမှ တစ်ပွဲပဲ နိုင်သေးတာကို...တခြားတပည့်တွေ ရှုံးရင် ဒီဟွာဆန်းဂိုဏ်းမှာ သူတစ်ယောက်ပဲ ကွက်ပြီး တော်နေတာဆိုတဲ့ သဘောပေါ့"

"အင်း ...ဟုတ်တာပေါ့"

အကြီးအကဲဟွမ် အခြားသော တတိယတန်းတပည့်များဘက်ကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်လေတော့ ကလေးများက ချွန်းမြောင်အား ဝမ်းသာအားရ ကြိုနေကြသည်ကို တွေ့လိုက်ရလေသည်။

ချွန်းမြောင်..မင်းအစွမ်းရော ..မင်းလူတွေရဲ့ အစွမ်းပါ ပြလိုက်စမ်းပါ...အခုက အကောင်းဆုံးအချိန်ပဲ..

ဤသည်က ဟွာဆန်းတွင် ပါရမီရှင် တစ်ဦးတည်းသာ ရှိလေသလား သို့မဟုတ် ဂိုဏ်းသည် ပြန်လည် ပြုပြင်ပြီး နလန်ထသော အခြေအနေသို့ ရောက်ခဲ့ပြီလားဆိုသည်ကို သက်သေပြရမည့်အချိန်ပင် ဖြစ်လေသည်။

ချွန်းမြောင်ကမူ သူ့အားကြိုဆိုနေသည်ကို ခန့်ခန့်ညားညားအပြုံးနှင့်သာ တုံ့ပြန်ပြီးနေရာတွင် ဝင်ထိုင်လေ၏။

ချွန်းမြောင်၏ အပျော်မျက်နှာကြီးက နေရာပေါင်းစုံမှပင် မြင်နေရပြီး ဝင့်ကြွားနေလေသည်။

တခြားသူတစ်ယောက်ကို သေလောက်အောင်ရိုက်ပြီး ဒီကောင်က ဘယ်လိုတောင် ပျော်နေနိုင်ရတာလဲ...

နတ်ဆိုးတွေတောင် သူ့လောက် နတ်ဆိုးနဲ့ တူမှာမဟုတ်ဘူး..

မည်သူတွေ မည်သို့ပင် ဆိုစေကာမူ ချွန်းမြောင်ကမူ အဖွင့်လှသွားပြီ ဖြစ်လေသည်။

"ချွန်းမြောင်...မင်း လုပ်ခဲ့တာ ကောင်းတယ်"

"မင်း အဲ့ကောင်ကို နည်းနည်းတောင် ထပ်ရိုက်ခဲ့သင့်တာ... "

"သူ အခုတောင် အသက်ဆယ်နှစ်လောက် တိုသွားလောက်ပြီ"

ဆရာတူညီလေးများက ချွန်းမြောင်အား ဝိုင်းကာ ချီးကျူးနေသည်ကို ကြည့်ပြီး ယွန်းဂျွန် ပြုံးလိုက်လေသည်။

ဒီကောင်တွေကတော့ တကယ့်ကောင်တွေကွာ...

ဤကလေးများသည် ဟွာဆန်းသို့ ရောက်စကမူ သူတစ်ပါး၏ နာကြင်မှုကိုပင် ကိုယ်တိုင်နာကြင်ကြသကဲ့သို့ ကိုယ်ချင်းစာပေးနိုင်သော ကလေးများဖြစ်ကြသော်လည်း ယခုတွင်မူ ချွန်းမြောင်၏ ကျေးဇူးနှင့် ဤသို့ ယောက်ျားဆန်လာကြပြီ ဖြစ်လေသည်. ။ သူတို့ပြောနေသည်များကို ယွန်းဂျွန်ကိုယ်တိုင်ကလည်း သဘောကျနေမိလေသည်။

"ချွန်းမြောင် ...မင်းလုပ်ခဲ့တာ ကောင်းတယ်"

"အင်း..ကျွန်တော်လည်း ပျော်ခဲ့ရပါတယ်"

"ချွန်းမြောင် မင်းတကယ်တော်တယ်...မင်းလုပ်ခဲ့တာက တကယ့်ကို အံဩစရာကောင်းတာပါ"

တောင်ဘက်အစွန်အဖျားဂိုဏ်းဆိုသည်က အညှာအတာကင်းမဲ့သော ဂိုဏ်းဖြစ်လေပြီး ညီလာခံတိုင်းတွင် သူတို့အား ညှာတာမှုဆိုသည်လည်း မရှိခဲ့ပေ။ လူအား စိတ်အား တတ်နိုင်သမျှကို ညင်းပန်းကာ အနိုင်ယူတတ်ကြသည်မို့ ချွန်းမြောင်၏ယခုလုပ်ရပ်အား မတရားဟု သူတို့ မထင်ကြပေ။

ထို့ပြင် ဒုတိယတန်းတပည့်များကလည်း ချွန်းမြောင်အား လာရောက်ကာ ချီးကျူးကြလေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းက အနိုင်ရသည်နှင့်ယှဉ်လျှင် ချွန်းမြောင်နှင့် သူတို့ မည်မျှပင် အဆင်မပြေစေကာမူ ချွန်းမြောင်အနိုင်ရသည်က ပို၍အဆင်ပြေသည်ဟု သူတို့ ခံစားကြရလေသည်။ သို့ဖြစ်၍ ချွန်းမြောင်၏ အောင်မြင်မှုကို ဂုဏ်ပြုပေးနိုင်ကြလေသည်။

ဟွာဆန်း၏ နိုင်ပွဲသည်က တစ်ပွဲသာလျှင် ရှိသေးသော်လည်း ထိုတစ်ပွဲကပင် တောင်ဘက်အစွန်အဖျားဂိုဏ်းကို အသည်းပေါက်စေပြီး ရင်ထုမနာဖြစ်စေသည်။ မည်သို့ပင် ရလဒ်ကောင်းစေကာမူ တစ်ပွဲရှုံးဟူသော အဖြစ်မျိုးကို သူတို့လက်မခံနိုင်သည်ကတော့ အမှန်ပင်။ ချွန်းမြောင်၏ အနိုင်ယူမှုက ရွှင်လန်းနေသော တောင်ဘက်အစွန်အဖျားဂိုဏ်းသားများ၏ မျက်နှာကို ရေခဲရေနှင့် ပက်လိုက်သည့်အလားပင်။ ဒေါသဆူပွက် စိတ်ပျက်သွားကြစေသည်။ သည်းမခံနိုင်ဖွယ်ရာ ဖြစ်ရပ်ပင်။

ဟွာဆန်း၏ ဒုတိယတန်းတပည့်များကမူ ချွန်းမြောင်၏ လက်စွမ်းကို ကြည့်ကာ နောင်တရမိကြလေသည်။ထို့အပြင် ဟွာဆန်းဂိုဏ်းသားအနေနှင့် ဂုဏ်လည်း ယူကြလေသည်။

ဒီကလေးက တကယ့်ကို မာနအိုး..

မာနအိုးမှာတော့ သူကလည်း ဒီလောက်တော်နေတာကို...

ဘာပဲဖြစ်ဖြစ် သူက လူတော်လေးတစ်ယောက်ပါပဲလေ...

ချွန်းမြောင်ကမူ လူအားလုံး၏ ချီးကျူးထောပနာသံများကို ပွင့်ပွင့်လင်းပင်းပင် လက်ခံကာ ယွန်းဂျွန်အား အကဲခတ်နေလေသည်။

"ဆရာတူအကိုကြီး"

စိတ်ပူနေပုံရသော ယွန်းဂျွန်ကို ချွန်းမြောင်က လှမ်းခေါ်လိုက်သည်မို့ ယွန်းဂျွန်က မေးဆတ်ပြကာ ပြန်ထူးလာလေသည်။

ယွန်းဂျွန်၏ မျက်နှာတွင် စိတ်ပူပန်မှုများက အထင်းသားပင်။

အခုက ငါ့အလှည့်ပဲ....

ယွန်းဂျွန် အမှန်တကယ်ပင် စိတ်ပူနေသည် ဖြစ်၏ ။ချွန်းမြောင်က ရှေ့ဆုံးမှနေကာ အလွန်အကြူး အစွမ်းပြထားသည်မို့ သူတို့ကလည်း နောက်ကျကျန်နေ၍ မဖြစ်ပေ။ ချွန်းမြောင် ခင်းထားသော အောင်နိုင်ခြင်း လမ်းကို ဆက်ကာ လျှောက်ကြရမည့် တာဝန်ရှိလေသည်။ ထို့အပြင် သူသည်က အကြီးဆုံးဆရာတူအကိုကြီးပေမို့ ကလေးများကို စိတ်အားတက်စေရန် ရှေ့ဆောင်လမ်းပြလုပ်ပေးရမည့် တာဝန်ကလည်း ရှိနေပေသေးသည်။ ပြိုင်ပွဲတွင် နိုင်ကို နိုင်မှ ဖြစ်မည့်အခြေအနေမို့ ပို၍ပင် စိတ်လှုပ်ရှားပူပန် လာလေတော့သည်။

အလှည့်ရောက်လာတော့မည် ဖြစ်တော့ကြောင့် ပူပန်နေသော ယွန်းဂျွန်ကို ကြည့်ကာ ချွန်းမြောင် က စိတ်ပိုင်းဖြတ်လိုက်ပြီး ထအော်လေတော့သည်။

"အကိုကြီး ..ဒီမှာ ရူးကြောင်ကြောင် ပုံနဲ့ ဘာလုပ်နေတာလဲ...သွား ...ဟိုကို အခု"

"...."

