ဖြူရီ
Vol. 4 Ch. 197
အမှုဖြေရှင်းသွားပြီဆိုပေမဲ့ ကျွန်မတို့တွေ စထရာ့ဘာ့ဂ်မှ တစ်ရက်လောက်ဆက်နေဖို့အတွက် ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ မိုနီကာက မြို့ထဲလျှောက်လည်ချင်တယ် ဆိုပြီးတော့ ဂျီကျနေခဲ့လို့ပါ။
“ငါတို့က အလုပ်ကိစ္စနဲ့ ခရီးထွက်လာတာလေ။ ရှုခင်းကြည့်ဖို့မှ မဟုတ်တာ။”
ကျွန်မက ပြောပြောဆိုဆိုနဲ့ ရှေ့ကပန်းကန်ကို စိုက်ကြည့်မိ လိုက်တော့တာပေါ့။ အင်း၊ အခုက နေ့လယ်စာစားချိန်ကြီး။ ဒါကြောင့်ဒီနေ့တော့ ဟင်းပွဲခပ်ကြီးကြီးမှာထားဖြစ်တယ်။ ဝက်အသည်းကြော်နဲ့ဂေါ်ဖီချဥ်လေ။(foie gras and sauerkraut)
တကယ်တော့ စထရာ့ဘာ့ဂ်ဂေါ်ဖီချဥ်က ပြင်သစ်တစ်နိုင်ငံ လုံးနီးပါးမှာနာမည်ကြီးတယ်။ ပုံမှန်အချဥ်ဖောက်ထားတာ မဟုတ်ဘဲနဲ့ ဝိုင်ဖြူကိုကဇော်အဖြစ် အသုံးပြုပြီးအချဥ် ဖောက်ထားတာမလို့ ချိုမြပါတယ်။ တွဲဖက်စားရတဲ့အရာက အမျိုးမျိုးပြောင်းလို့ရတယ်ဆိုပေမဲ့ ဘဲသား၊ ဝက်အသည်း စတာတွေနဲ့အစားများတယ်။
တစ်ကိုက်ကိုက်ကြည့်လိုက်တော့ ဂေါ်ဖီရဲ့ချိုချဥ်အရသာနဲ့ အသည်းရဲ့စိမ့်နေတဲ့အရသာကြောင့် ဆွေမျိုးမေ့သွားတော့ မလိုပါပဲ။
“ဒါဆိုလည်း ရှင်တစ်ယောက်တည်း ဟိုတယ်မှကျန်ခဲ့ပြီး အလုပ်လုပ်လေ။” မိုနီကာက ကျွန်မကိုပြန်ခံပြောရင်းနဲ့ သူ့ဘေးမှာကော်ဖီသောက်နေတဲ့ နက်ဆန်ကိုကြည့်လိုက်တယ်။
“ဒါလင်၊ ကျွန်မတို့အတူတူသွားကြမယ်နော်။”
အဲဒီနောက်တော့ သူ့လက်ထဲမှာကိုင်ထားတဲ့ မုန့်လက်ညိုး ပေါ့ကီကို စတော်ဘယ်ရီယိုစမ်းလိုက်ပြီး နက်ဆန့်ပါးစပ်ထဲ အတင်းထိုးထည့်လိုက်တယ်။
“.....” နက်ဆန်က အံ့ဩသင့်သွားတဲ့ပုံစံနဲ့ သူ့ကိုပြန်လှည့် ကြည့်လိုက်တဲ့အခါမှာတော့ မိုနီကာကထပ်ပြီး အတင့်ရဲ လာပြန်ပါတယ်။
“နှစ်ယောက်တည်းသွားမှ ဟန်းနီးမွန်းထွက်လာတဲ့ စုံတွဲနဲ့တူမှာပေါ့။”
ဂျွတ်...
နောက်တော့မိုနီကာက နက်ဆန်ရဲ့ပခုံးပေါ်ကို လက်တစ်ဖက် တင်လိုက်ပြီး နက်ဆန့်ပါးစပ်ကနေထိုးထွက်နေတဲ့ မုန့်လက်ညိုးနဲ့ထိပ်ပိုင်းကို ကိုယ်တိုင်ကိုက်စားလိုက်တယ်။ သူတို့နှစ်ယောက်က နီးကပ်လွန်းလို့ နမ်းမိကြတော့မလိုပဲ။
ကျွန်မ သည်းမခံနိုင်တော့ဘူး။
ဗွမ်း...
