← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (၁၀၃)

မင်း ဒီနေ့ကို ဘယ်တော့မှ မမေ့အောင် ငါလုပ်ပေးလိုက်မယ်(၃)

"အဟွတ်..အဟွတ်"

"ဂိုဏ်းချုပ်..ဂိုဏ်းချုပ်... သတိထားပါဦး..သမားတော်..သမားတော် ဘယ်မှာလဲ...

သမားတော် ရှိသေးလား"

"ဘာ သမားတော်လဲ...ဝေးဝေးသွားစမ်း"

ဟွမ်းဆန်က ဟွမ်းယုန်ကို တွန်းထုတ်ကာ ဟွမ်းဂျွန်၏နောက်ဘက်တွင်ထိုင်ပြီး ကျောသို့ လက်တင်ကာ ချီစွမ်းအင်တချို့ ပို့လွတ်လိုက်လေသည်။

ဘာတုန်း...ဂိုဏ်းချုပ်ရဲ့ ဒန်တျန်တွေကပါ ပျော်လွန်းလို့ တုန်နေကြတာလား..

ဒန်တျန်များပါ ပရမ်းပတာဖြစ်နေသော အခြေအနေမျိုးကို ဟွမ်းဆန်းမကြုံဖူး၍ အံ့အားသင့်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ ပျော်မည်ဆိုလည်း ပျော်သင့်လေသည်ဟု သူထင်လေ၏။ မကြုံစဖူး အထူးကြုံရသောဖြစ်ရပ်ကြီးက ဖြစ်ပေါ်လာခဲ့ပြီပေမို့လား...။

ဟွမ်းဂျွန်ကမူ ပို့လွတ်လိုက်သော ချီစွမ်းအင်များကို လက်ခံလိုက်ပြီးကာမှ သတိပြန်လည်လာလေသည်။

"ငါ ငါ...တကယ် စိတ်ချသွားပါပြီ"

"ဂိုဏ်းချုပ်...အဆင်ပြေသွားပြီလား"

"ငါ အဆင်ပြေသွားပြီလား ဟုတ်လား..."

ဟွမ်းဂျွန်က ဘာမှမသိဟူသော မျက်နှာလေးနှင့် သူ၏နောက်တွင်ရှိနေသော ဟွမ်းဆန်းကို လှည့်ကာ မေးလာလေသည်။ ဟွမ်းဂျွန်၏ အူကြောင်ကြောင် အမူအရာကြောင့် ဟွမ်းဆန်းပင် မျက်စိလည်သွားလေသည်။

"မင်း ငါအဆင်ပြေရဲ့လားလို့ မေးလိုက်တာမို့လား...ငါက ဘာဖြစ်နေလို့လဲ ..အခုက"

"အာ...ကျွန်တော် မှားပြီး မေးမိသွားတာပါ"

"အခုက ဘာတွေဖြစ်...အာ...အိုး...ဘုရား..."

ဟွမ်းဂျွန်သည် အမှန်ပင် တတိယတန်းကလေးများ၏ အောင်မြင်မှုကြီးကြောင့် စိတ်မငြိမ်နိုင်သေးပေ။ အသက်ကို တချက်ပြင်းပြင်းရှုသွင်းကာ ဣန္ဒြေထိန်းရန် ကြိုးစားလိုက်သော်လည်း မအောင်မြင်ပေ။ ရင်ထဲတွင် ကြည်နူးကျေနပ် ဂုဏ်ယူခြင်းများကသာ လွှမ်းမိုးနေလေသည်။

ဟွမ်းဂျွန် ထိုသို့ ဖြစ်နေသည်ကို ဟွမ်းဆန်ကောင်းကောင်းကြီး နားလည်ပေးသည်။ သူ၏ လက်များသည်လည်း ဝမ်းသာစိတ်လှုပ်ရှားဖြစ်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေသည်ပင်။ ဂိုဏ်းချုပ် စိတ်မထိန်းနိုင် ဖြစ်နေသည်က ဖြစ်သင့်ပေသည်။

"အန်းဂွန်"

"ဟုတ်ကဲ့ပါ..ဂိုဏ်းချုပ်"

"မင်း ကလေးတွေကို သင်ပေးခဲ့တာလား"

အန်းဂွန်က ပါးပါးလေး ပြုံးလိုက်လေသည်။

" ကျွန်တော်လည်း အဲ့လိုပဲ ဖြေချင်ပါတယ်... ဒါပေမယ့်လည်း လိပ်ပြာလုံလုံ စိတ်ဖြောင့်ဖြောင့်ထားချင်တာမို့လို့ အမှန်တိုင်းပဲ ဖြေပါ့မယ်...ကံမကောင်းစွာနဲ့ ကလေးတွေကို သင်ပေးခဲ့တဲ့သူက ကျွန်တော် မဟုတ်ပါဘူး...

တတိယတန်းကလေးတွေက သူတို့ဘာသာသူတို့ လေ့ကျင့်ရေးလုပ်ခဲ့ကြတာပါ"

"သူတို့စိတ်ကြိုက်လား"

ဟွမ်းဂျွန်က အန်းဂွန်အား မယုံကြည်နိုင်သော မျက်နှာနှင့်ကြည့်ကာ မေးလာလေသည်။

"ငါ့ကို သေချာလေးလည်း ရှင်းပြပါဦး"

ယုအန်းက အန်းဂွန်အား အသေးစိတ်ကို သိရစေရန် မေးမြန်းလိုက်လေသည်။ ဟွမ်းဂျွန်လောက် မတုန်လှုပ်နေသော်လည်း ယုအန်းသည်လည်း တည်ငြိမ်လွန်းနေသည်တော့ မဟုတ်ပေ။

"ချွန်းမြောင် သင်ပေးခဲ့တာ ဖြစ်နိုင်ပါတယ်"

"ချွန်းမြောင်ကလား"

ဆိုတော့ အခုလိုတွေ ဖြစ်နေတာက အံဩစရာ မဟုတ်တော့ပါ ဘူး...

ဟွာဆန်းတွင် တစ်ခုခုထူးထူးဆန်းဆန်း ဖြစ်ပေါ်လာလျှင် ချွန်းမြောင်၏ အမည်က ထိုဖြစ်ရပ်နောက်မှ ကပ်ပါလာသည်က ထုံးစံလိုပင် ဖြစ်နေပြီ ဖြစ်လေသည်။ ယခုတွင်လည်း ဤကလေး၏အမည်က ပါလာပြန်လေပြီမို့ ရင်ခုန်နှုန်းလေးပင် နှေးသွားသလိုပင်။

"အဲ့ဒီကလေးက ဘာတွေများ လုပ်လိုက်တာမို့လို့လဲ"

"သူ့ကို ဂိုဏ်းချုပ်ပဲ ဂိုဏ်းထဲပေးဝင်ခဲ့တာ မဟုတ်ဘူးလား..ဂိုဏ်းချုပ်က သူ့အကြောင်း ဘာမှ မသိဘူးလား"

"ငါက ဘယ်လိုလုပ်သိမှာလဲ..သူ့ကို စတွေ့တဲ့ရက်မှာပဲ သူ့နာမည်က ကောင်းတယ်လို့ ခံစားရလို့ ငါ ခွင့်ပြုလိုက်တာလေ...ဘယ်လိုလုပ် သူ့အကြောင်းအကုန် ငါက သိနေရမှာလဲ"

မတော်တဆသောကိစ္စအကြောင်းအရာလေးများကပင် ကြီးမားအံ့အားသင့်ဖွယ်ကောင်းသော အဖြစ်အပျက်ရလဒ်များကို သယ်ဆောင်လာသည့်အလားပင်။ နတ်ဆိုးဂိုဏ်း၏ လာရောက်ဖျက်ဆီးခြင်းကို ခံလိုက်ရသောဟွာဆန်းသည် တောင်ဘက်အစွန်အဖျားဂိုဏ်းကိုပင် မယှဉ်နိုင်တော့သည်က ရာစုနှစ်တစ်ခုမျှပင် ကြာခဲ့ပြီ ဖြစ်လေသည်။ ဟွာဆန်းသည် လုံးလုံးပင် ပျက်သုန်းခြင်းသို့ ဆိုက်ရောက်ခဲ့ရသည်ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ နှိမ်ချဆက်ဆံ လှောင်ပြောင်မှုဒဏ်များကို ခါးစည်းခံလာခဲ့ရသည်က ဟွမ်းဂျွန် တသက်ပင် မကတော့ချေ။

ယခု ညီလာခံတွင်သာ ရာစုနှစ်ကျော်မျှ ရှုံးနိမ့်နေသော တောင်ဘက်အစွန်အဖျားဂိုဏ်းကို ဟွာဆန်းဂိုဏ်းက ပထမဆုံးအကြိမ်အဖြစ် ရင်ဘောင်တန်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အိုး..ဘိုးဘေးတို့...

ဟွမ်းဂျွန်၏ မျက်လုံးများက မျက်ရည်များကြောင့် နီရဲနေလေသည်။

ဒီလိုနေ့မျိုးက နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ..

ဟွမ်းဂျွန် ဘဝတစ်လျောက်လုံး ယနေ့လိုနေ့မျိုးကို မျှော်လင့်နေခဲ့ရသည်ဖြစ်ပြီး သေသွားလျှင်ပင် ဟွာဆန်းဂိုဏ်းသည် သိုင်းပညာလောကတွင် ပြန်လည်ဦးမော့လာသည်ကို မမြင်ရနိုင်တော့ပြီဟု တွေးမိခဲ့ဖူးလေသည်။ ယခုတွင်မူ ကြုံနေရသောအရာတို့သည် အိမ်မက်လေလားဟုပင် ထင်မိလေပြီး မယုံကြည်နိုင်ပင် ဖြစ်ရလေ၏။ သူ၏ဆန္ဒများက ပြည့်ဝခဲ့ပြီ ဖြစ်ပြီး နောက်ထပ် မည်သို့သောအရာမှ ထပ်၍မလိုတော့သလိုပင် ခံစားရလေသည်။

"ဂိုဏ်းချုပ်..ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ..ကလေးတွေ လုပ်နိုင်ခဲ့ကြပြီ"

"အင်း..ငါသိတယ်...တကယ်ကိုပဲ...ကြောက်စရာကောင်းလောက်အောင်ကို တော်ကြပါပေတယ်"

ဟွမ်းဂျွန် စကားပင် မပြောနိုင်လောက်အောင်ပင်။ သူ ထပ်ကာထပ်ကာသာ ခေါင်းငြိမ့်ကာသာ ကလေးများတော်သည်ကို ထောက်ခံကြောင်းပြနေလေတော့သည်။

အခု ငါ ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရပြီဆိုတော့ သေပြီးသွားခဲ့ရင်လည်း ဘိုးဘေးတွေကို မျက်နှာပြရဲသွားပါပြီ..

နေပါဦး..

ဒီကလေးက ဘာလို့ ထပ်ထွက်လာပြန်တာတုန်း...

ဟွမ်းဂျွန် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ကြည့်လိုက်လေတော့လည်း မြင်ကွင်းက မပြောင်းလဲပေ။ သစ်သားဓါးကို ခါးတွင်ချိတ်ထားသော ချွန်းမြောင်က တလှမ်းခြင်းလှမ်းကာ ကွင်းလယ်ထဲသို့ ပြန်ဝင်လာလေသည်။ ချွန်းမြောင်က ကွင်းလယ်သို့ လျှောက်ကာလာနေရင်းမှပင် ဟွမ်းဂျွန်ရှိရာသို့ လှမ်းကြည့်လိုက်လေသည်။

" ငါ့အထင် အဲ့ကလေး ဒီဘက်ကို ကြည့်လိုက်သလားလို့"

"နေ.နေပါဦး..သူက ဘာထပ်လုပ်ချင်နေသေးတာတုန်း"

ကွင်းလယ်သို့ ခပ်ဖြေးဖြေးပြန်လျောက်လာသော ချွန်းမြောင်ကို ကြည့်ကာ လူတိုင်းက မေးစရာ မေးခွန်းများက ပြည့်လာကြလေသည်။ ထိုကလေးကိုကြည့်ကာ ဟွမ်းဂျွန်ကမူ ထူးထူးဆန်းဆန်း အငွေ့အသက်များ ရနေသည်ဟု ခံစားနေရလေပြီး ချွန်းမြောင်ထွက်လာရသည့်အကြောင်းအရင်းကို အသည်းအသန်စဉ်းစားနေပြီ ဖြစ်လေသည်။

ချွန်းမြောင်ကမူ ထူးထူးဆန်းဆန်းကြီးပင် ပြုံးကာ ကွင်းလယ်သို့ လျောက်လာလေသည်။

"..."

ကျင့်ကြံသူတွေက အဲ့လိုအမူအရာမျိူး လုပ်တတ်ကြတယ်လား..ခံစားချက် မကောင်းလိုက်တာ...

သူက ဘာလုပ်ချင်နေတာလဲ...