ချီး..ဒီခွေးသားက ငါ့ကို တကယ့်ဒီပုံစံနဲ့ သွားခိုင်းနေတာပေါ့..

"အင်းပါ"

ယွန်းဂျွန်က ပြိုင်ပွဲသတ်မှတ်နေရာသို့ သွားရန်ပြင်လိုက်ပြီးမှ ပြန်လှည့်လာလေ၏။

"မင်းမှာ အကြံလေး ဘာလေးရှိရင်လည်း ပေးလိုက်ပါဦး..လှည့်ကွက်လေးဖြစ်ဖြစ် သိုင်းပညာအကွက်ဆန်းလေး ဖြစ်ဖြစ်"

"..."

"...ကဲ နေရာကို သွားမှာသာ သွားစမ်းပါ..အဲ့တောင်ပိုင်းကောင်တွေကို မြင်တာနဲ့ အကိုကြီး စပြီး ရိုက်လို့ရပြီ"

"ငါ သိပါတယ်"

ယွန်းဂျွန်က ချွန်းမြောင်၏ ပြတ်ပြတ်သားသားစကားကြောင့် မျက်နှာငယ်လေးနှင့် ပြိုင်ပွဲ၏ သတ်မှတ်နေရာသို့ လျောက်လာခဲ့လေသည်။ ကွင်းလယ်သို့ ရောက်သောအခါတွင်မူ အားလုံး၏ အကြည့်များအောက်တွင် လေထုက တမျိုးတမည် ပြောင်းလဲသွားသည်ဟု ထင်ရလေသည်။

ပြိုင်ပွဲအရှိန်အဝါကတော့ တကယ်ကို ရှိနေတာပဲ...

ပွဲစတွင် ဟွာဆန်းဂိုဏ်းသည် စိတ်အားငယ်နေသော်လည်း ချွန်းမြောင်၏ ပွဲထွက်ကောင်းမှုကြောင့် ဟွာဆန်းဂိုဏ်းမှ လူများက စိတ်အားတက်ကြွနေကြပြီ ဖြစ်လေသည်။အထူးသဖြင့် တတိယတန်းတပည့်များပင်။

ယွန်းဂျွန် အားလုံး၏မျှော်လင့်ချက်များကို အစစ်အမှန်အဖြစ်ပြောင်းကာ အနိုင်ယူပေးခြင်လေသည် ။ သို့ဖြစ်၍ သူကြောက်ရွံနေ၍ မဖြစ်ပေ။ ထို့ပြင် ချွန်းမြောင် အစပျိုးခဲ့သော အောင်မြင်မှုကိုလည်း ဆက်လက်ထိန်းသိမ်းရန် လိုအပ်လေသေးသည်။ သူ နိုင်မှသာ ဖြစ်လိမ့်မည်။ အကယ်၍ သူရှုံးနိမ့်ခဲ့လျှင်....

"ဆရာတူအကိုကြီး"

ချွန်းမြောင်က ယွန်းဂျွန်၏ နောက်မှ လှမ်းကာခေါ်လိုက်သည်မို့ ယွန်းဂျွန်က အလျင်စလိုပင် လှည့်ကြည့်လိုက်လေသည်။

အင်း..ခွေးသားလေးက အခုမှပဲ ငါ့ကို နည်းလမ်းပေးတော့မှာပေါ့...သူရဲ့ တွန်းအားလေးကလည်း ပါလိုက်ရဦးမှ..

ငါကလည်း...

"အကိုကြီး ရှုံးခဲ့ရင် အကိုကြီးကို ကျွန်တော် သတ်မှာ"

"...."

ချီး...ဒီခွေးသားလေးဆီက ငါက ဘာတွေ မျှော်လင့်နေတာတုန်း...သောက်ကလေးက ..

သောက်ကျင့်ကိုက မပြောင်းဘူး...

မျှော်လင့်ချက်လေး ထားမိတာ ငါ့အမှားပါ...ငါ့အမှား...

အသက်ကို ဝဝရှုသွင်းကာ ယွန်းဂျွန်က တင်းမာသောမျက်နှာထားနှင့် ရှေ့သို့ တက်သွားလေသည်။

ဓါးကို လက်ကဆွဲကိုင်ကာ တောင်ဘက်အစွန်အဖျားဂိုဏ်းရှိရာ ဘက်သို့ လှမ်းကာကြည့်လိုက်လေပြီး ဓါးနှင့် ချိန်ရွယ်ထားလိုက်လေသည်။

"ယွန်းဂျွန် ဟွာဆန်းရဲ့ တတိယတန်းတပည့် တောင်ဘက်အစွန်အဖျားဂိုဏ်းကို ယှဉ်ပြိုင်ဖို့ စိန်ခေါ်ပါတယ်"

ဟွာဆန်းဆီသို့ တိုက်ခတ်လာသောလေထုကပင် ပြောင်းလဲသွားခဲ့လေပြီ ဖြစ်လေသည်။

အပိုင်း (၁၀၁)

မင်း ဒီနေ့ကို ဘယ်တော့မှ မမေ့အောင် ငါလုပ်ပေးလိုက်မယ်(၁)

"သူ...."

"အဲ့ကလေးက ဘယ်လို‌တောင် ပြောရဲကြတာလဲ"

ချွန်းမြောင်၏ ယွန်းဂျွန်အား လှမ်းပြောလိုက်သည့်စကားကြောင့် တုံ့ပြန်မှုများက ပြင်းထန်ကုန်ကြလေသည်။

ဂျင်ဂွမ်ရုန်ကမူ အံပင်တင်းတင်းကြိတ်ထားမိလေသည် ။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ဒေါသထွက်နေကြစဉ်မှာပင် ယွန်းဂျွန်ကစတင်ကာ ယှဉ်ပြိုင်ရန်အတွက် စိန်ခေါ်တောင်းဆို လာလေသည်။ ဤသည်က မီးပုံထဲသို့ ဆီလောင်းလိုက်သည့်အလားပင်။ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ဒေါသမီး ဟုန်းဟုန်းတောက်နေကြလေတော့သည်။

ယွန်းဂျွန်ကလည်း အလွန်အကြူး ဒေါသထွက်နေကြသော တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများကို ကြည့်ကာ အတွေးများသွားရလေသည်။

ငါ အပိုတွေ လုပ်ပြသလိုများ ဖြစ်သွားတာလား...

မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲဆိုသည်က တဖက်နှင့်တဖက် စိန်ခေါ်ရသည်က ထုံးစံပင် ဖြစ်လေပြီး သူတို့က ဘာဖြစ်သည်ဆိုသည်ကိုတော့ ယွန်းဂျွန်သည်လည်း နားမလည်ပေ။ ယွန်းဂျွန်အနေနှင့်မူ လုပ်သင့်သည်အရာတစ်ခုကိုသာ လုပ်ခဲ့ခြင်း ဖြစ်သည်မို့ ထူးထွေခံစားမနေတော့ပေ။ ပွဲစဉ်ကောင်းလေးကိုသာ ဆက်ထိန်းထားရန် အာရုံထားလိုက်လေသည်။

ဂျင်ဂွမ်ရုန်ကမူ ဒေါသကို မထိန်းနိုင်တော့ပြီ။ ဂျင်ဂွမ်ရုန် မတ်တပ်ရပ်ကာ ဒေါသသံကြီးနှင့် အော်လာလေတော့သည်။

"ဂွန်ဂျင် ...ဂွန်ဂျင် "

"ဟုတ်ကဲ့ပါ ..ဆရာတူအကိုကြီး"

"သွား..မင်း သွားပြီး အဲ့ဒီ မောက်မာနေတဲ့ ကြက်ဖလိုကောင်ကို အပြတ်ရှင်းခဲ့"

"ဟုတ်ကဲ့ပါ"

ဂျင်ဂွမ်ရုန်၏ မျက်နှာက လုံးလုံးမှုန်သုန်နေပြီ ဖြစ်လေသည်။

သူသည် အလုံးစုံပြည့်ဝကောင်းမွန်နေသည်ကိုပဲ အလိုရှိသောသူဖြစ်လေသည်။ ဟွာဆန်းဂိုဏ်းအား တစ်ယောက်မကျန် အပြည့်အဝအနိုင်ယူချင်သော်လည်း ယခုတွင်မူ ထိုစံချိန်က ရိုက်ချိုးခံလိုက်ရပြီ ဖြစ်လေသည်။ မဖြစ်လာနိုင်တော့ပေ။ လက်သည်တရားခံသည်က ...

ချွန်းမြောင်..

ဂျင်ဂွမ်ရုန်၏ မျက်လုံးများက အဝေးတွင် ထိုင်နေသောချွန်းမြောင်ဆီသို့ ရောက်သွားလေသည်။

ဒီသောက်ရူးကောင်ကတော့...