ကျွန်မလက်က ကျွန်မရှေ့မှာရှိနေတဲ့ ကိုလာပုလင်းဆီကို ရောက်သွားပြီး မိုနီကာရဲ့မျက်နှာကို အချိုရည်နဲ့ပက်လိုက် မိတယ်။ အဲဒီလုပ်ရပ်ကြောင့် လူတွေက ကျွန်မတို့တွေကို ဝိုင်းကြည့်နေကြပြီ။ ဒါပေမဲ့ကျွန်မရင်ထဲ လှိုဏ်စားနေတဲ့ ဝမ်းနည်းမှုတွေရဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် ချာခနဲလှည့်ပြီး ကျောခိုင်းထွက်ပြေးခဲ့မိတယ်။
“ဆယ်ဗီ....” နောက်ကနေ နက်ဆန်ရဲ့အော်သံကို ကျွန်မ ကြားလိုက်တယ်။ ဒေါသထွက်နေပုံမရပေမဲ့ သူ့နဲ့မျက်နှာချင်းမဆိုင်ချင်တာကြောင့် ပိုပြီးတော့မြန်မြန်ပြေးဖြစ် ပြန်ပါတယ်။ ကားလမ်းပေါ်ရောက်တော့ ကားတွေ ကျွန်မကြောင့်ရပ်ကုန်ပြီး ဟွန်းရှည်တီးကုန်တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဂရုမစိုက်ဘဲ ဆက်ပြေးနေဆဲပဲ။
...
အချိန်တွေဘယ်လောက်ကုန်သွားတယ်မသိပေမဲ့ ကျွန်မမောလာမှ ရပ်လိုက်မိတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မြစ်ငယ်လေးတစ်ခုကိုဖြတ်ဖို့ တည်ဆောက်ထားတဲ့ ကျောက်တံတားတစ်ခုမှာပါ။ ရှေးအတော်ဆန်ပြီး ၁၇ရာစုနှစ်လက်ရာလိုပါပဲ။ ရေထိန်းတံခါးတွေလည်းရှိပြီး မြစ်ရေစီးဆင်းမှုကို တည်ငြိမ်အောင်ထိန်းသိမ်းပေးထားလေရဲ့။ ဆိုင်းဘုတ်မှာတော့ ဘော်ဘွန်ဆည်လို့ ရေးထားတယ်။
“ဆယ်ဗီ... မပြေးနဲ့တော့...” နောက်ကနေ ရင်းနှီးနေတဲ့ တစ်စုံတစ်ယောက်ရဲ့အသံကိုကြားလိုက်ရလို့ လှည့်ကြည့်တဲ့ အခါမှာတော့ မောဟိုက်နေပုံရတဲ့မိုနီကာကို ကျွန်မမြင်လိုက် ရပြန်ပါတယ်။ သူ့ဆံပင်တွေကစိုရွဲနေပြီး အသက်ကိုအမောတကော ရှုလို့နေပါတယ်။
သူ့ကိုကြည့်ရတာ အချိန်မရွေးလဲကျတော့မလိုပဲ။ ဒါပေမဲ့ ကျွန်မကိုအရင်ရှာတွေ့တာ နက်ဆန်မဟုတ်ဘဲ မိုနီကာ ဖြစ်နေတဲ့အတွက်ကြောင့် ပိုဒေါသထွက်မိတယ်။
“နင်ဘာလို့ ငါ့နောက်ကိုလိုက်လာတာလဲ။ နင်နိုင်ပြီးပြီလေ။ ငါ့ကိုဒီအတိုင်း ပျောက်ကွယ်သွားခွင့် ပေးလိုက်တော့....”