ဒီကလေးက ငါတို့ဂိုဏ်းက ကျင့်ကြံသူလို့ ပြောရမှာတောင် နည်းနည်းခက်လာသလိုပဲနော်...

"မင်း..မင်း...ခွေးသား..သူတောင်းစား"

အကြီးအကဲဆောင်းကမူ ချွန်းမြောင်အား မြင်သည်နှင့် ဒေါသတို့က ဆူပွက်လာလေသည်။ သွေးများပင် အထက်အောက် ပြောင်းပြန်လှန်ကာ စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရလေသည်။

ဆယ်ပွဲတိတိ ရှုံးနိမ့်ခြင်း...

အနည်းငယ်လေးမှပင် တုန့်ပြန်နိုင်ခြင်းမရှိဘဲ လုံးလုံးလျားလျား ရှုံးနိမ့်သွားခြင်းပင်...

ကနဦးအစတွင်ပင် သူတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းကပင် ဆယ်ပွဲအနိုင်နှင့် အသာစီးရနေပြီး ဖြစ်သော်လည်း ယခုတွင်မူ မည်သူကမှ ထိုအနိုင်ဆယ်ပွဲကို သတိမရတော့သည့်အလားပင်။ ဟွာဆန်း၏ တတိယတန်းတပည့်များ အောင်နိုင်မှုကသာ သိသိသာသာ အချီးကျူးခံဖြစ်နေလေပြီး ဟွာဆန်းဂိုဏ်းတွင် ရှုံးနိမ့်ခြင်းက ပါးရိုက်ခံရသည်ထက်ပင် အရှက်ကွဲလေသည်ဟု ခံစားရလေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် ရင်ဘောင်တန်းနိုင်သော အခြားသောဂိုဏ်းများနှင့် ယှဉ်ပြိုင်၍ ဆယ်ပွဲမက မည်မျှပင် ရှုံးစေကာမူ လူများက ပျက်ရယ်ပြုမည် မဟုတ်သော်လည်း ဟွာဆန်းဂိုဏ်းတွင် ရှုံးခြင်းကမူ ရှုံးနိမ့်သည် ဆိုသည်ထက်ပင် ပို၍ဆိုးဝါးသော အခြေအနေဖြစ်လေသည် ။ အဆိုးဆုံးသော အခြေအနေပင်။

"မင်းတို့ အားလုံးကို အနိုင်ပန်းကို ပန်ပြီး ငါတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းကို ဝင့်ဝင့်ကြွားကြွားကြီး ပြန်မယ်လို့ ငါမပြောခဲ့ဘူးလား...ဟမ်...

ဘယ်လိုသောက်တုံးမကျတွေ ဖြစ်လို့ ဆယ်ယောက်လုံးက ရှုံးရတာလဲ...ဟမ်..

သောက်တုံးမကျတဲ့ ချီးလိုကောင်တွေ"

အကြီးအကဲဆောင်းက ဒေါသကို ထိန်းမရစွာနှင့် ကလေးများကို ငေါက်ငမ်းနေလေတော့သည်။

"မင်းတို့ အသုံးမကျတဲ့ကောင်တွေ ...ဂိုဏ်းကို ဂုဏ်ယူရအောင် မလုပ်တဲ့အပြင် ဂိုဏ်းသိက္ခာကိုပါ ချလိုက်သေးတယ်... မင်းတို့က လူတွေအများကြီးရှေ့မှာမှ ဟွာဆန်းဂိုဏ်းကို ရှုံးတာပေါ့ ...ဟုတ်လား..

ဟွာဆန်းဂိုဏ်းက ကောင်တွေဆီမှာလေ...အရှက်မရှိတဲ့ လူငနွားတွေ"

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ တတိယတန်းကလေးများကမူ သူတို့အား စိမ်းစိမ်းဝါးဝါးကြီးကြည့်နေကြသော ဒုတိယတန်းအကိုကြီးများကို မကြည့်ရဲသကဲ့သို့ အကြီးအကဲဆောင်းကိုလည်း မကြည့်ရဲကြပေ။ ခေါင်းကိုသာ တွင်တွင်ငုံ့ကာ နေကြရလေသည်။

အကြီးအကဲဆောင်းက ဒေါသတကြီးငေါက်ငမ်းနေချိန်တွင် ဂျင်ဂွမ်ရုန်ကလည်း ကလေးများအားလုံးကိုပင် ထသတ်လိုက်တော့မည့်အလား ဒေါသမျက်လုံးကြီးနှင့် ကြည့်နေလေသည်။

သူ၏ မျှော်လင့်ချက်က ရေစုံမျောသွားပြီ ဖြစ်လေသည်။

သရေ ...သရေပွဲ အဖြစ် အဆုံးသတ်သွားပြီ ဖြစ်လေ၏။

ဟွာဆန်းဂိုဏ်းနှင့် သရေကျခြင်း ဆိုသည်က မည်သို့သောအချိန်တွင်မှ စိတ်ကူးပင် မကူးဖူးသော အခြေအနေမျိုး ဖြစ်လေသည်။ လက်တွေ့တွင် ကြုံရန်ကမူ ဝေးစွပင်။ ယခုတော့မူ...

"ကွာ...ချီးပဲ..ချီး..ချီး"

ဂျင်ဂွမ်ရုန် ဒေါသကို ထိန်းထားရန် မတတ်နိုင်တော့ပေ။ ဒေါသမျက်လုံးရဲကြီးများနှင့်သာ ဟွာဆန်း၏ တပည့်များရှိရာဘက်သို့ ကြည့်နေလေသည်။ သူ၏ မြင်ကွင်းထဲသို့ ဝင်လာသည်က ထူးထူးဆန်းဆန်းပင်။

"ဒီ သောက်ကလေးက ..."

ဂျင်ဂွမ်ရုန်၏ ရုတ်တရက်ထွက်သွားသောစကားကြောင့် အကြီးအကဲဆောင်းက လှည့်ကြည့်လာလေပြီး ကွင်းလယ်သို့ ဝင်လာသော ချွန်းမြောင်ကို မြင်လေသည်။

ဒီ သောက်ကလေး..

ဒီကလေးကို တစ်စစီ လုပ်ပစ်လိုက်ရင်တောင် ငါ့ဒေါသက သေမယ် မထင်သေးဘူး...

အကြီးအကဲဆောင်း သူ၏မြင်ကွင်းထဲတွင် ရှိနေသော ထိုကလေးကို တစ်စစီ ဆွဲစုတ်ကာ ဖျက်စီးလိုက်ခြင်သော စိတ်များသာ ကြီးဆိုးနေလေတော့သည်။ ဤကလေးသည်က အရာအားလုံး၏ လက်သည်တရားခံဟုလည်း စိတ်က ခံစားနေမိလေသည်။

"သူက ကွင်းထဲကို ထပ်ဝင်လာပြီး ဘာလာလုပ်တာလဲ"

လူတိုင်းကလည်း ကွင်းလယ်သို့ ရောက်လာသော ချွန်းမြောင်ကို စိတ်ဝင်စားနေကြလေသည်။

"အိုး..ဘုရား..ဘုရား...ရလဒ်ကြီးက..."

"ဟွာဆန်းဂိုဏ်းရဲ့ ဓါးရေးကလည်း သာမန်မဟုတ်တော့ပါလား...အဲ့လောက်ကောင်းနေမယ်လို့ မထင်ထားဘူး"

"ဆယ်ပွဲအနိုင်...ဟွာဆန်းဂိုဏ်းက တတိယတန်းကလေးတွေက တောင်ဘက်အစွန်အဖျားဂိုဏ်းက ကလေးတွေကို ပွဲသိမ်းလိုက်တာ တစ်ယောက်တစ်လေတောင် ပြန်မတိုက်နိုင်ပါလား"

တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသံများက ညံ့စီနေပြီး နောက်ပိုင်းပွဲစဉ်ဖြစ်သော တတိယတန်းကလေးများ၏ အောင်မြင်မှုသည် တောင်ဘက်အစွန်အဖျားဂိုဏ်း ဒုတိယတန်းဂိုဏ်းကလေးများ၏ အောင်နိုင်မှုကို လွှမ်းမိုးသွားလေတော့သည်။ မမျှော်လင့်ထားဘဲ ရလာသောရလဒ်ဖြစ်၍ လူတိုင်းအတွက် အံဩဖွယ်ရာ ဖြစ်နေပြီး ချီးကျူးသံများက မစဲနိုင်ဖြစ်နေလေ၏။

ထို့အပြင် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများသည် အနိုင်ယူရသောပွဲစဉ်များတွင် တဖက်လူအား ညှာတာမှုမရှိကြဘဲ တမင်ပင် အနိုင်ကျင့်ခဲ့ကြပြီး တဖက်သားအပေါ်တွင် လေးစားမှုလည်း မရှိကြပေ။ ဟွာဆန်းမှ ကလေးများကမူ အမူအရာလည်း ကောင်းသကဲ့သို့ တဖက်သတ် အနိုင်ကျင့်မှုလည်း မရှိပေ။ တစ်ဦးတစ်ယောက်မှ လွဲလျှင် အားလုံးက အဆင်ပြေကြလေသည်မို့ ပို၍လည်း ချီးကျူးစရာ ဖြစ်နေခြင်းပင်။

"သူတို့က တော်ကြသလောက် ထောင်ထောင်လွှားလွှားလည်း မရှိကြပေဘူးကို..."

"အဟုတ်ပဲဗျို့...ဟွာဆန်းက အဲ့လိုကျတော့ တကယ်ကို ကျင့်ဝတ်ကောင်းတဲ့ ဂိုဏ်းလို့ ပြောလို့ရတယ်...

သူတို့ရဲ့ အမူအရာနဲ့ သိုင်းပညာတွေကြောင့် ကျုပ်တော့ တကယ် အံဩသွားတယ်ဗျာ"

ဤသို့ ဤသို့သော ချီးကျူးသံများက မစဲနိုင်အောင်ပင်။

ဟွာဆန်း၏ အမည်နာမကလည်း ပြန်လည်တောက်ပလာပြီး မိုးသို့ပင် ထိုးဖောက်တက်တော့မည့်အလားပင်။

ဟွမ်းဂျွန်နှင့် ဟွာဆန်း၏အကြီးအကဲများ မျက်နှာကလည်း ပျားသကာသို့ ချိုလှသည်ပင် မက ချိုသာရွှင်မြနေကြလေတော့သည်။ ဝမ်းသာပီတိ ဂွမ်းဆီထိဖြစ်နေသော နှလုံးသားကြောင့် မျက်နှာပေါ်က အပြုံးများကလည်း မရပ်တန့်နိုင်ကြပေ။

ပြိုင်ပွဲ၏အဆုံးတွင်မူ ညီလာခံကို တက်ရောက်လာကြသော ကုန်သည်များက မည်သည့်ဂိုဏ်းတွင် မည်မျှ ရင်းနှီးမြုပ်နှံထားသင့်သည်ဟူသော အတွေးများက ခေါင်းထဲ ရောက်လာကြလေတော့သည်။ သို့သော် သရေပွဲပေမို့ မည်သည့်ဂိုဏ်းတွင် ရင်းနှီးမြုပ်နှံသင့်သည်ကို အတွေးများ ဝေခွဲမရဖြစ်နေကြလေတော့သည်။

အကြီးအကဲဟွမ်ကမူ ရှင်းလေသည်။ ချွန်းမြောင်အကြောင်း ပိုသိရလေလေ ပို၍ပင် ဟွာဆန်းတွင် ရင်းနှီးမြုပ်နှံချင်လာလေလေပဲ ဖြစ်လေသည် ။ထို့အပြင် သူ ဟွာဆန်းတွင် ရင်းနှီးမြုပ်နှံခဲ့သည်ကလည်း မမှားဟု ပို၍ ယုံကြည်လာလေသည်။

"ကဲ..ဒါဆိုရင် အခုကနေစပြီးတော့..."

"နေပါဦး..."

အကြီးအကဲဟွမ်၏ ညီလာခံပြီးဆုံးကြောင်း ကြေငြာသံကို လူတစ်ယောက်က တားမြစ်လိုက်လေသည်။

"ဟင်"

လှည့်ကြည့်လေတော့ ချွန်းမြောင်ပင်။ ချွန်းမြောင် တောက်တောက်ပပပင် ပြုံးပြနေလေသည်။

"သူက အစောတုန်းက ပြိုင်ပြီးသား ကောင်လေးမို့လား"

"သူ့နာမည်က ချွန်းမြောင်ဆိုပဲ...သမိုင်းမှာ နာမည်ကြီးဖြစ်ခဲ့တဲ့တစ်ယောက်လို သူ့ဘာသူ မှည့်ထားတာတဲ့"

အကြီးအကဲဟွမ်အား လှမ်းကာတားမြစ်လိုက်သည့် ချွန်းမြောင်သည် လူများ၏ အာရုံစိုက်မှုကို အပြည့်အဝပင် ရရှိသွားလေသည်။

"ဘာကိစ္စရှိလို့ပါလဲ..ဂိုဏ်းသားငယ်လေး"

ချွန်းမြောင်က ပြုံးလျက်ပင် ပြောလာလေသည်။

"ကျွန်တော့်မှာ မေးစရာမေးခွန်းလေးရှိနေလို့ပါ...