ဂျင်ဂွမ်ရုန်သည် ဆိုဝူရန် ဤမျှ ပိုးဆိုးပက်စက် ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်ထားပေ။ သူတို့၏ဂိုဏ်းသားကပင် အားနည်းလွန်းနေသလားပင်။ ဤမလောက်လေးမလောက်စားကိုပင် ရှုံးနိမ့်သွားလေသည်။ လူရွေးမှားသည်ဟု ခံစားလိုက်ရလေသည်။ သို့တည်းမဟုတ် ထိုကလေး ချွန်းမြောင်ကပင် သန်မာလွန်းနေသလားပင်။ သို့သော်လည်း ဆိုဝူရန်၏ အင်အားသည်ကလည်း သာမန်မဟုတ်ပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ကလေးများထဲမှ အသန်မာဆုံးသူဖြစ်လေပြီး သိုင်းပညာတွင်လည်း ညံ့ဖျင်းသူ မဟုတ်ပေ။ ဤသည်ကိုပင် ရှုံးနိမ့်ရလေသေးသည်။

ငါတို့ဂိုဏ်းက လူထက် ဟွာဆန်းဂိုဏ်းကလူက ပိုပြီး သန်မာနေတယ်ဆိုတာ ဖြစ်နိုင်လို့လား...

ချွန်းမြောင်နှင့် ပြိုင်ပွဲသည်က မမျှော်လင့်ထားသော ရိုက်ချက်တစ်ခုဖြစ်သွားလေသော်လည်း လက်ရှိတွင်မူ တပန်းသာနေသော အနေအထားတွင် ရှိနေသေး၍သာ ဂျင်ဂွမ်ရုန် အနည်းငယ် နေသာလေသေးသည်။ သူတို့ဂိုဏ်းအနေနှင့် နိုင်ပွဲများ ဆက်လက်ရရှိပြီး အခြေအနေကို ဆက်ထိန်းထားပါက ချွန်းမြောင်မည်မျှတော်နေစေကာမူ အနိုင်ရသူမှာ သူတို့ပင် ဖြစ်ပေလိမ့်မည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အတော်ဆုံးသောတပည့်များထဲမှ တစ်ယောက်ဖြစ်သော ဂွန်ဂျင်သည် သူ၏သစ်သားဓါးကို ဆွဲကာ ကွင်းလယ်သို့ ထွက်သွားလေတော့သည်။ ယွန်းဂျွန်ကမူ ကွင်းထဲသို့ ဝင်လာသောသူကို ကြည့်ကာ တံတွေးမြိုချလိုက်လေသည်။

သူနဲ့ပဲ ထပ်ပြီးတော့လား...

ဤသည်က ယွန်းဂျွန်မျှော်လင့်ထားသည့်အတိုင်းပင်။ ပြီးခဲ့သော ညီလာခံတွင်လည်း ဤလူနှင့်ပင် တိုက်ခိုက်ခဲ့ရပြီး ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေသည်။ ပြီးခဲ့သော ညီလာခံတွင် ရှုံးနိမ့်ခဲ့သည် အရှိန်ကြောင့် ယခုနှစ်တွင်လည်း ရှုံးနိမ့်မည်ဟုပင် ခံစားနေရလေသည်။ ယခုနှစ်တွင်ရော ၊ ပြီးခဲ့သောနှစ်များတွင်ပါ သူ့တွင် အခွင့်အရေး မရှိခဲ့ပေ။

ရိုးရိုးသားသားပြောရရင် ငါတော့ သူ့ကိုအနိုင်ယူနိုင်မယ် မထင်ဘူး...

သို့သော်လည်း ထိုကိစ္စများ ဖြစ်ခဲ့သည့်အချိန်တွင်က ဟွာဆန်းဂိုဏ်းတွင် ချွန်းမြောင် မရှိသေးပေ။ ယခုတွင်မူ ချွန်းမြောင်၏ လေ့ကျင့်ရေးများကြောင့် သူသည်လည်း လုံးလုံးလျားလျား ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။ ယခင်ကမူ သူသည် တိုးတက်ရေးဟူသော ခေါင်းစဉ်နှင့် မလေ့ကျင့်ခဲ့ဖူးဘဲ တာဝန်အရသာ လေ့ကျင့်ခဲ့သော်လည်း ယခုတွင်မူ ဘဝရှေ့ရေးကိုပါ ထည့်တွေးကာ လေ့ကျင့်ခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ စိတ်ရော ကိုယ်ပါ သိသိသာသာ ပြောင်းလဲခဲ့ပြီး ဖြစ်လေ၏။ မျှော်ကြည့်ရမည့်အနာဂတ်ကလည်း ရှေ့တွင်ရှိနေပြီဖြစ်ပြီး စိတ်ခွန်အား မရှိသူလည်း မဟုတ်တော့ပေ။ ဤသို့သောအခြေအနေမှာပင် မကြိုးစားပဲ အရှုံးပေးလိုက်မည်ဆိုပါက သူကြိုးစားခဲ့သမျှသော အရာတို့သည် သဲထဲရေသွန် အလဟသသာ ဖြစ်ပေလိမ့်မည် ။ ထိုသို့ အဖြစ်မခံနိုင်ပေ။

ငါ ရှံးခဲ့ရင်တောင် ဆိုးဆိုးဝါးဝါးကြီး မရှုံးအောင်တော့ ငါကြိုးစားရမှာပဲ...

သူသည် ဟွာဆန်းဂိုဏ်း တတိယတန်းတပည့်များ၏ အကြီးဆုံးအကိုကြီး ဖြစ်လေသည်။ ရှေ့ဆောင်လမ်းပြကောင်း တစ်ယောက် ဖြစ်ကိုဖြစ်ရပေမည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကို မယှဉ်နိုင်လျှင်ပင် လွယ်လွယ်နှင့် အလျော့ပေး၍တော့ မဖြစ်ပေ။ သို့ဖြစ်၍ ယွန်းဂျွန်သည် တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားရန် ဆုံးဖြတ်လိုက်လေသည်။

ဂွန်ဂျင် ကမူ ယွန်းဂျွန်အား ကြည့်ကာ ဆိုလာလေသည်။

"အပိုစကားတွေ မပြောဘူး... မင်းကို ငါ ဘယ်လိုကြီးရိုက်နှက်ပြီး အနိုင်ယူတယ်ဆိုတာ ဘယ်လိုလဲဆိုတာ သိအောင်ပြပေးမယ်"

"ငါကတော့ မင်းကို ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘူး"

"စကားတွေက အလကားပဲ"

ဂွန်ဂျင်က ဓါးကို ဆွဲကာ ရပ်နေသော ယွန်းဂျွန်ဆီသို့ ဓါးကို ဝှေ့ယမ်းကာ အရှိန်နှင့် ရုတ်တရက်ကြီး ပြေးဝင်လာလေသည်။

သူ့ဓါးက ပျော့ပြောင်းပြီး ဖြောင့်တန်းနေတယ်...

ဓါး၏လမ်းကြောင်းက ခန့်မှန်းရလွယ်ပြီး ကြိုတင်သိနိုင်မည့်အနေအထားပင်။ ယခင်တုန်းကမူ ဓါး၏အနေအထားအား အကဲမခတ်သကဲ့သို့ ကြိုလည်း မတွေးတတ်ခဲ့ပေ။ ယခုမူ မတူတော့ပေ။ ဤသည်ကပင် သူတို့ပြိုင်ဘက်နှစ်ဦးကြားက ကွာခြားမှုလည်း ဖြစ်လာမည်ဟု ယူဆလေသည်။ ယခင်ကမူ ဤသို့သော ပညာများမတတ်၍ ရှုံးနိမ့်ခဲ့ရသော်လည်း ယခုမူ မျှော်လင့်ချက်လေးရှိလာပြီ ဖြစ်လေသည်။

ခွမ်း...

ဂွန်ဂျင်က ဓါးကို ဆုတ်ကာ ယွန်းဂျွန်၏ ဓါးချက်ကို ကာဆီးထားလိုက်လေသည်။

"ဟင်း"

မမျှော်လင့်ထားသော ဓါးချက်မို့ အလျင်အမြန်ကာကွယ်လိုက်သော်လည်း ဟန်ချက်ကတော့ ပျက်သွားလေသည်။

"မင်းကို ကြည့်ရတာ တော်နေသလိုလိုနဲ့ တကယ်ကျတော့လည်း အခွင့်အရေးတောင် မရနိုင်တော့တဲ့ပုံပဲနော်"

ခွမ်း..ခွမ်း

ယွန်းဂျွန်က တိုက်စစ်ကို ဆက်ကာဖွင့်ထားလေပြီး ဂွန်ဂျင်၏ ခနဲ့မှုများကို လျစ်လျူရှုထားလိုက်လေ၏။

ယွန်းဂျွန်၏ ဓါးချက်များသည် လျင်မြန်ကာ အားအင်အပြည့်ပင်။ သို့သော် ဂွန်ဂျင်၏ ဓါးချက်များက ပို၍လျင်မြန်ကာ ပို၍ အင်အားပြင်းလေသည်။ သို့သော် ယွန်းဂျွန်၏ တိုးတက်မှုကတော့ သိသိသာသာပင်။ ပြီးခဲ့သောညီလာခံတွင်ရှိခဲ့သောအဆင့်ထက် များစွာတိုးတက်လာခဲ့လေသည်။

ဘမ်း..ဘမ်း..ဘမ်း...

