ဟန်ဆောင်မှု
Vol. 4 Ch. 198
ကျွီ....
ဆားဗီးရပ်က သတ္တုတံခါးပွင့်သွားတဲ့အသံကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တယ်။ ခြောက်လက်မ အထူရှိတဲ့ သတ္ထုနဲ့ပြုလုပ်ထားတဲ့ တံခါးနက်ကြီးက ဖြည်းဖြည်းချင်း ဟလာပြီးတော့ အတွင်းထဲကို အနက်ရောင်ဘုန်းတော်ကြီး ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ဝင်လာခဲ့ပါတယ်။
“ခင်ဗျားကျုပ်ကို ဒီနေရာမှာပဲ တစ်သက်လုံးပိတ်ထားမယ် ထင်နေခဲ့တာ။”
ဆားဗီးရပ်က ခနဲ့တဲ့တဲ့ရယ်ရင်း ပြောလိုက်ပါတယ်။ သူ့ကိုယ်က ဒဏ်ရာတွေက အထွတ်အမြတ်ဓားရဲ့ကုသမှု မရှိတဲ့အတွက်ကြောင့် ပြန်ကောင်းလာခဲ့ပေမဲ့ ကိုယ်ပေါ်မှာ အမာရွတ်တွေ ထင်ကျန်နေရစ်ခဲ့တယ်။ အခုဆားဗီးရပ်က အရင်ကလိုမချောမောတော့ဘဲ သေဘေးကနေလွတ်လာတဲ့ စစ်သည်တစ်ယောက်လိုပုံစံ ပေါက်နေတယ်။
“ဒီအခန်းက အတော်ကျဥ်းတာပဲ... ပိုကျယ်တဲ့အခန်းကို သွားကြမလား။”
ဂျေဇူးဝပ်ဘုန်းတော်ကြီး အန်တိုနီက အချုပ်ခန်းကို တစ်ချက်ဝေ့ကြည့်ရင်း ပြောလိုက်တယ်။ ဒီနေရာက ခေတ်ဟောင်းထောင်ကြီးတစ်ခုနဲ့ဆင်တူပြီး နံရံတွေကို တော်ရုံဖောက်ထွင်းလို့မရတဲ့ လိပ်သည်းကျောက်တွေနဲ့ တည်ဆောက်ထားတာဖြစ်လို့ ဆောင်းအခါမှာအေးစက်ပြီး သူတို့စကားပြောလိုက်တိုင်းမှာ အခိုးအငွေ့တွေပါးစပ်က ထွက်ပေါ်လာနေတယ်။
ဆားဗီးရပ်ဟာ စုတ်ပြဲနေတဲ့ အဖြူရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး ဒီနေရာမှာသာ တခြားလူတစ်ယောက် ဖြစ်ခဲ့ရင် ချမ်းအေးမှုကြောင့် သေနေလောက်ပါပြီ။
ချလွင်... ချလွင်... ချလွင်...
ဆားဗီးရပ်က ခြေထောက်နှစ်ဖက်ကိုအားယူပြီး ကုန်းထတယ်။ အကြိမ်ကြိမ်ကျိုးထားတဲ့ အရိုးတွေကြောင့် သူ့ခြေလက်တွေဟာ ကွေးကောက်လို့နေပါတယ်။ ဒါပေမဲ့ သူကမားမားမတ်မတ် ရပ်လိုက်နိုင်ပြီး သံကြိုးတွေနဲ့အခတ်ခံထားရတဲ့ သူ့လက်ကို ရှေ့ထုတ်ပေးလိုက်တယ်။
“ဟေး... ငါ့ကိုနံရံနဲ့တွဲထားတဲ့ ကြိုးတွေဖြုတ်ပေး။”
သံကြိုးတချို့ကိုဖြုတ်ပေးပြီးနောက် အန်တိုနီက ဆားဗီးရပ်ကို အကျဥ်းခန်းအပြင် ခေါ်ထုတ်သွားတယ်။ လျှောက်လမ်းပေါ်ကို ရောက်တဲ့အခါမှာတော့ ပုံစံတူအကျဥ်းခန်းပေါင်းများစွာ ရှိနေတာကိုမြင်နိုင်ပြီး သံတံခါးတွေရဲ့နောက်မှာတော့ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ အပြစ်သားတွေရဲ့မျက်လုံးကို မြင်နိုင်ပါတယ်။ အကျဥ်းသားတွေအားလုံးထဲမှာ ဆားဗီးရပ်တစ်ယောက်သာ စိတ်အားထက်သန်တဲ့မျက်လုံးတွေကို ပိုင်ဆိုင်ထားခဲ့တယ်။
ချလွင်... ချလွင်.... ချလွင်...