ဒါပေမဲ့မိုနီကာက ခေါင်းခါလိုက်ပြီး ရှေ့ကိုတက်လာဖို့ ကြိုးစားပေမဲ့ မြေပြင်ပေါ်ကိုဒူးထောက်ကျသွားခဲ့တယ်။
“ငါလွန်သွားရင်တောင်းပန်ပါတယ်... ဒါပေမဲ့နက်ဆန်ချစ်တာက နင့်ကိုပါ... နင်ထွက်သွားလို့ သူပြိုလဲသွားမှာ ငါမမြင်ချင်ဘူး။”
ဒါဘာအဓိပ္ပါယ်လဲ။ သူကပဲ တစ်ချိန်လုံးကျွန်မကို အနားမှာမနေနိုင်အောင် ရန်စနေခဲ့တာမဟုတ်ဘူးလား။
...
နက်ဆန်နဲ့ပါစီဗယ်က လမ်းကြားတစ်ခုထဲမှာ အတူလျှောက် နေကြပါတယ်။ ဆယ်ဗီက မြန်မြန်ဆန်ဆန်ပြေးရင်းနဲ့ ခြေရာပျောက်သွားတဲ့အတွက် မိုနီကာနဲ့လူခွဲပြီး ဆယ်ဗီကိုလိုက်ရှာနေကြတာ။ ဒီနေရာက စတားဘာ့ဂ်ရဲ့မြို့ဟောင်းနေရာ တစ်ခုတည်းမှာဖြစ်ပြီးတော့ ရီနေ့ဆန့်ခေတ်က အုတ်အိမ် အများအပြားကိုမြင်နေရပါတယ်။ လမ်းမကြီးတစ်ခုရဲ့ နံဘေးမှာတော့ ရီနေးဆန့်စတိုင်နဲ့ဆောက်ထားပေမဲ့ ဂေါ့သစ်အမိုးချွန်ကြီးတွေရှိတဲ့ ဘုရားကျောင်းကြီးတစ်ခု ထီးထီးကြီးတည်ရှိလို့နေတယ်။
ဒေါင်... ဒေါင်...
ဘုရားကျောင်းခေါင်းလောင်းကနေ နာရီနှစ်ချက်တီးသံ မြည်လာခဲ့တယ်။ နက်ဆန်က လမ်းကြားအဆုံးမှာရပ်လိုက် တယ်။ သူ့ပုံစံ စိုးရိမ်နေပုံရပြီးတော့ အမှားလုပ်မိထားတဲ့ လူတစ်ယောက်လိုပဲ။ နောက်က ကပ်ပါလာတဲ့ပါစီဗယ်က ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး ဘောင်းဘီအိတ်ထဲလက်နှိုက်ကာ ပြောလိုက်တယ်။
“မင်းရဲ့အကြိုက်ဆုံး ကစားစရာလေး မင်းအနားကနေ ထွက်သွားမှာကို ကြောက်နေပြန်တာလား၊ ညအရှင်။”
ဘုန်း...
နက်ဆန်က ပါစီဗယ်ရဲ့လည်မျိုကိုဖမ်းညှစ်ပြီး နံရံနဲ့ ကပ်နေအောင်ဖိထားလိုက်တယ်။
“မင်းကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး။ မင်းသူ့ကို ဆွဲဆောင်ခဲ့တာမဟုတ်လား။”
ဟားဟား...
ပါစီဗယ်က ရယ်မောလိုက်ရင်းနဲ့ နက်ဆန်ကိုပျင်းရိနေတဲ့ အကြည့်တွေနဲ့ပြောလိုက်တယ်။ “မဟုတ်မှလွဲရော ညအရှင်က ကျုပ်တို့နှစ်ယောက်တည်းဒီမှာရှိတုန်း အတူတွဲသွားတွဲလာလုပ်နေတာမြင်ပြီး သဝန်ကြောင်နေပြန်ပြီနဲ့ တူတယ်။ ဒါပေမဲ့အဲဒီအတွေးက ဆယ်ဗီမှာလည်း ရှိနေနိုင်တယ်လို့ ခင်ဗျားမတွေးမိဘူးလား။”
နက်ဆန်ရဲ့မျက်နှာက ပိုအေးစက်သွားတယ်။ “မင်းဘာပြောလိုက်တာလဲ....”