ယွန်းဂျွန်၏ဓါးချက်များက တရစပ်ထိုးဖောက်နေပြီး အဆက်မပြတ်ပင် တိုက်ခိုက်နေလေသည်။ ပြီးခဲ့သော ညီလာခံတွင်မူ ဤကဲ့သို့ ထိုးဖောက်နိုင်ဖို့ ဝေးစွ။ တဖက်လူ၏ ဓါးလားရာကိုပင် မတွေ့နိုင်ခဲ့ပေ။ ယခုတွင်မူ ဓါးလားရာကို တွေ့နိုင်ရုံသာမက တန်ပြန်ထိုးစစ်ပါ ဆင်နိုင်လာပြီ ဖြစ်လေသည်။ အံဩဖွယ်ရာပင်။

ငါက ဘယ်လိုလုပ်ပြီး ဓါးကိုပါ ရှင်းရှင်းလင်းလင်း မြင်နေရတာလဲ...

ဓါးကဖြင့် ဒီလောက်မြန်နေတာကို..

ဓါးချက်များက လေကိုခွင်းကာ ထပ်ကာထပ်ကာ ကျရောက်လာသော်လည်း ယွန်းဂျွန် အသာအယာပင် ကာကွယ်ထားနိုင်လေသည်။ အမှန်ပင် အံဩဖွယ်ရာများ ဖြစ်နေသည်ပင်။ လွန်ခဲ့သော နှစ်နှစ်နှင့် လားလားမှပင် မသက်ဆိုင်သော အခြေအနေမျိုးပင်။

ယွန်းဂျွန်၏ အံဩဖွယ်ရာတိုးတက်မှုက ဂွန်ဂျင်၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်မှုဖြစ်စေပြီး သိုင်းကွက်များကို ဟန်ပျက်လာစေသည်။ သူ၏ မြောက်များစွာသော ဓါးချက်တို့က မထိလေ ဒေါသတကြီး တိုက်ခိုက်ရင်း ဟန်ချက်ပိုပျက်လာလေ ဖြစ်နေလေတော့သည်။

"မင်း"

ယွန်းဂျွန်က ဂွန်ဂျင်အား ကြောင်တောင်တောင် မျက်နှာပေးနှင့် ကြည့်ကာ မေးလိုက်လေသည်။

"မင်းက ဒီလောက်ပဲတတ်နိုင်တော့တာလား"

"မင်း.."

"အာ..အရမ်းလည်း ဒေါသထွက်မနေပါနဲ့..ငါ မင်းကို ရန်စတာ မဟုတ်ပါဘူး..သိချင်လို့ မေးကြည့်ရုံပါ...

မင်းက ခွန်အားတွေ ဘာတွေကို တမင်များ အလျော့ပေးပြီး တိုက်နေတာလား သိချင်လို့ မေးကြည့်ရုံတင်ပါ..."

"ခွေးသား..ငါ မင်းကို သတ်ပစ်မယ်"

ဂွန်ဂျင်၏ ဒေါသက ပွက်ပွက်ဆူသွားပြီ ဖြစ်လေသည်။ ယွန်းဂျွန်၏ အူလည်လည်အမေးက သူ့အား တမင်ရန်စလိုက်သကဲ့သို့ပင်။ ဂွန်ဂျင်၏ ရှူးရှူးရှားရှားအမူအရာကြောင့် ယွန်းဂျွန် ထိတ်လန့်သွားလေသည်။

ဂွန်ဂျင် က ဓါးကို ယမ်းကာ သူ့ဆီသို့ ဦးတည်ကာ ပြေးဝင်လာသည်ကို ယွန်းဂျွန်က နောက်ခြေတလှမ်းဆုတ်ကာ ရှောင်ရှားလိုက်ပြီး သူ့အား အရှိန်နှင့်ကျော်တက်သွားသည့် ဂွန်ဂျင်၏ကျောပြင်ကို အားထည့်ကာ ကန်ထုတ်လိုက်လေသည်။ ကန်ချက်က ပြင်းထန်သည်မို့ အခြေအနေကို စိတ်ချစွာ ပြန်ပင် မကြည့်တော့ချေ။ ယွန်းဂျွန်က တမင်ရည်ရွယ်ကာ ကန်လိုက်သည်မဟုတ်ဘဲ ဤကန်ချက်က ခန္ဓာကိုယ်၏ အလိုအလျောက်တုံ့ပြန်မှုပင်။

ချွန်းမြောင် ဘယ်လိုတောင် တော်တဲ့ကလေးလဲ..

ငါကိုယ်ခန္ဓာကိုယ်တောင် သူက သိနေသလို ခံစားရတယ်...

ချွန်းမြောင်ကမူ ယွန်းဂျွန်တို့၏ တိုက်ပွဲကို ပျင်းတိပျင်းရော ကြည့်နေလေပြီး သူက ဤပြိုင်ပွဲအား အဆုံးသတ်စေချင်လှပြီ ဖြစ်သည်။ ယခုတွင်လည်း ပြိုင်ပွဲ၏အခြေအနေက မျော်လင့်ထားသည့်အတိုင်းပင်မို့ ရင်ခုန်မနေပေ။

"အား"

ဂွန်ဂျင်ကမူ ယွန်းဂျွန်၏ ကန်ချက်ကြောင့် လုံးလုံးစိတ်လွတ်သွားပြီ ဖြစ်လေပြီး ယွန်းဂျွန်ဆီသို့ တရှိန်ထိုးပြေးလာပြန်၏။ ဂွန်ဂျင် သုံးထားသော ခြေအားကိုကြည့်ကာ ယွန်းဂျွန်က ခြေကိုခွဲပြီး ဓါးကို မြှောက်ကာ စောင့်နေလိုက်လေသည်။ ခေါင်းစ ခြေအဆုံးပင် စစ်မှန်သော ဓါးသမားတစ်ယောက်၏ ခြေနင်းကွက်အတိုင်းရှိနေပြီး 'ဟန်ချက်ထိန်းနည်း ခြောက်ဖြာ နည်းပညာ' ထဲမှ အခြေခံသိုင်းကွက်ကို သုံးတော့မည် ပုံပင်။ ဤကိုယ်ဟန်အနေအထားသည်က ယွန်းဂျွန် ဆယ်ရက်တိုင်တိုင် လေ့ကျင့်ခဲ့ရသော ကိုယ်ဟန်အနေအထားလည်း ဖြစ်လေသည်။

ဂွန်ဂျင်ကမူ ဒေါသတကြီး ပြေးဝင်လာလေသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်က ယွန်းဂျွန်ဆိုလျှင် ဤအနေအထားကို ကြောက်ရွံနေမည် ဖြစ်သော်လည်း ယခုတွင်မူ ရင်ဆိုင်ရန် အဆင်သင့်ပင်။ ဂွန်ဂျင်၏ ဓါးလားရာကို ခန့်မှန်းကာ စောင့်နေလိုက်လေသည်။ ဓါး၏ တည်ရှိမှုကို ခံစားလိုက်မိသည်နှင့် စိတ်နှင့်ခန္ဓာကိုယ်က အလိုအလျောက် တုံပြန်လာပြီး ဂွန်ဂျင်၏ ဓါးချက်ကို တုံ့ပြန်လိုက်လေတော့သည်။

မဆုတ်မနစ်သော နှလုံးသား ၊ အခြေခိုင်သန်မာသော ခန္ဓာနှင့် တိကျသေချာသော စိတ်ထားရှိသည့် သိုင်းသမား တစ်ယောက်အတွက် အရှုံးဟူသည် မရှိပေ။

ယွန်းဂျွန်သည် ဓါးကိုမြောက် လူကိုပြေးခုန်ကာ အရှိန်နှင့် ဝင်လာသော ဂွန်ဂျင်ကို ပြေးဝင်ကာ ခုန်၍ ခုတ်လိုက်လေသည်။ ယွန်းဂျွန်၏ လျပ်တပြက်ဓါးချက်ကြောင့် ကြောက်လန့်သွားသော ဂွန်ဂျင်က ဓါးချက်ကို ကာလိုက်သော်လည်း မမှီတော့ပေ။ ဓါးသည် ကျိုးကာ လေထဲသို့ လွှင့်သွားလေပြီး သူကလည်း လွှင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အရှိန်နှင့် ကျလာလေသည်။

ဘုန်း...