အန်တိုနီကရှေ့ကနေ ဦးဆောင်လျှောက်တော့ ဆားဗီးရပ်က နောက်ကဆက်လိုက်လာတယ်။ ခြေထောက်မှာ အလေးတုံးနဲ့ တွဲထားတဲ့ သံခြေကျင်း၊ လက်မှာလည်း သံကွင်းတွေနဲ့လက်ထိပ် ရှိနေပေမဲ့ ဆားဗီးရပ်ဟာလေးလံနေပုံတောင်မရဘဲ လက်တစ်ဖက် သက်သက်နဲ့ အလေးတုံးကိုမကာ အန်တိုနီကို အမီလိုက်တယ်။
မကြာခင်မှာပဲ သူတို့နှစ်ယောက်က ငါးဆယ်ဝပ်မီးလုံး မှိန်မှိန်ကို ထွင်းထားတဲ့ အခန်းတစ်ခန်းထဲ ရောက်လာကြတယ်။ ဝတ်ရုံနက် အစောင့်နှစ်ယောက်က အခန်းအပြင်မှာစောင့်နေပြီး လက်ထဲမှာ လှံပုဆိန်တွေကို ကိုင်ထားကြတယ်။
“ဘယ်လိုလဲ... ပုပ်ရဟန်းမင်းကြီးက ကျုပ်ကိုသေမိန့်ချလိုက်ပြီလား။”
ဆားဗီးရပ်က စိတ်ပျက်တာလည်းမဟုတ် အားလျှော့တာလည်း မဟုတ်ဘဲ လောကကြီးကိုလှောင်ပြောင်သလိုမျိုးလေသံနဲ့ ပြောလိုက်တယ်။ သူက ပါးစပ်ကိုအကျယ်ကြီးဟ ခေါင်းတခါခါနဲ့ ရယ်တောင်ရယ်မောနေလိုက်သေးတာ။
ရောမမြို့တိုက်ပွဲအပြီးမှာ သူထွက်ပြေးခဲ့တယ်။ EUOCရဲ့ ကောင်မရှင်နာက သူ့ကိုဂရုစိုက်ပုံမရပေမဲ့ အန်တိုနီကတော့ သူ့ရှေ့မှာပိတ်ရပ်ပြီးတားခဲ့ပါတယ်။ တတ်နိုင်သမျှ ပြန်ုခုခံပေမဲ့ ဒဏ်ရာအကြီးအကျယ်ရထားပြီး လက်နက်လည်းမရှိတော့တာမလို့ အဖမ်းခံခဲ့ရတယ်။
“မင်းပုံစံကိုကြည့်ရတာ စိတ်ပျက်ပုံမရပေမဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံပဲ။”
အန်တိုနီက စားပွဲဝိုင်းမှာဝင်ထိုင်လိုက်တယ်။ ဆားဗီးရပ်လည်း အန်တိုနီနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတဲ့ အခါမှာတော့ ဝါကျင့်ကျင့်ရောင်စာရွက်မှာ ရွှေချည်ထိုးထားတဲ့ အမိန့်စာတစ်စောင်ကို ဆားဗီးရပ်ရှေ့မှာချပေးလိုက်တယ်။ သူ့ရဲ့တခြားလက်တစ်ဖက်ကတော့ စားပွဲပေါ်ကို ဆားဗီးရပ်ရဲ့ ကျိုးနေတဲ့ဓားကိုတင်လိုက်ရင်း...