“ခင်ဗျားက ရောက်လာတာနဲ့ကျုုပ်ကို အပြင်ထွက်လို့မရအောင် ကန့်သတ်ထားတယ်။ ခင်ဗျားအကြောင်းပြချက်က ကျုပ်ဆယ်ဗီနားကို မသွားနိုင်အောင်ဆိုပေမဲ့ ခင်ဗျားမေ့နေတာတစ်ခုရှိတယ်။ ခင်ဗျားနားမှာမိုနီကာက လိုအပ်တာထက် ပိုရှိနေခဲ့တယ်။”
‘ငါသူ့အပေါ် အကြွေးတွေအများကြီးတင်ထားတယ်။” နက်ဆန်က အခုလိုပြောလိုက်တော့ ပါစီဗယ်ရဲ့မျက်နှာပေါ်က အပြုံးက ပိုပြီးပီပြင်လာတယ်။
“အဲဒါနဲ့ပဲ ခင်ဗျားက ခင်ဗျားချစ်တဲ့သူ၊ ခင်ဗျားကိုလည်း ပြန်ချစ်နေတဲ့သူတစ်ယောက်ကို အေးစက်စက်နဲ့လစ်လျူ ရှုထားဖို့ ဆုံးဖြတ်လိုက်တာလား။ ကျုပ်သူ့ကို အပိုင်သိမ်းသွားမှ မငိုနဲ့နော်။”
နက်ဆန်က ညာလက်သီးကိုဆုပ်လိုက်တယ်။ သူ့လက်သီးက ပါစီဗယ်ရဲ့မျက်နှာကို တည့်တည့်ဝင်လာတယ်။ နောက်တော့
ဘုန်း...
အသံကျယ်တစ်ခုကြောင့် ပါစီဗယ်ရော၊ နက်ဆန်ပါ မျက်နှာပျက်သွားခဲ့လေရဲ့။
...
မိုနီကာ ရုတ်တရက် လဲကျသွားတော့ ကျွန်မ မစိုးရိမ်ဘဲ မနေနိုင်ခဲ့ဘူး။ သူနာပြုအဖြစ် အချိန်အကြာကြီး အလုပ်လုပ်ခဲ့တာကြောင့်လားမသိပေမဲ့ ပြေးသွားပြီး ချက်ချင်းဆိုသလိုသူ့ကို ဖေးမထားလိုက်မိတယ်။
“တကယ်တော့ သူက နင်နဲ့ပါစီဗယ် လက်ချင်းတွဲသွားတာကို မြင်ပြီးတော့ နင့်ကိုစကားမပြောနိုင်ဖြစ်နေတာ။”
“.....” အမောဖြေပြီးနောက် မိုနီကာပြောလိုက်တဲ့ ပထမဆုံး စကားကြောင့် ကျွန်မသူ့ကို ကြောင်တောင်ကြီးစိုက်ကြည့် နေမိပါတယ်။ ပြီးတော့ သူ့ကိုကြည့်ရတာ လိမ်ပြောနေတဲ့ ပုံမပေါ်ဘူး။
ဒီလိုနဲ့ကျွန်မတို့နှစ်ယောက် တံတားလက်ရန်းကိုမှီရင်းနဲ့ ကောင်းကင်ကြီးကို အတူကြည့်ဖြစ်သွားကြပါတယ်။
“သောက်တေမိကောင်နက်ဆန်၊ သဝန်တိုတယ်ဆိုရင်လည်း ငါ့ကိုလာပြီးဆူပေါ့ဟ။ ဘာလို့စကားမပြောတတ်တဲ့လူကြီး လိုမျိုးလုပ်နေရတာလဲ။”
ကျွန်မပြောရင်းနဲ့ငိုချမိရော။ မိုနီကာကတော့ ကျွန်မကို ပြုဲးပြပြီးတော့မျက်လုံးကို မှေးကာမှိန်းနေခဲ့တယ်။ သူ့ကိုကြည့်ရတာ တကယ်ပင်ပန်းသွားသလိုပါပဲ။
“နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီပဲ၊ အရှင့်မသမီး။”
ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲ အိုမင်းပြီးရှေးကျတဲ့ လေသံမျိုးကို ကြားလိုက်ရတဲ့အတွက် ကျွန်မမော့ကြည့် လိုက်တဲ့အခါမှာတော့ နီညိုရောင်ဆံပင်တွေကို ကျစ်ဆံမြီး နှစ်ခွခွဲစည်းထားတဲ့ ဂေါ့သစ်ဂါဝန်ဝတ် မိန်းမလှလေးကို မြင်လိုက်ရတယ်။ အသားအရေကညိုပေမဲ့ အာရှသူနဲ့ ပိုဆင်တယ်။ သူ့နောက်မှာတော့ နောက်ထပ်ရင်းနှီးတဲ့ လူတစ်ယောက်ရှိနေပြီး ဘန်နီပါ။
“AC&Dက ငါတို့နောက်ကိုလိုက်တာပဲ။ မိုနီကာ၊ ငါအချိန်ဆွဲ ထားပေးမယ်။ နင်ပြေး...”