မြေပြင်ပေါ်သို့ ပြန်ကျလာသံကြီးသည် ကျယ်လောင်လှပြီး လူတိုင်းကလည်း တိတ်ဆိတ်သွားကြလေသည်။ ခဏနေမှသာ ပျော်သည့်သူက ပျော် ၊အော်သည့်သူက အော်နှင့် ...ဆူညံသွားကြလေတော့သည်။

တောင်ဘက်အစွန်အဖျားဂိုဏ်း၏တပည့်သည် မြေပြင်ပေါ်တွင် မလှုပ်မယက် လဲလျောင်းနေပြီး ဟွာဆန်းဂိုဏ်း၏ တပည့်ကမူ ဓါးကိုကိုင်ဆွဲကာ မတ်မတ်ကြီး ရပ်နေလေသည်။ အနိုင်အရှုံး ကြေငြာပေးရန်ပင် မလိုအပ်တော့သည့် အောင်နိုင်မှုကြီးပင်။

"ငါ အများကြီး သင်ယူခဲ့ရပြီးပြီ"

ယွန်းဂျွန်သည် မေ့မြောနေသော ဂွန်ဂျင်ကို ကြည့်ကာ ပြောလိုက်ပြီးနောက် ဓါးကို သိမ်းကာ ထွက်သွားလေတော့သည်။

အောင်ပွဲခံသံများက ဆူညံနေလေသည်။

"ဝိုး"

"ငါတို့ နိုင်ပြီ...နိုင်ပြီဟေ့"

"ရူးချင်စရာပဲ..တကယ်ကြီး နိုင်သွားပြီ"

ကလေးများသာမက အကြီးအကဲများကပါ ပျော်ရွှင်နေကြလေပြီး ဝမ်းသာအားရ ရေရွတ်သံများက ပြည့်နှက်နေကြလေသည်။

"ယွန်းဂျွန်က ယွန်းဂျွန်"

"ဆရာတူအကိုကြီး ပီသပါပေတယ်"

ဟွမ်းယုန်နှင့် ဟွမ်းဆန်းကလည်း အရူးများလိုပင် အော်ဟစ်ပျော်မြူးနေကြလေသည်။

"ဟာကွာ..ရူးတော့မလိုတောင် ခံစားရတယ်..ငါတို့ နိုင်ပြီကွ..နိုင်ပြီ"

"အကိုကြီး ဣန္ဒြေလေး ထိန်းပါဦး"

"တော်စမ်း ..ပျော်တာကို ပျော်သလိုပဲ နေရမှာပေါ့"

ဟွမ်းယုန်ကမူ အပြုံးမျက်နှာကြီးကို မသတ်နိုင်ပေ။ ဟွမ်းဂျွန်သည်လည်း ပျော်နေမည်ထင်၍ ဟွမ်းဂျွန်ဘက်သို့ လှည့်ကာ ကြည့်လိုက်သည့်အချိန်တွင်မူ ပြုံးပြုံးကြီးနှင့် သတိလစ်နေသည့် ဟွမ်းဂျွန်ကို တွေ့လိုက်ရလေသည်။

"အား..လုပ်ကြပါဦး..ဂိုဏ်းချုပ်..ဂိုဏ်းချုပ်...သတိလေးထားပါဦး"

ဟွမ်းဆန်းက ဟွမ်းယုန်ကို ဆွဲကာ ဟွမ်းဂျွန်ဆီသို့ ပြေးလေပြီး ဟွမ်းဂျွန်အား အသားကုန်ခါယမ်းနေလေတော့သည်။

"သတိထားပါဦး...ဂိုဏ်းချုပ်..မသေကြပါနဲ့ဦး.. မသေလိုက်ပါနဲ့ဦး..စိတ်ကို ထိန်းပါဦး"

"အားလုံးက အဆင်ပြေသွားခဲ့ပြီး"

"မဟုတ်သေးဘူး...ကျွန်တော်တို့မှာ ဆက်လျောက်ရမယ့် ခရီးရှည်ကြီး ရှိသေးတယ်လေ...မသေပါနဲ့ဦး..သမားတော် ခေါ်ကြပါဟ..သမားတော် ဘယ်မှာလဲ"

အကြီးအကဲများ ကြားထဲတွင် ပွဲဆူနေသော်လည်း ယွန်းဂျွန်ကမူ သတ်မှတ်နားနေရာသို့ ရှက်ပြုံးလေးနှင့် ပြန်လာလေသည်။ မျက်နှာတွင် ရှက်ပြုံးလေးရှိနေသော်လည်း ရင်ထဲတွင်မူ လိပ်ပြာလေးများစွာ ပျံသန်းနေသကဲ့သို့ပင်။

ဂျိုဂုသည်လည်း သူ့အကိုကြီး၏ အောင်မြင်မှုကို ဂုဏ်မပြုဘဲ မနေနိုင်ပေ။

"ဆရာတူအကိုကြီး ...ဘယ်လိုများ လုပ်လိုက်တာလဲ..တော်လိုက်တာ"

"ဂု"

"ဟုတ်ကဲ့..အကိုကြီး"

"သွားတာ သွားလိုက်"

"ဟင်"

ယွန်းဂျွန် ယခုမှသာ ချွန်းမြောင်၏ နိုင်ကို နိုင်ရမည်ဟု အသားလွတ်ကြွေးကြော်နေသည်ကို နားလည်လေတော့သည်။

"မင်း ရှုံးချင်ရင်တာင် ရှုံးမှာ မဟုတ်လို့ ဘာမှမပြောဘဲ တိုက်ရမယ့်နေရာကိုသာ သွားလိုက်ပါ..

ဟိုရောက်ရင် မင်းနားလည်လာလိမ့်မယ်"

"..."

ဂျိုဂု ယွန်းဂျွန်၏ စကားကို နားမလည်သော်လည်း ကြောင်နနနှင့်သာ ခေါင်းငြိမ့်ပြလိုက်လေသည်။

ယွန်းဂျွန်၏ စကားကြောင့် ဂျိုဂုသည်လည်း ထွေထူး မေးမြန်းပြောဆိုမနေတော့ပေ။ မျက်နှာထားတင်းတင်းနှင့်သာ ကွင်းလယ်ထဲသို့ ဝင်သွားလေတော့သည်။

ယွန်းဂျွန်က ထွက်သွားသော ဂျိုဂုကို ကြည့်ကာ ထိုင်နေသော ချွန်းမြောင်ဆီသို့ လာခဲ့လေတော့သည်။

"မင်း ငါတို့ကို ဘာလုပ်လိုက်တာလဲ"

ချွန်းမြောင်က ယွန်းဂျွန်ကိုကြည့်ကာ ဖွဖွလေးပြုံးပြလာလေသည်။

"ဘာကိုလဲ"

"ငါတို့ကိုလေ"

"အာ..အဲ့တာလား"

ချွန်းမြောင်က ပြုံးကာ ပြောလာလေသည်။

"ဘာမှ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး... နိုင်အောင်ပဲ လုပ်ပေးလိုက်တာပါ"

ငါမေးနေတာကလည်း နိုင်အောင် ဘယ်လိုလုပ်လိုက်တာလဲပဲ မေးနေတာလေ...ခွေးသား မှင်စာလိုကောင်ရဲ့..

အပိုင်း (၁၀၂)

မင်း ဒီနေ့ကို ဘယ်တော့မှ မမေ့အောင် ငါလုပ်ပေးလိုက်မယ်(၂)

"ဒီကိုကြည့်"

"အင်း"

ချွန်းမြောင်က ကွင်းလယ်ကိုကြည့်ကာ ပြောလာလေသည်။ ဂျိုဂုကမူ နေရာယူရန် သွားနေပြီဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များကမူ မြေပြင်ပေါ်တွင်လဲနေသော ဂွန်ဂျင်ကို လာသယ်သွားကြလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းကို မင်း ဘယ်လိုမြင်လဲ"

"ဘာကို ပြောချင်တာလဲ"

"သူတို့က သန်မာတာလား..အားနည်းတာလား"

"မေးနေစရာ လိုသေးလို့လား..သူတို့ သန်မာတာက အသိသာကြီးပဲလေ"

ချွန်းမြောင်က သူ၏မေးခွန်းများကို မျက်လုံးပြူးကြီးနှင့်ဖြေနေသော ယွန်းဂျွန်ကို ကြည့်လိုက်လေသည်။

"ဒါဆို ဆရာတူအကိုကြီးက အကိုကြီးထက် သန်မာတဲ့သူကို အနိုင်ယူနိုင်ခဲ့တာပေါ့"

"ဟမ်..အဲ့လိုတော့ ပြောလို့မရပေမယ်...အဲ့လိုတော့ ဖြစ်သွားတယ်လားပဲ..ငါ့ကိုယ်ငါတောင် မသိလိုက်ဘူး"

ချွန်းမြောင်က ခေါင်းကိုခါကာ ပြောလိုက်လေသည်။

"သန်မာတယ်ဆိုတာ မှန်တယ်..သူတို့က တကယ်သန်မာကြတယ်...သူ့အသက်အရွယ်နဲ့ယှဉ်ရင်တော့ သူက သန်မာတယ်လို့ ထင်ရပေမယ့် အားနည်းနေတုန်းပဲ"

"အဲ့တာက ဘာပြောချင်တာလဲ"

"သူက သူ့အသက်အရွယ်နဲ့ သင်သင့်တာထက် အများကြီးသင်ယူထားရလို့ အဲ့လိုဖြစ်နေတယ်လို့ ပြောချင်တာပဲ"

"များများသင်ထားတာ ကောင်းတာ မဟုတ်ဘူးလား"

"အကိုကြီး"

"သိုင်းပညာဆိုတာက မျှော်စင်တစ်ခု တည်ဆောက်ရသလိုပဲ... မျှော်စင်မြင့်မြင့် ဆောက်ချင်ရင် အခြေခိုင်ခိုင်တည်ဆောက်ထားနိုင်ဖို့လည်း လိုသေးတယ်...အခြေခိုင်လေလေ အမြင့်တက်လို့ ရနိုင်လေပဲ..ဟုတ်လား"

"အင်း..ဟုတ်တယ်"

"ဒါပေမယ့် လူတွေက အခြေခံဖို့ဆိုတာထက် အမြင့်ဘယ်လောက်တက်ပြီးပြီဆိုတာကိုပဲ စိတ်ဝင်စားကြတာ ...အဆင့်မပြီးသေးဘဲ နောက်တစ်ဆင့်တက်တာက ကိုယ့်ကိုယ်ကိုယ် ပိုပြီးအန္တာရယ်များအောင် လုပ်လိုက်တာပဲ... ကြာလေဆိုးကျိုးများလေးဖြစ်ပြီး ဘယ်တော့မှ အမြင့်ဆုံးဆိုတဲ့နေရာကို တက်ရောက်နိုင်မှာ မဟုတ်တော့ဘူး.."