အားလုံးလည်း ဒီနေရာမှာ ဖြစ်သွားတာတွေကို မြင်လိုက်ကြတာပဲလေ..

ပြီး‌တော့ သင့်တင့်တဲ့ အကဲခတ်မှုတွေလည်း လုပ်ပြီးသွားကြပြီလို့ ထင်တယ်"

"ဒါက ဘာကို ပြောချင်တာပါလဲ"

"ဘယ်သူ နိုင်သွားတာပါလဲ"

"ဟင်"

မည်သူနိုင်သနည်း...မည်သည့်ဂိုဏ်းက အနိုင်ရရှိသော ဂိုဏ်းဖြစ်သနည်း...

အကြီးအကဲဟွမ်၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားသည့်ပုံပင်။

ဒီကလေးက သရေပွဲနဲ့ အဆုံးမသတ်စေချင်တဲ့သဘောလား...

အကြီးအကဲဟွမ်သည်လည်း ချွန်းမြောင်၏ မေးခွန်းကို မည်သို့အဖြေပေးရမည်မသိ၍ ပွဲကြည့်ပရိတ်သတ်များဘက်သို့ လှည့်ကာ အပြုံးလေးနှင့် မေးလိုက်လေတော့သည်။

"ကြည့်ရှုလိုက်ကြတဲ့ လူတွေကရော အနိုင်အရှုံးကို ဘယ်လိုဆုံးဖြတ်ထားကြသလဲခင်ဗျာ"

အကြီးအကဲဟွမ်၏ မေးခွန်းကြောင့် ရှန်ရှီတစ်ခွင်မှ လူများက စုဝေးကာ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ဆွေးနွေးခန်း ထိုင်ကြလေတော့သည်။

"သရေပွဲ ပဲ ဖြစ်သင့်တာလေ.. ဒါပေမယ့် အနိုင်ရတဲ့သူတစ်ယောက်ကို ရွေးကိုရွေးရမယ်ဆိုရင်တော့ အဲ့တာက တောင်ဘက်အစွန်အဖျားဂိုဏ်းပဲ....သူတို့က ကျောင်းသားကြီးတွေကြီးပဲ နိုင်သွားကြတာလေ"

"အဓိပ္ပါယ်မရှိလိုက်တာ.. ဒီညီလာခံရဲ့ ရည်ရွယ်ချက်က ဘာလဲ...တတိယတန်းကလေးတွေဆိုတာကမှ ဂိုဏ်းတွေရဲ့ အနာဂတ်တွေ မဟုတ်ဘူးလား...မင်းလို ပြောကြေးဆို တတိယတန်းတပည့်တွေ အကုန်နိုင်သွားတဲ့ ဟွာဆန်းကပဲ အနိုင်ရတဲ့သူ ဖြစ်သင့်တာပေါ့"

"ဟ ..မင်း ဘယ်လိုပြောလိုက်တာတုန်း...အလားအလာက အလားအလာပဲ... လက်ရှိက လက်ရှိပဲလေ...

တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒုတိယတန်းကလေးတွေကလည်း အကုန်နိုင်ခဲ့တာပဲ မဟုတ်ဘူးလား...

သူတို့တွေကိုကျ မတွေးဘဲ ဟွာဆန်းကို အနိုင်ပေးမယ်ဆိုတာက ဖြစ်သင့်တဲ့ ကိစ္စမို့လို့လား"

"ပြီးတော့ မင်းတို့ တောင်ဘက်အစွန်အဖျားဂိုဏ်းက တတိယတန်းကလေးတွေရဲ့ အခြေအနေကိုလည်း ကြည့်လိုက်ဦး...အကုန်လုံးက ဟွာဆန်းက ကလေးတွေထက် ငယ်ကြတယ်.... ဒီနေ့ရှုံးတာက သူတို့အသက်ကွာနေလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့.."

"မင်းလိုပြောရင် ဟွာဆန်းရဲ့ ဒုတိယတန်းတပည့်တွေထဲက အကြီးဆုံးတပည့်ကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဒုတိယတန်းတပည့်တွေထဲက အငယ်ဆုံးထက်တောင် ငယ်သေးတယ်လေ..

သူတို့လည်း ငယ်လို့ရှုံးတာပဲလား"

"မဟုတ်တာ..ဒီလူကတော့"

ဆွေးနွေးပွဲတွင် အဖြေမရဘဲ အငြင်းပွားမှုများက ဆက်တိုက်ဖြစ်လာလေသည်။ လူတိုင်းတွင် အမြင်ကိုယ်စီ နှင့် ဆုံးဖြတ်ချက်များကလည်း တူညီမနေကြပေ။ ဆွေးနွေးပွဲကို နံဘေးမှနားထောင်နေသော အကြီးအကဲဟွမ်က ငြင်းခုံနေကြသောကုန်သည်များကို ကြည့်ကာ ချွန်းမြောင်အား ပြောလိုက်လေသည်။

"ဂိုဏ်းသားငယ်လေး...ဒါက သရေပွဲဆိုတော့ ဆုံးဖြတ်ရတာက ခက်နေတယ်...အနိုင်အရှုံး ခွဲတဲ့ပုံခြင်းက မတူကြဘူး ဖြစ်နေတယ်"

"ဟုတ်လား"

ချွန်းမြောင်က နှာခေါင်းရှုံရင်း ပြောလိုက်လေ၏။

"ဒါဆို ပရိတ်သတ်တွေလည်း ဝေခွဲမရ ဖြစ်နေတဲ့သဘောပေါ့..

ပြီးတော့ ကျွန်တော်ကလည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဒီလိုမတင်မကျအခြေအနေကြီးကို တကယ်သဘောမကျဘူး ဖြစ်နေတော့ တိတိကျကျအဖြေလေး ထွက်စေချင်နေတာ..."

"ဘာကိုပြောချင်တာပါလဲ..ဂိုဏ်းသားငယ်လေး"

"ရှင်းရှင်းလေးပါ"

ချွန်းမြောင်က တောင်ဘက်အစွန်အဖျားဂိုဏ်းဘက်ကို လက်ညိုးထိုးကာ ညွှန်ပြလိုက်လေသည်။

"အဲ့ဒီနိုင်သွားတဲ့ လူဆယ်ယောက်ကို ..."

တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ချွန်းမြောင်ပြောလာမည့်စကားကို နားစွင့်နေကြလေသည်။

"ဟွာဆန်းက နိုင်သွားတဲ့လူဆယ်ယောက်နဲ့ ပြန်ပြီး တိုက်ခိုက်ခိုင်းလိုက်..."

"ဟဲ့...ဘာလို့ ငါတို့က ပြန်တိုက်ရမှာတုန်း"

ချွန်းမြောင်၏ စကားများကို ကြားနေရသော ယွန်းဂျွန်က ထအော်လေတော့သည်။

ချွန်းမြောင်ကမူ အေးအေးလူလူမျက်နှာနှင့်ပင် နှစ်ဖက်လုံးကို ကြည့်လိုက်ပြီး ဆက်ကာပြောလေသည်။

"အဲ့လို တိုက်ခိုက်တာကပဲ ခုချိန်မှာဖြစ်နေတဲ့ အနိုင်အရှုံးပြဿနာကို ဖြေရှင်းလို့ ရနိုင်မှာပဲ..

ဒီလိုတိုက်လိုက်ရင် ရှင်းရှင်းလင်းလင်း အဖြေတစ်ခုထွက်လာမှာ မဟုတ်ဘူးလား"

အဲ့ကလေးက ရူးသွားတော့တာလား..

သူ ဘာတွေ လုပ်ချင်နေတာလဲ..

သူတို့က ဒုတိယတန်း တပည့်တွေ ၊ ငါတို့က တတိယတန်းကလေးတွေ ..သူတို့ကို ငါတို့ ဘယ်လိုယှဉ်နိုင်မှာလဲ..

အင်း...အကြောင်းမဲ့သက်သက်နဲ့တော့ ချွန်းမြောင်က ငါတို့ကို တမင်ရှုံးအောင်တော့ မလုပ်လောက်ဘူး..

သူ တစ်ခုခုစီစဉ်ထားတာများ ရှိနေတာလား...

ချွန်းမြောင်က အတွေးများနေကြသော သူ၏ဆရာတူအကိုကြီးများကိုကြည့်ကာ နောက်ထပ်အခြေအနေတစ်ခုကိုပါ ထပ်ပေါင်း ကြေငြာပေးလိုက်လေသည်။

"အဲ့လိုမဟုတ်ရင်လည်း"

အင်..ဟုတ်ပြီ ...

ဟွာဆန်းမှ တတိယတန်းကလေးများသည် ချွန်းမြောင်၏စကားကို ဆက်ကာနားထောင်ကြည့်လိုက်ကြလေ၏။

"တစ်ယောက်ချင်းရှုံးထွက် ပွဲ ပြိုင်ကြရအောင်...မရှုံးမချင်း နောက်ထပ်တက်လာတဲ့သူတွေနဲ့ တိုက်ခိုက်နေရမယ်..

ရှုံးတဲ့သူက ထွက်သွားရမယ်...နောက်ထပ်လူအသစ်နဲ့ အနိုင်ရထားတဲ့သူနဲ့ ဆက်ပြီး တိုက်ခိုက်မယ်...နောက်ဆုံးကွင်းထဲမှာ ကျန်နေခဲ့တဲ့သူက အနိုင်ရတဲ့သူပဲ...အဲ့လူကိုယ်စားပြုတဲ့ ဂိုဏ်းက အနိုင်ရတဲ့ဂိုဏ်းပဲ...ဘယ်လိုသဘောရလဲ"

ချွန်းမြောင်က တောင်ဘက်အစွန်အဖျားဂိုဏ်းကို ကြည့်ကာ ပြုံးပြုံးလေးနှင့်ပင် စိန်ခေါ်လိုက်ပြီး ထပ်ပြောလိုက်လေသည်။

"ဒါပေါ့..ဒီဘက်က လူတွေက ကြောက်တော့ကြောက်နေကြမှာပေါ့... နားလည်ပေးလို့ ရပါတယ်"

ဤသည်က ရှောင်ရှား၍ မဖြစ်တော့သော စိန်ခေါ်မှုတစ်ခုပင် ဖြစ်လာလေတော့သည်။

အပိုင်း (၁၀၄)

မင်း ဒီနေ့ကို ဘယ်တော့မှ မမေ့အောင် ငါလုပ်ပေးလိုက်မယ်(၄)

ဂျင်ဂွမ်ရုန် ချွန်းမြောင်အား ကြည့်နေရင်းမှပင် ခံပြင်းစိတ်ကြောင့် ကြက်သီးမွှေးညင်းများပင် ထလာသလို ခံစားရလာလေသည်။

သူက ဘာဖြစ်ချင်နေတာလဲ..

နောက်ထပ်တိုက်မယ် ..ဟုတ်လား..

တတိယတန်းတပည့်တွေနဲ့ ဒုတိယတန်းတပည့်တွေပြိုင်ကြမယ်ဟုတ်လား..

ရှင်ကျန်ရစ်သူက အနိုင်ဟုတ်လား..

ဒါက သူ့ကိုယ်သူ ရှင်ကျန်ရစ်မယ့်သူလို့ ထင်လို့ တမင်ပြောနေတာကြီး မဟုတ်ဘူးလား...

"ဒါက ဘယ်လိုတောင်..."