ကျွန်မစကာမဆုံးခင်မှာပဲ နီညိုရောင်ဆံပင်နဲ့မိန်းကလေးက သူ့လက်ကိုဖြန့်လိုက်တယ်။ ကျွန်မလက်ထဲမှာကိုင်ထားတဲ့ ခွဲစိတ်ဓားမြှောင်က ချက်ချင်းသံချေးတက်လာပြီး ပျက်စီး သွားတော့မလိုမျိုး ဖြစ်သွားတဲ့အတွက် ပြန်သိမ်း လိုက်ရတာပေါ့။
“လူကြီးတွေ စကားပြောနေတဲ့အချိန် ဖြတ်မပြောရဘူး။”
ဘုတ်...
အဲဒီအမျိုးသမီးက ကျွန်မဒူးကို လက်ထဲကတောင်ဝှေးနဲ့ ရိုက်ချလိုက်တယ်။ ကျွန်မဒူးထောက်ကျသွားပြီး စိုးရိမ်တကြီးနဲ့ မိုနီကာကိုကြည့်လိုက်တော့ မိုနီကာက ကျွန်မထက်တောင်မှ ကြောက်နေသေးတယ်။
“ရှင်... ရှင်ကဘယ်လိုလုပ်ပြီး လူ့ဘုံကို ရောက်လာတာလဲ။”
ကျွန်မလည်း အဲဒီမိန်းကလေးကို ပြန်ကြည့်လိုက်တယ်။ ကျွန်မတို့နဲ့အသက်အရွယ် သိပ်မကွာဘူးထင်ရပေမဲ့လို့ သူ့မျက်လုံးတွေက အေးစက်ပြီးသက်တမ်းရင့်မြွေ တစ်ကောင်ရဲ့မျက်လုံးတွေလိုပဲ။
ပြီးတော့ လူ့ဘုံက မဟုတ်ဘူးဆိုတော့... လင်ဘိုဘုံလား။
“ကြီးမြတ်တဲ့ မိစ္ဆာသခင်မလီလစ်ရဲ့ညာလက်ရုံးမူးမတ် ဖြူရီဒီလက်ထရာက အရှင်မသမီးကို နှုတ်ဆက်လိုက်ပါတယ်။ အရှင့်သမီးကို သခင်မက ပြန်ခေါ်လာဖို့ အမိန့်ပေးလိုက်တယ်။”
မိုနီကာက ခေါင်းခါတယ်။
“ဟင့်အင်း... ကျွန်မက ဒီမှာဆက်နေမှာ။ လင်ဘိုဘုံကို ပြန်မလာတော့ဘူး။”
“ဘာကြောင့်လဲ.... အဲဒီသေမျိုးကောင်လေးကြောင့်လား။” အီလက်ထရာက ကြောက်စရာကောင်းတဲ့ပုံစံမျိုးနဲ့ပြုံးပြီး အထက်နှုတ်ခမ်းကို လျှာနဲ့ထိလိုက်တယ်။ သူ့လျှာကမြွေလို နှစ်ခွဖြစ်ပြီးတော့ မြွေတွန်သံတွေကို ကျွန်မကြားလာရပြီ။
“ပြီးတော့ အရှင်မသမီးရဲ့ခန္ဓာကိုယ်က ဒီလောက်အားနည်းပြီး သေတော့မလိုဖြစ်နေတာလဲ အဲဒီကောင်လေးကြောင့်ပဲလား။”
“....” မိုနီကာက သူ့ခေါင်းကိုငုံထားလိုက်တယ်။ ဖြစ်နိုင်ရင် အီလက်ထရာနားကနေ ထွက်သွားချင်တဲ့ပုံပဲ။