"..."

"အကိုကြီး သူတို့တွေကို အခြေခံကောင်းကောင်းပိုင်နိုင်တဲ့ကောင်တွေလို့ ထင်လား...

အကိုကြီးရော အခြေခံကောင်းကောင်းမရှိဘဲ အဆင့်တွေပဲတက်ဖို့ ကြိုးစားကြည့်ချင်လား"

"သူတို့အားလုံးက အလကားဖြစ်ကြမယ့်လူတွေပဲ ...အဲ့တာက အမှန်တရားပဲ"

"အကိုကြီးတို့ကို ကျွန်တော်က အခြေခံကို ပိုပိုပြီး ခိုင်မြဲကောင်းမွန်လာအောင် လုပ်ပေးနေတာ...

အဲ့လို တည်ဆောက်ပြီး လုပ်နေရတာက ခက်ခဲပေမယ့် လွယ်လွယ်နဲ့လည်း ပြိုလဲနိုင်မှာ မဟုတ်တော့ဘူး"

"ငါ နားမလည်နိုင်တော့ဘူး...ဒါဆို ငါတို့လုပ်ခဲ့တဲ့လေ့ကျင့်ရေးတွေက အဲ့လိုတွေကြောင့် လုပ်ခဲ့ရတာလား"

"အကိုကြီး...သိုင်းပညာရဲ့ အခြေခံက ဘာလဲ"

"ဟင်"

ချွန်းမြောင်က အတည်ကြီးပင် ရှင်းပြနေပြီ ဖြစ်လေသည်။

"သိုင်းပညာမှာ ကိုယ်ခန္ဓာကို တည်ငြိမ်အောင်လုပ်ရတဲ့ အရင်ဆုံးအစပျိုးအခြေတည်အဆင့်ဆိုတာ ရှိတယ်...

သစ်ပင် တစ်ပင်စိုက်ရင် အမြစ်တွယ်တာသေချာအောင် အရင်လုပ်ရသလိုပေါ့...အမြစ်ကောင်းကောင်း တွယ်ပြီးမှ အကိုင်းအခက်တွေနဲ့ ပြည့်စုံပြီး လှပလာမှာလေ... အဲ့တာကြောင့်ပဲ အကိုကြီးတို့ကို အခြေခံကောင်းကောင်းရဖို့ ကျွန်တော်လုပ်ခဲ့တာ"

"အင်း"

"ကြည့်"

ချွန်းမြောင်က ဂျိုဂုကို ညွှန်ပြကာ ပြောလာလေသည်။ ဂျိုဂုကမူ ကွင်းထဲသို့ ဝင်လာသောပြိုင်ဘက်ကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသည့်ပုံမျိုးပင်။

"မတုန်မလှုပ် သန်မာတဲ့ ခန္ဓာကိုယ်...သေသပ်တဲ့ ဓါးသိုင်းနဲ့လူက ဖြစ်နေသမျှ အားလုံးကို အာရုံစိုက်နိုင်တယ်...တိုက်ပွဲထဲမှာ ရှိနေတဲ့အရာအားလုံးပဲ"

ဂျိုဂုက တဖက်ဓါးသမားနှင့် အပြန်အလှန် ဦးညွတ်အရိုအသေပေးလိုက်လေသည်။

"ကိုယ်ခန္ဓာမှာရှိတဲ့ အင်အားတွေကိုလည်း ဘယ်လိုသုံးရမလဲဆိုတာ သိတယ်"

ဘမ်း....

ချွန်းမြောင် ပြောနေရင်းပြုံးလိုက်လေသည်။

ဂျိုဂု၏ ဓါးက လေပေါ်တချက်မြောက်သွားလေပြီး တဖက်လူက မြေပြင်ပေါ်တွင် အသေကောင်ကဲ့သို့ လဲနေပြီ ဖြစ်လေသည်။ ဂျိုဂုကမူ ဓါးချက်တစ်ချက်နှင့်လဲသွားသည့် တဖက်လူကို မယုံနိုင်သလိုပင် ဇဝေဇဝါအကြည့်နှင့် ကြည့်နေလေ၏။ သူ ဓါးကို တချက်သာလျှင် သုံးလိုက်ရလေသေးသည်ကို ဤသို့ကြီး ဖြစ်သွားသည်ကတော့ လွန်သည်ဟု ခံစားရလေသည်။

"အခုဆိုရင် အကိုကြီးတို့က လိုအပ်သလောက်ပြည့်နေတဲ့ အိုးတွေဖြစ်သွားပြီ..အကိုကြီးတို့ အသက်အရွယ်မှာရှိတဲ့ ကလေးတွေကို တစ်ယောက်တည်းဆိုရင်တောင် ကောင်းကောင်းကြီး ယှဉ်နိုင်တဲ့အခြေအနေ ဖြစ်သွားပြီ"

ဤသို့သော ရလဒ်သည်က သူတို့အားလုံး၏ ကြိုးစားမှုကြောင့်ပင်သာမက ချွန်းမြောင်ပေးခဲ့သော 'ဖြတ်လတ်ခြင်း ဆေးလုံး' ကြောင့်လည်း ဖြစ်လေသည်. ။သူတို့အားလုံးတွင် ချီစွမ်းအင်ကောင်းကောင်း အသုံးချနိုင်သည့်စွမ်းရည်မရှိသေးသော်လည်း ဓါးရေးပညာတွင်လည်း အဆင့်တစ်ခုကိုတော့ ကောင်းစွာရောက်ရှိသွားကြပြီ ဖြစ်လေသည်။ ဤသည်ကို သူတို့ကိုယ်တိုင် သတိမထားမိခဲ့ကြခြင်း ဖြစ်လေသည်။

ဂျိုဂုသည် ပြိုင်ဘက်က ထမလာသည်မို့ ကြောင်တောင်တောင်မျက်လုံးများနှင့် ချွန်းမြောင်တို့ ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။ ချွန်းမြောင်၏ အဖွင့်ပွဲလှလှနောက်တွင် ပွဲစဉ်ဆက်တိုက်ဆိုသလိုပင် ရလဒ်ကောင်းများက ရရှိနေလေတော့သည်။ အားလုံးကလည်း ယုံကြည်ချက်အပြည့်နှင့် ဖြစ်နေကြပြီ ဖြစ်နေကြပြီး ဂိုဏ်း၏ဂုဏ်သတင်းကို မြှင့်တင်ပေးရန် ဆန္ဒပြင်းထန်နေကြပြီ ဖြစ်လေသည်။

"ငါ နားမလည်နိုင်ဘူး... အဲ့လောက်လွယ်နေတာကို တခြားဂိုဏ်းတွေကရော ဘာလို့ အဲ့လိုလိုက်ပြီး မလေ့ကျင့်ကြတာလဲ"

"လွယ်တယ် ..ဟုတ်လား"

ချွန်းမြောင်က ခေါင်းကို ခါကာပြောလိုက်လေသည်။

"အခုလုပ်နေရတဲ့လေ့ကျင့်ရေးတွေက လွယ်သေးတယ်ပေါ့"

"အယ်...မဟုတ်ဘူး...အင်း.. ငါပြောချင်တာက အဲ့လို မဟုတ်ဘူးလေ..ဟိုလေ.."

"ဆရာတူအကိုကြီး.."

"အင်း..."

"အကိုကြီးတို့လည်း ဒါတွေမျိုး သင်ဖူးတယ်မို့လား..

ကောင်းကောင်းနေ ကောင်းကောင်းနား.. မိဘတွေကို ဂရုစိုက်...

အားနည်းသူကို အထင်မသေး ...ကြွယ်ဝမှုကို လောဘမတက်.. တဖက်သားကို လေးစား..

စိတ်ကို ထိန်းချုပ်..မိတ်ဆွေတွေကို ထိန်းသိမ်း.. နိုင်ငံအပေါ်မှာ သစ္စာရှိ...

အဲ့တာတွေ အကုန်လုံးကို အကိုကြီး လုပ်နိုင်လား"

"ဟင့်အင်း"

"ဘာလို့လဲ..အဲ့တာတွေ မလုပ်နိုင်ရင် အကိုကြီးက ယုံကြည်ရတဲ့လူတစ်ယောက် ဖြစ်လာမှာ မဟုတ်တော့ဘူးလေ"

"အဲ့တာကကျ.."