ဂျင်ဂွမ်ရုန် အံကိုတင်းတင်းကြိတ်လိုက်လေသည်။ တောင်ဘက်အစွန်အဖျားဂိုဏ်းကို နှိမ့်ချသည်က အတိုင်းအတာတစ်ခုအထိသာ ကောင်းပေလိမ့်မည်။ တောင်ဘက်အစွန်အဖျားဂိုဏ်း ဒုတိယတန်းတပည့်များ၏ အကြီးဆုံးအကိုကြီးအနေနှင့် ထိုကဲ့သို့သော စော်ကားမှုမျိုးကို နည်းနည်းလေးမှ လက်မခံနိုင်ပေ။

ဟွာဆန်းက လူများသည် သူတို့၏တတိယတန်းတပည့်များကို နိုင်လိုက်သည်နှင့် သူတို့ကိုပင် ယှဉ်နိုင်တော့မည်ဟု အထင်ရောက်လိုက်ခြင်းက သူတို့အား အထင်သေးရာ ကျလွန်းလှပေသည်။

ထိုကလေးများက မည်မျှပင် တော်နေစေကာမူ သမာနှင့်ဝါအရ သူတို့အား ယှဉ်နိုင်မည့် အခြေအနေမဟုတ်သေးပေ။ ကွာခြားမှုများကလည်း များပြားလွန်းပြီး နည်းပြနှင့်တပည့်အဆင့်တွင် ရှိကြသောသူများပင် ဖြစ်သည်မို့ ဒုတိယတန်းတပည့်များကို စိန်ခေါ်ရဲသည်အထိ မော်ကြွားထောင်လွှားနေသော ထိုကလေးကို ပညာပေးရန် ဆုံးဖြတ်လိုက်လေသည်။ သိုင်းသမားဖြစ်လာသည့်သက်တမ်းတစ်လျောက်တွင်လည်း အငယ်တန်းမှကလေးသည် အကြီးတန်းများကို စိန်ခေါ်သည်က တသက်နှင့်တကိုယ် မရှိခဲ့ဖူးသောကိစ္စဖြစ်လေသည်မို့ ဤသို့စိန်ခေါ်ခံရခြင်းသည် စော်ကားခံရခြင်းပင် ဖြစ်လေသည်။ ဤသည်က သက်သက် အရှက်ခွဲသည်ပင်။ အကြောင်းပြရပေဦးမည်။

"ဒီ ခွေးသားမျိုးမစစ်ကတော့"

ဂျင်ဂွမ်ရုန်က ထရန်ပြင်လိုက်စဉ်မှာပင် အကြီးအကဲဆောင်းက သူ့အား လှမ်းကာ ဆွဲထားလိုက်လေသည်။

"အကြီးအကဲ"

"စိတ်လျော့စမ်း"

"ဒါပေမယ့်,.."

အကြီးအကဲဆောင်း၏ မျက်နှာကလည်း ဒေါသကြောင့် ပုတ်သိုးနေလေ၏။

"ငါတို့က သူတို့နဲ့သရေကျကတည်းက အလိုလိုနေရင်း အရှက်ကွဲနေပြီးသား ...ဒါပေမယ့် ဒီစိန်ခေါ်တာကို ငြင်းလိုက်ရင်လည်း တခြားသူတွေက ငါတို့က ကြောက်လို့ ရှောင်တာလို့ ပြောကြလိမ့်မယ်"

အကြီးအကဲဆောင်း၏ စကားကြောင့် ဂျင်ဂွမ်ရုန်က နှုတ်ခမ်းကိုက်လိုက်လေ၏။

အကြီးအကဲဆောင်းပြောသည်က မှန်ပေသည်။ ဤစိန်ခေါ်မှုကို ငြင်းလိုက်ပါက တွေးပင် မတွေးနိုင်လောက်သော ကောလဟသများက ပြန့်နှံ့လာမည်ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဂုဏ်သိက္ခာက ကျဆင်းလိ့မ်မည် ဖြစ်လေသည်။ သို့သော်လည်း ဒုတိယတန်း နှင့် တတိယတန်းပြိုင်ရသည်ဆိုကလည်း ကလေးများအား တမင်ပင် အနိုင်ကျင့်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း ဝင့်ဝင့်ကြွားကြွား စိန်ခေါ်ရဲသော ထိုကလေးကိုတော့ အမှန်ပင် အသိဝင်အောင် ဆုံးမပေးရမည် ဖြစ်လေသည်။

အကြီးအကဲဆောင်း ခေါင်းထောင်ကာ ချွန်းမြောင်ကို ကြည့်လိုက်လေသည်။

" ချွန်းမြောင် ဟုတ်တယ်မို့လား"

"ဟုတ်ပါတယ်... ကြည့်ရတာ ကောင်းကောင်းမမှတ်မိနေတဲ့ပုံပဲ...ရပါတယ် အခုကစပြီး ကောင်းကောင်းကြီး မှတ်မိသွားတော့မှာ..."

"မင်းအကြံပေးတာကိုတော့ ငါကြားလိုက်ပါရယ့်..ဒါပေမယ် မင်းက ဟွာဆန်းရဲ့ ကိုယ်စားပြုအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်တော့ မင်းမှာ မရှိသေးဘူးထင်တယ်နော်...မင်းမှာ အဲ့လိုအခွင့်အရေးရှိလို့လား"

"ဒါဆိုလည်း ကျွန်တော်တို့ရဲ့ ဂိုဏ်းချုပ်ကို ကိုယ်တိုင်ပဲ မေးကြည့်လိုက်လေ..မေးရတာ ခက်တာမှ မဟုတ်တာ"

"မင်း.."

ဤကလေးသည်က အရွယ်ငယ်လေသလောက် အကြံတွေကြီးပင်။

"ငါက မင်းမှာ ပြိုင်ပွဲကို မင်းစီစဉ်ချင်သလို စီစဉ်လို့မရဘူးဆိုတာ ပြောပြတာလေ...အရာအားလုံးမှာ နေရာအဆင့်အတန်းဆိုတာ ရှိတယ်လေ...မင်းတို့ ဟွာဆန်းဂိုဏ်းမှာ ဒါတွေကို မသင်ကြားရဘူးလား"

ဤသည်က ဟွာဆန်း၏ဂိုဏ်းကိုပါ ထိပါးပြီး ပြောဆိုလိုက်ခြင်း ဖြစ်လေသည်။ ဂိုဏ်းက ဂိုဏ်းသားများအား လိုအပ်သောအရာများကို သင်ကြားပေးခြင်းမရှိဟု သွယ်ဝိုက်ပြောဆိုလိုက်ခြင်းလည်း ဖြစ်လေသည်။

"ကျွန်တော်က ဟွာဆန်းက အရာတော်တော်များများကို မသင်ရသေးဘူး..ဘာလို့လဲဆိုတော့ ဂိုဏ်းထဲရောက်တာ သိပ်မကြာသေးလို့ ...ပြီးတော့ အဲ့တာမျိုးတွေကို သင်ယူနေဖို့လည်း အချိန်မရှိဘူး...မိဘမဲ့ဆိုတော့ ဘဝတိုးတက်ဖို့ကိုပဲ တောက်လျောက်ရုန်းကန်နေရတာ ...ဆိုတော့ ကျွန်တော် ရိုင်းပျနေတာကို နားလည်ပေးလို့ ရမယ်ထင်ပါတယ်"

"ဟင့်"

ရုတ်တရက်ကြီး မိဘမရှိကြောင်းတွေ ပြောလို့ပါလား..

အဲ့တော့ ငါက ဘာဆက်ပြောရတော့မှာလဲ...

ဤကလေးအား ဆက်ကာ ချိုးနှိမ်ပြောဆိုနေပါက အကြီးအကဲဆောင်းသည် မိဘမဲ့ကလေးတစ်ယောက်ကိုပင် မညှာမတာ ပြောဆိုဆက်ဆံသည်ဟူသော သတင်းဆိုးကြီးက ထွက်လာဦးမည်ဖြစ်၍ အကြီးအကဲဆောင်း ပါးစပ်ပိတ်နေလိုက်ရလေသည်။

ချွန်းမြောင်က အကြီးအကဲဟွမ်ကို ကြည့်လိုက်လေပြီး အကြီးအကဲဆောင်း၏ ပါးစပ်ကို မေးသွားစေရန် အကွက်ထပ်ရွေ့လိုက်ပြန်လေသည်။

"ဘယ်လိုသဘောရလဲ"

"အဆင်တော့ ပြေပါတယ်..ဒါပေမယ့်"

"ဒီမှာက တောင်ဘက်အစွန်အဖျားဂိုဏ်းနဲ့ ဟွာဆန်းက လူတွေကြီးပဲ...ကျွန်တော်တို့ ကြားကျကျ အဆုံးအဖြတ်ပေးမယ့် သူမျိုး လိုလိမ့်မယ်"

ရှန်ရှီမှ ကုန်သည်များအနေနှင့်လည်း တောင်ဘက်အစွန်အဖျားဂိုဏ်းနှင့် အဆက်စပ်များသည့်လူများက ပို၍များလေသည်မို့ ကြားကျကျ ဆုံးဖြတ်ပေးနိုင်သည့်သူက မရှိသလောက် ဖြစ်နေလေသည်။ ထို့ကြောင့်ပင် အကြီးအကဲဟွမ်က နောက်ထပ်ယှဉ်ပြိုင်သင့်မပြိုင်သင့်ဟူသောအချက်ကို ကုန်သည်များအား ပြန်၍ မေးလိုက်ပြန်သည်။

"ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲဗျ"

"အင်း...ပြိုင်ပွဲက တရားတယ် မတရားတယ်ဆိုတာထက် ကျွန်တော်တို့ကတော့ ပြိုင်ပွဲတွေ များများကြည့်ရလေ သဘောကျလေပါပဲ"

"အမှန်တိုင်းပြောရရင်တော့ ဒုတိယတန်းကလေးကိုတောင် စိန်ခေါ်ရဲ့နေတဲ့ အဲ့ဒီတတိယတန်းကလေးတွေက အမှန်တကယ် ဘယ်လောက်ထိတော်နေလဲဆိုတာကိုတော့ သိချင်တယ်"

အကြီးအကဲဟွမ်က ကုန်သည်များ၏စကားကို နားထောင်ကို ခေါင်းကို တငြိမ့်ငြိမ့် လုပ်လိုက်လေသည်။

ပရိတ်သတ်များကမူ နောက်ထပ်ပြိုင်ပွဲအား စိတ်ဝင်တစားဖြစ်နေကြပြီ ဖြစ်လေသည်။ ဟွာဆန်းမှ တတိယတန်းကလေးများ၏ အမှန်တကယ် သိုင်းပညာအဆင့်ကို စိတ်ဝင်စားနေကြလေပြီး ဖြစ်လာနိုင်သည့် ပြိုင်ပွဲရလဒ်အခြေအနေများကိုလည်း သိချင်နေကြပြီ ဖြစ်လေသည်။

"ကျွန်တော်တို့တော့ ဆက်ပြီးပြိုင်ဖို့ကို သဘောတူပါတယ်..ဂိုဏ်းသားငယ်လေး"

အကြီးအကဲဟွမ်၏ ထောက်ခံစကားကြောင့် ချွန်းမြောင်က ခေါင်းငြိမ့်ပြလေသည်။

"ဆိုတော့ ပရိတ်သတ်တွေကတော့ သဘောတူလိုက်ပြီပေါ့...ဂိုဏ်းချုပ်ကြီးကရော ဘယ်လိုသဘောရလဲဗျ"

ဟွမ်းဂျွန် ချွန်းမြောင်ကို ဝေခွဲရခက်နေသောမျက်လုံးများနှင့် ကြည့်လာလေသည်။

"ဒီကလေးကတော့လေ...ဘာလုပ်နေပြန်တာတုန်း"

ဟွမ်းဂျွန် နံဘေးတွင်ရှိနေသော အန်းဂွန်အား အကူအညီတောင်းသကဲ့သို့ မေးလာလေသည်။

"သူ့ကို ခွင့်ပြုပေးလိုက်ပါ..ဂိုဏ်းချုပ်"

"ခွင့်ပြုရမယ် ဟုတ်လား.. မင်းကပါ ဒီအဓိပ္ပါယ်မရှိတဲ့ကိစ္စကို အားပေးအားမြောက်လုပ်နေတာလား"

"သူက ထက်မြက်တဲ့ကလေးတစ်ယောက်ပါ"

"..."

အန်းဂွန်က ဆက်ကာပြောလေသည်။

"ခွင့်ပြုလိုက်ဖို့ ပြောလိုက်လို့ နားလည်ရခက်ကောင်း ခက်နေပါလိမ့်မယ်...ဒါပေမယ့် ဒီကလေးက ရူးရူးနှမ်းနှမ်းနဲ့ အဓိပ္ပါယ်မရှိတဲ့ ကိစ္စကို မလုပ်ဘူးလို့တော့ ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်...သူ့ကိုလည်း အများကြီးစမ်းသပ်ခဲ့ဖူးပါတယ်...ဂိုဏ်းချုပ်လည်း သူ့ရဲ့အစွမ်းအစကို ယုံကြည်ပြီးလေးစားတယ်မို့လား"

"အင်း...ဟုတ်တာတော့ ဟုတ်ပါတယ်..ဒါပေမယ့်..."