“မာစတာ၊ အရှင့်မသမီးဘေးက မိန်းကလေးကို ဆယ်ဗီလို့ခေါ်တယ်။ သူ့ကိုညအရှင်က အရေးပေးမှန်း လူ့ဘုံက သဘာဝလွန်လောကသားတိုင်း သိကြတယ်။”
ဘန်နီက ပြောလိုက်တဲ့စကားကြောင့် အလိုလိုနေရင်း ကျွန်မကျောချမ်းလာတယ်။ ဘေးအန္တရာယ်ဆိုးကြီး ကျွန်မအပေါ်ကိုကျရောက်လာတော့မလိုပဲ။
“ဒီတော့ နင်က အရှင်မသမီး ဒုက္ခခံစားနေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပေါ့။”
အီလက်ထရာက မျက်လုံးကိုမှေးလိုက်ပြီး သူ့လက်ကို ဆန့်လိုက်တယ်။ လက်ကမြွေအဖြစ်ကိုပြောင်းလဲသွားပြီး ကျွန်မလည်ပင်းနားကို ရောက်လာတယ်။
“မလုပ်နဲ့...” မိုနီကာကတားဖို့လုပ်ပေမဲ့ နောက်ကျသွားပြီ။ လည်ပင်းနားကနေပူခနဲ ခံစားလိုက်ရပြီးတော့ ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်သလိုခံစားလိုက်ရပါပြီ။
နာကျင်မှုရပ်သွားတဲ့အချိန်မှာတော့ ကျွန်မကြမ်းပြင်ပေါ် လဲကျပြီးသားဖြစ်နေပြီ။ အမြင်တွေဝေဝါးနေပေမဲ့ အီလက်ထရာက မိုနီကာကို လက်ကိုဆန့်တန်းပေးလိုက်တာ ကျွန်မမြင်ရတယ်။
“ကဲ... သမီးတော်၊ အရှင်မစိတ်ပူနေလောက်ပြီ။ လင်ဘိုဘုံကိုအမြန်ပြန်ပြီး ဒဏ်ရာတွေကို ကုသရအောင်။”
ကျွန်မ မိုနီကာကိုသေချာမမြင်ရဘူး။ ဒါပေမဲ့အကြီးအကျယ် ဆန့်ကျင်နေတုန်းပဲ။
“ကျွန်မရဲ့မိစ္ဆာခန္ဓာကိုယ်က ပြင်မရလောက်အောင် ပျက်စီးနေပြီပြီ။ လင်ဘိုဘုံမှာတောင် ကုသနိုင်မယ့် နည်းလမ်းမရှိဘူး။ ပြီးတော့ဒါလင်က ကျွန်မကို ကုသပေးမယ်လို့ ကတိပေးထားတယ်။ ကျွန်မသူ့ကို ယုံတယ်။ ကျွန်မသေရမယ်ဆိုရင်တောင်မှ သူ့အနားမှာ ကျန်ရစ်ရင်းနဲ့သေမယ်။”
“အကောင်းပြောလို့မှမရရင် အတင်းခေါ်မှဖြစ်မှာပေါ့။”
အီလက်ထရာက အခုလိုပြောတဲ့အချိန် ကျွန်မဒေါသတကြီးနဲ့ အီလက်ထရာရဲ့ခြေထောက်ကို ဖမ်းဆုပ်ထားလိုက်မိတယ်။ ပြီးတော့ရှိသမျှခွန်အားကိုသုံးပြီး တွန်းလှဲဖို့ကြိုးစားပေမဲ့ နာကျင်မှုကပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။
ခွက်...