ယွန်းဂျွန် မည်သို့ ပြန်ပြောရမည်မသိဘဲ တိတ်ဆိတ်စွာပင် နေမိနေလေသည်။ ချွန်းမြောင် ဆိုလိုခြင်သည့်အရာများကို သဘောပေါက်သော်လည်း သူ့တွင်တုံပြန်ရန် စကားမရှိပေ။ လူတိုင်းသည်က မျှော်လင့်ချက်ရှိသော သတ္တဝါများပင် ဖြစ်ကြလေပြီး ထို့သို့သော စည်းကမ်းပေါင်းများစွာကို ထိန်းသိမ်းကာ နေထိုင်သွားနိုင်ကြသည့်လူများကမူ တစ်ယောက်နှစ်ယောက်သာ ရှိလေသည်။ အမှန်တကယ်ပင် လူနည်းစုသာ ရှိလေသည်။ ပြောရလျှင်မူ လူတိုင်း ထိုကဲ့သို့ နေနိုင်ကြသည်မဟုတ်ပေ။

"ရေထဲကို ပစ်ချလိုက်ရင် ပြန်တက်မလာတဲ့ကျောက်ခဲတွေလိုမျိုး အနှစ်ပြည့်နေတဲ့လူမျိုးတွေ ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လည်း ရှိဖို့လိုသလို လက်တွေ့ကြိုးစားဖို့လည်း လိုတယ်....ဘယ်လောက်ခက်ခဲတဲ့ကိစ္စဖြစ်နေပါစေ လေ့ကျင့်ယူရင် ရလာမှာပဲ..

ဘိုးဘေးတွေက ဘာလို့ စိတ်ခိုင်မာဖို့နဲ့ တစိုက်မတ်မတ်ကြိုးစားဖို့ပဲ ဆုံးမခဲ့ကြတယ်လို့ထင်လဲ...

အကြောင်းပြချက်ကို သိလား"

"ဘာလို့လဲ"

"လူတိုင်းက အဲ့လို မလုပ်နိုင်ကြလို့"

ချွန်းမြောင်က ခါးသက်စွာ ပြုံးလိုက်လေသည်။ ချွန်းမြောင်သည်လည်း အတိတ်တုန်းက ထိုကဲ့သို့ပင်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားနှင့် ပါရမီပါသည်ကို မကြိုးစားခဲ့ပေ။ အချိန်များကို အလဟသသာ ကုန်ဆုံးစေခဲ့လေသည်။ အခြေခံများကို ပိုင်နိုင်အောင်ကြိုးစားမည့်အစား အသစ်သစ်များကိုသာ လေ့လာလောဘကြီးခဲ့မိလေသည်။ သို့သော်လည်း ဤသည်ကို အမှားဟု မထင်ခဲ့ပေ။ ယခုမှသာ သိလေတော့သည်။ ပြင်ဆင်ရန်လည်း အချိန်မှီသေးသည်မို့ အားလုံးကို အတူတကွ ပြင်ဆင်ပေးခြင်းလည်း ဖြစ်လေ၏။

"သေလောက်အောင်ပဲ ကြိုးစားပြီး ဘယ်လောက်ပဲ စိတ်ပြင်းထန်နေပါစေ အခြေခံမပါခဲ့ရင်‌တော့ အလကားပဲ...

လုပ်နေသမျှက သဲထဲရေသွန်ပဲ ဖြစ်မှာ"

ဘမ်း...

အသံကြောင့် လှမ်းကြည့်လိုက်လေတော့ တောင်ဘက်အစွန်အဖျားဂိုဏ်းမှကလေးများသည် ဟွာဆန်းမှ တတိယတန်းတပည့်များကို ပညာပြရန် အခွင့်အရေးမရလိုက်ကြသည့်ပုံပင်။ မြေပြင်ပေါ်တွင် လဲလျောင်းရင်းသာ အဆုံးသတ်နေကြလေသည်။

"အဲလိုဆိုလည်း အခုကကျ ငါတို့က ဘယ်လိုဖြစ်နေတာလဲ"

"..."

"ကျွန်တော်တို့တွေသာ တွန်းအားမပေးခံထားရဘူးဆို ဘယ်သူက အပင်ပန်းခံပြီး ဒီလောက်လုပ်နေကြမှာလဲ..

သုံးရက်လောက် လုပ်ပြီးတာနဲ့ မပြေးနိုင်လို့ ခြေထောက်နာလို့ ဒီလိုဆင်ခြေတွေနဲ့ အကုန်လုံး နားလိုက်ကြမှာပဲ မို့လား. ..ဒါပေမယ့်လည်း အဲ့လိုညည်းညူနေကြရင်းနဲ့ပဲ ဆက်ပြီးဆက်ပြီး လေ့ကျင့်ခဲ့ကြရတာပဲမို့လား."

ယွန်းဂျွန်က ချွန်းမြောင်၏ စကားကိုထောက်ခံစွာ ခေါင်းငြိမ့်လိုက်လေသည်။

ထိုစကားက အမှန်ပင်။ သူတို့အားလုံးသည် သေလုနီးပါးပင် ချွန်းမြောင်၏ တွန်းအားပေးမှုအောက်တွင် လေ့ကျင့်ခဲ့ရခြင်း ဖြစ်လေသည်။

"အင်း'"

"ခုတော့ အကိုကြီးတို့ လုပ်နိုင်ခဲ့ကြပြီ"

"ဒါက"

".."

"အကိုကြီးတို့ မမျှော်လင့်ထားရင်တောင် ဒီပြိုင်ပွဲကတော့ တကယ့်ကို နိုင်ပြီးသား ဖြစ်နေပြီ..

ဘာမှ ထပ်ပြီး ရင်ခုန်နေစရာမလိုတော့ဘူး... ဘယ်သူမှ အားမထုတ်လိုက်ရဘဲ အကုန်လုံးက အနိုင်ယူလိုက်နိုင်ကြပြီလေ..."

ချွန်းမြောင် တစ်ယောက်ပြီးတစ်ယောက် သယ်ထုတ်သွားနေရသော တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များကို ကြည့်ကာ စုပ်သပ်လိုက်လေသည်။

"သူတို့ရဲ့ ခြေလှမ်းတွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်က တသားတည်းဖြစ်မနေလို့ ဒီလိုမျိုး သူတို့တွေရှုံးကြတာပဲ"

ယွန်းဂျွန် ချွန်းမြောင် ရှင်းပြနေသည့် အရာများကို ယခုမှသာ နားလည်သွားလေတော့သည်။ ချွန်းမြောင် သူတို့အား လေ့ကျင့်ပေးစဉ်က လွန်လွန်ကြူးကြူးလုပ်နေသည်ဟု ထင်ထားခဲ့သော်လည်း ယခုမူ သိရှိသွားပြီ ဖြစ်လေသည်။ သူတို့အားလုံးသည် အကြောက်တရားကြောင့် လေ့ကျင့်ခဲ့ရသော်လည်း ယခုမူ နားလည်းသွားခဲ့ရလေပြီ ဖြစ်၏။

ဒီကလေး ဒါတွေကို ဘယ်နေရာမှာများ သင်ခဲ့ရတာပါလိမ့်နော်...

ယွန်းဂျွန် ချွန်းမြောင်ကို နားမလည်နိုင်စွာဖြင့်ပင် ကြည့်လိုက်လေသည်။ သို့သော်လည်း သူသေချာသိသည့်အရာက တစ်ခုတော့ ရှိလေသည်။

ဘမ်း....

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တပည့်များအားလုံးလိုလိုက အလဲသိပ်ခံနေကြရသည်ကိုပင်။

ယွန်းဂျွန် သိလိုက်လေပြီ ဖြစ်သည်။ သူမှ မဟုတ် ၊ဂျိုဂုမှ မဟုတ်၊ ကျန်နေသေးသော သူတို့၏ ဆရာတူညီလေးများကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကောင်များအားလုံးကို အနိုင်ယူနိုင်တော့မည်ဆိုသည်ကို သူသိလိုက်လေပြီ ဖြစ်သည်။

သူတို့သည် မည်မျှပင် ပျက်စီးနေသောဂိုဏ်းမှဖြစ်စေကာမူ ယခုတွင်တော့ ပြိုင်ပွဲရလဒ်က နိုင်ပွဲဆက်နေလေပြီ ဖြစ်သည်။

ဆိုတော့ ...ငါတို့က အားလုံးနိုင်ကြတော့မှာပေါ့...

ဟွာဆန်းဂိုဏ်းက တပည့်တွေက တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေကိုလေ...

"ငါတို့ နိုင်တော့မှာလား"

"ငါတို့အားလုံးလေ"

ကလေးများ၏ အမေးကို ယွန်းဂျွန် ပြန်မဖြေပေ..

ပြိုင်ပွဲကိုသာ ကြည့်နေလိုက်လေသည်။

တစ်ယောက်...ပြီးလျှင် နောက်တစ်ယောက်...

"အား..."

ကျယ်လောင်သော အော်ဟစ်ညည်းညူသံများနှင့် အဆုံးသတ်တွင်မူ ....