ချွန်းမြောင်သည်က မည်သို့သောအစီအစဉ်များ ရှိနေသည်ကို သူတို့မသိပေ။ ချွန်းမြောင်ဆိုသည်က ဟွမ်းဂျွန်၏အမြင်တွင်မူ ကလေးမျက်နှာဖုံးစွပ်ထားသော အဖိုးကြီးပင်။ တကိုယ်လုံးအကြံတွေချည်းနှင့် ပြည့်နှက်နေသူလည်း ဖြစ်လေသည်မို့ ဆုံးဖြတ်ရလည်း ခက်နေလေသည်။

"ဒီကလေး ရုတ်တရက်ကြီး ထလုပ်တာက အလကားသက်သက် အရူးထပြီး လုပ်နေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး...သူ့မှာ လက်ရှိအခြေအနေအတွက် တခုခုစီစဉ်ထားတာ ရှိလို့ ဒီလိုလုပ်တာ သေချာပါတယ်...ကျေးဇူးပြု၍ ခွင့်ပြုပေးလိုက်ပါ...ကျွန်တော်လည်း ဖြစ်လာတာတွေကို တာဝန်ယူပါ့မယ်"

အန်းဂွန်ကမူ ချွန်းမြောင်အား အပြည့်အဝပင် ယုံကြည်နေသည့်အလား ပြောလေ၏။

"အခုမှ ရှုံးသွားရင်ရော ဘာဖြစ်မှာမို့လဲ...ကျွန်တော်တို့မှာ ထပ်ပြီးရှုံးစရာ ဘာမှ မရှိတော့ပါဘူး..

အရှုံးအားလုံးကိုလည်း ကြုံဖူးခဲ့ပြီးပြီလေ"

ဟွမ်းဂျွန် သက်ပြင်းရှည်ကြီးကိုချလိုက်ကာ ယုံကြည်ချက်အပြည့်နှင့် ပြောနေသော အန်းဂွန်ကို ကြည့်လိုက်လေသည်။ အခြားသောအကြီးအကဲများကလည်း အန်းဂွန်၏ စကားကို ထောက်ခံနေကြသည့်အလား ခေါင်းတငြိမ့်ငြိမ့်နှင့်ပင်။

ဆိုတော့ အန်းဂွန်က ဒီကလေးမှာ စီစဉ်ထားတာရှိလို့ ဒီလိုတမင်လုပ်နေတာလို့ ပြောချင်တာပေါ့...

ဒီကလေးရဲ့ အစီအစဉ်က ဘာဖြစ်လောက်မလဲ...

သူ၏စိတ်ထဲတွင်လည်း ဤကလေးအား ယုံကြည်ကာ လုပ်လိုက်၍ အရှုံးမရှိနိုင်ဟူသော ခံစားချက်တို့က ရနေသည်မို့ ခွင့်ပြုရန် ဆုံးဖြတ်လိုက်လေသည်။ ကလေးတစ်ယောက်အား ဤမျှ ယုံကြည်နေသော သူ့ကိုယ်သူလည်း အံဩမိလေသည်။

ဟွမ်းဂျွန်က စိတ်ပိုင်းဖြတ်လိုက်ပြီ ဖြစ်၍ အသံကျယ်ကြီးနှင့် ကျယ်လောင်စွာ‌ ပြောလိုက်လေသည်။

"ဟွာဆန်းဂိုဏ်းက သဘောတူပါတယ်"

ဟွမ်းဂျွန်၏ ကြေငြာသံကြောင့် ချီးကျူးသံများက ထွက်လာလေသည်။

"ဒီလိုဆိုရင်တော့ တောင်ဘက်အစွန်အဖျားဂိုဏ်းကလည်း နောက်ဆုတ်နေစရာ အကြောင်းမရှိတော့ဘူးပေါ့နော်"

"ဒီနေ့ကတော့ တကယ့်နေ့ပဲဟေ့...ငါ မြင်ခဲ့တွေ့ခဲ့ရတာတွေကိုတော့ သေချာပေါက်ကို ပြန်ပြောရမယ့် တာဝန်ရှိသွားပြီ...ဒီလိုမျိုး ပွဲကြီးပွဲကောင်းကို တွေ့ရမယ်လို့ မထင်ထားဘူး"

"ဟွာဆန်းကတော့ ဟွာဆန်းပါပဲ...အလှည့်အပြောင်းတွေ အများဆုံးကြုံခဲ့ရတဲ့ဂိုဏ်းလို့ ပြောကြတာကတော့ မဆန်းတော့ပါဘူး...ဘဝအတက်အကျတွေ အများကြီးကြုံခဲ့ရပြီးပြီဆိုတော့ သူတို့မှာ နောက်ဆုတ်မယ်ဆိုတာ မရှိတော့ဘူး ထင်တယ်"

အကြီးအကဲဟွမ်ကမူ ကုန်သည်များ၏ အပြောင်းအလဲမြန်မှုကြီးကြောင့် မချိပြုံးကြီးသာ ပြုံးလိုက်လေသည်။

ဒီမျိုးမစစ်တွေကတော့...

ကုန်သည်ဆိုတဲ့အတိုင်း လေသာရာကို ချက်ချင်းကူးတဲ့အမျိုးတွေ...

အခုတော့ ဟွာဆန်းကို မျက်စိကျနေကြပြီပေါ့လေ...

"ဒါဆို အခုက တောင်ဘက်အစွန်အဖျားဂိုဏ်းက ဘယ်လိုလုပ်မှာလဲဗျ"

အကြီးအကဲဟွမ်းအနေနှင့်မူ ဤစိန်ခေါ်မှုကို လက်မခံသင့်ဟု ခံစားရလေသည်။ ဤသည်က ဘွာမခတ်သင့်သော ပြိုင်ပွဲဆိုသော်လည်း စိန်ခေါ်တိုင်း မပြိုင်သင့်ဟု ထင်လေသည်။ သို့သော်လည်း သူသည်က တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အကြီးအကဲမဟုတ်ပေ။ အကြီးအကဲဆောင်းက မည်သို့ဆုံးဖြတ်မည်ဆိုသည်ကိုတော့ သူသည်လည်း ကြည့်ရပေဦးမည်။

အကြီးအကဲဆောင်းကမူ အတွေးများနေရပြီဖြစ်လေသည်။

ငါ လက်ခံလိုက်ရမလား...

ဒါက ထောင်ချောက်ဆိုရင် ဘယ်လိုလုပ်ရမလဲ...

ဒါပေမယ့်လည်း ဒီလိုစိန်ခေါ်နေတာကြီးကို လက်မခံရင် ငါတို့ဂိုဏ်းကို တခြားသူတွေက အထင်သေးသွားကြရင်ရော...

အဆုံးသတ်တွင်မူ ပြတ်သားသော ဆုံးဖြတ်ချက်ထွက်လာလေသည်။

"ကျွန်တော်တို့ သဘောတူပါတယ်"

အကြီးအကဲဆောင်း၏ အဖြေကြောင့် အကြီးအကဲဟွမ် အံ့အားသင့်သွားလေသည်။

သိုင်းပညာရှင်များ၏ အတွေးကို သူမခန့်မှန်းတတ်တော့ပေ။

အကျိုးမရှိ မာနထားသည်ဟုသာ မြင်လေသည်။

ယွန်းဂျွန်ကမူ လုပ်ချင်ရာလုပ်နေသော ချွန်းမြောင်ကြောင့် ချွန်းမြောင်အား အတင်းပင် ဆွဲလာကာ ပြောလာလေတော့သည်။

"မင်း ဘယ်လိုဖြစ်နေတာလဲ"

ချွန်းမြောင်ကမူ သူ့အား အတင်းဇွတ် ဆွဲခေါ်လာသော ယွန်းဂျွန်နောက်သို့ ပါလာလေပြီး ယွန်းဂျွန်က သူ့အား ထောင့်တစ်နေရာသို့ ဆွဲခေါ်လာကာ မေးနေလေတော့သည်။

"ကလေးစုတ်..မင်း ဘာတွေလုပ်ဖို့ ကြံစည်နေပြန်ပြီလဲ"

"ဟမ်..ဘာကိုလဲ"

"ငါတို့က ဘယ်လိုလုပ် ဒုတိယတန်းတပည့်တွေကို ယှဉ်ပြီးတိုက်နိုင်မှာလဲ... သူတို့အကုန်လုံးက

တောင်ဘက်အစွန်အဖျားဂိုဏ်းက ဒုတိယတန်းတပည့်တွေနော်...တစ်ယောက်ဆိုရင် ရှန်ရှီတစ်ခွင်မှာ အတော်ဆုံးလူ ဂျင်ဂွမ်ရုန် ...အဲ့တာရော သိရဲ့လား"

"ဟမ်...တကယ်ကြီးလေ"

"မင်း သူတို့ကို နိုင်မယ်လို့ ထင်နေတာလား...မင်းပဲ ငါတို့ ဒီထက်ပိုပြီး သန်မာဖို့ လိုသေးတယ်ဆို...

ငါတို့ သူတို့ကို အခုလိုပုံနဲ့ ယှဉ်နိုင်လောက်ပြီလို့ တကယ်ကြီးထင်နေတာလား..အရူးကောင်ရဲ့"

"ဆရာတူအကိုကြီး"

"ဘာလဲ"

"လူတွေမှာ အသိစိတ်မရှိဘူးလို့ အကိုကြီးထင်နေတာလား"

"..."

"ကျွန်တော်က ဟွာဆန်းကို ကယ်တင်နေတာပါ...ထိုးချနေတာ မဟုတ်ဘူး...ပြီးတော့ သူတို့က သူတို့ထက် ပိုပြီးနှာတစ်ဖျားသာတော့မယ်သူတွေနဲ့ တိုက်ခိုက်ရမယ်..အကိုကြီး တကယ်ပဲ မနိုင်လောက်ဘူး ထင်လို့လား"

"အဲ့လိုတော့ မဟုတ်ပါဘူး...ငါ မေးကြည့်ရုံတင်ပါ"

ယွန်းဂျွန်သည် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများနှင့် ယှဉ်ရမည်ကို ကြောက်ရွံနေသော်လည်း တဖက်တွင်မူ အနိုင်ရနိုင်မည်လား ဟူသော မျှော်လင့်ချက်လေးကလည်း ရှိနေလေသေးသည်။

"အိမ်မက်တောင် မမက်နဲ့...အကိုကြီး ယုံကြည်လည်း မနိုင်ဘူး..သေချာပေါက်ရှုံးမှာ"

အထူးသဖြင့် တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ဂျင်ဂွမ်ရုန်ပင် ဖြစ်လေသည်။

အခြားသော တပည့်များနှင့်က ယှဉ်ပြိုင်လိုလျှင် အနည်းငယ်ဖြစ်နိုင်သေးသော်လည်း ဂျင်ဂွမ်ရုန်၏ အစွမ်းအစကမူ သာမန်မဟုတ်ပေ။အကယ်၍ ဂျင်ဂွမ်ရုန်နှင့်သာ ထိပ်တိုက်တွေ့ရပါက တတိယတန်းကလေးများသည် အရှုံးပေးလိုက်ရုံမှအပ လုပ်နိုင်မည့်အရာက ရှိလာမည် မဟုတ်ပေ။

"ဒါ..ဒါဆို မင်းက ဘယ်လိုလုပ်ဖို့ တွေးထားတာလဲ"

ချွန်းမြောင်က ပါးစပ်ကိုအုပ်ကာ တခစ်ခစ်ရယ်လိုက်ပြီးမှ ပြောလာလေသည်။

"ရိုးရိုးလေးပဲလေ"

"လူလှည့်တိုက်ခိုက်ခြင်း"

အကြီးအကဲဆောင်းက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"သူတို့ အကြံအစည်က သိသာပါတယ်...လူလှည့်ပြီး တိုက်ဖို့ သူတို့က အစီအစဉ်ချထားပြီးသား ..

ရှေ့ပွဲတွေမှာ ဘယ်လောက်နိုင်နိုင် နောက်ဆုံးမှာ ရှင်ကျန်ရစ်တဲ့သူက အနိုင်ဆိုတော့ သူတို့က သေချာပေါက် အင်အားအကောင်းဆုံးကလေးကို နောက်ဆုံးမှာ ထားမှာပဲ... တကယ်လို့ ငါတို့က ဂျင်ဂွမ်ရုန်ကို လွတ်လိုက်တယ် ဆိုပါစို့....နိုင်နေသရွေ့ ကွင်းထဲကထွက်ပြီး လူလဲလို့ရမှာမဟုတ်ဘူးဆိုတော့ သူက ရှေ့မှာကိုးယောက်ကို တိုက်ရပြီးပြီမို့ နောက်ဆုံးပွဲစဉ်မှာ ပင်ပန်းနေလောက်ပြီ.....အဲ့ဒီအချိန်ကျမှ သူတို့က တကယ်တိုက်နိုင်တဲ့သူကို လွတ်ပြီး ပင်ပန်းနေတဲ့ ဂျင်ဂွမ်ရုန်ကို အနိုင်ယူဖို့ ကြိုးစားလိမ့်မယ်"

အကြီးအကဲဆောင်းက ချွန်းမြောင်၏အကြံအစည်ကို ရိပ်မိသွားလေသည်။

"ကြည့်ရတာ သူတို့က ဂျင်ဂွမ်ရုန်က ရှေ့ဆုံးက ဦးဆောင်မယ်လို့ တွေးထားပြီး ဒီလိုစီစဉ်ထားပုံရတယ်"

ဂျင်ဂွမ်ရုန်သည် ကျန်သည့် တပည့်ကိုးယောက်အား နိုင်မည်သေချာသော်လည်း နောက်ဆုံးမှလာမည့် ချွန်းမြောင်ကိုမူ ပင်ပန်းနေပြီဖြစ်သောကြောင့် အနိုင်ရရန် မသေချာဟု အကြီးအကဲဆောင်း ထင်လေသည်။

ကိုးပွဲရှုံး တစ်ပွဲနိုင်ဆိုလျှင်ပင် ပွဲအဆုံးသတ်တွင် နိုင်သည့်သူက အနိုင်ရသူဖြစ်ပေလိမ့်မည်မို့ ဂျင်ဂွမ်ရုန်ကို ဦးစွာပထမမလွတ်သင့်ဟု သူထင်လေသည်။

အကြီးအကဲဆောင်း ဒေါသထွက်စွာ တောက် ခေါက်လိုက်လေသည်။

"ဒီရွံစရာ ခွေးသားကတော့"

အကြီးအကဲဆောင်းက ဂျင်ဂွမ်ရုန်ကိုကြည့်ကာ မှာကြားလိုက်လေ၏။

"မင်း ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်နော်"

ဂျင်ဂွမ်ရုန်ခေါင်းငြိမ့်ပြကာ ပြောလာလေသည်။

"ရှုံးပွဲမရှိရဘူး..ဆယ်ယောက်မကလို့ အယောက်နှစ်ဆယ်ပဲ ဖြစ်နေပါစေ မရှုံးရဘူး..