“မင်းခုဏကပြောတာအမှန်ပဲ။ ပုပ်ရဟန်းမင်းကြီးက မင်းကို ဒီနေ့ကွပ်မျက်ဖို့အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထုံးစံအတိုင်း မသေခင် နောက်ဆုံးညစာကို စားခွင့်ရှိမယ်။ မင်းဘာစားချင်လဲ။”
ဆားဗီးရပ်ကလည်း စားပွဲပေါ်တင်ထားတဲ့ဓားကျိုးနဲ့ အပြင်က အစောင့်နှစ်ယောက်ကို တစ်ချက်စီကြည့်လိုက်တယ်။ ပြီးတော့ ပြုံးလိုက်ရင်း...
“ဆန်းဝှစ်စားချင်တယ်... အမဲသားဆန်းဝှစ်... ဒါပေမဲ့ဂရိပေါင်မုန့်ပြားထဲ ညှပ်ပေးရမယ်။ ပေါင်မုန့်ဖြူထဲညှပ်ထားရင်ကျုပ်မကြိုက်ဘူး။”
“ကောင်းပြီ။” အန်တိုနီက လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ အပြင်မှာရပ်နေတဲ့ အစောင့်တွေထဲကတစ်ယောက်ဝင်လာပြီး အန်တိုနီက အဲဒီအစောင့်ကို ဆန်းဝှစ်ယူလာဖို့ အမိန့်ပေးလိုက်တယ်။ အစောင့်ထောင်ထဲက ထွက်သွားချိန်မှာ အန်တိုနီရယ်၊ ဆားဗီးရပ်ရယ်၊ တခြားအစောင့်တစ်ယောက်ရယ်ပဲ ကျန်ရစ်တော့တယ်။
“အဘိုးကြီး၊ ကျုပ်ဒဏ်ရာတွေလည်း ပြန်ကောင်းနေပြီ။ ဓားကလည်း ကျုပ်အနားမှာ။ ဓားကျိုးနေတယ်ဆိုရင်တောင် ခင်ဗျားကိုသတ်ပြီး ထွတ်ပြေးဖို့မခက်ဘူးနော်။”
ဆားဗီးရပ်က ပွင့်ပွင့်လင်းလင်းပဲ ခြိမ်းခြောက်လိုက်တာ။ အန်တိုနီကလည်း ပြုံးလိုက်တယ်။ သူကိုယ်တိုင်က အယ်ဒါဆိုပေမဲ့ ဆားဗီးရပ်ထက်အများကြီး အားနည်းပါတယ်။ ဆားဗီးရပ်ရဲ့ အထွတ်အထိပ်ကာလမှာဆိုရင် အန်တိုနီအယောက်နှစ်ဆယ် ရှိရင်တောင်မှ ထိန်းလို့နိုင်မှာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ အန်တိုနီဟာ သာမန်အယ်ဒါတစ်ယောက်ပဲမဟုတ်ပါလား။
“မင်းအတွက် အဲဒီလိုလုပ်ဖို့အလွယ်လေးဆိုတာ အမှန်ပဲ။ ဒါပေမဲ့ ငါတို့စကားပြောလို့ပြီးတဲ့အထိ မင်းလုပ်မှာမဟုတ်ဘူး။”
အန်တိုနီက လက်နှစ်ဖက်ကို သူ့ရှေ့မှာအတူဆုပ်လိုက်ရင်း ဆားဗီးရပ်ရဲ့မျက်လုံးတွေထဲကို သေချာစိုက်ကြည့်ပြီး ပြောလိုက်တယ်။
“သားတော်ဆားဗီးရပ်၊ မင်းစိတ်ထဲမှာ မင်းကိုယ်မင်း အရေးမပါတော့ဘူးလို့ တွေးနေတာမဟုတ်လား။ မင်းလုပ်ရမယ့် အရာတစ်ခုကိုလုပ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင်နေတာမျိုး။”