"အား.....ငါတို့ နိုင်ပြီ"

"ဆယ်ယောက် ...သူတို့ဆယ်ယောက်လုံးကို နိုင်သွားပြီ...အား.. ချီး..ချီး"

"ချွန်းမြောင် ..ငါတို့ လုပ်နိုင်ခဲ့ပြီ..လုပ်နိုင်ခဲ့ပြီ"

တတိယတန်းတပည့်များက လက်သီးလက်မောင်းတန်းကာ ဝမ်းသာအားရ အော်ဟစ်နေကြလေတော့သည်။ တချို့ကမူ ငိုပင်ငိုကြွေးနေပြီ ဖြစ်၏။ ဒုတိယတန်းတပည့်များကလည်း ဝမ်းသာအားရနှင့် ပြေးလာကြပြီး ချီးကျူးဂုဏ်ပြုကြလေသည်။ ပွဲတော်ကြီး ကျင်းပနေကြသည့်အတိုင်းပင် ။ အားလုံးက ပျော်ရွှင်မြူးတူးနေကြလေသည်။

ဆယ်ပွဲဆက်တိုက် အနိုင်ပင်။

ဟွာဆန်း၏ တတိယတန်းတပည့်များ အားလုံးက အောင်ပွဲရခဲ့လေသည်။

ဒုတိယတန်းတပည့်များက ဆယ်ပွဲဆက်တိုက် ရှံးပြီးနောက်တွင် တတိယတန်းတပည့်များက ဆယ်ပွဲဆက်တိုက် နိုင်ခဲ့လေသည်။ သူတို့သည်လည်း အနိုင်ရခြင်းကို အရသာခံတတ်ခဲ့ပြီ ဖြစ်လေသည်။

"ချွန်းမြောင်"

ယွန်းဂျွန်က ချွန်းမြောင်အား ကြောက်မက်ဖွယ်ရာအသံကြီးနှင့် ခေါ်လိုက်လေပြီး လက်ကိုဆွဲကာ ပြောလေတော့သည်။

"ငါတို့ နိုင်ခဲ့ပြီ...နိုင်ခဲ့ပြီ...ကျေးဇူးတင်ပါတယ်....မင်းရဲ့ကျေးဇူးတွေပါ"

ယခုတွင်မူ ချွန်းမြောင်အား ရှိနေသော လေးစားရင်းစိတ်နှင့် သူကျေးဇူးတင်စကားဆိုနိုင်ခဲ့ပြီ ဖြစ်လေသည်။

ချွန်းမြောင်ကမူ အပြုံးမပျက်ပင် ပြန်ပြောလေသည်။

"နိုင်တာလား"

ချွန်းမြောင်၏ အမေးကြောင့် အားလုံး၏အပျော်များက တန့်သွားကြလေသည်။ ချွန်းမြောင်၏စကားက ဘာလိုဆိုလိုချင်သည် မသိပေ။ အားလုံးအာရုံနှင့်အကြည့်များက ချွန်းမြောင်ထံသို့ ကျရောက်လာကြလေသည်။

သူက အခု ဘာထဖြစ်ပြန်တာတုန်း...

လုပ်ပြန်ပြီ...လုပ်ပြန်ပြီ...ဘာလားပဲ...

သူအဲ့လိုလုပ်ရင် ငါတော့ ကြောက်နေပြီ...

အားလုံး၏ ပျက်ယွင်းနေသောမျက်နှာထားများကို ကြည့်ကာ ချွန်းမြောင်က ပြောလိုက်လေသည်။

"ဒီလိုအခြေအနေကြီးလိုလေ"

"လုပ်ပြန်ပြီ...ဘာထပ်ဖြစ်ချင်ပြန်တာတုန်း"

"ကျွန်တော်တို့ ရှေ့မှာ ဆယ်ပွဲရှုံးထားတာလေ...အခု ဆယ်ပွဲနိုင်တော့ ဒါက သရေပဲ ဖြစ်သွားတာ မဟုတ်ဘူးလား"

ဟုတ်ပေသည်။

"ဒါပေမယ့်လည်း ...ဒါက"

"ဆရာတူအကိုကြီးတို့ မသိသေးဘူးထင်တယ်"

"ဟင်..ဘာကိုလဲ"

"သရေပွဲဆိုတာ ကျွန်တော့် အဘိဓာန်မှာ မရှိဘူးဆိုတာကိုလေ"

ချွန်းမြောင်၏ မျက်လုံးများက တလက်လက်တောက်ပလာလေပြီ...

အာ..တော်ပါတော့ ..

အခုတောင် တော်တော်လေးပျော်ဖို့ကောင်းနေပါပြီ ချွန်းမြောင်ရယ်...တော်ပါတော့..

"သရေ ဟုတ်လား...တောင်ဘက်အစွန်အဖျားဂိုဏ်းက ကောင်တွေနဲ့ သရေ ဟုတ်လား...

အဲ့လိုသာ ဆိုရင်‌တော့ ရှက်လွန်းလို့ အသက်တောင်ရှင်နိုင်တော့မယ် မထင်ဘူး"

ဒီသောက်ကလေးကတော့ ချီးကျူးနေရင် မဟုတ်ရဘူး...

ဆဲခံနေရမှ နေသာထိုင်သာ ရှိတာထင်တယ်....

"ကျွန်တော် လုံးဝ သရေ အဖြစ်မခံနိုင်ဘူး"

ချွန်းမြောင် လုံးဝပင် ဆုံးဖြတ်ထားပြီးသားပင်။ သရေ ဟူသော ရလဒ်ကို လိုချင်လျှင် သူ ဤပွဲကို အစောကြီးကတည်းကပင် ဝင်ပြိုင်ခဲ့မည် မဟုတ်ပေ။ သရေ ဟူသော ရလဒ်ကို သူလက်မခံနိုင်ပေ။ ထို့အပြင် တောင်ဘက်အစွန်အဖျားဂိုဏ်းသည် သူတို့၏ ' ဇီးပန်းပွင့် ဓါးသိုင်း' ကို ခိုးယူထားသည်ကိုလည်း ပြန်လည် မပေးဆပ်ခိုင်ရသေးပေ။ ဤသို့ သိုင်းပညာကိုပင် ခိုးသောသူများနှင့် သရေဟူသော အခြေအနေကို သူလက်မခံနိုင်ပေ။ ဤသည်က သူ၏ ပုံစံလည်း မဟုတ်သည်မို့ ချွန်းမြောင်တွင် အစီအစဉ် ရှိပြီးသားပင်။ ထိုသို့ သရေပွဲကို ဂိုဏ်းချုပ်များက ကျေနပ်နေသော်လည်း သူကတော့ မကျေနပ်ပေ။ ကောင်းကောင်းကြီး ပညာပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်နေလေသည်။

ချွန်းမြောင် အတွေးတို့ကြောင့် စတင်ကာ ကျယ်လောင်စွာ ရယ်မောလေတော့သည်။

"ဟားဟားဟား..အခုမှ ဒါက အစပဲရှိသေးတယ်..

သူတို့ကို သူတို့ကိုယ်တိုင် ဂိုဏ်းကို လမ်းလျှောက်ပြီး ပြန်သွားနိုင်အောင် ခွင့်ပြုစရာ အကြောင်းကို မရှိဘူး..

ဟီးဟီး"

တတိယတန်းတပည့်များကမူ ချွန်းမြောင်၏ အရောင်ပြောင်းလာသောမျက်လုံးများကို ကြည့်ကာ ကျောချမ်းလာကြပြီ ဖြစ်လေသည်။

သူကတော့ လုံးလုံးရူးသွားပြီပဲ...

အရင်ဘဝက တောင်ဘက်အစွန်အဖျားဂိုဏ်းကြောင့် သေခဲ့တာများလား...နာမည်ကြားရင်ကို သူကလည်း အရူးအမူးကို ဖြစ်နေတာ..

ဘာတုန်း..အခုတောင် အခြေအနေကောင်းနေပြီကို သူက ဘာဆက်လုပ်ချင်သေးတာလဲ...

အားလုံးက အတွေးများနေစဉ်မှာပင် ချွန်းမြောင်က ခုံမှ ထကာ ပြေးလေတော့သည်။ ချွန်းမြောင် ပြေးသည်ကို မြင်သည်နှင့် ယွန်းဂျွန်ကလည်း ထကာ အော်လေတော့သည်။

"ဟေ့..ဟေ့...တားကြစမ်း...သူ့ကို တားထားကြစမ်း"

"ဆရာတူအကိုကြီး"

ယွန်းဂျွန်က တားလိုက်သည်နှင့် ချွန်းမြောင်က ယွန်းဂျွန်ဘက်သို့ ကြည့်ကာ ပုံမှန်နှင့်မတူသော အကြည့်တို့နှင့်ကြည့်ကာ ပြောလာလေတော့သည်။

"ဟင်"

ချွန်းမြောင်၏ အကြည့်တို့ကြောင့် ယွန်းဂျွန်က ရင်တုန်စွာနှင့်ပင် နားထောင်နေရလေသည်။

"အခုကနေစပြီး ကျွန်တော် ဘာပဲလုပ်လုပ် တစ်ခုလေးတောင် မလွတ်စေနဲ့ ...သေချာ လိုက်ကြည့်ထားကြ...

ဒါတွေက အားလုံးအတွက် အကျိုးရှိလာလိမ့်မယ်...နားလည်ကြလား..."

ချွန်းမြောင်၏ မှာကြားမှုကြောင့် အားလုံးက နောက်ဆုတ်သွားကြပြီး ခေါင်းငြိမ့်ပြလေသည်။ ထို့နောက်တွင်မူ ထွက်သွားသော ချွန်းမြောင်၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းကိုယ်စီချလိုက်ကြလေတော့သည်။

ဤသည်က အနာဂတ်တွင် ဟွာဆန်းကို ဦးဆောင်မည့်ကလေးပေမို့ သူပြောသကဲ့သို့ပင် လှုပ်ရှားမှုတစ်ခုလေးပင် လွတ်မသွားရလေအောင် သူတို့ စောင့်ကြည့်ကြရပေဦးမည်။

All Chapters