အကြီးအကဲဖြစ်စေချင်တဲ့အတိုင်း ကျွန်တော် ဆောင်ရွက်ခဲ့ပါ့မယ်"

"မဟုတ်ဘူး"

"ဟင်"

အကြီးအကဲဆောင်းက ခေါင်းကို ခါကာ ပြောလာလေသည်။

"သူတို့ရဲ့ ထောင်ချောက်ထဲကို မင်းဆင်းစရာမလိုဘူး"

အကြီးအကဲဆောင်း၏စကားကြောင့် ဂျင်ဂွမ်ရုန် ဇဝေဇဝါဖြစ်သွားလေသည်။

"ဒါပေမယ့် "

"ရန်သူရဲ့ ထောင်ချောက်ကို သိသိရက်နဲ့ တမင်ခုန်ဆင်းလို့ ဘာအကျိုးထူးမှာလဲ..

တတိယတန်းကလေးတစ်ယောက်ရဲ့ လှည့်စားတာကိုတောင် ခံရတယ်ဆိုပြီး လူတွေက မင်းကို ဝိုင်းလှောင်ကြမှာပေါ့"

ဂျင်ဂွမ်ရုန် ခံပြင်းစိတ်ကြောင့် နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

အကြီးအကဲဆောင်းပြောသည်ကလည်း သဘာဝကျပေသည်မို့ သူအထွန့်မတက်တော့ပေ။

"မင်း နောက်ဆုံးမှ သွားရမယ်"

"ဟုတ်ကဲ့..ကျွန်တော် နားလည်ပါပြီ"

"ပထမဆုံးလူက..."

အကြီးအကဲဆောင်းက ခေါင်းကို လှည့်ကာ ဒုတိယတန်းကလေးများကို ကြည့်လိုက်ပြီး လူရွေးလေ၏။

"မင်းသွား..ယုဘတ်ခ်"

"ဟုတ်ကဲ့ပါ..အကြီးအကဲ...အကြီးအကဲ စိတ်မပျက်စေရပါဘူး"

"မင်း ဒီပွဲမှာ မနိုင်ခဲ့ရင်တောင် အဆင်ပြေတယ်...မထွက်ရခင်အထိ တတ်နိုင်သလောက်သာ အကောင်းဆုံးကြိုးစားခဲ့...မင်း ပင်ပန်းလာပြီဆိုရင် အေးအေးဆေးဆေးပဲ အရှုံးပေးပြီး လူလဲပြီး ပြန်လာခဲ့...

ဘယ်တော့မှ သူတို့ကြောင့် ရှုံးသာမဖြစ်စေနဲ့ ကြားလား....ပြောတာကို နားလည်တယ်မို့လား"

"ဟုတ်ကဲ့"

အကြီးအကဲဆောင်းက ခေါင်းငြိမ့်ပြလိုက်လေသည်။

ယုဘတ်က ကလေးများအားလုံးကို တခါတည်းအနိုင်ရခဲ့လျှင်မူ အကောင်းဆုံးပင် ဖြစ်လေသည်။ သို့သော်လည်း မမျှော်လင့်ထားသောအခြေအနေများက ရှိလာနိုင်သေးသည်မို့ အရံပို့ရမည့် ဂိုဏ်းသားနှစ်ယောက်သုံးယောက်ခန့်ကိုလည်း ရွေးထားလိုက်လေသည်။

"ပြီးတော့ ဂျွန်ဆိုဟန်ရော...ဂျင်ဂွမ်ရုန်ပြီးရင် အတော်ဆုံးတစ်ယောက်ပဲ...

ပြီးတော့ လီဆုန်ဘတ်ရော...သူကလည်း အသန်မာဆုံးတပည့်တစ်ယောက်ပဲ"

"ဟင်"

အကြီးအကဲဆောင်းက လူရွေးနေစဉ်မှာပင် ကွင်းလယ်မှ လေချွန်သံသဲ့သဲ့ ကြားသည်မို့ ခေါင်းလှည့်ကာ ကြည့်လိုက်လေသည်။

"ဘာ..ဘာလဲဟ"

အကြီးအကဲဆောင်းမြင်လိုက်သည်က ဓါးကို ပုခုံးပေါ်တွင် ထမ်းတင်ကာ ကွင်းလယ်သို့ ဝင်လာသော ချွန်းမြောင်ပင် ဖြစ်လေသည်။

"အစီအစဉ် ဟုတ်လား....ဘာအစီအစဉ်လဲ..

မြန်မြန်လာပြီးသာ တိုက်လိုက်စမ်းပါ...ငါက အစီအစဉ်ပဲ..ကျန်တာ ဘာမှ ရှိမနေဘူး"

ချွန်းမြောင်က ခေါင်းကိုငုံ့ကာ ပြုံးလိုက်လေပြီး ပြောလိုက်လေသည်။

"မင်းတို့အားလုံး ဒီနေ့ကို မေ့လို့မရအောင် ငါလုပ်ပေးလိုက်မယ်...တောင်ဘက်ဂိုဏ်းက ကောင်တွေ"

ဤစကားသည်က စိန်ခေါ်စကားလည်း ဖြစ်သကဲ့သို့ အတိအလင်း ကြေငြာစကားလည်း ဖြစ်ပေသည်။

အပိုင်း(၁၀၅)

မင်း ဒီနေ့ကို ဘယ်တော့မှ မမေ့အောင် ငါလုပ်ပေးလိုက်မယ်(၅)

လူတိုင်း၏ အာရုံစိုက်ရာက ချွန်းမြောင် ဖြစ်သွားလေသည်။ ပြိုင်ပွဲအနေအထားအရ ချွန်းမြောင်သည် ဦးစွာပထမထွက်လာမည့်သူ မဟုတ်ဟုလည်း အားလုံးက ခန့်မှန်းထားကြသည်ဖြစ်ပြီး ဦးစွာထွက်လာသောချွန်းမြောင်ကြောင့် အံ့အားသင့်သွားကြသည်လည်း ပါ၏။

သိုင်းပညာအား တစိုးတစိမျှပင် နားမလည်သောသူသည်ပင် ချွန်းမြောင်သည် ဟွာဆန်း၏တတိယတန်းဂိုဏ်းသားများထဲတွင် အထူးချွန်ဆုံးသောသူဖြစ်သည်ကို သိလေသည်။ သို့ဖြစ်၍ အနိုင်ရစေရန်ကာမူ နောက်ဆုံးမှ ထွက်လာမည့်သူဟူ၍လည်း ခန့်မှန်းထားကြလေသည်။

သူက ဘယ်လိုစီစဉ်ထားတာပါလိမ့်...

တောင်ဘက်အစွန်အဖျားဂိုဏ်းက လူတွေနဲ့ အရင်ဆုံးတိုက်မှာက သူလားဟ...

ပြိုင်ပွဲအနေအထားအား ကြိုတင်ခန့်မှန်းနေကြသူများကလည်း ခန့်မှန်းထားသည်နှင့်မကိုက်ညီစွာ ထွက်ပေါ်လာသည့် ချွန်းမြောင်ကြောင့် ဗျာများသွားကြလေ၏။ ဟွမ်းဂျွန်နှင့် အန်းဂွန်သည်ပင် နားမလည်နိုင် မယုံကြည်နိုင် ဖြစ်နေလေပြီး အကြီးအကဲဟွမ်နှင့် ယွန်းဂျွန်သည်လည်း အလားတူပင် ဖြစ်လေသည်။

"အကိုကြီး..ကျွန်တော်တို့ သူ့ကို အခုပဲ တားလိုက်ကြမလား... ကျွန်တော် အရင်ဆုံးထွက်လိုက်ပါ့မယ်...ပြီးရင်.."

"ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ မင်းလည်း သိတယ်မို့လား"

သူ့အား ချဉ်းကပ်လာ တီးတိုးပြောဆိုလာသောကလေးများကြောင့် ယွန်းဂျွန်က နဖူးကြောကြီးပင် ရှုံ့နေလေ၏။

"ငါတို့ သူ့ကို ဘယ်လိုတားဆီးမှာလဲ...သူက သူစိတ်ကြိုက် လုပ်ပြီး ထွက်သွားတာလေ...."

တတိယတန်းတပည့်များအားလုံးက ချွန်းမြောင်၏နောက်ကျောကို ကြည့်ကာ သက်ပြင်းကိုယ်စီသာချလိုက်ကြလေသည်။ ချွန်းမြောင်ကမူ သူတို့အား တချက်ပင်လှည့်မကြည့်ပေ။ တောင်ဘက်အစွန်အဖျားဂိုဏ်းကိုသာ အာရုံရနေပုံပေါ်လေသည်။

သမိုင်းမှာ အကျော်ကြားဆုံးဓါးသမားက သူ့အသက် ဆယ့်ငါးနှစ်မှာ လက်တစ်ဖက်တည်းနဲ့တင် ဂိုဏ်းတစ်ဂိုဏ်းလုံးကို အနိုင်ယူခဲ့တယ်ဆိုတာကို ဒီခေတ်ကလေးတွေ သိကြရဲ့လား မသိဘူး..

ဗုဒ္ဓကလည်း အသက်ဆယ့်ရှစ်နှစ်မှာ ဉာဏ်အလင်းပွင့်တော်မူတယ်ဆိုပြီး ပြောခဲ့တာကို သူတို့ သိကြရဲ့လား မသိဘူး...

ယနေ့ခေတ်ကလေးများက ခေတ်အလီလီပြောင်းလဲသွား၍ ထိုပုံပြင်များကို သိဟန်မတူတော့သော်လည်း ချွန်းမြောင်ကမူ ထိုအဖြစ်အပျက်များကို ဖန်တရာတေ ကြားဖူးခဲ့ပြီး ဖြစ်လေသည်။ ဤသည်များက စိတ်ကို လှုံဆော်ပေးသော အကောင်းဆုံးအရာများပင်။

ချွန်းမြောင်တို့ခေတ်များတွင်က ဆရာကြီးများသည် ငယ်စဉ်အရွယ်ကပင် အများသူငါ မလုပ်နိုင်သောအရာများကို လုပ်ဆောင်ကာ မိမိကိုယ်ကို တည်ဆောက်ခဲ့ကြသည်ဖြစ်ပြီး လူအများ၏ စံနမူနာဖြစ်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်လေသည်။ ထိုသို့သောလူများသည် အပိုမပြော ...အလုပ်နှင့်သာ လောကကြီးအား သက်သေပြခဲ့ကြသော လူများလည်း ဖြစ်လေပြီး လူတိုင်းက သူတို့၏စွမ်းရည်သတ္တိကို တဖွဖွပြောနေအောင်ပင် လွှမ်းမိုးနိုင်ခဲ့ကြသူများလည်း ဖြစ်လေသည်။

သိုင်းပညာလောကတွင်လည်း အတူတူပင်။

ဟွာဆန်းဂိုဏ်းကြီး မည်မျှပင် ပြောင်းလဲလာစေကာမူ သိသိသာသာ ချီးကျူးစရာအရာ ထင်းထွက်ကာ ရှိမနေလျှင် လူများက အာရုံရောက်ကြလိမ့်မည် မဟုတ်ပေ။ ဟွာဆန်း၏ အရည်အချင်းကို ဖော်ပြကာ သိသိသာသာ ထင်းထွက်နေသည့်အရာရှိမှသာလျှင် ဟွာဆန်းဂိုဏ်းအား လူအပေါင်းက အာရုံစိုက်လာလေပြီး ဂိုဏ်း၏ အမည်နှင့်သိက္ခာကလည်း ပြန်လည်ရှင်သန်လာမည် ဖြစ်လေသည်။