ဆားဗီးရပ်မျက်နှာပေါ်က လူမိုက်ဆန်ဆန်အပြုံးပျောက်သွားပြီ။ သူ့ပုံစံက လေးနက်သွားပြီးတော့ သူ့ရှေ့ကဓားကိုလက်ညိုးနဲ့ တစ်ချက်ထိလိုက်တယ်။
“ဟေး... ပြောစမ်းပါ၊ ကျုပ်ဘယ်လောက် အားကောင်းခဲ့လဲ။”
အန်တိုနီက ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်ပြီးတော့မှ “ရိုမန်ကက်သလစ်ကျောင်းတော်ကို မင်းတစ်ယောက်တည်းနဲ့ ကိစ္စဖြတ်နိုင်လောက်အောင် အားကောင်းတယ်။”
အပြင်လူတွေမသိပေမဲ့ အင်အားကျဆင်းလာနေတဲ့ ကက်သလစ် ဘုရားကျောင်းမှာ အန်တိုနီက တစ်ဦးတည်းသောအယ်ဒါပါ။ တစ်ဖက်မှာတော့ ရိုမြူလက်ချက်ကျောင်းက တစ်နေ့ထက်တစ်နေ့ ပိုအင်အားကြီးထွားလာနေတယ်။
“ကျုပ်နက်ဆန်ကို နိုင်ခဲ့တယ်။ ကျောင်းခြောက်ကျောင်းလုံးမှာ ကျုပ်ကိုတားနိုင်မယ့်အယ်ဒါမရှိဘူး။ ဒါပေမဲ့ နတ်ဘုရားတစ်ပါးရဲ့ အပြည့်အဝမနိုးထသေးတဲ့ဝိညာဥ်က ကျုပ်ကို ကလေးတစ်ယောက်လိုမျိုး အနိုင်ယူခဲ့တယ်။”
ဆားဗီးရပ်က မခံချင်စိတ်နဲ့ သူ့နှုတ်ခမ်းကိုကိုက်ထားတယ်။ သွေးတချို့စီးကျလာပေမဲ့ နာကျင်တဲ့ပုံမပေါ်ပါဘူး။ ခဏနေတော့ အစောင့်က အခန်းထဲဝင်လာပြီး ကြွေပန်းကန်ပြားတစ်ချက်ကို ဆားဗီးရပ်ရှေ့မှာ ချပေးလိုက်တယ်။
ဂရိပေါင်မုန့်သားဖြူဖြူနှစ်ပိုင်းကြားမှာ တောက်တောက်စင်းပြီး ကြော်ထားတဲ့ အညိုရောင်အမဲသားအပျော့ကြော်နဲ့ ဆလတ်ရွက်၊ ခရမ်းချဥ်သီးတို့ရှိနေတယ်။ ဂရိစတိုင်ဆန်းဝှစ်ပါ။
ဆားဗီးရပ်က ပေါင်မုန့်တစ်ပိုင်းကို လှမ်းယူလိုက်ပြီး မရောနိစ်နဲ့ တို့စားလိုက်တယ်။ ပြီးတော့ လက်သီးကိုဆုပ်ထားလိုက်ရင်း
“အဆိုးဆုံးကတော့ ကျုပ်မသိတဲ့ တစ်စုံတစ်ယောက်က အဲဒီနတ်ဘုရားကို တစ်ကွက်တည်းနဲ့အနိုင်ယူသွားတာပဲ။”
အန်တိုနီက ဆားဗီးရပ်ရဲ့ပုံစံကိုကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက် ပါတော့တယ်။ သူကလက်နှစ်ဖက်ကို ပြန်ဖြေလိုက်ရင်းနဲ့ အားပါးတရ ရယ်မောလိုက်တယ်။
“မင်းက ရေအေးနဲ့အပက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လိုမျိုး အိမ်အောက်မှာပုန်းရင်း မာန်ဖီနေတာပဲ။”
“.....” ဒီစကားက မှန်နေတဲ့အတွက် ဆားဗီးရပ်က အန်တီနီကို မဆန့်ကျင်ခဲ့ဘူး။ အဲဒီအစား ပေါင်မုန့်ကိုပဲ ဆက်စားနေခဲ့တယ်။ တစ်ဖက်မှာတော့ အန်တိုနီက...