အီလက်ထရာက ကျွန်မခေါင်းကို တခြားခြေတစ်ဖက်နဲ့ ကန်ပြီးဖယ်ရှားလိုက်တယ်။ တစ်ကိုယ်လုံးထုံကျင်လုနီးပါး ဖြစ်နေပေမဲ့ သွေးတွေစီးကျလာမှန်းခံစားမိနေပါတယ်။
“စိတ်မကောင်းပေမဲ့ ကောင်မလေးရေ။ ဖြူရီအဆိပ်က နင့်စွမ်းအားတွေသုံးဖို့ကြိုးစားလေ ပိုအသက်ဝင်လာလေပဲ။ မသေချင်ရင် ငြိမ်ငြိမ်လေးနေလိုက်။ ဖြေဖို့နည်းလမ်းလဲ မရှိတာမလို့ ကျန်တဲ့အချိန်လေးမှာ ဘဝကိုပျော်ပျော် ဖြတ်သန်းကြည့်ပေါ့။”
အားဟားဟား...
အီလက်ထရာဆီကနေ ဆိုးဝါးကောက်ကျစ်တဲ့ရယ်သံ ထွက်လာပြန်တယ်။ နောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးကို မြူတွေစတင်ဖုံးလွှမ်းလာတယ်။ ကျွန်မသေတော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လိုက်ချိန်မှာပဲ တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်တယ်။
“ သူတို့ကိုလွှတ်လိုက်....”
ထန်း....
နောက်တော့သတ္တုချင်းထိခိုက်မိသံထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ကျွန်မကိုဖေးမထားတာကို သတိထားမိလိုက်ပါတယ်။
“ဆယ်ဗီ၊ သိပ်အားမစိုက်လိုက်နဲ့။ ကိုယ်အဆိပ်တွေ စုပ်ထုတ်ပေးမယ်။”
ဒီအသံက ပါစီဗယ်ရဲ့အသံ။ ဒါကြောင့်ကျွန်မ အားယူပြီး သူ့ကိုတားဖို့ပြောလိုက်ရတာပေါ့။ “မလုပ်နဲ့... အဲဒါဖြူရီရဲ့အဆိပ်...”
နောက်တော့ ကျွန်မရဲ့ခေါင်းတစ်ခုလုံး ပေါ့ပါးပြီး ဗလာကျင်းသွားခဲ့တယ်။ လုံးဝသတိလစ်မသွားခင် တွေးလိုက်မိတာကတော့...
‘အာ... နောက်တစ်ခါသေပြန်ပြီလား' ဆိုတာပါပဲ။
[စာရေးသူ၏မှတ်စု။ ။ ဖြူရီတွေကို Erinyes ဒါမှမဟုတ် Furyလို့လည်းခေါ်ပြီး ဂရိဒဏ္ဍာရီအရ ဒဏ်ခတ်ခြင်းနဲ့ ကလဲ့စားချေခြင်းရဲ့နတ်ဘုရားမတွေဖြစ်ပါတယ်။ တိုက်တန်တွေရဲ့ဘုရင်ဖြစ်လာမယ့် ခရိုနော့ခ်က ဖခင်ဖြစ်သူ ကောင်းကင်ကြီးယူရေးနပ်ကို သင်းကွပ်ရာကနေ ထွက်လာတဲ့သွေးတွေက မွေးဖွားလာတာပါ။ မူရင်းမှာတော့ ဖြူရီသုံးဖော်ရှိပြီး နတ်ဘုရားတွေကိုပြစ်မှားသူတွေနဲ့ မိသားစုဝင်ချင်းသတ်ဖြတ်တဲ့သူတွေကို နှိပ်စက်ကြပါတယ်။ ဒန်တီရဲ့အင်ဖာနို(Dente’s Inferno)ထဲမှာဆိုရင်လည်း ငရဲဘုံခြောက်လွှာက တခြားအောက်အထပ်တွေနဲ့ဆက်စပ်ထားတဲ့နေရာဖြစ်တဲ့ City of Disကို စောင့်ရှောက်ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုငှက်တောင်ပံကြီးတွေ၊ မြွေလက်တွေနဲ့ဖော်ပြတတ်ပြပေမဲ့ နက်ဆန်ထဲမှာတောင် အတောင်ပံပါတဲ့ဇာတ်ကောင်များနေလို့ မြွေတွေပဲထည့်သုံးပါတော့မယ်။]