ယနေ့တွင်မူ ချွန်းမြောင်သည် မမေ့နိုင်ဖွယ်ရာ သမိုင်းဝင်အဖြစ်အပျက်တစ်ခုကို ဖန်တီးကာ ဟွာဆန်းအား လူများပါးစပ်ဖျားတွင် ပြောစမှတ်တွင်လာစေတော့မည်ဖြစ်သည်။

ဂိုဏ်းတစ်ခုအား သိသိသာသာ ထင်ရှားလာစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းက နှစ်မျိုးသာ ရှိလေသည်။

နံပါတ်တစ် နည်းလမ်းသည် မည်သူမှ မျက်နှာမလွဲနိုင်ဖွယ်ရာ အောင်မြင်မှုနှင့် ဂိုဏ်းကိုတည်ဆောက်သည့် နည်းလမ်းဖြစ်ပြီး နံပါတ်နှစ် နည်းလမ်းကမူ ဂိုဏ်း၏အင်အားကို သက်သေပြသည့် နည်းလမ်းပင် ဖြစ်လေသည်။

အင်အားအကြီးမားဆုံး ဂိုဏ်းဆိုသည့်အချက်ကလည်း ကောင်းမွန်လှသောအချက်ဖြစ်လေပြီး

အတော်ဆုံးသော ဓါးသမားဆိုသည့် ဂုဏ်ပုဒ်ကလည်း မျက်နှာမလွဲနိုင်စရာပင် ဖြစ်လေသည်။ အမှန်ပင် မက်လောက်စရာပင်။ အကောင်းဆုံးသောနည်းလမ်းကမူ ဂိုဏ်းသားများကိုပါ မြှင့်တင်ပေးနိုင်မည့် ငွေကြယ်ပွင့် ပါရမီရှင်လေး ဂိုဏ်းတွင် ရှိနေခြင်းပင်။

လူငယ်များကသာ အနာဂတ်၏ ပဲ့ကိုင်ရှင်များဖြစ်သည့်အတွက်ကြောင့် ဂိုဏ်းတစ်ဂိုဏ်းတွင် ပါရမီရှင်များရှိလာသည့်အခါတွင်မူ ထိုကလေးများကို နဂါးနှင့် ကျားများအဖြစ် တင်စားနှိုင်းယှဉ်တတ်ကြလေသည်။ ထို့အပြင် အခြားသူများထက်လည်း ပစားပေးကာ ဆက်ဆံတတ်ကြပြီး ပြိုင်ပွဲများတွင်လည်း ပွဲထုတ်ခြင်းဖြင့် ဂိုဏ်း၏ အမည်နာမကို တည်ဆောက်လေ့ရှိကြပေသည်။ ဤသည်က ဂိုဏ်းအဆက်ဆက် သယ်ဆောင်လာကြသော ထုံးစံပင် ဖြစ်လေပြီး ယနေ့အထိလည်း လုပ်ဆောင်နေကြဆဲပင် ဖြစ်လေသည်။

ဟွာဆန်း၏ တတိယတန်းတပည့်များသည် တောင်ဘက်အစွန်အဖျားဂိုဏ်း၏ တပည့်များကို အနိုင်ယူခဲ့ပြီးဖြစ်လေသည်။ ဤသည်က ပျော်ရွှင်ဖွယ်ရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်ပြီး တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့်များကို အနိုင်ယူမည်လားဆိုသည်ကတော့ အတွေးများစေသော ဖြစ်ရပ်ပင် ဖြစ်လေတော့သည်။ အကယ်၍ တတိယတန်းတပည့်သည် ဒုတိယတန်းတပည့်များကို အနိုင်ယူနိုင်ခဲ့သည်ဆိုပါက ပြောစမှတ်တွင်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်လာပေလိမ့်မည်.။

ထို့အပြင် ဟွာဆန်းဂိုဏ်း၏ တတိယတန်းတပည့်တစ်ဦးတည်းကသာ တောင်ဘက်အစွန်အဖျားဂိုဏ်း၏ ဒုတိယတန်းတပည့်များအားလုံးကို အနိုင်ယူလိုက်ပြီ ဆိုပါက ထိုသတင်းကမူ လောကတခွင်ကိုပင် တုန်လှုပ်စေသော သတင်းတစ်ပုဒ်ဖြစ်သွားပေတော့မည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းတွင်လည်း မျိုးဆက်တစ်လျောက်လုံး အရှက်ရဖွယ်ရာ ကိစ္စကြီး ဖြစ်သွားတော့မည်ဖြစ်ပြီး ထိုအတိတ်ဆိုးအား တသက်တာသယ်ဆောင်သွားရတော့မည် ဖြစ်လေသည်။

ချွန်းမြောင် ပြုံးလိုက်လေသည်။

မင်းတို့တွေက ဟွာဆန်းဂိုဏ်းကို ဘာကြောင့်များ ထိပါးရဲခဲ့ရတာလဲ..

မင်းတို့တွေ ဟွာဆန်းကို ထိပါးချင်ရင် ငါအသက်ရှင်မနေမှပဲ ရမယ်...

"ကဲ...ပျော်စရာကောင်းတာလေးတွေ လုပ်လိုက်ကြရအောင်"

ချွန်းမြောင်က ဓါးကိုမြောက်ကာပြောလိုက်သည်နှင့် ယုဘတ်က ခပ်လှမ်းလှမ်းတွင် ရပ်နေရာမှ တိုးလာကာ ပြောလေသည်။

"မင်းရဲ့ ယုံကြည်ချက်ပြင်းထန်တာကတော့ နှစ်ယောက်မရှိပါလား..ဒါပေမယ့်လည်း အရည်အချင်းမရှိဘဲ ဘဝင်ခိုက်နေတာက အလကားဆိုတာ ငါမင်းကို သက်သေပြပေးပါမယ်"

"ဖွီး..."

ချွန်းမြောင်က ရယ်ချင်သည်ကို ထိန်းထားဟန်သာ လုပ်လိုက်ပြီး တုံ့ပြန်မပြောတော့ပေ။ ထိုအစား ဓါးကိုသာ မြှောက်လိုက်လေသည်။ ပုံမှန်အားဖြင့် ဆိုလျှင်မူ စကားနိုင်လုမည်မှန်သော်လည်း ယခုတွင်မူ ထိုသို့ ပြန်ပြောချင်စိတ် ရှိမနေပေ။ ထိုအစားသူက ဟွာဆန်းဂိုဏ်းမှ တတိယတန်းတပည့်များကိုသာ ကြည့်နေလေသည်။

"ဆရာတူအကိုကြီး"

"ပြိုင်ပွဲကိုပဲ အာရုံစိုက်ထားစမ်း.."

"ကျွန်တော်ပြောထားတာကို မှတ်ထားနော်...တစ်ခုမှ မလွတ်စေနဲ့ဆိုတာကို"

"ဟင်"

လက်တွေ့တိုက်ပွဲများတွင် တိုက်ခိုက်သည်က မြင်ရန်ရှားပါးလှသည်မို့ ချွန်းမြောင် အထူးတလည်မှာကြားနေခြင်း ဖြစ်လေသည်။ မည်မျှပင် လေ့ကျင့်စေကာမူ လေ့ကျင့်ရသည်နှင့် အမှန်တကယ် တိုက်ခိုက်ရသည်က လားလားမှ မတူပေ။

ချွန်းမြောင် က ယုဘတ်ကို ကြည့်ကာ မေးလိုက်လေသည်။

"ဟွာဆန်းရဲ့ တတိယတန်းတပည့် ချွန်းမြောင်က ပြိုင်ပွဲအတွက် စိန်ခေါ်ပါတယ်"

ယုဘတ်ကမူ ကြီးကြီးကျယ်ကျယ် စိန်ခေါ်နေသောချွန်းမြောင်ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး ပြန်ပြောလေသည်။

"တောင်ဘက်အစွန်အဖျားဂိုဏ်းရဲ့ ဒုတိယတန်းတပည့် ယုဘတ်က စိန်ခေါ်မှုကို လက်ခံပါတယ်"

တတိယတန်းတပည့်များကမူ အပြည့်အဝပင် အာရုံစိုက်ကာ ပြိုင်ပွဲအား ကြည့်ရှုနေလေသည်။

ဒီတခေါက် ပုံမှန်သူနဲ့ မတူသလိုပဲ..

ဟုတ်ပေသည် ..ယနေ့ချွန်းမြောင်သည် ယခင်နေ့မှ ချွန်းမြောင်များနှင့် မတူပေ။

ပုံမှန်အားဖြင့် ချွန်းမြောင်သည် ရန်သူအား ခနဲ့လှောင်ပြောင်ကာ ဒေါသထွက်အောင် ပြောဆိုရန်စနေတတ်သူဖြစ်ပြီး ယခုတွင်မူ တည်တည်ငြိမ်ငြိမ်ပင်။ သူ၏ မူပိုင် ပြောင်စပ်စပ်မျက်နှာထားကိုပင် မြင်မနေရပေ။ အတည်အတန့်နှင့် အေးစက်စက်မျက်နှာကြီးကသာ လွှမ်းမိုးနေလေသည်။

တိုက်ပွဲမြေပြင်သို့ ရောက်ရှိနေသည့် ဓါးသမားအစစ်အမှန်ကြီးကဲ့သို့ပင်။

ယွန်းဂျွန်ကမူ ချွန်းမြောင်ထံမှ မျက်စိပင် မခွာနိုင်ပေ။ ချွန်းမြောင် ထူးထူးခြားခြား တစ်ခုခုလုပ်တော့မည်ဟုလည်း ခံစားနေရလေသည်။

ထိုအခိုက်အတန့်မှာပင် ချွန်းမြောင်က ဓါးကို ဖြေးညှင်းစွာ လွဲလိုက်လေသည်။

ဓါးကို ဖြေးညင်းစွာကစားနေသည်မို့ မည်သည့်သိုင်းကွက်ကို ပုံဖော်နေသည်ကို မသိရသေးပေ။ ယွန်းဂျွန်ကမူ မြင်နေရသောမြင်ကွင်းကြောင့် အသက်ပင် မရှုနိုင်တော့ချေ။

ကနဦးပုံစံပင်။

ချွန်းမြောင် ယခုပုံဖော်နေသည့် ဓါးသိုင်းကွက်သည် ' ဟန်ချက်ထိန်းနည်း ခြောက်ဖြာနည်းပညာ' ထဲမှ မူလကနဦးအစ ဓါးသိုင်းပင် ဖြစ်လေသည်။

ကနဦးဓါးသိုင်းသည် တဖက်ပြိုင်ဘက်အား လေးစားသမှုအနေနှင့် မိတ်ဆက်ပြသသော ဓါးသိုင်းကွက် ဖြစ်လေပြီး ဓါးသမားအချင်းချင်း လေးစားမှုကို ဖော်ပြသော သိုင်းကွက်လည်း ဖြစ်လေသည်။

ယွန်းဂျွန်ကမူ ချွန်းမြောင်၏ ကနဦးဓါးသိုင်းကွက်မှာပင် ဆွဲဆောင်ခံလိုက်ရပြီး လှုပ်ရှားမှုများမှ မျက်စိမခွာနိုင်တော့ပေ။ သေသပ်လှပပြီး တိကျမှန်ကန်သော အရှိန်နှင့် ပြည့်စုံလှသော ပုံဖော်မှုပင် ဖြစ်လေသည်။

သိုင်းကွက်တစ်ကွက်ကတောင် ဘာလို့များ ဒီလောက်ပြည့်စုံနေရတာလဲ...

ယွန်းဂျွန် သတိထားမိလိုက်သည့်အရာတစ်ခုလည်း ရှိလေသည်။ ဤဓါးသိုင်းကွက်က တဖက်လူပြိုင်ဘက်ကို ပြသနေခြင်း မဟုတ်ပေ။ ဟွာဆန်းဂိုဏ်းမှ ဂိုဏ်းသားများကို ရည်ရွယ်ကာ ပြသနေခြင်း ဖြစ်လေသည်။ ချွန်းမြောင်၏ စကားနှင့်မှာကြားမှုကို ယခုမှသာ နားလည်သွားလေသည်မို့ ယွန်းဂျွန် ကလေးများအား လော်ဆော်ရလေတော့သည်။

"မလွတ်စေကြနဲ့.."

"သေချာကြည့်ထားကြ...ချွန်းမြောင်ရဲ့ လှုပ်ရှားမှုတွေကို တချက်လေးတောင် မလွတ်သွားစေနဲ့... လုံးဝပဲ...