“EUOCရဲ့ကောင်မရှင်နာနာမည်က အာလ္လုင်လို့ခေါ်တယ်။ အဲဒီရှေးကျတဲ့ နာမည်က တမင်ပေးထားတဲ့နာမည်မဟုတ်ဘူး။ အဲဒီနာမည်နဲ့သူက ကမ္ဘာပေါ်မှာတစ်ယောက်တည်းပဲရှိခဲ့တာ။”
ဆားဗီးရပ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့တစ်ကိုယ်လုံး စတင်တုန်ရီလာတယ်။ မယုံနိုင်စရာအရာတစ်ခုကိုကြားလိုက်ရ သလိုမျိုးပါပဲ။
“ခင်ဗျားက အဲဒီကောင်မရှင်နာကို ဆူမားရီးယန်းဒဏ္ဍာရီထဲက လူသားတွေရဲ့ပထမဆုံးဘုရင် အာလ္လုင်ဖြစ်တယ်လို့ ပြောချင်တာလား။”
ဆားဗီးရပ်က သူ့မှာအကောင်းအတိုင်းကျန်နေသေးတဲ့ ဦးနောက်အစိတ်အပိုင်းတွေကိုအသုံးချပြီး အဲဒီဒဏ္ဍာရီ အကြောင်းကိုပြန်စဥ်းစားတယ်။ မက်ဆိုပိုတေးမီးယား ဒေသမှာ ရှေးသုပညာရှင်တွေက ဆူမေးရီးယန်းနန်းစဥ်မှတ်တမ်းလို့ ခေါ်တဲ့အုတ်ခွက်စာတစ်ချက်ကို တူးဖော်မိခဲ့ဖူးတယ်။
ရှေးယခင်ကတည်းက ဆူမေးရီးယန်းဒေသကိုအုပ်စိုးဖူးတဲ့ မင်းအဆက်ဆက်ကိုမှတ်တမ်းတင်ထားတဲ့ နန်းဆက်စာရင်းပေါ့။ အဲဒီစာရင်းရဲ့ပထမဆုံးမင်းက အာလ္လုင်(Alulim)ဖြစ်ပြီး သူအုပ်စိုးခဲ့တဲ့ ကာလကနှစ်နှစ်သောင်းလို့ဆိုတယ်။ ပြီးတော့ ဒဏ္ဍာရီတွေအရ မဟာရေကြီးမှုကြီးမဖြစ်ခင်က ဘုရင်တစ်ပါးပါ။
“လူသားတွေနဲ့နတ်ဘုရားတွေ အတူယှဥ်တွဲ နေထိုင်ကြရင်း မြို့ပြနိုင်ငံတွေကိုတည်ထောင်ခဲ့တဲ့ခေတ်ကတည်းက ရှိနေတဲ့သူပဲ။”
ဆားဗီးရပ်ရဲ့သံသယတွေကို အန်တိုနီက အတည်ပြုပေးခဲ့တယ်။ ပြီးတော့ဆက်ပြောတယ်။
“ပြီးတော့သူက လူသားတွေထာဝရအသက်ရှင်နိုင်စဥ်က မွေးခဲ့တဲ့သူလို့ပြောရမလား။ တားမြစ်ထားတဲ့သစ်သီးကို လူသားတွေမစားခင်က၊ မဟာရေကြီးမှုကြီး မဖြစ်ပွားခင်က ထာဝရအသက်ရှင်နိုင်တဲ့ဆုကိုရခဲ့တဲ့ လူသားတွေရှိခဲ့ဖူးတယ်။ ဥနာပစ္စတင်က နောက်ဆုံးအဲဒီကောင်းချီးကို ရခဲ့တဲ့သူပဲ။”
“ရေကြီးမှုကိုကြိုသိပြီး ဧရာမလှေကြီးဆောက်ခဲ့တဲ့သူလား။”
“အာလ္လုင်က အဲဒီရေကြီးမှုကို ဖြစ်စေခဲ့တာလို့လည်း ဆိုကြတယ်။”
သေမိန့်ချခံထားရတဲ့အပြစ်သားနဲ့ အန်တိုနီတို့ဟာ မိတ်ဟောင်းဆွေဟောင်းတွေလိုမျိုး စကားပြောနေခဲ့ကြတယ်။ ဆားဗီးရပ်က ခေါင်းတစ်ခါခါနဲ့လက်ခံဖို့ ခက်ခဲနေတဲ့အရာတစ်ခုကို မေးလိုက်တယ်။
“ဒါပေမဲ့ဘယ်လိုလုပ်ပြီး အဲဒီဘိုးတော်က EUOCရဲ့ကောင်မရှင်နာ ဖြစ်သွားရတာလဲ။”
အန်တိုနီက ပခုံးတွန့်ပြလိုက်ရင်း... “တကယ်တော့ EUOC စဖွဲ့တုန်းက ပထမဆုံးစုံစမ်းရတဲ့အမှုက ပင်လယ်နက်ထဲက ထူးဆန်းတဲ့ရေခဲဂူကြီးတစ်ခုပဲ။ ပြင်းထန်လွန်းတဲ့ အငွေ့အသက်တွေကြောင့် သေဆုံးနေတဲ့နတ်ဘုရားတစ်ပါးရဲ့ အကြွင်းအကျန်လို့ထင်ခဲ့ပြီး သမဂ္ဂနိုင်ငံတွေက သူတို့အေဂျင်စီတွေကို EUOCအဖြစ်ပေါင်းစည်းပြီး အတွင်းထဲကိုစေလွှတ်ခဲ့ကြတာ။”
ဆားဗီးရပ်က နားလည်သွားတဲ့ပုံစံနဲ့ ထပ်ဖြည့်ပြောလိုက်တယ်။ “အဲဒါကဘုရင်ကြီးရဲ့အုတ်ဂူ ဖြစ်နေခဲ့တာလား။”
အန်တိုနီက ခေါင်းညိတ်ပြလိုက်တယ်။ “အဲဒီတုန်းက အေဂျင်စီတွေကိုခေါင်းဆောင်မယ့်သူမရှိ ဖြစ်နေခဲ့တာ။ အာလ္လုင်က လူသားတွေအပေါ် မကောင်းတဲ့ရည်ရွယ်ချက် မရှိတဲ့အတွက်ခေါင်းဆောင်ဖြစ်လာတာပဲ။”
ဆားဗီးရပ်က ခေါင်းညိတ်လိုက်ပြီး အဲဒီတုန်းကအဖြစ်အပျက်ကို ပြန်တွေးကြည့်တယ်။ ထူးခြားချက်တစ်ခုကို သတိပြုမိပြီးနောက် သူကထပ်မေးလိုက်ပြန်တယ်။
“ဒီလိုဆိုရင်တောင်မှ သူကဘာလို့ ရိုမြူလက်ချက်ကျောင်းကို မတားဆီးရတာလဲ။”
“သားတော်၊ အာလ္လုင်က စစ်မှန်တဲ့အယ်ဒါတစ်ယောက်ရဲ့ စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ရှေးအယ်ဒါဆိုပေမဲ့ မလွဲသာမရှောင်သာကိစ္စတွေမှ ထွက်လာတတ်တာ။”
“ရေကြီးမှုပြီးတဲ့နောက်မှာ သူတစ်ခုခုဖြစ်သွားတာလား။”
ဆားဗီးရပ်က သက်ပြင်းချလိုက်တယ်။ အဲဒီနောက်ပိုင်းတော့ အာလ္လုင်အကြောင်းပြောနေရာကနေ စကားပြောင်းသွားပြီး ဆားဗီးရပ်ကပြောလိုက်တယ်။
“ ဒါဆိုရင်ကျုပ်ရန်သူတော်ပီးယပ်က အာလ္လုင်ထက် ပိုပြီးတော့ စွမ်းအားကြီးတယ်လို့ ပြောနိုင်တယ်။”
“သူတို့နှစ်ယောက်လုံးက နတ်ဘုရားတွေကို ချိပ်ပိတ်နိုင်တဲ့သူတွေမလို့ အာလ္လုင်သာ စွမ်းအားအထွတ်အထိပ်မှာရှိရင် မျှော်လင့်ချက်ရှိတယ်ဆိုပေမဲ့ အခုတော့ မင်းပြောတာအမှန်ပဲ။ ရှေးအယ်ဒါတွေထဲမှာတောင် ပီးယပ်က အားမနည်းဘူး။ ကလဲ့စားချေဖို့အတွက် ဆယ်စုနှစ်နဲ့ချီ ပြင်ဆင်ခဲ့တဲ့ ရော့ဝဲလ်တောင် ကျဆုံးခဲ့သေးတာပဲ။”
အန်တိုနီစကားကိုနားထောင်ပြီးတဲ့အချိန် ဆားဗီးရပ်က ရယ်မောလိုက်တယ်။ နောက်တော့ သူ့လက်ကဓားကျိုးပေါ် ရောက်သွားပြီးတော့...