မျက်တောင်တောင် မခတ်ကြနဲ့...တစ်ကွက်တစ်လေတောင် လွတ်သွားပြီး မမြင်လိုက်ရလို့ မဖြစ်ဘူး"

ယွန်းဂျွန်၏ အော်ဟစ်သတိပေးမှုကို မည်သူကမှ မတုံ့ပြန်ကြပေ။ ခေါင်းသာငြိမ့်ကြလေပြီး ချွန်းမြောင်၏ လှုပ်ရှားမှုများတွင်သာ အာရုံရောက်နေကြလေသည်။

"မင်းရဲ့ပြဿနာ မီးခွက်ထွန်းရှာတတ်တဲ့အကျင့်ကို ငါဒီနေ့ပြင်ပေးလိုက်မယ်"

ယုဘတ်ကမူ ချွန်းမြောင်အား ခြိမ်းခြောက်လိုက်ပြီး ဓါးကိုမြောက်ကာ ချွန်းမြောင်ဆီသို့ ပြေးဝင်လာလေသည်။

ချွန်းမြောင်ကမူ အေးစက်စက်နှင့်ပင် ကြည့်နေလေ၏။

'ဟန်ချက်ထိန်းခြင်း နည်းပညာခြောက်ဖြာ' ဆိုသည်က ဟွာဆန်းဓါးသိုင်းအားလုံး၏ အခြေခံသိုင်းကျမ်းပင် ဖြစ်လေသည်။ ကောင်းကင်မှ လားရာလေးဖြာက မြေပြင်ပေါ်တွင်ကျရောက်နေပြီး မြေပြင်ပေါ်မှ ခွဲထွက်ခြင်းနှစ်ဖြာကို ပေါင်းစပ်ကာ ဖြစ်လာသည့် သိုင်းကွက်များ ဖြစ်လေပြီး လောကတွင်ရှိနေသော အရာအားလုံး၏ အတူတကွပေါင်းစပ် ဖြစ်ပေါ်ခြင်းကို ကိုယ်စားပြုသည့် သိုင်းပညာလည်း ဖြစ်လေသည်။

ဤသည်ကိုက ရိုးရှင်း၍ အဓိကျသော ဓါးသိုင်းပညာရပ်၏ အနှစ်သာရ ဖြစ်လေသည်။

ထိုးဖောက်..၊ ဖြတ်ထုတ်၊ ခွဲဖြာ၊ တားဆီး...

ဤသည်က ဓါးသိုင်းပညာ၏အခြေခံများပင် ဖြစ်လေပြီး ထိုအခြေခံလေးခုကို ကျော်လွန်ကာ ဖန်တီးထားသော သိုင်းပညာဟူ၍ မရှိပေ။ မည်သည့်ဓါးသိုင်းမဆို ဤလေးချက်ကို လွန်ဆန်၍ မရဘဲ ဤလေးချက်နှင့် ကင်းလွတ်သော ဓါးသိုင်းဟူသည်လည်း မရှိပေ။

ယခု ချွန်းမြောင် သုံးနေသည့်ဓါးသိုင်းက ဤအခြေခံသိုင်းကွက်များပင် ဖြစ်လေသည်။

ယုဘတ်ကမူ ဓါးကို ကောင်းကင်ထက်သို့ မြောက်ကာ လှပစွာဖြင့် ဓါးသိုင်းကနေပြီ ဖြစ်၏။

"ဒါက "

ဟွမ်းဂျွန်က ယုဘတ် ဖော်နေသည့်သိုင်းကွက်၏ ထူးခြားမှုတစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်လုံးများပင် ပြူးကျယ်လာလေသည်။

ပန်းများကို ပွင့်စေသောဓါးသိုင်းပညာက တစ်ခုသာရှိလေသည်။ ဤသိုင်းကွက်သည်က သူရင်းရင်းနှီးနှီးပင် ကြားဖူးထားလေသော သိုင်းပညာတစ်ခုနှင့် ဆင်တူလှပေသည်။

တောင်ဘက်အစွန်အဖျားဂိုဏ်းတွင်က အဘယ်ကြောင့် ထိုသိုင်းပညာရှိနေရသနည်း..

ဓါး၏ ငြိမ့်ညောင်းလှပစွာသော လှုပ်ရှားမှုတို့သည် ပန်းပွင့်တစ်ပွင့်ကဲ့သို့ပင် ယိမ်းနွဲ့နေပြီး ဓါးချက်များစွာတို့က လှပသောပန်းပွင့်တစ်ပွင့် ဖြစ်လာရန် ကြိုးစားပုံဖော်နေကြသကဲ့သို့ပင်။

ယုဘတ်၏ ဓါးရေးပြမှုကို မြင်သောအခါတွင်မူ ချွန်းမြောင်၏ မျက်နှာက အေးခဲသထက် ပို၍အေးခဲလာလေသည်။ ဒေါသမီးတို့က တောက်လောင်လာလေပြီး ထိန်းမရနိုင်တော့ပေ။

တဆက်တည်းဆိုသလိုပင် ချွန်းမြောင်က ရွေ့လျားကာ ဓါးကို အပေါ်သို့ ဦးတည်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ဓါးကို ပစ်သွင်းလိုက်လေသည်။ ဓါးက ရုတ်တရက်ဆိုသလိုပင် ပျောက်ကွယ်သွားလေပြီး ယုဘတ်၏ ပန်းပွင့်သဏ္ဍာန် ပုံဖော်နေသော ဓါးရေးပြမှုကို ဖျက်စီးကာ ယုဘတ်၏ လက်ကောက်ဝတ်ကိုပါ ရိုက်ခတ်သွားလေသည်။ ရိုက်ခတ်မှုက ပြင်းထန်လွန်းလှသောကြောင့် ယုဘတ် ဣန္ဒြေပင် ပျက်သွားလေပြီး ဓါးရေးပြနေသည်ကလည်း ရပ်တန့်သွားလေသည်။

ဤသို့ ရပ်တန့်သွားခြင်းက အမှားကြီးကြီး ပြုလုပ်မိလိုက်ခြင်းပင်။

ချွန်းမြောင်က ဓါးကို ဆွဲကာ ခြေလှမ်းတစ်ဆင့်တိုးကာ ချီစွမ်းအင်အပြည့်နှင့် ဖောက်ထွင်းတိုးဝင်လာလေတော့ ယုဘတ်၏ ဓါးသည် ကျယ်လောင်လှသော အသံနှင့်အတူ အက်ကြောင်းထင်သွားလေသည်။ ထို့နောက်တွင်မူ ချွန်းမြောင်၏ တရစပ်ဓါးချက်များကို ကာဆီးထားကာ ပြန်လည်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရပေ ။ ချွန်းမြောင်၏ တရစပ်တိုက်ခိုက်မှုက ပို၍ပို၍ စိပ်လာသည်မို့ ယုဘတ်အားထည့်ကာ တွန်းထုတ်လိုက်လေသည်။

သို့သော် ချွန်းမြောင်က ဝေးဝေးသို့ လွှင့်စင်သွားခြင်း မရှိပေ။ ခြေလှမ်းအနည်းငယ်သာ နောက်ရောက်သွားသည်ဖြစ်ပြီး ဓါးကိုလွဲကာ ဝင်လာပြန်လေသည်။ လွဲချော်နေသော ဓါးချက်ဟူ၍ မရှိဘဲ တိကျသေချာကာ အားပါသောဓါးချက်များက ယုဘတ်ထံသို့ တဖန်ကျရောက်လာပြန်လေသည်။

သူ၏တွန်းထုတ်လိုက်မှုက ပုံမှန်ဆိုလျှင် မေးစေ့အား တန်ပြန်ရိုက်ချက်ဖြစ်သွားရမည်မှန်သော်လည်း ချွန်းမြောင်ကမူ ထိခိုက်မှုမရှိလိုက်သည့် ပုံပင်။

ဘာဖြစ်နေတာလဲဟ...

ချွန်းမြောင် က ဓါးကို လွဲကာ တဖန်တိုက်စစ်စင်ကာ တိုးဝင်လာပြန်လေသည်။ ဓါးချက်များကို ခုခံကာဆီးထားရုံသာ တတ်နိုင်လေပြီး အားအင်ပါသုံးကာ ဖိလာသည့် ချွန်းမြောင်ကြောင့် ယုဘတ်က တဖြေးဖြေးချင်း နောက်သို့ ဆုတ်သွားလေတော့သည်။

တစ်ကြိမ်လောက်ပါပဲ...

ယုဘတ်အနေနှင့် ချွန်းမြောင်အား တုန့်ပြန်ရန် အခွင့်အရေးတစ်ကြိမ်လောက်သာ လိုအပ်နေသည်ဖြစ်ပြီး ဤကလေးအား အလဲသိပ်မည့် သူတို့တောင်ဘက်အစွန်အဖျားဂိုဏ်း၏ အဆန်းသစ်ဆုံးသော သိုင်းကွက်ကို ထုတ်ပြနိုင်မည့် အခွင့်အရေးကိုလည်း လိုအပ်နေရှာနေသည်။ သို့သော်...

"အား...."

ယုဘတ် သိုင်းပညာအသစ်လေးအား မပြသနိုင်ခင်မှာပင် ချွန်းမြောင်၏ ဓါးချက်ကို တိတိပပ ခံလိုက်ရပြီ ဖြစ်လေသည်။

လက်ကောက်ဝတ်က အပြည့်အဝပင် ကျိုးသွားသည့်ပုံရလေပြီး နာကြင်မှုကလည်း အသည်းခိုက်မတတ်ပင်။ သို့သော်လည်း ဂိုဏ်း၏ ဂုဏ်သိက္ခာက ရှိနေသေးသည်မို့ အရှုံးပေးကာ ထွက်ခွာ၍ မရပေ။

တစ်ကြိမ်လောက်ပါပဲ...

ဒီကလေးရဲ့ ဓါးသိုင်းကို ထိုးဖောက်နိုင်မယ့်အခွင့်အရေးလေး တစ်ကြိမ်လောက်ပဲ...

ဟန်ချက်ထိန်းကာ ဓါးကို ဆက်ကိုင်ထားရသော ယုဘတ်ထံသို့ ချွန်းမြောင်က ညှာတာမှုမရှိဘဲ နောက်တကြိမ်ထပ်ဝင်လာကာ သိုင်းကွက်ပျက်သွားစေရန် ဖျက်ဆီးနေလေတော့သည်။

ဒါက ဘယ်လိုဖြစ်နေရတာလဲ...

ချွန်းမြောင်၏ နှောင့်ယှက်ဖျက်စီးသော ဓါးချက်များက တရစပ်တိုးဝင်လာသော်လည်း သူကမူ ချွန်းမြောင်၏ ဓါးရေးကို ဖျက်စီးရန် အခွင့်အရေးတစ်ကြိမ်မျှပင် မရသေးချေ။ သိုင်းကွက်အားလုံးက ပြည့်စုံလွန်းနေလေသည်။ ဟာကွက်တစ်ခုပင် ရှိမနေချေ။

အဆုံးသတ်တွင်မူ ယုဘတ်က သူ၏ဓါးကို ထိန်းထားနိုင်စွမ်းမရှိတော့ဘဲ ဓါးသည် လက်မှ လွတ်ကာ လေထဲတွင် မြောက်သွားလေပြီး ချွန်းမြောင်၏ သစ်သားဓါးကမူ သူ၏လည်ပင်းပေါ်တွင် အခန့်သားတင်ထားလေသည်။

"ဒါက အိမ်မက်မက်နေတာလား"

ချွန်းမြောင်၏ ဓါးက သူ့၏ ဦးခေါင်းထက်တွင် ရပ်တန့်ကာ နေသော်လည်း ခုတ်တော့ မခုတ်ခဲ့ပေ။ သို့သော်လည်း အရှုံး အနိုင်ကတော့ ပေါ်သွားခဲ့ပြီ ဖြစ်လေသည်။

"ဆရာတူညီလေး"

"ဆရာတူအကိုကြီး"

နှစ်ဖက်သောဂိုဏ်းတို့မှ အသံများက ဆူညံသွားကြပြီး တောင်ဘက်အစွန်အဖျားဂိုဏ်းမှ လူများက ယုဘတ်နားသို့ ဝိုင်းအုံလာကြလေသည်။ ချွန်းမြောင်ကမူ ထိုလူအပေါင်းအား မှင်သေသေပင် ကြည့်နေလေရှာ၏။ ယုဘတ်အား ခေါ်ထုတ်သွားပြီးမှသာ ကျန်နေခဲ့သော တပည့်များက ချွန်းမြောင်အား ရန်လိုစွာ ကြည့်လာကြလေသည်။

ချွန်းမြောင်ကမူ တိုးညှင်းချိုမြသော အသံလေးနှင့် စကားတစ်ခွန်းသာ ပြောလာလေသည်။

"နောက်တစ်ယောက်..."

"..."

ချွန်းမြောင်၏ မျက်နှာအမူအရာနှင့် လေသံကိုကြည့်ကာ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းကို ထိုအချိန်မှသာ တောင်ဘက်အစွန်အဖျားဂိုဏ်းမှ ကလေးများက သတိထားမိသွားကြလေတော့သည်။

All Chapters