“ခင်ဗျားပြောတာမှန်တယ်... ကျုပ်လက်ရှိစွမ်းအားနဲ့ ပီးယပ်ကို မနိုင်နိုင်သေးဘူး။ ဓားကိုပြန်ပြင်ရမယ်... ကျုပ် ရှေးအယ်ဒါအဆင့်ကို ရောက်ရမယ်။ ဒါမှအခွင့်အရေးရှိမှာ။”
ခရက်....
ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်ကနေ အလင်းတွေဖြာထွက်လာတယ်။ သူ့ကိုခတ်ထားတဲ့လက်ထိပ်ခြေကျင်းတွေ စတင်အက်ကွဲ လာပါတယ်။
“ဓားကိုပြင်ဖို့ဆိုရင် ပင်လယ်နက်ထဲမှာ ဆိုင်ကလော့တွေ ရှိမယ်။ မင်းစွမ်းအားနဲ့သူတို့ကို ဖိအားပေးလို့မရဘူး။ သူတို့တိုက်ကွက်ကို ခုခံနိုင်မယ့်သူကိုရှာ။”
အန်တိုနီက ပြောလိုက်တယ်။ ဆားဗီးရပ်ကတော့ အချုပ်အနှောင် များစွာကနေ လွတ်မြောက်သွားပြီး ဓားကျိုးကို ကောက်ကိုင်တယ်။ အစောင့်နှစ်ယောက်ပြေးဝင်လာခဲ့ပေမဲ့ ဆားဗီးရပ်က သူတို့ကို ဓားတစ်ယောက်တစ်ချက်စီနဲ့ ကိစ္စဖြတ်ပစ်လိုက်ပါပြီ။ အရေးပေါ်အလန်းတွေမြည်လာပေမဲ့ အန်တိုနီကတော့ မလှုပ်ရှားသေးဘူး။
“ဒါပေမဲ့ အဲဒီမိန်းကလေးက သူ့အတွက်အကျိုးမရှိဘဲ ကျုပ်ကိုကူညီမှာမဟုတ်ဘူး။”
ဆားဗီးရပ်က အပြင်ဘက်ကခြေသံတွေကို ကြားတဲ့အတွက် အလင်းဓားတစ်ခုကိုဖန်တီးပြီး စင်္ကြန်လမ်းကိုဖောက်ခွဲ ပစ်လိုက်တယ်။ သူတို့အခန်းလည်းပြိုကျသွားပြီး ကျောက်စကျောက်နတွေကြားကနေ အန်တိုနီကတိုးထွက် လာခဲ့တယ်။
“ဒါကိုယူသွားလိုက်....”
အန်တိုနီက ဆားဗီးရပ်ရဲ့အင်္ကျီကော်လံကိုဖမ်းဆွဲပြီး တွန်းထုတ်တယ်။ နှစ်ယောက်လုံး နံရံတစ်ခုကိုဝင်တိုက်မိတယ်။ နံရံပျက်စီးပြီးနောက် နှစ်ယောက်လုံးဗာတီကန်ရဲ့ရင်ပြင်မှာ ပြန်ပေါ်လာကြတယ်။ ဆားဗီးရပ်ကတော့ သူ့အင်္ကျီထဲမှာရှိနေတဲ့ အန်တိုနီတိတ်တခိုးထည့်ပေးထားတဲ့ မြေပုံကိုကြည့်ပြီး ပြုံးလိုက်တယ်။
“ ကျေးဇူးပဲ...”
“ ခွေးကောင်လေး၊ မင်းငါ့ကို ဒဏ်ရာရအောင်လုပ်မှ ဒီတိုက်ပွဲက ပီပြင်မှာနော်။”
“ပြီးမှနာတယ်မလုပ်နဲ့။”
ဆားဗီးရပ်က မြန်မြန်ဆန်ဆန်ပဲ အန်တိုနီရဲ့ပခုံးကို အလင်းဓားနဲ့ ပိုင်းချလိုက်တယ်။ အန်တိုနီဒူးထောက်ကျသွားပြီးနောက်မှာ ဆားဗီးရပ်က အစောင့်တစ်ဒါဇင်လောက်ကို ဆက်တိုက်ခိုက်ပြီး ထွက်ပြေးသွားပါတော့တယ်။